မောင်ဘစီ
‘နိုင်ငံတော်ကို ပုန်ကန်ခြင်း’
‘နိုင်ငံတော်ကို အကြည်ညိုပျက်စေခြင်း’ ဆိုသော စကားလုံးများကို ကျွန်တော်တို့ ငယ်စဉ်ကတည်းက
ကြားခဲ့ရသည်။ သတင်းစာများကို လှန်လှောကြည့်သည်တွင် စာလုံးမည်းကြီးများနှင့် ရေးထားတာကို
ဖတ်ခဲ့ရသည်။ ယခုတိုင် ထိုစကားလုံးများကို ကျွန်တော်တို့ ပတ်ဝန်းကျင်တွင် မြင်နေ တွေ့နေရတုန်းပါပဲ။
ထိုစကားလုံးတွေက ကြားရ ဖတ်ရသူကို ကြောက်ရွံ့ထိတ်လန့် ဖြစ်စေသည်။ အန္တရာယ်၏ အနံ့အသက်တစ်ခုအလား ခံစားမှု
ဖြစ်စေသည်။
သတိရသေးသည်။ ကျွန်တော်တို့
ကျေးလက်မှာ နေထိုင်စဉ်က စပါးဆန်သိမ်းပြီးစ နွေဦးပေါက်ကာလများတွင် နှစ်တိုင်း နီးပါး
လုပ်အားပေး ဆင့်ခေါ်ခံရသည်။ မြောင်းဖော်ဖို့၊ ရေတွင်းတူးဖို့မှသည် တစ်ရွာနှင့်တစ်ရွာ ရွာချင်းဆက် တာလမ်းမကြီး ဖောက်လုပ်ဖို့အထိ လုပ်အားပေးနှင့် မလွတ်ကင်းခဲ့ရသော
ကာလတစ်ခု ရှိခဲ့ဖူးသည်ကို အချို့လည်း မှတ်မိကြပါဦးမည်။ ထိုသို့
ဆင့်ခေါ်သည့် အခါတိုင်း ကျေးရွာလူကြီးက ‘နိုင်ငံတော်အတွက် မိမိတို့၏ လုပ်အားများကို
ပေးဆောင်ကြရန်’ ရွာသားများကို တစ်အိမ်ချင်း လိုက်၍ ဆင့်ခေါ်သည်။
နှစ်တိုင်း ဆင့်ခေါ်နေသည်ဖြစ်ရာ
တစ်နှစ်တွင်တော့ ထိုသို့ လူများ လိုက်လံဆင့်ခေါ်စဉ် ရွာထဲရှိ
ခပ်ရွတ်ရွတ် လူတစ်ယောက်က ‘ အဲဒီ နိုင်ငံတော်ဆိုတဲ့ ကောင်က ဘာကောင်လဲ။
ငါတို့ကို နှစ်တိုင်း လုပ်အားပေးချည်း ဆင့်နေတာပဲ။ လူဆိုလို့ကတော့ ညို့သကျည်းကို ဝါးရင်းတုတ်နဲ
သိမ်းရိုက် ပစ်လိုက်ချင်တယ်’ ဟူ၍ မကြားတကြား ပြောလိုက်သည်တွင် ရွာလူကြီးက ကြားသွားသည်။
ဤတွင် ပျာပျာသလဲနှင့် ရွာလူကြီးကလည်း ပြန်ပြောသည်။ ‘ဟေ့ကောင်၊ နိုင်ငံတော်ကို ကန့်လန့်မတိုက်နဲ့၊
ကန့်လန့်တိုက်ရင် အချုပ်ထဲ ရောက်သွားမယ်၊ ကိုယ်ရွာထဲ ကိုယ်ပြောတာ ကိစ္စမရှိဘူး၊ အခြားနေရာတွေမှာ
လျှောက်ရမ်း ပြောမနေနဲ့ဦး။ ကြားလား’
ရွာသားလည်း ခပ်ကုပ်ကုပ်သာ
‘ဟုတ်ကဲ့’ လုပ်နေလိုက်ရသည်။ အရပ်ထဲမှတော့ ထိုစကားများက ပျံ့နှံ့သွားပြီး၊ အချိန်ကာလတစ်ခုအထိ လူကြီးတွေ လက်ဖက်ရည်ကြမ်းသောက်ရင်း စကားဝိုင်းဖွဲ့ရာတွင် မပါမပြီး
အကြောင်းအရာတစ်ခု ဖြစ်ခဲ့သည်။ ဖျာလိပ် ခွေးမောင်း လုပ်ရင်း၊ ရေနွေးအိုး
ပြေးတည်ပေးရင်းဖြင့် လူကြီးတွေ၏ အနီးအနားမှာ ထိုစဉ်က ရှိနေခဲ့သော ကျွန်တော်တို့ ကလေးတွေလည်း
နိုင်ငံတော်ဆိုတာ ကြောက်စရာကြီးဟုသာ ခံစားလာရသည်။ နိုင်ငံတော်သည် မိခင်တွေက သူတို့
ကလေးကို အငိုတိတ်အောင် ချောက်လှန့်တတ်သော ‘ဒေဝေါကြီး’ ပေလော၊ သို့မဟုတ် အလည်ကျူးသော
ကလေးတွေကို လူခြေပြတ်လပ်သော နေရာမှ စောင့်၍ ခေါင်းဖြတ်တတ်သော ‘ပသျှူးခေါင်းဖြတ်ကြီး’
ပေလော။ သို့နှယ် ဘာမှန်း ညာမှန်းမသိဘဲ ‘နိုင်ငံတော်’ ကို ကြောက်ခဲ့ လန့်ခဲ့ စိုးထိတ်ခဲ့ရပေသည်။
တကယ်လည်း ကြောက်စရာတော့ကောင်းသည်။
ကျွန်တော်တို့အိမ်တွင် ဘယ်က ရောက်လာမှန်း မသိသော ‘စာအုပ်နီ’ စာအုပ်တစ်အုပ်
ရှိခဲ့ဖူးသည်။ ရှစ်လေးလုံးအရေးတော်ပုံကြီး အလွန်တွင် ပြုလုပ်သော အကြိမ် တစ်ရာမြောက် သတင်းစာ ရှင်းလင်းပွဲမှတ်တမ်းစာအုပ် မှတ်မိနေပါသည်။ ကောင်းစွာ
စာဖတ်တတ်နေပြီးဖြစ်သော ငါးတန်း ခြောက်တန်း ကျောင်းသားအရွယ်တွင် ကျွန်တော်တို့သည်
အခြားစာအုပ်လည်း ဖတ်စရာ မရှိသည်နှင့် ပျင်းလာသည့်အခါတိုင်း အနှီ ‘စာအုပ်နီ’ကြီးကို
လှန်လှန်ပြီး ဖတ်ကြည့်မိသည်။
စာအုပ်နီထဲတွင် နိုင်ငံတော်
အာဏာကို လုယုရန် ကြိုးပမ်းကြံစည်သည် ဆိုသော လူပုဂ္ဂိုလ်များကို ဓာတ်ပုံ၊ ကိုယ်ရေး ရာဇဝင်အကျဉ်းတို့နှင့်တကွ ဖော်ပြထားသည်။ အိမ်က လူကြီးတွေကို သူတို့က ဘာတွေလဲဟု မေးကြည့်တော့
‘စာအုပ်ထဲမှာ ရေးထားသလိုပဲလေ၊ နိုင်ငံတော်အာဏာကို လုယုဖို့ ကြံစည်တဲ့ သူတွေပေါ့။ အခု
သူတို့ကို ဖမ်းဆီးထားတာ’ ဟု မရှင်းမရှင်း ဖြေသည်၊ သို့မဟုတ် ကျွန်တော်တို့က ငယ်သေး၍
မရှင်လင်းတာလည်း ဖြစ်နိုင်သည်။ သို့သော် ‘နိုင်ငံတော်’ ဆိုတာကို တစ်ခါ
ထပ်ကြားရပြန်ပြီ။ နိုင်ငံတော်သည် သူ့ကို လာထိသူတွေကို ကြက်ခေါင်းဆိတ်မခံ တုံ့ပြန်တတ်သော
လူစွာကြီးပေလော။ အထိမခံသည့် ရွှေပန်းကန်ပေလော။ နိုင်ငံတော်ဆိုတာ ဘာလဲ။
နိုင်ငံတော်ဆိုတာ ဘာမှန်း သိချင်နေသော ကျွန်တော်တို့သည် အထက်တန်း ကျောင်းသားအရွယ်တွင်
နိုင်ငံတော်ကြီးကို အရှင်လတ်လတ် တွေ့ရမည့် အခွင့်အရေးတစ်ခု ရလိုက်ပါသည်။
စာမေးပွဲအတွက် ကျောင်းသူကျောင်းသားတွေ ပြင်ဆင်နေကြစဉ်၊ သာယာသော
နွေဦးတစ်နေ့တွင် ကျောင်းအုပ်ဆရာကြီးသည် တစ်ခန်းဝင် တစ်ခန်းထွက် သူကိုယ်တိုင် လိုက်လံပြီး ကျောင်းသူကျောင်းသားတွေကို
သတင်းပေးပါသည်။ ကျွန်တော်တို့ အတန်းထဲလည်း ရောက်လာပါသည်။ “ဆရာကြီးတို့ ကျောင်းကို နိုင်ငံတော်လူကြီးမင်းတွေ
လာပြီး စစ်ဆေး ကြည့်ရှုလိမ့်မယ်၊ လာတဲ့အခါ တပည့်တို့ အားလုံး ကြိုဆိုရမယ်၊ လက်ထဲမှာ
ကိုင်ဖို့ အလံတွေလည်း ပေးမယ်။ နိုင်ငံတော်လူကြီးတွေ ရှေ့မှာ စည်းကမ်းတကျဖြစ်အောင် မင်းတို့
အတန်းပိုင်ဆရာတွေရဲ့ ညွှန်ကြားမှုအောက်မှာ နောက်ရက်ကစပြီး ကြိုတင် လေ့ကျင့်ကြပါ”
ဆရာကြီး ပြောပြီး ထွက်သွားသည်အခါ
စာကျက်ချင်သော ကျောင်းသားအချို့က စိတ်ပျက်သော်လည်း ကျွန်တော်တို့က ‘နိုင်ငံတော်’ ဆိုသည့်
အရာကို တွေ့ရမည်ဖြစ်၍ ကျိတ်ပြီး ပျော်သလိုလိုပင် ဖြစ်ခဲ့သေးသည်ကို ယခု စာရေးရင်း သတိရလာပြီး
ပြုံးလိုက်မိပါသည်။ စာတော်သော ကျောင်းသူအချို့က နိုင်ငံတော်လူကြီးမင်းလာလျှင် အင်္ဂလိပ်လို
နှုတ်ခွန်းဆက်ရန် လေ့ကျင့်ဖို့ ရွေးချယ်ခံရပါသည်။ မြို့ကလေးတွေရှိသော အင်္ဂလိပ်စာတတ်
ကျောင်းဆရာဟောင်းကြီးထံတွင် အင်္ဂလိပ်စကားပြောကို အလွတ်ကျက် လေ့ကျင့်ကြသည်။ နိုင်ငံတော်လူကြီးမင်းတို့
လာလျှင် အင်္ဂလိပ်လို နှုတ်ခွန်း ဆက်ဖို့အတွက်ဖြစ်သည်။
တစ်နှစ်လုံးနေ၍
တစ်ရက်မဖွင့်သော ကွန်ပျူတာအခန်း၏ တံခါးမများသည် ထိုရက်များအတွင်း
ဟင်းလင်းပွင့်နေသည်ဖြစ်၍ ကွန်ပျုတာကို မြင်ဖူးချင်သော ကျောင်းသားတွေက အခန်းတံခါးနား ခေါင်းပြူ၍ စူးစမ်းကြပါသည်။ မြို့ထဲတွင်ရှိသော ဓာတ်ပုံဆိုင်မှ
လူတစ်ယောက်က နိုင်ငံတော် လူကြီးမင်းများလာလျှင် ကွန်ပျူတာခန်းတွင် သရုပ်ပြရန် နေရာချထားခံရသော
ကျောင်းသား သုံးလေးယောက်ကို ကွန်ပျူတာ ဖွင့်နည်း ပိတ်နည်းများ
လက်ပူတိုက် သင်ပေးနေပါသည်။ ဘယ်နေရာတွင်မှ မထူးချွန်သော ကျွန်တော်တို့က နိုင်ငံတော်လူကြီးမင်းများလာမည့်
မြို့အဝင်မှ ကျောင်းတံခါးဝအထိ တစ်မိုင်ကျော်လောက်
ရှည်သော လမ်းဘေးဝဲယာ တစ်လျှောက် စက္ကူအလံလေးတွေ ဝှေ့ယမ်းပြရမည့်
ဝေလေလေ အုပ်စုထဲတွင် ပါဝင်ရပါသည်။ နိုင်ငံတော်လူကြီးမင်းများ လာမည့်နေ့ ရောက်သောအခါ
ကျွန်တော်တို့ ကျောင်းသား လူငယ်တွေ လမ်းဘေးတစ်ဖက်တစ်ချက်စီမှ ရပ်ပြီး မနက်မိုးလင်းကတည်းက စောင့်နေရသည်။ နိုင်ငံတော်လူကြီးမင်းများသည်
တော်တော်နှင့် ရောက်မလာသဖြင့် နေပူထဲတွင် ကျွန်တော်တို့လည်း ခြေထောက်တွေ ညောင်းညာကာ
ချွေးစို့ လာကြလေပြီ။ နဂိုက ပုံစံချ လေ့ကျင့်ထားသော စည်းကမ်းများလည်း လျော့ရဲစ ပြုလာပါသည်။
ညနေစောင်းကာမှ နိုင်ငံတော်လူကြီးမင်းများသည်
ရောက်လာပြီး ကျွန်တော်တို့က အလံလေးတွေ ဝှေ့ယမ်းပြရပါသည်။ ကျွန်တော်တို့သည် ကျောင်းအုပ်ကြီးကို
ကြောက်၍ တတ်နိုင်သမျှ စည်းကမ်းကျနစွာ ဝှေ့ယမ်းပြလိုက်သော်လည်း သိပ်ပြီး စိတ်ပါလက်ပါ
ရှိမနေတော့ပါ။ နောက်တစ်နေ့ထုတ် သတင်းစာများတွင်မှ နိုင်ငံတော်လူကြီးမင်းဆိုသည်ကို
အနီးကပ် မြင်ဖူးအောင် ကြည့်လိုက်ရပါသည်။ စစ်ဝတ်စုံများ ဝတ်ဆင်ထားသဖြင့် နိုင်ငံတော်လူကြီးမင်းများဟူသည်
စစ်သား တွေပဲဟု ကလေးအတွေးဖြင့် သဘောပေါက်လိုက်ပါသည်။ နိုင်ငံတော်ဆိုတာ သူတို့တတွေကို
ခေါ်တာလား။
သို့နှယ် ကျွန်တော်တို့သည်
‘နိုင်ငံတော်’ နှင့် ပတ်သက်ပြီး ဘူးလုံးနားမထွင်းဖြစ်ခဲ့သည်မှာ အချိန်ကာလတွေ အတော်ကြာပါသည်။
ကျွန်တော်တိုင်းပြည်၏ အနေအထားများအရလည်း လူအများစုသည်
‘နိုင်ငံတော်’ ဟူသော အဓိပ္ပါယ် ဖွင့်ဆိုချက်ကို ရှင်းပြတ် မှန်ကန်စွာ
သိနားလည်နိုင်ခွင့် မရှိခဲ့ကြရှာပါ။ အထူးသဖြင့် ‘နိုင်ငံတော်’ နှင့် ‘အစိုးရ’ ဆိုသည်ကို
လုံးထွေးပြီး အတူတူဟု ထင်မြင်လာခြင်း ဖြစ်ပါသည်။ ထိုသို့ ထင်မြင်အောင်လည်း လက်တွေ့ဖြစ်ရပ်တွေက
တွန်းပို့ပါသည်။ လယ်သမားတစ်ယောက်အဖို့ ကိုယ်ပိုင်သည့် မြေကလေးကို
သိမ်းယူလိုက်သည်မှာ ‘နိုင်ငံတော်’ ဖြစ်နေသည်။ နောက်တော့ သူထံမှ သိမ်းသွားသော မြေပေါ်တွင်
တစ်ခုခု လာလုပ်ကြသည်က ‘လူတွေ’ ဖြစ်နေသည်။
နိုင်ငံရေးသမား တစ်ဦးကို သံတိုင်နောက်ပို့လိုက်သည်မှာလည်း ‘နိုင်ငံတော်’
ဖြစ်သည်။ သို့သော် သူက အုပ်ချုပ်သူ ‘လူတွေ’နှင့် သဘောထား ကွဲလွဲခြင်းသာ ဖြစ်သည်။ နိုင်ငံတော်နှင့်
ဘာဆိုင်သနည်း။ ထိုအခါ မေးခွန်းတွေ ပေါ်လာသည်။ နိုင်ငံတော်က အုပ်ချုပ်သူ အစိုးရလား။
အစိုးရက နိုင်ငံတော်လား။
ပြင်သစ်နိုင်ငံ၏ ဆယ်လေးယောက်မြောက်
လူဝီဘုရင် (Louis XIV ) ‘ငါဟာ နိုင်ငံတော်ပဲ’ (L'État,
c'est moi - I am the state)ဟု ခပ်မိုက်မိုက် ပြောခဲ့ဖူးသည်။ မှတ်တမ်းများရ လူဝီဘုရင်သည်
ထိုစကားကို ၁၆၅၅ ခုနှစ်က ပြောခဲ့ကြောင်း တွေ့ရသည်။ ၁၇ ရာစုက ဖြစ်သည်။ လူဝီဘုရင် မတိုင်မီ
နှစ်များစွာက စတင်၍ သော်လည်းကောင်း၊ လူဝီဘုရင်အလွန် နှစ်ပေါင်းလေးရာ အတောအတွင်း ‘နိုင်ငံတော်’
နှင့် ပတ်သက်သော အယူအဆအမျိုးမျိုးကို အတွေးအခေါ်သမားတွေက အသီးသီး ကြံဆခဲ့ကြပြီးပြီ။
အဆိုပါ အတွေးအခေါ်ရှင်
အသီးသီး၏ ‘နိုင်ငံတော်’ နှင့်ပတ်သက်သော အတွေးအမြင် အစုအဝေးကို မောင်ကြည်သစ် ဘာသာပြန်သည့်
‘လူနှင့် နိုင်ငံတော်’ စာအုပ်တွင် မိတ်ဆက်သဘောမျှ ကျွန်တော်တို့ ဖတ်ခွင့် မြည်းစမ်းခွင့်
ရလိုက်သည်။ မယဉ်ကျေးသေးသော ရှေးဟောင်း လူအဖွဲ့အစည်းတွင် ‘နိုင်ငံတော်’ကို မည်သို့ သဘောထားခဲ့သည်မှ
စတင်၍ လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင့်ငါးရာခန့်က ဂရိအတွေးအခေါ်ရှင်ကြီးများ ဖော်ထုတ်ခဲ့သော
၊ သူတို့နောက် ထွန်းပေါက်လာသည့် ဆော့ခရိတ္တိ၊ ပလေတို၊ အာရစ္စတိုတယ်မှသည် ၂၀ ရာစုနှစ်၏
ပညာရှင် ဂျွန်ဒူဝီ တွေးခေါ် ဖော်ထုတ်ပြသော နိုင်ငံတော်ဆိုင်ရာ အယူအဆများကို စိတ်ဝင်စားဖွယ်
တွေ့ရသည်။ လူနှင့် နိုင်ငံတော်သည် ဘာလဲ။ စာအုပ်ကို မေးခွန်းတစ်ခုနှင့်စတင်၍
ဖွင့်ထားသည်။ ဒဿနဆိုင်ရာတွေးခေါ်မှုတွေ၏ အခြေခံကလည်း မေးခွန်းထုတ်ခြင်းမှ စတင်ခဲ့သည်
မဟုတ်လော။
‘လူ့အဖွဲ့အစည်းသည် လူများ၏ အကျိုးစီးပွားအတွက်
ဖြစ်ထွန်းလာရသည်လော သို့တည်းမဟုတ် လူသားများသည် လူ့အဖွဲ့အစည်း၏ ကောင်းကျိုးအတွက် မွေးဖွားလာရသည်လော။
နိုင်ငံတော်ဟူသည် နိုင်ငံသား ပြန်လည် မေးခွန်းထုတ် ဆင်ခြေတက်၍
မရသော ဘုရားသခင်၏ဖန်ဆင်းချက် ဖြစ်သလော သို့တည်းမဟုတ်
နိုင်ငံတော် ဟူသည် နိုင်ငံသား အချင်းချင်း အပြန်အလှန် လူမှုပဋိညာဉ်ပြုခြင်းအားဖြင့်
ထွက်ပေါ်လာရသည့် အကျိုးရလဒ်ဖြစ်သဖြင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကို ဆက်လက် မဆောင်ကြဉ်းနိုင်တော့သောအခါ၌
ပြုပြင်ပြောင်းလဲပစ်ရမည့် အရာလော။ အုပ်ချုပ် သူများသည် လုပ်ပိုင်ခွင့်အာဏာကို မည်သို့မည်ပုံ
ရရှိလာကြသနည်း။ တော်လှန်ရေးတရပ် မှန် မမှန်ကို ဆုံးဖြတ်၍ ရနိုင်သလော။
အာဏာရှင်အစိုးရစနစ်သည် မှန်သလော သို့တည်းမဟုတ် ဒီမိုကရေစီစနစ်သည် မှန်သလော။’ (စာ-၁၁)
‘နိုင်ငံတော်’ နှင့်ပတ်သက်သည့်
အယူအဆတွေက လူ့သမိုင်းတစ်လျှောက် အမျိုးမျိုး ပေါ်ပေါက်ခဲ့သည်။
ထိုအတွေးအခေါ်များ၏ သက်ရောက်မှုကြောင့် ဒီမိုကရေစီအုပ်ချုပ်ရေးစနစ် ထွန်းကားလာသလို၊
အာဏာရှင်စနစ်လည်း ပေါ်ထွက်ခဲ့သည်။ လူလူချင်း ထောက်ထားစာနာသည့် လူသား၏မွေးရာပါ အခွင့်အရေးများကို
အလေးထားသည့် အုပ်ချုပ်ရေးစနစ်မှသည် ကိုယ်နှင့် အမျိုးဇာတ်ချင်းမတူလျှင် မီးလောင်တိုက်သွင်းပစ်သည့်
ဖက်ဆစ်နာဇီဝါဒမျိုးတွေလည်း သမိုင်း တစ်ကွေ့မှာ ကြုံခဲ့ကြဖူးသည်။
ချုပ်လိုက်လျှင် လူထုဆန္ဒကို လိုက်လျောသော ဒီမိုကရေစီစနစ်နှင့် ငါတကော ထင်ရာစိုင်း
အာဏာရှင်စနစ်။ လူ့သမိုင်းတစ်လျှောက် အဆိုပါအတွေးအခေါ် နှစ်ရပ်သည်
အမြဲအားပြိုင်လျှက် တည်ရှိနေခဲ့သည်။
ဂူအောင်းလူသားဘဝမှ အစုအဝေးနှင့်
နေထိုင်လာသည်မှ စ၍ ‘အုပ်ချုပ်သူ’ နှင့် ‘အုပ်ချုပ်ခံ’ ပေါ်လာသည်။ တစ်နည်းအားဖြင့်
‘အစိုးရ’ နှင့် ‘ပြည်သူ’။ ပြည်သူတွေ အစုအဝေးသည် ‘နိုင်ငံတော်’။ သို့ရာတွင် နိုင်ငံတော်နှင့်
အစိုးရသည် တစ်ခါတရံ ရောထွေးလာပြီး ပြည်သူတွေ နိုင်ငံတော်ကို သစ္စာရှိရမည်
ဆိုသည်မှာ အစိုးရကို သစ္စာရှိရမည်လိုလို အတွေးအခေါ် ပုံမှားတစ်ရပ်
ဝင်လာသည်။ အစိုးရနှင့် နိုင်ငံတော် ထွေးရောယှက်တင် ဖြစ်နေသည့်အချက်ကို အတွေးအခေါ်ပညာရှင်က
ရှင်းလင်းတင်ပြရန် ကြိုးစားသည်။ ဆောခရတ္တိက ‘နိုင်ငံတော်ဆိုတာ ဘာလဲ’ ‘နိုင်ငံရေးကျွမ်းကျင်သူ
ဆိုတာ ဘယ်လိုလူလဲ’ လူတွေအပေါ် အုပ်ချုပ်သူဆိုတာ ဘယ်လိုလူလဲ’ အုပ်ချုပ်ရေးရဲ့ သဘောသဘာဝဆိုတာ
ဘယ်လိုရှိသလဲ’ ဆိုသည့် မေးခွန်းများကို မေးခဲ့သည်။ သို့တိုင် မေးခွန်းများကို သူကိုယ်တိုင်
မဖြေခဲ့။ သူက နိုင်ငံတော်ကို သစ္စာစောင့်သိရမည်၊ သို့ သစ္စာစောင့်သိခြင်းအားဖြင့် နိုင်ငံတော်၏
အပြစ်အနာအဆာများကို ပြုပြင်ရာတွင် အကူအညီပေးဖို့ နှိုးဆော်သည်။ သူကိုယ်တိုင်လည်း အေသင်အာဏာပိုင်များ၏
အဆိပ်ခွက်ကို သောက်သုံးသွားသည်။
ဆောခရတ္တိ၏ အတော်ဆုံးတပည့်
ပလေတိုကမူ နိုင်ငံတော်ကို အတော်ဆုံး အကောင်းဆုံး အသိဉာဏ်ရှိသူတွေကသာ အုပ်ချုပ်သင့်သည်ဟု
ဖော်ထုတ်ခဲ့သည်။ စစ်တိုက်တော်သူတွေက ‘စစ်သည်လူတန်းစား’ ကုန်သွယ်ရေးမှာ ထူးချွန်သူတွေက
‘ကုန်သည်လူတန်းစား’၊ ကျေးကျွန်တွေကိုမူ ‘ကျွန်လူတန်းစား’ တွင် ထားရန် သူ၏ သမ္မတနိုင်ငံကျမ်းတွင်
ဖော်ပြခဲ့သည်။ ရှေးခေတ်အိန္ဒိယ လူအဖွဲ့အစည်းတွင်းရှိ လူတန်းစားခွဲခြားမှုများနှင့်
ခပ်ဆင်ဆင် တူနေသည်။ သူဖော်ထုတ်ပြသည် နိုင်ငံတော်ဆိုင်ရာ အတွေးအမြင်များသည်
စိတ်ဝင်စားစရာဖြစ်သည့်တိုင် နိုင်ငံတော်သည် နိုင်ငံသားတို့၏ ဘဝကို
လုံးဝထိန်းချုပ်ခွင့် ရှိသည်ဆိုသော စဉ်းစားပုံကိုမူ ၂၁ ရာစုတွင် သိပ်ပြီး နှစ်လိုခြင်းရှိကြတော့မည်
မဟုတ်ဟု ထင်ပါသည်။
‘လူနှင့် နိုင်ငံတော်’
စာအုပ်ကို ဖတ်ရင်းပလေတို၏ တပည့် အရစ္စတိုတယ်၏ အတွေးအခေါ်များကလည်း စိတ်ဝင်စားစရာ ကောင်းသည်။
သို့သော် ကောင်းမြတ်သည့် နိုင်ငံတော်တွင် ကျွန်ပြုခြင်းသည် တရားသော လုပ်ဆောင်ချက်ဖြစ်သည်ဟူသော
အဆိုတစ်ရပ်ကို တွေ့ရသည့်အခါ အတွေးအခေါ်ပညာရှင်ဆိုသူများသည်လည်း
သူ့ခေတ်က ပြဌာန်းသတ်မှတ်သည့် လူမှုရေးစနစ်တွေမှ ကင်းလွတ်ပြီး စဉ်းစားတွေးခေါ်ခြင်း
မပြုနိုင်ဟူသော အချက်ကို စာဖတ်သူများ သတိထားမိလာ နိုင်ပါသည်။
တစ်ဖက်က
ကြည့်လျှင်လည်း ဆောခရတ္တိ၊ ပလေတို၊ အရစ္စတိုတယ်တို့က အေသင်မြို့ပြနိုင်ငံကို အခြေခံထား၍
ဖော်ထုတ်ခဲ့သော ဒီမိုကရေစီစနစ်သည် ပြည့်စုံမှု မရှိသည့်တိုင် လူ့အဖွဲ့အစည်းကို ဆွဲဆောင်
လွှမ်းမိုးထားနိုင်ခဲ့သည်။ လူသမိုင်းတစ်လျှောက်လုံးသည် လွတ်လပ်ခြင်းနှင့်
ဖိနှိပ်မှု၊ ကောင်းမြတ်ခြင်းနှင့် ဆိုးယုတ်မှုတို့သည့် အမြဲတစေ အားပြိုင်လျှက် တိုက်ခိုက်လျှက်
ရှိနေခဲ့ကြသည်။ အမှောင်ဖုံးသော နေ့ရက်တို့ ရှိခဲ့သလို နေရောင်လင်းပွင့်သော ခေတ်ကာလများလည်း
ရှိခဲ့သည်သာ။
သမိုင်းအတွေ့အကြုံများသည်
လူသားတွေ၏ အတွေးအခေါ်တွေကိုလည်း ပြောင်းလဲပြုပြင်လျက်ရှိသည်။ ဘီစီ ၃၃၈ ခုနှစ်နောက်ပိုင်း
ဂရိမြို့ပြနိုင်ငံတွေ ပြိုကွဲသွားပြီးနောက် ပေါ်ပေါက်ခဲ့သည့် အက်ပီကျူးရီးယန်း အတွေးအခေါ်သမားများ၊
၎င်းတို့နှင့် ဆန့်ကျင်ဘက်ဖြစ်သော စတိုးဝစ်
အတွေးအခေါ်သမားတွေ၏ အမြင်က တစ်မျိုးတစ်ဖုံ
ပြောင်းလဲလာသည်။ လူသားကို နိုင်ငံတော်၏ ထိန်းကျောင်းမှုအောက်မှ လွတ်ကင်းပြီး ရှုမြင်သည်။
ခေတ်သစ် မော်ဒန်နိုင်ငံရေး အတွေးအမြင်များ၏ ရှေ့ပြေးဟု စာရေးဆရာက ဆိုသည်။
‘ကောင်းမှုမင်္ဂလာတရားသည်
မည်သူ့ကိုမျှ ခွဲခြားခြင်း မရှိ။ ဂရိလူမျိုးဖြစ်စေ၊ အရိုင်းအစိုင်းဖြစ်စေ၊ ယောကျ်ားဖြစ်စေ၊
မိန်းမဖြစ်စေ၊ ချမ်းသာသူဖြစ်စေ၊ ဆင်းရဲသူဖြစ်စေ၊ လွတ်လပ်သူဖြစ်စေ၊ ကျွန်ဖြစ်စေ၊ ပညာရှိဖြစ်စေ၊
ပညာမဲ့ ဖြစ်စေ၊ ကျန်းမာသူဖြစ်စေ၊ ဖျားနာသူဖြစ်စေ၊ မည်သူ့အပေါ်ကိုမျှ ခွဲခြားခြင်းမရှိပေ’
(စာ
- ၃၄)
နိုင်ငံတော်၏ အာဏာသည်
ကောင်းကင်ဘုံ ဘုရားသခင်ထံမှ တိုက်ရိုက်အပ်နှင်းသည့် အရာဖြစ်သည်ဟူသော ခရစ်ယန်ဘုရားကျောင်းတော်
အယူအဆကိုလည်း လေ့လာခွင့်ရသည်။ ဘုရားသခင်၏ နိုင်ငံတော်တွင် ဘုရားကျောင်းကသာ အာဏာပိုင်ဖြစ်ပြီး၊
နိုင်ငံတော်သည် ဘုရားသခင်၏ အလိုတော်ကို ဖြည့်စွမ်းရန် ဝတ္ထရားရှိသည်ဟူသော ထိုအမြင်သည်
ယနေ့ ခေတ်သစ်ကမ္ဘာတွင် ပေါ်ပေါက်နေဆဲဖြစ်သော အစ္စလမ်မစ်နိုင်ငံများမှ ဘာသာရေးအုပ်စိုးသူများ၏
အတွေးအခေါ် တွေကို သတိရစေပါသည်။
ဘုရားကျောင်းတော်က နိုင်ငံတော်ကို
လွမ်းမိုးချယ်လှယ်သည့် အယူအဆကို အပြင်းထန်ဆုံး ဆန့်ကျင်သူမှာ မက္ခယာ ဗယ်လီ ဖြစ်သည်။
သို့သော် သူကလည်း သူ့နည်း သူ့ဟန်နှင့် အစွန်းရောက်နေသည်။ အကြွင်းမဲ့ သက်ဦးဆံပိုင်စနစ်ကသာ
နိုင်ငံတစ်နိုင်ငံကို ဦးဆောင်တည်ထောင်နိုင်သည်။ သက်ဦးဆံပိုင် အာဏာရှင်စနစ်က ပြည်သူတို့၏ လွတ်လပ်မှုကို ဖျက်ဆီးပစ်မှာ သေချာသည့်တိုင်
မက္ခရာဗယ်လီတို့ ခေတ်ကာလသည် မသမာမှုများ၊ အကျင့်ပျက်မှုများ လွှမ်းမိုးနေသော ခေတ်ဖြစ်ရာ
အခြေအနေအရ မက္ခယာဗယ်လီ၏ အယူအဆသည် ပေါ်ပေါက်လာဟု ‘လူနှင့်နိုင်ငံတော်’ စာအုပ်တွင် ဖော်ပြသည်။
မက္ခရာဗယ်လီ၏ ထိုအယူအဆကို
ဖတ်ရသည့်အခါ ‘နိုင်ငံရေးသမားတွေ အကျင့်ပျက်လို့’ ‘နိုင်ငံတော်ကြီး ချောက်ထဲကျရန် လက်တစ်လုံးအလိုမို့’ ဟူ၍ အကြောင်းပြပြီး နိုင်ငံရေးအာဏာကို သိမ်းယူသူများ၏
မျက်နှာကို ပြေးမြင်မိသည်။ သူတို့သည် မက္ခရာဗယ်လီဝါဒီများ ဖြစ်ဟန်တူသည်။ မက္ခရာဗယ်လီက
သူ၏ ‘မင်းသား’ ကျမ်းတွင် -
‘အုပ်ချုပ်သူတွင် လိုအပ်သော
နည်းလမ်းမှန်သမျှကို သုံးပိုင်ခွင့်ရှိသည်။ အင်အား သုံး၍ ဖြစ်စေ၊ ပရိယာယ်သုံး၍ ဖြစ်စေ၊
နောက်ဆုံး ကိုယ်ကျင့်တရားဥပဒေတို့ကို ချိုးဖောက်၍ ဖြစ်စေ လုပ်ပိုင်ခွင့်ရှိသည်။ အုပ်ချုပ်သူသည်
အကောက်ဉာဏ်ကြံသူကို အကောက်ဉာဏ်ဆင်၍ ပြန်လည် တိုက်ခိုက်ရမည်။ ပရိယာယ်များသူကို ပရိယာယ်ဆင်၍
ပြန်လည် ထိုးနှက်ရမည်။ နိုင်ငံတော်အတွက် ဘာမဆို လုပ်ပိုင်ခွင့်ရှိသည်’ (စာ- ၄၈) ဟူ၍ ဖော်ပြထားသည် မဟုတ်လော။
နိုင်ငံတော်အတွက် ဘာလုပ်လုပ်
တရားတာပဲဟူသော မက္ခရာဗယ်လီလို ခပ်ရမ်းရမ်း အတွေးအခေါ်မျိုး လွှမ်းမိုးသည့်
ခေတ်ကာလတွေ သမိုင်းတစ်လျှောက် ရှိခဲ့သလို လူသား၏ ဂုဏ်သိက္ခာကို
အလေးအမြတ်ပြုသော အတွေးအခေါ်များလည်း ဆက်လက် ဖြစ်ပေါ်နေတုန်းပါပဲ။ အင်္ဂလိပ်ဒဿနပညာရှင်
ဂျွန်လော့ခ်တို့ အဒမ်စမစ်တို့၏ အယူအဆတွေက ခေတ်သစ် ကမ္ဘာထိတိုင်အောင် သက်ရောက်လျှက်
ရှိနေဆဲ။ ဂျွန်လော့ခ်က ဘုရင်တွင် ဘုရားသခင် အပ်နှင်းသော အာဏာကို အသုံးပြုပြီး သူကြိုက်သလို
အုပ်ချုပ်နိုင်သော အကြွင်းမဲ့အာဏာမရှိကြောင်း ထုတ်ဖော် ပြောခဲ့သူဖြစ်သည်။ လူသားအားလုံး၏
မူလသဘာဝမှာ လုံးဝဥဿုံ လွတ်လပ်မှုနှင့် တန်းတူညီမျှမှု ရှိသည်။ ထိုသို့ လွတ်လပ်မှုနှင့်
တန်းတူညီမျှမှု ရှိသောကြောင့် လူသားတစ်ဦးက အခြားတစ်ဦး၏ ဘဝကို ချုပ်ချယ်ခွင့်မရှိ၊ လွတ်လပ်မှုကို ထိပါးခွင့်မရှိ၊ ပိုင်ဆိုင်မှုကို
ဖျက်ဆီးခွင့် မရှိ။ ဂျွန်လော့ခ်၏ အတွေးအခေါ်က အမေရိကန်လွတ်လပ်ရေးကြေညာစာတမ်း၏ အဦးအစ
စာသားများကိုပင် သတိရသွားစေသည်။
နိုင်ငံရေးဘောဂဗေဒပညာရှင်
အဒမ်စမစ်ကလည်း နိုင်ငံတော်သည် နိုင်ငံသားတို့၏ လုပ်ကိုင်ဆောင်ရွက်မှုတိုင်းကို ထိန်းချုပ်စီမံသင့်သည်ဟူသော
အယူအဆကို ချေဖျက်ပြီး၊ လူသားတစ်ဦးစီ၏ မူလအခွင့်အရေးများကို ကန့်သတ်မှု
မပြုရန်၊ နိုင်ငံသားတိုင်း ဈေးကွက်တွင် လွတ်လပ်စာ ယှဉ်ပြိုင်နိုင်မှု၊ အကျိုးစီးပွားကူးလူးနိုင်မှု
အစရှိသည်တို့ဘက်မှ ရပ်ခံ တင်ပြခဲ့သည်။ အမေရိကန်သည် ဂျွန်လော့ခ်နှင့် အဒမ်စမစ်တို့၏
အတွေးအခေါ်များကို လက်တွေ့လိုက်နာကျင့်သုံးသည့် နိုင်ငံများထဲတွင် အပါအဝင် ဖြစ်နိုင်သည်။
ဂျွန်လော့ခ်၏ လူသားအခွင့်အရေးနှင့် လွတ်လပ်မှုကို ဖော်ထုတ်သော အတွေးအခေါ်တို့ကို နောက်ပိုင်းခေတ်များတွင်
ပြင်သစ်မှ ရူဆိုးတို့က လက်ခံပြီး ဆက်လက်ချဲ့ထွင် တွေးခေါ်ခဲ့သည်။
ထို့အတူ မက္ခရာဗယ်လီ၏
အတွေးအခေါ်ကဲ့သို့ပင် ခပ်ကြမ်းကြမ်း တွေးခေါ်ခဲ့တွေလည်း လူ့သမိုင်းတွင် ပေါ်ပေါက်လျက်
ရှိနေတုန်းပင်။ ဂျာမန်တွေးခေါ်ရှင် ဖရက်ဒရစ်နိရှေးက လူနှင့်လူချင်း တန်းတူထားမှု အစရှိသော
ဒီမိုကရေစီ အခွင့်အရေးတို့ကို လုံးဝ နေရာမပေး။ သူက လောကတွင် တန်ခိုးအင်အားကြီးမားသူ၊
စွမ်းအားရှိသူတွေသာ အောင်နိုင်သူတွေ ဖြစ်သည်။ စွမ်းအားမဲ့သူ၊ ချည့်နဲ့သူများအတွက် နေရာမရှိ။
ထို့ကြောင့် စွမ်းအားရှိသူတွေက စွမ်းအားနည်းသူတွေကို အုပ်ချုပ်ရမည်။ ယောက်ျားနှင့်
မိန်းမတွင် မိန်းမက အားနည်းသူဖြစ်၍ ကျား-မ တန်းတူ အခွင့်အရေး မရထိုက်။ ကောင်းကျိုးချမ်းသာကို
ညီတူမျှတူ မခံစားထိုက်။ မညီမမျှ ဖြစ်နေခြင်းကို ညီမျှသွားအောင် အတင်းအကျပ် အစားထိုးလို့မရ။
စုပေါင်းအုပ်ချုပ်ခြင်း၊ လုပ်ကိုင်ဆောင်ရွက်ခြင်း၊ စုပေါင်းစဉ်းစားခြင်း စသည်တို့သည်
လူသား၏ ပင်ကိုယ် စွမ်းပကားကို အားနည်းစေသည်။ လူအုပ်စုဟူသည် ကျွဲအုပ် နွားအုပ်များနှင့်
တူသည်။ အကောင်းဆုံးနိုင်ငံတော်ဟူသည် တန်ခိုးကြီးလိုသော ဆန္ဒရှိသူ၊ အစွမ်းဆောင်နိုင်ဆုံးလူ
‘ထူးခြားလူသား(Superman) ကသာ အုပ်ချုပ်ခံထိုက်သည်ဟု ဆိုခဲ့သည်။
နိရှေး၏ အတွေးအခေါ်သည်
ဂျာမန်ဖက်ဆစ်ဝါဒ၏ ရေခံမြေခံ ဖြစ်လာပြီး၊ ကိုယ့်ကိုယ်ကိုယ် ‘ထူးခြားလူသား’ဟု စိတ်ကြီးဝင်နေသော
ဟစ်တလာ လိုလူမျိုးကို မွေးထုတ်ခဲ့သည်။ သောင်းသိန်းချီ အရေအတွက်ရှိကုန်သော ဂျူးလူမျိုးများ၏
အသက်ကို ကြွေလွှင့်စေခဲ့သလို၊ ဒုတိယကမ္ဘာစစ်ကြီးကို မီးမွှေးပေးလိုက်ပြီး လူပေါင်းများစွာ၏
အသက်အိုးအိမ် စည်းစိမ်ကို ဆုံးရှုံးပျက်ဆီးစေသည်အထိ ဖြစ်ခဲ့သည်။ ထို့ကြောင့် အတွေးအခေါ်တစ်ရပ်သည် လူ့အဖွဲ့အစည်းကို ကောင်းကျိုးပြုနိုင် သလို၊ အဆိုးဒုက္ခပေါင်းစုံကိုလည်း
ပေးနိုင်စွမ်းသည်ကို ကျွန်တော်တို့ ဆင်ခြင်နိုင်ပါလိမ့်မည်။
ထိုသို့ ဆင်ခြင်နိုင်ရန်
‘လူနှင့် နိုင်ငံတော်’ စာအုပ်ကို ဖတ်ကြည့်ဖို့ လက်တို့ချင်သည်။ ကျွန်တော်တို့သည် လူ့အဖွဲ့အစည်းဟုဆိုသော
နိုင်ငံတော်တစ်ရပ်အတွင်း မွေးဖွား ရပ်တည် ရှင်သန် နေထိုင်ကြရသည်
ဖြစ်ရာ ‘နိုင်ငံတော်’ နှင့် ကင်းပြတ်နိုင်ကြသည်မဟုတ်။ နိုင်ငံတော်နှင့် မကင်းမပြတ်ရှိနေသည့်အလျောက်
နိုင်ငံတော်ဆိုတာ ဘာလဲ၊ နိုင်ငံသားဆိုတာ ဘာလဲ။ အစိုးရဆိုတာ ဘာလဲ။ နိုင်ငံရေးဆိုတာ ဘာလဲဆိုသော
မေးခွန်းများနှင့် ၎င်း မေးခွန်းများအတွက် အဖြေကိုလည်း ကြည်လင် ရှင်းပြတ်စွာ သိမြင်ထားဖို့
လိုအပ်သည်။
နိုင်ငံတော်
(State) နှင့် အစိုးရ (Government) တို့ကို ဗလုံးဗထွေးမြင်အောင် ကျွန်တော်တို့ ဖြတ်သန်းခဲ့ရသော
သမိုင်းခေတ်က ကျွန်တော်တို့ကို မသိမသာရော သိသိသာသာပါ ပြုလုပ်ထားခဲ့သည်။ အစိုးရနှင့်
နိုင်ငံတော် ဗလုံးဗထွေး ဖြစ်နေသောအခါ ကျွန်တော်တို့သည် ကျောချ၍မျှ ဓားပြမှန်းမသိသော
နိုင်ငံသား အနုံအချာများပမာ အခံဘက်ကချည်း ဖြစ်နေခဲ့သည့် သမိုင်းအိပ်မက်ဆိုးကြီးကို
မေ့မပစ်လိုက်ပါနှင့်။ ‘လူနှင့်နိုင်ငံတော်’ စာအုပ်ကို တတိယပုံနှိပ်ခြင်း (၂၀၂၅ ခုနှစ်) အတွက် အသစ်ရေးပေးသော အမှာစာတွင် မောင်ကြည်သစ်ကလည်း ထိုအချက်ကို
သတိရဟန် တူသည်။ ဤသို့ ရှင်းလင်း တင်ပြထားသည်။
‘…. ‘နိုင်ငံတော်’ သဘောက ‘အစိုးရ’သဘောထက် ပိုမိုကျယ်ဝန်း၏။
အစိုးရဟူသည် နိုင်ငံတော်၏ အစိတ်အပိုင်းမျှသာ ဖြစ်၏။ ၎င်းသည် နိုင်ငံတော်၏ အခွင့်အာဏာကို
လက်တွေ့အကောင်အထည်ဖော်ရသည့် ကိရိယာမျှသာဖြစ်၏။ နိုင်ငံတော်သည် တစ်ဆက်တစ်စပ်တည်းသော ပကတိမရှိတရား ဖြစ်၏။ အစိုးရဟူသည်ကား ယာယီမျှသာ ဖြစ်၏။
ရေရှည် အဓွန့်တည် ဖြစ်ထွန်းလျက်ရှိသည့် နိုင်ငံတော်တစ်ရပ်အတွင်း
အစိုးရများသည် ပေါ်လာလိုက် ပျောက်သွားလိုက်၊ တက်လာလိုက် ဆင်းသွားလိုက်နှင့် သံသရာ လည်နေသည်။
ထို့ပြင် နိုင်ငံတော်ကို တိုင်းပြည်/ နိုင်ငံ (Country) နှင့် ရောထွေးတတ်ကြသည်များလည်း
ရှိ၏။ တိုင်းပြည်/ နိုင်ငံ ဟူသည် ပထဝီနယ်နိမိတ် သတ်မှတ်ထားသော နယ်မြေဒေသ အသိုင်းအဝိုင်းတစ်ခုကို ခေါ်ဆိုခြင်းဖြစ်သည်ဟု ယေဘုယျအားဖြင့် ဆိုရပေမည်။ ၎င်းသည် နိုင်ငံတော်နှင့်
ထပ်တူထပ်မျှ မဟုတ်ပေ’
( စာ- ၂ )
‘လူနှင့် နိုင်ငံတော်’ စာအုပ်ငယ်သည် အမေရိကန်ပါမောက္ခ
S.E. Frost(Jr) ၏ ‘မဟာဒဿနပညာရှင်များ၏ သင်ကြားချက်များ’ စာအုပ်မှ အခန်းတစ်ခန်းကို မောင်ကြည်သစ်က ဘာသာပြန်ခြင်းဖြစ်သည်။ တတိယအကြိမ်အထိ ပုံနှိပ်နိုင်သည်မှာလည်း
စာဖတ်ပရိသတ်၏ အားပေးမှုကို အတိုင်းအတာတစ်ခုထိ ရပြီးဖြစ်၍ဟု ယူဆကာ
ဝမ်းသာပါသည်။ ဆရာ မောင်ကြည်သစ်သည် ဒဿနိကဗေဒပါမောက္ခတစ်ဦးဖြစ်၍
အတွေးအခေါ်အရေးအသားများကို ကိုယ်တိုင်ရေးရာတွင် ဖြစ်စေ၊ တစ်ဆင့်
ဘာသာပြန်ရာတွင် ဖြစ်စေ ပညာရပ်ပိုင်းတွင် ကျွမ်းကျင်နိုင်နင်းသည်။ စာအရေးအသားလည်း ပြေပြစ်သည်။
ထို့ကြောင့် သူ၏ အတွေးအခေါ်ပညာရပ်ဆိုင်ရာ အရေးအသားများကို ဖတ်ရသည်မှာ ရှင်းလင်းပြီး
ဆွဲဆောင်မှု လည်းရှိနေသည်။ မခြောက်ကပ်၊ စိုပြေသည်။ ယခု ‘လူနှင့်နိုင်ငံတော်’ တွင် ပါဝင်သော
နိုင်ငံတော်ဆိုင်ရာ အယူအဆများကို အကုန်အစင် ဖော်ညွှန်းနိုင်ခြင်း မရှိသဖြင့် စာဖတ်သူများကို
ကျွန်တော်တို့ အားနာပါသည်။ စိတ်ဝင်စားဖွယ်ရှိမည့် အချက်အချို့ကိုသာ
ဖော်ထုတ်ပြီး ညွှန်းလိုက်နိုင်ပါသည်။ အကျယ်ကို သိလိုလျှင် ‘လူနှင့် နိုင်ငံတော်’ စာအုပ်ကို
ဆက်ပြီး လေ့လာကြဖို့သာ တိုက်တွန်းပါသည်။
‘လူနှင့်နိုင်ငံတော်’ကို
ဖတ်နေရင်း ဒဂုန်တာရာ တစ်ခါက ရေးခဲ့ဖူးသော တိုင်းပြည်ခေါင်းဆောင်
(နိုင်ငံရေးသမား) သည် ပညာရှင်လည်း ဖြစ်သင့်သည်ဟူသော စကားရပ်ကို သတိရမိပါသည်။ နိုင်ငံရေးသမားတွေလည်း
စာဖတ်သင့်ပါသည်။ တတ်နိုင်လျှင် နိုင်ငံရေးပညာကို လေ့လာ ဆည်းပူးနေသင့်ပါသည်။ သို့မှ
မိမိတို့ တည်ထောင်လိုသော နိုင်ငံတော်ကို ဘယ်လိုမျိုးဖြစ်သင့်သည်ဟူ၍ တွေးခေါ်နိုင် ပါလိမ့်မည်။
နိုင်ငံသားတို့၏ လွတ်လပ်မှုကို လိုလားပြီး အကျိုးဆောင်ချင်ပါလျှင် နိုင်ငံသားတို့၏
လွတ်လပ်မှုကို ကန့်သတ် ချုပ်ချယ်မည့် အတွေးအခေါ်တို့၏ အန္တရာယ်ကိုလည်း ကြိုမြင်ထားဖို့
လိုပါသည်။
လူသား၏
လွတ်လပ်မှုဘက်မှ ရပ်ခံသော အတွေးအခေါ်နှင့် လူသား၏ လွတ်လပ်မှုကို
အညွှန့်ချိုးပစ်လိုသော အတွေးအခေါ်နှစ်ရပ်သည် လူသမိုင်းတစ်လျှောက်
အားပြိုင်လျက်ရှိနေဆဲ ဖြစ်ပါသည်။ ကမ္ဘာကြီးမှာရော၊ နိုင်ငံတစ်နိုင်ငံမှာပါ
‘ကောင်းမြတ်မှု’ချည်း တည်နေသည်မဟုတ်၊ ‘ဆိုးယုတ်မှု’ကလည်း အမြဲတစေ ချောင်းမြောင်းနေပါသည်။
‘နိုင်ငံတော် ဆိုတာ ငါပဲ’ဟု ၁၇ ရာစုက လူဝီဘုရင် ပြောခဲ့သလိုမျိုး ၂၀ ရာစု နှောင်းပိုင်း(
၂၀၀၈ ခုနှစ်) တွင်လည်း ‘ဇင်ဘာဘွေက ငါ ပိုင်တာ’
('Zimbabwe is mine’) ဟု မိုက်မိုက်ကန်းကန်း ပြောနေသည့် ရောဘတ် မူဂါဘီကဲ့သို အာဏာရှင်တွေကလည်း နိုင်ငံတော်ကို သူတို့လိုသလို ပုံဖော်ဖို့
ကြိုးစားနေကြတုန်းပဲလေ။ ။
▀
မောင်ဘစီ
၂၉ မေ ၂၀၂၅
စာအုပ်ဆိုင်ရာအချက်အလက်များ
စာအုပ်အမည် - လူနှင့်နိုင်ငံတော်
ဘာသာပြန်သူ - မောင်ကြည်သစ်
ထုတ်ဝေခြင်း။ ။ တတိယအကြိမ်၊ မေ ၂၀၂၅ ခုနှစ်။
ဓူဝံစာအုပ်တိုက်။
စာမျက်နှာအရေအတွက် - ၁၃၆
(အမေရိကန်ပါမောက္ခ
S.E. Frost(Jr) ၏ Basic Teachings of the
Great Philosophers ဆိုသည့် စာအုပ်မှ Man and the State အခန်းကို ဘာသာပြန်သည်။ နိုင်ငံတော်
နှင့်ပတ်သက်သည့် ရှေးဟောင်းအမြင်၊ ဂရိတွေးခေါ်ရှင်တို့၏ အမြင်၊ ရှေးဦး ခရစ်ယန်တွေးခေါ်ရှင်တို့၏ အမြင်၊ အလယ်ခေတ်
တွေးခေါ်ရှင်များ၏အမြင်၊ ပြန်လည်ဆန်းသစ်ရေးခေတ် တွေးခေါ်ရှင်များ၏ အမြင်များမှ စ၍ ဆောခရတ္တိ၊
ပလေတို၊ အရစ္စတိုတယ်၊ မက္ခယာဗယ်လီ၊ ဂရိုးတိယုစ်၊ ဟော့၊ စပီနိုဇာ၊ လော့ခ်၊ အဒမ်စမစ်၊
ဟေဂယ်၊ ကားမာ့က်စ်၊ ရူဆိုး၊ စိန့်ဆိုင်မွန်၊ ကွန့်၊ မီးလ်၊ စပင်ဆာ၊ နိရှေး၊ ဒျူဝီ စသော
အတွေးအခေါ်ပညာရှင်များ၏ နိုင်ငံတော် အယူအဆများကို တစ်ပုဒ်ချင်း
ရှင်းလင်းတင်ပြထားပြီး၊ နောက်ဆက်တွဲအဖြစ် မူရင်းအင်္ဂလိပ်စာနှင့် တွေးခေါ်ရှင်များ၏
အတ္ထုပ္ပတ္တိအကျဉ်းတို့ကိုလည်း စီစဉ်ထည့်သွင်းထားသည်)
နေ့စဉ်နှင့်အမျှ ကျွန်တော်တို့ မမြင်ချင်လည်း မြင်ရ၊ မကြားချင်လည်း ကြားရ၊ မကြုံချင်လည်း ကြုံနေရသည့် ဆိုးဝါးလွန်းသော အတွေ့အကြုံတွေထဲမှာ ကျွန်တော်တို့ ပြိုလဲမကျသွားဘူးလို့ မဆိုနိုင်။ အခြားသူတွေတော့ မသိ။ က...
လေးစားအပ်သော မြန်မာစာရေးဆရာတွေ ဘာကြောင့်များ ‘ခေတ်ကို အပြစ်ဆို’ကာ စိတ်ဓာတ်ကျနေကြပါမည်လဲ။ ယစ်ရွှေရည်တွင် ရီဝေ ရီဝေ လုပ်ရင်း လောကကို စိတ်နာနေကြမည်လား။ ဗျစ်ရည် စုပ်ရင်း ကြုံနေရသည့် စနစ်ကို ဆဲရေးတိုင်းထွာ...
ရူးသွပ်သွားလို့ အနုမြူဗုံးကြဲဖို့ ခလုတ်နှိပ်တော့မယ်ဆိုရင် ခဏရပ်သင့်ပါတယ်။ ဒီလက်ဖက်ခြောက်ထုပ်တွေထဲက လက်ဖက်ရည်တစ်ခွက် သောက်ပါလို့။ ကမ္ဘာပေါ်က လူတွေကတော့ ဗုံးတွေထက် ပေါင်မုန့်သာ လိုချင်တယ်၊ သေခြင်းထက် ရှ...