ကျောင်းကုန်းဧည့်မှူး
တည်ကောင်
‘ချိုးနှစ်ကောင်...
ထနောင်းပင်ညီနောင်က
လွမ်းအောင်ကူချွဲ။
ပန်းတော်ဖြူ
ပင်မြက်မြေဇာထူလှ
ဖိုးတောင်သူတဲ... ဖိုးတောင်သူတဲ... ဟဲ...ဟဲ...’
အညာ ကုက္ကိုပင်ပေါ်က ချိုးကူသံနှင့် လိုက်ဖက်လှစွာ
ခွန်းတောက်သဖြန် သီချင်းသံသည် လေပြည်နှင့် ရောပါလာသည်။ တံလှပ်တရိပ်ရိပ် ပြေးနေသော နေ့လယ်ခင်းတွင်
ဒီလို သီချင်းသည်လို တေးသံများကို ကြားရလျှင် လွမ်းသလို ဆွေးသလိုလို ခံစားရမည်မှာ
မလွဲ။ ယခုတော့... ထိုသို့မဟုတ်၊ တစ်ခုခု မှားယွင်းနေသလို တစ်မျိုးကြီး ခံစားရသည်။
ဒါကို အချက်ကျ ဖော်ထုတ်လိုက်သူက ‘ငှက်ကျား’ ပေတည်း။
‘အဟားဟား...ကို ကြက်တက်ကြီးတော့ ချိုးနှစ်ကောင်ကို
ထောင်ဖမ်းလို့ မရတာနဲ့ အသံခြောက်နေပြီ ထင်တယ်။ သူကလား... လွမ်းတတ်မှာ...’
‘ငှက်ကျား’ စကားကို ကြားတော့ ရိုးပြတ်တဲမှာ
ကောက်ရိတ်နားသူအချို့ ‘ဟုတ်လိုက်လေ’ ဟု ရယ်ကြ ပြုံးကြသည်။ ကိုကြက်တက်ကား
ကျောက်ခွေးနှင့် ကန်သင်းတင်ယှဉ်လျက် လယ်က လယ်ရှင်ဖြစ်သည်။ စွန်ပါရွာသားဖြစ်သည်။
ငှက်ထောင်သည့် နေရာမှာဝိဇ္ဇာ။ လယ်ထဲမှာ ဗျိုင်းထောင်၊ ချိုးထောင်၊ ဘွတ်ကလုံး၊
စာကလေးနှင့် ဆက်ရက်ထောင် လုပ်သည်။ လယ်အလုပ် ပါးချိန်မှာမူ တောဆင်း၍ မယ်ညိုထောင်၊
ဘုတ်ထောင်၊ ရေကြက်မထောင် လုပ်တတ်ပြန်သေးသည်။ သူ့မှာ တည်ကြက်အဖြစ် အသုံးချမည့်
ငှက်တစ်ကောင်ကောင်ကတော့ အစဉ်သဖြင့် လက်သတ် မွေးထားလေ့ရှိသည်။ ငှက်ထောင်ရမည်ဆိုလျှင်
အလုပ်မေ့၊ ထမင်းမေ့သည့် လူစား။ ထောင်၍ရသော ငှက်ကိုလည်း ခြေထောက်နှစ်ချောင်းက
ကိုင်ရိုက်၊ အမွေးအတောင် ပြောင်တလင်းခါအောင် နုတ်ပစ်လိုက်ဖို့လည်း လက်မနှေးတမ်း
ရက်စက်သူ။
အနှီသို့သော ပုဂ္ဂိုလ်က
ချိုးနှစ်ကောင် လွမ်းအောင် ချွဲပုံကို ဘယ်လောက်ပင် ရင်ပွင့်အောင် ဟဲသော်ငြား
အတွင်းသိ အစင်းသိသူများအဖို့ အဘယ်မှာ အလွမ်းဓာတ် ကူးစက်ပါမည်နည်း။ ငှက်ကျားစကား
အလွန်မရှိဟု ထောက်ခံကြမှာ ဒုနှင့်ဒေး။
'အေ...ကိုကြက်တက်ကြီး။
မနားတော့ဘူးလား။ လာလေ...ရေနွေးသောက်ပါဦး...'
'မနားသေးပါဘူးကွယ်။
သောက်...သောက်ကြ'
သမီးသုံးယောက်နှင့် ရင်ဘောင်တန်း၍
ကောက်ဆုပ်ကို လွှားခနဲ လွှားခနဲ ဝေ့ကာ ကောက်ရိတ်ရင်း'ကိုကြက်တက်က
ခင်ကြည်မကို ခွန်းတုံ့ပြန်သည်။
'အဲဒီလူကြီးက ဘယ်တော့မဆို
သူများနားလို့ နားတာမဟုတ်ဘူး။ အလကားနေရင်း ငှက်ထောင်ဖို့ စဉ်းစားနေတာ။ မယုံကြည့်၊
မရွန်းကြီး ရိုးစောင်းမှာ...သူ ဗျိုင်းထောင်ထားပုံပဲ။ ဟော... ရိုးစောင်းမှာ
ဗျိုင်းတစ်အုပ် ဝဲနေပါလား။ ဗျိုင်းကလေးတွေရေ...တခြားသွားကြဟဲ့။ အဲဒါ အစာမဟုတ်ဘူး။
ငါး မျှားချိတ်ကြီးဟ...'
'ငှက်ကျား' က ကန်သင်းဘောင် ကျောမှီလျောင်းလျက်က အားမလိုအားမရ ထထိုင်၍ အော်ဟစ်သည်။
'ဟေ့ကောင်... ဟိုက
ကြားလို့ကော် အဆဲခံရဦးမယ်...'
'ကြားကြားကွာ...'
ငှက်ကျားနှင့် ဒန်တိုတို့ အချီအချ
စကားပြောနေစဉ်မှာပင် ရိုးစပ်ဆီက 'ကော့... ကော့...' ဟူသော ဗျိုင်းအော်သံတွေ စီစီညံ၍ 'ကိုကြက်တက်ကြီး'
လည်း တံစဉ်ပစ်ချကာ ရိုးစောင်းဆီသို့ တစ်ချီတည်း ပြေးလေ၏။
'ကဲ...ငါမပြောလား။
ဗျိုင်းတစ်ကောင်တော့ ဘဝ ပြောင်းပြန်ပြီ'
ငှက်ကျားပြောသည့်အတိုင်း
ကိုကြက်တက်လည်း ဖမ်းမိသော ဗျိုင်းကို အတောင်နှစ်ဖက် လိမ်ချိုး၍ သူ ကောက်ရိတ်သည့်
လယ်ကန်သင်းနားမှာ မသေမရှင် ကြိုးချည်ထားလေ၏။
'ဒီလိုလူမျိုး ဝဋ်ကလည်း
မလိုက်ဘူးလား မသိဘူး'
'ငှက်ကျားရေ... သူ့အကုသိုလ်
ကိုယ့်အကုသိုလ် မဖြစ်စေနဲ့ကွာ။ ကဲ...အားလုံး အမောပြေရင် တစ်ချီတစ်မောင်း
ရိတ်လိုက်ကြဦးစို့။ ခင်ကြည်မ...နင်ရောပြန်လေ။ အိမ်မှာ ဝက်တွေ၊ ကြက်တွေနဲ့ မို့လား'
ကျောက်ခွေးက တဲအပြင်မှာရပ်၍
နှိုးဆော်လိုက်လျှင် ငှက်ကျား၊ ဒန်တိုနှင့် အခြား ကောက်ရိတ်သားများလည်း
လုပ်ငန်းခွင်ဝင်ဖို့ ထကြပေပြီ။ ခင်ကြည်မလည်း ရွာဆီပြန်ဖို့ ထမင်းတောင်းကို
ထည့်သိုသိမ်းဆည်းနေပေပြီ။
ဗျိုင်းတစ်ကောင်ဖမ်းမိ၍ နေ့တွက်စီ၊
ဟင်းစားရသွားသော ကိုကြက်တက်ကြီးမှာကား စိတ်နှလုံး ပျော်မြူးလေဟန်ဖြင့်
လေတချွန်ချွန်၊ သီချင်းတအေးအေး။
ကိုကြက်တက်အပေါ်
ဘယ်ရှေးရေစက်မှန်းမသိ။ အလိုလို ဒေါမနဿပွားနေသော ငှက်ကျားက နှုတ်ခမ်းမွေး
နှာခေါင်းစုအောင် မဲ့သည်။
'တော်တော်... နားဝင်ချိုစရာ
ကောင်းတဲ့အသံ။ ငှက်ဆိုးထိုးသံ'
'ငှက်ကျား'စကားကို 'ကျောက်ခွေး'က
ပြုံးရုံပြုံးသော်လည်း 'ဒန်တို'ကား
ကွင်းလျှံအောင် ရယ်လေ၏။
□
ကျောက်ခွေးလုပ်သော ကွင်းလယ်က
ကိုကြက်တက်၏ လယ်နှင့် တစ်စပ်တည်း ဖြစ်၍ လယ်နီးနားချင်း ဖြစ်သောကြောင့် နွေနွေ၊
မိုးမိုး၊ ဆောင်းဆောင်း လယ်လုပ်ချိန်တိုင်း ထိတွေ့ဆက်ဆံနေ ရသည်။ တစ်ရွာတည်းသားချင်း
မဟုတ်သော်လည်း ဆွေမျိုးသားချင်းလို ခင်မင်ရင်းနှီးကြသည်။
ကိုကြက်တက်ကား လူကိုင်းကောင်းကောင်း
တုတ်တုတ်ခိုင်ခိုင်ကြီး ဖြစ်သည်။ ဘောက်ဖတ်မည်း မည်းကြီး တစ်ကောင်တွယ်
ကပ်နေသည့်အလား အဖျားကော့သော နှုတ်ခမ်းမွေးမှာ တော်ရုံလူ ကြောက်ရွံ့ခံ့ညား
စေလောက်သည်။
သူ့အသက်မွေးဝမ်းကျောင်း သဘာဝအတိုင်း
လူကြမ်း၊ စိတ်ကြမ်း၊ အပြောကြမ်းသော်လည်း ကိုကြက်တက်မှာ သူတစ်ဖက်သားအပေါ် မမှန်တာ
မလုပ်။ မဟုတ်တာ မပြောသော လူဖြောင့်ကြီး တစ်ယောက် ဖြစ်သည်ကိုကား ပြောဆိုဆက်ဆံကြရင်း
ကျောက်ခွေး အစင်းသိထားသည်။
ကိုကြက်တက်ကား လူတွေနှင့်တော့
တရင်းတနှီး နေလေ့မရှိ။ ခပ်ဖယ်ဖယ်၊ ခပ်ကင်းကင်း နေသည်။ ကျောက်ခွေးတို့လို
ရင်းနှီးသော သူတွေနှင့် ဆုံပြီဆိုလျှင်တော့ သူ မွေးထားသော ငှက်များအကြောင်း၊ သူ ဖမ်းမိဖူးသော
ငှက်များအကြောင်းကို တခမ်းတနား မမောတမ်း ပြောတော့သည်။
'ငါ တစ်ခါက
မယ်ညိုမလေးတစ်ကောင် ရဖူးတယ် ကျောက်ခွေးရ။ လှကလည်း လှ၊ လိမ္မာတာလည်း မပြောနဲ့တော့။
လူ့စကားလည်း နားလည်လိုက်တာ။ ငါ ချစ်လွန်းလို့ ခင်စိန်လို့တောင် နာမည်ပေးထားတာ။
ငါ့ကို ခင်စိန်လေး လုပ်ကျွေးသွားတာ နည်းရော့လား။ မယ်ညို အကောင် နှစ်ဆယ်အစိတ်က
မထင်ဘူး သိလား။ သူ့အသံ သာသာလေးနဲ့ 'ကလူး ကလူး'အော်လိုက်လို့များတော့ ထောင်ချောက်ထဲကားခနဲ ဝင်လာတဲ့ငနဲတွေ တစ်ကောင်ပြီး
တစ်ကောင်။ မနှစ်နွေက အဲဒီလောက် လိမ္မာတဲ့ ကောင်မ အိမ်က ခွေးသေနာကိုက်လို့
သေပါလေရော့။ ငါ့နှယ် နှမြောလိုက်တာ မပြောပါနဲ့ ငါ့လူရာ။ မျက်ရည်တောင် ဝဲတယ်။
ဒီလောက်မိုက်တဲ့ခွေးကိုလည်း တစ်ခါတည်း ကိစ္စချောပစ် လိုက်တယ်။ ကဲ... မှတ်ကရော'
ကိုကြက်တက်က သူ့ ဘာသာ
နှုတ်ခမ်းမွေးကြီး နှစ်ဖက်နား နားရွက်တက် ချိတ်မတတ် တဟားဟား ရယ်ပြန်တော့
ကြောက်စရာလည်း ကောင်း၊ ချစ်ခင်စရာလည်း ကောင်းနေပြန်ပါသည်။
'ကိုကြက်တက် ခင်ဗျား
ငှက်ထောင်တဲ့အလုပ်ကို တစ်သက်လုံး လုပ်မှာလား။ တစ်ခါတလေ ငှက်ကလေးတွေကို သနားစိတ်လေး
ဘာလေး မပေါ်ဘူးလား'
ကျောက်ခွေးက ထိုသို့ မေးဖူးသည်။
ထိုအခါ ကိုကြက်တက်မှာ အသံဆိတ်လျက် တစ်ခဏမျှ ငေးငေးငိုင်ငိုင် ဖြစ်သွားသည်။ ပြီးမှ
'ကျောက်ခွေးရာ ငါလည်း
အသည်းနှလုံးနဲ့ လူပဲ။ မသနားဘဲ ဘယ်ရှိပါ့မလဲ။ မျောက်သား စားချင်ရင် မျောက်မျက်နှာ
မကြည့်နဲ့ ဆိုသလိုပဲကွ။ ဝမ်းရေးဆိုတော့လည်း မျက်စိမှိတ်ပြီး ဇွတ်လုပ်ရတာပေါ့'
ကိုကြက်တက်၏ မျက်နှာသွင်ပြင်မှာ
သနားကြင်နာတတ်သော အငွေ့အသက်တွေ ယှက်သန်းနေသည်ကို မြင်ရပြန်တော့လည်း ကျောက်ခွေး
ကိုယ်ချင်းစာနာမိရသည်။
'နောက်တော့လည်း
ကံစီမံတဲ့အတိုင်းပေါ့ ကျောက်ခွေးရာ။ ငါလည်း တစ်သက်လုံး အလုပ်ပေါင်းစုံ
လုပ်လာခဲ့တာ။ ဒီအလုပ်ကျမှ ဘယ့်နှယ့်သက်ဆိုးရှည်နေသလဲ မပြောတတ်ပါဘူး။
ကံဖြတ်တဲ့တစ်နေ့တော့ ပြတ်ပြီပေါ့ ဟုတ်ဖူးလား'
သူ ပြောသည့် ကံဖြတ်သောနေ့ကား
ဘယ်ကမ္ဘာလဆန်းတစ်ရက်နေ့ကျမှ ရောက်မည်မှန်း မသိ။ ယခု အချိန်အထိတော့
ကိုကြက်တက်တစ်ယောက် ငှက်ထောင်ဆဲ၊ ဖမ်းဆဲပါ တကား။
□
ကိုကြက်တက် အလုပ်စုံ လုပ်ခဲ့သည်ဟူသော
တစ်ခါက စကားကြောင့် တစ်နေ့သော ထမင်းစားနားချိန်တွင် ခင်ကြည်မ စကားလမ်းကြောင်းလျှင်
ကိုကြက်တက်က တဟေးဟေး ရယ်၍...
'ဟ... ဆိုက်ကားလည်း
နင်းဖူးရဲ့။ လက်သမားလည်း လုပ်ဖူးရဲ့။ ဇာတ်ထဲ၊ ဆိုင်းထဲ၊ နတ်က နားလည်း လိုက်ဖူးရဲ့။
ငါ မလုပ်ဖူးတာများ ရှိရှိသေးလား မပြောတတ်ဘူး။ အဲ... သူတို့အမေနဲ့
အိမ်ထောင်ကျခါမှပဲ ယောက္ခမကြီးနဲ့ အဖော်လိုက်ရင်း ဒီအကုသိုလ်အလုပ်နဲ့ မြဲနေတာလား'ဟု ရယ်ရယ်မောမော ပြောလျှင် ခင်ကြည်မတစ်ဆင့် တက်ပြန်သည်။
'သြ... ဒါကြောင့်...
ကိုကြက်တက်ကြီး သီချင်းတွေဘာတွေ ဆိုသံ ကြားတာကိုး။ ဆိုစမ်းပါဦး။ ဇာတ်ထဲမှာ ဘာလဲ။
မင်းသားလား။ လူပြက်လား။ သီချင်းတွေ အများကြီး ရမှာပေါ့'
ခင်ကြည်မ စကားကို ကိုကြက်တက်က 'ဒီလိုပါပဲဟာ'ဟု ခပ်ဖော့ဖော့ ပြောရင်း ပြုံးတုံ့တုံ့သာ လုပ်၍ နေလေသည်။
'ကိုကြက်တက်ကြီး
ဗျိုင်းကလေးတွေ၊ ချိုးကလေးတွေ မွေးတာ သနားလို့ မွေးရင် တော်တာပေါ့။ သူတို့
အချင်းချင်း ထောင်ဖမ်းဖို့ မွေးတာတော့ နည်းနည်း ရက်စက်ရာ မကျဘူးလား'
ကိုကြက်တက်ဆီက စကားနှိုက်မရသဖြင့်
ခင်ကြည်မ စစ်မျက်နှာ အသစ် ဖွင့်လိုက်သည်ကို ရိပ်မိသဖြင့် ကျောက်ခွေး
မျက်ရိပ်ပြဟန့် တားသော်လည်း အချည်းအနှီးပင်။
'သြော်... ဒါလား။ ရက်စက်တယ်ပဲဆိုဆို၊
ဘာပဲ ပြောပြော ဒီနည်းက လွယ်တယ်ဟ။ ရှေးပဝေသဏီ ကတည်းက သုံးတဲ့နည်းလေ။ ဘုရားအလောင်း
ဥဒေါင်းမင်းကို ဥဒေါင်းမနဲ့ မျှားဖမ်းခဲ့တာလည်း ဒီနည်းပဲပေါ့။ ဥဒေတယံဂါထာကြီးလည်း
ဥဒေါင်းမနဲ့တွေ့တော့ မကယ်နိုင်တော့ဘူးလေ။ တစ်ခါတည်း ကွက်ခနဲတန်းမိတော့တာပေ့ါ။ အဟားဟား။
တည်ကောင်ကို ဘယ်ရှောင်ပုန်းနိုင်ပါ့။ အံမယ်မင်း ရုန်းရခက်ကြီးဆိုသလို ကျတော့တာပေါ့ဟာ။
အဟားဟား... ဟား'
ကဲကြည့်...။ ကိုကြက်တက်တို့က
စကားပြောတော့လည်း သည်ကဲ့သို့ စာသံ ပေသံ၊ ကျမ်းဂန်သံတွေနှင့် အပြောအဟော တတ်ပေသား။
သည်လောက် တတ်ပါလျက် အဘယ့်ကြောင့်များ အကုသိုလ်ကို မိုက်တွင်းတူးပြီး ရှာနေပါလိမ့်။
ကျောက်ခွေးတို့ ကွင်းလယ်ရှင်ကား
ကောက်ရိတ်သား ငှားမရသောကြောင့် ကောက်ခြေ မပြတ်နိုင်သေးပါ။ သည်လိုပဲ ငှားရသော
ကောက်ရိတ်သမား တစ်ဦးစ နှစ်ဦးစနှင့် ကျောက်ခွေးပါ မှေးရိတ်နေရသည်။
ကိုကြက်တက်ကြီးတို့လည်း
ထိုနည်းလည်းကောင်းပင်။ လူ မငှားဘဲ သူတို့မိသားတစ်စုသာ တဖြည်းဖြည်းချင်း
ရိတ်နေသောကြောင့် တော်တော်နှင့် ကောက်ခြေပြတ်နိုင်မည် မဟုတ်ပေ။
ယခုရက်ထဲမှာ ကိုကြက်တက်ကြီးတစ်ယောက်
ကျောက်ခွေးတို့တဲဆီ အရောက်အပေါက် နည်းသွားသည်။ ရိုးတစ်ဖက်ကမ်းရှိ နတ်ချောင်းရွာက
ကိုလှမောင်ကြီးတို့ တဲဘက် ချောင်းပေါက်အောင် သွားနေသည်။ ကိုလှမောင်သား 'အောင်ခ'
က တစ်ခါတစ်ရံ ကိုကြက်တက်တို့လယ်ဆီ ကူးလာ၍ စကားဝိုင်းဖွဲ့သည်ကိုလည်း
မြင်ရသည်။
'ငှက်ထောင်တယ်ဆိုတာ
စိတ်ရှည်ရတယ်ကွ။ အသွားအလာလည်း ပိရိရတယ်။ ငှက်တစ်မျိုးစီရဲ့ သဘာဝတွေ၊ အလေ့အထတွေကို
စိတ်ရှည်ရှည် ထောက်လှမ်းပြီး ပိုင်မှ ဇိခနဲ ထောင်ဖမ်းလိုက်ရတာ'
အောင်ခသည်လည်း ငှက်ဝါသနာအိုးကလေး
ဖြစ်ပုံရသည်။ တစ်ခါတလေ ကန်သင်းပေါင်မှာ ကိုကြက်တက်နှင့် စကားဝိုင်းဖွဲ့
နေလိုက်သည်မှာ... ကောက်ထပ်ရိတ်ဖို့ပင် သတိရပုံမပေါ်။ နေမွန်းတည့်ကနေ နေစောင်းသည်ထိ
ပြောစရာစကားဘဲ မကုန်နိုင်တော့သလို။
'ကိုကျောက်ခွေး သတိထားမိလား။
ခုတလော ဒီကောင်လေး ဒီဘက်မှာ ရွှေစွန်ညို ဝဲသလို ဝဲနေတာ။ ဧကန္တ ကိုကြက်တက် သမီး
တစ်ယောက်ယောက်နဲ့များ...'
'ကြံကြံဖန်ဖန်...နင်ကလည်း'
ကိုကြက်တက် သမီး သုံးယောက်စလုံး
အချောအလှများ မဟုတ်ကြသော်လည်း တောသူများ ပီပီ ဖွံဖွံ ထွားထွား ရွက်ကြမ်းရေကျိုများ
ဖြစ်သည်။ မိန်းမသားများ ဖြစ်သော်လည်း ဖခင် ဖြစ်သူနှင့် ဒိုးတူပေါင်ဖက် အလုပ်ခွင်
ဝင်နိုင်သူများ ဖြစ်သည်။
အောင်ခ...သူတို့ ဖအေ ဆီလာနေသော်လည်း
ကောင်မလေးများက အရောတဝင် ခေါ်ပြောဆက်ဆံတာ မရှိ။ အောင်ခကလည်း ငှက်အကြောင်း၊
ငှက်ထောင်နည်းများအကြောင်း ပြောနေရလျှင် ကောင်မလေးများ ရှိနေသည်ကို ဖုတ်လေသည့်
ငါးပိ ရှိသည်မထင်သလို ကိုကြက် တက်ကြီးနှင့် စိတ်ဝင်တစား
စကားဖောင်ဖွဲ့နေမြဲဖြစ်သည်။
ထိုသို့သော အခြေအနေကြောင့် ခင်ကြည်မ၏
သံသယစကားကို ကျောက်ခွေးက 'ကြံကြံဖန်ဖန် နင်ကလည်း'နှင့် ပိတ်လိုက်နိုင်ခြင်း
ဖြစ်သည်။
'ကျွန်မထင်ရင် လွဲခဲတယ်။ မယုံ
စောင့်ကြည့်'
ကျောက်ခွေးကို အလျော့ပေးလေ့ မရှိသော
ခင်ကြည်မအား သည်ထက် စကားနိုင် မလုချင်သော ကြောင့် ကျောက်ခွေးပင် ထုံးစံအတိုင်း
အလျှော့ပေးရလေ၏။
□
နေခြည်သည် တရိုးရိုး တရဲရဲ။
တံလှပ်များကား အငွေ့တခြောင်းခြောင်း။
နေရှိန်ဒဏ်ကို အန်မတုသာသော
ရိုးပြတ်ငုတ်တို့သည် 'တဖြိုးဖြိုး တဖြောက်ဖြောက်' ညည်းညူလျက်
မြေကမ္ဗလာတွင် ဝပ်တွားကြရရှာ၏။
လယ်တောတစ်ခွင် လုပ်ငန်းဝင်နေသော
ကောက်ရိတ်သားတို့မှာ နေလောင်ထားသော ခန္ဓာကိုယ်က ညှော်စော်နံအောင် ပြင်းပြသော
နေပူရှိန်ဒဏ်ကြောင့် တစ်ဦးနှင့်တစ်ဦး စကားမဟနိုင်။ မနောက်ပြောင်နိုင်။ သီချင်း
မညည်းနိုင်ကြဘဲ အသံဆိတ်လျက်သာ အလုပ်ကို တဖြည်းဖြည်း လုပ်နေ ကြ၏။
ကျောက်ခွေးသည် လှန်ထားသော
နွားနှစ်ကောင်ကို ရေတိုက်ရန်နှင့် နေရာပြောင်းလှန်ရန် ရှေ့တစ်ကောင်၊
နောက်တစ်ကောင်ထား၍ ကန်သင်းရိုးအတိုင်း ရိုးချောင်းဆီသို့ ဆွဲလာလေသည်။
ကောက်ခြေပြတ်၍ တလင်းကျံပြီးသည်နှင့် တလင်းကွင်းကို ကောက်လှိုင်း သွင်းရတော့မည်။
ထိုအခါ.. အားမနာတမ်း ခိုင်းဖို့ နွားတွေ အားစည်မှဖြစ်မည်။ ကန်သင်းရိုးပေါ်က
တံစဉ်ပြန် မြက်နုနု ထွေးထွေးတို့သည်
အလုပ်နားနေသည့် ခိုင်းနွားကြီးတို့အတွက် အာဟာရပြည့် အစာမဟုတ်ပါလား။
'ဟဲ့... ဟိုနွား။ ကျော်ဗလ...'
ကောက်လှိုင်းတစ်လှိုင်းကို
လှမ်းဆွဲစားသော ကျော်ဗလကို ကြိုးဆောင့်ဆွဲပြီး ပါးစပ်ကလည်း ငေါက်သည်။ ကျော်ဗလက
ကြောက်ကြောက်နှင့် ကိုင်းခြံကို တိုး၍ ရှေ့ဆက်သွားသည်။ ထိုစဉ် ကျော်ဗလခြေနှင့်
တိုက်၍ အရာတစ်ခုက ငြိပါလာသည်။
'ဟင်...'
နွားတွေကို စုတ်သတ် ရပ်လိုက်ပြီး ကျောက်ခွေးငုံ့
ကောက်သည်။ ပလတ်စတစ် အိတ်နှင့် ထုတ်ထားသော အသစ်စက်စက် ထဘီတစ်ထည်။ ဘယ်သူ ကျန်ခဲ့သနည်း။
ဘာကြောင့် ဒီနေရာကို ရောက်နေသနည်း။
ကျော်ဗလ ခြေနှင့် တိုက်သွားသော
ကိုင်းခြုံခြေရင်းကို ကျောက်ခွေး သေသေချာချာကြည့်သည်။ မြေသား ပြောင်နေသည်။
အမှိုက်သရိုက် တစ်စတစ်မျှင်မရှိ။ ဒါ သူ့သဘာဝအတိုင်း ပြောင်လက်နေခြင်းတော့
မဟုတ်နိုင်။ တစ်စုံတစ်ယောက် တမင်တကာ ပြောင်ရှင်းနေအောင် စီမံထားပုံမျိုး။
သို့ဆိုလျှင် ဒီနေရာနှင့် ဒီထဘီသည် ဆက်စပ်နေတာဖြစ်မည်။ တစ်ဦးတစ်ယောက်
ကျကျန်ရစ်တာမျိုး မဖြစ်နိုင်တော့။
ကျောက်ခွေး ဘေးပတ်ဝန်းကျင်ကို
အကဲခတ်ကြည့်သည်။ သူ့ကို တစ်စုံတစ်ယောက်က စောင့်ကြည့်နေတာမျိုး ရှိမရှိ။ ပြီးနောက်
ထဘီအိတ်ကလေးကို ကိုင်းခြုံခြေရင်း မြေတလင်းမှာ မူလအတိုင်း ပြန်ထားပြီးနောက်
ဘာမျှမဖြစ်လေသည့် ပုံစံမျိုးဖြင့် နွားများကို ဆက်မောင်းသည်။
ရိုးထဲမှနွား ရေတိုက်သည်။
ကန်သင်းရိုးမှာ နွား လှန်သည်။ အလုပ်သာ လုပ်နေရသည်။ ကျောက်ခွေးစိတ်က ထဘီပြဿနာ
အရင်းအမြစ်ကို ရှာဖွေတွေးတော မဆုံးနိုင်။ နွားလှန်ပြီး၍ ကောက်ငန်းမှာ
ကောက်ပြန်ရိတ်သော်လည်း အတွေးသံသရာလည်ဆဲ။
အဖြေကို ကြာကြာ မစောင့်လိုက်ရပါ။
ကိုင်းခြုံလေးကို ဗဟိုပြု၍ လူမသိ သူမသိ ဆက်သွယ်နေသော ချစ်ဇာတ်လမ်းလေး တစ်ခုသည် ဤအိုင်မကြီးကွင်း
လွင်တီးခေါင်၌ လွမ်းမောဖွယ် ဖြစ်ထွန်းလျက်ရှိသည်ကို ကျောက်ခွေး ရိပ်စားမိချေပြီ။
မယ်တော်ကြီး ကပ်ရှားနေသလို
ဒိုးဒိုးဒေါက်ဒေါက် ကြိုတင်ဟောကိန်းထုတ်တတ်သော ခင်ကြည်မကိုကား ကျောက်ခွေးဖွင့်ပြော၍
မဖြစ်သေးပါ။ အဖြစ်သနစ်ကို လက်ဆုပ်လက်ကိုင် ပိုင်ပိုင် ပြနိုင်မှ သင်းကို ပြော၍
ဖြစ်မည်။
နေ့လယ်ခင်းရောက်၍
နွားရေတိုက်သွားလေတိုင်း ကျောက်ခွေး ကိုင်းခြုံတန်းဆီ ရောက်သည်။ အသွားအပြန်
ဖြတ်လေတိုင်း မသိမသာ သတိထားကြည့်သည်။ တစ်ဦးနှင့်တစ်ဦး အဆက် အသွယ်လုပ်ထားသော
အရာတစ်ခုခုတော့ အမြဲတမ်း တွေ့နေရတတ်သည်။
အောင်ခနှင့်ကြက်တက် သမီးတစ်ယောက်ယောက်ပဲ
ဖြစ်မည်။ အကြီးလား၊ အလတ်လား၊ အငယ်လားတော့ မကွဲပြားသေး။ ဖြစ်စားရှိလျှင် အကြီးမပဲ
ဖြစ်မည်။ သူက လိမ္မာသည်။ အလုပ်ကောင်း သည်။ ရုပ်ရည်လည်း ကျန်သူတွေထက် သနားကမား
ပိုရှိသည်။ သူကလေးနှင့် ပိုဖြစ်ဖို့ များပါသည်။
သည်လိုနှင့် ကောက်ခြေ
ပြတ်ကြပါတော့မည်။ ကောက်ခြေပြတ်လျှင် ဤလယ်ကွင်းကြီးကို ခွဲခွာကာ
မိမိတို့ရွာအသီးသီးသို့ ပြန်ကြရမည်။ ရွာတလင်းကွင်းက အလုပ်တွေကို ခေါင်းမဖော်တမ်း
လုပ်ရတော့မည်။ ဤ လယ်ကွင်းကြီးကို ခွဲခွာကြရတော့မည်ဆိုလျှင် ကိုင်းခြုံကလေးကို
ဗဟိုပြုဖြစ်ထွန်းခဲ့သော ချစ်ဇာတ်လမ်းကား အဘယ်ကဲ့သို့ လှလှပပ ကလနားသတ်ချေတော့မည်နည်း။
သို့သော်...အောင်ခကား သူ့ဆရာ
ငှက်မုဆိုး ကိုကြက်တက်ထံက လက်ပူးလက်ကြပ် သင်ရိုးကျေအောင် သင်ထားသူ တပည့်ကောင်း
ပီသစွာ စိတ်လည်း ရှည်ပါသည်။ ခြေသံလည်း လုံ၏။
အကင်းလည်း ပါး၏။ အခြေအနေ၊ အခွင့်အလမ်းကောင်းကိုလည်း အံဝင်ခွင်ကျ
အသုံးချတတ်သူလည်း ဖြစ်ပါ၏။
တစ်နေ့တော့ ကောက်ရိတ်ရာသို့
ကိုကြက်တက်တို့ သားအဖ သုံးယောက်သာ ဆင်းလာကြ၏။ သမီးတစ်ယောက်က တလင်းကျံသောအခါ
လာကူညီသူတွေကို ကျွေးမွေးရန် ကျောင်းကုန်းမှာ ဈေးဆင်းဝယ်သဖြင့် ကောက်ရိတ်ရာသို့ ပါမလာဟု
ဆိုပါသည်။
ထို့နေ့ မနက်စောစောအထိ အောင်ခကိုလည်း
ကိုကြက်တက်နှင့် ပူးတွဲပူးတွဲ လုပ်၍ ရိုးစောင်းတစ်လျှောက် ဗျိုင်းထောင်နေသည်ကို
တွေ့ရပါသည်။ သို့သော် နေ ထန်းတဖျားလောက် အချိန်တွင်မူ နွားလှန်ကြိုးကျန်ခဲ့၍
အိမ်ပြန်ယူဦးမည်ဟုဆိုကာ အောင်ခ တစ်ယောက် ပျောက်သွားပါ တော့သည်။ ထမင်းတောင်း
ပို့ချိန်လည်း ပေါ်မလာ။ နေ့လယ်နားချိန်လည်း ပြန်မရောက်။ ညနေ နွားသိမ်းချိန်လည်း
မမြင်။ ကောက်ရိတ်တက်ချိန်လည်း လူစမတွေ့။ တစ်ခုခုတော့ တစ်ခုခုပဲဟု ကျောက်ခွေး
စိတ်အထင့်သား။
ကောက်ရိတ်သားတွေ ပြန်၍ ကွင်းထဲမှာ
လူကုန်သလောက်ရှိသောအခါ ကိုကြက်တက်မိန်းမ မကြင်တစ်ယောက် ပုဆိုးပခုံးတင်လျက်
မောက်စွမောက်စွနှင့် ပျာယီးပျာယာ ပေါက်ချလာလေ၏။
'ဟဲ... ကြက်တက်၊ နင့်
သမီးတော့ ယောက်မမြင်းစီး ထွက်သွားပြီ'
'မကြင်၊ မြခက် ဘာဖြစ်သလဲ'
'သွားပါပြီဆိုမှ
နင်အကဲမဖမ်းမိဘူးလား'
'ငါ့ကို
ရှင်းရှင်းပြောစမ်း...မကြင်...မြခက်... ဘာဖြစ်လို့လဲ'
'ဟီး...ဟီး...ခုထိ ဒီလူ
မသိချက် ဆိုးပါလား။ ဟင်း...ခုတော့ နင့်အတက် နှင့်ပြန်စူးပြီမို့လား။ ငှက်ဖမ်း
ဝိဇ္ဇာကြီးရဲ့...'
မကြင် စကားရိပ်ကို သမီးနှစ်ယောက်က
သဘောပေါက်ဟန်ဖြင့် လက်တို့ ခြေတို့ လုပ်နေကြသည့်တိုင် ကိုကြက်တက်မှာကား
ချွေးပျံနေသော မျက်နှာကို ပုဆိုးခါးပုံစဖြင့် ငုံ့သုတ်လိုက်၊ မကြင်ကို
မျက်လုံးပြူးပြူးကြီးနှင့် လှမ်းကြည့်လိုက်နှင့်ဇဝေဇဝါ ရှိနေ၏။
'အဖေ့သမီး လင်နောက်လိုက်သွားလို့တဲ့'
အကြီး မလှခက်က အမေ့ကိုယ်စား
ဝင်ရှင်းသည်။ ကိုကြက်တက် ခမောက်အောက်က ခေါင်းကို ဗြင်းခနဲ ဗြင်းခနဲ ကုတ်သည်။
'အဖေ့သမီး...ဟုတ်လား...ဘယ်သူလဲ...'
'မြတ်စွာဘုရား'
'ဟင်...အဖေ့နှယ်...
စိတ်ညစ်ပါတယ်'
မကြင်တို့ သားအမိ သုံးယောက်ဆီက
အာမေဋိတ်သံ ပြိုင်ပေါ်လာ၏။ သူ့မျက်စိအောက်မှာ အကြီးနှစ်ယောက်ကို ဘွားဘွားကြီး
တွေ့နေမှတော့ လင်နောက်လိုက်တာ အငယ်မ မြခက်ပေပဲပေါ့။ စောစောကပင် 'မြခက်'
ဟု မကြင်ပြောပြီးသား မဟုတ်ပါလော။ ဆင်ကောင်ကြီး တွေ့ပြီးမှ
ဆင်ချေးရှာခိုင်းသည့်နှယ်။ ကျေးငှက်တို့၏ ဓလေ့သဘာဝကို လိမ္မာကျွမ်းကျင်သလောက် လူကဲခတ်မှာတော့
အလွန်ညံ့သော ကိုကြက်တက်ကြီးပေပဲ။
'မြခက်ဟဲ့...မြခက်။ ကဲ...သိပြီလား၊
နင်ပဲ စောစောက မြခက် ဘာဖြစ်သလဲ... မေးသေးတဲ့ ဥစ္စာ'
ရိုးပြတ်တောမှာ မကြင်
ဆွေ့ဆွေ့ခုန်လေမှ ကိုကြက်တက်ဆီက...
'ဟင်...ဟုတ်လား' ဟု စကားတစ်ခွန်း ထွက်လာ ဖော်ရသည်။
'ကျောင်းကုန်းကို ဈေးဝယ်လွှတ်လိုက်တာ
မပြန်... မပြန်နဲ့။ နေမွန်းတည့်သလောက်ရှိလို့ ဈေးသွားဖော်တွေ ပြန်လာမှ... ဒင်း...
သင်္ချိုင်းကုန်းမှာ ကာလနာ သွားတိုက်မှန်း သိတော့တာ။ ကဲ...ပြောစမ်း။ ညည်းတို့ပါ
အလိုတူ အလိုပါတွေမို့လား'
မကြင်က မြခက်ကို ဒေါသဖြစ်၊
ကိုကြက်တက်ကို သဘောမတွေ့သမျှ အကြီးမ နှစ်ယောက်ကို လှည့်မဲသည်။
'အစ်မကလည်း...
ပေါက်ပေါက်ရှာရှာ'
'ဘုရားပေးပေး၊
ကျမ်းပေးပေး...မသိပါဘူးတော်'
လှခက်နှင့်
လှသက်က ဖီဖီခါခါ ငြင်းသည်။
'သြော်...ဘယ်သူနဲ့
လိုက်သွားတာတဲ့လဲ...မကြင်'
ဘုရားရေ..ကိုယ့်သမီး လင်နောက်လိုက်သွားတာကို
ဒေါသံမောသံမပါ သူစိမ်းတစ်ရံဆံအား သတင်းမေးသလို သည်လူ စိတ်အေးလူအေး နိုင်လှပါလား။
မကြင်...ကန်သင်းရိုးမှာ ခြေပစ်လက်ပစ် ထိုင်ချလိုက်ပြီး ဒူးပေါ်မျက်
နှာမှောက်ချသည်။
'အဖေ့လူ အောင်ခလေ၊
ဘယ်သူနေမှာလဲ'
'ဟေ...'
'ကိုယ့်တည်ကောင်နဲ့
ကိုယ့်ပြန်ထောင်သွားတာများ နင်သိရဲ့လား။ ဟဲ့ ငှက်ဖမ်း ဝိဇ္ဇာကြီးရဲ့။
ဟင်း...ခုတော့ မြွေပွေးပိုးထိပြီပေါ့။ ကဲ... မှတ်ပလား'
မကြင် အသံစူးစူးက တစ်ကွင်းလုံး
ပဲ့တင်သွားမတတ်။ အိမ်ပြန်ဖို့ ပစ္စည်းပစ္စယ သိမ်း၊ နွားရုပ်နေရင်းကြားက
ကျောက်ခွေးအတိုင်းသား ကြားနေရသည်။ သတင်းသွားမေးရ ကောင်းမလား။ မဖြစ်ပါဘူး။ ဒါမျိုးက
သတင်းမေးကောင်းတဲ့ ကိစ္စမဟုတ်ဘူး။ အဲ... မမေးပြန်တော့လည်း နေနိုင်လွန်းရာ
ကိုယ်ချင်းမစာရာ ကျမလား။ အို...မမေးတာက မျက်နှာ အပူသက်သာပါတယ်လေ။ နောက်
တဖြည်းဖြည်းမှ အခြေအနေကြည့်မေးတာ ကောင်းပါတယ်။ ကိုကြက်တက် ဒေါထနေရင်
ဘယ့်နှယ့်လုပ်မလဲ။
အနောက်ဘက် ရွာတန်းရေးရေးပေါ်မှာ မေးတင်နေသော
နေလုံးရဲရဲကြီးသည် အောက်ကို ခုန်ချတော့မလို... ပြုတ်လုတည်းခါ။
အိပ်တန်းတက်ဖို့
အုပ်စုဖွဲ့ပျံသန်းလာသော ငှက်အုပ်ကြီးကား တိမ်တောက်သော ကောင်းကင်ဆီမှ
မျဉ်းဖြောင့်ဖြစ်လိုက်၊ ကကြီးသဏ္ဌာန် ကွေးသွားလိုက်။ ပစောက်ပုံ ဝိုက်သွားလိုက်။
ကိုကြက်တက်တို့၊ မကြင်တို့ စကားဝိုင်းကာ
ဘယ်အချိန် အမျှင်ပြတ်မည် မသိ။ ကျောက်ခွေးလည်း အားတောင့်အားနာ ဖြစ်သောကြောင့်
နောက်ပြန်မကြည့်ဘဲ နွားနှစ်ကောင်ကိုသာ ရွာဆီသို့ အတင်းမောင်းလေ၏။
□
'တစ်ခါတုန်းက ရိုးစောင်းမှာ
နွားရေသွားတိုက်တော့ သူငှက်ထောင်တာကို အနှောင့်အယှက် လုပ်တယ်ဆိုပြီး အော်လွှတ်တယ်။
အဲဒီကတည်းက အဲဒီလူကြီးနဲ့ မျက်နှာကြော မတည့်တာ။ ကဲ...ခုတော့ ဘာဖြစ်သေးလဲ။ အောင်ခက
သူ့သမီး ထောင်ဖမ်းသွားပြီ'
ကိုကြက်တက်ကို မျက်မုန်းကျိုးနေသော
ငှက်ကျားက လက်ခုပ်လက်ဝါးတီး၍ သြဘာပေးသည်။ ကျောက်ခွေးကတော့ မိဘချင်း
ကိုယ်ချင်းစာစွာ မျက်နှာသေနှင့်။ ခင်ကြည်မကမူ...
'တော်စမ်းပါ... ငှက်ကျားရယ်။
ခမျာများ သမီးအတွက် သောကရောက်နေကြမှာဟဲ့...' ဟု
ဟန့်သည်။
'ဟင်...သောက ရောက်မလား။
ပျော်ပဲပျော်... အဟားဟား...'
ခင်ကြည်မ၏ မျက်စောင်းကြောင့် ငှက်ကျား
စကားမဆုံးဘဲ တဟားဟား ရယ်သည်။
အောင်ခနှင့် မြခက်တို့ မင်္ဂလာသတင်းကိုကြားသူတိုင်း
ဝေဖန်ချက် အမျိုးမျိုးပေးကြသည်။
မုဆိုးသည် ကိုကြက်တက်လား၊ အောင်ခလား။
တည်ကြက်၊ တည်ကောင်သည် ကိုကြက်တက်လား၊ မြခက်လား။ သားကောင်သည် အောင်ခလား၊ မြခက်လား။
ပတ်ဝန်းကျင်ကတော့ အရည်မရ
အဖတ်မရသည်လိုပင် ပြောကြမည်မှာ ဓမ္မတာပင်။ ကဲပြောကြပါဦး။ အောင်ခနှင့် မြခက်မှ
သားကောင်မဟုတ်။ လူတိုင်း သားကောင်မဟုတ်လော။ ရွာဦးကျောင်း ဆရာတော် အမိန့်ရှိခဲ့သလို
လောဘသားကောင်၊ မောဟသားကောင်၊ ဒေါသသားကောင်၊ အဲ့ဒီဘောင်အတွင်းက ရှောင်ကွင်းနိုင်သူ
ရှိပါရဲ့လားဟု ကျောက်ခွေး ရွာစဉ်လျှောက် အော်မေးလိုက်ချင်ပါ၏။
မည်သို့ဖြစ်စေ အဆိုးထဲက အကောင်းရခဲ့သည်
ဆိုရမည်။ ကျောက်ခွေးကို ပြောခဲ့သည့် အတိုင်းပင် ကိုကြက်တက်အတွက်
မြခက်လင်နောက်လိုက်သောနေ့သည် အမှန်ပင် ကံဖြတ်သောနေ့ ဖြစ်ခဲ့သည်။
ထိုနေ့က ကိုကြက်တက်
ဒေါသဖြစ်ဖြစ်စိတ်ရှုပ်ရှုပ်နှင့် အရက် အလွန်အကျွံ သောက်၍ မူးမူးနှင့် အိမ်အပြန်
ဦးစိန်အေး အိမ်ရှေ့ ဂုံးပေါက်မှာ ချော်ကျသည်။ လူ အသက်မသေသော်လည်း ပေါင်ထိပ်တစ်ဖက်
နိမ့်ကာ လူစဉ်မမီအောင် နိမ့်နင်းနိမ့်နင်း ဖြစ်သွားရှာသည်။
အလိမ္မာအိမ်ပါ သမက်ကလေးအောင်ခလည်း သူ၏
လုပ်ပိုင်ခွင့် အာဏာကို သုံးလျက် တည်ကောင်အဖြစ် မွေးထားသော ငှက်ကလေးများကို
ဘေးမဲ့လွှတ်၊ ငှက်ထောင်သည့် ကိရိယာတို့ကို မီးရှို့ဖျက်ဆီးကာ ကိုကြက်တက်၏
ငှက်ဖမ်းလိုင်စင်ကို ရာသက်ပန် ပိတ်သိမ်းလေ၏။
ကျောက်ခွေး၏ လယ်နီးချင်း မိတ်ဆွေကြီး
ကိုကြက်တက်လည်း ထိုအချိန်မှစ၍ သူ့အသက်မွေးဝမ်း ကျောင်းလုပ်ငန်းကြီးကို သား
မြေးစဉ်ဆက် အမွေပေးစရာ မကျန်တော့ဘဲ မိစ္ဆာဇီဝ အကုသိုလ်တံခါး အပြီးတိုင်
ပိတ်ခဲ့ပါသတည်။
▀
ကျောင်းကုန်းဧည့်မှူး
(အမှတ် ၁၉၀၊ စက်တင်ဘာ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)
ဗေဒင်သွားမေးရင်းက ဗေဒင်ဆရာနဲ့ မုန်းမုန်း ပဋိပက္ခ ဖြစ်ခဲ့ကြတယ်ဆိုရင် ယုံကြပါ့မလား မသိဘူးရှင်။ အဲဒီအကြောင်းကိုလေ မုန်းမုန်းက ပြောပြချင်နေတယ်။ တဆိတ်နားထောင် ပေးကြပါဦးနော်။
ကျောင်းကတော့ ပထမတော့ မိဘကို ခေါ်တာ သတိပေးတာ လုပ်ပေမယ့် နောက်ပိုင်း မလုပ်တော့ပါဘူး ဘယ်လိုမှ သင်လို့မရတဲ့ ကျောင်းသား တစ်ယောက်လို့သာ သဘော ထားကြတယ် ထင်ပါရဲ့
လူမမာ ယောကျ်ားကြီး တစ်ယောက်က ကျွန်တော်၏ ညာဘက် ၅ ပေခန့် အကွာ အမှောင်ရိပ်ထဲကနေ ကျွန်တော့်ကို သွေ့ခြောက်အက်ကွဲသံဖြင့် လှမ်းပြောသံမျိုးနှင့် တူလှသည်