လူထုဒေါ်အမာ
ဂျပန်ပြည်သို့
ဦးလှ ၁၉၆၁ ခုနှစ်က ဂျပန်ပြည်
တစ်ခေါက်သွားရတယ်။ ဂျပန်အစိုးရက ဖိတ်တဲ့ ဧည့်သည်အဖြစ်နဲ့ပေါ့။
အဲဒီမတိုင်ခင်က မြန်မာနိုင်ငံအစိုးရက
ဂျပန်ပြည်က သတင်းစာဆရာ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဖိတ်ကြားပြီး မြန်မာနိုင်ငံမှာ
လည်ပတ်ကြည့်ရှုပါလို့ ဖိတ်ခေါ်ခဲ့တယ်။ ဂျပန်ကိုယ်စားလှယ်အဖွဲ့
ပြန်သွားပြီးတဲ့နောက် ဂျပန်အစိုးရကလည်း တုံ့ပြန်သောအားဖြင့်
မြန်မာနိုင်ငံက
သတင်းစာအဖွဲ့တစ်ဖွဲ့ ဂျပန်ပြည်ကို လည်ပတ်ကြည့်ရှုပါလို့ ဂျပန်နိုင်ငံခြားရေးဌာနက
ဖိတ်ပါတယ်။ ဒီဖိတ်ကြားချက်ကို မြန်မာအစိုးရက လက်ခံပြီး ၁၉၆၁ ခုနှစ် သြဂုတ်လထဲမှာ
ပြန်ကြားရေးဌာနက အရာရှိတစ်ဦး ဦးဆောင်ပြီး မြန်မာသတင်းစာဆရာ ၆ ဦး သွားရောက်ဖို့
စီစဉ်တာပါ။
ဒီအဖွဲ့မှာ ခေါင်းဆောင်က
ပြန်ကြားရေးဌာန ဒုတိယအတွင်းဝန် ဦးတင်ထွေးပါ။ သတင်းစာဆရာတွေကတော့ ၁။ အထောက်တော်က
အယ်ဒီတာချုပ် ဦးအုန်းမြင့်၊
၂။ ယုဝတီသတင်းစာက
လက်ထောက်အယ်ဒီတာ ဦးအုန်းခင် (၂)၊ ၃။ ရန်ကုန်သတင်းစာက သတင်းအယ်ဒီတာ ဦးမျိုးသန့်၊ ၄။
ဘားမင်းက လက်ထောက်အယ်ဒီတာ ဦးအေး၊
၅။ နေးရှင်းက
လက်ထောက်အယ်ဒီတာ နိုဝယ်လားဇရိုး၊ ၆။ လူထုက တာဝန်ခံအယ်ဒီတာ ဦးလှတို့ ဖြစ်ကြပါတယ်။
ဒီအဖွဲ့ဟာ ရန်ကုန်က သြဂုတ်လ ၂ဝ ရက်နေ့
မနက် ၁ဝ နာရီ ၂ဝ မိနစ်မှာ ဘီအိုအေစီကောမက်ဂျက်နဲ့ ဟောင်ကောင်ကို ခရီးတစ်ထောက်
စတင်ပျံသန်းကြမှာ ဖြစ်ပါတယ်။ ရန်ကုန်က ၂ဝ
ရက်နေ့မှာသာ ထွက်ရတာ၊ ဦးလှကတော့ မန္တလေးအိမ်က ၁၂ ရက်နေ့ ကတည်းက မီးရထားနဲ့
ရန်ကုန်ကို သွားနှင့်ရပြီ။ ရန်ကုန်မှာ ဝန်ကြီးနဲ့တွေ့ရသေးတဲ့အပြင်
ခရီးသွားလာရေးအတွက် လုပ်စရာ ပြင်စရာရှိတာတွေကို လုပ်ရပြင်ရသေးတာကိုး။
ဦးလှ နိုင်ငံခြားကို
ခရီးသွားမယ်ဆိုတော့ ဒီဆူဇာ ဦးခင်ဇော်က ဦးလှကို ဂုဏ်ပြုနှုတ်ဆတ်တဲ့ ဧည့်ခံပွဲတစ်ခု
သူ့ခြံဝင်းထဲမှာ ကျင်းပပေးပါသေးတယ်။ သူ့ဧည့်ခံပွဲကို သတင်းစာလောကက အယ်ဒီတာတွေ၊
သတင်းထောက်တွေနဲ့ ခင်ရာမင်ရာ စာရေးဆရာတွေကိုလည်း ဖိတ်ထားပါတယ်။ ဦးခင်ဇော်ဆိုတာက
ဒီဆူဇာဆေးတိုက်ကြီးရဲ့ မန်နေဂျာဖြစ်လေတော့ ဒီလို ဂုဏ်ပြုဧည့်ခံပွဲမျိုးကို သူက
ဘာမှ ဝန်မလေးဘဲ လုပ်နိုင်တယ်လေ။ ပြီးတော့ သူကိုယ်တိုင်လည်း တစ်ချိန်တစ်ခါတုန်းက
ရုပ်ရှင်ဇာတ်လိုက်မင်းသား ကိုအောင်ခင်၊ ဒီနောက် မန္တလေးက ခေါင်းဆောင်သတင်းစာ
အယ်ဒီတာချုပ် ဦးခင်ဇော်ကိုး။ ဦးခင်ဇော်က ဦးလှကိုလည်း ထူးထူးလည်လည်
ခင်မင်မှုရှိတယ်။ အဲဒါကြောင့် ဦးလှ နိုင်ငံခြားသွားရတယ်ဆိုရင် သူက သူ့ဝင်းခြံထဲမှာ
ဦးလှအတွက် အထူးဧည့်ခံပွဲ အမြဲလုပ်ပါတယ်။ ဦးလှ ထောင်ကလွတ်တော့လည်း
ဧည့်ခံပေးလိုက်သေးတယ်။
ဦးလှတို့အဖွဲ့က သြဂုတ်လ ၂ဝ ရက်နေ့မှာ
ဟောင်ကောင်ကို ထွက်ခဲ့ကြပါတယ်။ ဂျက်လေယာဉ်နဲ့ဆိုတော့ ရန်ကုန် ဟောင်ကောင်ခရီးဟာ
လွန်ခဲ့တဲ့ အနှစ် ၂ဝ ကျော်တုန်းက တောင်မှပဲ ၃ နာရီခွဲပဲ ပျံသန်းရပါတယ်။ လွန်ခဲ့တဲ့
အနှစ် ၃ဝ ကျော် ဂျက်မပေါ်ခင်တုန်းကဆိုရင်တော့ ရန်ကုန်က ဘန်ကောက်ကို ၂ နာရီလောက်၊
ဘန်ကောက်က ဟောင်ကောင်ကို ၅ နာရီလောက် စုစုပေါင်း ၇ နာရီလောက် လေယာဉ်စီးမှ
ရောက်ပါတယ်။
ဂျပန်မှာ လိုမယ်ထင်တဲ့ ပစ္စည်းဝယ်ဖို့
ဟောင်ကောင်မှာ ကိုယ်စားလှယ်အဖွဲ့က တစ်ညအိပ်ရပ်နားပြီး နောက်တစ်နေ့ တိုကျိုကို
ဆက်ပြီး ပျံသန်းကြပါတယ်။ အဲဒီအခေါက်က ဦးလှတို့အဖွဲ့ဟာ ကံကြီးလွန်းလို့သာ
ဘာမှမဖြစ်တာကလား။ ဟောင်ကောင်က တိုကျိုကို အသွား၊ ပစိဖိတ်သမုဒ္ဒရာကြီးပေါ်မှာ
နာရီဝက်ပျံသန်းပြီးခါမှ လေယာဉ်ပျံကြီး တစ်နေရာက (ဘာကြောင့်မှန်းမသိ) မီးခိုးတွေ
ထွက်လာလို့ မျက်စိ မျက်နှာပျက်ပျက်နဲ့ လေယာဉ်ကြီး ဟောင်ကောင်ကို ပြန်လှည့်မောင်း
ပြန်ခဲ့ရသတဲ့။ အောက်မှာကလည်း သူတို့လေယာဉ်က ဒုက္ခတွေ့ရင် အသင့်ကူညီဖို့ လူတွေ၊
ကားတွေက စောင့်လို့တဲ့။ နို့ပေမယ့် ဘာမှမဖြစ်ကြဘဲ ကွင်းကို ပြန်ဆင်းနိုင်ကြ၊
ဒီလေယာဉ်ကိုပဲ နာရီအတော်ကြာ ပြင်ပြီးတော့ သန်းခေါင်ကျော်မှာ ပြန်စီးကြရတယ်။
တိုကျိုကို ၂၂ ရက်နေ့ မနက် ဝေလီဝေလင်း ရောက်သွားပါသတဲ့။
ဦးလှက ဒီအခေါက် ဂျပန်ပြည်သွားရတာ
အဖွဲ့ဝင်တွေ အဆင်ပြေလို့ စိတ်ချမ်းသာတယ်တဲ့။ နိုင်ငံခြားကို အဖွဲ့နဲ့ခရီး
ထွက်ရတဲ့အခါ အဖွဲ့ဝင်တွေထဲက တစ်ယောက်ယောက်က အနှောင့်အယှက်တွေ လုပ်နေရင်
အလွန်စိတ်မချမ်းသာရတာပါ။ တစ်ယောက်မကဘူး၊ တစ်ယောက်တစ်မျိုးပဲ အဆင်မပြေဘူးဆိုရင်တော့
မပြောပါနဲ့တော့။ သွားလို့သာ သွားရတယ်၊ အမျိုးမျိုး စိတ်ညစ်ရတတ်ပါတယ်။
ခု ဂျပန်ပြည်သွားရတဲ့အခေါက်မှာ ခေါင်းဆောင်
ဦးတင်ထွေးကလည်း သဘောကောင်းတယ်၊ ရိုးတယ်၊ အေးတယ်။ အဖွဲ့အတွင်းရေးမှူးခန့်လိုက်တဲ့
နေရှင်းက မစ္စတာ နိုဝယ်လားဇရိုးကလည်း အဖွဲ့အတွက် ရေးစရာ မှတ်စရာ၊ လုပ်စရာ
ကိုင်စရာများကို လေယာဉ်ပေါ်က စပြီး အလုပ်လုပ်သူ ဖြစ်သတဲ့။ ပြီးတော့ လူ ၇
ယောက်အဖွဲ့မှာ အဖွဲ့ဝင် ၃ ဦးက ဆေးလိပ်တောင် မသောက်ဘူး။ အရက်သောက်တဲ့ လူက
နှစ်ယောက်ပဲပါတယ်။ ဒီနှစ်ယောက်ကလည်း သောက်တတ်တယ်။ သောက် တယ်တာဆိုရတယ်၊
အရက်သောက်ပေမယ့် မအန်တတ်ဘူး။ မူးလာတော့ ဟောင်ဖွာ ဟောင်ဖွာ မပြောတတ်ဘူး။ သူများကို
ရန်မစ ရန်မလုပ်ဘူး။ ဣန္ဒြေရရ ကောင်းကောင်းမွန်မွန် သောက်တတ်သူတွေမို့ ဦးလှက
စိတ်ချမ်းသာသတဲ့။
ဦးလှတို့တစ်ဖွဲ့လုံး ဂျပန် ပြည်မှာ ၁၄
ရက်ကြာ နေထိုင်ကြပြီး ဂျပန်အစိုးရက သတင်း စာသမားတွေမို့ စက်မှုလက်မှု
လုပ်ငန်းကြီးတွေကိုလည်း လိုက်ပြပါတယ်။ သတင်းစာ တိုက်ကြီးတွေကိုလည်း
ကြည့်ခွင့်ပေးပါတယ်။ ဂျပန်အမျိုးသား ရုပ်ရှင်လုပ်ငန်းကြီးကိုလည်း လေ့လာခွင့်ပေးတယ်။
ရုပ်မြင်သံကြားဌာနတွေကိုလည်း ပို့ပေးတယ်။ အမျိုးသားယဉ်ကျေးမှုဆိုင်ရာ
ဌာနတွေကိုလည်း တော်တော်စုံစေ့အောင် ပြသပါတယ်။ သတင်းစာ ဆရာတွေရဲ့ အထူးမေတ္တာရပ်ခံ
တောင်းဆိုချက်ကြောင့် အနုမြူဗုံးချခံရတဲ့ ဟီရိုရှီးမားကိုလည်း လိုက်ပြပါတယ်။
တိုကျိုမြို့တော်၊ တိုကျိုမြို့တော်ဟောင်း၊ နာရာမြို့တော်ဟောင်းနဲ့
အိုဆာကာမြို့တွေကို လိုက်ပို့ပါသတဲ့။
ဂျပန်ကို ၁၄ ရက်
လည်ပတ်စေခဲ့တဲ့အတောအတွင်း ညစာ စားပွဲတွေနဲ့ ဧည့်ခံတာ၊ ကပွဲပြပွဲတွေကို
ကြည့်ရှုရတာကလည်း ညတိုင်းလိုပဲ မအားလပ်ဖြစ်အောင် တည်ခင်းဧည့်ခံလိုက်ပါသတဲ့။
မြန်မာသတင်းစာဆရာအဖွဲ့ဟာ ၁၄
ရက်စေ့တော့ ဂျပန်ပြည်က ပြန်ခဲ့ကြပါတယ်။ ဦးလှတစ်ယောက်သာပဲ လိုက်မပြန်သေးဘဲ
ဂျပန်ပြည်မှာ ကျန်ခဲ့တယ်။
ဂျပန်ပြည်မှာ ဦးလှရဲ့
စစ်အတွင်းမိတ်ဆွေ နာမည်ကြီး ဂျပန်စာရေးဆရာ မစ္စတာဂျွန်တကာမီဆိုတာ ရှိပါတယ်။
ဒီစာရေးဆရာကြီးက ဦးလှ ဂျပန်ပြည်လာရတယ်ဆိုတော့ အစိုးရဧည့်သည်တော်အဖြစ် ရက်စေ့ရင်
သူ့ဧည့်သည်အဖြစ်နဲ့ ဦးလှ ဂျပန်ပြည်မှာ တစ်လ ကိုးသီတင်း ဆက်လက်နေခွင့် ပြုပါလို့
ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနကို အခွင့်တောင်းပြီး ဦးလှနေခဲ့ဖို့
အတင်းဖိတ်ကြားတာနဲ့ ဦးလှက ၁ဝ ရက်ပိုပြီး မစ္စတာဂျွန်တကာမီရဲ့ ဧည့်သည်တော်အဖြစ်နဲ့
နေရစ်ခဲ့ပါတယ်။
ဦးလှနဲ့ မစ္စတာဂျွန်ကာမီနဲ့က ၁၉၄၂
ခုနှစ် ဒုတိယကမ္ဘာ စစ်ကြီးအတွင်းတုန်းက ရန်ကုန်မှာတွေ့ကြုံပြီး အဲဒီကတည်းက
ခင်မင်ခဲ့ကြသူများပါ။ ဂျွန်တကာမီဆိုတဲ့ ဂျပန်စာရေးဆရာက ဂျပန်ပြည်မှာ လူရိုသေ
ရှင်ရိုသေ စာရေးဆရာကြီးတစ်ဦး၊ အပေါစားစာနဲ့ လူကြိုက်များတယ်ဆိုတဲ့ စာရေးဆရာမျိုး
မဟုတ်ဘဲ စာရော၊ ကဗျာရော အတည်အခံ့ရေးပြီးမှ လူကြိုက်များသူ နာမည်ကျော်
ကလောင်ရှင်တစ်ဦးဖြစ်တယ်။ ဂျပန်ပြည် အစိုးရက စစ်တွင်းကာလမှာ အရွယ်ရှိသေးတဲ့
ဂျပန်အမျိုးသားတွေ မှန်သမျှ စစ်မှုမထမ်းမနေရ စစ်ထဲဝင်စေတယ်။ မစ္စတာ တကာမီဟာ
ကံအားလျော်စွာ မြန်မာစစ်မြေပြင်ကို ရောက်လာပါတယ်။ သူက နာမည်ကြီးစာရေးဆရာဆိုတော့
တိုက်စစ်မှာတော့ မပါရပါဘူး။ စစ်ဘက်ပြန်ကြားရေးဌာနမှာ ပါလာတာ။ ရန်ကုန်မှာ ဦးလှရဲ့
ညီဝမ်းကွဲ ရဲဘော်သုံးကျိပ်ဝင် မောင်ဆောင်း ခေါ် ဗိုလ်ထိန်ဝင်းကတစ်ဆင့် ဦးလှနဲ့
မစ္စတာ ဂျွန်တကာမီနဲ့ အသိအကျွမ်းဖြစ်ကြတယ်။ သိကျွမ်းကြတော့ ဇဝနတို့နဲ့ပါ
မိတ်ဆက်ပေးတယ်လေ။ နောက်တော့ စစ်အတွင်းမှာ ကစဥ့်ကရဲဖြစ်နေတဲ့ မြန်မာစာရေးဆရာတွေကို
ပြန်လည် စုစည်းအားသစ်ဖို့ စာရေးဆရာအသင်း အသစ်ထပ်ပြီး ဖွဲ့စည်းဖြစ်ကြတယ်။ ဦးလှ 'ရွှံ့နဲ့စစ်သား'၊ 'ပန်းနဲ့ စစ်သား' စာအုပ်
ဘာသာပြန်ဖြစ်ဖို့လည်း မစ္စတာတကာမီတို့နဲ့ တိုင်ပင်ပြီး ဘာသာပြန်ဖြစ်တာပဲ။
အဲဒီစာအုပ်က စကော့ဈေးနားက စာအုပ်ဆိုင်တစ်ဆိုင်က ရခဲ့တဲ့ စာအုပ်ကလေး။ ဦးလှက
မစ္စတာတကာမီဟာ 'ကျွန်တော်၏ ရှိရှိသမျှ မိတ်ဆွေများအနက်
ကျွန်တော်၏ အချစ်ခင်ဆုံး မိတ်ဆွေတစ်ဦး ဖြစ်လေသည်' လို့
သူရေးခဲ့တဲ့ ဂျပန်ပြည်တစ်ခေါက်စာအုပ် (စာမျက်နှာ ၁၉၆)မှာ ထည့်ရေးပါတယ်။ ၁၉၆၅
ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့ကရေးတဲ့ သောင်းပြောင်းထွေလာမှာတော့ 'ကျွန်တော်နှင့် ညီအစ်ကိုတမျှ ချစ်ကြခင်ကြသည်ဟု ဆိုလျှင် မပိုနိုင်ပါ။
လိုလျှင် လိုပါလိမ့်ဦးမည်' လို့ ရေးထားပါတယ်။
စစ်ပြီးတဲ့နောက် ဦးလှနဲ့
မစ္စတာတကာမီတို့ လူချင်းကွဲ သွားကြတယ်။ နို့ပေမယ့် ၁၉၅၄ ခုနှစ်မှာ မစ္စတာတကာမီ
မြန်မာနိုင်ငံကို တစ်ခေါက်အလည်လာပါတယ်။ မြန်မာအစိုးရရဲ့ ဧည့်သည်အဖြစ်နဲ့
စာရေးဆရာတွေပါတဲ့ ဂျပန်ယဉ်ကျေးမှုအဖွဲ့ကို ဦးဆောင်လာတာပါ။ အဲဒီတော့ မစ္စတာတကာမီက
သူ ဦးလှနဲ့ အလွန်ခင်တာမို့ ဦးလှနဲ့ တွေ့ပါရစေ စီစဉ်ပေးပါလို့ မေတ္တာရပ်ပါတယ်။
ဖဆပလအစိုးရက ဦးလှ ရန်ကုန်ထောင်ကြီးထဲမှာ အစိုးရရဲ့ ပုဒ်မ ၅ ဧည့်သည်အဖြစ်
ရောက်နေတာကို ဖွင့်မပြောဘဲ တွေ့ဖို့စီစဉ်ပေးမယ်လိုလို ပြောသတဲ့။ နို့ပေမယ့်
မတွေ့ရဘူး။ နောက်တော့ မစ္စတာတကာမီက အမှန်ကို ကြားတဲ့အခါ ဦးလှကို တွေ့မသွားရရင်
ဦးလှရှိတဲ့ထောင်ကြီးကို သူ့ကားပေါ်တင်ပြီး တစ်ပတ်ပတ်မောင်း ပို့ပေးပါလို့
မေတ္တာရပ်သတဲ့။ ပြီးတော့ ဦးလှမိန်းမနဲ့တော့ သွားတွေ့ပါရစေလို့လည်း ပြောသတဲ့။ ရန်ကုန်ထောင်ကြီးကို ကားနဲ့ပတ်ပြီး
ပို့ပေးပေမယ့် မန္တလေးကိုတော့ ကျွန်မနဲ့ တွေ့ဖို့လာမယ်အလုပ် သူဖျားနေလို့
မလာဖြစ်ဘူးတဲ့။ အဲဒီ အကြောင်းတွေကို ဆရာဇဝနတို့၊ ကိုသိန်းဖေမြင့်တို့ ဂျပန်ပြည်
လာတဲ့အခါ မစ္စတာတကာမီကပြောပြလို့ ဦးလှ ထောင်က လွတ်လာတော့ အားလုံးကြားရတယ်လေ။
ဒါကြောင့် ဂျပန်ပြည်ကဖိတ်တဲ့အထဲ
ဦးလှလည်း လိုက်ပါရမယ်ကြားတော့ ဦးလှက မစ္စတာတကာမီနဲ့ တွေ့ရတော့မယ်လို့
ဝမ်းသာရှာတယ်။ ဦးလှတို့အဖွဲ့ ဂျပန်ပြည်ရောက်ကြတော့ မစ္စတာတကာမီက လေဆိပ်မှာ
ကိုယ်တိုင်လာမကြိုနိုင်ဘူး။ ပေးစရာရှိနေတဲ့ ဝတ္ထုတစ်ပုဒ်ကို တောင်ပေါ်မြို့
တစ်မြို့တက်ပြီး အပြီးသတ်ရေးနေလို့။ နို့ပေမယ့် သူ့မိန်းမကို အကြိုခိုင်းပါတယ်။
ပြီးတော့ ဦးလှနဲ့ မပြတ်ဆက်သွယ်နေပြီး မြန်မာကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့လုံးပြန်ပြီး
သူတားလို့ ဦးလှနေရစ်တယ်ဆိုတော့ ဟီရိုရှီးမားက တိုကျိုကို ပြန်လာမယ့် ဦးလှကို
မစ္စတာတကာမီနဲ့ ဇနီးတို့က တိုကျိုဘူတာက လာကြိုနေပါတယ်။ ရထားကဆင်းလို့
လူချင်းတွေ့တာနဲ့ တစ်ပြိုင်နက် မစ္စတာတကာမီက ဦးလှကို ဖက်ထားပြီး 'အခုတော့တွေ့ကြပြီ'
လို့ လှိုက်လှဲဝမ်းသာ စကားဆိုပါသတဲ့။ သူတို့နှစ်ယောက် အကြာကြီး
ဖက်ထားကြသတဲ့လေ။ ကွဲနေတာက ၁၉ နှစ်ရှိပြီ။ တစ်ယောက်က မြန်မာနိုင်ငံကို လာလို့မှ
တွေ့မသွားရတဲ့အဖြစ်ဆိုတော့ မသေမပျောက်ခင်က တွေ့မှတွေ့ကြရပါဦးမလားလို့ အောက်မေ့ရာက
ခုလိုတွေ့ရတော့ ဝမ်းသာမဆုံးကြဘူးတဲ့။
မစ္စတာတကာမီက သူရန်ကုန်မှာနေခဲ့တုန်းက
ဦးလှရဲ့ အစ်ကိုဝမ်းကွဲ ဦးစံမောင်နဲ့လည်း ဗိုလ်ထိန်ဝင်းကို အကြောင်းပြုပြီး ခင်ခဲ့၊
မင်ခဲ့၊ တစ်အိပ်ရာထဲ အတူအိပ်ခဲ့သူ ဖြစ်ပါတယ်။ သူ့ကို ဦးစံမောင်က
အရက်သောက်သင်ပေးလိုက်လို့ အရက်သောက်တတ်နေသူလည်း ဖြစ်ပါတယ်။ ဦးလှနဲ့တွေ့တဲ့အခါ
သူ့မိတ်ဆွေကြီး 'ဦးစံ'တစ်ယောက်အကြောင်းမေးတော့ ဦးလှက
ကျန်းကျန်းမာမာရှိသေးတယ်၊ အရက်မသောက်တော့ဘူး။ အရက်ပြတ်သွားတာ သူ့သား
ထွန်းထွန်းတစ်သက် ၁၂ နှစ်ရှိပြီဖြစ်တယ်လို့ သတင်းပေးတဲ့အခါ မစ္စတာတကာမီက
စစ်ကြီးအတွင်းမှာ အရက်ကောင်း အင်မတန်ရှားပေမယ့် ရအောင်ရှာပြီး သူ့ကို
အရက်သောက်တတ်အောင် သင်ပေး လိုက်တဲ့ဆရာက အရက်ပြတ်နေပြီး သူက
သောက်လုံးကြီးတုန်းဆိုတာ မဖြစ်နိုင်ပါဘူး၊ သူမယုံနိုင်ပါဘူးလို့ ပြောပြောပြီး
ရယ်လိုက်တာတဲ့။ မစ္စတာတကာမီဟာ နာမည်ကြီးစာရေးဆရာ စာပေသြဇာကြီး
စာရေးဆရာတစ်ယောက်ဖြစ်လေတော့ ဂျပန်စာနယ်ဇင်းသမားတွေလောကမှာလည်း သြဇာတိက္ကမ ရှိသူ
ဖြစ်ပါတယ်။ ဒါကြောင့် မစ္စတာတကာမီက သူချစ်တဲ့ မြန်မာစာရေးဆရာ ဦးလှကိုလည်း
ဂျပန်စာပေလောကထဲက လူတွေနဲ့ အကြိမ်ကြိမ်မိတ်ဆက်ပေးပြီး လူသိများအောင် အမျိုးမျိုး
လုပ်ဆောင်ပေးလိုက်ပါတယ်။ မစ္စတာတကာမီ လုပ်လို့ကိုင်လို့ကောင်းအောင်
အကြောင်းတစ်ခုကလည်း အထောက်အကူပြုပေးတယ်လေ။ ဒါကြောင့် ဦးလှဟာ ဂျပန်ပြည်မှာ တော်တော်
လူသိများခဲ့၊ ထင်ရှားခဲ့သေးတယ်။ သူတို့သွားလေရာ သတင်းထောက်ပါပြီး သတင်းစာထဲ
သတင်းအကြိမ်ကြိမ်ပါခဲ့သေးတယ်။ သူ့ကို လူသိများစေတဲ့ အကြောင်းတစ်ခုကတော့
တခြားမဟုတ်ဘူး။ စစ်အတွင်းတုန်းက မြန်မာနိုင်ငံရောက် ဂျပန်စစ်ဗိုလ်တစ်ယောက်ရဲ့
သုတေသနလုပ်ရပ်တစ်ခု မြန်မာ နိုင်ငံမှာ ကျန်ရစ်ခဲ့တာကို ဦးလှ ပြန်ဆောင်ကြဉ်းသွားတဲ့
ကိစ္စပေါ့။ မြန်မာနိုင်ငံ စစ်မြေပြင်ကို လိုက်လာရတဲ့ ဂျပန်တစ်ယောက်ဟာ သူငယ်ငယ်က
ဂျပန်ရုက္ခဗေဒပညာရှင် ဒေါက်တာမာကီနိုရေးတဲ့ ရုက္ခဗေဒစာအုပ်တစ်အုပ်ကို ဖတ်ဖူးသတဲ့။
အဲဒီကတည်းက သစ်ပင်တွေအကြောင်းကို စိတ်ပါ ဝင်စားနေသတဲ့။ သူ စစ်မှုထမ်းဖို့
မြန်မာနိုင်ငံကို လိုက်လာရတဲ့အခါ သူတို့ ဂျပန်ပြည်မှာ မတွေ့မမြင်ဖူးရတဲ့
သစ်ပင်ပန်းပင်တွေချည်း တွေ့မြင်ရတော့ သူ့ဆရာ ရုက္ခဗေဒပညာရှင် ဒေါက်တာမာကီနိုကို
အားကျပြီး မြန်မာနိုင်ငံမှာ သူတွေ့ကြုံရတဲ့ သစ်ပင်ပန်းပင်တွေအကြောင်းကို ပန်းချီပုံနဲ့ရော၊
အရွက်ခြောက် အပွင့်ခြောက်(စာအုပ်ညှပ်တွေ)နဲ့ပါ။ အကြောင်းအရာ တွေကိုရောမေးမြန်းပြီး
သူက တစ်ပင်စီ မှတ်တမ်းတင်ပါတယ်။ သူမှတ်တမ်းတင်ထားတဲ့ ဒီစာအုပ်တွေက စစ်ဆုတ်ရတော့
မြန်မာပြည်မှာကျန်ရစ်တယ်။
ဦးလှ ဂျပန်ပြည်သွားမယ်ဆိုတော့
ပြင်ဦးလွင်သဇင် ကလောင်နာမည်ခံတဲ့ ဒေါ်မေသန်းတင်က ကျွန်မကို အဲဒီ ဂျပန်စစ်သား
ရေးမှတ်ထားတဲ့ စာအုပ်အထူကြီး (လက်သုံးလုံးစီ နီးပါးထူတဲ့)စာအုပ် ၇ အုပ်ကို
လာပြပါတယ်။ သူ့စာအုပ်တွေကို ကြည့်လိုက်တော့ ရုပ်ပုံပန်းချီတွေရော၊ စာတွေရော
ရေးမှတ်ထားတာ ဖြစ်လေတော့ ဂျပန်စာမတတ်ပေမယ့် ကျွန်မက ဘာတွေဖြစ်မယ်ဆိုတာ
တွေးတတ်ပါတယ်။ ဥပမာ စိန်ပန်းပင်အကြောင်းဆိုပါတော့။ အပင်ကြီးရဲ့ပုံက ၁ ပုံ၊
အရွက်တစ်ရွက်ရဲ့ အသေးစိတ်ပုံက ၁ ပုံ၊ ပြီးတော့ အဖူး၊ အပွင့်၊ အသီးပုံတွေ၊
အပွင့်ကို ဆေးရောင်စုံနဲ့ ရေးခြယ်ထား တယ်။ သူက စိန်ပန်းပင်အကြောင်း အသေးစိတ်
အစုံအလင်ကို ရုပ်ပုံဆေးရောင်နဲ့တကွ ရေးမှတ်ထားတာကိုး။ စိန်ပန်းလို၊ မန်ကျည်းလို၊
ကုက္ကိုလ်လို အပင်ကြီးမျိုးတွေအပြင် ထိကရုန်းလို မြေကပ်နေတဲ့အပင်ကလေးတွေအကြောင်းက
တစ်အုပ်၊ ပန်းပွင့်တဲ့ ပန်းပင်တွေအကြောင်းက တစ်အုပ်၊ ဒူးရင်းပင်၊ မင်းကွတ်ပင်၊
ပိန္နဲပင်စတဲ့ သီးပင်းတွေအကြောင်းက တစ်အုပ်စသည်ဖြင့် အားလုံး စာအုပ် ၇ အုပ်
ပြီးစီးအောင် ရေးမှတ်ထားတာတွေ ဖြစ်နေပါတယ်။ တချို့မှာ စာအုပ်ကြားညှပ်ပြီး
ခြောက်စေတဲ့ ပကတိအရွက်ခြောက်ကလေး ကပ်ထားသေးတယ်။ ဒေါ်မေသန်းတင်က ဒီစာအုပ်တွေကို
သူ့မိတ်ဆွေ ဂျပန် စစ်ဗိုလ်တစ်ယောက်က အပ်နှံထားခဲ့တာဖြစ်တယ်။ ဒါတွေ
ဦးလှသယ်ဆောင်သွားပြီး ရေးမှတ်စုဆောင်းသွားခဲ့တဲ့ ဥစ္စာရှင် ဂျပန်စစ်ဗိုလ်ကို
ရှာပြီး ပေးအပ်နိုင်ရင် ပေးအပ်ပေးပါလို့ ပြောပါတယ်။
ကျွန်မက စာအုပ်တွေကို တစ်အုပ်ပြီး
တစ်အုပ် လှန်ကြည့်တော့ မူလစုဆောင်းသွားတဲ့လူရဲ့ စိတ်ရှည်ပုံ၊ အပင်ပန်းခံထားပုံ၊
စနစ်တကျ စုဆောင်းရှာဖွေ မှတ်တမ်းတင်ထားပုံကို တွေ့တာနဲ့ မြန်မာနိုင်ငံက
သစ်ပင်တွေအကြောင်း မြန်မာလိုတောင် ဒီလိုမှတ်တမ်းတင်ထားတာ မတွေ့ဖူးလေတော့
မှတ်တမ်းစာအုပ်တွေအပေါ် အတော့်ကို သံယောဇဉ်ဖြစ်လာမိတယ်။ ဒီစုဆောင်းရှာသူသာ
အသက်နဲ့ထင်ရှားရှိသေးရင် ရူးမတတ် ဝမ်းသာရှာလိမ့်မယ်လို့ တွေးမိပြီး ဦးလှ ဆောင်
ကြဉ်းသွားစေချင်လိုက်တာ လွန်ပါရော။ ဒီစာအုပ်ရှင်ဟာ အသက်နဲ့ ကိုယ်နဲ့ ရှိသေးနိုင်၊
မရှိတော့လည်း မစဉ်းစားမိ ဘူး။ ကိုယ်ချင်းစာပြီး ဥစ္စာရှင်လက် သိပ်ကို
ပြန်ရောက်စေချင်တာပဲ ရှိတယ်။ ဒေါ်မေသန်းတင် စာအုပ်တွေ လာပြတော့ ဦးလှက
သွားရခါနီးနေပါပြီ။ သွားဖို့ရက်က ကပ်နေပြီ။ ကျွန်မ က စာအုပ်တွေယူပြီး ဦးလှကို
ယူသွားလိုက်ပါ၊ သနားပါတယ်၊ ဥစ္စာရှင်သာပြန်ရရင် သူ့ခမျာ ဆွေ့ဆွေ့ခုန် ဝမ်းသာ
ရှာမှာပါလို့ တိုက်တွန်းပါတယ်။ ကျွန်မတိုက်တွန်းတော့ ဦးလှက သွားခါနီးလာခါနီးမို့
စာအုပ်တွေကိုလည်း စိတ်ဝင်စားစွာ မလေ့လာနိုင်ပါဘူး။ ပြီးတော့ သူ့မှာ
လူကြုံပါးပစ္စည်း တွေကလည်း နိုင်ငံခြားသွားမယ့်လူတိုင်းရဲ့ ထုံးစံအတိုင်း
ယူသွားစရာက များလှပါပြီ။ ငါ့မှာ သူများပေးလိုက်ကြတာ သပိတ်နဲ့
သင်္ကန်းလိုပစ္စည်းတွေတောင်ပါတယ်။ မင်းစာအုပ်ကြီးတွေက နည်းတာလည်းမဟုတ်ဘူး၊
ယူနိုင်တော့မယ် မထင်ဘူးတဲ့။ ဦးလှက သဘောကောင်းတယ်၊ အားနာတတ် တယ် မဟုတ်လား။ အဲဒီတော့
သူ့ကို လူကြုံပါးထားတဲ့ ပစ္စည်းက တကယ်ပဲ နည်းမှ မနည်းတာကိုး။ ကျွန်မတို့ လူမျိုးက
နိုင်ငံခြားသွားမယ့်လူကြုံကို အားနာနိုင်တာမှ မဟုတ်တာ။ နို့ပေမယ့် ကျွန်မကလည်း
ဒီစာအုပ်တွေ သိပ်ပါသွားစေချင်တယ်။ ဒါကြောင့် ဇွတ်ယူသွားခိုင်းတော့ ဦးလှက
ဝန်လေးလေးနဲ့ပဲ အချိန်ပိုတွေ ပေးဆောင်ပြီး ယူသွားရှာတယ်။
ဂျပန်ပြည်ရောက်တော့ မစ္စတာတကာမီနဲ့
ဒီအကြောင်းကို ပြောပြတဲ့အခါ ဒါလောက်လေးလံတဲ့ ပစ္စည်းမျိုးကို ဒီလို
ဒုက္ခခံယူလာတာကိုတော့ အံ့သြဝမ်းသာတာနဲ့အတူ စာအုပ်ရှင် ရှိသေး မရှိသေး
မသေချာတော့တာကိုတော့ ပြောပြတယ်။ ဂျပန်ပြည်က စစ်သားသုံးသိန်း မြန်မာနိုင်ငံကို
သွားခဲ့တာ တစ်သိန်းပဲ ပြန်ရောက်လာတော့တယ်။ နှစ်သိန်းက သေနေရစ်တာ။ အဲဒီတော့
ဥစ္စာရှင်တော့ ရှိနိုင် မရှိနိုင် ဘာမှ မပြောနိုင်ဘူး ကာယကံရှင်မရှိတော့ရင်
ဆွေးမျိုးသားချင်း သားမယားတော့ ကျန်ရှိနိုင်သေးတယ်။ ဒါကြောင့် ဒီကိစ္စ အဆာဟိရှင်ဘွန်း
သတင်းစာမှာ သတင်းအဖြစ်နဲ့ထည့်ပြီး ဥစ္စာရှင်ရှာမယ်ဆိုပြီး ဦးလှ
မြန်မာရုက္ခဗေဒစာအုပ်တွေ သယ်လာတဲ့အကြောင်း သတင်းပေးဖို့ သတင်းစာတိုက်ကို
သွားကြတယ်။
အဆာဟိသတင်းစာဆိုတာ စောင်ရေ ၄ သန်း
ထုတ်ဝေရတဲ့ ဂျပန်ပြည်မှာ စောင်ရေအများဆုံး သတင်းစာ မဟုတ်လား။ အဲဒီတော့ ဒီသတင်းစာမှာ
သတင်းပါရင် တစ်ပြည်လုံး တစ်မုဟုတ်ချင်း ပျံ့နှံ့သွားနိုင်တာပေါ့။ သတင်းစာတိုက်မှာ
ဒီအကျိုးအကြောင်းပြောပြတော့ သက်ဆိုင်ရာ အယ်ဒီတာက စာအုပ်တွေကို ကြည့်ပြီး
စုတ်သပ်သတဲ့။ အလွန်အပင်ပန်းခံပြီးလုပ်ထားတဲ့ စာအုပ်တွေပဲလို့လည်း ပြော တယ်။
ပြီးတော့မှ တကူတကနဲ့ ဒါလောက်လေးလံတာကို သယ်ဆောင်လာတာလည်း အံ့သြသတဲ့။ သတင်းစာမှာ
မစ္စတာတကာမီနဲ့ ဦးလှတို့ ဒီစာအုပ်ကြီးတွေကို ကြည့်နေတဲ့ပုံနဲ့ စာအုပ်ပါ
အကြောင်းအရာ စာမျက်နှာတို့ကိုလည်း ဓာတ်ပုံအဖြစ် ဖော်ပြပြီး သတင်းဆောင်းပါး
အရှည်ကြီးလည်း ရေးပြီး ထည့်ပေးလိုက်ပါတယ်။ အဲဒီနေ့ထုတ် အဆာဟိရှင်ဘွန်းမှာ
ဦးလှယူခဲ့တဲ့ စာအုပ်ကြီးတွေအကြောင်း ဆောင်းပါးသတင်းကတော့ နေရာအကောင်းဆုံးနဲ့
နေရာအယူရဆုံး သတင်းပါပဲတဲ့။
နောက် နံနက်လင်းလို့ သတင်းစာထွက်လာတယ်
ဆိုရင်ပဲ မစ္စတာတကာမီရှိရာကို တယ်လီဖုန်းတဂွမ်ဂွမ်လာပြီး စာအုပ်အကြောင်းကို
မေးနေကြပါပြီ။ ဥစ္စာရှင် တွေ့ပြီလား၊ တွေ့ပါစေလို့ ဆုတောင်းပါတယ်။ ဒီစာအုပ်ကြီးတွေ
ခုဘယ်မှာလဲ၊ အံ့သြစရာပဲ။ စစ်ကြီးကိုကျော်ပြီး ခုအထိ မပျောက်မပျက် သိမ်းတဲ့လူက
သိမ်းပေးထားပြီး ယူတဲ့လူကလည်း ယူလာလို့ ဂျပန်ပြည်ရောက်လာတာ စသည်ဖြင့်
ဖုန်းဆက်ပြောကြတာ နားတယ်မရှိတော့ဘူးတဲ့။ ဦးလှတို့လည်း ဒီသတင်း သတင်းစာမှာပါတာကို
ဖတ်ရတာ ဥစ္စာရှင်ရှိမှ ရှိပါလေစ၊ မရှိတော့ဘူးဆိုရင် အလွန်ကြေကွဲစရာကောင်းလိမ့်မယ်။
တကယ်လို့ သားသမီး၊ ဇနီးမယား ကျန်ရစ်ရင်တော့ ကျန်ရစ်သူက လက်ခံရရှိရင် ခင်ပွန်းသည်
ပြန်လာသလို ခံစားရလိမ့်မယ်လို့ တွေးနေ ပြောနေကြသတဲ့။
သတင်းပါတဲ့နေ့ ညပိုင်းမှာ ဦးလှနဲ့
မစ္စတာတကာမီတို့ ရှိတဲ့ ဟိုတယ်ကို ဖုန်းလာတယ်။ ဖုန်းက စာအုပ်တွေအကြောင်း
သတင်းဆောင်းပါး ထည့်ပေးတဲ့
အဆာဟိရှင်ဘွန်းက အယ်ဒီတာက သတင်းထူးပြောစရာရှိလို့ သူလာတွေ့မယ့်အကြောင်း
ပြောသတဲ့။
ဦးလှတို့လည်း ရင်တဖိုဖိုနဲ့ပေါ့။
ရေးတဲ့လူ စာအုပ်ရှင်ကို တွေ့လို့လေလား၊ တစ်တပ်တည်း အမှုထမ်းခဲ့ဖူးသူကို
တွေ့လို့လေလားနဲ့ အယ်ဒီတာအလာကို စောင့်မျှော်နေကြတယ်။ ပြောတဲ့အတိုင်း ရောက်လာတော့
စာအုပ်ရှင် မသေဘူး၊ တွေ့ပြီဆိုတဲ့ သတင်းကို ဝမ်းသာအားရပြောပြလို့ ဦးလှနဲ့
မစ္စတာတကာမီလည်း သိပ်ဝမ်းသာသွားကြရတယ်။
စာအုပ်ရှင်က
မစ္စတာအမ်ကူဗီဟာရာဆိုတဲ့လူဖြစ်ပြီး ကိုဘီမြို့ စက်ရုံကြီးတစ်ရုံက
အင်ဂျင်နီယာချုပ်ဖြစ်သတဲ့။ ကမ္ဘာစစ်ကြီးအတွင်းတုန်းက အင်းစိန် မရမ်းကုန်းနားမှာ
သူတို့ တပ်ရှိခဲ့တယ်။ တပ်တွေ ဆုတ်ရတဲ့အခါ ကိုယ်ပိုင်ပစ္စည်းဆိုလို့
ဘာမှမသယ်ရဆိုတဲ့ အမိန့်ကြောင့် သမိုင်းဘူတာနားက အိမ်နံပါတ် (၉)က မိတ်ဆွေတစ်ဦးဆီမှာ
စာအုပ်တွေ အပ်ပြီး ထားခဲ့ရတယ်။ လွန်ခဲ့တဲ့ ၂ နှစ်၊ ၃ နှစ်က မြန်ပြည်က
ဘုန်းကြီးနှစ်ပါးကြွလာတာနဲ့တွေ့လို့ သူ့စာအုပ်တွေအကြောင်း စုံစမ်းပေးပါလို့
မှာလိုက်ပါသေးတယ်။ ဘုန်းတော်ကြီးတွေဆီက ဘာသတင်းမှ မရခဲ့ဘူး။ ဘယ်ပုံဘယ်နည်းနဲ့
သူ့စာအုပ်တွေ ပြင်ဦးလွင်ရောက်သွားတယ်ဆိုတာ မပြောတတ်ပါဘူးလို့ စာအုပ်ရှင်က
ဖုန်းဆက်ပြောပါသတဲ့။ ဒါကြောင့် သူ့လက်ကို စာအုပ်အပ်ဖို့ စီစဉ်ကြရတယ်။
သတင်းစာမှာလည်း ဦလှ ယူလာတဲ့စာအုပ်တွေ ဥစ္စာရှင်ရှာလို့တွေ့ပြီဆိုတဲ့သတင်း
နောက်တစ်ရက်မှာ ထည့်လိုက်ပြီလေ။
သတင်းနဲ့အတူ စာအုပ်ရေးသူက
သူ့စာအုပ်တွေ တပင်တပန်းသယ်ယူလာတဲ့ ဦးလှနဲ့လည်း တွေ့ချင်ပါသေးတယ်။ ဒါပေမယ့်
သူ့စက်ရုံက ခွင့်ယူလို့မရနိုင်သေးလို့ အိုဆာကာကို ဦးလှလာဦးမယ်ဆိုရင် အိုဆာကာကို
လာတွေ့ပါရစေလို့ မေတ္တာရပ်သတဲ့။ ဒါကြောင့် ဦးလှနဲ့ မစ္စတာတကာမီတို့က
အိုဆာကာမှာရှိတဲ့ အဆာဟိရှင်ဘွန်းသတင်းစာတိုက်ပေါ်မှာ စာအုပ်ပေးအပ်မယ်လို့
ချိန်းလိုက်ကြတယ်။ အဲဒီအချိန်မှာ စာအုပ်ရှင်တွေ့ပြီ၊ ပေးရပြီဆိုတဲ့သတင်းကို
သတင်းထည့်ချင်တဲ့ သတင်းထောက်တွေကလည်း သတင်းအနံ့ခံပြီး စောင့်နေကြပြီ။
စာအုပ်ရှင် မစ္စတာကူဗီယာက ဦးလှနဲ့
မစ္စတာတကာမီတို့ ဇနီးမောင်နှံ သတင်းစာ ဧည့်ခန်းထဲဝင်လာတော့ အယ်ဒီတာနဲ့အတူ
အားရဝမ်းသာ နှုတ်ဆက်ကြတယ်။ မစ္စတာကူဗီဟာရာဟာ
ဝမ်းသာလွန်းလို့ တုန်နေပါသတဲ့။ သတင်းထောက်တွေက ဓာတ်ပုံတွေ
အကြိမ်ကြိမ်ရိုက်ကြတယ်။ စာအုပ်တွေကို ကိုယ်ထိလက်ရောက် အပ်တဲ့အခါမှာလည်း
မစ္စတာကူဗီဟာရာက တဒိန်းဒိန်းခုန်နေတဲ့ နှလုံးသား၊ တုန်ယင်တဲ့လက်တွေနဲ့ ယူတယ်။
မျက်နှာကလည်း ပြုံးလို့၊ မျက်လုံးတွေကလည်း တောက်လို့တဲ့။
စာအုပ်တွေရတဲ့အခါ စာအုပ်တွေဖွင့်၊
စာရွက်တွေ လှန်ကြည့်ပြီး ခုထက်ထိ အလွတ်ရနေသေးသလို ဒါက သရဖီပင်၊ ဒါက
နန်းလုံးကြိုင်၊ ဒါက တရုတ်စံကားဆိုတာမျိုးတွေ ပြောပြလိုက်၊ ဒီအပင် ဘယ်မှာတွေ့တာ၊
ဘယ်သူက ဒီအကြောင်းတွေ ပြောပြတာဆိုတာတွေကို ပြောလိုက်နဲ့ သူ့မှာ ဒီစာအုပ်တွေ
ပြုစုခဲ့ချိန်ကို အသစ်တဖန် ပြန်ရောက်နေသလို ပြောဆိုနေသတဲ့။
မစ္စတာကူဗီဟာရာက မြန်မာနိုင်ငံက
စိန်ပန်းပင်အကြောင်း သူရေးထားတဲ့ စာမျက်နှာကို လှန်မိတော့ စိန်ပန်းပင်ပွင့်ရင် သူ
အိမ်ကို သိပ်လွမ်းသတဲ့။ တစ်နှစ်ရှိသွား ပြီလို့လည်း ပါးစပ်ကလည်း ပြောမိသတဲ့။ ချယ်ရီပန်းကိုလည်း
အလွန်သတိရမိသတဲ့။ သူနေရတဲ့ နေရာက တံတားကလေး စိတ်ကျန်းမာရေးဆေးရုံလမ်းနဲ့နီးတော့
ဒီလမ်းမပေါ်မှာ နေပူကြဲကြဲနွေရာသီမှာ ပင်လုံးပွင့်နေတဲ့ စိန်ပန်းပင်တွေ
တန်းစီပြီးပွင့်လာတိုင်း ကိုယ့်ပြည် ကိုယ့်ရပ် ကိုယ်အိမ်ကို သိပ်လွမ်းရပါတယ်လို့
စိန်ပန်း အပွင့်၊ အဖူး၊ အခိုင်၊ အသီးအရွက်နဲ့ အပင်တစ်ပုံလုံးကိုပါ သူရေးဆွဲ
မှတ်သားထားတဲ့ အကြောင်းအရာတွေကိုပါ ပြန်ကြည့်ပြီး ပြောနေသတဲ့လေ။
မစ္စတာကူဗီဟာရာက ပိတောက်အကြောင်းလည်း
ပြောသေးတယ်။ ပိတောက်ကတော့ စိန်ပန်းလို အကြာကြီးပွင့်မနေဘူး။ တစ်ခါပဲပွင့်တာ၊
မြန်မာအမျိုးသမီးတွေက ပိတောက်ပွင့် အခိုင်တွေကို ခေါင်းမှာပန်ကြတာ၊ သိပ်ကြိုက်တာ။
ပျားတွေကလည်း ပိတောက်ကို သိပ်ကြိုက်တယ်။ ပိတောက်က မွှေးလည်းမွှေးတော့ အလွမ်းကို
သက်သာစေပါတယ်လို့လည်း ပြောပါသတဲ့။
သူ့စာအုပ်တွေကိုလည်း
သိမ်းဆည်းပေးထားတဲ့ သခင် အုံးဖေတို့လင်မယားကို သူက လက်ဆောင်ကလေးတစ်ခုလည်း ပေးလိုက်သေးသတဲ့။
သူ့စာအုပ်တွေဟာ သူရေးမှတ်ထားတာ အားလုံးအစုံအလင် ၇ အုပ်စလုံးပြန်ရတာတဲ့။ ဂျပန်
ပါမောက္ခရေးတဲ့ စာအုပ်တစ်အုပ်ပဲလိုတာတဲ့။
ပြီးတော့မှ သူတို့တပ်တွေဆုတ်ရတော့
နံပါတ် ၉ သမိုင်း ဘူတာလမ်းက မိတ်ဆွေဆီကို အပ်ခဲ့တာ။ ခုသိမ်းပေးထားကြတဲ့
ပြင်ဦးလွင်က သခင်အုံးဖေနဲ့ ဒေါ်မေသန်းတင်တို့ကို သူက ကျေးဇူးတင်တဲ့အကြောင်း
သူပြောချင်သမျှ ပြည့်စုံအောင် ဘယ်လိုစကားနဲ့ ပြောရမှန်းမသိအောင် ရှိရတဲ့အကြောင်း၊
ဦးလှကိုလည်း ကျေးဇူးတင်လှတဲ့အကြောင်းတွေ ပြောသတဲ့။
သူ့အနေနဲ့ စာအုပ်တွေ ပြန်ရတော့မယ်
မထင်တော့လို့ မျှော်လင့်ချက်တွေ အားလုံးရပ်စဲပြီး လက်လျှော့ထားတာတောင် ကြာလှပြီ။
ဒီအကြောင်း မတွေးဘဲနေတာလည်း ကြာပြီ။ ခုဆိုရင် မေ့တောင် မေ့နေပါပြီလို့လည်း
ပြောသတဲ့။ ၁၆ နှစ်၊ ၁၇ နှစ် ကြာပြီဟာကိုး။ ပြီးတော့ အဆာဟိမှာပါတဲ့ ဓာတ်ပုံသတင်းကို
သူ့မိန်းမက အရင်တွေ့တာ။ သူ့ဆီ ပြေးလာပြီး ဒါ ရှင့်စာအုပ်တွေ ဖြစ်မှာပဲ၊
ဖတ်ကြည့်စမ်းလို့ဆိုတော့ သတင်းခေါင်းစဉ်ကို ဖတ်လိုက်၊ ဓာတ်ပုံကို ကြည့်လိုက်၊
သတင်းကို ဆက်ဖတ်လိုက်နဲ့ လုပ်နေသတဲ့။ စာမျက်နှာရဲ့ ဓာတ်ပုံကို ကြည့်မိတော့
ကြက်သီးဖြန်းခနဲထသွားပြီး သတင်းကို ဆုံးအောင်ဖတ်ပြီးတဲ့အခါ 'ဒါ
ငါ့စာအုပ်တွေ ဖြစ်ရမှာပဲ၊ ငါ့စာအုပ်တွေပဲ၊ မုချပဲ၊ မလွဲဘူး၊ ဒါ ငါဆွဲတဲ့ပုံ၊ ဒါ
ငါ့လက်ရေးနဲ့' အော်နေမိသတဲ့။ ပြီးတော့ အိုဆာကာက
အဆာဟိရှင်ဘွန်းတိုက်ကို ဖုန်းဆက်ပြီး ဦးလှနဲ့ စာရေး ဆရာကြီးဂျွန်တကာမီကို
ပြောပေးပါ၊ သူ့စာအုပ်တွေပါလို့ ပြောရသတဲ့။
မစ္စတာကူဗီဟာရာ စာအုပ်တွေပြန်ရတာကို
ဦးလှနဲ့ မစ္စတာတကာမီတို့ ဇနီးမောင်နှံနဲ့
အဆာဟိရှင်ဘွန်းတိုက်သား တွေသာမကဘူး၊ သတင်းစာဖတ် ပရိသတ်ကြီးတစ်ခုလုံးကပါ
ဝမ်းသာနေကြတယ်။ ဦးလှကတော့ သခင်အုံးဖေတို့ ဒေါ်မေသန်းတင်တို့ကိုရော၊ ကျွန်မကိုပါ
ချက်ချင်းသတင်း ပေးချင်လိုက်တာတဲ့လေ။
ဦးလှတို့ စာအုပ်ပေးအပ်တဲ့သတင်းကို
နောက်တစ်နေ့ အဆာဟိရှင်ဘွန်းမှာ ခေါင်းစဉ်ကြီးကြီး၊ နေရာကောင်းကောင်းက
ဓာတ်ပုံကြီးနဲ့ ဖော်ပြပြန်တာကြောင့် ဒီသတင်းကို မမြင်မတွေ့လိုက်တဲ့ စာဖတ်ပရိသတ်
မရှိသလောက် ရှားလိမ့်မယ်လို့ ဆိုပါတယ်။ ဒီကိစ္စကြီးဟာ မြန်မာ-ဂျပန် ချစ်ကြည်ရေး
ကို သိပ်အထောက်အကူပြုတယ်လို့လည်း ဝေဖန်ကြပါသတဲ့။
ဦးလှမိတ်ဆွေ စာရေးဆရာကြီးက
စာရေးရုံသာမက ရုပ်မြင်သံကြားအစီအစဉ်တွေမှာလည်း မကြာခဏ သူက
အသံလွှင့်တာမျိုးလုပ်လေတော့ ဦးလှရှိတုန်း ဂျပန်ပြည် နာရာမြို့မှာရှိတဲ့ နှစ်ပေါင်း
၁၃ဝဝ က စေတီတစ်ဆူကို လေ့လာခဲ့တဲ့အကြောင်း အမေးအဖြေခန်းတစ်ခု ရုပ်အသံလွှင့်သေးတယ်။
အဲဒီအထဲမှာ မြန်မာပြည်က စေတီပုထိုးအကြောင်း ခြေတော်ရာအကြောင်းတွေပါ ထည့်ပြောပြီး
ဦးလှ... ဦးလှ နဲ့ သူ့မိတ်ဆွေကိုလည်း မကြာမကြာဆွဲထည့်ပြီး ပြောကြားသွားသတဲ့။ ဦးလှ
ဂျပန်ပြည်မှာရှိနေတုန်း သူက ပျော်နေ၊ ဝမ်းသာနေတယ် ထင်ပါရဲ့။ သူ့မိတ်ဆွေ ဦးလှကို
လူသိများ အောင် သူက လုပ်နေတာကိုး။
ဦးလှ ဂျပန်ပြည်မှာ ၂၄ ရက်
နေထိုင်ခဲ့ပြီး ၁၉၆၁ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့ တိုကျိုက ဂျာမန်လေယာဉ်
လုဖ်သန်ဇာနဲ့ ပြန်ခဲ့ပါတယ်။ အပြန်မှာလည်း ပစိဖိတ်သမုဒ္ဒရာကြီးပေါ်မှာ
တိုင်ဖွန်းမုန်းတိုင်း အဖျားခတ်တာမိသေးလို့ လေယာဉ် တော်တော်ကသောင်းကနင်း
ဖြစ်ရသေးတယ်။ ဒါပေမယ့် အစီးရခက်တာလောက်ပဲ ရှိတယ်။ အန္တရာယ်တစ်စုံ
တစ်ရာမဖြစ်ဘူးတဲ့။ ဒါကြောင့် ဦးလှက သူ့ထုံးစံအတိုင်း လေယာဉ်ပေါ်ကနေပြီး
မိတ်ဆွေတွေဆီကို စာတွေရေးပါတယ်။ သူရေးတဲ့အထဲ ကုလသမဂ္ဂ ဦးသန့်၊ ဘိလပ် ဦးတင်ထွဋ်နဲ့
ဒေါက်တာ လှဘေ၊ မန္တလေးက ရွှေကျင်သာသနာပိုင် သက်တော်ရှည် စံကင်းဆရာတော်ဘုရားကြီးနဲ့
ကျွန်မတို့ မိသားစုတို့ ပါဝင်ပါတယ်။ လေယာဉ်က ၄ နာရီခွဲကြာမျှ ပျံသန်းတာဖြစ်လေတော့
စာ ၁ဝ စောင်လောက် ရေးထည့်ခဲ့ သတဲ့။
ဦးလှ အင်မတန်ချစ်တဲ့ ဂျပန်မိတ်ဆွေ
စာရေးဆရာကြီး၊ ကဗျာဆရာကြီး ဂျွန်တကာမီဟာ အသက် ၅၉ နှစ် အရွယ်မှာပဲ
လည်ချောင်းကင်ဆာရောဂါနဲ့ ၁၉၆၅ ခု သြဂုတ်လ ၁၇ ရက်နေ့က တိုကျိုဆေးရုံပေါ်မှာ
ကွယ်လွန်သွားရှာတယ်။ သူက အရက်လည်းကြိုက်၊ စီးကရက်လည်း ကြိုက်ရှာသူကိုး။
ဦးလှက သူဂျပန်ပြည်သွားခဲ့တဲ့အကြောင်း
ခရီးသွား ဆောင်းပါးတွေ၊ လူထုသတင်းစာမှာ သူရေးနေကျ သောင်းပြောင်းထွေလာခန်းကနေပြီး
နေ့စဉ် ၂ လကျော်ကြာအောင် ရက်ဆက်ရေးခဲ့တယ်။ နောက်တော့ အဲဒီဆောင်းပါးတွေကို
မူတည်ပြီး သူနည်းနည်းပါးပါးဖြည့်စွက်၊ ဓာတ်ပုံတွေ ထည့်ပြီး ၁၉၆၂ ခုနှစ်မှာ 'ဂျပန်ပြည်တစ်ခေါက်'
ဆိုတဲ့ နာမည်နဲ့ စာမျက်နှာ ငါးရာလောက်ရှိတဲ့ စာအုပ်တစ်အုပ်
ထုတ်ဝေပါတယ်။ ဒီစာအုပ်ဟာ အုပ်ရေ ငါးထောင် ရိုက်ရပြီး ကြာကြာမရောင်းလိုက်ရဘူး၊
လက်ကျန်မရှိ ကုန်သွားပါတယ်။ စာအုပ်ထွက်ပြီး တော်တော်ကြာတော့ ရန်ကုန်မြို့မှာရှိတဲ့
ဂျပန် သံအမတ်ကြီးက ဦးလှကို အမြင့် ၁ ပေနဲ့ ၃ လက်မရှိတဲ့ ကြွေနဲ့
ကြေးပန်းအိုးစိမ်းပြာကြီးတစ်လုံး လက်ဆောင်ပေးလာပါတယ်။
ကျွန်မတို့ဧည့်ခန်းထဲက
ဂျပန်ပန်းအိုးကြီးဟာ ဂျပန်-မြန်မာ ချစ်ကြည်ရေးသင်္ကေတ လက်ဆောင်ပန်းအိုးကြီးပါပဲ။
ဆက်လက်ဖော်ပြပါမည်
လူထုဒေါ်အမာ
(အမှတ် ၂၀၃၊
အောက်တိုဘာလ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)
ဦးလှက စာတွေကို ရေးတုန်းကတော့ စာအုပ်ထုတ်ဖို့ ရည်ရွယ်ချက်မရှိဘဲ ရေးတယ်။ နို့ပေမယ့် အဲဒီစာတွေကို အစုလိုက် အပုံလိုက်တွေ့တဲ့အခါ စာအုပ်လုပ်ချင်တဲ့စိတ် ပေါက်တတ်တယ်။ သူ ငယ်ငယ်လေးကတည်းက ဒီစိတ်ရှိတယ်။
ဦးလှကို မင်းမနိုင်ကွက်သစ် တဲအိမ်ဖျက်တဲ့ သတင်းနဲ့ ပတ်သက်လို့ သတင်းမှားရေးတယ်ဆိုပြီး အစိုးရက အရေးယူဖမ်းဆီးထားတော့ ဒီအမှုကို မန္တလေးမှာမစစ်ဘဲ ရန်ကုန်ပြောင်းရွှေ့စစ်ပါရစေလို့ တရားလိုအစိုးရရှေ့နေက ရုံးမှာ...
ကျွန်မသိရသလောက် သူ့မှာ စိတ်ကောင်းနှလုံးကောင်း ရှိတယ်။ ဉာဏ်က အထက်မြက်ကြီးတော့ မဟုတ်ဘူး ပုံမှန်ပဲ။ ဒါပေမယ့် ကောင်းတယ်ဆိုတာကို လိုက်နာကျင့်ကြံလိုတဲ့ စိတ်တော့ အမြဲတမ်းရှိတယ်။ အမြဲတမ်းလည်း ကြိုးစားတယ်လို့ထ...