နေဝင်းမြင့်
ကိုပါတောက
ပုံပြင်များ အင်မတန်ကြိုက်တယ်။ အသက်အားဖြင့် ငါးဆယ်ကျော်ပြီ။
ပုံပြင်ကြိုက်တုန်းလားလို့များ တစ်ယောက်ယောက်က မေးရင် “ကြိုက်လှချည်ကော ခင်ဗျ”
လို့ပြန်ပြောတာသာ ကြည့်တော့။ တကယ်လည်း ကြိုက်တယ်။ စကားပြော ကောင်းလှတယ်ဆိုသူတွေဟာ
ဥပမာတွေ၊ ဥပမေယျတွေ၊ စကကိုးစကကားတွေ၊ ပုံတိုပတ်စတွေ၊ ဆိုရိုးထုံးရိုးတွေသုံးပြီး
ပြောတတ်ကြသလိုပဲ ကိုပါတောက စကားပြောရင် ပုံပြင်တွေ အမြဲပါတတ်တယ်။
သူ့ခေါင်းထဲမှာလည်း ပုံပြင်တွေဟာ ကွန်ပျူတာများဒေတာတွေ သိုလှောင်ထားသလိုကို
ရှိနေတာ မဟုတ်လား။ စကားအကြောင်းအရာနဲ့ စပ်လို့ဘယ်ပုံပြင်ဟာဖြင့် သင့်လျော်တယ်ဆိုတာ
ချက်ချင်းခေါင်းထဲ ပေါ်ပုံလည်းရတယ်။
‘မင်းဟာက
ဖအေ့လက်ထက်က အပ်ထားတဲ့ပုခက် သားလက်ထက်ထိ စရွေးမစွပ်ရသေးဘူး ဆိုတဲ့
မာလာဝီပုံပြင်လို ဖြစ်နေပြီ။ ဆပ်စရာရှိတာလည်း ဆပ်ပေါ့ကွ။ အသုံးလိုတော့လည်း
ပြန်ယူပေါ့’
ပိုက်ဆံချေးပြီးတော်တော်နဲ့
ပြန်မဆပ်ရင် ကိုပါတောက အဲသလို ပြောတတ်တယ်။ တစ်နေ့တစ်နေ့ အိမ်ရှေ့က
ပိတောက်ပင်အောက်မှာ ပက်လက်ကုလားထိုင်ကြီးတစ်လုံးနဲ့ စာတွေပဲ ဖတ်နေတာ ပြီးရာတာပါပဲ။
ဖတ်တဲ့စာကလည်း ကြည့်ဦး။ ကမ္ဘာ့အရေးအခင်းတွေလည်း မဟုတ်ဘူး။ သမိုင်းလားဆိုတော့လည်း
မဟုတ်ဘူး။ စာပေဝတ္ထု၊ ရတု ကဗျာ၊ သာသည်သီချင်း အဲစောင်းငြင်းလား ဆိုတော့လည်း
မဟုတ်ဘူး။ သတင်းစာများ၊ မဂ္ဂဇင်းများတော့ ယောင်လို့တောင် ကောက်မကိုင်ဘူး။ ကိုပါတောရဲ့
အကြောင်းပြချက်ကတော့ ရှင်းတယ်။ ပုံပြင်မပါရင် မဖတ်ဘူး။ ကမ္ဘာလောကမှာ ပုံပြင်တွေထက်
အရေးကြီးတဲ့ အရေးအခင်း အဖြစ်ပျက်ဆိုတာ သမိုင်းမှာ မရှိခဲ့ဘူးလို့လည်း ယုံကြည်တာ
ပါပါတယ်။ သမိုင်းဆိုတော့ကော ဘာဖြစ်ရဦးမှာလဲ။ ပထဝီဆိုတော့ကော ဘာြဖစ်နေလို့လဲ။
သိပ္ပံနဲ့ နည်းပညာမရှိတော့ကော လူတွေ ဘာဖြစ်သွားနိုင်လို့တုန်း။ ရသစာပေဆိုတာလည်း
ဘာထူးသလဲ။ တိုက်မောင်းနဲ့ ပွဲထဲက မောင်းလိုဒူဟူဟူချင်း အတူတူပဲ။ ရသစာပေက လူ့ဘဝကို
ဆင်ခြင်တယ်၊ လောက ဆင်ခြင်တယ် ထားပါဦး။ ဆင်ခြင်တော့ ဘာဖြစ်သလဲ။ တိုက်လှေနဲ့
ရက်ကန်းလွန်းလို သူ့ကိစ္စနဲ့သူပဲ အရေးကြီးတာက ပုံပြင်တွေ ဖတ်ရမယ်။ ပုံပြင်တွေရှိမှ
လူ့ဘဝဟာ အဓိပ္ပာယ်ရှိတယ်။ သည်စိတ်အခံနဲ့ပဲ လူမှန်းသိတယ် ဆိုကတည်းက ကိုပါတော
ပုံပြင်တွေချည်း နားထောင်တယ်။ ပုံပြင်တွေချည်း ဖတ်တယ်။ သူက ပြောရမယ် ဆိုရင်လည်း
ပုံပြင်ပါအောင် ပြောတယ်။ တစ်ခါများ ပွဲစားနှစ်ယောက်နဲ့ လက်ဖက်ရည်ဆိုင်မှာ
ဆုံကြတယ်။ ပွဲစားနှစ်ယောက် ပြောနေတာကို ကိုပါတောက နားစွန်နားဖျား ကြားတာနဲ့
ပွဲစားတွေဘက် ထကူးခဲ့ရော။
'မင်းတို့ဟာက မင်းတို့
ညံ့လို့ ဖြစ်ရတာပဲကွ။ ဒါမျိုးက ထူးဆန်းတာမှ မဟုတ်ဘဲ။ ရှေးက ငှက်ကျားနဲ့
ခုံးကောင်မလည်း ဒါမျိုးဖြစ်တာပဲ။ တစ်ခါတုန်းက ခုံးကောင်မ တစ်ကောင်က သူ့
အခွံနှစ်ချပ်ကို လှပ်ပြီး နေရောင်ခံသတဲ့။ အန္တရာယ်ပေးမယ့် အရိပ်အရောင်ကလည်း
မရှိတော့ ခုံးခွံမာမာနှစ်ချပ်ကို ဟပြီး လွတ်လွတ်လပ်လပ် နေတာပေါ့ကွာ။ သည်အချိန်မှာ
ငှက်ကျားတစ်ကောင်က ဖျတ်ခနဲ ရောက်လာပြီး ခုံးကောင်မ အသားကို သူ့နှုတ်သီးနဲ့
လှမ်းဟပ်ကရော'
ကိုပါတော စကားတောင် မဆုံးသေးဘူး။
တစ်ယောက်က ထဟောက်တယ်။
'ကိုပါတော ခင်ဗျား
ပုံပြင်နားထောင်ဖို့လည်း အချိန်မရှိဘူး။ လူတွေမှ ညစ်နေရတဲ့အထဲ ခင်ဗျားက
တစ်မှောင့်။ အခုဟာက ကျုပ်တို့မဟုတ်လို့ ခံလိုက်ရတဲ့ ကိစ္စ။ ကျုပ်တို့ပေါ့ဆလို့
ကြားလူ စားသွားတဲ့ကိစ္စကို ပြောနေတာ။ ခင်ဗျား ဘာမှလည်း မသိဘဲနဲ့'
သည်တော့ ကိုပါတောက ပြုံးတယ်။
ဒါမျိုးတွေ ကြုံဖူးလှပေါ့။ သည်လို စကားမဆုံးခင် အငေါက်ခံရတာတွေ များလှပေါ့။
အိပ်ထဲက ဆေးပေါ့လိပ်ထုတ်ပြီး မီးညှိတယ်။ ပွဲစားနှစ်ယောက်ကို စိုက်ကြည့်တယ်။
ပွဲစားတွေ လုပ်နေပြီး ပုံပြင်နဲ့ ကြီးရတဲ့ကောင်တွေ မဟုတ်ပါလား ဆိုတဲ့မျက်နှာနဲ့
ဆေးလိပ်ကို နှစ်ဖွာလောက် ဖွာတယ်။
'အေး... အဲဒါပေါ့ကွ၊
ဝမ်းဆွဲသည်များ၊ လက်သည်များ မကျွမ်းကျင်ရင် ဓမ္မတာအကြောင်း ရှာတာလိုပဲ။ သိတဲ့လူက
ပြောပြန်တော့လည်း ပြဿနာရှာချင်တာ ခက်တာပေါ့ကွ။ မင်းတို့အတွက် ပြောနေတာ။ အခု မင်းပဲ
ပြောနေပြီ။ ကိုယ်မလိမ္မာလို့ ကြားလူ စားသွားတယ်တဲ့။ အဲဒါကိုပဲ ငါပြောနေတာ။ နေပါဦး၊
ပုံပြင်တောင် ဘယ်ရောက်သွားပါလိမ့်။ အဲ... ငှက်ကျားက ခုံးခွံဖွင့်ထားတဲ့
ခုံးကောင်မကို နှိုက်ကရော။ အဲလေ နှုတ်သီးနဲ့ ထိုးဆိတ်ကရော။ သည်တော့ ခုံးကောင်မက
အခွံမာနှစ်ချပ် ဖျတ်ခနဲ ပိတ်လိုက်တော့ ငှက်ကျားရဲ့ နှုတ်သီးက ညပ်နေရော။ ညပ်လည်း
ညပ်ရော ငှက်ကျားက...'
ကိုပါတော စကားတောင် မဆုံးသေးဘူး။
ပွဲစားနှစ်ယောက်က စားပွဲအောက် ချွတ်ထားတဲ့ ဖိနပ် ကောက်စွပ်ကြတယ်။ ဟထားတဲ့
ရင်ဘတ်ကြယ်သီးတွေ ပြန်တပ်ကြတယ်။ လက်ကိုင်ပဝါတွေ ထုတ်ပြီး မျက်နှာတွေ ပွတ်ကြတယ်။
တစ်ယောက်က အေးနေတဲ့ ရေနွေးခွက် ဂွပ်ခနဲသောက်ပြီး ထဖို့ပြင်တော့ တစ်ယောက်က အိတ်ထဲက
ပိုက်ဆံထုတ်တယ်။ ငါးရာတန် ခပ်နွမ်းနွမ်းတစ်ချပ် ပါလာတာမြင်တော့ တစ်ယောက်က
လက်ဖက်ရည်ဆိုင်က ကောင်လေးကို ရွှတ်ရွှတ်နဲ့ လှမ်းခေါ်ရော။ ကောင်လေးက ပြေးလာပြီး
ငါးရာတန်ကို ဆွဲမယ်လုပ်တော့ ကိုပါတောက ကောင်လေးခါးပုံစကို ဆီးဆွဲလိုက်တယ်။
လက်ခါပြတယ်။ သူတို့ပိုက်ဆံ မယူနဲ့။ ပြီးရင် အားလုံးပေါင်းရှင်းမယ်ဆိုတဲ့
မျက်နှာရိပ်ပြလိုက်တယ်။ ကောင်လေးက သဘောပေါက်သွားပုံနဲ့ ပြန်သွားတာပါပဲ။
ပွဲစားနှစ်ယောက်က ထဖို့ ခက်သွားပြီ။ သူတို့စားသောက်ထားသမျှ ကိုပါတောက ရှင်းမယ်
လုပ်နေပြီ မဟုတ်လား။ ပိုက်ဆံရှင်းတာကို လက်ခံပြီး စကားတော့ ဆုံးအောင် နားမထောင်လို့က
မကောင်းနိုင်ဘူးဆိုတာ ပွဲစားတွေပဲ မသိဘဲ ရှိပါ့မလား။ ပွဲစားနှစ်ယောက် ရင်ဘတ်
ကြယ်သီးတွေ ပြန်ဖြုတ်တယ်။ တစ်ယောက်က ရေ နွေးကြမ်းငှဲ့ရင်း 'လုပ်စမ်းပါဦး
ကိုပါတောရဲ့'လို့ ခပ်ခြောက်ခြောက် လေသံနဲ့
စကားကောက်ခိုင်းတယ်။ တစ်ယောက်က ဖိနပ်ကလေး ချွတ်ထဲ့ပြီး ထိုင်နေတဲ့ ကုလားထိုင်ပေါ်
ခြေထောက်တစ်ချောင်း ထောင်လိုက်တယ်။ ခြေတစ်ချောင်းချ တစ်ချောင်းထောင်။ ဝဋ်ရှိသရွေ့
ဆိုတဲ့ပုံပေါ့လေ။
'ငှက်ကျားက ညပ်လည်း ညပ်ရော...'
'နေပါဦး ကိုပါတောရဲ့၊
ငှက်ကျားက ဘာညပ်တာတုံး။ စောစောက မရှင်းလိုက်လို့'
'မင်းနှမ ညပ်တာကွ ကိုင်း...
စကားတော့ သေသေချာချာ နားမထောင်ဘဲနဲ့'
သည်တစ်ခါတော့ ကိုပါတော
ပွဲစားနှစ်ယောက်ကို ရဲရဲဟောက်လို့နေပြီ။ လက်ဖက်ရည်ဖိုး သူ ရှင်းပါ့မယ်ဆိုကာမှ
ထပြန်ချင်လည်း ပြန်ကြလေ။ စားသောက်ထားတာက မနည်းဘူး။ ထုတ်လိုက်တဲ့ ပိုက်ဆံက
ငါးရာတန်။ သည့်ထက်လည်း ပိုပါပုံမရတဲ့ ကောင်တွေ ဘယ်လိုမှ ထမပြန်တော့ဘူးဆိုတာ
ကိုပါတော သိတာလည်း ပါတယ်။ ပုံပြင်ကို အစက ပြန်ပြောရတာပါပဲ။
'အဲသလို ညပ်တော့ ငှက်ကျားက
ခုံးကောင်မကို မြှောက်တော့တာပေါ့။ ငါက နင့်ကို စားချင်လို့ မဟုတ်ပါဘူးဟာ။ နင်က
လှလွန်းလို့ ငါ့စိတ်ထဲ ကျီစယ်ချင်စိတ်က များသွားတာပါ။ ပေါက်လိုက်မဟဲ့၊
ဆိတ်လိုက်မဟဲ့ ဆိုတဲ့စိတ်များ မရှိရိုး အမှန်ပါကွယ်။ မိန်းမချောကလေးရယ်
ညှပ်ထားတာများ လျှော့တော်မူပါဦး။ အသက်တောင်ရှူလို့ မရတော့ပါဘူး။ နင့်အလှဘွဲ့တွေ
ရွတ်စမ်းပါရစီကိုး။ သည်တော့ ခုံးကောင်မက...'
ကိုပါတောက ပွဲစားနှစ်ယောက်ကို
အကဲခတ်တယ်။ သည်ကောင်တွေ နားထောင်ရဲ့လားပေါ့။ ပွဲစားနှစ်ယောက်စလုံးက သူ့ကို
ငေးနေကြလေရဲ့။ လောကမယ် ပိုက်ဆံများဟာ တယ်လည်း တာသွားပါလားလို့လည်း တွေးမိတယ်။
သူ့ဘဝမှာ လက်ဖက်ရည်တိုက်ပြီး ပြောခဲ့ရတဲ့ ပုံပြင်တွေဆိုတာ နည်းမှ မနည်းဘဲနဲ့။ ဒါက
ကိုပါတောက ထင်တာပါ။ ပွဲစားနှစ်ယောက်က ကိုပါတောကို အာရုံမရှိကြဘူး။ လက်ဖက်ရည်ဖိုး
မရှင်းရလို့သာ ထိုင်နေတာ စိတ်က တခြားရောက်နေကြတယ်။ ပျားကသာ ပျံနေတာ။ ပျားတံ
မရွေ့သလိုပေါ့လေ။ သင်းပြောတဲ့ပုံပြင် ကြာလှ နာရီဝက်ပေါ့လို့လည်း
စိတ်ရှိကြပုံပေါ်ရဲ့။
'ခုံးကောင်မ ငှက်ကျား
ပြောတာကို တကယ်ထင်တာကိုး။ မင်းတို့လိုကောင်တွေပေါ့။ ဒါကြောင့် ထင်တယ် ခုတလော
ကျွန်မကို လှတယ်လို့ ပြောကြသူတွေများတယ်လို့တော့ အောက်မေ့သား။ ညက အိပ်မက် မက်တယ်ရှင့်။
ကျောက်စိမ်းသလွန်ပေါ်မှာ ကျွန်မက အိပ်လို့။ နှုတ်သီးရှည်ရှည် ငှက်မင်းသား
လေးတစ်ပါးက ဖက်ထားလိုက်လို့တဲ့။ ကြည့်စမ်း... အိပ်မက်ထဲက မင်းသားလေးက လက်စသတ်တော့
ရှင်ဖြစ်နေပါလား။ ကျွန်မကို ခေါ်မသွားပါနဲ့ဦးနော်။ ဒီရေတွေ တက်လာမှ အဖေတို့၊
အမေတို့ ပြန်လာမှာ။ ကျွန်မ နှုတ်ဆက်စမ်းပါရစီဦးပေါ့လေ။ ပြောလို့သာပြောတာ
ခုံးကောင်မက ငှက်ကျားကို ညှပ်ထားတာတော့ မလွှတ်ဘူးကွ'
'ကိုပါတောရဲ့ မသိလို့
မေးပါရစီ။ ခုံးကောင်မ ညှပ်တာ နာသလား'
'မင်းအိမ်ကျတော့ ကြွက်ထောင်ချောက်
မောင်းဆင်ပြီး ခြေမ ထိုးကြည့်ပါလားကွ။ အဲသလောက်တော့ ရှိမှာပေါ့။ ဒါကြောင့်
မင်းတို့ကို သံပရာတစ်ခြမ်း ပျားတစ်ခြမ်း ပြောကြတာ။ ဘယ်ရောက်ပါလိမ့်။ ငှက်ကျားကို
ညှပ်ထားတဲ့ကြားက ခုံးကောင်မကလည်း ချွဲ၊ ငှက်ကျားကလည်း မြှောက်တာပေါ့ကွ။
ပတ်ဝန်းကျင်ကို သတိမထားတော့ ငါးထွက်ရှာတဲ့ တံငါက နှစ်ကောင်စလုံး ကောက်သွားကရော'
'ဟန်ကျတာပေါ့ဗျာ။ ဆက်ပါဦး၊
ဘယ့်နှယ်ဖြစ်ကြတုံး'
ပွဲစားတစ်ယောက်က မျက်လုံးစင်းကြီးနဲ့
နားထောင်ရာက လောကဝတ်အရ ထမေးတယ်။ နားသာထောင် နေရတာ ကိုပါတော ဘာတွေ ပြောလို့
ဘာကိုဆိုလိုမှန်းလည်း သိကြတာမဟုတ်ဘူး။ ပွဲစားတစ်ယောက်ကတော့ လောကမှာ ပိုက်ဆံမရှိတာလောက်
အောက်ကျတာ မရှိပါလားလို့ တွေးနေလေရဲ့။ နားမထောင်ချင်တာကို နားထောင်ပြီး
အင်းလိုက်ရတာ တော်တော်ကြီးတဲ့ ဒုက္ခ မဟုတ်လား။
'မင့်ကြီးတော် ခုံးကောင်မ
ပုံပြင်က ပြီးပြီဟ။ ဘာဆက်ဖြစ်စရာ ရှိသေးလို့တုံး။ သခွပ်ပွင့် တစ်ပြည်
ပြုတ်တစ်ဆုပ်တောင်မှ မရဘူးဆိုတာ မင်းတို့လို ကောင်တွေကို ပြောတာ။ အခုလည်း
အဲသဟာပေါ့။ တစ်ကောင်က နမော်နမဲ့၊ တစ်ကောင်က ပေါ့တီးပေါ့ဆ။ ကြားလူက စားကရော။
ဒါကြောင့် ပုံပြင်များများ နာကြကွ။ မင်းတို့ ဖြစ်နေတာနဲ့ မတူဘူးလား။ ကြားလူစားတော့
ကောင်းသေးရဲ့လား'
ပွဲစားနှစ်ယောက်က ကိုပါတော
ပြောနေတာကို သူတို့ပြောနေတယ် မထင်ဘူး။ မင်းတို့ဖြစ်နေတာနဲ့ မတူဘူးလား၊
ကြားလူစားတော့ ကောင်းသေးရဲ့လား ဆိုတာလည်း သဘော မပေါက်ဘူး။
ပုံပြင်ပြီးပြီဆိုတာကိုပဲ ဝမ်းသာနေကြလေရဲ့။ ကိုယ့်ဖိနပ် ကိုယ်စွပ်ပြီး ခပ်သုတ်သုတ်
ထပြန်ကြတယ်။ သည်တော့မှ ကိုပါတော လက်ဖက်ရည်ဖိုး ရှင်းတယ်။ ကိုပါတော အဲသလိုလူ။
အိမ်မှာလည်း သည်လိုပါပဲ။ ဘာအလုပ်မှ
ဟုတ်တိပတ်တိ မလုပ်ဘဲ ပုံပြင်တွေလောက် စိတ်ရောက်နေတဲ့ ကိုပါတောကို မယားမစောရင်က
ကျန်တာ အကုန်ခွင့်လွှတ်နိုင်တယ်။ ဒါပေမယ့် ဘာပြောပြော ပုံပြင်တွေနဲ့ချည်း
ပြောနေတာကိုတော့ သည်းမခံနိုင်ဘူး။ ကိုပါတောနဲ့ အသက်နှစ်ဆယ်ကျော်ကျော် ညားကြပြီဆိုကတည်းက
မစောရင်လည်း ပုံပြင်ကျင်းထဲ ကျရတော့တာ မဟုတ်လား။ ညားကတည်းက ဈေးထဲ
ကုန်ခြောက်ဆိုင်ကလေးဖွင့်ပြီး ထမင်းအိုးထမ်း၊ ဟင်းအိုးထမ်း လုပ်ခဲ့လို့
တော်သေးတာပါလားလို့လည်း မအောက်မေ့ရှာပါဘူး။ ဒါပေမယ့် ပုံပြင်တွေကိုတော့
နားကလောလှပြီ။ အိမ်မှာ ငုတ်တုတ်ထိုင်နေရင် တော်သေးတယ်။ တစ်ခါတလေ ဈေးထဲလိုက်လာပြီး
ပုံပြင်တွေ ပြောနေတော့ ဈေးသည်တွေကလည်း ကိုပါတောများလာရင် မရောင်းရကာမှနေရော
ထပြေးကြတာများတော့ မစောရင်က မျက်နှာပူရတယ်။ တစ်ရက်တော့ မစောရင်က ကိုပါတောကို
မပြောမဖြစ်လို့ ပြောရတော့တာပေါ့။
'ကိုပါတောရယ်... တော်များ
ဈေးလိုက်လာရင် ကျုပ်ဖြင့် ခေါင်းကို ကြီးရတော့တာပဲ။ ဈေးသည်ဆိုတာ အချိန်ကလေး
ကိုက်တံထိုးရောင်းနေကြရတာကို တော်က ယပ်လှဲတရားလာဟော နေတော့ မခက်ပါလား။ လူတွေများ
ပလူပရွက်တွင်းက ထွက်လုပ်စားနေရတဲ့ဟာ'
'နင်တို့က ပစ္စုပ္ပန်
အကျိုးမဲ့တာကိုပဲ ကြည့်ပြီး သံသရာမှာ အကျိုးရှိတာကို ထည့်မတွက်ကြတာ ခက်တာပေါ့။
ယိုးဒယားပုံပြင်တစ်ပုဒ်ထဲမှာ အိမ်ကို ရဟန်းကြွလာတော့ ဆွမ်းကပ်စရာမရှိတဲ့ သူဆင်းရဲ
လင်မယားက အိမ်မှာရှိတဲ့ ကြက်မလေး ရိုက်သတ်ပြီး ဆွမ်းချက် ဆွမ်းကပ်ကြဖို့
တိုင်ပင်ကြတယ်။ ဒါကို ကြက်မလေးက ကြားတော့ ကြက်ကလေး ခြောက်ကောင်ကို မှာတယ်။ အမေတော့
မနက်ဖြန်မနက် သေရတော့မယ်။ ငါ့သား၊ ငါ့သမီးများ လိမ်လိမ်မာမာ နေရစ်ကြပါလို့ မှာတာ။
မနက်ကျတော့ ကြက်မလေးကို ဖမ်းပြီး မီးမြှိုက်တော့ ကြက်ကလေး ခြောက်ကောင်ကလည်း
မအေနဲ့အတူ မီးထဲ ခုန်ချကြတာပေါ့။ ကြက်တွေ အားလုံးသေတာ မြင်ရတော့ သူဆင်းရဲမက ငိုတယ်။
ငိုတော့ ရဟန်းက မေးတယ်။ ဒါကာမကြီး ဘာဖြစ်လို့ ငိုတာလဲဆိုတော့ ကြက်မလေးကတော့
ထားပါတော့ ဘုရား၊ အခုက ကြက်ကလေး ခြောက်ကောင်ပါ သေကုန်တာကျတော့ နှမြောလှလို့ပါ
ဘုရားလို့ လျှောက်သတဲ့။ သည်တော့ ရဟန်းက သေသွားတဲ့ ကြက်သားအမိကို ကြယ်ကလေးတွေ
ဖန်ဆင်းပြီး ကောင်းကင်မှာ နေရာပေးလိုက်တော့ ခုနစ်စဉ်ကြယ်ဆိုပြီး ကနေ့ထိ ရှိရောတဲ့။
အခုလည်း ငါက ဈေးထဲကို ဆွမ်းစားရုံသက်သက် လာတာမဟုတ်ဘူး။ နင်တို့ကို ခုနစ်စဉ်ကြယ်
ဖြစ်စေချင်လို့ လာတယ်မှတ်ပါ'
မစောရင်က ထပ်မကွန့်ရဲဘူး။
ကွန့်လိုက်ရင် နောက်ထပ် ပုံပြင်တစ်ပုဒ်ကြားရမှာစိုးတာလည်း တစ်ကြောင်း၊ ပြောလို့လည်း
မရမှန်းသိတာက တစ်ကြောင်း ရှိသေးတာ မဟုတ်လား။ သည်တော့ အကြောင်းသင့်မှ
ထနောင်းပွင့်ရတော့မှာပဲလို့ သဘောထားရတော့တာပါပဲ။ မစောရင်တောင် ပုံပြင်တွေနဲ့ 'တောက်'လှပေါ့။
၂။
ကိုပါတော ကိုယ်တိုင်က
ပုံပြင်တစ်ပုဒ်နဲ့ တူတယ်လို့ ပြောရမယ်။ မေးစိက နဖူးအောက်စပ် မျက်ခုံးရိုး အထိက
တစ်ပေလောက် ရှည်ပြီး မျက်ခုံးရိုးကနေ ငယ်ထိပ်အထိက ရှစ်လက်မဆိုတော့ ငယ်ထိပ်ကနေ
မေးဖျားအထိ လက်မနှစ်ဆယ် တင်းတင်းကြီး ရှိသလို ဖြစ်နေတယ်။ အဝေးကများ ကြည့်ရင်
မျက်နှာကိုက ရှေးခေတ် မှော်ဆရာကြီးတွေ နေတဲ့ ရဲတိုက်နဲ့ကို တူနေတာပါ။
မျက်လုံးနှစ်လုံးကလည်း တစ်ဖက်က အထက်လန်ပြီး တစ်ဖက်က အောက်ကို ပြဲကျနေတော့
ပုံပြင်တွေထဲက စဉ်းလဲတဲ့ မြေခွေးတစ်ကောင်ရဲ့ မျက်လုံးမျိုး။ နှာခေါင်းကြီးက
သတ္တဝါနှုတ်သီးလို ခပ်ကောက်ကောက်ရယ်။ ပါးစပ်ကတော့ ဖားမင်းသား ပုံပြင်ထဲက
ဖားပါးစပ်လို နှုတ်ခမ်းမပါဘဲ ငေါထွက်နေသလို ဖြစ်နေလေရဲ့။ ဝတ်ပြန်တော့လည်း ပုဆိုးဖြူ
ပတ်လည်စင်းနဲ့ အင်္ကျီ လည်ကတုံးက မချွတ်တမ်းကိုး။ ဘာနဲ့တူသလဲဆိုတော့
မိုဟန်ဂျိုဒါရိုယဉ်ကျေးမှုက လာတဲ့ ပုံပြင်တွေမှာ ပါလေ့ရှိတဲ့ မြွေသူတော်နဲ့တောင်
တူတယ်ဆိုရမှာပါ။ လူကောင်က ကြီးသလောက် ခြေထောက် ကလေးတွေကျတော့ လူနဲ့ မလိုက်အောင်
သေးပြန်လို့ ဆင်ဒရဲလားစီးတဲ့ ဖန်ဖိနပ်နဲ့တောင် အံကိုက်လောက်တယ်။ လမ်းသွားရင်
ညွှတ်ပဲ့သွားတတ်တဲ့ ကိုပါတောကို တချို့က မောင်ပေါက် ကျိုင်းလို့ ခေါ်ကြတယ်။
ကိုပါတော ငယ်ငယ်က ဘွားအေနဲ့
နေရတာများတယ်။ သည်ဘွားအေက ပုံပြင်တွေ တော်တော်ပြောတတ်တော့ တစ်ဦးတည်းသော မြေး
မောင်ပါတောကို တစ်ညတစ်ပုံ မရိုးနိုင်အောင် ပြောတော့တာပါပဲ။ မောင်ပါတောကလည်း
ပုံပြင်များနားထောင်ရလို့ကတော့ ဘာမှ မကျွေးရင်လည်း ဖြစ်တယ်။ ဘာမှမဝတ်ရလည်း
ဖြစ်တယ်။ သူတကာ ကလေးလို ဘာလိုချင်တယ်၊ ညာလိုချင်တယ်ရယ်လို့လည်း မရှိတော့
ပုံပြင်ကြိုက် ရှာသကောရယ်လို့ တွန်းပြောရော။ တွန်းပြောလေ ကြိုက်လေ။ ကိုပါတော ငယ်ငယ်
ကျောင်းနေပြီဆိုတော့ ဘွားအေကြီးတောင် သိပ်မလိုတော့ပါဘူး။ အိမ်မှာ အဘိုးအဘွားတွေ
စုဆောင်းထားတဲ့ ပုံပြင်စာအုပ်တွေ စမ်းတဝါးဝါး ဖတ်ရပြီ။ ဆရာတိုင်း စုဆောင်းတဲ့
ပုံပြင်နှစ်ထောင် စာအုပ်ဆိုရင် မောင်ပါတော အကြိုက်ဆုံးပဲ။ ကျည်းကန်ရှင်ကြီးတို့၊
ရှင် သီလဝံသတို့၊ အတုလဆရာတော်တို့ ရေးတဲ့ စကားပုံပေါင်းချုပ်တို့၊ မောင်တုတ်ရေးတဲ့
မေတ္တာစာအမျိုးမျိုးနဲ့ ဝိစိတြစကားပုံပေါင်းချုပ်တို့၊ ဦးသာထို စုဆောင်းတဲ့
ဝိစိတြလင်္ကာရ စကားပုံစာအုပ်တို့၊ သင်္ဂဇာဆရာတော်၊ ဗန်းမော်ဆရာတော်၊ စလင်းဆရာတော်၊
ခင်မကန်ဆရာတော်၊ မောင်းထောင်ဆရာတော်၊ သစ်ဆိမ့်ဆရာတော်တို့ရဲ့
စကားပုံပေါင်းချုပ်တို့၊ ဦးထွန်းမြိုင်ရဲ့ စကားပုံ သုံးထောင်စာအုပ်တို့၊ မှော်ပီ
ဆရာသိန်းကြီးရေးတဲ့ 'ဥပမာသမူဟဝီရိက္ကမကျမ်း' တို့၊ အထောက်တော်
ဦးမြတ်လှရေးတဲ့ သင်္ဂဇာဆရာတော် စကားပုံ ပုံပြင်တွေဆိုရင် မောင်ပါတော လေးငါးခေါက် ကျေနေပြီ။
စကားပုံတွေဆိုပေမယ့် စကားပုံဖြစ်လာပုံတွေလည်း ပါတယ်။ သည်စကားပုံရဲ့ ဗျုပ္ပတ်ပုံ
ဝတ္ထုတွေလည်း ပါတယ်။ ဆရာတော်ကြီးတွေရေးတဲ့ နိပါတ်တော်လာ ပုံဝတ္ထုတွေလည်း ပါတယ်။
ကိုပါတော နည်းနည်းကြီးလာတော့ ကျောင်းက ဆရာက ဂါလီဗားခရီးစဉ်တို့၊ ဘဂ္ဂဒက်မြို့က
သူခိုးကြီးတို့၊ သင်္ဘောသားဆင်းဘတ်တို့၊ ဒေးဗစ်ကော့ပါးဖီးလ်တို့ကို သင်ပေးတယ်။
ကိုပါတော ဘွားအေကြီးက ည ၉ နာရီထိုးရင် ခေါင်းရင်းမှာ ပုတီးကလေးတစ်ကုံးနဲ့
ဘုရားရှိခိုးတယ်။ နာရီဝက်လောက် ဘုရားရှိခိုးပြီးတာနဲ့ ပုံပြောတော့တာပဲ။
ပုံပြင်တွေကို တစ်နေ့တစ်ပုံ ပြောရင်တင် မကဘူး။ မနေ့က ပုံနဲ့ သည်ကနေ့ပြောမယ့်
ပုံပြင် ဆက်ပြောနိုင်တာကို ကိုပါတော အံ့သြတယ်။
'ငါ့မြေးရဲ့...
အလုပ်လုပ်စရာရှိရင် မြန်မြန် အထမြောက်အောင် လုပ်ရတယ်။ ဒါနဲ့ပတ်သက်လို့ ရှေးတုန်းက
ကျီးရယ်၊ သမင်ရယ်၊ လိပ်ရယ်၊ ကြွက်ရယ် သူငယ်ချင်းလေးယောက် ရှိကြသတဲ့။ ရှေးအခါက
တိရစ္ဆာန်တွေဟာ မာဂဓဘာသာနဲ့ စကားပြောကြတာဆိုတော့ တစ်ယောက် ပြောတာကို တစ်ယောက်က
နားလည်ကြတာကိုးကွယ့်။ မြစ်ကမ်းပါးမှာ လက်ပံပင်ကြီး တစ်ပင်ရှိတော့ ညဘက်မှာ
ငှက်တွေအများကြီး လာအိပ်ကြတယ်။ မိုးချုပ်ချုပ်မှာ ကျီးကန်းက မုဆိုးတစ်ယောက်
ညွှတ်ကို ကိုင်ပြီး သူတို့ဘက်လာတာကို တွေ့ပါလေရော။ ဒါနဲ့ ဘယ်သူ့ကိုများ
ဒုက္ခပေးမလဲ မသိဘူးဆိုပြီး မုဆိုးနောက် လိုက်တာပေါ့။ မုဆိုးက ဆန်ကွဲတွေ ကြဲပြီး
ညွှတ်ကို ထောင်တာလည်း တွေ့ရော...'
အဲသည့်ညက ကျီးအကြောင်းပြောတာနဲ့
ပုံပြင်ပြီးသွားတော့ နောက်တစ်ညမှာ သည်ကျီးပုံပြင်နဲ့ ဆက်စပ်တဲ့
စိတြဂီဝါခိုမင်းအကြောင်း ပြောတယ်။ နောက်ညကျတော့ စိတြဂီဝါ ခိုမင်းနဲ့ ဆက်နေတဲ့
ဟိရညက ကြွက်မင်းအကြောင်း ပြောတယ်။ နောက်တစ်ညကျတော့ ဟိရညက ကြွက်မင်းနဲ့ ဆက်ပြီး
သမင်၊ ကျီးနဲ့ ခွေးအကြောင်း ပြောပြန်ရော။ နောက်ညကျတော့ လင်းနို့နဲ့
ကြောင်အကြောင်း၊ နောက် တစ်ညရောက်တော့ မန္တရလိပ်အကြောင်း စသည်ဖြင့် ပုံပြင်ပေါင်း
တော်တော်များများ ပြောနိုင်တာကို အံ့သြတယ်။ သည်ပုံပြင်တွေဟာ အဘွားစိတ်ကူးထဲက
ပုံပြင်တွေလား။ တကယ်ရှိတဲ့ ပုံပြင်တွေလား။ စိတ်ကူးထဲက ပုံပြင်တွေဆိုရင် ဘာဖြစ်လို့
သည်လိုပြောနိုင်တာလဲ။ ပုံပြင်တွေ ပြောပြီဆိုရင် ဘွားအေအသံက ခါတိုင်း အသံမျိုး
မဟုတ်တော့တာကိုလည်း ကိုပါတော သတိထားမိတယ်။ တခြားကမ္ဘာ လောကတစ်ခုဆီက စီးဆင်းလာတဲ့
အသံမျိုးလို့ ထင်တယ်။ အသံက အီပြီး လေးလံနေတာမျိုး။ လွမ်းစရာ ကောင်းလိုက်တာလည်း
မပြောနဲ့တော့။ ပုံပြင်ထဲမှာ ပါတတ်တဲ့ စုန်းမကြီးတွေ၊ ကုန်းမအိုကြီးတွေအကြောင်း
များပါရင် ကိုပါတောက စုန်းမအို၊ ကုန်းမအိုဆိုတာ အဘွားလိုနေကြမှာပဲလို့ တွေးမိတာ
များတယ်။ နတ်မိစ္ဆာတွေ၊ တောစောင့်နတ်၊ တောင်စောင့်နတ် ဆိုတာတွေ၊ ဘီလူးသဘက်၊
တစ္ဆေသူရဲတွေ၊ မြေဖုတ်ပြိတ္တာတွေကအစ နဂါး၊ ဂဠုန်၊ ကုမ္ဘဏ်၊ ယက္ခ၊ ဇော်ဂျီတပသီ
အဆုံး လူ့လောကထဲမှာ တကယ်မရှိတာတွေကို အဘွားက တကယ်ရှိနေကြသလို ပြောနေတာဆိုတော့
သည်အကြောင်းတွေများပါရင် ကိုပါတော မျက်လုံးတွေ ပိတ်ထားတတ်တာကိုလည်း သတိရတယ်။
တစ်ခါတလေ သိပ်စွဲလမ်းမိတဲ့
ပုံပြင်တွေများဆိုရင် ညဘက်အိပ်မက်တွေအထိ ပါလာတတ်တာကိုလည်း မှတ်မိရဲ့။
လွမ်းစရာဆိုတော့ လွမ်းစရာမို့လို့။ ကြောက်စရာဆိုတော့လည်း ကြောက်စရာမို့လို့။
သတ္တဝါဆိုတော့လည်း သတ္တဝါမို့လို့။ လူဆိုတော့လည်း လူမို့လို့ ကိုပါတော
စိတ်ထဲမြုပ်နေတတ်တယ်။ ညဘက်အိပ်ပြီဆိုတော့မှ သည်အဖြစ်အပျက်တွေဟာ လူးလွန့်လာကြရာက
ကိုပါတော ခန္ဓာကိုယ်ထဲကို ခုန်ခုန်ဝင်ကြတော့တာပဲ။ သည်အချိန်မှာ ကိုပါတောရဲ့
ခန္ဓာကိုယ်ဟာလည်း ပျော့ခွေကျသွားလိုက်တာ ပုဆိုးစုတ် ပစ်ထားတဲ့အတိုင်းပဲ။
ကိုပါတောရဲ့ စိတ်ဝိညာဉ်ကလည်း ခန္ဓာကိုယ်ထဲက ရုန်းထွက်သွားပြီး လောကတစ်ခုဆီ
ရောက်သွားသလို လွင့်မျောနေတာကိုလည်း သိနေတယ်။ အိပ်မက်တွေထဲမှာ ကိုပါတောက
ကျားဖြစ်လိုက်၊ ခြင်္သေ့ဖြစ်လိုက်၊ မြွေဖြစ်လိုက်၊ မိကျောင်းဖြစ်လိုက်။ တစ်ခါများ
ကိုပါတော ကျားဖြစ်သွားလိုက်တာ ကံကောင်းလို့ အသက်ပြန်ပါလာပါရောလား။
အိပ်မက်ထဲမှာ ကိုပါတောက
ကျားကြီးဖြစ်နေတယ်။ ကျားမှ ကိုးတောင်ကျားခေါ်ကြတဲ့ ကျားကျောလျားရှည်ကြီး။ တောထဲမှာ
တစ်ကောင်တည်း လျှောက်သွားနေရာက လူနံ့တွေ တထောင်းထောင်းရတာနဲ့ တောနက်နက်ထဲ
ပြန်တိုးလာခဲ့တယ်။ ခုတလော သည်တောကြီးထဲမှာ လူနံ့တွေရတယ်။ လူတွေလည်း တစ်ခါတစ်ခါ
ရိုးရိုးရိပ်ရိပ် တွေ့တယ်။ တောကောင်တွေတောင် အရင်ကလို လှုပ်လှုပ်ရှားရှား
မရှိကြတာလည်း သတိထားမိတယ်။ ဒါပေမယ့် ကျားတစ်ကောင်အနေနဲ့ ဝပ်ကျင်းထဲမှာချည်းနေလို့
ဘယ်ဖြစ်နိုင်ပါ့မလဲ။ ကျားတစ်ကောင်ဟာ ကျားတစ်ကောင်လို နေရမှာပေါ့။ ကျားတစ်ကောင်ဟာ
ကျားတစ်ကောင်လို စားရ၊ သွားရ၊ ချောင်းရ၊ မြောင်းရမှာပေါ့။ သည်စိတ်နဲ့
ပြန်ထွက်လာခဲ့တယ်။ တောင်ကုန်းပေါ်ကို တက်တယ်။ ပြန်ဆင်းတယ်။
တောခြုံထူထူခင်းရိုးတန်း ကလေးဘက်ကနေ လွင်ပြန့်ကို မျှော်ကြည့်တယ်။
တောတွင်းလွင်ပြန့်ကလေးမှာ ခါတိုင်းဆိုရင် သမင် တစ်ကောင်စ နှစ်ကောင်စ၊ ဒါမှမဟုတ်
ဂျီတစ်ကောင်စ နှစ်ကောင်စ တွေ့တတ်တယ်။ ခုတော့ ယုန်တစ် ကောင်၊ ဖြူတစ်ကောင် မရှိဘူး။
တောကျားတစ်ကောင်ရဲ့ အတွေ့အကြုံနဲ့ ဒါမှမဟုတ် အာရုံနဲ့ ခံစားရသလောက်
သည်လွင်ပြန့်ကလေးဟာ ခါတိုင်းလို ဘေးခပ်သိမ်း၊ ရန်ခပ်သိမ်းက ကင်းပနေပုံမျိုး
မဟုတ်ဘူး။ ဘာမှတော့လည်း မြင်နေလို့ ရှိနေလို့ မဟုတ်ပါဘူး။ ဒါပေမယ့် သည်တစ်ခါလို
မှုန်မှိုင်းနေပုံ မျိုးကို မကြိုက်ဘူး။ တစ်တောလုံးဟာ ဂါထာမန္တန်နဲ့
မန်းမှုတ်ထားသလို သက်ရောက်မှုတစ်ခုခုကို စောင့်နေပုံမျိုး ဖြစ်နေတယ်။
မတြာဖမ်းစားတာ ခံနေရတဲ့ ကလေးတစ်ယောက်လို မှေးစင်းစင်း ဖြစ်နေတယ်။ မှော်တိုက်
အင်းတိုက်ခံထားရတဲ့ လူနာလို ပကတိ အသိပျောက်သလို ဖြစ်နေတယ်။ နောက်ကို လှည့်ပြန်ဖို့
စဉ်းစားနေတုန်းမှာပဲ နင်းထားတဲ့မြေ တုန်နေတာကို ဖဝါးက တစ်ဆင့် အာရုံကြောတွေ
ရောက်လာခဲ့တယ်။ သည်လို တုန်ခိုက်မှုဟာ ဆင်လို ကြံ့လို ပြောင်လို လေးလံတဲ့သတ္တဝါ
ကြီးတွေ လျှောက်သွားလို့ ဖြစ်ရတာမျိုး မဟုတ်ဘူး။ လူသတ္တဝါကြောင့် ဖြစ်တာ။ လူတွေဟာ
ခန္ဓာကိုယ်အားဖြင့် လေးလံလှတာ မဟုတ်ပေမယ့် လောဘ၊ ဒေါသ၊ မောဟတွေက
အင်မတန်လေးတယ်ဆိုတာ တောသတ္တဝါတိုင်းက သိသလို သိတာ။ အခုလည်း တောတစ်ဝိုက်မှာ
လူတွေရှိနိုင်တယ်။ တောခြေနဲ့ လွင်ပြန့်ကလေးရဲ့ မှုန်မှိုင်းမှုဟာ လူတွေရဲ့
အလိုလောဘအခိုး အငွေ့တွေကြောင့် ဖြစ်နိုင်တယ်။ တောကျားတစ်ကောင်ရဲ့ ပြေးနှုန်းဟာ
တစ်လျားခုန်လိုက်တိုင်း ခရီးပေါက်ရတာမျိုးပေမယ့် သည်တစ်ခါတော့ နှေးလွန်းတယ်လို့
ထင်တယ်။ ကြွက်သားတွေကို ညှစ်ရုန်းလိုက်တိုင်း အရေပြားထဲက ပေါက်ထွက်တော့မလား
မှတ်ရတယ်။ သစ်ရွက်တွေ ကြွေနေတဲ့ တောရိပ်နက်နက်ထဲကို ရောက်တဲ့အထိ ပြေးလာခဲ့တာပါပဲ။
ရန်သူမတွေ့ဘဲ ပြေးရတာ ကျားတစ်ကောင်အတွက် သိက္ခာမဲ့ရသလိုလိုတော့ ဖြစ်ရတာပေါ့လေ။
ဒါပေမယ့် မတတ်နိုင်ဘူး။ နှာခေါင်းထဲမှာ လူနံ့တွေ မပျောက်သေးဘူး။ လွှားခနဲ
တစ်ချက်အခုန်မှာ ခြေလေးဖက်စလုံး သစ်ရွက်ကြွေတွေပေါ် ကျသွားပေမယ့် နောက်တစ်လျား
ခုန်ဖို့ကန်အား မရှိလိုက်တာကို သတိထားမိ သွားတယ်။ တစ်ကိုယ်လုံးက စိမ့်ခနဲ
အေးသွားတာနဲ့အတူ ကျင်းကြီးတစ်ကျင်းထဲကို ဝရုန်းသုန်းကား ကျသွားတာပါပဲ။
ခန္ဓာကိုယ်ပေါ်က မြေစာမှုန့်တွေ၊ သစ်ကိုင်း သစ်ခက်တွေ၊ သစ်ရွက်ခြောက်တွေကို
ခါထုတ်ပစ်လိုက်ပြီး ဒေါသနဲ့ ဟိန်းလိုက်တယ်။ တောစိုးသစ်ပင်ကြီးတွေကို ရိုက်ပြီး
ပြန်လာတဲ့ ကျားဟိန်းသံဟာ ကျင်းထဲကို ရောက်မလာဘဲ အဝေးဆီကိုသာ ဆက်ကာ ဆက်ကာ
ရောက်သွားလေရဲ့။
အရာအားလုံး ငြိမ်သက်သွားချိန်မှာတော့
လူ့ထောင်ချောက်ကျင်းကြီးထဲက အကြိမ်ပေါင်းများစွာ ခုန်နေတဲ့ ကျားကြီးတစ်ကောင်ရဲ့
ဝမ်းရုပ်သံပဲ ရှိတော့တယ်။ အကြိမ်ပေါင်းများစွာ ခုန်ပေမယ့် ကျင်းနှုတ်ခမ်းကို
ဘယ်လိုမှ မရောက်နိုင်တော့ပါဘူး။ သည်အချိန်မှာ ကျင်းနှုတ်ခမ်းဆီက လူသံတွေ
ကြားလိုက်ရပြီ။ ရှိသမျှ ကြွက်သားအားကို ညှစ်ပြီး ကျယ်လောင်တဲ့ ဟိန်းသံကြီးနဲ့
ထခုန်လိုက်တယ်။
ကိုပါတော သည်အိပ်မက်မျိုးကို ခဏခဏ
မက်တတ်တယ်။ ထူးဆန်းတာက သည်နေရာ ရောက်ရင် အိပ်မက်က ရှေ့မဆက်ပြန်ဘူး။ ရှေ့သာမဆက်တာ
သည်အိပ်မက် မက်ပြီးတာနဲ့ မျက်နှာမှာ ချွေးစေးတွေ ပြန်နေတဲ့ အပြင်နှလုံးကလည်း
ခုန်နေလိုက်တာ ငါးပုံဆန်စက်က တုန်ဆန်ခါသာ ကြည့်တော့။ အိပ်မက်တွေထဲမှာ
အကြောင်းအရာကို လိုက်လို့ ကိုပါတောက မြေခွေးဖြစ်ချင်လည်း ဖြစ်တယ်။
မျောက်ဖြစ်ချင်လည်း ဖြစ်တယ်။ မုန့်လည် ရောင်းရာကအပြန်လမ်းမှာ ပက်ပင်းတိုးမိတဲ့
စုန်းမကြီးကို ကြောက်လို့ သစ်ပါးပျဉ်တွေကြားထဲ ဝင်ပုန်းနေရတဲ့ ကလေးဟာ အိပ်မက်ထဲမှာ
သူ ဖြစ်ချင်ဖြစ်နေတာလည်း ရှိတယ်။ ထားပါတော့။ သည်လိုသာ ပြောနေရင် ဆုံးမှာတောင်
မဟုတ်ဘူး။ နေ့စဉ်ရက်ဆက် ပုံပြင် နားထောင်ပြီးတိုင်း မက်နေတာတော့လည်း
ဘယ်ဟုတ်ပါ့မလဲ။ တစ်လတန်သည်၊ နှစ်လတန်သည် ကြာတတ်တယ်။ မက်ပြီဆိုရင်လည်း မက်တဲ့ညတွင်
မကဘူး။ နောက်တစ်နေ့ တစ်နေ့လုံးလည်း ကတုန်ကရီနဲ့။ ညကမက်တဲ့ အိပ်မက်က သူ့ကို
တစ္ဆေသူရဲများ စီးသလို စီးနေတာဆိုတော့ မျက်လုံး ဇောက်ထိုးကြီးနဲ့ ကြည့်တော့တာပဲ။
သည်လိုနဲ့ ကိုပါတော ရှစ်တန်းကျောင်းသားဘဝ ရောက်တော့ ဘွားအေကြီး ဆုံးပါလေရော။
ဘွားအေကြီး ဆုံးပါးတာကို လူအလိုတော့ မနှမြောပါဘူး။ ပုံပြင်တွေကို နှမြောတာ။
တချို့ညတွေဆို ဘွားအေကြီး သူ့ခုတင်ဘေး လာလာထိုင်ပြီး ပုံပြောတာကို သူကြားရတယ်။
ကွမ်းနံ့နဲ့ သနပ်ခါးခဲနံ့တောင် ရလိုက်သေး။ ပုံပြင်ကို ကြိုက်တဲ့နေရာမှာ ဘွားအေကြီး
သေပြီးမှ အနားလာထိုင်ပြောတယ်ဆိုတာကိုတောင် မကြောက်နိုင်ဘူး။ သနပ်ခါး အဖွေးသားနဲ့
ဆံပင်ငုတ်စ ဖားလျားကြီး ချထားတဲ့ ဝါးခြမ်းပြားလောက် မိန်းမအိုကြီးကို ကိုပါတော
တကယ်မြင်နေရတာပါ။ မျက်တောင် မခတ်ဘဲ တောက်လျှောက်ကြီး ရှိနေလို့သာ သေလွန်ပြီးသား
အမယ်အိုကြီးလို့ ပြောနိုင်တာကလွဲရင် လူ့ဘဝတုန်းက ဘွားအေနဲ့ အတူတူပဲ။ အသံကတော့
ပြောင်းသွားတယ်။ ဧရိယာတိုင်ကို ဆက်ထားတဲ့ ဝါယာကြိုးမျှင်ကလေး ခဲဂဟေပြုတ်တဲ့ အခါ
ရေဒီယိုများ ဂျိဂျိဂျိဂျိ နဲ့ မြည်ပါရောလား။ အဲသည့် အသံမျိုး။ သို့ပေသိ မြေးနဲ့
ဘွားအေကြားမှာ ပုံပြင်ဆက်ဆံရေးက နှစ်ပေါင်းများစွာ ရှိခဲ့တာဆိုတော့ သည်အသံကို
ကိုပါတောတော့ နားလည် တာပါပဲ။
ကိုပါတော ကိုးတန်းရောက်တော့ စိတ်ကလေး
ဂယောက်ဂယက် ဖြစ်လာတယ်။ လူလုံးကလည်း ထွားလာလိုက်တာ ရဲတိုက်ကြီးနဲ့ မတူသေးသည့်တိုင်
ရဲတိုက်ကြီးရဲ့ စက္ကူပုံစံငယ်နဲ့ တူလာလေရဲ့။ အသံကလည်း သြလာတယ်။ ထွက်လာတဲ့
လည်ဇလုတ်ကြီးကလည်း မြွေသေးသေးက လယ်ကြွက်ကြီးကြီး မျိုထားသလိုပဲ။ စကားတွေ
ပြောတော့လည်း ဗလုံးဗထွေးဖြစ်လာတယ်။ စကားပြောတဲ့အခါ တစ်ခါတုန်းကတို့၊
ဟိုးရှေးရှေးတုန်းကတို့ ထည့်ပြောလာတာလည်း ရှိတယ်။ ကိုးတန်းရောက်တော့
လူလားကလေးကလည်း မြောက်လာပြီ မဟုတ်လား။ လက်ပတ်နာရီကလေးတစ်လုံး ဝယ်ပေးဖို့ မိဘတွေကို
ပူဆာတယ်။ နာရီတစ်လုံးတော့ မိဘကလည်း တတ်နိုင်ရှာပါရဲ့။ ဒါပေမယ့် ကလေးစကား
ခေါင်းထဲမရောက်ကြဘူး။ တစ်ရက် မိသားစုသုံးယောက် ဝိုင်းထမင်းစားကြတော့ ကိုပါတောက
စကားစတယ်။
'တစ်ခါတုန်းက
ကုန်စုံရောင်းတဲ့ လင်မယားနှစ်ယောက်ရှိတယ်။ ကိုစံမြနဲ့ မအေးလှတဲ့။ သူတို့မှာ
သားလေးတစ်ယောက် ထွန်းကားတာ မောင်ပါတောတဲ့။ မောင်ပါတောကလေးကို မိဘတွေက
မချစ်ကြဘူးတဲ့။ မောင်ပါတော ကျောင်းနေလို့ ကိုးတန်းရောက်တော့ မိဘတွေကို လက်ပတ်နာရီ
တစ်လုံးဝယ်ပေးဖို့ ပူဆာတာပေါ့။ ဝယ်မပေးတော့ မောင်ပါတောက သူ့ဟာသူ နာရီတစ်လုံး
ရှာပတ်တယ်။ ဘာနာရီလဲ ဆိုတော့ မတ်စေ့နာရီတဲ့။ မတ်စေ့ကို မီးနဲ့ဖုတ်ပြီး
နာရီပတ်တဲ့နေရာမှာ ကပ်လိုက်တာနဲ့ အသားမှာ မီးကင်ရာ ဝိုင်းဝိုင်းကြီးပေါ်လာရော။
အဲဒါ မတ်စေ့နာရီ ဖြစ်ကရော'
ကိုစံမြနဲ့ မအေးလှဆိုတာ
ကိုပါတောအဖေနဲ့အမေ။ မိဘတွေက သားပြောတဲ့ စကားကြားတော့ တောက်တီးတောက်တဲ့
ဆိုတဲ့ပုံနဲ့ ရယ်ကြတယ်။ ဒါပေမယ့် ခဏရယ်နိုင်တာပါ။ ကိုပါတောက သူ့လက်ရှည်အင်္ကျီကို
နည်းနည်းလေး မ,ပြလိုက်တော့ လက်ပေါ်မှာ အသားမီးလောင်ရာ မီးလောင်ကွင်း ကြီးဆိုတာ
ဖူးဖူးထလို့။ မတ်စေ့ပုံကြီး။ သည်မှာတင် မအေခမျာ ထမင်းစားရင်းက
ပြိုလဲကျသွားတော့တာပါပဲ။ ဖအေကတော့ လက်ကလေးထဆေးပြီး နာရီဆိုင်ပြေးတာပဲ။
ငကြင်းစက်နာရီလို့ ခေါ်ကြတဲ့ သံပတ်တိုက်နာရီကလေး ပြေးဝယ်တာပါ။ မတ်စေ့ကို ဘယ်အချိန်
မီးဖုတ်ပြီး ဘယ်အချိန် ကပ်လိုက်မှန်း မသိကြတာက ထား။ သည်လိုသာဆိုရင် မခက်ဘူးလား။
သည်ကတည်းက မောင်ပါတောကို
လွှတ်မထားကြတော့ဘူး။ ဘွားအေကလည်း မရှိတော့ ခါတိုင်းလို စိတ်ချလက်ချထားဖို့ကလည်း
မဖြစ်တော့ဘူးပေါ့လေ။ မောင်ပါတောကတော့ ပုံမှန်ပါပဲ။ ကိုးတန်း၊ ဆယ်တန်း
ကျောင်းသားဆိုပေမယ့် ပုံပြင်စာအုပ်တွေကို သဲကြီး မဲကြီး ဖတ်တာကလွဲရင်
စံလွဲနေတာမျိုး သိပ်တော့မတွေ့ရဘူး။ ကျောင်းစာကတော့ ဘယ်ဘာသာမှ အမှတ်နှစ်ဆယ်
မကျော်ဘူး။ ကျောင်းကတော့ ပထမတော့ မိဘကို ခေါ်တာ၊ သတိပေးတာ လုပ်ပေမယ့် နောက်ပိုင်း
မလုပ်တော့ပါဘူး။ ဘယ်လိုမှ သင်လို့မရတဲ့ ကျောင်းသားတစ်ယောက်လို့သာ သဘောထားကြတယ်
ထင်ပါရဲ့။ သည်လိုနဲ့ ဆယ်တန်းတော့ ဆရာသမား၊ မိဘဂုဏ်ကျေးဇူးနဲ့ ရောက်တော့ လာခဲ့တယ်။
၃။
ဆယ်တန်း ရောက်တော့ ကိုပါတော
ရောဂါသည်းလာတယ်။ ခါတိုင်း ပုံလာလာပြောတဲ့ ဘွားအေဆိုတာလည်း တကယ်လိုလို
အိပ်မက်လိုလိုနဲ့ သူ့ခုတင်ဘေး မရောက်တာကြာပြီ။ မိဘနှစ်ပါးကလည်း သည်အရွယ်ရောက်ကာမှ
ပုံပြင်တွေ ဘယ့်နှယ်လုပ် ပြောပါ့မလဲ။ ပြောပြီဆိုပါတော့ ပုံ ဘယ်နှပုံများ
ပြောနိုင်မှာလဲ။ သားဖြစ်သူ မောင်ပါတော ပုံပြင်ကြိုက်မှန်းသိလို့ တစ်ခါတော့ မအေက
အခန်းကူးလာပြီး သားဘေးနားထိုင်တယ်။ ပုံကလေးတစ်ပုံ မပြောတတ်ပြောတတ်နဲ့ ပြောရှာတယ်။
'တစ်ခါတုန်းက
အထိန်းတော်ကြီးတစ်ယောက် ရှိတယ်တဲ့ သားရဲ့။ အထိန်းတော်ဆိုတာ အထိန်းတော်ပေါ့ကွယ်။
သန်သန်မာမာ ရဲရဲတင်းတင်း လူကြီးတစ်ယောက် ဆိုပါတော့။ သူက တိုတိုတုတ်တုတ်
ပုပုကွကွကြီး ဆိုတော့ သူ့ကို ဒေါက်တိုလို့ ခေါ်ကြတယ်'
'ရန်လိုတို့၊ သူ့ထက်ကဲတို့၊
ရွှေပြည်စိုးတို့၊ ညီပုလေးတို့တော့မပါဘူးမဟုတ်လား'
မပါဘူး မဟုတ်လား ဆိုပေမယ့် မအေက
ပြောမယ့်ပုံထဲမှာ သည်နာမည်တွေ ပါနေတာ့ ဆက်ပြောလို့ မဖြစ်ဘူး။ မဖြစ်တော့
နောက်တစ်ပုံ စတယ်။
'တစ်ခါတုန်းက သားသမီးမရှိ
ဘာမရှိနဲ့ ဆင်းရဲနွမ်းပါးတဲ့ အမေကြီး တစ်ယောက်ရှိတယ်။ သည်အမေကြီးက
သားရှင်ပြုချင်တဲ့စိတ် ပြင်းလွန်းလို့ ဝါးကျည်တောက်ကလေးမှာ သင်္ကန်းစီးပြီး
ရှင်ပြုရှာတာပေါ့ သားရယ်။ ဒါနဲ့...'
'သည်အမေကြီး သေတော့
နတ်သမီးဖြစ်ရော။ နတ်ပန်းပွင့် တက်ခူးရင်းက နတ်သစ်ပင်ပေါ်က ချော်ကျတော့ သေပြန်ရော။
သေတော့ လူပြန်ဖြစ်ရော။ အဲဒါဆိုရင်တော့ မပြောနဲ့တော့'
မအေကလည်း တတ်သမျှ မှတ်သမျှ
ကြားဖူးနားဝကလေး ပြောဖို့ကြံပါတယ်။ မောင်ပါတောက ရှေ့ကပိတ်ပြီး ကြိုသိနေတော့
ခက်ကရော။ မောင်ပါတောက မအေ့မျက်နှာ မော့ကြည့်နေတယ်။ သူ့ဘဝမှာသည် မအေက
ပုံပြင်ရယ်လို့ တစ်ခါမှ ပြောဖူးတာ မဟုတ်ဘူး။ ခုပြောတော့လည်း ပုံပြင်တွေ က ရိုးလှပေဆိုတာတွေချည်း
ဖြစ်နေတော့ စိတ်တော့လည်း မကြည်သာဘူးပေါ့လေ။ ဒါပေမယ့် ပုံပြင်အသစ် အဆန်းကလေး ဘာလေး
ပါလိုပါငြား စောင့်နားထောင်ရင်း ကြည့်နေတာပါ။ သည်တစ်ခါတော့ မအေလုပ်သူက သူ့သား
မောင်ပါတော မကြားဖူးလောက်တာကို ပြောမယ်ပေါ့လေ။
'တစ်ခါတုန်းက ဖားတစ်ကောင်က
ယုန်နာမည် ကြီးနေတာကို မနာလိုတာနဲ့ ယုန်ကို မုန်းနေသတဲ့။ ကျောက်တုံးအောက်က
ပုန်းရင်း ဖားက ယုန်အလာကို စောင့်တာပေါ့။ ယုန်ကလည်း လာတာပါပဲ။ ယုန်က သူ့
အတွေးနဲ့သူ လျှောက်လာတာဆိုတော့ ဖားကို သတိမထားမိဘူး။ ယုန်က အနားလည်း ရောက်ရော ဖားက
အုံးအွမ်ဆိုပြီး ထအော်တော့ ယုန်လန့်သွားတာပေါ့'
'ယုန်က လန့်တော့
ရွှေဖရုံသီးကို တိုက်မိရော။ တိုက်မိတော့ ဖရုံသီးက လိမ့်ပြီး နှမ်းပင်ကို
တိုက်မိပြန်ရော။ နှမ်းစေ့တွေက လွင့်စင်ကုန်တော့ တောကြက်မျက်လုံးထဲဝင်ရော။ တောကြက်က
လန့်ခုန်တော့ ဝါးကိုင်းပေါ် ကျရော။ ဝါးကိုင်းက ကျိုးတော့ မြွေပေါ်ကျရော။ မြွေက လန့်ပြေးတော့
သခွားသီးစားနေတဲ့ တောဝက်ကို တိုးမိရော။ သခွားသီးက ရေထဲကျတော့ နဂါးပြည်က နဂါးခေါင်း
ခေါက်မိရော...'
မရပါဘူး။ အဲသည့်ညက မအေက
ပုံပြင်ငါးပုဒ် ဆက်တိုက်ပြောတာကို မောင်ပါတောက သိလို့ချည်းနေတော့ ထပြန်ခဲ့ရရော။
ဖအေနဲ့တွေ့လို့ သည်လို သည်လိုတော့ ဖြစ်ခဲ့ပြီဆိုတော့ ဖအေက အခန်းကူးလာ ပြန်တယ်။
ဘယ်နှယ် မဟုတ်တာ။ ပြောသမျှပုံပြင် သည်ကောင် အကုန်သိနေတယ်ဆို တာ ဟုတ်နိုင်ပါ့မလား။
လောကမှာ ပုံပြင်ပေါင်း သောင်းခြောက်ထောင် ရှိတဲ့ဟာ။ ပြောလိုက်သမျှ သိနှင့်
တယ်ဆိုတာ စပါးကြီး၊ လင်းမြွေပတ် ဟုတ်နိုင်ရိုးလား ဆိုတဲ့စိတ်နဲ့ ဝင်လာတာပါ။ သားဖြစ်သူ
မောင်ပါတောကလည်း သူ့တစ်သက် ပုံပြင်ရယ်လို့ မပြောဖူးတဲ့ ဖအေက ပုံပြောဖို့
လာတာဆိုတော့ ဝမ်းတွေများ သာလို့။ ကိုစံမြက ချောင်းတစ်ချက် ဟန့်လိုက်ပြီး သူ့
ပုံပြင်ကို စပြောတယ်။ ကိုပါတောကလည်း ပုံပြင်အထူးအဆန်းတော့ ကြားရပြီပေါ့ လေ။
'တစ်ခါတုန်းက တိုင်းပြည်တစ်ပြည်မှာ
အင်မတန်ချောတဲ့ မင်းသမီးတစ်ပါး ရှိသတဲ့။ စကားကလည်း တတ်လိုက်တာ ဘယ်သူမှ နိုင်အောင်
မပြောနိုင်ကြဘူး။ ပြောသမျှ မင်းသမီးကချည်း နိုင်နေတော့ သတင်းကြီးနေတာပေါ့
ငါ့သားရဲ့။ ဒါကို ဖခင်ဖြစ်တဲ့ ဘုရင်ကြီးက...'
'သိပါပြီ အဖေရာ။
သည်သတင်းကြားတော့ တိုင်းပြည်တစ်ပြည်က ညီနောင် ခုနစ်ဖော် လာပြိုင်ကြရော မဟုတ်လား။
သည်လို လာပြိုင်တော့ ညီအငယ်ဆုံးက လမ်းမှာ လွယ်အိတ် တစ်လုံးတွေ့တော့ ကောက်တယ်။
ကြက်သေ တစ်ကောင်တွေ့တော့ ကောက်တယ်။ ကြိုးတစ်ချောင်း၊ ဇွန်းတစ်ချောင်း၊
ကြိုးကြီးတစ်ချောင်း တွေ့တော့ ကောက်လာတယ်။ အဲဒါတွေ ပါရင် အဖေမပြောနဲ့တော့။
ရိုးတောင်နေပါပြီဗျာ'
ဒါပါပဲ။ ကိုစံမြလည်း ဘာမှ
ဆက်မပြောနိုင်တော့ဘူး။ သူကလည်း သည်ပုံပြင် တစ်ပုဒ် မထိုင်ခင် ခြေဆင်း
ပြောတတ်တာဆိုတော့ ဒါနဲ့တင် ရပ်ကရော။ ထပြန်လာရတယ် ပြောပါတော့။ သည်မှာတင် လင်မယား
နှစ်ယောက် တိုင်ပင်ရတယ်။ ဘယ့်နှယ်လုပ်ကြမတုံးပေါ့လေ။ သည်တော့ ဆိုင်တာ မဆိုင်တာထား။
သူတို့ရွာမှာရှိတဲ့ တိရစ္ဆာန်ဆေးကု ဆရာဝန်နဲ့ တိုင်ပင်တယ်။ သူတို့ကိုးကွယ်တဲ့
ဂိုဏ်းဆရာနဲ့ တိုင်ပင်တယ်။ ခက်တာက တိုင်လို့သာ တိုင်ပင်တာ ရောဂါက ဘာမှန်းမသိဘူး။
ကျောင်းစာလည်း စိတ်မဝင်စားတော့တာထား။ အိပ်ရာပေါ် တခွေခွေနဲ့ ဆိုတော့ ဘာလုပ်ရမှန်းလည်း
မသိဘူး။ ဂိုဏ်းဆရာကတော့ ပြောတာပါပဲ။
'ဒါ ဥပါဒါန်ခေါ်တယ်။
မခွာနိုင် မစွန့်နိုင်၊ မဖြတ်နိုင် မပယ်နိုင် စွဲလမ်းတဲ့သဘောပဲ။ လောဘများ ဟာ
အားနည်းတော့ တဏှာဖြစ်ရတယ်။ အားကြီးတော့လည်း ဥပါဒါန်ဖြစ်ရတာကိုး။ ဥပါဒါန်ကို ဥပါယ်
တမျဉ်၊ ပညာညာဉ်နဲ့ ဖျောက်ရတယ်။ ကလေးက မစုံမက်သာ မတတ်ရာကို တပ်မက်နေတယ်။
အနိဋ္ဌရမ္မဏခေါ်တဲ့ အလိုမရှိအပ်တဲ့ အရာကို အာရမ္မတအာရုံကျနေတာပေါ့လေ။ သဘောက
တုန်လှုပ် နေတဲ့စိတ်ကို ဝါတနည်းအားဖြင့် ဒေါသမူဗျာပါဒစိတ်ကို မနိုင်သမျှ
ကုဖို့ခက်တယ်'
ဂိုဏ်းဆရာကို အားကိုးပါမှ
ဘာတွေပြောနေမှန်း မသိတော့ ကိုစံမြရော မအေးလှပါ ဆူးစူးရာ ဝမ်းကျပေါ့လေ။
တိရစ္ဆာန်ဆေးကုဆရာ ခမျာလည်း ပေါင်ပုပ်၊ လက်ပုပ်ဆိုသလို ခွာနာလျှာနာ
ဆိုတာလိုလောက်တော့ ကုချင်ကုနိုင်မှာပေါ့။ ကိုပါတော ဖြစ်နေတာကျတော့ သူလည်း
ဟုတ်တိပတ်တိ မပြောနိုင်ဘူး ဖြစ်နေတယ်။ လူဆရာရော တိရစ္ဆာန်ဆရာကပါ ခက်ပါပြီဆိုမှတော့
အခြေအနေက ဆင်တစ်စ၊ မြင်းတစ်စ ဘယ်အစကောက်ရမှန်း မသိသလို ဖြစ်ရတာပေါ့လေ။ တစ်နေ့တော့
တိရစ္ဆာန်ဆရာဝန်ရဲ့ အဆက်အသွယ်နဲ့ လူတစ်ယောက် ရောက်လာတယ်။ ရွာမှာနေပြီး
မြို့ကျောင်းမှာ ကျောင်းဆရာလုပ်နေတဲ့ ကိုပန်းစိန်ဆိုတဲ့လူပါ။ သည်ဆရာက ရောက်လာတာ
မကြာသေးတော့ ရွာက ကောင်းကောင်း မခင်ကြသေးဘူး။ ကိုပန်းစိန် ရောက်လာတော့
အကျိုးအကြောင်း ပြောပြတယ်။ ညဘက် ပုံတစ်ပုံ တစ်ပုံ လာပြောပါ။ တစ်လ နှစ်ရာ
ကန်တော့ပါမယ်ပေါ့။ ဟိုတုန်းက နှစ်ရာဆိုတာ ကျောင်းဆရာ လခလောက် ရှိတော့
ကိုပန်းစိန်ကလည်း လက်ခံတယ်။ ကိုပန်းစိန်က အင်္ဂလိပ်လို ရေးထားတဲ့ ပုံပြင်စာအုပ်တွေ
ယူလာပြီး ကိုပါတောကို ဘာသာပြန်ပြော ပြောရတယ်။ စာအုပ်တွေက Fairy Tales
from many Lands တို့၊ Folktales
from Asia for Children Everywhere တို့၊ Folk
Tales of Japan and China တို့၊ Indian Fairy Tales တို့၊ A
Study of the Secular Stories in the 12th Century Collections of Tales တို့၊ Folk Tales
of Sikkim တို့၊ Village
Folk Tales of Ceylon တို့၊ Russian
Folk Tales တို့၊ Folk
Tales of Tamil Nadu တို့၊ Tell me
a story တို့၊ Folk
Tales from Korea တို့ စုံလို့ စုံလို့။
စာအုပ်ကိုက အုပ်နှစ်ဆယ်လောက် ရှာဖွေလာတာဆိုတော့ တစ်အုပ် အပုဒ်နှစ်ရာပဲ
ထားပါဦးတော့။ ပုံပြင်ပေါင်းလေးထောင်စာလောက် ရှိမှာပေါ့။ တစ်နေ့ တစ်ပုံပြောတယ်ပဲ
ထား။ သုံးနှစ်လောက် ပြောရမယ့် ပုံပေါက်နေပြီ။ တကယ်လည်း သုံးနှစ်ဆက်တိုက်
လာပြောခဲ့တာပါပဲ။ ကျောင်းဆရာက ဒူလာ အခံလေးရှိတော့ တစ်ခါတလေ ဒူလာထရင်တောင်
မနားရှာဘူး။ ရောက်အောင်လာတာပဲ။ ကိုပါတောကလည်း သည်တော့မှ စိတ်ကလေး
ဧကဂ္ဂတာကြီးကျပြီး ကျောင်းဆရာကို မျှော်နေတော့တာပါ။ ဆယ်တန်းစာမေးပွဲကတော့
မဖြေတော့ပါဘူး။ ကိုပါတောမှ ဆယ်တန်းအောင်ရင် တက္ကသိုလ်မှာ ဖျာခင်းသင်ရမယ့်ကိန်း
ဆိုက်ရုံရှိတော့တာ မဟုတ်လား။ ထူးဆန်းတာက ကိုပါတော ကျန်းမာရေးကောင်းလာတယ်။
ဘဝင်စိတ်ဆိုတာမျိုးက ဟဒယဝတ္ထုခေါ်တဲ့ နှလုံးသွေးက ဖြစ်ရတာ ဆိုတော့ ဘဝင်စိတ်ရဲ့
တည်မှီရာ နှလုံးဟာလည်း သပ္ပါယ ကလေးမျှနေထင်ပါရဲ့။ စိတ္တဥပါဒ ခေါ်တဲ့ စိတ်ရဲ့
ဖြစ်ခြင်းဟာ ဂရုန်းဂရင်း မရှိတော့သလောက် ဖြစ်သွားတယ် ဆိုပါစို့ရဲ့။ ထောပတ်၊
ပျားရည်၊ တင်လဲ၊ နှမ်းဆီစတဲ့ အချိုလေးပါးစု စတုမဓုများ မှီဝဲရသလို သွေးသားတွေ
ကောင်းလာလိုက်တာ ရဲတိုက်ကြီးလို မားမားကြီး။
၄။
ကိုပါတော အသက်နှစ်ဆယ်ကျော်
အစိတ်ထဲရောက်တော့ မိဘတွေက တစ်ရွာတည်းနေကြသူတွေထဲက ဓမ္မာသောက ရှောင်ပြီး ရွေးထားတဲ့
မိန်းကလေးတစ်ယောက်နဲ့ လူကြီးချင်း စကားပြောပြီး အိမ်ထောင်ချတယ်။ မစောရင်ပေါ့။
မစောရင်ခမျာလည်း တစ်သက်လုံး လုပ်ကျွေးရမယ့် ဇာတာပါလာတဲ့အပြင် လင့်ပုံပြင်ကျင်းထဲ
အဲသည့်ကတည်းက ကျရရှာတယ်။ တောသူရွာသူ ဖျိုးဖျိုးဖျတ်ဖျတ်ဆိုတော့ ယောက္ခမ
ကုန်စုံဆိုင်မှာ အနီးလည်း မွှေး၊ အဝေးလည်း ကြိုင်ပါပဲ။ ကိုပါတော
အသက်လေးဆယ်ကျော်တော့ မိဘနှစ်ပါးစလုံး မျက်စိမှိတ်ကြပြီ။ သည်တော့ ကိုပါတော
မယားမစောရင်က ဆိုင်ကို အိမ်မှာလည်း အဖွင့်မပျက်ထားပြီး မနက်ခင်း ဈေးထဲပြောင်းပြီး
ခင်းတယ်။ ကိုပါတောကတော့ ငယ်ငယ်ကလို ပုံပြင် မကြားရ မနေနိုင်လောက်အောင် ရောဂါ
မကြီးတော့ပါဘူး။ ဒါပေမယ့် ပုံပြင်တွေနဲ့ စကားပြောတယ်။ ပုံပြင်တွေသာလျှင်
သစ္စာကြီးတဲ့ ထုံးဟောင်းတွေ ဖြစ်တယ်ဆိုတာကို လက်ကိုင်ပြုတယ်။ လူတွေဟာ အချင်းချင်း
အာဃာတကြီးကြ တယ်။ အချင်းချင်း အမျက်စောင် မာန်ကြီးကြတယ်။ လူအချင်းချင်း
သတ်နေကြတယ်။ လူအချင်းချင်း ခုတ်ထစ်နေကြတယ်။ ကိုယ့်စိတ်နဲ့ မတူရင် ရန်သူလို
သဘောထားကြတယ်။ ဒါဟာ စိတ်ချင်း ပြိုင်ဆိုင်နေတာပဲ။ လူတွေကြားထဲမှာ
ဖြစ်ခဲ့ပျက်ခဲ့တာတွေကို သမိုင်းရယ်လို့ နာမည်ပေးထားပြီး ဂုဏ်ခံ နေကြတာကကော။
တကယ်တော့ ပုံပြင်တွေပါပဲ။ တိရစ္ဆာန်လောကမှာ ဒါမှမဟုတ် ပရလောကမှာ ဒါမှမဟုတ်
နိမ္မိတလောကမှာ ဖြစ်ပျက်နေတာတွေနဲ့ ဘာကွာလို့တုန်း။ ပုံပြင်တွေဟာ အရှိတရား
မဟုတ်ဘူးလို့ ဘယ်သူ ငြင်းနိုင်လို့တုန်း။ ကမ္ဘာလောကကို ဖန်ဆင်းရှင်က ဖန်ဆင်းတယ်ပဲ
ထားပါဦး။ စဉ်းစားကြည့်ရင် လူကို ဖန်ဆင်းတာ မဟုတ်ဘဲ ပုံပြင်တွေကို ဖန်ဆင်းခဲ့တာလို့
ပြောရင်ကော ဘယ်သူကများ ခြေခြေမြစ်မြစ် ချေပနိုင်ကြလို့လဲ။
သည်လိုနဲ့ ကိုပါတော အသက်ငါးဆယ်
ဖြစ်လာတယ်။ အသက်ကြီးလာလေ ပုံပြင်တွေဟာ ပိုပြီး အဓိပ္ပာယ် ရှိလာလေပဲ။ လူ့သဘာဝတွေနဲ့
ပိုနီးစပ်လာလေ လူ့ဘဝရဲ့ နိမိတ်ပုံ ဖြစ်လာလေပဲလို့လည်း အသက်နဲ့အမျှ
ယုံကြည်လာခဲ့တယ်။ ယုံကြည်တဲ့အတိုင်းလည်း နေတယ်။ ပြောတယ်။ ကျင့်ကြံတယ်။
ကိုပါတောအလုပ်က တခြားမရှိဘူး။ မနက်ကို လက်ဖက်ရည်ဆိုင်သွားတယ်။ ကိုဘမောင်ဆိုင်ကို
သွာတာများတာပါပဲ။ ကိုဘမောင်ဆိုင်က သူနဲ့သက်တူ ရွယ်သူတွေ သောက်တာများတာလည်း တစ်ကြောင်း၊
ကိုဘမောင်ဆိုင်က မနက်လက်ဖက်ရည်က ကောင်းတာလည်း တစ်ကြောင်းပါပါတယ်။ နေ့လယ်တော့
ကိုဘမောင်ဆိုင်ကို မသွားတော့ဘူး။ ကိုဘမောင်ဆိုင်က နေ့ခင်းတော့ လူပါးတယ်။
စကားမှပြောချင်ရင် ဝါးပိုးထိုး ပက်လက်ကုလားထိုင်ပေါ် ထိုင်ငိုက်နေတဲ့ ကိုဘမောင်ကို
နှိုးဖို့ပဲ။ ကိုဘမောင်ကလည်း မပူပါဘူး။ မနက်ပိုင်း တစ်အုပ်ကျလိုက်တဲ့လူက
တော်တော်လေးစည်တော့ နေ့လယ်ဘက် လူမလာဦးတော့ သားအဖနှစ်ယောက်၊ အိုးစားပါလေ့။ ညနေဘက်
ဖြိုးဖြိုးဖြောက်ဖြောက် ကျတာလည်း ရှိတယ်။ ဈေးဝ တရုတ်တန်းလျားမှာ ဖွင့်တဲ့
ကိုပိန်ညော့် လက်ဖက်ရည်ဆိုင်ကတော့ ကိုဘမောင်ဆိုင်နဲ့ ပြောင်းပြန်။ နေ့ခင်းနေ့လယ်မှ
လူအထိုင်များတယ်။ မြင်းလှည်းဂိတ်ကလည်း ရှိတာကိုး။ မနက်ပိုင်းတော့
ကိုပိန်ညှော့်ဆိုင်က ခြောက်တောက်တောက်ပါပဲ။ မနက်ပိုင်း မြင်းလှည်းဆရာတွေ၊
ခရီးသည်တွေနဲ့ ထွက်ကြရတာဆိုတော့ ဆိုင်မထိုင် အားကြတာလည်းပါတယ်။ ကိုပါတောကတော့
မနက်ကို ရေနွေး၊ ညရေအေးနဲ့ ကိုကြီးကျော်ငယ်က မွေးတဲ့ ကြက်ဖောင်းလေ ဆိုတဲ့
နတ်ချင်းလိုပဲ။ မနက် ကိုဘမောင်၊ နေ့ခင်း ကိုပိန်ညော်နဲ့ သောက်လာတဲ့
လက်ဖက်ရည်နှစ်တွေပဲ ရလှပေါ့။
'ကိုပါတောရေ...
လူခင်ချင်းမို့ ပြောရစေတော့။ ဂျပန့်ခေတ်ကတည်းက ဖွင့်တဲ့ လက်ဖက်ရည်ဆိုင် ခုထိလည်း
ဖွင့်ရတုံးဆိုတော့ ကြာတော့ ငြီးသဗျာ။ ဂျပန့်ခေတ်ကတည်းက မနက်လေးနာရီ ထရတာ
တွက်သာကြည့်တော့။ သမီး နောင်ရေးကြောင့်သာကိုး'
'ဟ... ကိုဘမောင်ရဲ့၊
လူ့ဘဝဆိုတာ ဒုက္ခတောကြီးဗျ။ ကြည့်ပါလား ဟိုပုံပြင်ထဲက ဆင်းရဲသား မောင်နှမ
သစ်ပင်ခုတ်တာဟာကော။ ဆင်းရဲသား မောင်နှမက ပိုက်ဆံကလေး တစ်ပြားတစ်ချပ် လုပ်ခနဲ့
သစ်ပင်တွေ ပင်ပင်ပန်းပန်းခုတ်ပြီး နားရုံရှိသေး။ တောကြောင်နဲ့ မြွေပါ တက်ကစားလို့
သစ်ပင်တွေ ပြန်ထောင်ကုန်ရော။ သည်တော့ အစ်ကိုလုပ်သူက နှမလေးရေ... ဆင်းရဲဇာတာ
ရှည်ဦးမယ် ထင်ပါရဲ့။ ကြည့်ပါဦး၊ ခုတ်ထားတဲ့ သစ်ပင်တွေက ပြန်ထောင်တယ်ဆိုတော့
ဒုက္ခများ ကြီးလိုက်တာပေါ့လေ။ သည်တော့ တောကြောင်နဲ့ မြွေပါက မင်းနှယ် ဒါက
ဒုက္ခမခေါ်သေးဘူး။ သူ့ထက်ကြီးတဲ့ ဒုက္ခလာလိမ့်ဦးမယ်။ ကမ္ဘာကြီးဟာ ရေဘေးနဲ့
ပျက်ရတော့မယ်။ သတ္တဝါတွေအားလုံး သေနိုင်တဲ့ ရေဘေးကြီး။ သည်ရေဘေးက လွတ်ချင်ရင်
ခုကတည်းက လော်လော်ဆီ ခူးလုပ်ပြီး တက်နေကြတော့ဆိုတော့ မောင်နှမ နှစ်ယောက် လော်လော်ဆီ
ခူးလုပ်ပြီး တက်နေကြသတဲ့။ လော်လော်ဆီခူး ဆိုတာက အခေါင်းထွင်းထားတဲ့
နွားစားကျင်းလို သစ်တုံးကြီးကို လီဆူးဘာသာနဲ့ ခေါ်တာဗျ'
'သြော်... ကိုပါတောက
လီဆူးဘာသာလည်း တတ်သကိုး'
'ဘာကလိမ့်မလဲဗျာ။
ကမ္ဘာ့ဘာသာပေါင်းစုံကို တတ်ကျွမ်းထားမင့်ဟာ။ မာဂဓဘာသာတောင် ကျုပ်က တတ်ထားတာ
လူ့စကားတော့ ပြောမနေနဲ့တော့'
ကိုဘမောင်ပြောတဲ့ သမီးဆိုတာက
အပျိုကြီး။ ရုပ်ကလည်း တင့်တယ်ရှာပါရဲ့။ ဖအေကြီးနဲ့အတူ မနက်မိုးလင်းက မိုးချုပ်
တကုတ်ကုတ်နဲ့ ကူရှာပါရဲ့။ လက်ဖက်ရည်ဆိုင်ပစ္စည်း မြို့ဈေး ပြေးဝယ်တော့လည်း
သည်ကလေးမပဲ။ သိုသော်လည်း မအေ မရှိရှာတော့ ဖအေတန်းလန်းနဲ့ အိမ်ထောင်မပြုချင်လို့နဲ့
တူပါရဲ့။ အရွယ်ကလေးတောင် ရလှပါပြီ။ နာမည်က မအေးခင်တဲ့။ သည်အရွယ်သာ ရောက်ကရော
ရည်းစားသနာရယ်လို့လည်း မရှိဘူး။ နေအရုဏ်မြင်ပေမယ့် ဆွမ်းပွဲမပြင်ဝံ့ရှာဘူးပေါ့လေ။
အဲသလိုနဲ့ ဘဝမှာ လက်ဖက်ရည်ဆိုင်နှစ်ဆိုင်နဲ့ နေကုန်နေရတဲ့ ကိုပါတောဟာ သည်လက်ဖက်ရည်ဆိုင်
နှစ်ဆိုင်ကြောင့်ပဲ ထူးဆန်းတဲ့ အဖြစ်အပျက်တစ်ခု ကြုံခဲ့ရတယ် ပြောပါတော့။
၄။
တစ်နေ့လည်း ကိုပါတော
ကိုပိန့်ညှော့်ဆိုင်မှာ တစ်ယောက်တည်း ငေါင်ငေါင်ကြီး ထိုင်နေတယ်။ သူ့ရှေ့က
လက်ဖက်ရည်ခွက်ထဲ ယင်ကောင်နှစ်ကောင် ကျနေတာကို မိကျောင်းများ ရေစပ်က ဗျိုင်းအောက်ကို
ချောင်းသလို စိုက်ကြည့်နေတာပါ။ ဆိုင်ထဲမှာ လူမရှိသေးဘူး။ မြင်းလှည်း ဆရာတွေလည်း
ရောက်မလာသေးဘူး။ တမာပင်က တမာရွက်တွေ တဖျောဖျောကြွေတဲ့ ရာသီဆိုတော့
အိုက်လောင်လောင်ကြီး။ ရာသီဥတုကြောင့် ထင်ပါရဲ့။ ခုတလော ကိုပါတော နေရတာ မကောင်းဘူး။
စိတ်ပြေလက်ပျောက် စောစောထွက်လာပြီး ထိုင်နေတာပေမယ့် စိတ်ကလန်းမလာဘူး။
'ကိုပါတော... ခင်ဗျားနဲ့
စကားပြောချင်နေတာနဲ့ အတော်ပဲ။ ကျွန်တော့်ဗျာ စိတ်ထဲ တနုံ့နုံ့နဲ့
ဘယ်သူ့ပြောရမှန်းလည်း မသိဘူး။ နောက်တော့ ကိုပါတော ပြောရင်တော့ နှုတ်လုံမယ်ဆိုတာ
စဉ်းစားမိတယ်။ ဒါမျိုးက ပြောလည်း ပြောရမယ့်ကိစ္စ။ ပြောလို့လည်း မဖြစ်ကိုးဗျ'
သူ့အနား ဖြုန်းခနဲ ရောက်လာတဲ့
ကိုပိန်ညှော်က ဆိုင်းမဆင့် ဗုံမဆင့်သည် စကားပြောလိုက်တော့ ကိုပါတော
လန့်တောင်သွားတယ်။ ဘာများပါလိမ့်။ ကိုပိန်ညှော်က သူ့ဆိုင် လက်ဖက်ရည် သောက်ခဲ့တဲ့
တစ်လျှောက်လုံး သည်လိုတစ်ခါမှ ပြောဖူးတာလည်း မဟုတ်ဘူး။ စိတ်ထဲ တနုံ့နုံံ့လည်း
ဖြစ်နေသတဲ့။ နှုတ်လုံမယ်ဆိုတာလည်း သိသတဲ့။ ဒါမျိုးက ပြောလည်း ပြောရမယ့်ကိစ္စ၊
ပြောလို့လည်း မဖြစ်ဘူးတဲ့။ တော်တော်တော့ ထူးဆန်းသားကလား။ ကိုပါတောက လေးနက်တဲ့စကား
ကြားရတော့မယ်ဆိုတာ သိတော့ သူကလည်း လေးနက်တဲ့ မျက်နှာခံကြီးနဲ့ လက်ဖက်ရည်ကို ကောက်မော့တယ်။
ယင်ကောင်နှစ်ကောင်ပါ ပါသွားတာပါပဲ။
'ပြောပါကွ မောင်ပိန်ညှော်ရဲ့။
သည်ရွာထဲမလဲ မင်းသိတဲ့အတိုင်း အကုန်လုံးက ထောင်းမနာ ကြိတ်မနာတွေချည်းပဲ။ ဆုံမတတ်ဘဲ
နဘတ်(နှမ်းဖတ်) ကြိတ်ချင်ကြတာတွေဆိုတော့ တိုင်ပင်စရာရှိလို့ကတော့ ပြောသာပြော၊
မင်းဟာက ဘာနဲ့တူတုံးဆိုတော့ ရှေးတုံးက ဝေဠုဝတီ မင်းသမီး...'
'နေပါဦးဗျ၊ တော်ကြာ
လက်ဖက်ရည်သောက်မယ့် လူတွေလာတော့မယ်။ ခင်ဗျားပုံပြင်က နောက်မှပြော။ သည်လိုဗျ...'
ကိုပိန်ညှော်က နာမည်နဲ့လိုက်အောင်
ပိန်လိုက်တာ လမ်းသွားရင်တောင် ချလောက် ချလောက် မြည်နေတတ်တယ်။ မျက်နှာကလည်း
ရှုံ့တွတွ။ သည်ကြားထဲ ဆစ်ကြီးငေါကြီးနဲ့။ သည်ကြားထဲ မွေးရာပါ
ပန်းနာရင်ကျပ်ကလည်းရှိတော့ စကားမှ မပြောရသေးဘူး။ အဆုတ်ထဲ လေအရင်သွင်းနေရတယ်
ဆိုတဲ့လူ။ ကိုပိန်ညှော်က သည်ရွာသားတော့ မဟုတ်ဘူး။ အရင်က မိန်းမရဖူး သလိုလို
ကြားဖူးပေမယ့် သေသေချာချာတော့ ဘယ်သူမှ မပြောနိုင်ဘူး။ ရွာထဲက အိမ်တစ်အိမ်မှာ
အဖီကလေးတစ်ခြမ်းငှားပြီး လက်ဖက်ရည်ဆိုင်ဖွင့်ရာက စီးပွားလေး ဖြစ်လာတော့
ကိုယ်ပိုင်ကလေး ဖြစ်ကရော။ ကိုပိန်ညှော်ရွာကို လက်ဖက်ရည်ဆိုင် လာဖွင့်တော့
ရွာခံလက်ဖက်ရည်ဆိုင်ရှင် ကိုဘမောင်က မကြည်သာဘူး။ ရွာကလေး တစ်ထွာတစ်မိုက်မှာ
လက်ဖက်ရည်ဆိုင် နောက်တစ်ဆိုင် မလိုပါဘဲနဲ့ သင်းရွာကို လာပြီး ကပ်ဖဲ့တိုက်တာပဲလို့
ထင်တာလည်း ပါတယ်။ ကိုပါတောက လူ့သဘာဝတွေကို သိပါတယ်။ ဒါမျိုးက ပုံပြင်တွေမှာ
ပါခဲ့လှပေါ့။ ဒါပေမယ့် ကိုပါတောက အနေသာ ကြီးပဲ။ လက်ဖက်ရည်ဆိုင် နှစ်ဆိုင်ဖြစ်လာလေ၊
အပြိုင်အဆိုင်သဘောပါလေ လက်ဖက်ရည် ကောင်းလေကိုး။ တစ်ခါတစ်ခါ ကိုဘမောင်က
ကိုပိန်ညှော် အတင်းပြောတတ်သလို ကိုပိန်ညှော်က လည်း ကိုဘမောင်အတင်း သူ့ပြောနေတာပဲ။
ကိုပါတောကတော့ သူ့နားထဲမှာတင် ထားလိုက်တာပါပဲ။ အရေးမှ မကြီးဘဲကိုး။ ခုလည်း
လာပြန်ပြီ။ သည်တစ်ခါ ဘာများပါလိမ့်။
'သည်လိုဗျ ကိုပါတောရဲ့။
ကျွန်တော့်မှာ လျှို့ဝှက်ထားရတာလေး တစ်ချက်က တော်တော့်ကို ဒုက္ခပေးနေတယ်။
တစ်ရွာသားကလည်း ဖြစ်တော့ သည်က ရွာခံတွေကို ပြောဖြစ်တာလည်း မဟုတ်ဘူး။ သည်တော့
နှုတ်လုံမယ့်လူလည်း ဖြစ်ရမယ်၊ ကျွန်တော့်ကိုလည်း အကြံဉာဏ်ပေးနိုင်ရမယ်၊
ကျွန်တော်ကလည်း ယုံယုံကြည်ကြည် ပြောနိုင်ရမယ်ဆိုတဲ့ လူရှာတော့ ကိုပါတောကိုပဲ
တွေ့တာကိုးဗျ'
'လိုရင်းသာ ပြောပါလေ။
မောင်ရင့်ဟာက ဘာနဲ့ အလားသဏ္ဌာန်တူသလဲ ဆိုတော့...'
'ပြောပါ့မယ် ပြောပါ့မယ်။
ပြောချင်လို့ကို စကားစတဲ့ဟာဗျာ။ သည်လိုဗျ စကားတော့ တည်ပါစေနော။ နို့မို့
ကျုပ်သည်ရွာက ပြေးရမှာ ကိုပါတောရဲ့။ ခင်ဗျား တစ်ယောက်တည်းပြောတဲ့ စကားနော်'
'ကိုင်းပါလေ... မောင်ရင့်ဟာက
ကျုပ်ကို မယုံမှတော့လည်း မပြောပါနဲ့တော့။ ချုပ်တည်းသူတို့ရဲ့ မှီခိုရာသည် ကတိတဲ့။
ချုပ်တည်းတဲ့နေရာမှာ ကျုပ် လိပ်ခေါင်း ဖြစ်နေတာတောင် မိန်းမက ခုထိ မသိဘူး။ ကိုင်း
ရှင်းရော'
သည်တော့မှ ကိုပိန်ညှော်က စကားတချို့
ခပ်တိုးတိုး ပြောတယ်။ ကိုပါတောက မရှင်းတာကို ထပ်မေးတယ်။ ကိုပိန်ညှော်က အင်မတန်
မြူးတူးတဲ့ လေသံနဲ့ ပြောနေတာပါ။ ကိုပိန်ညှော်က မြူးတူးသလောက် ကိုပါတောက
မျက်နှာကြီး တည်ထားတယ်။ သည်စကားဟာ အရေးကြီးတယ်။ ဟုတ်ရင်ကောင်းရဲ့။ မဟုတ်ရင်
မိုးကြိုးပစ်နိုင်တယ်။ သည်တော့ သက်သေသက္ကာယ ပြုရမယ်လို့ တောင်းဆိုတော့ ကိုပိန်ညှော်က
စာရွက်တစ်ရွက်နဲ့ ဓာတ်ပုံတစ်ပုံပြတယ်။ စကားအသွားအလာရော၊ သက်သေရော ခိုင်လုံနေတယ်။
'ကိုပါတောရာ... ကျွန်တော်က
တော်တော့်ကို စွန့်ပြောရတာပါ။ ဝမ်းလည်းသာရဲ့။ လူသိလို့ကလည်း မဖြစ်။ အဲ...
မဖြစ်သေးဘူးပေါ့ဗျာ။ မိန်းကလေးက ဖအေရှိနေသရွေ့တော့ သည်းခံပါဆိုတော့ သည်ကိစ္စကြီးက
ဘယ်လောက်ကြာအောင် အောင့်ထားရမယ်မှန်း မသိဘူး။ ရင်ထဲကျပ်လွန်းလာတာနဲ့
ထုတ်ပြောရတာပါဗျာ။ အဟွပ်... အဟွပ်'
အချစ်ဟာ လူတွေကို ကဗျာဆရာ
ဖြစ်စေနိုင်ပေမယ့် ပန်းနာရင်ကျပ်တော့ မပျောက်ဘူးနဲ့ တူပါရဲ့။ ကိုပိန်ညှော်က
ပြောရင်း ချောင်းတွေဆိုးလာလို့ ကိုပါတောက နောက်ကျော ဖိပေး လိုက်ရသေးတယ်။ လောကမှာ
မဖြစ်နိုင်တာ မရှိဘူး။ မဖြစ်သေးတာပဲ ရှိတယ်ဆိုတာလိုပဲ သည်သတင်း ဟာ မှန်ရင်တော့
အံ့သြစရာပဲလို့ နှိပ်ပေးရင်းက ကိုပါတော တွေးတယ်။ ဘုရင့်သားတော်နဲ့ ဘောဂဝတီ
နဂါးပြည်က နဂါးမင်းရဲ့ သမီးတော်တောင် ညားကြသေးတာ ကိုပိန်ညှော် ကိုဘမောင်သမီး မိန်းမချော
မအေးခင်နဲ့ မေတ္တာရှိကြပြီဆိုတာ ဘာဟုတ်လိမ့်မလဲ။ လူနဲ့လယ်ပုဇွန်လည်း
ချစ်ခဲ့ကြဖူးတယ်။ ရွှေသမင်နဲ့ ကျီးကန်းလည်း ညားခဲ့ကြဖူးတယ်။ လိပ်ပြာမယ်နဲ့
ကိန္နရာလည်း ကြိုက်ခဲ့တာပဲ။ အခု ဟာကတော့ ဖုတ်ပြိတ္တာနဲ့ သူ ယောင်မယ်လို
ဖြစ်နေတာဆိုတော့ ကိုပါတောလို ပုံပြင်ဝိဇ္ဇာတောင် နည်းနည်းတော့ အံ့သြရတာလည်း
အမှန်ပဲ။ မရှင်းတာလေးလည်း မေးရတယ်။
'နေပါဦး၊ မင်းတို့က
ဘယ်မှာတွေ့လို့ ဘယ်မှာ မေတ္တာရှိကြတာတုံး'
'လက်ဖက်ရည်
ပစ္စည်းသွားဝယ်ရင်း မြို့မှာ တွေ့ကြရာက ကြာတော့ မေတ္တာရှိလာကြတာ ကိုပါတောရဲ့။ ဘဝက
ရေစက်ထင်ပါရဲ့ ခင်ဗျာ။ ပြောရှာတယ် အဖေနဲ့ ရွာကသာသိရင် ကျွန်မတော့ ရင်ကျိုးရမှာပါ။
မနီးစပ်ခင်အထိတော့ သစ္စာကို မြဲမြဲကြီး စောင့်ပါတဲ့။ နှုတ်ကျွံရင်တော့ ဝေးကြပြီ
မှတ်ပါတဲ့'
မကြာခင်မှာပဲ မြင်းလှည်းဆရာတွေ
ဝင်လာတော့ စကားလည်း ပြတ်သွားတာပါပဲ။ ဖျော်ခုံ ထသွားပြီး ကလောက်ကလောက်နဲ့
ဖျော်နေရပေမယ့် မျက်နှာက ပြုံးပြုံးကြီး။ ဒါမျိုးဆိုတာ ပြောရတာ အင်မတန် အရသာရှိတဲ့
ကိစ္စမဟုတ်လား။ အချစ်ဓာတ် ပူးနေခိုက်ဆိုတော့ မန္တန်ဓာတ်လုံးအစွမ်းနဲ့
ကောင်းကင်ပျံနိုင်တဲ့ ဝိဇ္ဇာဓိုရ်များလို ဘဝင်စိတ်ဟာ ကောင်းကင်က မကျနိုင်တာကိုလည်း
သိပါရဲ့။ သည်စကားတွေ ရင်ဖွင့်ပြီးကတည်းက ကိုပါတောလည်း ကိုပိန်ညှော့်
လက်ဖက်ရည်ဆိုင်မှာ 'ဖရီးမင်ဘာရှစ်' ရသွားတာပါပဲ။ ခက်တာက
ကိုပိန်ညှော်ကလည်း သူ့လျှို့ဝှက်ချက်ကို ပြောပြီ။ သူကလည်း သည်ကိစ္စမှာ သီလရှိတဲ့
သီလဝန်ပုဂ္ဂိုလ် နေရာရပြီ။ ဘယ်သူ့မှ မပြောပါဘူးဆိုတဲ့ သစ္စာလည်း ပေးခဲ့မိပြီ။
သစ္စာဆိုသည်ကား ဘဝကမ္ဘာ အသင်္ချေကြာသော်လည်း တစ်ရံတစ်ဆစ်မျှ မဖောက်မပြန်
မှန်ကန်စွာ တည်ရမယ့်ကိစ္စဆိုတာလည်း ကိုပါတော သိပါရဲ့။ ကိုဘမောင်ဆိုတာကလည်း
မိတ်ဆွေကိုး။ မိတ်ဆွေကောင်းဆိုတာ စိတ်ဆိုးသော်မှ ဆိုးစေတော့ ပြောစရာရှိတာ ပြောပါမှ
ကောင်းတော့မပေါ့။ ပြောကလည်း ပြောချင်တယ်။ မနက် လက်ဖက်ရည် သောက်လို့ ကိုဘမောင်ရော
သမီးဖြစ်သူ မအေးခင်ရော တွေ့နေရတာဆိုတော့ စိတ်ကို တော်တော် ဖိချိုးထားရတာကလည်း
မနက်တိုင်းကိုး။ မနှိုင်းကောင်း နှိုင်းကောင်း အရိယာပုဂ္ဂိုလ်များ
ဓိဋ္ဌာန်သောအားဖြင့် စိတ်၊ စေတသိက်၊ စိတ္တဇရုပ်ကို ချုပ်ငြိမ်းအောင်
အားထုတ်တော်မူကြသလိုပဲ သူ့မှာ မနိုင်မနင်း ချုပ်တည်းနေရသလို ဖြစ်လာတယ်။ သည်စိတ်ဟာ
ကိုပါတောမှာ တစ်နေ့ထက် တစ်နေ့ ဖိစီး လာတော့ စိတ်ကလေးမှ ပွင့်ပါစေတော့ရယ်လို့
မယားဖြစ်သူ မစောရင်ကို ဖွင့်ပြောဖို့တောင် ကြံမိတဲ့အထိပဲ။ ဒါပေမယ့် ကိုပါတော
မျိုသိပ်တယ်။ မယားရယ်မှ မဟုတ်ပါဘူး။ ဘယ်သူ့မှ မပြောဘဲ သူ့စိတ်ထဲမှာ
ကျိတ်ပြီးအောင်းထားတာပါပဲ။ ဖွင့်ပြောမိပါပြီတဲ့။ ရွာက သိကြပါပြီတဲ့။
ကိုဘမောင်ကိုယ်တိုင် သိပါပြီတဲ့။ သည်ကိစ္စဟာ ဘယ်လောက်များ အရေးကြီးလို့တုန်း။
လူယောကျ်ားနဲ့ လူမိန်းမ အချင်းချင်း ဝဋ်သုံးပါးမှာ စပ်ယှက်တတ်တဲ့ တရားပဲဟာ။
ဖွဲ့ချည်တတ်တဲ့ တရားပဲဟာ။ တွယ်တာတတ်တဲ့ တရားပဲဟာ။ မဆန်းဘူး။ ဘာမှ မဆန်းဘူး။
ကိုဘမောင် ကိုယ်တိုင်တောင် တစ်ပါးသော မိန်းမနဲ့ ယှဉ်စပ်ဖွဲ့ချည် တွယ်တာခဲ့လို့
သမီး မအေးခင်ကိုတောင် ထွန်းကားခဲ့ပေါ့ဟာ။ သူ့သမီးကျတော့မှ ကံအလိုကျ မဟုတ်ဘဲ ဘမောင်
အလိုကျ ဖြစ်ချင်လို့ ရပါ့မလား။ ဒါက ကိုပါတော တစ်ခါတစ်ခါ တွေးမိတဲ့ စိတ်။
'မဟုတ်သေးဘူးပါတော။
မဟုတ်သေးဘူး။ သည်ကိစ္စ အလွန်တရာ မုန်းတီးစက်ဆုပ်နေကြတဲ့ လူနှစ်ယောက်ရဲ့
ပြဿနာဖြစ်နေတယ်။ ဝိယောဓိမဟုတ်တော့ဘဲ ပဋိပက္ခ ဖြစ်နိုင်ပေမယ့် မီးတောက်လည်း
ဖြစ်တယ်။ ဘာမဟုတ်တဲ့ ပြဿနာကလေးကြောင့် ကျီးကန်းနဲ့ ဇီးကွက်ဟာ ကမ္ဘာ့ရန်
ရှိခဲ့ကြဖူးပြီ။ ချစ်ခြင်းဆိုတဲ့ 'ပေမ'ကြောင့်
စိုးရိမ်ခြင်း ဖြစ်ကြရတယ်။ ဘေးရန်ဖြစ် ကြရတယ်။ သည်ကိစ္စမှာ ကိုယ့်ပယောဂ မပါအပ်ဘူး'
ဒါကလည်း ကိုပါတောက စဉ်းစားတာပါပဲ။
သည်ကိစ္စမှာ ကိုပိန်ညှော်ကလည်း ဘယ့်နှယ်မှ မနေဘူး။ ချောင်းဆိုးတောင် မပျက်ဘူး။
မအေးခင်ကလည်း လက်ဖက်ရည်ဆိုင် အလုပ်၊ အိမ့်ဝေယျာဝစ္စ အလုပ်နဲ့ ခေါင်းမဖော်နိုင်ဘူး။
သို့သော်လည်း ကိုပါတောမှာတော့ ကြားထဲက အာပေါနဲ့ ပထဝီ နှစ်ပါးငုတ်သလို
လေးလံထိုင်းမှိုင်းနေရပြီ။ တစ်နေ့ထက်တစ်နေ့ ကတုန်ကယင် ဖြစ်လာတယ်။ ရင်တွေ
တလှပ်လှပ်နဲ့ ဆို့မောကြီး မောလာတယ်။ ချွေးစေးတွေ ပြန်လာရာက အာခေါင်တွေ
ခြောက်လာတယ်။ ဆံပင်တွေ ထောင်ထလာလိုက်တာ ဘယ်လိုဖြီးဖြီး မပိတော့ဘူး။
လည်ချောင်းထဲမှာ ဘာရယ်လို့သာ မသိတယ် စလုံးစခုကြီး ခံနေတာ ဂုံညင်းဒိုးလောက် ရှိတယ်။
လျှာတွေ ထူလာပြီး သွားတွေတောင် နဲ့လာတယ်။ ပါးစပ်တစ်ဝိုက်မှာ အပူနာတွေ
ပေါက်လာလိုက်တာလည်း မြင်မကောင်းဘူး။ ပြောချင်လျက်နဲ့ မပြောရတဲ့အခါ ဖြစ်ရတဲ့
မောက်မာခြင်း အမူအရာဟာ ကိုပါတော မျက်နှာပေါ်က မဆင်းတော့ဘူး။ ဟိတ်နှစ်ပါး
ပါတဲ့စိတ်နဲ့ လူဖြစ်ရသလို ဘယ်လိုက်လို့ လိုက်ရမှန်းမသိဘဲ ရောဂါ သည်းသည်ထက်
သည်းလာတယ် ပြောပါတော့။ ပြီးတော့က သည်မှာတင် ရပ်နေတာ မဟုတ်ပါဘူး။ နေ့လယ်ဘက် ကိုပါတော
ရောက်လာလို့ လူရှင်းရင်ရှင်းသလို ကိုပိန်ညှော်က နှလုံးသား တိုးတက်မှု
အစီရင်ခံစာအသစ်တွေ တင်တင်လာတော့ သတင်းအချက်အလက်တွေ များလာတယ်။ လျှို့ဝှက်ချက်
တွေလည်း များလာတယ်။ သည်တော့ စောင့်ထိန်းရမယ့် တာဝန်ကလည်း လိုက်ကြီးလာတာပါပဲ။
တစ်လနှစ်လက ငါးလခြောက်လလောက် ဖြစ်လာတော့ ကိုပါတော စောစောက ပြောခဲ့တဲ့ နိမိတ်
လက္ခဏာတွေ ပိုလို့သာ တိုးလာပါရော။ ကိုပိန်ညှော်က သူ့လျှို့ဝှက်ချက်ကို
ရင်ဖွင့်တာနဲ့မျိုးနဲ့ ဘွိုင်လာအိုး လေပေါင်လျှော့သလို လျှော့တာကတော့ ဟုတ်ပါပြီ။
ကိုပါတောကျတော့မှ လေပေါင် မလျှော့ရဆိုတော့ ဒါဟာ မတရားတာပဲလို့ ကိုပါတော မြင်လာတယ်။
မိုးလင်းက မိုးချုပ် လုပ်ကျွေးနေတဲ့ မယားကိုတောင် မပြောရလောက်အောင် ဖြစ်နေတော့
ကြာတော့လည်း မခံနိုင်ဘူးပေါ့လေ။ ဒါပေမယ့် မပြောရသေးဘူး။ ဘယ်သူ့မှ မပြောရသေးဘူး။
သည်တော့ ကိုပါတော စဉ်းစားရပြီ။ သည်တော့ ပေးထားတဲ့ ကတိသစ္စာလည်း မပျက်ပြယ်အောင်၊
ရင်ထဲက အကျိတ်အခဲလည်း ကျေအောင် ဘာလုပ်ရမလဲ စဉ်းစားရပြီ။ စဉ်းစားတယ် ဆိုပေမယ့်
များများကြီး စဉ်းစားဖို့ မလိုပါဘူး။
တစ်ရက် မစောရင် ဈေးထွက်တာနဲ့
ခြံထောင့်မှာ ကျင်းကြီးတစ်ကျင်း တူးတယ်။
၆။
တစ်ခါတုန်းက ယူဂိုဆလပ်ဗ်ပြည်မှာ
ဇာဘုရင်ကြီးတစ်ပါး ရှိတယ်။ ဇာထရိုဂျန်လို့ ခေါ်ကြတယ်။ သည်ဇာဘုရင်ရဲ့ နားရွက်တွေက
ထူးထူးဆန်းဆန်း ဆိတ်နားရွက်တွေ ဖြစ်နေသတဲ့။ နေ့တိုင်း ဆံပင်ညှပ်သမားနဲ့
ဆံပင်ညှပ်ရတဲ့ ဇာဘုရင်က ဆံပင်ညှပ်ပြီးတာနဲ့ ဆံပင်ညှပ်သမားကို မေးခွန်းမေး
လေ့ရှိတယ်။ မင်း ဘာကို သတိထားမိသလဲပေါ့လေ။ ဆံပင်ညှပ်သမားကလည်း သူမြင်တာ
သူပြောတာပေါ့။ ကျွန်တော်မျိုးကြီးတော့ ဆိတ်နားရွက်တွေ တွေ့တာပဲ ဘုရားပေါ့။
သည်စကား ကြားတော့ ဇာထရိုဂျန်က
သည်ဆံပင်ညှပ်သမားကို ကွပ်မျက်စေ အမိန့်ပေးတယ်။ တိုတို ပြောရရင်
ညှပ်ဆရာတော်တော်များများဟာ သည်လိုဖြေတိုင်း အကွပ်မျက်ခံနေကြရတော့ ဆံပင်ညှပ်ဆရာ
တိုင်းပြည်ထဲမှာ မရှိသလောက် ဖြစ်သွားတယ်။ ဆံပင်ညှပ်ဖို့ ရွှေနန်းတော်က
ခေါ်တယ်ကြားတာနဲ့ ဆံပင်ညှပ်ဆရာတွေ မသွားဝံ့ကြတော့ဘူး။ ဘုရင်ကြီး ထရိုဂျန်က
ဆံပင်ညှပ်ပြီးတာနဲ့ မေးခွန်းမေးတယ်။ မှန်အောင် မဖြေနိုင်တော့ သတ်တယ်ဆိုတာလောက်
သိကြတော့ သူတို့လည်း မသွားဝံ့ကြတော့ဘူးပေါ့လေ။ တစ်ရက်တော့ ဆံပင်ညှပ်ဆရာ တစ်ယောက်က
သူ့အလှည့် မှာ နေမကောင်းချင်ဟန်ဆောင်ပြီး လက်သင်တပည့်ကို လွှတ်လိုက်တယ်။
သင်းထိုက်နဲ့ သင်းကံပေါ့လေ။ ဇာဘုရင်ကြီးကလည်း သိတယ်။ မောင်မင်းရဲ့ ဆရာက ဘာကိစ္စ
မလာရတာလဲ။ ငါကိုယ်တော်မြတ် ခေါ်တာတောင် မလာရအောင် ဘာသဘောလဲလို့လည်း မေးတယ်။
သည်တော့ လက်သင်တပည့်က သူ့ဆရာ လွတ်အောင် ဖြေရတာပေါ့။ ဆရာ နေမကောင်းလို့
ကျွန်တော်မျိုး ရှေ့တော်မှောက် ရောက်ရပါတယ်။ ကျွန်တော်မျိုးဟာလည်း ကောင်းကောင်း
ညှပ်တတ်သူပါ။ အရှင်မင်းကြီးသာ ဆံပင်ညှပ်ခုံပေါ် တက်တော်မူပါလို့ လျှောက်တင်တယ်။
ဇာဘုရင်က ကျေနပ်သွားတာနဲ့ အညှပ်ခံတယ်။ ဆံပင်လည်း ညှပ်ရော ဆံပင်ညှပ်ဆရာလေးက ဘုရင်ကြီး
နားရွက်ဟာ ဆိတ်နားရွက်တွေ ဖြစ်နေတာတွေ့ပြီ။ ဆံပင်လည်း ညှပ်ပြီးရော ဇာဘုရင်
ထရိုဂျန်က ထုံးစံအတိုင်း မေးနေကျမေးခွန်းကိုပဲ မေးတယ်။
'မောင်မင်း ဆံပင်ညှပ်တဲ့အခါ
ဘာကို သတိထားမိသလဲ'
'ဘာမှလည်း မတွေ့ပါလား အရှင်၊
သူတကာလိုပါပဲ'
ဇာထရိုဂျန်က သိပ်သဘောကျသွားတယ်။ ရွှေဒင်္ဂါး
၁၂ အောင်စ ချီးမြှင့်တယ်။ ဇာထရိုဂျန်ရဲ့ လက်သုံးတော် ဆံပင်ညှပ်ဆရာအဖြစ်လည်း
တစ်ခါတည်း ခန့်တော်မူတယ်။ အိမ်ရောက်တော့ ဆရာလုပ်သူက လက်သင်တပည့်လေးကို ဆီးမေးတယ်။
အဆင်ပြေရဲ့လား၊ ဘုရင်ကြီးက ဘာမေးခွန်း မေးတာလဲ၊ မင်းကကော ဘာတွေဖြေခဲ့တာလဲ
စသည်ဖြင့် မေးတာပါ။ လက်သင် ဆံပင်ညှပ်ဆရာလေးက ဆိတ်နားရွက်တွေတွေ့တာကို မပြောဘဲ
ကျန်တာအကုန် ပြောပြတယ်။ နေ့စဉ် ရွှေစင် ၁၂ အောင်စရမယ့်အကြောင်း၊ သူ ညှပ်တာကို
ကြိုက်တဲ့ အကြောင်းကအစ သူ့ကို ရွှေနန်းတော်ကြီးရဲ့ ဘုရင့်ဆတ္တာ
တော်ခန့်လိုက်တာတွေအဆုံး အကုန်ပြောပြတယ်။
အဲသည်ကတည်းက နေ့စဉ် နန်းတော်ကို
ဆံပင်သွားညှပ်တယ်။ နေ့စဉ် ရွှေစင် ၁၂ အောင်စ ရတယ်။ ဇာဘုရင်ကြီးရဲ့ ဆိတ်နားရွက် လျှို့ဝှက်ချက်ကိုတော့
ဘယ်သူ့မှ မပြောဘူး။ နှုတ်လုံလိုက်တာ ရေငုံထားတဲ့အတိုင်းပဲ။ ဒါပေမယ့် လချီကြာလာတော့
မနေနိုင်တော့ဘူး။ စိတ်ဖိစီးမှုကြီးလာတယ်။ ဖုံးထားရတာကြာတော့ လူတကာကို ဖွင့်ပြောချင်လာတယ်။
ပြောမိရင်လည်း ကွပ်မျက်ခံရတော့မယ်။ ကြာတော့ အောင့်အည်းပါများလွန်းလို့ တစ်နေ့တခြား
ပိန်ပိန်လာပါလေရော။ ဒါကို ဆရာဖြစ်သူက ရိပ်မိတော့ မေးတာပေါ့။ မေးတော့ ဆရာဆိုတော့
အလုံးစုံ ဖွင့်ပြောလိုက်တယ်။ သူ ခံစားရတာကိုလည်း ပြောပြတယ်။
'ဆရာကတော့ ဘယ်သူ့မှ မပြောပါဘူးကွာ။
စိတ်ချပါ။ ဆံပင်ကိုလည်း မင်းပဲညှပ်ပါ။ ရွှေကိုလည်း မင်းပဲယူပါ။ ဒါမှ မင်းစိတ်ထဲမှာ
ဖိစီးနေသေးတယ်ဆိုရင် မြို့စွန်ကွင်းပြင်ထဲမှာ ကျင်းတစ်ကျင်း တူးပါ။ ခေါင်းကို
ကျင်းထဲ ထိုးနှစ်ပြီး မင်းရင်ထဲက ပြောချင်တာကို သုံးခါအော်ပြောပါ။ ပြီးရင်
ကျင်းဝကို ပြန်ပိတ်ခဲ့။ ဒါဆိုရင် မင်းရင်ချောင်နိုင်ပြီပေါ့'
ဆံပင်ညှပ် ဆရာကလေးက
ဆရာအကြံပေးတဲ့အတိုင်း မြို့စွန်ကွင်းပြင်ကြီးထဲမှာ ကျင်းတူးတယ်။ ခေါင်းနှစ်ပြီး
သုံးခါ သုံးခါ အော်တယ်။ 'ဇာဘုရင် ထရိုဂျန်မှာ ဆိတ်နားရွက်တွေနဲ့ဗျို့'လို့
အော်တာပါ။ သုံးခါ အော်တာ။ ပြီးတော့ ကျင်းကို ပြန်ပိတ်ခဲ့ရော။ သည်မှာတင် သူလည်း
နေသာထိုင်သာ ရှိသွားတော့တာပါပဲ။ မကြာခင်မှာပဲ မြေကျင်းကလေးထဲက သစ်ပင်ကလေးတစ်ပင်
ပေါက်လာတယ်။ သစ်ရွက်ကလေး သုံးရွက်လည်း ထွက်လာတယ်။ တစ်ရက်တော့ သည်သစ်ပင်ကို
သိုးကျောင်းသား တစ်ယောက်က တွေ့ရော။ တွေ့တာနဲ့ ကိုင်းတစ်ကိုင်းဖြတ်ပြီး
ပုလွေကလေးတစ်ချောင်း လုပ်တယ်။ ပုလွေကလေးကိုလည်း မှုတ်လိုက်ရော ဂီတသံ မထွက်ဘဲ
လူအော်သံတစ်သံပဲ ထွက်လာတယ်။ 'ဇာဘုရင် ထရိုဂျန်မှာ
ဆိတ်နားရွက်တွေနဲ့ဗျို့'တဲ့။ သိုးကျောင်းသားလေးကတစ်ဆင့်
သည်သတင်းဟာ တိုင်းပြည်ထဲမှာ ပျံ့သွားတော့တာပါပဲ။ နန်းတော်ကလည်းသည် သတင်းရတော့
ဆံပင်ညှပ် ဆရာလေးကို ချက်ချင်းခေါ် ခိုင်းလိုက်တယ်။ ဇာထရိုဂျန်က ဒေါသတကြီး
အော်တော့တာပါပဲ။ သူ့ကို အရှက်ခွဲရကောင်းလားဆိုပြီး ချက်ချင်းပဲ ဓားရှည်ကို
ဆွဲထုတ်တယ်။ ဆံပင်ညှပ်ဆရာလေးက ကြောက်ကြောက်နဲ့ သူလုပ်ခဲ့သမျှအားလုံး အမှန်အတိုင်း
လျှောက်တင်ရတော့တာပေါ့။ သတ်ရင်လည်း သေ၊ ထားရင်လည်း နေကိုး။ သည်လျှောက်တင်သံ
ကြားတော့မှ ဇာထရိုဂျန်က စီးနေကျ ရထားကို ခေါ်ပြီး ဆံပင်ညှပ် ဆရာလေးနဲ့အတူ
သစ်ပင်ကို သွားကြည့်တယ်။ သစ်ကိုင်းက တစ်ကိုင်း ကျန်တော့တာပါ။ ဒါနဲ့
ပုလွေလုပ်ခိုင်းပြီး မှုတ်စေတယ်။ 'ဇာဘုရင် ထရိုဂျန်မှာ
ဆိတ်နားရွက်တွေ နဲ့ဗျို့'တဲ့။
ဇာဘုရင် ထရိုဂျန်ကလောကမှာ ဘယ်ဟာမှ
လျှို့ဝှက်ထားလို့ မရပါလားဆိုတာကို သဘောပေါက်သွားတာပါပဲ။ ဆံပင်ညှပ် ဆရာလေးကိုလည်း
လွတ်ငြိမ်းခွင့်ပေးပြီး နောက်တစ်နေ့ ကစလို့ ဘယ်ဆံပင်ညှပ်ဆရာမဆို
လာညှပ်နိုင်တဲ့အကြောင်း တိုင်းပြည်ထဲမှာ မောင်းခတ်စေတယ်။
၇။
ကိုပါတောက သည်ပုံပြင်ကို သတိရလိုက်ရာက
ချက်ချင်းကျင်းတစ်ကျင်း ထတူးတာပါ။ အခုဟာက ဇာဘုရင် ထရိုဂျန်ကို ဆံပင်ညှပ်ပေးရတဲ့
ဆံပင်ညှပ်ဆရာထက် ဆိုးတာပေါ့။ ဆံပင်ညှပ်ဆရာကမှ ဆိတ်နားရွက် တစ်ကိစ္စတည်း
သိတာမဟုတ်လား။ ကိုပိန်ညှော်နဲ့ မအေးခင်အကြောင်း ကိုပါတော သိတာ နည်းမှမနည်းတော့တာ။
တစ်နေ့ကို နေ့လယ်ဘက် လက်ဖက်ရည်ကလေးတစ်ခွက် အလကား သောက်ရပါမယ့်အကြောင်း
လျှို့ဝှက်ချက်ဆိုတာတွေကို ဘယ်သူ့မှမပြောရဘဲ အချိန်ကာလတစ်ခုအထိ
အောင့်အည်းထားရမယ်ဆိုတာ သဘာဝမှ မကျဘဲနဲ့။ ကိုပါတောခမျာလည်း ပုံပြင်ထဲက
ဆံပင်ညှပ်ဆရာနဲ့ ဘာထူးလို့တုန်း။ မျိုသိပ်ထားရတာ၊ ဖုံးဖိထားရတာ၊ အောင့်အည်းထားရတာ၊
နှုတ်ခမ်းကို တင်းတင်းစေ့ထားရတာ၊ သိပါလျက်နဲ့ မသိချင်ဟန်ဆောင်ထားရတာတွေဟာ ကြာတော့
ကိုပါတောကို မောင်းထဲထည့်ထောင်းသလို စိစိညက်ညက် ကျေလာခဲ့တယ်။ ဆယ်တန်းကျောင်းသားဘဝက
သရိုးသရီ ဖြစ်ပုံမျိုး ပြန်ဖြစ်လာတယ်။ ကွယ်လွန်သွားတာ ကြာပြီဖြစ်တဲ့ ကိုပါတော
ဘွားအေကြီးတောင် ခုတင် ဘေးလာထိုင်ပြီး ပုံပြင်တွေ ပြောလာပြန်ရဲ့။ အိပ်မက်ဟောင်းတွေ
ပြန်မက်လာတယ်။ လူတွေကို မျက်လုံးဇောက်ထိုးနဲ့ ကြည့်လာပြန် တယ်။
ကိုပါတောက မနက် ကိုဘမောင်
လက်ဖက်ရည်ဆိုင်မသွားခင် တစ်ခါ၊ နေ့လယ် ကိုပိန်ညှော် လက်ဖက်ရည်ဆိုင် မသွားခင်
တစ်ခါတူးထားတဲ့ ကျင်းမျက်နှာဝ မျက်နှာအပ်ပြီး တစ်နေ့နှစ်ခါ နှစ်ခါ အော်မြဲ
အော်နေတာပါပဲ။ 'ပိန်ညှော်နဲ့ အေးခင် ကြိုက်နေကြသတဲ့ဗျို့' လို့
အော်တာပါ။ ကိုပါတော မိန်းမ မစောရင်ကတောင် ဥပုသ်ရက် ဈေးပိတ်တဲ့နေ့တွေမှာ
အိမ်မှာရှိတာကိုး။ ကိုပါတော ကျင်းဝမှာ သွားသွားအော်တာ တွေ့သားပဲ။ ဘာမှန်းသာ
မသိတာကိုး။ သည်လိုနဲ့ ရက်ကလေးရလာတော့ ကျင်းထဲက သစ်ပင်ကလေးတစ်ပင် ပေါက်လာတယ်။
အရွက်လေးက သုံးရွက်။ သစ်ပင်ကလေးက ဖယောင်းတိုင်များလို သွယ်သွယ်မွှတ်မွှတ်
ရှိလိုက်တာ။ ကိုပါတောကတော့ မအံ့သြပါဘူး။ သည်လိုပဲ ဖြစ်ရမယ်ဆိုတာ အပ်ချမတ်ချ သိထားပုံမျိုး။
အပင်ကလေးကိုတော့ အရိပ်တကြည့်ကြည့် ကြည့်ရှာတယ်။ ကိုပါတောစိတ်ထဲ ကျေနပ်နေပုံလည်း
ရတယ်။ ကြည့်စမ်း... ပုံပြင်တွေဟာ တကယ့် လက်တွေ့ဘဝကို ထင်ဟပ်တယ်ဆိုတာ
သေချာနေပါပကော။ ကျင်းတစ်ကျင်းတူးပြီး အော်လိုက်ရပြီ ဆိုကတည်းက
ရင်တွေချောင်ကျသွားတယ်။ လည်ဇလုတ်ထဲက စလုံးစခုလည်း ကျေသွားတယ်။ ပါးစပ်က အနာတွေလည်း
အဖေးတက်လာတယ်။ ဆံပင်တွေတောင် ပြန်ပိလာတယ် ပြောပါတော့။ တစ်လ မပြည့်တပြည့်မှာပဲ
သစ်ပင်ကလေးမှာ ကိုင်းသုံးကိုင်း သန်သန်ကြီးတွေ ဖြစ်လာလေရဲ့။ ပုလွေရိုး လောက်ရှိတဲ့
ကိုင်းသုံးကိုင်း ဖြောင့်စင်းစင်းနဲ့ လှတောင် လှသေးတော့။
ကိုပါတော ဘုရားဈေးကိုသွားပြီး
ပုလွေတစ်ချောင်း ဝယ်လိုက်တယ်။ ပုလွေတစ်ချောင်းရဲ့ ဖွဲ့စည်းပုံကို လေ့လာတယ်။
လက်ပေါက် အကွာအဝေးတွေကို တိုင်းတယ်။ ပုလွေပေါက်တွေဟာ သံချောင်းကို မီးဖုတ်ပြီး
ထိုးဖောက်တယ်ဆိုတော့ အပေါက်ညီတယ်ဆိုတာလည်း တွေ့ရဲ့။ သစ်ပင်က အကိုင်းတွေကို
ဖြတ်ပြီး ပုလွေလုပ်တတ်သူ သွားအပ်လို့လည်း မဖြစ်ဘူးကိုး။ မတော်ထမှုတ်လိုက်ရင်
ခက်တော့မယ်။ သည်တော့ ပုလွေကို ကိုယ်တိုင်လုပ်ဖို့ လေ့လာရတာ ဆိုပါတော့။ တစ်ရက်တော့
မနက်စောစောထပြီး ကျင်းဝမှာ ပေါက်နေတဲ့ သစ်ပင်ဆီကို ထလာခဲ့တယ်။ ပုလွေတစ်ချောင်းရဲ့
အတိုင်းအတာအတိုင်းတိုင်း ဖြတ်လိုက်တယ်။ ဟုတ်သားပါလား။ အကိုင်းတွေမှာက
အခေါင်းပါပြီးသား။ အဲသည့် တစ်မနက်လုံး ကိုပါတော ပုလွေလုပ်တာနဲ့
လက်ဖက်ရည်ဆိုင်တောင် မသွားနိုင်ဘူး။ ပုလွေသုံးလက်ပြီးမှ တစ်ချောင်းစီ
မှုတ်ကြည့်တယ်။
'ပိန်ညှော်နဲ့
အေးခင်ကြိုက်ကြလို့တဲ့ဗျို့'
ပထမတော့ ကိုပါတောတောင်
လန့်သွားသေးတာပါ။ ပုလွေကလေး သုံးလက်ကို အကြာကြီး စိုက်ကြည့်တယ်။ ဟုတ်နေပြီကော။ သူ
တစ်သက်လုံး စွဲကိုင်လာတဲ့ အယူအဆဟာ မှန်နေပြီကော။ လူတွေက သူ့ကို အရူးလိုလို လောက်
သဘောထားကြတယ်။ သူများမပြောပါနဲ့၊ အိမ်က မယားတောင် ပုံပြင် ရူးရူးနေတဲ့ ခပ်ယဉ်ယဉ်
အရူးလောက်အောက်မေ့တာ သူ သိသားပဲ။ ကိုပါတော ကိုယ်တိုင်ကတော့ သူ့ကိုယ်သူ
လူသူတော်ကောင်း သတ်မှတ်ထားတာပါပဲ။ သူ့မှာ ကိလေသာကာမအားဖြင့် ကြံစည်တဲ့ ကာမဝိတက်
မရှိဘူး။ ရန်ညှိုးဖွဲ့ခြင်း အကြောင်းအားဖြင့် ကြံစည် တဲ့ ဗျာပါဒဝိတက် မရှိဘူး။
သူတစ်ပါး စိတ်မှဆင်းရဲစေတော့ ညှဉ်းဆဲထားလိုက်ဦးမယ်ဆိုတဲ့ အကြောင်းအားဖြင့် ကြံစည်တဲ့
ဝိဟိံသဝိ တက်မရှိဘူး။ တော်ပြီပေါ့။ လူတစ်ယောက်အနေနဲ့သည့်ထက် ဘာရှိရဦးမှာလဲ။
အခုလည်း သူတစ်ပါးရဲ့ လျှို့ဝှက်ချက်ကို သူတစ်ယောက်တည်း သိတယ်။ ခက်တာက
ဘယ်သူ့ကိုမှလည်း မပြောရဘူးဆိုတဲ့ ကန့်သတ်ချက်ကလည်း ရှိနေတယ်။ ဒါပေမယ့် သူဟာ
လူတစ်ယောက်အနေနဲ့ သိတာတွေကို ပြောချင်တယ်။ ကမ္ဘာလောကမှာ သတ္တဝါရယ်လို့ ဖြစ်လာရင်
မိမိပြုတဲ့ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ဖြစ်ရတာချည်းပဲ။ ကံက လွတ်တဲ့ လူမရှိဘူး။
ကံကလွတ်တဲ့ သတ္တဝါ မရှိဘူး။ ပြောမယ်ဆိုရင် ပုံပြင်တွေတောင် ကံက မလွတ်နိုင်ဘူး။
ကိုပါတောက ပုလွေတစ်ချောင်းကို
သူ့အိမ်က စာရွက်ဟောင်း ထည့်တဲ့ ပလိုင်းထဲ ထည့်တယ်။ တစ်ချောင်းကို
စက္ကူဘူးရှည်တစ်ဘူးထဲထည့်ပြီး သေသေသပ်သပ် ပိတ်လိုက်ပြီး အပေါ်က လိပ်စာရေးတယ်။
ကိုဘမောင်၊ ဘမောင် လက်ဖက်ရည်ဆိုင် ယုန်လှေးကုန်း ရွာပေါ့လေ။ ဒါကို မြို့စာ
တိုက်သွားပြီး ထည့်ရမယ်။ ကျန်တဲ့ တစ်ချောင်းကို မစောရင်နဲ့ ဈေးထဲထည့်ပေးလိုက်ဖို့
စိတ်ကူးတယ်။ ပုံပြင်တွေကို သအုန်သအောက် ပြောချင်တဲ့ လူတွေ သည်တစ်ခါတော့
ဘာပြောကြမလဲ နားထောင်ချင်တာကိုး။ ဇာဘုရင် ထရိုဂျန်လို ကိုယ်တိုင်ကြားမှ
ယုံကြမယ့်ဟာတွေ မဟုတ်လား။
၇။
သုံးရက်လောက်ကြာမှ မနက်စောစော
ကိုဘမောင် လက်ဖက်ရည်ဆိုင် ထသွားတယ်။ မြို့စာတိုက်ကနေ ပုလွေတစ်လက်ပို့ပြီးကတည်းက
သည်တစ်ခေါက် ပထမဆုံး ထွက်လာတာပါ။ သည်ရက်လောက်ဆိုရင် ပုလွေလည်း ရောက်လောက်ပြီ။
လက်ဖက်ရည် တစ်ခွက်မှာတယ်။ ကိုဘမောင်ကို အကဲခတ်တယ်။ လူရှင်းတော့မှ ကိုဘမောင်
အနားရောက်လာတယ်။
'ကိုပါတောရေ... အေးခင်
မရှိတော့ဘူးဗျ။ မိုက်လိုက်ပုံများ ပိန်ညှော်နဲ့ လိုက်ပြေးတယ် ပြောကြတာပါပဲ။
ကျုပ်ကလည်း ရှာမနေတော့ပါဘူးဗျာ။ သတ္တဝါ တစ်ခုကံတစ်ခုပေါ့။ သည်ကြားထဲ စာတိုက်က
ပစ္စည်းထုပ်ကလေး ရောက်လာလို့ ဖွင့်ကြည့်တော့ ပုလွေတစ်ချောင်းဗျ။ လိပ်စာမှား
ပို့တာလား ဘာလား မသိဘူးဗျာ။ အရေးထဲ အရာပေါ်'
'ဘယ်လို... ဘယ့်
နှယ်ပုလွေတုံး ကိုဘမောင်ရဲ့၊ ပြစမ်းပါဦး'
'မရှိတော့ဘူးဗျ။ စိတ်ညစ်တုံး
ရောက်လာတာနဲ့ မီးဖိုထဲ ပစ်ထည့်လိုက်ပြီ'
ကိုပါတောက လက်ဖက်ရည်ဘိုး ကပျာကသီ
ပေးပြီး ဈေးဘက်ကို ထွက်လာခဲ့တယ်။ သူ့မိန်းမ မစောရင်ဆီ လာတာပါ။ မစောရင်နဲ့
ထည့်ပေးလိုက်တဲ့ ပုလွေကို ပြန်သိမ်းရတော့မှာကိုး။ တော်ပါသေးရဲ့။ မစောရင်က ပုလွေကို
ဆန်တောင်းထဲစိုက်ထားလို့။ သေချာအောင် ဘယ်သူတွေ မှုတ်ကြည့်သေးလဲ မေးတော့ မစောရင်က
ကြံကြီးစည်ရာ... ဈေးထဲ ဘယ်သူက ပုလွေမှုတ်နေမှာတုန်း ကိုပါတောရဲ့တဲ့။ အိမ်ရောက်တော့
ကိုပါတော ခဏ နားတယ်။ သူ့အိမ်က ပုလွေနဲ့ ဈေးက ပြန်ယူလာတဲ့ ပုလွေနှစ်လက်စလုံးကို
ဓားနဲ့ ရှစ်စိတ်စီခွဲပစ်လိုက်တယ်။ တူးထားတဲ့ ကျင်းဟောင်းကိုလည်း မြေဖို့လိုက်
တာပါပဲ။ မောမောနဲ့ မတ်တတ်ကြီး ရပ်နေတာများ ပုံပြင်ထဲက ဂဠုန်သာကြည့်တော့။
▀
နေဝင်းမြင့်
(အမှတ် ၂၀၆၊
ဇန်နဝါရီလ၊၂၀၀၇ ရွှေအမြုတေမဂ္ဂဇင်း။)
ဗေဒင်သွားမေးရင်းက ဗေဒင်ဆရာနဲ့ မုန်းမုန်း ပဋိပက္ခ ဖြစ်ခဲ့ကြတယ်ဆိုရင် ယုံကြပါ့မလား မသိဘူးရှင်။ အဲဒီအကြောင်းကိုလေ မုန်းမုန်းက ပြောပြချင်နေတယ်။ တဆိတ်နားထောင် ပေးကြပါဦးနော်။
လူမမာ ယောကျ်ားကြီး တစ်ယောက်က ကျွန်တော်၏ ညာဘက် ၅ ပေခန့် အကွာ အမှောင်ရိပ်ထဲကနေ ကျွန်တော့်ကို သွေ့ခြောက်အက်ကွဲသံဖြင့် လှမ်းပြောသံမျိုးနှင့် တူလှသည်
ကိုယ့်ကို သူကြည့်တဲ့ အကြည့်က စူးစူး ရန်လိုသော သွေးဆာသော မီးကျည်အကြည့် ကိုယ်ကလည်း ဘာရမလဲရှုးရှုး ခြောက်သည် သူက နောက်ဆုတ် ခြေကုတ်