စာအုပ်သုံးသပ်ချက်

Mistress of the Art of Death - သေခြင်းတရားအနုပညာကျွမ်းကျင်သူဆရာမ

ရွှေသီရိခေတ်

01 May 2025
Mistress of the Art of Death - သေခြင်းတရားအနုပညာကျွမ်းကျင်သူဆရာမ
Share to

၂၀၀၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် Ariana Franklin ပထမဆုံးရေးသားထုတ်ဝေခဲ့သော “Mistress of the Art of Death” စာအုပ်သည် အင်္ဂလန်ကို Henry II ဘုရင် အုပ်စိုးစဥ်ကာလ ၁၂ ရာစု နှစ်အတွင်း ဖြစ်ပွားခဲ့သော ဒုစရိုက်မှုများအပေါ် မှီညှမ်းရေးသားထားသော သမိုင်းနောက်ခံ မှုခင်းဝတ္ထုစာအုပ်တစ်အုပ်ဖြစ်သည်။

ဒီဝတ္ထု၏ အဓိကဇာတ်ကောင်သည် ဆယ်လ်နို (Salerno) မြို့တွင် လူသိများသော အမျိုးသမီးဆရာဝန်တစ်ဦးဖြစ်သည့်  Dr. Vesuvia Adelia Rachel Ortese Aguilar ဖြစ်သည်။ သူမသည် သုတေသနနှင့် မှုခင်းဆေးပညာဆိုင်ရာကို အထူးပြုလေ့လာသူတစ်ဦးဖြစ်ပြီး ဆယ်လ်နိုမြို့တွင် “Mistress of the Art of Death” ဟူသောနာမည်ဖြင့်လည်း လူသိများသူတစ်ဦးဖြစ်သည်။ ဆယ်လ်လာနို မြို့ဆိုသည်မှာ Tyrrhenian ပင်လယ်ကမ်းရိုးတစ်လျှောက်ရှိ Campania ဒေသတွင် တည်ရှိသော မြို့တစ်မြို့ဖြစ်သည်။ ထိုမြို့သည် ဥရောပအလယ်ခေတ် (အေဒီ ၁၁၀၀ မှ ၁၄၀၀ အကြား) တွင် ၎င်း၏ ဆေးပညာထွန်းပေါက်မှု နှင့် ထက်မြတ်သော ဆရာဝန်အများအပြားမွေးထုတ်နိုင်မှုကြောင့် ပထမဦးဆုံးနာမည်ကျော်ကြားခဲ့သော မြို့တစ်မြို့ဖြစ်သည်။ ဒီဝတ္ထုအရဆိုလျှင် Henry II အုပ်စိုးစဥ်ကာလတွင် အင်္ဂလန်သည် ဂျူးလူမျိုးတို့အား လက်ခံနေထိုင်ခွင့် ပေးထားပြီး ဘုရင်၏ ဘဏ္ဍာရေးဆိုင်ရာအဓိကဝင်ငွေသည် ဂျူးလူမျိုးတို့ဆီမှ အခွန်ကောက်ခံခြင်းဖြင့်ရရှိပါသည်။ သို့သော် တစ်ရက်တွင် Cambridge မြို့တွင်နေထိုင်သော ပီတာခေါ် ကလေးငယ်တစ်ယောက်သည် ရက်စက်စွာ ပုံပျက်ပန်းပျက်အသတ်ခံရမှု ပေါ်ပေါက်လာသည်။ အများအဆိုအရ ပီတာသည် ဂျူးလူမျိုးကုန်သည်၏ အိမ်အနီးတွင်နောက်ဆုံးတွေ့ရပြီး သူ၏သေဆုံးပုံသည် ဂျူးလူမျိုးတို့က ကလေးများယဇ်ပူဇော်ပုံ နှင့်ဆင်သည်ဟူသော ကောလဟာလများထွက်ပေါ်လာခဲ့သည်။

ထိုဖြစ်ရပ်၏နောက်ဆက်တွဲအနေဖြင့် ဒေသခံအများစုသည် ဂျူးလူမျိုးများက ကလေးငယ်အား သတ်ဖြတ်ခဲ့သည်ဟု ယုံကြည်လာကြသည်။ ထို့နောက် ရက်အနည်းငယ် ကြာပြီးနောက်တွင် ပီတာကဲ့သို့ သတ်ဖြတ်ခံရသော ကလေးငယ်များနှင့် ပျောက်ဆုံးနေသော ကလေးငယ်များ ထပ်၍ပေါ်ပေါက်လာခဲ့သည်။ ထိုအခါ ယခင်က သံသယများဖြင့် သွေးပူနေသော ဒေသခံများက ဂျူးလူမျိုးများအား လက်စားချေ၍ ရိုက်နှက်သတ်ဖြတ်ရန်ကြိုးပမ်းလာခဲ့ကြပြီး၊ ကူကယ်ရာမဲ့ ဂျူးလူမျိုးများက အိုးအိမ်၊ စီးပွားရေး စသည်တို့ကိုပစ်ကာ ဘုရင် Henry II ထံပါးတွင်ပုံးခိုကြရသည်။ ထိုကြမ်းကြုတ်ပြီး တရားမျှတမှု ကင်းမဲ့သော အဓိကရိုဏ်းများကို ထိန်းချုပ်ဖြန်ဖြေနိုင်ရန်အတွက် ဘုရင် Henry II သည် သူ၏ မဟာမိတ်ဖြစ်သူ Sicily ဘုရင် William II ထံတွင် အကူအညီတောင်းဆိုခဲ့သည်။ Sicily ဘုရင် William II သည် Henry II ၏တောင်းဆိုမှုအရ Cambridge မြို့တွင် ကလေးငယ်များ ရက်စက်စွာ ဆက်တိုက်အသတ်ခံရမှု၏ နောက်ကွယ်မှ အမှန်တရားကို စုံစမ်းဖော်ထုတ်ရန်အတွက် Selarno မြို့ဆေးပညာသင်တန်းကျောင်းရှိ လူအများလေးစားရသော ဆရာဝန်/ သင်ကြားရေးဆရာ Gordinus အားသင့်တော်သူတစ်ဦး ရွေးချယ်စေလွှတ်ရန်တာဝန်ပေးခဲ့သည်။ ဆေးပညာတွင် အလွန်တရာ ထူးချွန်သလောက် လူမှုရေးဆိုင်ရာအရပ်တွင် အားနည်းသော Gordinus သည် သူ၏အားအထားရဆုံးတပည့်ဖြစ်သူ Adelia အား စုံစမ်းရေးအတွက်စေလွှတ်ခဲ့သည်။ ညွှန်ကြားချက်အရ စုံစမ်းဖော်ထုတ်ရေးတာဝန်ကို ထမ်းဆောင်ရန် Adelia သည်  ဂျူးလူမျိုး သူလျိုနှင့် ထောက်လှမ်းရေးသမားဖြစ်သူ နီပေါ်လ် မှ ဆိုင်မွန်နှင့် သူမ၏သစ္စာရှိ မွတ်စလင်ဘာသာဝင် ကိုယ်ရံတော်နှင့် ဆေးပညာဆိုင်ရာအကူဖြစ်သူ Mansur မန်ဆူရာ်တို့နှင့်အတူ Cambridge မြို့သို့ခရီးစတင်ထွက်ခဲ့သည်။ သို့ပေမဲ့ Sicily နှင့် မတူ၊ အင်္ဂလန်သည် ယောက်ျားကြီးစိုးမှုဝါဒီလွှမ်းမိုးပြီး၊ အမျိုးသမီးများ ဆေးကုသမှု နှင့် သိပ္ပံဆိုင်ရာနည်းပညာတို့တွင် ပါဝင်ပတ်သတ်မှုအား လွန်စွာရှုံ့ချသည်။

ထို့အခြေအနေများကြောင့် Adelia သည် သူမနှင့် ခရီးထွက်လာသူအမျိုးသားနှစ်ဦး၏ လက်ထောက်အကူအသွင်ဖြင့်နေပြီး လူအများနောက်ကွယ်တွင် အလောင်းခွဲစိတ်မှုနှင့် မှုခင်းစုံစမ်းစစ်ဆေးမှုတို့ကို ပြုလုပ်ခဲ့ရသည်။ ဒီဝတ္ထုထဲတွင် Adelia သည် အင်္ဂလန်၏ရှုပ်ထွေးသော ဘာသာရေးဆိုင်ရာ အယူသည်းမှုများ၊ လူမှုရေးဆိုင်ရာမတရားမှုများ နှင့် နိုင်ငံရေးဆိုင်ရာ လျှို့ဝှက်ကြံစည်မှုများ အစရှိသည့် ဖိအားများအကြားမှ ကလေးများကိုရက်စက်စွာသတ်ခဲ့သော လူသတ်သမားကို ​ရှာဖွေရပုံကို စိတ်ဝင်စားဖွယ်တွေ့ရပါသည်။ Adelia ၏ ထက်မြတ်သော တွေးခေါ်ပုံ၊ ဆေးပညာနှင့်​ ရဲစွမ်းသတ္တိတို့ကိုလည်း သူမ၏ လူသတ်သမားအားဖမ်းနိုင်ရန် ကိုယ်ကျိုးမဲ့ ကြိုးစားအားထုတ်မှုများမှ တစ်ဆင့်တွေ့နိုင်ပါသည်။ ထို့အပြင် ဒီဝတ္ထုသည် သမိုင်းနောက်ခံ အသေးစိတ်များအားစနစ်တကျ ထည့်သွင်းရေးသားဖော်ပြထားသဖြင့် ဇာတ်ကောင်များ၏ စကားပြောဆိုပုံ၊ တွေးခေါ်ပုံ၊ ကျင်လည်လှုပ်ရှားသွားလာပုံ နှင့် Adelia ၏ ဆေးပညာဆိုင်ရာခွဲစိတ်ကုသမှု၊ မှတ်တမ်းတင်မှု၊ နှင့် စုံစမ်းလေ့လာမှု တို့မှတစ်ဆင့် အင်္ဂလန်အလယ်ခေတ်ကာလ၏ အနှစ်သာရကိုလည်းအပြည့်အဝ ခံစားရနိုင်ပါသည်။

ဒီဝတ္ထုသည် လူအများအဖတ်များသော အချစ်ဝတ္ထု၊ ဟာသဝတ္ထု၊ နှင့် စွန့်စားခန်း ဝတ္ထုများ နှင့် မတူ တစ်မူထူးပြီး သမိုင်းဗဟုသုတအနှစ်သာရများပြည့်နှက်နေသော သည်းထိပ်ရင်ဖိုဖွယ် အမျိုးသမီးစုံထောက် ဝတ္ထုဖြစ်သည်။

ရွှေသီရိခေတ်

 


Related Articles

စာအုပ်သုံးသပ်ချက်
...
ဂုဏ်ရောင်ပြောင်စွာ ရှင်သန်ကျန်ရစ်သူများ
မောင်ဘစီ

နေ့စဉ်နှင့်အမျှ ကျွန်တော်တို့ မမြင်ချင်လည်း မြင်ရ၊ မကြားချင်လည်း ကြားရ၊ မကြုံချင်လည်း ကြုံနေရသည့် ဆိုးဝါးလွန်းသော အတွေ့အကြုံတွေထဲမှာ ကျွန်တော်တို့ ပြိုလဲမကျသွားဘူးလို့ မဆိုနိုင်။ အခြားသူတွေတော့ မသိ။ က...

စာအုပ်သုံးသပ်ချက်
...
စာမရေးဖြစ်သော စာရေးဆရာများသို့
မောင်ဘစီ

လေးစားအပ်သော မြန်မာစာရေးဆရာတွေ ဘာကြောင့်များ ‘ခေတ်ကို အပြစ်ဆို’ကာ စိတ်ဓာတ်ကျနေကြပါမည်လဲ။ ယစ်ရွှေရည်တွင် ရီဝေ ရီဝေ လုပ်ရင်း လောကကို စိတ်နာနေကြမည်လား။ ဗျစ်ရည် စုပ်ရင်း ကြုံနေရသည့် စနစ်ကို ဆဲရေးတိုင်းထွာ...

စာအုပ်သုံးသပ်ချက်
...
ဂန္ဓီသင်္ချိုင်းမှ ကနေဒီသင်္ချိုင်းအထိ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ခြင်း
မောင်ဘစီ

ရူးသွပ်သွားလို့ အနုမြူဗုံးကြဲဖို့ ခလုတ်နှိပ်တော့မယ်ဆိုရင် ခဏရပ်သင့်ပါတယ်။ ဒီလက်ဖက်ခြောက်ထုပ်တွေထဲက လက်ဖက်ရည်တစ်ခွက် သောက်ပါလို့။ ကမ္ဘာပေါ်က လူတွေကတော့ ဗုံးတွေထက် ပေါင်မုန့်သာ လိုချင်တယ်၊ သေခြင်းထက် ရှ...