မောင်ရင့်မာ ၊ကျောင်းကုန်း၊
ပြည်၌ ကျင်လည်ဖြတ်သန်းခဲ့သော နှစ်ကာလများအတွင်း မကြာမကြာ ရောက်ဖြစ်ခဲ့သော နေရာတစ်ခုမှာ ဝန်ချတောင်ပဲ ဖြစ်သည်။
မင်းကြီး တောင်ပေါ်သို့
တစ်ကွေ့ပြီးတစ်ကွေ့ ရစ်ပတ်၍ တက်သွားသော လမ်းကလေးသည် တစ်နေရာအရောက်တွင်
လမ်းနှစ်သွယ် ခွဲထွက်သွားသည်။
ရှေ့တည့်တည့် ဆက်သွားလျှင်
ဗေဒါရီဂူနှင့် နာမည်ကျော် 'မင်းကြီးတောင်ပေါ်မှ အိမ်ကြီး'ဆီ ရောက်မည်။
ခေတ်စမ်းကဗျာဆရာမ ခင်စောမူတို့ နေခဲ့ဖူးသည်။ ထိုအိမ်ကြီးပေါ်မှနေ၍
ဧရာမြစ်ပြင်၊
သဲသောင်ဖွေးဖွေး၊ တန့်ကြည့်တောင်နှင့် မြူရီရီထဲက အနောက်ဘက် တောင်ကုန်းများကို
အလှပဆုံး မြင်ရသည်။ ဝီလျံဆလင်း ဆုတ်ခွာမသွားမီ လွမ်းလွမ်းဆွေးဆွေး ဖွဲ့ခဲ့သော
ပြည်၏ အလှမှာ ထိုမြင်ကွင်းပဲ ဖြစ်ပါလိမ့်မည်။
ဝန်ချတောင်သို့ သွားမည်ဆိုလျှင်တော့
ဝဲဘက်သို့ ချိုးကွေ့သော လမ်းကလေးကို ရွေးရလိမ့်မည်။ ချောက်ကမ်းပါးစွန်းတစ်လျှောက်
ကွေ့ကာဝန်းကာ ဖောက်ထားသော လမ်းကလေးသည် တစ်နေရာတွင် လက်ဝဲဘက်သို့ ရုတ်တရက်
တံတောင်ဆစ်ချိုး ထပ်မံ ကွေးတက်သွားပြီးနောက် ဆင်ခြေလျှောအတိုင်း ပြေပြေလျှောဆင်းသွားသည်။
ထို့နောက် ကျောင်းသင်ခန်းလေး တစ်ခုကို တွေ့ရမည်။ ထိုမှလွန်လျှင် စေတီငယ်တစ်ဆူကို
ဘွားခနဲ မြင်ရမည်။ ဝန်ချတောင်စေတီပဲ ဖြစ်လေသည်။
ဝန်ချတောင်စေတီက တစ်စုံတစ်ရာ ဆွဲဆောင်
ညှို့ငင်မှု ရှိသည်။ ဒွတ္တပေါင်နှင့် ပန်ထွာတို့၏ ဆွတ်ပျံ့ဖွယ်လှပသော ဒဏ္ဍာရီ
နောက်ခံလေးလည်း ရှိသည်။ ဖယောင်းရည်ဝင်း၍ စိမ်းလွင်သော မြရွက်စိပ်စိပ်တို့အကြား
တိုက်ခတ်သော လေပြည်လေညင်းလည်း ရှိသည်။ လေအသုတ်တွင် လှုပ်ခတ်သော ဆည်းလည်းတို့၏
ချိုလွင်ကြည် မြခြင်းလည်း ရှိသည်။ မင်းကြီးတောင်၊ ကြက်တင်းတောင်နှင့် ယုန်ဖြူတောင်တို့
အလယ်မှ ထိုနေရာလေးသည် လှပခြင်းထက် အေးသက်တိုးငြိမ်ခြင်း ရှိသည်။ မြို့ပြအရိပ်မှ
လွတ်မြောက်နေသော သီးခြားကမ္ဘာလေးပဲ ဖြစ်သည်။
ဧည့်သည် မိတ်ဆွေများ လာလျှင်ဖြစ်စေ၊
အလုပ်ဌာနသို့ လူသစ်များရောက်လျှင် ဖြစ်စေ ကျွန်တော်သည် ဝန်ချတောင်သို့ မဖြစ်မနေ
လိုက်ပို့တတ်သည်။ မောဟအပူငွေ့တွေ လှောင်ပိတ် နေသော မြို့ကြီးခေါင်ခေါင်ထဲမှနေ၍
ရုတ်တရက် တောတောင်ထဲ ပစ်ချခံလိုက်ရသလို ထိုနေရာ လေးသို့ ရောက်ခဲ့ကြသူတိုင်းက 'အေးချမ်းလိုက်တာနော်'ဟု ဆို တတ်စမြဲ ဖြစ်ပါသည်။
တစ်ခါသော် ကျွန်တော့် မိတ်ဆွေ၏
အလုပ်ဌာနမှ ဆရာကြီးတစ်ဦး ပြည်သို့ ဘုရားဖူးဖို့ လာခဲ့သည်။ ကျွန်တော့်မိတ်ဆွေက
သူ့ဆရာကြီးကို ကောင်းစွာ ဧည့်ဝတ်ပြုလိုသဖြင့် ဘုရားဖူးရန် အစီအစဉ်ကို
ကြိုတင်ရေးဆွဲ စီမံထားသည်။ ဆံတော်ရှင်၊ ဘုရားကြီး၊ ရွှေပလ္လင်မှော်၊
ရွှေဘုန်းပွင့်၊ ဆွေးနွေး၊ တန့်ကြည့်တောင်၊ ရွှေဘုံသာမုနိ စသည်ဖြင့်။ သို့သော်
ဆရာကြီးသည် ပြည်သို့ ဝင်လာပြီဆိုကတည်းက ဝန်ချတောင်ကို အရင်သွားမယ်လို့ပဲ တကဲကဲ
လုပ်နေခဲ့သည်။ မိတ်ဆွေသည် ရုတ်တရက် အစီအစဉ်များပြောင်းကာ ဝန်ချတောင်သို့ ပြေး၍
ပန်းဆီမီး အမွှေးတိုင်စီစဉ်ရ၊ နေရာထိုင်ခင်း ပြင်ဆင်ရနှင့် ဖတ်ဖတ်မော သွားသည်။
ဧည့်သည်ဆရာကြီး ပြန်သွားသောအခါတွင်မှ သက်မချကာ ရယ်မောပြောနိုင်တော့သည်။ 'ဆရာကြီး
ဘာများ မှားလာခဲ့သလဲ မသိပါဘူးဗျာ' တဲ့။
ဝန်ချတောင်ဟူသော အမည်က
ဝန်ချတောင်းပန်ဖို့ လက်တို့ သတိပေးတတ်သည် ထင်ပါသည်။
ဝန်ချတောင်းပန်ခြင်းဖြင့်
ပြုခဲ့မိသောအပြစ် (သို့မဟုတ်) ပြုခဲ့ဖူးသော အမှားအယွင်း ဟူသမျှကို ပြေကြေစေမည်ဟု
မသေချာလှပါ။ သို့သော် ကိုယ်ဘာမှ အပြစ်မပြုခဲ့ဖူးသလိုလို ခပ်တည်တည်
လုပ်နေတာနှင့်စာလျှင် ကိုယ့်အမှားကိုယ်သိ၍ ဝန်ချတောင်းပန်ခြင်းက
ပို၍လိုလားအပ်သည်ဟု ထင်ပါ သည်။ ပို၍ ယဉ်ကျေးရာ ရောက်မည်ဟု ထင်ပါသည်။
ကျွန်တော်သည် ဝန်ချတောင်သို့
ရောက်သည့်အခါတိုင်း ကျေးဇူးရှင်တို့ကို ပြစ်မှားကျူးလွန်ခြင်း ရှိကောင်း
ရှိခဲ့နိုင်သည်ဟု တွေးမိတတ်သည်။ ဝန်ချတောင်းပန်လိုက်ဦးမှဟုလည်း သတိရမိတတ်သည်။
ဘုရားဝတ်ပြုနေစဉ်မှာပဲ ဘယ်လို ဝန်ချတောင်းပန်ရကောင်းမလဲဟုလည်း စဉ်းစားမိတတ်သည်။
'ကာယကံ၊ ဝစီကံ၊
မနောကံတို့ဖြင့် ပြစ်မှားကျူးလွန်မိသည် ရှိသော် ထိုအပြစ်တို့ကို ပျောက်ပါစေခြင်း
အကျိုးငှာ'
သြကာသ ကန်တော့ချိုး၌ပါသော
ဝန်ချတောင်းပန်ချက်နှင့်ပင် ခပ်လွယ်လွယ် ကျေနပ်၍ ပြန်ခဲ့ရသည်က များပါသည်။
□
ကျေးဇူးရှိသော သူတို့ကို ကျေးမစွပ်ရ။
အနန္တ ငါးပါးကို ပြစ်မှားခြင်း မပြုရ။
သည်လို အဆုံးအမများနှင့်
ကျွန်တော်တို့ ကြီးပြင်းခဲ့ရသည်။ သည်လို အဆုံးအမများဖြင့် ကျွန်တော်တို့
နေထိုင်ကြီးပြင်းရသော လူ့အဖွဲ့အစည်းက ယဉ်ကျေးမှုနှုန်းစံများ သတ်မှတ်ပေးခဲ့သည်။
ကျေးဇူးကန်းသူ၊ ကျေးဇူးမဲ့သူ၊ သူပြုဖူးသော ကျေးဇူးကို မအောက်မေ့သူ၊ မေ့လျော့ပစ်ပယ်
သူတို့ကို ပစ္စက္ခတွင် အောင်မြင်ပေါက်မြောက်သူ ဖြစ်နေသည့်တိုင် အောင်မြင်လည်း
ခဏပါ၊ 'ကျေးဇူးသိတဲ့လူမှ မဟုတ်ဘဲ' စသည်ဖြင့်
အကဲဖြတ်လေ့ရှိသည်။ သိင်္ဂါလော ဝါဒသုတ်က 'ကျေးဇူးတရားမသိသူ
အကျော်အစောကင်း၏'ဟု သင်ကြားခဲ့သည်။ မင်္ဂလသုတ်တော်က 'သန္တုဌိစက တညုတာ'ဟု သင်ကြားခဲ့ သည်။
'ခင်ဗျားတော့
စိတ်ဝင်စားမယ် မထင်ဘူး။ ဒါပေမယ့် ခင်ဗျားလည်း တစ်အုပ်ယူပါ'
တစ်နေ့သောအခါ ခမ်းနားကျယ်လွင့်သော
မဂ္ဂဇင်းတိုက်ကြီးတစ်ခု၏ မဟော်ဂနီရောင် ပြောင်လက်နေသော အယ်ဒီတာချုပ်စားပွဲရှေ့တွင်
နာမည်ကျော်တေးဆရာ စကားလုံး ဝင်းမင်းထွေးနှင့် တွေ့သည်။ သူက ကျွန်တော်နှင့်အတူပါသော
စာရေးဆရာကို စာအုပ်ကလေးတစ်အုပ် ပေးသည်။ ကျွန်တော့်ကိုလည်း အထက်ပါအတိုင်း ပြော၍
တစ်အုပ်ပေးသည်။
လက်တစ်ဝါးစာ စာအုပ်ကလေးဖြစ်သည်။ 'ခင်ပွန်းကြီး
၁ဝ ပါး အကြောင်းစပ် ဝန်ချတောင်းပန်ခြင်း ကျင့်နည်းလမ်းညွှန်' ဟူသော စာအုပ်။ ဆရာတော် အရှင်နေမိန္ဒြ (ယခင် စာရေးဆရာတည်ကြည်) ဟောကြားသော
တရားခွေ ၄ ခွေမှ ကောက်နုတ်ကာ ကိုဝင်းမင်းထွေးတို့ မိသားစုက လက်တစ်ဝါးစာ
စာအုပ်ကလေးလုပ်၍ ဓမ္မဒါနပြုထားခြင်း ဖြစ်သည်။ တစ်စင်တီမီတာခန့် အရှည်ရှိသည့်
ဘော်ငွေရောင် ဆံပင်များကို ဦးပြည်းခေါင်းတုံးပေါ်တွင် ဒေါင်လိုက်ထိုးစိုက်ထားသည့်
တေးရေးဆရာက 'စိတ်ဝင်စားမယ် မထင်ဘူး' ဟု
ပြောသည့်အတွက် ကျွန်တော် စိတ်မဆိုးပါ။ စိတ်ဝင်စားစရာ စာအုပ်ကလေးဖြစ်သောကြောင့်
ဖြစ်သည်။ (သူကတော့ ကျွန်တော်နှင့် ထိုစာအုပ်မျိုး မအပ်စပ်ဟု ထင်သည်လား မပြောတတ်)
စာအုပ်ကလေးတွင် ခင်ပွန်းကြီး ၁ဝ
ပါးကို ပြစ်မှားလျှင် ခံစားရမည့် ဆိုးကျိုးများကို ဖော်ပြထားသည်။
ဝန်ချတောင်းပန်ရမည့် နည်းနာနိဿယများကို ဖော်ပြထားသည်။ မိမိအပေါ်
ပြစ်မှားကျူးလွန်သူတို့အား ကျေအေးခွင့်လွှတ်နည်းများကိုလည်း ဖော်ပြထားသည်။
အလွန်တန်ဖိုးကြီးသော စာအုပ်ကလေးပဲ ဖြစ်သည်။
ခင်ပွန်းကြီး ဆိုသည်မှာ
မပြစ်မှားအပ်သော ပုဂ္ဂိုလ်မွန် ဆယ်ဦးကို ဆိုလိုသည်။ ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာ၊
အဂ္ဂသာဝက၊ အမိ၊ အဖ၊ ဆရာ၊ အလေးအမြတ်ပြုအပ်သူ (သီလနှင့်ပြည့်စုံသူ)၊
တရားဟောပုဂ္ဂိုလ်၊ ကျွေးမွေးပေးကမ်း စောင့်ရှောက်သော ပုဂ္ဂိုလ်
(ကျေးဇူးပြုဖူးသောသူ)တို့ ဖြစ်သည်။ ထိုခင်ပွန်းကြီးဆယ်ပါးကို သိလျက်ဖြစ်စေ၊ မသိ၍
ဖြစ်စေ ပြစ်မှားခဲ့ဖူးခြင်း ရှိမရှိ နှလုံးသွင်း ဆင်ခြင်ကြည့်ရန် ထိုစာအုပ်ကလေးက
တိုက်တွန်းထားသည်။
ဘာကြောင့်လဲ၊ ဘာကြောင့်
မပြစ်မှားရဘူးလဲ ကျွန်တော် စဉ်းစားကြည့်ဖူးသည်။ ခင်ပွန်းကြီး ဆယ်ပါးတို့သည်
လောကအား စောင့်ရှောက်သော၊ လောကကို ကျေးဇူးပြုသော ပုဂ္ဂိုလ်များ ဖြစ်သောကြောင့်ဟု
ယူဆပါသည်။
'ကိုယ်က သူများအပေါ်
ကျေးဇူးပြုခဲ့တာတွေကို အမြန်ဆုံး မေ့ပစ်လိုက်။ သူတစ်ပါးက ပြုခဲ့တဲ့ ကျေးဇူးတရားကို
တစ်သက်လုံး မမေ့လေနဲ့' ဆရာတစ်ဦးက ဆိုဆုံးမဖူးပါသည်။
ဆရာတစ်ဦးဆို၍ အနန္တငါးပါးတွင် ရတနာသုံးပါးနှင့် အမိအဖတို့ထက် ဆရာများက ပို၍ ကျေးဇူးတရားကို
မေ့လျော့ပစ်ပယ်ခြင်း အခံရဆုံး ဖြစ်နိုင်သည်။ ဆရာ့ကျေးဇူးကို
မေ့လျော့မှေးမှိန်ပစ်ရန် လွယ်ကူသောကြောင့်၊ သို့မဟုတ် ဆရာကို အလေးမထားသောကြောင့်
ဖြစ်မည်ထင်သည်။
ညစဉ် ကြည့်ရလေ့ရှိသော ဂန္ဓလရာဇ်
ဇာတ်လမ်းတွဲပါ သိုင်းသမားတွေကမှ တချို့သော လူလိမ္မာများထက်ပို၍ ဆရာအပေါ်
လေးနက်ကြသေးသည်။ တစ်ကြိမ်ဆရာ'တော်'ပြီးရင်
တစ်သက်လုံး ဆရာပဲဟု သူတို့က ပြောတတ်သည်။ အသက်လို တန်ဖိုးထားသည်။
'ဆရာ့စကား နားထောင်တဲ့၊
ဆရာ့ကို ရိုသေတဲ့ တပည့်တိုင်း တော်ကြတာတော့ မဟုတ်ဘူး နော'
ငြင်းခုံသလို မျက်နှာပေးနှင့်
ပြောခဲ့ဖူးသော မိတ်ဆွေ စာရေးဆရာလေးတစ်ဦးကို ကျွန်တော် ငေးကြည့်နေခဲ့မိသည်။
ကျွန်တော်က သူ့ကို ပြန်လည်ငြင်းခုံဖို့ မလိုဟု ထင်သည်။ သူက အာစရိယ ဝါဒကို
ငြင်းဆန်နေခြင်း ဖြစ်သည်။ ကျွန်တော်က အာစရိယဂုဏကို ပြောနေခြင်း ဖြစ်သည်။ လားရာမတူ။
အရစ္စတိုတယ်သည် ပလေတိုကို ပြန်လည်ငြင်းခုံနိုင်လောက်အောင် ထူးချွန်ထက်မြက်သူ
ဖြစ်သည်။ သို့သော် ပလေတို၏ ဆရာဂုဏ်ကိုတော့ မထီမဲ့မြင်ပြုခြင်း မရှိခဲ့ပါ။
ကျွန်တော်က လောကကို
စောင့်ရှောက်အပ်သော ခင်ပွန်းကြီးများကို တန်ဖိုးထားသည်။ ဆရာ၏ဂုဏ်ကို
မှေးမှိန်မေ့လျော့ပစ်လိုက်ခြင်းဖြင့် အာစရိယဂုဏ ပျက်သုဉ်းခဲ့ပါလျှင် လောကကို
ငြိမ်းအေးအောင် ပြုနိုင်သော တရားတစ်ပါး ပျက်ယွင်းသွားမည်ဟု ယုံသည်။ ကမ္ဘာလောကကို
စောင့်ရှောက်အပ်သော ခင်ပွန်းကောင်းကြီး ဟူသမျှကို မေ့လျော့ပစ်ပယ်ခြင်း မပြုထိုက်ဟု
ယုံသည်။ မည်သည့်ဘာသာတရားကမျှ ထိုအချက်ကို အငြင်းမပွားဟု ယုံသည်။
□
အေးသက်တိုးငြိမ်၍ ငြိမ်းချမ်းနေစမြဲဖြစ်သော
ထိုနေရာကလေးသည် ကျွန်တော် ရောက်စကနှင့်ပင် မတူ။ တစ်စစ သိသိသာသာ
တိုးတက်ပြောင်းလဲလာခဲ့သည်။ ဝန်ချတောင် စေတီဝန်းကျင်သို့ ခိုဝင်ဖူးမြော်သူတွေ
များလာသည်။ ရေချမ်းစင်တွေ၊ ရုပ်တုတွေ၊ အဆောက်အအုံငယ်ကလေးတွေ ပွားများ စည်ပင်လာသည်။
အရပ်တစ်ပါးမှ အလှူရှင်တွေလည်း တဖွဲဖွဲ ရောက်လာကြသည်။
တစ်ခုသော နေ့ရက်တွင် စေတီရင်ပြင်၌
အချင်း တစ်ပေခွဲခန့်ရှိသော ခေါင်းလောင်းကြီးတစ်ခု တပ်ဆင်ထားသည်ကို မြင်ရသည်။
ခေါင်းလောင်းမှာ အလှူရှင်အမည်ကို ရေးထိုးထားသည်။ ခေါင်းလောင်းကိုလည်း
နာမည်ပေးထားသည်။ 'ဝဋ်ကြွေးတော်ပြေ ခေါင်းလောင်း'တဲ့လေ။ ကောင်းလိုက်တဲ့
စိတ်ကူး၊ ကောင်းလိုက်တဲ့ နာမည်။ ဘယ်လို ဖြတ်သန်းမှုတွေကြောင့်များ သည်နာမည်ကို
ရေးထိုးခဲ့လေသလဲကွယ်။ ဝဋ်ကြွေးတော်ပြေ... ဆိုသော နာမည်လေးက တောရိပ်တောင်ရိပ်ဖြင့်
ထာဝစဉ် အေးချမ်းနေသော သည်နေရာလေးနှင့် လိုက်ဖက်လှလေသည်။
ပြည်၌ ကျွန်တော် သုံးနှစ်ကျော်
နေခဲ့ရသည်။ သုံးနှစ်ကျော်ကာလအတွင်း
သည်နေရာသို့ ကြိမ်ဖန်များစွာ ရောက်ဖြစ်ခဲ့သည်။ တစ်နေ့တော့ ဆရာကြီး
ဘာများမှားလာခဲ့သလဲ မသိဟု ပြောခဲ့သော မိတ်ဆွေနှင့် တွေ့သည်။ သူက 'ခင်ဗျား
ဒီလောက်သွားရတာ ဘယ်နှခါလောက်များ မှားခဲ့လို့လဲဗျာ'ဟု
ပြောသည်။ ကျွန်တော်သည် ငယ်စဉ် ကြည့်ခဲ့ရသော ဇာတ်ပွဲတစ်ခုမှ
ပြက်လုံးခွင်လေးတစ်ခုကို သတိရမိသွားသည်။
မင်းသမီးကြီးက တော်တော်ချောမောသည်။
မင်းသား (ဇာတ်ဆရာ)၏ ဇနီးလည်း ဖြစ်သည်။ မင်းသမီး တစ်ပိုဒ်ကပြီးသောအခါ လူပြက်က
ဇာတ်ခုံထောင့်မှ ထလာပြီး မင်းသမီးကို ရိုကျိုးတုပ်ကွ ဦးချကန်တော့သည်။ ဘာဖြစ်လို့လဲ
မေးတော့ စောစောက အစ်မကြီး ကနေတာကြည့်ရင်း စိတ်မှ ပြစ်မှားမိ၍ ဝန်ချတောင်းပန်ခြင်း
ဖြစ်ကြောင်း ပြောသည်။ ကြည့်စမ်း... ရိုသေတတ်တာ၊ လိမ္မာလိုက်တာဟု ပြောကာ
မင်းသမီးနှင့် ဇာတ်ဆရာက ခွင့်လွှတ်သည်။ နောက်တစ်ပိုဒ် ကပြန်သည်။ လူပြက်က ထ၍
ကန်တော့ပြန်သည်။ နောက်တစ်ပိုဒ်၊ နောက်တစ်ခါ၊ ဇာတ်ဆရာ မျက်ထောင့်နီလာပြီ။ ပွစိပွစိ
ပြောသည်။ နောက်တစ်ခါ မင်းလွန်လာပြီနော်ဟု ပြောသည်။ နောက်ဆုံးတစ်ကြိမ် ထ၍
တောင်းပန်ကန်တော့မည် လုပ်သောအခါ ဇာတ်ခုံပေါ်ရှိ တခြားလူပြက်တွေ အားလုံးက သူ့ကို
ဝိုင်းဝန်းဆူပူ ထုရိုက်လိုက်ကြသည်မှာ အုံးအုံးထသွားသည်။ ပရိသတ်က ဝေါခနဲ
ရယ်မောကြသည်။
ရယ်စရာ ပြက်လုံးခွင်လေးတစ်ခုမျှသာ
ဖြစ်သော်လည်း စဉ်းစားဆင်ခြင်စရာလည်း ဖြစ်ပါသည်။ မှန်ပါသည်။ ဝန်ချတောင်းပန်၍
ရကောင်းသည်ဆိုလေတိုင်း ခဏခဏတော့ဖြင့် ပြစ်မှားကျူးလွန်ရန် မသင့်လျော်ပေဘူး
မဟုတ်လား။
ယခုသော် ကျွန်တော်သည် ပြည်နှင့်
မိုင်နှစ်ရာနီးပါး ဝေးကွာသော အရပ်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်ပါသည်။ ဝန်ချတောင်သို့
မကြာမကြာ မရောက်နိုင်တော့ပါ။ မကြာမကြာ ဝန်ချတောင်းပန်ရန်လည်း မဖြစ်နိုင်တော့ပါ။
သို့သော် ကိစ္စမရှိပါ။ ဝန်ချတောင်ဟူသော အမည်ကလေးသည် ပြုခဲ့မိသော အပြစ်တို့ကို
ဝန်ချတောင်းပန်ဖို့ လက်တို့ သတိပေးနိုင်ရုံမက ပြစ်မှားခြင်း မပြုအပ်သူဟူသမျှကို
ဘယ်သောအခါတွင်မှ ပြစ်မှားခြင်း မပြုစေရန်လည်း သတိပေးနိုင်သောကြောင့် ဖြစ်ပါသည်။
အခွင့်ကြုံလျှင်တော့ဖြင့် ထာဝစဉ်
အေးသက်တိုးငြိမ်နေမြဲဖြစ်သော ထိုနေရာလေးသို့ အရောက်သွားလျှက် ဝဋ်ကြွေးတော်ပြေ
ခေါင်းလောင်းကို တစ်ချက်လောက်ဖြစ်ဖြစ် ထိုးခတ် လိုက်ချင်ပါသေးသည်။
▀
မောင့်ရင်မာ
၊ကျောင်းကုန်း၊
(အမှတ် ၂၀၅၊
ဒီဇင်ဘာလ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)
ကြယ်တွေက တဖွေးဖွေး ကြွေကျခဲ့ပြီ ဖြစ်သည်။ ကြွေကြယ်ကို လေးစားရမည်။ ကြွေကြယ်ကို တန်ဖိုးထားရမည်။ ကြယ်ကြွေ၏ ဂုဏ်သိက္ခာကို မစော်ကားရ၊ မထိပါးရ။
ဝမ်းပန်းတနည်းနဲ့ တရှုံ့ရှုံ့ငိုနေတဲ့ ကောင်လေးက 'သားက ဘယ်သူနဲ့နေရမှာလဲ ဒေါ်ကြီး'လို့ မေးလိုက်ပါတယ် 'နင့်အစ်မနဲ့ နေရမှာဟဲ့ နင့်အစ်မနဲ့ နေရမှာ'
အိမ်သစ်ကလေးသို့ စာမိသားစုများ အမှိုက်ကလေးများ ကိုက်ချီရောက်လာကြသည် တစ်ပြုံတစ်မကြီး တစ်ခါတည်း ရောက်လာကြခြင်းတော့မဟုတ် တစ်ကောင် အရင်လာနားသည် အိမ်တွင်း ဝင်ကြည့် ပြန်ခေါင်းပြူ ကျိကျိအော်မြည် ပျံသွား နောက်...