လူထုဒေါ်အမာ
ယခင်လမှအဆက်...
ဦးလှနဲ့ အသင်းအပင်း
ဦးလှက
လူတော်လူကောင်းတစ်ယောက်ဖြစ်လာဖို့ သူ့ ဘာသာကြိုးစား တည်ဆောက်လာတာလို့ ထင်ပါတယ်။
သူ့မှာ ၁ဝ နှစ်သားက အမေဆုံးတာပါ။ ၄ တန်းအောင်ကတည်းက အဖေမုဆိုးဖိုကို ခွဲပြီး
အစ်မဝမ်းကွဲတွေအိမ်ကနေ ကျောင်းတက် ရတယ်။ ၇ တန်းအောင်တော့ ရန်ကုန်အစိုးရဟိုက်စကူး
ကျောင်းမှာ ဘော်ဒါနေရတယ်။ ၁ဝ တန်းအောင်တဲ့အခါ ကျောင်းကထွက်။ ရန်ကုန်မှာ
အိမ်ခန်းငှားပြီး သူငယ်ချင်း တစ်ယောက်နဲ့နေ၊ အလုပ်ရှာပြီးတော့လုပ်၊ အလုပ်ကလေး
နေသားတကျဖြစ်လာတော့ ကြီးပွားရေးမဂ္ဂဇင်းထုတ်ရင်း အလုပ်လုပ်ရတယ်။ လုပ်သက် ၈
နှစ်ရှိမှ အလုပ်က ထွက်ပြီး မဂ္ဂဇင်းနဲ့ စာအုပ်ထုတ်ဝေရေးကို လုပ်တယ်။
တစ်နှစ်ကျော်ကျော်အကြာမှာ ကျွန်မနဲ့ အိမ်ထောင်ကျပါတယ်။
ဦးလှက တစ်ခါတလေ
ကျွန်မကို ဘာပြောသလဲဆိုတော့ ငါတစ်ယောက်တည်း ရန်ကုန်မှာနေနေတာ အသက် ၃ဝ အထိ
အကြာကြီး။ လူပျက်စီးချင်ရင် အင်မတန်လွယ်တာတဲ့။ ဟုတ်ပါတယ်၊ အဲဒီလို
တစ်ယောက်တည်းနေပြီး သောက်စားနေသူရှိတယ်။ လောင်းကစားနဲ့ အဖော်ဖြစ်နေသူတွေ ရှိတယ်။
တချို့ လူပျိုကြီးနာမည်ခံပေမယ့် မိန်းမတွေနဲ့ ရွက်ပုန်းသီး ရှုပ်ရှုပ်ယှက်ယှက် နေကြသူတွေလည်း
ရှိပါတယ်။
ဦးလှက အဲဒါမျိုးတွေ
ဘာမှမဖြစ်ဘူး။ အားကစားလိုက်စားပြီး ကျန်းကျန်းမာမာ သန့်သန့်ရှင်းရှင်းနေခဲ့တယ်။
အသောက်အစား အကစား လုံးလုံးမဖက်ခဲ့ဘူး။ ဆေးလိပ်မသောက်၊ ကွမ်းမစားဘူးလေ။ အဲဒီလို
လူကောင်း၊ လူသန့်ဖြစ်အောင် သူ့ဘဝကို သူတည်ဆောက်နေထိုင်ခဲ့သူပဲ ဖြစ်ပါတယ်။
သူနဲ့ကျွန်မ
အိမ်ထောင်ကျတဲ့အခါမှာ မန္တလေးကို ပြောင်းလာတယ်။ ပြောင်းလာတော့ သူ့ပစ္စည်းများအဖြစ်
ပါလာတာက ဘုရားကျောင်းဆောင်ကလေးနဲ့ ဘုရားဆင်းတုတော် ကလေးတစ်ဆူ၊
အဝတ်အစားအသင့်အတင့်နဲ့ စာအုပ်တွေပါပဲ။
အဝတ်အစားကို သူက
ဂရုစိုက်ပြီး ဝတ်တတ်တဲ့လူမျိုး မဟုတ်ဘူး။ ခါးပေါ်ပါရင် ပြီးရော။
သန့်သန့်ရှင်းရှင်းရှိရင် ပြီးရောဆိုတဲ့လူမျိုး။ သူ့အတွက်ချုပ်ထားတဲ့ တိုက်ပုံရင်စေ့တွေဆိုရင်
အားလုံးရှည်ရှည်ဖားဖားကြီးတွေ။
သူမြတ်မြတ်နိုးနိုးယူလာတဲ့စာအုပ်တွေထဲမှာ
ဆိုက်ကော်လော်ဂျီဆိုတဲ့ စိတ်ပညာ မဂ္ဂဇင်းပါးကလေးတွေ၊ Health & Strength ဆိုတဲ့
ကျန်းမာရေးနဲ့ဆိုင်ရာ မဂ္ဂဇင်းတွေ၊ အာရှဆိုတဲ့ မဂ္ဂဇင်းတွေက လစဉ်လောက်နီးပါး
စုထားတာတွေ အများကြီးပါလာတယ်။
ကျွန်မက ဒါတွေကို
သူဖတ်ပြီးတော့ သူ့ကိုယ်သူ လိမ္မာအောင် ဆုံးမလေ့ကျင့်လာတာ ထင်ပါရဲ့လို့
အောက်မေ့မိတယ်။
သူ့ကို ကြည့်ရတာ အားရင်
စာဖတ်တယ်။ ဖတ်တဲ့ စာထဲက လူကိုကောင်းအောင်၊ တော်အောင် ဘယ်လိုပြုပြင်ကျင့်ကြံ လုပ်ဆောင်ရတယ်ဆိုတာမျိုးတွေတွေ့ရင်
သူက အဲဒီထဲက ပါတဲ့အတိုင်း ကြိုးစားကျင့်ကြံနေထိုင်တယ် ထင်ပါတယ်။ ငါ့မှာ
ငါ့ဘာသာဆုံးမပြီးနေလာခဲ့တာလို့ သူက ဆိုပါတယ်။
'လူတစ်လုံး'ဆိုတဲ့ စာအုပ်ကလေးကို သူရေးတော့ အဲဒီ အထဲပါတဲ့ အခန်းတော်တော်များများဟာ
ဦးလှ ပြုလုပ်တတ်တဲ့ဟာတွေပါ။ ဒီစာအုပ်ကလေးကို လူငယ်တွေက ကြိုက်ကြတယ်၊ ဝယ်ကြတယ်။
ကုန်သွားလို့ ထပ်ရိုက်ရဦးမယ်လို့ဆိုတော့ ဦးလှက ဝမ်းသာလိုက်တာ အလွန်ပဲ။ ပြီးတော့
ငါ့မှာ ဒါမျိုးတွေ ရေးစရာအများကြီးရှိသေးတယ်။ နောက်ထပ် တစ်အုပ် ရေးဦးမယ်။ ဒီစာအုပ်ကိုတော့ 'သူတစ်လုံး'
လို့ နာမည် ပေးမှာတဲ့။ လူငယ်တွေ လူတစ်လုံး သူတစ်လုံးဖြစ်လာအောင်
ဘယ်လိုနေထိုင် ကျင့်ကြံကြိုးစားရမယ်ဆိုတာတွေမို့တဲ့။ သူ ရေးချင်သေးတဲ့
သူတစ်လုံးကိုတော့ ရေးမသွားရရှာဘူး။ သူ မရှိတဲ့နောက် သူ့စာအုပ်ကလေး ‘လူတစ်လုံး’
ပြန်ပြန်ရိုက်နေရတော့ ကျွန်မက သူ့ကို သတိရလိုက်တာ။ သြော်... သူရှိရင်
ဝမ်းသားနေမှာလို့။ ဒါကလေးက သူ့ဝါဒဖြန့်စာအုပ်ကလေးလိုဟာကိုး။
ဦးလှက
စာရေးတဲ့အလုပ်အပြင် ဒုတိယဝါသနာပါတဲ့ အလုပ်ကတော့ အသင်းအဖွဲ့လုပ်ငန်းလို့
ကျွန်မထင်ပါတယ်။ သူတစ်သက်လုံး အသင်းပေါင်း ဘယ်နှသင်း သူလုပ်သွားဖူးသလဲမသိဘူး။
သူ့အသက် ၇ဝ ကျော်လာတော့ 'ငါ အသက် ၇၅ နှစ်ပြည့်ရင်
အသင်းအဖွဲ့တွေအားလုံး ရပ်စဲတော့မယ်' လို့ သူက ပြောပါတယ်။
ဗြုန်းခနဲ အကုန်ရပ်လို့ ရတာမဟုတ်ဘူး။ ခုကတည်းက နည်းနည်းချင်း လျှော့သွားရမယ်လို့လည်း
ပြောပါသေးတယ်။ ဒါပေမယ့် ဘာကိုမှ မလျှော့ရသေးခင် သူ့ဘဝ နိဂုံးအဆုံးသတ်သွားရရှာတာပါ။
သူ ကျောင်းသားဘဝတုန်းက
အားကစားအသင်းတွေ၊ စကားရည်လုပွဲအသင်းတွေမှာပါလာတာ ထည့်မတွက်ဘဲ ကျောင်းကထွက်တော့
ပထမဆုံး လူငယ်များကြီးပွားရေးအသင်းကို သူရောက်လာတဲ့အခါမှာ လူတွေကို
စည်းရုံးလှုပ်ရှားတဲ့ ကိစ္စမျိုးတွေ သူ့သွေးထဲ အဲဒီကအစ ရောက်လာတယ် ထင်ပါတယ်။
လူငယ်များကြီးပွားရေးအသင်းက ကျေးလက် ပြုပြင်ရေးတွေ၊ ကျောင်းမနေနိုင်တဲ့ ဆင်းရဲတဲ့ကလေးတွေကို
ညနေကျောင်းတွေ၊ ညကျောင်းတွေ ဖွင့်ပေးတာတွေ၊ စာကြည့်တိုက်ဖွင့်ပေးတာတွေ၊
အားကစားလုပ်ငန်းတွေမှာ ဦးလှက စိတ်ပါလက်ပါ လုပ်ဆောင်ပေးရင်း အသင်းအဖွဲ့နဲ့
လုပ်တဲ့သဘောတွေ အလေ့အကျင့်တွေကို အဲဒီကပဲ သူသင်ကြားရယူ ခဲ့တယ်ထင်ပါတယ်။
ကျွန်မနဲ့
အိမ်ထောင်ကျတဲ့အခါမှာတော့ အားကစား အသင်းတွေ၊ သတင်းစာနဲ့ စာပေအသင်းတွေက စလာတယ်လေ။
သူက အသင်းတစ်ခုခုမှာ ပါရပြီဆိုရင် အဲဒီအသင်းရဲ့ လုပ်စရာတွေကို တက်တက်ကြွကြွလုပ်တယ်။
အစည်းအဝေး မှန်မှန်ခေါ်တယ်၊ တက်တယ်။ အသင်းရဲ့ ကြီးပွားရာ ကြီးပွားကြောင်းကိုလည်း
အမြဲအာရုံပြုတဲ့ပုံပါ။ ပြီးတော့ အသင်းအတွက် ကုန်စရာ ကျစရာကို သူတတ်နိုင်ရင် သူက
ကျခံချင်သူပါ။ ဦးလှကို မင်းမနိုင်ကွက်သစ် တဲအိမ်ဖျက်တဲ့ သတင်းနဲ့ ပတ်သက်လို့
သတင်းမှားရေးတယ်ဆိုပြီး အစိုးရက အရေးယူဖမ်းဆီးထားတော့ ဒီအမှုကို မန္တလေးမှာမစစ်ဘဲ
ရန်ကုန်ပြောင်းရွှေ့စစ်ပါရစေလို့ တရားလိုအစိုးရရှေ့နေက ရုံးမှာ လျှောက်ပါတယ်။
ရုံးပြောင်းစစ်ချင်တာက ဘာပြုလို့လဲ ဆိုတဲ့အကြောင်းပြကတော့ ဦးလှဟာ အသင်းအပင်း ၂၉
ခုက လူကြီးဖြစ်လို့ သြဇာတိက္ကမကြီးတဲ့ပုဂ္ဂိုလ်မို့ မန္တလေးမှာစစ်ရင်
အမှုမှန်မဖြစ်ဘဲနေမှာစိုးလို့ပါတဲ့။ အစိုးရထက် မျက်နှာကြီးနေလို့တဲ့လေ။ ဖြစ်မှ
ဖြစ်ရလေ။
ဦးလှက 'ငါလုပ်နေတဲ့အသင်းအပင်း ဒါလောက်များမှန်း အခုမှပဲ သိရတော့တယ်' လို့ မချိပြုံးပြုံးပြီး ပြောပါတယ်။ ပြောတော့လည်း ပြောချင်စရာ၊
အသင်းအဖွဲ့တွေနဲ့ ဦးလှက အင်မတန်အသားကျပါတယ်။ အသင်းဘယ်နှခုမှာပဲ ပါဝင်ထားထား၊ သူက
အားလုံးကျေပွန်အောင် ရွက်ဆောင်နိုင်ပါတယ်။
ဦးလှပါခဲ့တဲ့ အသင်းအပင်းတွေထဲမှာ
ကြက်တောင်ရိုက်တို့၊ ဘောလုံးတို့၊ ဂေါက်သီးရိုက်တို့လို အားကစားအသင်းတွေ၊
သတင်းစာဆရာလို၊ စာရေးဆရာလို စာပေးအသင်းတွေ၊ ပန်းချီ၊ ပန်းပု၊ ဆိုကရေးတီးနဲ့
သဘင်လို အနုပညာအသင်းတွေမှာ သူပါနေမှာတော့ သေချာပါတယ်။ ပြီးတော့ ဆေးရုံနဲ့
ဆိုင်ရာကိစ္စတွေ၊ ဘိုးဘွားရိပ်သာလို ကိစ္စတွေ၊ ကိုယ်ရေရောဂါသည်များ
ကူညီစောင့်ရှောက်ရေးလို အသင်းတွေမျိုးမှာလည်း ဦးလှက စိတ်ပါလက်ပါ
လုပ်ပေးနေတတ်ပါတယ်။ ဦးလှ တစ်သက်မှာ သူ့အချိန်တွေရှိသမျှ
အဲဒီအသင်းအပင်းလုပ်ငန်းရယ်၊ သူ့ကျန်းမာရေးအတွက် အချိန်ပေးတာရယ်၊ စာရေးတာရယ်မှာ
အချိန်ကုန်တာပါ။ တခြားဆိုရင် သာမှုနာမှုသွားတာပဲ ရှိပါတယ်။ အိမ်မှာ ဧည့်သည်လာလို့
စကားပြောရတဲ့အချိန်တော့ ပါတာပေါ့။ ပြီးတော့ ကျွန်မတို့အိမ်က ညအိပ်ညနေ တည်းတဲ့
ဧည့်များတဲ့အိမ်။ မတည်းခိုပေမယ့် ကျွေးရမွေးရတဲ့ဟာမျိုးလည်း များတဲ့အိမ်ပါ။
စာရေးဆရာအသင်းလိုဟာမျိုးကျတော့
ဂျပန်ခေတ်မှာ စာရေးဆရာတွေ ရေးစရာလည်း နေရာမရှိ၊ ဘယ်အနေအထားနဲ့ ဘယ်လို
ရပ်တည်ရမလဲမသိ ဖြစ်နေချိန်မှာ ဦးလှက သူ့ညီ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ထိန်ဝင်းနဲ့
တိုင်ပင်ပြီးတော့ ဂျပန်စစ်ဘက်မှာပါလာတဲ့ ဂျပန်စာရေးဆရာ ဂျွန်တကာမီရဲ့
အကြံပေးချက်များရယူကာ Burma Writer's Union ဆိုတဲ့
မြန်မာနိုင်ငံ စာရေးဆရာအသင်းကို ဂျပန်စစ်အုပ်ချုပ်ရေးအောက်မှာ တရားဝင်ခွင့်ပြုချက်
ရယူဖွဲ့စည်းခဲ့ပါတယ်။ အဲဒီတုန်းက ဆရာဇဝနတို့၊ မဟာဆွေတို့၊
သူရိယဦးသိမ်းမောင်တို့နဲ့ပေါ့။ ဂျပန်ခေတ်မှာ ဒီလိုသာမလှုပ်ရှားနိုင်ခဲ့ရင်
စာရေးဆရာတွေဟာ ဂျပန်ကင်ပေတိုင်ရဲ့ မျက်မှောက်မှာ တော်တော်အနေရ အထိုင်ရ
ကျုံ့မယ့်အခြေအနေမျိုး ဖြစ်နေမှာပါ။ ခုတော့ အသင်းရယ်လို့ ပေါ်လာရုံသာမက 'စာရေးဆရာ'
ဆိုတဲ့ မဂ္ဂဇင်းကလေးတစ်စောင်ကိုတောင် ထုတ်ဝေနိုင်ခဲ့ပါသေးတယ်။
ဦးလှ
လူမှုရေးလုပ်ငန်းတွေ လုပ်နိုင်တာကလည်း ကျွန်မ အနေနဲ့တော့ အံ့မခန်းပါ။ ကျွန်မက
ဒါမျိုးတွေ လုပ်နေမကျလို့ လားမသိဘူး၊ သူသွားနေတဲ့ အသင်းအပင်းကိစ္စတွေကို
အလုပ်တစ်ဖက်နဲ့ ဒါလောက်လုပ်နိုင်ရမလားလို့ အံ့သြလို့ချည်း နေပါတယ်။
အဲ... ပြီးတော့
ဘယ်အသင်းမှာ သူဘာတွေလုပ်တယ် ဆိုတာလည်း ကျွန်မ သေသေချာချာ မသိရိုးအမှန်ပါ။
ဘာပြုလို့လဲဆိုတော့ သူကလည်း မပြောအား၊ ကျွန်မကလည်း မမေးအားလို့ထင်ပါရဲ့။ သူ
အဲဒီလိုကိစ္စတွေနဲ့ အပြင်သွားနေရင် သူမရှိတုန်းလာတဲ့ သူ့ဧည့်သည်တွေ၊
သူ့ကိစ္စတွေကို စေ့ငှအောင်ပြောပြဖို့ မနည်းမှတ်သားထားရတာမဟုတ်လား။ ကိုယ်ကလည်း
အလုပ်တစ်ဖက်နဲ့ဆိုတော့။
ဒါကြောင့်
သူ့အကြောင်းကို ကျွန်မက ရေးမယ်ဆိုတော့ စစ်ကြီးအပြီးမှာ ဖတပလကို ဖွဲ့ပြီး
အတွင်းရေးမှူးလုပ်ခဲ့တဲ့ ကိစ္စတွေကို ကျွန်မမရေးနိုင်လို့ သူ့တွဲဖက်အတွင်းရေးမှူး
ကိုညွန့်အောင်ကို အရေးခိုင်းရတယ်။ အဲဒီတုန်းက စစ်ကြီးက မန္တလေးဘက်မှာ ပြီးစ၊
ရန်ကုန်တောင် ပုံမှန်ဖြစ်သေးဘူး။ ဂျပန့်လက်အောက်က ပီပီပြင်ပြင်
မလွတ်ကင်းသေးတဲ့အချိန်မှာ ဖက်ဆစ်တိုက်ဖျက်ရေး ဖတပလအဖွဲ့ဆိုတာကို ဖွဲ့ရတယ်။
ဖက်ဆစ်ဆန့်ကျင်ရေး ဖဆပလ မဖြစ်သေးဘူး။ သူ့တစ်သက်မှာ နိုင်ငံရေးကို
လူသိရှင်ကြားလုပ်သွားတာ ဒီတစ်ခါပါပဲ။
ဆက်လက်ဖော်ပြပါမည်
▀
လူထုဒေါ်အမာ
(အမှတ် ၂၀၆၊
ဇန်နဝါရီလ၊၂၀၀၇ ရွှေအမြုတေမဂ္ဂဇင်း။)
ဦးလှက စာတွေကို ရေးတုန်းကတော့ စာအုပ်ထုတ်ဖို့ ရည်ရွယ်ချက်မရှိဘဲ ရေးတယ်။ နို့ပေမယ့် အဲဒီစာတွေကို အစုလိုက် အပုံလိုက်တွေ့တဲ့အခါ စာအုပ်လုပ်ချင်တဲ့စိတ် ပေါက်တတ်တယ်။ သူ ငယ်ငယ်လေးကတည်းက ဒီစိတ်ရှိတယ်။
ကျွန်မသိရသလောက် သူ့မှာ စိတ်ကောင်းနှလုံးကောင်း ရှိတယ်။ ဉာဏ်က အထက်မြက်ကြီးတော့ မဟုတ်ဘူး ပုံမှန်ပဲ။ ဒါပေမယ့် ကောင်းတယ်ဆိုတာကို လိုက်နာကျင့်ကြံလိုတဲ့ စိတ်တော့ အမြဲတမ်းရှိတယ်။ အမြဲတမ်းလည်း ကြိုးစားတယ်လို့ထ...
သူ့အဖေက ရွှေတောင်သား မြန်မာ သူ့အမေက ပုစွန်မြောင်း ညောင်လေးပင်သူ မြန်မာ ညောင်လေးပင် တောရကြီးဆရာတော် ဦးအရိယ(အဂ္ဂမဟာပဏ္ဍိတ)ဟာ ဦးလှရဲ့ အမေ့အစ်မက မွေးတဲ့သား ဦးလှနဲ့ ညီအစ်ကိုဝမ်းကွဲပါ