ရွှေဝတ္ထုရှည် စ/ဆုံး

အဝေးကမှန်း ဟိုရွာလမ်း ထီးတန်းကြီး လှပါဘိ

ခင်ခင်ထူး

01 June 2026
အဝေးကမှန်း ဟိုရွာလမ်း ထီးတန်းကြီး လှပါဘိ
Share to

‘တိုင်းမန္တလာ အခြေခံကာ ပြရမှာဖြင့် နှိုင်းဆစရာ ဝေသန္တရာပမာတမျှလိုပ ရွှေခြံနာဂရ မြောက်မျက်နှာတွင် တောက်လက်စွာ အစဉ်ဖြိုးဝေလျက်ရှိပေသော ရှင်ပင်မိုးစွေ ဘုရားဘဂဝါအနီး၌ တရားဓမ္မာမှီးကာ တုမရတော့တာကတော့ ဥဒယရွာ ထိုဂါမ၌ ချိုသာဝစနနှင့် အမြဲနေထိုင်လျက် ရှိကြပေသော ယခုအခါမှာ အလှူ့ဒါယကာ၏ အမိအဖ၊ အလှူ့ဒါယိကာမ၏ အမိအဖ နှစ်ဦးနှစ်ဝ အမှူးထား၍ ကုသလာ အထူးဆောင်ကြိုတတ်ပေသော အလှူ့ဒကာ ဦးအောင်ညိုနှင့်တကွ သမုဒယမျှော်ရလျှင် အလှူ့အစ်မဒေါ်မြတင်တို့က ကုသလမချို့ ဂါရဝဖြင့် သဟာဆွေဆိုတဲ့ မိတ်နံအများတို့အား စာဝေလို့ ဖိတ်မာန်ထားရခြင်း အကြောင်းမှာ...’ မနက်စောစော လုပ်နေကျ အလုပ်ကလေး နည်းနည်းပါးသည့်နေ့မို့ ကျွန်မ ကိုယ်တိုင် စည်းထားခဲ့သော မှတ်စုဟောင်း ဗြုတ်စဗျင်း တောင်းတွေကို ထုတ်ရှင်းရာက သည်အလှူ ဖိတ်စာရွက်ကလေးကို အမှတ်မထင် ကျွန်မတွေ့လိုက်ရခြင်း ဖြစ်ပါသည်။ အလှူဖိတ်စာရွက်ကလေးက ရက်စွဲကို ဖတ်ကြည့်တော့ မြန်မာသက္ကရာဇ် ၁၃၃၂ ခုနှစ်။ နှစ်ပေါင်း သုံးဆယ်တောင် ကျော်ခဲ့ပြီ။ ဟောင်းနွမ်းမြည့်မြည့် အလှူဖိတ်စာရွက်ကလေးကို ဖတ်ရင်း ကျွန်မငယ်စဉ်က ကျွန်မ မိဘများ ချွေးနှဲစာဖြင့် လှူခဲ့ တန်းခဲ့ကြသည့် အညာကျေးလက်က တောရှင်ပြုပွဲကို မျက်စိထဲ မြင်ယောင်လာသည်။

သည်တုန်းက ကျွန်မ မူလတန်းကျောင်းသူဘဝ ပြေးလွှားခုန်ပေါက် ဆော့ကစားနေတုန်းအရွယ် ဖြစ်သည်။ ကျွန်မအထက်က အစ်ကိုနှစ်ယောက်ကတော့ မြင်းခြံမြို့ အလယ်တန်းကျောင်းက ကျောင်းသားကြီးတွေ ဖြစ်နေပြီ။ အစ်ကိုကြီးက ခုနစ်တန်း၊ အစ်ကိုငယ်က ငါးတန်း၊ အစ်ကို ငယ်ထက် နှစ်နှစ်ငယ်သော ကျွန်မက သုံးတန်း။ ကျွန်မ အောက်မှာ မောင်ငယ်သုံးယောက်ရှိရာ တော်တော်ငယ် ကြသေးသည်။ အငယ်ဆုံး မောင်လေးက ရင်ခွင်ပိုက် ကလေးအရွယ်သာ ရှိသေး၏။

ကျွန်မတို့ မိသားစုသည် မြင်းခြံမြို့ကွေ့ကြီးရပ်မှာ နေထိုင်ကြသော်လည်း ဘိုးဘွား မိဘဆွေမျိုးဉာတကာရှိရာ မိဘနှစ်ပါး၏ ဇာတိရပ်ရွာကို ပြန်၍ အလှူပေးကြခြင်း ဖြစ်သည်။ ဇာတိရပ်ရွာကို ပြန်ပြီး အလှူပေးခြင်းဖြင့် ဘိုးရပ် ဘွားရပ်မို့ ကွယ်လွန်ရှာသူတို့ ကုသိုလ်အဖို့ရနိုင်သည် ဟု ယုံကြည်တာပါသလို တစ်စုတစ်စည်းတည်း နေထိုင်ရာ ဆွေဥသြမျိုးဥသြ ရှိကြသည့် ရွာရပ်မှာ လှူတော့ သိုင်းသူဝိုင်းသူ ပေါများနိုင်တာလည်း ပါပါသည်။ အဖေနှင့်အမေက တစ်ရွာတည်းသူ တစ်ရွာတည်းသားတွေမို့ သူတို့ငယ်စဉ်တောင်ကျေး ကလေးဘဝက စာပေသင် ကြားပေးတော်မူခဲ့သော ငယ်ဆရာဘုန်းတော်ကြီးကို လက်ရောက်ဦးခိုက် ပူဇော်လိုသော ဆန္ဒရှိကြတာလည်း ပါပါသည်။

'ကိုယ့်ရပ်ကိုယ့်ရွာမှာ လှူလို့ အမျှအတန်းဝေရင် ကိုယ့်ရွာသချုႋင်းခေါင်းချခဲ့တဲ့ ဘိုးကြီးဘေးကြီးတွေလည်း ကြားရတာပေါ့အေ'

အမေက နောင်အခါမှာ အလှူအကြောင်း စကားရောက်တိုင်း သည်စကားမျိုး ပြောလေ့ရှိသည်။ အမေ့စိတ်ထဲ တကယ်ယုံကြည်စွဲလမ်းလို့ ပြောတာဖြစ်နိုင်ပါသည်။

ကျွန်မ မိဘနှစ်ပါးစလုံး မြင်းခြံမြောက်လက်နယ်အဝင် ဥဒယကျေးရွာ ဇာစ်မြစ်များ ဖြစ်ကြ၏။ အညာကျေးတော ခေါင်ခေါင်မှာ မွေးဖွားကြီးပြင်းကြသော တောင်သူတောင်သားများဆိုတော့ ရွာစိတ်ရပ်စိတ် အလွန်ကြီးမားသူများဖြစ်သည်။ စီးပွားရှာ ဖွေရာမြို့မှာနေကြသော်လည်း ကလေးတွေအရွယ်ရောက်လို့ လှူချိန်တန်းချိန်ကျလျှင် ရွာပြန်လှူကြဖို့ နှစ်ဦးညှိစရာမလိုဘဲ စိတ်တူ ကိုယ်မျှ ရှိခဲ့ကြသည်။ သည်အလှူဖိတ်စာကလေးကို အမေကိုယ်တိုင် အမြတ်တနိုး သိမ်းဆည်းလာခဲ့တာ နှစ်ပေါင်း သုံးဆယ်ကျော်ခဲ့ပြီ။ ကျွန်မ သိမ်းထားပါရစေ ဆိုတာတောင် အမေက နှမြောနေပုံရ၏။

အလှူ ဖိတ်စာကလေးကို ကျွန်မအသံထွက်ပြီး အကြိမ်ကြိမ် ဖတ်ကြည့်မိပါသည်။ ဖတ်ရတာကပင် လွမ်းစရာကောင်းလှသည်။ ကျွန်မတို့ရွာတွေမှာ အလှူဖိတ်စာရိုက်တော့မည်ဆိုလျှင် ကာရန်တွေ၊ နဘေထပ်တွေ လှိုင်လှိုင်သုံးကာ တဖွဲ့တနွဲ့ ရေးစပ်ကြသည့် အလေ့ရှိသည်။ အလှူဖိတ်စာရပြီ ဆိုလျှင် ဖတ်သူကလည်း စိတ်ထဲက ဖတ်ကြတာ မဟုတ်ပါ။ တစ်အိမ်လုံး ကြားနိုင်အောင် အသံနေ အသံထားနှင့် ဋ္ဌာန်ကရိုဏ်းကျကျ ဖတ်ကြသည်။ အလှူဖိတ်စာ အဖတ်ကောင်းသဟဲ့ ဆိုလျှင် ဟိုအိမ်သည်အိမ်က တကန်တက ခေါ်ယူကာ အဖတ်ခိုင်းလေ့ ရှိကြ၏။ အလှူဖိတ်စာ အဖွဲ့အစပ် ဟန်မကျလောက်ဘူး ထင်လျှင်တော့ ဖတ်နေရင်းက ဖျတ်ခနဲရပ်ကာ 'ညံ့ချက် တော့ကွာ'ဟု ဆိုတတ်ကြသလို ဖိတ်စာအစပ်ကောင်းလျှင်တော့ သီချင်းလို အသံကလေး ထည့်ဆိုကြသေးသူတွေ ဖြစ်၏။ ပြီးလျှင်တော့ တစ်သက်လုံး သိမ်းထားကြတော့သည်။

'ပွဲဆောင်တို့ အလှူတုန်းက ဖိတ်စာစပ်ကောင်းချက် ရက်စက်သယ်။ မြောက်ရပ်က ဘကြီးကံနဲ့ မောင်ချောတို့ ဆရာတပည့် ရေနွေးကြမ်းတစ်အိုးချ စပ်ကြသာဟဲ့။ ဖိတ်စာစပ်ရသာကိုက ငါ့စိတ်ထင် တစ်လ ကိုးသီတင်း ကြာသယ်မှတ် သာပဲ။ ငါဖြင့် စိတ်ကူးရတိုင်း အိမ်ကကောင် ငထီကို ဖတ်ခိုင်းရသာ အမော။ ငတို့ ရွာမယ် လှူကြပေါင်း များပါပြီ။ အေးမောင် အလှူဖိတ်စာ မစွံဆုံးဘဲ။ ကတည်းမှ ကျည်းတောချောင်း ချောက်ကြီးထဲ လှည်းကျွံ ရုန်းနေသာကျလို့ နင်းကျိုး နင်းကျွံနဲ့'

ကိုယ့်ရွာ ကိုယ့်တောမှာ အလှူပေးတာဆိုတော့ ဖိတ်ရမည့် ဆွေဆွေမျိုးမျိုးတွေက များလွန်းလှသည်။ တစ်အိမ်တစ်စောင် လိုက်ဝေရလျှင် ဖိတ်စာလောက်နိုင်မှာမဟုတ်။ ပြီးတော့ ဟိုအိမ်သည်အိမ်၊ သူ့အမျိုးကိုယ့်အမျိုး မေ့ကျန်ခဲ့လျှင် တစ်သက်စာ ပြောဆုံးမည်မဟုတ်။ သည်တော့ ရွာဆော်လုပ်သူက ဖိတ်စာကို လမ်းဆုံလမ်းခွ မှန်သမျှ တစ်ရွာဝင် တစ်ရွာထွက် ဆိုသလို ရပ်ပြီး အသံကျယ်နိုင်သမျှ ကျယ်အောင် ဖတ်ပြရတာမျိုးလည်း ရှိပါ၏။

'၁၃၃၂ ခု၊ တပေါင်းလဆန်း ၁၁ ရက်နေ့ အလှူဝင်၍ ညတွင် မြင်းခြံလှစန်းကြည် အငြိမ့်ပွဲ။ လူရှင်မမေ့စရာ တွက်လျှင် ၁၂ ရက်မှာတော့ မသွေကြွဘိသိက် ဆရာမြက ငွေခရုနှင့် အောင်ဇေယျတု သွန်းပဏ္ဏာဆက်အပြီး တစ်သောင်းခရီးဆွေသဟာတို့ တပေါင်းတည်း ပရိတ်တရားတော်နာဖို့ ကြွကြပါရန် ဖိတ်ကြားလွှာစေထား ပြုလိုက်ပါတယ်။ စိန်ရွှေရတနာ လျှမ်းပါတ်အလှူ မင်္ဂလာမဏ္ဍပ်သို့ အိမ်ကို ဆူးဆို့ကလေးလက်တို့ ခွေးအို့အို့ ခေါ်ကြွရောက်တော်မူကြပါဗျိုး'

သည်လို ရွာလုံးကြား ဗျိုးဟစ်ရသည်။ 'ဗျိုးဟစ် ဖိတ်သာတော်' ဆိုတာမျိုးကျတော့ အယုတ်အလတ် အမြတ်မရွေး အလှူကို လာနိုင်သည်။ သူ့ မဖိတ်လို့၊ ငါ့ မဖိတ်လို့ ဆိုတာမျိုးမရှိ။ အကဲ့ ရဲ့လည်း လွတ်၏။

ဖိတ်စာရယ်မှ မဟုတ်ပါ။ အလှူအခမ်းအနား၊ မဏ္ဍပ်ဆင်၊ အကျွေးအမွေးက အစ ရှင်လောင်းလှမလှအဆုံး ဘိသိက်ဟန်မဟန်ပါ မကျန်ရအောင် ကောင်းတော့လည်း ကောင်းသလို၊ မကောင်းတော့လည်း မကောင်းသလို ဗြောင်ကဲ့ရဲ့ ချီးမွမ်းလုပ်တတ်ကြသည်မို့ အဖက်ဖက်က မလစ်ဟာရအောင် ထောင့်စေ့နိုင်မှ တော်ကာကျရသည်။ ရွာဓလေ့၊ ရပ်ဓလေ့ဆိုတော့ စကားချိုချို၊ လေချိုချိုဟန် လုပ်တာတွေ မရှိ။ အပြစ်ဆိုကြသော်လည်း နှိမ့်နှိမ့်နှဲနှဲ ဟင်းရေပက်ဟင်းခွက်စင် ပြောကြတာမျိုး မဟုတ်ပါ။ အနီးမွှေးမှ အဝေးကြိုင်စေချင်ကြသည့် စေတနာမျိုးသာ ဖြစ်ပါ၏။

၂။

ကျွန်မတို့ မိသားစုနေထိုင်ရာ မြင်းခြံမြို့မှ ရွာကို အလှူပြန်ကြသည့်နေ့ကိုလည်း ကျွန်မ ကောင်းကောင်း မှတ်မိနေပါသေးသည်။ အတန်းတင်စာမေးပွဲကြီး ဖြေဆိုပြီးကြသည့် တပေါင်းလ နွေရာသီ ကျောင်းပိတ်ရက်ထဲမှာပဲ ဖြစ်သည်။ အဖေက မြင်းခြံဆိပ်ကမ်းမှာ မော်တော်စင်းလုံး ပြတ်ငှားကာ ကျွန်မတို့ တစ်တွေကို ရွာခြေအရောက် တင်ခေါ်လာခဲ့သည်။ မော်တော်ပေါ်မှာလည်း အလှူအတွက် လိုအပ်သမျှ ပစ္စည်းတွေအပြည့်။ ကျွန်မတို့ မောင်နှမတွေကတော့ ရွာကို ပြန်ရတာရော အလှူကြီး လှူရမှာကိုပါ တွေးရင်း ပျော်လို့မဆုံး တပြုံးပြုံးပေါ့။ အလှူမတိုင်ခင် တစ်လလောက်ကတည်းက အလှူ့ရှင်မိသားစုတို့ ရွာကို ရောက်နှင့်ကြရတာကလည်း ရပ်ရွာထုံးစံပဲ ဖြစ်သည်။ အလှူနှင့်စပ်သမျှ ကိစ္စအဝဝကို ဆွေမျိုးများနှင့် တိုင်တိုင်ပင်ပင် ရောရောနှောနှော တပျော်တပါး ဆောင်ရွက်ကြရတာမို့ တစ်ရွာလုံး အုန်းအုန်းကျွက်ကျွက်။ ယုန်အတွက် ချုံက ကြောင့်ကြရသလို စိတ်မောနေကြသူတွေ မဟုတ်လား။

ရွာဆိပ်ကမ်းကို မော်တော်ကပ်လိုက်သည်နှင့် လာကြိုသူတွေက ရေဆိပ်ကမ်းညွှတ်။ နှုတ်ဆက်ကြ၊ စကား ဖလှယ်ကြ။ ပစ္စည်းတွေ သယ်ကြပိုးကြ။ ရွာဦးဆရာတော် ကျောင်းရှေ့ရှိ သော်ကပင်ကြီး နှစ်ပင်ပေါ်တက်ချိတ်ထားသော လော်စပီကာသံကပင် ကျွန်မတို့ကို ဆီးကြို လိုက်ပါသည်။

'အလှူ့တကာနဲ့ အလှူ့အစ်မတို့ ရွာဆိပ်ရောက်ကြပါပြီ။ ရွာထဲက ဆင်းသယ်ကြပါဦးဟ။ ပစ္စည်းတွေ ဂရုစိုက်ဟေ့။ ကိုလှကြီးက ဦးဆောင်ပြီး ကြီးကြပ်ပါဟေ့'

အဖေရော အမေပါ ဝမ်းနည်းဝမ်းသာ မျက်ရည်တွေ စီးကျနေကြသည်။ ကျွန်မတို့ တည်းအိမ်ဝရောက်တော့လည်း အဘ(အမေ့၏အဖေ)က ဖျင်တဘက် ခေါင်းပေါင်းကြီးနှင့် မိန့်မိန့်ကြီးရပ်ကာ အလှူရှင်များကို ဆီးကြိုလိုက်သော မင်္ဂလာနှုတ်ဆက်စကားကိုပင် ကျွန်မ အမှတ်ထင်ထင် ရှိနေပါသေးသည်။ အဘကလည်း မျက်ရည်တွေနဲ့ပါ။

'အိုဗျာ့... မင်းကြီး ဝေသန္တရာနဲ့ မဒ္ဒီဒေဝီ သူတော်ကောင်းတို့ ရွာကို ဘာအကြောင်းနဲ့များ ကြွလာကြသာတုံး'

'အလှူကြီးပေးဖို့ပါ အဖေ'

'သာဓု သာဓု သာဓု... နတ်သူတော်ကောင်း၊ လူသူတော်ကောင်းများကလည်း စောင့်ရှောက်ကြပါပြီ၊ မင်္ဂလာ ရှိပါပြီ။ ကိုင်း... ဝင်ကြပေရော့'

သားသမီးများ၏ အလှူတော်ကို မင်္ဂလာရှိသော အတိတ်ဆောင် နိမိတ်ဆောင် စကားများဖြင့် ရွာအဝင်၊ အိမ်အဝင် ကျက်သရေရှိအောင် အတိတ်နိမိတ် ယူလိုက်ခြင်းသာ ဖြစ်၏။ အဘအိမ်မှာ တစ်အောင့်နားကြပြီး ကျွန်မတို့ အလှူခင်းမည့် ရွာဦး ဆရာတော်ကြီးကျောင်းကို မိသားတစ်စုလုံး ထွက်လာခဲ့ကြသည်။ ကျောင်းဝင်းထဲတွင် အလှူမဏ္ဍပ်ဆောက်ဖို့ ဝါးလုံးတွေ၊ နှီးလျှော်စည်းကြီးတွေ ပုံထားနှင့်ပြီ။ သည်ဝါးတွေက အလှူအတွက် ဖောင်တစ်ပစ်စာ အထက်အညာမှ တကန်တက ကိုယ်တိုင် သွားရောက်တွဲယူလာကြခြင်း ဖြစ်သည်။

ကျောင်း အနောက်ဘက် သစ်ပင်ရိပ်အောက်က ထင်းဖြတ်နေကြသူတွေက အဖေ့ကို ဝမ်းသာအားရ နှုတ်ဆက်ကြသည်။ မောင်မင်းကြီးသား အလှူပေးနိုင်ပေလို့သာ ငတို့များ ကုသိုလ်ယူကြ ရတယ် အောက်မေ့ကြသူတွေ။

အလှူအတွက် ထင်းကို တကန်တက ဝယ်စရာမလို။ ကျွန်မတို့ရွာက သစ်ကြီးဝါးကြီး ပေါသော ရွာဖြစ်သည်။ မန်ကျည်းပင်ကြီးတွေ၊ ကုက္ကိုပင်ကြီးတွေက နေရာတိုင်းလိုလိုမှာ ရှိသည်။ ကိုယ့်ဆွေ ကိုယ့်မျိုးထဲက အလှူပေးပြီဆိုလျှင် 'ဟောသည် မန်ကျည်းသုံးပင်ကို ကျုပ်က အလှူကူသယ်ဗျာ၊ ခုတ်သာ ခုတ်ကြပေရော'ဆိုကာ လက်ညှိုးထိုး အလှူကုသိုလ်ဝင်တတ်ကြသည်။ ကိုယ့်အလှူ၊ သူ့အလှူ ထင်းကူကြ၊ ဆိုင်းကူကြ၊ ဘိသိက်ကူကြ၊ အငြိမ့်ကူကြနှင့် ဝိုင်းတတ်ဝန်းတတ်တာကလည်း အညာတော ဓလေ့ ဖြစ်၏။

ဘကြီးပေါက် ကုသိုလ်ဝင်လိုက်သော မန်ကျည်းသုံးပင်ကို လွှဖြင့်တိုက်ဖြတ်ကာ ဆရာတော့်ကျောင်း အရောက်သယ်ပြီး အလှူအတွက် ထင်းဖြတ်နေကြသည့် အားကောင်းမောင်းသန် ယောကျ်ားတွေမှာ ချွေးတွေရွှဲလို့။ အလှူမတိုင်ခင် ရက်များတွင် ယောကျ်ားမှန်လျှင် ခါးကြားထဲ ဓားမနှင့် နှီးစလျှော်ပင်ကလေးတွေနှင့်။ မိန်းမပိုင်းကတော့ မောင်းထောင်းကြ၊ ဆန်ရွေးကြ၊ ဆေးလိပ်လိပ်ကြ၊ ရေခပ်ကြနှင့်။

'ဟဲ့ မိကျော့၊ ညည်း သည်ကနေ့ အလှူအိမ်ရောက် ပြီးပလား'

'မရောက်ရသေးပါဘူး မကြီးအုံးရယ်။ အိမ် အလုပ်ကလေး လက်စသတ်ပြီးရင် တစ်အောင့်ခဏ သွားဦးမှ'

'အိမ်အလုပ်က တစ်သက်လုံး လုပ်ရမယ့် အလုပ်ပါအေ။ ကိုယ့်ရွာ အလှူကလေး လှူသူရှိတုန်း ကုသိုလ်ယူရသာ၊ သွားစမ်းဦးဟဲ့'

တစ်နေ့တစ်ရက် အလှူ မဏ္ဍပ် တစ်ခေါက်မရောက်ရ မနေနိုင်ကြသူတွေ။ တစ်နေ့လောက် မရောက်မိလျှင် စိတ်ထဲ ဝတ္တရားမကျေပွန်လေခြင်း၊ တာဝန်မဲ့မိလေခြင်း အောက်မေ့တတ်ကြသူတွေ။

ကျောင်းအောက်မှာ ဆန်ရွေးနေကြသော ကြီးတော်တုတ်တို့တစ်တွေကို နှုတ်ဆက်ပြီးတော့ ကျွန်မတို့ မိသားစုကျောင်းပေါ်တက်ကာ ဆရာတော်ကို ဝတ်ဖြည့်ကြသည်။ ရောက်မဆိုင်း ဆိုသလို ဆရာတော်က အလှူမဏ္ဍပ်ဆောက်ဖို့ကအစ အလှူအစီအစဉ်တွေပါ ဆွေးနွေးတိုင်ပင်သည်။ ကျောင်းပေါ်မှာလည်း ကျွန်မတို့အလှူအတွက် အလှူရံပစ္စည်းများဖြစ်သည့် ဆန်အိတ်တွေ၊ ဆီပုံးတွေ၊ ငါးခြောက်တွေ၊ ပရိက္ခရာရှစ်ပါး၊ သင်္ကန်းပန်းရောင်စုံတွေ အပြည့်။ ကျောင်းအောက်က ကပ်ကြမ်းတွေပေါ်မှာလည်း ကြက်သွန်တွေ၊ ကျောက်ဖရုံသီးတွေ ကျင်းထားလိုက်သေးသည်။ ပုတ်တောင်းကြီး တွေထဲမှာတော့ ပြောင်းဖူးဖက်စည်းတွေ၊ ဆေးရိုးဆေးကြေတွေ တင်းလို့။ နရန်းရွာ တွေကပါ နွှဲကြမည့် အလှူတော် မဟုတ်လား။

ဆရာတော် ကိုယ်တိုင် ရွေးပေးတော်မူသည့် နေ့ကောင်းရက်သာတွင် အလှူမဏ္ဍပ်တိုင် စထူကြရသည်။ မဏ္ဍပ်တိုင် ထူတော့လည်း မင်္ဂလာယူကြသည်။ သစ်ကြမ်းဝါးကြမ်း မပါအောင် ပရိတ်တော်မွှမ်းခြင်း၊ ပရိတ်တော်ပန်းများချည်ခြင်း ပြုလုပ်ကြရသည်။ အောင်သပြေညွန့်၊ မြေဇာညွန့်၊ အုန်းညွန့်၊ သီးညွန့် စသည့် အညွန့်များနှင့်အတူ ကန်တော့ပွဲပေးရသည်။ မဏ္ဍပ်ကြီး အကြမ်း ထိုးပြီးပြီဆိုမှ ထီးရိုးဝါးရှည် ရှည်ကြီးတစ်လုံးမှာ အပေါ်ဆုံးက သာသနာ့အလံ၊ အောက်က အလှူတော်အလံဖြူကို ချည်ကာ အဝေးက မြင်နိုင်အောင် လွှင့်ထူကြရသည်။ အလံဖြူကလေးကို တစ်ရွာလုံးက လှမ်းမြင်နိုင်သလို သစ်ခင်းသစ်ကွက်များရှိရာ တောထဲကလည်း အထင်းသား မြင်ရသည်။ သည်အလံဖြူကလေး တလွင့်လွင့် လွင့်နေတာ မြင်ရခြင်းကိုက ငတို့ရွာမှာ အလှူကြီး လှူတော့မည် ဆိုသည့် သဘော ဖြစ်ပါသည်။

တစ်ရွာလုံးကလည်း အလှူတော် မကျင်းပမီကပင် အလှူစိတ်တွေ ဝင်နေကြတော့၏။

၃။

ကျွန်မတို့ ရွာရောက်သည့်ရက် နောက်ပိုင်း အဘအိမ်မှာ စိတ်ကူးလက်ရ နားနားနေနေ နေရသည်မရှိ။ မနက်မိုးလင်းသည်နှင့် ရွာဦး ဆရာတော်ကျောင်းကို အခေါက်ခေါက် ရောက်ကြရပြီ။ ကျွန်မတို့ အလှူ့ရှင် မိသားစုမှ မဟုတ်ပါ။ ရွာနေ ပြည်ထိုင် လူကုန်နီးပါး သူဝင် ငါထွက် စဲသည်မရှိ။ အဘိုး အရွယ်၊ အဘအရွယ် သက်ကြီးရွယ်အိုတွေက မဏ္ဍပ်ဦး သံဃာစင်မှာ ထိုင်ကြရင်း နှီးဖြာကြ၊ တံခွန်ကုက္ကားမုလေးပွားလုပ်ကြ၊ တရားဆွေးနွေးကြ၊ အလှူအတွက် ဆွေးနွေးတိုင်ပင်ကြနှင့် လက်ဖက်ရည်ကြမ်း ဝိုင်းဖွဲ့နေကြသည်။ ဆေးလိပ် အလိပ်ကောင်း နာမည်ရကြသော မိန်းမကြီးပိုင်းတွေက ပြောင်းဖူးဖက် လိပ်ကြရသည်။ ဆေးရိုးစစ်စစ်ချည်း ဆေးစပ်ပြင်းမှာစိုး၍ ဥန္နဲရိုးကလေးနှင့်ရောကာ မန်ကျည်းသီး အနှစ်ကလေးနှင့် လောလောနှပ်ထားရပါသေးသည်။ အလှူအတွက် သီးသန့်ရွေးချယ်ထားသော ပြောင်းဖူးဖက်ချောကြီးတွေကိုက အထုပ်လိုက်၊ အစည်းလိုက်။ ပြောင်းဖူးဖက်ကို ခံကာ ဆေးရိုးစပ်ထည့်၍ တံတောင်လောက်ရှိသော ဆေးလိပ်ကြီးတွေ လိပ်နေကြပုံကို ကျွန်မမျက်စိထဲ မြင်ယောင်နေဆဲ ဖြစ်သည်။ လိပ်ပြီးသား ဆေးလိပ်ကြီးတွေကို ပုတ်တောင်းကြီးထဲ ထောင်ကာ အခွေလိုက် လှည့်၍ စီကာစဉ်ကာ ထည့်ထားရသည်။ ကျွန်မတို့အလှူက ပြောင်းဖူးဖက်ဖြူလိပ် ကမ်းမှာဆိုတော့ ပုတ်ကြီးတစ်လုံးစာ လိပ်ရခြင်း ဖြစ်၏။ အလှူပြန်သူတိုင်း၏ လက်ထဲမှာ ပြောင်းဖူးဖက်ဖြူလိပ်ကြီးတွေ ကိုယ်စီနှင့်။

အလှူဝင်ရက်မှာ မိဆိုင် ဖဆိုင် နတ်တင်ဖို့ မုန့်ဖြူမုန့်နီ ကြော်ရန်အတွက် ကောက်ညှင်းမုန့်၊ ဆန့်မှုန့်တွေရအောင် မောင်းထောင်းနေကြသော သားသည်မိခင်တွေကလည်း တောအကြောင်း၊ တောင် အကြောင်း မောင်းချက်ကျသံနှင့်အပြိုင် ပွက်ပွက်ညံညံ ရှိလေသည်။ အပျိုကြီးတွေ၊ အပျိုလေးတွေကတော့ ရွာ့အနောက် ခြေနှစ်ဖာလုံ လောက်ဝေးသော ဧရာဝတီ မြစ်ကြီးထဲက မြစ်ရေတွေကို ကူကယ်ခေါက်ကယ် ရွက်ကာ ရာ့ငါးဆယ်ဝင် (ပိဿာ ၁၅ဝ) စဥ့်အိုးကြီးတွေထဲ ခပ်ကာ ထည့်ကြသည်။ ဘယ်သူ ဘယ်နှခေါက်ဆိုတာပင် မရေနိုင်တော့။ ဆရာတော့်ကျောင်းမှာ ရေချိုတွင်းကြီး ရှိသော်လည်း ဧရာဝတီမြစ်ရေကိုမှ ချိုသည် လေးသည်၊ ပြောင်သည် စင်သည် ထင်ကြသူတွေ။ နေဝင်ဖျိုးဖျတိုင်လျှင် ဆရာတော့်ကျောင်းဝင်းနှင့် မြစ်ဆိပ်ကြား ကမ်းပါးဆောင်း သောင်ပြန့်မှာ ရေခပ်ကြသူတွေ ပုရွက်ကြောင်း လိုက်နေကြတော့သည်။

ကန်တော့ပွဲများအတွက် ငှက်ပျောသီးကို အပင်လိုက် ခုတ်ယူလာကာ မဏ္ဍပ်တိုင်တွေမှာ ချည်ထားလိုက်ကြပြီ။ အလှူမှာကျွေးဖို့ ရည်ရွယ်ပြီး အလှူမတိုင်ခင်ကတည်းက အချိန်ကိုက်ကာ စိုက်ထားသော ကျောက်ဖရုံခင်းထဲမှ ကျောက်ဖရုံသီး ဖွေးဖွေးတွေကို လှည်းနှင့် တိုက်လာကာ ကျောင်းအောက်မှာ အသီးချင်းထပ်အောင် ထောင်ထားလိုက်ကြပြီ။ သည်ကျောက်ဖရုံသီးတွေကို ခြမ်း၊ ဂျစ်နှင့်ခြစ်၊ အပူရည် အစပ်ရည်ထွက်အောင် ကျောက်ဖိထားရသည်။ လက်ညှိုးလောက်၊ လက်သန်းလောက်ရှိသည့် မြစ်ငါးဖျဉ်းတောင့်ခါးသွယ်ကလေးတွေကို ထမင်းသန့်သန့်ဖြင့် ဆားကိုက်ထားသော ငါးချဉ်နှင့် ကျောက်ဖရုံကျောက်ဖိနှစ်မျိုးရောကာ စဥ့်အိုးကြီးတွေထဲ အပြည့်ထည့် ၍ ဂုတ်သိပ်ထားရသည်။ အလှူမတိုင်ခင် ငါးရက်လောက်အလိုမှာ ဖော်ယူကာ ဆီ၊ ကြက်သွန်နီ၊ ကောက်ညှင်းဆန်၊ ငရုတ်ရည်များနှင့် လောလောနယ်ကာ စဥ့်အိုးကြီးတွေထဲ အပြီးနှပ်ထားရပြန်သည်။ အလှူရုံစမ်း (အလှူစဝင်သည့်နေ့) ရောက်တော့မှ စဥ့်အိုးကြီးတွေထဲက သန့်သန့်ဖော်ပြီး အလှူလာ ပရိသတ်ကို ကျွေးရသည်။ ကျောက်ဖရုံသီးဖတ်ကလေးတွေက အုန်းသီးဆံလို ဆိမ့်ပြီး ထုပ်ထုပ်ကလေး ဖြစ်နေတော့ ငါးချဉ်သုပ်ဟု အမည်တပ်ရသော်လည်း ငါးရယ်၊ ကျောက်ဖရုံရယ် မရွေးတော့ဘဲ အထွေးလိုက် မြှုပ်စားကြသည်။ သည်ကျောက်ဖရုံ ငါးချဉ်ဟင်းစပ်က ကျွန်မတို့ အလှူမှာ နာမည်အရဆုံး။

'ကိုရင်ညိုတို့ အလှူတုန်းက ငါးချဉ်သုပ်ကောင်းချက်တော့ ငါဖြင့် ငါးခြောက်ဟင်းတောင် ဇွန်းမကူးမိပေါင်ဗျာ'

ကျွန်မတို့ မြင်းခြံမြောက်လက်တစ်ဝိုက် ကျေးရွာများတွင် အလှူထမင်း၊ အလှူဟင်းကို မက်မက်မောမော ရှိတတ်ကြသည်။ အိမ်ထမင်း၊ အိမ်ဟင်းထက် အလှူထမင်းဟင်းကို ဒါနမြောက်စေခြင်းငှာ သုံးဆောင်ကြခြင်း ဖြစ်သည်။ အလှူထမင်း၊ အလှူဟင်းက အသက်ရှည် ကျန်းမာသည်ဟု အယူရှိကြသည်။

'အလှူက ဘာကျွေးတုံးဟဲ့'

တစ်ယောက်ယောက်က မေးလျှင် ဝက်သားကျွေး၊ ငါးခြောက်ကျွေး စသဖြင့် အဓိကဟင်းလျာကိုပဲ ပြောလေ့ ရှိကြသည်။ ကျွန်မတို့ အလှူကတော့ ငါးခြောက်ကျွေး။

အလှူ ထမင်းဟင်းချက်(အိုးကြီးချက်) နာမည်ကျော် ဘကြီးချင်းတို့၊ ဦးလေးပွဲတို့၊ ကိုကြီးတင်မြင့် တို့တစ်တွေ ခါးတောင်း မြှောင်အောင် ကျိုက်ထားကြရင်း သရက်ပင်ကြီးတွေအောက် မီးတရဲရဲ ချွေးတလုံးလုံးဖြင့် ချက်ကြ၊ ပြုတ်ကြပုံ တွေကို အမှတ်ရမိ၏။

ငါးခြောက်ကို ဆားငန်ရည်ပေါ့သွားအောင် ငှက်ပျောအူနှင့် ရောပြုတ်ကာ ဆားနုတ်ကြရသည်။ ပြုတ်ပြီးသား ငါးခြောက်တုံးတွေကို ထောင်းမောင်းထဲထည့်ထောင်းကာ အရိုးအရေ ခြွေပစ်ကြရသည်။ အကွင်းလိုက် လှီးပြီး နေပြထားသည့် ကြက်သွန်နီတွေကို ဆီနှင့် အဖုံးအုပ်ကြော်ပြီး မကြွပ်ခင် ခပ်စိုစိုကလေးမှာ ငါးခြောက်ထောင်းထည့်ပြီး မွှေကြရသည်။ ဆီကလေးစိုစိုနှင့် အိစက်နေသော ငါးခြောက်ဟင်းကို ကျွန်မတို့ရွာကတော့ 'ငါးခြောက်အစိုထိုး'ဟု ခေါ်ကြသည်။ ကြက်သွန်ကို သပ်သပ် ကြွပ်နေအောင်ကြော်၊ ငါးခြောက်ကို သပ်သပ်ကြွပ်နေအောင်ကြော်ပြီး လောသည့်အစပ်ကိုတော့ 'ငါးခြောက်ကြော်' ခေါ်ကြ၏။ ငါးခြောက်အစိုထိုးကတော့ စားလို့လည်း အရသာရှိသည်။ ဆီကလေး၊ ပျားကလေးနှင့်ဆိုတော့ လျှာစိုတာပေါ့။ ငါးခြောက်အစိုထိုး ကျွေးသတဲ့ဆိုသည့် ဂုဏ်ကလည်း ရှိသေးသည်။

ငါးခြောက်အစိုထိုး၊ ကျောက်ဖရုံသီး ငါးချဉ်သုပ်၊ ဆီမီးခုံ ငရုတ်သီးကြော်၊ ကုလားပဲစိမ့်ထိုး၊ မှန်ရောင် ဟင်းချို။ သည်ဟင်းစပ်က ကျွန်မတို့ ရွာတစ်ဝိုက်မှာ နာမည်ရသော အလှူဟင်းစပ်ပဲ ဖြစ်သည်။ ရွာ့ထုံးစံ အလှူမတိုင်ခင် ခုနစ်ရက်လောက်ကတည်းက လုပ်သူကိုင်သူ၊ ဝိုင်းသူဝန်းသူတွေကို ခုံကြီးဝိုင်းကြီးခင်းကာ မဏ္ဍပ်ထဲမှာပဲ ထမင်းစကျွေးရပြီ။ ဟင်းကြီးဟင်းကောင်း မဟုတ်သည့်တိုင် ရွာထွက်ခရမ်းချဉ်သီးနှင့် ငါးကလေးခြောက် ဒလိမ်းထိုး၊ ပဲဟင်းချို၊ သရက်ချဉ်ပိုးတီသုပ်သည်ပင် ဂွဲသတ်လို့ မရအောင် စားကောင်းလှသည်။ ခုနစ်ရက်၊ ခုနစ်လီ ထမင်းရည်ချောင်းစီးဆိုတာ ဒါမျိုးကို ပြောတာများလား။

အလှူရုံစမ်းရက် ညနေမှာတော့ ထန်းလက်တွေ ကာထားသော ထမင်းရုံကြီးထဲမှာ တစ်ရွာလုံးရှိသမျှ လူကြီးကလေးတွေ အပြည့်။ ညရောက် ဖိတ်ကြားထားသော နရန်းရွာတွေက ဧည့်သည်တွေကိုလည်း ကျွေးမွေးဧည့် ခံရပြီ။ ရုံဖွင့်လို့လည်း ခေါ်၊ ရုံဆန်းလို့လည်း ခေါ်သော အလှူရုံစမ်း ညနေမှစ၍ တစ်ရွာလုံး မီးခိုးတိတ်။ အလှူထမင်းရုံရှိရာသို့ တောင်ဝှေးကလေး ထောက်ကာ ထောက်ကာ အရောက်လာရင်း ထမင်းသုံးဆောင်ကြသော ဘကြီးအိုနှင့် အမေကြီးငြိမ်းတို့ကို ကျွန်မ သတိရမိ၏။

'ရုံစမ်းထမင်းလေး စားချင်လွန်းလို့ဗျာ။ ဗျောသံကြားသာနဲ့ မယ်ငြိမ်းလာဟဆို ထွက်လာခဲ့ကြသာပဲ။ သာဓုဗျာ...သာဓု...သာဓု'

တောင်ဝှေးကလေး ကူသော်မှ မရောက်၊ မလာနိုင်ကြသူတွေအတွက် နီးရာစပ်ရာ တာဝန်ယူကာ အလှူ ထမင်းအုပ် ပို့ကြရသည်။ ရပ်နီးရပ်ဝေး ရောက်လာသမျှ မျက်နှာကြီး၊ မျက်နှာသေး တန်းတူရည်မျှ မလောက်မင မရှိစေရ။

အလှူကြီးနေ့ ရောက်တော့ ရွာထိပ်အရပ်လေးမျက်နှာတွင် နှီးကြမ်းဖျာကြီးတွေ ခင်းကြီး အလှူမှာကျွေးသည့် ထမင်းစုံ၊ ဟင်းစုံအတိုင်း အပုံကြီးတွေ ပုံထားကြရသည်။ မကျွတ်မလွတ်သေးသူတွေအတွက် ရည်စူးကာ အမျှအတန်းများ ဝေကြ၏။

အလှူပြီးပြီဆိုတော့ ကျွေးလို့ပိုသမျှ ငါးခြောက်အစိုထိုးတွေကို အိမ်စေ့ဝေငှ ရသေးသည်။ အလှူပြီး၍ တစ်လကိုးသီတင်းကြာသည့်တိုင် ရွာထဲရှိသမျှ အိမ်တွေမှာ ကြောင်အိမ်ဖွင့်လိုက်သည်နှင့် အလှူနံ့တွေ ထောင်းထောင်းထနေတုန်းပင်။ တကယ့်ကို ဖောဖောသီသီကြီး လှူခဲ့တန်းခဲ့ရတာကိုပဲ အဖေနှင့်အမေမှာ ပီတိမျက်ရည်တွေ စို့ဝေနေတာ ကျွန်မ ကောင်းကောင်း မှတ်မိပါ၏။

သည်လို အလှူကြီး လှူဖြစ်အောင် အဖေနှင့်အမေ ခါးချိအောင် ကြိုးစားရုန်းကန် စုဆောင်းခဲ့ရသည်ကိုလည်း ကျွန်မတို့ မောင်နှမတစ်တွေ မြင်ရည်ကြားရည် ဝခဲ့ရသည်။

'ချွေးနှဲစာကလေးနဲ့ လှူချင်လွန်းလို့ အဖေဖြင့် ထီတောင် မထိုးခဲ့ပေါင်ဗျာ'

အဖေ ဆိုခဲ့ဖူးသော စကားဖြစ်၏။ ချွေးနှဲစာဆိုသည့်အတိုင်း အဖေနှင့်အမေသည် နဖူးကချွေး ခြေမကျအောင် လုပ်ကိုင်ရှာဖွေခဲ့ရသည်။ ဧရာဝတီမြစ်ရိုးတစ်လျှောက် စုန်ဆန်ကူးလူးရင်း ရှေးက အညာဆန်လှေကြီး တစ်စင်းဖြင့် ကိုယ်တိုင်လှေထိုး၊ ကိုယ်တိုင်ကုန်တင်ကုန်ချ လုပ်ခဲ့ကြသည်။ စဥ့်အိုးဖောင်တွေ ကိုယ်တိုင်တွဲကာ ဆယ့်နှစ်ပွဲလိုက်ပြီး စဥ့်အိုး စဥ့်ခွက်နှင့် မြေထည်များ ဆိုင်ခင်း ရောင်းချခဲ့ကြသည်။ တကယ့်ကို ကိုယ်ကာယအားဖြင့် ပင်ပန်းကြီးစွာ ရှာဖွေစုဆောင်းပြီး တစ်မူးစု၊ တစ်ပဲစု စုရာက ဖြစ်မြောက်ရသော အလှူတော်ကြီး မဟုတ်လား။ အလှူအတွက်ရည်ကာ သုံးနှစ်သုံးမိုးမက ဆန်ဆိုလျှင်တစ်အိတ်ချင်း၊ သင်္ကန်းပရိက္ခရာကလေး တစ်မယ်ချင်းဆိုသလို သားကြီး လူပျိုပေါက်ကို အရိပ်လိုကြည့်ရင်းက သာမဏေဘောင်တက် နိုင်အောင် အားသွန်ခွန်စိုက် လုံးပန်းခဲ့ရသည်။

'အရင်းမစိုက် လှေထိုးလိုက်ဆိုသဲ့စကားဟာ အလွန်လွဲသဲ့စကားပဲ။ လှေထိုးသားများဟာ ကိုယ်ကာယအားကို အရင်းရဆုံးပေါ့။ ကျွဲပခုံးထအောင်၊ အသားမာတက်အောင် ရုန်းရသာ။ အဖေဖြင့် ကိုယ့်ခွန်ကိုယ့်အားနဲ့ ရင်းပြီး ရတဲ့ငွေနဲ့ လှူရသာဆိုတော့ ကျေနပ်လိုက်သာမှ၊ ပခုံးနဲ့ ထမ်းပြီး လှူရသဲ့ အလှူကွယ့်'

ပခုံးနဲ့ထမ်းပြီး လှူရတဲ့ အလှူဆိုတာ တင်စားပြောခြင်း မဟုတ်ပါ။ သားငါးယောက်ဖခင်ပီပီ ပဗ္ဗဇ္ဇ အမွေကောင်းကို ပခုံးစောင်းအောင် ရှာဖွေရင်း သန့်ရှင်းစွာ လှူဒါန်းခဲ့တာကို ဂုဏ်ယူစွာ ပြောခြင်း ဖြစ်ပါသည်။

၄။

အလှူကြီး မတိုင်ခင် တစ်ရက်ကို ကျွန်မတို့ရွာတွေမှာ အလှူဝင်ရက်၊ အလှူရုံဆန်းရက်ဟု ခေါ်ကြသလို ရှင်လောင်းလှည့်သည်ရက်၊ ရှင်ကြီးပြသည့်ရက်ဟုလည်း ပြောတတ်ကြပါသည်။ ရှင်ကြီးပြ ဆိုတာကတော့ နှစ်ဖက်ရိုးရာ မိဆိုင်ဖဆိုင်နတ်များနှင့်တကွ နယ်တော်ရှင် ပယ်တော်ရှင်ကို ရှင်လောင်း သွားပြရခြင်းပဲ ဖြစ်သည်။ ကျွန်မတို့ရွာများမှာတော့ နယ်တော်ရှင်နတ်အဖြစ် ပေါက်အိုနတ်ကို ရည်မှတ်ပါသည်။ အလှူရှိတိုင်း ပေါက်အိုနတ်ကွန်းကို ရှင်လောင်းလှည့်ရင်း ရှင်ကြီးပြသွားရသည့် ဓလေ့လည်း အစဉ်အဆက် ရှိလာခဲ့တော့၏။

ပေါက်အိုနတ်ကွန်းမှာ ကျွန်မတို့ရွာ၏ မြောက်ဘက်တစ်ရွာကျော် စားကြူးရွာမှာ ရှိသည်။ ရှင်ကြီးပြသွားမည့် နံနက်စောစောတွင် ရှင်လောင်းများကို ရွှေထီးကိုယ်စီ၊ မြင်းကိုယ်စီဖြင့် တစ်ရွာဝင် တစ်ရွာထွက် ကိုယ့်ဆွေကိုယ့်မျိုး ဘိုးကြီးဘွားကြီးများကိုလည်း ဝင်ကန်တော့ကြရင်း နတ်ပြကြရသည်။ ကျွန်မကတော့ နားရံလှည်းယာဉ်ကြော့ကလေးဖြင့် စီးလိုက်ရသည်။ အညာနွေနေပူပူ၊ ဖုန်တလုံးလုံးထနေသည့် လှည်းတန်းကြီးဖြင့် ရှင်လောင်းလှည့်တာကလည်း ကျွန်မအဖို့ မေ့နိုင်စရာမရှိ သည့်အတွေ့အကြုံ ဖြစ်ခဲ့ရပါသည်။

ရှည်လျားလှသော လှည်းတန်းကြီးကိုသာ ကျွန်မ မှတ်မိတော့သည်။ ဘယ်ရွာတွေက ဘယ်လှည်းတွေ ဘယ်လောက်တောင် ပါခဲ့ကြသလဲ မသိ။ လှည်းတန်းကြီးထွက်လာတော့ ရွာ့အရှေ့ဘက် ထန်းတောကြားမှာ နေမင်းကြီး ညပ်နေဆဲပဲ ရှိပါသေးသည်။ ရွာ့အနောက်ဘက်မှာ ရွာတန်းရှည်ကြီးနှင့် ယှဉ်ကာ စီးဆင်းနေသော ဧရာဝတီမြစ်ရိုးတန်းကလေးကို မြောင်၍ ပေါက်နေသည့် လှည်းလမ်းကြောင်းအတိုင်း ရှင်လောင်းလှည်းတွေ မောင်းသွားရသည်။ ရှင်လောင်း လှည့်လှည်းတွေကို မျှော်နေကြသည့် ရွာပရိသတ်တွေကလည်း အလှူရှင်လောင်း လှည့်မည့်ရက်ကို ကြိုသိနေကြသူများပီပီ တစ်ရွာဝင်တိုင်း ဆွေဆွေမျိုးမျိုးတွေက လှည်းတပ်ကြီး ရှေ့တိုး မပေါက်အောင်ဆီးဆို့ ကြိုဆိုနေကြလေသည်။

'ဖယ်ကြပါ၊ ဖယ်ကြပါ၊ ရှေ့ခရီးရှိပါသေးတယ်။ အချိန်တွေ လင့်ကုန်လိမ့်မယ်'

သြဇာရှိသူတွေက အော်ကြ ပြောကြသော်လည်း အလှူလှည့်လာသူတွေကို အလုအယက် တိုးဝှေ့ကြည့် နေကြသည့် ပွက်ပွက်ညံညံ လူအုပ်ကို မကျော်နိုင်ပါ။ ကြိုဆိုနှုတ်ဆက်ကြသူတွေကို ကျွန်မတို့က အလှူမုန့်တွေ လက်ဆောင် ပြန်ပေးကြရသည်။ အလှူမုန့်ဆိုတာကိုလည်း ပြောချင်ပါသည်။ ကောက်ညှင်းမုန့်နှင့် ထန်းလျက်ရည်ရောနှယ်ကာ မြေပဲနှင့်အုန်းသီး ဌာပနာအဖြစ် အောင်းထားသော အညာကျေးလက် မုန့်တစ်မျိုးဖြစ်ပါ၏။ မုန့်လုပ်ရတာများတော့ ငှက်ပျောဖက်ရွက်များပင် မလောက်နိုင်သဖြင့် ရရာ ထန်းဖူးတွေ၊ သရက်ရွက်တွေ တည်းစပ်ဖြင့် ထိုးကာ ဖက်ထုပ်ပေါင်းကြရသည်။ မုန့်ဖက်ထုပ်ဟု ခေါ်နိုင်သော်လည်း ဘယ်သူမှ မခေါ်ကြပါ။ အလှူမုန့်လို့သာ ခေါ်ကြသည်။ အလှူက ပြန်သည့် မုန့်မဟုတ်ပါလား။

ပေါက်အို ရှင်ကြီးပြ အပြန်ခရီးမှာတော့ ဆွေတွေမျိုးတွေက လှည်းလမ်းတစ်လျှောက် ဆီးကြိုကာ ရွှေကြိုး၊ ငွေကြိုး တားကြပြန်သည်။ ဘယ်လမ်းကမှ ရှောင်စရာမရှိ။ တစ်ရွာ့ တစ်ရွာ သည်တစ်လမ်းရှိတာ မှုတ်လား။ ရွှေဆွဲကြိုးတွေကို တစ်ကုံးနှင့်တစ်ကုံး ဆက်ကာ ရွှေကြိုးဆက် ကြိုးတန်းကြီး တန်းပြီး တားကြခြင်းပင်။ ဒါကိုပင် ရှင်လောင်းတားသည် ဆိုကြ၏။ အလှူမုန့်၊ ပိုလိုဘူး၊ မျက်နှာသုတ်ပဝါ စသဖြင့် သင့်သလို ပေးကမ်းကာ ရွှေကြိုးဖြည်ကြရသည်။ အပျော်သဘော ဝမ်းပန်းတသာ တားကြခြင်းမို့ ငွေရယ်၊ ကြေးရယ် ပေးရန်မလိုသော်လည်း အလှူ့တကာ အလှူ့အစ်မနှင့် ရင်းသော ဆွေထဲမျိုးထဲက လူပျော်တချို့ကတော့ ထန်းရည်ဖိုး တောင်းတတ်ကြသည်။ အလှူ့ရှင်က သဒ္ဓါသလောက်ပေးသော တစ်မြူဖိုး၊ နှစ်မြူဖိုး ငွေစကြေးစကလေးကို တန်ဖိုးထား မက်မောကြလို့ပဲ ဖြစ်သည်။

ရှင်လောင်းတားသည့် ဓလေ့အပြင် ရှင်လောင်းဖွက်ခြင်းဓလေ့လည်း ရှိပါသေးသည်။ မောင်ရင်လောင်းကို အလှူမဏ္ဍပ်ထဲမှ တစ်နေရာ ခေါ်သွားပြီး ပြန်အရွေးခိုင်းခြင်း ဖြစ်သည်။ ကျွန်မတို့ အလှူတုန်းက ကျွန်မအစ်ကို နှစ်ယောက်ကို ရှင်လောင်း ဖွက်ထားသဖြင့် အဘ စိတ်ဆိုးခဲ့တာကိုလည်း မှတ်မိပါသေးသည်။

'ငါ့မြေးတွေ ဝတ်ကောင်းစလှနဲ့ မဏ္ဍပ်ထဲ ဗိုလ်ရှုခံနေရမယ့်ဟာကို ချောင်ထဲ သွားထိုးထားရသယ်လို့ကွာ၊ မင်းတို့နှယ်'

အဘ စိတ်ဆိုးတာကိုပဲ ပျော်စရာ အောက်မေ့ပြီး ပျော်ကြရွှင်ကြသူတွေပဲ ဖြစ်၏။ ရှင်လောင်းဖွက်မှာ စိုးသဖြင့် အဘကိုယ်တိုင် မောင်ရင်လောင်းစင်ပေါ် ခေါင်းပေါင်းကြီးနှင့် တက်ထိုင်နေတော့ လူတွေပွဲကျမဆုံး ဖြစ်နေကြတော့သည်။

ရှင်ကြီးပြအပြန် အမှတ်တရ ဖြစ်ခဲ့ရသည့် အဖြစ်အပျက်ကလေးတစ်ခုကို ကျွန်မ မှတ်မိနေပါသေးသည်။ ကြည်ရွာအရောက်တွင် ရှင်လောင်းတင် မြင်းမကြီး ရုတ်တရက်လဲကျသွား ခြင်းကိုပဲ ဖြစ်သည်။ ရုတ်ရုတ်သဲသဲ ဖြစ်သွားသဖြင့် အထိတ်တလန့် ဖြစ်ကြရသည်။ မြင်းရှင်က အဖေ့ညီ ဝမ်းကွဲ ဦးလေးချစ်ဖြစ်သည်။ သူ့မြင်းကို မေတ္တာဖြင့် ကူညီခဲ့ရှာသူ ဖြစ်၏။

'မြင်းမကြီးက ကိုယ်ဝန်နေ့စေ့လစေ့ဗျ။ ကျုပ်က ကိုရင်ညို့အလှူမှာ ကူဖို့ ရည်ရွယ်ထားသာ မဖျက်ချင်လို့ရယ်၊ မြင်းမက ဗိုက်နာသာ ထင်ပါရဲ့'

မြင်းမရှိတော့သည့် ရှင်လောင်းကို တခြားမြင်း တစ်စီးပေါ်မှာ နှစ်ပါးအတူ စီးခိုင်းရတော့၏။ ကျွန်မတို့တစ်တွေ ရွာကိုဝင်တော့ နေလုံးကြီးတောင် အတော်စောင်းကျသွားခဲ့ပြီ။ ရှင်ကြီးပြပြန် လှည်းတန်းကြီး အက အခုန်၊ အတီးအမှုတ်တွေနှင့် ဆူဆူညံညံ အသံပေးကာ ရွာဝင်လာသည်နှင့် မဏ္ဍပ်ထဲက ရှင်လောင်းအဝင် အသင့်စောင့်နေသည့် ဆိုင်းက ဗြောသံကြီး ပေးလေသည်။ ဘဝဂ်ပေါက်အောင် ဆူညံနေသည့် အသံတွေကို ကျော်ကာ ဗြောသံက အသည်းနှလုံးကို ပုတ်ခါလိုက်သလို ခံစားရသည်။ အလှူမဏ္ဍပ်ထဲက ဗြောရိုက်သံကြားသည်နှင့် အမေကြီးက ပခုံးပေါ် တင်ထားသော တဘက်ကလေးဖြုတ်ပြီး မျက်ရည်စို့စို့ကို တို့ကာ တို့ကာ ဟစ်အော် ငိုတော့၏။

'ဘိုးတိုင်းတို့၊ မယ်ဖော့အူတို့ရေ... တော်တို့မြေးတွေ သာသနာဘောင် ဝင်ကြပါပကော တော်ရေ၊ လာကြည့်ကြပါဦး၊ သာဓုခေါ်လှည့်ကြပါဦး'

အမေကြီးက ငိုလိုက်သည်နှင့် ရှိရှိသမျှကုန်သော ဆွေမျိုးတွေအားလုံး တိုင်ပင်ထားကြသလို ငိုလိုက်ကြတာ ဝက်ဝက်ကြီး ကွဲလေတော့သည်။ အဆက်ဆက်က ဘဝတစ်ပါး ပြောင်းကြပြီဖြစ်သော ဘိုးဘွားများနှင့်တကွ အရွယ်မတိုင်မီ ကွယ်လွန်သွားကြရှာသူတွေကို တတပြီး ငိုလိုက်ကြတာ ဗြောနှင့် အပြိုင် မြိုင်သွားတော့၏။ အမေကြီး ငိုတာကို ကြည့်ပြီး ကျွန်မပင် ဘုမသိ ဘမသိ မျက်ရည် ကျခဲ့ရသေးသည်။ ကျွန်မရှေ့မှာတင်ပဲ အမေကြီးခမျာ မရှူနိုင် မရှိုက်နိုင် တက်ချက်သွားလို့ ရင်ဘတ်မှာ အဝတ်စည်းပေးထားရ၏။ ညပိုင်းမှာတော့ 'မြင်းခြံ လှစန်းကြည်' အငြိမ့်စင်မှာ အမေကြီးက ရှေ့ဆုံးကပါ လား။ ပြောင်းဖူးဖက်ဖြူလိပ်ကြီး ကြေးဖလားထဲ ထည့်စိုက်ပြီး ပွဲခင်းထဲ တဝါးဝါး တဟားဟား ဖြစ်နေသည့် အမေကြီးကို ကြည့်ပြီး ဆွေမျိုးတွေက ပြုံးကြသည်။

အလှူကြီး ညမှာပဲ မြင်းမကြီးက မြင်းထီးကလေး မွေးသည်။ ရှင်လောင်းငါးပါးမှာ စီးမြင်းက လေးကောင်တည်းဆိုတော့ မနက်ရွာထဲ အလှူလှည့်ရန် မြင်းတစ်ကောင်လို နေခဲ့သည်။ မြင်းဆိုတာကလည်း ချက်ချင်းထရှာလို့ ရနိုင်တာမျိုးမဟုတ်။ သူ့အဆက်နှင့်သူ တစ်လကိုးသီတင်း ကြိုကာ ရှာထားရခြင်းမျိုး ဖြစ်သည်။ အလှူကြီးရက်မှာမှ မြင်းတစ်ကောင်အတွက် ကသိကအောက် ဖြစ်ရတာဆိုတော့ အဖေ မျက်နှာမသာရှာတော့။ ကိုယ့်အလှူမှာ အဖုအထစ် ဖြစ်လေရော့သလား တွေးပြီး စိတ်မကောင်း ဖြစ်ရရှာပုံပေါ်သည်။ သည်သတင်းက ညတွင်းချင်း ဆရာတော့်ထံ ရောက်သွားခဲ့၏။

'ဟဲ့ မောင်ညိုရဲ့၊ ဒါ နိမိတ်ကောင်းသာကွဲ့။ မင်းအလှူညကျမှ တိုက်တိုက်ဆိုင်ဆိုင် မြင်းမက မြင်းကလေး ပွားသာဆိုတော့ နောက်ထပ် သည်လိုအလှူကြီးမျိုး မင်းပေးရလိမ့်ဦးမယ်ဆိုသဲ့ နိမိတ်ကွဲ့။ ပွားစီးခြင်း နိမိတ်လို့ မှတ်လဟဲ့'

ဆရာတော်က မင်္ဂလာရှိရှိ မိန့်တော့မှ အဖေ့ခမျာ ဝမ်းသာရှာနိုင်တော့သည်။ အဖေ့မျက်နှာ ချိုချိုကြီးကို ကျွန်မ ဘယ်တော့မှ မမေ့ပါ။

'နောက်ထပ် သည်လို အလှူကြီးမျိုး ငါလှူရဦးမယ်။ ငါ့သားတွေအလှည့် ပြီးတော့ ငါ့မြေးတွေအလှည့်ပေါ့ကွယ်'

အဖေက ဆရာတော့် နိမိတ်ဖတ်ချက်ကို တစ်သက်လုံး ပြောလို့မဆုံး။ အမေကလည်း သည်အဖြစ်အပျက်ကို နှစ်ပေါင်းများစွာ ပြောပြနေတတ်ပါသည်။ ပွားစီးခြင်းဆိုတာ နိမိတ်ကောင်း မဟုတ်ပါလား။

၅။

ကျွန်မတို့ ရွာတွေမှာ အလှူရက်ကို သစ်ခင်းသိမ်းပြီးချိန်၊ လေကြီးမိုးကြီးကင်းလွတ်ချိန်၊ တောင်သူတွေ အားကြနားကြချိန်ဖြစ်သော တပေါင်းလမှာ ကျင်းပကြတာများပါသည်။ ကျွန်မကတော့ တပေါင်းလရောက်လေတိုင်း ဆရာတော့် ကျောင်းရှေ့က သော်ကပင်ကြီး နှစ်ပင်စလုံး ရဲရဲမှည့်အောင် ပွင့်ကြတာကိုပဲ စွဲနေတတ်ပါသည်။ သော်ကပွင့်အနီနှင့် သော်ကရွက်စိမ်းစိမ်းတို့၏ လိုက်ဖက်မှုကို ကျွန်မ နှစ်သက်သည်။ လူ့လက်ဝါးကလေးတွေ ဖြန့်ထားသည်နှင့် တူသည့် အရွက်စိမ်းစိမ်းတွေကြားမှာ အပွင့်ကလေးတွေက အဆုပ်လိုက် အခိုင်လိုက် နွယ်ခက်နေတတ်သည်။ အစိမ်းရင့်ရင့်သစ်ရွက် ရင်ခွင်ထဲမှာ ကနွဲ့ကလျ အလိုက်သင့် ခိုမှီနေတတ်သော သော်ကပွင့်နီနီကလေးတွေက တစ်ပင်လုံး ဝေဆာနေတော့၏။ ကျွန်မတို့အလှူတော်ရက်မှာ ပင်လုံးကျွတ်ဝေဆာနေသော သော်ကပင်ကြီး နှစ်ပင်အောက်ခင်းသည့် နိပါတ်တော်လာ ပုံရိပ်တွေကိုလည်း ကျွန်မ မမေ့နိုင်ပါ။

အရှေ့ဘက် သော်ကပင်ကြီးအောက်မှာ သူအို၊ သူနာ၊ သူသေ၊ ရဟန်းဆိုသည့် နိမိတ်ကြီးလေးပါး မြင်တော်မူဟန်သရုပ်ကို ရွာသားလေးယောက်က ဇာတ်ရုပ်ပြ ပုံသေ သရုပ်ဆောင် ထားကြသည်။ အဖေ့ဘဒွေး ဘိုးစံရက တဘက်ဖြူခေါင်းပေါင်းကြီးနှင့် တောင်ဝှေးတစ်ချောင်းထောက်ကာ သူအိုအဖြစ် သရုပ်ဆောင်သည်။ အလှူကြီး မနက်ခင်း စကတည်းက ခါးကြီးကုန်းထားရသော အသက်ခုနစ် ဆယ်ကျော် အဘိုးအို ဘိုးစံရကို အခုမှ ကျွန်မတွေးပြီး သနားမိရ၏။ အမေ့မောင် ဦးနီမွှေးက တစ်ကိုယ်လုံး ပန်းဆီတွေ သုတ်လိမ်းပြီး အနာတွေဆီက ပြည်တွေ တရွှဲရွှဲစိုဟန်ဖြင့် ဒူးကြီး တစ်ဖက်ကို ထောင်ကာ ယင်ကောင်တွေကို လက်ခုပ်ဖြင့် လိုက်ရိုက်ရင်း သူနာ လုပ်ရရှာသည်။ ဘိုးချိုမုန်းက မြေကြီးပေါ်မှာ ပက်လက်လှန်ပြီး စန့်စန့်ကြီး လှဲနေလိုက်တာ တစ်ချက်ကလေး မလှုပ်။ ပူစီပေါင်းရှည်ကြီးကို လူ့အူခွေလိုလိမ်လိမ်ခွေပြီး ဗိုက်ပေါ်တင်၍ အူတွေ ထွက်ကျနေပုံမျိုး လုပ်ထားတော့ အလှူမဏ္ဍပ်ရှေ့မှာ မင်္ဂလာမရှိ၊ မလုပ်ကောင်း လုပ်ကောင်း လုပ်ရပါ့မလားဆိုကာ အဘ စိတ်ဆိုးတာကိုလည်း ကျွန်မ မှတ်မိသည်။ ဦးလူပျိုက ခေါင်းတုံးပြောင်အောင်ရိတ်ပြီး သင်္ကန်းဝတ်၊ သပိတ်လွယ်၊ လက်တစ်ဖက်က ပေယပ်တောင်ကို ကိုင်ကာ မျက်လွှာစုံချ၍ ရဟန်းအဖြစ် သရုပ်ဆောင်သည်။ နိမိတ်ကြီးလေးပါးမြင်ဟန် ရုပ်သေပြနေကြပုံက တကယ့်ကို သရုပ်တူလှသည်။ အလှူလာကြသူတို့ တရားသံဝေဂယူဖွယ် ခင်းကျင်းကြခြင်း ဖြစ်၏။

အနောက်ဘက် သော်ကပင်အောက်မှာတော့ အမေကြီးအေးတင်က မယ်မဒ္ဒီ သစ်သီး ခူးနေဟန် သရုပ်ဆောင်ပါသည်။ ဘီးဆံပတ် ဆံထုံးပြောင်အောင်ထုံး၍ ယောဂီ ဝတ်စုံညိုနှင့် တဘက်ကလေး ပခုံးမှာသိုင်းလို့။ ငှက်ပျောသီး၊ မာလကာသီး၊ ရှောက်သီး စသဖြင့် ထည့်ထားသော သစ်သီးခြင်းကို လက်တစ်ဖက်မှာ ချိတ်၊ လက်တစ်ဖက်မှာ ဝါးတံချူ ကလေးကိုင်ကာ သစ်သီးခူးဟန် သရုပ်ပြသည်။ ရှေ့မှာ ဘကြီးဦးဝန်က ကျားဝတ်စုံကြီးနှင့် မယ်မဒ္ဒီကို ကျောင်းသင်္ခန်းဆီ မပြန်နိုင်ရန် ဆီးဆို့ဟန်။ ကိုကြီးတင်ခွေးနှင့် ကိုပေသီးတို့က မျောက်ဝတ်စုံတွေဝတ်ပြီး ထိုင်လိုက်ကြ၊ ထလိုက်ကြ၊ ကျွမ်းထိုးလိုက် ကြ။ တောတောင်ထဲ သားရဲတိရစ္ဆာန်အပေါင်း မြူးတူးနေကြဟန်။ ဖြာကျနေသော သော်ကပင်ကိုင်းတွေမှာလည်း သစ်သီးမျိုးစုံတို့ တွဲလောင်း သီးနေကြပုံမျိုး ချိတ်ဆွဲထား လိုက်သေး၏။ မြင်ရသူတွေအဖို့ တကယ့်ကို တောကြီးမျက်မည်းထဲ ရောက်နေကြရ သလိုလို။ မယ်မဒ္ဒီသစ်သီးခူးခန်း သရုပ်ပြကွက်ကတော့ ရုပ်သေးအငြိမ် မဟုတ်ဘဲ အရှင် ဖြစ်ပါသည်။

'တကယ်တော့ အဖေတို့၊ အမေတို့ကို တရားပြရှာတဲ့ သဘောပေါ့အေ။ သည်ကနေ့အဖို့ရာ အလှူကြီး အတန်းကြီး ပေးနေပြီ။ မပြုခင်၊ ပြုဆဲ၊ ပြုပြီးအချိန်တွေမှာ လှူသမျှ တန်းသမျှ မတွန့်တိုမိကြစေနဲ့။ ဝေသန္တရာ မင်းကြီးခမျာ ရင်ကဖြစ်တဲ့ သားနဲ့သမီးကိုတောင် ရက်ရက်ရောရော လှူရှာတယ်။ မဒ္ဒီဒေဝီမိဖုရားကြီး သစ်သီးခူးထွက်နေတုန်းတော တိရစ္ဆာန်တွေက လင်သားရဲ့အလှူ အထမြောက်အောင် တားထားကြသဲ့သဘောကို သရုပ်ပြကြသာပဲ'

အမေ မကြာခဏ ပြောတတ်သော စကားတွေကို ကျွန်မ အတွေးဆက်ခဲ့မိသေး၏။ သည်လို ခုနစ်ရက်၊ ခုနစ်လီ ထမင်းရည်ချောင်းစီး အလှူကြီးပေးလျှင်များသောအားဖြင့် အလှူ့အစ်မများက တစ်ကွက်မဟုတ် တစ်ကွက်မှာ နှမြောတွန့်တိုစိတ် ဝင်တတ်ကြမြဲ ဖြစ်သည်။ ပုထုဇဉ်တွေ မဟုတ်လား။ အလှူရက်အတွင်း လိုအပ်သမျှ များသောအားဖြင့် အလှူ့အစ်မဆီက တောင်းယူကြရသည်။ တိုင်ပင်ကြရသည်။ သည်တော့ တစ်ကြိမ်မဟုတ် တစ်ကြိမ် စိတ်လွတ်ချင် လွတ်သွားနိုင်သည်။ သည့်အတွက် အလှူ့အစ်မကို မဒ္ဒီဒေဝီ မိဖုရားကြီး သစ်သီးခူးခန်းဖြင့် တရားပြထားသည့် သဘောဖြစ်ပါ၏။ သည်ပြကွက်ကို တွေ့ကြသူ အလှူပွဲလာ ပရိသတ်တွေက နှစ်ထောင်းအားရ သာဓုခေါ် တတ်ကြသည်။ ကျေးလက်နေ တောသူတောင်သားများဆိုတော့ ပွဲအလွန်ကြိုက်ကြသည်။ ရှားရှားပါးပါး တစ်နှစ်နေနေ၊ တစ်နွေဆန်းဆန်းမှ ကြုံကြရသော သည်ပြကွက်မျိုးကိုလည်း တရားဓမ္မပြကွက်ပေမယ့် ပွဲလမ်းသဘင်လိုပင် သဘောပိုက်သူတွေက ပိုက်ကြသည်။

အလှူအတန်း ပြုကြပြီဆိုသည်နှင့် အလှူဒကာ အလှူ့အစ်မများ ကိုယ်တိုင်က စိတ်ပြတ်ထားနှင့်ပြီး ဖြစ်ပါ၏။ စကားအရာ ဖွင့်ဟဖို့ ဝေလာဝေး၊ ငဲ့စောင်း၍ပင် ကြည့်ကြလေ့ မရှိ။ လှူခွင့်ကြုံလို့ လှူရတာ တစ်သက်တစ်ခါ ကုန်စမ်းပလေ့စေ။ အလှူကြီးပေးချင်လို့ တို့များ နှစ်ချီပြီး စုခဲ့ဆောင်းခဲ့ကြတာပဲ ဆိုသည့်စိတ်သာ ထားတတ်ကြသည်။

သို့သော် အလှူ့ဒကာ အလှူ့အစ်မတို့၏ ဆွေမျိုးရင်းချာများထဲက ဘကြီး ဦးကြီး၊ ဘွားကြီးဒွေးကြီးတို့က မကုန်သင့်တာ မကုန်ခန်းရအောင် အစစအရာရာ အုပ်စီးထားတတ်တာများလည်း ရှိပါ၏။ မလေတန်မလေ၊ မလွင့်တန်မလွင့်၊ လောက်ငတန်တာ လောက်ငအောင် ထိန်းကွပ်ကြခြင်း ဖြစ်သည်။ ဒါကို အများက 'ပိတ်ဒကာ' ခေါ်တတ်ကြပါသည်။ ကျွန်မတို့အလှူမှာတော့ အဖေ့ အစ်ကို ဘကြီးကြိုင်က ဦးစီးဦးဆောင်ပြုကာ ချက်ခန်း ပြုတ်ခန်း၊ ကျွေးခန်းမွေးခန်းတွေမှာ တာဝန်ယူထားသည်။ ဘကြီးကြိုင်က စေ့စပ်သည်။ သေချာသည်။ သူကိုယ်တိုင်ကလည်း နှမြောတတ်သည်။ ဆားတစ်ပွင့်၊ ဆေးတစ်လိပ် ကြားမဟာရလေအောင် သူ ဝင်အုပ်အုပ်စီးစီး စီမံခဲ့ခြင်း ဖြစ်၏။

'ကိုဘကြိုင်တို့များ ပြောပါသယ်၊ ငါ့ညီလေး တစ်သက်လုံး ပင်ပင်ပန်းပန်း ဆင်းဆင်းရဲရဲ ရှာခဲ့ဖွေခဲ့ရသာ အလှူလည်းပြီးရော မွဲကရော ဆိုသာမျိုး အဖြစ်မခံနိုင်ပေါင်ဆိုသဲ့ပြီး နေရာတကာ ပါတော့သာပဲ။ ထမင်းချက်သဲ့ လူတွေက သူ့ကို ပြောမရ ဆိုမရတော့ အဖေ့ဆီ လာတောင်းကြသာပေါ့။ အလှူ့ဒကာ ဘာလိုသယ်၊ ညာလိုသယ် လာပြောကြတော့ ညည်းတို့ဘကြီး မသိအောင် အဖေ ထုတ်ပေးရသာ။ သူ သိရင် ကြားထဲက စိတ်ကွက်မှာ စိုးလို့ဗျား'

အဖေကကတော့ သူ့ အစ်ကိုဘက်က စာစာနာနာ သဘောထားနိုင်သူဖြစ်သည်။ ပြောရင်းကလည်း ရယ်သည်။

အလှူပွဲကို လာကြသမျှသော ပရိသတ်တွေအားလုံး မဏ္ဍပ်ရှေ့က သရုပ်ပြတွေကို ကြိတ်ကြိတ်တိုးတိုး ကြည့်နေစဉ်မှာပဲ ရွာထဲ အလှူလှည့်ပြီး ဝင်လာသော လှည်းတန်းကြီးနှင့် ကျောင်းပေါက်ဝမှာ ဆုံကြပါလေရော။ ကျောင်းရှေ့မှာ ဆယ့်နှစ်ရွာက ပရိသတ်ပွဲတော်ခင်းကြီး ဖြစ်နေပြီ။ အလှူမဏ္ဍပ်ထဲမှာ နေရာမယူကြသေး။ သျှိုးလိုက်ရတု ဆိုကြသူတွေက ကျောင်းပေါက်ဝမှာ အစွမ်းကုန် ကြဲကာ အော်ကြတော့၏။ သျှိုးမသိမ်းမချင်း အလှူမဏ္ဍပ်ထဲက ဆိုင်းကလည်း ဧည့်ခံတီးချင်လို့မရ။ ထမင်းရုံထဲလည်း လူမဝင်။ ရှင်လောင်းတင် မြင်းများရော နားရံလှည်းယာဉ်ကြော့များပါသည်အတိုင်း တောင့်ထားရတော့သည်။ ပရိသတ်ကလည်း ကျောင်းရှေ့မှာ များသထက် များလာတော့သည်။ သျှိုးဆရာတွေကလည်း ပညာကုန်ထုတ်သုံးကာ မပြီးနိုင်။ အလှူ့ဒကာ အလှူ့အစ်မက အတန်တန် တောင်းပန်တော့မှ စခန်းသိမ်းလေ၏။ သျှိုးသိမ်းလိုက်သည်နှင့် လူတွေ မဏ္ဍပ်ထဲ တချို့၊ ထမင်းရုံထဲတချို့ လှိမ့်ဝင်လိုက်ကြတာ ထန်းလက်များပင် ပွင့်ထွက်တော့သည်။ ထမင်းကျွေး တာဝန်ကျသူတို့ ချွေးဒီးဒီးကျကြရပြီ။ အလှူဆိုင်းကလည်း သူ့ အလှည့်ကျလာတော့ ဗြောင်းဗြောင်းဆူလေသည်။ ထမင်းရုံထဲမှာလည်း ပွက်ပွက်ကြီး ရိုက်လျက်။ မစားရသေးသူ၊ စားပြီးသူတို့ ရောကာ တပေါင်းနွေပူကြီးအောက်မှာ ချွေးတလုံးလုံး။ ပျော်စရာလည်းကောင်း၊ မောစရာလည်း ကောင်း။

ကျွန်မတို့ ငယ်ငယ်က တောအလှူတွေကတော့ ပြောစမှတ်ဖြစ်အောင် အားခဲခဲ့ကြသည့် ကုသိုလ်ပွဲ ဖြစ်သည်။

၆။

အခုတော့ ဖိတ်စာပေါ်က သက္ကရာဇ်ကို တွက်ကြည့်လျှင်ပင် နှစ်ပေါင်းသုံးဆယ် ကျော်ခဲ့ပြီ။ အဖေလည်း ဆုံးရှာပြီ။ အဖေ့ငယ်ဆရာတော်လည်း ရွာမှာ ပျံလွန်တော်မူခဲ့တာ ကြာပြီ။ ငါးခြောက် ထိုးကောင်းသော ဘကြီးချင်းတို့၊ မယ်မဒ္ဒီအမေကြီး အေးတင်တို့၊ ဖိတ်စာအဖတ် ကောင်းသည့် ဘဒွေးထီတို့လည်း ကွယ်လွန်ကုန်ကြပြီ။

အလှူမှာ မြင်းမွေးသည့် နိမိတ်ကောင်းကို ယူကာ နောက်ထပ်အလှူကြီး လှူနိုင်ဖို့ အဖေ အားခဲရှာခဲ့ပါသေးသည်။ သို့သော် အထမမြောက်ခဲ့။

'အဖေဖြင့် ပခုံးကို ဝါးနဲ့ထောက်ပြီး လှေထိုးစီးပွားရှာခဲ့တုံးက လှူနိုင်ခဲ့သယ်။ သည်တုန်းက အကြီးအကျယ် အလှူပေးခဲ့သာတောင် ငွေစာရင်း ချုပ်ကြည့်တော့ တစ်သောင်းခွဲလောက်ပဲ ကုန်သာ။ တွက်ကြည့်လေ၊ ဆန်တစ်တင်းရှစ်ကျပ်၊ ဆီ တစ်ပိဿာ လေးကျပ်၊ ငါး ခြောက်တစ်ပိဿာ ခုနစ်ကျပ်။ ကိုင်း... ဒါပေသိ အဲသည် တစ်သောင်းခွဲကိုက ခါးချိအောင် ရှာခဲ့ရသာဟေ့။ မနှမြောခဲ့ပေါင်ကွာ'

အဖေက စိတ်ကူးရတိုင်း သူ့အလှူအကြောင်း စိတ်လိုလက်ရ ပြောနေတတ် ရှာသည်။ ပြောတိုင်းလည်း သည်စကားပါ၏။ သည်လို အလှူကြီးမျိုး ပေးနိုင်ကြသည်ဆိုဦးတော့ သည်လို တစ်ရွာလုံးက အလှူစိတ်တွေ ဝင်ပြီး သိုင်းဝိုင်းဝိုင်းဝိုင်း ရှိနိုင်ကြပါဦးမလား။ ကျွန်မ တွေးဖြစ်နေမိပါသည်။ ရွာက ကျွန်မဆွေမျိုးတွေ ကိုယ်တိုင်က စကားရောက်တိုင်း 'သည်လိုအလှူကြီးမျိုး မကြုံကြိုက်ရတော့တာတောင် ကြာပါပြီအေရယ်'လို့ ပြောပြ ကြသည်။

'ညည်းအဖေက အလှူမှာ မြင်းမွေးတော့ သူ့မြေးတွေအလှည့် လှူရဦးမယ် တွက်သေးတာ။ ခမျာ ဆန္ဒ မပြည့်ရှာပေါင်အေ'

အမေက အဖေ့ဆန္ဒကို ပြောပြနေခြင်း ဖြစ်သော်လည်း သူလည်း သည်စိတ်ကလေးတော့ ဒုန်းဒုန်းချသေး ဟန်မတူ။ မြေးတွေကို ရွာပြန်မဏ္ဍပ်ကြီးထိုးကာ လှူလိုက်ချင်ပုံ ရသေးသည်။

အလှူ ဖိတ်စာရွက် ကလေးပေါ်က အတိတ်၏ အရိပ်တွေက ကျွန်မရင်ကို တလှပ်လှပ် ခုန်နေစေသည်။ ဖြစ်နိုင်လျှင် အဖေတို့၊ အမေတို့ ဆန္ဒကို ကျွန်မ ဖြည့်လိုက်ချင်ပါသေးသည်။ အခုတော့ မဒ္ဒီဒေဝီ မိဖုရားကြီးလို သစ်သီးရှာနေရဆဲ ဖြစ်ပါသည်။

▀

(ဝတ္ထုခေါင်းစီးကို ဆရာကြီး မင်းသုဝဏ်၏ ဗြောသံကဗျာ မှ ယူပါသည်)

ခင်ခင်ထူး

(အမှတ် ၂၀၃၊ အောက်တိုဘာလ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေဝတ္ထုရှည် စ/ဆုံး
...
ဗေဒင်ဆရာနဲ့ စိတ်တွင်းပဋိပက္ခဖြစ်ခြင်း
မြူမြူ

ဗေဒင်သွားမေးရင်းက ဗေဒင်ဆရာနဲ့ မုန်းမုန်း ပဋိပက္ခ ဖြစ်ခဲ့ကြတယ်ဆိုရင် ယုံကြပါ့မလား မသိဘူးရှင်။ အဲဒီအကြောင်းကိုလေ မုန်းမုန်းက ပြောပြချင်နေတယ်။ တဆိတ်နားထောင် ပေးကြပါဦးနော်။

ရွှေဝတ္ထုရှည် စ/ဆုံး
...
ဂီလာနဂီတ
နေဝင်းမြင့်

ကျောင်းကတော့ ပထမတော့ မိဘကို ခေါ်တာ သတိပေးတာ လုပ်ပေမယ့် နောက်ပိုင်း မလုပ်တော့ပါဘူး ဘယ်လိုမှ သင်လို့မရတဲ့ ကျောင်းသား တစ်ယောက်လို့သာ သဘော ထားကြတယ် ထင်ပါရဲ့

ရွှေဝတ္ထုရှည် စ/ဆုံး
...
အမနုဿ
ကြူးနှစ်

လူမမာ ယောကျ်ားကြီး တစ်ယောက်က ကျွန်တော်၏ ညာဘက် ၅ ပေခန့် အကွာ အမှောင်ရိပ်ထဲကနေ ကျွန်တော့်ကို သွေ့ခြောက်အက်ကွဲသံဖြင့် လှမ်းပြောသံမျိုးနှင့် တူလှသည်