အတ္ထုပ္ပတ္တိအခန်းဆက်

ကျွန်မရေးတဲ့ သူ့ဘဝ လူထု ဦးလှ အပိုင်း (၁၀)

လူထုဒေါ်အမာ

01 July 2026
ကျွန်မရေးတဲ့ သူ့ဘဝ လူထု ဦးလှ အပိုင်း (၁၀)
Share to

 ဦးလှ ဘာလူမျိုးလဲ

            ဦးလှကို တချို့က မြန်မာမစစ်ဘူး၊ တရုတ်စပ်တယ်လို့ ထင်ကြတယ်။ သူ့ရုပ်က တရုတ်နဲ့တူလို့တဲ့။ တချို့က ရင်းနှီးတော့ ဖွင့်ပြောတယ်။ တချို့ကတော့ ကွယ်ရာမှာပြောကြတာပါ။

            သူ့ကို တရုတ်နဲ့တူတယ်လို့ ပြောတဲ့အခါ သူက သူ တရုတ်ပြည်သွားရင်းက ကြုံခဲ့ပုံတစ်ခု ကျွန်မတို့ကို ပြောပြလို့ ရယ်ကြရပါသေးတယ်။ ၁၉၅၂ ခုနှစ်က တရုတ်ပြည်မှာ နိုင်ငံတကာက တက်ရောက်တဲ့ အာရှနဲ့ပစိဖိတ်ဒေသဆိုင်ရာ ကမ္ဘာငြိမ်းချမ်းရေးကွန်ဖရင့်ကြီး ကျင်းပခဲ့ပါတယ်။ အဲဒီ ကွန်ဖရင့်ကို တက်ရောက်ခဲ့တဲ့ မြန်မာကိုယ်စားလှယ်တွေထဲမှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းလည်း ပါဝင်ပါတယ်။ ဆရာကြီး ရွှေဥဒေါင်းလည်း ပါပါတယ်။  ဒီကွန်ဖရင့်ဟာ လွတ်မြောက်ပြီး တရုတ်ပြည်မှာ ပထမဆုံးအကြိမ်ကျင်းပတဲ့ နိုင်ငံတကာ ကွန်ဖရင့်ဖြစ်ပါတယ်။ တက်ရောက်လာကြတဲ့ နိုင်ငံပေါင်းစုံက ကိုယ်စားလှယ်တွေအတွက် အင်္ဂလိပ်စကားပြန်၊ ဂျပန် စကားပြန်၊ ကုလားစကားပြန်၊ မြန်မာစကားပြန်၊ ပြင်သစ်၊ ဂျာမန်၊ အီတာလျံ၊ စပိန်စတဲ့ ဥရောပနိုင်ငံတွေက ကိုယ်စားလှယ်တွေအတွက်လည်း စကားပြန်တွေ တရုတ်က အပူတပြင်း လေ့ကျင့်ပေးထားပါတယ်။ တစ်နေ့တော့ ကွန်ဖရင့် တက်လာကြတဲ့ နိုင်ငံတကာက ဧည့်သည်တွေကို တရုတ်ပြည်ထဲ လျှောက်ကြည့်ကြဖို့ မီးရထားနဲ့ အနှံ့လိုက်ပို့သတဲ့။ တရုတ်ပြည်ကြီးက အကျယ်ကြီးဆိုတော့ မီးရထားပေါ်မှာတင် အိပ်ရစားရနဲ့ လည်ပတ်ကြရတဲ့ ခရီးရှည်ကြီးပေါ့။ အဲဒီအခါမှာ မီးရထားကြီးကိုပဲ ကိုယ်စားလှယ်တွေက ဟိုတယ်လို့ သဘောထားပြီး သွားကြတယ်။ သွားရင်းလာရင်း ကိုယ်စားလှယ်အချင်းချင်းလည်း တွေ့ဆုံရင်းနှီးခွင့်ရကြတယ်။ အဲဒီမီးရထားပေါ်မှာတွေ့တဲ့ ကိုယ်စားလှယ်တွေထဲက စံပြအလုပ်သမားတွေပါလို့ ဦးလှက ခရီးသွားရင်း မီးရထားပေါ်မှာ ဒီလူနဲ့တွေ့ပြီး သူတို့နဲ့ တွေ့ဆုံ မေးမြန်းရာက ရလာတဲ့ အချက်အလက်တွေနဲ့ 'အလုပ်သမား သူရဲကောင်းများ'ဆိုတဲ့စာအုပ်တစ်အုပ် ရေးဖြစ်ပါသေးတယ်။

            ဒီမီးရထားပေါ်မှာပဲ တစ်ရက်တော့ တရုတ်စကားပြန်ကလေးတစ်ဦးက ဦးလှကို တရုတ်စကားလုံးတစ်လုံး အင်္ဂလိပ်လို ဘယ်လိုဘာသာပြန်မလဲလို့ လာပြီး တရုတ်စကားနဲ့ မေးလာ သတဲ့။ သူက ဦးလှကို သူ့လိုပဲ စကားပြန်ရဲဘော် တရုတ်တစ်ယောက်လို့ ထင်တာကိုး။ ဦးလှက ပထမ ကြောင်နေတယ်။ နောက်တော့သိသွားပြီး ရယ်နေကြသတဲ့။ ဦးလှက ဘောင်းဘီနဲ့ ကုတ်နဲ့ဆိုတော့ တရုတ်အစစ်ကတောင် သူ့ကို တရုတ်ပဲ ထင်မှတ်ပြီး မှားဖူးသတဲ့။ နို့ပေမယ့် တရုတ်ပြည်မှာ တရုတ်နဲ့မှားသလို ဂျပန်ပြည်ရောက်တော့လည်း ဂျပန်တွေက သူတို့နဲ့တူပါတယ်လို့ ပြောကြတာပဲတဲ့။

            ဦးလှ ဂျပန်ပြည်သွားတယ်ဆိုတော့ ဂျပန်သံအမတ်ကြီး၊ ဂျပန်ကောင်စစ်ဝန်နဲ့ သတင်းစာဘက်ဆိုင်ရာတွေက ဦးလှတို့အဖွဲ့ကို လေယာဉ်ကွင်း လိုက်ပို့ကြတယ်။ လေယာဉ်မထွက်ခင် ဒီဆူဇာဦးခင်ဇော်က 'ဒီအဝတ်အစားနဲ့ဆိုတော့ မြန်မာပြည်က ထွက်သွားရင် ခင်ဗျားကို တရုတ်လား၊ ဂျပန်လား၊ ဘာလူမျိုးလဲလို့ ခွဲမရဖြစ်နေမှာပဲ' လို့ ဦးလှကို ပြောသတဲ့။ ဦးလှက သူလည်း အဲဒီလိုပဲ ထင်သတဲ့။ ကြုံလည်း ကြုံ ဖူးလှပြီ။ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ဗီယက်နမ်၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးစတဲ့လူမျိုးလို့ အထင်ခံရပေါင်းများလှပြီမို့ ကိုခင်ဇော်ရဲ့စကားမလွန်နိုင်ပါဘူးတဲ့။

            ဒါကြောင့် အဲဒီခရီးမှာ ဦးလှတို့အဖွဲ့ မင်္ဂလာဒုံက ထွက်လာခဲ့ပြီး ဟောင်ကောင်မှာ ရှိတဲ့ မြန်မာသံမှူးဦးကြင်ပုက မြန်မာစကားတတ်တဲ့ ဦးငန်လုံဆိုသူတစ်ဦးကို လေယာဉ်ကွင်း လွှတ်ပြီး မြန်မာကိုယ်စားလှယ်တွေကို အကြိုခိုင်းသတဲ့။ ဦးငန်လုံက အားလုံးကို မြန်မာလို ပြောဆိုကြိုဆိုလာပြီး ဦးလှနဲ့ နှစ်ယောက်တည်းကျခါမှ တရုတ်ဘာသာနဲ့ ပြောနေသတဲ့။ ဒါကြောင့် ဦးလှက ဒီဆူဇာဦးခင်ဇော် မင်္ဂလာဒုံကထွက်ခါနီး ပြောလိုက်တဲ့အတိုင်းတော့ ဖြစ်နေပြီဆိုပြီး ပြုံးနေရသတဲ့။ ဂျပန်ကောင်စစ်ဝန်ကို 'ခင်ဗျားနဲ့ ကျွန်တော် ဘယ်သူက ဂျပန်နဲ့ ပိုတူသလဲ'လို့ မေးလိုက်သေးသတဲ့။ ဦးလှ ဒီလိုမေးတော့ ကောင်စစ်ဝန်က ဦးလှကို သေသေချာချာကြည့်ပြီး 'ခွဲခြားဖို့ သိပ်ခက်ပါတယ်' လို့ ပြန်ပြောလိုက်ပါသတဲ့။

            ဂျပန်ပြည်ကို ရောက်သွားတော့ သူ့မိတ်ဆွေ ဂျပန်စာရေးဆရာကြီး ဂျွန်တကာမီက ဦးလှကို ပန်(PEN) ကလပ်တို့၊ အဆာဟိရှင်ဘွန်း သတင်းစာတိုက်တို့ကို ခေါ်သွားပြီး တွေ့ပေးမိတ်ဆက် ပေးလိုက်သတဲ့။ အဲဒီမှာ ဂျပန်တွေက စာရေးဆရာဘဝတူချင်းမို့ တရင်းတနှီးဖြစ်တော့ ဦးလှရုပ်က ဂျပန်နဲ့ တူလွန်းလို့တဲ့လေ။ သူတို့က တရင်းတနှီး ရယ်မောပြောကြသတဲ့။ တချို့ကတော့ ဦးလှကို သေသေချာချာကြည့်ပြီး ဂျပန်နဲ့တူသမှ ဂျပန်စီးပွားရေးလုပ်ငန်းကြီးတွေက အမှုဆောင် လူကြီးတစ်ယောက် (Excecutive) နဲ့ တူတာပါလို့ ပြောကြသတဲ့။

            တရုတ်ပြည်ရောက်တော့ တရုတ်နဲ့ တူတယ်။ ဂျပန်ပြည်ရောက်တော့ ဂျပန်နဲ့ တူတယ်ဆိုရင် ဦးလှရုပ်က တရုတ်လိုလို၊ ဂျပန်လိုလိုမို့လို့ပေါ့လို့ ကောက်ချက်ချစရာ ကောင်းတာပေါ့။ နို့ပေမယ့် အဲဒီလို ကောက်ချက်ချရင်တော့လည်း မှန်ချင်မှလည်း မှန်မယ်။ ဘာလို့လဲဆိုတော့ ဦးလှနဲ့ ကျွန်မက ကရင်ပြည်နယ်သွားတုန်းက ကြုံရပုံက တစ်မျိုးကိုး။

            ၁၉၆၈ ခုနှစ်တုန်းက ကရင်ပြည်နယ် ဘားအံမြို့မှာ ကရင်စာဆိုတော်နေ့ ကျင်းပပါတယ်။ အဲဒီစာဆိုတော်ပွဲက ကျွန်မတို့ဇနီးခင်ပွန်းကို ဖိတ်ကြားလို့ ကျွန်မတို့နှစ်ယောက်သွားပြီး တက်ကြတော့ ဘားအံရေတံခွန်တောင်ကျောင်းဝင်းထဲက ပွဲခင်းမှာ ကျွန်မတို့က ကရင်အမျိုးသား၊ အမျိုးသမီးကြီးတွေနဲ့ ဒုံးယိမ်းတွေကြည့်ရင်း စကားကောင်းနေကြတယ်။ အဲဒီအချိန်မှာ ကရင်စာဆို တော်ပွဲကို တကူးတကလာတဲ့ ကျွန်မတို့ ဇနီးမောင်နှံကို ကရင်အမျိုးသားတွေက တပြုံးပြုံးနဲ့ ဝမ်းမြောက်ဝမ်းသာရှိနေကြရင်း ဦးလှကိုလည်း တကြည့်ထဲ ကြည့်နေကြပါတယ်။ ကြည့်ရင်းက အမျိုးသမီးကြီးတစ်ယောက်ကတော့ ဦးလှဟာ ဘာလူမျိုးလဲ၊ ကရင်သွေးပါသလားတဲ့။ ဘာလို့ မေးတာလဲလို့မေးတော့ သူ့ကြည့်ရတာ မြစ်ဝကျွန်းပေါ်က ကရင်အမျိုးသားနဲ့ တူလွန်းလို့တဲ့လေ။ ဒီအကြောင်းကို ကျွန်မတို့က ကျွန်မတို့ကို ထမင်းဖိတ်ကျွေးတဲ့ ပြည်နယ်ဥက္ကဋ္ဌ ဒေါက်တာစောလှထွန်းကို ပြောပြတော့ သူက အော်ရယ်ပြီး 'ဟုတ်တယ်၊ ဦးလှက တူတယ်'လို့ အတည်ပြုပြောဆို ရယ်မောပြန်ပါတယ်။ ပွဲခင်းထဲတုန်းကတော့ ဦးလှက ကရင်တော့ မဟုတ်ဘူး၊ မြန်မာပါပဲလို့ ပြောတာကို ကရင်အမျိုးသမီးကြီးတစ်ဦးက ဦးလှလက်မောင်းကို ဆုပ်ကိုင်ရင်း မျက်နှာကို သေသေချာချာကြည့်ပြီး မယုံသလိုဖြစ်နေရှာပါတယ်။

            တကယ်တမ်းတော့ ဦးလှ မြန်မာအစစ်ပါ။ ဘာသွေးမှ မရောပါဘူးဆိုတာကိုလည်း ကျွန်မဆွေမျိုးထဲကတောင် မယုံတဲ့လူတွေလည်း ရှိသေးတယ်။ ဦးလှ အဲဒီလို တရုတ်နဲ့တူတယ် ဆိုတာကို အခွင့်ကောင်းယူသလားတော့ မသိ၊ တရုတ် မြန်မာ အရေးအခင်းဖြစ်တုန်းက လူထုသတင်းစာကို ဖျက်ဆီးပစ်ချင်တဲ့လူတစ်စုက 'ပီကင်းကနေပြီး အသံလွှင့်နေတဲ့ မိန်းကလေးဟာ ဦးလှသမီးပါ'လို့ တီးတိုးဝါဒဖြန့်ခဲ့ကြပါတယ်။ ကျွန်မတို့အကြောင်း မသိရှာကြသူတွေထဲမှာ ယုံတဲ့သူက ယုံသတဲ့။ အကြောင်းသိတွေကတော့ ဦးလှမှာ သမီးနှစ်ယောက်ပဲ ရှိပါတယ်။ တစ်ယောက်က ဆေးသိပ္ပံမှာ၊ တစ်ယောက်က အထက်တန်းကျောင်းမှာပါ။ နှစ်ယောက်စလုံး ဒီမှာရှိပါတယ်လို့ ပြောတဲ့အခါ 'ပီကင်းက အသံလွှင့်နေတဲ့သမီးက ဦးလှရဲ့မယားကြီးက မွေးတာ'လို့ ပြောတဲ့သူက ပြောသတဲ့။ မယားကြီးလည်း မရှိပါဘူး၊ ဒေါ်အမာနဲ့ ငယ်လင်ငယ်မယားပါဆိုတော့ 'မယားကြီး မဟုတ်ရင် မယားငယ်က မွေးတာပဲ'လို့ ပြောပြန်သတဲ့။ မယားငယ်လည်း မရှိဘူး၊ မယားကြီးလည်း မရှိဘူး၊ ဦးလှ ဒီလိုလူစားမျိုးလည်း မဟုတ်ဘူးလို့ ငြင်းကြတဲ့လူနဲ့တွေ့ရင် 'ဦးလှသမီးက ဒီကနေပြီး အသံသွင်းပေးလိုက်တာ၊ အဲဒီအသံသွင်းကြိုးခွေကို ရဟတ်ယာဉ်နဲ့ လာယူသွားတာ၊ ရဟတ်ယာဉ်ဟာ လူထုတိုက်ခေါင်မိုးပေါ်မှာပဲ ဆင်းတာ'လို့ ပြောကြပြန်သတဲ့။

            မဟုတ်မဟတ် လုပ်ဇာတ်ခင်းပြီး ကျွန်မတို့ကို အမုန်းတိုက်ကြ၊ လူထုသတင်းစာတိုက်ကို လူအုပ်နဲ့ ဝိုင်းအဖျက်ခံရဖို့ ကြိုးစားကြတာလေ။ နို့ပေမယ့် တကယ်လူစုလူဝေးနဲ့ လာကြတဲ့အခါ နန်းတော်ထဲက ပြည်သူ့တပ်မတော်တပ်သားတွေက ဟန့်တားဖယ်ရှားပေးပါတယ်။ ပြည်သူ့ရဲတပ်ဖွဲ့က ဆီးကြိုတားဆီးပေးပါတယ်။ ဒါကြောင့် ကျွန်မတို့ အနီးအနား ရောက်မလာနိုင်ဘဲ ခပ်လှမ်းလှမ်းကပဲ လူစုကွဲရ၊ မကောင်းကြံသူများရဲ့ အကြံဆိုး ပျက်ခဲ့ရတာ ဖြစ်ပါတယ်။

            ပီကင်းက အသံလွှင့်တာ သမီးဆိုတဲ့စကားဟာ ကျွန်မတို့ကို ကြားဖူးမြင်ဖူးဖို့ မရှိအောင် ဝေးလံတဲ့အရပ် ယောနယ်လို ဒေသတွေမှာတောင် ရောက်နေတာကို ကျွန်မတို့ကိုယ်တိုင် ရောက်တဲ့အခါ သိခဲ့ကြားခဲ့ရပါတယ်။

            တကယ်ကတော့ ဦးလှဟာ မြန်မာအစစ်ပါ။ သူ့အဖေဘက်ကရော သူ့အမေ ဘက်ကရော ဘာသွေးမှ အရောအနှောမရှိပါဘူး။ သူ့အဖေက ရွှေတောင်သား မြန်မာ၊ သူ့အမေက ပုစွန်မြောင်း ညောင်လေးပင်သူ မြန်မာ၊ ညောင်လေးပင် တောရကြီး ဆရာတော် ဦးအရိယ(အဂ္ဂမဟာပဏ္ဍိတ)ဟာ ဦးလှရဲ့ အမေ့အစ်မက မွေးတဲ့သား၊ ဦးလှနဲ့ ညီအစ်ကို ဝမ်းကွဲပါ။

▀

ဆက်လက်ဖော်ပြပါမည်

လူထုဒေါ်အမာ

(အမှတ် ၂၀၄၊ နိုဝင်ဘာလ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

အတ္ထုပ္ပတ္တိအခန်းဆက်
...
ကျွန်မရေးတဲ့သူ့ဘဝ လူထုဦးလှ
လူထုဒေါ်အမာ

ဦးလှက စာတွေကို ရေးတုန်းကတော့ စာအုပ်ထုတ်ဖို့ ရည်ရွယ်ချက်မရှိဘဲ ရေးတယ်။ နို့ပေမယ့် အဲဒီစာတွေကို အစုလိုက် အပုံလိုက်တွေ့တဲ့အခါ စာအုပ်လုပ်ချင်တဲ့စိတ် ပေါက်တတ်တယ်။ သူ ငယ်ငယ်လေးကတည်းက ဒီစိတ်ရှိတယ်။

အတ္ထုပ္ပတ္တိအခန်းဆက်
...
ကျွန်မရေးတဲ့သူ့ဘဝ လူထုဦးလှ အပိုင်း (၁၂)
လူထုဒေါ်အမာ

ဦးလှကို မင်းမနိုင်ကွက်သစ် တဲအိမ်ဖျက်တဲ့ သတင်းနဲ့ ပတ်သက်လို့ သတင်းမှားရေးတယ်ဆိုပြီး အစိုးရက အရေးယူဖမ်းဆီးထားတော့ ဒီအမှုကို မန္တလေးမှာမစစ်ဘဲ ရန်ကုန်ပြောင်းရွှေ့စစ်ပါရစေလို့ တရားလိုအစိုးရရှေ့နေက ရုံးမှာ...

အတ္ထုပ္ပတ္တိအခန်းဆက်
...
ကျွန်မရေးတဲ့ သူ့ဘဝလူထုဦးလှ အပိုင်း (၁၁)
လူထုဒေါ်အမာ

ကျွန်မသိရသလောက် သူ့မှာ စိတ်ကောင်းနှလုံးကောင်း ရှိတယ်။ ဉာဏ်က အထက်မြက်ကြီးတော့ မဟုတ်ဘူး ပုံမှန်ပဲ။ ဒါပေမယ့် ကောင်းတယ်ဆိုတာကို လိုက်နာကျင့်ကြံလိုတဲ့ စိတ်တော့ အမြဲတမ်းရှိတယ်။ အမြဲတမ်းလည်း ကြိုးစားတယ်လို့ထ...