မောင်ဘစီ
ဆရာအောင်သင်း၏ စာအုပ်များကို
ကျွန်တော်တို့ လူငယ်ဘဝကတည်းက အစွဲအမြဲ ဖတ်ခဲ့ပါသည်။ လူငယ်များ
ဘဝတိုးတက်ရေးကို လမ်းမှန်နည်းမှန် ညွှန်နိုင်စွမ်းသော ဆရာများထဲမှ တစ်ဦးအဖြစ်
ဆရာအောင်သင်းကို ကျွန်တော် သတ်မှတ်ပါသည်။ ‘ငါ’ ဗဟိုပြု အတ္တကို မီးထိုးပေးသည့် ‘တက်ကျမ်း’
ဆိုသော စာအုပ်များ လှိုင်လှိုင်ကြီးထွက်နေသော ယခုကာလမျိုးတွင် ဆရာအောင်သင်းကို အထူးတလည်
သတိရမိပါသည်။ ဆရာရှိလျှင် ဘာများ ပြောလေ ရေးလေမလဲ။
ဆရာအောင်သင်းသည် ‘တက်ကျမ်း’
ဆရာ မဟုတ်ပါ။ ကျောင်းဆရာသာ ဖြစ်ပါသည်။ လူငယ်များတိုးတက်ရေးအတွက် ကျောင်းဆရာတစ်ဦးထံမှ လာသော စေတနာကို အရင်းခံပြီး ဟောပြော ရေးသားသူ စာရေးဆရာတစ်ဦး ဖြစ်ပါသည်။ ထိုကြောင့် ဆရာဦးအောင်သင်းကို ‘တက်ကျမ်း’ ဆရာဟူ၍ ပေါပေါလောလော
တံဆိပ်ကပ်သည်များကို မြင်ရ၊ ကြားရလျှင် မခံချင် ဖြစ်မိပါသည်။
ဆရာကြီး ပီမိုးနင်းသည်
လူတစ်ဦးချင်း ဘဝ တိုးတက်ရေးမှ တမျိုးသားလုံး တစ်တိုင်းပြည်လုံး
တိုးတက်ဖွံ့ဖြိုးရေးသို့ ဦးတည်ပြီး ‘ကြီးပွားရေး’ လမ်းညွှန်စာ အများအပြားကို ရေးခဲ့ပါသည်။
ဆရာအောင်သင်းသည်လည်း လူငယ်များ ‘ပညာနှင့် ကိုယ်ကျင့်’ကို မြတ်နိုးတန်ဖိုးထားတတ်အောင်၊
ပညာဖြင့် ကိုယ်ကျင့်တရားဖြင့် မိမိတို့ တဦးချင်းဘဝတိုးတက်ရေးရအောင် အားထုတ် လုပ်ကိုင်ရင်း
တစ်မျိုးသားလုံး တစ်တိုင်းပြည်လုံး အောက်ကျနောက်ကျ
ဘဝကနေ ရုန်းထွက်ရေးသို့ ဦးတည်ပြီး လူငယ်များအတွက် စာရေးခြင်း ဟောပြဆောင်ခြင်းများ ပြုလုပ်ခဲ့သူ
ဖြစ်ပါသည်။
ဆရာအောင်သင်းသည် ‘ကိုယ်ကျင့်နှင့်
ပညာ’ ရှုထောင့်မှနေ၍ လူငယ်များအတွက် စာတွေ ရေးခဲ့၊ ဟောပြောပွဲ တွေများစွာ ဟောပြောခဲ့ပါသည်။
ဆရာသည် အင်တာဗျူးသမား မဟုတ်သော်လည်း သက်ဆိုင်ရာ ပညာရပ်နယ်ပယ်တွင် ကျော်ကြား ထူးချွန်သူအချို့နှင့်
အင်တာဗျူး လုပ်ခဲ့ပါသည်။ ဗုဒ္ဓနှင့် ဗုဒ္ဓဝါဒ ကျမ်းပြုသူ ဆရာဦးအေးမောင် (စာပေဗိမာန်) နှင့် အင်တာဗျူးမှာ အလွန်မှတ်သားစရာ အချက်တွေ ပါဝင်သလို
ရုပ်ရှင်မင်းသား ကျော်ဟိန်းနှင့် အင်တာဗျူးမှာ အလွန် ထင်ရှားသော တွေ့ဆုံမေးမြန်းခန်းတစ်ပုဒ် ဖြစ်ခဲ့ပါသည်။ အခြားဆရာများနှင့် အင်တာဗျူးအချို့မှာလည်း စိတ်ဝင်စား
စရာချည်း ဖြစ်ပါသည်။
အဆိုပါ အင်တာဗျူများ
အားလုံးမှာလည်း လူငယ်များသို့ ဦးတည်ချက်ထားပြီး ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု
မြင်ပါသည်။ အထူးသဖြင့် ပညာကို လေးစားအောင်နှင့် လူငယ်တွေ ဘဝရည်မှန်းချက် ပြတ်ပြတ်သားသား
ရှိစေဖို့ ရည်ရွည်ချက် ထားပြီ လုပ်ခဲ့သည့် အင်တာဗျူးတွေဟု ထင်ပါသည်။ အမှောင်ခေတ်ကြီးထဲတွင်
မျော်လင့်ချက်မဲ့ လမ်းပျောက်နေသည့် အနေအထားမှ အရုဏ်ဦးကို အိပ်မက်တတ်စေဖို့၊ ပန်းများပွင့်သော
နွေဦးကို ယုံကြည်ချက်ရှိလာစေဖို့ ဆရာအောင်သင်း၏ အားထုတ်မှုများသည် အလဟဿတော့ မဖြစ်တန်ရာ။
အပြည့်အဝ မဟုတ်သော်မှ တစ်စိတ်တစ်ပိုင်းအားဖြင့်
လူငယ်များကို ကျေးဇူးပြုခဲ့ပါသည်။
မြန်မာပြည်လူထုခေါင်းဆောင်က
တစ်ခါတွင် ပြောဖူးသည်။ သူ့စကား အတိအကျ မဟုတ်သော်လည်း မှတ်မိနေသည်မှာ-
“လူငယ်တွေ အလုပ်လက်မဲ့ ဖြစ်တဲ့ကိစ္စက ဖြေရှင်းပေးလို့ရတယ်၊ အလုပ်အကိုင်
ဖန်းတီးပေးနိုင်ရင် ဖြစ်တယ်။ လူငယ်တွေ မျှော်လင့်ချက်မဲ့တဲ့ အနေအထားကမှ
ကျွန်မတို့ လူ့အဖွဲ့အစည်းအတွက် ကြောက်စရာ၊ စိုးရိမ်စရာဖြစ်ပါတယ်”ဟူ၍
ဖြစ်သည်။ ကွယ်လွန်ခဲ့ပြီဖြစ်သော ဆရာအောင်သင်းကို ထိုမိန့်ခွန်း နားထောင်ပြီး သတိရမိသည်။
လူငယ်တွေကို အနာဂတ်ဆိုတာ ရှိသေးကြောင်း ယုံကြည်စိတ် ပေါ်လာအောင်
၁၉၉၀ ခုနှစ်များ အလွန်ကတည်းက စတင်ပြီး ဆရာအောင်သင်း ဟောပြောရေးသားခဲ့သည်များ၏
တန်ဖိုးကိုလည်း ပို၍ အသိအမှတ်ပြုမိပါသည်။
ဤရက်များအတွင်း ‘အောင်သင်းအမေး
သူတို့အဖြေ’ စာအုပ်လေးကို ဖတ်ဖြစ်ခဲ့သည်။ စာရေးဆရာကြီးများ ဖြစ်သော
ပါရဂူ၊ မောင်ထင်၊ မန္တလေးတက္ကသိုလ်ပါမောက္ခချုပ်ဟောင် ဦးကိုလေး ခေါ် စာရေးဆရာ ဇေယျာမောင်
နှင့် ‘သူငယ်ချင်း’ ကဗျာဆရာ တက္ကသိုလ်မင်းမော်တို့ လေးဦးနှင့် တွေ့ပြီး သူတို့၏ ပညာအတွက်
အားထုတ်ကြိုးကုတ်လုပ်ကိုင်မှုတွေကို မေးမြန်းထားသော အင်တာဗျူးစာအုပ်ပင် ဖြစ်သည်။ အင်တာဗျူးဆိုသော်လည်း
တစ်ခွန်းမေး တစ်ခွန်းဖြေသည့် ပုံစံကျ အင်တာဗျူးများနှင့်
ကွဲလွဲပါသည်။
အမေးခံပုဂ္ဂိုလ်တွေက
ထိတ်ထိတ်ကြဲ ဆရာကြီးတွေ ဖြစ်သကဲ့သို့ မေးမြန်းသူကလည်း နှယ်နှယ်ရရမဟုတ်ပေ။ ပြီးတော့
မေးသူနှင့် အမေးခံပုဂ္ဂိုလ်တွေကြားမှာ ရင်းနှီးမှု ရှိကြပြီးသည့်အလျှောက်
အမေး-အဖြေများကို ဖတ်ရသည်မှာ ညည်းငွေ့ဖွယ် မကောင်းချေ။ လူကြီးသူမတွေ စကားဝိုင်းဖွဲ့ကြသည်ကို
ဘေးမှ နားထောင်ရသည်နှယ် ရှိပါသည်။ ကိုယ်မသိတာတွေ အများကြီး သိရသည်။ အချို့ မေးခွန်းတွေ
ဆစ်ဆစ်ပေါက်ပေါက်တွေ၊ အောင်သင်း မေးလို့သာ ထိုဆရာကြီးတွေက ဖြေကြတာမျိုး။ အခြားသူ မေးလျှင်
ဆေးလိပ်ခွက် ဒါမှမဟုတ် ကွမ်းအစ်နှင့် အပေါက်ခံရမည့် မေးခွန်းလေးတွေ။
ဆရာပါရဂူနှင့် တွေ့ဆုံခန်းတွင်
‘ပါရဂူ’ ဆိုသည့် နာမည်တစ်လုံးရဖို့ ဘဝခရီးတစ်လျှောက်
မည်သို့မည်မျှ ‘ရင်း’ ခဲ့ရသည့် အကြောင်းကို သိခွင့်ကြားခွင့်ရသည်။ ပါရဂူ ကိုရင်ငယ်ဘဝဖြင့်
လောကုတ္တရာစာပေကို ဆင်းရဲပင်ပန်းကြီးစွာ သင်ကြားရပုံနှင့် ထိုအချိန်က ပါရဂူနှင့်စာသင်ဖက်
ကိုရင်ငယ်များမှာ နောင်အခါ တိုင်းပြည်တွင် ကျော်ကြားထင်ရှားသော ဆရာတော်ကြီးတွေ ဖြစ်လာခဲ့သည်။
သို့သော်
ဆရာပါရဂူက- ‘ကိုအောင်သင်းရေ၊ နောက်ပိုင်းမှာ ကိုယ့်ဘဝကိုယ် ပြန်ပြီးတွေးလိုက်တော့
ကျွန်တော် ဘုန်းကြီးဘဝကို ရောက်ခဲ့တာဟာ သဒ္ဓါစိတ်ကြောင့် မဟုတ်ဘူး၊ ပညာသင်ချင်လွန်းလို့သာ
ဘုန်းကြီးဖြစ်ခဲ့ရတာ။ … ဒါကြောင့်လည်း နောက်ပိုင်း လူထွက်သွားတာပေါ့လေ’ ဟု တစ်နေရာတွင် ဖြေထားသည်။
နောင်မှ လူထွက်သည့်တိုင်
ရဟန်းဘဝဖြင့် ပါရဂူ ပညာဆည်းပူးပုံမှာ အံ့ဩချီးမွမ်းစရာ ကောင်းပါသည်။
ပြီးတော့ ထိုခေတ်ကာလတုန်းက ရဟန်းများကြား ဆရာနှင့်တပည့် ဆက်ဆံရေးနှင့် ပညာသင်ကြားရေးစနစ်ကို
ပါရဂူနှင့် သူ့ဆရာ့ ရှင်တေဇောသာရ (ဒဂုန်ဦးထွန်းမြင့်) အကြောင်း ပြောရာတွင် တစ်စေ့တစ်စောင်း အကဲခတ်နိုင်သည်။ ဆရာက ကျောင်းပြောင်းလျှင် သူ့စာသင် တပည့်တွေကပါ ဆရာ့နောက်လိုက်ပြီး ရွှေ့ပြောင်းကြရသည်။ ထိုသို့ လိုက်ပြောင်းရင်းက
စည်းကမ်းအရာတွင် အလွန်မှတင်းကြပ်သည့် မန္တလေးမြို့ အဘယာရာမကျောင်းတိုက်သို့ ရောက်သောအခါ
ပါရဂူ တို့လည်း လန်ပြေးကြရသည်တဲ့။ အဘယာရာမကျောင်းတိုက်သို့ ပါရဂူ ရောက်သွားချိန်၌ ထိုကျောင်းတိုက်တွင်
ရှိနေကြသည့် ဆရာတော်တွေမှာ နောင်တွင် ထင်ရှားကျော်ကြားလာမည့်
သပြေကန်ဆရာတော် အရှင်ဝါသေဌ ၊ မဟာဂန္ဓာရုံဆရာတော် ရှင်ဇနကာဘိဝံသတို့
ဖြစ်သည်။
ဒုတိယကမ္ဘာစစ်မီးကြီးတောက်လောင်နေစဉ်
မိမိဇာတိရွာတွင် ပြန်လည်နေထိုင်ရာမှ ပညာရပ်တစ်ခုခု လေ့လာနေရမှ နေသာထိုင်သာ ရှိသည့် ပါရဂူသည်
ဗုံးတွေ တရစပ်ကြဲနေသည့်ကြားမှ စွန့်စားပြီး ရန်ကုန်မြို့သို့ တက်လာခဲ့သည်။ “ကျွန်တော်က
ပညာတစ်ခုကို သင်ယူပြီး နေချင်တယ်၊ ဘာပညာမှ တိုးမနေဘဲ ဒီအတိုင်းချည်း
အချိန်ကုန်နေရတာကို နေလို့ကို မရတော့တာ။ အဲဒီတုန်းကတော့ အချိန်ဟာ တန်ဖိုးရှိလှတယ်၊
အလဟသမကုန်သင့်ဘူး ဆိုတာမျိုးတွေ ဘာတွေကို တွေးမိလို့တော့ မဟုတ်ဘူးပေါ့ ဦးအောင်သင်းရယ်၊
ပညာတစ်ခုခုကို သင်မနေရတာကြီးကို စိတ်ပျက်ပြီး မနေတတ် မထိုင်တတ်
ဖြစ်နေတာပါပဲ”
ရန်ကုန်ရောက်ပြီး၊ ဗုန်းတွေကြဲနေလေရာ
နေလို့မဖြစ်၍ သန်လျင်မြို့သို့ ရောက်သွားသည်။ ထိုမှ သန်လျင် ဘီအိုစီရှိ အိန္ဒိယဝန်ထမ်းများအတွက် ဖွင့်ထားသော စာကြည့်တိုက်ပျက်ကြီးထဲမှာ ဟင်ဒီဘာသာဖြင့် ရေးထားသော စာအုပ်တွေကို မဖတ်တတ်ပါဘဲ ငှားပြီး ဖတ်ကြည့်သည်။
ခေါင်းစဉ်လောက်သာ နားလည်သည့် စာအုပ်တွေလည်း ပါသည်။ ထို့နောက် နွားမွေးသည့် ဟိန္ဒူလူမျိုး
အဘိုးကြီးတစ်ဦးထံမှ ဟင်ဒီစာကို သင်ပြီး၊
အဘိဓာန်အားကိုးပြီး စာအုပ်တွေ ဖတ်သည်။
ဖတ်ရုံတင် မကသေး၊ ထိုစဉ်ကတည်းကပင်
ဘာသာပြန်ချင်သည့် ဝါသနာကလည်းရှိနေသဖြင့် မတတ်တတတ်နှင့်ပင် စမ်းသပ်
ဘာသာပြန်နေခဲ့သည်။ နောင်တွင် မြန်မာစာပေထဲသို့ ဟင်ဒီ ဘာသာပြန်
စာအုပ်အများအပြားကို ဘာသာပြန်ပြီး ကျေးဇူးပြုခဲ့သည့် ဆရာပါရဂူ၏
ပညာမွတ်သိပ်မှုမှာ နမူနာယူစရာဖြစ်ပါသည်။ တဖက်တွင် စစ်ကြီးဖြစ်နေသော်လည်း
ပညာလေ့လာ ဆည်းပူးမှုကို ရနိုင်သည့် နည်းလမ်းမျိုးစုံဖြင့် ရှာဖွေခဲ့လေသည်။ ထိုအကြောင်းကို
ဆရာအောင်သင်းက မေးလည်း မေးတတ်သဖြင့် ဆရာပါရဂူဆီမှ
အဖြေစကားတွေ ကြားခွင့်သာပြီး စာဖတ်သူဖို့ အကျိုးများစွာ ရရှိသည်။
ဆရာပါရဂူနှင့် မေးမြန်းရာတွင်
ပညာသင်ကြားရေးကိုများစွာ ကြားရသည်ကဲ့သို့ ‘ငဘ’ ဝတ္ထုကို ဖန်တီးသူ ဆရာမောင်ထင်နှင့်
မေးမြန်းရာတွင် ငယ်စဉ် မြစ်ဝကျွန်းပေါ် လပွတ္တာမြို့ကလေးမှသည် ရန်ကုန်တက္ကသိုလ်အထိ
ပညာသင်ကြားရေး၊ ထို့နောက် မြို့အုပ်ဝန်ထမ်းဘဝအပြင်၊ အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်နှင့်
လွတ်လပ်ရေးရပြီးစ ကာလ လူမသိသေးသည့် နိုင်ငံရေး အုပ်ချုပ်ရေး အတွေ့အကြုံတွေပါ
တစ်စွန်းတစ်စ သိခွင့်ရလာသည်။
ဝန်ကြီးချုပ်ဦးနုက စွယ်စုံကျမ်းအတွက်
ဝင်လုပ်ပေးပါဆို၍ ငါးနှစ်ခန့် ဝင်လုပ်ပေးခဲ့သေးသည်။ ဦးနုနှင့်
တွဲလုပ်ရသည်မှာ မလွယ်။ သူတို့နိုင်ငံရေးသမားလောကက တစ်ယောက်ခေါင်းကို
တစ်ယောက် ဦီးသူက နင်းစတမ်း။ ထို့ကြောင့် သူတို့က ကိုယ့်ကို ခိုင်းကောင်းလို့
ခိုင်းနေကြသော်ငြား အသုံးမလိုလျှင် စွန့်ပစ်ရမှာ ဝန်မလေးသူတွေ
ဖြစ်ရာ၊ သူတို့ကို ကိုယ်က ဦးအောင် စွန့်ခဲ့သည်တဲ့။
ဆရာမောင်ထင်၏ ထင်ရှားသော
‘ကမ္ဘာစာပေအညွှန်း’ စာအုပ်တွဲများ စာပေဗိမာန်နှင့် ဆက်မထွက်တော့သည့်
ကိစ္စကိုလည်း ဆရာအောင်သင်းက တိုက်တိုက်တွန်းတွန်းမေးလေသဖြင့်
မောင်ထင်က အဖြေပေးထားသည်။ မူလတုန်းက ဦးထင်ကြီးနှင့် စာချုပ်ချုပ်စဉ် ခြောက်အုပ်ရေးပေးဖို့
သဘောတူထားခဲ့သည်။ ထို့နောက် ရုရှနှင့် ဂျာမနီ စာပေသမိုင်းကို ရေးဖို့ နှစ်အုပ်ကျန်သေးသည်။
ထိုစဉ် ဝန်ကြီးအသစ်ပြောင်းသည်။ စာပေဗိမာန်က လူငယ်စာရေးဆရာ (နာမည်ထုတ်မပြော)
လေးက ပြောသည်၊ ကမ္ဘာ့စာပေအညွှန်းကို စာပေဗိမာန်က ထုတ်နေတာ မသင့်ပါဟူ၍ အထက်ကို တင်ပြသည်။
အထက်ကလည်း ဇဝေဇဝါနှင် ရပ်လိုက်ပါဟု ညွှန်ကြားရာမှ ရပ်ဆိုင်းထားလိုက်ရတော့သည်။ နောက်တော့ အခြားသူတွေကလည်း ဝိုင်းပြောသဖြင့် ကမ္ဘာ့စာပေအညွန်းကို
ပြန်ရေးပါဟူ၍ ဖြစ်ပြန်သည်။ ဒါနှင့် ပတ်သတ်၍ ဆရာမောင်ထင်က ဤသို့ ဖြေထားသည်။
“…ဒီတော့ ကျွန်တော်က ပြောတယ်၊ ဟဲ့ စာရေးဆရာတစ်ယောက်ကို ရေးလိုက်ဟဲ့၊ ဟဲ့မရေးနဲ့လုပ်နေလို့ တော်ပါ့မလားလို့ ပြောလိုက်တယ်။
ကိုအောင်သင်း စဉ်းစားကြည့်လေ။ စာရေးဆရာကို ဘတ်စ်ကား ကျနေတာပဲ။ ဟိုး ဆရာ ၊ ဆွဲ ဆရာ ဆိုတာလို
ဖြစ်မနေဘူးလား။ နောက်ပြီး ကျွန်တော်ကိုယ်တိုင်ကလည်း ရေးချင်စိတ် မရှိတော့ဘူး၊ ဒါနဲ့
ကျုပ်လည်း ပစ်ထား လိုက်တယ်”
ကမ္ဘာစာပေအညွှန်း စာအုပ်အတွဲများ
စာပေဗိမာန်မှ ဆက်မထွက်ဘဲ တစ်ပိုင်းတန်းလန်း ဖြစ်ခဲ့ရသည့်
သမိုင်းတစ်ကွက်ကို သိရသည်။ အာဏာရှိသူတွေက ထင်ရာစိုင်းကြသည်တွင်
ပညာသည်တွေမှာ ခါးကော့အောင် ခံရသည့် နာကျည်းဖွယ် ဖြစ်ရပ်တစ်ခုပါ။
သူတို့တစ်တွေ ရှုံ့ချည် နှပ်ချည် ပြုကြသည်တွင် ပညာသည်တွေ စိတ်ညစ်ကုန်သဖြင့်
ပညာရပ်နယ်ပယ်မှာ ဆုံးရှုံးမှုတွေ ကြီးလှလေပြီ။ ဆရာမောင်ထင် စကားကို ကြားရသည်တွင် ဆရာဦးဝန်(မင်းသုဝဏ်)
၏ မြန်မာ အဘိဓာန်ပြုစုရေးလုပ်ငန်းကြီး တစ်ပိုင်းတန်းလန်းဖြင့်
ရေစုန်မျောရသည့်အဖြစ်ကိုလည်း အမှတ်ရမိပါသည်။
မန္တလေး တက္ကသိုလ် ပါမောက္ခချုပ်ဟောင်း
ဦးကိုလေး (သို့မဟုတ်) ဆရာဇေယျာမောင်နှင့် တွေ့ဆုံခန်းတွင် ကိုလိုနီခေတ်
အထက်မြန်မာပြည်ရှိ အမျိုးသားကျောင်းများတွင် ပညာသင်ကြားပုံကို များစွာ သိရသည်။ ပြီးတော့
ဦးကိုလေးကိုယ်တိုင်က ကျောင်းသားနိုင်ငံရေးလှုပ်ရှားမှုထဲတွင် ထဲထဲဝင်ဝင် ပါခဲ့သူဖြစ်ရာ
သမိုင်းစာအုပ်တွေထဲမှာ မပါသေးသည့် ဖြစ်ရပ်လေးတွေကိုလည်း ကြားသိရသည်။ မေးသူရော ဖြေသူပါ
တက္ကသိုလ်ဆရာများ ဖြစ်ကြ၍ ကိုလိုနီခေတ်ပညာရေးကို အကျယ်တဝင့် ပြောဆိုကြသည်မှာ
စိတ်ဝင်စားစရာ ဖြစ်ပါသည်။
ပြီးတော့ အင်္ဂလန်သို့
အစိုးရပညာတော်သင်အဖြစ် သွားရသည့် အတွေ့အကြုံများ။ အင်္ဂလန်မှာ ပညာသင်စဉ် စာမေးပွဲတစ်ခုတွင် သူ့ကို ဖြေဆိုခွင့်ပြုဖို့ ကန့်ကွက်ခဲ့သော ပါမောက္ခမစ္စတာပီးကော့
ဆိုသူကို စိတ်နာလွန်းသဖြင့် ရန်ကုန်ပြန်ရောက်သည့်အခါ ဆရာဇေယျာမောင်က
သူမွေးထားသော ခွေးလေးကို ‘ပီးကော့’ ဟု နာမည်ပေးလိုက်သည်တဲ့။ မျက်နှာဖြူတွေ ရှေ့မှာလည်း
အဲဒီခွေးလေးကို ‘ပီးကော့’ လို့ပဲ ခေါ်နေလိုက်သည်တဲ့။ ကျောင်းသားနိုင်ငံရေးလှုပ်ရှားမှုထဲက
လာသည့်သူမို့ ဦးကိုလေးက ခပ်မိုက်မိုက်တော့ ရှိဟန်တူ၏။
အမျိုးသားကျောင်းထွက်များ
အနေနှင့် ထိုခေတ်က အမျိုးသားရေးစိတ်၊ တိုင်းပြည် လွတ်လပ်ရေးရအောင် ကြိုးပမ်းလို့သည့်
စိတ်ဖြင့် ပညာရေးဘက်တွင် အားသန်သူက ပညာရေးတွင် ထူးချွန်အောင် လုပ်ခဲ့သည်ကိုလည်း တစေ့တစောင်း
မြင်ရပါသည်။ ထိုစိတ်ဓာတ်အခြေခံဖြင့် မန္တလေးတက္ကသိုလ်ကို ခြေဖဝါးလက်ဖဝါးဘဝမှ နိုင်ငံခြားတက္ကသိုလ်များကို
နည်းယူပြီး စတင်ပြီ တည်ထောင်ခဲ့ကြသည့် အကြောင်းကိုလည်း ဖတ်ရပါသည်။ မျိုးချစ်စိတ်အခြေခံဖြင့်
မန္တလေးတက္ကသိုလ်ကို ဝိုင်းဝန်းကြသည့် ဖြစ်စဉ်မှာ ပီတိဖြစ်စရာ ကောင်းပါသည်။
သို့သော်လည်း- “အဲဒီလိုနဲ့
၁၉၆၂ ရောက်တော့ တော်လှန်ရေးကောင်စီ တက်လာပါရော။ … အဲဒီအချိန်မှာ
သူတို့က ပညာရေးစနစ်ကိုလည်း ပြောင်းကြဦးမှာကိုး။ မကြာခင်မှာပဲ အင်္ဂလိပ်စာကို ငါးတန်းရောက်မှ
သင်ရမယ်ဆိုတာမျိုးတွေ ပြောလာကြပြီ။ ဒီတော့ သူတို့လုပ်ငန်းမှာ ကျုပ်ဟာ ဘယ်နည်းနဲ့မှ
အံဝင်ခွင်ကျ မဖြစ်နိုင်ဘူးလို့ တွက်ကြတော့တာပေါ့။ ဒါနဲ့ ကျုပ်ကို အငြိမ်းစားပေးဖို့
ဖြစ်လာတော့တာပေါ့”
ဆရာဇေယျာမောင်က ပြောပါသည်။
သို့နှင့် ၁၉၆၂ ခုနှစ်နောက်ပိုင်း အာဏာပိုင်တွေက ခံတွင်းမတွေ့နိုင်သူ အမျိုးသားကျောင်းထွက် ပါမောက္ခကြီးသည် အသက်ငါးဆယ်အရွယ်မှာပင် အငြိမ်းစား
ပေးခြင်းကို ခံရလေသည်။ ထိုမှ ဆရာဇေယျာမောင်သည် ဘာသာရေးဘက်သို့
ရောက်ပြီး နောက်ပိုင်းတွင် ဝိပဿနာဆရာကြီး ဦးဘခင်၊ ဦးဂိုအင်ကာတို့
အတ္ထုပ္ပတ္တိများ ပြုစုသူနှင့် ‘မြတ်ဗုဒ္ဓဒေသနာ’ စာအုပ် ဘာသာပြန်သူဖြစ်လာပုံရသည်။
နောက်ဆုံး တက္ကသိုလ်မင်းမော်နှင့် တွေ့ဆုံခန်းမှာလည်း စနစ်၏
ကမောက်ကမ နိုင်ပုံတွေကို တွေ့ရပြန်သည်။ “ဒီ မြန်မာစာ ဌာနမှာ ပညာအရဆိုရင် ကျုပ်က
အမြင့်ဆုံးဗျ။ ရာထူးကတော့ ကျုပ်အောက်မှာ မြေကြီးပဲ ရှိတော့တယ်” ဟူသော တက္ကသိုလ်မင်းမော်၏
စကားကို တွေ့ရသည်။ အင်္ဂလန်တွင် ပညာတော်သင်အဖြစ် သွားနေစဉ် ပါရဂူဘွဲ့ထပ်ယူဖို့ မြန်မာပြည်မှ
ဆီးနိတ်ကို တင်ပြသည့်အခါ ခွင့်ပြုသည်။ သို့သော် ပါရဂူဘွဲ့အတွက် ပြင်ဆင်နေတုန်း မြန်မာပြည်မှ
ခွင့်မပြုတော့ဘူး ဆိုသည့် အကြောင်းကြားစာ ရောက်လာသည်တွင် အင်္ဂလန်မှ ပညာရှင် အဝန်းအဝိုင်းမှာ အံ့ဩကုန်ကြသည်။
“…အဲဒီတော့ ဟိုက ဘယ်လိုပြောလဲဆိုရင် ‘ထွန်းမြင့်၊
ဒီကိစ္စမှာ ကျိုးကြောင်း ယုတ္တိမသင့်လိုက်လေတဲ့။ ဒီတော့ ကျူပ်က
‘သူတို့က ယုတ္တိဗေဒပညာရှင်တွေမှ မဟုတ်ဘဲ’ လို့ ပြောလိုက်တော့ ရယ်လိုက်ကြတာဗျာ။ ပြီးတော့
သူတို့က ရန်ကုန်တက္ကသိုလ်က ဆီးနိတ်ကို အပြစ်တင်တယ်။ ကျူပ်က မဟုတ်ဘူး၊ ကျုပ် ပြဿနာကို
ဝန်ကြီးအဖွဲ့က ဆုံးဖြတ်တာ ဆိုလိုက်တော့ သူတို့က အံ့အားသင့်သွားပြီး ကက်ဘိနက်ကိုတောင်
ရောက်ရတယ်ဆိုတော့ ထွန်းမြင့် မင်းက တကယ့် ဗွီအိုင်ပီပါလားလို့ ပြောပြီး ရယ်ကြတယ်”
ပညာရပ်နယ်တွင် အစိုးရအုပ်ချုပ်ရေးပိုင်းက
အုပ်စီးချယ်လှယ်သည့် သရုပ်သကန်တစ်ခုကို မြင်လိုက်ရပါသည်။
စာအုပ်တွင် ပါဝင်သည့်
ဆရာပါရဂူမှ လွဲ၍ ကျန်ပုဂ္ဂိုလ်သုံးဦးမှာ တက္ကသိုလ်ပညာရေးကို ရရှိခဲ့သူများဖြစ်သည်။
သူတို့၏ ဘဝနောက်ခံများ မတူကြသော်လည်း ပါရဂူ၊
မောင်ထင်နှင့် ဇေယျာမောင်တို့ သုံးဦးမှာ တစ်ခေတ်တည်း ဖြတ်သန်းခဲ့ကြသူများဖြစ်ပါသည်။
သူတို့ထဲတွင် တက္ကသိုလ် မင်းမော်က အသက်အားဖြင့် ငယ်ပါလိမ့်မည်။ သူတို့
အားလုံးတွင် တူညီချက်မှာ ပညာကို ချစ်မက်စိတ်ပင် ဖြစ်ပါသည်။ ကိုယ်စီတွင် ဘဝအတွေ့အကြုံ များကြသူတွေဖြစ်သည့်အလျောက်
မေးခွန်းမေးသူက မေးတတ်၍ သူတို့ထံမှ ထွက်လာသော
အဖြေများက စိတ်ဝင်စားစရာချည်း ဖြစ်ပါသည်။ ကျပ်တည်းသော ခေတ်ကြီးထဲမှာပင် ပညာကို
ရရာနည်းနှင့် ရှာကြဖို့ ဤအင်တာဗျူးများက အထောက်အကူပြုနိုင်မည်ထင်၍ ဖတ်ကြည့်ပါဟုသာ လက်တို့ချင်
သည်။ အခြားသူတို့၏ အတွေ့အကြုံမှတစ်ဆင့် ကိုယ်ပိုင်အတွေးအမြင်တစ်ရပ်ကို ဆင်ခြင် တည်ဆောက်ယူနိုင်ပါလျှင် စာဖတ်ရကျိုး နပ်ပေပြီ။
▀
မောင်ဘစီ
၃၁ ဇန်နဝါရီ ၂၀၂၅
စာအုပ်ဆိုင်ရာအချက်အလက်များ
စာအုပ်အမည်- အောင်သင်းအမေး သူတို့အဖြေ
စာရေးသူ- အောင်သင်း
ထုတ်ဝေခြင်း။ အိမ်ချမ်းမြေ့စာအုပ်တိုက်။ ဒုတိယအကြိမ်၊ ဇန်နဝါရီ၊ ၂၀၂၂
ခုနှစ် ။
စာမျက်နှာအရေအတွက် - ၂၆၄
(ပါရဂူ သို့မဟုတ် အလှကုန်သည်နှင့်
တွေ့ဆုံခြင်း၊ ‘ငဘ’ဖန်တီးရှင် မောင်ထင်နှင့် တွေ့ဆုံခြင်း၊ ဇေယျာမောင်(ဦးကိုလေး)
နှင့် တွေ့ဆုံခြင်း၊ သူငယ်ချင်းကဗျာဆရာနှင့် တွေ့ဆုံခြင်း စသည့် အင်တာဗျူး ၄ပုဒ် ပါဝင်သည်)
နေ့စဉ်နှင့်အမျှ ကျွန်တော်တို့ မမြင်ချင်လည်း မြင်ရ၊ မကြားချင်လည်း ကြားရ၊ မကြုံချင်လည်း ကြုံနေရသည့် ဆိုးဝါးလွန်းသော အတွေ့အကြုံတွေထဲမှာ ကျွန်တော်တို့ ပြိုလဲမကျသွားဘူးလို့ မဆိုနိုင်။ အခြားသူတွေတော့ မသိ။ က...
လေးစားအပ်သော မြန်မာစာရေးဆရာတွေ ဘာကြောင့်များ ‘ခေတ်ကို အပြစ်ဆို’ကာ စိတ်ဓာတ်ကျနေကြပါမည်လဲ။ ယစ်ရွှေရည်တွင် ရီဝေ ရီဝေ လုပ်ရင်း လောကကို စိတ်နာနေကြမည်လား။ ဗျစ်ရည် စုပ်ရင်း ကြုံနေရသည့် စနစ်ကို ဆဲရေးတိုင်းထွာ...
ရူးသွပ်သွားလို့ အနုမြူဗုံးကြဲဖို့ ခလုတ်နှိပ်တော့မယ်ဆိုရင် ခဏရပ်သင့်ပါတယ်။ ဒီလက်ဖက်ခြောက်ထုပ်တွေထဲက လက်ဖက်ရည်တစ်ခွက် သောက်ပါလို့။ ကမ္ဘာပေါ်က လူတွေကတော့ ဗုံးတွေထက် ပေါင်မုန့်သာ လိုချင်တယ်၊ သေခြင်းထက် ရှ...