ရွှေနှလုံးသား

အလွမ်းရေဒီယို

နောင်ထွန်းလူ

26 August 2024
အလွမ်းရေဒီယို
Share to

            ၁။

            ရေဒီယိုတစ်လုံးရှိပါသည်။ အသံလွှင့်ဌာနခြောက်ခုမှ ထုတ်လွှင့်သော အစီအစဉ်များစွာကို ဖမ်းယူနား ဆင်နိုင်သည်။ ကြည်နူးပျော်ရွှင်ဖွယ်ရာ တေးသီချင်းများကို ခံစားနိုင်သည်။ ဝမ်းနည်း ကြေကွဲဖွယ်ရာ ဇာတ်လမ်း အချို့ကိုလည်း နားဆင်နိုင်သည်။ ကမ္ဘာအရပ်ရပ်နှင့် မြန်မာနိုင်ငံအနှံ့အပြားရှိ သတင်း တို့ကိုလည်း ကြားသိနိုင်သည်။ အခြားသော အစီအစဉ် တင်ဆက်မှုများစွာကိုပါ ရရှိနိုင်သေးသည်။ အခက်အခဲ တစ်ခုတော့ရှိသည်။ တစ်ခါတစ်ရံတွင် အသံလွှင့်ဌာန နှစ်ခု၊ သုံးခု အပြိုင်ပင် စီစဉ်တင်ဆက်မှုများ ကောင်းနေတတ်သည်။ ထို့အပြင် တစ်ခါတစ်ရံတွင်မူ လိုင်းအားလုံး ပြောင်းလဲကြည့်သည့်တိုင် စိတ်ကျေနပ်စရာ ကောင်းလောက်သော အစီအစဉ်တင်ဆက်မှုမျိုး မတွေ့ရ။ သို့သော် ရေဒီယိုလေးကို ပန်းနု သဘောကျသည်။ စိတ်မကျေနပ်သရွေ့ လိုင်းပြောင်းနိုင်သည်။ နားဆင်လိုသော တေးသီချင်းအချို့ကို တောင်းဆိုနားဆင်နိုင်သည်။ မကြိုက်သော အကြောင်းအရာတချို့ အတွက်လည်း ဝေဖန်အကြံပြုခွင့် ရှိသေးသည်။ နောက်တစ်နေ့ အစီအစဉ်များကို ကြိုတင်သိခွင့်ရသည်။ သို့သော် လိုင်းပျက်ချိန်တွင် မည်သို့မျှ မကြံစည်တတ်၊ မကြံစည်နိုင်သော အခက်အခဲတစ်ခုရှိသည်။ ပန်းနုထံတွင် ထိုရေဒီယိုတစ်လုံး အချိန်ကြာမြင့်စွာ ရှိနေခဲ့ပါသည်။

            ၂။

            လောကဓံ၏ လှည့်စားတတ်သော သဘောအောက်တွင် အထီးကျန်မှုသည် ပန်းနုအတွက် လက်ဆောင် သဖွယ်။ ငယ်စဉ်ကပင် အမိ အဖ မဲ့ခဲ့သူမို့ အစ်ကိုကြီး၊ အစ်မကြီးတို့သာ အားကိုးရာ ဖြစ်၏။ တိတ်ဆိတ်လွန်းသော ငယ်ဘဝတစ်လျှောက်လုံး နွေးထွေးကြင်နာမှုနှင့် ဝေးကွာခဲ့ရသည်။ မပြေလည်နိုင်သော စီးပွားရေးနွံတွင် ရုန်းကန်ရင်း အားလုံးသော မိသားစုဝင်များက ပန်းနုအပေါ် ဂရုစိုက်မှုမပေးနိုင်။

            'မြန်မာ့အသံမှ တေးသီချင်းများကို ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်ခင်ဗျာ'

            ရယ်စရာတော့ ကောင်းနေသေးသည်။ စိတ်ထဲတွင် အစီအစဉ်တင်ဆက်သူ၏ အသံကို သဘောကျမိသလို။ ခေါင်းရင်းအိမ် ရေဒီယိုမှလာသော အသံဖြစ်သည်။ နောက်ပိုင်းတွင် ရေဒီယိုတစ်လုံး အသည်းအသန် လိုချင်ခဲ့မိသည်။ ချိုသာလွန်းသော ကြင်နာမှုအငွေ့အသက်တို့ လွှမ်းခြုံထားသောအသံကို မကြားခဲ့ရသည့် နားတို့၏ တောင်းဆိုမှုပင်။

            'ကိုကြီး သမီးကို ရေဒီယိုတစ်လုံး ဝယ်ပေးပါ'။ ပန်းနုစကားသည် အရာမရောက်။ တစ်ယောက်တည်း ဝမ်းနည်းစွာ ငိုကြွေးခဲ့ရသည်။ ခေါင်းရင်းအိမ်မှ လာသော တစ်ပိုင်းတစ်စ ရေဒီယိုသံကို နားထောင်ရင်း နှစ်သိမ့်ကျေနပ်ရသည်။ သို့သော် ပန်းနု ရှစ်တန်းတက်စ အချိန်တွင် ကိုကြီးက ရေဒီယိုတစ်လုံး ဝယ်ပေးပါသည်။ ပျော်လိုက်သည့်ဖြစ်ခြင်း။ ရေဒီယိုလေးကို ရင်ဝယ်ပိုက်ရင်း အဖော်တစ်ယောက် ရသလိုပင် ထင်မှတ်ခံစားခဲ့မိသည်။

            ၃။

            ပန်းနု ဆယ်တန်းနှစ်တွင် အစ်ကိုကြီး ဆုံးပါးသွားသည်။ အစ်မသည်လည်း ကျန်းမာရေးမကောင်းတော့။ သိမ်မွေ့လွန်းသောရောဂါအချို့ ကို အဖေနှင့်အမေ့ထံမှ ပန်းနုတို့မောင်နှမတွေ အမွေရခဲ့ပုံပေါ်သည်။ အစ်မကြီးက ပန်းနာရင်ကျပ် ရောဂါသည်တစ်ယောက်။ ပန်းနုသည်ပင် တစ်ခါတစ်ရံ အသက်ရှူမဝ ဖြစ်တတ်သည်မို့ ဆေးခန်းနှင့် ပြတ်သည်မရှိ။ များစွာသော အဆင်မပြေမှုတို့ကြောင့် ဆယ်တန်းစာမေးပွဲ မဖြေဖြစ်ခဲ့။ ပုံနှိပ်လုပ်ငန်းတစ်ခုတွင် အလုပ်ဝင်ခဲ့ရသည်။ နောက်ပိုင်းတွင် အစ်မကြီး၏ လက်ကျန်ပိုင်ဆိုင်မှုနှင့် ပန်းနု တတ်မြောက်ထားသောပညာဖြင့် အသေးစား ပုံနှိပ်လုပ်ငန်းတစ်ခု တည်ထောင်ခဲ့သည်။ စာသင်ခန်းကို သတိမရနိုင်တော့။ စီးပွားရေးဟူသော စကားလုံးတို့အောက်တွင် ရုန်းကန်ရင်း ခေါင်းပင်မဖော်နိုင်။ သို့သော် ကံတရားက သူမကို ကျီစယ်သည့်အလား သက်ရှိရေဒီယိုလေးတစ်လုံး နှင့် ကျွမ်းဝင်စေခဲ့သည်။

            'အစ်မ စာစီချင်လို့' ခပ်ငယ်ငယ် ကောင်လေးတစ်ယောက်အသံ။ ပန်းနုအောက် လေး၊ ငါးနှစ်တော့ ငယ်လိမ့်မည်။ ကောင်လေးက A4 ဖြင့် သပ်သပ်ရပ်ရပ်ရေးထားသော လက်ရေးစာမူကို ပေးသည်။ အသက်အရွယ်နှင့် မမျှလောက်အောင် တည်လွန်းနေသော မျက်နှာကြောင့် ရုတ်တရက် စကားပြန်မပြောဖြစ်။

            'အစ်မ စာစီပေးလို့ရရဲ့ လား'

            'သြော်... ရပါတယ်၊ ညနေမှ လာယူပါနော်'                

ခေါင်းကို တစ်ချက် ညိတ်လိုက်ပြီး ကောင်လေး ပြန်ထွက်သွားသည်။ ပြုံးရုံ လေးပင် ပြုံးပြမသွား။ အသံကပင် အနည်းငယ်သြဇာ ညောင်းသလို ထင်မိသည်။ စိတ်ထဲမှနေ ကောင်လေးကို အဘိုးကြီးအိုပေါက်စလေးဟု နာမည်ပေးလိုက်မိသည်။ ပေးထားသောစာမူကို စာစီပြီးသည်တွင် ကောင်လေးမှာ ကဗျာရူး၊ စာရူးလေးမှန်း သိလိုက်ရသည်။ စာမူထဲတွင် ကောင်လေးတစ်ယောက်နှင့် ကောင်မလေးတစ်ယောက်၏ အချစ်ဇာတ်လမ်းကို ဖတ်ရသည်။ မဂ္ဂဇင်းတိုက်တစ်ခုခု သို့ပေးပို့ရန် ရည်ရွယ်ထားပုံပေါ်သည်။ ကိုယ်ရေးအကျဉ်းကို ဖတ်ကြည့်လိုက်သည် တွင် 'သက်လွင်' ဆိုသော ကောင်လေးနာမည်ကို သိရသည်။ အသက်သည်လည်း ခန့်မှန်းထားသလိုပင် ငါးနှစ် ခန့်ငယ်သည်ကို သိရသည်။ ထိုညက ကောင်းကောင်းအိပ် မပျော်နိုင်။ နိုးတစ်ဝက် အိပ်မက်ကြားတွင် ကောင်လေး မျက်နှာကို တွေ့နေရသည်။ 'မမ'ဟု တီးတိုးခေါ်သံကြား ရသလိုပင် ထင်မိသည်။ အတွေးတို့သည်လည်း ဟိုမှသည် ကူးသန်းနေ၏။

            'ဝတ္ထုထဲက ခိုင်လေး ဆိုတဲ့ ကောင်မလေး တကယ် ရှိခဲ့တာလား'

            'ကောင်လေးက သူ့ ခံစားချက်တွေ ရေးတာတော့ မဟုတ်လောက်ပါဘူး' စသော အတွေးတို့ဖြင့် လူးလွန့်နေခဲ့မိသည်။ ညနေ လာယူရန် ပြောလိုက်သောစာမူကို ကောင်လေးလာမယူ။ ထိုအတွက်လည်း အနည်းငယ် ပူပန်နေသလိုရှိမိသည်။

            ၄။

            အချိန်ကြာလာသည်နှင့်အမျှ ဆိုင်သို့ ခဏခဏ လာတတ်သော ကောင်လေးအပေါ်  သံယောဇဉ်တွယ်လာ ရသည်။ ကောင်လေးက စကားပြောကောင်းသည်။ အပြောလည်း ကြွယ်သည်။ တစ်ခါတစ်ရံ မှုန်တေတေ လုပ်တတ်သည်နှင့် အဘိုးကြီး အိုပေါက်စလေးလို ဝတ်ဆင်လေ့ရှိသည်မှအပ အပြစ်ဆို ဖွယ်ရာမရှိ။ ကောင်လေးရေးသော ကဗျာတွေကို သဘောကျလာမိသည်။ ကောင်လေး ရေးသောစာတွေကို စွဲလမ်း တတ်လာသည်။ ကောင်လေးသည် ပန်းနု၏ သက်ရှိရေဒီယိုတစ်လုံးလို ဖြစ်လာသည်။ စွဲလမ်း နှစ်သက်ဖွယ်ကောင်းသော နားဝင်ချိုချို စကားလှလှလေးတွေ ပြောတတ်သည်။ လူကြီးတစ်ယောက် ဟန်ပန်နှင့် ဆုံးမပဲ့ပြင်တတ်သော စကားတွေလည်း ပြောတတ်သည်။ ဂျစ်ကန်ကန်အမူအရာနှင့် စိတ်လှုပ်ရှား ရင်မောဖွယ်ရာကောင်းသောစကား တို့ကိုလည်း ကြားရသည်။ ကောင်လေးက စာရေးဆရာ၊ ကဗျာဆရာပေါက်စ တစ်ယောက်။ ပန်းနုက ကောင်လေး၏ စာစီစာရိုက်သမား။ ကောင်လေးနှင့် ပတ်သက်လာလျှင် ဒီလိုပင် ခံယူထားမိသည်။ အချိန်အတော်ကြာသည်အထိ မရေမရာဘဝလေးတွင် သာယာနေမိသည်။ ဖြစ်လာနိုင်ဖွယ်မရှိသေးသော ချစ်သူဘဝကို တစ်ခါတစ်ရံ စိတ်ကူးယဉ်မိသည်မှလွဲ၍။

            'ပန်းနုကို ကျွန်တော် ချစ်တယ်ဗျာ' ရုတ်တရက် ကြားလိုက်ရသော ကောင်လေး၏စကားသံ။ မေ့နိုင်မည် မထင်မိတော့။ လက်ထဲတွင် ကိုင်ထားသောစာမူတွေပင် လွတ်ကျ ပြန့်ကျဲကုန်သည်။ ကတုန်ကယင်ဖြစ်နေသော စိတ်သည် အပျော်လွန်လျက်။ လုံးဝထင်မှတ်မထား ရဲခဲ့သောစကားကို ကောင်လေးထံမှ ကြားရပြီ။ ကောင်လေးရဲ့ပုံစံက အနည်းငယ်မက ရဲတင်းလွန်းနေသည်။ ထုံးစံအတိုင်း ဂျစ်ကန်ကန်ပုံစံကိုတော့ တွေ့ရသည်။ ပြန့်ကျဲနေသော စာရွက်တို့ကို လိုက်ကောက်ရင်းပင် ရှိစုမဲ့စုသော အားအင်ကို စုနေမိသည်။

            'ကျွန်တော်ပြောတာ ကြားရဲ့လား' ဆတ်ခနဲ မေးလိုက်သောအသံကြောင့် အတွေးကိုပင် ရှေ့မဆက်နိုင်။

            'အင်း... စဉ်းစားမယ်လေ၊ ဒါပေမဲ့ မင်းပြောတဲ့ အချစ်ဆိုတာကို အခုထိ မသိသေးတော့ ခက်တယ်'

            'ဟာဗျာ... ဒီလိုလေ'

            ရှေ့ဆက်ရန် အားယူနေသော ကောင်လေးတစ်ယောက်  စကားစပြတ်တောက်သွားသည်။

            'မမရေ... စာအုပ်တွေ ပြီးပြီလားတဲ့'

            အလုပ်သမားကောင်မလေးက ပြောရင်းပင် ပန်းနုတို့ရှိနေသော ကွန်ပျူတာခန်းရှေ့ ရောက်လာသည်။ မျက်နှာကို ခဏလွှဲရင်း စကားပြောဖို့ရန် ကြိုးစားရတော့သည်။ ခဏတာအချိန်တိုအတွင်း စိတ်ရှုပ်ထွေးသော ပုံစံဖြင့် ကောင်လေး ပြန်ထွက်သွားသည်။ အလုပ်သမား ကောင်မလေးနှင့် စကားပြောနေရသော်လည်း စိတ်အစဉ်မှာ ကောင်လေးနောက်သို့ ကပ်ပါသွားသည်။ ပြောနေသောစကားတို့သည်လည်း ဟိုရောက် ဒီရောက်။

            'သူ စိတ်ပျက်သွားပြီလား'

            မရေရာသော မေးခွန်းတို့အောက်တွင် စိတ်အစဉ်သည် မွန်းကျပ်လျက်။ ပန်းနု ရှေ့မှသက်ရှိ ရေဒီယိုတစ်လုံး ထွက်ခွာသွားမည်ကို စိုးရိမ်မိသည်။ တမင် ညစ်ကတ်ကတ်ပြောလိုက်ရသော စကားအတွက် အပြစ်ရှိသလို ခံစားရသည်။ အမှန်အတိုင်း ဝန်ခံရလျှင် ကောင်လေးကို ရင်ခုန်ပါသည်။

            ၅။

            ညသည် တိတ်ဆိတ် လွန်းပေသည်။ ခါတိုင်း နားထောင်နေကျ ရေဒီယိုသံသည်ပင် နားဝင်မချိုချင်တော့။ လှပလွန်းနေသော လရောင် ဖြူလွလွကိုပင် အကျည်းတန်သည်ဟု ထင်မိသည်။ တသုန်သုန် ဆော့မြူးနေသော လေပြည်လေညင်းတို့သည် အအေးဓာတ် ကင်းမဲ့နေသလို။ ရင်တွင်းမှ အပူမီးသည် အဟုန်ပြင်းပြင်း တောက်လောင်နေ၏။ ကောင်လေး မလာသည်မှာ နှစ်ရက်ရှိပြီ။

            'စိတ်ကူးလေးပါ ပဲxxx ဒါအိပ်မက်လေးပါပဲ xxx မကြာခင်လွင့်ပျောက်တော့မယ်'

            ဖုန်းရိန်းတုံးသံ မဆုံးမီပင် ပြန်ဖြေလိုက်မိသည်။

            'ဟယ်လို'

            ရုတ်တရက် အိပ်မက်မှ လှန့်နှိုးခံလိုက်ရသူပမာ အသံသည် မာကျောခက်ထန်နေ ပြန်၏။

            'ပန်းနုလား၊ ကျွန်တော်ပါ သက်လွင်'

            ကြားနေရသော နားကိုပင် မယုံနိုင်လောက်အောင် ဖြစ်သွားရသည်။ ကောင်လေးတစ်ယောက် ပန်းနုဖုန်း နံပါတ်ကို ဘယ်ကရသည် မသိ။

            'မင်း ဖုန်းနံပါတ် ဘယ်ကရ...'

            'ပန်းနုမေးတဲ့ အချစ်ရဲ့ အဓိပ္ပာယ်ကို ကျွန်တော် ဖြေမယ်။ အချစ်ဆိုတာ မသိစိတ်ရဲ့ လှုံ့ဆော်မှုကနေ တိတ်တိတ်လေး တမ်းတနေမိတဲ့ ခံစားချက်ပဲ။ တစ်နည်းအားဖြင့် ကိုယ့်နှလုံးသားရဲ့ တစ်ထောင့်တစ်နေရာမှာ နေရာ ပေးလိုက်မိတဲ့အထိ ဖြစ်လာတဲ့ စွဲလမ်းစိတ်ကို အချစ်လို့ခေါ်တာ'

            'ဒါဆို မင်းက'

            'ဟုတ်တယ်၊ ကျွန်တော့် ရင်ထဲမှာ ပန်းနု ရှိတယ်။ ပြီးတော့ ပန်းနုက ကျွန်တော့်အတွက် မရှိမဖြစ် လိုအပ်တယ်။ ကျွန်တော် ပန်းနုကို အရမ်းချစ်တယ်ဗျာ'

            ခဏတာသော အချိန်ကာလဆိုသော်လည်း ဆွတ်ပျံ့ကျေနပ်ဖွယ်ရာအတိ။ ထုံးစံအတိုင်း ယစ်မူးနေကျ ကောင်လေး၏ စကားတို့ကို နှလုံးသားက တွန်းလှန်နိုင်စွမ်း မရှိ။ အချစ်သည် ညှို့ ယူဖမ်းစားတတ်လွန်းပေသည်။ နှလုံးသား အစုံသည်လည်း ကောင်လေး၏ အချစ်ဝေါဟာ ရအောက်တွင် နစ်မြောလျက်။

            ၆။

            ချစ်သူဘဝတစ်ခုကို နှစ်ဦးသဘောတူ တည်ဆောက်ခဲ့ကြသည်။ အရာရာသည် လှပနေပြန်၏။ တရွေ့ ရွေ့နှင့် တစ်နှစ်ကျော်ကာလကို ဖြတ်သန်းခဲ့သည်။ မထင်မှတ်ထားသော ခွဲခွာမှုကိုတော့ သတိမပြုမိနိုင်ခဲ့။

            'ပန်းနု မောင်ဘွဲ့ရ ဗိုလ်လောင်းဖြေမလို့'

            ဘွဲ့ရခါစ အသက်နှစ်ဆယ်အရွယ် ကောင်လေးတစ်ယောက်။ ပန်းနု၏ ချစ်သူ။ ကောင်လေး၏ ဆန္ဒတို့ကို မတားရက်နိုင်ခဲ့။ ရည်ရွယ်ချက်ကြီးလွန်းသော ကောင်လေးကို ပျော်စေချင်သည်။ မျက်ရည်တချို့ကို တားဆီး နေရင်းကပင် ပြုံးလိုက်မိသည်။ ပန်းနုလည်း ကောင်လေးကို အောင်မြင်စေချင်သည်။ ကောင်လေး၏ ပါရမီဖြည့်ဖက် တစ်ယောက် ဖြစ်ချင်သည်။

            'မောင် ဘွဲ့ရစစ်ဗိုလ် ဖြစ်ခွင့်ရရင် ပန်းနုလည်း ဆယ်တန်း ပြန်ဖြေရမယ်နော်၊ ဒါမှ မောင်တို့ နီးစပ်နိုင်မှာ'

            'စိတ်ချပါ မောင်ရယ်၊ ပန်းနု ကတိပေးပါတယ်'

            အမိန့်ကဲ့သို့ပင် အာဏာတည်ခဲ့သော ကောင်လေးစကားကြောင့် ပန်းနု ဆယ်တန်းဖြေရန် ကြိုးစားခဲ့သည်။ အချိန်အတော်ကြာ မေ့ထားသော စာတွေ ပြန်ကျက်ရသည်မှာ ပင်ပန်းလွန်းသည်။ ပန်းနု ပျော်ပါသည်။ အိပ်မက်ဟူသော အလှပဆုံး စကားအောက်တွင် ကျေနပ်ရင်း ကောင်လေး ပြန်အလာကို မျှော်ခဲ့ရသည်။ အချစ်သည် ဆန်းကြယ်လွန်းပေ၏။

            ၇။

            တစ်နှစ်ခွဲဆိုသော ကာလတစ်ခုကြာခဲ့ပြီ။ ကောင်လေး ပြန်ရောက်မလာခဲ့ပေ။ စာမလာ၊ သတင်းမကြားနှင့် အဆက်အသွယ် ပြတ်နေခဲ့သည်။ ပန်းနုသည်ပင် ဆယ်တန်းအောင်ပြီး၍ တက္ကသိုလ်တက်ရန် ပြင်ဆင်နေရပြီ။

            'ဗိုလ်သင်တန်းဆင်းပြီးတာနဲ့ ရှေ့တန်းစစ်မြေပြင်ကို လိုက်သွားရတာ သမီးရဲ့၊ အိမ်နဲ့တောင် အဆက်အသွယ် မရပါဘူး'

            စိုးရိမ်ပူပန်မှု အရိပ်အငွေ့တို့ လွှမ်းခြုံနေသော ကောင်လေး အမေ၏ စကားသံ အောက်တွင် ပန်းနု နှလုံးသားတို့ ခံနိုင်ရည်မရှိတော့။

            'ကောင်လေးတစ်ယောက် အန္တရာယ် ကင်းပါစေ'ဟူသော ဆုတောင်းကိုသာ အကြိမ်ကြိမ် ရွတ်ဆိုနေမိသည်။

            'ရေဒီယိုလေးက အတော်ဟောင်းနေတော့ ဘယ်လိုမှ ပြင်လို့မလွယ်တော့ဘူး အစ်မရဲ့'

            သက်ပြင်းတစ်ချက်ကို ချလိုက်ရင်း ပြုပြင်ရန် မဖြစ်နိုင်တော့သော ရေဒီယို အဟောင်းလေးကို တယုတယပင် ပြန်ယူလာခဲ့သည်။ ရေဒီယိုလေးက အခုရက်ပိုင်း လိုင်းသိပ်မမိချင်။ လိုင်းပျက် နေပုံရသည်။ တဂျီဂျီအော်သံမှလွဲ၍ ဘာမှ ကောင်းစွာမကြားရ။ ခပ်ငယ်ငယ်ကပင် မြတ်နိုးစွာ ကိုင်တွယ်လာခဲ့သည်မို့ မစွန့်ပစ်ရက်။ ခေတ်နှင့်အညီ ကောင်းလွန်းနေသော မိုဘိုင်းဖုန်းရေဒီယိုများစွာ ရှိနေသော်လည်း မနှစ်သက်။ ရေဒီယိုအဟောင်း လေးနေရာတွင် အစားမထိုးနိုင်ခဲ့။ ဘဝ၏ အထီးကျန်မှုတို့ကို လျော့ပါးစေခဲ့သော အဖော်မွန်လေးမို့ တွယ်တာရသည်။ ထို့အတူ ကွက်လပ် ဖြစ်နေသော သက်ရှိရေဒီယိုလေးနေရာတွင်လည်း အစားထိုးရန် ဆန္ဒမရှိ။ ပန်းနု၏ သက်ရှိရေဒီယိုလေး ပြန်လာလိမ့်မည်ဟု ယုံကြည်ထားလိုက်သည်။ အခုအချိန်ထိပင် သက်မဲ့ရေဒီယိုလေး၏ တဂျီဂျီ အော်မြည်သံကို နားထောင်ရင်း မျှော်နေဆဲ...။

နောင်ထွန်းလူ

(အမှတ် ၃၅၈၊ စက်တင်ဘာ၊၂၀၁၉ ရွှေအမြုတေမဂ္ဂဇင်း။)

            


Related Articles

ရွှေနှလုံးသား
...
ချစ်၍ယုံကြည် ထာဝရဆီသို့...
အကြင်နာခင်၊ဆေးတက္ကသိုလ်၊

အရင်က အေးစက်စက်မျက်ဝန်းများ၊ တင်းတင်းစေ့ပိတ်လျက်ရှိသော နှုတ်ခမ်းတစ်စုံတို့နှင့် ခြားနားစွာ ပြောင်းလဲနေခဲ့သော ကျွန်မသည် ထိုပြောင်းလဲမှုအပေါ် အေးဆေးညင်သာစွာ လက်ခံနေနိုင်ခဲ့ပြန်သည်။ သူငယ်ချင်းများ၏ တအံ့တ...

ရွှေနှလုံးသား
...
ထောင့်ဖြောင့်ဖြည့်ဖက်
မော်မော့်မောင်

ငါက ဘေးက ရပ်ကြည့်နေသူကိုးကွ။ ဘောလုံးပွဲတစ်ပွဲကို ဘေးက ကြည့်နေသူဟာ တကယ်ကစားနေသူထက် ပိုပြီး အကွက်မြင်နိုင်တယ် မဟုတ်လား။ အခုလည်း အဲဒီအတိုင်းပဲ။

ရွှေနှလုံးသား
...
နံရံတစ်ချပ်ခြား
အဖြူရောင်

လသာညတွေမှာ သူဆိုတဲ့ သီချင်းသံတွေနဲ့ ယစ်မူးရီဝေစွာ ရင်ခုန်ခဲ့ဖူးတာ အိပ်မက်မှ မဟုတ်ခဲ့ဘဲကွယ်