မြူမြူ
၁။
ဖြစ်ပုံက ဒီလို။
'ဟော... တွေ့ပြီ'
ပိုက်ဆံအိတ်တွေ ကြားထဲမှ တစ်စွန်းတစ်စ
ပေါ်ထွက်နေသော ဆိုင်းဘုတ်သေးသေးလေးကို မုန်းမုန်း မေးဆတ်ပြရင်း မေမေ့ဘက်ကို လှည့်၍
ဝမ်းသာအားရ ပြောလိုက်သည်။ 'အမလေး ရှာလိုက်ရတာ ဗေဒင်ဆရာရယ်။ ပိစိကွေးဆိုင်းဘုတ်လေးကို ကပ်ထားရတယ်လို့
ဗေဒင်ဆရာနှယ်ရှင်' ဟု မုန်းမုန်း အတွေးထဲမှ တစ်ဆက်တည်း
ပြောနေမိသည်။
'အောင်မလေးဟဲ့... ဆိုင်းဘုတ်က
ဒီလောက်သေးရတဲ့ကြားထဲ ပိုက်ဆံအိတ်တွေ၊ ဦးထုပ်တွေက ရှေ့က ပိတ်ချိတ်ပြီး
ထပ်ဆင့်ဆိုင်ဖွင့် နေပါလားကရို့'
မေမေက ရယ်ကျဲကျဲနှင့် ပြောသည်။
'ဗေဒင် ဟောမစားရလို့ ထပ်ဆင့်
စီးပွားရှာနေရတာလားမှ မသိတာ မေမေရဲ့'
မုန်းမုန်းက အနောက်အပြောင်စကားကို
ပြောလိုက်သည်။ ပြီးမှ တွေးတွေးဆဆဖြင့်...
'အင်း... ဗေဒင်ဆရာဆီကို
မိန်းမတွေက ပိုအလာများကြတယ် မဟုတ်လား။ ဒီတော့ ဗေဒင်လာမေးကြရင်း ကိုယ်ကြိုက်တဲ့
အိတ်တွေ့ရင်လည်း ဝယ်သွားကြရအောင်လို့ နေမှာပေါ့ မေမေရဲ့'
မေမေက မုန်းမုန်းကို မျက်စောင်းလှမ်းထိုးရင်း...
'ဒါဆို ဦးထုပ်တွေ
ချိတ်ထားတာကရောအေ၊ ဖြေပါဦး...ဉာဏ်ကြီးရှင်ရဲ့' ဟု
မေးခွန်းထုတ်လိုက်သည်။
'အင်း... ဒါကလည်း မိန်းမတွေ
ဗေဒင်လာမေးရင် သူတို့ရဲ့ ဆိုင်ရာပိုင်ရာတွေကို သတိရသွားပြီး
ဝယ်သွားနိုင်သေးတယ်လေ... မေမေရဲ့'
မုန်းမုန်းက မျက်လုံးလေး ပေကလပ်
ပေကလပ်ဖြင့် ဖြေသည်။
'မေမေရဲ့၊ ဗေဒင်ဆရာက ဉာဏ်သွားတယ်။
စီးပွားရေး လာဘ်မြင်တယ်။ ရှေ့လျှောက် ကြီးပွားဦးမယ်။ တစ်ချက်ခုတ် သုံးချက်ပြတ်ပဲ'
'အောင်မလေးဟဲ့...
မိမုန်းမုန်း။ ညည်းက ဗေဒင်တွက်မှာလား၊ ဒါမှမဟုတ် ဗေဒင် ဟောစားတော့မလို့လား။ ကဲ...
ပြောစမ်းပါဦး'
မေမေက မုန်းမုန်းကို
ရယ်ချင်ပက်ကျိဖြင့် ငေါ့ပြောသည်။
'ဟီး'
'ကိုကိုရေ... ဧည့်သည်လာတယ်'
ဗေဒင်ဆရာရဲ့ ရုံးခန်းသံမံတလင်း
လှေကားထစ်ပေါ် မုန်းမုန်းတို့သားအမိ လှမ်းအတက် ပိုက်ဆံအိတ်၊ ဦးထုပ်တွေ ကြားထဲမှ
လူငယ်တစ်ယောက် ဗြုန်းခနဲပေါ် လာကာ အခန်းထဲကို လှမ်းအော်ပြောသံကြောင့် မေမေရော
မုန်းမုန်းပါ လန့်ဖျပ်သွားသည်။ အခန်းထဲမှာတော့ တိတ်ဆိတ်လို့ နေသည်။
'ကိုကို ဧည့်သည်'
အခန်းထဲမှ တုံ့ပြန်သံ မကြားရပေ။
'ကိုကို... ဧည့်သည်၊ ဧည့်သည်'
လူငယ်က စိတ်မရှည်စွာဖြင့် ခပ်ကျယ်ကျယ်
ထပ်အော်ပြန်သည်။ ဒီတော့မှ 'အေး... အထဲခေါ်လိုက်' ဟု
အသံခပ်တိုးတိုးထွက်လာတော့သည်။
'ဧကန္တ...ဗေဒင်ဆရာ
နားလေးပုံရတယ်'ဟု မုန်းမုန်း ဖျတ်ခနဲ တွေးမိလိုက်သည်။
အခန်းထဲသို့ လှမ်းဝင်လိုက်စဉ်
ခပ်လျော့လျော့ အနေအထားဖြင့် နံရံကိုမှီ၍ ပျင်းတိပျင်းတွဲပုံဖြင့် ထိုင်ကာ
တစ်စုံတစ်ရာကို စိတ်ဝင်တစား ငုံ့ကြည့်နေသော လူရွယ်တစ်ယောက်၏ ပုံသဏ္ဌာန်က
မုန်းမုန်းမြင်ကွင်းထဲ ထင်းခနဲ ဝင်ရောက်လာသည်။ 'ဗေဒင်ဆရာဆိုတာ
ဒီလူများလား'ဟု မုန်းမုန်း တွေးမိသည်။ ဗေဒင်ဆရာက အခန်းထဲ
ဝင်လာသော မုန်းမုန်းတို့သားအမိကို တစ်ချက်ကလေးမျှ မော့မကြည့်ပေ။ ကြမ်းပြင်ပေါ်
ချထားသော စာအုပ်ဆီမှ ဗေဒင်ဆရာ မျက်ဝန်းများက မခွာနိုင်သေး။
'အလို... ဘယ်လို ဗေဒင်ဆရာလဲ။
ယုံကြည်ကိုးစားမှုနဲ့ ကိုယ့်ဆီအလုပ် လာအပ်တဲ့သူကို ပဋိသန္ဓာရ စကားလေးမျှပင် မဆို။
ပေါင်းသင်းဆက်ဆံရေး အတော်ရှော်ပါလား' မုန်းမုန်း စိတ်ထဲမှ
ခပ်ဆတ်ဆတ် စကားဆိုနေမိသည်။
'ကိုကို... ဒီမှာ ဧည့်သည်'
လူငယ်က မုန်းမုန်းတို့ သားအမိကို အားတုံ့အားနာကြည့်ကာ ဗေဒင်ဆရာကို
ထပ်မံသတိပေးလိုက်သည်။
'အေး... ထိုင်ခိုင်းလိုက်'
ဗေဒင်ဆရာက တစ်စုံတစ်ရာကို အာရုံပျက်သွားမှာ စိုးရိမ်သည့်အလား မော့မကြည့်နိုင်သေးဘဲ
လူငယ်ကို ဧည့်ဝတ်ပြုခိုင်းလိုက်သည်။
'ဟင်း... တော်တော်
ကိန်းကြီးခန်းကြီးနိုင်တဲ့ ဗေဒင်ဆရာ' မုန်းမုန်းစိတ် အတွေးမှ
မှတ်ချက်ချမိ သည်။ ဖျာပေါ်တွင် ချထားသော စာအုပ်ကို သဲကြီးမဲကြီး ငုံ့ဖတ်နေသော
ဗေဒင်ဆရာကို ကြည့်ပြီး 'ဒါဆိုရင်လည်း ရှင်၊ ရှင် ဗေဒင်ဟောမစားတော့ဘဲ
အခန်းတံခါးပိတ်ပြီး တစ်နေကုန်အောင် စာဖတ်နေပေတော့ ဗေဒင်ဆရာရေ့' ဟု မုန်းမုန်း အသံထွက် ညည်းမိမလိုတောင် ဖြစ်သွားခဲ့သည်။
လူငယ်က မုန်းမုန်းတို့ သားအမိကို
အတွင်းခန်းဆီ ဦးဆောင်ခေါ်သွားကာ နေရာ ချပေးပြီးသည့်တိုင် ဗေဒင်ဆရာက
ဝင်ရောက်မလာသေး။
'အဟင်း' မုန်းမုန်း ချောင်းဟန့်သံ ပေးလိုက်သည်။ ဗေဒင်ဆရာထံမှ လှုပ်ရှားမှု
တစ်စိုးတစ်စိမျှပင် မကြားရ။
'အင်း... ဒီဗေဒင်ဆရာနဲ့တော့
ခက်နေပါပြီ' မုန်းမုန်းအတွေးဖြင့် မေမေ့ဘက်ကို
လှည့်ကြည်မိတော့ မေမေနှင့် မျက်လုံးချင်း ဆုံသွားသည်။ ဘယ်လိုလဲဟု
အဓိပ္ပာယ်ပါပါဖြင့် မေမေက မုန်းမုန်းကို မျက်စချီပြသည်။ အခန်းလေးထဲမှာတော့ လူသူ
မရှိသည့်အလား တိတ်ဆိတ် ငြိမ်သက်နေသည်။ မုန်းမုန်း ထပြန်ချင်စိတ်ပေါက်လာပြီ။
မုန်းမုန်း မနေနိုင်တော့။
'အဟင်း' နောက်တစ်ကြိမ် ချောင်းဟန့်လိုက်ပြန်သည်။ ဗေဒင်ဆရာထံမှ အသံဗလံ မကြားရသေး။
ဘယ်လိုဗေဒင်ဆရာလဲ။ မုန်းမုန်းစိတ်တိုလာပြီ ဗေဒင်ဆရာရေ...။
'ကိုကို... ဧည့်သည် ရှိတယ်လေ။
ဧည့်သည် ဧည့်သည်' ထပ်မံသတိပေးသံ ပေါ်လာတော့မှ 'ဟေ... အင်း... အင်း' ဆိုတဲ့ တိုးညင်းညင်းအသံ
ထွက်ပေါ်လာကာ ဗေဒင်ဆရာထံမှ လူးလွန့်လှုပ်ရှားသံကို မုန်းမုန်းတို့ သားအမိ
စတင်ကြားလိုက်ရတော့သည်။
ခန်းကျဉ်းလေးထဲ ဝင်လာရင်း
မုန်းမုန်းတို့ထံ ဗေဒင်ဆရာက အကြည့်တစ်ချက်ဝေ့ကာ 'စာထဲ
အာရုံရောက်နေလို့'ဟု တောင်းပန်အားနာစကားလိုလို ကိုယ့်ဘာသာ
မှတ်ချက်ပေးစကားလိုလို ဒွိဟစကားကို ဆိုသည်။ ဗေဒင်ဆရာက သူ့ရှေ့တည့်တည့်
ထိုင်ခုံတွင် ထိုင်နေသော မေမေ့ကို မျက်လွှာပင့်ကြည့်ရင်း တိုးလျပြီး ပြတ်သားသော
လေသံဖြင့်...
'ကျွန်တော်က
အသက်ခြောက်ဆယ်ကျော်ရင် မဟောဘူးနော်... အမေ'ဟု ပြောလိုက်သည်။
ဗေဒင်ဆရာထံမှ မမျှော်လင့်သော စကားကြောင့် မုန်းမုန်းတို့သားအမိ တဒင်္ဂ မင်သက်မိကာ
တစ်ယောက်မျက်နှာ တစ်ယောက်ယောင်၍ ကြည့်မိလိုက်သည်။
'အအော်... သြော်...
စိတ်ချပါရှင်။ အသက်ခြောက်ဆယ်ကျော်က မေးမှာမဟုတ်ပါဘူး။ အသက် ခြောက်ဆယ်အောက်ကပဲ
မေးမှာပါ။ ရှင် ဟောပေးရမယ့် ပုဂ္ဂိုလ်ကတော့ အသက် ခြောက်ဆယ်အောက် ကျွန်မပါပဲ'
မုန်းမုန်းက ပျာပျာသလဲ လျှာခလုတ်တိုက်
မတတ်ရယ်မောပြောဆိုကာ မေမေနှင့် နေရာချင်းလဲထိုင်လိုက်သည်။ ကုလားထိုင်ပေါ်
ထိုင်ပြီးခါစ၌ ဗေဒင်ဆရာကို မော့ကြည့်မိလိုက်ချိန်တွင် မုန်းမုန်းကို
စူးစူးစိုက်စိုက် ကြည့်နေသော ဗေဒင်ဆရာ၏ မျက်လုံးများနှင့် သွားဆုံတော့သည်။
ဗေဒင်ဆရာ၏ မျက်လုံးလေးများသည် အညိုဖျော့ရောင် ဖြစ်ကာ စူးရှတောက်ပနေသည်ကို
မုန်းမုန်း သတိထား မိလိုက်သည်။
'ကဲ... ပြောပါဦး၊ မွေးနေ့'
အသံက တုံးတိတိ။
'ဘာနေ့သမီးလဲ' လေသံက ခပ်ပြတ်ပြတ်။
လိုအပ်သည့် အချက်အလက်များ ရသည်နှင့်
ဗေဒင်ဆရာသည် ဇာတာခွင်ကို ချကာ စတင်တွက်ချက်တော့သည်။
'ကဲ... ဗေဒင်ဆရာရေ။
မုန်းမုန်းရဲ့ အကောင်းအဆိုး၊ အကြောင်းအကျိုးတွေကို ဇာတာခွင်မှာ ပေါ်သမျှ မခြွင်းမချန်
ဝေဖန်စမ်းစစ် တွက်ချက်ပေတော့ရှင်'
မုန်းမုန်းက စိတ်အတွေးဖြင့်
ဗေဒင်ဆရာကို စိန်ခေါ်လိုက်တော့သည်။
□
၂။
ဖြူဆွတ်ဆွတ် စာရွက်ပေါ်တွင်
တွက်ချက်ထားသော ဇာတာခွင်ကို စိုက်ကြည့်ရင်း ဗေဒင်ဆရာက ဟောကိန်းစထုတ်တော့သည်။
'အိမ်ထောင်ဖက်နဲ့ ခွဲနေရမယ်'
'ရှင်'
'အိမ်ထောင်ဖက်က ခရီးဝေးသွားနေလိမ့်မယ်'
'ရှင်'
တရှင်ရှင် ဖြစ်နေသော မုန်းမုန်းကို ဗေဒင်ဆရာက မျက်လုံးလှန်ကြည့်သည်။
မျက်လုံးပြူးကြီးဖြင့် အငေးသား စိုက်ကြည့်နေသော မုန်းမုန်းကို မြင်တော့ ဗေဒင်ဆရာ
မျက်မှောင်ကုတ်သွားကာ ခပ်စိုက်စိုက် ပြန်ကြည့်သည်။
'အိမ်ထောင်ဖက်ကို ပြောတာ'
'အိမ်... ထောင်... ဖက်'
မုန်းမုန်းက ဗေဒင်ဆရာ့စကားကို
ခပ်လေးလေး သံယောင်လိုက်ပြောမိတော့ ဗေဒင်ဆရာက သူ့ကို သရော်သည်ဟု ထင်သွားပုံရသည်။
'အင်းလေ...အိမ်ထောင်ဖက်ဆိုတာ
ခင်ဗျားရဲ့ အမျိုးသားကို ပြောတာပေါ့ဗျ။ ဒီအသက်အရွယ်တောင် ရောက်နေပြီ။ ဒါလေးတောင်
မသိဘူးလား။ အံ့ပါရဲ့ဗျာ'
ဗေဒင်ဆရာက ခပ်ဆတ်ဆတ် ငေါ့တော့တော့
ပြောသည်။
မုန်းမုန်းက ရယ်သံဟဟဖြင့်...
'အဟော်...အဟော်... ဒါလား'
ဗေဒင်ဆရာ၏ အလိုမကျ ခပ်စူစူမျက်နှာကို
ကြည့်ရင်း ရယ်ချင်စိတ်ကို ထိန်းချုပ်လိုက်ကာ 'ကျွန်မက အပျိုပါ'ဟု ပြောလိုက်သည်။
'သြော်... ဒါဆိုရင်
ခင်ဗျားအိမ်ထောင်ကျကိန်း ရှိတယ်။ သိပ်မလိုတော့ဘူး'
'ဟော်တော့်'
'ရှင်'
မေမေနှင့် မုန်းမုန်း ပြိုင်တူ
ထွက်သွားသည်။ မအီမသာ မေ့မေ့မျက်နှာကို မြင်တော့ မုန်းမုန်း စပ်ဖြီးဖြီး
ဖြစ်ရပြန်သည်။
'မဟုတ်တာ'
'မဖြစ်နိုင်တာ'
သားအမိနှစ်ယောက် ခေါင်းတယမ်းယမ်း၊
လက်တခါခါဖြင့် တစ်ပြိုင်တည်း ငြင်းဆန်နေပုံကို ဗေဒင်ဆရာက စိုက်ကြည့်ကာ
တည်ငြိမ်ပြတ်သားသော လေသံဖြင့် ပြောသည်။
'အပျိုကြီး မဖြစ်ဘူး။ အိမ်ထောင်ကျကို
ကျမယ်။ ဘာလို့ မဟုတ်ရမှာလဲ။ ဘာလို့ မဖြစ်နိုင်ရမှာလဲ။ ဇာတာရှင်ရဲ့ ရာသီခွင်မှာ
ထင်းထင်းကြီး ပေါ်နေတဲ့ဥစ္စာ။ မြင်တာကို ကျွန်တော် ဟောလိုက်တာပဲ'
'ဟာ... ဘယ့်နှယ်၊
ဒီအသက်အရွယ်ကြီး ယောကျ်ားယူရဦးမယ်လို့ ရှက်စရာကြီး။ အသက်ကြီး လှပါပြီ'ဟု မေမေက လေပြည်လေးနှင့် ဆိုရှာသည်။
'ဟာ...အမေ၊ အမေ့ သမီးက
စွံမှာဗျ။ အသက်လည်း ဒီလောက်မကြီးသေးပါဘူးဗျာ။ ဒီထက်ကြီးတဲ့ သူတွေတောင်
အိမ်ထောင်ပြုကြသေးတာပဲ'
ရှုံ့မဲ့မဲ့ မေမေ့မျက်နှာကို
ဗေဒင်ဆရာက ပြုံးကြည့်ရင်း အထွန့်တက်ပြသည်။
'ဇာတာရှင်က ကရကဋ်လဂ်ဖွား။
လဂ်ရပ်တည်တဲ့ ကရကဋ်ရာသီကို တနင်္လာဂြိုဟ်က ပိုင်တယ်။ လဂ်မှ ၉ တန့်ဘဝ
အိမ်ထောင်ရေးနဲ့ ဆိုင်တယ်'
တိုးညင်းစွာ ထွက်ပေါ်လာသော ဗေဒင်ဆရာ၏
ဗေဒင်ဝေါဟာရ အသုံးအနှုန်းများကို မုန်းမုန်း လုံးဝ နားမလည်ပေ။
'ဒုက္ခပါပဲ။ အနာနဲ့ဆေး
လွဲနေပါပြီ ဗေဒင်ဆရာရေ့' ဟုသာ စိတ်တွင်းမှ ညည်းနေမိသည်။
မုန်းမုန်းတို့ သားအမိ သိချင်သည့် ခေါင်းစဉ်က တခြား။ ဗေဒင်ဆရာ အရေးစိုက်
အလေးထားဟော ခဲ့သည့် အိမ်ထောင်ရေး ခေါင်းစဉ်အောက်တွင် ဗေဒင်ဆရာနှင့်
တိုင်ပင်ဆွေးနွေးဖို့ စိတ်ပင်မကူးခဲ့ချေ။ တစ်ကိုယ်ရေ တစ်ကာယ ဘဝလမ်းကို
လျှောက်လှမ်းသွားမည့် မုန်းမုန်းနှင့် ထိုလမ်းကို ရဲရဲရင့်ရင့် လျှောက်အောင် အားပေးခဲ့သော
မေမေနှင့် မုန်းမုန်းမှာ ဟာမိုနီဖြစ်လို့ နေပြီကော။
'... စနေသည် ၇ တန့်ကို
ပိုင်ဆိုင်သော ၇ တန့် သခင်လည်းဖြစ်တဲ့အတွက် မဟာပုရိသယုဂ်ကို ရမယ်'
ဗေဒင်ဝေါဟာရများကို မုန်းမုန်း
နကန်းမှန်း နလုံးမှန်းပင် မသိ။ အရေးထဲ ဗေဒင်ဆရာ့အသံကို နားစိုက်ထောင်နေသော မုန်းမုန်းခမျာ
သံစဉ်တေးသွားထဲ နစ်မျော စီးဝင်သွားတော့သည်။
ဒါကြောင့် ရုတ်တရက်
အသံအနည်းငယ်မြင့်တက်သွားသော ဗေဒင်ဆရာ့အသံကြောင့် မုန်းမုန်း ဗြုန်းခနဲ
လန့်သွားသည်။
'ဇာတာရှင်ဟာ အိမ်ထောင်ကျပြီး
ပိုလို့တောင် ချမ်းသာဦးမယ်ဗျ။ ခင်ဗျား အိမ်ထောင်ဖက်ကို မှီပြီး တော်တော့်ကို
ချမ်းသာဦးမယ်။ သတင်းကောင်းပဲ'
ဗေဒင်ဆရာက ဝမ်းမြောက်ဖွယ်သတင်းကို
ပေးလိုက်ရသဖြင့် ကျေနပ်ပီတိ ဖြစ်စွာဖြင့် မုန်းမုန်းကို လှမ်းကြည့်လိုက်သည်။
မုန်းမုန်းက မသိမသာ နှာခေါင်းရှုံ့လိုက်သည်။
'ဟင်... ဘာဖြစ်လို့လဲ။
စိတ်ညစ်စရာပါနေလို့ လားဟင်'
စိုးရိမ်သံဖြင့် မုန်းမုန်း
မျက်ဝန်းကို စူးစိုက်ကြည့်ကာ အလောသုံးဆယ် လှမ်းမေးလိုက်သည်။
'အမှီသဟဲပြုပြီး ချမ်းသာတာထက်
ကိုယ့်ခြေထောက်ပေါ် ရပ်တည်ပြီး ချမ်းသာတာ ဘယ်ဟာ ပိုတန်ဖိုးရှိမလဲ။ ကဲ... ကျွန်မကို
ဖြေပေးပါဦး'
'အလဲ့' ဗေဒင်ဆရာက
မုန်းမုန်းရဲ့ တုံ့ပြန်မေးခွန်းကို ရယ်မောခြင်းဖြင့် အဖြေပေးသည်။
'ဘယ်လိုမှ တားလို့မရဘူး။
အိမ်ထောင် ကျကို ကျမှာ။ အပျိုကြီးဇာတာ မပါဘူး'
ဗေဒင်ဆရာက မုန်းမုန်း မျက်လုံးအိမ်ထဲ
စိန်းစိန်းကြီး ကြည့်ရင်း ခပ်တိုတိုး ရွတ်ဆိုနေသည်။ စူးရှကာ အရည်တလဲ့လဲ့
တောက်နေသော ဗေဒင်ဆရာ၏ မျက်လုံးညိုညိုများက မုန်းမုန်းတစ်ကိုယ်လုံး
ထွင်းဖောက်ကြည့်နေသလို ခံစားမိလာကာ ထိုတစ်ခဏ၌ ကြက်သီး ဖြန်းခနဲ ထသွားသည်။ မေမေကတော့ ဗေဒင်ဆရာ၏ စကားတွင်
အားကုန်ခန်းသွားကာ စားပွဲစွန်းပေါ် ထောက်ထားသော လက်ပေါ် ခေါင်းမှေးတင်ရင်း
စိတ်ပျက်လက်ပျက်ဖြင့် ဗေဒင်ဆရာကိုသာ ငေးကြည့်နေတော့သည်။ မေမေ၏ မအီမလည် အမူအရာကို
ကြည့်ပြီး မုန်းမုန်းခမျာ ဟန်မဆောင်နိုင်တော့ဘဲ အားပါးတရ ရယ်မောလိုက်မိသည်။
'ဟာ... ကျွန်တော့်ကို
လှောင်နေတာလားဗျာ'
ဗေဒင်ဆရာက စိတ်အားထက်သန် ပြောလက်စ
စကားကို ရပ်ကာ လှမ်းမေးလိုက်သည်။
'မဟုတ်ပါဘူးရှင်၊ မဟုတ်ပါဘူး။
မေမေ့ကို ကြည့်ပြီး ကျွန်မ ရယ်တာပါ။ မေမေက ကျွန်မကို အိမ်ထောင်ပြုစေချင်တာ
မဟုတ်ဘူးရှင့်။ သူ့အနားကနေ ထွက်သွားမှာကို သိပ်ကြောက်နေတာ။ ကျွန်မက
မေမေ့ရဲ့လက်သုံးတောင်ဝှေးလေး ဆိုပါတော့။ ရှင့်ရဲ့ ကျိန်းသေပေါက် ဟောချက်ကြောင့်
ဟော... ခုတော့ မေမေ အမူအရာတွေ ပျက်နေရပြီလေ'
မုန်းမုန်းရဲ့ ရယ်သံလွင်လွင် ပြောစကားတွင်
ဗေဒင်ဆရာသည် သတိလက်လွတ်ဖြစ်ကာ ငေးကြည့်နေသည်။ ဗေဒင်ဆရာ၏ အကြည့်ကြောင့်
ရယ်မောနေရာမှ မုန်းမုန်း မျက်နှာအနည်းငယ် တည်သွားသည်။ ထိုအခါ ဗေဒင်ဆရာသည်
သိမ်မွေ့ညင်သာစွာဖြင့် မုန်းမုန်း မျက်နှာပေါ်မှ အကြည့်များ ကို စာရွက်ဖြူပေါ်သို့
ပို့လိုက်သည်။ အတန်ကြာအောင် စာရွက်ကို စိုက်ကြည့်နေသော ဗေဒင်ဆရာသည် စိတ်နှင့်ကိုယ်
လမိုင်းမကပ်မှန်း မုန်းမုန်း၏ အာရုံခံစားမှုက ပါးလျစွာ ရိပ်မိခဲ့လေပြီ။
တအောင့်ကြာတော့မှ ဗေဒင်ဆရာထံမှ တည်ငြိမ်သော လေသံခပ်တိုးတိုးလေး ထွက်ပေါ်လာသည်။
'အမေ မပူပါနဲ့။ ဒီသမီးနဲ့လည်း
မခွဲ၊ အသက်ရှည်ရှည် နေရဦးမှာပါ'
'အို... သူ့အရွယ်က
ကြီးပါပြီကွယ်။ အိမ်ထောင်ကျဦးမယ်ဆိုတော့ လူရယ်စရာကြီး' မေမေက
စိုးရိမ်သံဖြင့် ဆိုသည်။
'အမေ့သမီးက အပျိုကြီး ဇာတာမှ
မပါတာ။ သူ့ဇာတာခွင်က နောက်ပြန်သွားနေတာ။ ငယ်ရွယ်စဉ်က လွဲချော်ခဲ့တဲ့ အိမ်ထောင်ရေး
ဇာတာက ခုကြီးမှ ဘွားဘွားကြီး ပေါ်လာတော့တာ။ အခု ဒီအရွယ်မှာ မယူခဲ့ဘဲ ဒီထက်ကြီးမှ
အိမ်ထောင်ပြုခဲ့ရင် ပိုပြီးတောင် ဟားစရာ ဖြစ်တော့မှာပေါ့ မဟုတ်ဘူးလားဟင်' ဗေဒင်ဆရာက မုန်းမုန်းဘက်ကို လှည့်၍ အဖော်ညှိလိုက်သည်။
'ဒီမှာ ကျွန်တော် ပြောမယ်။
ယူသာယူပါ။ ဒီမှာ ကျွန်တော့်ဆီ လာမေးတဲ့သူတွေကို တွက်ချက်ပေးပြီး ယူခိုင်းလိုက်တာပဲ။
အမယ် သူတို့တွေက ကျွန်တော့်ဆီ ဖိတ်စာတွေတောင် လာပေး ကြသေး။ ဒါကို ကျွန်တော်က
မှတ်တမ်းအနေနဲ့ ပြုစုထားတယ်လေ။ ဒီမှာကြည့်ပါလား'
ဗေဒင်ဆရာက အလူမီနီယံ အံဆွဲထဲမှ အာဝါဟ
ဝိဝါဟ ထိမ်းမြားမင်္ဂလာ ဖိတ်စာများနှင့်တကွ မှတ်တမ်းတင် ကတ်ပြားလေးကိုပါ
ထုတ်ပြလိုက်သေးသည်။ မေမေက ဗေဒင်ဆရာ၏ လုပ်ရပ်ကို ငူငူငိုင်ငိုင်ကြည့်ရင်း
ခေါင်းတွင်တွင်ယမ်းနေတော့သည်။
'နို့...နေပါဦး၊
ကျွန်မတို့လို အပျိုကြီးတွေ လာမေးကြတိုင်း အိမ်ထောင်ရေး ဇာတာကိုပဲ ကနဦး
တွက်ပေးတာပဲလား။ ဒီထက် အရေးကြီးတာတွေ အပျိုကြီးတွေဆီမှာ မရှိကြတော့ဘူးလို့
ထင်နေတဲ့ သဘောလား'
မုန်းမုန်း စကားမဆုံးခင်
ဖိတ်စာကတ်များကို အံဆွဲထဲ ပြန်ထည့်နေသော ဗေဒင်ဆရာက ဖျတ်ခနဲ မော့ကြည့်လိုက်သည်။
'အဓိကက အလုပ်ကိစ္စ
ဆွေးနွေးချင်လို့ ကျွန်မ ဒီကို ရောက်လာရတာပါ။ အိမ်ထောင်ရေးဟာ ကျွန်မအဖို့
သာမညပါလို့ ပြောရင်လည်း ရှက်ရမ်းရမ်း ပြောတယ်လို့ ရှင်ထင်နေမှာပဲ မဟုတ်လား'
မုန်းမုန်းက နောက်ဆုံးစကားများကို အသံ
အနည်းငယ်မြှင့်ကာ ပြောလိုက်သည်။ ဗေဒင်ဆရာကတော့ မုန်းမုန်းကို မမှိတ်မသုန်
စိုက်ကြည့်နေဆဲ။
'မီးဖိုဆောင်ထဲက ထွက်ချင်လို့
လာမေးတာရှင့်' မုန်းမုန်းရဲ့ အဆက်အစပ် မရှိသော စကားကို
ဗေဒင်ဆရာခမျာ နဝေတိမ်တောင် ဖြစ်နေသည်။ ပြောလက်စ စကားကို တုံ့ခနဲ ရပ်လိုက်သော
မုန်းမုန်းကို ဆက်ပြောရန် ခေါင်းဆတ်ပြသည်။
'ဒီလိုရှင့်... ကျွန်မမှာ
မထင်မှတ်ဘဲ တစ်နေ့တစ်နေ့ ခါတမာ လုပ်နေရတယ်။ တကယ်ဆို ကျွန်က ချက်ရပြုတ်ရ
သိပ်ပျင်းတာ။ ကျွန်မ ပညာတွေနဲ့ မီးဖိုဆောင်ထဲ အချိန်ကုန်နေရတော့ ကျွန်မ
စိတ်နဲ့ကျွန်မ ရန်ချည်းဖြစ်နေရတော့တာပါပဲ။ ကျွန်မပြောတာ ရှင်းရဲ့လား မသိဘူး'
ဗေဒင်ဆရာက မုန်းမုန်းကို
မျက်မှောင်တွန့်ကြည့်သည်။
'တစ်ခါတစ်ရံ အခြေအနေက
တောင်းဆိုလာရင် မျက်နှာလွဲခဲပစ် လုပ်လို့မရတော့ဘဲ ဝင်ရောက်လုပ်ဆောင်ပေးရတာမျိုး
ရှင် ကြုံဖူးမလား မသိဘူး' ဗေဒင်ဆရာက အသာအယာ ခေါင်းညိတ်ပြရင်း
'ဒါဆို ခင်ဗျားဟင်းကောင်းကောင်း ချက်တတ်မှာပေါ့'ဟု မေးလိုက်သည်။
ဗေဒင်ဆရာ၏ အဆက်အစပ်မရှိ စကားကို
မုန်းမုန်း သတိမထားမိဘဲ...
'အို... အကုန်ချက်တတ်၊
နိုင်ငံစုံ လူမျိုးစုံ ဟင်းတွေတောင် ချက်တတ်သေး' ဟု
မုန်းမုန်းက ဟာသနှော၍ ပြောတော့ ဗေဒင်ဆရာက ခွက်ထိုးခွက်လန် ရယ်တော့သည်။
'ကဲ... ဒါဆိုရင် ခင်ဗျား
ငါးစင်ရိုင်းနဲ့ အာလူးဟင်းတစ်ခွက် ချက်ပြစမ်းပါဦးဗျာ' ဗေဒင်ဆရာက
မျက်နှာပိုး မသတ်နိုင်သေးဘဲ မုန်းမုန်းမျက်ဝန်းကို စိုက်ကြည့်၍ မေးလိုက်သည်။
ဗေဒင်ဆရာ၏ မျက်လုံးညိုလေးများသည် လှောင်ပြောင်သရော်ဟန်မရှိ။
ခင်မင်ရင်းနှီးလိုမှုသည် အရည်လဲ့ကာ ရယ်နေသော မျက်ဝန်းတွင် ပေါ်လွင်နေမှန်း
မုန်းမုန်း ခံစားလို့ရသည်။ ထိုတစ်ခဏလေးတွင် ဗေဒင်ဆရာနှင့် မုန်းမုန်းတို့အကြား
ရင်းနှီးမှု တစ်စုံတစ်ရာသည် မထင်မှတ်ဘဲ တိုးဝင်ရောက်လာခဲ့ ပြီကို အာရုံပါးလျစွာ
သိလိုက်လေပြီ။
'ဒါလေးများ ငါးစင်ရိုင်းကို
သပ်သပ်ချက်။ အာလူးကို သပ်သပ်ချက်။ ပြီးတော့ ဟင်းနှစ်မျိုးကို ရောလိုက်ရင်
ငါးစင်ရိုင်းနဲ့ အာလူးဟင်း တစ်ခွက်ရရော။ ဟင်း... လွယ်လွန်းလို့ ပျင်းတောင်ပျင်းသေး'
'ဒါဆို ခင်ဗျား
ဟင်းချက်ပါရဂူပါပဲဗျာ။ ကျွန်တော် မေးတာကိုတွေ ဝေမသွားဘဲ ချက်ချင်းတုံ့ပြန်
နိုင်တယ်'
'သြော်... လက်စသတ်တော့ ရှင်က
ကျွန်မကို ပညာစမ်းနေတာကိုး'
မုန်းမုန်း စိတ်ထဲမှ ခပ်ကြိတ်ကြိတ်လေး
ဒေါသဖြစ်မိသည်။
'ဒီလိုပြောဟန်၊ ဆိုဟန်၊
ကိုယ်နေဟန်ပြီးတော့ မျက်နှာအနေအထားက ကျွန်တော့်ရဲ့ မိတ်ဆွေ တစ်ယောက်နဲ့
အတော်တူတယ်ဗျာ။ အင်းလေ... မိတ်ဆွေတွေလို့ပဲ ခုတော့ ဆိုကြရတော့မပေါ့'
မုန်းမုန်းကို ကြည့်ပြီး ပြောနေရာမှ
မျက်နှာလွှဲလိုက်ကာ မှေးစင်းသော မျက်ဝန်းများဖြင့် နံရံကို စိုက်ကြည့်ရင်း
ခပ်တိုးတိုး ရေရွတ်နေသည်။
'သြော်... ခုတော့လည်း
မိတ်ဆွေတွေလို့ပဲ ပြောရတော့မှာပေါ့လေ'
'အောင်မလေးဟဲ့... ဗုဒ္ဓေါ...
ကျွန်မနဲ့တူတဲ့ ရှင့်ရည်းစားဟောင်းကို လွမ်းဖျားလွမ်းနာ ကျနေရှာတာကိုး။
ဖြစ်မှဖြစ်ရလေ ဗေဒင်ဆရာရေ'ဟု မုန်းမုန်းစိတ်တွင်းမှ
ရန်တွေ့ညည်းတွား နေမိသည်။ ဗေဒင်ဆရာသည် ရုတ်တရက် သတိဝင်လာကာ နဂိုအခြေအနေကို
ပြန်ဆွဲခေါ်လာခဲ့သည်။
'ကဲ... ဒါဆို ခင်ဗျား
ဘာတွေလုပ်ချင်လဲဗျာ။ ကျွန်တော့်ကို ပြောပြနိုင်မလား'
'အို... ပြောနိုင်တာပေါ့။
စာတွေဖတ်မယ်။ စာတွေ ရေးမယ်။ တကုတ်ကုတ်နဲ့ ရေးလည်း ရေးတယ်လေ။ အိမ်တွင်း စာရေးဆရာ
ဆိုပါတော့'
'ကျွန်တော်နဲ့
ဝါသနာတူတွေပါလား'
'ဘုရားရေ'
'ပို့ကော မပို့ဘူးလား'
'အိုး... ဘယ်နေလိမ့်မလဲ။ ပို့တာပေါ့။
ခက်တာက တစ်ပုဒ်မှ မရွေးဘူးရှင့်'
'ဟာ... ဒီတစ်ခုလည်း
ကျွန်တော်နဲ့ တူပြန်ရော'
'ရှင်'
'ကျွန်တော်ကလည်း
ခင်ဗျားလိုဖြစ်နေတာ။ ဗေဒင် ဆရာလုပ်ချင်တာ မဟုတ်ဘူး'
'မြတ်စွာဘုရား'
ဗေဒင်ဆရာနှင့် မုန်းမုန်းသည်
အလုပ်ပုံစံ စကားပြောဆိုခြင်းမှ သွေဖည်ကာ ကိုယ် ရေးကိုယ်တာများ ပြောဆိုနေကြသော
ရင်းနှီးသော မိတ်ဆွေများအဆင့်သို့ သတိမထားမိဘဲ ရောက်ရှိသွားတော့သည်။
'ကျွန်တော်က ဗေဒင်ဟောချင်တာ
မဟုတ်ဘူးဗျ။ ဝတ္ထုတွေ ဘာတွေ ရေးချင်တာ။ စာရေးဆရာ ဖြစ်ချင်တာ။ စာတွေဖတ်နေချင်တာ။
အခုတော့ ကျွန်တော် မလုပ်ချင်တဲ့ အလုပ်ကို လုပ်နေရတာကို စိတ်ပျက်လှပြီဗျာ'
ဗေဒင်ဆရာက မုန်းမုန်းမျက်လုံးအိမ်ထဲ
ထိုးဖောက်ကြည့်ကာ လေလေးနက်နက် စကားဆိုသည်။
'အလို... ဘုရားရေ'
'ကျွန်တော်လည်း ကျွန်တော်
လုံးဝမျှော်မှန်းမထားတဲ့၊ ကျွန်တော် မလုပ်ချင်တဲ့ တာဝန်တစ်ခုကို ကံဇာတ်ဆရာက
လှည့်ပေးလိုက်တာကို လက်ခံလိုက်ရတာပဲ။ ကဲ... ကျွန်တော်လည်း ဘယ်လိုလွတ်အောင်
ရုန်းထွက်ရမလဲဟင်။ ကူပြီး စဉ်းစားပေးပါဦးဗျာ'
ဗေဒင်ဆရာက မုန်းမုန်းကို အားကိုးတကြီး
တိုင်တန်းနေပါရော့လား။
'အို... ဘုရားရေ။ ကျွန်မနဲ့
အဖြစ်ချင်းတူလှချည့်လား ဗေဒင်ဆရာရယ်'
'နို့ နေပါဦး၊ ခင်ဗျားက
ရူးရူးမူးမူး အချစ်ဝတ္ထုတွေချည်းပဲ ရေးပြီး ပို့နေတာလား'
အလို... ဗေဒင်ဆရာရဲ့ မမျှော်လင့်သော
တိုက်ကွက်ကို မုန်းမုန်းခံလိုက်ရသည်။
'ဒီစက်ကွင်းက မလွတ်ပါလား'ဟု တွေးမိကာ ဗေဒင်ဆရာကို မုန်းမုန်း ကျွဲမြီးတိုသွားသည်။
'အချစ်နဲ့
ကင်းတဲ့လူရှိလို့လား'
'တယ်လာပါလား။ ဒီလို
ပွင့်ပွင့်လင်းလင်းပြောတာ သဘောကျတယ်ဗျာ'
'လူသားတွေမှာ
ရှိသင့်ရှိထိုက်တဲ့ မေတ္တာတရားကို နွယ်တဲ့ဇာတ်လမ်းမျိုးတွေ ရေးဖွဲ့တယ်ဆိုရင်
ပိုမှန်မယ်ထင်တယ် ဗေဒင်ဆရာရေ့'
မုန်းမုန်း၏ ကက်ကက်လန် ရန်တွေ့စကားကို
ဗေဒင်ဆရာသည် တဟားဟားနှင့် ရယ်မောနေသည်။
'အပြန်အလှန် လေးစားတဲ့တရား၊
စာနာထောက်ထားတဲ့၊ ငြိမ်းအေးတဲ့တရားတွေကိုပေါ့နော့'
'ဟာ... ကျွန်တော်နဲ့ အယူအဆ
တစ်ထပ်တည်း ကျနေပါလားဗျာ'
'ဗုဒ္ဓေါ'
ဗေဒင်ဆရာနှင့် မုန်းမုန်းသည်
ဗေဒင်မေးခြင်းမှ သွေဖည်ကာ ရင်းရင်းနှီးနှီးဖြင့် ကိုယ့်အယူအဆတွေကို တစ်ယောက်ကို
တစ်ယောက် အောင်မြင်မှု သက်တမ်းက နုပါသေးတယ်ဗျာ။ နှစ်နှစ် လောက်ပဲ ရှိသေးတာ'
ဗေဒင်ဆရာက မုန်းမုန်း၏ ဇာတာခွင်ကို
စိုက်ကြည့်ရင်း သူ့အကြောင်းကို စိတ်ပါလက်ပါ ပြောပြနေသည်။ ခေါင်းငုံ့ကာ
အသံတိုးလျလျနှင့် ပြောနေသော ဗေဒင်ဆရာကို စိုက်ကြည့်ရင်း ပေါင်ပေါ် တင်ထားသော
မုန်းမုန်းလက်ချောင်းများသည် အလိုအလျောက် လှုပ်ရှားလာကာ စိတ်တွက် ဂဏန်းသင်္ချာကို
တွက်ချက်နေမိတော့သည်။
'အို... မုန်းမုန်းရဲ့
ဖူးစာရှင်ဟာ မုန်းမုန်းထက် ၅ နှစ်ငယ်မယ်လို့ ဗေဒင်ဆရာ ရှင်
ဟောကိန်းထုတ်ခဲ့တယ်နော်။ ကြည့်စမ်း၊ ဗေဒင်ဆရာနဲ့ မုန်းမုန်းက အသက် ၅
နှစ်ကွာနေပါလား။ ဘုရား...ဘုရား ဖူးစာရှင်ဟာ သူများလား။ ရင်ထိတ်လှပါဘိနော်'
မုန်းမုန်း စိတ်အတွေးများကို ဗေဒင်ဆရာ
ရိပ်မိနေပြီလား။
'ကျွန်တော့်သဘောကတော့
ကြီးပွားအောင်မြင်ချင်ရင် အိမ်ထောင်ပြုပေတော့' စိတ်အတွေးဝယ်
ယောက်ယက်ခတ်နေသော မုန်းမုန်းခမျာ အသံကိုမြှင့်၍ အလေးအနက် ပြောလိုက်သော ဗေဒင်ဆရာ၏
အသံကြောင့် ဗြုန်းခနဲ လန့်ဖျပ်သွားသည်။
'ကျွန်တော်က ယတြာမပေးဘူးနော်...
အမေ'
စိုးရိမ်နေသော မေမေ့ကို
လှည့်ကြည့်ပြီး ဗေဒင်ဆရာက ယတိပြတ် ပြောသည်။ မေမေကတော့ ခေါင်းတွင်တွင် ယမ်းနေသည်။
'အတိတ်ဘဝ ဘဝက ဖူးစာတွေပါလာရင်
ဘယ်လိုမှ ရှောင်လို့ မလွတ်ပါဘူး အမေရယ်'ဟု မေမေ့ကို
ပြောရင်းမှ မုန်းမုန်းကို တစ်ဆက်တည်း ပြောလိုက်သည်။
'ဒီမှာ ခင်ဗျားရဲ့ ဖူးစာရှင်က
ရှေ့တည့်တည့်ကို ရောက်လာတော့မှာ' ဘယ်လိုပါလိမ့်။ ဗေဒင်ဆရာ
စကားက အနှောင့်အသွားမလွတ်တဲ့စကား။ မေမေ့ မျှော်လင့်ချက် ကမ်းကုန်စေတဲ့ စကားမျိုး။
ဗေဒင်ဆရာက မုန်းမုန်းကို
လက်ညှိုးထိုးရင်း...
'ခင်ဗျား နားရွက်ပုံစံလေးက
ကျွန်တော့်ညီမလေးလိုပဲ။ ရှေ့ကဆိုင်က ညီမလေး ဖွင့်ထားတာလေ။ ဒီလို
နားရွက်ပိုင်ရှင်တွေဟာ ပြောလိုက်ရင် တစ်ထွာမက မြင်တတ်ကြတယ်။ ဘယ်လိုလဲ
ကျွန်တော်ပြောတာ မမှန်ဘူးလား'
ဗေဒင်ဆရာက အရေးထဲ အင်္ဂဝိဇ္ဇာပါ
ဟောပေးနေသေးသည်။ သူ့ဟောကိန်းများကို ယုံကြည်စွာဖြင့် မုန်းမုန်းကို မေးဆတ်ပြရင်း
သက်သေတည်လိုက်သည်။ ဗေဒင်ဆရာ၏ စကားသည် အဓိပ္ပာယ်တစ်မျိုးကို သက်ရောက်နေသည်ဟု သံသယ
စိတ်ဝင်လာမိကာ ဗေဒင်ဆရာကို မျက်မှောင်တွန့်ကာ မုန်းမုန်း စိုက်ကြည့်လိုက်သည်။
စူးရဲစွာ တန်ပြန်ကြည့်နေသော ဗေဒင်ဆရာနှင့် မျက်လုံးချင်းဆုံလိုက်သော တဒင်္ဂတွင်
ဖြစ်ပေါ်လာသော အကြည့်ဆန်းလေးသည် စကားလုံးပေါင်း ထောင်သောင်းများစွာထက်
တာသွားသည်ကို ဗေဒင်ဆရာရော မုန်းမုန်းပါ ရိပ်မိလိုက်ကြသည်။ ရုတ်တရက် သတိဝင်လာကာ
နံရံပေါ်ရှိ နာရီဆီသို့ မုန်းမုန်း အကြည့်လွှဲလိုက်သည်။
'ဘာပြောပြော ကျွန်မရဲ့
အကောင်းအဆိုးတွေကို ဟောပေးတဲ့အတွက် ရှင့်ကို ကျေးဇူးတင်ပါတယ်'
'ရပါတယ်ဗျာ'
ဗေဒင်ဆရာသည် မုန်းမုန်းကို ငေးရင်း
ခပ်လေးတွဲ့တွဲ့ ပြောသည်။
'နောက်ပြီး ကျွန်မကြောင့်
ရှင် ကသိကအောက် ဖြစ်သွားခဲ့ရင်လည်း ခွင့်လွှတ်စေချင်ပါတယ်'
'ဟာဗျာ... ခင်ဗျားနဲ့ ပြောရတာ
ကျွန်တော့်မှာ စိတ်တောင် ချမ်းသာသေးတယ်။ ခင်ဗျား စဉ်းစားကြည့်ဗျာ။ ခင်ဗျားလို လွတ်လပ်ပေါ့ပါးစွာနဲ့
ဟောရတာမျိုး တွေ့ရခဲတယ်။ ကျွန်တော် ဟောတာ ကို တန်ပြန်မေးခွန်းထုတ်တာမျိုးလည်း
ရှားတယ်ဗျာ။ တာဝန်ဝတ္တရားကြီးတစ်ခုလို ဟောနေရတဲ့ ကြားထဲမှာ ဒီလို အရွှန်းအသော၊
အလှောင်အပြောင်၊ အထေ့အငေါ့လေးတွေကို ကြားလာရတော့ ကျွန်တော် ဟောရတာလည်း
ပိုသွက်လာပြီး စိတ်လည်းလန်းဆန်းလာတယ်ဗျာ။ ကျွန်တော်ကတောင် ခင်ဗျားကို
ကျေးဇူးတင်ရဦးမှာ'
'ဟောတော့်'
ဗေဒင်ဆရာ၏ စကားအဆုံးတွင်
မုန်းမုန်းတို့ သားအမိ တစ်ယောက်ကို တစ်ယောက် ပြိုင်တူကြည့်မိလိုက်သည်။ ဗေဒင်ဆရာသည်
ရင်ထဲရှိသည်များကို ပြောလိုက်ရသဖြင့် လေးလံနေသော ထုထည်ကြီးမှ လွတ်မြောက် ပေါ့ပါးသွားဟန်တူသည်။
ဗေဒင်ဆရာ၏ တဒင်္ဂကြည်နူးမှုလေးကို မုန်းမုန်းရဲ့ အာရုံက ပါးလျစွာ သိခဲ့လိုက်ပြီလေ။
'ကျွန်မတို့ ပြန်ဦးမှပဲ'
'အမေ့မှာ ဒီလို
ပျော်ရွှင်စရာကောင်းတဲ့ သမီးတစ်ယောက် ရထားတာ အမေ ကံထူးလိုက်တာဗျာ'
'ဒါကြောင့် ရင်ခွင်ထဲက
လွတ်သွားမှာ စိုးရိမ်နေတာပေါ့'
မေမေက အားလျော့သံဖြင့် ပြန်ပြောသည်။
'ဖူးစာကံက ပါနေပြီလေ'
'မီးဖိုဆောင်ထဲ
ခြေချုပ်မိခံနေရတဲ့သူက ဖူးစာဘက်တွေ့မယ် ဆိုတာတော့ ရယ်ရယ်စရာ ကောင်းနေပြီရှင်'
မုန်းမုန်းက မတ်တတ်ရပ်ရင်းမှ
ဗေဒင်ဆရာကို ငုံ့၍ ပြောလိုက်သည်။
'ခင်ဗျား ဇာတာခွင်မှာ ထင်းထင်းကြီးပေါ်နေတာကို
ဟောတာပဲလေ။ ကျွန်တော် ပြောတဲ့ရက် အတွင်း မှန်မမှန် စောင့်ကြည့်လိုက်ပေါ့ဗျာ'
ဗေဒင်ဆရာ၏ အရည်လဲ့နေသော
မျက်လုံးညိုညိုလေးများကို ငေးမောရင်း သိမ်မွေ့သော ခံစားမှုတစ်မျိုးသည်
မုန်းမုန်းကိုယ်ထဲ စီးဆင်းလာကာ သွေးကြောမျှင်များအထိ ပျံ့နှံ့စီးဆင်းသွားပြီး
ခန္ဓာကိုယ်တစ်ခုလုံး နွေးထွေးလာသည်။
ဗေဒင်ဆရာကို နှုတ်ဆက်
ထွက်ခွာလာချိန်မှာ ဗေဒင်ဆရာသည် စားပွဲပေါ်ထောက်ထားသော လက်ပေါ် ခေါင်းမှေးတင်ရင်း
မုန်းမုန်းတို့သားအမိကို ငေးကြည့်ရင်း ကျန်ရစ်ခဲ့တော့သည်။
□
၃။
ဗေဒင်ဆရာထံမှ ပြန်လာပြီး နောက်ဆက်တွဲ
ဖြစ်ရပ်လေးကိုလည်း မုန်းမုန်း ပြောပြချင်သေးသည်။
မုန်းမုန်း အလုပ်အကိုင်အတွက်
စိတ်အားတက်ကြွစွာဖြင့် ဗေဒင်မေးရန် ဆွယ်ခဲ့သော မေမေ့ခမျာ အိမ်ပြန်လမ်းမှာ
ခွေတိခွေယိုင်ဖြစ်ကာ စကားတစ်လုံးမျှ မဆိုတော့ချေ။ ခြွင်းချက်အနေဖြင့်
ထိုနေ့ထိုရက်မှ အစပြု၍ မေမေသည် စကားတစ်ခွန်းကိုသာ အပ်ကြောင်းထပ်မတတ်
ပြောနေတော့သည်။
'ညည်းသွားချင်ရာ
လွတ်လွတ်လပ်လပ် သွားပါတော့အေ။ ငါ ပိတ်ဆို့မတားတော့ပါဘူး။ ဘဝခရီးမှာ တစ်ကိုယ်တည်း
လျှောက်ကြရတာပါပဲ။ သားသမီးအပေါ် သိပ်ယုံစားအားကိုးနေလို့ မဖြစ်ပါဘူးအေ။
မတွေ့သေးခင်ကတော့ ခွဲမသွားပါဘူးပေါ့လေ။ တွေ့လို့ကတော့ မိဘတောင် နောက် လှည့်မကြည့်ကြတော့ပါဘူး။
အင်း... ဓမ္မတာပဲလေ။ အဲဒီတော့ သွားပေါ့ မိမုန်းမုန်း။ သွားပေါ့'
နေ့စဉ်လိုလို မေမေ့ထံမှ ကြားရသော
စကားများကြောင့် မုန်းမုန်းစိတ်ထဲ ကသိကအောက် ဖြစ်လာသည်။ နောက်ဆုံးမှာတော့
ယခုကတည်းက ခံနိုင်ရည်ရှိအောင် ကြိုတင်ပြင်ဆင်ထားမည်ဟု ယတိပြတ် ဆုံးဖြတ်ကာ
တစ်ဦးတည်းသော သမီးအရွယ်လွန် အပျိုကြီး မုန်းမုန်းကို ပစ်၍လရှည်တရား
စခန်းဝင်သွားခြင်းပင်။
ယခုတော့ မုန်းမုန်းမှာ
မိသားစုလုပ်ငန်းကို ဦးစီးလုပ်ကိုင်နေသော မောင်သုံးယောက်၏ စားရေးသောက်ရေးနှင့်တကွ
ဝေယျဝစ္စများကို တာဝန်ယူရင်း မီးဖိုဆောင်ထဲ ခြေချုပ်မိနေကာ ဗေဒင်ဆရာ၏
ရည်ညွှန်းကာလကို ပြက္ခဒိန်ပေါ်မှ တိတ်တခိုး တွက်ချက်နေမိတော့သည်။
ရက်တွေ တဖြုတ်ဖြုတ် ကြွေကျလာကာ
သတ်မှတ်ကာလ ကုန်ဆုံးရန် ရက်အနည်းငယ်မျှသာ ကျန်တော့သည်ကို ရင်တထိတ်ထိတ်နှင့်
သတိထားမိရင်း...
'ဗေဒင်ဆရာရေ။ ရှင် ရဲရဲကြီး
အာမဘန္တေခံဟော ကိန်းထုတ်ထားတဲ့အတိုင်း မဟုတ်ဘဲ လွဲခဲ့ရင်တော့ ရှင်မလွယ်ဘူးသာ
မှတ်ပေတော့'ဟု စိတ်ထဲမှ ကြုံးဝါးနေမိတော့သည်။
▀
မြူမြူ
(အမှတ်
၂၀၇၊ ဖေဖော်၀ါရီလ၊၂၀၀၇
ရွှေအမြုတေမဂ္ဂဇင်း။)
ကျောင်းကတော့ ပထမတော့ မိဘကို ခေါ်တာ သတိပေးတာ လုပ်ပေမယ့် နောက်ပိုင်း မလုပ်တော့ပါဘူး ဘယ်လိုမှ သင်လို့မရတဲ့ ကျောင်းသား တစ်ယောက်လို့သာ သဘော ထားကြတယ် ထင်ပါရဲ့
လူမမာ ယောကျ်ားကြီး တစ်ယောက်က ကျွန်တော်၏ ညာဘက် ၅ ပေခန့် အကွာ အမှောင်ရိပ်ထဲကနေ ကျွန်တော့်ကို သွေ့ခြောက်အက်ကွဲသံဖြင့် လှမ်းပြောသံမျိုးနှင့် တူလှသည်
ကိုယ့်ကို သူကြည့်တဲ့ အကြည့်က စူးစူး ရန်လိုသော သွေးဆာသော မီးကျည်အကြည့် ကိုယ်ကလည်း ဘာရမလဲရှုးရှုး ခြောက်သည် သူက နောက်ဆုတ် ခြေကုတ်