လူထုဒေါ်အမာ
ကိုလူရေး
စာရေးဆရာမြသန်းတင့်က ဦးလှရေးသွားတဲ့
စာမျိုးစုံထဲမှာ ပေးစာကို သူအကြိုက်ဆုံးပဲတဲ့။ ရေးဟန်က ငြိမ့်ညောင်းနေပြီး လေသံက
ရွှင်နေလို့ဖြစ်သတဲ့။ မြသန်းတင့် ဒီလိုပြောပေမယ့် ဦးလှရေးစာကို မြသန်းတင့်
ကြိုက်တာကနောက်ကျပါသေးတယ်။ ကျွန်မကြိုက်ခဲ့တာက ကြာလှပါပြီ။ ဦးလှရဲ့ရေးဟန်ငြိမ့်ညောင်းတာကတော့
အလေ့အကျင့်ဟာ ကျွမ်းကျင်မှုကို ဖြစ်စေတယ်ဆို မဟုတ်လား။ ဦးလှပေးစာရေးတဲ့ အလေ့အကျင့်က သူ့ဘဝမှာ
နည်းနည်းနောနောမှ မဟုတ်တာဘဲ။ ပြီးတော့ ဦးလှက ဟာသရှိတဲ့သူ၊ ပေးစာကိုစိတ်ပါလက်ပါ
ရေးတဲ့အခါ ပင်ကိုရှိတဲ့ ဟာသက အလိုလိုထွက်ပြီး စာထဲပါလာတော့တာကိုး။
ဦးလှရေးခဲ့တဲ့ စာအုပ်တွေထွက်ပြီး အုပ်
၁၀၀နီးပါး၊ မထွက်ရသေးတာတချို့နဲ့ တိုးလိုးတန်းလန်းတွေ အတော်များများ ရှိနေသေးတာ
မှန်ပေမယ့် စာစာရင်းထဲမဝင်တဲ့ လူခင်အချင်းချင်းဆီကို ဦးလှရေးခဲ့တဲ့ပေးစာတွေက
အဲဒီစာစာရင်းဝင်စာတွေထက် များများ များနေမလားလို့ ကျွန်မ စဥ်းစားနေမိပါတယ်။
ဦးလှက မိတ်ဆွေသင်္ဂဟလည်း သူမတူအောင်
ပေါတဲ့လူ။ အဲဒီမိတ်သင်္ဂဟတွေဆီကိုလည်း စာရေးဖို့ အလွန်ဝါသနာပါတဲ့သူပါ။ တချို့က
ကိုယ့်ဆီလာတဲ့စာကိုတောင် စာရေးပျင်းလို့၊ လူချင်းအဆက်အသွယ်ပြတ်ကြ၊ မိတ်ပျက်ကြ
အနေဝေးကြ ဖြစ်ကုတ်ယ်ဟုတ်လား။ ဦးလှက ဒီလိုစာရေးပျင်း၊ စာပြန်ပျင်းတဲ့လူ
မဟုတ်တဲ့အပြင် သူက လူတစ်ယောက်ကို အသိမိတ်ဆွေဖြစ်မိရင် အဲဒီလူနဲ့ တစ်သက်လုံး
ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေ ဖြစ်သွားချင်တာ။ သူက လူကိုပေါင်းရင် အယုတ်အလတ်အမြတ်
ခွဲခြားမှုလုံးဝ မရှိဘူး။ ဒါကို ကျွန်မအသိဆုံးပေါ့။ သိကျွမ်းပြီးသားလူနဲ့
လူချင်းမတွေ့နိုင်ရင် စာနဲ့အဆက်အသွယ် အမြဲတမ်းရှိစေချင်သူပါ။ ဒါကြောင့် ဦးလှက
အချိန်ရရင် မိတ်ဆွေတွေဆီကို စာရေးတာပဲ။ သူအလွန်မအားမှ စာရေးကျဲပါတယ်။ သူက
ကျွန်မဆီကို ‘မိတ်ဆွေတွေဆီ စာရေးရတဲ့ အလုပ်သာလျှင် ကျွန်တော့်မှာစည်းစိမ်ရှိပေသည်”
လို့ ၁၉၃၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်က စာရေးပြောဖူးပါတယ်။
ဦးလှစာရေးရင် တစ်ခါတစ်ခါ
စာဆယ့်လေးငါးစောင် ရေးပါတယ်။ အဲဒါ အနည်းဆုံး တစ်ပတ် တစ်ကြိမ်လောက်
သူကရေးချင်ပါတယ်။ သူက ရေးသလို သူများဆီက စာကိုလည်း သူကမျှော်နေသူပါ။
သူပိုင်စာတိုက်ပုံး ထားတုန်းကဆို စာတိုက်သွားပြီး စာယူသူ မပြန်လာမချင်း
မျှော်နေတာပဲ။ စာတိုက်ပုံးဖြုတ်လိုက်တော့ သားသမီးတွေကို ဘာစာလာသလဲလို့ မေးတာဟာ
နေ့တိုင်းသူ့အလုပ်ပါ။
သူစားရေးပုံက စာရေးစားပွဲထိုင်ပြီး
စာရေးပက်ကို ထုတ်ပြီးရင် စာအိတ်တွေပေါ်မှာ သူစာရေးမယ့်လူတွေရဲ့ လိပ်စာကို
အရင်ရေးချတယ်။ ပြီးတော့မှ စာတွေကို ရေပါတယ်။ ရေးပြီးရင် “မာရေ လာဖတ်လှည့်စမ်း” တဲ့။
သူဘယ်သူ့ဆီ ဘာတွေရေးတယ်ဆိုတာကို ကျွန်မသိစေချင်လို့။
ပြီးတော့အသက်နည်းနည်းကြီးလာတော့ စာကားပြောတဲ့အခါ တစ်ခါတလေ စကားလုံး
မှားပြောမိတတ်သလို စာမှာလည်း စကားလုံးမှား ရေးမိတတ်တာ ပါလာတယ်။ အဲဒါမျိုးလေးတွေကို
ဖတ်ရင်းတွေ့ရင် ကျွန်မက ပြင်ပေးတယ်။ ပြီးတော့ သူရေးတဲ့ မိတ်ဆွေဆီကို ကျွန်မကလည်း
သီးခြားရေးချင်တာရှိသေးရင် ဒါမှမဟုတ် ဖြည့်ရေးချင်ရင် နည်းနည်းဆိုရင် သူ့စာအောက်က
ဖြည့်ရေးလိုက်တယ်။ များများဆိုရင် စာရွက်သီးခြားနဲ့ ရေးပြီး သူ့ကို အဲဒီစာ
အဖတ်ခိုင်းပါတယ်။ အားလုံးပြီးပြီဆိုရင် လိပ်စာတွေကို ရှာပေး၊ စာအိတ်တွေကို
ပိတ်ပေး၊ တံဆိပ်ခေါင်းတွေကို ကပ်ပေး လိုက်တယ်။ ဒီလို လုပ်ပေးရင် ဦးလှက 'ငါ့မိန်းမကို
ဒါတွေကြောင့် ကျေးဇူးတင်ရတာ' လို့ သူက ပြောတတ်လှတယ်။
ကျွန်မက ဒီလို
ဘာလို့လုပ်ပေးသလဲဆိုတော့ ဦးလှက လက်နဲ့ လုပ်ရတဲ့ အသေးအဖွဲကိစ္စမျိုးမှာ
မကျွမ်းကျင်ပါဘူး။ သူလုပ်ရင် မသပ်ရပ်ဘူး။ နောက်ပြီး အရာရာမှာ
စိုးရိမ်ကြောင့်ကြစိတ်နဲ့လုပ်တော့ သိပ်ကြာပါတယ်။ ဥပမာဆိုပါတော့
တံဆိပ်ခေါင်းကပ်ဖို့ တံတွေးပွတ်နေတာ လျှာပေါ်မှာ ခေါင်းကိုအကြာကြီးတင်ပြီး
နှံ့သည်ထက်နှံ့ လုပ်နေတာ အကြာကြီးပါ။ ကျွန်မ သူလုပ်နေပုံကိုကြည့်ပြီး စုံထောက်
ဝတ္ထုထဲကလို တံဆိပ်ခေါင်းများ အဆိပ်ထည့် လွှတ်လိုက်ရင် ခက်ရချည့်လို့ သူ
ခေါင်းကပ်ဖို့လုပ်တိုင်း သတိရတယ်။ ပြီးတော့ စာအိတ်ပိတ်ဖို့ တံတွေးဆွတ်ပုံကလည်း
လျှာကို စာအိတ်ဖုံးရှချင်စရာကြီး။ အဲတော့ သူလုပ်တာကြည့်ပြီး အားမလိုအားမရ
ဖြစ်ရတယ်၊ စိုးရိမ်ရသေး တယ်။ ဒါကြောင့် ဆိုးဆိုးဆတ်ဆတ် ဝင်လုပ်ပေးလိုက်တာပဲ။
နောင်တော့လည်း ကြာလာတဲ့အခါ အကျင့်ပါသွားတော့တာပါပဲ။
ဦးလှက အိမ်မှာနေမှသာ စာရေးတာမဟုတ်ဘူး။
ခရီးထွက်ရင်လည်း ရောက်လေရာအရပ်က စာရေးတတ်သေးတယ်။ သူခရီးသွားရင်
သူ့အဝတ်အစားသေတ္တာထဲမှာ စာရေးပက်၊ စာအိတ်၊ တံဆိပ်ခေါင်းနဲ့
စက္ကူအလွတ်တွေထည့်ထားတဲ့ ကတ်ပြားကြီးတစ်ခု အမြဲတမ်းဆောင်သွားတယ်။
ရောက်တဲ့အရပ်ကနေပြီး ကျွန်မပါမသွားတဲ့ခရီးဆိုရင် ပထမဆုံး ကျွန်မဆီနဲ့
သူ့သားသမီးတွေဆီကို စာတစ်စောင်၊ ပြီးတော့ သူခင်တဲ့ မိတ်ဆွေသင်္ဂဟဆီကိုလည်း သူ
ဘယ်မြို့ရောက်နေတယ်ဆိုပြီး စာရေးသေးတာပဲ။ နိုင်ငံခြားသွားတဲ့ အခါတော့
လေယာဉ်ပျံပေါ်ရောက်ရင် သူက စာစရေးပြီ။ ပြီးတော့ လေယာဉ် ခေတ္တစိုက်တဲ့မြို့မှာ
အဲဒီစာကို ထည့်လိုက်တယ်။ သူသွားရမယ့်ခရီးရောက်တော့လည်း ရောက်တဲ့ဟိုတယ်က
စာရေးပက်နဲ့ စာရေးတာပဲ။ ဘယ်လောက် အလုပ်တွေများများ စာကတော့ ရေးတာပဲ။ ၁၉၆၂ ခုနှစ်၊
ဧပြီလ ၂၁ ရက်ကရေးတဲ့ သောင်းပြောင်းထွေလာ ရေးချင်ရာရာထဲမှ 'ကျွန်တော်
ကိုယ်တွေ့မှာမူ လေယာဉ်ပျံနှင့် ခရီးရှည်သွားရလျှင် စာဖတ်ခြင်းထက် မိတ်ဆွေများထံ
စာရေးရသည်ကို ပို၍ အရသာတွေ့လေသည်' လို့ ရေးထားပါတယ်။
သူ့ ဒီလိုရေးတဲ့စာတွေ
မိတ်ဆွေသင်္ဂဟတွေဆီမှာ စုလိုက်ပေါင်းလိုက်ရင် ဘယ်လောက်များများ ရှိလိမ့်မယ်ဆိုတာ
ခန့်မှန်းလို့မရပေမယ့် သူနဲ့သိပ္ပံမောင်ဝ စာပေးစာယူရှိကြတဲ့ကာလ ၁၉၃၄ ခုနှစ်မှ ၁၉၃၉
ခုနှစ်အတွင်းမှာ 'သိပ္ပံမောင်ဝနဲ့ ကျွန်တော်တို့ရေးကြတဲ့စာများဟာ မနည်းပါဘူး။ သူ
ကျွန်တော့်ဆီရေးတဲ့ စာပေါင်းဟာ ၃ဝဝ ထက်လျော့မယ်လို့ မထင်။ ကျွန်တော်ရေးတာက ၄ဝဝ ထက်
ပိုပါလိမ့်မယ်။ ဒီစာတွေကို သူကိုယ်တိုင် ကောင်းကောင်းသိမ်းထားမယ်၊ ကျွန်တော့်ဆီမှာ
ပျောက်ကုန်မှာ စိုးရတယ်ပြောတာနဲ့ သူ့စာတွေ အားလုံးကို သူ့ဆီပြန်ပို့လိုက်တယ်။ သူ့
လက်ရေးနဲ့ရေးထားတဲ့ တခြားကော်ပီဖိုင်တွဲကြီးတွေရောဟာ
ဒုတိယကမ္ဘာစစ်ကြီးအတွင်းတုန်းက ဖျာပုံမြို့ပေါ် အင်္ဂလိပ်ပြန်အဝင် ဗုံးကြဲတော့
မီးလောင်ပျက်စီးကုန်တယ်။
'စာပေကို အကြောင်းပြုပြီး
ဆွေမျိုးလို အလွန်ရင်းနှီးခင်မင်သွားတော့ တစ်ယောက် တစ်ယောက် ပြောချင်တာတွေက
များပြီး စာရေးကြတာ။ တစ်စောင်ရမှ တစ်စောင်ပြန်တာ မဟုတ်ဘူး။ ရေးချင်တာရှိရင် ကောက်
ရေးလိုက်တာတွေဟာ တစ်ခါတလေ အတူတူလို ဖြစ်နေတယ်။ ဒီလို အကြောင်းအရာတူတဲ့ သူ့စာကို
ရန်ကုန်မှာ ကျွန်တော်ရတဲ့အချိန်မှာ ကျွန်တော့်စာကို သူ ညောင်တုန်းမှာ ရနေပါပြီ။
ဒါကြောင့် စာများပါလာတဲ့သင်္ဘောချင်း တွံတေးတူးမြောင်းအလွန်လောက် ကျိုက်ထော်လောက်မှာ ဆုံလိမ့်မယ် ထင်တယ်လို့
ပြောရပါတယ်။ အကြိမ်ကြိမ် ဒီလိုပဲ ဖြစ်ဖူးပါတယ်။ အဲဒီတုန်းက ဒေါ်အမာနဲ့တောင်
စာချင်း ဒီလို မဖြစ်သေးပါ။ နောက် ၂ နှစ်လောက်နေမှ ဖြစ်ပါတယ်' လို့ ဦးလှက သူနဲ့ သိပ္ပံမောင်ဝတို့ မိတ်ဆွေအချင်းချင်း ရေးကြတဲ့
ပေးစာတွေအကြောင်းကို 'သူ့စာများက ပြောခဲ့တဲ့ သိပ္ပံမောင်ဝ
အကြောင်း' စာအုပ်မှာ ၁၉၆၆ ခုနှစ်က ရေးခဲ့ပါတယ်။ ဦးလှ
စာရေးနိုင်လွန်း လို့တဲ့ သိပ္ပံမောင်ဝက သူ့နာမည် မောင်လူအေး၊ ဦးလှနာမည်က 'မောင်လူရေး'လို့ သူ့ကို နာမည်ပေးခဲ့သတဲ့။
မောင်ဝနဲ့ စာအစောင် ၄ဝဝ
လောက်ရေးသွားတဲ့ ဦးလှဟာ ကျွန်မနဲ့ လူချင်းမတွေ့သေးဘဲ စာနဲ့မိတ်ဆွေဖြစ်တာ ၁၉၃၆-၃၇
ခုနှစ်က တစ်နှစ်လောက်၊ ၁၉၃၇ ခုနှစ်က ၁၉၃၉ ခုနှစ် အထိ သမီးရည်းစားဖြစ်တော့ ၂
နှစ်ကျော်လောက် ကာလအတွင်းမှာ သူ့ဆီက စာအစောင် ၁ဝဝဝ ကျော်၊ ကျွန်မဆီက စာ ၅ဝဝ လောက်
ရေးခဲ့ပါတယ်။
သူနဲ့ကျွန်မလည်း မောင်ဝနဲ့လိုပဲ
တစ်ယောက်ဆီက ပြန်အလာမှ တစ်ယောက်က ရေးတာမျိုး မဟုတ်တော့ ပြောချင်တာချင်းတူ၊ စိတ်ကူးချင်းတူနေပြီး
တစ်ပြိုင်တည်းရေးကြ၊ တစ်ချိန်တည်း ဖတ်ကြရတာတွေ မကြာခဏပဲ။
အဲဒီစာတွေရေးကြတုန်းက ကျွန်မက
ဘီအေတန်းကို တက်နေပြီသာဆိုတာ စာရေးရင် ဘာမှ စာအင်္ဂါနဲ့ပြည့်စုံအောင် မရေးတတ်ဘူး။
ဦးလှက စာမှာ နေ့စွဲပါရတယ်၊ လိပ်စာပါရတယ်၊ မာဂျင်ချန်ပြီးရေးပါ၊ ဒါမှ နောင်ခါ
ဖိုင်လုပ်ချင်လည်း ရတယ်၊ စာကို စာမျက်နှာတပ်ပါဆိုတာတွေ ကျောင်းသားကို သင်ပေးသလို
သင်ပေးတယ်။ ကျွန်မဆိုတဲ့ ကျွန်မဟာ သတ်ပုံကို မှန်အောင် မရေးတတ်ဘူး။ သူက
အယ်ဒီတာလုပ်နေပြီမို့ သူများသတ်ပုံမှားတွေကို မြင်နေပြီး စိတ်ထဲက ပြင်နေပြီ။
စာရေးရင် သတ်ပုံကိုလည်း ဂရုစိုက်ရေးဖို့ သူက ပြောခဲ့သင်ခဲ့ပါတယ်။
သူနဲ့ ကျွန်မနဲ့ စာပေးစာယူလုပ်ကြတဲ့
ခေတ်တုန်းက စာပို့တိုက်ရဲ့ တာဝန်ကျေပုံကလည်း သိပ်တိကျတာမို့ သဘောကျစရာ
အလွန်ကောင်းပါတယ်။ ဦးလှက မနက်ခင်းနဲ့ နေ့လယ်ခင်းမှာ စာရေးပြီး စာတိုက်ပုံး
တစ်ပုံးပုံးမှာ ရိုးရိုး စာပို့ခတစ်စောင် တစ်ပဲ (လေးပြား)ဖိုး
ခေါင်းကပ်ထည့်တဲ့စာဟာ အဲဒီနေ့ညနေ ၄ နာရီ ၁၅ မိနစ်မှာ ရန်ကုန်ကထွက်တဲ့ အမှတ် ၁
အဆန်ရထားနဲ့ မန္တလေးကို နောက်မနက် ၆ နာရီမှာရောက်တယ်။ အဲဒီစာဟာ မနက် ၉ နာရီလောက်
ဝေတဲ့စာပို့က လာပို့လို့ ကျွန်မလက်ဝယ် ၁ဝ နာရီမထိုးခင် ရောက်ပါတယ်။
ဦးလှက စာစောစောမရေးအားလို့ ညပိုင်းမှရေးရင်
ဒီစာကို စာတိုက်ပုံး သွားထည့်လို့ မမြန်ဘူး၊ စာသိမ်းမယ့်အချိန်ကုန်နေပြီ။ ဒီစာကို
ပိုက်ဆံ ၂ ပြားတန် ခေါင်းအပိုကပ်၊ ပေါင်းခေါင်း ၆ ပြားဖိုးကပ်၊ နောက်ကျကြေး
ပေးဆောင်ပြီး (Late
Free Paid) လို့ စာရေးပြီး ည ၉ နာရီခွဲမှာ ထွက်မယ့် မီးရထားက
စာတိုက်တွဲကို လာထည့်။ အဲဒီစာဟာ နက်ဖြန်နေ့ခင်း မန္တလေးကို ရောက်တယ်။ ညနေ ၂
နာရီမှာ စာဝေတဲ့ စာပို့သမားက ကျွန်မလက်ထဲကို ၃ နာရီလောက် လာပို့ပါတယ်။ စာပို့က
တစ်နေ့ ၂ ကြိမ် ပို့တာပါ။
ဒါဟာ ဘယ်တော့မှ မလွဲဘူး။ လွဲရင်
နောက်ကျရင် စာလက်ခံသူက ဒီစာအိတ်ကို ကျွန်မလက်ဝယ် ဘယ်နေ့ဘယ်အချိန်မှရတာမို့ ဘယ်လောက် နောက်ကျပြီးမှ ရပါတယ်။ နောက်ဒီလို
မဖြစ်ရအောင် အရေးယူပေးပါလို့ စာအိတ်အခွံနဲ့အတူ တိုင်စာပို့ရင်
စာတိုက်အာဏာပိုင်များက တကယ်မေးမြန်းစုံစမ်းပြီး အရေးယူပေးပါတယ်။
နောင်မဖြစ်စေရပါဘူးလို့ တောင်းပန်တဲ့စာ ပြန်ပါသေးတယ်။ အရေးယူနေပါပြီလို့ တိုင်သူကိုလည်း
ပထမအကြောင်း ကြားပါသေးတယ်။
စာပို့တိုက်ဌာနက စာပို့တဲ့တာဝန်ကို
အဲဒီလောက်သေချာ၊ အဲဒီလောက်တိကျ၊ အဲဒီလောက် စိတ်ချရပါတယ်။
စာပျောက်တာဆိုတာမျိုးကလည်း မရှိသလောက်ပါ။ ဦးလှက နေ့လယ်က ကျွန်မဆီက ရထားတဲ့စာ
ဒါမှမဟုတ် မရတဲ့စာအတွက် ရေးတဲ့ ညပိုင်းစာကို ကြီးပွားရေးက အတူနေရဲဘော်တွေဖြစ်တဲ့
ကလောင်ပျံ ကိုဘကိုးတို့၊ ကာလာမောင်ဝင်းတို့၊ ကိုအုန်းမြင့်တို့က ၃၁၅ မောင်ဂိုမာရီလမ်း ကြီးပွားရေးတိုက်ကဖြစ်စေ၊
၂၂၇၊ ၃၈ လမ်း ကြီးပွားရေးတိုက်ကဖြစ်စေ၊ မီးရထား တံတားခုံးကြီးကိုကျော်ပြီး
ညရထားကို အပြေးအလွှား စာထည့်ပေးရပါတယ်။ အမှတ် ၂၂၇ က မော်လမြိုင်ကျောင်းတိုက်နဲ့
ကပ်နေတာတဲ့။
'ကျွန်တော်တို့က
ညပိုင်းရောက်တော့ နည်းနည်းပါးပါး ဟိုဟိုဒီဒီ လည်ချင်သေးတယ်ဟုတ်လား၊ ထွက်ချင်သေးတာ။
သူက စာကို စောစောလည်း ရေးထားတာမဟုတ်ဘူး။ အဲဒါရေးတာစောင့်ပြီး ညတိုင်းပြေးထည့်ရတာ။ RMS
ခေါ်တဲ့ မီးရထားစာတိုက်က သူ့စာအိတ် ဆီးတံဆိပ်နှိပ်တဲ့ စာတိုက်ဗိုလ်က
သူ့မိတ်ဆွေကြီးပေါ့'လို့ ကလောင်ပျံကိုဘကိုးက ပြောပြပါတယ်။
လူတစ်ယောက်တည်းဆီကို တစ်နေ့ စာ ၂
စောင် နှစ်နှစ်လောက်ကြာအောင် ဘာတွေများ ရေးနေသလဲလို့ မေးချင်တဲ့လူ
ရှိကောင်းရှိပါလိမ့်မယ်။ သမီးရည်းစားဘဝမှာ ရေးတဲ့စာတွေမို့ 'ချိုက်ကိုက်စ'တော့ ပါတန်သလောက် ပါတာပေါ့။ နို့ပေမယ့် အဲဒီတုန်းက နိုင်ငံရေး၊ လူမှုရေး၊
စာပေရေးတွေက အများစုပါ။ သူက ကြီးပွားရေးမဂ္ဂဇင်း ထုတ်နေပြီ ဟုတ်လား။
ဒီလိုရေးရာမှာ ကျွန်မမိဘများက
သိသွားတော့ ငြိုငြင်လာပါတယ်။ ပြီးတော့ တစ်ချိန်မှာ ကျွန်မတို့က ဖွင့်ပြီး အသိပေးတော့
အဖေတို့ စုံစမ်းဦးမယ်၊ ဒီအတောအတွင်း အဆက်အသွယ် မလုပ်နဲ့ဦးလို့ ပြောပါလေရော။
အဲဒီတော့ စာတစ်နေ့ ၂ စောင်လာနေတော့ ဘယ်လိုလုပ် ရပ်ရပါ့မလဲ။ မရပ်ရအောင်လို့
နေရှင်နယ်ကျောင်းတုန်းက ကျောင်းနေဖက်သူငယ်ချင်း မမြတင်အိမ်ကို လိပ်စာပြောင်းပြီး
အထည့်ခိုင်းလိုက်တော့လည်း မမြတင်က လာပို့ရှာပါတယ်။ ဒါပေမယ့် တစ်ရက်လည်း မဟုတ်၊
နှစ်ရက်လည်း မဟုတ်တော့ မရိပ်မိအောင်လုပ်လို့ ဘယ်ရပါ့မလဲ။ အဲဒီမှာ
မန္တလေးဥပစာကောလိပ် မြန်မာစာဌာနမှာ ကျူတာဖြစ်နေတဲ့ ဆရာ ဇော်ဂျီဆီကို
လိပ်တပ်ခိုင်းရတော့တာပေါ့။ ဆရာဇော်ဂျီက ဦးလှနဲ့ ရင်းနှီးခင်မင်ပြီးသား။ အဲဒီတုန်းက
ဆရာကလည်း အိမ်ထောင်မကျသေးဘူး။ ဆရာ့ရည်းစား မမစောရင်က ရန်ကုန်မြို့မကျောင်းမှာ
ကျောင်းဆရာမ။ ဆရာ့လိပ်စာနဲ့လာတဲ့စာတွေကို ဆရာက ကျွန်မညီမ ဥပစာကျောင်းသူ
မတင်တင်လက်မှာ နေ့တိုင်းပေးလိုက်ရတယ်။ မတင်တင်က ဥပစာအထက်တန်းကျောင်းသူ။
ကျောင်းပိတ်ရက်တော့ စာမဖတ်ရဘူး။ ကျောင်းဖွင့်ရက်တော့ နေ့တိုင်းစာဖတ်ရတာပေါ့။
ဦးလှက စာတွေကို ရေးတုန်းကတော့
စာအုပ်ထုတ်ဖို့ ရည်ရွယ်ချက်မရှိဘဲ ရေးတယ်။ နို့ပေမယ့် အဲဒီစာတွေကို အစုလိုက်
အပုံလိုက်တွေ့တဲ့အခါ စာအုပ်လုပ်ချင်တဲ့စိတ် ပေါက်တတ်တယ်။ သူ ငယ်ငယ်လေးကတည်းက
ဒီစိတ်ရှိတယ်။
ဟိုငယ်ငယ်တုန်းက ဦးလှနဲ့ကျွန်မ မိတ်ဆွေတွေ
အဖြစ်နဲ့ တစ်နှစ်လောက် စာတွေ ရေးမိကြတဲ့တစ်နေ့မှာ ဦးလှက ဒီနှစ်ယောက်ရေးကြတဲ့စာတွေ
အများကြီးကိုမြင်တော့ သူ စာအုပ်လုပ်ချင်သတဲ့။
၁၉၃၇ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က
သူ ကျွန်မဆီရေးတဲ့စာထဲမှာ...
'အင်း... ဒါထက် ကျွန်တော်တို့
နှစ်ယောက် မောင်နှမတော်လာကြတာလည်း တော်တော်ကြာလာပြီ။ မအမာ
ကျွန်တော့်ဆီရေးတဲ့စာတွေကို မအမာ ပြန်မြင်စေချင်တယ်။ မြင်ရင် အံ့သြကောင်း
အံ့သြနေလိမ့်မယ်။ နည်းတဲ့စာတွေ မဟုတ်ဘူး။ သတင်းတွေကလည်း စုံပါရဲ့။ မအမာဆီကို
ကျွန်တော်ရေးတဲ့ စာတွေဟာလည်း ဒီလိုပဲ နေမှာပဲ။ တော်တော်များနေရော့မယ်။
မအမာရဲ့စာတွေကို ကျွန်တော် ကောင်းကောင်းသိမ်းထားတယ်။ နောင် ကျွန်တော်တို့မောင်နှမ
လူကြီးဖြစ်လာလို့ အရေးကြီး အရာရောက်တဲ့ ပုဂ္ဂိုလ်ကြီးတွေများ မတော်တဆ ဘုရားမလို့ ဖြစ်လာကြလျှင်
အဲဒီစာတွေကို ပုံနှိပ်မယ်။ ဦးဖေမောင်တင်တို့ကို ခုကတည်းက ကပ်ထားရရင် ကောင်းမလား၊
ကျောင်းသုံးဖြစ်အောင်။ အဲဒီအခါကျတော့ ခင်မာသီ အဒေါ်ကြီးဟာ သားကြီး၊ သမီးကြီး၊
မြေးကြီးတွေ တိုးလိုးတွဲလောင်းနဲ့ အမယ်ကြီး ဖြစ်နေရော့မယ်။ သူ့စာတွေကို
ပြန်ဖတ်ရတဲ့အခါ သူ့အစ်ကိုကြီးကို သတိအမှန် ရလိမ့်မယ်။ အဲဒီအခါ ယခုအရွယ် စိတ်ထက်သန်
ကိုယ်နုပျိုတဲ့အတိုင်း ကြမ်းချင်၊ ရမ်းချင်၊ ဆိုးချင်၊ မာချင်၊ တေချင်တာကလေးတွေကို
ပြန်ပြောင်းလို့ သတိရလိမ့်မယ်။ မလွဲဘူး... မလွဲဘူး၊ ဧကန်ပဲ' တဲ့။
၁၉၃၇ ခုနှစ်က သူ အဲဒီလို
ပြောခဲ့ပြီးတဲ့နောက် ခရစ်နှစ် ပြောင်းပြန် ၁၉၇၃ ခုဆီလောက်ရောက်လာတော့
ကျွန်မတို့နှစ်ယောက် ရေးခဲ့ကြတဲ့ စာတွေကို သူက တကယ်ပဲ စာအုပ်ရိုက်ချင်
လာပြန်ပါတယ်။ ကျွန်မက 'အို... ကြံကြီးစည်ရာ၊ မရိုက်ရပါဘူး' လို့ ပြောတော့ 'တို့ရေးခဲ့တာတွေက ခုနေဆို သမိုင်းပဲကွ။ အကြောင်းအရာတွေ သိပ်စုံတာ။
စာအုပ်ရိုက်ရရင် ကောင်းမှာ' လို့ သူက ထပ်ဆိုပြန်တယ်။
ကျွန်မကတော့ ခါးခါးသီးသီးပဲ။ 'မာအသက်နဲ့ ရှိနေသေးသမျှတော့
ခွင့်မပြုဘူး။ သေမှတော့ လုပ်ချင်ရာလုပ်ကြ' လို့ သူ့ကို
ပြောမိတယ်။ ကျွန်မက စကားအပိတ် ပြောထားပေမယ့် သူက စိတ်မကုန်ဘူး။ နောက်ထပ် တစ်ခါ၊
နှစ်ခါ ထပ်ပြောပါ သေးတယ်။
သူ့စာများ-
ပထမဆုံးစာအုပ်
သူနဲ့ကျွန်မ အကြောင်းပါပြီး
သားကြီးနဲ့ သမီးကြီး သန်းယဉ်မာကို မွေးပြီးတော့ ကမ္ဘာစစ်ကြီး အတွင်းမှာ
ကျွန်မတို့ရဲ့ ဒုတိယအမေဖြစ်တဲ့ အတူနေတဲ့ အဒေါ်မုဆိုးမ ဒေါ်သက်ရှည်က သားအိမ်မှာ
အလုံးဖြစ်တဲ့ရောဂါ ရလာပါတယ်။ ဒီအလုံးက စစ်မဖြစ်ခင် ကတည်းက စမ်းသပ်တွေ့လို့
ခွဲဖို့စီစဉ် ဖူးပါတယ်။ နို့ပေမယ့် အဒေါ်က ခွဲရမှာ သိပ်ကြောက်ရှာလေတော့
နေ့ရက်ရွှေ့ လာခဲ့ရင်းက ကမ္ဘာစစ်ကြီး ဖြစ်လာရော။ ၁၉၄၄ ခုနှစ်ဆီရောက်တော့
အလုံးကြီးက မတန်တဆ ကြီးလာပြီမို့ မခွဲလို့ မဖြစ်တဲ့အခြေ ရောက်လာပါတယ်။
ခွဲစိတ်ကုရာမှာ ဘယ်သူတော်သလဲ စုံစမ်းတော့ ပြင်ဦးလွင်မှာ ဒေါက်တာဂျွန်ဆိုတဲ့
ဆရာဝန်ရှိနေတယ်။ သူ ခွဲစိတ်ရင် ကောင်းမယ်လို့ စုံစမ်းလို့ရတယ်။ ဒါကြောင့် သူ့ကို
သွားပြပြီး ခွဲစိတ်ဖို့ စီစဉ်ရပါတယ်။ ပြင်ဦးလွင်မြို့ထဲမှာဆိုတော့
ရန်သူ့လေယာဉ်တွေရဲ့ လေကြောင်းရန်က မအေးဘူး။ ဒါကြောင့် မြို့ပြင်က ဂေါ်ရခါးရွာကလေး 'ဘရားကတ်သီးယား'
ဆိုတဲ့ရွာမှာ အိမ်တစ်လုံးငှား၊ သူနာပြုဆရာမ၂ ယောက်ငှားပြီး အဒေါ်ကို
ခွဲကုဖို့ စီစဉ်ရပါတယ်။ ဒီလို စီစဉ်တဲ့အခါ ကလေးနို့စို့ နို့ညှာနဲ့ ဖြစ်နေတဲ့
ကျွန်မက စစ်ပြေးနေရာ ကပိုင်တောင်ငူစုကျောင်းမှာပဲ နေရစ်ရတယ်။ ကျွန်မတို့အမေရယ်၊
ဦးလှရယ်၊ ကျွန်မအစ်မနဲ့ ခဲအိုရယ်က လူနာနဲ့အတူ ပြင်ဦးလွင်ကို လိုက်ပြီး
ဆေးကုပေးကြမယ်။ ဒါကြောင့် ဦးလှက ပြင်ဦးလွင် လိုက်သွားရတယ်။ ဟိုရောက်တော့
ကျွန်မတို့ဆီကို လူကြုံရှိတိုင်း စာရေးပါတယ်။ ဦးလှစာရေးတဲ့အခါ ကျွန်မ ဆီရေးတဲ့
စာပေမယ့် သူ့သားသမီးတွေကိုလည်း အမြဲထည့်ရေးတတ်သလို သားသမီးတွေက စာဖတ်တတ် မဖတ်တတ်
သီးခြားစာရေးတဲ့အလေ့လည်း ရှိပါတယ်။ ၁၉၄၄ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့စွဲနဲ့ စာကတော့
သူ့သားကြီးဆီကို ဒီလိုရေးပါတယ်။
'ဒီရွာမှာ ဖေဖေတို့
တစ်လနီးပါး နေရလိမ့်မယ်ထင်တယ်။ လူလေးတို့နဲ့ ခွဲပြီးနေရမှာ တော်တော်တော့
ပျင်းစရာကောင်းတာပဲ။ ဒါပေမယ့် ဘွားဘွားကြီးက နေစေချင်တယ် သားရဲ့။ ဖေဖေသာမကဘူး၊
လူလေးဘကြီးချွန်တို့ ကြီးကြီးဦးတို့တောင် အလုပ်တွေ ပစ်ထားခဲ့ပြီး
လိုက်ခဲ့ကြသေးတာကလား။ ဖေဖေ့အလုပ်ကတော့ ဒီမှာ ဘာမှမရှိဘူး၊ အဖော်ပါပဲ။ တစ်ခါတလေလည်း
ဆရာဝန်တွေ ဆရာမတွေနဲ့ စကားပြန် လုပ်ရတာပေါ့လေ။ ဒီလောက်ပါပဲ'
'ရွာက ချောင်လည်းကျတော့
သတင်းစာတို့ ဘာတို့လည်း မဖတ်ရဘူး သားရဲ့။ တော်တော်ပျင်းစရာ ကောင်းတယ်။
စာအုပ်ကလေးအစ၊ ဘာကလေးအစ ယူလာပေလို့သာပေါ့ကွယ်။ မဟုတ်ရင်ဖြင့် ဘာလုပ်ရမှန်းကို
သိမှာမဟုတ်ဘူး။ ဒါကြောင့် ငါ့သား သုံးနှစ်ပြည့်တဲ့နေ့မှာ လက်ဆောင်ပေးဖို့
စာအုပ်တစ်အုပ်ကို ဖေဖေရေးဦးမယ်။ ခု စက်တင်ဘာ ၃ဝ ရက် နေ့ဆိုရင် ငါ့သား
သုံးနှစ်တင်းတင်း ပြည့်မှာပဲ။ အဲဒီနေ့အရောက် ဖေဖေ့ဆီက လက်ဆောင်ကို ပို့လိုက်မယ်။
ငါ့သား မျှော်ပါတော့'
'စစ်ကြီးအတွင်းဆိုတော့
လူကလေးဖို့ သုံးဘီးဘိုင်စကယ်လေးတို့၊ သေနတ်ကလေးတို့ ဘာမှ ဝယ်လို့မရနိုင်ဘူး။
ဒါကြောင့် ဖေဖေကတော့ ချွေတာရေးလည်းဖြစ်၊ တကယ်လို့ စာအုပ်ရိုက်ဖြစ်ရင် လူလေးဖို့
မုန့်ဖိုးလည်းရအောင် ငါ့သားဖို့ မွေးနေ့လက်ဆောင် စာတစ်အုပ်ရေးဖို့ စိတ်ကူးရထားတယ်'
'ဒီလိုလုပ်မယ်သားရယ်။
မေမာလည်း ကျေနပ်အောင်၊ ငါ့သားဖို့လည်း လက်ဆောင်ဖြစ်အောင် ငါ့သားကို
ဖေဖေဖြစ်ချင်တာတွေ ရေးရေးထားမယ်။ ဒီကနေပြီး ငါ့သားဟာစာပဲ တကယ်ဖတ်တတ်တဲ့ အနေနဲ့ပေါ့။
ဒီစာတွေကို ဖေဖေက လူကြုံနဲ့ ပို့ပေးလိုက်မယ်။ မေမာက ငါ့သားကို ဖတ်ပြလိမ့်မယ်။
မေမာကလည်း အဝေးရောက်ရင် သူ့ဆီကို စာရှည်ရှည်ကြီး အပျိုလူပျိုတုန်းကလို
ရေးမှကြိုက်တာ။ အိမ်ထောင်ကျပြီးလို့ သားတစ်ဖျာ၊ သမီးတစ်ဖျာရနေပေမယ်လို့
အချင်းချင်း ပိုးတဲ့ပန်းတဲ့ အလုပ်ကို ဆက်လုပ်ရသေးတယ်။ လောကထုံးစံပဲ၊ မှတ်ထားနော်။
အပြင်တော့လည်း မပိုးရဘူး။ ဒါကြောင့် တစ်ချက်ခုတ် နှစ်ချက်ပြတ်၊ မေမာလည်း
စာတွေဖတ်ရလို့ ကျေနပ်ရော၊ လူလေးလည်း စာအုပ်တစ်အုပ် ရရောဆိုပြီး
ဖေဖေပြောတဲ့အစီအစဉ်အတိုင်း ငါ့သားဆီကို စာတွေရေးမယ်။ ဖတ်မယ်သာပြင်ပေတော့'
ဘွားဘွားကြီးနေကောင်းရင်
ဖေဖေပြန်ခဲ့ဦးမယ်။
ဖေဖေမောင်ကံကောင်း'
တဲ့။
ဦးလှက သူ့သားကြီးရင်
ဖြစ်စေချင်တဲ့ပုံစံတွေကို စာတွေထဲမှာ ရေးထည့်တာပါ။ ဖေဖေ့စိတ်ကြိုက်
ဆုထူးပန်ယောကျ်ား တစ်မျိုးတစ်စား ထူးထူးခြားခြား ဖြစ်စေချင်သတဲ့။ ဒါကြောင့်
ဒီစာအုပ်နာမည်ကို ဆုထူးပန်ယောကျ်ားလို့ နာမည်ပေးတာဖြစ်သတဲ့။ စာရှည်ဆယ်စောင်ရေးပါတယ်။
စာတွေထဲမှာ တိုင်းပြည်လွတ်လပ်ဖို့အတွက် တိုက်ပွဲဝင် တပ်သားကောင်းတွေ အဘက်ဘက်က
လိုနေသေးတာမို့ သူ့သားဟာ ရဲစွမ်းသတ္တိနဲ့ အနစ်နာခံနိုင်တဲ့ ယောကျ်ားကောင်းတစ်ယောက်
ဖြစ်လာစေရေးကို အဖေတစ်ယောက်က ညွှန်ကြားတဲ့စာတွေပေါ့။ အကြောင်းအရာတွေက လေးလံပေမယ့်
သူ့သားနားလည်အောင် ပေါ့ပေါ့ပါးပါးရေးထားတာပါ။
ဦးလှက ပြင်ဦးလွင်က ကပိုင်ကို
ပြန်ရောက်တော့ ဒီစာတွေကို စာအုပ်ကလေးတစ်အုပ် စက္ကူကောင်းကောင်းနဲ့ ရိုက်ချင်တာတဲ့။
၁၉၄၄ ခုနှစ်ကုန်ခါနီးအချိန်မျိုးမှာကလည်း စက္ကူကောင်းမပြောနဲ့၊ ရုံးတွေက
ဖောက်ယူထားတဲ့ တစ်ဖက်ချောစက္ကူတွေတောင် သုံးလို့ ကုန်ခါနီးအချိန်မျိုးဖြစ်နေလို့
စက္ကူ အင်မတန်ရှားနေတဲ့အချိန်ပါ။ နို့ပေမယ့် သားမွေးနေ့လက်ဆောင်မို့
စာအုပ်ကောင်းကောင်းလေး ဖြစ်ချင်ပါတယ်ဆိုတော့ ကျွန်မက ကျွန်မရောင်းခဲ့တဲ့
စက္ကူဆိုင်က စာရေးဖို့သိမ်းလာတဲ့ ဘင့်စက္ကူ (အစိမ်း၊ အပြာ၊ ပန်းရောင်ကလေးတွေ)နဲ့
စာအုပ်ဖြစ်အောင် ရိုက်ပေးရတယ်။
စက္ကူကရှိပြန်တော့
ဂျပန်ခေတ်စစ်ကြီးအတွင်းမှာ စာအုပ်မျက်နှာဖုံးအတွက် ကြံရဖန်ရပြန်ပါတယ်။ ပန်းချီဆရာ၊
ဘလောက်ဆရာ၊ ဘလောက်ပစ္စည်း ဘာဆိုဘာမှမရှိတဲ့နေရာမှာ ဘာနဲ့ ဖုံးကြမလဲပေါ့။ ဦးလှက
သူ့ကြီးပွားရေး မဂ္ဂဇင်းမျက်နှာဖုံးလေးတစ်ခုနဲ့ ဒီစာအုပ်ကို ပြန်ဖုံးချင်သတဲ့။
အဲဒါလေးက ၁၉၃၆ ခု၊ နိုဝင်ဘာလထုတ် ကြီးပွားရေးမဂ္ဂဇင်းကို ပန်းချီဆရာ ဦးဘစိန်
ဆွဲပေးထားတာကလေး။ မြန်မာမြင်းစီး ဗိုလ်မှူးကြီးတစ်ယောက်ရဲ့ အရိပ်မှာ ၂ နှစ်၊ ၃
နှစ်အရွယ် ကလေးငယ်လေး တစ်ယောက် ထိုင်နေတဲ့ပုံကလေး။ ဒီပုံလေးကို ပြပြီး
သူ့အာရှလူငယ်ထဲက ဗလတံဆိပ်ထုတိုက်က လက်ထိုးဘလောက်ဆရာ ကိုအောင်ဖေကို လက်နဲ့
အထွင်းခိုင်းပါတယ်။ ကိုအောင်ဖေကလည်း လက်ထိုးပေမယ့် ဓာတ်စားဘလောက်နီးပါး
လက်ရာမြောက်မြောက်နဲ့ တော်တော်ကောင်းအောင် ထွင်းပေးပါတယ်။
သစ်ထွင်းပန်းချီမျိုးပေါ့။ ဒါနဲ့ ကျွန်မသိမ်းထားတဲ့ ဟိန္ဒူ စတန်နီကာဗာစက္ကူနဲ့
ဖုံးပေးရတယ်။ ၁၉၄၄ ခုနှစ် ကုန်ခါနီးမှာထွက်တဲ့ ဒီစာအုပ်လေးဟာ ဦးလှတို့ သားအဖ
မုန့်ဖိုးအဖြစ် တစ်အုပ်ကို ဂျပန်ငွေ ၂၅ ကျပ်နဲ့ ရောင်းခဲ့ကြပါတယ်။
ဇနီးနဲ့
သားသမီးများသို့
ဇနီးနှင့် သားသမီးများသို့
ထောင်တွင်းကပေးစာများဆိုတဲ့ စာအုပ်က သူ့စာများ- ဒုတိယစာအုပ်ပါ။
ဦးလှက ထောင်ထဲကနေပြီး ဇနီးနဲ့ သားသမီးတွေဆီကို စာများ တစ်ခါတစ်ခါမှာ
ရေးပါတယ်။ သူ ရေးတဲ့စာတွေက ထောင်အာဏာပိုင်တွေဆီကို တင်ပြပြီးမှ
ထောင်ပိုင်ကြီးရုံးက စစ်ဆေးပြီး ပို့ခွင့်ပြုသည်ဆိုတဲ့ တံဆိပ်တုံးထိုးပြီးမှ
ကျွန်မဆီကို တရားဝင် စာတိုက်ကပို့ပေးတဲ့စာတွေ။ ကျွန်မ ဆီကို အဲဒီလို
အစစ်အဆေးတွေအောက်က ရောက်လာတဲ့စာတွေကို ကျွန်မက ကောင်းကောင်းဖိုင်တွဲပြီး
သိမ်းထားပါတယ်။ ဦးလှ ၁၉၅၇ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့မှာ ထောင်ကလွတ်လာ
ပါတယ်။
သူလွတ်လာပြီး တစ်နှစ်လောက်ကြာတော့
သူထောင်ထဲကနေပြီး ကျွန်မဆီရေးတဲ့စာ ၂၇ စောင်၊ သူ့ သားသမီးတွေဆီရေးတဲ့စာ အစောင် ၂ဝ
နဲ့ သားအငယ်ဆုံး မောင်ငြိမ်းချမ်း (ညီပုလေး)ဆီ သီးသန့်ရေးတဲ့စာ ၄ စောင်၊ ပေါင်းစာ
၅၁ စောင်ကို စာအုပ်တစ်အုပ်ရိုက်ချင်သတဲ့။ ကျွန်မက ရိုက်ချင်လည်း ရိုက်ပေါ့လို့
ခွင့်ပြုတဲ့အခါ...
'မူလကမူ
ရန်ကုန်ထောင်တွင်းမှာနေ၍ မန္တလေးမြို့တွင်းရှိ ကျွန်တော်၏ ဇနီးနှင့်
သားသမီးများထံသို့ရေးသော ဤစာများကို ပုံနှိပ်ထုတ်ဝေဖို့ ကျွန်တော်တို့တွင်
ရည်ရွယ်ချက်မရှိခဲ့ပါ။ စာများသည် ကျွန်တော်၏ဇနီးနှင့် သားသမီးများထံရေးသော
အတွင်းစာများဖြစ်သောကြောင့် ကျွန်တော်တို့အိမ်သားများ၊ ဆွေမျိုးများလောက်နှင့်သာ
သက်ဆိုင်သည်ဖြစ်၍ အများဖတ်ရန်လည်းမလို၊ အများက စိတ်ဝင်စားစရာအကြောင်းလည်း မရှိလှပါ'
'ထောင်တွင်း၌ စာရေးတတ်သူများက
ရေးကြသည်။ ရေးစရာစက္ကူ၊ မင်၊ စာအိတ်ခေါင်းရှိသူများက ရေးကြသည်။ ရေးစရာလူရှိသူများက
ရေးကြသည်။ သို့ရာတွင် အများအပြား သော ကွေကွင်းကွဲကွာနေသူများမှာ မပြည့်စုံခြင်းအကြောင်း
အမျိုးမျိုးကြောင့် စာမရေးကြ၊ မထည့်ကြရပေ'
'သူတို့တွင် စာရေးစရာ
အကြောင်းများ မရှိကြ၍လည်းမဟုတ်၊ သူတို့၏ စာများကို မျှော်နေကြသူများ
မရှိကြ၍လည်းမဟုတ်၊ သို့ရာတွင် ဆယ်ကြိမ်ရေးချင်၍လည်း တစ်ကြိမ် မရေးနိုင်၊
ဆယ်ကြိမ်စာထည့်လို၍လည်း တစ်ကြိမ် မထည့်နိုင်။ သူတို့တွင် ဘာမှမပြည့်စုံ၊ အချို့မှာ
ကိုယ် တိုင်စာလည်းမရေးတတ်၊ မဖတ်တတ်'
'ဘယ်ကို
စာရေးရမှန်းမသိသူများကိုလည်း တွေ့ရသည်။ သို့ရာတွင် သူတို့ကလည်း ရေးချင်ကြသည်သာ
ဖြစ်သည်'
'အကျဉ်းထောင်များ၌သာ မဟုတ်၊
ရပ်ဝေးတွင် လက်နက်ကိုင်၍ တိုက်နေကြသော ရဲဘော်များ၊ တောကြိုတောင်ကြားတွင်
အလုပ်ဝတ္တရားနှင့် ရက်ရှည်လများ သွားလာလုပ်ကိုင် နေကြသူများ၊
အကြောင်းအမျိုးမျိုးကြောင့် ကွဲကွာကွေ ကွင်းနေကြရသူများမှာလည်း စာများကို
ရေးချင်လျက်နှင့် မရေးနိုင်၊ ထည့်ချင်ပါလျက် မထည့်နိုင်ရှိကြပေသည်'
'ရန်ကုန်ထောင်ကြီးအတွင်းမှနေ၍
မန္တလေးရှိ ကျွန်တော်၏ ဇနီးနှင့် သားသမီးများထံ ရေးသားခဲ့သော စာများတွင် ထိုထိုသော
ကွဲကွာရေးသမားများ၏ ပုဂ္ဂိုလ်ရေးရာများကို တိုက်ရိုက်ပါသည် မဟုတ်သော်လည်း
ထိုသူများ၏ စိတ်ဝမ်းထဲတွင် ရှိကြသော သဘောသဘာဝများမှာ ကျွန်တော်၏ရင်ထဲ
နှလုံးသားထဲတွင် ရှိခဲ့သည်များနှင့် ယောဘုယျအားဖြင့် ထပ်တူပင် ဖြစ်နေကြပေလိမ့်မည်ဟု
ကျွန်တော် ကောင်းကောင်းကြီး ယုံကြည်မိပါသည်'
သို့ဖြစ်လေရာ ကျွန်တော်၏စာများသည်
အားလုံးသော ကွဲကွာကွေကွင်းသူ များက၄င်းတို့ရေးလို ပေးလိုသူများထံသို့
ရေးလိုသားလိုသည်များကို အထိုက်အလျောက် ကိုယ်စားပြုနိုင်လိမ့်မည်ဟု
မျှော်လင့်ယုံကြည်မိသည့်အတိုင်း ဤစာများကို ပုံနှိပ်ထုတ်ဝေရခြင်းဖြစ်ပါသည်။
မောင်လှ
၂၁-၅-၅၈'
လို့
နိဒါန်းမှာရေးထည့်၊ လက်မှတ်ထိုးပြီး ၁၉၅၈ ထဲမှာ စာအုပ်ရိုက်ပါတယ်။
စာအုပ်သုံးထောင်ရိုက်တော့
ကုန်သွားလို့ အတော်ကြာတဲ့အခါ ဦးလှက တခြား သူ့စာအုပ်ရိုက်ရောင်းလို့ ကုန်တာတွေလို ဒီစာအုပ်ကိုလည်း
ဒုတိယနှိပ်ခြင်း ပြန်ရိုက်ချင်တယ်။ နို့ပေမယ့် အကြောင်းအမျိုးမျိုးနဲ့
ပုံမနှိပ်ဖြစ်ဘူး။
ထပ်ပြီးပုံမနှိပ်ရတာကို သူ့စိတ်ထဲ
မကောင်းဘူးထင်ပါရဲ့။ ကျွန်မကို နှစ်ခါ သုံးခါပဲ 'ငါဒီစာအုပ်ကလေး
ပြန်ရိုက်ချင်တယ်ကွာ။ မရိုက်ဖြစ်လိုက်ဘူး' လို့ ပြောပါတယ်။ တစ်ခါတစ်ခါ
စာရေးစားပွဲမှာမရှိဘဲ သူပျောက်နေလို့ ကျွန်မ လိုက်ရှာရင် အိပ်ရာပေါ်မှာ အိပ်ရင်း
ထောင်တွင်းကပေးစာများ စာအုပ်ကလေးကို ဖတ်နေတာတွေ့တဲ့အခါ တွေ့ပါတယ်။ ကျွန်မက
ဒီအကြောင်းနဲ့ ပတ်သက်လို့ သူ့ကို ဘာမှမပြောပါဘူး။
သူနဲ့ကျွန်မက စိတ်ဆင်းရဲစရာ
ကိစ္စတစ်ခုကို မတော်တဆ တစ်ယောက်ယောက်က မမျိုသိပ်နိုင်လို့ ဖော်မိရင်
ပွားမှာများမှာစိုးလို့ တတ်နိုင်သလောက် ဖုံးဖိမျိုသိပ် ထားနေကြ၊ စကားစဖြတ်နေကြပါ။
သူတစ်ခွန်း ငါတစ်ခွန်းနဲ့ စိတ်ဆင်းရဲစရာများကို အပွားများမခံကြဘူးလေ။
ဦးလှရေးတဲ့စာတွေကို ကျွန်မ သိမ်းထား၊
ဖိုင်တွဲထားသလို ကျွန်မရေးခဲ့တဲ့ စာတွေကိုလည်း သူက သိမ်းထားတယ်။
ကျွန်မတို့နှစ်ယောက် အိမ်ထောင်ကျတော့ ဒီစာတွေကို ပေါင်းပြီး ကျွန်မသိမ်းထားတယ်။
ကမ္ဘာစစ်ကြီးဖြစ်လာလို့ နေအိမ်ကို စွန့်ပြီး စစ်ဘေးလွတ်မယ်ထင်ရာကို
ပြေးကြစို့လို့ဆိုတော့ ကျွန်မတို့မှာ အဝတ်အစား အိပ်ရာကလွဲရင် စာပုံနှိပ်စက်ရယ်၊ ခဲစာလုံးရယ်၊
ရိုက်ထားတဲ့ စာအုပ်ရယ်ကိုပဲ သိမ်းဆည်းသယ်ပြေးစရာရှိတယ်။ တခြားအတွင်းပစ္စည်းရယ်လို့
မရှိဘူး။ အတွင်းပစ္စည်းအနေနဲ့ ကျွန်မနဲ့သူနဲ့ အပြန်အလှန်ရေးခဲ့ကြတဲ့ စာတွေကို
သိမ်းပြီးယူပြေးခဲ့တာပေါ့။
သူမရှိတဲ့နောက် မန္တလေးမှာ ၁၉၈၄
ခုနှစ်၊ မတ်လ ၂၄ ရက်နေ့က မီးဘေးကြီး သင့်တော့ ကျွန်မက ကျွန်မတို့ တစ်သက်လုံး
စုဆောင်းသိမ်းဆည်းလာတဲ့ စာအုပ်စာတမ်းနဲ့ အမျိုးသားယဉ်ကျေးမှုပစ္စည်းတွေကို ၁၅
မိနစ်အတွင်း ဘယ်လိုမှ သယ်မပြေးနိုင်တာနဲ့ ကမ္မသကာပဲလို့ ရင်လေးလေးနဲ့
လောင်လာတဲ့မီးကြီးကို ကြည့်ရင်း ငေးနေမိတယ်။ ပစ္စည်းသိမ်းနေကြတဲ့ သားသမီးတွေက အမေ
ဘာသယ်ဦးမလဲ၊ အမေယူချင်တာပြောလေနဲ့ တစ်ယောက်တစ်လဲ လာလာမေးရှာကြတယ်။ သူတို့
အတန်တန်မေးလို့ ကျွန်မက အဲဒီစာသေတ္တာနဲ့ သူ့ပန်းချီကားကြီးပဲ ယူခဲ့ကြပါလို့
ပြောပြီး အိမ်က ဆင်းပြေးခဲ့ပါတယ်။
ဒီစာသေတ္တာတွေဟာ ကမ္ဘာစစ်မီးဘေးကရော၊
ရာဇဝင်တွင်မယ့် မန္တလေး ၁၉၈၄ ခုနှစ် မီးဘေးကြီးကရော လွတ်ခဲ့တယ်လေ။
ဦးလှမရှိတဲ့နောက် ကျွန်မတို့
နှစ်ယောက်ပေးစာတွေကို စာအုပ်ရိုက်ချင်ပါတယ်ဆိုတဲ့ လူတစ်ယောက် ပေါ်ပေါက်လာပါသေးတယ်။
သူကတော့ သူငယ်ချင်း ကိုညိုမြပါ။ ကျွန်မက ဦးလှ လူပျိုတုန်းက ကျွန်မဆီ
ရေးခဲ့တဲ့စာတွေထဲမှာ ကိုညိုမြ အကြောင်းတွေလည်းပါတယ်လို့ ပြောပြမိတော့ သူက
ဘာတွေပါတာလဲ သူ ဖတ်စမ်းပါရစေတဲ့။ ရှင်က သူ့ကို စာအုပ်ရိုက်ခိုင်းပြီး ကြွေးမပေးတာတွေ
ပါတာပေါ့၊ ဘာတွေရမလဲလို့ ကျွန်မ ကပြောတဲ့အခါ သူ ပူဆာတာနဲ့ ရှာပြရပါတယ်။ အဲဒီတော့
ကိုညိုမြက ဒီစာတွေ စာအုပ်ရိုက်ရအောင်ပါလို့ ပြောပြန်ပါရော။
ဦးလှဆုံးပြီးတဲ့နောက်
ကျွန်မဖိုင်တွဲပြီးသိမ်းထားတဲ့ သူလူပျိုတုန်းက ရေးခဲ့တဲ့စာတွေကို သူ့အလွမ်းပြေ
ပြန်ဖတ်ကြည့်နေမိတယ်။ ဖတ်ပြီးတော့ သူနဲ့ ကိုယ်နဲ့စာချင်းသာ ဆက်သွယ်ခဲ့ရတုန်းက
သူရေးသားပြောဆိုခဲ့တာတွေနဲ့၊ သူနဲ့ ကျွန်မ ဇနီးခင်ပွန်းအဖြစ် အနှစ် ၄ဝ ကျော်
ပေါင်းသင်းဆက်ဆံရတဲ့အခါ သူ့ကို ကျွန်မသိတဲ့ အမူအကျင့်၊ သူ့စိတ်နေစိတ်ထား၊
သူလုပ်ကိုင်ဆောင်ရွက်ပုံတွေနဲ့ ဘာများကွာခြားသလဲ။ ဟိုတုန်းက ကျွန်မယုံစားခဲ့ရတဲ့
သူ့စကားတွေဟာ တကယ်ပေါင်းသင်းကြည့်တဲ့အခါတော့ ဟုတ်သေးရဲ့လား၊ ဘယ်လိုများ
ခြားနားနေသလဲလို့ နှိုင်းယှဉ်ကြည့်မိပါတယ်။ ဒီအခါ ကျွန်မအပေါ် တကယ်ပဲ
ရိုးရိုးသားသား ရေးသားရှာတာကို တွေ့ရလို့ ကျွန်မ ယုံထားခဲ့ရတာတွေ မမှားဘူး၊
သူတော်ကောင်းနဲ့တွေ့ရပေတယ်၊ မောင်မင်းကြီးသား သူ့ဇနီးအဖြစ်နဲ့
ကြောင့်ကြမဲ့နေခဲ့ရပါပေတယ်လို့ ကျေးဇူးတင်ပြီး ဒီလို သဘောမနော ကောင်းတဲ့လူတစ်ယောက်
ဘဝတိုတိုနဲ့ အိုခြင်း၊ နာခြင်းကင်းတဲ့ နိဗ္ဗာန်ကို ဆိုက်ရောက်နိုင် ရှာပါစေ၊
နိဗ္ဗာန်မရောက်မီအကြား ဘဝများ ရှိသေးရင် ပါရမီဖြည့်ဖက် ဆက်လက်ဖြစ်ကြလို့ သတ္တဝါတွေ
အကျိုးကို သယ်ပိုးနိုင်ကြပါစေလို့ နေ့တိုင်း ဆုတောင်းမိပါတယ်။
ဒီစာတွေအားလုံးကို ကွန်ပျူတာနဲ့စီပြီး
စာအုပ်ထုတ်မယ်လို့လည်း အောက်မေ့ထားပါတယ်။
▀
ဆက်လက်ဖော်ပြပါမည်။
လူထုဒေါ်အမာ
(အမှတ် ၂၀၇၊
ဖေဖော်၀ါရီလ၊၂၀၀၇ ရွှေအမြုတေမဂ္ဂဇင်း။)
ဦးလှကို မင်းမနိုင်ကွက်သစ် တဲအိမ်ဖျက်တဲ့ သတင်းနဲ့ ပတ်သက်လို့ သတင်းမှားရေးတယ်ဆိုပြီး အစိုးရက အရေးယူဖမ်းဆီးထားတော့ ဒီအမှုကို မန္တလေးမှာမစစ်ဘဲ ရန်ကုန်ပြောင်းရွှေ့စစ်ပါရစေလို့ တရားလိုအစိုးရရှေ့နေက ရုံးမှာ...
ကျွန်မသိရသလောက် သူ့မှာ စိတ်ကောင်းနှလုံးကောင်း ရှိတယ်။ ဉာဏ်က အထက်မြက်ကြီးတော့ မဟုတ်ဘူး ပုံမှန်ပဲ။ ဒါပေမယ့် ကောင်းတယ်ဆိုတာကို လိုက်နာကျင့်ကြံလိုတဲ့ စိတ်တော့ အမြဲတမ်းရှိတယ်။ အမြဲတမ်းလည်း ကြိုးစားတယ်လို့ထ...
သူ့အဖေက ရွှေတောင်သား မြန်မာ သူ့အမေက ပုစွန်မြောင်း ညောင်လေးပင်သူ မြန်မာ ညောင်လေးပင် တောရကြီးဆရာတော် ဦးအရိယ(အဂ္ဂမဟာပဏ္ဍိတ)ဟာ ဦးလှရဲ့ အမေ့အစ်မက မွေးတဲ့သား ဦးလှနဲ့ ညီအစ်ကိုဝမ်းကွဲပါ