ရွှေနှလုံးသား

ဘဝပန်းချီ၏စုတ်ချက်

ဇွဲဆုပန် ၊ဆားလင်းကြီး၊

01 June 2026
ဘဝပန်းချီ၏စုတ်ချက်
Share to

            မြတ်နိုးတတ်တဲ့ မောင့်အတွက် နွယ်သည် အလွန်တရာမှ တန်ဖိုးမဖြတ်နိုင်သော အိမ်ထောင်သည်ဘဝကို နိုင်နင်းအောင် ထမ်းရွက်သွားရုံတင်မက မောင့်အတွက် မိခင်ကောင်းတစ်ယောက်လို စောင့်ရှောက်သွားလိမ့်မည်ဟု ထင်ပါသည်။

            'မောင်...မောင်...'နဲ့ တမောင်တည်းမောင်ခဲ့သော နွယ့်အတွက်ကတော့...။

            မောင်ဆိုတာ နွယ့်အတွက် ချစ်တတ်စက ရစ်ပတ်ခဲ့တဲ့နှောင်ကြိုးကို ဘဝလက်တွဲဖော်အဖြစ် ဆက်လက်ခေါ်ဆောင်သွားခဲ့ပါသည်။ ချစ်ခဲ့ရစ်ခဲ့လေသော ချစ်နှောင်ကြိုးသည် တစ်ခါတစ်ရံမှာတော့ ပြေလျော့သွားတတ်သည်။ အကြောင်းကြောင့် အကျိုးဖြစ်သလို၊ အကျိုးကြောင့်လည်း အကြောင်းဖြစ်တတ်ပါသည်။

            နွယ်၏ ချစ်တတ်လွန်းသော ချစ်နှောင်ကြိုးသည် မောင့်အတွက် တစ်ခါတစ်ရံမှာ တင်းကျပ်လွန်းသည်ဟု ထင်မိသည်။ နွယ်က မောင့်ကို အချစ်ကြီးသည်။ အစစအရာရာ အရိပ်တကြည့် ကြည့်နဲ့။

            'နွယ်...နင့်မောင်ကို နင်ချစ်တာ နည်းလမ်းမကျဘူး ထင်တယ်နော်၊ နင်က တအားအလိုလိုက်ပြီး ချစ်နေတာ၊ နင် တစ်နေ့ ဒုက္ခရောက်လိမ့်မယ်' ကျွန်မ တစ်ရက်မှာ နွယ့်ကို သတိပေး စကားပြောခဲ့ဖူးပါသည်။

            နွယ်ချစ်ခဲ့သော မောင်သည် နွယ့်ထက် အသက် ၃ နှစ်လောက် ငယ်လိမ့်မည်။ နွယ်နှင့်ကျွန်မတို့ တက္ကသိုလ်နောက်ဆုံးနှစ် တက်နေတော့ ယောင်လည်လည်နဲ့ တက္ကသိုလ်ကို ရောက်လာတဲ့ မောင်ဆိုတဲ့ ကောင်လေး။

            'မမ...' နောက်မှ ခေါ်သံကြားလို့ လှည့်ကြည့်မိတော့ ကောင်လေးတစ်ယောက်။ တစ်ခါမှ မမြင်ဖူး။ 'တစ်ခုမေးပါရစေ'တဲ့ ကျွန်မတို့သုံးယောက် မိန်းဆောင်၏ရှေ့တွင် ထိုင်နေကြစဉ် အလယ်က ထိုင်နေတဲ့ မမလို့ခေါ်တဲ့ နွယ့်ကို ကွက်ပြီး မေးခဲ့သည်။ အဲဒီအချိန်က ကျွန်မတို့က စခဲ့ နောက်ခဲ့ သေးသည်။

            'တို့ကို မေးတာလား' ကျွန်မက မေးလိုက်တော့ ခေါင်းလေးရမ်းပြီး နွယ့်ကို လက်ညှိုးထိုးပြသည်။ ကျွန်မနဲ့ လှိုင်က ရယ်တော့ ခေါင်းလေးငုံ့ပြီး ရှက်သွား သည်။ 'ရင်ခုန်စရာကောင်းလိုက်တာ'

            'ဘာမေးမှာလဲ၊ မေးလေကွာ၊ တို့သုံးယောက်လုံး ဖြေပေးရမှာလား။ မဲနှိုက်ပြီးမှ ပြောပြရမှာလား' ကျွန်မတို့၏ ဘုကျကျမေးခွန်းကို ခေါင်းလေးကုတ်ပြီး ရပ်စောင့်နေရှာသည်။ ကောင်လေးသနားပါတယ် ဆိုတဲ့ နွယ့်စကားကို ကျွန်မနဲ့ လှိုင်က လက်မခံခဲ့ဘူး။

            'ရပါတယ်'ဆိုတော့ ကျွန်မတို့သုံးယောက် မဲနှိုက်လိုက်တော့ နွယ်က ဖြေရမည်။

            'ကျွန်တော်က First Year ကပါ။ အဲဒါ Botany ဆောင်က ဘယ်နားလေးမှာလဲ မသိဘူး။ သိရင် ညွှန်ပြပေးနိုင်မလား' နွယ့်အဖြေက ကောင်လေးကို သူ့အဆောင်ဘက် လိုက်ပို့မှ ဖြစ်တော့မည့် အခြေအနေ။ လိုက်မပို့လည်း မဖြစ်။

            နွယ်ဖြေလိုက်တာက 'မောင်လေးတို့အဆောင်က ဟိုး မဲဇာတောင်ခြေမှာ' တဲ့ လက်ညှိုးညွှန်ပြီး ပြောလိုက်သည်။ မဲဇာတောင်ခြေဆိုတာ ကျွန်မတို့ မုံရွာတက္ကသိုလ် ရောက်တော့ မြောက်ဘက်လိုဆီမှာ ချောင်ကျတဲ့ နေရာက အဆောင်ကို အမည်တပ်ခြင်း ဖြစ်သည်။

            ကျောင်းမှာ Practical လုပ်တိုင်း နေရာမဆံ့လျှင် မြောက်ဘက်က အဆောင်ဘက်ကို ရွှေ့ပြောင်းရတတ်သည်။ အဲဒီလို ရွှေ့ပြောင်းရတိုင်း အပို့ခံရတဲ့ အဖွဲ့ကို မဲဇာရောက်အဖွဲ့လို့ လှောင်ပြောင်ခဲ့ဖူးသည်။ အဆောင်ရဲ့ ဟိုဘက်မှာ သစ်ပင်တွေပဲ ရှိတော့သည်။

            ကန်တီးနဲ့ကလည်း ၃-၄ ဖာလုံလောက် ဝေးမည်။ သုံးယောက်သား ကောင်လေးကို လိုက်ပို့ကြတော့ တစ်လမ်းလုံး ပြောင်ကြသည်။

            'သုံးပိုင်း တစ်ပိုင်းလား၊ တစ်ပိုင်း သုံးပိုင်းလား။ မဟုတ်ဘူးကွ၊ တစ်ပိုင်း သုံးပိုင်းဆိုရင် ကောင်လေးတော့ မလွယ်ဘူးကွ' သူတို့ဘက်က စပြန်တော့ ကျွန်မနဲ့ လှိုင်က မနေနိုင်။ ပြန်အော်ကြသည်။ 'မဟုတ်ဘူးဟေ့၊ သရီးအင်န်ဝမ်း'

            ကျောင်းခန်းနား ရောက်တော့ ဆရာမက စာသင်နေပြီ။ လက်ချာချိန် ဖြစ်မည်။ တံခါးနားရပ်လိုက်တော့ တစ်ခန်းလုံးရှိ မျက်လုံးတစ်စုံကလွဲရင် အားလုံး ကျွန်မတို့ဆီကို အကြည့်ရောက်သည်။

            'ဆရာမ...' ကျွန်မက လှမ်းအော်လိုက်တော့ တစ်စုံတည်းသော မျက်လုံးပိုင်ရှင်က လှည့်ကြည့်သည်။ 'ဘာလဲ' ဆိုတဲ့ ဆရာမရဲ့ အပြုံးကို မြင်လိုက်ရသည်။ 'ကောင်လေးကို ဆရာမဆီ လာအပ်တာပါ'

            ကျွန်မတို့ အဆောင်ရှေ့ ရောက်တော့ သုံးယောက်သား ရယ်မိကြသည်။ နွယ်ကတော့ ကောင်လေးကို 'သနားစရာဟယ်...' ဆိုတဲ့ ကရုဏာသံလေးနှောပြီး ပြောသည်။

            ကောင်လေးနဲ့ နွယ် တွေ့ခြင်းရဲ့အစ...

            နောက်ရက် ကျောင်းမိန်းလမ်းပေါ်မှာ နွယ်နဲ့တွေ့တော့ 'မမ'လို့ ကောင်လေးက လှမ်းအော်သတဲ့လေ။ ဘယ်လောက်များ ပြောင်စပ်စပ်နိုင်သလဲ။ သူတို့ အုပ်စုက ဆယ်ယောက်လောက်။ ကျွန်မနဲ့ လှိုင်သာပါရင်တော့ ညက်ညက်ကြေအောင် ချေပစ်မည်။ နွယ်က ကျွန်မတို့နဲ့ ပေါင်းနေပေမယ့် လားလားမှ မတူ။ အေးစက်စက် နိုင်လှသည်။ စကားပြောပြန်လည်း မပြောချင့်ပြောချင် ပုံစံ။ တစ်ခါတစ်ရံမှာ စိတ်မရှည်လှပေမယ့် ဒီသုံးယောက်ပဲ ရှိတဲ့အဖွဲ့လေးမို့ မဖြုတ်ရက်။

            ကျောင်းတက်လာတဲ့ သက်တမ်း နှစ်ဝက်ကျိုးတော့ ကောင်လေးနဲ့ အတော်ရင်းနှီးသွားခဲ့သည်။ ကောင်လေးကလည်း မမတို့ဆီ လာလိုက်၊ ကျွန်မတို့သုံးယောက်က ကောင်လေးနဲ့ ကန်တီးမှာ ထိုင်လိုက်နဲ့။

            တစ်ရက်မှာတော့ ကောင်လေးက နွယ့်ကို ချစ်ခွင့်ပန်ခဲ့သတဲ့လေ။ နွယ့်ရဲ့ အားနာတတ်တဲ့၊ သနားတတ်တဲ့ အကျင့်က တစ်ခါတစ်ရံမှာ သူ့ကို ဒုက္ခပေးတတ်သည်။ ကောင်လေးက ချစ်ခွင့်ပန်ပြီး တစ်လလောက်မှာ အဖြေပေးလိုက်သတဲ့လေ။ ဘယ်လောက်မြန်လိုက်သလဲ။ အတွေ့အကြုံ မရှိတာရော ပေါ့။

            ဒါတွေအားလုံးကို သူတို့ မင်္ဂလာဆောင်အပြီးမှာမှ သိခဲ့ရသည်။ ကောင်လေး ဒုတိယနှစ်လောက်မှာ ချစ်သူသက်တမ်း တစ်နှစ်ခွဲလောက်မှာ လက်ထပ်လိုက်ကြတယ်။ နွယ့်ဆီက မင်္ဂလာဆောင်ပြီးပြီဆိုတဲ့ သတင်းကြားတော့ ကျွန်မနဲ့ လှိုင် နွယ်တို့ဆီကို လိုက်သွားကြတယ်။ တစ်လမ်းလုံး လှိုင်က စိတ်ဆိုးစွာနဲ့ 'ရင်နာလိုက်တာ' ဆိုတဲ့ စကားကိုပဲ တတွတ်တွတ် ပြောနေသည်။

            ကျွန်မတို့ရောက်သွားတော့ နွယ်က သူ့ကိုယ်သူ အောင်နိုင်သူကြီးတစ်ယောက်လို မျက်နှာမှာ မချိုမချဉ်နဲ့။ ရောက်ရောက်ချင်းချင်း နွယ့်ကို ရန်တွေ့ပစ်လိုက်သည်။ လှိုင်နဲ့ ကျွန်မကလည်း ကျောင်းပြီးကတည်းက မတွေ့ဖြစ်။ တစ်မြို့တည်း တစ်ရပ်ကွက်တည်းကလည်း မဟုတ်ပြန်တော့ ပိုပြီးဆိုးတယ်။

            ကောင်လေးကို နွယ်က ကျောင်းဆက်ထားပေးရသည်။ ကျောင်းသွားရင် ဆိုင်ကယ်နဲ့ ကျောင်းလိုက်ပို့လိုက်၊ ကျောင်းပြန် ဈေးဆိုင်ထိုင်လိုက်၊ ကျောင်းဆင်း သွားကြိုလိုက်နဲ့ပေါ့။ အလုပ်တစ်ခု ရနေသည်။

            သူငယ်ချင်းတွေ တွေ့တုန်း မြစန္ဒာရုံကို ရုပ်ရှင်သွားကြည့်လိုက်ကြသည်။ ရုပ်ရှင်သာ ကြည့်နေသည်၊ နွယ်က သူ့မောင်ကို သွားကြိုရဦးမှာတဲ့လေ။

            'ကဲလွန်းတယ်နော် ကောင်မ၊ ငါတို့ကို မင်္ဂလာဆောင်မဖိတ်ကတည်းက မကျေနပ်တာ၊ ငါတို့ကျေနပ်အောင် တစ်ခုခုတော့ ကျွေးရမယ်' လှိုင်က ဆက်ပူဆာတော့ နွယ်က မလိုက်လျောချင်။

            မဖြစ်တဲ့အဆုံး ကျွန်မတို့ကို လိုက်ကျွေးနေတာတောင် 'မောင်က မျှော်နေရှာမှာ ဟဲ့...' ဆိုတဲ့ စကားက ထွက်လာသေးသည်။ နောက်ဆုံးမှာတော့ ရုပ်ရှင်ရုံနားက မြီးရှည်တစ်ပွဲစီ စားပြီး ကန်သာယာဘက်ကို စက်ဘီးနဲ့ ရောက်တော့ ကျောင်းတက်စဉ်က ပျော်ခဲ့တာလေးတွေကို ပြန်ပြီး တမ်းတမိသည်။ ဒီနေရာတွေက ကျွန်မတို့သုံးယောက် ခြေရာတွေကို လိုက်ရှာကြည့်လျှင် တွေ့နိုင်လိမ့်ဦးမည်။

            အိမ်ရောက်တော့ ညနေ ငါးနာရီလောက်ရှိပြီ။ ကျွန်မနဲ့ လှိုင်က ကောင်လေး နွယ့်ကို စိတ်ကောက်လိမ့်မည်အထင်နဲ့ သူတို့ကို အကဲခတ်နေသည်။ ကောင်လေးက စိတ်မကောက်။

            ညပိုင်းမှာ ကောင်လေးက ပြောပြသည်။ နေ့က ဆိုင်ကယ်ကို လူကြုံနဲ့ ပို့ပေးလိုက်တယ်တဲ့လေ။ ကျွန်မတို့ နှစ်ယောက် နွယ့်ရဲ့ လှည့်ကွက်ထဲကို ရောက်သွားတာ မသိလိုက်။ တယ်လည်း ပိရိလိုက်ခြင်း။ မကျေနပ်သေးဘူး။

            ညပိုင်းမှာ အိပ်ကြတော့ သူတို့ကို အတူအိပ်ခွင့်မပေး။ နွယ့်ကို အလယ်ကထားပြီး လှိုင်နဲ့ကျွန်မက ကုတင်ပေါ်မှာ ညှပ်အိပ်လိုက်သည်။ ကောင်လေးတော့ အခံရခက်နေလိမ့်မည်။

            မနက်ရောက်တော့ ကောင်လေးက အိမ်ရှေ့ ဧည့်ခန်းကြမ်းပြင်ပေါ်တွင် စောင်ခြုံလျက်သား အိပ်နေရှာသည်။ ဘေးမှာ ခြင်ဆေးခွေနှစ်ခု ထွန်းထားတဲ့ ပြာခွက်လေးတွေကို မြင်လိုက်ရတော့ ကျွန်မ သနားမိသည်။ မုံရွာခြင်ရဲ့ ဆိုးရွားတဲ့ ဒဏ်ကို ခံခဲ့ရဖူးသူ တစ်ယောက်အနေနဲ့ပေါ့။

            ကျောင်းပိတ်ရက်မို့ နွယ်ကနှိုးပြီး အိပ်ခန်းထဲ ပြောင်းအိပ်စေသည်။ သူ့ မောင်ကို 'အတော်ချစ်တာပါလား' လို့ စုတ်သပ်မိရသည်။ မနာလိုလည်း ဖြစ်မိသည်။

            'မမ၊ မောင် မအိပ်တော့ဘူး။ သူငယ်ချင်းတွေနဲ့ ချိန်းထားလို့' ပြောပြီး ကောင်လေးက ထသွားတော့ နွယ်က စောင်တွေခေါက်ပြီး နောက်ကလိုက်သွားသည်။

            'မသွားပါနဲ့လား မောင်ရယ်၊ ကျောင်းပိတ်ရက်လေး နားရတာ။ နောက်ပြီး စာမေးပွဲကလည်း နီးနေပြီ။ ဖြစ်နိုင်ရင် မောင့်ကို မမ မသွားစေ့ချင်ဘူး၊ သိလား။ နော်... မသွားပါနဲ့လားကွယ်' ချစ်စ၊ ခင်စ၊ ကြင်နာစ ဆိုတော့ သည်းလိုက်ကြတာလို့ ထင်မိသည်။

            'သြော်...မိနွယ်... မိနွယ်၊ သနားစိတ် ဖြစ်ရပြန်သည်။ ကောင်လေးက ဆက်ပြီး 'မမ၊ ခဏဖြစ်ဖြစ် သွားခွင့်ပြုပါနော်။ အဲဒီက ပြန်လာရင် တစ်နေ့လုံး စာကျက်မယ်။ မမနားက မခွာဘူး သိလား' ပူဆာပြန်တော့ မမ ခေါင်းညိတ်ရသည်။ မသွားစေချင်၍သာ သွားခွင့်ပြုလိုက်ပြန်တော့ အဝတ် အစားကအစ ထုတ်ပေး၊ အင်္ကျီကြယ်သီး တပ်ပေးနေသေးသည်။ တတ်လည်း တတ်နိုင်တဲ့ မိနွယ်ပါလား။

            နောက်ရက်မှာ ကျွန်မနဲ့ လှိုင်ပြန်တော့ မြစ်ဆိပ်ထိ လိုက်ပို့ကြသည်။ ကျောင်းပိတ်ရက်မို့ ကောင်လေးပါ လိုက်ပို့သည်။ ဈေးသစ်နားရောက်တော့ ကောင်မလေး တစ်ယောက်က ကောင်လေးကို နှုတ်ဆက်တော့ မိနွယ် မျက်နှာ နည်းနည်းညှိုးရော် သွားတယ်ထင်မိသည်။

            သနားလည်း သနား၊ အမြင်လည်း ကတ်မိသည်။ အိမ်ရောက်ရင် ဘာတွေ ဖြစ်ဦးမလဲ မသိဘူးလို့ စိတ်ထဲက တွေးနေမိသည်။ မိနွယ် ဘယ်လောက် စိတ်ကောက်ကောက် ကောင်လေး တစ်ခါတောင် ချော့စရာမလို။ သူကိုက အလိုလိုက်ပြီး ချစ်နေတာ။

            ကမ်းနားရောက်တော့ မုံရွာဘက်က ပစ္စည်းတွေကို စက်လှေပေါ်တင်ရင်း နွယ့်ကို သတိပေးမိသည်။ 'သူငယ်ချင်း မိနွယ်၊ ကောင်လေးကို အဲဒီလောက် မချစ်နဲ့ကွာ။ သူငယ်ချင်းကို သနား တယ်။ သူနဲ့ပတ်သက်ပြီးလည်း အလိုမလိုက်နဲ့' ကျွန်မ စကားအဆုံးမှာ လှိုင်က 'တို့ သူငယ်ချင်းတစ်ယောက် ရုပ်သေးဆရာတစ်ယောက်အဖြစ် ပိုင်နိုင်စွာ ကြိုးဆွဲနိုင်ပါစေကွာ' ဆိုတဲ့စကား ကို ပြောတော့ မျက်ရည်လေးလည်လာသည်။ သူ့မျက်နှာကို ကြည့်ပြီး စိတ်မကောင်း။           ကောင်လေး လက်မှတ်ဖြတ်ပြီး လာပေးတော့မှ 'ကဲ...နွယ်နဲ့ကောင်လေး သွားတော့နော်။ နွယ်လည်း တို့ပေးထားတဲ့ ဖုန်းနံပါတ်ကို အရေးအကြောင်းရှိတိုင်း ဆက်ပေးပါ။ ကောင်လေးလည်း စာကိုကြိုးစားနော်၊ နောက်ဆုံးနှစ်ဆိုတော့ အရေးကြီးတယ်'

            လက်ပြ နှုတ်ဆက်တော့ စက်လှေကလေးက ကမ်းစပ်ရေကို လှုပ်နှိုးအော်ဟစ်စ ပြုနေပြီ။ 'သြော်... နွယ်နဲ့ ကောင်လေး' ဘာရယ် မဟုတ်ဘဲ လှိုင့်ဆီက အသံထွက်လာတော့ လှည့်ကြည့်မိသည်။ လှိုင့်မျက်နှာမှာ နွယ့်ကို သနားရိပ်တွေ တွေ့နေရသည်။ တစ်လှေတည်း စီးတွေကလည်း ကြည့်နေ ကြလိမ့်မည်။

            တောင်မြောက်စီးဆင်းနေတဲ့ ချင်းတွင်းမြစ်ရေ အလျဉ်ကို အံတုပြီး နွယ်နဲ့ ကောင်လေးပုံရိပ်ဟာ ဝေဝါး ကျန်နေရစ်တော့သည်။

            သူငယ်ချင်းနွယ်နဲ့ ပတ်သက်ပြီး စဉ်းစားလာခဲ့မိသည်။ လှိုင့်ဆီကလည်း ဘာစကားမှ မပြောလာ။ သူလည်း ကျွန်မနဲ့ ထပ်တူဖြစ်လိမ့်မည်။

            တစ်ရက်မှာ နွယ်နဲ့ ကောင်လေး ကျွန်မအိမ်ကို အလည်ရောက်လာသည်။ သူတို့နှစ်ယောက်ကို အတူတူ မြင်လိုက်ရတော့ ရင်ထဲမှာ ဝမ်းသာသလို ခံစားရသည်။ နွယ်က ကျွန်မကို 'တပျိုတည်းမမ'တဲ့ လှမ်းနှုတ် ဆက်လိုက်သံကြားတော့ နွယ့်အသံမှန်း သိလိုက်ရသည်။ လာမယ်လို့ မထင်ခဲ့ တာတော့အမှန်။ ကျွန်မလည်း ဘာရမလဲ နွယ့်ကို ကလဲ့စားချေတဲ့အနေနဲ့ 'တအိုတည်း မမ' လို့ ခေါ်လိုက်သည်။

            နွယ်နဲ့ ကောင်လေး မျက်နှာချင်းဆိုင်ပြီး ပြုံးနေကြသည်။ ပြီးမှ ဈေးဆိုင်နားက ထွက်ပြီး ဧည့်ခန်းစားပွဲဆီကို ထိုင်ခိုင်းရသည်။ ကောင်လေးရော နွယ်ပါ ဝလာသလိုပဲ။ အိမ်ထောင်ရေး အဆင်ပြေလို့ပဲ နေမှာပါ။ စိတ်ထဲက တွေးနေမိသည်။ 'ကဲ...နွယ်၊ တို့ဆီ အလည်လာတာလား။ အေး အေးဆေးဆေးပေါ့ကွာ၊ ကောင်လေး စာမေးပွဲဖြေနိုင်လား။ နှစ်ရက် သုံးရက်လောက် နေရမယ်နော်' စကားသာ ပြောနေမိသည်။ ဧည့်သည်တွေအတွက် ဘာမှ မစီစဉ်ရသေး။

            နွယ်က ကျွန်မဈေးဆိုင် နားလာပြီး 'ရောင်းကောင်းလား'တဲ့၊ မုံရွာမှာလိုတော့ ဘယ်ရောင်းကောင်းမလဲလို့ ပြောလိုက်ချင်ပေမယ့် နွယ့်လည်ပင်းက ဆွဲကြိုးလေးကို မမြင်တော့ စိတ်ထဲမှာ ထင့်သွားသည်။

            ကောင်လေးကို ထားခဲ့ပြီး နွယ်နဲ့ အဒေါ်တစ်ယောက်အိမ်ကို အလည်သဘောခေါ်သွားရင်း သူတို့ အကြောင်းကို မေးကြည့်လိုက်တော့ နွယ့်ဆွဲကြိုးလေးက ကောင်လေးရဲ့ ကျောင်းစရိတ်အဖြစ် စတေးလိုက်ရခြင်းပဲ။ ရင်ထဲမှာ သနားသွားရသည်။ 'နင် ကလေးမယူသေးဘူးလား' လို့ မေးတော့ 'မလိုချင်ပါဘူး' ဆိုတဲ့စကားကလွဲလို့ ဘာမှမကြားရ။

            လှိုင့်ဆီကို သွားရအောင်လို့ပြောတော့ သွားစရာ မလိုဘူးတဲ့လေ။ အဲဒီစကားက ဘာအဓိပ္ပာယ်လဲ။ ဘာပြုလို့ပါလိမ့်လို့ တွေးနေမိသည်။ 'လှိုင်...တို့အိမ်မှာ' နွယ့်ဆီက စကားကို ကြားလိုက်တော့ ကျွန်မ အံ့သြသွားသည်။ နောက်မှ ကျွန်မကို လှိုင်နဲ့ပတ်သက်ပြီး ပြောပြသည်။

            'ဟယ်...ကြည့်စမ်း၊ ဒါကြောင့် ငါ့ကို နင်က တပျိုတည်းမမလို့ ခေါ်လိုက်တာကိုး။ နင်တို့ကလေ မပြောလိုက်ချင်ဘူး။ ငါ့ကိုတော့ အသိမပေးကြဘူး။ ရပါတယ်ဟာ ဒီသူငယ်ချင်းလေးတွေ ရှိတာ။ နင်တို့တုန်းကလည်း တတ်နိုင်သမျှ ငါကူညီပေးခဲ့တယ်။ ငါ့ဆီကိုတော့ မလာကြဘူး'

            ကျွန်မက ပြောလိုက်တော့ လှိုင်က ကျွန်မဆီကို ထွက်လာလျှင် သူ့အိမ်ကသိလို့ လိုက်လာမှာ စိုးရိမ်လို့တဲ့လေ။ မျက်ရည်ဝေ့လာတော့ နွယ်က စိတ်မကောင်းဘူးလေ။

            လှိုင် ခိုးရာလိုက်လာတာကို အခုမှ နွယ်က ပြောပြသည်။ ကျွန်မဆီကို အသိပေးချင်ပေမယ့် မဖြစ်လို့တဲ့။ နှစ်ရက်လောက် ရှိပြီတဲ့လေ။ ကျွန်မဆီက ဘာမှမကြားတော့မှ ကောင်လေးနဲ့ နွယ့်ကို လွှတ်လိုက်ခြင်းပါ။

            'သြော်...သူတို့များတော့ အိမ်ထောင်ပြုရတာ လွယ်လိုက်ကြတာ။ ငါ့မှာသာ မိဘနှစ်ပါးနဲ့ စီးပွားရေး တစ်ဘက်နဲ့ ဘာမှလုပ်လို့မရ။ အိမ်ထောင်ဆိုတာ စိတ်တောင် မကူးမိဘူး' ကျွန်မက နွယ့်ရှေ့မှာ ညည်းသလိုပြောတော့ နွယ်က ရယ်နေသည်။

            ဈေးရောင်းရတာလည်း မလွယ်လှ။ ရောင်းရတာ အကြွေးကျလိုက်၊ နောက်တရင်းထုတ်လိုက်နဲ့ လုံးလည်လိုက်နေသည်။ လခစားအလုပ်ကို လုပ်ရန်ကလည်း မလွယ်။  ရုံးစာရေး အလုပ်ကို လုပ်ပြန်ရင်လည်း ဟိုရွှေ့ဒီပြောင်းနဲ့ မိဘတွေကို ထားခဲ့ရမည်။ အမေကတော့ သမီးအိမ်ထောင်ပြု သင့်ပြီဆိုတော့ 'ဒုက္ခ'ဆိုတဲ့ ဝေါဟာရနဲ့ ပယ်ချခဲ့မိသည်။

            'ဘာတွေ စဉ်းစားနေတာလဲ သူငယ်ချင်း' နွယ်က ပခုံးကို ကိုင်လှုပ်မှ သတိပြန်ဝင်လာသည်။

            ညက တစ်ညလုံး အိပ်မရခဲ့။ မျက်လုံးနှစ်ဖက်က မျက်ရည်တို့ စိမ့်ထွက်ယိုစီးရင်း မနက်မိုးလင်းခဲ့ရသည်။ သူငယ်ချင်းဆိုတဲ့ အသိုက်အဝန်းလေးတစ်ခု၊ အခုတော့ သရီးအင်(န်)ဝမ်းက ဝမ်းအင်(န်)ဝမ်း အဖြစ် ကျန်နေခဲ့တော့သည်။ နွယ်တို့လည်း နောက်ရက်မှာ ပြန်သွားကြပြီ။ သူ့တို့ပြန်သွားတော့ ရင်ထဲမှာ ဝေဒနာတစ်ခု ကျန်ရစ်ခဲ့သည်။ ဒါကိုတော့ သူတို့ သိမှာမဟုတ်ပါ။

            လှိုင်တို့ မင်္ဂလာဆောင်ကို နွယ်နဲ့အတူ သွားဖြစ်သည်။ လှိုင့်ရဲ့ 'အပျိုကြီး မမ'လို့ ခေါ်လိုက်တဲ့ ခနဲ့သံဟာ ကျွန်မအတွက်တော့ ချိုမြိန်ပါသည်။ 'နင်သာ လူကြီး သဘောမတူဘဲ ခိုးရာလိုက်ခဲ့ရတဲ့သူ' လို့လည်း မပြောရက်။ သူတို့ကတော့ ပျော်နေကြသည်။ လှိုင့် မင်္ဂလာဆောင်မှာ နွယ်နဲ့ ကောင်လေးက အရံလုပ်ပေးကြတော့ ကျွန်မလည်း ပန်းကြဲပေးခဲ့သည်။

            'သူငယ်ချင်း၊ တို့သုံးယောက် အမှတ်တရ ဓာတ်ပုံတစ်ပုံလောက် ရိုက်ချင်တယ်' ကျွန်မ တောင်းဆိုသလိုပြောတော့ သနားကြည့် ကြည့်ခံရသူက ကျွန်မပါ။

            ညပိုင်းမှာ လှိုင်နဲ့ သူ့အမျိုးသားအကြောင်းကို မေးကြည့်မိသည်။ လှိုင့် အမျိုးသားက လှိုင့်ထက် အသက်ကြီးသည်။ အစိုးရအလုပ်တစ်ခုက ဖြစ်ကြောင်း၊ အရက်နည်းနည်း မှီဝဲကြောင်း သိခဲ့ရသည်။ လှိုင့်မိဘတွေက သဘောမတူတာက အရက်သောက်တတ်တဲ့ အကျင့်ကို။ ဒါပေမယ့် လှိုင်က မဖြစ်မနေ ခိုးရာလိုက်ပြန်တော့ လက်ခံခဲ့ရသည်။

            နောက်ရက်မှာ လှိုင်လည်း သျှောင်နောက် ဆံထုံးပါ လိုက်သွားတော့ ကျွန်မနဲ့ နွယ်လည်း ပြန်ခဲ့ကြတော့သည်။ နောက်ဆိုရင် သူငယ်ချင်းတွေ တွေ့ဖို့ မလွယ်တော့။ အိမ်သာပြန်ခဲ့ရတယ် သူငယ်ချင်းတွေကို နှမြောတသ ဖြစ်ရသည်။

            အိမ်ရောက်ပြီး လအနည်းငယ်ကြာတော့ ဘေးအိမ်မှ ဖုန်းလာတယ်ဆိုလို့ အပြေးလေး သွားမိသည်။ မလာစဖူးဆိုတော့ ဖုန်းကိုလည်းကောက်ကိုင်လိုက်ရော ငိုသံရောထွေးနေသော စကားလုံးတို့ နားထဲ တိုးဝင်ခံလိုက်ရသည်။ အခုတော့ သူတို့ အပူကို ရင်ဖွင့်နေပြီပေါ့။ ယူ မယ်ဆိုတုန်းကတော့ ဖုန်းဆက် အကြောင်းမကြားဘဲ အခုမှ လာပြီး...။ 'ငါနဲ့ မဆိုင်ဘူး'လို့ ပြောလိုက်ချင် ပေမယ့် မပြောဖြစ်လိုက်။

            'လာမယ်ဆိုလို့ မျှော်လိုက်ရတာဟယ်' ကျွန်မ ရောက်သွားတော့ နွယ့်ရဲ့ ဝမ်းနည်းသံရောနေသော ဆီးကြိုနှုတ်ဆက်မှုကို တွေ့လိုက်ရသည်။ 'ငါ့မှာ မအားတဲ့အထဲက မနည်းအချိန်လုပြီး လာရတာ၊ ဘာဖြစ်ကြတာလဲ' နွယ်က သူ့မိဘတွေ အိမ်မှာဆိုတော့ ကောင်လေးကို မတွေ့ရ။ ရင်ထဲက သိလိုဇောနဲ့ မေးလိုက်သည်။ မေးလိုက်ကာမှ ငိုချင်ရက် လက်တို့ဆိုသလို ငိုပြနေ သေးသည်။ ကောင်လေးက နောက်အငယ်နေလို့တဲ့လေ။ ဖြစ်မှ ဖြစ်ရလေခြင်း။ ကိုယ့်အပူကို ကိုယ့်ဘာသာ နိုင်အောင် မထိန်းကြဘူး။ ထင်တဲ့အတိုင်းပါပဲလား။

            'အငယ်နေတယ်ဆိုတာ တကယ်ဟုတ်လား။ နင် ကိုယ်တိုင်မြင်တာလား။ မဟုတ်ဘဲနဲ့ နင်စိတ်ဆင်းရဲ မခံနဲ့' ကျွန်မလည်း ပြောလိုက်သည်။ 'ဟဲ့...နေပါဦး မိနွယ်၊ နင့်မှာ ကလေးရှိနေပြီလား' မျက်နှာပူပူနဲ့ မေးချလိုက်သည်။ နွယ်က ခေါင်းညိတ်ပြသည်။ အမှန်က ကလေးကို အစောပိုင်း ကတည်းက ယူသင့်တယ်လို့ ထင်မိသည်။

            'အေး...ကောင်းတယ်။ နင် အဲဒီကလေးနဲ့ သူ့ကို ချည်နှောင်ရမယ်။ အစောပိုင်းကတည်းက ယူသင့်တာ' ကျွန်မရဲ့ အချိုးအစားမကျသော ဝါကျတွေကို တည်ဆောက်ပြီး ပြောလိုက်ပေမယ့် ကိုယ့်စိတ်ကိုတော့ သန့်ပါသည်။ နွယ့်ဆီကနေ ကောင်လေးရှိတဲ့ဆီကို အမြန်သွားလိုက်သည်။

            'ကောင်လေး...မင်းကို တို့ မေးချင်တယ်' ကျောင်းပြီးကတည်းက ဘာအလုပ်အကိုင်မှ မရှိသေး။ အိမ်ဆိုင်မှာလည်း မိနွယ်က မခိုင်းတော့ လိုက်ယား လိုက်ယားနဲ့ အချိန်ဖြုန်းနေသည်။ 'ဘာမေးမှာလဲ' တဲ့။

            'မင်းနဲ့ ပတ်သက်ပြီး ကြားထားတာ အမှန်ပဲလား' ဘာမှ ပြန်မပြော ငြိမ်နေသည်။ ပြီးမှ ခေါင်းညိတ်ပြသည်။ 'ဘုရားရေ...' ကျွန်မ အံ့သြစွာနဲ့ ဘုရားတမိသည်။ ဖြစ်မှ ဖြစ်ရလေခြင်းလို့လည်း စိတ်ထဲက ရေရွတ်မိသည်။

            'မင်း ဝန်ခံတယ်ပေါ့' 'အင်း' ဆိုတဲ့ သဘောနဲ့ ခေါင်းညိတ်ပြသည်။ နောက်မှ...

            'တကယ်တော့ ကျွန်တော်တို့က ဘာမှမဖြစ်သေးပါဘူး အစ်မ။ မမက ကျွန်တော့်ကို တအားချုပ်ချယ်တာရော၊ စွပ်စွဲတာရောကြောင့် ကျွန်တော်က အရွဲ့တိုက်လိုက်ရာက...' ဟုတ် ပါလိမ့်မည်။ ဒါလည်း နွယ့်ဘက်က အမှားမကင်းပါ။

            'သိပြီ။ ဒါဆိုရင် အခု ငါလာတာ မင်းနဲ့နွယ့်ကို ဘာမဟုတ်တဲ့ ကိစ္စတစ်ခုအတွက်နဲ့ မကွဲစေချင်ဘူး။ နောက်ပြီး နွယ့်မှာလည်း မင်းနဲ့ပတ်သက်ပြီး ဘာမှမဖြစ်အောင် ငါတာဝန်ယူတယ်။ မင်း နွယ့်ကို သူ့မိဘတွေဆီမှာ သွားတောင်းပန်ပြီး ခေါ်ခဲ့ရမယ်။ အခုလို မင်းတို့ကို ပြန်ပေါင်းစေချင်တာက မင်းတို့ရှေ့ရေးအတွက်ရောပေါ့' ကျွန်မ ပြောချင်တာတွေကို စီပြီး ပြောလိုက်သည်။

            'နောက်ပြီး မင်းနဲ့ ကောင်မလေးကို ငါတွေ့ပြီး မင်းတို့ရှေ့ရေးအတွက် ရပ်တန်းက ရပ်ပါလို့ တောင်းဆိုရင်ရောကွာ' ဝါကျတစ်ကြောင်းကို တည်ဆောက်ထားပေမယ့် သူ့ဘက်က 'ဟုတ်ကဲ့ပါ' ဆိုတဲ့ စကားတစ်ခွန်းကြောင့် မပြောဖြစ်လိုက်။

            'အခု ကျွန်တော် အဲဒီ ကောင်မလေးကို အကုန်ဖွင့် ပြောပြီးပါပြီ။ ကျွန်တော် မမကိုလည်း မခွဲနိုင်ပါဘူး။ နောက်ပြီး အိမ်ထောင်သည် တစ်ယောက်ဆိုတာကိုလည်း ပြောပြပြီးပါပြီ။ မမနွယ်ဟာ ကျွန်တော့်ရဲ့ ဇနီးတစ်ယောက် ဖြစ်ကြောင်းကိုရော ပြောပြလိုက်တော့ အံ့သြသွားတယ်။ အစက ကျွန်တော် မမကို အစ်မတစ်ယောက်လို့ ပြောပြထားတော့ သူလည်း ကျွန်တော့်ကို စိတ်ဆိုးသွားတယ်' ကောင်လေးရဲ့ ရတိပြတ် စကားလုံးတွေကို ကြားတော့ ကျွန်မအနေနဲ့ ဝမ်းသာသွားသည်။ သူ့ရဲ့ စကားလုံးတွေဟာ သူတို့ဘဝအတွက် မျှော်လင့်ချက် ရောင်ခြည်ဦးပါပဲ။

            ကောင်လေးနဲ့ နွယ့်ဆီကို လိုက်သွားတော့ နွယ့်မိဘတွေရှေ့မှာ ကောင်လေးကို လက်ခံဖို့ရော ကျွန်မကပဲ လူကြီးတွေဆီကို တောင်းပန်ပေးရသည်။ မိဘတွေဘက်က အားလုံးကျေအေးပြီးသား။ နောက်မှ နွယ်နဲ့ကောင်လေးကို တွေ့ပြီး ညှိနှိုင်းခိုင်းလိုက်သည်။ ဒီထဲမှာလည်း ကျွန်မက ကြားခံ ဒြပ်သားအနေနဲ့ ပါရပြန်ရော။

            'ကျွန်တော့်ရဲ့ မိုက်မဲမှုတွေရောကြောင့် ဒီလိုဖြစ်သွားတဲ့အတွက် ကျွန်တော် တောင်းပန်ပါတယ် မမ' ကောင်လေးက စပြီး တောင်းပန်စကား ဆိုလိုက်သည်။ 'မဟုတ်ဘူး ကောင်လေး၊ မင်းတစ်ယောက်တည်း မဟုတ်ဘူး။ မိနွယ်ရောပါတယ်' ကျွန်မလည်း မိနွယ်ကို ပြောချင်တာရော၊ အပြစ်ရောပေါင်းပြီး ပြောလိုက်သည်။ နှစ်ယောက်စလုံး ကျွန်မကို ကြည့်နေကြသည်။

            'ကဲ...ပြီးတာတွေလည်း ပြီးခဲ့ပြီ။ တို့ရဲ့ စီရင်ချက်ကို အချစ်တရားခံ နှစ်ယောက်ဖြစ်တဲ့ နွယ်နဲ့ ကောင်လေးက လက်ခံရလိမ့်မယ်' ဒီနေရာမှာ ကောင်လေးက လိုလားတဲ့လက္ခဏာကို ပြသည်။ မိနွယ်ဆိုတာ ပြောစရာမလိုတော့။ အခုလို ဖြစ်တာကလည်း ကောင်လေးကို ချစ်လွန်းတဲ့ မိနွယ်ရဲ့ အမှားလည်းပါသည်။

            'ဟယ်...' လှိုင်ရဲ့ အသံကို ကြားလိုက်တော့ နောက်ပြန်လှည့်ကြည့်မိသည်။ ကျွန်မနဲ့ နွယ်တို့ အားလုံးစုပြီး တစ်နေရာတည်းမှာ တွေ့ရတဲ့အတွက် အံ့သြနေလိမ့်မည်။ နွယ်နဲ့ ကောင်လေးရဲ့ လက်တွဲပြီး ရပ်နေတဲ့ ပုံလေးကို ကြည့်ပြီး ရှုမငြီးသော အလှပန်းချီ ကားတစ်ချပ်ကို ကြည့်နေရ သလိုပါပဲ။ နောက်မှ လှိုင့်ကို ကြည့်မိသည်။

            ကျွန်မရဲ့ရင်ထဲမှာ တစ်ခုတည်းသော မဖော်ပြနိုင်လောက်အောင် ဝမ်းသာမှုတစ်ခု ဖြစ်တည်သွားခဲ့ပါသည်။ အိမ်ကိုပြန်တော့ တစ်လမ်းလုံးစဉ်းစားမိသည်။ နွယ်နဲ့ လှိုင်တို့ဟာ နောင် အနာဂတ်မှာ လူ့လောကကြီးကို တာဝန်ကျေပွန်တဲ့ လူမှုဝန်ထမ်းဆိုတဲ့ မိခင်လောင်းဘဝနဲ့ မိသားစုကို တည်ထောင်ကြတော့မှာပါလားလို့။

            တကယ်တော့ မောင့်အတွက် နွယ်သည် အိမ်ရှင်မကောင်းတစ်ယောက်အပြင် မိသားစုဆိုတဲ့ ဘဝဖန်တီးရှင်အဖြစ် အဖိုးအနဂ္ဃ ထိုက်တန်နေပါလိမ့်မည်ဆိုတာ ကျွန်မနဲ့အတူ ကောင်လေးရော နွယ်ပါ သိလိမ့်မည်လို့ ထင်မိပါသည်။

▀

ဇွဲဆုပန် ၊ဆားလင်းကြီး၊

(အမှတ် ၂၀၃၊ အောက်တိုဘာလ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေနှလုံးသား
...
နိုးတစ်ဝက် အိပ်မက်
နေဒီယံ၊ကျောက်ပန်းတောင်း၊

ဗြုန်းခနဲ ပြောင်းလဲသွားတဲ့ အပြောင်းအလဲကို ကျွန်မ လက်မခံချင်ဘူး ကျွန်မ ဘောလုံးကန်ချင်တယ် ဖေဖေနဲ့ ငါးမျှားထွက်ချင်တယ် မောင်လေးတွေနဲ့ ရေကူးပြိုင်ချင်တယ် ဒါပေမယ့် အပြောင်းအလဲဟာ ကျွန်မနဲ့လောကကို ကန့်လန်ကာ...

ရွှေနှလုံးသား
...
ပုံသေနည်းမဲ့ပုစ္ဆာ
ငွေဇင်ယော်ဦး ၊မိုးကုတ်၊

အရာရာသည် စနစ်တကျ မရှိလှစွာ တိတ်တဆိတ် ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည် ထိုဇာတ်သိမ်းအတွက် ကျွန်မ အနည်းငယ်မျှပင် မခံစားလိုက်ရတာတော့ သေချာပါသည်

ရွှေနှလုံးသား
...
ချစ်၍ယုံကြည် ထာဝရဆီသို့...
အကြင်နာခင်၊ဆေးတက္ကသိုလ်၊

အရင်က အေးစက်စက်မျက်ဝန်းများ၊ တင်းတင်းစေ့ပိတ်လျက်ရှိသော နှုတ်ခမ်းတစ်စုံတို့နှင့် ခြားနားစွာ ပြောင်းလဲနေခဲ့သော ကျွန်မသည် ထိုပြောင်းလဲမှုအပေါ် အေးဆေးညင်သာစွာ လက်ခံနေနိုင်ခဲ့ပြန်သည်။ သူငယ်ချင်းများ၏ တအံ့တ...