ကြည်နိုင်
၁။
ကျွန်တော့်တွင် သမီးငယ်တစ်ယောက်
ရှိပါသည်။ သမီးငယ်တွင် ကြောင်ကလေးတစ်ကောင်ရှိ၏။ သူ့ကြောင်လေးသည် ရွှေဝါရောင်၊
လက်ကလေး နှစ်ဖက်မှာ အဖြူရစ်ကလေးတွေနှင့်မို့ ဖိုးလက်ဖြူဟု အမည်ပေးထားသည်။
သူ့စိတ်ကူးနှင့် သူ ပေးထားလေသလား။ သူ့အမေနှင့် တိုင်ပင်ပြီး ပေးထားလေသလား မသိရပါ။
သူ့အမေ ကျွန်တော့်အိမ်ရှင်မသည်လည်း ကြောင်ချစ်သူပေပဲ။ သမီးငယ်ကိုလည်း အငယ်ဆုံးမို့
မိသားစုအကုန်လုံးက စုပုံချစ်ကြသမို့ သူ့အမေက ချစ်စုပုံဟု ချစ်စနိုး
နာမည်ပေးထားပါသည်။
ကျွန်တော်က ကြောင်တွေကို အစကတော့ မချစ်တတ်ပါ။
သို့သော် သမီးငယ်နှင့် သူ့အမေက ကြောင်ချစ်သူဆိုတော့ မိသားစုစိတ်ဓာတ်ဖြင့် သူတို့
ချစ်သည့် ကြောင်ကလေးကို ချစ်နိုင်အောင် ကြိုးစားရပါသည်။
ကွယ်လွန်သူ ပါမောက္ခ
ဆရာဦးမောင်မောင်ကြီး၏ အက်ဆေးလေးတစ်ပုဒ်ကို ကျွန်တော် စွဲလမ်းမိခဲ့ဖူး၏။ 'ခြစ်ကြောင်းမှ
မပြယ်မီ ခြစ်သူဖြင့် ကွယ်ရှာပြီ' ဆိုသည့် အက်ဆေးကလေး
ဖြစ်ပါသည်။
'သူ့တွင်
ကြောင်ကလေးတစ်ကောင် ရှိပါသတဲ့။ သူ့ကြောင်လေး နေမကောင်းတော့ ဆေးတိုက်
နို့တိုက်ဖြင့် အမျိုးမျိုး ပြုစုသတဲ့။ ထွေးထွေးပိုက်ပိုက်နှင့် နေသတဲ့။
တစ်ရက်တွင်တော့ သူထွေးပိုက်ထားသည့်ကြားမှ သူ့ကြောင်သည် ရုတ်တရက် ရုန်းကန်
ခုန်ထွက်သွားသည်။ သူ့ပေါင်ကိုလည်း ခြစ်မိသွားသည်။ ပေါင်တွင် ကြောင်ခြစ်ရာကြောင့်
သွေးစို့သွားသော်လည်း သူ့ကြောင်လေးကိုတော့ သူ စိတ်မဆိုးမိပါ။ ကြောင်ကလေး
နေမကောင်းသဖြင့် ဆောက်တည်ရာမရ ဖြစ်မည်ဟု ယူဆမိသည်။ နောက်တော့ သူ့ကြောင်လေး သေနေတာ
တွေ့ရသတဲ့။ သူ့ပေါင်က ကြောင် ခြစ်ရာကလေး မပျောက်မီ ခြစ်သူ ကြောင်ကလေးကတော့
သေရှာပြီပေါ့။ 'ခြစ်ကြောင်းမှ မပြယ်မီ ခြစ်သူ ဖြင့်
ကွယ်ရှာပြီ'တဲ့။ ဆရာ ဦးမောင်မောင်ကြီးကား
ကြောင်ချစ်သူတစ်ဦးပင်။
ဆရာ့စာကို ဖတ်ပြီး နှစ်သက်မိသည်ကတော့
အမှန်။ သို့သော် ဆရာ့ကြောင်ကိုတော့ ကျွန်တော် ချစ်ခင်စိတ် မပေါ်မိ။ သို့ဆိုလျှင်
ဆရာ့စာကို ဘာကြောင့် နှစ်သက်မိသနည်း။ စာပေရသကြောင့် ဖြစ်မည်ထင်မိ၏။ မြန်မာစာပေမှ
ခွဲထား အသုံးကို ဆရာသည် သူ့အကြောင်းနှင့်သူ ဆိုက်အောင် တင်ပြထားပါ၏။ သူ၏
ကိုယ်တွေ့လေးလည်း ဖြစ်နိုင်ပါသည်။
'ခြစ်ကြောင်းမှ မပြယ်မီ'
အက်ဆေးလေးကြောင့် ကြောင်လေးများကို ချစ်ခင်စိတ် မပေါ်မိသော်လည်း
ကဗျာတစ်ပုဒ်ကြောင့်တော့ ကြောင်ကလေးများအပေါ် ချစ်ခင်သလိုလို ဖြစ်လာမိဖူးပါသည်။
ကဗျာရှင်က...
'သူ့အိမ်တွင် ကြောင်ကလေးတွေ
မွေးထားပါသတဲ့။ သူ့ခြံတွင် ပန်းပင်ကလေးတွေလည်း စိုက်ပျိုးထားပါသတဲ့။ ကြောင်ကလေးတွေ
ပြေးလွှားဆော့ကစားနေလျှင် သူပျော်သည်။ ပန်းပင် ကလေးများ ဖူးပွင့်လာလျှင်
သူပျော်ပါသတဲ့။ ကြောင်ပြေး မြူးပျော် ပန်းပွင့်သော်မူ ကျွန်တော် ပျော်လိုက်ရပါသည်'
တဲ့။
တစ်နေ့မှာတော့ ကဗျာဆရာထံသို့
ဧည့်သည်တစ်ဦး ရောက်ရှိလာပါသတဲ့။ ဧည့်သည်နှင့် မျက်နှာချင်းဆိုင် စကားတွေလှိုင်လို့
ဖောင်ဖွဲ့မိကြသတဲ့။ အဲသည့်အချိန်မှာ ကြောင်ကလေးတွေကို မေ့နေမိသည်။
ပန်းကလေးတွေကိုလည်း သတိမရ။ အချိန်တန်တော့လည်း သူ အိမ်ပြန်သွားပါပြီ။
'ဧည့်သည်ဖြစ်၍
အိုးပစ်အိမ်ခွာ မနေသာပါ၊ သူ့အိမ်သူ့ယာ၊ ပြန်ပေမှာပဲ' တဲ့။
သည်လိုနှင့် တစ်ဖန် ပန်းကလေးတွေ
ပွင့်လာကြ ပြန်ပါပြီ။ ကြောင်ကလေးတွေ ပြေးလွှားမြူးဆော့နေ ကြပြန်ပါပြီ။
ကဗျာဆရာက သူ့ ကဗျာကို ဤသို့
အဆုံးသတ်ထားပါသည်။
'ကြောင်ပြေးမြူးပျော်
ပန်းပွင့်သော်လည်း
ကျွန်တော် မပျော်နိုင်တော့ပါ' တဲ့။
ကဗျာအမည်ကို 'ဧည့်သည်'
ဟု ပေးထားပါသည်။ ကဗျာဆရာမှာ ဓနုဖြူကျော်ထွန်းဟု မှတ်မိနေပါသည်။
ထိုလှပသော ကဗျာအဖွဲ့ကလေးကိုလည်း
ကျွန်တော် စွဲလမ်းမိခဲ့ပါသည်။ ကဗျာဆရာ၏ ခံစားချက်ကိုလည်း စာနာမိပါ၏။ သို့သော်
ကဗျာဖတ်သူတစ်ဦးအနေဖြင့် ထိုကဗျာထဲမှ ပန်းပင်ကလေး များနှင့် ပြေးလွှားမြူးဆော့နေသော
ကြောင်ကလေးများကိုတော့ အားနာနေမိပါသည်။
ထိုအားနာစိတ်ကြောင့်ပင်
ကြောင်ကလေးများကို ကျွန်တော် ချစ်ခင်မိသလို ဖြစ်လာသည်ဟု ထင်ပါသည်။
'ဧည့်သည်' ကဗျာအခံ ကလေးဖြင့် သမီးငယ်၏ ကြောင်ကလေး ဖိုးလက်ဖြူကို ကျွန်တော်
ချစ်ခင်ရန် ကြိုးစားကြည့်မိသည်။ သို့ ကြိုးစားနေဆဲကာလတွင် တစ်ရက်၌ ဖိုးလက်ဖြူသည်
အိမ်အကာ ပျဉ်ချပ်တွင် စင်လုပ်လျက် စီထားသည့် ကျွန်တော့်စာအုပ်များကို
စာရေးစားပွဲပေါ်မှ နောက်ခြေကို ထောက်ကျောလျားဆန့်ကာ စာအုပ်အနှောင့်များကို
ကုတ်ခြစ်ပါသည်။ လက်သည်း သွေးသည်ဟု နောက်မှ သိရပါသည်။
ကျွန်တော့် အမြတ်တနိုး စာအုပ်များ
အနှောင့်တွင် ခြစ်ရာများ ထင်ကုန်ပါသည်။ ကျွန်တော် စိတ်ဆိုးဆိုးဖြင့် နီးရာ
တုတ်တစ်ချောင်း ကောက်ကာ ခပ်စပ်စပ် ရိုက်လိုက်ပါသည်။
ဖိုးလက်ဖြူ အော်ပြေးပါသည်။ ကြောင်လေး
အော်သံကြားသဖြင့် သမီးငယ် စာကျက်နေရာမှ သူ့ကြောင်လေးဆီ ပြေးလိုက်ကာ အော်ခေါ်ပါသည်။
အတန်ကြာ ချော့ခေါ်ပြီး သူ့ကြောင်လေးကို ကလေးငယ်တစ်ဦးပမာ ပွတ်သပ်ချော့နေပါသည်။
'ဖိုးလက်ဖြူလေးကို
ဘယ်သူရိုက်သလဲ၊ မမကို ပြောစမ်း၊ ပြောစမ်း'ဟု မေးနေပါသည်။
သူ့ကြောင်လေး ပိုက်လျက် သမီးငယ်
ကျွန်တော့်ထံ လာ၏။ မကျေမနပ်နှင့် ပြောဆိုကာ ငိုမဲ့မဲ့ဖြစ်သွား၏။ ကျွန်တော်
သမီးငယ်ကို ပြန်ချော့ပါ၏။ သို့သော် သူ မကျေနပ်။ တစ်ညနေလုံး ကျွန်တော့်ကို
စကားမပြော။ ကျွန်တော်က လိုက်ပြောရ၏။ ချော့ရ၏။ ဖအေ အမြတ်တနိုးထားသည့် စာအုပ်တွေကို
ကုတ်ခြစ်ဖျက်ဆီးသူမှာ အပြစ်ရှိမရှိ။ စာအုပ်စာပေ တန်ဖိုးကိုမှ နားမလည်ဟု ကျွန်တော်က
အရှိန်မပြေသေးဘဲ ပြောနေမိ၏။ သမီးငယ်က တစ်ချိန်လုံး ကျွန်တော်ပြောသမျှ
ဘာမျှပြန်မပြော။ နောက်ဆုံးမှ တစ်ခွန်းသာ ပြန်ပြောသည်။
'ဖိုးလက်ဖြူဟာ ကြောင်ကလေးပါ
ဖေဖေရယ်' တဲ့။
ကျွန်တော် စိတ်မကောင်း ဖြစ်သွားသည်။
သမီးငယ်က သူ့ကြောင်လေးကို ချစ်စိတ်ဖြင့် ကြောင်ကလေးအပေါ် စာနာသည်။ ကျွန်တော်က
ကျွန်တော့်စာအုပ် ချစ်စိတ်ဖြင့် သူ့ကြောင်လေးအပေါ် မစာနာနိုင်။
ဤသို့ဖြင့် သမီးကြောင်လေး
ဖိုးလက်ဖြူနှင့် ကျွန်တော့်ဆက်ဆံရေးမှာ ခပ်တန်းတန်း ဖြစ်သွားပါသည်။ သမီးငယ်
သူ့ကြောင်လေးကို အမြဲတစ်ပွေ့တစ်ပိုက် ဖြစ်နေသည့်အခါ ကြာလျှင် ရောဂါရမည်ဟု
ဆုံးမမိ၏။ ကျွန်တော် ပြောသမျှကို သမီးငယ်က နားမဝင်။ မအေလုပ်သူကိုလည်း ပြောမိသည်။
အထူးသဖြင့် အိပ်ချိန်တွင် ကြောင်ကို ခြင်ထောင်တွင်း မသွင်းရဟု တားမြစ်ရသည်။
ကျန်းမာရေး ရှုထောင့်က ပြောသဖြင့် အိမ်ရှင်မက လက်ခံကာ သမီးငယ်ကို နားလည်အောင်
ဖျောင်းဖျ ပြောဆိုသည်။ အစ်ကိုတွေကလည်း ဝိုင်းပြောဆူပူသည်။ မေမေ့သမီး
ရောဂါရမယ်နော်ဟု မအေကိုပါ အပြစ်တင် လာကြ၏။
ကျွန်တော်ပြောလျှင် သူ့ ကြောင်လေးကို
မုန်းစိတ်ဖြင့် ပြောသည်ဟု ယူဆကာ သိပ်နားမထောင်ချင်။ သူ့အမေ
ဖျောင်းဖျပြောဆိုလျှင်တော့ နားထောင်သည်။ သူတို့က ကြောင်ချစ်သူ သားအမိပေကိုး။
□
၂။
ကျွန်တော့် စာအုပ်ပုံမှာ
ကျွန်တော့်အခန်းတွင်း နေရာအနှံ့။ အိမ်က ကျဉ်းသဖြင့် စာကြည့်ခန်း သီးသန့်မထားနိုင်။
ကြမ်းပြင်ပေါ် ဖြစ်သလို ပုံထားရသည်။ တစ်ရက်တွင်တော့ ကျွန်တော် စာအုပ်ရှာရင်း
အနံ့တစ်မျိုး သတိထားမိသည်။ သို့ဖြင့် အနံ့ခံရင်း လျှောက်ကြည့်တော့ လား လား...
ဖိုးလက်ဖြူလက်ချက်။ ကျွန်တော် တုတ်ရှာကာ ဖိုးလက်ဖြူကို လိုက်ရှာသည်။ အိမ်ရှင်မက
ကျွန်တော့်အခြေအနေကိုသိ၍ သမီးငယ်ကို တိုးတိုးသွား ပြောဟန်တူသည်။ သမီးငယ်က သူ့ကြောင်လေးကို
ဝှက်ထားသည်။ ထိုနေ့က ဖိုးလက်ဖြူကို အရိပ်အယောင်ပင် မမြင်ရ။
ဤသို့ဖြင့် ဖိုးလက်ဖြူနှင့် ကျွန်တော်
ပိုစိမ်းလာသည်။ တခြားသူကို ပေးပစ်လိုက်ရ ကောင်းမလားဟု စဉ်းစားမိသေးသည်။ သမီးငယ်
သိပ်ဝမ်းနည်းပက်လက် ဖြစ်မှာလည်း စိုးရသည်။
ဖိုးလက်ဖြူ ကျွန်တော့် စာအုပ်စင်နား၊
စာအုပ်ပုံနား ကပ်တာတွေ့လျှင် ကျွန်တော် တုတ်ရှာမြဲ။ ဖိုးလက်ဖြူကလည်း
ကျွန်တော့်အရိပ်အကဲ သိပုံရသည်။ ကျွန်တော့် အရိပ်မြင်သည်နှင့် ပြေးတော့ သည်။
သမီးငယ် ကျောင်းအားသည့် တစ်ရက်တွင်
ခေါင်းရင်းအိမ်က ကြောင်မလေးနှင့် ဖိုးလက်ဖြူ ခုန်ပေါက် မြူးတူးကျီစယ် ဆော့ကစားနေသည်ကို
သမီးငယ်က သဘောကျကာ ထိုင်ကြည့်နေသည်။ အိမ်ရှင်မက သူ့သမီး ပီတိကျနေပုံကို
ကျွန်တော့်အား မေးငေါ့ပြ၏။ ကျွန်တော်လည်း 'ကြောင်ပြေးမြူးပျော်'
ကဗျာလေး သတိရကာ ဖိုးလက်ဖြူ အပေါ် စိတ်ပြေသလိုဖြစ်လာ၏။ သမီးငယ်
သူ့ကြောင်လေးကို ချစ်သလို ကျွန်တော် သူ့ကြောင်လေးကို ချစ်နိုင်လျှင် သမီးငယ်
ပိုပျော်လိမ့်မည်။ ဖခင်အပေါ် အမြင်စောင်းနေမှုလည်း ပျောက်သွာလိမ့်မည်ဟု ယူဆမိ၏။
သို့ဖြင့် ဖိုးလက်ဖြူကို ကျွန်တော် ချစ်ဖို့ ကြိုးစားမိပြန်ပါ၏။ တစ်ဖက်ကလည်း
ကျွန်တော့်စာအုပ် အနှောင့်များကို ဖိုးလက်ဖြူ လက်သည်း သွေးမှာ စိုးရိမ်နေမိသေးသည်။
ဤအတောအတွင်း သမီးငယ်နှင့် သူ့အမေတို့
မကြာခဏ တီးတိုး တီးတိုး ပြောဆိုနေကြ၏။ ဘာတွေပြောမှန်းတော့မသိ။ တစ်ရက်တွင် 'ဖိုးလက်ဖြူနော်၊
ဖေကြီးစာအုပ်တွေကို မကုတ်ရဘူး။ မခြစ်ရဘူး။ ဒီလိုလုပ်ရင် နင့်လက်သည်းတွေကို
ဟောဒီလို ရိုက်မယ်'ဟု သူ့ကြောင်လေးကို နှီးပြားလေးနှင့် ထိကာ
ဆုံးမနေသံ ကြားရသည်။ မိခင်၏ သွန်သင်မှုဖြင့် သူ့ကြောင်လေးကို ဆုံးမနေသည်ဟု ယူဆမိ၏။
မည်သို့ဖြစ်စေ၊ ကျွန်တော် ကျေနပ်မိသည်။
'ဖေကြီး၊ ဖိုးလက်ဖြူကို
မမုန်းရဘူးနော်'ဟု သမီးငယ်က ကျွန်တော့်ကို
ပြန်ဖျောင်းဖျနေသည်။ ကျွန်တော် ပြုံးပင် ပြုံးလိုက်မိ၏။
ဤသို့ဖြင့် သမီးငယ်နှင့် ကျွန်တော်
ဖိုးလက်ဖြူတို့ ဆက်ဆံရေးသည် ပြန်လည် ကောင်းမွန်လာပြီဟုဆိုလျှင် ဆိုနိုင်ပါ၏။
'ကြောင်ကလေး ပူစီ ညောင်...
ခွေးကလေးပါပီ ဝုတ်ဝုတ်... ဆိတ်ကလေး နာနီ ပဲ...ဟဲ...ဟဲ... ဧည့်သည်လာရင် မဆော့နဲ့၊
ငြိမ်ငြိမ်ကလေးနေပါ'
ကျွန်တော်တို့ ငယ်ငယ်က ကြားဖူးသည့်
သီချင်းကလေး တစ်ပိုင်းတစ်စကို ကျွန်တော်က သမီးငယ်ကို တစ်ရက်တွင် ဆိုပြမိ၏။
သမီးငယ်က အရမ်းသဘောကျသွားသည်။ သီချင်း တစ်ပုဒ်လုံး ဆိုပြဖို့ ပူဆာသည်။ ကျွန်တော်က
အဆုံးမရ။
တစ်ရက်တွင် သမီးငယ် ချစ်စုပုံ
သူ့အမေနှင့် ဈေးလိုက်သွားသည်။ ပြန်လာတော့ စာအိမ်လေး ပါလာသည်။ ကျွန်တော် ခေါင်းယမ်းမိသည်။
ကျွန်တော်တို့ ခြံထဲတွင် အုန်းပင်၊ ကုက္ကိုပင်၊ လဲပင်၊ ကွမ်းသီးပင်၊ သရက်ပင်
စသည်ဖြင့် အပင်များ ရှိသည်။ အထူးသဖြင့် ကုက္ကိုပင်ကြီးများပေါ်တွင် စာကလေးများ၊
ခါတစ်ရံ သပိတ်လွယ်၊ ဆက်ရက်၊ ကျီးကန်း၊ ခို စသည်ဖြင့် နားခိုကြသည်။ အသံပြုကြ သည်။
ဆက်ရက်အုပ်များ ကျလျှင် ညံစီနေသည်။ ခိုများလည်း ခါတစ်ရံ ညည်း သံကြားရ၏။
ခြံချင်းကပ် နံဘေးအိမ်တွင် ခိုများ စတည်းချနေကြပြီလားဟု စူးစမ်းမိသည်။
'ဆက်ရက်ညိုးညံ၊ ခို
ညည်းပြန်၊ အသံနှိပ်စက်ခဲ့'
ကဗျာလေး တစ်ပိုဒ်ပင် အကြမ်းစာရွက်ပေါ်
ကျွန်တော် ရေးခြစ်မိသေးသည်။
ယခု သမီးငယ်တို့ သားအမိ
စာအိမ်ဝယ်လာပြန်သတဲ့။ စာကလေးများ ပျံဝဲ အသံပေး၊ သူတို့အချင်းချင်း
ဆွေးနွေးနေကြသည်ကို ကျွန်တော် ခါတစ်ရံ စောင့် ကြည့်ဖူးပါ၏။ ကျွန်တော့်လိုပင်
သမီးငယ်လည်း စာကလေးတွေကို ချစ်တတ်သည်။
ယခင်က သမီးငယ် ချစ်စုပုံ ပူဆာသဖြင့်
သူ့အစ်ကိုတွေက အုန်းသီးခြောက် စာအိမ်တစ်ခု လုပ်ကာ တံစက်မြိတ်တွင် ဆွဲထားပေးဖူးသည်။
ယခု အသင့်လုပ်ပြီး စာအိမ်ကလေးတစ်လုံး တိုးလာသည်။ မကြာပါ။ အိမ်သစ်ကလေးသို့
စာမိသားစုများ အမှိုက်ကလေးများ ကိုက်ချီရောက်လာကြ သည်။ တစ်ပြုံတစ်မကြီး တစ်ခါတည်း
ရောက်လာကြခြင်းတော့ မဟုတ်။ တစ်ကောင် အရင်လာနား သည်။ အိမ်တွင်း ဝင်ကြည့် ပြန်ခေါင်းပြူ၊
ကျိကျိအော် မြည်ပျံသွား၊ နောက်တစ်ခါလာ၊ ပျံလိုက်နားလိုက်၊ ကျိကျိနှင့်
ပြန်အကြောင်း ကြားလိုက်နှင့် ဤသို့ဖြင့် စာအိမ်သစ်ကလေးထဲသို့ စာမိသားစု
ရောက်လာကြခြင်း ဖြစ်သည်။
ကြည့်ကောင်းကောင်းနှင့် ကျွန်တော်ကော
သမီးငယ်ပါ ကြည့်နေကြသည်။ ထိုစဉ် အိမ်ရှင်မက သူ့သမီးကို လက်တို့ပြလိုက်သည်။
လား...လား... ဖိုးလက်ဖြူ တံစက်မြိတ်အနီး ထုတ်တန်းမှ စာကလေးများကို ခုန်အုပ်ရန်
ချောင်းနေသည်။ ကျွန်တော်က လှည့်တုတ်ရှာသည်။ သမီးငယ်က ကပျာ ကယာ 'ဟဲ့...
ဖိုးလက်ဖြူ' ဟု သူ့ကြောင်ကို အော်ထုတ်လိုက်သည်။ ဖိုးလက်ဖြူ
သုတ်ခနဲ ထွက်ပြေးသွား သည်။
သမီးငယ်က ဆဋ္ဌမတန်း ကျောင်းသူဖြစ်သည်။
ကြောင်ကလေး၊ စာကလေးများကို စိတ်ဝင်စားသော်လည်း သူ့ကျောင်းစာကိုတော့ အပျက်မခံ။
သမီးငယ် ကျောင်းသွားလျှင် စာအုပ် တနင့်တပိုးကြီးနှင့် အရွယ်နှင့်မမျှ စာပိနေသည်။
ထို့ကြောင့်ပင် ကျေးငှက်ကလေးများကို သမီးငယ် မျှော်ကြည့်နေလျှင် ကျွန်တော်ပါ
လိုက်ကြည့်၊ စိတ်အပန်းဖြေမိသည်။ အထူးသဖြင့် စာကလေးများကို ငေးကြည့်နေမိလျှင်
ကျွန်တော် ဖိုးလက်ဖြူကိုပါ သတိရလာတတ်သည်။ သို့ သတိရသည်နှင့်
ကျွန်တော့်စာအုပ်ပုံများဆီ မျက်စိရောက်မိစမြဲ။
□
၃။
သတိကပ် မျက်စိရောက်မိသည်နှင့်
ဖိုးလက်ဖြူကို တွေ့ရသည်။ စာအုပ်ပုံကြား ထောင့်ချောင်မှောင်ရိပ်ဆီ ချောင်းနေသည်။
ကျွန်တော် တုတ်ရှာကြည့်၏။ အိမ်ရှင်မ လက်ထဲက ယားကုပ်တုတ်ချောင်းလေး ဆွဲယူလိုက်သည်။
အိမ်ရှင်မက ကျွန်တော့်လက် ဖမ်းဆွဲထားသည်။ နှုတ်ခမ်းပေါ် လက်ညှိုးကပ်ပြ၏။
သမီးငယ်ကို ကြည့်လိုက်တော့လည်း သူ့ အမေအတိုင်း ရှူးတိုးတိုး အသာငြိမ်နေ ဆိုသည့်
သဘော။
ကျွန်တော်က သူတို့ သားအမိလောက်
ကြောင်အရိပ်အကဲကို မသိ။ သိပ်မကြာပါ။ ဖိုးလက်ဖြူ စာအုပ်ပုံကြား ခုန်အုပ်လိုက်သည်။
သူ့အမြီးကိုလည်းထောင်ကာ၊ ကွေးကာ ယမ်းနေသည်။ သဲကြီးမဲကြီး စူးစူး စိုက်စိုက်။
အလို...ကြွက်သံတွေလည်း ကြားရသည်။ ခဏအကြာတွင် တစ်ကောင် နှစ်ကောင် ထွက်ပြေးသွား
ကြသည်။ တစ်ခါဖြင့် သွားပြီ။ ကျွန်တော် ကိုယ့်နဖူး ကိုယ်ရိုက်၍မဆုံးမီ ဖိုးလက်ဖြူ
ခုန်ထွက်လာသည်။ ပါးစပ်တွင် ကြွက်တစ်ကောင် တန်းလန်း။ 'ဟဲ့...သွား
... သွား' သမီးငယ်ကော သူ့အမေပါ ဖိုးလက်ဖြူကို
မောင်းထုတ်ကြသည်။ ဖိုးလက်ဖြူ ကြွက်ချီရင်း ထွက်ပြေးသွားသည်နှင့် ကျွန်တော်
စာအုပ်ပုံကြား ရောက်သွားသည်။
'သွားပြီ၊ ယောမင်းကြီး၏
ရာဇဓမ္မသင်္ဂဟကျမ်း'
'အလို... သွားပြန်ပြီ။
မုံရွေးဆရာတော်၏ ရာဇောဝါဒကျမ်း'
'အမယ်လေးလေ...
ဇိနတ္ထပကာသနီကျမ်း'
ကျွန်တော် နှမြောတသရင်း
ထိုစာအုပ်ပုံကြား ရှင်းမိသည်။ ဆရာကြီး ဦးလှသိန်း၏ 'လောကနီတိ အကြောင်း
ဟောပြောချက်' အကြောင်း စာအုပ်လည်း ရစရာ မရှိတော့။
ကျွန်တော် စိတ်မကောင်း ဖြစ်နေ၍
သမီးငယ်နှင့် သူ့အမေပါ လာပြီး ဝိုင်းကူရှင်းပေးကြသည်။
'ဒါတောင် ဖေကြီး စာအုပ်တွေ
ဖိုးလက်ဖြူ ရှိနေလို့နော်' တဲ့။
သမီးငယ် ပြောမှ ဖိုးလက်ဖြူကို
ကျေးဇူးတင်ရမှန်း သိလာသည်။ စာအုပ်တွေ နေရာရွှေ့တန်တာ ရွှေ့၊ စားပွဲပေါ်
ပြောင်းတင်လုပ် ကြသည်။
နောက်နေ့တွင်တော့ ကျွန်တော်
အလုပ်ကအပြန် ငါးကြော်တစ်တုံး ဝယ်လာခဲ့သည်။ 'ဖိုးလက်ဖြူဖို့' ဆိုသည့်အခါ သမီးငယ် ပျော်သွားသည်။ တစ်ခါက ကဗျာကလေးတစ်စကိုလည်း
ပြန်သတိရလာမိ၏။
'ကြောင်ပြေးမြူးပျော်
ပန်းပွင့်သော်မူ...
ကျွန်တော် ပျော်လိုက်ရပါမည်'
▀
ကြည်နိုင်
(အမှတ် ၂၀၄၊ နိုဝင်ဘာလ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)
ကြယ်တွေက တဖွေးဖွေး ကြွေကျခဲ့ပြီ ဖြစ်သည်။ ကြွေကြယ်ကို လေးစားရမည်။ ကြွေကြယ်ကို တန်ဖိုးထားရမည်။ ကြယ်ကြွေ၏ ဂုဏ်သိက္ခာကို မစော်ကားရ၊ မထိပါးရ။
ဝမ်းပန်းတနည်းနဲ့ တရှုံ့ရှုံ့ငိုနေတဲ့ ကောင်လေးက 'သားက ဘယ်သူနဲ့နေရမှာလဲ ဒေါ်ကြီး'လို့ မေးလိုက်ပါတယ် 'နင့်အစ်မနဲ့ နေရမှာဟဲ့ နင့်အစ်မနဲ့ နေရမှာ'
အခွင့်ကြုံလျှင်တော့ဖြင့် ထာဝစဉ် အေးသက်တိုးငြိမ်နေမြဲဖြစ်သော ထိုနေရာလေးသို့ အရောက်သွားလျှက် ဝဋ်ကြွေးတော်ပြေ ခေါင်းလောင်းကို တစ်ချက်လောက်ဖြစ်ဖြစ် ထိုးခတ်လိုက်ချင် ပါသေးသည်