အတ္ထုပ္ပတ္တိအခန်းဆက်

ကျွန်မရေးတဲ့ သူ့ဘဝလူထုဦးလှ အပိုင်း (၁၁)

လူထုဒေါ်အမာ

01 August 2026
ကျွန်မရေးတဲ့ သူ့ဘဝလူထုဦးလှ အပိုင်း (၁၁)
Share to

 ယခင်လမှအဆက်...

လူချစ်လူခင်များတဲ့ ဦးလှ

            ဦးလှဆုံးတော့ သူ့အကြောင်း သူ့မိတ်ဆွေတွေက ဝိုင်းရေးပေးကြတဲ့ စာအုပ်ကလေးတစ်အုပ် ကျွန်မက ထုတ်ချင်လို့ သူ့မိတ်ဆွေတွေကို ရေးပေးကြပါပြောတော့ ရေးရှာကြတယ်။ ဒါကြောင့် စာရေးဆရာ ကဗျာဆရာတွေအားလုံး ၄၅ ယောက် ရေးတဲ့ စာတွေ၊ ကဗျာတွေကို 'လူထုချစ်သမျှ လူထုဦးလှ' ဆိုတဲ့နာမည်နဲ့ စာအုပ်ထုတ်ခဲ့ရတယ်။ စာအုပ်နာမည်ကို တော်ဘုရားကလေး ဦးအောင်ဇေက ရွေးပေးတာပါ။

            ဒီစာအုပ်ထွက်ပြီးတော့ ဦးလှအကြောင်း ရေးချင်သူတွေက မကုန်သေးဘူး။ ရေးကြဦးမယ်ဆိုလို့ ကျွန်မက ဒုတိယတွဲ ထွက်ဖို့ စိတ်ကူးပြီး စုဆောင်းပါတယ်။ အဲဒီဒုတိယတွဲထဲမှာ နိုင်ငံခြားက သူ့မိတ်ဆွေတွေက ရေးတဲ့ဆောင်းပါးမျိုးတွေလည်းပါရဲ့။ မြန်မာနိုင်ငံက ထင်ရှားတဲ့ပုဂ္ဂိုလ်ကြီးတွေက

ရေးတာတွေလည်း ပါရဲ့။ 'လူထုချစ်သမျှ လူထုဦးလှ' ဒုတိယတွဲဟာ ပထမတွဲ ထွက်ပြီး ၁၆ နှစ်နေမှ ထွက်နိုင်ပါတယ်။

            ဦးလှက ကျွန်မလို မဟုတ်ဘူး။ သူ့ကို ချစ်တဲ့ခင်တဲ့လူများပါတယ်။ များတာလည်း မဆန်းဘူး။ သူက လူတစ်ယောက်နဲ့ အသိအကျွမ်းဖြစ်လိုက်ရတယ်ဆိုရင် အဲဒီလူနဲ့ သူက တစ်သက်လုံး သိကျွမ်းခင်မင်ရင်းနှီးချင်တဲ့လူ။ ကျွန်မတို့က 'စိုတဲ့လက်မခြောက်စေနဲ့'ဆိုတဲ့စကားကို တကယ်လက်တွေ့ ကျင့်သုံးနိုင်မှုက နည်းပါတယ်။ ဦးလှကတော့ လူတစ်ယောက်နဲ့ သိကျွမ်းခင်မင်ရရင် အဲဒီလူနဲ့ သူက တစ်သက်လုံး အခင်မပျက်၊ ဒါမှမဟုတ် တိုးခင်သွားတဲ့ မိတ်ဆွေဖြစ်ချင်တယ်။ အဲဒီလို ဖြစ်လာဖို့လည်း သူက လုပ်ပါတယ်။

            ကလေးဘဝတုန်းကလည်း ကလေးဘဝမို့ သူ့ သူငယ်ချင်းတွေက သူ့ကို ခင်ကြတယ်။ သူကလည်း ခင်တာပဲ၊ မမေ့ဘူး။ ရွာမှာနေတုန်းက သူနဲ့အတူကစားခဲ့တဲ့ သူငယ်ချင်းတွေအကြောင်း ကျွန်မကို ခဏခဏပြောနေတာပါပဲ။ သူ သေတော့ လာငိုတဲ့သူငယ်ချင်းတောင် ရှိပါတယ်။ ကျောင်းနေ တော့လည်း ကျောင်းနေဖက် သူငယ်ချင်းတွေက သူ့ကို ခင်တာပဲ။ သူကလည်း ပြန်ခင်တာပါပဲ။

            ကျောင်းကထွက်လို့ အလုပ်ထဲဝင်ပြီး ကြီးပွားရေးမဂ္ဂဇင်းထုတ်တော့ သူ့မဂ္ဂဇင်းဟာ စီးပွားရေးအရထုတ်တာမျိုး လုံးဝမဟုတ်ဘူး။ လူငယ် လူရွယ်တွေအတွက် စေတနာနဲ့ ထုတ်ဝေတဲ့ မဂ္ဂဇင်းမျိုး၊ ယုံကြည်ချက်တစ်ခုအတွက် ထုတ်ဝေတဲ့ မဂ္ဂဇင်းမျိုးမို့ ခေတ်သစ်လူငယ်တွေ သူ့မဂ္ဂဇင်းကို အများကြီး စုဝေးလာခဲ့ကြပါတယ်။ ဂန္ထလောကမဂ္ဂဇင်းဟာ ခေတ်စမ်းသမားတွေရဲ့ မဂ္ဂဇင်းဆိုပေမယ့်  ကြီးပွားရေးမှာမှ ခေတ်စမ်းသမားတွေ အများကြီး စုစုဝေးဝေး ရေးကြသားကြတာပါ။

            ကမ္ဘာစစ်ကြီးဖြစ်လာတော့ မဂ္ဂဇင်းကို ရပ်ထားလိုက်ရတယ်။ စစ်အတွင်းမှာ ဘာလုပ်နိုင်သလဲ၊ ဘာလှုပ်ရှားလို့ ရသလဲ။ အာရှလူငယ်အစည်းအရုံးဖွဲ့ပြီး လှုပ်ရှားလို့ရတယ်ဆိုတော့ ဦးလှက အာရှလူငယ်စည်းရုံးရေးမှူး လုပ်လာတယ်။ လူငယ်တွေအတွက် ဘောလုံးသင်းတွေ ထောင်ပေးတယ်။ သူပါ ဝင်ကစားသေးတယ်။ စာသင်ကျောင်း၊ ညနေကျောင်း၊ ညကျောင်းတွေ ဖွင့်တယ်။ စကားရည်လုပွဲတွေ လုပ်တယ်။ ကျေးလက်တောရွာ စာကြည့်တိုက်တွေ ဖွင့်ပေးဖို့ လုပ်ပါတယ်။ သူ့ဘဝမှာ ပထမဆုံးအကြိမ် အဖမ်းခံရတာ ဒီလှုပ်ရှားမှုတွေကြောင့်ပါ။ FSS (Field Security Service) လို့ ခေါ်တဲ့ ဗြိတိသျှ စစ်မြေပြင် လုံခြုံရေးတပ်ဖွဲ့က ဖမ်းသွားတာပါ။ အဲဒီတော့ စစ်မပြီးသေးဘူး။

            ကမ္ဘာစစ်ကြီးပြီးတော့ နိုင်ငံရေးကို ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်အဖြစ် ဦးလှက ကိုယ်ထိလက်ရောက် ဝင်လုပ်ပါတယ်။ မန္တလေးမှာ ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး ဖဆပလတွေ မဖွဲ့နိုင်ခင် ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးဆိုတဲ့ ဖတပလတွေ ဖွဲ့တော့ သူက မန္တလေးဖတပလ အတွင်းရေးမှူး။ မင်းကွန်းမှာ စစ်ပြေးပြေးနေတဲ့ ဆရာကြီး ဦးရာဇတ်ကို သွားခေါ်ကြပြီး ဆရာကြီးက ဥက္ကဋ္ဌအဖြစ်နဲ့ လုပ်ခဲ့ပါတယ်။ ပြည်သူ့လွတ်လပ်ရေးအဖွဲ့ကြီး ဖဆပလကွဲတဲ့အခါ ဘယ်ဘက်မှ မပါတော့ဘဲ လူထုသတင်းစာနဲ့ ဂျာနယ်ရယ်၊ စာအုပ်ထုတ်ဝေရေးရယ်ကိုပဲ တစ်သက်လုံး ဖိဖိစီးစီး လုပ်ပါတော့တယ်။

            လူထုသတင်းစာကို ကျွန်မတို့ ၁၉၄၆ ခုနှစ်အထိ နှစ်ပေါင်း ၂ဝ ကျော် ထုတ်ဝေခဲ့ပါတယ်။ ကျွန်မတို့ လူထုသတင်းစာဟာ သတင်းစာတစ်စောင်အနေနဲ့ ယုံကြည်မှု မှန်မှန်ကန်ကန် အမြဲတမ်းထားရှိတဲ့ သတင်းစာ၊ သတင်းစာတို့ စောင့်စည်းအပ်တဲ့ ကိစ္စများကို လေးလေးနက်နက် ထားရှိပြီး စောင့်စည်းရေးသားတဲ့သတင်းစာပါ။ ဒီပေါ်လစီတွေကို အရေးအသားနဲ့ သတင်းအပေါ်မှာသာ ထားရှိရုံမက ကြော်ငြာပေါ်မှာ တောင်တင်းတင်းကျပ်ကျပ်ထားရှိ စောင့်စည်းပါတယ်။ ကျွန်မတို့သတင်းစာကို အစိုးရက ကြော်ငြာမပေးဘဲထားပြီး နိုင်ငံခြားအရင်းရှင်ကြော်ငြာတွေပါ မရတော့ လူထုသတင်းစာရဲ့ စီးပွားရေးအနေအထားက မကောင်းပါဘူး။ ဒါပေမယ့် မြင်းပွဲ၊ လောင်းကစားသတင်း မထည့်ဘူး။ လူဖတ်များလို့ စောင်ရေတက်တယ်ဆိုတဲ့ အညှီအဟောက်သတင်း လုံးဝ မပါစေရဘူး။ လောင်းကစားပွဲတွေပါတဲ့ ဘုရားပွဲကြော်ငြာ လက်မခံဘူး။ ပဋိသန္ဓေတားဆေးကြော်ငြာ၊ ကာမအားတိုးဆေးကြော်ငြာ လက်မခံပါဘူး။ အဲဒီလို ပေါ်လစီရှိတဲ့ သတင်းစာဟာ မကြာမကြာ အဖိနှိပ်ခံရပါတယ်။

            ခုနေအခါ ကျွန်မပြန်စဉ်းစားတော့ ကျွန်မတို့ မိတ်ဆွေတစ်ဦးက ဖဆပလ အဖွဲ့ကြီးထဲက ကွန်မြူနစ်ပါတီကို ထုတ်ပယ်ပစ်ဖို့ မဲခွဲကြတဲ့အခါ ဦးလှက ဘယ်ဘက်မှ မဲမပေးဘဲ နေခဲ့တယ်လို့ ကျွန်မကို သူသေသေချာချာသိတဲ့ အတွင်းစကားပြောပြပါတယ်။ ဒီကိစ္စ ဦးလှက ပြောမပြဖူးပါဘူး။ သူပြောပြဖူးတာကတော့ ရွှေတိဂုံအလယ်ပစ္စယံမှာ ဖဆပလညီလာခံကြီးလုပ်တော့ တစ်ညမှာ ဦးကျော်ငြိမ်း သူ့ဆီလာပြီး သူတို့ဆိုရှယ်လစ်ပါတီမှာ ဝင်လုပ်ပေးဖို့ အကြာကြီး လာရောက်ဆွေးနွေးပါသတဲ့။ ဦးလှက 'ကျွန်တော် နိုင်ငံရေး မလုပ်တော့ဘဲ သတင်းစာကိုသာ ဖိဖိစီးစီးလုပ်တော့မယ်။ ကျွန်တော့်လိုင်းဟာ စာပေပါ။ စစ်ကြီးပြီးစက ဖတပလဖွဲ့ဖို့ လိုလို့၊ လုပ်မယ့်သူတွေလည်း နည်းသေးလို့ အတွင်းရေးမှူး ဝင်လုပ်တာပါ' လို့ ပြောခဲ့တယ်လို့ ကျွန်မကို ပြောပြပါတယ်။ ဦးလှ ပုဒ်မ ၅ နဲ့ ၃ နှစ်ကျော် အဖမ်းခံနေရတော့ ကျွန်မက ဦးကျော်ငြိမ်းအိမ်ကို သွားတွေ့ပြီး 'ကိုလှလို သတင်းစာဆရာ တစ်ယောက်ကို အပြစ်ရှိရင်လည်း ပုဒ်မတပ်ပြီး အပြစ်ပေးပါ၊ မရှိရင်လည်း လွှတ်ပေးပါတော့'လို့ သွားပြောတော့ ဦးကျော်ငြိမ်းက သူနဲ့ ကျွန်မဟာ သပိတ်မှောက်ဖက်၊ ကျောင်းနေဖက်တွေမို့ ရယ်မောပြီး 'မအမာရယ်၊ ကျွန်တော် မအမာကို ကွယ်ဝှက်ပြောမနေပါဘူး။ ကျွန်တော်တို့က အထက်မြန်မာနိုင်ငံမှာ ကွန်မြူနစ်ပါတီ ကြီးထွားအောင်မြင်နေတာ ဦးလှကြောင့်လို့ ထင်တာပါ။ ဘယ်လိုမှလည်း မအောက်မေ့ပါနဲ့' လို့ ပွင့်ပွင့်လင်းလင်းပဲ ပြောလွှတ်လိုက်ပါတယ်။ ဦးကျော်ငြိမ်းကသာ ဒီလိုပြောပြတာပါ။ ဦးလှကိစ္စကို ပြည်ထဲရေးဝန်ကြီး သခင်သာခင်က ကိုယ်ချင်းစာကြင်နာစကားပြောပါတယ်။ ဦးလှဆုံးတော့ ဦးဗဆွေက အိမ်လာပြီး ဝမ်းနည်းစကားပြောပါတယ်။

            ဟိုတုန်းက ပြည်ထဲရေးဝန်ကြီးအဖြစ်နဲ့ ဖမ်းရဆီးရတဲ့ တာဝန်ယူရတဲ့ ဗိုလ်ခင်မောင်ကလေးကတော့ သူမဆုံးခင် ဦးလှ မဆုံးခင် တစ်နေ့ အိမ်ကိုလာပါတယ်။ သူနဲ့ ကျွန်မကလည်း ရင်းနှီးတဲ့ သပိတ်မှောက်ဖက်တွေပါ။ သူက အိမ်ရောက်တော့ သူ တရားစခန်းဝင်မှာမို့လို့တဲ့၊ ကျွန်မအဖေရော ဦးလှရော ထိုင်ပါလို့ပြောပြီး သူက ကြမ်းပြင်ပေါ် ဆင်းတယ်။ ပြီးတော့ ဦးလှအသက် ဘယ်လောက်လဲလို့ မေးတယ်။ ဦးလှက သူ့ အသက်ပြောတော့ 'ဦးလှ ကျွန်တော့် ထက်ကြီးပါတယ်၊ ကျွန်တော်ကန်တော့ပါရစေ။ ဦးလေးထင် (ကျွန်မအဖေ)ကိုလည်း ကျေးဇူးရှိလို့ ကန်တော့ချင်ပါတယ်။ ဦးလေးထင်က စစ်ကြီး ပြီးခါနီးတော့ ကျွန်တော်တို့ ဦးလေးထင်တို့ ဘဏ်တိုက်မှာ ပေါင်ထားတဲ့ရွှေတွေကို လာရွေးလှည့်ကြဖို့၊ ပြီးတော့ ကာလပေါက်ဈေးနဲ့ ရောင်းစားကြဖို့ ပြောလာလို့ ကျွန်တော်တို့ အဲဒီရွှေတွေကို ရွေးပြီး ဂျပန်တစ်ခေတ်လုံး စားကြရတာပါ။ ဒါကြောင့် ဦးလေးထင်ကိုလည်း ကန်တော့ပါရစေ။ ဦးလှကလည်း ဟိုတုန်းက ကိစ္စတွေအတွက် ခွင့်လွှတ်ပါ' လို့ ပြောပြီး နှစ်ယောက်စလုံးကို ဒူးချနဖူးချ ကန်တော့ပါတယ်။ ကျွန်မတို့ အဖေက ဆုပေးတယ်။ ဦးလှက ဆုပေးရုံသာမက 'ကျွန်တော် အဲဒါတွေကို ဘယ်လိုမှသဘောမထားပါဘူး'လို့ ပြောပါတယ်။

            ဒီနေရာမှာ ကြုံလို့ပြောပါရစေ။ ဦးလှက သူ့ကို ဖမ်းခဲ့၊ ထောင်ထဲထားခဲ့တဲ့ကိစ္စတွေ ဘယ်လိုမှ သဘောမထားပါဘူးလို့ ဗိုလ်ခင်မောင်ကလေးကို ပြောခဲ့တာဟာ စကားလှ၊ စကားကောင်း ပြောတာ မဟုတ်ဘူး။ သူ့ရင်ထဲ တကယ်ပဲ ဘယ်လိုမှ မရှိလို့ပြောတာ။ သူပြောတဲ့စကားဟာ အမှန်လို့ ကျွန်မက ယုံတယ်။ ဘာလို့လဲဆိုတော့ သူက တကယ်ပဲ သူ့အပေါ် အကောင်းမမြင်တဲ့လူမျိုးကို မှတ်ထားလေ့မရှိလို့ပါ။

            သူနဲ့ကျွန်မ အတူတူပေမယ့် ကျွန်မ မကျင့်ကြံနိုင်တာမျိုးကို သူကျင့်ကြံနိုင်တာတွေလည်း ကိုယ်တွေ့မို့ ရေးပါဦးမယ်။ သူ့ကို ချစ်တဲ့ ခင်တဲ့လူတွေ တော်တော်များပါတယ်။ တကယ်တမ်းပြောရရင် ချစ်ကြတဲ့သူတွေက အများစုပါ။ နို့ပေမယ့် သူ့ကို မုန်းသူများလည်း ကျွန်မတွေ့ဖူးပါတယ်။ ဒီလူတွေက ဘာလို့မုန်းသလဲဆိုတော့ ကျွန်မစဉ်းစားကြည့်တဲ့အခါ မနာလိုမှု အရင်းခံတယ် ထင်ပါတယ်။ သူ လူခင်များနေမှုကို ခေတ်ပြိုင်ချင်းအနေနဲ့ မနာလိုတာ မကြိုက်တာဘဲ ဖြစ်ပါလိမ့်မယ်။ အဲဒီလူရဲ့ အကျိုးစီးပွားကို နစ်နာအောင် သူ မလုပ်ဖူးပါဘူး၊ ကျွန်မသိပါတယ်။ သူနဲ့ကျွန်မ တစ်ယောက် အကြောင်းတစ်ယောက် ကောင်းကောင်းသိပါတယ်။

            အဲဒီလို သူက ညစ်ပတ်ထားတာ၊ ယုတ်မာထားတာမျိုး မရှိပေမယ့် လူတစ်ယောက်နှစ်ယောက် စတာမျိုးက သူ့ကို မကြိုက်ပါဘူး၊ မချစ်ပါဘူး။ ဒါကြောင့် တစ်ယောက်ကတော့ စစ်ပြီးစတုန်းက ဟောပြောပွဲတစ်ခုမှာ စင်မြင့်ပေါ်ကနေပြီး သူ့အမနာပ ပြောပါတယ်။ နောက်တစ်ယောက်တော့ သူတို့ အပေါင်းအသင်း ကျိတ်ဝိုင်းတွေမှာ ဦးလှ အမနာပကို ပြောတယ်လို့ ကြားရပါတယ်။ တစ်ကြိမ်မဟုတ် နှစ်ကြိမ်မဟုတ် ကြားရတာပါ။

            ဒီလိုကြားရတဲ့အခါ လင်မယားတော့ ပြောမိကြတာပေါ့။ ဘယ်သူက ဘယ်လိုပြောသတဲ့ဆိုတာကို။ အဲဒီလိုရှိရာမှာ ဒီလူမျိုးကို ကျွန်မစိတ်ထဲမှာ အကြီးအကျယ် အတေးအမှတ်ကြီးတဲ့ အာဃာတစိတ်တော့ မွေးမထားပါဘူး။ ဒီလိုပဲ မေ့လိုက်ပျောက်လိုက် ဥပေက္ခာထားလိုက်ပါတယ်။

            ဦးလှကတော့ ဒီလူမျိုးကို တွေ့တဲ့ကြုံတဲ့အခါ ချစ်ခင်ရင်းစွဲမပျက်ပုံစံအတိုင်း ဆက်ဆံပါတယ်။ ကျွန်မက အောက်မေ့တယ်။ အင်း... သူ ဟန်ဆောင်နိုင်သားပဲ။ ဒီလူ့အပေါ် ပုံမပျက်အောင် ဆက်ဆံနိုင်သားပဲလို့ပေါ့။ နို့ပေမယ့် အဲဒီလူတွေ အရေးအကြောင်းပေါ်လာ ရှိလာတဲ့အခါ ဦးလှက သူနဲ့ ဘာမှမဖြစ်ဖူးတဲ့အတိုင်း သူ့အပေါ် စိတ်ကောင်းရှိတဲ့လူအတိုင်း သူက ဟက်ဟက်ပက်ပက် လုပ်ပေးစရာရှိရင် လုပ်ပေးတယ်။ ကုန်ကုန်ပြောရရင် ဒီလူတစ်ဦး နာမကျန်းအကြီးအကျယ် ဖြစ်လာတော့ ဆရာဝန်ကြီးတွေနဲ့ သေသေချာချာကုပေးပြီး သူ့လက်ပေါ်မှာပဲ အသက်ပျောက်စေခဲ့ပါတယ်။ အဲဒါတွေဟာ သူ ဟန်ဆောင်တာလည်း မဟုတ်ဘူး၊ လူမြင်ကောင်းအောင် ပြုမူတာလည်း မဟုတ်ပါဘူး။ တကယ်စေတနာနဲ့ပါ။ အဲဒီတော့ ကျွန်မက သူစိတ်ကောင်းထားနိုင်ပုံ စိတ်ကောင်းထားနိုင်အောင် မွေးမြူပုံကို အံ့သြချီးမွမ်းမိပါတယ်။

            ဒီစိတ်မျိုးတွေဟာ တမင်မွေးယူရမှာပါ။ သူလည်း ပုထုဇဉ်ပဲ၊ ကျွန်မလည်း ပုထုဇဉ်ပဲ။ သူ့စိတ်လောက် ကျွန်မစိတ်က မမွန်မြတ်နိုင်တာတော့အမှန်။

            ကျွန်မသိရသလောက် သူ့မှာ စိတ်ကောင်းနှလုံးကောင်း ရှိတယ်။ ဉာဏ်က အထက်မြက်ကြီးတော့ မဟုတ်ဘူး ပုံမှန်ပဲ။ ဒါပေမယ့် ကောင်းတယ်ဆိုတာကို လိုက်နာကျင့်ကြံလိုတဲ့ စိတ်တော့ အမြဲတမ်းရှိတယ်။ အမြဲတမ်းလည်း ကြိုးစားတယ်လို့ထင်တာပဲ။

            သူဟာ ဘယ်တော့မှ ဆဲရေးတိုင်းထွာတာမျိုး မလုပ်ဘူး။ သူများကို ဘယ်တော့မှ မကောင်းမပြောဘူး။ သူ့တစ်သက်မှာ သူ့ရည်းစားကို လုတယ်လို့ သူထင်လို့ သူအင်မတန် စိတ်ဆိုးသူ တစ်ယောက်ရှိပါတယ်။ ဒါပေမယ့် အဲဒီလူအကြောင်းကိုလည်း မကောင်း ဘယ်တော့မှမပြောဘူး၊ မကောင်းဘယ်တော့မှ မကြံဘူး။ သူအင်မတန်စိတ်ဆိုးတာမို့ ဆွဲထိုးမယ်အထိ ကြံရွယ်တာပဲ ရှိပါတယ်။

            ဦးလှကို ခင်တဲ့ ချစ်တဲ့လူတွေကတော့ ဦးလှဟာ သူ့ကြည့်လိုက်ရင် ဘယ်တော့မဆို ကြည်လင်အေးချမ်းနေတဲ့ မျက်နှာရှိတယ်။ စကားပြောတဲ့အခါ အမြဲချိုသာတယ်။ တစ်ဖက်သားနဲ့ အတိုက်အခံငြင်းခုံတဲ့အခါရယ်လို့ ဘယ်တော့မှ မတွေ့ရဖူးဘူး။ ဆက်ဆံရေး သိပ်ပြေပြစ်တဲ့လူလို့ သူ့ကို ပြောကြသူတွေ အများကြီးပါ။

            ဦးလှက ဘာသာရေးကိုလည်း သိပ်လေးစားတဲ့သူပါ။ ဘုရားရှိခိုးတာ၊ ဘုရားရှေ့တော်မှာ ထိုင်တာဟာ ဖြစ်နိုင်ရင် မနက်ရောညပါ ထိုင်ပါတယ်။ သူဘာတွေ လုပ်တယ်တော့ မသိပါဘူး။ ပြီးတော့ သူ့ဆီကို တစ်ဦးတစ်ယောက်က လာတွေ့ချင်တယ်၊ လာမယ်လို့ ကြိုပြီး အကြောင်းကြားထားရင် သူက အဲဒီမိတ်ဆွေကို မေတ္တာပို့ရင်း စောင့်နေတယ်လို့ ကျွန်မထင်ပါတယ်။ ဒါက ကျွန်မအထင်ပါ။ ဒီဧည့်သည်လာရင် စာအုပ်လက်ဆောင်ပေးဖို့၊ ပြောချင်တာရှိရင် ပြောဖို့တော့ သူပြင်ဆင်ထားတာအမှန်ပါ။

            ဧည့်လာရင်လည်း ကျွေးချင်မွေးချင်က သိပ်ရှိတာ။ ဘယ်သူ့ကိုမဆို အစားအသောက်ကလေးနဲ့ သူက ဧည့်ခံချင်တယ်။ သူနဲ့ ၄၃ နှစ် ပေါင်းသင်းရာမှာ စားချိန်ရှိနေတဲ့ ဧည့်ကို 'အမာရေ... ဘယ်သူ့ကို ထမင်းကျွေးရအောင်ကွာ' လို့ သိပ်ပြောတတ်တာ။ အိမ်မှာ ရှိလား မရှိလား မမေးဘူး။ ကျွန်မအိမ်က စားအိုးကတော့ ကြီးပါတယ်။ အဲဒီတော့ ဧည့်တစ်ယောက်စ၊ နှစ်ယောက်စဖြင့် ထမင်းကို ထပ်ချက်စရာ မလိုဘဲနဲ့ ကျွေးလို့ရပါတယ်။ ဒါပေမယ့် ဟင်းကျွေးဟင်းလျာနဲ့ ပတ်သက်လို့တော့ ဧည့်ကို ဧည့်နဲ့တူအောင် ဖွယ်ဖွယ်ရာရာ ကလေးတော့ ဖြစ်ဖို့လိုတာပေါ့။ အဲဒီတော့ ကျွန်မက သူ့ကို မမေးမမြန်းဘဲ ဧည့်ကို ထမင်းစားခေါ်တာကို ခဏခဏအပြစ် တင်တယ်။ နို့ပေမယ့် မရပါဘူး၊ အပြစ်တင်တာက တင်တာ ရှိတာပါပဲ။ သူက ကျွေးချင်တဲ့အကျင့်ကတော့ မဖျောက်ပါဘူး၊ တစ်သက်လုံးပါ။

            ပြီးတော့ သူ့ကို ဘယ်သူကမဆို အကူအညီ တစ်စုံတစ်ရာ တောင်းလာရင် သူလုပ်ပေးနိုင်တာရှိလို့ ဦးလေးလှ၊ ဒါကလေး လုပ်ပေးပါလို့ ပြောလာရင် သူက ပြောလာသူဟာ ဘယ်လိုလူမျိုးဖြစ်ဖြစ် သူတတ်နိုင်တာမှန်ရင် တကယ်ပဲ ကိုယ်ဖိရင်ဖိ လုပ်ပေးပါတယ်။ အဲဒီစေတနာကို ကျွန်မ အသိဆုံးမို့ ကျွန်မက သူ့ကို စိတ်ထဲက အမြဲတမ်း ချီးကျူးပါတယ်။ အကူအညီတောင်းလာသူကို အတန်းအစားမခွဲခြား လိုက်ပုံကလည်း အံ့သြဖို့ကောင်းလောက်အောင်ပါပဲ။ ပြီးတော့ အဲဒီလူကို ကူညီပေးနိုင်ဖို့၊ နှုတ်၏ စောင်မခြင်းများပြုနိုင်ဖို့ သူ့မှာ အသိမိတ်ဆွေကလည်း အတန်းအစားအမျိုးမျိုး၊ နေရာ ဌာနအသီးသီးမှာ ပေါမှပေါ များမှများ ရှိတဲ့လူပါ။

            သူ့မှာ သူများကို ကူညီတတ်တဲ့စေတနာကြောင့်လား မသိဘူး၊ သူ့ကျတော့လည်း ကူညီမယ့်လူတွေ အလိုလို ပေါ်လာပါတယ်။ ကမ္ဘာစစ်ကြီးပြီးလို့ ကျွန်မတို့ မန္တလေးကို ပြန်ဝင်လာကြပြီး လက်ဆည်ကန်က ဒေါ်ကြည်တို့ရဲ့ ရွှေမျက်မှန်တိုက်မှာ နေကြတုန်း ကျွန်မသားကလေး ဖိုးသံချောင်းကို ၁၉၄၅ ခုနှစ်၊ ဇွန်လမှာ စိန့်ပီတာဆေးရုံမှာ သွားမွေးခဲ့ရပါတယ်။ မန္တလေးဆေးရုံကြီးက ဗုံးတွေကျထားတာ မပြင်ရသေးလို့ စစ်ကြီးပြီးတော့ ဆေးရုံက စိန့်ပီတာကျောင်းကြီးတစ်ခုလုံးနဲ့ သံတဲကျောင်းကိုပါသိမ်းပြီး ဆေးရုံဖွင့်ထားရတာပါ။ ဆေးရုံပေါ်မှာ သားကလေး ၂ ရက်ရတဲ့နေ့ မနက်ခင်းမှာ ဦးလှ အစောကြီး ကျွန်မအိပ်ရာဘေးကို ရောက်လာပြီး သူ့ကို ဟာကင်(မ်)ဂျီ ဦးမောင်ကိုက စာပုံနှိပ်စက်တွေ လာရောင်းနေတယ်။ သူက သူ့မှာ ဝယ်စရာငွေ မရှိပါဘူးဆိုတာ ကိစ္စမရှိဘူး၊ အကြွေးဝယ်ထား၊ နောင်ရှိတော့မှပေးလို့ လာပြောနေတယ်လို့ သူက သတင်းပေးလာပါတယ်။

            ကျွန်မက အဲဒါ ဘာစက်တွေလဲ၊ ဘယ်က စက်တွေလဲဆိုတော့ ကာလာ ဂရီဒီပိုင်တဲ့စက်တွေ၊ ဦးမောင်ကိုတို့က အာဠဝီစီလမ်းက ကာလာဂရီဒီ တစ်ဝင်းလုံးကို ရလိုက်တာတဲ့။ ကာလာဂရီဒီဆိုတာ မန္တလေးမှာ နိုင်ငံခြားသားပိုင် ပုံနှိပ်တိုက်ကြီးပါ။ ကျွန်မအဖက သူ့ဆေးလိပ်တံဆိပ်တွေကို ဒီတိုက်ကမှ အကောင်းဆုံး ရိုက်ပေးနိုင်တာဆိုပြီး အဲဒီမှာ အမြဲအပ်ပါတယ်။ သူ့သတင်းကြားရတော့ ကျွန်မက ယုံတောင်မယုံချင်ဘူး။ ဦးမောင်ကိုဟာ ကျွန်မတို့နဲ့ မခင်ပါဘူး။ ကျွန်မခဲအို ဦးထွန်းချွန်နဲ့သာ ခင်တာပါ။ ဒါပေမယ့် အခု ဦးမောင်ကိုက ကျွန်မတို့မှာ ပိုက်ဆံမရှိပါဘူးဆိုရဲ့နဲ့ အကြွေးရောင်းနေပါသတဲ့။ ဒါနဲ့ အဲဒီစက်တွေကို ကျွန်မတို့က ဝယ်လိုက်ရပြီး အဲဒါတွေနဲ့ မန္တလေးမီးလောင်တဲ့အထိ လုပ်စားခဲ့ရတာပါ။

            ၈၄ လမ်းနဲ့ ၃၃ လမ်းထောင့်က လူထုတိုက်မြေနေရာလည်း ဒီလိုပါပဲ။ ကျွန်မတို့မှာ ဝယ်စရာပိုက်ဆံမရှိပါဘူးဆိုရဲ့နဲ မြေရှင်များက ကျွန်မတို့မှ ပေးချင်လို့ပါ။ ရှိတဲ့ပိုက်ဆံပေးထားပြီး ကျန်တာ ပေးနိုင်ခါမှ ပေးတာပေါ့ဆိုပြီ အတင်းလာရောင်းလို့ တစ်ဝက်ပေး အကြွေးနဲ့ ဝယ်လိုက်ရတာပါ။

▀

ဆက်လက်ဖော်ပြပါမည်

လူထုဒေါ်အမာ

(အမှတ် ၂၀၅၊ ဒီဇင်ဘာလ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

အတ္ထုပ္ပတ္တိအခန်းဆက်
...
ကျွန်မရေးတဲ့သူ့ဘဝ လူထုဦးလှ
လူထုဒေါ်အမာ

ဦးလှက စာတွေကို ရေးတုန်းကတော့ စာအုပ်ထုတ်ဖို့ ရည်ရွယ်ချက်မရှိဘဲ ရေးတယ်။ နို့ပေမယ့် အဲဒီစာတွေကို အစုလိုက် အပုံလိုက်တွေ့တဲ့အခါ စာအုပ်လုပ်ချင်တဲ့စိတ် ပေါက်တတ်တယ်။ သူ ငယ်ငယ်လေးကတည်းက ဒီစိတ်ရှိတယ်။

အတ္ထုပ္ပတ္တိအခန်းဆက်
...
ကျွန်မရေးတဲ့သူ့ဘဝ လူထုဦးလှ အပိုင်း (၁၂)
လူထုဒေါ်အမာ

ဦးလှကို မင်းမနိုင်ကွက်သစ် တဲအိမ်ဖျက်တဲ့ သတင်းနဲ့ ပတ်သက်လို့ သတင်းမှားရေးတယ်ဆိုပြီး အစိုးရက အရေးယူဖမ်းဆီးထားတော့ ဒီအမှုကို မန္တလေးမှာမစစ်ဘဲ ရန်ကုန်ပြောင်းရွှေ့စစ်ပါရစေလို့ တရားလိုအစိုးရရှေ့နေက ရုံးမှာ...

အတ္ထုပ္ပတ္တိအခန်းဆက်
...
ကျွန်မရေးတဲ့ သူ့ဘဝ လူထု ဦးလှ အပိုင်း (၁၀)
လူထုဒေါ်အမာ

သူ့အဖေက ရွှေတောင်သား မြန်မာ သူ့အမေက ပုစွန်မြောင်း ညောင်လေးပင်သူ မြန်မာ ညောင်လေးပင် တောရကြီးဆရာတော် ဦးအရိယ(အဂ္ဂမဟာပဏ္ဍိတ)ဟာ ဦးလှရဲ့ အမေ့အစ်မက မွေးတဲ့သား ဦးလှနဲ့ ညီအစ်ကိုဝမ်းကွဲပါ