ကြူးနှစ်
ကျွန်တော်၏
အလုပ်တာဝန်မှာ သက်တမ်းလွန်နေပြီး လူများနေထိုင်ရန်နှင့် လုပ်ငန်းဆောင်တာများ
ထားရှိဆောင်ရွက်ရန် မသင့်တော်တော့သဖြင့် သက်ဆိုင်ရာမှ တံဆိပ်ကပ် ပိတ်ပင်ထားသော
အဆောက်အအုံအဟောင်းကြီးများကို လှည့်လည် စစ်ဆေးရသည့် “အင်စပိတ်တော်”
အလုပ်ဖြစ်ပါသည်။ ကျွန်တော်စစ်ဆေးကြည့်ရှုရသည့် အဆောက်အအုံအချို့မှာ
ကိုလိုနီခေတ်ဦးပိုင်းကတည်းက ဆောက်လုပ်ထားခဲ့သည့် သက်တမ်း ရာစုကျော်နေသော
ဟောင်းပြီး ဆွေးမြေ့နေကြသည့် အုတ်တိုက်ကြီးများ ဖြစ်ကြရာ အခန့်မသင့်ပါက
အချိန်မရွေး ဗုန်းဗုန်းလဲ ပြိုကျသွားနိုင်ကြပြီး ကျွန်တော်ကံမကောင်းပါလျှင်
ပြိုကျသောအချိန်၌ ထိုအဆောက်အအုံထဲတွင် ကျွန်တော်ရောက်ရှိနေနိုင်ခဲ့ပါသည်။ ထိုသို့သော
လုပ်ငန်းခွင် အန္တရာယ်မျိုးရှိနေသောကြောင့် အဆောက်အအုံထဲတွင် ကျွန်တော်ဝင်ရောက်
စစ်ဆေးနေစဉ် အပြင်ဘက်က ကျွန်တော်၏ လက်ထောက်တစ်ဦးက “ဝေါ်ကီတော်ကီ” ဆက်သွယ်ရေးစက်ကလေးဖြင့်
ကျွန်တော့်ကို အမြဲမပြတ် စက္ကန့်မလပ် ဆက်သွယ်နေရပါသည်။ ထို့ပြင်
ကျွန်တော်စစ်ဆေးနေရာ အဆောက်အအုံနှင့် အနီးဆုံး လမ်းများ၌ မြေတုန်မှုကို
ကာကွယ်သောအားဖြင့် သက်ဆိုင်ရာမှ မော်တော်ယာဉ် အသွားအလာများကို ခေတ္တတားဆီးထားလေ့ ရှိပါသည်။ စိတ်မသက်သာစရာ
အချက်တစ်ခုမှာ ကျွန်တော် စစ်ဆေးရာ အဆောက်အအုံ အနီးတွင် ကြက်ခြေနီတပ်ဖွဲ့ဝင်နှစ်ဦး ပါရှိသည့်
အရေးပေါ် လူနာတင်ယာဉ်တစ်စီးက အဆင်သင့် စောင့်ဆိုင်းနေရခြင်း ဖြစ်သည်။ ကျွန်တော်၏
အသက်မွေးဝမ်းကျောင်းအလုပ်က ကျက်သရေမင်္ဂလာတော့ မပြည့်စုံလှပါ။ ဘယ်လိုမဆို
ကြိုတင်ကာကွယ်မှုက အထူးလိုအပ်လှပါသည်။
ကျွန်တော်လှည့်လည် စစ်ဆေးနေရသော
အဆောက်အအုံဟောင်းကြီးများမှာ တစ်နေ့နေ့တွင် အနှေးနှင့်အမြန် ဖြိုချဖျက်ဆီးပစ်ရမည့်
အပိုအလျှံ အမှိုက်သရိုက်ထုထည်ကြီးများနှင့် တူလှသည်။ သူတို့ကို
ဖျက်ဆီးဖယ်ရှားပြီးလျှင် သူတို့နေရာတွင် ခေတ်မီ အဆောက်အအုံသစ်များကို
အစားထိုးတည်ဆောက်ဖို့ စီမံကိန်းလည်း အခိုင်အမာ ရှိပါသည်။ သို့ဖြစ်လျှင်
လူသူလည်းမနေထိုင်၊ ပစ္စည်းပစ္စယများလည်း မရှိကြတော့သည့် တိုက်ဟောင်းကြီးတွေကို
ဘာကြောင့်အလုပ်ရှုပ်ခံပြီး သက်စွန့်ဆံဖျား လှည့်လည် စစ်ဆေးနေရပါသနည်းဟု
မေးခွန်းထုတ်လာဖွယ်ရာ ရှိနေပါသည်။
ခေတ်သစ် မြို့ပြလူနေမှုစနစ်ထဲတွင်
မပပျောက်နိုင်သေးသော အကျင့်ဟောင်း စရိုက်ဟောင်း၊ အကျင့်ပျက် စရိုက်ပျက်အချို့နှင့်အတူ
ကြမ္မာဒဏ်သင့် ဖြစ်ရပ်အချို့ ကျန်ရှိနေကြပါသေးသည်။ အရိုးရှင်းဆုံး ဝေါဟာရကို
သုံးနှုန်းရလျှင် တရားဥပဒေ ချိုးဖောက်မှုများဟုသာ ဆိုရပါလိမ့်မည်။ ကျွန်တော်က
အလုပ်တာဝန်မှာ တရားဥပဒေချိုးဖောက်မှုများကို ကာကွယ်တားဆီးဖို့၊ နှိမ်နင်း
အရေးယူဖို့ ဖြစ်သည်။ ထိုတာဝန်အတွက် ကျွန်တော်သည် ပြည်သူလူထုထံမှ ဝန်ထမ်းလစာငွေ
ကောင်းကောင်း ရယူထားခဲ့ပါသည်။ သူ့ဆန်စားလျှင် ရဲရပါလိမ့်မည်။ ထို့ပြင် ကျွန်တော်၏
ဗီဇဓာတ်အခံတွင် တရားဥပဒေချိုးဖောက်သူများကို မုန်းတီးရွံရှာမှု အပြည့်ရှိပါသည်။
စင်စစ် လူသူစွန့် ပစ်ထားခဲ့သော အဆောက်အအုံဟောင်းများဆိုသည်မှာ တရားဥပဒေ
ချိုးဖောက်သူများနှင့် အဆက်အစပ် ရှိနေတတ်ကြသော နေရာဌာနများလည်း ဖြစ်နေကြပါသည်။
ထိုပုဂ္ဂိုလ်များ၏ ဘန်းစကား အသုံးအနှုန်းနှင့်ဆိုရလျှင် ထိုနေရာဌာနများသည် သူတို့၏
'ဂျကာ'များ ဖြစ်ကြပါသည်။
တစ်ခါက ကျွန်တော်သည်
လေးထပ်လူနေတိုက်ခန်းတွဲ အဆောက်အအုံတစ်ခုအတွင်း ဝင်ရောက်စစ်ဆေးခိုက် အိပ်ပျော်နေသော
သူခိုးတစ်ယောက်ကို အဝတ်အထည်၊ လျှပ်စစ်မီးပူ၊ ရေဒီယိုကက်ဆက်စသည့် သူ၏
ခိုးရာပါပစ္စည်းများနှင့်အတူ လက်ပူးလက်ကြပ် ဖမ်းဆီးနိုင်ခဲ့ပါသည်။
နောက်တစ်ကြိမ်တွင်မူ အတော်အတန်လုံခြုံသော အဆောက်အအုံဟောင်းတစ်ခုထဲတွင် ပုန်းအောင်းနေကြသော ဝရမ်းပြေးဓားပြ
နှစ်ယောက်ကို ၁ဝ ရက်စာ ရိက္ခာများနှင့်တကွ ဖမ်းမိနိုင် ခဲ့ပါသည်။
ရာဇဝတ်ကောင်များသည် ကျွန်တော့်လက်ထဲမှ ကြောက်မက်ဖွယ် ကျည်အားပြင်းထန်လှသည့် ၄၅
ဘို့ ဝက်ဘလီအမျိုးအစား ခြောက်လုံးပြူးသေနတ်ကြီးကို သေမင်းထက်ပင် ပို၍ ကြောက်ရွံ့ကြဟန်ရှိပါသည်။
တစ်ခါက ထွက်ပြေးပုန်းရှောင်နေသော လူသတ် ဓားပြတစ်ဦးက ကျွန်တော့်ကို ဓားမြှောင်ဖြင့်
အပြတ်ရှင်းဖို့ ကြိုးစားရာ ကျွန်တော်က ဝမ်းနည်းစွာဖြင့်ပင် သူ၏ ဝမ်းဗိုက်ကို
ဖောက်ခွဲပစ်လိုက် ရပါသည်။ တာဝန်ထမ်းဆောင်နေစဉ် ကျွန်တော့်မှာ သေနတ်သာမက ဒုတိယ
ကမ္ဘာစစ်တုန်းက ဂေါ်ရခါး စစ်သည်တစ်ဦး ထိထိရောက်ရောက် အသုံးပြုခဲ့ဖူးသော
ဓားကောက်ကြီးတစ်လက်လည်း ပါရှိသေးသည်။ တရားဥပဒေချိုးဖောက်ရန် ဝန်မလေးသူများကို
တရားဓမ္မကျမ်းတစ်ပုဒ် ပြသ၍ ဖျောင်းဖျနားချဖို့ မလိုအပ်ပါ။ 'ဤအဆောက်အအုံ အနီး ၁ဝ ပေအတွင်းသို့ မဝင်ရ၊ တွေ့ရှိက အရေးယူမည်' ဟု ထင်ရှားစွာ ရေးသားဖော်ပြထားသော အနီရောင် ဆိုင်းဘုတ်များကို ရာဇဝတ်ကောင်
ဝရမ်းပြေးများသာမက ခြေသလုံးအိမ်တိုင် ကလေကချေများနှင့် စိတ်မနှံ့သူများကပါ အလေးထား
အသိအမှတ်ပြုခြင်း မရှိလှ ပါ။ ကျွန်တော်သည် ပုပ်ဟောင်သော ကိုယ်နံ့များရှိကြသည့်
စိတ်ဝေဒနာရှင်များကို တိုက်ဟောင်းများထဲမှ
မိမိကိုယ်တိုင် ရူးသွပ်လုနီးပါး ခံစားရရင်းမှ မကြာခဏဆိုသလို ဆွဲထုတ်ပစ်ရလေ့
ရှိပါသည်။
တစ်ခါက ကျွန်တော်
ကြုံတွေ့ခဲ့ရသောအဖြစ်ကမူ ရင်နာကြေကွဲဖို့ ကောင်းလှသည်။ မြို့စွန်တိုက်ပျက်ကြီး
တစ်လုံးထဲတွင် အခြေအနေမဲ့ ကံဆိုးမိုးမှောင်ကျခံနေကြရရှာသူ မိသားစုတစ်စုကို တွေ့ခဲ့ကြရပြီး သူတို့ကတော့ တိုက်ပျက်ကြီးကို
နန်းတော်ကြီးတစ်ဆောင်သဖွယ် ထင်မြင်ခံစား၍ မှီခိုနေထိုင်လျက် ရှိကြပါသည်။ သူတို့က
ကျွန်တော့်ခြေသလုံးကို ဝိုင်းဖက်ကြသည်။ နွေရာသီ ကုန်ဆုံးသည်အထိ
နေထိုင်ခွင့်ပြုပါရန် အသနားခံကြသည်။ ကျွန်တော်က သူတို့ကို ၇ ရက် နို့တစ်ပေးပြီး
ခွင့်ပြုလိုက်ပါသည်။ နောက်တစ်နေ့တွင် ရုတ်တရက် ငလျင်အငယ်စားတစ်ခု လှုပ်ခတ်စဉ်
အကာလညအချိန်၌ ထိုတိုက်ဟောင်းကြီး ပြိုကျသွားခဲ့သည်။ ထိုမိသားစု၏ အလောင်းများကို
ခက်ခဲစွာ ဆွဲထုတ်နေကြပုံကို ကျွန်တော် ပင့်သက်တရှိုက်ရှိုက်ဖြင့်
သွားကြည့်ခဲ့ပါသည်။
ယနေ့ ကျွန်တော်တာဝန်ကျသော နေရာဌာနမှာ
တစ်ချိန်က ဒိစကြိတ် စာကြည့်တိုက်နှင့် ရှေးဟောင်းပြတိုက်တို့ကို
တွဲဖက်ထားခဲ့ဖူးသော အုတ်နီတိုက်ဟောင်းကြီး တစ်လုံး ဖြစ်ပါသည်။ အဆောက်အအုံကြီး၏
ဗိသုကာပုံစံမှာလည်း ဝိတိုရိယခေတ် ဗိသုကာလက်ရာနှင့် ဂေါသစ်ဗိသုကာဟန်တို့
ပေါင်းစပ်ထားသဖြင့် ခံ့ညားတည်ငြိမ်မှုနဲ့ ချောက်ချားဖွယ် အေးစက်စက်အသွင်ကို
ဆောင်လျက်ရှိသည်။ သည်းထိတ်ရင်ဖို ရုပ်ရှင်ကားများထဲတွင် ပါဝင်လေ့ရှိသော
မကောင်းဆိုးဝါးစံအိမ်ကြီး တစ်လုံးနှင့်ပင် တူသယောင် ရှိပါသည်။
အဆောက်အအုံထဲတွင် ပရိသောဂနှင့်
အဖိုးတန် ပစ္စည်းပစ္စယများ ဘာတစ်ခုမျှ မကျန်တော့သော်လည်း မသမာသူများအတွက် အကျိုးစီးပွား
အနည်းငယ် ဖြစ်ထွန်းနိုင်သည့်အရာဝတ္ထု များ ကျန်ရှိနေခဲ့ကြပါသည်။ သူတို့သည်
အဆောက်အအုံထဲမှ ကြမ်းခင်းကျောက်ပြားများ၊ နံရံကပ်ကြွေပြားများ၊ တံခါးများမှ
မှန်ချပ်များကို သာမက သတ္တုရေပိုက်များကိုပါ ဖြုတ်ခွာ ခိုးယူခဲ့ကြ သည်။ ထိုမျှသာမက
အကောင်းစား ကြွေရည်သုတ်အိမ်သာ ကမုတ်ခွက်ကြီးများကိုပါ ခိုးထုတ်ခဲ့ကြ သည်။
ထိုသူခိုးများသည် 'စူပါမင်း'ကဲ့သို့သော စွမ်းအားရှိလျှင်
အဆောက်အအုံကြီးတစ်ခုလုံးကိုပါ မ,ယူ လစ်ပြေးသွားကြလေမလား မဆိုနိုင်ပေ။
ထို့ကြောင့် သက်ဆိုင်ရာဌာနချင်း
ညှိနှိုင်းမှု အစီအစဉ်တစ်ရပ်ဖြင့် ထိုအဆောက်အအုံကြီးသည် ကျွန်တော်တို့၏
ကာကွယ်စောင့်ရှောက်မှုအောက်သို့ ရောက်ရှိလာခဲ့ရခြင်း ဖြစ်ပါသည်။ ကျွန်တော်သည်
ဤစာကြည့်တိုက်နှင့် ပြတိုက်ဟောင်းကြီးကို အခါအားလျော်စွာ ရှောင်တခင်
စစ်ဆေးကြည့်ရှုပေးရပါ သည်။ အခြားအဆောက်အအုံဟောင်းများနှင့် မတူသော အချက်မှာ
ဤတိုက်အိုကြီးသည် ပိုမိုလုံခြုံ ခိုင်ခံ့နေခြင်း ဖြစ်ပြီး ယင်း၏ တံခါးများကို
တော်တန်ရုံ ဘူဒိုဇာ တစ်စီးပင်လျှင် ခက်ခက်ခဲခဲ ဖျက်ဆီး ဖွင့်လှစ်ရပါလိမ့်မည်။
တံခါးမကြီးလေးခုမှ အာမခံ သော့ခလောက်ကြီးများဆိုလျှင်လည်း 'အစက်
တလင်း' ဂဟေဆော်မီးတောက်ဖြင့် အရည်ဖျော်ချမှ
ပွင့်သွားနိုင်ပါသည်။ အိမ်သာက မုတ်အိုးလောက်သာ ခိုးယူချင်သူများသည်
ဤအဆောက်အအုံထဲသို့ ခွန်အားစိုက်ထုတ်၍ အပင်ပန်းခံ ဝင်ရောက်ကြလိမ့်မည်ဟူ၍ ကျွန်တော်
မထင်ပါ။ သို့သော် ကျွန်တော့်အတွက် တာဝန်သည် တာဝန်သာ ဖြစ်ပါသည်။ အင်္ဂလိပ်နီတိ
စာရေးဆရာကြီး 'ဆင်မြူရယ် စမိုင်း' ကလည်း' လူ့ဘဝ၏ နေရာဌာနတိုင်းတွင် တာဝန်ရှိသည်' ဟု ရေးသား
မိန့်ဆိုဖူးခဲ့ပါသည်။
'ဟေ့...ချာတိတ်၊ ငါတော့
ပျူဘုရင်မ ပန်ထွာမင်းသမီးနဲ့ စကားစမြည် သွားပြောရင်း စာကလေး ဘာကလေး နားနားနေနေ
ဖတ်လိုက်ဦးမယ်ကွာ။ မင်း နာရီဝက်တော့ အညောင်းပြေ လမ်းလျှောက်နေလိုက်ဦးပေါ့'
ထုံးစံအတိုင်း ကျွန်တော်က လုပ်ဖော်ကိုင်ဖက်
အကူရဲဘော်ကလေးကို ခပ်ရွှင်ရွှင် လှမ်းပြောရင်း တိုက်ဟောင်းကြီး၏ ဆင်ဝင်အောက်သို့
လျှောက်လာခဲ့ပါသည်။ ကျွန်တော် လမ်းလျှောက်စဉ် ကျွန်တော်၏ ခန္ဓာကိုယ်ရှိ
လုပ်ငန်းသုံး တန်ဆာပလာ ဒွါဒရာများဆီမှ ချိုးချိုးချွင်ချွင် အသံမြည်လျက် ရှိပါသည်။
ကျွန်တော်၏ သွင်ပြင်ပုံစံမှာ အဆောက်အအုံ အင်စပိတ်တော်တစ်ဦးထက်စာလျှင် သတ္ထုတွင်း
အလုပ်သမားတစ်ယောက်နှင့် ပို၍ တူနေပါသည်။ ကျွန်တော့်ခန္ဓာပေါ်တွင် အလေးချိန် ပေါင်
၁ဝဝ နီးနီးရှိသည် ပစ္စည်းကိရိယာတွေ ချိတ်တွယ်ထားကြပါသည်။
ကျွန်တော် ဆောင်းထားသော ဖိုင်ဘာခမောက်
ရှေ့တွင် ဘတ္ထရီလျှပ်စစ်အားသုံး မီးလုံးတစ်လုံး တပ်ဆင်ထားပါသည်။ ကျွန်တော်၏
ဦးခေါင်းတွင် နားကြပ်ကလေးနှင့်တွဲလျက် မိုက်ကရိုဖုန်းကလေး ပါရှိသည်ကိုလည်း
တွေ့မြင်ရပါလိမ့်မည်။ ပြင်ပရှိ အကူရဲဘော်နှင့် ဆက်သွယ်ရာတွင် အသုံးပြုရန် ဖြစ်သည်။
အဆောက်အအုံတစ်ခုထဲသို့ ကျွန်တော် ဝင်ရောက်သွားသည်နှင့် နားကြပ်မှ အသံ
ဖမ်းကိရိယာကလေးက စတင်အသက်ဝင်လာမည် ဖြစ်သည်။ ရှေ့မှ မီးသီး မတော်တဆ
ပျက်စီးသွားလျှင် အစားထိုးအသုံးပြုရန် ကျွန်တော့်တွင် အားကောင်းသော (ရေအောက်မှာပါ
အသုံးပြုနိုင်သော) လက်နှိပ်ဓာတ်မီးတစ်လက် ပါရှိ ပါသေးသည်။
အထူးခြားဆုံးပစ္စည်းမှာ ကျွန်တော်
ကျောပိုးထားသည့် အောက်စီဂျင်ဘူးပင် ဖြစ်သည်။ မြေတိုက်ခန်းများထဲသို့ ဆင်းသက်ရာတွင်
အောက်စီဂျင်လိုအပ်ပါက ယင်ဘူးကို မိနစ် ၂ဝ ကြာမျှ အသုံးပြုနိုင်မည် ဖြစ်သည်။
ကျွန်တော်၏ ညာဘက်လက်ထဲတွင် နှစ်ဖက်ချွန် ပေါက်ချွန်းအသေးစားတစ်ခု
ကိုင်စွဲထားပါသည်။ ရှေးဟောင်း သုတေသနသမားများလည်း
ထိုပေါက်ချွန်းမျိုးကို အသုံးပြုတတ်ကြသည်။ ကျွန်တော်၏ သားရေခါးပတ် တစ်ဖက်
တစ်ချက်စီတွင် ရေဘူးနှင့် သေနတ်ပက္ကူအိတ် ချိတ်ဆွဲထားပြီး တင်ပါးတစ်ဖက်၌ ဂေါ်ရခါး
ဓားကောက်ကြီး ပါရှိသည်။ ကျွန်တော်၏ ဂျက်ကက်အင်္ကျီအိတ်ကပ်များထဲတွင် ပလိုင်ယာ၊
ဝက်အူလှည့်၊ လျှပ်စစ်စမ်း တက်စတာ၊ မှန်ဖြတ် စိန်သွားစသော တိုလီမိုလီ
လက်သုံးကိရိယာကလေးတွေလည်း ပါရှိကြသည်။ အရေးပေါ်သုံး လျှပ်စစ်
ဖယောင်းတိုင်တစ်တိုင်လည်း ကျွန်တော် ဆောင်ထားရသေးသည်။ ဓာတ်ငွေ့သုံး
ဇစ်ပိုမီးခြစ်တစ်လုံးနှင့် လျှပ်စစ်သုံး သံဖြတ်လွှငယ် ကလေးတစ်ခုတို့လည်း
ကျွန်တော့်မှာ ပါရှိကြသည်။ စစ်မြေပြင်ရှိ ခြေလျင် တပ်သားတစ်ဦးမှာပင်လျှင်
(လက်နက်ခဲယမ်းကလွဲ၍) ကျွန်တော့်လောက် ကိရိယာ တန်ဆာပလာ မစုံလင်နိုင်ပါ။
အဆောက်အအုံဟောင်း စစ်ဆေးသည့် အင်စပိတ်တော် တစ်ဦးအနေဖြင့် ဤမျှ တိုလီမုတ်စ
တန်ဆာပလာတွေများရန် မလိုအပ်ဟု အချို့က ထင်ကောင်းထင်ကြလိမ့်မည်။ ကျွန်တော်တို့ဌာနကတော့
အမြင်တစ်မျိုးရှိပါသည်။ SAFETY FIRST လုံခြုံရေး
အဓိကဆိုသော ဆောင်ပုဒ်မှာ ကျွန်တော်တို့ဌာန၏ အထူးဦးစားပေး ပေါ်လစီ ဖြစ်ပါသည်။
ယုတ်စွအဆုံး ပြောရလျှင် ကျွန်တော် စီးနင်းထားသော ဘွတ်ဖိနပ်သည်ပင်လျှင်
မီးမစွဲနိုင်သော ဓာတုသားရေတုဖြင့် ချုပ်လုပ်ထားပြီး ထိုဘွတ်ဖိနပ်ဖြင့် ခြေထောက်ကို
ရေလုံးဝ မစိုစွတ်စေရဘဲ ရေထဲမှာ ၁ နာရီကြာ နေနိုင်ပါသည်။
အဆောက်အအုံကြီးထဲသို့
ပင်မတံခါးမကြီးကို သော့ဖွင့်၍ ကျွန်တော် ဝင်လာခဲ့ပါသည်။ ဝင်လိုက်သည်နှင့်
ခန်းမငယ်တစ်ခုထဲသို့ ရောက်ရှိခဲ့ပြီး ညာဘက်သို့ ချိုးကွေ့လျှင် စာကြည့်တိုက်အဖြစ်
အသုံးပြုခဲ့သော အဆောင်များဆီသို့ ရောက်နိုင်ကာ၊ ဝဲဘက်သို့ ချိုးကွေ့လျှင်
ရှေးဟောင်းပစ္စည်းပြတိုက် အဖြစ် အသုံးတော်ခံခဲ့ရာ ကျယ်ဝန်းသော
အခန်းဆောင်များဆီသို့ ရောက်ရှိမည် ဖြစ်သည်။ လွန်ခဲ့သော တစ်လနီးပါးခန့်က
ဤတိုက်အိုကြီးကို ကျွန်တော် ပထမတစ်ကြိမ် လှည့်လည်စစ်ဆေးပြီးခဲ့ပါပြီ။ နောက်ဆုံး
နေထိုင်စောင့်ရှောက်သွားခဲ့ကြသော ဝန်းထမ်းများ စွန့်ထားရစ်ခဲ့ကြသည့်အတိုင်း အပျက်အစီး လုံးဝမရှိဘဲ တံခါးများအားလုံးကလည်း
ကြံ့ခိုင်တောင့်တင်းစွာ ပိတ်လျက်သား ရှိနေကြပါသည်။ လူများ မရှိကြတော့သဖြင့်
စားရေးရိက္ခာ ရရှိရန် ခက်ခဲ ကုန်ကြသည့် ကြွက်များ၊ ခိုများလည်း မရှိကြတော့ပါ။
ကျွန်တော်၏ စေ့စေ့စပ်စပ် ရှာဖွေစစ်ဆေးမှုထဲတွင် ပိုးဟပ်တစ်ကောင်၊ ပုရွက်ဆိတ်
တစ်အုံမျှကိုပင် မတွေ့ခဲ့ရပါ။ သို့သော် တံခါးမကြီးများရှိ ကျွန်းသား၊ ယိုးဒယားပန်း
ကနုတ်များကို ခိုးယူရန် ကြံစည်နေကြသည့် လူအချို့။ ဤမြို့တော်ထဲမှာ ရှိနေကြမှာကတော့
သေချာသည်။
မိုးလေဝသအခြေအနေ ကောင်းမွန်သာယာသော
နံနက် ၁ဝ နာရီအချိန်ခန့်ဖြစ်သော်လည်း အလင်းပိတ်တံခါးများချည်းသာ ရှိကြပြီး
ထိုတံခါးပေါက်များ အားလုံးကို သေချာကျနစွာ ပိတ်ဆို့ထားခဲ့ခြင်းကြောင့်
အဆောက်အအုံအတွင်းပိုင်းမှာ မြေအောက်ခေါင်းတလား တစ်လုံးထဲမှာထက်ပင် ပို၍
မှောင်မိုက်နေသကဲ့သို့ ထင်ရပါသည်။ ကျွန်တော်၏ ခမောက်မီးလုံးက ရှေ့ဘက် မီတာ ၂ဝ
ခန့်အထိ ဖြူလက်သော အလင်းစက်ဝန်းကို ဖြန့်ခင်းပေးထားပါသည်။ ကြာမြင့်စွာ အလင်းမရခဲ့။
လေလုံလောက်စွာ မရခဲ့သဖြင့် အဆောက်အအုံထဲတွင် ဖုန်နံ့ပျပျ ဟောင်နေပါသည်။ ကျွန်တော်
ယဉ်ပါးနေသော လေမျိုးဖြစ်၍ ကျွန်တော် စိတ်အနှောင့်အယှက် လုံးဝ မခံစားရပါ။
ကျွန်တော်လည်း ရှေးဟောင်းပစ္စည်း ပြတိုက်ဟောင်းဘက်အခြမ်းကို
ဦးစွာ စစ်ဆေးပါသည်။ ခန်းဆောင်များအားလုံး ဟာလာဟင်းလင်း ဖြစ်နေကြပြီး
သေတ္တာအခွံများနှင့်သာ တူနေပါသည်။ မှန်အကြည်များ ကာရံထားသည့် အခန်းများထဲတွင်
သဘာဝအလျောက် ဆင်ယင်ခင်း ကျင်းလျက်သား ရှိနေကြသော ပိုးချည်မျှင် ကွန်ယက်များကို
တွေ့မြင်ရသော်လည်း အလှတရား အာရုံနိုးကြားစေ နိုင်သော မြင်ကွင်းမျိုး မဟုတ်ပါ။
ကျွန်တော်က အားကောင်းသော လက်နှိပ်မီးကို သုံးပြီး နေရာအနှံ့ကို စေ့စေ့စပ်စပ်
ကြည့်ရှုခဲ့ပါသည်။ ဖုန်များ၊ ပိုးအိမ်မျှင်များကလွဲလျှင် ဘာမျှ မတွေ့ မြင်ရပါ။
ယခင်တစ်ချိန်တုန်းကလည်း ဤခန်းမများသည် များသောအားဖြင့် အေးအေးစက်စက်
တိတ်ဆိတ်နေခဲ့ကြပါပြီ။ ယခု တိတ်ဆိတ်မှုကတော့ အသက်ဓာတ်ကင်းမဲ့ လှသည်ဟု ကျွန်တော်
ထင်မြင်မိပါသည်။ ဤသို့ တိတ်ဆိတ်မှု အားကြီးခြင်းသည် များမကြာမီ ကာလတစ်ခုတွင်
ဤအဆောက်အအုံကြီးကို ဖြိုချ ဖျက်ဆီးပစ်ကြမည့် ဘူဒိုဇာကရိန်းကားကြီးများ၏ နားကွဲမတတ်
ဆူညံပေါက်ကွဲမှုကို စောင့်ဆိုင်းနေသည့် အဓိပ္ပာယ်များလားဟု ကျွန်တော် တွေးမိပါသည်။
'ဟေ့...ချာတိတ်၊ ဒီနေ့
ဒွတ္တဘောင်နဲ့ ပန်ထွာ မင်းသမီးတို့ ဧည့်ခံပွဲတစ်ခုခု သွားနေကြပုံရတယ်ဟေ့။
သူတို့နဲ့မတွေ့ရဘူး။ ငါ စာကြည့်တိုက်ဘက် ကူးတော့မယ်' ဟု
ကျွန်တော်က အပြင်ဘက်ရှိ အကူရဲဘော်ကလေးထံ ထုံးစံအတိုင်း ဟာသနှော၍
အကြောင်းကြားလိုက်သည်။
'ဒီလိုဆိုရင်လည်း
နရသီဟပတေ့ဘုရင်နဲ့ ထမင်းလက်ဆုံ ဝင်စားခဲ့ပါလား။ ထမင်းဆိုင်မှာ ဆရာ
ရှာလို့မရဘူးဆိုတဲ့ လိပ်ဥတို့ မြွေပွေးဆီပြန်ဟင်းတို့ကို နရသီဟပတေ့
ဟင်းပွဲတော်အုပ်ထဲမှာ ဆရာတွေ့နိုင်တယ်' ဟု သူကလည်း
အရွှန်းစကား တုံ့ပြန်လာသည်။
ကျွန်တော်သည် စိတ်မပါဘဲ
ရယ်မောလိုက်ပြီး နောက် ပြတိုက်တံခါးကို သော့ပိတ်၍ စာကြည့်တိုက် ဘက်သို့
ပြန်လျှောက်လာခဲ့သည်။ စာကြည့်ခန်းဘက်မှ ခန်းဆောင်များမှာလည်း ယခင်က ထားရှိခဲ့ကြသော
စားပွဲ၊ ကုလားထိုင်၊ ဗီရို၊ စာအုပ်စင်၊ စာအုပ်သေတ္တာများ မရှိကြတော့သဖြင့်
သေတ္တာခွံများနှင့်သာ တူနေကြပါသည်။ ယခင်က သမိုင်းဝင် ဆီဆေးပန်းချီ ကားချပ်ကြီးများ
ချိတ်ဆွဲ ထားလေ့ရှိသည့် နံရံများမှာ မျက်စိ၊ နှာခေါင်း၊ ပါးစပ် စသောအင်္ဂါများ
မပါရှိသည့် မျက်နှာကြီးများလို မသတီစရာ ဖြစ်နေကြသည်။ စာကြည့်မီးစလောင်းများမှာ
မီးသီးများ မရှိကြတော့သဖြင့် သွားမပါသော ပါးစပ်ပေါက်များနှင့် တူသည်ဟု ကျွန်တော်
ခံစားရပါသည်။ စာကြည့်တိုက်တွင် အခန်းများ ပိုမိုဖွဲ့စည်းထားသဖြင့် ဖုန်များ
ပိုထူသလိုလို၊ လေနံ့ ပို၍ ညစ်ဟောင်သလိုလို ရှိသည်။ ထိုလေနံ့ထဲတွင် တစ်ချိန်က
ဤခန်းဆောင်များထဲမှာ လှုပ်ရှားသွားလာခဲ့ကြသော စာကြည့်တိုက် ဝန်ထမ်းများ၊
စာကြမ်းပိုးများ၏ ကိုယ်နံ့ အကြွင်းအကျန်အချို့တော့ ရှိနိုင်ကောင်းပါသည်။
စာဖတ်ခန်းများကို တစ်ခန်းဝင်
တစ်ခန်းထွက် လှည့်လည်ကြည့်ရှုရင်း ကျွန်တော် မောပန်းသလိုလို ခံစားလာမိသည်။
ကျွန်တော့် တစ်ကိုယ်လုံး ချွေးရွှဲနေကြောင်းလည်း သတိပြုမိပါ သည်။ ကျွန်တော်
အသက်ရှူမဝဟု ခံစားရခြင်းမှာလည်း ဖုန်နံ့မွှန်လှသဖြင့် မကြာခဏ အသက်ရှူ
အောင့်ထားမိသောကြောင့် ဖြစ်နိုင်ကောင်းသည်။ စင်စစ်အားဖြင့် သွေးအားနည်းရောဂါ
မကြာခဏ ဖြစ်ပေါ်တတ်သော ကျွန်တော့်ကို ဒေါင်ဒေါင်မြည် ကျန်းမာသူဟု မသတ်မှတ်နိုင်ပါ။
ကျွန်တော်သည် မကြာမကြာ မူးဝေမိန်းမောတတ်ပါသည်။
ငါ အပြင်ပြန်ထွက်မယ်။ အခန်းကုန်အောင်
စစ်မနေတော့ပါဘူး။ ငါ တာဝန်မကျေတာကို ဘယ်သူက သိနိုင်မှာလဲဟု ကျွန်တော် တွေးမိသည်။
သို့ရာတွင် ကျွန်တော့်ခြေလှမ်းများက
နောက်ကြောင်းသို့ ပြန်မလှည့်ပါ။ ကျွန်တော်၏ ပင်ကို သီလတရားက အလုပ်တာဝန်ကို
ဖြစ်ကတတ်ဆန်း ဝတ်ကျေတန်းကျေ ထမ်းဆောင်ခြင်းမျိုးကို လုံးဝခွင့်မပြု၊ မလိုက်လျောပါ။
ကျွန်တော်သည် အဆောက်အအုံ၏ အရှေ့ဘက်
အစွန်ဖျားရှိ 'စာကြည့်တိုက်မှူး'အခန်းဆီသို့ မှောင်မည်း
ဖုန်ထူနေသော စင်္ကြံလမ်းကျဉ်းအတိုင်း ခြေတရွတ်ဆွဲ၍ လျှောက်လာခဲ့ပါသည်။ ထိုအခန်းကို
ဝင်ရောက် စစ်ဆေးကြည့်ဖို့ ကျွန်တော် များစွာစိတ်အား မထက်သန်လှပါ။ ထိုအခန်း ထဲတွင်
လူတစ်ယောက် သေဆုံးခဲ့ဖူးကြောင်း ကျွန်တော် ကြိုတင်သတင်းရထားသည်။ စာကြည့်တိုက်မှူး
အမျိုးသမီး အပျိုကြီးတစ်ယောက် ဖြစ်သည်။ သူမသည် သူမ၏ စားပွဲနောက်မှ သူမ ထိုင်နေကျ
ဆုံလည်ကုလားထိုင်ပေါ်တွင် ထိုင်လျက်သား နှလုံးသွေးကြောပြတ်၍ သေဆုံးခဲ့ခြင်း
ဖြစ်သည်။ စာဖတ်ရင်း သေဆုံးသွားခြင်းဟု ဆရာဝန်က မှတ်ချက်ချခဲ့သည်။ သူမ၏
စားပွဲပေါ်တွင် သူမ၏ လက်တစ်ဖက်ဖြင့် ဖိလျက်သား ဖတ်လက်စ စာအုပ်တစ်အုပ် ပွင့်လျက်
တွေ့ကြရသည်။ အင်္ဂလိပ်ဘာသာဖြင့် ရိုက်နှိပ်ထားသည့် တိဘက် ဘာသာရေးကျမ်းစာအုပ်ကြီး
ဖြစ်သည်။ စာအုပ် အမည်မှာ 'အသုဘကျမ်း' ဖြစ်သည်။
စာကြည့်တိုက်မှူး အပျိုကြီး(အသက် ၅၅ နှစ်)သည် အသုဘကျမ်းထဲမှ ဆန်းကြယ်သော
ဝိညာဉ်လောကအကြောင်းအရာများကို ဖတ်ရှုရင်း စိတ်အာရုံ ချောက်ချားမှု လွန်ကဲကာ
နှလုံးသွေးရပ်ခဲ့ခြင်း ဖြစ်မည်ဟု အများက ထင်ကြေးပေးခဲ့ကြပါသည်။
စာကြည့်တိုက်မှူးသည် စာအုပ်စာပေနှင့်
စာကြည့်တိုက်ကို အလွန်သံယောဇဉ်ကြီးသူဖြစ်ရာ စာကြည့်တိုက်မှ မလွတ်မကျွတ်သေးဘဲ
ရှိသည်ဟု ပြောသံဆိုသံများကိုလည်း ကျွန်တော် ကြားဖူးသည်။ ကျွန်တော်သည် ပရလောကကို
စိတ်ဝင်စားမှု အနည်းအကျဉ်း ရှိပါသည်။ နာနာဘာဝ ဝိနာဘာဝဆိုသူများ၌လည်း သက်ဝင်ယုံကြည်မှု
ရှိပါသည်။ ခေတ်ပညာတတ် တစ်ဦးအနေဖြင့် လူ၏ သာမန်မျက်စိဖြင့် မမြင်နိုင်စွမ်းသော 'အီလက်ထရွန်'
အမှုန်များ၊ စကြဝဠာတစ်ခွင် ပျံ့နှံ့နေကြောင်း နားလည် လက်ခံသလို 'တစ္ဆေ' ရှိကြောင်းလည်း မငြင်းမဆန် လက်ခံရန်
အသင့်ရှိပါသည်။ သို့ရာတွင် လူသေလေ့မရှိသော နေရာမျိုးတစ်ခုဖြစ်သည့်
စာကြည့်တိုက်တစ်ခုထဲတွင် လူတစ်ယောက် သွေးရိုးသားရိုး သေဆုံးခဲ့သော်လည်း
ထိုသူ၏ဝိညာဉ်က စွဲကပ်ဆဲရှိကြောင်း ကြားသိထားပြီးသည့်အခါ ထိုနေရာသို့
စိတ်စနိုးစနောင့် မဖြစ်ဘဲ တစ်ယောက်တည်း သွားနိုင်ဖို့ မိမိ၏ စိတ်နှလုံးကို ပြုပြင်
အားသွင်းပေးရပါသည်။ တစ္ဆေဖြစ်နေသော၊ စာပေမွေ့သူ စာကြည့်တိုက်မှူး
အမျိုးသမီးတစ်ဦးသည် တစ္ဆေဘဝ၌လည်း
သိမ်မွေ့နူးညံ့လိမ့်မည်ဟု ကျွန်တော် မျှော်လင့်ထားပါသည်။ ထို့ပြင် တာဝန်ဆိုသည်က
တာဝန်သာ ဖြစ်ပါသည်။
စာကြည့်တိုက်မှူး ရုံးခန်းသည်
ဤအဆောက်အအုံကြီးထဲတွင် အမှောင်ဆုံးအခန်း ဖြစ်ကောင်းဖြစ်ပေမည်ဟု ပထမအကြိမ်
ဝင်ရောက်ကြည့်ရှုခဲ့စဉ်ကတည်းက ကျွန်တော် ထင်မြင်ယူဆ ခဲ့ပါသည်။ တံခါးကို သော့ဖွင့်၍
တံခါးရွက်ကို တွန်းလိုက်သည်နှင့် ပိန်းပိတ်နေသော သိပ်သိပ်သည်း သည်း အမှောင်ထုထဲမှ
ဖုန်များက ကျွန်တော့် နှာခေါင်းဝဆီသို့ စုပြုံပြေးဝင်လာကြသည်ဟု ထင်မိသည်။
ကျွန်တော်က ခမောက်မီးရော၊ လက်နှိပ်မီးကိုပါ ဖွင့်၍ အခန်းတစ်ခွင်လုံးကို
ကြည့်ရှုပါသည်။ ဘာမျှမရှိ။ စတုဂံပုံ အခန်းလွတ်ကြီး တစ်ခုမျှသာ ဖြစ်ပါသည်။ ဘာမျှ
မထူးခြားပါ။ ပိုးချည်ကွန်ယက်များနှင့် ဖုန်များသာ ရှိနေကြမှန်း သေချာသည်။
ကျွန်တော် တံခါးပြန်ပိတ်ပြီး လှည့်ထွက်လာသင့်ပါသည်။ သို့သော် ကျွန်တော်၏
ခန္ဓာကိုယ်က ဖုန်နံ့ မွှန်သော အခန်းထဲသို့ ရွေ့လျားသွားခဲ့ပါသည်။
ကျွန်တော်၏ ခမောက်မီးနှင့်
လက်နှိပ်မီးတို့က တစ်ခန်းလုံးကို လင်းထိန် မနေစေနိုင်ခဲ့ကြပါ။ ကျွန်တော်၏
ဘေးနှစ်ဖက်တွင် အမှောင်ထု ကျဆင်းနေပါသည်။ လက်နှိပ်မီး အလင်းတန်းများထဲမှ
အမှောင်ရိပ်များ ရိပ်ခနဲ ရိပ်ခနဲ ထွက်ပြေးနေကြပါသည်။
ထိုစဉ်က စကားပြောသံပေါ်လာခြင်း
ဖြစ်သည်။ လူမမာ ယောကျ်ားကြီး တစ်ယောက်က
ကျွန်တော်၏ ညာဘက် ၅ ပေခန့်အကွာ အမှောင်ရိပ်ထဲကနေ ကျွန်တော့်ကို
သွေ့ခြောက်အက်ကွဲသံဖြင့် လှမ်းပြောသံမျိုးနှင့် တူလှသည်။
ကျွန်တော်သည် အဆိပ်ရှိသော
သတ္တဝါတစ်ကောင်ကောင်က ရုတ်တရက် ကိုက်ခဲခြင်း ခံလိုက်ရသလို ဆတ်ဆတ်ခါမျှ
တုန်ယင်သွားကာ အသံလာရာဘက်သို့ ဖျတ်ခနဲ လှည့်ရပ်ပြီးသား ဖြစ်သွားသည်။
ကျွန်တော့်အနေအထား ပြောင်းသလို ကျွန်တော့်ထံမှ အလင်းရောင်များကလည်း
နေရာရွှေ့ပြောင်း လင်းလက်သွားကြသည်။ ဘာမျှမရှိပါ။ ဟောင်းမြည့်သော အစိမ်းနုရောင်
အင်္ဂတေနံရံကြီးသာ ရှိနေပါသည်။ မဟုတ်နိုင်သေးပါ။ လူတစ်ယောက်က (မင်းဟာ တော်တော်စိတ်
ပျက်စရာကောင်းတဲ့ အကောင်တစ်ကောင်ပဲ)ဟု ပီပီသသကြီး ပြောခဲ့ပါသည်။
သေချာပါသည်။ကျွန်တော် နားကြားမလွဲပါ။
'ဘာဖြစ်လို့ စိတ်ပျက်စရာ ကောင်းရသလဲဆိုရင်
မင်းဟာ စိတ်ပျက်စရာ ကောင်းတဲ့အလုပ်တာဝန်တစ်ခုကို ထမ်းဆောင်နေလို့ ပဲ' ဟူ၍ ထွက်ပေါ်လာသော အသံက ကျွန်တော်၏ နောက်ကျောဘက်မှ ပေါ်ထွက်လာပြန်သည်။
စောစောက အသံရှင်မှန်း သေချာပါသည်။ ခြောက်ကပ်ကပ်နိုင်လှသော်လည်း အလွန်ပီသ
ရှင်းလင်းပါသည်။ ကျွန်တော့်မှာ အံ့သြမှုပဲ ရှိပါသည်။ ထိတ်ထိတ်လန့်လန့်
မခံစားရသေးပါ။ ကျွန်တော်က ခန္ဓာကိုယ်ကို ၁၈ဝ ဒီဂရီ လှည့်စောင်းပစ်လိုက် ပါသည်။
ရှင်းလင်းတောက်ပသော အလင်းထဲတွင် ဘာမျှမရှိ။ အကောင်အထည် ဒြပ်ထုမဆိုနှင့် အရိပ်
အယောင်ပင် မရှိ။
'မင်း...ငါ့ကို ရှာလို့
မတွေ့နိုင်ဘူး။ ငါ့ကို ဘယ်သူမှ မမြင်နိုင်ဘူး။ ဒါပေမယ့် ငါက ကိုယ်ပျောက်လူ
မဟုတ်ဘူး။ တစ္ဆေလည်း မဟုတ်ဘူး။ ရုပ်မရှိဘဲ နာမ်ချည်းသက်သက်ရှိတဲ့ ဒေဝလောကသားလည်း
မဟုတ်ဘူး။ ငါဟာ ငါပဲ။ ငါ့ဖြစ်တည်မှုဘဝနဲ့ ငါရှိနေတဲ့ ဖြစ်တည်မှုတစ်ခုပဲ။ ငါ့ကို
မြင်တွေ့ဖို့ မကြိုးစားပါနဲ့။ မင်း မောသွားမယ် ငါ့လူ။ ငါ ဆိုတဲ့ကောင်ကို တစ္ဆေတွေကတောင်
တွေ့အောင်မရှာနိုင် ဘူး မှတ်ပါ'
မယုံချင်စရာကောင်းလောက်အောင်
ဆက်လက်ထွက်ပေါ်လာနေသော စကားသံက ကျွန်တော်၏ လက်ဝဲဘက် မှောင်ရိပ်ထဲမှ
ပေါ်ထွက်လာခြင်း ဖြစ်သည်။
အမှန်တကယ် လိုအပ်သော သတိ
သိမှတ်စိတ်ဝင်လာပြီး ကျွန်တော်၏ နှုတ်ခမ်းဖျားအနီးမှာ အသင့်ရှိနေခဲ့သည့် မိုက်ကရိုဖုန်းငယ်
ကလေးဆီသို့ အရေးတကြီး စကားပြောလိုက်ပါသည်။
'ဟဲလို...ချာတိတ်၊
ချာတိတ်...ငါပြောတာ ကြားလားဟေ့'
ကျွန်တော့်အသံသည် ကျွန်တော်နှင့် မီတာ
၅ဝ ခန့် အကွာမှာ ရှိနေမည့် အကူ ရဲဘော်ကလေးဆီမှ ဆက်သွယ်ရေးစက်ထဲသို့ ချက်ချင်း
ဝင်ရောက်သွားမည် ဖြစ်သည်။
'ဟုတ်ကဲ့ ဆရာ၊ ကျွန်တော်
ကြားပါတယ်' ဟူသော တုံ့ပြန်သံကို ကျွန်တော် ကြားရပါသည်။
'မင်းစက်ထဲမှာ တခြား ဘာစကားသံ
ကြားရသေးလဲကွ'
'ဗျာ...၊ ဆရာပြောတာ ကျွန်တော်
သဘောမပေါက်ဘူး'
'ငါ့အသံအပြင် တခြား ဘယ်သူ့အသံ
ကြားရသေးလဲလို့ မေးတာ'
အကူရဲဘော်ဘက်မှ စက္ကန့်အနည်းငယ်ကြာ
တိတ်ဆိတ်နေသည်။
'ဆရာမေးပုံက အထဲမှာ ဆရာ့အပြင်
တခြားတစ်ယောက်ယောက် ရှိနေသလိုပဲ။ ကျွန်တော်တော့ ဆရာ့အသံတစ်ခုပဲ ကြားတယ်'
ကျွန်တော်ရင်ဆိုင်နေရသော အခြေအနေက
ရှုပ်ထွေး ဆန်းကြယ်နေမှန်း ကျွန်တော် နားလည်သော်လည်း အကူရဲဘော်ကို လက်တလော
ထုတ်မပြောချင်သေးသဖြင့် ကျွန်တော် နှုတ်ပိတ်ထားလိုက်ပါသည်။ ထိုအခိုက်မှာပဲ
မှောင်ထဲမှ စကားသံက ဆက်လက်ပေါ် ထွက်လာပြန်သည်။
'အမှန်တော့ကွာ ငါ့ အမြင်မှာ
မင်းတစ်ယောက်တည်း စိတ်ပျက်စရာကောင်း နေတာမဟုတ်ဘူး။ လူအားလုံးဟာ စိတ်ပျက်စရာ
ကောင်းနေတာပဲ'
သဘာဝကျကျ ဖြစ်ပေါ်လာရမည် ဆိုလျှင်
ကျွန်တော့်အနီးမှ ပေါ်ထွက်နေသော စကားသံသည် ကျွန်တော်၏ မိုက်ကရိုဖုန်းမှ တစ်ဆင့်
အကူရဲဘော်ထံ ရောက်ရှိပြီး သူလည်း ကြားသိနိုင်ရမည်သာ ဖြစ်သည်။
'ဟဲလို...ချာတိတ်၊ မင်း
ဘာကြားလိုက်သလဲ ဟေ့' ဟု ကျွန်တော် အော်ပြောလိုက်ပါသည်။
တုံ့ပြန်မှု မရပါ။ အသံရှင်ကတော့ သက်သောင့်သက်သာ အသံမျိုးဖြင့် စကားဆက်ပြောနေသည်။
'လူတွေဟာ ကံတရားရဲ့
စိုးမိုးစီမံမှုအောက်မှာ အသက်ရှင်နေကြရတာကို မေ့လျော့နေကြတယ်။ ကံတရားက
ဖြစ်ပျက်ပြောင်းလဲခြင်း သဘာဝကြီးကို တိတိကျကျ ဖန်တီးကြိုး ကိုင်နေတာကို ငါ ကောင်း
ကောင်းသိတယ်။ အုတ်ခဲ အကျိုးအပဲ့ပုံကြီးဘဝ ရောက်တော့မယ့် ဒီတိုက်အိုကြီးကို
မင်းဘာကိစ္စ လာကြည့်နေရတာလဲ။ ဒါဟာ အလုပ်ပို သက်သက်ပဲ။ တခြား အကျိုးရှိတဲ့ အလုပ်ကို
လုပ်ပါလား။ ဒီတိုက်ကြီးကို မကြာခင် ဖြိုချပစ်တော့မှာ မဟုတ်လား။ ဒီနေရာမှာ
အဆောက်အအုံအသစ်တစ်ခု ဆောက်ဦးမှာပေါ့။ ဒါဟာ ဖြစ်ပျက် ပြုပြင်မှု သဘာဝရဲ့
အစိတ်အပိုင်းပဲ။ မင်းကိုယ်တိုင်လည်းပဲ ဖြစ်ပျက်ပြုပြင်မှု သဘာဝရဲ့ အစိတ်အပိုင်း
ကလေးတစ်ခုပဲ။ ဒီထက် မပိုဘူး'
ကျွန်တော်က နေရာမရွှေ့ဘဲ ငြိမ်သက်စွာ
ရပ်နေလိုက်သည်။ ပြီးလျှင် အကူ ရဲဘော်ဆီသို့ ထပ်မံအော်ဟစ် ညွှန်ကြားလိုက်ပြန်သည်။
'ဟေ့...ချာတိတ်၊ ငါ့ ဘက်က
အသံတွေကို ပီပီသသကြားရအောင် မင်းစက်က (ရစီဗာ)ကို အသံညှိပြီး ဖမ်းထားစမ်း။ ငါပြောတာ
ကြားလား'
'ကြားတယ် ဆရာ၊ ဆရာပြောတာ
အကုန်ပီပီ သသကြားတယ်။ ဆရာ တစ်ခုခု ဖြစ်နေသလား။ ကျွန်တော် ဝင်လာခဲ့ရမလား'
အကူရဲဘော်၏ အသံကို ကျွန်တော်
ကောင်းစွာ ကြားရသည်။ ကျွန်တော် နားမလည်နိုင်သောအချက်မှာ ကျွန်တော့်အနီးမှာ
ပေါ်ထွက်နေသောအသံကို သူ့ဘက်မှ ကြားသိနိုင်သော အဆက်အသွယ် ရှိပါလျက် သူမကြားရဘဲ
ရှိခြင်းကို ဖြစ်ပါသည်။ ကျွန်တော် ကြားနေရသော စကားသံသည် ကျွန်တော်၏အာရုံ
မှောက်မှားမှု သက်သက်ပေလော။
'မင်းမလာခဲ့ပါနဲ့။
လိုအပ်တော့မှ ငါ ခေါ်မယ်။ လောလောဆယ် ငါ လုပ်စရာလေးတစ်ခု ရှိနေတယ်။ မင်းဘက်က
ဝင်လာတဲ့အသံ မှန်သမျှကိုသာ လွတ်မသွား စေရအောင် အာရုံစိုက်ပြီး နားထောင်နေပါ'
ဟု ကျွန်တော်က ရှင်းလင်းပြတ်သားစွာ ညွှန်ကြားခဲ့ပါသည်။
မှောင်ထဲမှ အသံရှင်ကလည်း
ကျွန်တော်စကားပြောချိန်တွင် ငြိမ်သက်နေခဲ့ပြီး ကျွန်တော်စကားပြော ရပ်လိုက်မှပဲ သူ၏
ပုံမှန်ခြောက်ကပ်ကပ်အသံကြီးဖြင့် စကားဆက်လာပါသည်။
'မင်း မှတ်ထားစမ်း။ ဘယ်သူမဆို
ကိုယ်ဖြစ်ချင်တာ ဘယ်တော့မှ မဖြစ်နိုင်ဘူး။ ကံတရားဖြစ်စေချင်တာပဲ ဖြစ်ရတယ်။ ငါဟာ
ပထမတော့ ဝါသနာဗီဇအရ ကမ္ဘာလောကကြီးတစ်ခုလုံး အပေါ်မှာ သြဇာလွှမ်းနိုင်တဲ့
စာရေးဆရာကြီး ဖြစ်ချင်ခဲ့တာပေါ့။ ဒါပေမယ့် မန်လည်ဆရာတော်တို့လို၊
လယ်တီပဏ္ဍိဦးမောင်ကြီးတို့လို ကြီးကျယ်တဲ့ တရားဆရာကြီးတွေတောင် လမ်းခုလတ်မှာတင်
ရပ်ဆိုင်းသွားခဲ့ကြရတယ်။ အင်မတန်ကြီးကျယ်တဲ့ အင်္ဂလိပ်ကဗျာဆရာ ဘိုင်ရွန်လည်း
ကျဆုံးသွား တယ်၊ အင်မတန်ကြီးကျယ်တဲ့ ရုရှစာရေးဆရာ တော်စတွိုင်းလည်း ကျဆုံးသွားတယ်။
ငါတို့ မြန်မာစာပေလောကမှာ အလွန်ထွန်းတောက်ခဲ့တဲ့ စာရေးဆရာ ဗန်းမော်တင်အောင်ဟာလည်း
စာအုပ်ကလေး နည်းနည်းပါးပါး ရေးထားပစ်ခဲ့ပြီး ဆုတ်ခွာသွားခဲ့ရတာပဲ။ ရယ်စရာတွေ
တော်တော် ရေးတတ်တဲ့ သော်တာဆွေဆိုတဲ့ စာရေးဆရာရော အခု ဘယ်မှာလဲ၊ အရိုးစုကြီး
ဖြစ်နေပြီ မဟုတ်လား။ အဲဒီလိုမျိုး...အဲဒီလိုမျိုး စာရေးဆရာတွေကို ကြည့်ရှု
သုံးသပ်ပြီး ငါ စာရေးဆရာ ဖြစ်ချင်တဲ့ ဆန္ဒတွေ အပြီးအပိုင်
ဖျက်ဆီးချေမှုန်းပစ်လိုက်တယ်'
အသံရှင်သည် ပို၍ အသံတည်ငြိမ်လာကြောင်း
ကျွန်တော် သတိပြုမိပါသည်။ သူ၏ စကားများကလည်း အဆက်အစပ်ရှိရှိ အဓိပ္ပာယ်ထွက်နေသည်ဟု ထင်ပါသည်။
ရုတ်တရက် ကျွန်တော် ချမ်းစိမ့်စိမ့်
ခံစားလာရပါသည်။ အဆမတန် ယိုစီးထွက်အန်နေကြသော သွေးများက တစ်ကိုယ်လုံးမှာ
ရွှဲစိုနေခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ ကြောက်ရွံ့ ချောက်ချားစိတ် ဝင်ရောက်စ
ပြုလာသောကြောင့်လည်း ဖြစ်ကောင်းဖြစ်မည်။
စကားသံက ကျွန်တော်နှင့် ပို၍
နီးကပ်လာသည်ဟုလည်း ကျွန်တော်ထင်နေသည်။
'ငါက ပြတ်ထွက်လွင့်စဉ်ပြီး
မြေကြီးပေါ်မှာ ဂေါ်လီလုံးလို တလိမ့်လိမ့် ပြေးနေတဲ့ ငါ့ခေါင်းနောက် ကို
ပြေးလိုက်သွားတယ်။ ငါ့ကိုယ်ခန္ဓာမှာ ခေါင်းမရှိရင် မဖြစ်ဘူးလေ။ ငါ့ခေါင်းကို
ငါပြန်ကောက်ရမှာပေါ့။ ငါ့ ခေါင်းနောက်ကို ငါအမောတကော ပြေးလိုက်နေရတုန်း
ရန်သူရဲ့နောက်ထပ် မော်တာ ကျည်ဆံကြီးတစ်လုံးက ငါ့ ဗိုက်ကို တည့်တည့်ကြီး
ဝင်မှန်တော့တာပဲ။ မှန်ရုံတင် ဘယ်ကမလဲ ငါ့ဝမ်းတွင်း ကလီစာတစ်ပြုံလုံးကို
ကပ်ပယ်အိတ်ပါမကျန် ဆွဲထုတ်သွားတာ။ အခုဆိုရင် ငါ့ခန္ဓာဟာ နံရိုးအိမ်သက်သက်နဲ့
ဟောင်းလောင်းကြီးပေါ့ကွာ။ အဖြစ်ဆိုးတယ်လို့ မင်းထင်သလား၊ မထင်နဲ့။ ငါ
သိပ်ကံကောင်းသွားတာ။ သူမတူအောင် ကံကောင်းသွားတာပဲ။ ငါ့မှာ ခေါင်းမရှိတော့
ဦးနှောက်မရှိဘူး။ ဦးနှောက်မရှိတော့ စဉ်းစားတွေးခေါ်စရာ မလိုတော့ဘူး။ လူတစ်ယောက်ရဲ့
အရှုပ်ထွေးဆုံးအလုပ်တစ်ခု ကင်းရှင်းသွားတာပဲ မဟုတ်လား။ ပြီးတော့ ငါ့မှာ အစာအိမ်၊
အူသိမ်၊ အူမတွေ မရှိတော့ တဲ့အတွက် ငါ အစာစားစရာ မလိုတော့ဘူး။ ကဲ... ဘယ်လောက်များ
ထူးကဲတဲ့ ဆုလာဘ်ကြီးလဲ'
ကျွန်တော်က
ခန္ဓာကိုယ်ကိုမရွှေ့ပြောင်းဘဲ ညာလက်ကို ဘယ်ဘက်သို့ ကွေးကာ ဘယ်ဘက်မှောင်ရိပ်ထဲရှိ
စကားသံထွက်ပေါ်နေရာဆီသို့ ကျည်တစ်တောင့် ပစ်သွင်းလိုက်ပါသည်။ ခြောက်လုံးပြူးယမ်းအား
ပေါက်ကွဲသံမှာ မိုးကြိုးပစ်သံတမျှ ကျယ်လောင် မြည်ဟိန်းသွားသည်။
'ငါ့ကို ပစ်လို့
ကျည်ဆံကုန်ရုံပဲ ငတုံးရဲ့။ ဒါကြောင့်မို့ မင်းဟာ စိတ်ပျက်စရာ အကောင်တစ်ကောင်လို့
ငါ ပြောခဲ့တာ'
ဤသည်မှာ ကျွန်တော်ကြားခဲ့ရသော
နောက်ဆုံး စကားသံပင် ဖြစ်ပါသည်။
အကူရဲဘော်ကလေး ပြေးဝင်လာချိန်၌
သေနတ်သံ၏ အသံလှိုင်း တုန်ခါမှု ရိုက်ခတ်ပြီး ပြိုကျလာသော မျက်နှာကျက် အင်္ဂတေပြား
တစ်ချပ် ခေါင်းပေါ်ကျပြီး သတိလစ်နေသည့် ကျွန်တော့်ကို သေနတ်ကိုင်လျက်နှင့်
တွေ့ရသည်ဟု ဆိုပါသည်။
▀
ကြူးနှစ်
(အမှတ် ၂၀၅၊
ဒီဇင်ဘာလ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)
ဗေဒင်သွားမေးရင်းက ဗေဒင်ဆရာနဲ့ မုန်းမုန်း ပဋိပက္ခ ဖြစ်ခဲ့ကြတယ်ဆိုရင် ယုံကြပါ့မလား မသိဘူးရှင်။ အဲဒီအကြောင်းကိုလေ မုန်းမုန်းက ပြောပြချင်နေတယ်။ တဆိတ်နားထောင် ပေးကြပါဦးနော်။
ကျောင်းကတော့ ပထမတော့ မိဘကို ခေါ်တာ သတိပေးတာ လုပ်ပေမယ့် နောက်ပိုင်း မလုပ်တော့ပါဘူး ဘယ်လိုမှ သင်လို့မရတဲ့ ကျောင်းသား တစ်ယောက်လို့သာ သဘော ထားကြတယ် ထင်ပါရဲ့
ကိုယ့်ကို သူကြည့်တဲ့ အကြည့်က စူးစူး ရန်လိုသော သွေးဆာသော မီးကျည်အကြည့် ကိုယ်ကလည်း ဘာရမလဲရှုးရှုး ခြောက်သည် သူက နောက်ဆုတ် ခြေကုတ်