မောင်ခိုင်လတ်
တိမ်တိုက်ပေါ်တွင် လမ်းလျှောက်သည့် တိုင်းပြည်မှ
ပုံပြင်များနှင့်
အခြားအတွေးများ
ခေါင်းမာခြင်းသည် ကောင်းသလား၊
ခေါင်းပျော့ခြင်းသည် ကောင်းသလား။ ဤမေးခွန်းနှစ်ရပ်ကို ကြားရလျှင် ပထမတော့
စဉ်းစားမိဖို့အတွက် အခြေခံလမ်းစကလေးတွေ ရနိုင်ကောင်းရဲ့ဟု မျှော်လင့်မိသေးသည်။
သို့သော် တစိမ့်စိမ့် စဉ်းစားလေလေ မေးခွန်းနှစ်ရပ်စလုံးအပေါ် မလိုလားလေလေပင်။
အမှန်တော့ ဘယ်သင်းကမှ မကောင်း။ ခေါင်းမာခြင်းသည်လည်းကောင်း၊
ခေါင်းပျော့ခြင်းသည်လည်းကောင်း ယထာဘူတ မကျလှပါ။ အခြေအနေ၊ အချိန်အခါအလိုက်သာ
ဖြစ်သင့်သော အနေအထား ဖြစ်မည်ဟု တွေးမိပါလေသည်။
ရှင်းပါမည်။
ခေါင်းမာခြင်း... သူက
ငါစွဲကြီးသူတို့တွင် ဖြစ်ပေါ်လေ့ရှိသော လက္ခဏာတစ်ရပ်ပင်။ ဘယ်အခြေအနေမျိုးပဲ
ဖြစ်ဖြစ်၊ ဘယ်လိုပဲကြုံကြုံ မပြုပြင် မပြောင်းလဲဟူသော တရားသေ
စွဲမှတ်ကျင့်သုံးသူတို့အတွက် ဝေါဟာရဖြစ်သည်။ အချို့နေရာ ဌာနများတွင် လိုအပ်သည်
မှန်သော် လည်း အချိန်မရွေး ကျင့်သုံးသင့်သည်ဟု မယူဆထိုက်ပါပေ။ မိမိမှားနေသည်
သို့မဟုတ် မှားနိုင်သည်ဟု သံသယ အနည်းငယ်ရှိလျှင် သို့မဟုတ် မှားနိုင်သည့်
ပြုပြင်ပြောင်းလဲမှု တစ်ရပ်ရပ် တွေ့ကြုံနိုင်သည်ဟူသော အတွေးအမြင် ရှိလျှင်ပင်
ခေါင်းမာခြင်းကို စွန့်ပစ်သင့်လှသည်။
ခေါင်းမာခြင်းသည် တစ်ခါတစ်ရံ
အမှန်တရားနှင့် သူစိမ်းပြင်ပြင်ဖြစ်အောင် လွဲချော်တတ်သည်။ မိမိ၏ စဉ်းစားဉာဏ်ကို
မိမိဘာသာ ပိတ်ပင်တားဆီးတတ်သည်။ အဝိဇ္ဇာ ဖုံးအုပ်တတ်သည်။ ခေါင်းမာခြင်းသည်
စင်စစ်တော့ တစ်လမ်းသွား (One
Way) ဖြစ်၍
ဖြစ်နိုင်ချေဟူသော ဟူဟူသမျှကို အကုန်လုံး ချေမှုန်းပစ်တတ်သည်။ သို့သော်
ခေါင်းဆောင်မှုနေရာကို ရောက်လာတတ်သူတွေကတော့ ဤလို အများအစားတွေက များသည်။
ဘာကြောင့်လဲ။
ဤလို လူနှစ်ယောက် (ခေါင်းမာသူနှင့်
ခေါင်းပျော့သူ)ကို နှိုင်းယှဉ်လျှင် လူအများစုက ခေါင်းမာသူကို ပို၍ လေးစားတတ်သည်။
သဘာဝရှိလေသည်။ ခေါင်းမာသည်ဆိုကတည်းက မိမိကိုယ်ကို ယုံကြည်မှုနှင့်
ပိုင်းဖြတ်မှုတို့က ရှိနှင့်ပြီးဖြစ်လေရာ မိမိအယူအဆ၊ မိမိရပ်တည်ချက်ကို
ရှင်းရှင်းလင်းလင်း ဖြစ်အောင် ပြောတတ်သူက များသည်။ တွေဝေတတ်သော
လူအများစုကြီးကြားထဲ တွင် သူက အထင်ကြီးဖို့ ကောင်းနေသည်။ သူ့မှာ
ဘာမှမရှိစေနှင့်ဦး။ ခေါင်းမာခြင်း တစ်ခုတည်းကပင် ကျန်သောအရာအားလုံး သူ့မှာရှိ
သယောင်ယောင် အထင်ရောက်စေသည်။ ခေါင်းမာခြင်းနှင့်အတူ အရိပ်ပမာ မခွဲခွာသော
အဖော်မွန်က မိမိကိုယ်ကို ယုံကြည်စိတ်ချမှု ရှိခြင်းပင်။ မိမိကိုယ်ကို ယုံကြည်
စိတ်ချရုံသာမက တစ်ခါတစ်ရံ ယုံကြည်မှုလွန်ကဲသော အခြေအနေမျိုးထိ ဖြစ်တတ်လေသည်။
ထို့ကြောင့် ခေါင်းမာခြင်းသည် ကောင်းလည်း ကောင်း၍၊ ကောင်းလည်း မကောင်း။
ခေါင်းပျော့ခြင်းကရော...
ခေါင်းပျော့ခြင်းဆိုသည်က ခေါင်းမာခြင်းနှင့် သံတူကြောင်းကွဲ ဖြစ်ရန် လွယ်လင့်တကူ
သုံးစွဲသော ဝေါဟာရသာ ဖြစ်လေသည်။ သူ၏ စရိုက်လက္ခဏာက ခေါင်းမာခြင်းနှင့် ဆန့်ကျင်
ဘက်ချည်း ဖြစ်လေသည်။ လူအများစုကြီးမှာ ရှိသော သင်္ကေတဖြစ်သည်။ အခြေခံ အယူအဆ
ထင်မြင်ချက်က မခိုင်မာခြင်းအပေါ် မြစ်ဖျား ခံလာလေ့ ရှိသည်။ သူ့မှာက ပြောတိုင်းယုံ၊
ဟောတိုင်းယုံ မူလဗီဇ ရှိသည်။ တစ်ချိန်တည်းမှာပင် မိမိကိုယ်ကို ယုံကြည်မှု ပါးလျားတတ်သည်။
စိတ်အားငယ်သော ဇာတိပုညအပေါ် ဘက်စုံနှံ့စပ် သိမြင်မှု နည်းပါးသော၊ ချို့ယွင်းချက်က
ထပ်ဆင့်လေ ကိုယ့်ကိုယ်ကိုယ် မယုံကြည်လေ ခေါင်းပျော့လေပင်။
ခေါင်းပျော့ခြင်းကား တစ်ခါတစ်ရံ
မိမိကိုယ်ကို ရပ်တည်မှု အနေအထား၊ ယိမ်းယိုင်စေသည်။ သူကား ဆုံးဖြတ်ချက် ကြီးကြီးမားမား
မချတတ်၊ မချရဲ။ စွန့်စား ဆောင်ရွက်ရမည့် ကိစ္စမှန်သမျှ လွဲချော်ကုန်တတ်သည်။ သူကား
ထာဝရ နောက်လိုက်သာ ဖြစ်လေ့ရှိသည်။ ဘယ်တော့မှ ခေါင်းဆောင်မှုနေရာကို မရောက်တတ်။
နောက်လိုက်မှ အမှတ်စဉ်မဲ့ နောက်လိုက်။ ဥပဓိမရှိဆုံး နောက်လိုက်။ ထို့ကြောင့်
ခေါင်းပျော့ခြင်းသည်ကား ကောင်းကို မကောင်း။
သို့သော်...
ရှားရှားပါးပါး
ကောင်းကွက်ကလေးတစ်ခုတော့ ရှိသေးသည်။ ပုဂ္ဂလဓိဋ္ဌာန်အရ ပြောလျှင် ဆိုပါတော့။ ဒါက
သူ့မှာ ရန်သူနည်းပါးခြင်းပင်။ ရန်သူနည်းရုံမက လူချစ် လူခင်ပင် ပေါများတတ် သည်။ သူက
ချစ်သူတွေ ဝိုင်းဝိုင်းလည်နေတတ်သော အမျိုးအစားထဲက ဖြစ်သည်။ ဤသည်မှာလည်း အခက်အခဲ
အကျဉ်းအကျပ်တို့နှင့် မတွေ့မီ အချိန်အထိတော့ မှန်သည်။ သူ့အပေါင်းအသင်း၊
သူ့ချစ်သူခင်သူတွေ မှန်သမျှမှာ အန္တရာယ်ဟု အနံ့ရလိုက်သည်နှင့် ကျားနံ့ရသော
အမဲလိုက်ခွေးလို အမြီးကုပ်ပြေး ကြတော့သည်။ အမှန်တော့ သူတော်ချင်းချင်း
သတင်းလွေ့လွေ့ ပေါင်းဖက်တွေ့ကြ ခြင်းသာ။ ခေါင်းပျော့သူ တစ်ယောက်၏ မိတ်ဆွေ
သင်္ဂဟတွေမှာ သူ့လို ခေါင်းပျော့သူတွေပဲ ဖြစ်ကြဖို့ များပါသည်။ ဒါမှလည်း သဘာဝ
ယုတ္တိရှိပေမည်။ သူတော်ချင်းချင်း စာဆိုနှင့် ကိုက်ညီပေလိမ့်မည်။ အားကိုးလောက်စရာ၊
ယုံကြည်လေးစားစရာ၊ တာဝန်ခံရဲသော မိတ်ဆွေစစ် တစ်ယောက်ရဖို့ပင် အတော်ခဲယဉ်းလှပေသည်။
ဖြေသိမ့်စရာ တစ်ခုကတော့ သူက ရန်သူတွေ ဝိုင်းဝိုင်းလည်မနေတတ်။ ငှက်ဆိုလျှင်လည်း
သိမ်းငှက်တော့ မဟုတ်။ အခြားလှပသော ငှက်တစ်ကောင်ကောင် ဖြစ်ဖို့များသည်။
ခေါင်းမာသူနှင့် ခေါင်းပျော့သူ
နှစ်ဦးစလုံးမှာ သာမန်ဖြစ်သော ဦးခေါင်းပိုင်ရှင်ထက် အနည်းငယ်စီ ထူးခြားမှု
ရှိလေသည်။ သူတို့ နှစ်ဦးစလုံး ချောက်ကမ်းပါး ထိပ်စွန်း၌ မတ်တတ်ရပ်နေ သူများနှင့်
တူလေသည်။ အချိန်မရွေး ချောက်ကမ်းပါးထဲသို့ လိမ့်ပြိုကျဆင်းသွားနိုင်လေသည်။
အနည်းငယ်တော့ ကွဲလွဲမှု ရှိနိုင်ပါသေးသည်။ ခေါင်းပျော့သူက ချောက်ကမ်းပါးထဲ
ကျမည်ဆိုလျှင် သူတစ်ဦးတည်း ဖြစ်ဖို့များသည်။ ခေါင်းမာသူကား ဤသို့မဟုတ်။ သူနှင့်အတူ
အဖော်အပေါင်းတွေ တစ်ပြုံတစ်မကြီး ပါဝင်တတ်သည်။ စကားလုံး အနည်းဆုံး ပြောရလျှင်
ခေါင်းမာသူက မျှဝေပေးနိုင်စွမ်းရှိသူ ဖြစ်သည်။
ဘာကြောင့်ပါလဲ။
ခေါင်းမာခြင်းတွင် ပါဝင်သော
စွမ်းရည်အစိတ်အပိုင်း အတော်များများမှာ လူတွေ လေးစားအထင်ကြီးသော အပြုအမူတွေ
ဖြစ်လေ့ရှိသည်။ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိခြင်း၊ ပိုင်းဖြတ်မှု ရှိခြင်း၊
တာဝန်ခံရဲခြင်း စသည်တို့ ဖြစ်သည်။ ထို့ကြောင့်လည်း သူတို့တစ်တွေ
သည်ခေါင်းဆောင်ပိုင်းသို့ တက်ရောက်လာနိုင်ကြလေသည်။ ဟစ်တလာ၊ မူဆိုလီနီ၊ စတာလင်နှင့်
ကတ်စ်ထရို တို့သည် ထင်ရှားသော ဥဒါဟရုဏ်များတည်း။
တစ်ခုတော့ ရှိလေသည်။ လူများစုအပေါ်
သြဇာသက်ရောက်စေနိုင်ခြင်းက လူအများကို ဒုက္ခတွင်းထဲ ကျဆင်းစေနိုင်သည့် ရလဒ်လည်း
ဖြစ်ပေါ်စေနိုင်သည်။ ထို့အတူပင် လူများစုကြီး၏ ဘဝကို တိုးတက်ပြောင်းလဲ စေနိုင်သော
ရလဒ်လည်း ဖြစ်ပေါ်စေနိုင်သည်။ ခေါင်းမာသူက ခေါင်းပျော့သူထက် ပိုမို
အန္တရာယ်ပေးစွမ်းနိုင်ကြောင်း နိုင်ငံရေးပညာရှင်တို့က တညီတညွတ်တည်း
ဖွင့်ဆိုခဲ့ကြလေသည်။
ဒုက္ခသုက္ခ ကြီးကြီးမားမား
မတွေ့တတ်သလို မြင့်မြင့်မားမား နေရာတွေကို ဘယ်တော့မှ မရောက်တတ် သူတို့မှာ
ခေါင်းပျော့သူတွေ ဖြစ်သည်။ သူက ဘယ်အချိန် အခါမဆို နေရာက မရွေ့။ သည်နေရာ၊
သည်နေရာပါပဲ။ ဘယ်အချိန်ကြည့်လိုက် ကြည့်လိုက် အေးဆေးသက်သာစွာ ခိုလှုံစိတ်ဖြင့်
နောက်လိုက်နေရာက စီးမျောနေတတ်သူ ဖြစ်သည်။ သူ့အဖို့ ဆုံးဖြတ်ချက်ဆိုသည်မှာ အပေါ်က
ကျလာသော အရာပင် ဖြစ်သည်။ ခံစားချက်ဆိုသည်မှာ ပဲ့တင်မှုသာ ဖြစ်သည်။ သူက ဘယ်သူ့
အပေါ်မှာမှ သစ္စာစောင့်သိ ရိုသေခြင်းမရှိ။ ယုတ်စွအဆုံး မိမိခံစားမှုအပေါ်မှာပင်
သစ္စာစောင့်သိမှု မရှိပေ။
သူနှင့် ဆန့်ကျင်ဘက်ဖြစ်သော
ခေါင်းမာသူတွေကတော့ ဘာမဆို သူ့လက်သူ့ခြေ လုပ်ကိုင်တတ်သည်။ သူ သိသူတတ်
လုပ်ကိုင်တတ်သည်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ရုံမက လွန်လွန်မင်းမင်း ရှိတတ်သည်။
သူ့မှာ သစ္စာစောင့်သိမှု ရှိသည်ဆိုလျှင် အခြားဖြစ်ဖွယ်ရာ မရှိ။
မိမိယုံကြည်မှုတစ်ခုတည်းအပေါ် သစ္စာစောင့်သိခြင်း။ သူလုပ်လျှင် ဘာမဆိုဖြစ်ရမည်ဟု
ပိုင်းပိုင်းဖြတ်ဖြတ် ရှိလွန်းသူ၊ ကံမရှိ ဉာဏ်ရှိတိုင်း မွဲရမည့် အဖြစ်မျိုးနှင့်
မကြာခဏ ရင်ဆိုင်ရလေ့ရှိသူမျိုးပင်။ တစ်ခါတစ်ရံ အလွန်အမင်း အဆင်ပြေနေတတ်သလို
ရံဖန်ရံခါ အကြီးအကျယ် ချောက်ကျကိန်းမျိုး ကြုံရတတ်သည်။ သူလို အမျိုးအစားက
ခေါင်းပျော့သူတွေအပေါ် နှစ်လိုနှစ်ခြိုက် ရှိတတ်သည်။
မကြာမီက ဖတ်ခဲ့မိသော စာတစ်အုပ်တွင်
ဤအကြောင်းနှင့် ပတ်သက်သော ရိုးရာပုံပြင်များ၊ တေးသီချင်းများ၊ ဓလေ့ထုံးတမ်းများ၊
ရိုးရာအပြောအဆိုများ စသည်တို့ကို ရှာဖွေစုစည်း ဖော်ပြထားလေသည်။ စာအုပ်အမည်က
အမေရိကန်တို့၏ ထုံးတမ်းစဉ်လာ ရှေးမူကိစ္စရပ်များနှင့် မိတ်ဖွဲ့သော စာတမ်းများ (Out Living
Traditions) ဟူ၍ဖြစ်သည်။
ကျွန်ုပ်တို့ ရှင်သန်လျက်ရှိသော ရိုးရာဓလေ့များဟူ၍လည်း ခေါ်ဆိုနိုင်လေသည်။
ထိုစာအုပ်ထဲတွင် ခေါင်းမာသူ၊
ခေါင်းပျော့သူနှင့် ပတ်သက်သော ရိုးရာပုံပြင်များ ဖော်ပြထားလေသည်။ အများစုကတော့
အမေရိကန်ပြည် မြောက်ပိုင်း တောင်နှင့်မြောက် ဒါကိုတာပြည်နယ်၊ ဝစ္စကွန်ဆင်နယ်၊
မင်နီဆိုတာ ပြည်နယ်များတွင် ပြောလေ့ရှိသော ပုံပြင်များပင်။
ခေါင်းပျော့ခြင်း၊
တွေဝေယိုင်နဲ့ခြင်းနှင့် ပတ်သက်၍ ရိုးရာပုံပြင်တစ်ပုဒ် ရှိလေသည်။
ဝစ္စကွန်ဆင်ပြည်နယ်သား ဘလူးနို့စ်ဘရိမ်းနတ် (Bluenose Brainerd)
အကြောင်းဖြစ်သည်။ တစ်နေ့ တွင် မိန်းမဖြစ်သူက အိမ်ရှိကြောင်ကို မလိုချင်တော့၍
တောထဲသို့ သွားရောက်စွန့် ပစ်ခိုင်းသည်။ အမှာစကား တစ်ခွန်းတော့ ခြွေလိုက်သည်။
တောနက်နက်ထဲ သွားနိုင်သမျှ သွားပစ်ဟူ၏။ ဒါမှ အိမ်ကို ပြန်မလာနိုင်မှာ ဖြစ်သည်။
ဘလူးနို့စ်သည် ဇနီးသည်၏ အမိန့်တော်အတိုင်း တောနက်နိုင်သမျှ နက်အောင် သွားခဲ့လေသည်။
တောက မည်မျှနက်သနည်း ဆိုသော် သူကိုယ်တိုင်ပင် တောထဲက ပြန်ထွက်၍ မရတော့အောင် တောက
နက်ရှိုင်းလွန်းလှသည်။ မျက်စိလည်ကာ မသွားတတ်၊ မလာ တတ်ဖြစ်နေသည့် အဆုံး မိန်းမက
စွန့်ပစ်ခိုင်းလိုက်သော ကြောင်ကို လမ်းပြခိုင်းပြီး အိမ်ကို ခက်ခက်ခဲခဲ ပြန်လာရသည်
ဟူသတတ်။
နောက် ပုံပြင်တစ်ပုဒ်ကလည်း
မှတ်သားလောက်ပါပေသည်။ ဒါကတော့ ခေါင်းမာသူနှင့် ဆိုင်သော ပုံပြင် တစ်ပုဒ်ပင်။
မစ္စစ္စပီမြစ်ရေလျှံသော နှစ်တစ်နှစ်က ဖြစ်သည်။ ရေဘေးမှ ကင်းလွတ်ရန်
အိမ်ခေါင်မိုးတစ်ခုပေါ် ရောက်နေသူနှစ်ဦး စကားပြောနေကြသည်။ ၎င်းတို့ အောက်ဘက်
တစ်မျှော် တစ်ခေါ်ကြီးမှာ ရေတွေ ဗောင်းလန်နေပြီး အိမ်အသုံးအဆောင်ပစ္စည်းများ၊
ပရိဘောဂများ၊ အိုးခွက်ပန်းကန်များ၊ တိရစ္ဆာန်များ ရေစီးနှင့် မျောပါနေကြသည်။
ခေါင်မိုးပေါ်ရှိ လူနှစ်ယောက်အနက် ဆေးတံသောက်နေသူက ရေပြင်တစ်နေရာကို ညွှန်ပြပြီး
ပြောလေသည်။
'ဟိုမှာ မျောနေတဲ့
ဦးထုပ်တစ်လုံးကို ကြည့်စမ်း။ သူ့ကြည့်ရတာ ရှေ့သွားလိုက်၊ နောက်ပြန်ဆုတ်လိုက်နဲ့
ပုံမှန်မဟုတ်ဘဲ မျောနေတယ်။ ထူးဆန်းလိုက်တာ' ဟုပြောတော့
သူ့အဖော်က ထိုဦးထုပ်ကို တစ်ချက်မျှသာ ကြည့်ဆိုရုံလေး ကြည့်ပြီး ဘာမှမထူးဆန်းသလို
အေးအေးဆေးဆေးပဲ ပြန်ပြောလေသည်။
'သြော်...ဒါလား၊ ဒီ ဦးထုပ်ဟာ
တခြားမဟုတ်ပါဘူး။ ကျုပ်အိမ်က စာရင်းငှား ဆောင်းထားတာပါ။ သူက ဒီနေ့ဆိုရင်
မိုးရွာရွာ ရေကြီးကြီး မြက်ဖြတ်စက်နဲ့ မြက်ခင်းထိုးဖြတ်မယ်လို့ သူ ပြောထားတယ်လေ'
ဟု ပြန်ပြောလေသည်။
ဤကဲ့သို့ ခေါင်းမာခြင်းနှင့်
ပတ်သက်သော ပုံပြင်တွေ နိုင်ငံတကာမှာ ရှိကြဦးမည်ထင်သည်။ ပုံပြင်အများစုက ဟာသနှင့်
မယုံနိုင်စရာတွေ ရောပြွမ်းနေသော်လည်း ခေါင်းမာသူတွေ၏ စရိုက်ကို ဖော်ပြရာတွင်ကား
ကွင်းကွင်းကွက်ကွက်ရှိလှသည်။ သရုပ်သကန် ပီပြင်လှပါသည်။ တချို့သော ပုံပြင်တွေက
ခေါင်းမာသူတို့၏ စရိုက်ကို ဖော်ကျူးပြပြီး တချို့ပုံပြင်တွေမှာတော့ ခေါင်းမာခြင်း၏
နောက်ဆက်တွဲ ဆိုးကျိုးတွေကို ဖွင့်ဆိုပြလေသည်။ ပုံပြင်များတွင်ပါဝင်သော
ခေါင်းပျော့သူတွေ၏ သင်္ကေတများမှာ ယုံလွယ်သူ၊ အလှည့်စား ခံရလေ့ရှိသူ၊
ကိုယ်ပိုင်ဆုံးဖြတ်ချက်မဲ့သူ စသော လူသား ဇာတ်ရုပ်တွေအဖြစ် သရုပ်ဆောင်လေ့ရှိကြသည်။
ရံဖန်ရံခါတွင်တော့ လူ၏ သင်္ကေတအဖြစ် တိရစ္ဆာန်တို့ကို ထည့်သွင်းသုံးစွဲတတ်လေသည်။
ခေါင်းမာသူတွေနှင့် ပတ်သက်သည့်
ရိုးရာပုံပြင်တွေကျတော့ ဇာတ်ရုပ်အသီးသီးဖြင့် အမျိုးမျိုး သရုပ်ဆောင်ပြကြသည်။
အများစုကတော့ ယုံတမ်းပုံပြင်များ (Myths)ယ ဒဏ္ဍာရီများ (Legends) မဟုတ်ကြပါ။
နှုတ်ပြော လက်ဆင့်ကမ်းတွေ ဖြစ်ကြသည်။
ခေါင်းမာခြင်းနှင့် စပ်လျဉ်းပြီး
နှုတ်ဆင့်ကမ်းလာသော ပုံပြင်တွေကို သရုပ်ခွဲ ကြည့်လျှင် ရည်ရွယ်ချက် အမျိုးမျိုး
တွေ့နိုင်ပါသည်။ ခြုံငုံကြည့်လိုက်လျှင် ခေါင်းမာသင့်သည့် နေရာတချို့တော့
ရှိပါသည်။ သို့သော် အများစုကတော့ ခေါင်းမာခြင်းကြောင့် ဘာအကျိုးဆက်မှ
ဖြစ်ပေါ်လာခြင်း မရှိတာ များပါသည်။ အထူးသဖြင့် ကံကြမ္မာကို အရောင်းအဝယ်
လုပ်နေကြသူများ ဝန်းကျင်တွင် ရှုံးမယ့်မြင်းကို ဘယ်သူမှ မလောင်းဘူးဟူ၍ တက်တက်ကြွကြွ
ဟစ်ကြွေးနေရင်း မိမိလောင်းသည့်မြင်းက ရှုံးနေမှန်း မသိနိုင်ကြပေ။ တချို့ကတော့
မိမိရှုံးနိမ့်နေမှန်း သေချာနေပါလျက် ဆက်လက်ပြီး ခေါင်းမာနေချင်သေးသည်။ ရိုးသားစွာ
အရှုံးပေးရမည်ကို ဝန်လေးဟန် တူပါသည်။ ဤပုဂ္ဂိုလ်တွေကတော့ ခေါင်းမာခြင်း
နယ်နိမိတ်ကို ကျော်လွန်ပြီး မိုက်ကန်းခြင်းဘက်ဆီသို့ ဦးတည် ရွေ့လျားနေခြင်းပဲ
ဖြစ်လေသည်။
မှတ်သားစရာ ကောင်းသောပုံပြင်တွေ
များစွာရှိလေသည်။ ကောက်ချ်မိသားစု၏ ပုံပြင်များနှင့် သီချင်းများ (Tales and Songs of
the Counch Family) ၊
သတို့သမီးအစစ်အမှန် (The True Bride)၊ ဗုံဆရာ (The
Drummer)၊ ကြောက်ရွံ့ခြင်းကို
သိရှိလိုသည့် လုလင်ပျို (The Youth Who Wanted To Learn What Fear is...) ၊ တိမ်တိုက်ပေါ်တွင်
လမ်းလျှောက်သည့်တိုင်းပြည်မှ ပုံပြင်များ (Tales From the Cloud Walking
Country) ၊ ကြင်နာတတ်သော
မိန်းကလေးများနှင့် မကြင်နာတတ်သော မိန်းကလေးများ (The Kind and the Unkind
Girls) စသည်တို့ ဖြစ်သည်။
စာအုပ်တိုင်းလိုလို ခေါင်းမာခြင်းနှင့် ပတ်သက်သောပုံပြင်တွေ တစ်ပုဒ်ကျစီ အနည်းဆုံး
ပါဝင်လေ့ရှိသည်။ အထူးသဖြင့် မာရီကင့်ဘဲလ် (Marie Camp-bell)
စုဆောင်းရေးသားဖော်ပြသော တိမ်တိုက်ပေါ်တွင် လမ်းလျှောက်သည့်တိုင်းပြည် စာအုပ်ထဲပါ
ရိုးရာပုံပြင်များက ပိုမို စူးရှထက်မြက်ကြောင်း သုတေသီတို့က ဖွင့်ဆို
အကဲဖြတ်ခဲ့ကြပါသည်။
ပုံပြင်တစ်ပုဒ်ကို ဖော်ပြချင်ပါသည်။
ခေါင်းမာရာတွင် နာမည်ကျော်လှသော လူနှစ်ဦး မောင်းလာသည့် လှည်းနှစ်စီး လမ်းကျဉ်း
ကလေးတစ်ခုထဲတွင် ထိပ်တိုက်ရင်ဆိုင်မိကြလေသည်။ လမ်းကျဉ်းကလေးမှာ လှည်းနှစ်စီး
ဘေးချင်းယှဉ်သွားဖို့ရာပင် အတော်ခက်ခဲလှလေသည်။ ဘေးတစ်ဖက် တစ်ချက်မှာ ခြုံပုတ်များ၊
ကမူများ၊ ကျောက်တုံးကျောက်ခဲများ၊ သစ်ငုတ်တိုများ ပြည့်နှက်နေပြီး အောက်ဘက်သို့
စွေစောင်းနေသော ဆင်ခြေလျှောက လမ်းဘေးဝဲယာ တစ်ဖက်တစ်ချက်မှာ ရှိနေသည်။
လမ်းဘေးမောင်းဆင်းသွားဖို့က ဘယ်လိုမှ မဖြစ်နိုင်ပေ။ ခုတော့ ခေါင်းမာသူနှစ်ဦးစလုံးက
လမ်းအလယ်တည့်တည့်ဆီမှ မျက်နှာချင်းဆိုင် မောင်းလာနေကြပြီ။ မည်သူမျှ လမ်းဘေးသို့
စတင်ရွှေ့ပေးမည့်ပုံ မပေါ်ပေ။ နှစ်ဦးစလုံး လမ်းဘေးသို့ ဖြစ်နိုင်သမျှ ညီညီညာညာ
ကပ်ပေးမှသာ လှည်းနှစ်စီးစလုံး ခက်ခက်ခဲခဲ သွားရရုံ အနေအထားဖြစ်သည်။ သို့သော်
သကောင့်သား နှစ်ဦးစလုံးက လှည်းကို တုံ့ခနဲ ရပ်ပစ်လိုက်ကြသည်။ မည်သူမျှ လမ်းဘေးသို့
တိမ်းဖယ်ပေးရန် စိတ်မကူးကြ။ တစ်ဦးက လှည်းပေါ်မှာ အကျအန နေရာခင်းလိုက်ပြီး
သူ့မှာပါလာသော သတင်းစာကို ထုတ်ကာ အေးအေးလူလူ ဖတ်နေတော့သည်။ ကျန်တစ်ဦးက လှည်းပေါ်တွင်
ကော်ဖီဖျော်နေရာမှ လှမ်းပြောလိုက်သည်။ ခင်ဗျား ဖတ်ပြီးရင် သတင်းစာ ခဏလောက်
လှမ်းလိုက်ပါဗျာ ဟူ၏။
ဤပုံပြင်ကလေးကို ဟာသမြောက်ပါပေသည်ဟု
ပြောရန် အလွန်ခက်ခဲပေလိမ့်မည်။ ပုံပြင်ရပ်တန့်ထားသော နေရာမှ ဝင်စားကြည့်လျှင်
ဟာသသဘော ပါဝင်သော်လည်း ပုံပြင်လားရာ အဆုံးအထိ လှမ်းမျှော်ကြည့်လျှင်
အလွမ်းဇာတ်တစ်ခု၏ နိဒါန်းကို ပေါ့ပေါ့ပါးပါးကလေး ခင်းကျင်းပြခြင်းပင် ဖြစ်သည်ဟု
တွေးဆနိုင်လေသည်။
ဘာပဲဖြစ်ဖြစ်...
ခေါင်းမာခြင်းနှင့် အကဲဆတ်ခြင်းသည်
ပွင့်တူရွက်တူ ပန်းနှစ်ပွင့်ဟု ပြောမည်ဆိုလျှင် ခေါင်းပျော့ခြင်းနှင့်
တွေဝေညွတ်ကိုင်းခြင်းတို့သည်လည်း အသွေးတူ၊ အမွေးတူ ငှက်နှစ်ကောင်ဟု
ဆိုနိုင်ပါလိမ့်မည်။
မောင်ခိုင်လတ်
(အမှတ် ၂၀၃၊
အောက်တိုဘာလ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)
ကြယ်တွေက တဖွေးဖွေး ကြွေကျခဲ့ပြီ ဖြစ်သည်။ ကြွေကြယ်ကို လေးစားရမည်။ ကြွေကြယ်ကို တန်ဖိုးထားရမည်။ ကြယ်ကြွေ၏ ဂုဏ်သိက္ခာကို မစော်ကားရ၊ မထိပါးရ။
ဝမ်းပန်းတနည်းနဲ့ တရှုံ့ရှုံ့ငိုနေတဲ့ ကောင်လေးက 'သားက ဘယ်သူနဲ့နေရမှာလဲ ဒေါ်ကြီး'လို့ မေးလိုက်ပါတယ် 'နင့်အစ်မနဲ့ နေရမှာဟဲ့ နင့်အစ်မနဲ့ နေရမှာ'
အခွင့်ကြုံလျှင်တော့ဖြင့် ထာဝစဉ် အေးသက်တိုးငြိမ်နေမြဲဖြစ်သော ထိုနေရာလေးသို့ အရောက်သွားလျှက် ဝဋ်ကြွေးတော်ပြေ ခေါင်းလောင်းကို တစ်ချက်လောက်ဖြစ်ဖြစ် ထိုးခတ်လိုက်ချင် ပါသေးသည်