မောင်ဘစီ
၁။
မြို့ဝန်ဦးမြသီးက အသက်ငါးဆယ်ကျော်အရွယ်လောက်
ရှိနေပါပြီ။ မြို့သူမြို့သားများအကျိုးကို လုပ်ပေးတန်သလောက်တော့ လုပ်ပေးပါသည်။ သို့သော်
လုပ်တာထက် ပိုပိုသာသာ ပြောတတ်သူဖြစ်သည်။ ပြီးတော့ လာဘ်စားသည်။ တစ်ပြိုင်တည်းမှာ
ဘာသာတရားကိုင်းရှိုင်းသယောင် ဟန်ဆောင်သေးသည်။ လူထူထူရှိလျှင် ဘာသာရေးစကားလုံးတွေ လှိုင်လှိုင်သုံးတတ်ပြီး
တရားပေါက်နေသူတစ်ဦးပမာ ပုံဖမ်းတတ်၏။ ‘ပါးစပ်က ဘုရား လက်က ကားရား’
ဆိုသည့် လူစားမျိုး။
သူနှင့်အပေါင်းအပါများဖြစ်သော
တရားသူကြီး ဦးဘလွင်ကလည်း ဘာထူးသနည်း။ တရားရုံးရောက်လာသမျှ တရားလိုဆီကရော တရားခံဆီကပါ
နှစ်ဘက်စလုံးထံမှ လာဘ်ယူ၏။ တောလိုက်ကလည်း ဝါသနာပါ၏။ တစ်ချိန်လုံး
တောပစ်ထွက်ဖို့ပဲ စဉ်းစားနေသူဖြစ်သည်။ တရားရုံးအတွင်းမှာပင် ကြက်တွေ မွေးထားသေးသည်။
တရားရုံး တစ်ရုံးလုံး ကြက်ချေးစော်များဖြင့် နံဟောင်နေသည်။ ဒါ့အပြင်
သူ အမဲလိုက်ရာမှ ရခဲ့သော တိရိစ္ဆာန်ခေါင်းအမျိုးမျိုးကိုလည်း ချိတ်ဆွဲပြသထား၏။ အမဲလိုက်
တောခွေးပေါက်စလေးတွေကို လာဘ်အဖြစ်ပေးလျှင်လည်း အလွန်နှစ်သက်တတ်သူပါလေ။
မြို့တွင်ရှိသည့် ဆေးရုံအုပ်ကြီးနာမည်က
ဒေါက်တာဉာဏ်ကျယ်။ သူ့အုပ်ချုပ်သည့် ဆေးရုံတွင်ရှိသည့် လူနာတွေကလည်း ပန်းပဲဖိုထဲက ထွက်လာသည်
လူများကဲ့သို့ ညစ်ထေးလျက်။ လူနာတွေက ဆေးလိပ်သောက်ကြသဖြင့် ဆေးရုံတစ်ခွင်လုံး
ဆေးလိပ်နံများဖြင့် မွန်ထူနေ၏။ ဆေးရုံတွင် ဆေးမရှိ။ သဘာဝနည်းဖြင့်ပဲ ကုသည်တဲ့။ ဆေးရုံသို့
ရောက်လာကြသူ အများစုမှာလည်း တောသူတောင်သား လူရိုးတွေဖြစ်လေရာ ဆရာဝန်ပြောသမျှကို ခေါင်းငုံပြီး
လက်ခံကြသူတွေကိုး။ ပြီးတော့ ကံတရားကိုလည်း အလွန်မှ အားကိုးပြုကြသူတွေလေ။ ဆရာဝန်က ဘယ်လိုကုကု
စွတ်ရွတ်ပြီး နေပြန်ကောင်းသွားတော့လည်း သေနေ့မစေ့သေးလို့ မသေတာလို့ တွေးပြီး အိမ်ပြန်သွားကြပါရော။
မဟန်လို့ ဆေးရုံမှာ သေတော့လည်း ဆရာဝန်တွေ အသုံးမကျ၊ သူနာပြုတွေ ဂရုမစိုက်၊ ဆေးဝါးက
မပြည့်စုံလို့ သေကြတာမဟုတ်၊ သေနေ့စေ့လို သေကြရတာပဲဟု တရား နှလုံးသွင်းကာ မည်သူကမျှ စောဒကမှ မတက်ကြချေ။
မြို့က စာသင်ကျောင်း၏
ကျောင်းအုပ်ကြီးနာမည်က ဦးကျော်ဖြစ်၏။ ကျောင်းအုပ်ဟု ဆိုငြားလည်း သူ့လက်အောက်က ကျောင်းဆရာတွေကို
နိုင်နင်းစွာ မအုပ်ချုပ်နိုင်။ မြို့တွင် ပညာအတတ်ဆုံးဆိုသည့် အနှီ ကျောင်းဆရာတွေထဲမှာလည်း
ထူးထူးဆန်းဆန်း ပြုမူနေသူတွေက ရှိနေသည်။ ဥပမာ- သမိုင်းသင်သည့်
ဆရာတစ်ယောက်ဆိုလျှင် သမိုင်းပညာနှင့် ပတ်သက်ပြီး တကယ် နှံ့စပ်သူဖြစ်သလို
တစ်ချိန်လုံး အမြဲမပြတ် ဖတ်ရှုလေ့လာနေသူဖြစ်၏။ သို့သော် သမိုင်းဘာသာရပ်ကို
တပည့်ကျောင်းသားများအား သင်ကြားပို့ချသည့်အခါတွင် စိတ်လိုက်မာန်ပါ လုပ်တတ်သည်။ အထူးသဖြင့်
စစ်ပွဲအကြောင်း ပို့ချပြီလားဆိုလျှင် အလွန်ဂရှူးမူးထိုးရှိလှသည်။ အလောင်းမင်းတရား ဦးအောင်ဇေယျအကြောင်း
ပို့ချပြီဆိုလျှင် မုဆိုးဖို ရွာသူကြီးဘဝမှ အလောင်းဘုရားဘွဲ့ခံ မင်းတရားကြီးအထိ ဖြစ်လာပုံကို
လေအေးကလေးနှင့် ရှင်းပြနိုင်သော်ငြား ဗြိတိသျှ နယ်ချဲ့သမားတွေ ဟိုင်းကြီးကျွန်းအထိ
ရောက်လာပြီး ခြေရှုပ်ကြ၍ စစ်ချီတက် နှိမ်နှင်းခန်း ရောက်လျှင် သူ့စိတ်တွေ ထိန်းမရတော့။
ထိုသမိုင်းဆရာသည် လက်သီးလက်မောင်းတန်းလျှက် စာပို့ချနေရာ စင်မြင့်ပေါ်မှ လွှားခနဲ ခုန်ဆင်းလိုက်သည်။
ပြီးလျှင် အနီးတွင်ရှိသည့် ကုလားထိုင်တစ်လုံးကို သမံတလင်းပေါ်သို့
ကိုင်ပေါက် ရိုက်ချိုးလိုက်တတ်၏။ ပြည်သူ့ဘဏ္ဍာနှင့် ဝယ်ယူထားရသော
ကျောင်းရှိ ပရိဘောဂ အသုံးအဆောင်းများမှာ သူ့ပယောဂကြောင့် နှစ်စဉ်
ဆုံးရှုံးနေရသည် ဟူသတတ်။
မြို့ကလေး၏ စာတိုက်ဗိုလ်
ဦးသန်းလှကတော့ မြို့ဝန်ဦးမြသီး၏ မျက်လုံးနှင့် နားပမာ အသုံးဝင်သူဖြစ်သည်။ သူ့ထံတွင်
မြို့၏ လျှို့ဝှက်အပ်သော သတင်းမှန်သမျှ အကုန်ရှိသည်။ စာတိုက်ရုံးသို့ ဝင်လာသမျှ စာတွေရော၊
ထွက်သွားမည့် စာတွေကို အမြဲတမ်း ဖောက်ဖတ်တတ်သူ မဟုတ်လား။ သူတစ်ပါး ရေးထားသောစာများ ဖောက်ဖတ်ရသည်ကိုလည်း အထူးပင် ဝါသနာ ကြီးလှသည်။
ထို့ကြောင့် မြို့၏ အရေးကြီးကိစ္စမှသည် ရည်စားစာအထိ စာတိုက်ဗိုလ်က ခိုးဖတ်ထားပြီး ဖြစ်နေသည်။
နောက်ပြီး ဦးသန်းလှက ပြောတတ်သေး၏။ တစ်ပါးသူတွေ ရေးကြသည့် စာများကို
ခိုးဖောက် ဖတ်ရသည်မှာ နေ့စဉ်သတင်းစာ များကို
ဖတ်ရသည်ထက် အရသာ ပိုထူးသည်တဲ့။
မြို့ကလေး၏ ငွေရှင်ကြီးတွေ
ဖြစ်ကြသည့် ဦးဖိုးမြနှင့် ဦးဖိုးဝကတော့ ကပ်စေးနှဲ ကော်တရာတွေပါ။
ဒါပေမဲ့ သူတပါး အတင်းအဖျင်းတော့ အလွန် စိတ်ဝင်စားတတ်ကြသည့် ဘိုးတော်ကြီး နှစ်ဦး။ မြေရှင်
ငွေရှင်ပီပီ အာဏာပိုင်တွေကိုလည်း ပလူးပလဲ လုပ်တတ်ကြသည့် သူတွေ။ သူတို့ နှစ်ဦးထံမှ တစ်ဆင့် မြို့ဝန်ဦးမြသီးသည် သတင်းတစ်ခု ရလိုက်သည်။ သူတို့ မြို့ကလေးသို့ ဗဟိုအစိုးရက လွှတ်လိုက်သည့် စုံစမ်းစစ်ဆေးရေး အရာရှိကြီးတစ်ဦး ရောက်လာပြီး အစိုးရဌာနများကို
ရှောင်တခင် စစ်ဆေးမည်ဟူသော သတင်းဖြစ်သည်။
ထိုသတင်းကြောင်း ပျာယာခတ်သွားသည့်
မြို့ဝန်ဦးမြသီးသည် တရားသူကြီးအပါအဝင် ဆေးရုံအုပ်၊ တရားသူကြီး၊ ကျောင်းအုပ် စသူတို့ကို
ဆင့်ခေါ်ကာ ဖြစ်ချင်တိုင်းဖြစ်နေသော သူတို့ဌာနများကို ရုပ်ပြကောင်းအောင် လုပ်ထားကြဖို့ ခိုင်းလိုက်သည်။ ပြီးတော့ စာတိုက်ဗိုလ်ကိုလည်း ခေါ်လိုက်သည်။
မြို့သို့ စုံစမ်းရေးအရာရှိကြီး ရောက်လာမယ်ဆိုတာနဲ့ ပတ်သက်ပြီး သတင်းတစ်ခုခုများ ရသေးလား။ မေးသည့်အခါ စာတိုက်ဗိုလ်လည်း မသိချေ။
၂။
ဦးဘလှသိန်းက အသက်လေးဆယ်လောက်ရှိပြီး
သပ်သပ်ရပ်ရပ် ဝတ်စားတတ်သူ။ အစိုးရရုံးတစ်ခုတွင် အငယ်တန်းဝန်ထမ်း
လုပ်နေရာက လာဘ်စားမှုဖြင့် အလုပ်ပြုတ်ခဲ့သူ။ ထို့နောက် အရပ်တကာလှည့်ပြီး မှောင်ခိုကုန်ကူးသည်။ ဖဲဝိုင်းတကာ
လျှောက်ထိုင်ကာ ဖဲရိုက်သည်။ မြို့ကြီးသားဆိုတော့ လူရည်လည်၏။ သူ့တွင် တပည့်တစ်ယောက်ပါသည်။
နာမည်က မောင်သောင်းတဲ့။ သူလည်း အစိုးရရုံးတစ်ခုမှာ ရုံးစေအဖြစ်
နှစ်အကြာကြီး အမှုထမ်းခဲ့ဖူးပြီး သွက်လက်ချက်ချာ၍ ချက်ဆို နားခွက်က မီးတောက်သည့်သူ။
ပါးရည်နပ်ရည်ရှိပြီး အချို့သော အခြေအနေများတွင် သူ့ဆရာ ဦးဘလှသိန်းထက်ပင် ပို၍ ပါးရည်နပ်ရည်
ရှိပါပေ၏။
ဦးဘလှသိန်းနှင့် တပည့်မောင်သောင်းတို့
နယ်တကာလှည့်လာရင်း ဦးမြသီး မြို့ဝန်လုပ် အုပ်ချုပ်သည့် မြို့ကလေးသို့ ရောက်လာကာ ဧည့်ရိပ်သာတစ်ခုတွင် တည်းခိုနေသည်။ ပါလာသမျှ ငွေကလေးတွေမှာလည်း ဖဲရိုက်လို့ ပြောင်ပြီ။
တည်းခိုးစရိတ်ပင် ပေးစရာမကျန်တော့။ တည်ခိုးခန်း ပိုင်ရှင်ကလည်း စားသောက်တည်းခိုစရိတ်တွေ
ရှင်းမပေးလျှင် ထောင်ထဲထည့်မည်ဟု တကျိန်းတည်း ကျိန်းနေသည်။
ထိုသို့ ဖြစ်နေခိုက်
ဦးဘလှသိန်းထံသို့ မြို့ဝန်ဦးမြသီးနှင့်အဖွဲ့ ရောက်လာသည်ဆိုသော သတင်းကို ကြားရလေ၏။ ရုတ်တရက်
သူ့ကို ထောင်ထဲ ထည့်ဖို့ လာဖမ်းပြီဟု ဦးဘလှသိန်း ထင်လိုက်သေးသည်။ မထူးပါဘူး၊ လာမည့်ဘေး
ပြေးတွေတာပဲ ကောင်းသည်ဟု နှလုံးသွင်း၏။ ထိုအခိုက် မြို့ဝန်နှင့် အဖွဲ့အခန်းတွင် ဝင်လာပြီးနောက်
ဦးဘလှသိန်းကို အဆင်မပြေ ဖြစ်သွားသည့် ကိစ္စများအတွက် တောင်းပန်သည်။ ဦးဘလှသိန်း နားမလည်။
သို့သော် မြို့ကြီးသား၊ ဝန်ထမ်းလုပ်လာသည့်
သူမဟုတ်လား။ ဟန်ကောင်းသည်။ ဦးဘလှသိန်းက သူ့ဘာသာ တည်ခိုးခန်းပိုင်ရှင်နှင့် မပြေလည်သည့်အကြောင်း
ပြောသည်ကို မြို့ဝန်ဦးမြသီးကလည်း သူ့မြို့သို့ ရောက်လာသည့် စုံးစမ်းရေးမှူးက စကားကို
တိုက်ရိုက်မပြော၊ သွယ်ဝိုက်ပြီး ပြောနေသည်၊ အထူးလျှို့ဝှက်ချက်နှင့် လာသည့် ပုဂ္ဂိုလ်ဟု
အထင်မခံရအောင် ဟန်လုပ်နေသည်ဟု ထင်ပြီး ဇွတ်ဝင်၍ စကားဖောသည်။ အဆင်မပြေတာမှန်သမျှ သူ့တာဝန်သာထားပါ။
တည်းခိုးခန်းခ စားသောက်ခ ရှင်းပေးသည်။ ဦးဘလှသိန်းက ပိုက်ဆံမရှိဘူး ပြောသည်ကို လာဘ်ငွေကို
တစ်ဖက်လှည့်နှင့် တောင်းသည်ထင်ပြီး မြို့ဝန်က ငွေတွေလက်ထဲ အတင်းထိုးထည့်ပေးသည်။
ဒီနည်းမှာ ဤမြို့တွင် သူမဟုတ်တာ လုပ်နေသည်ကို စုံစမ်းစစ်ဆေးရေးမှူးကြီး အထက်သို့ မတင်ပြနိုင်အောင်
လာဘ်ထိုးသည်လည်း မည်၏။
မြို့ဝန်ဦးမြသီးက ဦးဘလှသိန်းကို
ဤသို့တော့ တည်ခိုးခန်းစုတ်လေးမှာ တည်းနေရသည်မှာ မဖြစ်သင့်။ သူ့အိမ်မှာများ လိုက်ပြီး
တည်းခိုမည်ဆိုလျှင် အလွန်မှ မင်္ဂလာရှိလိမ့်မည့်အကြောင်း ပြောသည်။ ဒါမျိုးကို ဦးဘလှသိန်းက
ဘယ်မှာ ငြင်းလိမ့်မလဲ။ တည်းမည်ဟု ခေါင်းငြိမ့်ပြီး တပည့်မောင်သောင်းကို မြို့ဝန်အိမ်သို့
အထုပ်အပိုးများနှင့် ဦးစွာ လွှတ်လိုက်သည်။ မြို့ဝန်က ဆေးရုံကို
အရင်ပြချင်ပါသည်ဟု ပြောတော့ ဦးဘလှသိန်း နားမလည်။ ဒီမြို့က ပုဂ္ဂိုလ်တွေက အလွန်သဘော
ကောင်းသူတွေပါလားဟုပင် တွေးလိုက်သေး၏။ ဧည့်သည်တစ်ယောက်ကို မြို့ဝန်ကိုယ်တိုင်
ဦးဆောင်ပြီး မြို့က အရေးကြီးသည့် ဌာနတွေကို အထူးတလည်ပြသသည့် အဖြစ်ကို သူတစ်ခါမှ မကြုံဖူးခဲ့ဘူး မဟုတ်လော။
ဆေးရုံရောက်သည်တွင်
ဦးဘလှသိန်းကို အထူးတလည် ကြိုဆိုပြီး တည့်ခင်းသည်။ အစားကောင်း အသောက်ကောင်းများဖြင့်
ဧည့်ခံ၏။ ဆရာဝန်ကြီး ဒေါက်တာဉာဏ်ကျယ်ကိုယ်တိုင်က ရိုရိုကျိုးကျိုးရှိသည်။
ထို့နောက်တွင် မြို့ဝန်၏ အိမ်သို့ သွားကြ၍
အနားယူသည်။ မြို့ဝန်ကတော် ဒေါ်ခင်မမမှာ အသက်အားဖြင့် လေးဆယ်ပတ်ချာလည်လောက် ရှိပြီး
မျက်နှာပေးချို၏။ မြူသလို အခရာပိုသည့် လေသံနှင့် ဟန်အမူအရာရှိပြီး လုံးကြီးပေါက်လှ။
မြို့ဝန်ကတော်ကို မြင်သည်တွင် ဦးဘလှသိန်း မျက်စိကျသည်။ မြို့ဝန်ကတော်ကလည်း အထူးဧည့်သည်တော်ကြီးမို့
ဂရုတစိုက် ရှိသည်ကိုး။ မြို့ဝန်ဦးမြသီးနှင့် ဒေါ်ခင်မမတို့တွင်
ခင်ထားရီ ဟူသည့် သမီးပျိုလေးတစ်ဦး ရှိသည်။ သူကလည်း အမေနှင့် အပြိုင်ပင်
ဦးဘလှသိန်းကို စားတော့မလို ဝါးတော့ မလိုလိုပါပဲ။
ယမကာဖြင့် ထွေနေသော
ဦးဘလှသိန်း၏ စကားကြီးစကားကျယ်တွေကို နားထောင်ရင်း မြို့ဝန်အပါအဝင် မြို့အာဏပိုင် လူကြီးများအားလုံး
ဦးဘလှသိန်းကို အထင်ကြီးပြီးရင်း ကြီးလာသလို အရှိန်အဝါကြီးသည့် အနှီပုဂ္ဂိုလ်ကြီး၏ အငြိုအငြင်
မခံရရေးကိုလည်း သူ့ထက်ငါ အလုအယက် ကြိုးစားနေလေ၏။ ဦးဘလှသိန်းက တစ်ဦးချင်း
သီးခြားခေါ်တွေပြီး ပိုက်ဆံခဏလှည့်ပါ ပြောသည်ကို လိုလားစွာ ထုတ်ပေးကြသည်။
၃။
မြို့ဝန်ဦးမြသီးအိမ်တွင်
မြို့တော်ကြီးမှ အထူးအရာရှိကြီးတစ်ဦး ရောက်နေသည်ကြား၍ ဈေးထဲမှ
လုပ်ငန်းရှင်ကလေးများသည် ဦးမြသီးအိမ်သို့ လူစုလူဝေးဖြင့် ရောက်လာကာ အရာရှိကြီးနှင့် တွေ့ပါရစေဟု တောင်းဆိုကြသည်။ မြို့ဝန်၏
အစောင့်ရဲတွေက ဝင်ခွင့်မပြုနိုင်ဟု တားနေသည့်ကြားမှ ဦးဘလှသိန်းဆီ ရောက်လာကြလေသည်။ ဈေးဆိုင်ရှင်
ကုန်သည်များကို ဦးဆောင်လာသူမှာ ဦးဝါဟစ်ဆိုသူဖြစ်၏။ ဈေးဆိုင်ရှင်အားလုံးကိုယ်စား ဦးဝါဟစ်က တင်ပြသည်။ မြို့ဝန်က သူတို့ကို မတရား နှိပ်စက်ကြောင်း၊
အလိုရှိတာမှန်သမျှ ပေးနေသည့် ကြားမှပင် မြို့ဝန်သည် အလိုမပြည့်နိုင်သည့် အကြောင်း၊ မြို့ဝန် မိသားစုတစ်ခုလုံး ဝတ်နေသည့်
အဝတ်အစားဆိုလျှင် ဈေးဆိုင်ရှင်က အလကားပေးရကြောင်း၊ မြို့ဝန်ကတော်နှင့် သမီးက ဈေးထဲလျှောက်သွားပြီး
သူတို့လိုချင်ရာရာကို လက်ညှိုးထိုးပြီး ယူသွားကြောင်း၊ ကြိုက်တာတွေ့လျှင် အိမ်ပို့ခိုင်းကြောင်း၊
အဝတ်အထည်ဆိုလျှင် တစ်ထည် နှစ်ထည် မဟုတ်ဘဲ ပိတ်တစ်အုပ်လုံး ပို့ရကြောင်း၊ မြို့ဝန်မိသားစု စားဖို့ အမဲသားငါး ဟူသမျှကိုလည်း
ဈေးခေါင်းမှ တစ်ဆင့် မနက်တိုင်း ပို့ပေးနေရကြောင်း၊ ဈေးခေါင်းကလည်း
သူ့အိမ်ဖို့ပါ ကြားမှ ဖြတ်ခိုးသေးကြောင်း၊ ဒီလောက် ပေးနေတာကိုမှ
သူတို့ မကျေနပ်သည့် ဈေးဆိုင်ကို အပြစ်ရှာပြီး ပိတ်ခိုင်းသေးကြောင်း၊ ဆိုင်ရှင်ကိုလည်း
အချုပ်ထဲ ထည့်သည့်အကြောင်း။ မြို့ဝန်၊ မြို့ဝန်ကတော်နှင့် သူ့တို့သမီး သုံးဦး မွေးနေ့အတွက်လည်း
ဈေးဆိုင်ရှင်များက လက်ဆောင် ပို့ဆက်ရကြောင်း၊ မွေးနေ့မှာ တစ်နှစ်တစ်ခါ မဟုတ်ဘဲ လစဉ် သားအမိသားအဖ သုံးယောက်က အလှည့်ကျ လုပ်ကြသဖြင့် ဈေးဆိုင် ပိုင်ရှင်များမှာလည်း ဖြူခါပြာခါကျနေပြီ ဖြစ်ကြောင်း။
ဦးဘလှသိန်းက နားထောင်ပြီး
‘တယ်ဆိုးတာပဲ’ ဟု မှတ်ချက်ပြုသည်။ ဈေးဆိုင်ပိုင်ရှင်းများက မြို့ဝန်ကို သူတို့မြို့မှ
ဝေးရာသို့ ပြောင်းရွှေ့ပေးဖို့ တောင်းဆိုသည်။ ဦးဘလှသိန်းကလည်း ဈေးဆိုင်ရှင်များအနေနှင့်
ငွေရှိလျှင် သူ့ကို ခဏလောက် ချေးဖို့ပြောရာ အကင်းပါးသည့် ကုန်သည်များကလည်း ဦးဘလှသိန်းက
တစ်ဖက်လှည့်နှင့် သူ့ကို လာဘ်ပေးဖို့ မျက်စပစ်သည်ဟု သဘောပေါက်ကာ
လိုလိုလားလာပင် ပေးရာ ဦးဘလှသိန်း မှန်းသည်ထက်ပင် ငွေပမာဏ ပိုရလေ၏။
အကင်းပါးသည့် တပည့်
မောင်သောင်းက သူ့ဆရာနား တိုးတိုးကပ်ပြီး၊ မြို့ကအရာရှိကြီးတွေ သူတို့ကို အထက်က လွှတ်လိုက်သည့်
အရာရှိကြီးမှတ်ပြီး ဆက်ဆံနေတာ၊ သူတို့ မရိပ်မိခင် ထွက်ကြမှ တော်လိမ့်မည်ဟု လောဆော်သည်။
ဦးဘလှသိန်းက မခွာချင်သေး။ သို့သော် မောင်သောင်းအကြံကို လက်ခံသည်။ မသွားခင် မြို့တော်ကြီးတွင်ရှိသော သူ့မိတ်ဆွေ စာရေးဆရာ ဦးပေစိထံသို့ အခု သူတို့ ကြုံနေရသည့်
ထူးဆန်းထွေလာဖြစ်ရပ်လေးကို စာရေးပြီး ပို့လိုက်ဦးမည်။ စာရေး ဆရာပေစိ ဝတ္ထုရေးလို့ရအောင်ဟု
ပြောကာ စာထိုင်ရေးသည်။ ပြီးတော့ တပည့်ကို စာတိုက်မှ တစ်ဆင့် ထည့်ဖို့
လွှတ်သည်။
ထိုနောက် အခန်းတွင်းသို့
မြို့ဝန်သမီး ခင်ထားရီ ဝင်လာ၏။ ဦးဘလှသိန်းက နွားသိုးကြိုးပြတ်ပမာ ရသည့် အခွင့်ကို အမိယူကာ
ခင်ထားရီရှေ့တွင် ဒူးထောက်၍ ချစ်ခွင့်ပန်သည်။ ခင်ထားရီက ‘မူ’လို့ကောင်းနေတုန်း သူ့အမေ
ဒေါ်ခင်မမ ဝင်လာပြန်၏။ သူ့သမီးကို ငေါက်ငမ်းပြီး နှင်လွှတ်လိုက်သည်။ ဦးဘလှသိန်းက သမီးမရလျှင်လည်း
အမေကိုပင် အပိုင်ကြံမည်ဟု ဆုံးဖြတ်ကာ ဒေါ်ခင်မမကိုပါ ဆက်ပြီး ချစ်ခွင်ပန်လေတော့သည်။
ဒေါ်ခင်မမက ငြင်းကောင်းနေတုန်း ခင်ထားရီ တစ်ဖန် အခန်းထဲ ဝင်လာပြန်ရော။
ဘာဖြစ်နေကြတာလဲ မေးတော့ အကင်းပါးသည့် ဒေါ်ခင်မမက သမီးလေးကို ဒီက အရာရှိကြီးက လက်ထပ်ယူချင်လို့
ဒူးထောက်ပြီး တောင်းပန်နေတဲ့ အကြောင်း ပြောလိုက်လေသည်။ အခြေနေတွေ ရှုပ်ထွေးသွားသဖြင့်
ဦးဘလှသိန်းက မြို့ဝန်ဆီ ပြေးပြီး သူ့သမီးနှင့် ပေးစားဖို့ တောင်းဆိုရာ၊ မြို့ဝန်ကလည်း
ဈေးဆိုင်ပိုင်ရှင်တွေ သူ့အကြောင်း လာတိုင်တာကို အပြစ်မဖြစ်လိုသဖြင့် သမီးနှင့် လက်ထပ်ပေးဖို့
အူတိအူကြောင်ဖြင့် လက်ခံလိုက်လေသည်။
ဤသို့ ဖြစ်ပျက်နေကြသည့်အတောအတွင်း
တပည့်မောင်သောင်း ရောက်လာပြီး မြို့မှ ခွာဖို့ ကားရောက်လာသည့် အကြောင်း ပြောရာ၊ မြို့ဝန်က
ဘယ့်နှယ်တုန်း မေး၏။ ဦးဘလှသိန်းက အခု မိဘတွေဆီ မြို့ဝန်သမီးကို လက်ထပ်ဖို့ ကိစ္စ သွားပြီး
အသိသွားပေးမည့်အကြောင်း၊ နောက်တစ်နေ့ မနက် ဆက်ဆက်ပြန်လာမည့်အကြောင်း
ပြောသည်တွင် မြို့ဝန်လည်း ကျေနပ်၏။
၄။
ကျန်ရစ်ခဲ့သော မြို့ဝန်နှင့်
မြို့ဝန်ကတော်မှာ ပီတိတွေဝေဖြာလျက် စိတ်ကူးဖြင့် ဖဲရိုက်နေကြသည်။ လင်မယား နှစ်ယောက်မှာ
စကားတဖောင်ဖောင် ပြောနေကြသည်။ သူတို့သည် ဤလို သေးနုတ်သည့် မြို့ကလေးမှ မြို့အုပ်လုပ်နေရသည်
အဖြစ်ကို မနှစ်လိုတော့ပြီ။ မြို့တော်ကြီးသို့ ပြောင်းကြမည်။ မြို့ဝန်က
သမက်အရာရှိကြီးကို အမှီပြုပြီး ဝန်ကြီးအထိပင် မှန်းနေလေပြီ။ ဒေါ်ခင်မမ၏ စိတ်ကူးထဲတွင်လည်း
ပြောင်လက်သစ်လွင်သည့် ပရိဘောကတွေ အပြည့်နှင့် ခမ်းနာသော အိမ်ကြီးတစ်ဆောင်ကို
ဆောက်နေသည်။ သူကတော့ ဂုဏ်သရေရှိ ဝန်ကြီးကတော်၊ အရာရှိကြီး၏ ယောက္ခမအဖြစ် အနှီ အိမ်ကြီးရှင်
သခင်မ ဘဝ။ လင်မယားနှစ်ယောက် စိတ်ကူးဖဲရိုက်နေကြတုန်း၊ မင်္ဂလာသတင်းကို
ကြားသော မြို့က အရာရှိကြီးများ၊ ကုန်သည်ပွဲစားများလည်း တဖွဲဖွဲရောက်လာက မြို့ဝန်တို့
လင်မယားကို ဂုဏ်ပြုစကားပြောကြသည်။ ပြီးတော့ မြို့တော်ကြီးသို့ရောက်၍ အရာကြီးဖြစ်လာလျှင်
သူတို့ကို ပစ်မထား မေ့မထားဖို့ မျက်နှာချိုသွေးကြသည်။ မြို့ဝန်မှာ သူ့အကြောင်း သူ့သမက်လောင်းအရာရှိကြီးကို
သွားပြီး တိုင်တောထားသည့်အတွက် ဈေးဆိုင်ရှင်ကုန်သည်များကို
မကျေနပ်ချေ။ ထို့ကြောင့် ကြိမ်းလာမောင်းလား လုပ်၏။ ဦးဝါဟစ်က သူတို့ မှားပါသည့်အကြောင်း
ဝန်ချတောင်းပန်သည်။
ထိုသို့ ရှိနေကြစဉ်
စာတိုက်ဗိုလ် ရောက်လာပြီး၊ ဦးဘလှသိန်း ပို့လိုက်သည့် စာကို သူ ခိုးဖောက်ဖတ်ကြည့်ရာမှ
ယခု သူတို့က မြို့တော်ကြီးမှရောက်လာသည့် အရာရှိဟု ထင်နေသူမှာ သူတို့ထင်သလို အရာရှိကြီးမဟုတ်သည့်အကြောင်း
ပြောကာ၊ စာရေးဆရာပေစိထံ ရေးသည့်စာကို ဖတ်ပြလေသည်။ စာထဲတွင် မြို့ဝန်မှအစ အရာရှိအားလုံး၏
ရူးနှမ်း ထူးဆန်းသော အဖြစ်တွေကို စီကာပတ်ကုံးရေးထားလေသည်။ မြို့ဝန် ဦးမြသီးကို ဦးနှောက်မရှိသည့်
ခေါင်းဖြူကြီးတဲ့။ စာတိုက်ဗိုလ်ကိုတော့ သူခိုးကျင့်သူခိုးကြံရှိသူတဲ့။ ဒေါက်တာဉာဏ်ကျယ်ကိုတော့
လူယောင်ဆောင်ထားတဲ့ ဘီလူးတဲ့။ တရားသူကြီးကတော့ မိုးမှောင်(သူခိုး) တဲ့၊ စသဖြင့် ဟာသလုပ်ပြီး
ရေးထားသည်ကို တွေ့ကြရလေသည်။
သမက်ကို အမှီပြု၍ မြို့တော်ကြီးတွင်
ဝန်ကြီးဖြစ်လိမ့်မည်ဟု စိတ်ကူးဖဲရိုက်နေသည့် ဦးမြသီးမှာ ပါးစပ်အဟောင်းသား၊ ဒေါသဖြင့်
မွန်ထူလျက်။ ကန်ထရိုက်သမား၊ ကုန်သည်ပွဲစားတွေ၏ မျက်ခုံးမွေးပေါ်တွင် တစ်သက်လုံး စင်္ကြံလျှောက်လာသည့် သူ့ကိုယ်သူ ဒေါသထွက်လုံးမဆုံး။ ပြီးတော့
မြို့တော်ကြီးမှ စုံးစမ်းစစ်ဆေးရေးမှုး ရောက်လာသည့် သတင်းကို ဘယ်သူ စတင်ပြီး ယူလာသလဲဟု
စုံးစမ်းရာ အားလုံးက ဦးဖိုးဝနှင့် ဦးဖိုးမြသို့ လက်ညှိုးထိုးကြသည်။ တုန်ချိတုန်ချိဖြစ်နေသည့်
အဖိုးကြီး နှစ်ဦးကလည်း သူတို့ချင်း အပြန်အလှန် လက်ညှိုးထိုး စွပ်စွဲနေသည့်အခိုက် ရဲတစ်ယောက် အခန်းတွင် ဝင်လာပြီး သတင်းပို့သည်။
“ဝန်ကြီးရုံးက အထူးကိစ္စနဲ့
လွှတ်လိုက်တဲ့ လုပ်ငန်းစစ်ဆေးရေးမင်းကြီးက ဒီမြို့မယ်ရှိတဲ့ မြို့ဝန်ကြီးကအစ ဌာနဆိုင်ရာ
အကြီးအကဲအားလုံးကို ချက်ချင်းတွေ့ချင်ပါသတဲ့၊ အခု ဧည့်ရိပ်သာမယ် တည်းနေပါတယ်”
အခန်းတွင်းရှိသည့် လူများအားလုံး
မျက်လုံးတွေပြူးကာ ကိုယ်ခန္ဓာတောင့်တင်းသွားကြသည်။
အခန်းသည် တိတ်ဆိတ်လျက်။
၅။
သည်ဇာတ်လမ်းကို ဖတ်ပြီးသွားသောအခါ
စာဖတ်သူတို့ စိတ်တွင် မည်သို့ ခံစားလိုက်ရပါသလဲ။ မြန်မာပြည်မှာ ဖြစ်ပျက်နေတာတွေပါကလားဟု
တွေးမိနေပါသလား။ အကယ်၍ ထိုသို့ တွေးမိ ခံစားမိသည်ဆိုလျှင်လည်း မမှားနိုင်ပါ။
တကယ်တမ်းတွင် အထက်က
ဖော်ပြခဲ့သောဇာတ်လမ်းကျောရိုးမှာ ရုရှားစာရေးဆရာကြီး နီကိုလိုင်ဂိုဂိုးလ်၏ ပြဇာတ်ထဲမှ
ဖြစ်ပါသည်။ ထိုပြဇာတ်ကို ဆရာမန်းတင်က မူရင်းအရသာမပျက် မြန်မာမှု ပြုထားခြင်းဖြစ်သည်။
ထိုသို့ ဆရာမန်းတင် မြန်မာမှုပြုလိုက်သဖြင့် ကျွန်တော်တို့ မြန်မာစာဖတ်သူများအဖို့
ပို၍ သဘာဝကျကျ ခံစားနိုင်လာပါသည်။
ပြဇာတ်ကို အစမှ အဆုံးထိ
ဖတ်နေရင်း ကျွန်တော့်တို့ ပတ်ဝန်းကျင်တွင် နှစ်ပေါင်းများစွာ
မြင်တွေ့ခဲ့ရပြီးသော၊ မြင်တွေ့နေရဆဲလည်း ဖြစ်သော အစိုးရဌာန အရာရှိမင်းအချို့၏
စရိုက်တွေကို ပြန်လည်သတိရလာစေပါသည်။ အဂတိ လိုက်စားခြင်းဖြင့် အလွန်အကျွံ တိုးပွားလာသော စည်းစိမ်ပုံပေါ်တွင် ထိုင်ရင်း ကိုယ့်လိပ်ပြာကိုယ်လန့်နေရသော
အရာရှိကြီးအချို့၏ မျက်နှာကို ပြေးမြင်လိုက်ကာ ပြုံးမိပါသေးသည်။ ကျွန်တော်တို့
ပတ်ဝန်းကျင်တွင် ဦးနှောက်မရှိသည့် ခေါင်းဖြူကြီးတွေ၊ လူယောင်ဆောင်ထားသည့် ဘီလူးတွေ၊
သူခိုးကျင့်သူခိုးကြံ ရှိသူတွေကို မြင်ရပေါင်းများလှပါပြီ။
ဤပြဇာတ်ကို
မူရင်းတိုင်း ဘာသာပြန်လိုက်လျှင်လည်း ရလျက်သားဖြင့် မြန်မာမှု ပြုပေးလိုက်သည့်အတွက်
ဆရာမန်းတင်ကို ကျေးဇူးတင်မိသည်။ ထိုသို့ မြန်မာမှု ပြုလိုက်သည့်အတွက်လည်း မြန်မာနိုင်ငံတွင်
ပုံနှိပ်ထုတ်ဝေခွင့်ရဖို့ ခက်ခဲသွားစေခြင်း ဖြစ်လိမ့်မည်။ ဤစာမူသည်
ပုံနှိပ်ထုတ်ဝေခွင့်ရဖို့ နှစ်ပေါင်းလေးဆယ့်ရှစ်နှစ်နီးပါးမျှ အခါအခွင့် စောင့်ခဲ့ရပါသည်။
ဆရာမန်းတင်သည် နီဂိုလိုင်ဂိုဂိုးလ်၏
ဤပြဇာတ်ကို ၁၉၈၇ ခုနှစ်တွင် မြန်မာမှု ပြုခဲ့ပြီးဖြစ်ကြောင်း သမီးဖြစ်သူ စာရေးဆရာမ
မစန္ဒာ၏ အမှာစာအရ သိရသည်။ ထိုအချိန်က ဆရာမန်းတင်သည် ပါကစ္စတန်တွင်
မြန်မာသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေချိန်ဖြစ်၏။ ထိုပြဇာတ်ကို ဖတ်ပြီး “မြန်မာလို ပြန်ရေးချင်လိုက်တာ” ဟု ဆရာမန်းတင်က
တဖွဖွ ပြောခဲ့သလို “စာအုပ်ဖြစ်လာဖို့တော့ မလွယ်ပါဘူး” ဟုလည်း မှတ်ချက်ပေးခဲ့သည့်အကြောင်း ဆရာမ မစန္ဒာက
အမှာစာတွင် ရေးသည်။ ထို့သို့ ကြိုတင်မှန်းထားသည့်အတိုင်း အကြောင်းကြောင်းသော အကြောင်းများကြောင့်
စာမူကို ထုတ်ဝေပေးလိုသည့် စာအုပ်တိုက် မရှိခဲ့။ စာအုပ်တိုက်တစ်ခုက
ကြိုးစားဖူးသည်တိုင် စာပေစိစစ်ရေး၏ အဟန့်အတားကို ခံခဲ့ရသည်။ စာမူကောင်းတစ်ခုသည် နှစ်ရှည်လများ ဗီရိုထဲတွင် အိပ်မောကျခဲ့ပြီးနောက် နှစ်များစွာ
အကြာတွင်မှ စာအုပ်အဖြစ် ရောက်လာလေပြီ။ ဒီအတွက် မိသားစုနှင့် ထုတ်ဝေကြသူများကို စာဖတ်သူ
ကျွန်တော်တို့က ကျေးဇူးတင်ရပေ၏။
ပြဇာတ်စာပေကောင်း တိုရေရှားရေ
နိုင်သလို၊ ပြဇာတ်စာပေကို မက်မက်မောမော ဖတ်ကြသူလည်း မြန်မာပြည်တွင်
ယခုတိုင် နည်းပါသေးသည်။ သို့တိုင် ရှိတ်စပီးယား၏ “ဂျူးလိယက်ဆီဆာ” ပြဇာတ်တင်မက ယခု နိကိုလိုင်ဂိုဂိုလ်၏ ယခု ပြဇာတ် ကိုလည်း မြန်မာမှု
ပြုပေးခဲ့သဖြင့် ဆရာမန်းတင်ကို ကျေးဇူးတင်ရပေသည်။ ဆရာမန်းတင် မျှော်လင့်သလို ဤပြဇာတ်ကို
မြန်မာပြဇာတ်ပမာ ဇာတ်တင်ကပြနိုင်မည့် အချိန်ကိုလည်း စောင့်မျှော်မိပါသည်။
ကြုံကြိုက်၍ ပြောရလျှင်
ဤပြဇာတ်ကို ဆရာညီစေမင်းကလည်း “နိုင်ငံတော်စစ်ဆေးရေးမှူးချုပ်” အမည်နှင့် တိုက်ရိုက် ဘာသာပြန်ဖူးသည်။ ထိုဘာသာပြန်မူနှင့် ယခု ဆရာမန်းတင်
မြန်မာမှုပြုထားသော မူတို့ကို ယှဉ်တွဲ ဖတ်ကြည့်နိုင်လျှင်လည်း ဘာသာပြန်အတတ်ပညာကို လေ့လာလိုသူတို့အနေဖြင့် အကျိုးများနိုင်မည်ဟု ယူဆပါသည်။ ရိုးရိုး စာဖတ်သူများ အနေနှင့်လည်း
မူရင်းပြဇာတ် တစ်ပုဒ်တည်းပင်ဖြစ်ငြား မတူညီသော ရသခံစားမှုနှင့် ရသအတွေ့အကြုံတို့ကို ရရှိနိုင်ပေလိမ့်မည်။
▀
မောင်ဘစီ
၂၈ ဖေဖော်ဝါ ၂၀၂၅
စာအုပ်ဆိုင်ရာအချက်အလက်များ
စာအုပ်အမည်- စစ်မယ်ဆေးမယ်ဆိုလို့
(ပြဇာတ်)
မူရင်းစာအုပ် - THE
INSPECTOR GENERAL by Nikolay Gogols
စာရေးသူ - မန်းတင်
(ဘာသာပြန်/မြန်မာမှုပြု)
ထုတ်ဝေခြင်း။ တကောင်းစာအုပ်တိုက်။ ပထမအကြိမ်၊ အောက်တိုဘာ၊ ၂၀၂၄ ခုနှစ်။
စာမျက်နှာအရေအတွက် - ၁၆၁
(မန်းတင်၏ ပြဇာတ်အကြောင်းအမှာ၊
မစန္ဒာ၏ အမှာ တို့ပါဝင်သည်)
နေ့စဉ်နှင့်အမျှ ကျွန်တော်တို့ မမြင်ချင်လည်း မြင်ရ၊ မကြားချင်လည်း ကြားရ၊ မကြုံချင်လည်း ကြုံနေရသည့် ဆိုးဝါးလွန်းသော အတွေ့အကြုံတွေထဲမှာ ကျွန်တော်တို့ ပြိုလဲမကျသွားဘူးလို့ မဆိုနိုင်။ အခြားသူတွေတော့ မသိ။ က...
လေးစားအပ်သော မြန်မာစာရေးဆရာတွေ ဘာကြောင့်များ ‘ခေတ်ကို အပြစ်ဆို’ကာ စိတ်ဓာတ်ကျနေကြပါမည်လဲ။ ယစ်ရွှေရည်တွင် ရီဝေ ရီဝေ လုပ်ရင်း လောကကို စိတ်နာနေကြမည်လား။ ဗျစ်ရည် စုပ်ရင်း ကြုံနေရသည့် စနစ်ကို ဆဲရေးတိုင်းထွာ...
ရူးသွပ်သွားလို့ အနုမြူဗုံးကြဲဖို့ ခလုတ်နှိပ်တော့မယ်ဆိုရင် ခဏရပ်သင့်ပါတယ်။ ဒီလက်ဖက်ခြောက်ထုပ်တွေထဲက လက်ဖက်ရည်တစ်ခွက် သောက်ပါလို့။ ကမ္ဘာပေါ်က လူတွေကတော့ ဗုံးတွေထက် ပေါင်မုန့်သာ လိုချင်တယ်၊ သေခြင်းထက် ရှ...