ကျော်သန်းမြင့်၊ဗန်းမော်၊
မြန်မာ့ရုပ်ရှင် ရွှေရတုကာလတွင် ပေါ်ထွန်းခဲ့သော အမျိုးသမီး ရုပ်ရှင် သရုပ်ဆောင်တစ်ဦးသည် မြန်မာ့ကာလပေါ် ဂီတလောကတွင် ရေဒီယိုတေးသံရှင်အဖြစ် ထင်ပေါ်ကျော်ကြားခဲ့သည်။ ထို့နောက် ရောင်းတမ်းဓာတ်ပြား အဆိုကျော် ဖြစ်လာသည်။ ထိုမှတစ်ဖန် ဓာတ်ပြားမှတစ်ဆင့် ဖလင်ကော်ပြားပေါ်သို့ ကူးပြောင်းကာ နိုင်ငံကျော် အမျိုးသမီး ရုပ်ရှင်သရုပ်ဆောင် ဖြစ်လာသည်။ အဆိုပါ အမျိုးသမီး ရုပ်ရှင် သရုပ်ဆောင်သည် အနောက်တိုင်းသွေး ပါသဖြင့် မျက်လုံး၊ မျက်ခုံး၊ နှာတံ၊ နှုတ်ခမ်းစသည့် မျက်နှာအလှ၊ ဝင်းဝါ စိုပြည်သော အသားအရည်၊ အချိုးအစားကျနသော အလုံးအရပ်တို့ကြောင့် အလှမယ်တစ်ဦးကဲ့သို့ ထင်ရှားပေါ်လွင် ခဲ့ပေသည်။ ထို့ကြောင့် ဇာတ်လမ်းအရ မိန်းမရိုင်း၊ မိန်းမဆိုးဇာတ်ရုပ်နေရာမှ သရုပ်ဆောင်ခဲ့ရသော်လည်း သူမကို ရုပ်ရှင်ကြည့်ပရိသတ်က ချစ်ခင်စွဲလမ်း နှစ်သက်ခဲ့ကြလေသည်။ ထိုအမျိုးသမီး ရုပ်ရှင်သရုပ်ဆောင်ကား 'ဘေဘီနွဲ့' ဖြစ်လေသည်။
ဘေဘီနွဲ့သည်
ရုပ်ရှင်လောကသို့ မဝင်ရောက်မီ ၁၉၅ဝ ပြည့်လွန်နှစ်များက မြန်မာ့ကာလပေါ်
တေးဂီတလောကတွင် ရေဒီယိုတေးသံရှင်အဖြစ် ကျော်ကြားခဲ့သည်။ ထို့နောက် ဓာတ်ပြား
ကုမ္ပဏီများမှ ဓာတ်ပြားသွင်းရန် ဆက်သွယ်လာသဖြင့် ရောင်းတမ်းဓာတ်ပြား အဆိုတော်
ဖြစ်လာသည်။ အနောက်တိုင်းသွေးပါ၍ ရုပ်ရည်ရူပကာ ချောမောလှပပြီး အလုံးအရပ် အချိုးအစား
ပြေပြစ်ကျနသော တေးသံရှင် ဘေဘီနွဲ့၏ ရုပ်ပုံလွှာများတို့သည် ထိုခေတ်က 'ချိုတေးသံ'စသည့် ဂီတစာစောင်များတွင် မျက်နှာဖုံးရှင်အဖြစ်
လည်းကောင်း၊ မြဝတီ မဂ္ဂဇင်းကဲ့သို့ ဓာတ်ပုံ ပညာရှင်များ၏
ပြိုင်ပွဲဝင်ဓာတ်ပုံများမှ မော်ဒယ်လ်အဖြစ် လည်းကောင်း ဖော်ပြခြင်း ခံခဲ့ရပေသည်။
ထိုစဉ် ၁၉၅၆ ခုနှစ်တွင် စတင်တည်ထောင်သည့် ရှုမဝရုပ်ရှင်၊ စာရေးဆရာ ဒါရိုက်တာ
တင့်တယ်က မိမိရိုက်ကူးမည့် 'လာလုလုငေး' အသံထွက်ရုပ်ရှင်ကားတွင် ပါဝင် သရုပ်ဆောင်ရန် ကမ်းလှမ်းရာမှ အစပြုကာ
ဘေဘီနွဲ့သည် ရုပ်ရှင်လောကသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပေသည်။
ဘေဘီနွဲ့သည် 'လာလုလုငေး'
အသံထွက် ရုပ်ရှင်ကားတွင် မြင့်စိုး၊ မို့မို့ (အဆိုတော် ဒဂုံခင်)၊
၁၉၅၇ ခု အကယ်ဒမီဆုရ ဗိုလ်မြဒင်မင်းသားကြီး၊ နွယ်နွယ်၊ စာရေးဆရာ သော်တာဆွေ၊
စာရေးဆရာ သန်းဆွေတို့နှင့်အတူ ပါဝင်သရုပ်ဆောင်ရသည့်အပြင် မိမိအား သောတရှင် ပရိသတ်များက
အသိအမှတ်ပြုပြီးသည့် ဘေဘီနွဲ့ အမည်အစား 'လာလုလုငေး' ဝတ္ထုထဲမှ ဒုတိယအမျိုးသမီး ဇာတ်ဆောင်အမည် ဖြစ်သည့် 'ဆွေဆွေလဲ့'
အမည်ဖြင့် ပါဝင်ရပေသည်။ အဆိုပါ ရုပ်ရှင်အမည်သည် စာရေးဆရာ 'တင့်တယ်' ပေးသည့် နာမည်ဖြစ်ပေသည်။ ထိုမှတစ်ဖန်
စာရေးဆရာ ဒါရိုက်တာတင့်တယ်သည် 'လာလုလုငေး' ရုပ်ရှင်ကား မပြီးမီ ဘေဘီနွဲ့အား ပထမအမျိုးသမီး ဇာတ်ဆောင်အဖြစ် တင်ကာ 'မကြင်သာသည်' ရုပ်ရှင်ကားကို ရိုက်ကူးခဲ့ လေသည်။
ဇာတ်ဝင်ခန်းအချို့ကို ထားဝယ်မြို့ မောင်းမကန်ကမ်းခြေအလှကို နောက်ခံထားကာ
ရိုက်ကူးခဲ့လေသည်။
တေးသံရှင် ဘေဘီနွဲ့ ပထမဆုံး ပါဝင်သည့်
'လာလုလုငေး' ရုပ်ရှင်ကားသည် ၁၉၅၆ ခုနှစ်တွင်
စတင်ရိုက်ကူးခဲ့ရာ ၁၉၆ဝ ပြည်နှစ်တွင်မူ ရုံတင်ပြသနိုင်ခဲ့သည်။ ယင်း ရုပ်ရှင်ကားသည်
အဖက်ဖက်မှ ချို့ယွင်းချက်များကြောင့် ရုပ်ရှင်ကြည့်ပရိသတ်က လက်မခံသဖြင့် တစ်ပတ်သာ
ရုံတင် ပြသနိုင်ခဲ့လေသည်။ ထို့ကြောင့် ယင်း ရုပ်ရှင်ကားကို ထုတ်လုပ်သည့် ရှုမဝ
ရုပ်ရှင်ကုမ္ပဏီမှ အရှုံးပေါ်သဖြင့် ဘေ ဘီနွဲ့၏ ဒုတိယရိုက်လက်စ ရုပ်ရှင်ကား
ဖြစ်သည့် 'မကြင်သာသည်' ရုပ်ရှင်
ကားသည်လည်း ဆက်မရိုက်ဖြစ်တော့ ဘဲ တစ်ပိုင်းတစ်စဖြင့် ရပ်ဆိုင်းလိုက် ရပေသည်။
ဘေဘီနွဲ့သည် ပွဲဦးထွက် 'လာလုလုငေး'
ရုပ်ရှင်ကားကို ရိုက်ကူးနေစဉ် အခြားကုမ္ပဏီတစ်ခုမှ
ရုပ်ရှင်ကားတစ်ကားတွင် ဒုတိယအမျိုးသမီး ဇာတ်ဆောင်အဖြစ် ကြားဖြတ်ရိုက်ကူးလိုက်ရသည်။
အဆိုပါ ရုပ်ရှင်ကားမှာ ရွှေမြင့်မိုရ်ရုပ်ရှင်၊ စာရေးဆရာ ဒါရိုက်တာ
တက္ကသိုလ်နေဝင်း၏ 'ရွှေရုပ်လွှာ' အသံထွက်
(၁၉၅၇) ဖြစ်လေသည်။ ယင်း ရုပ်ရှင် သရုပ်ဆောင်များ ဖြစ်ကြသည့် မင်းသား 'အာရှော့ကူးမား' နှင့် မင်းသမီး 'မာလာဆင်ဟာ' တို့နှင့် မြန်မာ ရုပ်ရှင်သရုပ်ဆောင်များ
ဖြစ်ကြသည့် မင်းသား ညွန့်တင်(ထွန်းအောင်)နှင့် မင်းသမီး ဘေဘီနွဲ့တို့က ပူးပေါင်း
သရုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။ အိန္ဒိယရုပ်ရှင် သရုပ်ဆောင်များက
မြန်မာလူမျိုးကဲ့သို့ ဝတ်စားဆင်ယင်ကာ သရုပ်ဆောင်ကြသော်လည်း စကားပြောဆိုသည့်အခါ
အိန္ဒိယဘာသာစကားဖြင့် ပြောဆိုကြပြီး မြန်မာဘာသာဖြင့် စာတန်းထိုးပေးသည်။
ရွှေရုပ်လွှာ ရုပ်ရှင်ကားတွင် ဘေဘီနွဲ့သည် ခေတ်ဆန်သည့် မြန်မာမိန်းမပျိုလေးအဖြစ်
ပါဝင် သရုပ်ဆောင်ရသဖြင့် မိမိ၏ ပင်ကိုယ် စရိုက်နှင့် လိုက်ဖက်ညီသောကြောင့်
ရုပ်ရှင်ကြည့် ပရိသတ်က အသိအမှတ်ပြု ခြင်းခံရသည့် ရုပ်ရှင်မင်းသမီးတစ်လက်
ဖြစ်လာခဲ့ပေသည်။
(၁၉၅၉) ခုနှစ်တွင် ဘေဘီနွဲ့သည် ရွှေဝယ်သီရိရုပ်ရှင်
ဒါရိုက်တာ ဦးသုခ၏ 'ချစ်သွေးသစ္စာ' ရုပ်ရှင်ကားတွင် စာရေးဆရာ မောင်သင်
(၁၉၅၇) တင်တင်မူ၊ သင်းသင်းလဲ့၊ စောဘင်ဆင်တို့နှင့် တွဲဖက်သရုပ်ဆောင်ရသည်။
ဇာတ်လမ်းအရ ဘိုကပြား မစ္စတာ စောဘင်ဆင်၏ သမီး 'ဘေဘီ'အဖြစ် သရုပ်ဆောင်သည့် ဘေဘီနွဲ့သည် ဒေါက်တာလှဘူး (မောင်သင်)ကို
တစ်ဖက်သတ်ချစ်ရသူ ဇာတ်ပို့မင်းသမီးအဖြစ် သရုပ်ဆောင်ရသည်။ ဘေဘီနွဲ့၏
ပင်ကိုစရိုက်နှင့် လိုက်ဖက်သည့် 'ချစ်သွေးသစ္စာ' ရုပ်ရှင်ကားထဲက 'ဘေဘီ' အဖြစ်
သရုပ်ဆောင်ရာတွင် ဇာတ်လမ်း နှင့် အံဝင်ခွင်ကျရှိလှသည်။ ထို့နောက်
ရုပ်ရှင်ကြည့်ပရိသတ်၏ အသိအမှတ်ပြုခြင်းခံရသည့် အမျိုးသမီး ဇာတ်ပို့သရုပ်ဆောင်
ဘေဘီနွဲ့သည် ရုပ်ရှင်တစ်ကားပြီးတစ်ကား လက်ခံ ရိုက်ကူးသည်။
(၁၉၆၁) ခုနှစ်တွင် ဘေဘီနွဲ့သည် 'စလေငခွေး'
အမည်ရှိ ရာဇဝင် ရုပ်ရှင်ကားတွင် ခေါင်းဆောင်မင်းသမီးအဖြစ်
မောင်မြန်မာဘကွန်းနှင့် တွဲဖက် သရုပ်ဆောင်ရသည်။ အနောက်တိုင်း သွေးပါ၍ ဘိုကပြားရုပ်ရည်သွင်ပြင်
ရှိသည့် 'ဘေဘီနွဲ့'သည်
နန်းဝတ်နန်းစားတို့ကို ဆင်ယင်ကာ ပါဝင်သရုပ် ဆောင်နိုင်မှုကြောင့် တစ်ဘာသာ
ထူးခြားနေပေသည်။ ယင်း 'စလေငခွေး' ဇာတ်ကားရိုက်ကူးရင်း
ဘေဘီနွဲ့သည် မောင်မြန်မာဘကွန်းနှင့် မေတ္တာသက်ဝင် ချစ်ခင်မိကြရာမှ ဘဝခရီးဖော်အဖြစ်
လက်တွဲခဲ့ကြခြင်း ဖြစ်ပေသည်။
မြန်မာ့ရုပ်ရှင်၊
ရွှေရတုနှစ်ကာလများတွင် အမျိုးသမီး ရုပ်ရှင်ဇာတ်ပို့ သရုပ်ဆောင်အဖြစ်
လူကြိုက်များကာ နာမည်ကြီးခဲ့သည့် ဘေဘီနွဲ့ကို အဖ ရာဇဝတ်ဝန်ထောက် မစ္စတာ အေစီ
ဗွီုက်စ် (MR.
A.C. Voice) နှင့် အမိ
ဒေါ်ခင်မမတို့မှ (၁၉၃ဝ) ပြည့်နှစ် ဇူလိုင်လ (၁၅) ရက်နေ့တွင် တောင်ငူ မြို့တွင်
ဖွားမြင်ခဲ့ပေသည်။ အမည်ရင်းမှာ ဘေဘီဗွီုက်စ် Baby Voice ဖြစ်သည်။
ဘေဘီနွဲ့သည် ငယ်စဉ်က တောင်ငူမြို့ရှိ စိန့်ဂျိုးဇက်ကွန်ဗင့် St.Joseph
Convent တွင်
ပညာဆည်းပူးခဲ့သည်။ အလယ်တန်းအဆင့်တွင် ပညာဆည်းပူးနေစဉ် စစ်ဖြစ်လာ၍
ပညာတစ်ပိုင်းတစ်စဖြင့် ရပ်နားလိုက် ရသည်။ စစ်ပြီးခေတ် ရန်ကုန်မြို့သို့
ရောက်ရှိလာပြီး အခြေခံပညာများကို တက္ကသိုလ်ဝင်တန်းအထိ ဆက်လက် ဆည်းပူးသည်။
ဤသို့ ပညာဆည်းပူးနေစဉ် ဘေဘီနွဲ့သည်
ရေဒီယိုတေးသံရှင် ဖြစ်ရန် အကြောင်းက ဖန်လာသည်။ ငယ်စဉ်ကပင်
ခရစ်ယာန်ဘုရားကျောင်းများ၌ ဓမ္မတေးများကို သီဆိုခဲ့ရသဖြင့် အဆိုပိုင်းတွင်
အလေ့အကျင့်ရခဲ့ပြီး ဖြစ်ပေသည်။ ထို့ကြောင့် တေးဂီတအနုပညာ ဗီဇရှိသော ဘေဘီနွဲ့သည်
ဝမ်းကွဲအစ်ကို ပါစီမောင်မောင် ဦးဆောင်သည့် တူရိယာဝိုင်းဖြင့် မြန်မာ့အသံမှ ကာလပေါ်
သီချင်းများ သီဆိုအသံလွှင့်ခဲ့ရာမှ ရေဒီယိုတေးသံရှင် ဖြစ်လာခဲ့ပေသည်။
ရေဒီယိုတေးသံရှင် ဘေဘီနွဲ့ သီဆို
အသံလွှင့်ခဲ့သည့် တေးသီချင်းပေါင်း ပုဒ်ရေ (၅ဝ)ကျော် ရှိခဲ့သော်လည်း
မြန်မာ့အသံဓာတ်ပြားရ တေးသီချင်းတို့ မှာ ပုဒ်ရေ (၂ဝ) ရှိပေသည်။ ယင်းတို့မှာ (၁)
ချစ်ပန်းနှစ်ပွင့် (တေးပြုစာဆို-စိန်ဝေလျံ)၊ (၂) မောင်ခေါ်ရာ (တေးပြု
စာဆို-ကိုရဲအောင်)၊ (၃) ကြွေလွင့်ရွက်နီ (တေးပြုစာဆို-ကိုရဲအောင်)၊ (၄)
အသက်နဲ့ထပ်တူ (တေးပြုစာဆို-ပါစီ မောင်မောင်)၊ (၈) လာနိုးငယ်မျှော်
(တေးပြုစာဆို-အရှေ့ပိုင်းတင်)၊ (၉) စိန်ပန်းရိပ်သာ (တေးပြုစာဆို-ဂျူဗလီစိန်)၊ (၁ဝ)
ရွှေရည်လူး (တေးပြုစာဆို-ဂျူဗလီစိန်)၊ (၁၁) ငေးမိငေးရာ (တေးပြုစာဆို-ဂျူဗလီစိန်)၊
(၁၂) နှင်းဆွတ်မာ လာ (တေးပြုစာဆို-ဂျူဗလီစိန်)၊ (၁၃) ပန်ဆိုဆုထူး
(တေးပြုစာဆို-ဂျူဗလီ စိန်)၊ (၁၄) ရွာချိန်တန်ပြီ (တေးပြုစာဆို- ဂျူဗလီစိန်)၊ (၁၅)
တစ်ခါက (တေးပြုစာဆို-ပါစီမောင်မောင်)၊ (၁၆) သက်လျာဦး (တေးပြုစာဆို-ဂျူဗလီစိန်)၊
(၁၇) မယ့်စေတနာ (တေးပြုစာဆို-ပါစီမောင်မောင်)၊ (၁၈) လှောင်ပါနဲ့ သော်တာ
(တေးပြုစာဆို-ဂျူဗလီ စိန်)၊ (၁၉) ဂန္ထဝင်အချစ်မျှင် (တေးပြု
စာဆို-ပါစီမောင်မောင်)၊ (၂ဝ) စောင့် စမ်းကွယ်... ပိတောက်ပန်းရယ် (တေး
ပြုစာဆို-ဂျူဗလီစိန်)တို့ ဖြစ်သည်။
ရေဒီယိုတေးသံရှင် ဘေဘီနွဲ့၏ တေးသံကို
နှစ်သက်သည့် ဓာတ်ပြား ကုမ္ပဏီများက ဘေဘီနွဲ့နှင့် ရောင်းတမ်းဓာတ်ပြားများ
သွင်းခဲ့ကြသည်။ ဘေဘီနွဲ့ သီဆိုခဲ့သည့် ရောင်းတမ်း ဓာတ်ပြားသီချင်း (၂ဝ) ပုဒ်ခန့်
ရှိသည်။ ယင်းတို့အနက် တေးသံရှင် ကိုခင်လတ် နှင့် စုံတွဲသီဆိုသော 'ချစ်ဒါလင်'
သီချင်း၊ ကိုခင်လတ်၊ မအေးမြင့်တို့နဲ့ သုံးယောက်စုံတွဲ သီဆိုခဲ့သော 'ရွှေအိုးစည်' သီချင်းတို့မှာ လူကြိုက်များလှသည်။
ဤသို့လျှင် ဘေဘီနွဲ့သည် ရေဒီယို တေးသံရှင်အဖြစ်မှ ဓာတ်ပြားအဆိုတော် ဖြစ်လာသည်။
ဓာတ်ပြားအဆိုတော်မှ တစ်ဖန် ဖလင်ကော်ပြားပေါ်သို့ ရောက်ရှိပြီး ရုပ်ရှင်သရုပ်ဆောင်
ဖြစ်လာခဲ့ခြင်း ဖြစ်ပေသည်။ ရုပ်ရှင်သရုပ်ဆောင် ဖြစ်လာပြန်တော့လည်း
ဇာတ်ပို့မင်းသမီး နေရာမှ သရုပ်ဆောင်ရာတွင် ထူးချွန် ပြောင်မြောက်လှသဖြင့်
ရုပ်ရှင်ကုမ္ပဏီများက ဘေဘီနွဲ့ကို ရုပ်ရှင်ဇာတ်ပို့ မင်းသမီးအဖြစ်
သရုပ်ဆောင်ပေးရန် ကမ်းလှမ်းခဲ့ကြပေသည်။ ထို့ကြောင့်လည်း ထိုခေတ်က ဘေဘီနွဲ့သည်
ရုပ်ရှင်ဇာတ် ပို့မင်းသမီးအဖြစ် ဇာတ်ကားပေါင်းများစွာကို လက်ခံရိုက်ကူးခဲ့ရပေသည်။
ရုပ်ရှင်ဇာတ်ပို့မင်းသမီး ဘေဘီနွဲ့၏
ရုပ်ရှင်သက်တမ်းကာလများတွင် ရုပ်ရှင်ကားပေါင်း (၅ဝ) ကျော်တွင်
ပါဝင်သရုပ်ဆောင်ခဲ့ရလေသည်။ ယင်း ရုပ်ရှင်ကားတို့မှာ (၁) လာလုလုငေး၊ (၂)
ရွှေရုပ်လွှာ၊ (၃) ချစ်သွေးသစ္စာ၊ (၄) စလေငခွေး၊ (၅) ပန်းပဲမောင်တင့်တယ်၊ (၆)
ချစ်တမ်းကစားမယ်၊ (၇) လှည်းကျိုးနဲ့ နွားသိုး၊ (၈) ဂုဏ်ဆိုတာ၊ (၉) မတူမတန်၊ (၁ဝ)
မချူသာသည်၊ (၁၂) မကြင်သာသည်၊ (၁၃) ဟန်ဆောင်လောက၏ ချစ်ခြင်းမေတ္တ၊ (၁၄) အိပ်မက်နိုင်ငံ၊
(၁၅) ပြုံးပြုံးရွှင်ရွှင်၊ (၁၆) စုံမြိုင်ယံ၊ (၁၇) ဇာတိမာန်၊ (၁၈) ပန်းပန်လျက်ပါ၊
(၁၉) မယ့်ဘုန်းတော်၊ (၂ဝ) ရင်မှာပျိုးသောပန်း၊ (၂၁) သခွတ်ပန်း၊ (၂၂) ချစ်မြေ၊ (၂၃)
စိတ်တူကိုယ်တူ ချစ်တဲ့သူ၊ (၂၄) ညီညီလွင်၊ (၂၅) မုန်းမေ့ပါနိုင်၊ (၂၆)
ယောက္ခမကြီးရေးတဲ့ ဖူးစာ၊ (၂၇) စိမ်း၊ (၂၈) မုန်းပန်းကိုမှ ပန်ချင်သူ၊ (၂၉) ပြုံး၍
မုန်းသည်၊ (၃ဝ) နှစ်သစ်ချစ်ဦး၊ (၃၁) နန်းကြာညိုကျော့၊ (၃၂) နွေဦးချစ်သူ၊ (၃၃)
နှင်းပျောက်တဲ့နွေ၊ (၃၄) ချစ်သမီး၊ (၃၅) မိတူး၊ (၃၆) မိုးလုံးပတ်လည်၊ (၃၇) မမထား
နဲ့ အပါ၊ (၃၈) သတို့သား အလိုရှိသည်၊ (၃၉) ငါးပွင့်တစ်ခိုင်၊ (၄ဝ) လက်ဦးဆရာ၊ (၄၁)
သည်မေတ္တာလမ်း၊ (၄၂) လမ်းနှစ်သွယ်၊ (၄၃) မိုးနတ်မယ်၊ (၄၄) ထိုက်၊ (၄၅)
ချစ်ဆန်းချိန်၊ (၄၆) ဆောင်းတစ်ညဝယ်၊ (၄၇) မြေ၊ (၄၈) ကြယ်ပွင့်ကလေးများ၊ (၄၉)
ချစ်မိုးမြေ၊ (၅ဝ) မောင့်အချစ်တော်၊ (၅၁) ချမ်း မြမြသီတဂူ၊ (၅၂) အိရွှေစင်၊ (၅၃)
အသက်ကိုနှင်း၍ စသည့် ရုပ်ရှင်ကားများ ဖြစ်ပေသည်။
ဤသို့လျှင် ဘေဘီနွဲ့သည်
ရုပ်ရှင်ကားပေါင်းများစွာတွင် ဇာတ်ဆောင်၊ ဇာတ်ပို့ မင်းသမီးအဖြစ်
ပါဝင်သရုပ်ဆောင်ခဲ့ရသည်။ ရုပ်ရှင်အနုပညာလုပ်ငန်းသည် သဏ္ဌာန်လုပ်
သရုပ်ဆောင်ရသော်လည်း တကယ့်ယုတ္တိရှိအောင် ရင်ထဲအသည်းနှလုံးထဲမှ ထွက်ပေါ်လာသည့်
သောကဗျာဝါဒတို့ဖြင့် ပူဆွေးရသည့် အလွမ်းခန်းများ၊ ပရိသတ်၏ ဟာဒယနှလုံး
ရွှင်ပြုံးရမည့် ရယ်ခန်းများ စသဖြင့် ဇာတ်လမ်းမျိုးစုံ၊ ဇာတ်မျိုးစုံတို့ကို
သရုပ်ဆောင်ရာမှ ရုပ်ရှင်သက်တမ်း ကြာမြင့်လာသည့်အခါ နှလုံးရောဂါ စွဲကပ်လာတော့သည်။
ယင်းသို့ နှလုံးရောဂါကို သမားတော် ကြီးများဖြင့် ဆေးဝါးကုသမှု ခံယူနေသည့်
ရုပ်ရှင်ဇာတ်ပို့ သရုပ်ဆောင် မင်းသမီးကြီး ဘေဘီနွဲ့သည် (၁၉၇၃) ခုနှစ်၊ မတ်လ (၂၉)
ရက်နေ့တွင် ကွယ်လွန်အနိစ္စ ရောက်ရှိသွားလေသည်။ ကွယ်လွန်ချိန်တွင် တစ်ဦးတည်းသော
သမီး ဒေါက်တာသီတာလှ (ထိုစဉ်က ဆေးတက္ကသိုလ် ကျောင်းသူ) ကျန်ရှိခဲ့လေသည်။
ရုပ်ရှင်ဇာတ်ပို့ မင်းသမီးကြီး ဘေဘီနွဲ့တွင် အိမ်ထောင်နှစ်ဆက် ရှိခဲ့သည်။ ပထမအိမ်ထောင်မှာ ဦးဘိုဘိုလှ ဖြစ်သည်။ ဦးဘိုဘိုလှနှင့် ဘေဘီနွဲ့တို့တွင် တစ်ဦးတည်းသောသမီး သီတာလှ ('ပွင့်ဦးကြွေမှဖြင့်' ရုပ်ရှင်ကားတွင် ကလေးသရုပ်ဆောင်အဖြစ် ပါဝင်သူ)ကို ဖွားမြင်ခဲ့ခြင်း ဖြစ်သည်။ အိမ်ထောင်ရေး ရေစက်ကုန်သည့်အခါ ဘေဘီနွဲ့သည် ဦးဘိုဘိုလှနှင့် လမ်းခွဲခဲ့သည်။ ဘေဘီနွဲ့၏ ဒုတိယအိမ်ထောင်ဖက်မှာ အထက်တွင် တင်ပြခဲ့သည့် ရုပ်ရှင်သရုပ်ဆောင် မောင်မြန်မာ 'ဘကွန်း' ဖြစ်သည်။ မောင်မြန်မာဘကွန်းနှင့် ဘေဘီနွဲ့တို့တွင် သားသမီး မထွန်းကားခဲ့ပေ။ မောင်မြန်မာ ဘကွန်းသည် ဘေဘီနွဲ့ထက် နှစ်နှစ်ခန့်စော၍ ကွယ်လွန်သွား ခဲ့သည်။ မြန်မာ့ရုပ်ရှင် ရွှေရတုကာလတွင် ထင်ရှားကျော်ကြား လူကြိုက်များခဲ့သည့် ရုပ်ရှင်ဇာတ်ပို့ မင်းသမီးကြီး ဘေဘီနွဲ့၏ ရုပ်ရှင်ကားများထဲမှ သရုပ်ဆောင်မှုများသည် မြန်မာ့ရုပ်ရှင်သမိုင်းတွင် မော်ကွန်းတင်လျက် ရှိနေမည် ဖြစ်ပါသတည်း။
▀
ကျော်သန်းမြင့်၊ဗန်းမော်၊
ရည်ညွှန်း
(၁)
ဂီတအဘိဓာန် ၇ နှစ် ချိုတေးသံ (၁၉၅၈)
(၂)
ရုပ်ရှင်ပဒေသာ မဂ္ဂဇင်း (၇/၁၉၆ဝ)
(၃)
စာရေးဆရာ၊ ဒါရိုက်တာ ဦးပြည့်စုံ (သွေး
သောက်)၏ မှတ်စုများ
(အမှတ် ၁၈၃၊ ဖေဖော်ဝါရီ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)
ညီပုလေး၏ မိုက်သလား၊ ရိုက်သလား မမေးနဲ့ ဝတ္ထုတိုမှာလည်း စ-လယ်-ဆုံး သုံးပါး စလုံး ညီညွတ်ရေး ပေတံမျိုးဖြင့် တိုင်းရမည့် အရေးအသားမျိုး မဟုတ်။ တစ်နည်းဆိုရပြန်သော် အစဉ်အလာတွင် အားသန်သော ပညာရှင်များ၏ ချဉ်းကပ်...
မော်တော်မထွက်ခင်မှာ လှေ ဝမ်းပြာလေး တစ်စင်း လာဆိုက်တယ် ကလေးမလေး နှစ်ယောက် လှော်လာကြတာ ကျွန်တော်တို့ မော်တော်နဲ့ သူတို့လှေနဲ့ယှဉ်ပြီး ရေပေါ်ဈေးကလေး လာရောင်းကြရှာတာပါ လှေဦးက ထိုင်သူက နန်းနွဲ့ နောက်က လှော...
ခြွင်းချက် ပြဿနာနှင့် ယေဘူယျ ပြဿနာ ဦးတည်ချက်နှင့် ပုံသဏ္ဌာန်။ စာရေးဆရာနှင့် သူ၏ဘက်လိုက်မှု။ ဝေဖန်ခြင်းနှင့် အပြစ်ရှာပြခြင်း။