စာအုပ်သုံးသပ်ချက်

ကြည်အေး ဘာတွေ တွေးနေခဲ့သလဲ

မောင်ဘစီ

01 April 2025
ကြည်အေး ဘာတွေ တွေးနေခဲ့သလဲ
Share to

စာရေးဆရာမ ကြည်အေး၏ ‘လွမ်းအိပ်မက်’ ဟု အမည်ပေးတပ်ထားသော စာအုပ်သစ်တစ်အုပ် ထွက်သည်။ နောက်ပိုင်းနှစ်များတွင် ကြည်အေး ရေးခဲ့သော၊ ကဗျာဝတ္ထု လုံးချင်များတွင် မပါသေးသော ကဗျာအချို့၊ မဂ္ဂဇင်းအချို့တွင် ရေးခဲ့သော စာအချို့နှင့် လွန်ခဲ့သည့် နှစ်ပေါင်းများစွာက The Working People Daily သတင်းစာတွင် အင်္ဂလိပ်ဘာသာဖြင့် ရေးခဲ့သည့် ဆောင်းပါးအချို့ကို ရှာဖွေပြီး စုစည်းထားသည်။ ကြည်အေး၏ ထွက်ပြီး လုံးချင်းဝတ္ထုနှင့် ကဗျာပေါင်းချုပ်မှ အမှာစာအချို့ကို ပြန်လည်ထည့်သွင်းထားသည်မှာတော့ ကျွန်တော်တစ်ဦးတည်း အမြင်အရ မထည့်လည်း ဖြစ်သည်ဟု ထင်ပါသည်။ သို့သော် ကျွန်တော်တို့ မဖတ်ဖူးသေးသော ကြည်အေး၏ အရေးအသားတွေကို ဖတ်ခွင့် ရသည့်အတွက် စာအုပ်စီစဉ်သူတို့ကို ကျေးဇူးတင်ရသည်။

ကဗျာနှင့် အင်္ဂလိပ်ဘာသာဖြင့်ရေးသော ဆောင်းပါးအချို့ကို ကျော်ပြီး၊ နိုင်ငံခြားရောက်ပြီးမှ မြန်မာစာနယ်ဇင်းအချို့တွင် အခါအားလျော်စွာ ကြည်အေး ရေးပို့ခဲ့သည့် အရေးအသားများကို ရှေးဦးစွာ ဖတ်မိပါသည်။ အထူးသဖြင့် ရွှေအမြုတေ မဂ္ဂဇင်းတွင် ရေးခဲ့သည့် ဆောင်းပါးနှစ်ပုဒ်(၁၉၉၉ ခုနှစ်) ၊ ကလျာမဂ္ဂဇင်းတွင် ရေးခဲ့သည့် ဆောင်းပါးတစ်ပုဒ်( ၂၀၁၅ ခုနှစ်) နှင့် ရုပ်ရှင်တေးကဗျာတွင် ရေးခဲ့သည့် ဆောင်းပါးတစ်ပုဒ် (၂၀၁၉- ၂၀၂၀ ခုနှစ်) တို့မှာ ဆရာမ ကြည်အေး မကွယ်လွန်မီ နောက်ဆုံးနှစ်များတွင် ရေးခဲ့သည့် စာအချို့ ဖြစ်သဖြင့် တိုးတက်သော မြန်မာစာရေးဆရာတစ်ဦး၏ လူအိုလူနှောင်းအရွယ် စိတ်ခံစားနှင့် အတွေးအမြင်တို့ ဘယ်သို့ရှိခဲ့သည်ကို ခြေရာကောက်ချင်၍  ဖြစ်ပါသည်။  

ကလျာမဂ္ဂဇင်းတွင် ဖော်ပြခဲ့သော ‘ကျွန်မရဲ့ ဆရာများ’ ဆောင်းပါးတွင် ကြည်အေးသည် သူငယ်စဉ်က ကြောက်တတ်သဖြင့် အိမ်ပြင်ထွက် ကစားတာမျိုးလည်း မရှိဘဲ အိမ်ထဲမှာ ကုပ်ကာ စာအုပ်တွေကို အဖော်ပြုပြီး နေခဲ့ကြောင်း၊ သူဖတ်သော စာအုပ်ဆိုသည်မှာလည်း အစ်ကိုကြီးများ ဖတ်သော ဂျာနယ်နှင့် မဂ္ဂဇင်းများ၊ မိခင်ဖတ်သော ဘာသာရေးစာအုပ်များ ဖြစ်နေသည်။ အစ်မဖြစ်သူက စာသင်ပေး၍ အသက်ခြောက်နှစ် ခုနစ်နှစ်အရွယ်မှာ မြန်မာစာကို ကောင်းကောင်း ဖတ်နိုင်နေခြင်း ဖြစ်သည်။

            ကိုးနှစ်အရွယ်တွင် ကျောင်းစတက်ပြီး၊ ကျောင်းမှာ ခြောက်လပြည့်လျှင် အတန်းတစ်ခါ တင်ပေးသဖြင့် တစ်နှစ်အတွင်း ပထမတန်း ကနေ တတိယတန်းသို့ ခုန်ကူးသည်။ ပြီးတော့ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်သည်။ စစ်ကြောင့် ဒုက္ခမျိုးစုံ ရောက်သည့်တိုင် မြန်မာ- အင်္ဂလိပ် ဘာသာရပ်တွေမှာ ထူးချွန်တဲ့ ဆရာကောင်းတွေနဲ့ကြုံကြိုက်ပြီး ကျောင်းပြင်ပ ပညာရေးမှာ ကြည်အေး ကံကောင်းသည်။ သူ့ဘဝတစ်လျှောက် ဆရာကောင်းတွေနဲ့ လုံးဝ ကင်းပြတ်တယ်လို့ မရှိခဲ့တာလည်း နောက်ထပ် ကံကောင်းမှု တစ်ခုပဲဟု ရေးသည်။ စာအုပ်တွေလည်း မပြတ်တမ်း ဖတ်နေတော့ စာအုပ်ကောင်းတွေကလည်း သူ့ဆရာထဲမှာ ပါပါသတဲ့။

ကြည်အေး၏ အရင်းခံရည်ရွယ်ချက်က နောက်ပိုင်းမှာ တက္ကသိုလ်တက်မည်၊ အင်္ဂလိပ်စာပေကို မြန်မာပြည်နဲ့ မြန်မာပြည်ပြင်ပမှာ ထိပ်ဆုံးရောက်အောင် သင်ပြီး ကျောင်းဆရာ၊ စာရေးဆရာ လုပ်ဖို့ဖြစ်သည်။ သို့သော် မိဘတွေက ပညာရေးကို လုံးဝ အားမပေးတာကြောင့် စစ်အပြီးတွင် အထက်တန်းကျောင်း တက်ဖို့ကိုတောင် နှစ်ရက်လောက် အစာငတ်ခံပြီး ဆန္ဒပြတော့မှ မိဘက ခွင့်ပြုသည်။ အထက်တန်းအောင်ပြီး ဆေးတက္ကသိုလ်တက်မည်ဆိုသည့်အခါ “ဆရာဝန်လုပ်မယ်ဆိုတာ ယောကျ်ားတွေကို ထိရ ကိုင်ရမှာပေါ” ဟု အမေက ကန့်ကွက်သည်။ ကြည်အေးတို့ ခေတ်က သူနာပြု မိန်းကလေးကိုတောင် ပြည့်တန်ဆာတွေလို့ ဆဲဆိုကြသည့် အချိန်ပါ။

ကြည်အေး၏ ထိုအဖြစ်ကို ဖတ်ရသည့်အခါ စာရေးဆရာကြီး‌ ခင်မျိုးချစ် ငယ်စဉ်က ဆေးကျောင်းတက်မည် ဆိုသည်အခါ မိဘက ကန့်ကွက်ပုံကို သတိရမိသည်။  (ထိုအကြောင်းကို ‘စာရေးဆရာဖြစ်ဖို့ လွယ်သလား’ အမည်နှင့် စာအုပ်အညွှန်း ရေးခဲ့ပြီးပါပြီ)။ တိုက်တိုက်ဆိုင်ဆိုင်ဟု ဆိုရမည်လားမသိ။  ကောလိပ်ကျောင်ရောက်နေချိန်မှာ ပညာရေးကို အားမပေးချင်သည့် မိခင်နှင့် သဘောထား မတိုက်ဆိုင်သဖြင့် အိမ်ပေါ်မှ ဆင်းလာသော ကြည်အေးကို ဆရာမကြီး ခင်မျိုးချစ်က သူ့အိမ်တွင် သုံးလေးလ လာနေခွင့် ပေးရုံမက ဘီအေ ဖြေခိုင်း၊ ဘွဲ့တစ်ခုရအောင် ယူခိုင်းပြီး ဆေးကောလိပ် ပြန်တက်ချင်လျှင်လည်း ကျောင်းထားပေးမည့်အကြောင်း ပြောသည်ဟု ကြည်အေးက ရေးသည်။

နောင်တစ်ချိန် ထက်မြက်သည့် စာရေးဆရာတစ်ဦး ဖြစ်လာမည့် ကြည်အေးအဖို့ အစဉ်အလာကို တော်လှန်ချင်သည့် သန္ဓေက ငယ်ငယ်ကတည်းက ပါလာပုံရသည်။ လူကြီးသူမတွေ ရှေ့မှာ ခေါင်းငုံ့ ခါးကိုင်း လျှောက်ရတာ၊ လူကြီးကို ပြန်လှန်မေးခွန်း ထုတ်ခွင့်မရတာတွေကို မုန်းတီးသည်။ ယောက်ျားနှင့် မိန်းမမှာ မိန်းမကို တမင်နှိမ်ပြီး ဆက်ဆံတဲ့ ရှေးဓလေ့ဟောင်းကိုလည်း ကြည်အေးက တော်လှန်သည်။ ဆေးပညာကို ဝါသနာပါသည့် ကြည်အေးအဖို့ နောင်မှာ အိမ်ထောင်ကျ ကလေး ခြောက်ယောက်ရပြီးမှ ကျောင်းပြန်တက်ပြီး ဆရာဝန်ဖြစ်အောင် ကိုယ့်ဘာသာ တည်ဆောက်ယူခဲ့သည်။ နောက်ပိုင်း နိုင်ငံခြားထွက်ပြီး ဆေးပညာဆက်လက်သင်ယူသည် သူ့ဇွဲနှင့် စိတ်ဓာတ်က ချီးကျူးစရာနှင့် နမူနာ ယူစရာဖြစ်သည်။ ဆရာတွေနှင့် ပတ်သက်ပြီး ကြည်အေးက သူ့ သဘောထားကို ဆောင်းပါးတစ်နေရာတွင် ဤသို့ ရေးထားသည်ကို တွေ့ရသည်။

“…. ဆရာဆိုတာ ဆွေမျိုးလည်း မတော်၊ စားရေး နေထိုင်ရေးတွေနဲ့ တိုက်ရိုက် ဘာမျှမပတ်သက်တဲ့ ကလေးနဲ့ လူငယ်တွေ ပညာတတ်ပါစေ၊ သိမြင်နိုင်ပါစေ၊ စိတ်ထားမွန်မြတ်ပါစေ၊ အကျင့်စာရိတ္တကောင်းပါစေ ဆိုတဲ့ စေတနာနဲ့ ကိုယ်ကျိုးမပါဘဲ သူတကာအကျိုးကို‌ ဆောင်ရွက်သူများဖြစ်ပါတယ်။ မိဘကတော့ ကံပစ်ချသလို နီးစပ်ရတာ။ မသူတော်ဆိုတဲ့ စုန်းပြူးတွေလည်း ဘယ်နေရာမှာမှ မရှိဘဲ မနေနိုင်တော့ မိဘမပီသတဲ့ ကိစ္စမျိုး ကြုံရင်လည်း အဲဒီကိစ္စကို အာရုံစိုက်မနေဘဲ ရှောင်ကွင်းပြီးပဲ နေထိုက်ပါတယ်”

မိဘနှင့် ပတ်သက်ပြီး ကြည်အေး၏ ရင်ထဲက ဆူးကို တစ်စွန်းတစ်စ မြင်လိုက်ရသလို ရှိစေသော အရေးအသားတစ်ခုဟု ပြောချင်ပါသည်။ နောက်ထပ် ဆောင်းပါးနှစ်ပုဒ် ‘ဆောင်းကြမ်း၏ တေး’ နှင့် ‘ပေါ်နွေဦး’ တို့ကတော့ ရွှေအမြုတေ မဂ္ဂဇင်းမှာ ဖော်ပြခဲ့တာ ဖြစ်သည်။ အရေးအသားက ရသစာတမ်းနှင့် တူသည်။ ကြည်အေး နေထိုင်ရာ အင်္ဂလန်ဆောင်းတွင်း၏ သဘာဝမြင်ကွင်းနှင့် ဆောင်းကာလထဲမှာ ကြည်အေး၏ လှုပ်ရှားသွားလာပုံတွေကို ဖတ်ရသည်။ အင်္ဂလန်ဆောင်းက ချမ်းအေးတာထက် မှောင်တာက ပိုဆိုးသည်။ အင်္ဂလန်မှာ နှင်းကျတာ သိပ်မတွေ့ဘူးတဲ့။ တစ်ခါတလေ နှင်းကျလည်း တစ်ညလောက်ပဲ ခံပြီး အရည်ပျော် ပျောက်ပျက်ကုန်တာမို့ ဖြူဖွေးတဲ့ ခရစ္စမတ်ဆိုသည်ကိုလည်း သူအနေနှင့် မမျှော်လင့်နိုင်ဘူးဟု ကြည်အေးက ရေးပြသည်။

အခု အရေးအသားတွင် ကြည်အေး၏ အတွေးအမြင်ကို မတွေ့ရပေမယ် အင်္ဂလန်ဆောင်းကာလ၏ သရုပ်ကို ဖော်သော ရသစာတမ်းတစ်ပုဒ်ကဲ့သို့ ခံစားရသည်။ ကြည်အေး၏ ရသစာအရေးအသားကို လွမ်းဆွတ်သော စာဖတ်သူတို့သည် ‘ဆောင်းကြမ်း၏တေး’ ကို ဖတ်ရင်း ကျေနပ်နှစ်သက်သော ရသအတွေ့အကြုံကို ရယူနိုင်ပါလိမ့်မည်။ တစ်ကိုယ်တည်း နေထိုင်သော ကြည်အေး၏ အထီးကျန်မှုသည်လည်း မိုင်ပေါင်းများစွာ ဝေးသော အရပ်မှနေ၍ အာကာတစ်ခွင် မြေပြင်တစ်ဝန်းကို ဖြတ်သန်းကာ စာဖတ်နေသော ကျွန်တော့်တို့ထံ  ပျံသန်းလာသလိုလို။

‘ပေါ်နွေဦး’ ကတော့ ဆောင်းအလွန် နွေဦးအကြောင်းကိုပင် ရေးသည်မို့ ‘ဆောင်းကြမ်း၏ တေး’ နှင့် တစ်ဆက်တည်း ဖတ်နိုင်သည့် ရသ အရေးအသားတစ်ခု။ နမူနာ အရေးအသားလေး ထုတ်ပြချင်သည်။ ကြည်အေးအလွမ်းပြေ ဆိုပါစို့ရဲ။

“…. နွေဦး ချက်ချင်းရောက်လာလို့ အိမ်နီးချင်းတွေလည်း ကျွန်မလိုပဲ ခြံထဲဆင်း မြေကြီးတူးဖို့ ပြင်ကြပြီ။ မြက်ရိတ်စက်သံ တညံညံ ဆူတော့မယ်ပေါ့။ ကျွန်မက အိမ်ရှေ့ခြံကွက်က မြက်ခင်းကို ကျောက်စရစ်ခဲအပြည့်ခင်းလိုက်တော့ မြက်ရိတ်ဖို့ မလိုတော့ဘူး။ အိမ်နောက်ခြံထဲ(ပဲ) မြက်ခင်းရှိတော့မယ်။ အဲဒီ မြက်ခင်းလည်း ဆောင်းကြမ်းမှ ပုန်းကွယ်ငုံလျှိုးနေရာက ခေါင်းထောင်ရွက်သစ်ထွက်ပြီး စိမ်းမြလာပြီ။ ပေါ်ပလာ နှစ်ပင်လည်း ပုရစ်ရာထောင် ဖူးသစ်ခဲ့ပြီး၊ ချယ်ရီနှစ်ပင်လည်း အပွင့်ဖြူဖြူထူထပ်ခဲ့ပြီး၊ နှင်းဆီများလည်း ဖူးပွင့်ကြတော့မယ် ပြင်ပြီ။ ဟယ်သာ ဆိုတဲ့ ခရမ်းညိုဖြူပြာပွင်တွေလည်း တစ်နွေဦးလုံး ပွင့်တော့မယ်ပေါ့။ ချုံနွယ်များစွာလည်း သူတို့ မျိုုးဆက်အလိုက် ပုရစ်ဖူးစီထွက်ပြူ သစ်ရွက်ထူထပ်။ ပွင့်ဖူးငုံရောစပ်ပြီး ဘဝကို တပ်မက်။ ကမ္ဘာတည်သရွေ့ ဆက်လက်ကြတော့မယ်ဆိုတာ နွေဦးရာသီက ပြောပြလိုက်ပါတယ်

စာအဆုံးမှာ စာကြွင်း( P.S ) အနေနှင့် နွေဦးပေါက်တွင် လုပ်မြဲ ဖော်မြူလာဝမ်း ကားမောင်းပြိုင်ပွဲ စပြီ ဆိုတာလည်း ထည့်ရေးထားသဖြင့် ကြည်အေးသည် ကားပြိုင်ပွဲတွေကို ကြိုက်နှစ်သက် အားပေးတတ်သူတစ်ဦးဖြစ်ကြောင်း ဖျတ်ခနဲ မြင်လိုက်ရသလိုလို ရှိပါ၏။

ရုပ်ရှင်တေးကဗျာမဂ္ဂဇင်းတွင် နှစ်လဆက်တိုက် ဖော်ပြခဲ့သည့် ‘တွေးမိသည်မှာ’ ဟူသော ဆောင်းပါးမှာ ကြည်အေး၏ ဗုဒ္ဓဝါဒအပေါ် နားလည်သိမှတ်သမျှကို ပြန်လည်ပြောပြသည့် အရေးအသားများဟု ဆိုရမည်။ အသက်ကြီးခါမှ၊ အခြားတိုင်းတပါး ရောက်ရှိနေထိုင်တာ နှစ်ပေါင်းများစွာ ကြာပြီးခါမှ ကြည်အေးသည် ဗုဒ္ဓဝါဒကို  စိတ်ဝင်စားပြီး စတင်လေ့လာ ခဲ့ခြင်းဖြစ်သည်။ ကြည်အေး လေ့လာသည်မှာ မိရိုးဖလာဗုဒ္ဓဝါဒ ယုံကြည်သက်ဝင်မှုမျိုးမဟုတ်ချေ။ ဗုဒ္ဓအဆုံးအမကို လက်တွေ ခံယူကျင့်သုံးသော ဗုဒ္ဓဝါဒီ စစ်စစ်အဖြစ်သို့ ရောက်အောင် ဗုဒ္ဓကျမ်းစာတွေကို လေ့လာပုံကို ဖတ်ရသည်တွင် ကြည်အေး၏ ဝီရိယကို ချီးကျူးစိတ်နှင့်အတူ အားကျစိတ် ဖြစ်မိသည်။

ဗုဒ္ဓဝါဒကို စာအုပ်တွေက တစ်ဆင့် ကြည်အေး စပြီး လေ့လာတော့ အိပ်ချိန်ကို ဖဲ့ပြီး တစ်နေ့ ခုနှစ်နာရီလောက် လေ့လာခဲ့သည်တဲ့။ ဒါပေမဲ့ ဗုဒ္ဓအဆုံးအမ အပါအဝင် ဘာသာရေး ကျမ်းစာတွေဆိုတာမျိုးဟာ တစ်ခါဖတ်ရုံနှင့် ပြီးသွားသည့် အရာမျိုးမဟုတ်။ အထပ်ထပ် ဖတ်၊ ကြံစည် တွေးတောပြီး လက်တွေ့ကျင့်သုံးရသည့် အရာများဖြစ်သည်။ ထို့ကြောင့် အသက်အရွယ် ရှစ်ဆယ်တွင်း‌သို့ ရောက်လာပြီဖြစ်သည့် ကြည်အေးတွင် အချိန်ခပ်များများ လိုသည်။ ထိုအချိန်တွေကို ဘယ်လိုရအောင် ယူမလဲဟု စဉ်းစားသည်တွင် အိပ်ချိန်ထဲက ဖဲ့ယူလို့ ရသည်ဟု ကြည်အေး တွေ့သည်။

ဤနေရာတွင် ကြည်အေးက ကြားဖြတ်ပြီး အချက်တစ်ချက်ကို ထောက်ပြသည်။

မြန်မာအမျိုးသမီးတွေက ချက်ပြုတ်တာနှင့် အိမ်မှုကိစ္စကို တာဝန်ယူရသည်မှာ အချိန်များစွာ ကုန်သည်တဲ့။ အထူးသဖြင့် ကြည်အေးက သူ့ယောကျ်ားလို လူမျိုးနဲ့ရလျှင် တော်တော် အမှုပွေမည်ဟု ဥပမာပေးသည်။ သူ့ယောက်ျားက ချက်ပြုတ်ပြီးလို့ စားပွဲမှာ ထမင်းဟင်း တည်ခင်းပြီး အသင့် စားသောက်လို့ ရချိန်မှာတောင် ‘ဟင်း’ ‘ဟင်း’ ဟု ပန်ကန်းကို လက်ညှိုးပြပြီး သူစားချင်သည့် ဟင်းကို ပန်းကန်ထဲ ထည့်ခိုင်းသည့် လူမျိုးဆိုပဲ။ ဗုဒ္ဓအဆုံးအမအတိုင်း နေမည်ဟု စဉ်းစားသည့်အခါ အစားအသောက် ချက်ပြုတ်ရသည့် ကိစ္စကို အချိန်အတော်ယူသည့် အလုပ်ဟု မြင်လာသည့်အကြောင်း  ကြည်အေးက နမူနာ ပေးခြင်းဖြစ်ပါသည်။

ကြည်အေးအနေနှင့် အမျိုးသမီးတွေ လွတ်လွတ်လပ်လပ်ဖြင့် ကိုယ့်ဆန္ဒရှိသည့် အလုပ်အကိုင်မျိုး လုပ်ခွင့်ကိုင်ခွင့်ရတာမျိုးကို လိုလားသည်။ ဗုဒ္ဓအလိုအရ ငါ သူတပါး ယောက်ျား မိန်းမ ဆိုသည်မရှိဘဲ သတ္တဝါ မှန်သမျှ ရုပ်အစု နာမ်အစုပဲ ရှိသည်ကို မကြာခဏ ကိုးကားပြီး အမျိုးသားက အမျိုးသမီးကို ခန္ဓာကိုယ်ဖွဲ့စည်းမှုအရ အနိုင်ယူတာ စီးပိုးတာမျိုးကို မကြိုက်သည့် အကြောင်း ဒီဆောင်းပါးမှာလည်း တွေ့ရပါသည်။ ပညာဖြစ်စေ၊ စည်းစိမ်ဥစ္စာဖြစ်စေ၊ နောက်ဆုံး တရားဘာဝနာ အားထုတ်သည် ဖြစ်စေ ဝီရိယ ရှိမှသာ ပေါက်မြောက်နိုင်ပြီး အနှီဝီရိယဆိုသည်ကလည်း ‘အချိန်ကို ရအောင်ရှာယူခြင်း’ ဟု ကြည်အေးက အဓိပ္ပါယ်ဖွင့်သည်။

ကြည်အေးအနေနှင့် သူကိုယ်တိုင်က ထက်ထက်မြက်မြက်ရှိသူ၊ ကိုယ့်ဘဝကိုယ့်လမ်း ကိုယ်ဖောက် လျှောက်ခဲ့သူဆိုသဖြင့် ဘဝတူ အမျိုးသမီးတွေ မကြိုးစားတာ၊ ကံပစ်ချရာနေတာမျိုး တွေ့လျှင် စိတ်မခံချင် ဖြစ်ပုံရပါသည်။ မြန်မာအမျိုး သမီးတစ်ယောက်ကို အခုဘာလုပ်နေသလဲ၊ အင်္ဂလိပ်စာ စကားသင်တာ တိုးတက်မှု ရှိလားမေးတော့ အဆိုပါ မိန်းကလေး စိတ်ထင်သလောက် မလုပ်နိုင်တော့ဘူး၊ အသက်ကြီးသွားပြီဟု ပြောသည်။ ကြည်အေးက အသက်ဘယ်လောက်လဲ မေးတော့ အသက်လေးဆယ် ပြည့်ပြီးပြီးတဲ့။ ဒီမှာ ကြည်အေးက စကားအလိမ္မာမပြောတတ်သူမို့ အသက် လေးဆယ်ဆိုတာ ငယ်ငယ်လေးရှိသေးကြောင်းနှင့် အသက်လေးဆယ်ဆိုတာ ဘဝစတင်တဲ့ အရွယ်ပဲဟု တုတ်ထိုးအိုးပေါက် ပြန်ပြောမိခဲ့သည့် အကြောင်းကိုလည်း ဖတ်ရသည်။  

အသက်လေးဆယ်မှ ဘဝ စတင်သည့် အဆိုနှင့် ပတ်သက်ပြီး ကြည်အေး‌က ဤသို့ အနက်ဖွင့်သည်။

‘…. အသက် ၄၀ မှာ လူ့ဘဝ စတင်တယ်ဆိုတာ အူဝဲကလေး မွေးဖွားစ အသိဉာဏ်နဲ့ စတင်ဖို့ ပြောတာ မဟုတ်ဘူး။ အသက် ၄၀ အထိ ပညာသင်ခဲ့၊ အလုပ်လုပ်ခဲ့၊ အိမ်ထောင်ပြုခဲ့၊ သားသမီးမွေးမြူခဲ့၊ အမှား အမှန်တွေ လုပ်ခဲ့၊ ဆုံးရှုံးခဲ့၊ အောင်မြင်ခဲ့တဲ့ သာမာန်ဉာဏ်ရှိရင် အဲဒီ အတွေ့အကြုံနဲ့ လူ့ဘဝမှာ စတင်နေထိုင်တတ်ပြီး နေထိုင်ဖို့ သင့်ပြီလို့ ဆိုလိုတာ’

စ်ဆက်တည်း ကြည်အေးက သူ့အသက်လေးဆယ်ပြည့်ပြီးမှ တစ်ဝက်တစ်ပျက်ထားခဲ့သည့် ဆေးကျောင်းကို ပြန်တက်ပြီး ဆရာဝန်ဖြစ်လာပုံ၊ ထိုမှ အမေရိကကို ထွက်လာပြီး ဆက်လက် ပညာသင်ပြန်တော့ အထူးကုပညာနှစ်ရပ်ကိုပါ ထပ်မံရခဲ့သည်ဟု ရေးသည်။ သူသာ ကျောင်းပြန်မတက်ခဲ့လျှင် ယခု အသက် ရှစ်ဆယ်ငါးနှစ်အရွယ်မှာ ဘာလုပ်နေမလဲ။ ကဗျာတွေ စာတွေတော့ ရေးနေမှာပေါ့။ သို့တိုင် အမေရိကကို ထွက်ခွင့်၊ အလုပ်လုပ်ခွင့် ကြုံပြီး ရောဂါသည်တွေနှင့် တွေ့ခွင့် ကုသခွင့်၊ လုပ်ငန်းခွင်တွင် လူအမျိုးမျိုးနှင့် ဆုံခွင့်၊ နိုင်ငံခြားကျမှ ရနိုင်သည့် ကောင်းမြတ်ခြင်း ဆိုးယုတ်ခြင်း ကြမ်းကြုပ်ရက်စက်ခြင်း အစရှိသည့် တရားအပေါင်းကိုလည်း သိနိုင်ခွင့် ရှိမည်မဟုတ်ပါ ဟု ရေးသည်။

ထို့ကြောင့် အသက်လေးဆယ်မှ ဘဝစတင်သည့် အဓိပ္ပာယ်ကို နားလည်ပြီး ကိုယ့်အတွက် သူတပါးအတွက် အကျိုးရှိအောင် နေထိုင်မှ ထိုက်တန်ပြည့်ဝသည့် ဘဝတစ်ခုဖြစ်နိုင်မည်။ ငါ သေခါနီးပြီလို့ စိတ်လျှော့တာက အင်မတန်မှားပါသည်ဟု ကြည်အေးက သူအမြင်ကို ဖော်ထုတ်သည်။

‘…. တနေ့ ၂၄ နာရီ ရှိတဲ့အထဲမှာ ဘယ်နှနာရီကို စားခြင်း၊ အိပ်ခြင်း၊ မေထုန်မှီဝဲခြင်းဆိုတာမှာ သုံးပစ်ခဲ့သလဲ။ ကျန်သေးရင် ကျန်တဲ့အချိန်မှာ ဘယ်နှနာရီမှာ အကျိုးရှိတဲ့ ကိစ္စ လုပ်ခဲ့သလဲ။ လက်ဖက်ရည်ဆိုင်၊ အရက်ဆိုင်မှာ ဘယ်နှနာရီ လေကန်ခဲ့သလဲ ဆိုတာ စာရင်းတွက်ကြည့်ရင် အံ့ဩစရာ တွေ့ပါလိမ့်မယ်။ အထူးသဖြင့် လွန်ခဲ့တဲ့ ဆုံးရှုံးခဲ့တဲ့ အချိန်ကာလတွေကို အမြဲသတိပြုနေပြီး အခု လောလောဆယ် အချိန်ဟာ ဘယ်လောက် ပိုမိုအဖိုးတန် အရေးကြီးသလဲဆိုတာ မြင်သိနေမှ ကိုယ်တင်မက ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံကို အဖတ်ဆယ်ခွင့် ရပါလိမ့်မယ်’

အချိန်ကို အလဟသ အဆုံးအရှုံး အလေ့အလွင့် မရှိအောင် နေထိုင်ဖို့ ကြည်အေးက သူ၏ ‘တွေးမိသည်မှာ’ ဆောင်းပါးထဲမှာ သူ့ဘဝအမြင် အတွေးအချို့ကို ရေးပြသွားပါသည်။ ကြည်အေး၏ ဘဝနောက်ပိုင်း အတွေးအခေါ်နှင့် ယုံကြည်ချက်အချို့ကို ဤဆောင်းပါးတွင် တွေ့ရပါလိမ့်မည်။ ယခု ‘တွေးမိသည်မှာ’ ဆောင်းပါးကိုလည်း လွန်ခဲ့သည့် နှစ်အနည်းငယ်လောက်တုန်းက ထုတ်ဝေခဲ့ပြီး ဖြစ်သည့် ကြည်အေး၏ ‘ဘဝအစွန်မှာ’ စာအုပ်နှင့် ဆက်စပ်ဖတ်ရှုပါလျှင် ကြည်အေး၏ ဘဝနှောင်းပိုင်း အတွေးအခေါ် ပြောင်းလဲပုံအချို့ကို ပို၍ သဘောပေါက်နိုင်လိမ့်မည်ဟု ကြုံကြိုက်တုန်းတွင် အညွှန်းစကား ပါးလိုက်ချင်ပါသည်။

ကျွန်တော်အနေနှင့် ‘လွမ်းအိပ်မက်’ ဟု ခေါင်းစီးတပ်၍ ထုတ်ဝေလိုက်သော ကြည်အေး၏ စာစုများအနက် အထက်တွင် ဖော်ပြခဲ့သည် ဆောင်းပါးရှည် လေးပုဒ်မှအပ အခြားစာများကို အထူးအထွေ ညွှန်းလိုခြင်း မရှိပါ။ ကဗျာကိုးပုဒ် ပါဝင်သော်လည်း ကဗျာဆိုသည်မှာ ကိုယ်တိုင်ဖတ်ပြီး ကိုယ်တိုင်ခံစားယူရသည် အနုပညာပစ္စည်းမျိုးဟု ယူဆသည်အတွက် ချန်ခဲ့ပါသည်။ ကိုယ်တိုင်သာ ဖတ်ကြပါ။

ကြည်အေး၏ စာအုပ်အမှာစာ ကိုးပုဒ် ပါဝင်ပါသည်။ ထိုအမှာစာများကို ကြည်အေး၏ ဝတ္ထုနှင့် ကဗျာစာအုပ်များကို အစဉ်တစိုက် ဖတ်လာခဲ့ပြီးဖြစ်သော စာဖတ်သူများအတွက် ထူးခြားလှသည်ဟု မဆိုနိုင်တော့ပါ။ ကြည်အေး၏ ဝတ္ထုကို ဖတ်ရင်း ကြည်အေးရေးသော အမှာများနှင့် ပွန်တီးကျွမ်းဝင်ကြပြီး ဖြစ်သည်။

စာအုပ်ထဲတွင် ကြည်အေးနှင့် အင်တာဗျူးတစ်ပုဒ်လည်း ပါဝင်ပါသည်။ ၁၉၇၀ ခုနှစ်တုန်းက မိုးဝေမဂ္ဂဇင်းအယ်ဒီတာအဖွဲ့နှင့် တွေ့ဆုံခန်းဖြစ်သည်။ ထူးထူးခြားခြား အကြောင်းအချက်တော့ မပါလှဟု ထင်ပါသည်။ ရှုမဝမဂ္ဂဇင်း အယ်ဒီတာ မောင်ဆွေတင့်ထံသို့ ရေးသော ကြည်အေး၏ ပေးစာတစ်ပုဒ်လည်း စာအုပ်ထဲတွင် ထည့်ထားသည်။ မထူးခြားလှပါ။ ရှုမဝမဂ္ဂဇင်း တွင် ၁၉၈၉ ခုနှစ်တုန်းက ပုံနှိပ်ထည့်သွင်းခဲ့ပြီး ဖြစ်သည်။

အင်္ဂလိပ်ဘာသာဖြင့် ရေးခဲ့သော ကြည်အေး၏ ဝတ္ထုတစ်ပုဒ်နှင့် ဆောင်းပါး တစ်ဆယ့်ခုနစ်ပုဒ် ကိုလည်း ထည့်သွင်းထားသည်။ အင်္ဂလိပ်သာသာဖြင့် The Girl That Never Was ဝတ္ထုကို ကြည်အေးကိုယ်တိုင် ‘လွမ်းအိပ်မက်’ အမည်နှင့် ဘာသာပြန်ပြီး ရှုမဝတွင် ထည့်ခဲ့သည်။ ယခု ထိုဝတ္ထုတိုကို မူရင်းအင်္ဂလိပ်သာဘာနှင့်ရော မြန်မာဘာသာပြန်နှင့်ပါ ဖော်ပြထားသလို စာအုပ်၏ နာမည်အဖြစ်လည်း အသုံးပြုထားသည်။ The Working People’s Daily သတင်းစာတွင် Moe Moe Thu အမည်ဖြင့်  Me and My Family  ဆောင်းပါးများမှာ ကြည်အေး၏ အင်္ဂလိပ်စာအရေးအသားကို လေ့လာနိုင်ကြမည်ဖြစ်ပါသည်။ စာအုပ်စီစဉ်သူ တိုက ရှာဖွေပြီး ထည့်သွင်းနိုင်သည့်အတွက်  သတင်းစာဟောင်းများတွင် ပျောက်ပျက်သွားမည့်  ကြည်အေး၏ အင်္ဂလိပ်စာ အရေးအသားများကို ကျွန်တော်တို့ ဖတ်ခွင့် လေ့လာခွင့်ရခြင်းဖြစ်ပါသည်။ ထို့အတွက် စာအုပ်စီစဉ်သူများ၏ အားထုတ်မှုကို အသိအမှတ်ပြုရပါသည်။ ကြည်အေး၏ အဆိုပါ အရေးအသားများကို မြန်မာဘာသာသို့ နီးနီးစပ်စပ် ပြန်နိုင်မည့်သူ ရှိလျှင် ပြန်စေ့ချင်သည်။ ပိုမိုကျယ်ပြန့်သော ကြည်အေး၏ စာဖတ်ပရိသတ်များကို အကျိုးပြုရာလည်း ရောက်ပေလိမ့်မည်။ ထိုအလုပ်ကို  နောင်တစ်ချိန်တွင်  လုပ်နိုင်လိမ့်မည်ဟု  မျှော်လင့်ပါသည်။

‘လွမ်းအိပ်မက်’ ဟု စာအုပ်စီစဉ်သူတို့ အမည်တပ်ထားသော ဤစာအုပ်သည် ကြည်အေး၏ ပြန့်ကျဲနေသော စာအချို့ကို ကောက်သင်းကောက် စုစည်းပေးထားခြင်းဟု မှတ်ယူရပါမည်။ ယခုအခါ ကြည်အေးလည်း ဝေးတမြေရပ်ခြားတွင် ကွယ်လွန်သွားခဲ့ပြီ။ ကြည်အေးကို စွဲလန်းသည့် စာဖတ်ပရိသတ်အတွက် ဤစာအုပ်သည် အလွမ်းဖြေစရာ တစ်ခုဖြစ်လိမ့်မည်ဟု ဆိုနိုင်ကောင်းပါ၏။

မောင်ဘစီ

၃၁ မတ်၂၀၂၅

စာအုပ်ဆိုင်ရာအချက်အလက်များ

စာအုပ်အမည်-   လွမ်းအိပ်မက်

စာရေးသူ - ကြည်အေး

ထုတ်ဝေခြင်း။ စိတ်ကူးချိုချိုစာအုပ်တိုက်ပထမအကြိမ်၊ ဇန်နဝါရီ ၂၀၂၅ ခုနှစ်။

စာမျက်နှာအရေအတွက်  - ၂၄၁

(မြန်မာအမျိုးသမီး စာရေးဆရာ ကဗျာဆရာ (ဒေါ်) ကြည်အေး၏ ကဗျာ၊ အမှာစာ၊ ဆောင်းပါး၊ အင်တာဗျုး၊ ပေးစာ နှင့် အင်္ဂလိပ်ဘာသာဖြင့် ရေးသော ဆောင်းပါးများ၊ လက်ရေးမှုအချိုကို စုစည်း၍ သီးသန့်စာအုပ်အဖြစ် ‘လွမ်းအိပ်မက်’ အမည်ပေးကာ လုံးချင်းအဖြစ် ထုတ်ဝေခြင်း ဖြစ်ပါသည်)

 

 


Related Articles

စာအုပ်သုံးသပ်ချက်
...
ဂုဏ်ရောင်ပြောင်စွာ ရှင်သန်ကျန်ရစ်သူများ
မောင်ဘစီ

နေ့စဉ်နှင့်အမျှ ကျွန်တော်တို့ မမြင်ချင်လည်း မြင်ရ၊ မကြားချင်လည်း ကြားရ၊ မကြုံချင်လည်း ကြုံနေရသည့် ဆိုးဝါးလွန်းသော အတွေ့အကြုံတွေထဲမှာ ကျွန်တော်တို့ ပြိုလဲမကျသွားဘူးလို့ မဆိုနိုင်။ အခြားသူတွေတော့ မသိ။ က...

စာအုပ်သုံးသပ်ချက်
...
စာမရေးဖြစ်သော စာရေးဆရာများသို့
မောင်ဘစီ

လေးစားအပ်သော မြန်မာစာရေးဆရာတွေ ဘာကြောင့်များ ‘ခေတ်ကို အပြစ်ဆို’ကာ စိတ်ဓာတ်ကျနေကြပါမည်လဲ။ ယစ်ရွှေရည်တွင် ရီဝေ ရီဝေ လုပ်ရင်း လောကကို စိတ်နာနေကြမည်လား။ ဗျစ်ရည် စုပ်ရင်း ကြုံနေရသည့် စနစ်ကို ဆဲရေးတိုင်းထွာ...

စာအုပ်သုံးသပ်ချက်
...
ဂန္ဓီသင်္ချိုင်းမှ ကနေဒီသင်္ချိုင်းအထိ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ခြင်း
မောင်ဘစီ

ရူးသွပ်သွားလို့ အနုမြူဗုံးကြဲဖို့ ခလုတ်နှိပ်တော့မယ်ဆိုရင် ခဏရပ်သင့်ပါတယ်။ ဒီလက်ဖက်ခြောက်ထုပ်တွေထဲက လက်ဖက်ရည်တစ်ခွက် သောက်ပါလို့။ ကမ္ဘာပေါ်က လူတွေကတော့ ဗုံးတွေထက် ပေါင်မုန့်သာ လိုချင်တယ်၊ သေခြင်းထက် ရှ...