ပြေ၊ဆေး၂၊
လွန်ခဲ့သော ၂ နှစ်လောက်ကဆိုလျှင် ကြွက်တွေက တစ်အိမ်လုံးမှာ ဝုန်းဒိုင်းကြဲ သောင်းကျန်းလွန်းကြသည်။ မျက်နှာကျက်ပေါ်မှာ အုပ်စုလိုက် ပြေးတန်းလိုက်တန်း ကစားကြသည်။ မျက်နှာကျက်အပေါက်မှ ခပ်တည်တည် ထွက်ချလာလျက် အောက်ကလူရှိနေတာကို သိသိကြီးဖြင့် ပမာမခန့်ပင် ဆေးခန်းနံရံပေါ် လှလှနှေးနှေးလေး ကြောင်လျှောက်လျှောက်မည်။ လူက တစ်ခုခုဖြင့် လှမ်းပေါက်ပြုလျှင် လှစ်ဆိုပြေးဆင်းသည်။ လူခြေထောက်ကြားက ပြေးထွက်ချင်ထွက်သည်။ လူကို အရူးလုပ်ရ ပျော်ဟန်ရှိ၏။
သက်သက်များ နောက်နေသလား ထင်ရသည်။
နေ့ခင်းဘက် ကိုယ်ကအောက်ထပ်မှာနေတော့ သူတို့ကအပေါ်ထပ်မှာ တစ်စခန်းထသည်။
ပါတီပွဲပေးနေသလားမှတ်သည်။ ဘုရားစင်ပေါ်က ဆွမ်းတော်ပန်းကန်ကို ပွဲတော်တည်၏။
ညစ်စုတ်စုတ်စိတ်ဖြင့် ဘုရားပန်းပွင့်တွေကို တစ်စစီဖြစ်အောင် ကိုက်ခြွေ၏ သောက်တော်ရေခွက်ထဲ
ချေးပါချခဲ့သည်။ ပန်းသီးတစ်ခြမ်း ဝါးမြိုသည်။ ငှက်ပျောတစ်ဖဲ့ ကုတ်သည်။
စာအုပ်စင်ပေါ်က စာအုပ်တွေကို ယုတ်ယုတ်မာမာ ဖျက်ဆီးသည်။ မီးပိတ်ထားတုန်း ဘုရားမီး
ဓာတ်ကြိုးတွေကို ဖြတ်ကိုက်ထားသည်။ ပုဆိုးတွေ အကွင်းလိုက် ဆင်ထားပေးသည်။ ပဲခူး
ဝန်ထောက် ရာထူးရအောင် ဆောင်မ၏။ မီးဖိုချောင်ပေါ် ပြေးတန်း လိုက်တန်း ဆော့ကြသည်။
ညညတီဗီကြည့်နေစဉ် လူရှေ့တည့်တည့်ကနေ မထီတထီ လျှောက်ပြသည်။ နောက်ကျောဘက်ကနေ
အိပ်ခန်းထဲဝင် ခေါင်းဦးကိုဖောက်ဖြဲ ဂွမ်းစတွေ တထွေးတတန်း ဆွဲထုတ်သည်။
လူလှည့်ကြည့်လည်း အရေးကို မလုပ်၊ တစ်ချက်များတောင် ပြန်ကြည့်လိုက်သေး။
ဘယ်လောက်များ မတော်စော်ကား မခန့်လေးစားနိုင်လိုက်သလဲဆိုတော့။
အနီးရှိတွေ့ရာ
ခြင်ဆေးဘူးဖြင့် ကောက်ပေါက်လိုက်လျှင် အရှောင်အတိမ်း ဂျက်စီဂျိန်းထက်ပင်
ကျွမ်းသလားမမေးနှင့် ရှောင်လင် သိုင်းသမားအလား လစ်ပြေးလေသည်။ သူတို့ကို
ထမင်းလုံးနှင့်ရောလို့ သတ်ဆေးကျွေးဖို့လည်း ဝဋ်ကိုကြောက်သည်မို့မလုပ်ဝံ့။ ထောင်ချောက်လောက်ကတော့
ပျင်းတောင်ပျင်းသေးတယ်ဟေ့လို့များ အော်နေကြသလားမသိ။ သူတို့ပြေးနေတဲ့ ထုတ်တန်းပေါ်
အသားတုံးလေးနှင့် ထောင်ခြောက်ဆင်တော့ အမယ် ပီကင်း ဆပ်ကပ်ထဲကလို ဒိုင်ဗင်လေးနဲ့
ခုန်ပြသွား လိုက်သေးလေသည်။ သည်လိုဖြင့် သူတို့ပြုသမျှ နုနေရ သောအခြေမှာ နေနေခဲ့ရတာ
နှစ်တွေ ရှည်ကြာနေခဲ့သည်။ ဘယ်လောက်များ မိုက်ကန်း လိုက်ကြသလဲဆိုတော့ ည
အိပ်ပျော်နေစဉ် လက်ချောင်းလေးတွေကို ကိုက်သွားခြင်း လုပ်တတ်ပေလို့
ညညတစ်ညလုံးမီးဖွင့်၊ သူတို့ကို သတိကြီးစွာ နိုးနိုးကြားကြား အိပ်ရသည်။ စားပွဲပေါ်က
စားစရာလေးတွေကို ပလတ်စတစ်အုပ်ဆောင်း အုပ်ထားတော့လည်း သူတို့တစ်ကိုယ်စာ
အပေါက်လေးတွေ ကိုက်ဖြတ်လို့ သွားလမ်းလာလမ်းသာနေလေသည်။
သြော်...ကြောင်လေး
တစ်ကောင်လောက်တာ့ ရှာမွေးရင် ကောင်းမလားလို့ တွေးနေခဲ့ဖူးသော်လည်း သည်အရပ်က တောဆိုတော့
ကြောင်တွေကလည်း တောသားတွေ အရိုင်းတွေသည့် လူတွေစရိုက်နှင့် တထပ်ထည်းမို့
မဖြစ်ပါဘူးလေဟု ပယ်ချချနေရလေသည်။ သည်လိုနှင့်ပဲ လူမှာ ကြွက်တွေ၏ စော်ကား
နှိပ်စက်ကလူပြုခြင်းကို သည်းညည်းခံရင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲ
နေထိုင်နေရလေတော့သည်။ ကြာခဲ့ပြီ။
တနေ့သောအခါ၌ အိမ် အပေါ်ထပ်သို့ လေ၏ လျင်မြန်ခြင်းအဟုန်ဖြင့် မဲဖျော့ဖျော့
အစင်းကြား တစ်ကောင် လှစ်ဆို ပြေးတက်သွားတာ သိလိုက်သည်။ ခဏနေတော့ ပါးစပ်မှာ
မျက်နှာသေလေးဖြင့် မျက်လုံးပေကလပ် ငညစ် တစ်ကောင်ကို ချီလျက် လှေခါးတလျှောက်
ပြေးဆင်း ပြေးလာ အိမ်ပေါက်က နောက်ဘေးခြံထဲ ကျည်ဆံ တတောင့်လို ထွက်သွားတာတွေ့သည်။
လူအမြင် သူမခံ။ လူ
အကြည့် သူ မဆုံလို။ ဘာပဲဖြစ်ဖြစ် ငစုတ်တစ်ကောင် ပါသွားပြီမို့
ဝမ်းသာနေတာတော့သေချာသည်။
ခဏလေးနေတော့
ပြာလိုမွဲသော အစင်းမည်း ဖျော့ဖျော့ကောင် နောက်ဖေးခြံထဲက ကားအောက်မှာ
ရောက်နေပြန်သည်။ သူ့ကို တွေ့လိုက်လို့ ငုံ့အကြည့် ဒင်းက အကြည့်မခံ ဇတ်ဆို
နောက်ဘက်လှည့် လစ်သည်။ သူလည်း ဂျက်စီဂျိန်းပင်တည်း။
အိမ်ရှေ့ ထိုင်ခုံမှာ
ထိုင်စာဖတ်နေတုန်း ဝီးဆို သူဖြတ်ပြေးသွားသည်။ သူ့ကို အလျင်ထွက်ကြည့် လိုက်သည်။ သူက
ခေါင်းလောင်းပန်းဝါဝါ ပင်အောက်က တွင်းမှ ထွက်လာသော ငညစ်တကောင်ကို တိတ်ငြိမ် စူးစိုက်စွာ
စောင့်နေသည်။ ငညစ်က နှာခေါင်းလေး ရှုံ့ချီ ပွချီလုပ်ရင်း ရှေ့ကို တဖြည်းဖြည်း
တိုးသည်။ ဘာကို ငန်းနေသည်မသိ။ ပြာမွဲ စင်းကြားက ဝုန်းခနဲ ခုန်အုပ်လိုက်သည်။
သူ့ပါးစပ်ထဲ ကြောင်စီစီဖြင့် သနားစဖွယ် ငညစ်တစ်ကောင် ပါသွားပြန်သည်။ ကိုယ်က ပြာမွဲ
အိမ်ထဲ ပြေးဝင်မှာစိုးလို့ ဖတ်ဆို အိမ်အဝင် တံခါးပေါက်မှာ ရပ်လိုက်သည်။ ပြာမွဲက
ရုတ်ဆို လန့်ရပ် တုန့်ဆိုင်းသွားသည်။ ကိုယ့်ကို သူကြည့်တဲ့ အကြည့်က စူးစူး
ရန်လိုသော သွေးဆာသော မီးကျည်အကြည့်။ ကိုယ်ကလည်း ဘာရမလဲ။ ရှုးရှုး ခြောက်သည်။ သူက
နောက်ဆုတ် ခြေကုတ်။ ဘယ်ဟန်ပြ ညာယိမ်း ကိုယ်က ပင်နယ်တီ အသွင်းခံရတဲ့ ဂိုးသမားလို
သူဟန်ပြတဲ့ဘက် လိုက်အယိမ်း သူက ဝေါခနဲ ကိုယ့်ဘယ်ခြေနားက ပွတ်သီး ပွတ်သပ်လေး
ဖြတ်ဝင်သည်။ အသားကုန်သုတ်သည်။
နောက်ဖေး ကားအောက်ကနေ
သူ ပျောက်သွားသည်။ သည်မွဲပြာကအိမ်မှာတော့ သူ့သားကောင် ကို စားလေ့မရှိ။ သူ့မှာ
သားငယ်သမီးငယ်တွေများ ရှိနေလို့များလား။
သို့သော်
သိပ်အကြာကြီးတော့ သူမနေ။ ဟော လစ်ဆို သူ အိမ်တစ်နေရာရာမှာ ရောက်နေပြန်သည်။
တစ်ခါတစ်ခါ ဇောရိုးလို။ တစ်ခါတစ်ခါ ငတက်ပြားလို။ သူ့အကြည့်က စိမ်းသည်။ တောဆန်သည်။
တောသား အရိုင်း။ မျက်ဝန်းက ကြည့်လိုက်တိုင်း ဝိုင်းဝိုင်းစက်စက် စူးစူးဝါးဝါး
ရန်လိုသော အကြည့်။ ရန်သူကို တိုက်ခိုက်ဖို့ အသင့်အနေအထား။ ကိုယ့်အိမ်ထဲ သူက
လှစ်ဆိုဝင်လာလိုက်၊ လှစ်ဆို ပါးစပ်ထဲ ငညစ်လေး တစ်ကောင် ပါသွားလိုက် လုပ်နေတာ
ကြာပြီ။ သို့သော် ကိုယ့်အပေါ်တော့ သူက ရင်းနှီးကျွမ်းဝင်လိုဟန်မပြ။
ပိုင်စိုးပိုင်နင်း သူများအိမ်ထဲ ပိုင်နက်
ကျူးကျော် ဝင်ရောက်ပြီး သူ့သားကောင်ကို ဝင်ဖမ်းသည်။ တကယ်ဆို ကိုယ့်ကို
အသိအမှတ်ပြု ရမှာပေါ့နော်။ ကိုယ့်ကို သူက အရေးကိုမလုပ်တာ။ ကိုယ်ကလည်း လူမဟုတ်လား၊
သည်ကြောင်ရိုင်းနဲ့ သွားအဖက်လုပ် ရန်ဖြစ်ချင်နေသေးသည်။ အမှန်တကယ်ကတော့ ကိုယ်က
သူ့ကို ရင်းနှီးချင်နေတာ။ သည်လိုဖြင့် သုံးလလောက်ကြာသောအခါ မျက်နှာကျက်ပေါ်မှာ
တဝုန်းဝုန်း ပြေးသံတွေ ပျောက်သွားသည်။ ဆေးခန်းနံရံပေါ် ကြောင်လျှောက်လျှောက်သော
ငနဲတွေ မတွေ့တော့ပြီ။ ဘုရားစင်ပေါ်က ပန်းတွေ မချွေ မကိုက်။ သောက်တော် ရေခွက်တွေထဲ
ချေးတုံးလေးတွေ မတွေ့ရတော့။ ဆွမ်းတော်ခွက်က ပုံမပျက်။ သည်နေရာမှာ အမှန်အတိုင်း
ဝန်ခံရလျှင် ညည ပရိတ် ရွတ်၊ ပဌာန်းရွတ်သောအခါ၌ ဒီကြွက်တွေကို ဘယ်လို
နှိမ်နင်းရပါ့မလဲလို့ တွေးခဲ့မိသည်။ ကြွက်တွေ သေပါစေလို့တော့ ဆုမတောင်းဖူးပါ။
ဒီကောင်တွ ဘုရားဆွမ်းတော် ဝင်စား၊ ပန်းတွေ ကိုက်ဖဲ့ ဖျက်ဆီး၊ သောက်တော်ရေထဲ
ချီးပါချလုပ်နေလို့ သည်ပြာမွဲ ရောက်လာလေသလားလို့တောင် တွေးမိပါရဲ့။ ညည တီဗွီကြည့်နေတုန်း လှေခါးဘေး
ထုတ်တန်းတလျှောက် ဆပ်ကပ်ထဲ ကြိုးတန်းလျှောက်သလို တစ်စုံတွဲ တစ်စုံတွဲ လျှောက်နေသော
နှစ်ကောင်တော့ ပါသွားရှာပြီဟု ဇနီးသည် ပြောလာသည်။ ဟုတ်သား ညည ဒင်းတို့အတွဲ
မတွေ့တာကြာပြီ။ ထွီ...အေးအေး ဆေးဆေး ကြည့်လို့ရပြီ။ တီဗွီကြည့်ရင်း စားထားသော
ရင်ကွဲသီးအခွံ၊ သီဟိုဠ်စေ့အကျိုး၊ သစ်ကြားသီး အခွံ၊ ငှက်ပျောခွံ၊ ပန်းသီး
အကျန်လေးတွေ ပလတ်စတစ်ဘူးပါ ဦးချိန်တီ လျက်ဆားပုလင်း ချိုချဉ်ထုတ်တို့ မနက်ကျတော့
အရာ မယွင်း။ ထမင်းစားပွဲ ပေါ်အုပ်ထားတဲ့ အုပ်ဆောင်းလည်း ဟိုတစ်ခါ အပေါက်ဖောက်လို့
သံကြိုးဖြင့် ဖာထားသည်လွဲလို့ အပေါက်သစ် မရှိ။
ညည စာရေး၊ အင်တာနက်
ဖတ်နေတာနဲ့ မနက် နှစ်နာရီခွဲလောက်ဆို အောက်ထပ်ဆင်း အိမ်သာ တက်ရသည်။ သွားတိုက်ရသည်။
တစ်မနက်မတော့ ဆေးခန်းထဲ လှစ်ခနဲ အရိပ်တွေ့လိုက် ရသည်။ စိတ်ထဲ မသင်္ကာတာနဲ့ မီးတွေ
ဖွင့်ကြည့်တော့ လားလား ပြာမွဲပါလား။ ကိုယ်တော်က ဆေးခန်း ကုတင်ပေါ်မှာ ဝပ်လို့ဗျ။
ငြိမ်နေသည်။ ကိုယ့်ကို ဘေးစောင်းတချက် စူးစူးငေးသည်။ မလှုပ်။ ငညစ်လေး တွေကို
လာစောင့်နေတာကိုး။ ကျေးဇူးတင်ပါတယ် ကိုယ့်လူရယ်။ သူ့ကို အနှောင့်အယှက် မပေးတော့ ဘဲ
မီးပြန်ပိတ် အသာထွက်ခဲ့သည်။ ဒီတစ်ခါတော့ သူထွက်မပြေးတော့ပါ။
နောက်တစ်နေ့
မနက်မှာတော့ သူက ကားအောက်ကနေပြီး ကိုယ်တို့ကို ချက်နေသည်။ ကိုယ်က ခေါင်းငုံ့ အသာ
မီမီ ခေါ်ကြည့်သည်။ သူက နောက်လှည့်ပြေးသည်။ တစ်ခါတလေ ခြံထဲမှာ ဝပ်နေရင်း နောက်ဖေး
ထမင်းစားပွဲဆီ ငေးနေသည်။ ကိုယ်က သူ့နားကပ်သွားပြီး လာလာခေါ်လျှင် သူက ထပြေးသည်။
အိမ်ရှေ့က ခေါင်းလောင်းပန်းရုံနား ဝပ်ချောင်းနေလျှင် မြန်မာစကား နားလည်ပုံမရသော
သူ့ကို မားမားဟု ခေါ်ကြည့်သည်။ မားမားဆိုတော့ သူက ကြောင်လည်ပြန်လေး ပြန်ငေးသည်။
တွေတွေဝေဝေ။ သို့သော် ကိုယ်က တိုးသွားရင်တော့ သူ ထလစ်တော့သည်။ ဘယ်လိုကောင်ပါလိမ့်။
တကယ့် အရိုင်း။ နောက်တော့ ကိုယ်က ကြောင်ရည်လည်လာပြီ။ ကြောင်ပါးဝလာပြီ။ သူ့ကို
အရေးကို မလုပ်တော့။ ဒီတော့မှ သူက ကိုယ့်ကို အရေးလုပ်ချင်လာသည်။ သည်ကြောင်
ပြာမွဲကတော့ တောဆန်တာ။ အရိုင်း။ မြန်မာတွေမို့ စိမ်းနေလန့်နေတာလည်း ဖြစ်နိင်သည်။
သူ့ကို ရှမ်းလိုခေါ်မှ သူက နားလည်ဟန်ရသည်။ လုံးဝ အယုံအကြည်ရှိသေးတာတော့ မဟုတ်။
အကပ်ခံသေးတာတော့ မဟုတ်။ ခပ်လှမ်းလှမ်းကနေ ကိုယ့်စိတ်နေ ကိုယ်ဟန် အပြုအမူကို
အကဲခတ်နေဟန်ရသည်။ ကိုယ်က သူရောက်နေမှန်းမသိဘဲ နောက်ဖေးဘက်အသွား သူနှင့်
ပက်ပင်းတိုးလေလျှင် သူက ရုတ်ချည်း တုန့်ကနဲရပ် နောက်လှည့်လစ်ပြေးတော့သည်။ သို့သော်
ဝေးဝေးကို ပြေးသည်တော့မဟုတ်။ ခပ် လှမ်းလှမ်းကနေ ရပ်ငေးနေ တတ်လေသည်။ အို
နားလည်ရခက်လှပါလား။ အရိုင်းရယ်။ မင်းက ဘယ်အိမ်ကလာလို့ ဘယ်အိမ်မှာ စားနေတာလဲ။
ကိုယ်တို့ အိမ်က မင်းကြိုက်တတ်တဲ့ အစာတွေ ပေါပါတယ်။ မင်းအတွက် ဟင်းအိုးကြီး၊
စပါးကျီကြီးပါကွယ်။ လာလှည့်ပါ။ စားလှည့်ပါကွယ်။
တကယ်တမ်း
တွေးကြည့်တော့လည်း ကိုယ်က တိရစ္ဆာန်တွေကို သိပ်ချစ်တတ်သူမဟုတ်။ ငယ်ငယ်ကတော့
ခွေးလေးတွေ မွေးဖူးသော်လည်း ကြောင်တွေကိုချစ်တတ်သူ မဟုတ်။ သူများအိမ် အလည်သွားလို့
ကြောင်လေးတွေ ကိုယ့်လာ ပွတ်သီးပွတ်သပ် လုပ်လာလျှင် ထပြေးတတ်မြဲ။ ကြောင်ဆို
အကပ်ခံရမှာ ကြောက်သည်။ သည်အရိုင်းကတော့ အိမ်ကို လာလိုက်၊ ငညစ်တစ်ကောင် ဖမ်းချီသွား
လိုက် လူကို ခပ်ဝေးဝေးကနေ အကဲခတ်နေလိုက် လုပ်နေတာ သုံးလလောက် ရှိပြီထင်သည်။
ကိုယ်တို့က ညနေဆို အဆာပြေ အကြော်လေး၊ မုန့်ပြား သလက်လေး၊ တို့ဟူးပျော့လေး၊
ဆန်ခေါက်ဆွဲလေး၊ ဆီကျက်လေး၊ ပေါင်မုန့်လေး၊ ဖက်ထုပ်ကြော်လေး ဘာလေး စားတတ်တော့
စားပွဲနားကို ရစ်သီရစ်သီ သူ လာသည်။ အစကတော့ ခပ်ဝေးဝေးကနေ ငေးငန်းသည်။ နောက်တော့
စားပွဲနား ဖြည်းဖြည်းချင်း ကပ်လာသည်။ ကိုယ်တို့ကလည်း သူ့ကို အရေးမလုပ်ဟန်ပြရသည်။
သူ့ကို သွားများ မကြည့်လိုက်နှင့် သူက မျက်ဝန်းအဝိုင်းသားဖြင့် စူးစူးရဲရဲ
ပြန်ကြည့်မည်။ အခြေမဟန်လျှင် ထလစ်ပြေးမည့်ဟန် ပြင်ထားသည်။ ပြောမည့်သာ ပြောနေရသည်။
ကိုယ်တို့ စားနေကြတာ သူ့အစာ မဟုတ်။
အကြော်တို့၊ မုန့်ပြားသလက်တို့၊ တို့ဟူးပျော့တို့
ဆိုတော့ ကြည့်သူကိုလည်း မကျွေး။ အံမယ် နွားနို့ခြောက်ကြော်ကျတော့ ရှမ်းလို့
မပြောရဖူး ကြိုက်သလား မမေးနဲ့ စားနေလိုက်တာ တဂျွတ်ဂျွတ်။ သူက သည်လိုဖြင့် ညနေတိုင် ဆေးခန်းကြသည့်
လူနာတွေကြားကနေ ဆေးခန်းရှေ့ အမှိုက်ပုံးနားက အုတ်ခုံပေါ်မှာ ဝပ်ချောင်းနေသည်။
အမှိုက်ပုံးလာသည့် ကိုရွှေ ငညစ်ကို စောင့်သည်။ ကပ်လာသည်နှင့် ဖျတ်ဆို
ခုန်အုပ်တော့သည်။ သူ့ ပါးစပ်ထဲ ပါသွားပြီဆို ဆေးခန်းထဲကဖြတ် နောက်ဖေးခြံထဲကိုကျော်
တံခါးပေါက်အောက်မှ လစ်တော့သည်။
ည ၁ဝ နာရီကျော်လို့
ဆေးခန်းပိတ် ညစာကို ၁၁ နာရီလောက်မှ စားကြရသည်။ သည်အချိန်မှာ သူ ရောက်လာသည်။
ညစာဆိုတော့ သူ့အတွက် စားစရာ ရမည်။ ငါးဟင်းချက်တဲ့နေ့ဆို ငါးခေါင်း ငါးမြီး
အရိုးတွေ ရမည်။ ကြက်သားဆို ကြက်ရိုး ။ ဝက်သားဆို အဆီအခေါက်။ အစပိုင်းမှာတော့
သူ့ကို စားပွဲပေါ်ကနေ အရိုးအယွင်းလေးတွေ ပစ်ချပေးကြည့်သည်။ သူက မျက်ဝန်းစူးစူး
အပေါ်မော့ရင်း မဝံ့မရဲ တိုးသည်။ မထိတထိ နမ်းသည်။ ရွရွလေး စားသည်။ နည်းနည်းလေး
စားသည်။ ကြောင်စာဆိုတာ ဒါကိုခေါ်သည်ထင်ပါရဲ့။
စားပြီးတာနဲ့ တချိုးတည်း လစ်တော့သည်။ သည်လို စလို့ သူက သွေးတိုးစမ်း
အကဲစမ်းပြီး ညစာကို သူ လာလာစားတော့သည်။ အမှန်မတော့ သူ့အတွက် သည်အိမ်မှာ စားစရာ
ငညစ်တွေက အရင်တုန်းကတော့ ဖူလုံသည်။ အခုတော့ ငညစ်တွေလည်း အိမ်ပြောင်းကုန်ကြသည်လား
မပြောတတ် မတွေ့ရတော့။ သူ့အဖို့ ညစာအတွက် ကိုယ်တို့ ထမင်းဝိုင်းကို လာလာ
မျှော်ရရှာပုံရလေသည်။
အစပိုင်းတုန်းကတော့
သူ့ကို တခုတ်တရ ကျွေးနေသည်တော့ မဟုတ်ရကား အကျန်လေးတွေ စုစုပြီး ပလတ်စတစ်ခွက်လေးထဲ
ထည့်ပေးသည်။ သူကလည်း လူ သူ့အနားမှာ မရှိမှ လာစားသည်။ လူရှိနေလျှင်
အဝေးမှာသာငေးနေသည်။ ရဲရဲကပ်ဝံ့သေးသည်တော့ မဟုတ်။ ကိုယ်ကလည်း သူ့ကို
အရေးတယူလုပ်မနေဟန်ပြရသည်။ အစာလေးတွေ မသိမသာ အပေါ်မှ ပစ်ပစ်ချပေးသည်။ သူက
လေးသံစွင့်ရင်း အစာကို စားသည်။ သူ့စိတ်ထဲ ဘယ်လို တွေးနေသည် မပြောတတ်သော်လည်း
ကိုယ်ကတော့ သူ့ကို လူပီပီ အစဉ် သတိထားနေရသည်။ သူ့ကို သည်အိမ်မှာ နေစေချင်သည်။ သူက
မနေ။ သူ့ ဗိုက်ပြည့်လျှင် လစ်တာပဲ။ ဒါမှမဟုတ်လည်း ဆေးခန်းထဲ တချောင်ချောင်မှာ
သွားဝပ်နေသည်။ ကိုယ်တို့ ပိုက်ဆံရေ၊ ရေခဲသေတ္တာထဲ ထည့်မည့် ရေပုလင်းတွေထဲ ရေထည့်၊
အထိုင် တယ်လီ ဖုန်းဖြုတ်၊ မိုဘိုင်း နှစ်ခုယူ အပေါ်တက်တော့ အံမယ် သူက
အပေါ်လှေခါးထိပ်နား ဝပ်နေသည်။ မပြန်သေး။ ဒါကလည်း သူစိတ်လို လက်ရ ရှိတဲ့နေ့မှပါ။
ငညစ်တစ်ကောင် ရသွားပြီ ဆိုရင်တော့ သူလစ်သွားပြီ ။ သူက ညအိပ် ညနေတော့ စောင့်မနေချေ။
အလွန်ဆုံးနေမှ ၁၂ နာရီထိ။ သူ့ အိမ်ကိုလည်း ပြန်ရသေးပုံရှိသည်။ သူ့သခင်ကိုလည်း
ပြန်မျက်နှာပြရသည် ထင်၏။ သူဘယ်က လာလို့ ဘယ်မှာနေသည် မသိ။ သူရောက်ချင်ရောက်လာပြီး
ပျောက်ချင် ပျောက်သွားသည်။ သူ့နားလည်း သွားကပ်လို့ မရ။ ကပ်တာနဲ့ လစ်ပြေးသည်။
ဘယ်လိုကောင်လည်း မသိ။ သည်လိုဖြင့် သူကတော့ လာလာစားနေသည်။ ရက်တွေကြာလာတော့ သူ့ကို ကြွေပန်းကန်လေးတစ်ခုဖြင့်
ထမင်းလေးနည်းနည်း ငါးဟင်းလေး အသားအရိုး ရောပြီး နယ်ဖတ် ကျွေးကြည့်သည်။
ကိုယ့်ကောင်က တောသားဗျ။ ထမင်းနဲ့ ရောနယ်ထားလို့ နမ်းရုံ နမ်းကြည့်ပြီး လုံးဝ
မစားဘူး လှည့်ထွက်သွားသည်။
မစားနေပေါ့။
ပစ်ထားလိုက်သည်။ တဖြည်းဖြည်းနဲ့ သူ့ ကြည့်ရတာ နည်းနည်းများ ဝဝလာသလားလို့ ထင်နေတာ။
ကိုယ်ကတော့ သိလိုက်ပြီ။ ညည ခြံထဲမှာ အာခေါင်ခြစ် အော်သံတွေ ကြားကတည်းက သိလိုက်ပြီ။
ဒီကောင့်ကို မသင်္ကာ ဖြစ်နေတာ။ ဒီကောင် အကောင်မဟုတ်ဘူး။ အမ ဗျ။ ကောင်မ။ သူ့မှာက
ဇီးနဲ့ဗျ။ ဝဝလာပါတယ် အောက်မေ့နေတာ။ ဘယ်ဟုတ်လို့တုန်း။ အရိုင်းမ ဗိုက်ကြီးနေပြီ။
သူ့အကောင်ကတော့ အိမ်ထဲ တစ်ခါမှ ဝင်မလာပါဘူး။ မလာနဲ့လို့များ ကောင်မက မှာထားလို့
များလားမသိ။ ဇနီးလုပ်သူက ဗိုက်မှန်း မသိဖူး။ ဗိုက်ကလည်း သိပ်မသိသာပါဘူး။
အပျိုဗိုက်မို့ ထင်ပါရဲ့။ ပူရုံလေးပါပဲ။ ပုံ့ပုံ့လေး။ သူ သည်လို လာလာနေပေမယ့်
ကိုယ်တို့ကို အကပ်ခံသေးတာ မဟုတ်ဘူးနော်။ တစ်ခုတော့ ရှိတယ်။ ကောင်မက ကိုယ်တို့အိမ်မှာ
ညစာလာလာ စားနေလို့ထင်ပါရဲ့။ ပြည့်ပြည့်ဖြိုးဖြိုး ရှိလာသည်။ စိုစိုဝင်းဝင်း
ရှိလာသည်။ ထည်ထည်လုံးလုံး ရှိလာ သည်။ အစကတော့ ညစာလေးတင်စားနေတာ နောက်ကျတော့
နေ့လယ်စာပါ သူ စားဖို့နေတော့သည်။ သူက
အပါး ငါးဆို ကြော်မှ။ ကြက်ဆို ကြော်မှ။ အပြုတ်အချက်ဆို နမ်းရုံ နမ်းပြီး
မစားဘူးဗျ။ ထွက်ချသွားတာပဲ။ အတော်မာနကြီးတဲ့ ဟာမ။ ဇနီးသည်က ငါးအသေးလေးတွေ မနက်
ဆိုင်ကယ်နဲ့ လာလာရောင်းတဲ့ ဈေးသည်ဆီမှ ဝယ်ထားလိုက်ပြီး ဆားနဲ့ထည့်ပြုတ် အဲသည်
ငါးသေးသေးလေးတွေ ပြုတ်ရည်နဲ့ ထမင်းနဲ့ အသေအချာ ရောမသမွှေ နယ်ဖတ်ကျွေးတော့ ကောင်မ
ငါးချည်းသပ်သပ် စားလို့မရတော့ဘူး။ ထမင်းပါ ရောစားရတော့တာ။ ငါး ပြုတ်ရည်လေးက ဆားနဲ့
ပြုတ်ထားလို့ ထင်ပါရဲ့ ကောင်မ ကြိုက်သလား မမေးနဲ့ စားလိုက်တာ ခေါင်းမဖော်ဘူး။
သူ့နား လူဖြတ်သွားတာတောင် သူ လှည့်မကြည့်အားဘူး။ အားရပါးရ တွယ်တာပဲ။ ဒါနဲ့
သူအကျင့် ရသွားသည်။ ငါးဆွတ်ကို စွဲသွားပြီ။
အဲ...ဒါပေမယ့် ကောင်မ
အရိုင်းမ အရိုင်းပန်းလေး ဆိုပါစို့ရဲ့။ သူ နှစ်ရက်သုံးရက်လောက် ပျောက်သွားသည်။
ဘယ်သွားနေပါလိမ့် ပူသည်။ ကောင်မ မလာတော့ အောင်မယ် ကြောင်မချစ်တတ်တဲ့ ကိုယ်ကတောင်
သူ့ကို မတွေ့လို့ စိတ်ထဲ တစ်ခုခု လိုနေသလိုလို။ လွမ်းသလိုလို။ စိုးရိမ်သလိုလို။ သည်အရပ်က
ကြောင်မပြောနဲ့၊ လမ်းပေါ်က ခွေးတောင် အလွတ်မပေးဘူး။လစ်ရင် လစ်သလို ဖမ်းတဲ့ပြီး
သတ်စားပစ်လိုက်ကြသည်။ အရက်နှင့် မြည်းလိုက်ကြသည်။ တချို့ကျတော့လည်း ဟိုဘက်ကမ်း
သွားရောင်းစားကြသည်။ ဟိုဘက်က ငနဲတွေက ခွေးသားဆို လွှတ်ကြိုက်ဆိုပဲ။ တစ်ခါက
အေးရင်ဆေးဆိုင်က နှစ်သစ်ကူး ညစာစားပွဲလုပ်တာ ဆိတ်သားဟော့ပေါ့ လုပ်သည်။ ကိုယ်က
စိတ်ထဲ မဝံ့မရဲ။ မစားဝံ့။ သူတို့က သိသည်။ ဆရာ ရဲရဲသာစား၊ ခွေးသားက ဆိတ်သားထက်
ဈေးကြီးတယ်၊ ရှားလည်း ရှားတယ်။ အသေအချာမှာမှ ဈေးကြီးပေးစားရတာဟု ပြောဖူးသဖြင့်
သည်အရိုင်းမလေးကို တွေးပူရသည်။ နမ့်မြဲ၊ နောင်မွန်၊ ရှမ်းကောက်ညှင်းဆန်အရက်နှင့်
အမြည်းများ ဖြစ်သွားလေပြီလား။ သူ့မှာ သခင်ရှိရမည်။ ဘယ်အိမ်မှာနေသည် မသိ။ သူ့လိုပဲ
လစ်ဆို မည်းမည်းလုံးလုံး အရိုင်းကောင် တစ်ကောင် ရောက်လာလိုက်၊ ပျောက်သွားလိုက်၊
အိမ်ရှေ့ဘက်မှာ တွေ့လိုက်။ အိမ်ထဲကို ခတ်တည်တည်ဖြင့် ဝင်လာ ငညစ်သုတ်တတ်သူဆိုလို့
ဒီ အရိုင်းမသာ ရှိသေးသည်။ ထို့ကြောင့် သူ့ကို လွမ်းနေသည်။ မကျွမ်းခင်က လွမ်းနှင့်
နေလေသည်။ သူ့ အကြောင်း စကားဝိုင်းထဲ ထည့်ပြောလာရသည်အထိ ဖြစ်လာပြီ။ သူ မလာလို့
သူ့ကို မျှော်နေရပြီ ။ ဇနီးသည် ကို ဘာလို့ ငါးအသေးလေးတွေ ဝယ်မကျွေးတော့တာလဲ၊
ငါးအသေးလေးတွေ မစားရလို့ မလာတော့တာ ထင်တယ်။ ငါးကြော်လေး ဘာလေး အပြောင်းအလဲ
လုပ်ကျွေးပါလားကွာ၊ မင်းကလည်းကွာ ကုသိုလ်ရပါတယ်။ တိရစ္ဆာန်ဆိုတာ လူက ကျွေးမှ
စားရရှာတာ သနားပါတယ်။ မင်းကြောင့် နေမှာပါ။ ဒီကောင်မက ရိုင်းသာ ရိုင်းရှာတာ ကြွက်ဖမ်းတော့ အတော်တော်တယ်။ တစ်အိမ်လုံး ကြွက်
တစ်ကောင်မှတောင် မရှိတော့ဘူး။ ကျွေးပျော်ပါတယ်ကွာ၊ ကျွေးစမ်းပါ ဘာညာနဲ့
အပြစ်တွေဘာတွေ တင် လင်မယားနှစ်ယောက်သား အချေအတင် စကားတွေ ဘာတွေ ပြောလာရ။ သူ့ကို
လွမ်းလာတဲ့အကြောင်းတွေ ပြောလာကြရတဲ့အထိဆိုတော့ စဉ်းစားသာ ကြည့်ပါတော့။ ညညဆို
တီဗီကြည့်နေရင်း သူများ ပေါ်လာလေမလားလို့ မျှော်ရတာ အမော။ သည်လိုနဲ့ လေးရက်
ကျော်လောက်ကျတော့ ဒီကောင်မ ပေါ်လာပါတယ်။ သူ့ခမျာ ကြည့်ရတာ သားလျောလာပုံရတာပဲ။
ပိန်ချိချိနဲ့။ နို့ကလည်း စူစူလေးပဲ။ ကလေးအမေနို့နဲ့တော့ မတူဘူး။ သူ့ကလေးတွေ
စို့ထားပုံလည်း မရဘူး။ သူ့ကြည့်ရတာလည်း ကလေးအမေ စတိုင်လ် မပေါက်ဖူး။
အေးအေးဆေးဆေးပဲ။ အပျိုမလို
သွားနေတာပဲ။ ကျတော့ ကျသွားရှာတယ်။ ဒါမှမဟုတ် သူ့ကလေးတွေ သူပြန်စားများ
ပစ်လိုက်ပြီလား။ ဒီကောင်မ စုန်းမများလား။ သည်ဘက်အရပ်က စုန်းမက အတော်ခေတ်စားတာကလား။
ထစ်ခနဲဆို အောက်လမ်းဆရာက ဆေးနဲ့လုပ်ထားတာ ပြုစားထားတာ လုပ်ထားတာ စုန်းမ
ဘာညာဆိုတာတွေက မရိုးနိုင်အောင်ကို ကြားဖူးထားတာကလား။ ဒီအရိုင်းမက
ကြောင်စုန်းဆိုတာများလား။
နည်းနည်းတော့ သူ
ပြောင်းလဲသွားသည်။ လူနားကို သူသိသိသာသာကို တိုးကပ်လာသည်။ ပထမတော့
ကိုယ်ခြေထောက်နားလာလာ ရပ်နေသည်။ ကိုယ့်ကို သူက စူးစူးရဲရဲ အကြည့်မျိုး မကြည့်
တော့ဘဲ မျက်ဝန်းကြည်လဲ့လဲ့ မှေးစင်းစင်း ငေးငူငူလေး စိုက်စိုက်လေး ကြည့်သည်။
တစ်ခါတစ်ခါ တွေတွေ ဝေဝေလေး ငေးသည်။ ကိုယ်က သူ့ကို အရေးမလုပ်သလိုနေတော့ သူက
ဖြည်းဖြည်းချင်း ကိုယ့်ခြေထောက်ကို လာတိုးသည်။ သူ့ခေါင်းလေးဖြင့် လာတိုးသည်။ အံမယ်
ကိုယ်အသည်းများတောင် ယားလာသည်။ ကိုယ်က တိရစ္ဆာန်ဆို တစ်ခါမှ အသားချင်းထိဖူးတာမှ
မဟုတ်တာ။ ရင်ထဲ အေးတောင် သွားသည်။
ခေါင်းလေးဖြင့် လာထိသည်။ နောက် သူ့ပါးလေးဖြင့် ခြေမကို ရွရွလေး
ပွတ်သီးပွတ်သပ် လုပ်သည်။ နားရွက်လေးဖြင့် လျောတိုက်သည်။ ဘယ်ပြန် ညာပြန်
လူးလာခတ်ပြန်ပွတ်သပ် မြူဆွယ်နေတော့သည်။ ဒီကောင်မ သားမွေးပြီးမှ
စိတ်ကောပြောင်းသွားလေ သလားထင်၏။ ကိုယ်က မလှုပ်ရဲ။ လှုပ်လိုက်လို့ သူ့
သွားချွန်ချွန် ထက်ထက်တွေ ခြေမကို ကိုက်ထည့်လိုက်မှဖြင့် အသည်းတွေ ယားလှသည်။
အစကတော့ သူ့ ကိုယ်လုံး သူ့အမွှေးတွေက ခြေထောက်ကို လာလာထိ ပွတ်နေတော့ စိတ်ထဲ
မသတီသလို ယားချင်သလိုလို။ နောက်တော့လည်း သူ့ကို အသားကျသွားသည်။ သူ ကိုယ့်ခြေထောက်ကိုလာလာ
ပွတ်သီးပွတ်သပ် လုပ်နေတာကိုပဲ သာယာလာသည်။ သူ ကိုယ့်ကို ပူးပူးကပ်ကပ် လုပ်နေတာကို
သူများတွေမြင်တော့ ကိုယ့်ကို တိရစ္ဆာန်ချစ်တတ်သူလို့ ထင်သွားမှာကို ကျေနပ်နေမိသည်။
ဟိုအရင်က သက်သတ်လွတ်စားသော ဂျာမန်အာဏာရှင် ဟစ်တလာသည် ကလေး တွေကိုချစ်သည်။ ကလေးတွေတွေ့ရင်
ကောက်ယူ ပွေ့ချီ နမ်းရှုတ်သည်။ ကြောင်ချစ်သည်ဆိုတာ ဖတ်ဖူးတော့ သက်သတ်လွတ်စား
စကားများများ လေလုံးထွားနေသူတွေ့လျှင် အသားလွတ်မုန်း ချင်သည်။ ကြည့်မရ ဖြစ်သည်။
အခုကိုယ့်ကို ဒီအရိုင်းပန်းလေးက ကျီစယ်ကလူ ပြုနေတာ၊ သူနုသမျှ ကိုယ်က
အသာငြိမ်ခံနေရသည်။ သဘောကျနေသည်။ ဒါကြောင့်နေမှာ အပျိုကြီးတွေ အထီးကျန် မဖြစ်အောင်
ကြောင်လေးတွေမွေး ချစ်နေကြတာကိုး။ အခုမှ နားလည် ကိုယ်ချင်းစာတတ်လာလေ သည်။
သို့သော် သည်လိုဆို
ရင်ဖြင့်ဒီအရိုင်းမက ရှုတိုင်းလှတဲ့ ရှုယဉ်ကြည်လေး ဖြစ်သွားပြီ အလိမ္မာလေးဖြစ်
သွားပြီဟု မထင်လိုက်ပါနှင့်။ ဆန္ဒစောလွန်းရာ ကျပါလိမ့်မည် ကိုယ့်လူ။ သည်အရပ်သည် တောဖြစ်သည်။
ဟိုးအရင်ကဆို ကွန်မြူနစ်တွေ ကြီးစိုးရာဖြစ်သည်။ ဟိုးဘက်ကမ်းက လူတွေက
ယဉ်ကျေးမှုတော်လှန်ရေးမှာ အတော်လေး ခံစားခဲ့ဖူးသူတွေလည်း ဖြစ်သည်။ သူတို့
စရိုက်တွေက အရိုင်းနွယ်သည်။ လူတွေ စရိုက်က ကြမ်းမှ ရိုင်းမှတော့ တောနေ တောင်သား
တိရစ္ဆာန် တွေက သည်လို လူတွေနှင့် အတူနေနေရတာ သူတို့ ဘယ်မရိုင်းဘဲ ရှိပါလိမ့်မလဲ။
ဒါကြောင့် သူတို့ စရိုက်တွေကို ကြောင်မက လိုက်အတုခိုးနေပုံရှိသည်။ ဒါမှမဟုတ်
သူ့ကို လူတွေက တစ်ခါက ရိုက်ပုတ်ဖူးလို့လည်း ဖြစ်နိုင်သေးသည်။ ကိုယ်ကျွေးတာစား၊
ကိုယ့် အိမ်မှာညဝက်လာနေ ကိုယ့်ခြေထောက်ကို ပွတ်သီးပွတ်သပ်လုပ်ဆိုတော့ ကိုယ်ကလည်း သူ့ကို အသာကောက်ပွေ့တော့တာ ပေါ့။
ဘယ်ရလိမ့်မလဲ လက်လာလိုက်တာနဲ့ တချိုးတည်း လစ်တော့တာပဲ။ ခပ်လှမ်းလှမ်းကနေ
ရပ်ပြန်ကြည့်။ မားမားခေါ်လည်း မလာ။ အနားကပ်သွားတော့လည်း ထထွက်ပြေး။ ဘယ်လို
နားလည်ရပါ့မလဲ အရိုင်းမရယ်။ လူဆိုတာ လက်နဲ့ကောက်ကိုင်ပြီး ဟင်းအိုးထဲထည့်ပစ်
တတ်တယ်လို့များ ကြားဖူးထားလေသလား။
သည်လိုနဲ့ သူ့ကို ညနေ
ဈေးသွား၊ တစ်ပုံ တစ်ရာပေးရတဲ့ ငါးအသေးလေးတွေ နှစ်ပုံဝယ်၊ ဆားနဲ့ပြုတ်ပြီး
ထမင်းနဲ့နယ်ဖတ်ကျွေး လုပ်နေပေမယ့် သူကတော့ဖြင့် ကိုယ့်ကို မယုံသေးပါ။ သို့သော်
ညညတော့ဖြင့် သူ့ အိမ်မပြန်တော့ဘဲ သည်အိမ်မှာပဲ ညအိပ်တော့သည်။ အလည်မ။ ဂျင်မ။
ဂျင်ပေါ် ကထုံးမကဖူး ခေါင်းတုံး။ ခေါင်းတုံးမ။ သူ့ကို ပစားပေးမှန်းလည်း သိရော၊ သူက
လာတာက ညညအိပ်လို့ရှိရင် ကိုယ်တို့ ညည တရားထိုင်တဲ့ ကတ္တီပါဖုန်လေးပေါ်
အကျကွေးကွေးလေး ဇိမ်နဲ့ အိပ်သဗျ။
ကိုယ်က တရားထိုင်ဖို့
သည်ဖုန်လေး ယူထိုင်လိုက်လို့ရှိရင် ဖင်တွေယားလာတော့တာပဲ။ ဒါကြောင့် သူ့ကို
အပိုင်စားပေးလိုက်ရတော့တာပါပဲ။ နောက်တော့ တဆင့်တက်တာသည်။ ပက်လက်ကုလားထိုင်ပေါ်
တက်အိပ်သည်။ အိပ်ပါစေလေ နေသည်။ ကိုယ့်ကောင်မက နောက်တော့ ကဲလာတာ ကိုယ်တို့ အိပ်တဲ့
ကုတင်ပေါ် တက်အိပ်သည်။ အိပ်ပုံက ကိုယ်တို့ နေ့ခင်း အောက်ထပ်နေရင်
အခန်းတံခါးဖွင့်ထားခဲ့လို့ရှိရင် သူက အခန်းထဲ ဝင်နေသည်။ ကုတင်ပေါ် တက်အိပ်သည်။ ည
ကုတင်ပေါ် အိပ်ရာခင်းထားပြီး တီဗီကြည့်နေစဉ် ကောင်မက အခန့်သား အိပ်ရာပေါ်
ရောက်နေနှင့်သည်။ စောင်ပုံပေါ် ကွေးနေရတာ ဇိမ်ကျပုံရသည်။ သည်လိုတော့ဖြင့် မရ။ သူက
သူ့ကျ အကိုင်တောင်၊ အထိတောင် မခံတာ၊ ကိုယ့်အိပ်ရာပေါ်ကျ အခန့်သား
တက်အိပ်နေလိုက်တာ၊ ဘယ်ရမလဲ ရှုးရှုးလုပ် မောင်းချရတော့တာပေါ့။ ဒီလိုဆိုတော့လည်း
ကြောက်သလားမမေးနဲ့ သုတ်ခနဲ လစ်ပြေးတာပါပဲ။ တစ်ခါပဲ သူ နောက်ဘယ်တော့မှ အိပ်ရာပေါ်
ကတ္တီပါဖုန်လေးပေါ် ပက်လက်ကုလားထိုင်ပေါ် တက်မအိပ်တော့ချေ။ စိတ်တော့ မကောင်းပါဘူး။
သူ့အမွေးတွေ ကြောင်သန်းတွေ အိပ်ရာပေါ် ကျန်နေခဲ့ရင် ကိုယ်က အလားဂျီ မတည့်တဲ့ရောဂါ
ရှိနေတော့ အသက်ရှူကြပ်မှာလည်း ကြောက်တော့ လုပ်ရတာပဲ။ ဒါပေမယ့် သူက ညညကျတော့
ကွန်ပျူတာစားပွဲပေါ် တက်အိပ်နေလို့ တရေးနိုးထ စာရေးတဲ့အခါ တွေ့လို့
မောင်းချရပြန်ရော။ သူက အိပ်ရာ၊ ပက်လက်ကုလား ထိုင်မဟုတ်တဲ့ စားပွဲပေါ်တော့
အိပ်လို့ရမယ် ထင်ပုံရသည်။ ဒါပေမယ့် သူက အမှတ်သညာတော့ အတော်ကောင်းသည်။
တစ်ခါပြောထားရင် နောက်ဘယ်တော့မှ မလုပ်။ သည်လိုနဲ့ သူ့ အိပ်ရာသည် အောက်ထပ်က
ဆေးခန်းကုတင်ပေါ်က မွေ့ရာပေါ်မှာ ဖြစ်တော့သည်။ ကိုယ် မနက် နှစ်နာရီလောက်
အောက်ထပ်ဆင်းလျှင် သူက တံခါးနား အသင့်စောင့်နေသည်။ ညောင်ဆို အသံပြု သည်။
ကိုယ်တံခါးဖွင့်ပေးလိုက်လျှင် ဖင်တစ်လုံး တစ်လုံး တုန်တုန်တုန်တုန်ဖြင့်
လှုပ်လှုပ်လှုပ်လှုပ်ဖြင့် အေးအေးဆေးဆေး တစ်လှမ်းချင်း ထွက်သွားသည်။ သူ
ဘယ်သွားသည်မသိ။ လျှောက်လည်သလား၊ သူ့လင်ဆီ သွားလေသလား၊ အရင် အိမ်ပြန်လေသလား၊
လမ်းပေါ် လျှောက်နေသလား၊ ညမင်းသမီး လုပ်နေသလား၊ ဒါမှမဟုတ် ညလယ်စာအတွက် ညဘက်ထွက်တဲ့
ငညစ်တွေ လိုက်စောင့်ဖမ်း နေလေသလား၊ ကိုယ်က နောက်က လိုက်မကြည့်နိုင်တော့ မသိပြီ။
သို့သော်လည်းမူ မနက်
ရှစ်နာရီ ဆေးခန်းဖွင့်လိုက်လျှင်တော့ သူက ဆေးခန်းကုတင်ပေါ်ကနေ
ဆွေ့ခနဲခုန်ဆင်းလာပြီး တညောင်ညောင် အသံပေးလို့ အစာတောင်းလေတော့သည်။ ဘယ်အချိန်က
ဘယ်လို အိမ်ထဲ ပြန်ဝင်လာသည်မသိ။ သူ့ခမျာ နေ့ခင်းဘက်ကျတော့ ပူလို့ထင်ပါရဲ့။ ခြံထဲက
ကားဘောနက်ပေါ်၊ ကားအမိုးပေါ် တက်တက်အိပ်နေလေသည်။ တစ်ခါတလေ ကျတော့လည်း ခြံထဲက
အရိပ်ရသော ဗူးပင်ရိပ်မှာ ခြေကားရား လက်ကားရား ပိုးစိုးပက်စက် အိပ်မောကျချင်
ကျနေတတ်လေသည်။ တစ်ခါကျတော့ အပါ်ထပ်မှာ ကြောင်ချေးစော်တွေ နံနေလို့ နှစ်ယောက်သား
ကြောင်ချေး ရှာပုံတော် ထွက်ကြရသည်။ အနံ့သာရပြီး ချေးမတွေ့။ သည်လို နှစ်ယောက်သား
ပြောဆို ချေးရှာနေကြတာတွေကို သူငေးကြည့် နောက်က တညောင်ညောင်လုပ် လိုက်ကြည့်နေသည်။
သူများ စကားနားလည်လို့လား မသိ။ နောက်ဆို သူ့ကို ထမင်းကျွေးပြီးပြီဆိုလျှင်
တစ်ခါတည်း လှုပ်လှုပ်လှုပ် လှုပ်ဖြင့် ခြံထဲထွက်သွားသည်။
ခြံအပြင်ဘက်
မြေကြီးပေါ် ချေးပါ သေးပေါက် သွားသွား လုပ်နေသလား ထင်သည်။ ခဏနေမှ ပြန်ပြန်လာသည်။
သည့်နောက်တော့ အိမ်မှာ ချေးနံ့ သေးနံ့ မရတော့ပါ။ ဆန်းတော့ ဆန်းသည်။ သူက တဖြည်းဖြည်း ယဉ်ပါးလာသည်။
ကိုယ်တို့နှစ်ယောက် အိမ်ရှေ့မှာ ခုံတစ်ခုစီမှာ ထိုင်နေလျှင် သူက တစ်ယောက်စီ၏
ခြေမကို ပါးလေး လည်လေးဖြင့် ပွတ်သည်။ နှစ်ယောက်လုံးကို ပွတ်သပ်ပြီးမှ သူက
ကိုယ့်ခြေထောက်အောက်က ဖိနပ်ပေါ် မေးတင် မှေးအိပ်သည်။ အိမ်နောက်ဘက် ရွေ့သွားလျှင်
သူလည်း နောက်ဘက်လိုက်ရွေ့လာသည်။ သူ့ကို လက်ဖြင့် အသာထိုင်လျက်က သပ်ပေးလျှင်
ငြိမ်ခံနေသော်လည်း ကောက်ပွေ့ချီလိုက်လျှင်တော့ ဇွတ်ရုန်းကန် ထွက်ပြေးနေသေးသည်။ သူက
ကိုယ်တို့ အိမ်သားဖြစ်နေပြီ။ သူဆာလျှင် တညောင်ညောင်အော်၍ အစာတောင်းသည်။
စားသောက်ပြီးလျှင် အိပဲ့ အိပဲ့ဖြင့် ထွက်သွားမည်။ လျှောက်လည်သည်။ ပြီး ခဏလေးနေတော့
ပြန်ရောက်လာပြန်ပြီ။ တညောင်ညောင်အော်မြည် အစာတောင်းပြန်သည်။ ကားပေါ် တက်အိပ်မည်။
သည်အရိုင်းမသည် ကိုယ်တို့၏ မိသားစုဝင်ဖြစ်နေပြီ။ သူ့ကိုယ်သူလည်း သိပုံရသည်။
သို့ရာတွင် သူသည် သူ့အိမ်ဟောင်းကိုတော့ သံယောဇဉ် ပြတ်သေးဟန်မပေါ်၊ တစ်နေ့ အနည်းလေး
နှစ်ခေါက်တော့ ပြန်နေတတ်သည်။ ဟိုအိမ် သည်အိမ် ကူးချီ သန်းချီ လုပ်နေသည်။
သခင်ဟောင်းကို မေ့လို့ ရသေးဟန်မရှိ။ သခင်သစ်ကိုလည်း လုံးဝ ဥသုံ ယုံကြည်သေးပုံမရ။
သူ့မှာ လွန်ဆွဲနေပုံရသည်။
ဟိုး အရင်ကလို
စူးစူးရဲရဲအကြည့်၊ ရန်လိုသော အကြည့်မျိုး ကားမရှိတော့သော်လည်း သူဟာသူ စားပြီးတာနဲ့
ကိုယ့်ကို ခတ်တည်တည်လုပ်၊ မသိသလိုခေါ်လည်း မကြားဟန်ပြ၊ ထွက်သွားပုံတို့က သည်အရပ်က
အမျိုးသမီးတွေကိုများ အတုခိုးနေသလား မှတ်ရလေသည်။ လိုချင်တာရှိရင် ပြုံးချို
သကာလောင်းမျက်နှာဖြင့် ပြောဆိုတတ်ကြသော်လည်း မလိုတော့ဘူးဆိုရင် လမ်းမှာ တွေ့သော
သစ်တစ်ပင်လို စိမ်းစိမ်းနေတတ်သည့်စရိုက် ဖြစ်သည်။
ထို့ကြောင့်
သည်အရိုင်းပန်းလေးက စားလို့ဝလေလျှင် ခပ်စိမ်းစိမ်းလည်း နေတတ်လေသေးသည်။ သို့သော်
ကိုယ်က လူမဟုတ်လား။ ဘယ့်နှယ့်လုပ် သွားရန် ဖြစ်နေလို့ ဖြစ်မလဲ။ ကိုယ်က အားကြီးသူ၊
ကိုယ်ရိုက်လည်း သူတို့မှာ ခံရရှာမှာ။ ဒီလိုနဲ့ပဲ ဒီအရိုင်းစပယ်လေးကို
ချစ်နေကြရလေသည်။
သည်လိုနှင့်ပင်
အရိုင်းပန်းလေးသည် အပျိုမလေးလို ဖွံ့ဖွံ့ဖြိုးဖြိုး နုနုစိုစို ဖြစ်လာသည်။
တစ်သားမွေး တစ်သွေးလှလာသည်။ သည်အိမ်ရောက်စကလို ညစ်စုတ်စုတ်၊ မွဲတေတေ၊
မည်းမည်းသဲသဲ၊ ဝရမ်းပြေးမလို မဟုတ်တော့။ ပြာလို မွဲညစ်ညစ် အမွေးတွေက ဖြူလွလွ
သန့်စင်ဖွေးဖွေး လာသည်။ မျက်ဝန်းအစုံက စိမ်းညှို့လဲ့ရည် တောက်ပလာသည်။
နှုတ်ခမ်းမွေးတိုစ စသည် ရှည်သွယ်ခန့်လှလာသည်။ ဖင်တစ်လုံးတစ်လုံးကတော့ မယ်အလား
နဂိုရေ စိုပြေ အိထွားနေလေသည်။ သည်လိုလှလာတော့ ကျွေးရတဲ့ဇနီးလုပ်သူက ဒီကောင်မ
နေ့ခင်းဘက် ဘယ်များသွားနေတာပါလိမ့်ဆိုပြီး သိချင်တာနဲ့ သူ နေ့လယ်စာ စားပြီးတာနဲ့
တလှုပ်လှုပ်ထွက်သွား သောအခါ ခြံတံခါးနောက်ဘက် လိုက်ကြည့်သည်။ သူကတော့ မသိ။
ကိုယ်တို့ အိမ်နောက်ဘက်လမ်းက မျက်စောင်းထိုး အိမ်မည်းကြီးဆီ သူ အိလှုပ် အိလှုပ်
သွားနေလေသည်။ ထိုစဉ် အိမ်မည်းကြီးရှေ့မှာ ကစားနေကြသော သုံးလေးနှစ်အရွယ် ကောင်လေး
သုံးယောက်က သူ့ကိုလည်း မြင်ရော သုံးယောက်သား ညာသံပေးပြီး ပြေးပြေးကန်ကြလေရာ သူက
ခြေထောက်တွေကို တိမ်းရှောင်ရင်းက လမ်းဘေး သစ်ပင်ရိပ်မှာ သွားဝပ်နေသည်။ ဝေးဝေးကို
မပြေး။ အိမ်မည်းကြီးဆီ ရီရီဝေဝေ ငေးတွေကြည့်နေရှာသည်။ အိမ်ထဲလည်း မဝင်ရဲ။
ဟိုကောင်လေးတွေက သူ့ကို နောက်တစ်ခါ ထပ်ကန်ဖို့ စောင့်နေကြသည်။ သူက အိမ်မည်ကြီးကို
သံယောဇဉ်ကြီးပုံရှိသည်။ အိမ်မည်း သခင်ကို သူ သွားသွားတွေ့ နေပုံရသည်။ သို့သော်
ထိုအိမ်မည်းကြီးကလူတွေနှင့် သိပ်အဆင်ပြေပုံမရ။ အိမ်က ကလေးဆိုးလေးတွေ၏ အနှိပ်အစက်
အထုအထောင်း အကန်များစွာကို သူရင်စီး ခံခဲ့ရပုံရှိသည်။ သို့သော်
အိမ်မည်းသခင်ကိုတော့ သူ စိတ်နာပုံမပေါ်။ သူ့မွေးရပ် ချက်မြှုပ်ရာ အရပ်ဖြစ်သည်ထင့်။
သည် သခင်ဟောင်းကိုလည်း အပြီးတိုင် စွန့်ခွာထားခဲ့ရန် သူဆုံးဖြတ်ရခက် နေဟန်ရှိသည်။
သခင်သစ် အိမ်မှာ သူ ကောင်းကောင်းစား ကောင်းကောင်းအိပ် နေရသော်လည်း သခင်ဟောင်းကို
တမ်းတလွမ်း ဆွတ်နေသည်။ သခင်သစ်ကလည်း လူမျိုးခြား မြေပြန့်သားဆိုတော့ သူ အယုံအကြည်
နည်းနေသလား။ သူ့ကို အချိန်မရွေး ဂရင်းရိုင်ရယ်ဝီစကီလေးဖြင့် မြည်းလိုက်လေမလား။
သို့သော် သူ့မှာ နှစ်အိမ်လုံးက လူတို့၏ မျက်ရိပ်မျက်ကဲကို အကဲခတ်ကာ
အလိုက်သင့်နေနေပုံရသည်ဟု ဇနီးသည် ပြောပြလေသည်။
သြော်...ဒါကြောင့်
သူ့ခမျာ နေ့ခင်းဘက် လစ်ဆို ပျောက်ပျောက် သွားရခြင်းဖြစ်မည်။ မနက်နှစ်နာရီလောက်ဆို
လစ်ခနဲ သူတစ်ခေါက်ပျောက်သွားပြန်ပြီး မနက်မိုးလင်းတော့ ကိုယ်တို့ အိမ်မှာ
တွေ့နေရပြန်လေသည်။ တိရစ္ဆာန်ဖြစ်သော သည်အရိုင်းမလေးကတောင်မှ လူတွေ၏ မျက်နှာကို
ဖတ်တတ် သူ့ဘဝရပ်တည်နေနိုင်ရေးအတွက် အလိုက်သင့်အရိပ်အခြေကြည့် ချော့တန်ချော့ မြူတန်မြူ လူချစ်အောင် နေနေနိုင်သေးတာကို
သွားတွေးမိတော့ ကိုယ်က လူတစ်ယောက်လုံး ဖြစ်နေပါလျက်က ဘာလို့များ လူတွေထဲမှာ
လူအချင်းချင်းထဲမှာ အဆင်ပြေအောင်နေထိုင်ပြုမူ မနေနိုင်ရပါလိမ့်။
အရိုင်းမလေး
အရိုင်းပန်းလေးထံမှ ကိုယ်သင်ယူ အတုယူရာတွေ အများကြီးရှိနေပါသေးလား။ သူ ဒီည
တီဗီကြည့်ချိန်ကျရင် ကိုယ့်ခြေရင်းမှာ လူးလာ ပွတ်သပ်ပြီး ပုံ့ပုံ့ကြီး
အိပ်နေတဲ့အခါ မေးကြည့်လိုက်ချင်ပါသေးသည်။
▀
ပြေ၊ဆေး၂၊
(အမှတ် ၂၀၄၊ နိုဝင်ဘာလ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)
ဗေဒင်သွားမေးရင်းက ဗေဒင်ဆရာနဲ့ မုန်းမုန်း ပဋိပက္ခ ဖြစ်ခဲ့ကြတယ်ဆိုရင် ယုံကြပါ့မလား မသိဘူးရှင်။ အဲဒီအကြောင်းကိုလေ မုန်းမုန်းက ပြောပြချင်နေတယ်။ တဆိတ်နားထောင် ပေးကြပါဦးနော်။
ကျောင်းကတော့ ပထမတော့ မိဘကို ခေါ်တာ သတိပေးတာ လုပ်ပေမယ့် နောက်ပိုင်း မလုပ်တော့ပါဘူး ဘယ်လိုမှ သင်လို့မရတဲ့ ကျောင်းသား တစ်ယောက်လို့သာ သဘော ထားကြတယ် ထင်ပါရဲ့
လူမမာ ယောကျ်ားကြီး တစ်ယောက်က ကျွန်တော်၏ ညာဘက် ၅ ပေခန့် အကွာ အမှောင်ရိပ်ထဲကနေ ကျွန်တော့်ကို သွေ့ခြောက်အက်ကွဲသံဖြင့် လှမ်းပြောသံမျိုးနှင့် တူလှသည်