မောင်ဘစီ
ကျွန်တော်သည်
မန္တလေးမြို့သို့ ရောက်သည့်အခါတိုင်း စစ်ကိုင်းတောင်ရိုးဘက်သို့ မကူးသည့်အခါဟူ၍
မရှိခဲ့ဖူးပါ။ ပြောရလျှင် မန္တလေးမြို့ထဲ လျှောက်လည် သွားလာရသည်ထက် စစ်ကိုင်း၏
ညှို့ငင်မှုကို ပို၍ သာယာတိမ်းမူး တတ်ပါသည်။ မန္တလေးသည် ရာဇဝင်ထဲက
ရှေးမြို့ဟောင်းဖြစ်သော်လည်း ကာလတရား၏ ပြုပြင်မှုကြောင့် မိတ်ကပ်
အခြယ်အသများသွားသဖြင့် ရှိရင်းစွဲအလှ ပျောက်သွားရှာသူ အပျိုမလေးတစ်ဦးနှင့်
တူနေပြီး၊ စစ်ကိုင်း၏ အသွင်ကမူ နဂိုနေအလှတွင် ရင့်ကျက်သော အိန္ဒြေကိုပါ
ဆောင်လျက်ရှိသူ အပျိုကြီး မမတစ်ဦးနှင့် တူသည်ဟု စိတ်ထဲတွင် ခံစားနေမိပါသည်။
လက်တွေ့လူမှုစီးပွားရှုထောင့်မှ ကြည့်လျှင်မူ စစ်ကိုင်းသည်
ဖွံ့ဖြိုးမှုနောက်ကျပြီး အပြောင်းအလဲ နည်းသည်။ မန္တလေးကမှု ဖွံ့ဖြိုးမှုဆီ
အရှိန်အဟုန်နှင့် ပြေးသော မြင်းတစ်ကောင်နှယ်။ သို့သော် စစ်ကိုင်းသည် လည်းကောင်း၊
မန္တလေးသည် လည်းကောင်း သမိုင်း၏ ဒဏ်ရာအမာရွတ်များကို ယခုထက်တိုင် ထမ်းပိုးထားသော
မြို့ကြီးများသာ ဖြစ်သည်ဟု ကျွန်တော် မှတ်ယူထားသည်။
မန္တလေးရောက်လျှင်
မိတ်ဆွေများကို အဖော်ပြု၍ စစ်ကိုင်းမြို့၊ ကမ်းနားလမ်းဘက်က အသုတ်ဆိုင်မှာ
အသုတ်စားသည်။ ဒေသထွက် ပဲမှုန့်နိုင်းချင်းနှင့် သုတ်ထားသော ညောင်ချဉ်ဖူးသုတ်၊
ကြောင်လျှာပွင့်သုတ်ကို ကျွန်တော် ကြိုက်ပါသည်။ ပြီးလျှင်
စစ်ကိုင်းလမ်းကြိုလမ်းကြား လူနေအိမ်ခြေတွေကြား ဆိုင်ကယ်တစ်စီးဖြင့်
လှည့်ကြည့်ရသည်ကို ကျွန်တော် သဘောကျသည်။ စစ်ကိုင်းတောင်ရိုး ဆွမ်းဦးပုညရှင်
စေတီအနီးကနေ အောက်ဘက်သို့ ငုံ့ပြီး ခပ်လှမ်းလှမ်းမှာ အိန္ဒြေရရ
တငြိမ့်ငြိမ့်စီးနေသော ဧရာဝတီမြစ်ကြီးကို ငေးမောရသည့် အရသာက ကျွန်တော်တို့အဖို့ ဘာနှင့်မှ မတူသော အရသာပါပဲ
။ စစ်ကိုင်းတောင်ရိုးကို ကျော်ပြီး ဝါးချက်ရွာ၊ ခိုတောင်ရွာများဘက်သို့ ခြေဦးလှည့်ကာ၊
ခိုတောင်ရောက်လျှင် ခိုတောင် မုန့်တီတစ်ပွဲတော့ စားဖြစ်အောင် စားတတ်ပါသည်။
ခိုတောင်မုန့်တီကို ခိုတောင်ရွာတွင် စားရသော အရသာလောက် အခြား ဘယ်နေရာမှာမှ
မကောင်းဟုပင် ကျွန်တော်တွင် စိတ်အစွဲတစ်ခု ရှိနေတတ်ခဲ့ပြီ။ လတ်ဆတ်သော
ငါးဖယ်ဟင်းချို၏ အထောက်အပံ့ကြောင့်လည်း ခိုတောင်မုန့်တီကို ကျွန်တော်
စွဲလန်းခြင်းဖြစ်သည်။ ပယ်ငါးဆယ်ရွာကို ကျော်ပြီးနောက် မင်းကွန်းဘက်သို့
ခြေစကြာဖြန့်သည်။ မြသိန်းတန်ဘုရား၊
ပုထိုးတော်ကြီး စသည့် အထင်ကရ အဆောက်အဦများကို ငေးရင်း အတိတ်ကို လွမ်းသည်။ သဲကြမ်းကြီးများကို
နင်းရင်း ဧရာဝတီမြစ်စပ်သို့ ဆင်းကြည့်ရခြင်းကို ကျွန်တော် သာယာကျေနပ်ပါသည်။
ကိုဗစ်ကပ်ဘေး
မဆိုက်ခင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာထဲတွင် ကျွန်တော်တို့ မန္တလေးမြို့မှာ
စာအုပ်ရောင်းပွဲ ခင်းကျင်းသည်။ စာအုပ်ပွဲပြီးတော့ ချက်ချင်း မပြန်သေးဘဲ မိတ်ဆွေတစ်စုနှင့်
စစ်ကိုင်းဘက် ကူးကာ၊ ထိုမှဆက်၍ ရှိန်းမကား၊ ဝက်လက်၊ မန်းကျည်းတုံ၊ လှတော
ရွာတွေဘက်သို့ လှည့်ကြည့်ပြီးနောက် ရွှေဘိုတွင် ထမင်းစားကာ မန္တလေးဘက်
ပြန်လာခဲ့ကြသည့် ခရီးကို အမှတ်ရသည်။ ရှိန်းမကားကို ယခင်က တစ်ကြိမ်မျှ
မရောက်ဖူးသေးသော်လည်း ဆရာကြီး ရွှေဥဒေါင်း၏ ဦးစံရှားဝတ္ထုတွေထဲက ‘ရှိန်းမကားရွာလူသတ်မှုတွင် ဦးစံရှား
စုံထောက်ပုံ’ ကို ဖတ်မိပြီး ရှိန်းမကား
ရွာအမည်ကို စိတ်ထဲ အမှတ်ထင်ထင် ဖြစ်နေသည်။ အခု ရောက်သွားတော့ ရှိန်းမကားကို ပို၍
သဘောကျသွားသည်။ အထူးသဖြင့် ရှိန်းမကား ရွာဘက်ရှိ သဘာဝဘေးမဲ့တောအုပ်ကနေ အောက်ဘက်
လှေကားထစ်များအတိုင်း ဆင်းသွားလျှင် ဧရာဝတီမြစ်ကမ်း နဖူးသို့ ရောက်သည်။
ထိုနေရာတွင် ဧရာဝတီမြစ်ရေမှာ ကြည်လင်ပြီး အေးစိမ့်နေသည်။ ဆောင်းတွင်းကာလ ဖြစ်တာ
ကြောင့်လည်း ပါကောင်းပါမည်ပေါ့။
‘ဒီကနေ
အထက်နား နည်းနည်း တက်သွားရင် ဧရာဝတီလင်းပိုင်တွေကိုတောင် တွေ့ရမယ်’ ဟု အတူပါသည့်
မန္တလေးသား မိတ်ဆွေက ပြောသည်။ လင်းပိုင်တွေကို မမြင်ခဲ့ရသော်လည်း
ရှိန်းမကားရွာနားကနေ ဖြတ်ကြည့်ရသော ဧရာဝတီမြစ်၏ ရှုခင်းရှုကွက် သာယာပုံကိုမူ ယခုထိ
မမေ့တဲ့နိုင် ဖြစ်နေရပါသေးသည်။ မန်းကျည်းတုံ၊ ဝက်လက်၊ လှတော အစရှိသော ရွာကလေးတွေက
အညာရွာများပီပီ အေးအေးချမ်းချမ်း ငြိမ်ငြိမ်ဆိမ်ဆိမ်ရှိပါသည်။ ရွှေဘိုဒေသတွင်းက
စိမ်းလန်းသော လယ်ကွင်းများကို မြင်တော့ မြစ်ဝကျွန်းပေါ်ဒေသသား ကျွန်တော်တို့အဖို့
အညာဒေသ၌ ဤမျှ စိမ်းလန်းသော ဆည်ရေသောက် စပါးခင်းများ ရှိပါကလား အံ့ဩရသည်။
အဲဒီတုန်းက
ထိုခရီးကို အတူသွားခဲ့သည့် မိတ်ဆွေနှင့် ဒီနှစ်ပိုင်းတွေအတွင်း တယ်လီဖုန်းပြောဖြစ်သည့်အခါ
‘တို့ သွားခဲ့တဲ့ အဲဒီခရီးလေး လွမ်းလှသကွာ’ ဟု ကျွန်တော်က လွမ်းစကားဆိုရင်း ‘ အခု
အဲဒီဘက်တွေရော အခြေအနေ ဘယ်လိုရှိသလဲ’ မေးကြည့်မိသည်။ ‘ကုန်ပြီ၊ အားလုံး ကုန်ပြီ
ငါ့ကောင်’ ဟု မိတ်ဆွေက ရင်ထုမနာ စကားခွန့်တုံ့သည်။ ကျွန်တော် တစ်ခါသော ရောက်ဖူးရုံနှင့်
စွဲလန်းနေသော ရှိန်းမကားမှာ စစ်၏ဒဏ်ရာများကြောင့် မွမွကြေခဲ့ပြီတဲ့။ ထို့အတူ
ကျွန်တော်တို့ ဖြတ်သွားခဲ့သော ရွာကလေးတွေက အချို့မှာ ဒေသခံတွေ မရှိကြတော့။
အမြင်ပသာဒ စွဲမက်ဖွယ်ကောင်းခဲ့သော မြင်ကွင်းများအားလုံးကို အကျည်းတန်မှုက
အစားထိုးယူလိုက်ပြီ။
‘စစ်ကိုင်းမြို့ပေါ်ရော
ရောက်ဖြစ်သေးလား’ဟု ကျွန်တော်က ဆက်မေးတော့
‘ကိစ္စထူး မရှိဘဲ မရောက်ဖြစ်တော့’သည့်အကြောင်းကို ဖြေပြီး သူတို့၏
သောကတွေနှင့် အဲဒီဘက်မှာ ဖြစ်ပျက်နေသည့် ကိစ္စများကို စီကာပတ်ကုံး ပြောပြသည်။
ကျွန်တော်သည် သူပြောပြနေသော အခြေအနေများကို နားထောင်ရင်း ကြေကွဲ ဆို့နင့်မိသည်။
သူနှင့် စကားပြောပြီး နောက်ပိုင်း မင်းကွန်းဒေသဘက်မှာရှိသည့် မိတ်ဆွေကို
ဆက်သွယ်မိသေးသည်။ အင်တာနက် ဆက်သွယ်ရေးများ ချို့ယွင်းမှုကြောင့် အလွယ်နှင့် မရ။
ကြိုးစားပြီး နေ့စဉ်ဆက်တိုက်နီးနီး ဆက်သွယ်မှ အင်တာနက် လိုင်းကောင်းချိန်နှင့်
ကြုံသောအခါ စကားပြောလို့ရသည်။ သူကတော့ ဧရာဝတီမြစ်လယ်က သောင်ကျွန်းကလေးတစ်ခုပေါ်မှာ
ရောက်နေ သည်။ မင်းကွန်းက အိမ်ကို ပစ်ခဲ့ရပြီ။ ထိုမိတ်ဆွေမှာ
အသက်ခြောက်ဆယ်ကျော်ပါပြီ။ အသက်ကြီးမှ ပြေးလွှားနေရသော စိတ်ဆင်းရဲခြင်း
ကိုယ်ဆင်းရဲခြင်းဒဏ်ကို ကျိတ်မှိတ်ခံနေရရှာသည်။ သူ ပြောပြေသော သူသိသမျှ
မင်းကွန်းဒေသဘက်က အခြေအနေတွေကို ကျွန်တော်တို့ ကြားခွင့် သိခွင့်ကြုံသည်။
စိတ်သက်သာရာရဖွယ် အကြောင်းများတော့ မဟုတ်ပါလေ။
ကျွန်တော်သည်
ယခုအခါတွင် စစ်ကိုင်းသို့
မရောက်ဖြစ်တော့သည်မှာ ခြောက်နှစ်ကျော်ပါပြီ။ စာရေးဆရာညီပုလေး ကွယ်လွန်စဉ်က
သူ့နာရေးကို လိုက်ပို့ရင်း မန္တလေးမြို့သို့ တစ်ခေါက် ရောက်သည့်တိုင်
စစ်ကိုင်းမြို့ဘက်သို့ မကူးနိုင်တော့ပါ။ ဂေါဝိန်ဆိပ်ကနေပြီး စစ်ကိုင်းတောင်ရိုး ညို့ညို့ကိုသာ
အလွမ်းပြေ ငေးခဲ့ရပါသည်။ ထိုစဉ်က ဘေးမှာ အတူရပ်ကြည့်နေသည့် မန္တလေးသား မိတ်ဆွေက
‘အဲဒီတောင်ရိုးရဲ့ အလွန်က ဝေနေတာ မြူတွေလို့ ခင်ဗျားထင်လား။ မြူတွေ ဟုတ်ရင်လည်း
ဟုတ်မှာပေါ့။ ဒါပေမဲ့ အဲဒီမြူခိုးတွေထဲမှာ ယမ်းငွေ့တွေလည်း ရောနှောပါနေမှာ
သေချာတယ်’ ဟု ကဗျာဆန်ဆန် ဆွေးလျစွာ ပြောနေသံကို ကျွန်တော် ခေါင်းညိတ်ပြီးသာ
လက်ခံလိုက်ပါသည်။ ‘ယမ်းငွေ့တွေတင် မဟုတ်ပါဘူးဗျာ၊ လူထုတွေရဲ့ မျက်ရည်တွေပါ အငွေ့ပျံပြီး
ရောပါနေတာ’ ဟု စိတ်ထဲက ပြောလိုက်သောလည်း နှုတ်ကမှု ထွက်ပေါ်မလာပေ။
ဒုတိယကမ္ဘာစစ်ပွဲကာလတုန်းက
မန္တလေးနှင့် အနီးအနားရှိ လူတွေသည် စစ်ကိုင်းတောင်ရိုးဘက်
စစ်ပြေးစစ်ရှောင်ခဲ့ကြသည့်အကြောင်း ကျွန်တော်တို့ စာအုပ်တွေထဲမှာ ဖတ်ဖူးသည်။
‘တောင်တွေစိမ်းလန်း ချောင်တွေသိန်းသန်း’ဟု မြို့မငြိမ်းက
‘စစ်ကိုင်းတောင်’သီချင်းထဲ ဖွဲ့ခဲ့သလို တရားရှာမှီးသော သပ္ပုရိသအပေါင်း
သူတော်ကောင်းတို့ စံပျော်ရာ စစ်ကိုင်းတောင်သည် စစ်မီးတောက်မီးလျှံများမှ ကင်းဝေးရာ
အရပ်။ အသက်ဘေးက စိုးရိမ်တကြီး ပြေးလာခဲ့သူတို့ သက်မကြီးချ ခိုလှုံတစ်ထောက်နားကြသော
နေရာတစ်ခု။ ထို့သို့ မှတ်ခဲ့ဖူးပါသည်။ သို့သော် ယခုအခါ အဲဒီလို မဟုတ်တော့ ပါကလား။
တောင်ရိုးတန်း စစ်ကိုင်းဘက်မှာ နေကြသူတွေသည်ပင် စစ်မှ လွတ်ရာသို့ ပြေးနေကြရပြီ။
စစ်၏ မည်းနက်သော တောင်ပံများသည် စစ်ကိုင်းတောင်ရိုးတန်း တစ်ခွင်တစ်ပြင်ကြီးပေါ်
အုံ့မိုးဖြန့်ကား၍ တဖြောင်းဖြောင်း ရိုက်ခတ်နေပါကလား။
စစ်ကိုင်းသို့
မရောက်သည်မှာ ကြာသော်လည်း ကျွန်တော်သည် တစ်ခါက တပျော်တပါး လှည့်လည်သွားလာခဲ့ဖူးသော
စစ်ကိုင်းတစ်ခွင်က မြင်ကွင်းများကို အမြဲတမ်းလိုလို သတိရ အောက်မေ့မိပါသည်။
စစ်ကိုင်းနှင့် ပတ်သက်သော နောက်ဆုံးရ သတင်းတွေကို အစဉ်သဖြင့် နားစွင့်ထားပါသည်။
စာအုပ်တွေထဲမှာ စစ်ကိုင်းအကြောင်း အရေးအသားတွေ ဖတ်ရသည့် အခါလည်း စိတ်ထဲတွင်
အမှတ်အသား ပြုမိသည်။ မကြာသေးမီ တစ်ရက်က အချစ်ကဗျာဘာသာပြန်ဆရာ ချိုထွန်းက
ကျွန်တော့်ကို စာအုပ်တစ်အုပ် ပေးသည်။ ကျွန်တော့်ဆီမှာ အဲဒီစာအုပ် မရှိသေး၊
မဖတ်ရသေးပါက ‘အပိုင်ယူ’လိုက်ရန် ပြောသည်။ မရှိသေးသော စာအုပ်ဖြစ်၍ ကျွန်တော်ကလည်း
ဝမ်းသာစွာ ယူထားလိုက်ပါသည်။ စာအုပ်က ကဗျာဆရာ မောင်သွေးသစ်၏ ဆောင်းပါးတွေ
ကဗျာတွေကို စုစည်းထားသည့် စာအုပ်ဖြစ်သည်။ ဆရာချိုထွန်း ပေးသွားပြီးနောက် စာအုပ်ကို
ကျွန်တော် လှန်လောဖတ်မိသည်။ ဆရာမြသန်းတင့်အကြောင်း ရေးထားသော ဆောင်းပါးတစ်ပုဒ်ပါ၍
အလျင်ဦးစွာ ထိုဆောင်းပါးကို ကျွန်တော် ဖတ်ပါသည်။
ဆောင်းပါးထဲတွင်
မောင်သွေးသစ်က သူနှင့် ဆရာမြသန်းတင့်တို့ မိုးကောင်း၊ ပင်းဘော၊ ဆားမှော် အစရှိသော
ကချင်ပြည်နယ်ဘက်ရှိ မြို့များသို့ စာပေဟောပြောပွဲ ထွက်စဉ်က အတွေ့အကြုံကို ပြန်လည်ရေးပြထားသည်။
အဆိုပါ စာပေဟောပြောပွဲ ခရီးအတွင်း စစ်ကိုင်းတံတားကြီးကို မီးရထားဖြင့်
ဖြတ်သန်းစဉ်တွင် ဆရာမြသန်းတင့်က သူငယ်အခါ စစ်ကိုင်းဘက်သို့
လာခဲ့ရသည့်အကြောင်းများကို စကားစပ်မိသဖြင့် ပြန်လည်ပြောပြကြောင်း၊
ထိုအကြောင်းများကို စာပေဟောပြောပွဲ ခရီးစဉ် အတူလိုက်လာသူ ဆရာမခင်ဆွေဦးက
‘စစ်ကိုင်းသမီးဒိုင်ယာရီ’ စာအုပ်ထဲတွင် အကျယ်တဝင့် ထည့်သွင်းရေးသားပြီး၍ သူ
ထပ်ပြီး ရေးဖို့ မလိုအပ်ကြောင်း ဆိုထားသည်။ သို့ဖြင့် ဆရာြမသန်းတင့် ဘာတွေ
ပြောသွားပါလိမ့်ဟု သိလိုသူ ကျွန်တော့်အဖို့မူ ‘စစ်ကိုင်းသမီးဒိုင်ယာရီ’စာအုပ်ကို
ဖတ်ဖို့ ‘စိတ်နိုး’ လာရသည်။
‘စစ်ကိုင်းသမီးဒိုင်ယာရီ’
စာအုပ်ကို အိမ်ကစာအုပ်စင်ထဲမှာ ရှာတော့ အဆင့်သင့် တွေ့သည်။ ဖတ်ခဲ့ဖူးတာ
ကြာခဲ့ပြီမို့ အကြောင်းအရာတွေကို အသေးစိတ် မမှတ်မိတော့။ ယခု ဆရာမြသန်းတင့်နှင့်
ဆိုင်သော အကြောင်းကို သိချင်သဖြင့် ပြန်လှန်မိရင်း ဟိုတစ်မျက်နှာလှန် ဒီတစ်မျက်နှာလှန်ဖတ်ရင်း
‘စာနွှေး’နေမိသည်။ မောင်သွေးသစ် ရေးသလို ဆရာြမသန်းတင့်
ပြောသော စကားရယ်လို့ သီးသီးခြားခြားကြီး အထူးတလည် မတွေ့ရသော်ငြား ခင်ဆွေဦးက သူ၏
ငယ်ဘဝကာလ ဒုတိယကမ္ဘာစစ်အတွင်း သူ့ဇာတိဒေသ စစ်ကိုင်းမြို့နှင့် အနီးအနားရွာတွေမှာ
စစ်ပြေးစစ်ရှောင်းရင်း ကြုံခဲ့တွေ့ခဲ့ ခံစားခဲ့ရသည့် အဖြစ်သနစ်များကို ‘အမှတ်တရ
မှတ်တမ်း’ သဖွယ် ပြန်လည် ရေးသားထားသော ‘စစ်ကိုင်းသမီး ဒိုင်ယာရီ’ စာအုပ်ပါ
ဆောင်းပါးတွဲများက လတ်တလောတွင် စစ်ကိုင်းဘက်သို့ ‘စိတ်ညွှတ်’
နေမိသော ကျွန်တော့်ကို ဆွဲဆောင်ထားလိုက်လေသည်။ သို့နှင့် ဆောင်းပါးတွဲကြီးကို တစ်ပုဒ်ပြီးတစ်ပုဒ် ဖတ်နေမိသည်။ တစ်အုပ်လုံး
ဖတ်ပြီးသွားသောအခါ ဤစာအုပ်အကြောင်း စာဖတ်ခြင်းမှာ မွေ့လျော်ကြသော အခြားမိတ်ဆွေ
စာဖတ်သူများထံ ‘လက်တို့’ ပြောချင်သည့် စိတ်လည်း ပေါ်မိသည်။
စာအုပ်ထဲတွင်
‘ဒိုင်ယာရီ’ ဟု နာမည်တပ်ပြီး တစ်၊ နှစ်၊ သုံး၊ လေး စသဖြင့် အမှတ်စဉ်ထိုး၍
ဖော်ပြသော ဆောင်းပါးက ဆယ့်ခြောက်ပုဒ် ပါဝင်သည်။ အခြား သီးခြားအမည်နှင့် ဆောင်းပါးက
ဆယ်ပုဒ်။ စုစုပေါင်း ဆယ့်ခြောက်ပုဒ်ဖြစ်သည်။ ‘ဒိုင်ယာရီ’ ခေါင်းစီးတပ်
ဆောင်းပါးများ အားလုံးနီးပါးက ဒုတိယကမ္ဘာစစ်မီး ဟုန်းဟုန်းတောက်လောင်မြိုက်နေသည့်
အတောအတွင်း စစ်ကိုင်းတစ်ခွင် စစ်ဘေးကြုံရပုံအကြောင်းများဖြစ်ပြီး၊ ကျန်သည့်
ဆောင်းပါးများက စစ်ကာလအတွင်း စစ်ကိုင်းမှ ရန်ကုန်တို့ တက်လာစဉ် ကြုံရသော
အတွေ့အကြုံများဖြစ်သည်။ ဆောင်းပါးများ အခြေပြုသော အချိန်ကာလမှာ စစ်အတွင်းဟု ယေဘုယျ
သတ်မှတ်၍ ရပါသည်။
‘စစ်ကိုင်းသမီး
ဒိုင်ယာရီ’ ကို ရေးသူ စာရေးဆရာမ ခင်ဆွေဦးသည် နာမည်ကျော် စာရေးဆရာကြီး မဟာဆွေ၏
သမီးမှန်း သိကြပြီး ဖြစ်ပါသည်။ စစ်အတွေ့အကြုံများကို ရေးသောအခါ ဖခင်ဖြစ်သူ မဟာဆွေ၏
စစ်အတွင်းကာလ နေထိုင်ပြောဆို လုပ်ကိုင်ပုံအကြောင်းများက ကျယ်ပြန့်စွာ
နေရာယူထားသည်။ ထို့ကြောင့် ခင်ဆွေဦး၏ အတွေ့အကြုံထက် မဟာဆွေတို့ မိသားစု၏
အတွေ့အကြုံများဟု ဆိုလျှင် ပို၍သင့်တော်မည် ထင်ပါသည်။ ဆောင်းပါးတစ်ပုဒ်တွင်မူ
ဤမှတ်တမ်းများကို စစ်ကာလအတွင်းက ရေးမှတ်ခဲ့သော မဟာဆွေ၏ မှတ်တမ်းကို အခြေခံကာ
ရေးသည်ဟူ၍ ဖတ်ရသည်။ မဟာဆွေ၏ မှတ်တမ်းကို
အခြေခံ၍ ခင်ဆွေဦးရေးပြသော စစ်အတွင်းအတွေ့အကြုံများ ဆိုလျှင်လည်း ရကောင်းပါလိမ့်မည်။
ခင်ဆွေဦးက
‘စစ်ကိုင်းသမီးဒိုင်ယာရီ’ ဆောင်းပါးတွဲ၏ ပထမဆုံးဆောင်းပါးကို မောင်သွေးသစ်၊
မြသန်းတင့်တို့နှင့်အတူ မိုးကောင်း၊ ပင်ဘော စသောမြို့များသို့ စာပေဟောပြောပွဲ
ခရီးထွက်လာစဉ် မီးရထားဖြင့် စစ်ကိုင်းတံတားကို ဖြတ်သန်းခိုက် စစ်ကိုင်းတံတားခေါ်
အင်းဝတံတားနှင့် ဆက်စပ်သော မှတ်ဉာဏ်များဖြင့် စတင်သည်။ အစောဆုံး
စစ်ကိုင်းတံတားနှင့် ပတ်သက်ပြီး ခင်ဆွေဦး မှတ်မိနေတာတစ်ခုက ကြေကွဲစရာ
အနိဌာရုံနှင့် စတင်သည်။ အင်္ဂလိပ်အဆုတ် ဂျပန်အဝင်
ဗရုတ်ဗရက်ကာလအတွင်း ဂျပန်တော်လှန်ရေးလုပ်နေသော မြေအောက်အဖွဲ့အစည်းမှ သခင်သိန်းတန်ကို
ဂျပန်တို့ ဖမ်းမိသွားပြီး၊ စစ်ကိုင်းတံတားပေါ်ခေါ်လာကာ သခင်သိန်းတန်ကို
လက်ပြန်ကြိုးတုပ်၊ မျက်နှာအဝတ်စည်း၊ ဒူးထောက်ထိုင်ခိုင်းကာ ဓားနှင့် စလွယ်သိုင်း
ခုတ်ချပြီး ဧရာဝတီမြစ်ထဲ ကန်ချလိုက်ခြင်း ဖြစ်သည်။
သခင်သိန်းတန်ဆိုသူမှာ မဟေသီမဂ္ဂဇင်း အယ်ဒီတာချုပ် ဦးစောမြင့်၏ အစ်ကိုအရင်း။
ခင်ဆွေဦးတို့အဖေ မဟာဆွေက သခင်သိန်းတန်ကို ‘ချစ်တီး’ဟု ခေါ်သည်။ ‘ချစ်တီး’ဟူသော
အမည်ကို တွေ့ရမှ အခြားသမိုင်းအတွေ့အကြုံ စာအုပ်အချို့မှာ ဖတ်ရသည့်
စစ်ကိုင်းတံတားပေါ်မှာ ဂျပန်လက်ချက်ဖြစ် အသက်ပေးသွားရသူ ရဲဘော်ချစ်တီးမှာ ယခု သခင်သိန်တန်းကို ဆိုလိုကြောင်း ဆက်စပ်မိတော့သည်။ ခင်ဆွေဦးက
စစ်ကိုင်းတံတားတွေ၊ ဧရာဝတီမြစ်တွေသာ အသက်ရှိသူတွေ ဖြစ်ပါလျှင် သွေးတွေ၊ ချွေးတွေ၊
မျက်ရည်တွေနှင့် အရင်းအနှီးပြုခဲ့ရသော သမိုင်းဖြစ်စဉ်ကိုတွေကို သေချာပေါက်
ပြောပြနိုင်မှာပဲဟု ရေးသည်။ ပြီးတော့ စစ်မုန်တိုင်းကာလအတွင်း သူတို့မိသားစု
စစ်ကိုင်းမှာ ကြုံရသည့် အကြောင်းတွေ ဆက်ရေးဦးမည်ဆိုသည်။ သို့နှင့် ကျွန်တော်တို့က
နောက်ထပ် ခင်ဆွေဦး၏ ဒိုင်ယာရီများကို ဖတ်ဖို့ စိတ်စောရတော့သည်။
‘စစ်ကိုင်းမြို့သည့်
စစ်ဘေးဒဏ်အလူးအလဲ ခံခဲ့ရသည့်ကြားထဲကပင် လှပသော မြို့တစ်မြို့ဖြစ်သည် ဆိုသည်ကို
ဘယ်သူမျှ မငြင်းနိုင်ပေ’ ဟု ခင်ဆွေဦးက ရေးသည်။ စစ်မီးလျှံတွေကြားထဲမှပင်
လှပနေဆဲ စစ်ကိုင်းမြို့ထဲသို့
ချန်ကေရှိတ်၏ တရုတ် စစ်သားတွေ ရောက်လာလေသည်။ ရန်ကုန်မြို့တွင်
နေထိုင်လျက်ရှိသော မဟာဆွေမိသားစုလည်း
စစ်ကိုင်းမြို့သို့ စစ်ပြေး စစ်ရှောင်ရင်း လာရောက်
ခိုလှုံနေကြသည်။ စစ်ကိုင်းမြို့ကို ကြီးစိုးထားသော တရုတ်ကူမင်တန်စစ်သားတွေက
မိန်းကလေးများကို အဓမ္မကျင့်ပြီး လှံစွပ်နှင့်ထိုးသတ်သည်ဆိုသော အရပ်သတင်း
ဈေးသတင်းများကလည်း ဟိုနားဒီနား ကြားလာရသည်။ ထို့ကြောင့် ငယ်ရွယ်သေးသော
ခင်ဆွေဦးတို့မှာ အိမ်တံခါး၊ ခြံတံခါးကို အမြဲပိတ်ထားရသည်။ ခြံဝန်းရှေ့တွင်
လက်နက်ကိုင် တရုတ်စစ်သားများတွေ့ရလျှင် အိမ်တွင်းပုန်းနေရသည်။ မျက်မြင်ကိုယ်တွေ့
ဖြစ်ရပ်တစ်ခုကိုမူ ခင်ဆွေဦးက အခုလို ရေးပြသည်။
‘ကျွန်မတို့
မျက်စိရှေ့တွင်ပင် စိတ်မချမ်းမြေ့ဖွယ်ရာ အဖြစ်အပျက်တစ်ခုက ကလေးငယ်တစ်ဦး၏ စက်ဘီးကို
ကူမင်တန် စစ်သားက လုယူသောအခါ ကလေးက ငိုယိုကာ
ကူမင်တန်စစ်သားကို ကန်ကျောက်သဖြင့် ကလေးကို သေနတ်ဖြင့် ပစ်သတ်လိုက်သည်။ ကလေး၏
မိခင်က ငိုယိုကာ တောင်းပန်သည်ကိုပင် လက်လှမ်းမမီလိုက်။ စစ်သားများ
ထွက်ခွာသွားကြသောအခါ အသက် ၃၀ ကျော် မိခင်သည် ၁၀နှစ်သားအရွယ် သွေးစက်လက်နှင့်ကလေးငယ်၏
အလောင်းကို ပိုက်ကာ ကျန်ရစ်သည်’ (ဒိုင်ယာရီ-၃/ စာ ၁၇ )
စစ်ကာလသည်
ဗရုတ်သုက္ခနိုင်လွန်းလှသည်။
ခင်ဆွေဦးတို့
စစ်ကိုင်းမှာ စစ်ဘေးခိုလှုံနေကြစဉ် တစ်ရက်၌ ‘ဂိုဒေါင် ဖောက်ကုန်ကြပြီ’ ဆိုသော အသံတစ်ခု
ထွက်လာသည်။ မဟာဆွေတို့ ထွက်ကြည့်တော့ ပစ္စည်းများကို သယ်ပိုးပေးနေသော တောလှည်းသမား
ခုနစ်ဆယ်ခန့်နှင့် တကောင်းရပ်ကွက်သား နှစ်ဆယ်ခန့် ရန်ဖြစ်ကြသည်။ လှည်းသမားတွေလက်ထဲ
ဓားရှည်တွေ၊ လှည်းထမ်းပိုးတွေ ကိုင်လျက်သား။ မဟာဆွေ၏ ဘေးနား လှည်းထမ်းပိုးတစ်ချောင်း
ဝှီးခနဲကျလာ၍ နောက်ဆုတ် ခုန်ရှောင်လိုက်ရသေးသည်။ ရပ်ကွက်သား တစ်ဦး၏ ခေါင်းမှာ
သွေးစတွေ။ ဓားရှည်၏ အသွားတွေက နေရောက်မှာ တလက်လက်။
ခင်ဆွေဦးတို့၏
ဘဘကြီး (မဟာဆွေ့ယောက်ဖ) ဦးဘတင်၏ညီ ကိုကြည်လင် ဆိုသူမှာ မြို့စောင့်တပ်က ဖြစ်သည်။
ထို့ကြောင့် နှစ်လုံးပြူးသေနတ် ကိုင်ထားနိုင်သည်။ အဓိကရုဏ်းက ပို၍ ပြင်းထန်လာသောအခါ
မဟာဆွေက ကိုကြည်လင်ကို သေနတ်မိုးပေါ်ထောင်ပစ်ကာ လူစုခွဲဖို့ ပြောသည်။ အစပိုင်းတွင်
ကိုကြည်လင်က မိုးပေါ်ထောင်ပြီး ဖြစ်သည်။ နောက်တော့ သေနတ်ပစ်ဖောက်သူဘက်သို့ ရွယ်၍
ပစ်လိုက်သော ဓားရှည်တွေ၊ လှည်းထမ်းပိုးတွေက ကြောက်မက်ဖွယ် ကောင်းသေးတော့။
ကိုကြည်လင်က လွယ်အိတ်ထဲရှိ ဝီစကီပုလင်းကို ဆွဲထုတ်ပြီး ရဲဆေးတင်လိုက်သည်။
ထို့နောက် ‘မရတော့ဘူး’ ဆိုကာ လူအုပ်ကြီးဘက်ဆီ နှစ်လုံးပြူးသေနတ်ကို
ထိုးချိန်ပစ်လိုက်သည်။
ထိုအချိန်မှာ
ဦးဘတင်သည် သူ့အိမ်က ထွက်ကာ ကိုကြည်လင်ကို သေနတ်နှင့် မပစ်ဖို့ ပြောပြီးစ။ တဖန် ဦးဘတင်သည်
လူအုပ်ကြီး ရှိရာဘက်ခြမ်းက
တပည့်လှည်းသမားတွေထံသို့ အမောတကော
ပြန်ပြေးလာသည်။ သို့ဖြင့် ဦးဘတင်ကလည်း လူအုပ်ကြီးထဲတွင် ရှိနေသည်။ ‘ဟေ့ကောင်တွေ
တော်တော့။ သေနတ်နဲ့ တကယ်ပစ်နေတာ’ ဟု သူ့တပည့်တွေကို အော်ပြော ဖြန်ဖြေသည်။ မရပြီ။
သွေးပူသွေကြနေသော လူများသည် ‘သတ်ရဲရင် သေရဲတယ်’ အော်ကာ ရှေ့တိုး ကြပြန်သည်။
ကိုကြည်လင် ထပ်ပစ်လိုက်သော သေနတ်ကျည်ဆံက လူအုပ်ကြီးထဲဝင်ကာ တစ်ဦးကို ထိသွားသည်။
ကိုကြည်လင် ပစ်လိုက်သော ကျည်ဆံထိမှန်သူမှာ အခြားမဟုတ်။ ဦးဘတင်တည်း။
‘ဖေဖေ၏
ဒိုင်ယာရီမှတ်တမ်းကို ကျွန်မ ကူးယူခဲ့ရာ ဘဘကြီး သေဆုံးသောနေ့မှာ ၁၉၄၂ ခုနှစ်၊
ဧပြီလ ၂၁ ရက်နေ့တွင် ဖြစ်သည်။ သည်နေ့က စပြီး ကိုကြည်လင်သည် ၂၄ နာရီတွင်
အိပ်ချိန်မှ လွဲ၍ နေ့နေ့ညည အရက်သောက်ကာ မျက်နှာ နီမြန်းလာကာ အရက်ကြောင့်
အသက်တိုရှာသည်’ (ဒိုင်ယာရီ-
၄/ စာ ၃၁ )
စစ်၏ ကြေကွဲစရာ
အနိဌာရုံများသည် ဤမျှနှင့် ရပ်မသွားသေးပေ။
မဟာဆွေသည်
ယောက်ဖဖြစ်သူ သေဆုံးပြီးနောက် ချက်ချင်းပင် ရွှေထုံး (ထုံးဘို) ဘက်သို့ ပြောင်း၍
စစ်ရှောင်သည်။ ‘ရွှေထုံးသို့ ပြောင်းရွေ့သည့် အချိန်မှ စ၍
ကူမင်တန်တရုတ်စစ်သားများရန်မှ လွတ်အောင်ရုန်းရသော စစ်ပြေးဘဝ ဖြစ်လေသည်’ ဟူ၍
ခင်ဆွေဦးက ရေးသည်။ ထုံးဘိုဘက်တွင် စစ်ရှောင်နေခိုက် တစ်ရက်တွင် တရုတ်စစ်သားတွေ
ရောက်လာပြန်သည်။ ခြံထဲတွင်ထားသော လှည်းနှစ်စီးကို နွားနှင့်လိုချင်သည်ဟု ပြောသည်။
မဟာဆွေက ကိုယ်လက်အမူအရာဖြင့် လှည်းမမောင်းတတ်သည့်အကြောင်း၊ လှည်းကိုမူ ယူလိုက
ယူသွားနိုင်ကြောင်း ပြန်ပြောသည်။ ထိုအချိန် တွင် အိမ်သား မိန်းမသူများမှာ
ကြောက်လွန်း၍ အခန်းတံခါးဂျက်ထိုးကာ ပုန်းအောင်းနေရသည်တဲ့။
တရုတ်စစ်သားနှစ်ဦးက
မဟာဆွေကို သေနတ်နှင့် ထိုးချိန်ပြီး၊ မရမက လိုက်ခဲ့ဖို့ ခေါ်သည်။ ‘မထူးတော့ပါဘူး’
ဆိုကာ တူတော်သူနှစ်ဦး (ကိုအေးဖေနှင့် ကိုအေးငွေ) ကို ခေါ်ပြီး လှည်းမောင်းပို့ရန်
ပြင်သည်။ တရုတ်တွေက မြင်းတစ်ကောင်ကိုလည်း သိမ်းလာသေးရာ၊ ခပ်လှမ်းလှမ်းက
မြင်းပိုင်ရှင် လူငယ်နှစ်ဦးက မဟာဆွေကို သူတို့ကူညီမည့်အကြောင်းပြော၍ အသက်
ဆယ့်သုံးနှစ်၊ ဆယ့်ငါးနှစ်သာ ရှိသေးသည် ကိုအေးဖေနှင့် ကိုအေးငွေကို ထားခဲ့ပြီး
တရုတ်စစ်သားနှစ်ဦးစေရာ လိုက်ပါခဲ့သည်။ လမ်းခုလတ်ကျတော့ နွားလှည်းကို လိုချင်ပါက
ငွေရှစ်ဆယ် ပေးရမည် ဆိုပြန်သည်။ ကာလပေါက်ဈေး အရ လှည်းတစ်စီး ငွေလေးရာခန့်
ပေါက်နေခိုက်ဝယ် ရှစ်ဆယ်နှင့် ပြန်ရွေးလို့ ရမည်ဆိုတော့ မဟာဆွေက
ခေါင်းညှိတ်လိုက်သည်။ ငွေတော့ အိမ်ပြန်ယူရမည်။ တရုတ်စစ်သားတွေ အိမ်လိုက်လာသည်။
ငွေရှစ်ဆယ်ပေးလိုက်တော့ တရုတ်တွေက ငွေတစ်ရာဟု ပြောသည်။ မဟာဆွေက စောဒကတက်တော့
တရုတ်စစ်သားတွေက သေနတ်ဖြင့် ရင်ဝကို ချိန်သည်။ မတတ်သာ၍ မဟာဆွေမှာ ငွေထပ်ယူပြီး တစ်ရာပြည့်အောင်ပေးတာ့လည်း
မဟုတ်ပြန်ချေ။ ငွေ တစ်ရာ့ငါးဆယ် ပေးမှဟု ဆိုပြန်သည်။ အိမ်ထဲက ခင်ဆွေဦးတို့
ကြီးဒေါ်ကြီးထံ ငွေထပ်တောင်းတော့ ကြောက်ကြောက်လန်လန့်ဖြင့် ရှိသမျှ ငွေထုတ်ကြီး
လက်ကမ်းသည်။ တရုတ်စစ်သားတွေက မြင်တော့ ငွေအထုတ်လိုက် လုယူသည်။ ‘ဒီငွေတွေကုန်ရင် တို့စားစရာမရှိဘူး၊
ငွေ ငါးဆယ်လောက် ပြန်ပေးပါ’ တောင်သော်လည်း မရ။ ဒီမျှနှင့် အားမရသေးဘဲ မဟာဆွေ၏
ရှပ်အင်္ကျီမှ ဖောင်တိန်ကိုပါ တရုတ်စစ်သားတွေက ဖြုတ်ယူသွားသေးသည်။
ရှိသမျှ
ငွေသုံးရာ တရုတ်စစ်သားတွေလက်ထဲ ပါသွားပြီ။ မလုံခြုံတော့၍ တစ်နေရာရာ ထပ်ရွေ့မှဆိုကာ
မြွေများ ကင်းများ ပေါလှသော ခြံကြီးတစ်ခြံထဲ ဆင်းပုန်းနေရသည်။ ထိုအခိုက်
မိုးကြီးရွာသည်။ သုံးနာရီလောက် မိုးထဲမှာ နေလိုက်ရတော့ လူတွေက ခိုက်တုန်အောင်
ချမ်းလျက်။ အအေးမိပြီး ဒုက္မများတော့မည်၊ တရုတ်စစ်သားတွေ လာသတ်လည်း သတ်စေတော့
သဘောထားကာ မဟာဆွေ၏ အရီးတော်သူ အိမ်တစ်အိမ် တက်၍ ခိုကြသည်။ နောက်တစ်နေ့မှာ
စစ်ကိုင်းနှင့် သုံးမိုင်ခန့် ဝေးသော ဝါးချက်ရာသို့ ပြောင်းရွေ့ စစ်ရှောင်သည်။
မဟာဆွေ၏ စစ်ရှောင်မိသားစုဦးရေက မနည်းလှ။ ကလေး လူကြီး ဆယ့်ငါးယောက်။
ရန်ကုန်က သယ်လာသည့် အိမ်မွေးခွေးနှစ်ကောင် (ဂျော်နီနှင့် လူစီ)။ ပြီးတော့
အခြားအိမ်ထောင်ပရိဘောဂနှင့် ဆန်ဆီဆား ငါးသေတ္တာ ရိက္ခာများ။ လှည်းငါးစီးတိုက်နှင့်
ပြောင်းရွေ့ရသည်။ လမ်းတွင် သီချင်းဓာတ်ပြားများထည့်ထားသော သေတ္တာတစ်လုံးသည်
လှည်းပေါ်မှ လျှောကျရာ၌ ဓာတ်ပြားတွေ ကွဲကုန်လေသည်။ ခင်ဆွေဦး၏ ကြီးဒေါ်က မဟာဆွေကို
ဆိုမြည်သည်။
‘မင်းကလဲလေ၊
မိန်းမနဲ့ ကလေးတွေကို သိပ်အလိုလိုက်တယ်။ ဒါတွေ သယ်မလာပါနဲ့ ဆိုတာ’ မဟာဆွေကမူ
အပြုံးမပျက်။ ‘ခေတ်ကောင်းရင် ပြန်ဝယ်ပေးရမှာပဲ’ ဟု အလျှော့မပေးဘဲ ပြန်ပြောသည်။
ဤနေရာတွင် ခင်ဆွေဦးက
ရွှေထုံး(ထုံးဘို) ကနေ ဝါးချက်ရွာသို့ ပြောင်းရွေ့ခဲ့သည်ဟု
‘ဒိုင်ယာရီ-၅’ ဆောင်းပါးတွင် ရေးသောလည်း ဝါးချက်သို့ ရောက်ကြသည့်အကြောင်းကို
မတွေ့ရ။ ‘ဒိုင်ယာရီ- ၆’ တွင်မူ သူတို့ စစ်ပြေးခရီးမှာ စစ်ကိုင်းမြို့ပေါ်
တဂေါင်းအရပ်မှ ရွှေထုံး။ ရွှေထုံးမှသည် ပယ်ငါးဆယ်ရွာသို့ အဆင့်ဆင့်
ပြေးခဲ့ရကြောင်းသာ ရေးသည်။ ဝါးချက်ရွာသို့ ပြောင်းသည်အကြောင်း မပါသည်ကို
သတိထားမိသည်။ ရှေ့က ဆောင်းပါးတွင် ဝါးချက်ရွာသို့ ပြောင်းသည် ဆိုသော်လည်း
နောက်ဆက်ရေးသော ဆောင်းပါးတွင် သူတို့သည် ပယ်ငါးဆယ်ရွာသို့ လာခဲ့ကြသည်ဟုသာ
တွေ့ရသည်။ ထားပါတော့။
ပယ်ငါးဆယ်ရွာတို့
မဟာဆွေမိသားစု ရောက်သောအခါ ရွာခံအိမ်တိုင်းတွင် ရန်ကုန်၊ မန္တလေးနှင့်
စစ်ကိုင်းဘက်က စစ်ရှောင်လာသူတွေဖြင့် ပြည့်နေလေပြီ။ ထိုအချိန်တွင်
ဂျပန်စစ်တပ်တွေကလည်း အထက်မြန်မာပြည်သို့ ထိုးစစ်ဆင်လာပြီ။ အင်္ဂလိပ်တပ်တွေ
ဆုတ်သွားကြပြီ။ ဆုတ်သွားသော တပ်များသည် စစ်ကိုင်းတံတားကြီးကို
ဖောက်ခွဲချိုးချခြင်း၊ စစ်ကိုင်းမြို့က လူနေအိမ်များ၊ အရေးတကြီး အဆောက်အဦများကို
မီးရှို့သွားကြပြီ။ မဟာဆွေတို့၏ တဂေါင်းအရပ်က နေအိမ်သည်ပင် မီးထဲပါခဲ့ပြီ။
မဟာဆွေတို့ မိသားစုက ပယ်ငါးဆယ်ရွာရှိ အိမ်ကြီးတစ်အိမ်၏ အောက်ထပ်မှာ နေရာရကြသည်။
ဖျာကြမ်းများ ခင်းအိပ်ရသည်။
သတင်းတွေ
ကြားရပြန်သည်။ တရုတ်စစ်သားတွေ စစ်ကိုင်းချောင်ထဲ ဝင်မွှေကြသည်တဲ့။ ကြွေရည်သုတ်
သေးအိုးတွေကို ဟင်းအိုးမှတ်ပြီး ခေါက်ဆွဲပြုတ်စားကြသတဲ့။ သူတို့ ဓားပြတိုက်လို့
ရလာသည့် လက်ဝတ်လက်စားတွေထဲက နားကပ်၊ လက်ကောက်၊ လည်ဆွဲတွေထဲက စိန်၊ မြ၊ ပတ္တမြား
အစရှိသော ကျောက်မျက်များကို ဓားဦးနှင့် ကော်ထုတ်ကာ ရွှေချည်း ယူသွားကြသည်တဲ့။ ထို
တရုတ်စစ်သားတွေ ပယ်ငါးဆယ်ရွာဘက်ကို လာဦးမယ်တဲ့။ သတင်းတွေ အမျိုးမျိုး
ကြားနေရသည်မှာ ရင်တုန်စိတ်လှုပ်ရှားစရာတွေချည်း ဖြစ်နေသည်။
ကဆုန်လ၏ ညတစ်ည။
လဆန်း နှစ်ရက်သုံးရက်မို့ အာကာတစ်ခွင် ကောင်းကင်ပြင်ကနေ အလင်းကလေး သဲ့သဲ့က
မြေပြင်တစ်ဝန်းသို့ ထိုးဆင်းဖြာကျနေသည်။ ရွာကို မီးရှို့ရန်
တရုတ်စစ်သားများ လာနေသည့်အကြောင်း ကြားရ၍ စစ်ရှောင်လူတွေ ကိုယ်အထုပ်ကိုယ်ဆွဲကာ
မှောင်ကြီးမည်းမည်းထဲ ကပျာကသီ ထွက်ပြေးကြရသည်။ အသက်ပင်မရှုရဲ။ ခြေသံဖွဖွနှင့်
ရွာထဲကနေ ပြေးရသည်။ ထိုအခိုက် ခင်ဆွေဦး၏ ဝမ်းကွဲအစ်မတစ်ဦး (အစ်မလေး)မှာ နှစ်ခါလည်သားအရွယ် မောင်လေးကို ခါးထစ်ခွင်ချီရင်း သူ့ထမီအောက်အနားစက ခြံစည်းရိုးနှင့်
ငြိလေတော့သည်။ အမှောင်ထဲတွင် ရှေ့က သွားနေကြသော လူကြီးတွေက ‘ဟဲ့ ကလေးမ
ဘာလုပ်နေတာလဲ၊ လာလေ’ တိုးတိုး
ကျိတ်၍ခေါ်သည််။ ‘လာလို့မရဘူး’ ဟု ငိုရင်း ပြောသည်။ ထမီနှင့် ခြံစည်းရိုး
ငြိနေသည့်အဖြစ်ကို သိကြရသည့်အခါ ‘ဟဲ့ကောင်မလေး၊ ငိုမနေနဲ့၊ ထမီချွတ်ပစ်ခဲ့’ ဆိုကာ
လူကြီးတွေက ပြောသည်။ အစ်မလေးက ‘ဟင့်အင်း မချွတ်ချင်ဘူး၊
မချွတ်ချင်ဘူး’ အော်ဆဲတွင် လူကြီးထဲတွေလည်း ‘ဟဲ့ဟိုမှာ နင့်ဘိုးအေတွေက လိုက်လာပြီ’
ဆိုသည်။ နောက်ဆုံး ခင်ဆွေဦးအမေက အစ်မလေးကို အဆင်းဆွဲခေါ်တော့မှ ထမီချွတ်ပြီး
ပါလာသည်။ မဟာဆွေ၏ ဦးလေးတော်သူ ဦးအောင်သာက
‘ ဟဲ့ကောင်မလေး၊ ထမီမပါ ဘာမပါနဲ့၊ ရော့ ဒါပတ်ထား’ ဆိုပြီး သူ့ခေါင်းရှိ
ခေါင်းပေါင်းစကို ဖြုတ်ပေးသည်။ အစ်မလေးသည် ခေါင်းပေါင်းကို ထမီလုပ်၍ ပတ်ရင်း
ရှိုက်ငိုဆဲ။
တရုတ်စစ်သားတွေ
သိသွားမှာစိုးရိမ်၍ ထွက်ပြေးရပါသည်ဆိုကာမှ
မဟာဆွေ မိသားစုထဲမှာ ဝမ်းသွားချင်ရသူနှင့်၊ ချောင်းဆိုးချင် ရသူနှင့်။ မဟာဆွေတို့၏
အိမ်မွေးခွေးများဖြစ်သော ဂျော်နီနှင့် လူစီကလည်း အရေးထဲကျမှ အစွမ်းက
ပြချင်ပါဘိသနဲ့။ မည်းမည်း မြင်တာနဲ့ ဟောင်ချင်နေတော့သည်။ မဟာဆွေ၏ ဇနီးက ခွေးမလေး
လူစီဟောင်ရန် ပါးစပ်’ဟ’လိုက်သည်နှင့် အတင်းပိတ်ရသည်။ ‘လူစီ မဟောင်နဲ့ တိတ်တိတ်နေ’။
ဦးလေး ဦးသင်းမောင်ဆိုသူက ခွေးတွေကို ကြည့်ရင်း ‘အံ့ပါရောဗျာ၊
စစ်ပြေးတာ ကလေးရော ခွေးရောသလို ဖြစ်နေပြီ’
ဟု သက်ပြင်းချကာ ပြောရင်း ရပ်နေသည်။
ထိုနေ့ည၊
ညလယ်လောက်ရောက်တော့ တစ်ဦးတစ်ယောက်က တပ်လှန့်လိုက်ပုံရသည်။ တရုတ်စစ်သားတွေ
လာနေပြီဆို၍ စစ်ပြေးလူအုပ်ကြီးသည်
ကျရောက်လာမည့် အန္တရာယ်မှ ရှောင်ရန်အလို့ငှာ နောက်က လူလိုက်ခံရသလို အမောတကော
ပြေးရသေးသည်။ သိပ်မကြာခင် သူတို့စွန့်ခွာခဲ့သော နေရာတွင် ဗုံးတစ်လုံး ပေါက်ကွဲသံ
ကြားလိုက်ရသည်။ ဤနေရာတွင် ခင်ဆွေဦးက စစ်အတွင်း သူ ဖြတ်သန်းခဲ့ရသော အတွေ့အကြုံတွေက
သူ့အတွက် စစ်ပွဲကို မုန်းတီးစေပြီး၊ ငြိမ်းချမ်းရေးကို
မြတ်နိုးစေခဲ့သည်ဟုဆိုထားသည်။ စစ်အတွင်း အတွေ့အကြုံများကို မဟာဆွေက ‘ငါဘယ်သူလဲ’
စာအုပ်တွေ တိတိပပ ရေးထားသည်ဟု ဆိုကာ မဟာဆွေ၏ အရေးအသားများကို ခင်ဆွေဦးက
ထုတ်နုတ်ပြထားတာလည်း ဖတ်ရပါသည်။ မဟာဆွေ၏ အရေးအသားကိုမူ မဖော်ပြတော့ပါ။ စစ်နှင့်
ပတ်သက်၍ ခင်ဆွေဦး၏ အရေးအသားကိုမူ
ကောက်နုတ်၍ ပြချင်ပါသည်။
‘ …. အနိဌာရုံ အမှောင်အတိကျနေသော ဒုတိယကမ္ဘာစစ်ခေတ်တွင် ကျွန်မတို့
လူသားအားလုံး အလျဉ်ကြီးမားသော ‘အချိန်’နောက် တရွတ်တိုက် လိုက်ပါခဲ့ကြလေသည်။
အချိန်ကို ဘယ်သူရပ်နိုင်သလဲ။ အချိန်သည် သွားနေသည်။ အချိန်၏ လမ်းကြောင်းနောက်ကို
လိုက်နေသည်။ လူတို့၏ ကံကြမ္မာသည် ထိုအချိန်စီးကြောင်း (Destination of
Time) နှင့် ယှက်နွယ်ပတ်သက်နေသည်။ ကျွန်မတို့ ‘ယနေ့ ယနေ့’ ဟု ထင်ရသော ကာလမှ အဖြစ်အပျက်တို့သည်
လူ့နိုင်ငံသမိုင်း ဖြစ်လာသည်။ လူ့သမိုင်းကို လူတို့ပင် ရေးခဲ့ကြသည်။ သို့သော်
အနိဌာရုံသမိုင်းကို ဘယ်သူမျှ ရင်မဆိုင်ချင်တော့တာ အမှန်ပင်တည်း’ (
ဒိုင်ယာရီ -၇/ စာ ၅၇)
ဒိုင်ယာရီ
အမှတ်စဉ် ၈ မှာတော့ ခင်ဆွေဦးက ဂျပန်တွေ အုပ်ချုပ်သော အချိန်သို့
ရွေ့ပြီးရေးသည်။ စစ်ကိုင်းဘက်ကနေ
ရွှေကြက်ယက် ရွာကလေးဘက်သို့ ပြောင်းရွေ့နေကြသည်။ မဟာဆွေကမူ တရုတ်စစ်သားတွေနှင့်
ကံဆိုးခဲ့သမျှ ဂျပန်စစ်သားတွေနှင့်ကျ ပြေလည်သည်ကိုလည်း ခင်ဆွေဦးက ရေးသည်။
ထို့ကြောင့် ခင်ဆွေဦးထံတွင် ဂျပန်စစ်သားတွေနှင့် ပတ်သက်သော အတွေ့အကြုံတွေ
ပြောစရာရှိလာရသည်။ မဟာဆွေနှင့် ဆက်ဆံရေးပြေလည်သော ဂျပန်အရာခံဗိုလ် တစ်ယောက်က သူဂျပန်ပြည် ပြန်သွားလျှင် ခင်ဆွေဦးကို
ခေါ်သွားချင်သည်၊ အသက်ဆယ့်ခြောက်နှင့် ပြည့်လျှင် လက်ထပ်ယူမည်အကြောင်း
အားမနာလျှာမကျိုး ပြောလာသည့်အခါ မဟာဆွေသည် မျက်နှာတည်သွားသည်။ ‘ငါတို့ မြန်မာမှာ
သမီးတွေကို ငယ်ငယ်ကလေးနဲ့ ယောကျ်ားနောက်ထည့်တာ ထုံးစံမရှိဘူး၊ ပြီးတော့ သမီးတွေကို
သိုင်းသင်ပေးရဦးမယ်၊ အားကစား လိုက်စားခိုင်းရဦးမယ်’ ပြောသည့်အခါ ဂျပန်စစ်သား
အံ့အားသင့်ပြီး ‘အဲဒါ ယောကျ်ားလေးတွေ လုပ်တာ မဟုတ်လား’ မေးသည်။ မဟာဆွေက
‘ငါသမီးတွေကို ယောကျ်ာလေးတွေ လုပ်တဲ့အလုပ်မျိုးပဲ လုပ်ခိုင်းမှာ’ ပြတ်ပြတ် ပြောလိုက်သည်။
အတူပါလာသည်
ဗိုလ်ကြီးအဆင့်ရှိ ဂျပန်စစ်သားက သူ့လက်အောက်က အရာခံဗိုလ်၏ ရိုင်းပျမှုအတွက်
မဟာဆွေကို တောင်းပန်သည်။ ထိုဂျပန်စစ်ဗိုလ်မှာ သတင်းစာဆရာတစ်ဦးလည်း ဖြစ်ခဲ့ပြီး
မဟာဆွေကိုလည်း စာရေးဆရာ၊ သတင်းစာဆရာဟု သိရသောအခါ လေးစားမှုရှိသူဖြစ်သည်။ ခင်ဆွေဦးက
ထိုဂျပန်စစ်ဗိုလ်သည် နောက်အခါ၌ သူ၏ ‘မိုးနှင့်ရေ’ ဝတ္ထုထဲက ဇာတ်ဆောင် ယာမာမိုတိုစံ
ဖြစ်လာသည်ဟုလည်း ရေးထားသည်။
ရွှေကြက်ယက်ရွာတွင်
မဟာဆွေမိသားစု စစ်ပြေးစစ်ရှောင်ဘဝဖြင့် နေထိုင်စဉ်ကာလအတွင်း ဒေါက်တာဘမော် သားအဖနှင့် အဖွဲ့တို့
ရွှေကြက်ယက်သို့ရောက်လာကြောင်းကိုလည်း ခင်ဆွေဦးက ရေးထားသည်။ ရွာထပ်မှာရှိနေသော
ဂျပန်စစ်တပ်များကို ရှောင်ကွင်းပြီး ရောက်လာခြင်း ဖြစ်သည်။ အသားဖြူသော ဒေါက်တာ
ဘမော်မှာ နေအပူဒဏ်ကြောင့် မျက်နှာနီရဲနေသည်။ မဟာဆွေမိသားစုက
ဒေါက်တာဘမော်နှင့်အဖွဲ့ကို ကျကျနနဧည့်ခံပြုစုသည်။ စစ်ကာလအတွင်း ဖြစ်သော်လည်း
ဒေါက်တာဘမော်တို့ကို ဧည့်ခံသည့်အစားအသောက်များမှာ အကောင်းအမွန်ကြီး
မဟုတ်သော်ငြား၊ မညံ့လှကြောင်း ခင်ဆွေဦး၏
အရေးအသားအရ ခန့်မှန်းနိုင်သည်။
‘အငွေ့တထောင်းထောင်းနှင့်
နှပ်ထားသော အက်(စ်)ဒဗလျူ ကော်ဖီ (နက်စ်ကော်ဖီအမျိုးအစား)၊ ဘုံဘေ တို့(စ်) ခေါ်
ပေါင်မုန့်နှင့် ကြက်ဥကြော် (စစ်ကိုင်းမှာ ဂျုံပေါသော အရပ်ဖြစ်သဖြင့်
ပေါင်မုန့်များ စစ်ကိုင်းဘက်က ရသည်)။ သီးမွှေး ငှက်ပျော်သီး၊ ခြံထွက်သင်္ဘာသီး၊
သလဲသီး စသော အသီးအနှံများဖြင့် ကျွေးမွေးဧည့်ခံရာ ဒေါက်တာဘမော်က-
“ကျွန်တော်တို့
ဘုံဘေရက်စတော်ရင့်(ဟိုတယ်)မှာ စားရတဲ့အတိုင်းပါပဲ။ သိုင်းခယူ့ ဗဲရီးမတ်ချ်
အင်ဒိ(ထ်) Thank you very much indeed’ ဟု
ချီးမွမ်းသွားပါသည်။ ကျေးဇူးအထူးတင်ပါကြောင်း အင်္ဂလိပ်လို ပြောသွားသော ဒေါက်တာ
ဘမော်၏ နှုတ်ခမ်းများသည် ရှမ်းမကလေးများ၏ နှုတ်ခမ်းများပမာ နီရဲနေသည်ဟု ဆိုသည်’
(ဒိုင်ယာရီ -၁၀/ စာ ၇၀)
ခင်ဆွေဦးသည်
ထိုအချိန်က ငယ်သေး၍ ဒေါက်တာဘမော်၏ နှုတ်ခမ်းများ နီရဲနေသည်ကို မှတ်မိ၊
သတိထားမိလိမ့်မည်တော့ မဟုတ်တန်ရာ။ ထို့ကြောင့် ‘….ဟုဆိုသည်’ အသုံးအနှုန်းအရ
တစ်ဆင့်ပြောစကားကို ပြန်ရေးခြင်းဟုသာ နားလည်ရပါသည်။
ရွှေကြက်ယက်ရွာတွင်
ရှိနေစဉ် အရူးမကလေးနှစ်ဦး ဂျပန်စစ်သားများနှင့် တရုန်းရုန်းဖြစ်ပြီး ကိုယ်ဝန်ရ၊
ကလေးမွေး၊ ရလာသော ကလေးရင်ခွင်ပိုက်ပြီး ထမင်းကျန် ဟင်းကျန် တောင်းစားနေသည့်
အဖြစ်ကို မဟာဆွေ ရင်ထုမနာ ဖြစ်ရကြောင်း ခင်ဆွေဦး၏ ‘ဒိုင်ယာရီ-၁၀’ မှာ ဖတ်ရသည်။
ရွှေကြက်ယက်ရွာမှာ ရှိနေစဉ် မဟာဆွေသည် စာဖတ်ခြင်းမှ လွဲ၍ အခြားအသက်မွေးမှုဘာတစ်ခုမှ
မလုပ်ခဲ့ကြောင်းလည်း ခင်ဆွေဦးက ရေးထားသည်။ ဂျပန်ခေတ်တွင် မဟာဆွေ၏
အပေါင်းအသင်းတွေထဲ ဂျပန်ကို သတင်းပေးနေသူများ ရှိသဖြင့် ကြည့်နေ့ ကြည့်စား
လုပ်နေရကြောင်း၊ အရင်းနှီးဆုံး မိတ်ဆွေတချို့ပင် သစ္စာဖောက်ဖြစ်နေသည်ဟု မဟာဆွေက
ပြောပြကြောင်းလည်း ခင်ဆွေဦး ရေးထားသည်။
ရွှေကြက်ယက်ရွာတွင်
စစ်ရှောင်နေသည်မှာ ငါးလခန့်ကြတော့ မဟာဆွေ ရန်ကုန်ဆင်းသည်။ မဟာမိတ်လေယဉ်ပျံတွေ
ခေါင်းပေါ်မှာ ဝဲနေသည်။ ဂျပန်ခေတ်ထဲ ရန်ကုန်ဆင်းသွားသော မဟာဆွေအတွက် မိသားစု၏
ပူပင်မှုမှာ ပြောဖွယ်ရာ မရှိတော့။ မဟာဆွေ ရန်ကုန်ရောက်ပြီး မကြာမီ ရွှေကြက်ယက်က
ဇနီးနှင့် သမီးနှစ်ယောက်ကို လူကြုံဖြင့် သူ့နောက်လိုက်ခဲ့ကြဖို့ မှာသည်။ ‘ဘဝသည် တိုတိုလေးဟု ဆိုကြသည်။
စစ်အတွင်းခရီးကတော့ ရှည်လှသည်’ ဟု ခင်ဆွေဦးက ရေးသည်။ ရန်ကုန်သို့
ပြောင်းလာသဖြင့် စစ်အတွင်း ရန်ကုန်မြင်ကွင်းကို ခင်ဆွေဦး မြင်ရပြန်သည်။
မိသားစုပြန်ဆုံကြသောအခါ ရန်ကုန်မြို့ထဲက တည်းအိမ်တစ်ခုမှာ ခေတ္တ ခိုလှုံသည်။
ရန်ကုန်မြို့ထဲကို မဟာမိတ်တပ်တွေက အဆက်မပြတ် ဗုံးကြဲနေသည့်အတွက်
ဗဟန်းကြားတောရလမ်းထဲက ဦးအရိယတိုက်၊ ဦးဝိသုဒ္ဒိကျောင်းဝန်းထဲ ပြောင်းရွေ့ပြီး
နေကြသည်။ ထိုအချိန်တွင် မဟာဆွေသည် ‘ရတီမှန်’ နှင့် ‘ပွင့်လင်းဂေဟာ’ အမည်နှင့်
လုံးချင်းဝတ္ထု ရေးနေသည်။
ဒိုင်ယာရီ-၁၃
ဆောင်းပါးမှ စတင်၍ နောက်ပိုင်းဆောင်းပါးတွေက စစ်ကာလ ရန်ကုန်တွင် ကြုံတွေခဲ့ရသော
ခင်ဆွေဦး၏ အတွေ့အကြုံများ၊ တစ်နည်းအားဖြင့် မဟာဆွေ မိသားစု၏ အတွေ့အကြုံများဟု
ခေါ်နိုင်ပါလိမ့်မည်။ ဦးအရိယကျောင်းတိုက်မှာ နေထိုင်စဉ်က ခင်ဆွေဦးတို့
ကြုံဆုံခဲ့ရသော အဖြစ်အပျက်တွေ မနည်းလှ။ ရန်ကုန်သည်လည်း စစ်၏ မည်းနက်သော
တောင်ပံများအောက်တွင် ပြားပြားမှောက် မွမွကြေနေလေပြီ။ ဗုံးမှန်သဖြင့် ရင်ဘတ်တစ်ခြမ်းနှင့်
မျက်နှာတစ်ခုလုံး စုတ်ပြတ်ဖွာလန်သွားသော သားအတွက် ရူးသွပ်သွားသော မိခင်တစ်ဦးကို သူတွေ့ခဲ့ဖူးသည်ဟု ခင်ဆွေဦးက ရေးသည်။
လေယဉ်ပျံတွေ ဗုံးမကြဲသည့်အချိန်မျိုးတွင်မူ ဗဟန်းဝန်းကျင်သည် သာသာယာယာရှိသည်ဟု
ဆိုပါသည်။ စစ်ကာလ ရန်ကုန်မြင်ကွင်းကို ‘တို့တိုင်းဌာနီ’ ဝတ္ထုရေးဖြစ်သောအခါ
ထည့်ရေးကြောင်းလည်း ခင်ဆွေဦးက စာဖတ်သူကို အသိပေးထားသည်။
ဂျပန်စစ်တပ်က
ဝါဒဖြန့် ပန်းချီကားမျိုးတွေကို သေနတ်ထောက်ပြီး အတင်းရေးခိုင်းသဖြင့် ဦးငွေကိုင်၊
ဦးဘလုံကြီးနှင့် အခြား ပန်းချီးဆရာအချို့သည် ကြားတောရလမ်းရှိ မဟာဆွေတို့
မိသားစုတွေ စုရုံးနေထိုင်ရာသို့ လာရောက်ပြီး စိတ်ညစ်ညစ်ဖြင့်
ပန်းချီလာရေးရသည့်အကြောင်းကို ခင်ဆွေဦးက ‘ဒိုင်ယာရီ- ၁၅’ တွင် ရေးထားသည်။
အနုပညာရှင်တွေ တင်မက တစ်တိုင်းပြည်လုံးက လူထုတွေအကုန် ရင်ထဲတွင်
တင်းကြပ်မွန်းလှောင်နေသော ကာလကြီးမဟုတ်လား။
ထိုကာလဆိုးကြီးထဲတွင်
မိတ်ဆွေ စာရေးဆရာ ပန်းချီဆရာ အနုပညာသည်တွေ စိတ်ပျော်အောင်ဟုဆိုကာ မဟာဆွေက အစီအစဉ်တစ်ခု
ပြုလုပ်ပေးသည်။ အခြားတော့ မဟုတ်လေ။ ဆေးခြောက်နှင့် ကြက်သားဟင်း
ချက်ကျွေးခြင်းပါတဲ့။ ဆေးခြောက်တန်ခိုးဖြင့် ပန်းချီဆရာဦးငွေကိုင်သည် အခန်းထောင့်
ကွပ်ပျစ်တွင် ဆေးတံသောက်ရင်း မှိန်းကာ တစ်ယောက်တည်း တပြုံးပြုံးဖြစ်နေသည်တဲ့။
ပန်းချီဆရာ ဗဂျီလှမောင်က သူ့ဇနီးမြမြနှင့် အိပ်ရာထဲ ခြင်ထောင်မချဘဲ လဲလျောင်းကြကာ
‘မြရဲ့ ကွမ်းယာတိုင်းပြည်ဟာ စိမ်းလန်းစိုပြေနေတော့ ထုံအရောင်ဟာ နေရာတိုင်း
မရောက်ဘူးပေါ့ကွဲ့၊ ကွမ်းသီးခြမ်းကလေးတွေ ပြည်တည်နေတာဟာလည်း အင်မတန်ညီညွတ်လို့
ကွမ်းသီးမျိုးဟေ့ တို့မြန်မာလို့ သူတို့ရဲ့ တိုးတိုးလေး အော်သံကို တို့
ဘယ်ကြားရပါ့မလဲ။ ရှားတွေတွေဟာ ဂျပန်တွေရဲ့ သွေးဆိုရင် ကွမ်းသီးစိတ်တွေဟာ
ပျော်ပြီပေါ့’ ဆိုကာ တွတ်ထိုးလျက်။ စာရေးဆရာ အောင်ထူးကမူ အိမ်ပြန်မည်ဆိုပြီး
ထိုင်ရာက ထပြီးမှ သူ့ရှေ့က နို့ဆီခွက်ကို ခြေတအားမြှောက် ကျော်လိုက်သည်။
ပြီးမှ ‘ဒီတောင်ကို မောင်မကျော်နိုင်ဘူးကွဲ့ ဆိုပြီး ပြန်လှည့်လာသည်။ ခင်ဆွေဦးကတော့
ပန်းချီဆရာ ဦးဘလုံကြီး ဝယ်ကျွေးသော မုန့်ဖတ်ထုပ်က သူ့လက်ထဲမှာ
ထမင်းပန်ကန်လောက်နီးနီး ကြီးမားနေသည်ဟု ထင်ကြောင်း ရေးထားသည်ကို ဖတ်ရသည်မှာ စစ်၏
မွန်းကြပ်သော အရေးအသားများထဲ ပိတ်လှောင်နေသည့် စာဖတ်သူအတွက်တော့ ထွက်ပေါက်ပါပဲ။
စစ်ကာလထဲမှာ ဒီလို ပျော်စရာ မြူးထူးစရာလေးတွေလည်း ရှိဦးပါမှကိုး။
ကြားတောရရှိ
ဦးအရိယကျောင်းတိုက်တွင် ခင်ဆွေဦးတို့ စစ်ရှောင်နေထိုင်ကြခိုက် နောင်တွင် အထင်ကရ
စာရေးဆရာမ ဖြစ်လာမည့် ကြည်အေးသည်လည်း ရွှေတိဂုံဘုရားခြေရင်း
ကြေသွန်းဘုရားကြီးနှင့် ပို့၍နီးသော ကျောင်းတိုက်တစ်ခုတွင် ရှိနေသည်။ ဦးအရိယကျောင်းနှင့်
သုံးလေးကျောင်းခန့်သာ ခြားမည်။ ကြည်အေးတို့ နေထိုင်ရာ ကျောင်းတိုက်ရှေ့တွင်
အများသုံး ရေဘုံဘိုင်တစ်ခု ရှိသည်။ ထိုရေဘုံဘိုင်သို့ ရေလာချိုးသော စာရေးဆရာကြီး
မဟာဆွေ၏ ဇနီးကို မြင်ဖူးချင်၍ ချောင်းကြည့်ခဲ့သည်ကို ကြည်အေးက နောင်နှစ်များစွာ
အကြာ၌ ပြန်ပြောပြသည်ဟုလည်း ခင်ဆွေဦးက ရေးပါသည်။ ထိုအချိန်တုန်းက ဗဟန်းတစ်ဝိုက်တွင်
ပလိပ်ရောဂါဖြစ်သည့် အကြောင်းလည်း ဖတ်ရသည်။ သို့သော် ခင်ဆွေဦးက အကျယ်တဝင့် မရေးပါ။
ဂျပန်၏ အစီအမံ လွဲချော်ပုံကို မဟာဆွေ ဝေဖန်သည့်အကြောင်းသာ ရေးပြသည်။
ဤနေရာတွင်
ဒိုင်ယာရီ ၁၆ ပုဒ်မှာ အဆုံးသတ်ပါပြီ။ ခင်ဆွေဦးက သူရေးခဲ့သော
‘စစ်ကိုင်းသမီးဒိုင်ယာရီ’ ဆောင်းပါးတွဲ၏ အဆုံးသတ်အဖြစ် အောက်ပါအတိုင်း
နိဂုံးချုပ်စကားဆိုသည်။
‘ထိုစစ်အတွင်း
ဖြစ်ရပ်ပေါင်းစုံနှင့် ပတ်သက်၍ အန်တီဒေါ်ခင်မျိုးချစ် တစ်ခါတုန်းက ရေးသားခဲ့ဖူးသော
‘ဟာသနှင့် ပြဇာတ်’ သောင်းပြောင်းထွေလာမဂ္ဂဇင်းမှ ဆောင်းပါးတစ်ပုဒ်၏ စကားရပ်ကို
အမှတ်ရနေမိသေးတော့သည်။
‘အန်တီ
ခင်မျိုးချစ်က ဟာသစာရေးဆရာတွေ၏ မတုန်မလှုပ်သတ္တိ၊ ဘယ်သူ့ကိုမဆို ခွင့်လွတ်နိုင်သော
စိတ်ထား။ လောကကြီးကို ရယ်သွမ်းသွေးပြီး အပြုံးကျဲကျဲလေးနှင့် ကြည့်တတ်ပုံတွေကို
ထင်ရှားစွာ ရေးသွားတာ ဖြစ်ပါသည်။ ကျွန်မ၏ အရေးအဖွဲ့များသည် ဒီမျှ
ရင့်ကျက်သည်ဟုတော့ မသေချာလှပါ။ သို့သော် အားလုံး အရိုးခံသက်သက်မျှ အရင်းအတိုင်း
ရေးသားဖော်ပြခြင်းသား ဖြစ်ပါသတည်း’ (ဒိုင်ယာရီ
၁၆/ စာ ၁၂၂)
‘စစ်ကိုင်းသမီးဒိုင်ယာရီ’
စာအုပ်အမည်နှင့် ဆိုင်သော ဆောင်းပါးတွဲ ဆယ့်ခြောက်ပုဒ် ပြီးသွားသော်လည်း ‘ရန်ကုန် မုန်တိုင်း’၊ ‘ရန်ကုန်နှင့် ရဲ’ ‘စစ်ခေတ်ရန်ကုန်
သွေးပုံပြင်’၊ ‘လွမ်းငွေတဝေဝေ’၊ ‘ရန်ကုန်တက္ကသိုလ်လွမ်းရိပ်ပန်းချီ’၊ ‘ရန်ကုန် နှင့်
ရဲအောင်လံ’ ‘ရန်ကုန်တစ်ခေတ်’ ‘ရန်ကုန်သမိုင်းနဲ့ နေရူးဂန္ဒီ’၊
‘ရန်ကုန်စုံထောက်ပုံပြင်’၊ ‘မိန်းမငယ် သုံးဦး ထွက်ရပ်လမ်း’ အစရှိသည့် ဆောင်းပါး
ဆယ်ပုဒ်က ဖတ်စရာအဖြစ် ကျန်သေးသည်။ ဆောင်းပါးတွေက ခင်ဆွေဦး၏ ဖခင် မဟာဆွေ၏ အကြောင်း၊ ဗိုလ်အောင်ကျော်ကဲ့သို့
မဟာဆွေနှင့် ရင်းနှီးပတ်သက်သူများ အကြောင်း၊ ခင်ဆွေဦး မှတ်မိနေသော ငယ်စဉ်က အမှတ်တရ
အကြောင်းလေးတွေ ဖြစ်ပါသည်။ သမိုင်းနှင့် စာပေတန်ဖိုးရှိသည့် ဖြတ်သန်းမှု
အတွေ့အကြုံ ဆောင်းပါးများဟု ဆိုရမည်။ ဆက်ဖတ်ကြည့်စေချင်ပါသည်။
ဤဆောင်းပါးတွင်မူ ခင်ဆွေဦး ပြန်လည်ရေးပြသော စစ်ကာလအတွင်းက
စစ်ပြေးအတွေ့အကြုံများကိုသာ အထူးပြု၍ ပြောဆိုလိုရင်း ဖြစ်ရာ နောက်ပိုင်း ဆောင်းပါး ဆယ်ပုဒ်ကို
သီးခြားဆွေးနွေး မပြတော့ပါ။
ကျွန်တော်သည်
ခင်ဆွေဦး ရေးပြသွားသော စစ်၏ မည်းနက်သော တောင်ပံများအောက်က စစ်ကိုင်းကို ဖတ်ရင်း
ပစ္စုပ္ပန်ကာလ စစ်ကိုင်းမြို့ဆီ စိတ်ရောက်ပါသည်။ ခင်ဆွေဦး ရေးပြသွားသော
ဒုတိယကမ္ဘာစစ်အတွင်းက စစ်ပြေးသူများ၏ ဒုက္ခပရိဒေဝကို ဖတ်ကာ စာတွေ့အကြုံကို ယူရင်းက
ပစ္စုပ္ပန်ကာလ စစ်ကြောင့်လွှင့်စင်သွားရသော ဘဝတွေကို စာနာမိပါသည်။ မဟာမိတ်တပ်တွေ
ကြဲချလိုက်သော ဗုံးဒဏ်ကြောင့် မျက်နှာနှင့် ရင်ဘတ်တစ်ခြမ်း ဖွာလန်စုတ်ပြတ် သွားသော
သားကို ကြည့်ရင်း ရူးသွားသော မိခင်၏ အဖြစ်သည် ‘မယုံရင် ပုံပြင်မှတ်’ ပြောရမည့်
အဖြစ်အပျက်မျိုး မဟုတ်ပါ။ ပစ္စုပ္ပန်ကာလမှာလည်း ဗုံးဒဏ်ကြောင့် မွကြေသွားသော
အိုးအိမ်တွေ၊ အသက်တွေ၊ စည်းစိမ်တွေ မနည်းလှ။ ဂျပန်တော်လှန်ရေးသမား
ဗိုလ်သိန်းတန်ကို ဂျပန်စစ်သားတွေက ဓားနှင့် ခုတ်ပိုင်းကာ စစ်ကိုင်းတံတားပေါ်က
ပစ်ချလိုက်သည့် အဖြစ်သည် ထူးထွေသည့် အံ့ရာသော်ဝ် ဖြစ်ရပ်တစ်ခု မဟုတ်သေးပါ။ ယခု
မျက်မှောက်မှာလည်း အသက်ပေးသွားရသည့် ‘ကြယ်’တွေ အမြောက်အမြားရှိနေဆဲ ဖြစ်ပါသည်။
တကယ်တော့
စစ်ပွဲဟူသည် ဘယ်အချိန် ဘယ်ကာလမှာပဲ ဖြစ်ပွားပါစေ၊ အတိတ်က စစ်ပွဲတွေပဲ
ဖြစ်ဖြစ်၊ လက်ရှိ မျက်မှောက်ကာလ စစ်ပွဲတွေပဲ ဖြစ်ဖြစ်၊ အနာဂတ်မှာ ဖြစ်လာဦးမည့်
စစ်ပွဲတွေပဲ ဖြစ်စေဦးတော့၊ စစ်ပွဲမှန်သမျှဟာ အကျည်းတန်သည်ချည်းသာ ဖြစ်သည်မဟုတ်ပါလော။
တကယ်ဆိုရလျှင် ကျွန်တော်သည် စာရေးဆရာမ ခင်ဆွေဦး ရေးပြသော စစ်၏ အနိဌာရုံများကို ဖတ်ရင်း
အံ့ဩချင်မိပါသည်။ ရက်စက်မှုများကို သမိုင်းစာအုပ်တွေထဲမှာ စုတ်တသတ်သတ်
ဖတ်ချင်လှပါသည်။ ‘ဒါမျိုးတွေ တို့ခေတ်မှာ မကြုံရဘူး’ ဟု လက်မထောင်၍
ဂုဏ်ဝင့်လိုက်ချင်သူ ဖြစ်ပါသည်။ စစ်၏ ရက်စက်မှုများအလွန်တွင် ရက်စက်မှုများသာ ထပ်၍
ထပ်၍ ဖြစ်နေသော ‘သမိုင်း၏လှောင်ပြောင်မှု’ ကနေ ကင်းဝေးချင်ပါသည်။ သို့သော်
မျိုးဆက်နှင့်ချီ၍ ကျွန်တော်တို့ တောင့်တလာခဲ့ကြသော ‘ငြိမ်းချမ်းရေး’က ဘယ်မှာလဲ။
ဆရာမ
ခင်ဆွေဦးကတော့ သူ့ ဒိုင်ယာရီ ဆောင်းပါးတွဲ တစ်နေရာမှာ တရုတ်ကဗျာဆရာ တူဖူး (Tufu) ၏ ‘ထင်ရူးပင်လေး’ ကဗျာထဲက တစ်ပိုင်းတစ်စကို ထည့်သွင်း ဖော်ပြသွားခဲ့သည်။
ထိုကဗျာကိုသာ ကျွန်တော်လည်း ပဲ့တင်ထပ်လိုက်ချင်ပါသည်။
ကျွန်တော်ငယ်ငယ်က
စစိုက်ခဲ့တဲ့
ထင်ရှူးပင်ပေါက် လေးပင်ဟာ
ခုဆိုရင်
သုံးပေတာမျှ ကျွန်တော့်အရပ်လောက်
မြင့်နေပါပကော။
အကိုင်းအခက်လေးတွေဟာ
ကြေမွ ပျက်ယွင်းနေပေမယ့်
အမြစ်တွယ်ပုံကတော့
ခိုင်ခံ့လှပါတယ်။
အရွက်တွေက
စိမ်းရင့်မှောင်လို့
သူတို့ကို
အကာအကွယ်ဖြစ်အောင် ခြံစည်းရိုးခတ်ထားခဲ့တယ်။
ဒါပေမဲ့
ခြံစည်းရိုးတွေ ကျိုးပျက်နေပါပကောလား။
ဒါကို
ကျွန်တော် ပိုင်တယ်လို့ ကျွန်တော် ဘယ် ပြောရဲမလဲ။
‘ငြိမ်းချမ်းရေး’ဆိုတာ
ရောက်မှ
ရောက်မလာသေးတာပဲ။
▀
မောင်ဘစီ
၃ ဩဂုတ် ၂၀၂၆
စာအုပ်ဆိုင်ရာအချက်အလက်များ
စာအုပ်အမည် - စစ်ကိုင်းသမီး ဒိုင်ယာရီ
စာရေးသူ - ခင်ဆွေဦး
ထုတ်ဝေခြင်း။ ။ ဒုတိယအကြိမ်၊ ဇွန်၊ ၂၀၀၉ ခုနှစ်။
ရန်အောင်စာပေ-၂ ။
စာမျက်နှာအရေအတွက် - ၁၈၉
(ဒိုင်ယာရီ
၁ မှ ၁၅ အထိ ပင်တိုင်ခေါင်းစဉ်တပ်၍ ရွှေရုပ်စုံမဂ္ဂဇင်းတွင် ၁၉၉၃ ခုနှစ် မေလမှ
၁၉၉၄ အောက်တိုဘာလအထိ ဖော်ပြခဲ့သည်။ ဒိုင်ယာရီ- ၁၆ ဆောင်းပါးကိုမူ စာပေဂျာနယ်တွင်
ရေးသည်ဟု ဖော်ပြသော်လည်း ခုနှစ်၊ လ၊ အမှတ်စဉ်တို့ မပါရှိ။ ဒုတိယကမ္ဘာစစ်အတွင်း
စစ်ကိုင်းမြို့နှင့် ပတ်ဝန်းကျင်မြို့များတွင် စစ်ရှောင်ရင်း ကြုံရသော မဟာဆွေ
မိသားစု၏ တွေ့အကြုံများဖြစ်သည်။ ဤဆောင်းပါးတွဲနှင့်အတူ ပါရှိသော အခြားဆောင်းပါး ၁၀
ပုဒ်မှာ စာရေးဆရာမကြီး ခင်ဆွေဦး၏ ငယ်စဉ်အတွေ့အကြုံများဟု ဆိုရသည့်တိုင် စစ်ကာလ
သီးခြားအတွ့အကြုံများမဟုတ်။ ‘စစ်ကိုင်းသမီး ဒိုင်ယာရီ’ ဆောင်းပါးများ အားလုံးကို
ခြုံ၍ကြည့်လျှင် စစ်ပွဲ၏ အနိဌာရုံမျှသာ မကဘဲ အခြား သမိုင်းဆိုင်ရာ အချက်
အလက်များလည်း ရနိုင်သေးသည်။ ယခု စာအုပ်သုံးသပ်ခန်းတွင်မူ ခင်ဆွေဦး ဖော်ပြသော
စစ်ကာလ အဖြစ်အပျက် များကိုသာ အထူးပြု၍ ညွှန်းဆိုထားပါသည်။ ဤစာအုပ်တွင် မာတိကာ မပါ၍
ဖတ်သူကို ကသိကအောက်တော့ အနည်းငယ် ဖြစ်စေသည်။ အထက်ပါ စာမူအတွင်း ညွှန်းထားသည့်
စာမျက်နှာများမှာ ဒုတိယအကြိမ်ထုတ် စာအုပ်၏ စာမျက်နှာနံပါတ်များကိုသာ
ရည်ညွှန်းခြင်းဖြစ်သည်ကိုလည်း ကျေးဇူးပြု၍ သိမှတ်ပေးကြပါကုန်။ )
နေ့စဉ်နှင့်အမျှ ကျွန်တော်တို့ မမြင်ချင်လည်း မြင်ရ၊ မကြားချင်လည်း ကြားရ၊ မကြုံချင်လည်း ကြုံနေရသည့် ဆိုးဝါးလွန်းသော အတွေ့အကြုံတွေထဲမှာ ကျွန်တော်တို့ ပြိုလဲမကျသွားဘူးလို့ မဆိုနိုင်။ အခြားသူတွေတော့ မသိ။ က...
လေးစားအပ်သော မြန်မာစာရေးဆရာတွေ ဘာကြောင့်များ ‘ခေတ်ကို အပြစ်ဆို’ကာ စိတ်ဓာတ်ကျနေကြပါမည်လဲ။ ယစ်ရွှေရည်တွင် ရီဝေ ရီဝေ လုပ်ရင်း လောကကို စိတ်နာနေကြမည်လား။ ဗျစ်ရည် စုပ်ရင်း ကြုံနေရသည့် စနစ်ကို ဆဲရေးတိုင်းထွာ...
ရူးသွပ်သွားလို့ အနုမြူဗုံးကြဲဖို့ ခလုတ်နှိပ်တော့မယ်ဆိုရင် ခဏရပ်သင့်ပါတယ်။ ဒီလက်ဖက်ခြောက်ထုပ်တွေထဲက လက်ဖက်ရည်တစ်ခွက် သောက်ပါလို့။ ကမ္ဘာပေါ်က လူတွေကတော့ ဗုံးတွေထက် ပေါင်မုန့်သာ လိုချင်တယ်၊ သေခြင်းထက် ရှ...