မောင်ဘစီ
လူတစ်ယောက်၏ ဘဝကြမ္မာသည် သူ မွေးဖွားနေထိုင်သည့် တိုင်းပြည်၏ နိုင်ငံရေး အခြေအနေများနှင့် အမြဲဆက်စပ် နေပါသလား။ နိုင်ငံရေးက လူတစ်ယောက်ရဲ့ ဘဝကို ဘယ်လောက်အတိုင်းအတာအထိ သက်ရောက်ပါသလဲ။ နိုင်ငံရေးက လူတိုင်းနှင့် ပတ်သက်သည်ဟု အဆိုတစ်ရပ်ရှိထားသည်။ နိုင်ငံရေးက လူတိုင်းနှင့် ပတ်သက်တာ မှန်သည့်တိုင် လူတစ်ယောက်ချင်းအပေါ် သက်ရောက်မှု အတိုင်းအတာ၊ ထုထည်ပမာဏ၊ အလေးအပေါ့မှာတော့ ကွာလိမ့်မည်။
နိုင်ငံရေးမိုးလေဝသ
ကြည်လင်ကောင်းမွန်လျှင် အခြေခံအားဖြင့် ပြည်သူအများ ကိုယ်စိတ်နှစ်ပါး ချမ်းသာသုခ ရနိုင်သည်မှာ
ပြောနေဖို့ပင် အထူးမလို။ ထိုလူတွေထဲကမှ နိုင်ငံရေးနှင့် ပတ်သက်နေသည့် နိုင်ငံရေးသမား၊
ပညာရှင်၊ စာပေအနုပညာလောက၊ စာနယ်ဇင်းသမားတွေအဖို့ ဆိုလျှင်လည်း မိမိတို့ ပညာရပ်ဆိုင်ရာ
အလုပ်များကို နောက်ကျောလုံစွာ လုပ်နိုင်မည်၊ စိတ်ကူးစိတ်သန်းရှိသမျှ ဖန်တီးနိုင်သည်။
ဥပဒေအထက်တွင် မည်သူမျှ မရှိ။ အခြေခံဥပဒေက ပေးအပ်ထားသည့် နိုင်ငံသားတစ်ယောက်၏
ရပိုင်ခွင့်များကို မချိုးဖောက်သရွေ့ ဘယ်သူ့ကိုမှ ကြောက်စရာမလို၊ ဘယ်အရာကိုမှလည်း ထိတ်လန့်စရာမရှိ။
နိုင်ငံရေးမိုးသက်မုန်တိုင်းတွေ
ကြမ်းတမ်းပြီဆိုရင်တော့ အထက်မှာ ပြောခဲ့တာတွေနှင့် ပြောင်းပြန်ပါပဲ။ ပြည်သူတွေ ကိုယ့်စိတ်နှစ်ပါး
ဆင်းရဲ၊ ညှိုးချုံးသည်။ အလားတူ နိုင်ငံရေးသားတွေလည်း ကပ်ဆိုက်ပြီ။ အာဏာကို ထိန်းချုပ်ထားသူတို့နှင့်
ဆန့်ကျင့်ဘက်သဘောရှိသော နိုင်ငံရေးသမားတွေအဖို့ သံတိုင်လေးဖက်ကြားသို့ အိပ်ရာရွေ့သွားရသည်။
အနုပညာ ပန်းတွေ မပွင့်။ စာရေးဆရာတွေ၏ ကလောင်သွားများ ဆွံ့အ။ လွတ်လပ်သော သတင်းရေအလျဉ်ကြီး
ပြတ်တောက်သွားပြီးနောက် တဖြည်းဖြည်း ခန်းခြောက်။ နိုင်ငံရေးက လူပုဂ္ဂိုလ်အချို့၏ ဘဝကံကြမ္မာကိုလည်း
အကြီးအကျယ် ချယ်လှယ်တတ်သည်။ အချို့ ရာထူးစွန့်ရသည်။ အချို့ အလုပ်အကိုင်စွန့်ရသည်။ အချို့
မိသားစုကို စွန့်ရသည်။ အချို့ နိုင်ငံကို စွန့်ရသည်။ အချို့ အသက်ကိုပင် စွန့်လိုက်ရသည်။
မှန်ကင်းတစ်လှည့် ထင်းတစ်လှည့်ပါပဲ။ စိန်မှန်ကင်းကို ထင်းဖြစ်အောင် ဖန်တီးလိုက်ကြသည့်
လက်သည်ကိုလည်း အဝေးကပင် မြင်နိုင်ပါသည်။
အထူးသဖြင့် နိုင်ငံရေးအပြောင်းအလဲတွေ
အမြဲတမ်းဖြစ်နေသည့် ကျွန်တော့်တိုင်းပြည်တွင် မှန်ကင်းတစ်လှည့်
ထင်းတစ်လှည့် အဖြစ်တွေက အများကြီးရှိနေသည်။ ၁၉၆၂ ခုနှစ်မှ စတင်လိုက်သော
နိုင်ငံရေးမိုးမှောင်ကျမှုကြီး အောက်တွင် လွင့်ကြေပျက်သုဉ်းရသည့် ဘဝပေါင်း သိန်းရာထောင်မက
ရှိခဲ့ပါပြီ။ နှစ်ပေါင်း ခြောက်ဆယ်ကျော်မျှ အမှောင်လွမ်းသည့် နိုင်ငံရေးခယောင်းလမ်းအကြောင်းကို
အပြည့်အစုံ မှတ်တမ်းတင်ထားသည့် သမိုင်းစာအုပ်တော့ မရှိသေး။ သို့သော် ထိုခေတ်ကြီးကို
ဖြတ်သန်းခဲ့ရသည့် သတင်းစာဆရာ စာရေးဆရာအချို့ကတော့ သူတို့ အတွေ့အကြုံတွေကို မှတ်တမ်း
တင်ခဲ့ကြတာတွေ ရှိသည်။
အဆိုပါ မှတ်တမ်းအချို့ကို
ပြိုးခနဲ လက်ခနဲ နိုင်ငံရေး မိုးတိမ် ကင်းပသွားသည့် တခဏ၊ ပြီးခဲ့သည့် ၂၀၁၀ ခုနှစ်အလွန်
ကာလမှာတော့ ကျွန်တော်တို့ စာဖတ်သူတွေ ဖတ်ခွင့်ရလိုက်သည်။ ပိတ်ပင်ကန့်သတ်ခံထားရသော၊
တစ်နည်းအားဖြင့် ပုံနှိပ်ထုတ်ဝေလျှင် ခွင့်ပြုချက်ရဖို့ ခဲယဉ်းသော
စာအုပ်တွေ အလျှိုအလျှိုထွက်လာသည်။ နိုင်ငံရပ်ခြားမှာသာ ပုံနှိပ်ခဲ့ပြီး ပြည်တွင်းစာဖတ်သူတွေ
လက်လှမ်းမမီခဲ့သည့် နိုင်ငံရေးစာအုပ်တွေလည်း ပြည်တွင်းမှာ အဆီးအတားမရှိ ရိုက်နှိပ်
ထုတ်ဝေနိုင်ခဲ့သလို၊ နိုင်ငံရပ်ခြားဘာသာဖြင့် ရေးထားသည့် မြန်မာပြည်အကြောင်း စာအုပ်တွေလည်း
ပြည်တွင်းမှာ ဘာသာပြန်ပြီး ထုတ်ဝေနိုင်ခဲ့သည်။ အခုချိန် ပြန်ကြည့်လိုက်တော့ ပျော်စရာ
နိုင်ငံရေး ပျားရည်ဆမ်း ကာလကလေးတစ်ခု ဆိုရမှာပေါ့လေ။
ထို့သို့ သမိုင်းတန်ဖိုး
နိုင်ငံရေးတန်ဖိုးရှိသည့် မှတ်တမ်းများထဲတွင် Windy Law-Yone ရေးသည့် GOLDEN
PARASAL : A Daughter’s Memoir Of Burma ဆိုသည့် စာအုပ်လည်း ပါဝင်သည်။ အင်္ဂလိပ်ဘာသာဖြင့်ရေးသော
ထိုစာအုပ်ကို ‘ရှင်ရင်ရွှေထီး’ အမည်နှင့် ဘာသာပြန် ထုတ်ဝေလိုက်နိုင်သည်တွင် မြန်မာပြည်တွင်း
စာဖတ်သူများအတွက် အကျိုးများစွာ ဖြစ်ထွန်းသည်။ အထူးသဖြင့် သတင်းစာဆရာ ဦးလောရုံအကြောင်း
ဖြစ်သည့်အတွက် ၂၀၁၂ ခုနှစ်နောက်ပိုင်း မြန်မာ၏ အသွင်ကူးပြောင်း ရေးကာလများအတွင်း ပွင့်လင်းဖြစ်ထွန်းလာသည့်
သတင်းစာထုတ်ဝေရေး နယ်ပယ်၌ ကျင်လည် နေရသော တက်သစ်စလူငယ် သတင်းစာသမားများ၏
လေ့လာစရာ စာအုပ်စာရင်းထဲတွင် ပါဝင်ခဲ့သည်။
ဦးလောရုံက အင်္ဂလိပ်ဘာသာဖြင့်
ထုတ်ဝေသည့် နေးရှင်း (The Nation) အယ်ဒီတာနှင့် တည်ထောင်ထုတ်ဝေသူ
ဖြစ်သည်။ ဝတ္ထုရေးဆရာမဖြစ်သလို၊ စာရေးလည်း ကောင်းလှသည့် ဝင်ဒီလောရုံက သူ့ဖခင် ဦးလောရုံရေးခဲ့သည့်
ဘဝမှတ်တမ်းကို အခြေပန္နက်ပြု၍ ‘ရှင်ရင်ရွှေထီး’ ကို ဖန်တီးသည်။ ထိုအခါ
ဦးလောရုံ၏ မှတ်တမ်းသက်သက်သာ မဟုတ်တော့ဘဲ သမီးဖြစ်သူ တစ်ယောက်အနေနှင့် ဖခင်ကို မြင်သော အမြင်၊ မိသားစုဘဝတွေကိုပါ
သိုင်းသိုင်းဝိုင်းဝိုင်း ဖတ်လာရသည်။ ပုဂ္ဂိုလ်ရေးဆန်ပိုဆန်သွားသည်။ စာအုပ်ဖတ်ရင်း
ဦးလောရုံတို့ မိသားစုနှင့်ပါ စာဖတ်သူက ရင်းနှီးသလို
ခံစားရစေသည်။ အတိတ်နှင့် ပစ္စုပ္ပန်သည် လွန်းထိုးကူးယှက်ပြီး ရေးထားသည်။
ဝင်ဒီလောရုံက ကျွန်တော်တို့
ရည်ညွှန်းခဲ့သည့် နိုင်ငံရေးလင်းပွင့်ချိန် ၂၀၁၂ ခုနှစ် ဝန်းကျင်တွင် မြန်မာပြည်သို့
ရောက်လာသည်။ ပြီးတော့ ဝေးကွာသည့် ကာလတစ်ခုတွင် နေရှင်းသတင်းစာတိုက်
တည်ရှိခဲ့ဖူးသည့် လမ်း ၄၀ အထက်ဘလောက်ရှိ အမှတ် ၂၉၀ အဆောက်အအုံကို အမှတ်တရ ဓာတ်ပုံရိုက်ကူးသည့်
အဖြစ်အပျက်နှင့် သူ့စာအုပ်ကို စဖွင့်သည်။ ဤနေရာမှနေ၍ ကျွန်တော်တို့ကို အတိတ်နေ့ရက်များဆီသို့
တဖြည်းဖြည်း ပြန်လည်ခေါ်ဆောင်သွားသည်။
လွပ်လပ်ရေးရပြီးနောက်
ဦးလောရုံ မျှော်မှန်းခဲ့သည့် အလုပ်က သံတမန်အလုပ်ဖြစ်သည်။ သို့သော် သတင်းစာဆရာနှင့်
ထုတ်ဝေသူ ဖြစ်လာခဲ့သည်။ ဦးလောရုံ၏ သတင်းစာသမားဘဝက အောင်မြင်မှုနှင့် စတင်ခဲ့သည်တော့
မဟုတ်ပေ။
၁၉၄၈
ခုနှစ် မေလ ၈ ရက်တွင် ဗြိတိသျှပိုင်
ယူနိုက်တက်ပရက်စ် သတင်းဌာန၏ သတင်းထောက်အဖြစ် နိုင်ငံတော်လုပ်ကြံမှု တရားခံ ဂဠုန်ဦးစောကို
အင်းစိန်ထောာင်တွင်း ကြိုးပေးစီရင်မည့် သတင်းကို လိုက်ရသည်။ အင်းစိန်ထောင်တွင်း ကြိုးပေးစီရင်ပုံအသေးစိတ်ကို
လန်ဒန်မှလာသည့် သတင်းထောက် အယ်မလီဘရောင်းထံကို ဖုန်းဆက်ရမည်။ ဘရောင်းက ရန်ကုန်မြို့
ကြေးနန်းရုံးတွင် ထိုင်ပြီး ဦးလောရုံဆီမှ ဖုန်းဆက်သည်ကို စောင့်နေပြီး၊ လန်ဒန်တို့
သတင်း ဆက်ပို့မည် ဖြစ်သည်။
အင်းစိန်ထောင်တွင်းသို့
သတင်းစာဆရာတွေ ဝင်ရောက်သတင်းယူဖို့က အကန့်အသတ်နှင့် ဖြစ်ပုံရသည်။ ဦးလောရုံ ကံကောင်းသည်မှာ
အင်စိန်ထောင်မှူးကြီးက စိန့်ပီတာတွင် ကျောင်းနေဖက် သူငယ်ချင်းဖြစ်နေ၍ ဝင်ခွင့်ရသည်။
ထောင်ထဲမဝင်ခင် ဘူးဝတွင် နိုင်ငံခြားသားတစ်ဦးနှင့် ရပ်ပြီး ဦးလောရုံ
စကားပြောခဲ့သည်။ ထို့နောက် ထောင်အတွင်းဝင်ကာ ဦးစောအား ကြိုးပေးပုံ မြင်ကွင်းအသေးစိတ်ကို
မှတ်သားသည်။ ပြန်ထွက်လာသည့်အခါ စောစောက နိုင်ငံခြားသားကိုပဲ ထပ်တွေ့ရပြီး ထိုသူက ဘာတွေမြင်ခဲ့တွေ့ခဲ့ရသလဲဟု
တောင်းတောင်းပန်ပန် မေးရာ၊ ဦးလောရုံ ကလည်း ပြောပြလိုက်သည်။
ထို့နောက် ဦးလောရုံက
အယ်မလီထံ အမြန်ဖုန်းဆက်သတင်းပေးရသည်။ ကံဆိုးချင်တော့ ဖုန်းလိုင်းတွေ ကျနေသည်။ အငှားကားဖြင့်
အယ်မလီ ရှိနေရာ ကြေးနန်းရုံးသို့ အမြန်ပြေးသည်။ သို့သော် နောက်ကျသွားပြီ။ ကယ်လီဟုခေါ်သည်
နိုင်ငံခြားသားက ဦးလောရုံကို ‘မျက်မြင်သက်သေ’ အရာတွင်ထား၍ ဦးစောအား ကြိုးပေးကွက်မျက်ခဲ့ပုံ
သတင်းကို အေပီသတင်းဌာနသို့ ပို့လိုက်နှင့်သည်။ သတင်းပါးမဝသေး၍ ခံရပုံ တစ်ချက်ဟု မှတ်လိုက်ပါသည်။
ထိုအချိန်က နိုင်ငံခြားရေးဝန်ကြီး
ဖြစ်နေသည့် အိုင်စီအက်စ် ဦးတင်ထွတ်၏ ‘နယူးတိုင်းမ်အော့ဖ်ဘားမား’ သတင်းစာတွင်လည်း
အယ်ဒီတာအဖြစ် လပိုင်းဝင်လုပ်သေးသည်။ ‘ခင်ဗျားနဲ့ သံတမန်နဲ့က မသင့်တော်ဘူးဗျ၊ ခင်ဗျားက
သတင်းစာ ဆရာအနေနဲ့ အလားအလာ ကောင်းတဲ့သူ’ ဟု ဦးတင်ထွက်က ပြောပြီး၊
သူ့သတင်းစာမှာ ဆက်လုပ်လျှင် လစာ နှစ်ဆ တိုးပေးမည်ဟု ကမ်းလှမ်းသည်။ သို့သော် ဦးလောရုံက
စိတ်ဆိုးပြီး ချက်ချင်း နုတ်ထွက်စာ တင်ကာ အလုပ်မှ ထွက်သည်။
သိပ်မကြာမီ ကိုယ့်ဘာသာပြန်စဉ်းစား
ကြည့်တော့လည်း ဦးတင်ထွတ်ပြောတာ မှန်နေသည်ဟု ဦးလောရုံ တွေးမိသည်။ သတင်းစာလုပ်ငန်းအကြောင်း အတော်အတန် သိပြီးနေပြီ။
ကိုယ်ပိုင်သတင်းစာ ထုတ်ဝေရလျှင် မိမိအနေနှင့် ပို၍ ပျော်ရွှင်လိမ့်မည်။ သို့နှင့် သတင်းစာထုတ်ဝေဖို့
ပြင်ဆင်သည်။ ဤတွင် အခက်အခဲ တစ်ခုက မိမိတွင် သတင်းစာတစ်စောင် ထုတ်ဖို့ ငွေကြေး ပြည့်စုံလုံလောက်ပါရဲ့လား။ မိမိ ဇနီးသည်ဆီမှာတော့
ရှေ့ရေးအတွက်ဟု ဆိုကာ စုဆောင်းထားသည့် လက်ဝတ်ရတနာ ပစ္စည်းအချို့ ရှိသည်။ ထိုရတနာများကို
လက်ကိုင်ပုဝါနှင့်ထုတ်ပြီး အပေါင်ဆိုင် သွားပြသည်။ ရူးပီး ငါးထောင်နှင့် အပြတ်ရောင်းပြီး
သတင်းစာအတွက် အရင်းအနှီး လုပ်လိုက်သည်။
‘နေရှင်း’ သတင်းစာ၏
အစောပိုင်းနေ့ရက်တွေက ဖြောင့်ဖြောင်းဖြူးဖြူးမရှိ။ ‘ရန်ကုန်ဂေဇက်’ သတင်းစာပိုင်ပုံနှိပ်စက်တွင် ပုံနှိပ်ခ အကြွေးဖြင့် ရိုက်နှိပ်ပြီးနောက်
‘နေရှင်း’၏ ပထမဦးဆုံး သတင်းစာ ထွက်လာနိုင်ခဲ့သည်။ ပထမဆုံးနေ့ သတင်းစာမှာ စောင်ရေနှစ်ဆယ်မျှသာ
ရောင်းလိုက်ရသည်။ သို့သော် ဦးလောရုံက သူ့သတင်းစာကို စောင်ရေနှစ်ထောင် ရိုက်သည်။ တစ်ပတ်အတွင်း ထုတ်ဝေသူလည်း အတော်လေး ‘ထိ’လာ ‘ချိ’ လာပြီ။
ဤနေရာတွင် သူ့ကို သတင်းစာလောကထဲ
ဝင်ဖို့ တိုက်တွန်းခဲ့သည့် ဦးတင်ထွတ်က တစ်ဖက်တစ်လမ်းမှ
ကူညီပြန်သည်။ စိတ်မကောင်းစရာတော့ ကောင်းသည်။ နေရှင်းသတင်းစာတိုက်နှင့် ဦးတင်ထွတ်၏
‘နယူးတိုင်းမ်အော့ဖ်ဘားမား’ သတင်းစာတိုက်က ကျောချင်းကပ် ဖြစ်ရာ၊ နေရှင်း သတင်းစာ တပိန်တလိမ်
ဖြစ်နေသည့်တစ်ရက် ဦးတင်ထွတ် ကားဗုံးခွဲ လုပ်ကြံခံလိုက်ရသည်။ ထိုသတင်းကို
မျက်မြင်အနီးကပ် ကြုံလိုက်ရသည့် နေရှင်းသတင်းစာက သတင်းဦးအဖြစ် ဖော်ပြနိုင်ခဲ့ရာ ‘နေရှင်း’သည့်
အခြား သတင်းစာများကိုပင် ကျော်တက်သွားသည်။ ဒီ့နောက်မှာတော့ ‘နေရှင်း’ သတင်းစာ အခြေအနေမှာ
ဆက်တိုက်ဆိုသလို အကောင်းဘက်သို့ လှည့်ပြောင်းသွားသည်။ တဖြည်းဖြည်း အောင်မြင်သော ဩဇာကြီးသော
သတင်းစာတစ်စောင်၏ အဆင့်အတန်းသို့ ရောက်လာခဲ့သည်။
သတင်းစာက ဩဇာကြီးလာသည်နှင့်အတူ
နေရှင်းအယ်ဒီတာနှင့် ထုတ်ဝေသူ ဦးလောရုံ၏ လူမှုရေး နိုင်ငံရေးအသိုင်းအဝိုင်းကလည်း ကျယ်ပြန့်လာသည်။
အာဏာရ အစိုးရနှင့် သတင်းစာသမားတွေကြားက ပွတ်တိုက်မှုကလည်း ကြမ်းတမ်းပြင်းထန်သည်။ လွတ်လပ်ရေးရပြီး
ဆယ်စုနှစ် တစ်စုအတွင်း မြန်မာနိုင်ငံရေးက သပွတ်အူထက်ပင် ရှုပ်နေသေးသည်။
တပ်မတော်က ၁၉၅၈ ခုနှစ်တွင် အိမ်စောင့်အစိုးရဆိုပြီး၊ တိုင်းပြည်အာဏာကို ထိန်းသိမ်းလိုက်သည်။
အိမ်စောင့်အစိုးရ၏ အကြီးအကဲ
ဗိုလ်ချုပ်နေဝင်း၏ စရိုက်လက္ခဏာကို ဦးလောရုံက အတော်အတန် သိပါသည်ဟု သမီးဖြစ်သူ ဝင်ဒီလောရုံက
ရေးသည်။ ဦးလောရုံသည် ဗိုလ်ချုပ်နေဝင်းကို ဗီယက်နမ် သံတမန်တစ်ဦးဖြစ်သူ
ထရန်ဗန်လွမ် အိမ်တွင် ပထမဆုံး စတင်တွေ့ဆုံဖူးသည်။ ရှက်ရွံတတ်ပြီး သီးခြားနေလေ့ရှိသော၊
သံသယစိတ်ဖြင့် ကြီးတတ်သော၊ ကိုယ့်ဘာသာကိုယ်လည်း ဘဝင်မကျ
ဖြစ်နေတတ်သောပုဂ္ဂိုလ်အဖြစ် ဗိုလ်ချုပ်နေဝင်းကို ဦးလောရုံက မှတ်ချက်ချသည်။
‘ဗိုလ်နေဝင်းအကြောင်း
ဖေဖေက ပိုသိ၏။ ထို့ကြောင့် တချို့သော ဇာတ်လမ်းများမှာ တကယ်တော့ မမှန်ကြောင်း ဖေဖေကောင်းကောင်းသိ၏’
(
စာ ၁၄၇)
သူ့စာအုပ်ထဲတွင် ဝင်ဒီလောရုံသည် ဗိုလ်ချုပ်နေဝင်းနှင့်
သူ့ဖခင်တို့ကြားက ဆက်ဆံရေးကို ဦးလောရုံ ချန်ရစ်ခဲ့သည့် မှတ်တမ်းများတွင် အခြေခံပြီးရေးထားသလို၊
သူကိုယ်တိုင် မှတ်မိနေသော အချက်အချို့ကိုလည်း ထည့်ရေးထားသည်။ ဗိုလ်ချုပ်နေဝင်းနှင့်
အိမ်နီးချင်းများဖြစ်၍ ကားနှင့် ဖြတ်သွားသည့်အခါ ဗိုလ်ချုပ်နေဝင်းသည့် ဝင်ဒီလောရုံ
စကိတ်စီးနေတာကို မြင်လျှင် ကားကို အရှိန်လျော့ကာ လက်ပြနှုတ်ဆက်သွားလေ့ရှိသည်တဲ့။ နောက်ပိုင်း
ဦးလောရုံ ထောင်ကျနေစဉ် သူဖခင်အတွက် ဝင်ဒီလောရုံသည်
ဗိုလ်ချုပ်နေဝင်းထံသို့ ပုဂ္ဂိုလ်ရေးပေးစာလည်း ပို့ခဲ့ဖူးသည်။
ဗိုလ်ချုပ်နေဝင်း၏ ဇနီးတစ်ဦးဖြစ်သော ကေတီနှင့် ဦးလောရုံတို့၏ ရင်းနှီးမှုကိုလည်း ဝင်ဒီလောရုံက သူ့ဖခင်၏ ပြောပြချက်ကို အခြေခံပြီး
ရေးပြထားသည်။ တစ်ခါက ဦးလောရုံ အမေရိကသို့သွားစဉ် ကေတီက လျှစ်စစ်အကြောဖြေစက်တစ်လုံး မှာသည်။ ဦးလောရုံကလည်း စက်ပစ္စည်းအစုံအလင် ဝယ်လာပြီး သူကိုယ်တိုင်
ကေတီ၏ ဗိုက်ပေါ်တွင်တင်၍ စက်အသုံးပြုကိုလက်တွေ့ စမ်းပြလိုက်သည်။ ထိုအကြောင်း၊ ဗိုလ်ချုပ်နေဝင်းကို
ပြောပြလိုက်သောအခါ စိတ်ဆိုးသွားသည်။ စိတ်ဆိုးသည်မှာ ဦးလောရုံကို မဟုတ်။ အနှိပ်အတွက်
အသုံးပြုသော ဆေးရည်နှင့် လျှပ်စစ်တို့ ထိတွေ့ချိန်တွင် ဓာတ်လိုက်မှာကို စိုးရိမ်းခြင်းကြောင့်တဲ့။
ဒါတင်မက ကေတီက ဦးလောရုံကို
အမေရိကန်မှ ဘရာစီယာ ဝယ်လာရန် မှာဖူးသည်။ မှာသည့်အတိုင်း ဝယ်လာပြီး ပေးပြန်တော့လည်း
ကေတီက ဘရာဇီယာကို သူ့အင်္ကျီအပေါ်မှ ထပ်၍ စမ်းသပ်ဝတ်စဉ်တွင် ဘရာစီယာ၏ နောက်ဖက်ချိတ်ကို
ဦးလောရုံအား အတပ်ခိုင်းသည်။ ထိုအခိုက် ဗိုလ်ချုပ်နေဝင်း ဝင်လာသည်နှင့် ကြုံသည်။ ဘာတစ်ခွန်းမှ မပြောဘဲ ‘ချာခနဲ’ လှည့်ထွက်သွားသည်။ ဗိုလ်ချုပ်နေဝင်းအကြောင်း
သူများတွေထက် ပို၍ အကဲခတ်နိုင်သည်ဟု မိမိကိုယ်မိမိ ယူဆသော ဦးလောရုံအဖို့ ဒီလိုအနေအထားတွေက
တစ်နေ့မှာ သူ့ကို ဒုက္ခပေးတော့မည်ဆိုတာ ရိပ်မိ သိရှိသလား၊ မသိဘူးလားတော့
မဆိုနိုင်။ ဦးလောရုံ၏ဇနီးကတော့ နောက်ပိုင်း သူ့ယောကျ်ား အထိန်းသိမ်းခံရသည့်
ကိစ္စနှင့်ပတ်သက်ပြီး “ဒီလို အဖမ်းခံရမယ်ဆိုတာ မေမေ အမြဲပဲ သိနေခဲ့တယ်” ပြောလေ့ရှိသည်။
နိုင်ငံတော်အာဏာကို
၁၉၆၂ မတ်လတွင် တပ်မတော်က သိမ်းယူလိုက်ပြီးနောက်ပိုင်း လပိုင်းလောက်အထိ ဦးလောရုံနှင့်
ဗိုလ်ချုပ်နေဝင်းတို့ ဆက်ဆံရေးမှာ မပျက်ပြားသေး။ ၁၉၆၂ ခုနှစ် ဇူလိုင်လတွင် ကျောင်းသားများလှုပ်ရှားမှုနှင့်
ပတ်သက်၍ ‘စုံစမ်းစစ်ဆေးရေးအဖွဲ့’တစ်ခု ဖွဲ့ပေးဖို့ နေရှင်းသတင်းစာက
ရေးသားဖော်ပြလိုက်ပြီးသည့် နောက်တွင် တစ်မျိုးတစ်ဖုံ ဖြစ်လာသည်။ ထိုအရေးအသားက နေရှင်းသတင်းစာ၏ ခေါင်းတလားအတွက် ပထမဆုံး
သံချက်တစ်ချက် ဖြစ်လာသည်။ သို့သော် အာဏာရှင်ကြီး၏ ‘အငြိုးအတေး’
ကို ပါးနပ်သော သတင်းစာဆရာသည် မမြင်နိုင်သေးပေ။ တပ်မတော် အရာရှိတွေက ဂရင်ဒလေဘဏ်တွင်ရှိသော
ဦးလောရုံ၏ ဘဏ်စာရင်းကို လာပိတ်သည်။ ဒီကိစ္စနှင့် ပတ်သက်၍ ဦးလောရုံက ဗိုလ်ချုပ်နေဝင်းဆီ
တိုက်ရိုက်သွားတွေ့သည်။ တင်းနစ်ကစားနေသော ဗိုလ်ချုပ်ကြီးသည် ဦးလောရုံအတွက် ဝီစကီနှင့်
ဆိုဒါ မှာပေးရင်း ပြောသည်။
“ရွှေဥ ဥပေးနေတဲ့ ငန်းကို
ကျွန်တော် သတ်မစားပါဘူးဗျာ”
နောက်ထပ် ရက်သတ္တသုံးပတ်အကြာ၊
အရုဏ်တက် မနက်သုံးနာရီခန့်တွင် ဦးလောရုံကို လက်နက်ကိုင်ထားသော စစ်သားတွေက လာဖမ်းသွားကြသည်။
ဤအချိန်မှစ၍ စီးပွားရေးအရ
အောင်မြင်သော၊ နိုင်ငံရေးအရ ဩဇာကြီးသော သတင်းစာဆရာ တစ်ယောက်၏ ဇာတာစန်းလာဘ်တို့ မှေးမှိန်ခြင်း အစပြုသည်။
မိသားစု အစုအစည်းတစ်ရပ်လည်း ပြိုကွဲသည်။ တစ်လုံးပြီးတစ်လုံးဆင့်၍ တိုက်ခတ်လာသော နိုင်ငံရေးမိုးသက်မုန်တိုင်းများ၏ ဒဏ်ကို
အလူးအလဲ ခံရသည်။ ဝင်ဒီလောရုံသည် ဖခင် ထောင်ထဲတွင် ထိန်းသိမ်းခံနေရစဉ် အပြင်ဘက်လောကတွင်
သူတို့ ကြုံတွေ့ရသော နိုင်ငံရေး လူမှုရေး အတက်အကျ အနိမ့်အမြင့်ကို ရေးပြသည်။
သူနှင့် အစ်ကိုဖြစ်သူ
အယ်လ်ဘန်တို့နှစ်ဦးသည် တရားမဝင်လမ်းကြောင်းမှ ထိုင်းနိုင်ငံထဲသို့ ခိုးဝင်မည်ဟု ဆုံးဖြတ်ကာ
ထွက်လာခဲ့ကြသည်။ မော်လမြိုင်ဆိပ်ကမ်း အရောက်မှာပင် သူတို့မောင်နှမကို ထောက်လှမ်းရေးများက
ဖမ်းမိသွားပြီး စစ်ကြောရေးစခန်း ပို့လိုက်သည်။ အရာရှိဗိုလ်မှူးကြီး တစ်ဦးက သူတို့ကို စစ်မေးသည်။ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲဖြင့် အဖမ်းခံနေရစဉ်
စစ်ကြောရေးစခန်းတွင်း မျက်နှာကျက်မှ မီးချောင်းကို ငေးစိုက်ကြည့်ရင်း အခု အခြေအနေက
လွတ်ပြီး၊ တိုင်းပြည်ထဲက ထွက်ခွာသွားနိုင်လျှင် ဤကဲ့သို့ ရက်စက်သော၊ တရားဥပဒေမဲသော၊
ထောက်ထား စာနာမှုကင်းမဲ့သော နေရာသို့ ဘယ်တော့မှ ပြန်မလာတော့ပါဘူးဟုပင် သစ္စာဆိုလိုက်မိသည်။ ဆယ်ရက်လောက် ရှိသည့်အခါ သူတို့မောင်နှမကို ပြန်လွှတ်ပေးလိုက်သည်။
မင်္ဂလာဒုံလေဆိပ်မှ တရားဝင် ပြည်ပထွက်ခွင့်ပြုလိုက်သည်။
အထိန်းသိမ်းခံရပြီး
ငါးနှစ်အကြာ ၁၉၆၈ ခုနှစ်တွင် ဦးလောရုံလည်း ပြန်လည် လွတ်မြောက်လာသည်။ ပြင်ပနိုင်ငံရေး
အခြေအနေများကို အကဲစမ်းပြီးသည့်နောက် ဗိုလ်ချုပ်နေဝင်းဆီ တိုက်ရိုက်သွားပြီး၊ ပြည်ပထွက်ခွင့်အတွက်
နိုင်ငံကူးလက်မှတ် ထုတ်ပေးဖို့ ပြောသည်။ ဗိုလ်ချုပ်နေဝင်းက အင်္ဂလန်မှာ ခင်ဗျား ဘာလုပ်စားမလဲ
မေးတော့ မြန်မာထမင်းဆိုင်ဖွင့်မည်ဟု ပြန်ဖြေခဲ့သည်။
ဦးလောရုံက ပြည်ပကို
ဦးနုထက် အရင်စောပြီးထွက်ကာ အဆက်သွယ်ရှာသည်။ လက်နက်ကိုင်တော်လှန်ရေးအတွက် ကနဦး ပြင်ဆင်ချက်တွေကို
ဝင်ဒီလောရုံက အခန်းတစ်ခန်း သီးခြား ရေးပြထားသည်။ နောက်ပိုင်း
ဦးနုနှင့်ဦးလောရုံတို့ နိုင်ငံတကာလှည့်ပြီး တော်လှန်ရေးအတွက် အလှူခံကြတာတွေလည်း ပါဝင်သည်။
ထူးခြားချက် တစ်ခုအနေနှင့် ဦးသန့်က ဦးနုတို့၏ လက်နက်ကိုင်တော်လှန်မည့် အကြံအစဉ်အောင်မြင်မည်ဟု
သိပ်ပြီးယုံကြည်ပုံ မရသော်လည်း တော်လှန်ရေး ရန်ပုံငွေအတွက် ဒေါ်လာတစ်ထောင်
လှူဒါန်းလိုက်ခြင်းဖြစ်သည်။ ကမ္ဘာပတ်ပြီး တော်လှန်ရေးရန်ပုံငွေ ရှာခရီးစဉ်၏ နောက်ဆုံးအနေနှင့်
ဟောင်ကောင်မှ မြန်မာပြည်နှင့် ပတ်သက်နေသည့် တရုတ်သူဌေးအချို့ဆီဝင်ပြီး အလှူခံသည်တွင်
တချို့က လုံးဝမလှူ။ တချို့ ထင်မှတ်မထားသူတွေဆီက အလှူငွေတွေ ရသည့်အချက်လည်း စိတ်ဝင်စားစရာ
ဖတ်ရသည်။
ဝင်ဒီလောရုံက တစ်ဆင့်ရေးပြသည့် ဦးလောရုံ၏ ပြည်ပထွက်ပြီး တော်လှန်ရေးဆင်နွဲမည့် အစီအစဉ်တွေ
ချမှတ်ကြပုံ၊ ငွေကြေးရန်ပုံငွေ ရှာပုံ၊ သက်ဆိုင်ရာ နိုင်ငံ၏ အာဏာပိုင်တွေနှင့် နားလည်မှုရှိသော
ဆက်ဆံရေးတစ်ခု ထူထောင်ရပုံတွေကို ရင်မောစွာ ဖတ်ရသည်။ မသိသေးသော
သမိုင်းအချက်အချို့လည်း သိခွင့်ရပါသည်။ ရန်ပုံငွေ ရဖို့၊ ပြည်ပထောက်ခံမှု ရဖို့ ကြိုးစားရင်း
တစ်ပတ်ရိုက်ခံရသည့် အဖြစ်အပျက်တွေလည်း ရှိခဲ့သည်။ ပြည်ပရောက် အတိုက်အခံ နိုင်ငံရေးသမားတွေကို
မြန်မာ၏ အိမ်နီးချင်းနိုင်ငံအချို့က ကူညီသည်ကိုလည်း တွေ့ရသလို၊ လက်မခံလိုသည့် သဘောထားအချို့ကလည်း
မြင်ရသည်။ နိုင်ငံရေးဆိုတာ ‘ကြက်ဥအရောင် တိမ်တောင်သဖွယ်’ ပါလေ။
ဦးလောရုံတို့၏ တော်လှန်ရေး
အစောပိုင်းနေ့ရက်များသည် စိတ်အားတက်ကြွဖွယ် ကောင်းသည်။ မျှော်လင့်ချက်နှင့်
ပြည့်လျှမ်းလျက်ရှိသည်။ အောင်ပွဲငယ်လေးများသည် အဆုံးသတ်အောင်ပွဲဆီသို့ အရောက်ချီတက်မည့်
စိတ်အင်အားကို မီးပေါင်မြှင့်ပေးလိုက်ပါသည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ တော်လှန်ရေးဦးဆောင်ပုဂ္ဂိုလ်တွေကြားထဲတွင် သဘောထား ကွဲလွဲမှု၊ စိတ်ချင်းမတိုင်ဆိုင်မှုလေးတွေက
အက်ကြောင်းထင်လာသည်။ ငွေကြေးအရလည်း အားနည်းလာသည်။ စိတ်လောကြီးမှုတွေကြောင့် မြေပြင်အခြေအနေကို
အကဲမခတ်နိုင် ဖြစ်လာသည်။ မှောင်ခိုလမ်းကြောင်းမှ ဝယ်လာသည့် လက်နက်လေးတွေနှင့် လေ့ကျင့်သားမဝသေးသော
တပ်သားများ၏ အနေအထားကို မတွက်ချင့်ဘဲနှင့် ရန်ကုန်ကို ဝင်သိမ်းမည်ဟု စိတ်ကူးယဉ်မှုတွေလည်း
ကြားလာရသည်။
နောက်ဆုံးတွင် ဦးလောရုံသည်
ဦးနုနှင့် စိတ်ချင်းမတိုင်ဆိုင်သဖြင့် တော်လှန်ရေးမှ ထွက်ပြီး မိသားစုရှိရာ အမေရိကန်သို့
ရောက်လာသည်။ ဦးနုနှင့်ကွဲရသည့် အကြောင်းတစ်ရပ်ကို
ဝင်ဒီလောရုံ၏ စာအုပ်တွင် ဤသို့ ရေးထားသည်။
‘….လက်နက်ကိုင်အရှိန်အဟုန်ကောင်းနေဆဲ
ကာလမျိုးတွင် ငြိမ်းချမ်းရေး ဆွေးနွေးရန် အချိန်မကျသေးဟု ဖေဖေက မြင်၏။ ထို့ကြောင့်
ဖေဖေက ဦးနုနှင့် သဘောထားကွဲလွဲကာ လမ်းခွဲခဲ့ရခြင်းဖြစ်သည်။ သူက ကော်မတီဝင်တစ်ဦးဆီထံ သွားကာ သူ နုတ်ထွက်ရခြင်း အကြောင်းရင်းကို ရှင်းပြ၏။ မည်သူမျှ
သူ့ကို မတားကြ။ ဗိုလ်လက်ျာသည်သာ ပုဂ္ဂိုလ်ရေး ခင်မင်မှုဖြင့် သူ့ကို ဖြောင်းဖျ၏။ ဖေဖေ
နုတ်ထွက်ခြင်းသည် ညီညွတ်ရေးတပ်ဦးကို အားလျော့နည်းစေကာ ရန်သူအတွက် အားကောင်းသော လက်နက်ဖြစ်သွားစေမည်ဟု
ပြော၏။ ဦးနု ကိုယ်တိုင်ကတော့ ဘာမှမပြော။ ဦးနုကတော်ကမူ ဤလှုပ်ရှားမှုကို စတင်မောင်းနှင်ခဲ့သူတစ်ဦး နုတ်ထွက်သွားခြင်းကို အတော်စိတ်မကောင်းဖြစ်နေ၏။ “ရှင်ပဲ ကျွန်မတို့ကို
ဒီကို ခေါ်ခဲ့တာလေ” ဟု ပြောသည်” (စာ
၂၃၄-၂၃၅)
လက်နက်ကိုင်တော်လှန်ရေးလှုပ်ရှားမှုထဲက
ထွက်လာပြီးနောက် ဦးလောရုံ၏နေ့စဉ်ဘဝက သာမန်အိမ်ထောင် ဦးစီးတစ်ယောက်ထက်
မပို။ နိုင်ငံရပ်ခြားမှာ နေထိုင်ရသည့် ဘဝက ထမင်းကို ဗမာဆန်ဆန် လက်ဖြင့်နယ်ဖက်ပြီး မြိန်ရေရှက်ရေး
စားသောက်တတ်သည့် ဦးလောရုံအဖို့ အထာမကျနိုင် ဖြစ်နေပုံပါပဲ။ သမီးထံရေးပို့သည့် ပေးစာတစ်စောင်ထဲတွင် ဤသို့ ရေးထားသည်။
“…. ဒီက နောက်ထပ် ပြဿနာတစ်ခုက ကလေးတွေပဲ။ မာလိန်း (ဦးလောရုံ၏ သမီးတစ်ဦးအမည်)
မိသားစုက အနောက်တိုင်း သိပ်ဆန်ချင်ကြတယ်။ အထူးသဖြင့် အမေရိကန်စတိုင် သိပ်ဖမ်းကြတာပဲ။
မြန်မာဆိုတာ မေ့နေကြပြီ။ တကယ်တော့ ဖေဖေတို့က ဒီမှာ ခဏတဖြုတ် လာနေကြတာ။ တစ်သက်လုံး နေနိုင်မှာ မဟုတ်ဘူး။ မြန်မာပြည်မှာပဲ ပြန်ခေါင်းချမှာ”
(စာ ၂၄၀- ၂၄၁)
စာအုပ်တစ်နေရာတွင်
ဝင်ဒီလောရုံသည် သံတမန်လမ်းကြောင်းမှ တစ်ဆင့် သူ့ထံ ရောက်လာသော ဖခင်၏ပေးစာ ကောက်နုတ်ချက်တစ်ခု ဖော်ပြခဲ့သည်။ ထိုစာအရ နိုင်ငံရေးအခြေအနေကြောင့်သာ
ပြည်ပတွင် ခေတ္တ ထွက်ပြီး နေထိုင်ရသော်လည်း
တစ်နေ့ မိခင်တိုင်းပြည်တွင်သာ ပြန်လည်အခြေချနေထိုင်လိုသည့် သဘောထားမျိုးမှာ
ဦးလောရုံထံတွင် မြန်မာပြည်က
ထွက်လာခါစကတည်းက ရှိနေခဲ့သည်မှာ သိသာသည်။
‘ဗမာပြည်ကတော့ ဖေဖေတို့ရဲ့
အမြဲတမ်းနေရပ်ဌာနေပါပဲ။ ဖေဖေတို့တတွေ ဂုဏ်ရှိရှိ သိက္ခာရှိရှိ တစ်နေ့ကျရင်
အားလုံးပြန်ပြီး နေကြရမယ့်နေရာပေါ့။ ဖေဖေတို့က ကံကို ရိုးမယ်ဖွဲ့ပြီး ပျင်းပျင်းရိရိနဲ့
ငုတ်တုတ်ထိုင်စောင့်နေကြတဲ့ လူတွေတော့ မဟုတ်ဘူး” (စာ ၁၈၉)
သို့သော် ဦးလောရုံသည်
မြန်မာပြည်သို့ ပြန်လာခွင့်မရခဲ့ပါ။ ၁၉၈၀ ဇွန်လထဲတွင် ဇွန်လထဲတွင် နှလုံးရောဂါဖြင့်
ကွယ်လွန်သွားသည်။ သူကွယ်လွန်ပြီးမှ သူ့မိတ်ဆွေ အလက်ဇ်မက်ဒေါ်နယ်က အမှတ်တရ ရေးသည့်စာထဲတွင်
ဦးလောရုံ၏ ဝေဒနာတစ်ခုကို တွေ့လိုက်ရပြန်သည်။
“…. လောရုံက တစ်နေ့မှာ ကျွန်တော့်ကို ပြောတယ်။ ပြည်ပြေးဘဝ ခံစားရတဲ့ဝေဒနာ ခင်ဗျား
မသိနိုင်ပါဘူးတဲ့။ အမိမြေရဲ့ မြင်ကွင်းတွေ၊ နွေးထွေးမှုတွေက လူတစ်ယောက်ရဲ့
အတ္တနဲ့ သဘာဝရဲ့ တကယ့်အစိတ်အပိုင်းတွေပဲ။ ကျွန်တော့်နိုင်ငံ ဗမာပြည်ကြီးအတွက် ကျွန်တော်
နေ့တိုင်း ဝမ်းနည်းတယ်ဗျာ” (စာ ၂၆၀)
ပျော်ရမှာမနေ တော်ရမှာနေခဲ့ရသော
လူတစ်ယောက်၏ အထီးကျန်မှု၊ မိမိ ခွဲခွာလာခဲ့ရသော တိုင်းပြည်၏ ဒုက္ခအဖုံဖုံကို
အဝေးမှ လှမ်းကြည့်ရင်း စိတ်မချမ်းမသာ ဖြစ်နေရသည့် သတင်းစာဆရာ တစ်ဦး၏ သောကဝေဒနာကို အထင်းသာ မြင်လိုက်ရသော အရေးအသားတစ်ခု
ဖြစ်ပါသည်။
ဝင်ဒီလောရုံ၏
‘ရှင်ရင်ရွှေထီး’ သည် သူတို့ မိသားစုဘဝ၏ အတွေ့အကြုံနှင့် ပုဂ္ဂိုလ်ရေး
ခံစားချက်များဖြင့် ကြွယ်ဝစွာ ဖန်တီးထားသော ‘အမှတ်တရ’ မှတ်တမ်းတစ်ခု ဖြစ်ပါသည်။ ထိုအထဲမှ
ကျွန်တော်တို့က ပါလီမန်ဒီမိုကရေစီခေတ်တွင် ထိပ်တန်းရောက်ခဲ့သော သတင်းစာတစ်စောင်၏
ထုတ်ဝေသူနှင့် အယ်ဒီတာတစ်ဦး၏ ဘဝအစိတ်အပိုင်းကို သီးခြားအာရုံစိုက်၍ ‘ရှင်ရင်ရွှေထီး’ကို ချဉ်းကပ်ကြည့်ခဲ့ခြင်းဖြစ်သည်။
ဤစာအုပ် ထုတ်ဝေထားခဲ့သည်မှာ ကြာပါပြီ။ စတင်ထုတ်ဝေသည့် ၂၀၁၅ ခုနှစ်တုန်းက ဒီစာအုပ်ကို ပထမကြိမ်
ဖတ်ခဲ့ပြီး ဆယ်နှစ်အကြာ ၂၀၂၅ ခုနှစ်တွင် ဒုတိယတစ်ခေါက် ကျွန်တော်တို့
ထပ်ပြီး ဖတ်မိသွားပါသည်။ ပထမတစ်ခေါက် ဖတ်စဉ်က ကျွန်တော်တို့သည်
အနာဂတ်ကို အကောင်းမြင်နေချိန်ဖြစ်၍ စာအုပ်ထဲက အချက်များသည် သမိုင်းထဲက အဖြစ်များဟုသာ
အပေါ်ယံ တွေးထင်ခဲ့မိသည်။ ဝေးလံသောအတိတ်မှ အိပ်မက်ဆိုးများကို ကျွန်တော်တို့ ထပ်ပြီး
မကြုံတွေ့ရတော့ပြီဟု ပေါ့ပေါ့ သဘောထားခဲ့သည်။ ၂၀၂၁ ခုနှစ်တွင် သမိုင်းသည် တစ်
ကျော့ပြန်လာပါသည်။ ဦးလောရုံတို့
ကြုံခဲ့ရသော သမိုင်းသည် ပစ္စုပ္ပန်တွင် အရိပ်ထင်နေပါသည်။ ဝင်ဒီလောရုံ ခံစားခဲ့ရသော
ဝေဒနာသည် ကျွန်တော့်ရင်ထဲတွင် ထပ်မံဖြစ်တည်လာပါသည်။ လွတ်လပ်သော ရွှေရောင်နေ့များသည်
ခဏသာ ခံပါသည်။ မျှော်လင့်ချက်များသည် လေထဲက ဆပ်ပြာပူဖောင်းများ၏ သက်တမ်းလောက်သာ ကြာရှည်ပါသည်။
အနာဂတ်ကို အကောင်းမြင်နေသော စိတ်သည် အမှောင်ထုထဲတွင် နစ်ကျွံဝင်သွားပါသည်။
ဒီလိုနှင့် အတိတ်ကာလတုန်းက
ထိုင်း-မြန်မာနယ်စပ်တစ်နေရာတွင် လူငယ်များကို အားပေးခဲ့သော ဦးလောရုံ၏
‘သေရင်မြေကြီး ရှင်ရင်ရွှေထီး’ ဆိုသော စကားလုံးများသည် ကျွန်တော်တို့ စိတ်ဝိဉာဉ်ထဲတွင်
ပြန်ရှင်သန်လာနေပါသည်။ တစ်ချိန်တည်းတွင် ဦးလောရုံပြောခဲ့သလို
ကိုယ့်တိုင်းပြည်အတွက် ‘မျက်ရည်ကြီးကြီးတစ်ပေါက်’လည်း ကျွန်တော်တို့
မျက်နှာပေါ်မှ လိမ့်ဆင်းလာပါသည်။
▀
မောင်ဘစီ
၂၉ ဧပြီ၂၀၂၅
စာအုပ်ဆိုင်ရာအချက်အလက်များ
စာအုပ်အမည် - ရှင်ရင်ရွှေထီး
မြန်မာနိုင်ငံဖွား မေရိကန်စာရေးဆရာမ Wendy Law-
Yone ၏ GOLDEN PARASOL : A Daughter’s Memoir Of Burma စာအုပ်ကို ‘ ရှင်ရင်ရွှေထီး’
အမည်ဖြင့် ဟိန်းလတ် က ဘာသာပြန်သည်။
ထုတ်ဝေခြင်း။ ငါတို့စာပေ။ ပထမအကြိမ်၊ မတ် ၂၀၁၅ ခုနှစ်။
စာမျက်နှာအရေအတွက် - ၃၀၅
(THE NATION သတင်းစာ
တည်ထောင်သူနှင့် အယ်ဒီတာဖြစ်သူ ဦးလောရုံ( ၅ ဖေဖော်ဝါရီ ၁၉၁၁- ၂၇ ဇွန် ၁၉၈၀) ရေးသားခဲ့သည့် ဘဝမှတ်တမ်း စာမူကြမ်းများကို အခြေခံ၍
သမီးဖြစ်သူ ဝင်ဒီလောရုံက မိသားစုကြုံတွေ့ရသည့် အဖြစ်ပျက်များဖြင့် ရောနှောပေါင်းစပ်
ရေးထားသည်။ ဖခင်ဖြစ်သူ၏ အတ္ထုပ္ပတ္တိ သက်သက်မျှ မဟုတ်ပေ။ နိုင်ငံရေးစနစ် အပြောင်းအလဲတွင်
ဇာတိဖြစ်သော မြန်မာပြည်နှင့် ကင်းကွာသွားရပြီးနောက်ပိုင်း အခြေအနေများအပေါ် ခံစားချက်နှင့်
ဖော်ပြထားသည်။ အချက်အလက်များတွင် အများဆုံး အခြေခံပြုထားသော်လည်း စာရေးသူ ဝင်ဒီလောရုံ၏
ခံစားချက်တွေကိုလည်း စာအုပ်၏ နေရာများစွာတွင် တွေ့ရသည်။)
နေ့စဉ်နှင့်အမျှ ကျွန်တော်တို့ မမြင်ချင်လည်း မြင်ရ၊ မကြားချင်လည်း ကြားရ၊ မကြုံချင်လည်း ကြုံနေရသည့် ဆိုးဝါးလွန်းသော အတွေ့အကြုံတွေထဲမှာ ကျွန်တော်တို့ ပြိုလဲမကျသွားဘူးလို့ မဆိုနိုင်။ အခြားသူတွေတော့ မသိ။ က...
လေးစားအပ်သော မြန်မာစာရေးဆရာတွေ ဘာကြောင့်များ ‘ခေတ်ကို အပြစ်ဆို’ကာ စိတ်ဓာတ်ကျနေကြပါမည်လဲ။ ယစ်ရွှေရည်တွင် ရီဝေ ရီဝေ လုပ်ရင်း လောကကို စိတ်နာနေကြမည်လား။ ဗျစ်ရည် စုပ်ရင်း ကြုံနေရသည့် စနစ်ကို ဆဲရေးတိုင်းထွာ...
ရူးသွပ်သွားလို့ အနုမြူဗုံးကြဲဖို့ ခလုတ်နှိပ်တော့မယ်ဆိုရင် ခဏရပ်သင့်ပါတယ်။ ဒီလက်ဖက်ခြောက်ထုပ်တွေထဲက လက်ဖက်ရည်တစ်ခွက် သောက်ပါလို့။ ကမ္ဘာပေါ်က လူတွေကတော့ ဗုံးတွေထက် ပေါင်မုန့်သာ လိုချင်တယ်၊ သေခြင်းထက် ရှ...