စာအုပ်သုံးသပ်ချက်

စာရေးဆရာဖြစ်ဖို့ လွယ်သလား

မောင်ဘစီ

01 December 2024
စာရေးဆရာဖြစ်ဖို့ လွယ်သလား
Share to

လွန်ခဲ့သည့် နှစ်နှစ်ဆယ်ကျော်။ အတိအကျ ဆိုရလျှင် ၁၉၉၉ နှစ် ၂၀၀၀ ခုနှစ်များကာလ ဖြစ်ပါသည်။ ရန်ကုန်မြို့ပြနှင့် အလွန်မဝေးလှသည့် နယ်မြို့လေးတစ်မြို့မှာ ကျနော်တို့ အထက်တန်း ကျောင်းသားတွေစုပြီး ကဗျာစာအုပ် ထုတ်ကြသည်။ ကဗျာ၊ သို့မဟုတ် ရသစာညွန့်ကဲ့သို စကားပြေ အရေးအသားလေးတွေကို တစ်ယောက်လျှင် တစ်ပုဒ်ကျစီ စုပြီး၊ ကွန်ပျူတာဖြင့် စာစီကာ ပန်းဖလက်ကဲ့သို့ စာအုပ်ငယ်လေးများအဖြစ် ဖန်တီးခြင်းဖြစ်သည်။ ထိုအချိန်က အခြားမြို့တွေက စာပေဝါသနာ ရှင်တွေ လုပ်သလို ကျွန်တော်တို့လည်း ကလောင်သွေးကြသည် ဆိုပါစို့။

ရေးခဲ့သော စာတွေကလည်း အခုနေ ပြန်ဖတ်လျှင် မီးရှို့ပစ်လိုက်ဖို့သာ ကောင်းတော့သည့် ချာတူးလန် အရေးအသားများ ဖြစ်ပါသည်။ ကွန်ပျူတာဖြင့် စာစီကာ ကလစ်ဖြင့် ခွချုပ် ချုပ်ထားသော စာအုပ်ငယ်လေးများသည် အပြင်အဆင်အားဖြင့်လည်း ဆွဲဆောင်မှု မရှိပါ။ သို့သော် လူငယ်လေးများ၏ စာပေချစ်စိတ်ကို သိမှတ်သည့်အနေဖြင့် မြို့ခံ စာပေသမား လူကြီးများ က အားပေးကြသည်။ ရင်းနှီးသူတွေဆီ ဝယ်ချင်သည်ဖြစ်စေ မဝယ်ချင်သည်ဖြစ်စေ အတင်းထိုးပြီး ရောင်းချ၍ ရလာသော စာအုပ်ဖိုး ငွေကြေးကလည်း များလှသည်ဟု မဆိုနိုင်ပေ။ သို့တိုင် လက်ဖက်ရည်ဆိုင် တွင် လက်ဖက်ရည် တစ်ခွက်ပြီးတစ်ခွက် မှာသောက်ရင်း စာပေအကြောင်း လက်သီး လက်မောင်းတန်း ငြင်းခုန်နိုင်ရန် အတွက် တော့ အထောက် အပံ့ပြုပါသည်။

ထိုမှ အဆင့်တက်၍ ကျွန်တော်တို့သည်  ကိုယ်ရေးသော စာတွေ ကဗျာတွေကို ထိုအချိန်က ထုတ်ဝေနေသည့် မဂ္ဂဇင်းများတွင် အဖော်ပြခံရလျှင် ကောင်းမှာပဲ ဟူသော စိတ်ကူးပေါ်လာပြန်ပါသည်။ မဂ္ဂဇင်းမှာ စာမူပါမှ စာရေးဆရာ ကဗျာဆရာအဖြစ် အသိအမှတ်ပြုခံရမည်ဟုလည်း နောင်တော်စာပေသမားများက အားပေးပါသည်။ ထို့ကြောင့် မဂ္ဂဇင်းများသို့ စာမူများ အားတက်သရော ပို့ပါသည်။ အပြိုင်အဆိုင်လည်း ရေးကြပါသည်။ တစ်နှစ် နှစ်နှစ်မျှ ကြာသည်အထိ ကျွန်တော်တို့ ရေးပို့သော စာတွေ ကဗျာတွေကို မည်သည့်မဂ္ဂဇင်းမျှ ဖော်ပြခြင်းမပြုကြပါ။ ကျွန်တော်တို့ထဲက အချို့သူတွေ စိတ်ဓာတ်ကျကုန်ပြီ။ တော်ပြီ၊  မပို့တော့ဘူး။ အချို့က စာရေးခြင်းကို စွန့်ပစ်လိုက်ပါသည်။ စာပဲ ဖတ်နေတော့မည်။ အချို့က စာအုပ်ကိုပင် ကောက်မကိုင် ဖြစ်တော့ချေ။အယ်ဒီတာတွေက ပယ်ခြင်းမှာ မိမိတို့ စာအရေးအသား၊ စာပေဝမ်းစာဟု ဆိုရမည့် အတွေးအခေါ်နှင့် ဘဝအတွေ့အကြုံ လိုအပ်နေသေးသောကြောင့်ဟု မှန်ကန်သည့် နှလုံးသွင်းမှုဖြင့် စာပေခရီးကို  ဆက်လက် ချီတက်ခဲ့ကြသော လူငယ်အချို့ ကတော့ နောက် လေးငါးနှစ်အကြာတွင် မဂ္ဂဇင်းစာမျက်နှာတွေမှာ  နေရာ ရသွားပါသည်။

စာရေးဆရာဘဝကို ရဖို့မှာ ခက်ခဲသော ခရီးလမ်းရှည်ကြီးကို ဖြတ်ရသည်နှင့် တူကြောင်း ရှေးက စာရေးဆရာတွေလည်း ရေးခဲ့ပြီးပါပြီ။  စာပေဝမ်းစာကို ကုံလုံ အောင် ဖြည့်ဆည်းရသကဲ့သို့ တစ်ဖက်မှာလည်း ဘဝ၏ အတွေ့အကြုံ ဟူသမျှကို မလွတ်တမ်း ရယူ ဆင်ခြင်မှု ပြုရသည်။ လူထုနှင့် မကင်းကွာအောင်လည်း မိမိကိုယ် မိမိ နေရာချထားရသေးသည်။ တစ်ခါ စာအရေးအသားကိုလည်း အားကစားသမား တစ်ယောက်လိုပင် မပြတ်လေ့ကျင့်နေရပါသည်။  အယ်ဒီတာကောင်းတွေ၏ ဆန်ကာတိုက် ရွေးချယ်မှု၊ တည်းဖြတ်မှုကို ခံယူပြီး လက်ရွေးစင် အဆင့်မီတော့မှ စာမျက်နှာပေါ်တွင် မိမိလက်ရာက ပုံနှိပ် စာလုံးဖြင့် ဖော်ပြခံရခြင်း ဖြစ်ပါသည်။ ထိုမျှ ထုသားပေသား ကျခဲ့ပြီဖြစ်သော ကလောင်တစ်ချောင်းသည် တော်ရုံတန်ရုံ လောက်ဖြင့် စာပေလောကထဲက ပျောက်ကွယ်မသွားတော့ပေ။

ပြီးခဲ့သည့် လေးငါးဆယ်နှစ်အတွင်းမှာတော့ သိသာသော အပြောင်းအလဲတွေ ဖြစ်ပေါ်ခဲ့သည်။ မဂ္ဂဇင်းတွေ တစ်ဖြုတ်ဖြုတ် ပျောက်ကွယ်ကုန်သည်။ မြို့ပြသို့လည်းကောင်း၊ နိုင်ငံရပ်ခြားသို့ လည်းကောင်း အလုပ်ထွက်လုပ်ကြသည့် လူငယ်တွေ များပြား လာခြင်းနှင့် အတူ နယ်မြို့လေးတွေမှာ စာပေဝါသနာပါသူ လူငယ်အစုအဝေးတွေ ပြိုကွဲကုန်သည်။ လက်ဖက်ရည်ဆိုင်မှာ စာပေသမားတွေ စုဆုံပြီး သူဖတ်တဲ့စာ ကိုယ်ဖတ်တဲ့စာ ဖလှယ်ကြ၊ ဆွေးနွေးကြ၊ ငြင်းခုန်ကြသည်မှာလည်း ရှေးခေတ် ဟောင်းက စာရူးပေရူးတို့၏ အူကြောင်ကြား အပြုအမူတွေပမာ ဖြစ်ကုန်ပါသည်။

နည်းပညာလှိုင်းလုံးကြီးကို စီးရင်း အနယ်နယ်အရပ်ရပ်က  စာဖတ်သူတွေ၊ စာရေးဆရာတွေ၊ စာရေးဖို့ ကြိုးစားနေသူတွေ စာအုပ်ထုတ်ဝေသူတွေ၊ စာအုပ် ရောင်းချသူတွေ စသဖြင့် သူတို့အားလုံး ဆိုရှယ်မီဒီယာပေါ် ရောက်ကုန်ကြသည်။ ဆိုရှယ်မီဒီယာ ကမ္ဘာတုထဲမှာ တစ်ဦးနှင့်တစ်ဦး မသိဘဲနှင့်လည်း စာအုပ်အကြောင်း ဆွေးနွေးကြ၊ ဖလှယ်ကြ၊ ငြင်းခုန်ကြ၊ အုပ်စုဖွဲ့ကြ၊ တိုက်ခိုက်ကြ၊ ချေပကြ၊ ရင်းနှီးကြ၊ မုန်းတီးကြ၊ ရောင်းကြ၊ ဝယ်ကြ။ စာရေးဆရာနှင့် စာဖတ်သူမှာလည်း ငယ်ပေါင်းတွေကဲ့သို့ ရင်းနှီးစွာ ဆက်ဆံနိုင်သည့်အပြင် စာပေလက်ရာတစ်ခုကို ကြိုက်သည် မကြိုက်သည် လွတ်လပ်စွာ ပြောဆိုနိုင်သည့် ရပ်ဝန်းကို နည်းပညာက ဖန်တီးပေးသည်။  အလွန်အမင်း လေးစားခြင်းမှသည် အရိုအသေတန်ခြင်းအထိ ဆိုရှယ်မီဒီယာပေါ်တွင် ဘာမဆို ဖြစ်ပျက်သွားနိုင်သည်။

စာရေးချင်သူတွေကလည်း သူတို့ရေးချင်တာတွေကို ဆိုရှယ်မီဒီယာပေါ်မှာ လက်ရည်သွေး ရေးကြသည်။  ဖတ်သူတွေ ကြိုက်နှစ်သက် လက်ခံသည့် အရေးအသားတွေက စာအုပ်ဖြစ်လာသည်။ ရောင်းစွံသည်။ နာမည်ကြီးကုန်သည်။ နောက် ခြောက်လ တစ်နှစ် ရှိတော့ သူတို့နာမည်ကို လူတွေ မေ့သွားပြန်သည်။  နောက်ထပ် စာရေးဆရာသစ်တွေ၊ ရောင်းတိုင်းစွံ ရိုက်တိုင်းကုန် စာအုပ်အမျိုးအစားသစ်တွေ ပေါ်လာပြန်သည်။ သူ့ပရိသတ်နှင့် သူမို့ ၊ သူတို့ အကြိုက်နှင့် သူတို့။ ပန်းတိုင်း ပွင့်ပါစေ။

လွန်ခဲ့သည့် အနှစ်နှစ်ဆယ်လောက်က ကျွန်တော်တို့စာရူးလူငယ်တွေ ကိုယ့်ကဗျာ ကိုယ့်စာကို ကွန်ပျုတာစာစီပြီး စာအုပ်ငယ်များအဖြစ် အပျော်တမ်း‌ ထုတ်လုပ်ရောင်းချသည်ဆိုတာ ပုံပြင်တစ်ပုဒ်လို ခပ်ဝေးဝေးမှာ ကျန်ခဲ့ပြီ။ ယခုအခါ ကိုယ်ရေးထားသည့် စာကို စာစီ၊ မျက်နှာဖုံး ပန်းချီ၊ ပုံနှိပ်၊ စာအုပ်ချုပ်၊ ဖြန့်ချိ အဆင့်ထိ လုပ်ကိုင်ပေးနေသည့် ဝန်ဆောင်မှုမျိုးတွေ ပေါ်လာသဖြင့် ဝါသနာရှင်ပင် ဖြစ်ပါစေ၊ စာအုပ်ဖြစ်ဖို့အတွက် အသင့်ရေးထားသော စာမူနှင့် ပိုက်ဆံရှိဖို့သာ လိုသည်။ ထိုနှစ်ရပ် ပြည့်စုံလျှင် စာအုပ်တစ်အုပ် ဖြစ်လာမည်။ ဘယ်ထုတ်ဝေသူကိုမျှ ချဉ်းကပ်စရာမလို။ အယ်ဒီတာစားပွဲ ဖြတ်စရာမလို။ ပြီးတော့ စာအုပ်ဆိုင်မှာ တူတူတန်တန် တင်ပြီး ရောင်းချ၍လည်း ရသည်။

ထို့နှယ် စာပေနယ်အတွင်း ပြောင်းလဲခြင်းဖြစ်စဉ်များကြားတွင် စာတည်းဖြတ်သူ အယ်ဒီတာ၏ အခန်းမှာ ပျောက်ကွယ်လု အခြေသို့ ဆိုက်နေပြီ။ သူက ဘာတတ်လို့ တို့ရေးတဲ့စာကို ရွေးမယ် ပယ်မယ် လုပ်ရမှာလဲ။ မိမိစာကို အခြားသူတစ်ယောက်က တည်းဖြတ် ရွေးချယ်ပြီး စာနယ်ဇင်းမှာ ဖော်ပြ ခံရဖို့ မျှော်ရ၊ မပါတော့ နောက်တစ်ပုဒ် ထပ်ရေး၊ ပါလာတော့ ပျော်လိုက်ရတာ၊ ကိုယ့်စာ ပုံနှိပ်စာလုံးဖြင့် ပါလာတာကို ကြည့်မဝဖြစ်ရ ဆိုသည်မှာ ရှေးက လူဟောင်းကြီးတွေ၏ ကြောင်ကွက်မျှဟု သဘောထားသူတွေနှင့် ထိုသဘောထား ပြန့်ပွားအောင် မသိမသာ သွတ်သွင်းသူတွေလည်း ရှိလာနေပြီ။ စာရေးဆရာ လုပ်ဖို့ စာတွေအများကြီးဖတ်ဖို့ မလိုဘူးဆိုသည့် အယူအဆကို အလံထူလာကြသူများကိုလည်း တွေ့နေရပြီ။ စာရေးခြင်းတွင် ဘဝတစ်သက်တာ မြုပ်နှံထားသည့် စာရေးဆရာတွေကို မနေ့တနေ့ကမှ တက်ကျမ်းဆန်ဆန် စာတွေရေးပြီး နာမည်ကြီး လာသည့် ဆယ်လီစာရေးဆရာ ပေါက်စအချို့က ပုခုံးချင်း တိုက်ကုန်ကြပြီ။

စာရေးဆရာဖြစ်ဖို့ဆိုတာ အဲဒီလောက် လွယ်ရဲ့လား။ထိုမေးခွန်းကို ဒီနှစ်ပိုင်းတွေမှာ ကျွန်တော် စိတ်ထဲတွင် အကြိမ်ကြိမ် မေးခွန်းထုတ်နေမိပါသည်။ 

ထိုမေးခွန်းဖြင့် မအီမလည်ကြီး ဖြစ်နေသည့် အတောအတွင်း မကြာသေးမီက ဆရာမကြီး ဒေါ်ခင်မျိုးချစ်၏ “စာရေးဆရာ၏ဘဝဟူသည်” စာအုပ်လေးကို ပြန်ဖတ်မိပါသည်။ စာအုပ်လေးမှာ ခပ်ပါးပါးသားသာ ဖြစ်၏။ မန္တလေးမှ လူထုဒေါ်အမာက ရန်ကုန်ရောက်တုန်း ဒေါ်ခင်မျိုးချစ်နှင့်တွေ့စဉ် “ ရှင် အခု ဘာတွေ ရေးနေသလဲ၊ ရေးစရာ ရှိတာတွေ  ရေးရှင့်၊ အချိန် သိပ်မရှိတော့ဘူး” ဟု ပြောသွားသည်။ ကိုယ့်ဘဝဖြစ်စဉ်ကို ပြန်လည် ဆင်ခြင်ရင်း ဘဝအဦး အစ စာရေးဆရာဖြစ်လာခဲ့ပုံကို တွေးမိသည် ဟူ၏။ သို့ဖြင့် မိမိ၏ ဘဝတစ်ကွေ့မှ စာရေးဆရာ ဖြစ်လာပုံ အတွေ့အကြုံအချို့ကို ရေးဖြစ်သည့်အကြောင်း ဒေါ်ခင်မျိုးချစ်က နိဒါန်းချီထား၏။ ဆရာစိန်ခင်မောင်ရီ ဦးစီးသော  ဖြူနီညိုပြာ မဂ္ဂဇင်းတွင် လဆက် ရေးခဲ့သည့် ဆောင်းပါးများကို စုစည်းပြီးနောက် စာအုပ်အဖြစ် ထုတ်ဝေခြင်း ဖြစ်သည်။

မိန်းကလေးတွေ ဝတ္ထုဖတ်လျှင်ပင် မကြိုက်ချင်ကြသော ၁၉၂၀- ၃၀ ခုနှစ်များအတွင်း  နောင်တွင် ခင်မျိုးချစ် ဖြစ်လာမည့် မခင်မြသည် လူးလားမြောက်ခဲ့ရ။ လူမှုရေးအရ ထိန်းသိမ်းကွပ်ညှပ်မှုတွေကြားထဲတွင်  ဝတ္ထုစာအုပ်များကို ခိုးဝှက်ဖတ်ခဲ့ ရသည်။ နဂိုကပင် ဝတ္ထုဖတ်လျှင် မိန်းမပျက်ဟု သတ်မှတ်ချင်သော လူမှုအသိုင်းအဝိုင်းတွင် မခင်မြသည် ဝတ္ထုဖတ်ရုံမက စာရေးဆရာပင် လုပ်ဦးမည်ဆိုသောအခါ မိဘအသိုင်းအဝိုင်း၏ ကန့်ကွက်မှုမှာ  ဆိုဖွယ်ရာ မရှိတော့။ ထိုအခြေအနေကြားထဲက ခင်မျိုးချစ်ဟူသော ကလောင်တစ်ချောင်းကို တည်ဆောက်လာခဲ့ရသည့် မိန်းကလေးတစ်ဦး၏ ကြိုးစားရုန်းကန်မှု။

ဒေါ်ခင်မျိုးချစ်၏ မိဘများမှာ တောင်ယာလယ်ခုတ် အလုပ်လုပ်သော ရိုးရိုးအအ တောသူတောင်သားများ မဟုတ်ကြပါ။ ဖခင်သည် အင်္ဂလိပ်ခေတ် ရာဇဝတ်ဝန်ထောက်တစ်ဦးဖြစ်၍ အဘိုးမှာ မြန်မာပညာရှိ ဦးဘေ ဖြစ်ပါသည်။ ထိုအသိုင်းအဝိုင်းတွင်း ကြီးပြင်းလာသည့်တိုင် စာရေးဆရာဖြစ်ဖို့ လျှောက်လှမ်းသော ခရီးသည် ခက်ခဲကြမ်းထရော်ရှိလှသည်ဟု ဒေါ်ခင်မျိုးချစ်က ဆိုလေသည်။ 

သူသည်  ငယ်စဉ် သင်ပုန်းကြီး ကုန်ကတည်းက စာဖတ်ဝါသနာ ပါသဖြင့် အနီးအနား တွေ့သမျှ စာအုပ်စာတမ်းကို ဖတ်ခဲ့သည်။ ကျောင်းဖတ်စာအုပ် အသစ်ရတိုင်း စာအုပ်ရနံ့သင်းသင်းကို နမ်းရှိုက်မဝအောင် ရှိခဲ့သည်။ အိမ်မှာ လူကြီးတွေ ဖတ်သော ရှေးဟောင်း မြန်မာစာပေဆိုင်ရာ စာအုပ်တွေကို ဆွဲယူဖတ်သည်။ ကျောင်းတက်ရင်း မိမိထက် အတန်းကြီးသူတွေဆီက ဒေါင်းဖတ်စာ အစရှိသော စာအုပ်တွေ ယူပြီး ဖတ်သည်။ ကြိုက်နှစ်သက်သော စာဆိုလျှင် အလွတ်ရအောင် ကျက်မှတ်သည်။

ရှစ်နှစ်ကိုးနှစ်အရွယ်ကစပြီး  တစ်မတ်တန်ဝတ္ထုတွေ ဖတ်သည်။ အပျိုပေါက်အရွယ် မိန်းကလေးတစ်ယောက်  ဝတ္ထုဖတ်လျှင် ပျက် စီးလိမ့်မည်ဟူသော အယူအစွဲက ခေတ်ပညာအတော်တန်ရှိသည့် ဒေါ်ခင်မျိုးချစ် မိဘအသိုင်းအဝိုင်းထဲမှာကိုပင် စွဲကပ်နေ သည်။ ထို့ကြောင့် ကျောင်းစာအုပ်တွေ ဖတ်သလိုလိုဖြင့် ခိုးဝှက် ဖတ်ခဲ့ရသည်။ ခြောက်တန်း ခုနစ်တန်းရောက်တော့ အင်္ဂလိပ် စာအုပ်တွေ ဖတ်ကျင့်ရလာပြီး ကျောင်းစာကြည့်တိုက်မှ စာအုပ်တွေ ငှားဖတ်သည်။ စာဖတ်ခြင်းမှာ တဖြည်းဖြည်း ရင့်သန်သည်ထက် ရင့်သန်လာခဲ့ပြီ။

ကောလိပ် ပထမနှစ် တက်သောအခါ အခြားရွယ်တူ မိန်းကလေးတွေ ခေတ်ပေါ်အင်္ဂလိပ်ဝတ္ထုလှလှလေးတွေ ကိုင်ဖတ်နေတာ မြင်တော့ အားကျသည်။ အရာရှိကလပ်က ရှေးခေတ်ရာဇဝင် ဝတ္ထု ငှားပြီး မဖတ်တတ် ဖတ်တတ် ကြိုးစားဖတ်ခဲ့ရသည့် မိမိအဖြစ်ကို သနားသလိုလိုပင် ဖြစ်လိုက်မိသေးသည်။ ယခုကဲ့သို့  အချစ်၊ စိတ်ကူးယဉ်သိပ္ပံ၊ စုံထောက်နှင့် သူလျှိုဝတ္ထုများသာ ရှိမှန်းသိခဲ့ပါလျှင် ငယ်စဉ်က မိမိဖတ်ခဲ့သော ဂန္ထဝင်စာအုပ်ကြီးများကို မဖတ်သေးဘဲ ထားလိုက်ပါရဲ့ ဟု တွေးကာ ခေတ်ပေါ် ဝတ္ထုတွေကို အငမ်းမရ ဖတ်လေတော့သည်။

ဒေါ်ခင်မျိုးချစ်က စာရေးချင်လျှင်၊ စာရေးဆရာဖြစ်လိုလျှင် စာများများ ဖတ်ရမည်ဟူ၍ သူ့ဘဝအတွေ့အကြုံမှ ဥပဒေသတစ်ခု ထုတ်ပြသည်။

‘….ယခုခေတ်တွင် စာရေးချင်ကြသော်လည်း စာမဖတ်ချင်ကြသူများကို မကြာခဏ တွေ့ရသည်။ သတင်းစာ၊ မဂ္ဂဇင်းနှင့် ဝတ္ထုစာအုပ်လောက် ဖတ်သည်ကို ‘စာဖတ်တာပဲ’ ဟု ပြောတတ်ကြသည်။ မှန်ပါသည်။ ရိုးရိုးသာမန်လူအတွက် ဒါလောက် ဖတ်သည်ကို စာဖတ်သည်ဟု ခေါ်နိုင်သည်။ သို့သော် မိမိကိုယ်တိုင် စာရေးချင်သည် ဆိုလျှင် ဒါလောက်ဖတ်သည်ကို စာဖတ်သည်ဟု မခေါ်နိုင်ချေ။…. ကိုယ်လိုချင်သည့် ဆုလာဘ်အတွက် တန်ရာတန်ကြေးပေးရသည်။ တန်အောင်ပေးမှ ရသည်။ ဒါလောက် စာတွေတော့ မဖတ်နိုင်ပါဘူးဟု ဆိုနိုင်ပါသည်။ သို့သော် စာမရေးချင်နှင့်၊ စာရေးဆရာ မဖြစ်ချင်နှင့် ဟုသာ ပြောလိုသည်။’

စာများများ ဖတ်တိုင်း စာရေးဆရာဖြစ်မည်ဟု မဆိုနိုင်သော်လည်း မည်သည့်နိုင်ငံက စာရေးဆရာဖြစ်စေ ၎င်းတို့သည် စာကို နာနာဖတ်ခဲ့ကြသူများချည်းဖြစ်သည်။ အင်္ဂလိပ်စာရေးဆရာကြီး ဆမ္မားဆက်မွမ် ဆိုလျှင် ဗြိတိသျှစာကြည့်တိုက်ထဲတွင် အချိန်တွေအများကြီး စာထိုင်ဖတ်ခဲ့သည်။ သူနှစ်သက်သည့် စာအရေးအသားများကို ကူးသည်။ အလွတ်ကျက်သည်။ ပြီးတော့ ပြန်ရေးချသည်။ ထိုအကြောင်းကို ဒေါ်ခင်မျိုးချစ်က သူ အသက်အတန်ငယ်ကြီးခါမှ ဖတ်မိပြီး၊ သူငယ်ငယ်က လုပ်ခဲ့တာလည်း ထိုအရာမျိုးပါတကားဟူ၍ ဝမ်းသာမိသည် ဘာမှန်းမသိဘဲ မိမိရမ်းသန်း လုပ်ခဲ့သည့် အလုပ်တစ်ခုက စာရေးဆရာဖြစ်ချင် သူတိုင်း အခြေခံအဆင့် မဖြစ်မနေ လုပ်သည့် အလုပ်မှန်း သိလိုက်သဖြင့် ကြည်းနူးခြင်း ဖြစ်မိသည်ဟု ရေးပါသည်။

ရှစ်တန်းစာမေးပွဲ ဖြေအပြီး အချိန်အားနေခိုက်တွင် အလက်ဇန်န္ဒြားဒူးမား၏ မွန်တီခရစ္စတိုမြို့စားကြီး ဝတ္ထုကို ဘာသာစမ်းပြန် ကြည့်သည်။ အခြား အင်္ဂလိပ် ကဗျာလေးတွေကိုလည်း ဘာသာပြန်ဖြစ်သည်။ အရေးအသား နူးနပ်ပြေပြစ်သည်မဟုတ်ပါဘဲ မိမိ စမ်းသပ်ဘာသာပြန်ထားသော စာပုဒ်များကို သူငယ်ချင်းတွေအား ဖတ်ကြည့်စမ်းပါဟု လိုက် ပေးသည်။ သူတို့ ဖတ်အောင်လည်း လက်ဖက်ရည်တိုက် မုန့်ကျွေးလည်း လုပ်ရသေးသည်။ ထိုအတွေ့အကြုံကို ဒေါ်ခင်မျိုးချစ်က ဤသို့ ဆင်ခြင်ပြသည်။

‘….စာရေးတယ်ဆိုတာ မရေးဘဲကို မနေနိုင်လို့ကို ရေးတာပါကလား’ဟု ထိုအခါက သဘောပေါက်မိသည်။ တစ်ဖန် ဆက်ရာ ကိုယ်ရေးထားတာလည်း သူတစ်ပါး ဖတ်စေချင်ပါသေးကလား’ ဟု တွေးမိသည်။ စာရေးသည် ဆိုသည်မှာ ကိုယ့်အတွေ့အကြုံ ခံစားမှုအရသာအမျိုးမျိုးကို ကိုယ်လို လောကီဘုံသားအချင်းချင်း ဝေမျှချင်၍ ဖြစ်ပေသည်။

ဒေါ်ခင်မျိုးချစ်၏ စာဖတ်ခြင်း စာရေးခြင်းဝါသနာမှာ အသက်တစ်နှစ်ကြီးလာသည်နှင့်အမျှ မှန်မှန်ကြီး တိုးတက်လာခဲ့သည်။ ကောလိပ်ပထမနှစ်တက်နေစဉ် ဆာဝါလတာစကော့၏ ကဗျာတစ်ပုဒ်ကို မြန်မာဘာသာပြန်ကာ တက္ကသိုလ်မဂ္ဂဇင်းသို့ ပို့လိုက်သည်။ ကိုယ်ရေးသည့်စာကို ပုံနှိပ်စာလုံးဖြင့် မြင်ရခြင်း ပီတိအဟုန်မှာ ဆိုဖွယ်ရာမရှိ။ တိုင်းပြည်ချစ်သူ ဟူ၍ စာမူအောက်ခြေတွင် လက်မှတ်ထိုးပေးလိုက်သည်ကို အယ်ဒီတာက ခင်မျိုးချစ် ဟု နာမည်ပြင်ပြီး ထည့်လိုက်ရာက ထိုအမည် မှာ စာပေနယ်၌ ‘တွင်’သွားတော့သည်။

ကျောင်းမဂ္ဂဇင်းတွင် စာမူတစ်ပုဒ်ဖော်ပြခံရသည်နှင့် စာရေးဆရာအဖြစ်သို့ ရောက်သည် မမည်ပါ။ မိန်းကလေး သေစာရှင်စာ တတ်လျှင် ပြီးစတမ်းဟု သဘောထားသော ခေတ်တွင် ဒေါ်ခင်မျိုးချစ်သည် ကောလိပ်တွင် တစ်နှစ်သာ နေပြီး ကျောင်းထွက်ခဲ့ရသည်။ မိန်းကလေး စာတတ်လို့ ဘာလုပ်ရမှာလဲ။ မိမိတက်လိုသည့် ဆေးကျောင်းလည်း မတက်ရ။ သို့နှင့် အပြင် လုပ်ထွက်လုပ် မည်ဆိုပြန်တော့လည်း ‘အရာရှိကြီးသမီး အလုပ်ထွက်မလုပ်ရ’ ၊ ဂုဏ်ငယ်သည် ထင်သမြင့် မိသားစုက တားကြပြန်သည်။ သူနာပြုအလုပ်လုပ်မည် ဆိုပြန်သောအခါ ပိုဆိုး၏။ မကောင်းတာလုပ်စားတော့မည့် မိန်းကလေးကဲ့သို့ အဆိုအမည် ခံရသည်။

ထိုအခါ ဒေါ်ခင်မျိုးချစ်မှာ အကြုံကုန်လေသဖြင့် မဂ္ဂဇင်းများသို့ ဝတ္ထုရေးပြီး ပို့ရလျှင် ငွေလည်း ရ၊ အပျင်းလည်းပြေ သဘောဖြင့် စာတွေ ဆက်ရေးဖြစ်သည်။ ဝတ္ထုများစွာ ဖတ်ဖူးလှပြီဖြစ်၍ ဝတ္ထုရေးလျှင် စွံမှာပဲဟုလည်း အောက်မေ့မိ သည်။ ပထမဆုံး ဝတ္ထုကိုရေးပြီး ဒဂုန်မဂ္ဂဇင်းသို့ စာတိုက်မှ ပို့လိုက်သည်။ တစ်နှစ်ကျော်လောက် ကြာသွားပြီးခါမှ ပို့လိုက်သော စာမူနှင့်အတူ ဒဂုန်မဂ္ဂဇင်းအယ်ဒီတာထံမှ အကြောင်းပြန်စာ တစ်စောင်လည်းပါလာသည်။ အယ်ဒီတာဆီက ပြန်စာလာသည်ဆို၍ တစ်ခဏ စိတ်ကြီးဝင်မိသေးသည် ဆို၏။

ဝတ္ထုမှာ ရှည်လွန်းနေ၍ မည်သို့မည်ပုံ ပြင်ဆင်လျှင်၊ လိုတာဖြည့် ပိုတာနုတ် လုပ်လိုက်လျှင် မဂ္ဂဇင်းတွင် အသုံးပြုနိုင်သော စာမူကောင်းတစ်ခု ဖြစ်နိုင်ကြောင်း အယ်ဒီတာက စာထဲတွင် အကြုံပြုထားသည်။ စာရေးသူက ဝမ်းသာအားရဖြင့် အယ်ဒီတာ ညွှန်ကြားသည့်အတိုင်း ပြင်ဆင်ရေးသားပြီး ပြန်လည်ပေးပို့လိုက်သည်တွင် နောက်တစ်လထုတ် ဒဂုန်မဂ္ဂဇင်းမှာ ဝတ္ထုပါ လာလေ၏။ လက်စလက်န ရှိသော ကလောင်တစ်ချောင်းဟု ယူဆသတ်မှတ်ကာ ဂရုတစိုက် နည်းပေးလမ်းညွှန်ပြုပေးခဲ့သော အယ်ဒီတာ၏ ကျေးဇူးကို ဒေါ်ခင်မျိုးချစ်အနေဖြင့် ဘယ်တော့မျှ မမေ့တော့ပေ။

အားတက်သွားသော ဒေါ်ခင်မျိုးချစ်သည် နောက်ထပ် ဝတ္ထုများ ရေးသားပေးပို့ရာ ဒဂုန်မဂ္ဂဇင်းတွင် ဖော်ပြခံသော ဒုတိယဝတ္ထုအတွက် စာမူခငွေ ဆယ့်ငါးကျပ် ရသည်။ ဘဝတစ်သက်တာတွင် ပထမဆုံး ရဖူးသော စာမူခ။ စာပို့သမားက ‘အစ်မအတွက် မန်နီအော်ဒါ ပါတယ်’ ပြောတော့ မယုံချင်။ ‘ငါ့ပြောတာမှ ဟုတ်ရဲ့လား’ ။ စာပို့သမားထံမှ လက်မှတ်ထိုးပြီး ယူလိုက်ရသော စာမူခငွေကို ကိုင်ရင်း အိပ်မက်များ မက်နေသလောဟု ယောင်တိယောင်နဖြင့် တွေငေးလျက်။ စာရေး၍ ရသော ငွေကိုမူ တမက်တမော တန်ဖိုးထားမိသည်။ သို့သော် နောက်ပိုင်းတွင် ဒဂုန်မဂ္ဂဇင်း သူ့ဝတ္ထုတွေ ဆက်လက် ဖော်ပြခြင်း ခံရသော်လည်း စာမူခ ပို့မပေးတော့ချေ။ မဂ္ဂဇင်းတိုက်ကိုလည်း ငွေမရကြောင်း လှမ်းပြီး မပြောရဲပေ။ သို့သော် စာတွေတော့ ဆက်ရေးမြဲ 

စာကို အဆက်မပြတ် ရေးချင်လို့ကို ရေးနေသော သူအဖို့ အခွင့်အရေးက တစ်ကြိမ်မဟုတ် တစ်ကြိမ်တော့ တံခါးလာခေါက်သည်။ ၁၉၃၆ ခုနှစ် ဝန်းကျင်တွင် ဇဝန၏ ကောလိပ်ကျောင်းသားဝတ္ထု ခေတ်စားနေရာ သူရိယသတင်းစာတိုက်နှင့် အဆက်ရှိသော မိတ်ဆွေတစ်ဦးက ဒေါ်ခင်မျိုးချစ်ကို ကောလိပ်ကျောင်းသူဝတ္ထု ရေးစေချင်သည်။ စာမူ အတောင်းခံရသဖြင့်လည်း ‘ငါ အတော် ဟုတ်တာပဲ’ ဟု သွေးနထင် ရောက်မိသေးသည် ဟူ၏။ အင်းလျာဆောင်မှာ နေခဲ့သော အတွေ့အကြုံကို အခြေခံ၍ ဝတ္ထုကို ရေးသည်။  အိမ်က လူကြီးတွေက ဝိုင်းဆူကြသဖြင့် သူတို့အိပ်သည့် အချိန်ကို စောင့်ပြီး ညလုံးပေါက် ရေးခဲ့ရခြင်း ဖြစ်သည်။

ထိုဝတ္ထုကို ရေးပြီးနောက် စာရေးပြီး အသက်မွေးဝမ်းကျောင်းရန် ဆုံးဖြတ်မိသည်။ သို့ဆိုလျှင် ရန်ကုန်တွင် နေထိုင်ရပေမည်။ အိမ်နှင့် အတိုက်အခံပြုပြီး ရန်ကုန်သို့ သွားရမည့် အခွင့်အလမ်းကိုသာ ရှာနေခဲ့သည်။ ဘိုးအေဖြစ်သည့် မြန်မာပညာရှိ ဦးဘေအား ရန်ကုန်သို့ ကားဖြင့် လိုက်ပို့သည်ကို အခွင့်အရေးယူ၍ လိုက်ခဲ့ရာ တိုးတက်ရေးနှင့် ဘားမားဂျာနယ်တိုက်သို့ ပထမဆုံးအကြိမ် ရောက်ဖူးသည်။ အဘိုးဖြစ်သူကို ဧည့်ခံကြသူများထဲတွင် သခင်ကိုယ်တော်မှိုင်း၊ ပီမိုးနင်း အစရှိသည့် စာပေထိပ်တန်း ပုဂ္ဂိုလ်တို့ ပါဝင်သည်။ ပီမိုးနင်းနှင့် တွေ့ရသည်ကိုမူ ဝမ်းသာမဆုံး။ ပီမိုးနင်းမှာ တိုးတက်ရေးတိုက်သို့ လာသော ဧည့်သည်များထဲမှ ဘယ်ကပါလာမှန်း မသိသော စာရူးမလေးကို စိတ်ရှည်လက်ရှည် လက်ခံစကားပြောသည်။ ပေါက်ပေါက်ရှာ ရှာ မေးခွန်း များကိုလည်း ဂရုတစိုက်ပင် ဖြေပေးရှာသည်။

ဒေါ်ခင်မျိုးချစ်အနေဖြင့် ဘာမားဂျာနယ်နှင့် တိုးတက်ရေးတိုက်မှ လူကြီးများနှင့် သိကျွမ်းရသည့် အခွင့်ကောင်းကို လက်လွတ် မခံခဲ့ပေ။ ဘာမားဂျာနယ်တိုက်သို့ ဆောင်းပါးများ အဆက်မပြတ် ရေးပို့သည်။ အယ်ဒီတာ အဖွဲ့ကလည်း သူ့ အရည်အချင်းကို သဘောကျလာသည်။ ထိုအခါ တိုက်တွင် အယ်ဒီတာ အလုပ် ဝင်လုပ်လိုကြောင်း စာရေးပြီး အလုပ်တောင်းရာ၊ ဦးပဂျီငို အစရှိသော လူကြီးတွေက သူ့လက်စွမ်းလက်စကို သဘောကျသလို အယ်ဒီတာအလုပ်ကိုလည်း ပေးလိုသည့်တိုင် မိန်းကလေး ဖြစ်နေ၍ ခက်နေသည်။ အိမ်က လူကြီးမိဘ သဘောတူသော် လုပ်ခွင့်ပြုမည် အကြောင်းပြန်သည်။ ထုံးစံအတိုင်း မိဘတွေက ခွင့်မပြုချင်ချေ။ ကိုယ်လုပ်ချင်တာ မလုပ်ရလျှင် သတ်သေတော့မည် ဆိုမှ ဖခင်ဖြစ်သူက ခွင့်ပြုကြောင်း စာတစ်စောင် ရေးပေးသည်။ သို့သော် ရန်ကုန်တော့ လိုက်မပို့ပေ။ ရန်ကုန်သို့ တစ်ယောက်တည်း မသွားမလာတတ်သော ဒေါ်ခင်မျိုးချစ်သည် အမျိုးမျိုး ကြံစည်ပြီး နောက်တွင်မှ ရန်ကုန်ရောက်ပြီး ဘားမားနှင့် တိုးတက်ရေးတိုက်တွင် အယ်ဒီတာ ဝင်လုပ်ခွင့် ရသည်။

ဘားမားဂျာနယ်နှင့် တိုးတက်ရေးတိုက်တွင် အယ်ဒီတာဝင်လုပ်လိုက်ခြင်းဖြင့် ဒေါ်ခင်မျိုးချစ်သည် စာပေနယ်အတွင်းသို့  ရောက်ပြီဟု ဆိုနိုင်ပါသည်။ ထိုမှ  တိုင်းပြည်၏ ကံကြမ္မာနှင့်အတူ လွတ်လပ်ရေးတိုက်ပွဲအတွင်း ကလောင်ဖြင့် စွမ်းသမျှ ပါဝင်ခဲ့ပြီးနောက် တိုင်းပြည်က အသိအမှတ်ပြုသည့် စာရေးဆရာ တစ်ဦးအဖြစ်သို့ ရောက်လာသည်ကိုမူ အများသိပြီး ဖြစ်ပါသည်။

ဒေါ်ခင်မျိုးချစ်သည် အကွပ်အညှပ်ခံရသည့် သူ၏ ငယ်ဘဝကို သိပ်ပြီး ကျေနပ်ပုံမရချေ။ အမျိုးသားနှင့် အမျိုးသမီးတို့မှာ မြန်မာလူ့အဖွဲ့အစည်းအတွင်း တန်းတူအခွင့်အရေး ရှိသည်ဟု ဗုဒ္ဓဘာသာ ဓမ္မသတ်က ပြဌာန်း သတ်မှတ်သော်လည်း လက်တွေ့ လူမှုဘဝတွင် မိန်းကလေးမှာ အခွင့်အရေးဆုံးရှုံးသည်ဟု သူက စာအုပ်ထဲတွင် ဆိုထားပါသည်။ ထိုသို့ ဆိုလိုက်သော်လည်း သူ၏ မိသားစုဘဝအတွင်း အဖိအနှိပ် အကွပ်အညှပ် ခံခဲ့ရသည့်အဖြစ်ကိုသာ ပုဂ္ဂလဓိဌာန်သဘောသာ ရေးပြည်။ သူနှစ် တစ်‌ခေတ်တည်း တစ်ရွယ်တည်း အခြား မိန်းကလေးများလည်း ဖိနှိပ်ခံရသည်ဟူ၍ ဖော်ထုတ်ပြထားခြင်း မရှိပါ။

ပြီးတော့ စာရေးသူက သူကျင်လည်ခဲ့သော စာပေနှင့် နိုင်ငံရေးလောကအတွင်းက အမျိုးသားများ၏ အမျိုးသမီးတွေအပေါ် သဘောထားကိုလည်း နှစ်မြို့ကြည်လင်ပုံ မရပေ။ နိုင်ငံရေးသမားတွေက နိုင်ငံရေးတွင် အမျိုးသမီးတွေ ပါဝင်ဆောင်ရွက်ပါ တွင်တွင်ပြောသော်လည်း သူတို့၏ ဇနီးမယား နှမသားချင်းများကို နောက်တွင် ချန်ထားခြင်း၊ သူကိုယ်တိုင် မျိုးချစ်စိတ်က လှုံ့ဆော်သဖြင့် အမျိုးသားလှုပ်ရှားမှုများတွင် ပါဝင်ခဲ့သော်လည်း ‘ သူတို့ ငါ့ကို မြှောက်ခိုင်းနေတာပဲ၊ သူတို့မယားတွေ နှမသားချင်းတွေကိုတော့ စီတန်းလမ်းလျှောက်တဲ့ အလုပ်မျိုးထဲ မပါခိုင်းဘူး’ ဟူ၍ သဒ္ဓါပျက်သည့် အခါများ ရှိဖူးကြောင်းလည်း ဝန်ခံထားသည်။

မိမိထင်မြင်ချက်ကို ပွင့်ပွင့်လင်းလင်း ရေးနိုင်ခြင်းအတွက် ဒေါ်ခင်မျိုးချစ်ကို အတုယူရသည့်တိုင် အချို့ အမြင်များမှာ ပုဂ္ဂလဓိဌန်ကျလွန်းသွား သဖြင့်  စာဖတ်သူတွေအနေဖြင့် အငြင်းအခုန်ပြုချင်စရာ အချက်လေးတွေလည်း တွေ့ရပါလိမ့်မည်။ မည်သို့ဆိုစေ၊ သူ၏ စာရေးဆရာအဖြစ် ကိုယ့်ကိုယ်ကိုယ် တည်ဆောက်လာခဲ့ရသည့် အတွေ့အကြုံများကို ဖတ်ရင်း မိသားစုအတွင်း ဒေါ်ခင်မျိုးချစ်၏ငယ်ဘဝ ဖြတ်သန်းရပုံတွေကိုပါ နောက်ခံကားအဖြစ် သိလိုက်ရသည်တွင် မွန်းကြပ်မှုကို ကျွန်တော်တို့ ခံစားရပါသည်။ စာဖတ်နေရင်း ဒေါ်ခင်မျိုးချစ်ကို ကျနော်တို့ မသိမသာ အားပေးနေမိပါသည်။

စာရေးသည့်အလုပ် လုပ်နေရသည်မှာ  စိတ်အားငယ်ခြင်းနှင့် စိတ်တက်ကြွခြင်း တစ်လှည့်စီ ကျင်လည်နေရသောအလုပ်ဖြစ်ပြီး ဤသည်ပင် စာရေးဆရာဘဝ ဖြစ်ချေသည် ဟု ဒေါ်ခင်မျိုးချစ်က သူ့စာ နိဂုံးတွင် ဆိုခဲ့သည်။ ထို့အတူ စာဖတ်သူတို့မှာလည်း ဤစာအုပ်ကို ဖတ်ရသည်အခါ စိတ်တက်ကြွခြင်းနှင့် စိတ်အားငယ်ခြင်းကို တစ်လှည့်စီ ခံစားကြရလိမ့်မည် ထင်ပါသည်။ မိန်းကလေး ဖြစ်ပြီး စာဖတ်ခြင်း၊ စာရေးခြင်းကို လက်မခံသော မိသားစု အသိုင်းအဝိုင်းထဲမှ ရုန်းထွက်ကာ စာရေးဆရာ တစ်ယောက် ဖြစ်မြောက်အောင် ကြိုးစားခဲ့သည့် ဒေါ်ခင်မျိုးချစ်၏ ဘဝအတွေ့အကြုံတွေက အနာဂတ်တွင် စာရေးဆရာ ကောင်းဖြစ်ချင်သူတွေအတွက်လည်း စိတ်ဓာတ်ရေးရာအရ အထောက်အပံ့ ဖြစ်စေနိုင်ပါသည်။ စာရေးဆရာဟူသည် ဉုံဖွ ဖြစ်စေ သတည်းဟု မန်းမှုတ်ဖန်တီးနိုင်သော အရာမဟုတ်ကြောင်းကိုလည်း သဘောပေါက်လာအောင် ကူညီနိုင်ပါလိမ့်မည်။  

မောင်ဘစီ

နိုဝင်ဘာ၂၀၂၃

စာအုပ်ဆိုင်ရာအချက်အလက်များ

စာအုပ်အမည်-  စာရေးဆရာ၏ဘဝဟူသည်

စာရေးသူ- ခင်မျိုးချစ်

ထုတ်ဝေခြင်း။ အောင်ပါစေ စာပေ။ ပထမအကြိမ်၊ ဖေဖော်ဝါရီ၊ ၂၀၁၇ ခုနှစ် ။

စာမျက်နှာအရေအတွက်  - ၁၂၈  

(ဖြူနီညိုပြာမဂ္ဂဇင်းတွင် ၁၉၆၉ နှင့် ၁၉၇၀ ခုနှစ်အတွင်း ရေးခဲ့သည့် အခန်းဆက်ဆောင်းပါးကို စုစည်း၍ ထုတ်ဝေခြင်းဖြစ်ပြီး ဒေါက်တာခင်မောင်ဝင်း(သင်္ချာ)၏ အမှာစာ နှင့် စီစဉ်သူ့စကားတို့ ပါဝင်သည်)


Related Articles

စာအုပ်သုံးသပ်ချက်
...
ဂုဏ်ရောင်ပြောင်စွာ ရှင်သန်ကျန်ရစ်သူများ
မောင်ဘစီ

နေ့စဉ်နှင့်အမျှ ကျွန်တော်တို့ မမြင်ချင်လည်း မြင်ရ၊ မကြားချင်လည်း ကြားရ၊ မကြုံချင်လည်း ကြုံနေရသည့် ဆိုးဝါးလွန်းသော အတွေ့အကြုံတွေထဲမှာ ကျွန်တော်တို့ ပြိုလဲမကျသွားဘူးလို့ မဆိုနိုင်။ အခြားသူတွေတော့ မသိ။ က...

စာအုပ်သုံးသပ်ချက်
...
စာမရေးဖြစ်သော စာရေးဆရာများသို့
မောင်ဘစီ

လေးစားအပ်သော မြန်မာစာရေးဆရာတွေ ဘာကြောင့်များ ‘ခေတ်ကို အပြစ်ဆို’ကာ စိတ်ဓာတ်ကျနေကြပါမည်လဲ။ ယစ်ရွှေရည်တွင် ရီဝေ ရီဝေ လုပ်ရင်း လောကကို စိတ်နာနေကြမည်လား။ ဗျစ်ရည် စုပ်ရင်း ကြုံနေရသည့် စနစ်ကို ဆဲရေးတိုင်းထွာ...

စာအုပ်သုံးသပ်ချက်
...
ဂန္ဓီသင်္ချိုင်းမှ ကနေဒီသင်္ချိုင်းအထိ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ခြင်း
မောင်ဘစီ

ရူးသွပ်သွားလို့ အနုမြူဗုံးကြဲဖို့ ခလုတ်နှိပ်တော့မယ်ဆိုရင် ခဏရပ်သင့်ပါတယ်။ ဒီလက်ဖက်ခြောက်ထုပ်တွေထဲက လက်ဖက်ရည်တစ်ခွက် သောက်ပါလို့။ ကမ္ဘာပေါ်က လူတွေကတော့ ဗုံးတွေထက် ပေါင်မုန့်သာ လိုချင်တယ်၊ သေခြင်းထက် ရှ...