စာအုပ်သုံးသပ်ချက်

လူရွှင်တော်ရေးတဲ့ ဝတ္ထုတိုတွေ

မောင်ဘစီ

01 January 2025
လူရွှင်တော်ရေးတဲ့ ဝတ္ထုတိုတွေ
Share to

မန္တလေးမြို့က လူရွှင်တော် ချစ်စရာ ရေးသည့် ဝတ္ထုတို စာအုပ်ကို မကြာမီက ဖတ်ဖြစ်သည်။ ကိုပီတိနှင့်အသက်စက်စက်ဟု အမည်သညာပြုထားသော ဝတ္ထုတိုပေါင်းချုပ်ဖြစ်သည်။ ၂၀၀၅ ခုနှစ်က ပထမအကြိမ် ထုတ်ဝေခဲ့ပြီး၊ ဒုတိယအကြိမ်အဖြစ် ၂၀၂၄ ခုနှစ် နိုဝင်ဘာလထဲတွင် ပြန်လည် ပုံနှိပ် ထုတ်ဝေသည်ဟု ပုံနှိပ်မှတ်တမ်းအရ သိခွင့်ရသည်။ ရသစာပေ အရေးကြီးသည်ဟု ကြွေးကြော်နေရင်းက ရသစာပေ လှော်ရင်းနစ်နေသည့် ခေတ်ကြီးထဲတွင် စာဖတ်ပရိတ်သတ်ထံသို့ ဤသို့သော ဝတ္ထုတိုစာအုပ်တစ်အုပ် ဒုတိယအကြိမ်ပြန်လာနိုင်သည့်အဖြစ်အတွက် ပီတိဖြစ်မိပါသည်။

(ဦး) ချစ်စရာ ရေးသည့် ဝတ္ထုတိုတွေကို သည့်အရင်က မဖတ်ဖူးခဲ့ပေ။ လူရွှင်တော်တစ်ဦး အနေဖြင့်သာ သိထားခဲ့သည်။ ဂျာနယ်များခေတ်ကောင်းစဉ်က သူရေးသော စာအချို့ကို ဟိုမှာ သည်မှာ တွေ့ဖူးသည့်တိုင် အမှတ်ထင်ထင် မရှိခဲ့သည်ကိုလည်း ဝန်ခံရမည်။ ထို့ကြောင့် ‘ကိုပီတိနှင့် အသစ်စက်စက်’ ဝတ္ထုတိုပေါင်းချုပ် စာအုပ် ပထမအကြိမ် ထွက်ခဲ့သည်ကို သတိမမူမိခဲ့ခြင်း ဖြစ်သည်။

ယခု ချစ်စရာ ရေးသည့် ဝတ္ထုတွေနှင့်လည်း အမှတ်မထင်ဘဲ ရေစက်ဆုံရခြင်းသာ ဖြစ်သည်။ ပြီးခဲ့သည့် တနင်္ဂနွေတစ်ပတ်က မိတ်ဆွေ ပုံနှိပ်စက်ပိုင်ရှင်တစ်ဦး ကျွန်တော်ဆီ ရောက်လာသည်။ သူ့လက်ထဲတွင် စာအုပ်သစ်တစ်အုပ် ကိုင်လာပြီး ‘ရော့၊ အစ်ကိုဖို့….’ ဟု ပေးသည်။ သူက သူ့ပုံနှိပ်စက်သို့ စာအုပ်တိုက်တကာက လာရိုက်နှိပ်သမျှ စာအုပ်တွေထဲမှ ကျွန်တော် ကြိုက်လောက်သည့် စာအုပ်မျိုးဟု ယူဆလျှင် သူ့အတွက် ရသည့် စာအုပ်လက်ဆောင်အရေအတွက်ထဲမှ ခွဲဝေပေးတတ်သည်။ သူ့ ကျေးဇူးပြုမှုကြောင့် ဤဝတ္ထုတိုပေါင်းချုပ် စာအုပ်လေးကို ဖတ်ဖြစ်သွားသည်။ ချစ်စရာ၏ အရေးအသားတွေနှင့် ဒုတ်ဒုတ်ထိ ဆုံဖြစ်ပြီ ဆိုကြပါစို့။

သူ ပြန်သွားတော့ လက်ထဲတွင် ရောက်နေသည့် ဝတ္ထုတိုလေးတွေကို ဖွင့်ပြီး ဟိုဟိုသည်သည် လှန်ဖတ်မိသည်။ အစုစု ဝတ္ထုတိုပေါင်း ဆယ့်ငါးပုဒ် ပါဝင်သည်။ ခေါင်းစည်များမှာ ကိုပီတိ နှင့်ချည်း အစချီထားသော အမည်များဖြစ်သည်။ ကိုပီတိနှင့် မင်္ဂလာသစ်၊ ကိုပီတိနှင့် သိုင်းကွက်သစ် အစရှိသဖြင့် တွေ့ရသည်။ ကိုပီတိမှာ ဝတ္ထုရေးသူ ချစ်စရာ၏ ကိုယ်ပွားဇာတ်ဆောင်တစ်ဦး။ သူ့ ဝတ္ထုတိုလေးတွေ ဖတ်ရင်းက ဆရာမောင်ကိုယု၏ ခေတ်သစ်မောင်ရင်မောင် မမယ်မ ဝတ္ထုတိုလေးတွေကို သတိရနေမိသေးသည်။

ချစ်စရာသည် ပုံပြောကောင်းသူတစ်ဦးမှန်း ပထမ ဝတ္ထုတိုတစ်ပုဒ်ကို စဖတ်မိလိုက်ကတည်းက ကျွန်တော် ခံစားမိလိုက်ပါသည်။ ဒုတိယ ဝတ္ထုတိုလေးကို ဆက်ဖတ်မိချိန်မှာတော့ ကျွန်တော် သေချာသွားပြီ၊ ချစ်စရာသည် တကယ်ပုံပြောကောင်းသူဖြစ်သည်။ ပြီးတော့ သူက ဝါရင့် လူရွှင်တော်ကြီး မဟုတ်လား။ အာဝဇ္ဇန်းက ရွှင်လှ၊ သွက်လှ၊ မြူးလှ၏။ ဝတ္ထုရေးရာတွင် သူ၏ လူရွှင်တော်လေကို မဖျောက်နိုင်။  ဒါမှမဟုတ် တမင်ပင် မဖျောက်ဘဲ ထားတာလည်း ဖြစ်နိုင်သည်။ ထို လူရွှင်တော်လေဖြင့် ခပ်ရွှင်ရွှင်သွက်သွက်  အရေးအသားများကပင် ချစ်စရာ၏ ဝတ္ထုတိုများကို ကိုယ်ပိုင်ဟန် ဖြစ်ပေါ်စေပြီး၊ စာဖတ်သူကိုလည်း ဆွဲဆောင်ထားနိုင်ပေသည်။

ဝတ္ထုတိုပေါင်းချုပ်ဟု ဆိုထားသော်လည်း ဝတ္ထုတိုများမှာ တစ်ပုဒ်ချင်း ဆက်စပ်မှုရှိသည်။ ဝတ္ထုတိုင်းတွင် ကိုပီတိနှင့် သူ့မယား မပွဲကြည်တို့က ပင်တိုင်ဇာတ်ဆောင်များဖြစ်ကြသည်။ ကိုပီတိက အငြိမ့်လူရွှင်တော်။ ပွဲလှည့်ကရင်း တောသူ သူဌေးသမီး၊ အငြိမ့်သမီးဖြစ်ချင်လို့ ကိုပီတိတို့ အငြိမ့်ထဲ အကပညာသင်အဖြစ်ရောက်လာသူ  မပွဲကြည်နှင့် နဖူးစာဆုံစည်း ပုံကို ပထမဆုံး ဝတ္ထုမှာ ရေးပြသည်။ မပွဲကြည် သရုပ်ကို ကိုပိတိနှင့် အငြိမ့်ကဖက် လူရွှင်တော် ကိုအာယုက  တစ်တစ်ခွခွ သရုပ်ဖော်သည်။

“ယိမ်းသမပညာသင်တဲ့ကွာ၊ ဂျပန် နပန်းသမားများလား အောက်မေ့ရတယ်၊ နည်းတဲ့ ကိုယ်လုံးကြီးမဟုတ်ဘူး၊ မျက်နှာပေါက် ကတော့ တကယ့် စံရှားတင်ပဲမောင်၊ ထီးချိုင့်ကတဲ့၊ မိဘတွေက လူချမ်းသာတွေတဲ့”

နောက်ထပ်လာမည့် ဝတ္ထုတွေမှာ ကိုပီတိကို နိုင်စားတော့မည့် မပွဲကြည်သရုပ်ကလည်း ပီပါပေ့။ ကိုပီတိက မပွဲကြည် မေတ္တာကို ရအောင် ပိုးပမ်းယူပြီးချိန်မှာ  မပွဲကြည်က ဘာပြောသည် မှတ်သလဲ။

“ ကျုပ်က တောသူတော့၊ ကြိုက်ရင် ယူရမှာ”

“အင်းပါဟာ၊ ငါလည်း မင်္ဂလာဆောင်ဖို့ စဉ်းစား….”

“မနေ့ကတင် လူကြုံနဲ့  အဖေတို့ အမေတို့ကို မှာလိုက်ပြီတော့’’

“ ဟိုက်”

သို့နှင့် ကိုပီတိနှင့် မပွဲကြည် ညားကြလေသတည်း။

 

ကိုပီတိနှင့် မပွဲကြည် မင်္ဂလာဆောင်ကြသည့် ဝတ္ထုအပြီးတွင် ‘ကိုပီတိနှင့် သိုင်းကွက်သစ်’ ဆိုသော ဝတ္ထုကို ဆက်ဖတ်ရသည်။ အဖွင့် အရေးအသားမှာ ကျွန်တော်တို့ ငယ်စဉ်က ဖတ်ခဲ့ရသော သိုင်းဝတ္ထုများကိုပင် သတိရသွားစေသည်။ သေမင်း ဝါးရုံတောမှာ ရောင်စဉ်ခုနှစ်လွှာဓားကို သွားရှာသည့် သိုင်းသမားကိုပီတိနှင့် ရင်တထိတ်ထိတ် လိုက်ပါရင်း ဝါးရုံတောထဲက မျောက်သိုင်းဆရာကြီး ယန်စွေ့ယုန်နှင့် ရင်ဆိုင်အတွေ့။ မျောက်စိတ်ဝင်နေသည့် ရန်သူကို သိုင်းသမားကိုပီတိက သေမင်း လက်ဝါးတစ်ချက် လွှတ်လိုက်ရာ  မျက်နှာတစ်ခြမ်း ရွဲ့ထွက်သွား၊ ထို့နောက် ပတ်ခြေဖဝါး လှည့်ရိုက်လိုက်ရာ ရန်သူ ငိုက်ကျ အသွားတွင် အရှိုက်ဆီသို့ ဒူးပျံတစ်ချက် ပစ်အသွင်း….။ ဝတ္ထုဖတ်နေသည့် စာဖတ်သူ့အဖို့မှာ ရင်တမမဖြစ်နေစဉ် လဲကျသွား သည့် ရန်သူ့ရှေ့မှာ သိုင်းသမား ကိုပီတိ အားရပါးရ ကြွေးကြော်သံကို ဤသို့ ကြားလိုက်ရ၏။

“ အကြွေးတွေ များလွန်းလို့ သေလည်း အေးရောဆိုပြီး ဒီခရီးကို ထွက်လာတာ။ ငါ သေမှာ မကြောက်ဖူးကွ၊ နောင်ဘဝထိ ဆက်မှတ်သွား။ မင်းတို့ကို အနိုင်ယူသွားတဲ့သူဟာ မြန်မာပြည်က လူရွှင်တော် ပီတိတဲ့၊ ဟား ဟား”

ပြုံးရမလို ငိုရမလို ဖြစ်သော်ငြား ချစ်စရာ၏ အရေးအသားနှင့် ကိုပီတိ၏ ဇာတ်ရုပ်မှာ ငြိတွယ်စပြုနေပြီဖြစ်သည့် စာဖတ်သူအဖို့တွင် ရပ်မပစ်နိုင်ချေ။ ဆက်ဖတ်တော့ ရှေ့မှာ လင်ဖမ်းဥယျာဉ်တော်က လင်ညီအစ်မများနှင့် ကိုပီတိတို့ ဆုံကြလေပြီ။ လင်ရှောင်၊ လင်ရှောက်ရှာ၊ လင်ကျန်းရီ နှင့် လင်လုယူ ဆိုသော လင်ညီအစ်မလေးဖော်က ကိုပီတိကို သူတို့ကျွမ်းကျင်ရာ တိုက်ကွက်တစ်မျိုးစီဖြင့် တိုက်ခိုက်လေတော့သည်။ ထိုအထဲမှာ ပလွေဝိဇ္ဇာလင်ရှောင်၏ ပုလွေသိုင်းက စွမ်းလှချည့်။ လူမပြောနှင့် ဆင်ရိုင်းတွေတောင် ခွေခနဲ လှဲသေနိုင်လောက်သည့် အံ့မခန်းအစွမ်း။ သိုင်းသမား ကိုပီတိ၏ ဆရာကြီးက  မင်း အာရုံတွေ မထွေပြားစေနဲ့။ သူ ပလွေစွမ်းပြနေချိန်မှာ မင်းအာရုံတွေ တခြားမှာ ရောက်နေပါစေ ဟူသော မိန့်မှာချက်ကို သတိရသွားသည်။ လင်ရှောင်၏ နှင်းဆီသွေးနှုတ်ခမ်းနှစ်လွှာက  ပလွေအစွမ်း စတင်လေပြီ။

သိုင်းသမား ကိုပီတိလည်း သူ့အသိအာရုံမှန်သမျှကို သူ၏ မပြေလည်သော စီးပွားရေးအပေါ် ပုံချထားလိုက်ရာ သူ့စိတ် အစဉ်တွင် စိတ်ညစ် နောက်ကျိစရာ၊ ဒေါသထွက်စရာ၊ ပူဆွေးသောက ဖြစ်စရာတွေသာ မင်းမူနေသောကြောင့် လင်ရှောင်၏ ပလွေသိုင်းကွက်မှာ မထိရောက်လှ။

လင်ညီအစ်မ လေးဖော်ကို အသီးသီးအောင်ပွဲခံအပြီးနောက် သူရှာနေသော ရောင်စဉ် ခုနှစ်လွှာ ရတနာဓားကို ပိုင်ဆိုင်ရတော့မည့် ဆဲဆဲ၊ ရတနာဓားကို ရောင်းစားပြီး အကြွေးဆပ်မည်၊ ကိုယ်ပိုင်အငြိမ့်ထောင်မည်ဟု စဉ်းစားပြီ ကိုပီတိ၏ အကြောပေါင်းတစ်ထောင်တွင် အိပ်မက်တွေ စိမ့်စမ်းလို စီးနေခိုက်၊ မင်းတို့ တရုတ်သိုင်းအကြော်အမော်တွေကို ဖြိုပြီး အောင်ပွဲခံတဲ့ ပီတိကွဟု  ကြွေးကြော်လိုက်စဉ်ခဏတွင် မပွဲကြည်က ကိုပီတိကို လှုပ်နှိုးသဖြင့် ကယောင်ကတမ်း အိပ်မက် နေရာမှ ကိုပီတိ လန့်နိုးလာရသည်။

အိပ်မှုန်စုံမွှားနှင့် ကိုပီတိကို သူ့မယား မပွဲကြည်က ယခု သူတို့ အိမ်ငှားနေထိုင်သော အိမ်ကို မူဆယ် ရွှေလီဘက်မှ တရုတ်တွေဆီ အိမ်ရှင်က ရောင်းပစ်လိုက်ပြီဖြစ်ရာ တစ်ပတ်အတွင်း ရွေ့ပေးရမည် ဖြစ်ပြီး၊ မြို့သစ်ဘက်တွင် ဈေးပေါသည့် အိမ်ကလေးတစ်လုံး အမြန်ရှာရမည့်အကြောင်း တုန်တုန်ယင်ယင်နှင့် ပြောသည့်အသံကို ကြားရလိုက်ရသည် ကိုပီတိမှာ ဗလောင်ဆူသွားတော့သည်။ စောစောက မှေးခနဲ အိပ်ပျော်သွားစဉ်  ဖတ်လက်စ သိုင်းဝတ္ထုနာမည်ကို  ဂယောင်ဂတမ်း လှန်ကြည့်လိုက်သည့်အခါ ဝတ္ထုအမည်က ‘အဝေးရောက် လျှပ်တစ်ပြက် သိုင်းကွက်သခင်’ ဖြစ်နေသည်။

တရုတ်သိုင်းသမားတွေကို အနိုင်ယူနေသော ကိုပီတိနှင့် လိုက်ပါအောင်ပွဲခံနေသော စာဖတ်သူမှာ အဆုံးသတ်ကျမှ နာနာကျင်ကျင် ခံစားလိုက်ရသည်။

ဝတ္ထုအစများတွင် ဟာသနှင့် ရွှန်းလက်သော ချစ်စရာ၏ အရေးအသားကြောင့် ဝတ္ထုအဆုံးတွင် ရွှင်မြူးရလိမ့်မည်ဟု မျှော်လင့်တကြီး လိုက်ပါခဲ့မိသော စာဖတ်သူမှာ အဆုံးတွင် မျှော်လင်သလို မဖြစ်တတ်ပေ။ အမည်နာမတပ်ခြင်းငှာ မစွမ်းသော ခံစားမှု ဝေဒနာတစ်ရပ်ကို ရင်ဝယ်ပိုက်လျှက် ငေါင်ငေါင်ကြီး ကျန်နေရစ်ရတော့သည်။ ရွှင်မြူးစွာ ဆွဲဆောင်တတ်သော လူရွှင်တော်သည် ရယ်စရာတွေနောက်မှာ မောစရာတွေ ရှိလေရဲ့ဟု စာဖတ်သူကိုများ ပြောချင်နေပုံလည်း ရသည်။

ကိုပီတိနှင့် ဆုံးဖြတ်ချက်သစ် ဝတ္ထုတွင် ဘုရင့်နောင် ဖောင်ဖျက်သော နောင်ရိုးတိုက်ပွဲ အခင်းအကျင်းဖြင့် တခမ်းတနား ဖွင့်လိုက်အပြီး၊ ကိုပီတိတို့၏ ဇာတ်ဆရာက လက်ရှိ အငြိမ့်ထောင်၏ မတရားပြုမှုတွေ လက်အောက်က လွှတ်အောင် ရုန်းကြစို့ဟု စည်းရုံးနေသည်။ ကိုယ့်ဘာသာ တစ်စင်ထောင်ကြစို့။ ပညာကို တန်ဖိုးမထား ငွေတစ်မျက်နှာသာ ကြည့်သည့် တစ်ဘို့တည်းသမား အငြိမ်ထောင်ကို ထားခဲ့တော့။ ကိုယ့်ကြမ္မာကိုယ်ဖန်တီးကြစို့ရဲ့ ဟူသော ဇာတ်ဆရာ၏ စကားမှာ ကိုပီတီ၊ အာယုနှင့် ကြာပေါ်တို့ ယုံမှတ်မှား။

ဟုတ်ပြီ၊ မာနရှိတဲ့အနုပညာသမားကွ၊ ငတ်ချင်ငတ် ပညာကို ခေါင်းပုံလာမဖြတ်နဲ့ မခံဘူးဟု ကြွေးကြော်ကာ ကိုယ့်ဘာသာ တစ်စင်ထောင်အပြီးတွင် မှန်းချေအတိုင်း မကိုက်ဖြစ်နေခိုက် ကိုပီတိနှင့်အတူ ဖောင်ဖျက်လာခဲ့သော လူရွှင်တော် အာယုနှင့် ကြာပေါ်တို့က သတင်းတစ်ခု လာပေးသည်။ သူတို့ဆရာသမားက ညကြေးတိုးပေးလို့ ယခင် အငြိမ့်ထောင် ဟောင်းနောက် ကောက်ကောက်ပါအောင် ပြန်လိုက်သွားသည်တဲ့။  လူပြက်တွေက  အငြိမ့်ကထွက်လို့ လက်လွန်ကုန်မှ သစ္စာဖောက်သည့် အာစရိအတွက် ကိုပီတိက နာကျင်စွာ မှတ်ချက်ချလိုက်သည်။

“ဖောင်တော့ဖျက်တာပဲကွာ၊ ဖောင်လည်းပျက်ရော အငြိမ့်ထောင်က ပဲ့ချိတ်နဲ့လာခေါ်တာနဲ့  အားနာပြီး ပြန်ပါသွားတာ ထင်ပါရဲ့ကွာ၊ ဟီး”

ဝတ္ထုရေးသူ ချစ်စရာ၏ ကိုပီတိ ဝတ္ထုတွဲများ အားလုံးနီးနီးမှာ သူ၏ ဟာသဉာဏ်ရွှင်သော အရေးအသား အထုံးအဖွဲ့တို့ဖြင့် စာဖတ်သူကို ဆွဲဆောင်သွားပြီး နောက်ဆုံးတွင်မှ နာကျင်သော ဝေဒနာတစ်ရပ်ဖြင့် ချန်ရစ် ဖြတ်ချထားလေ့ရှိသည်။ သူ့ဝတ္ထုအများစုက  ရယ်ပြီးမှ ငိုရသည်။ မျှော်လင့်ချက်ဖြင့် လာခဲ့ပြီးမှ စိတ်ပျက်အားလျော့စွာ နောက်ကြောင်းပြန်လှည့်သည်။ အိပ်မက်ကမ္ဘာတွင် သာယာသော တေးသံများနှင့် ချော့မြူအပြီး စိမ်းရိုင်းရက်စက်သော လောကထဲသို့ ကောက်ခါငင်ကာ ပြန်ပို့လိုက်သည်။ ညင်းပျောင်းသော လေပြေလေးတွေ တိုက်နေခိုက်မှာ ရုတ်တရက် မုန်တိုင်းကျသည့်နှယ် စာဖတ်သူကို ချောက်ခြား စေတတ်သည်။ 

ဤဝတ္ထုတိုပေါင်းချုပ်တွင် ပါဝင်သော ဝတ္ထုတိုများအားလုံးမှာ အငြိမ့်သဘင်လောကကို နောက်ခံကားအဖြစ် ထားပြီး ဖန်တီးထားခြင်းဖြစ်သည်။ ဝတ္ထုဟု ခေါင်းစည်းတပ်ထားသဖြင့် စိတ်ကူးဖြင့် ဖန်တီးစာများဟု ပြောရသော်လည်း ဝတ္ထုဖတ်ရင်း အငြိမ့်သဘင်လောကကို တစေ့တစောင်း မြင်ရသည်။ အထူးသဖြင့် အငြိမ့်သဘင်လောကထဲက ပညာသည်တွေ၏  ဆူကြုံနိမ့်မြင့် ဘဝသဘောကို ဝတ္ထုဖတ်နေသော စာဖတ်သူသည် သတိထားမိလာနိုင်ပါသည်။ ပွဲသဘင် ရာသီတွင် လက်ဖျားငွေသီးသလို ပွဲနားပွဲပါး ရာသီတွေမှာ ကြုံရာ ခါတော်မီလုပ်ရင်း ဝမ်းကျောင်းရသည့် သဘင်သည် ဘဝကို စာဖတ်သူတွေ ကြားယောင်ယောင် မြင်ယောင်ယောင် ဖြစ်လာအောင် ရေးပြနိုင်စွမ်း ရှိသည်။ ဝတ္ထုရေးသူ ချစ်စရာသည် အငြိမ့်လူရွှင်တော်တစ်ဦးလည်း ဖြစ်ရာ၊ သူပိုင်နိုင် ကျွမ်းကျင်သော လောက၏ သရုပ်ကို နိုင်သည်။ ပြီးတော့ လူရွှင်တော်၏ အာဝဇ္ဇန်းသည် သူ့ဝတ္ထုအရေးအသား၏ ဟန် ဖြစ်လာသည်။

ဝတ္ထုကို မည်သို့ရေးမှ ဝတ္ထုဖြစ်သည်ဟူသော ဝတ္ထုရေးရာသဘောတရားတွေ အမြောက်အမြား ရှိခဲ့ပါသည်။ ကျွန်တော်သည် စာပေသဘောတရားပညာရှင် မဟုတ်သဖြင့် ချစ်စရာ၏ ဝတ္ထုတိုများသည် ဝတ္ထုတို အရာ မြောက်၏၊ မမြောက်၏ ဟူ၍ သုံးသပ်ရန် မစွမ်းနိုင်ပါ။ ဤပေါင်းချုပ်စာအုပ်တွင် ပါဝင်သော ဝတ္ထုတို ဆယ်ငါးပုဒ်စလုံးသည်လည်း အကောင်းချည်း အညွှန့်ချည်းဟု မဆိုလိုပါ။ ဖတ်သူ၏ ရင်ထဲသို့ မထိုးဖောက်နိုင်သော ဝတ္ထုတစ်ပုဒ်အချို့လည်း ရှိပါသည်။ သို့သော် ရသစာပေကို တပ်မက်သည့် စာဖတ်သူ စ်ယောက်အနေဖြင့် ဆိုရလျှင် ချစ်စရာ၏ ‘ကိုပီတိ’ ဝတ္ထုတို ဆယ့်ငါးပုဒ်အနက် အများစုကို ဖတ်ရသည်တွင် ကျေနပ်မှုရပါသည်။ ပြီးတော့ ခံစားမှု ဝေဒနာဖြစ်ပါသည်။ ထိုဝေဒနာသည် ဝတ္ထုရေးဆရာ ဖန်တီးပြသော လောကကို ကျော်၍ ကိုယ့်ပတ်ဝန်းကျင်ကို ကြည့်ဖို့ လောက၏ သဘောကို စေ့ငုဖို့ရာ အခါမလပ် သတိပေးနေပါသည်။ ဤသည်ပင် ရသစာပေ၏ သတ္တိအစွမ်းပေလော။ ကျွန်တော်မသိပါ။

ကျွန်တော်က ချစ်စရာ၏ ဝတ္ထုတိုလေးတွေဖတ်ရင်း ကျေနပ်မှုရသဖြင့် မိတ်ဆွေများသို့ ထပ်ဆင့် ဖောက်သည်ချသူသာ ဖြစ်ပါသည်။ ဆိုင်းဆရာ စိန်တင်ဟန်၏ ‘ဆိုင်းသမား’ စာအုပ်ကို ဖတ်ပြီးနောက် ကျွန်တော်သည် စိန်တင်ဟန်၏ ပရိသတ်ဖြစ်သွားခဲ့ဖူးပါသည်။ ယခု လူရွှင်တော် ချစ်စရာ၏ ဝတ္ထုတိုလေးများကို ဖတ်ပြီးသည့်အခါတွင်လည်း ကျွန်တော်သည် ချစ်စရာ၏ စာဖတ်ပရိသတ် ဖြစ်လာခဲ့လေပြီ။

မောင်ဘစီ

ဒီဇင်ဘာ၂၀၂

စာအုပ်ဆိုင်ရာအချက်အလက်များ

စာအုပ်အမည်-  ကိုပီတိနှင့် အသစ်စက်စက် (ဝတ္ထုတိုပေါင်းချုပ်)

စာရေးသူ- ချစ်စရာ

ထုတ်ဝေခြင်း။ Read It စာပေ။ ဒုတိယအကြိမ်၊ နိုဝင်ဘာ၊ ၂၀၂၄ ခုနှစ် ။

စာမျက်နှာအရေအတွက်  - ၁၂၇

(ကိုပီတိနှင့် မင်္ဂလာသစ် ၊ ကိုပီတိနှင့် သိုင်းကွက်သစ်၊ ကိုပီတိနှင့် ပရဟိတသစ်များ၊ ကိုပီတိနှင့် လှည့်ကွက်သစ်၊ ကိုပီတိနှင့် လေလံသစ်၊ ကိုပီတိနှင့် ဝေဒနာသစ်၊ ကိုပီတိနှင့် ပီတိသစ်၊ ကိုပီတိနှင့် ဆုံးဖြတ်ချက်သစ်၊ ကိုပီတိနှင့် မှာပုံတော်သစ်၊ ကိုပီတိနှင့် ဒဏ္ဍာရီသစ်၊ ကိုပီတိနှင့် ကူးစက်ရောဂါသစ်၊ ကိုပီတိနှင့် ရှားလော့ဟုမ်းသစ် ၊ ကိုပီတိနှင့် ပွဲငှား- ၁ ၊ ကိုပီတိနှင့် ခွင်သစ်၊ ကိုပီတိနှင့် ဆုတောင်းသစ်  အစရှိသည့် ဝတ္ထုတို ၁၅ ပုဒ် ပါဝင်သည်။ )


Related Articles

စာအုပ်သုံးသပ်ချက်
...
ဂုဏ်ရောင်ပြောင်စွာ ရှင်သန်ကျန်ရစ်သူများ
မောင်ဘစီ

နေ့စဉ်နှင့်အမျှ ကျွန်တော်တို့ မမြင်ချင်လည်း မြင်ရ၊ မကြားချင်လည်း ကြားရ၊ မကြုံချင်လည်း ကြုံနေရသည့် ဆိုးဝါးလွန်းသော အတွေ့အကြုံတွေထဲမှာ ကျွန်တော်တို့ ပြိုလဲမကျသွားဘူးလို့ မဆိုနိုင်။ အခြားသူတွေတော့ မသိ။ က...

စာအုပ်သုံးသပ်ချက်
...
စာမရေးဖြစ်သော စာရေးဆရာများသို့
မောင်ဘစီ

လေးစားအပ်သော မြန်မာစာရေးဆရာတွေ ဘာကြောင့်များ ‘ခေတ်ကို အပြစ်ဆို’ကာ စိတ်ဓာတ်ကျနေကြပါမည်လဲ။ ယစ်ရွှေရည်တွင် ရီဝေ ရီဝေ လုပ်ရင်း လောကကို စိတ်နာနေကြမည်လား။ ဗျစ်ရည် စုပ်ရင်း ကြုံနေရသည့် စနစ်ကို ဆဲရေးတိုင်းထွာ...

စာအုပ်သုံးသပ်ချက်
...
ဂန္ဓီသင်္ချိုင်းမှ ကနေဒီသင်္ချိုင်းအထိ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ခြင်း
မောင်ဘစီ

ရူးသွပ်သွားလို့ အနုမြူဗုံးကြဲဖို့ ခလုတ်နှိပ်တော့မယ်ဆိုရင် ခဏရပ်သင့်ပါတယ်။ ဒီလက်ဖက်ခြောက်ထုပ်တွေထဲက လက်ဖက်ရည်တစ်ခွက် သောက်ပါလို့။ ကမ္ဘာပေါ်က လူတွေကတော့ ဗုံးတွေထက် ပေါင်မုန့်သာ လိုချင်တယ်၊ သေခြင်းထက် ရှ...