ခြိမ့်သဲ
ဤတောင်တန်းမှ လှမ်း၍မျှော်လျှင် သစ်ပင်တောအုပ်တို့ ဝေဝေဆာဆာ၊ အင်းအိုင်ချောင်းမြောင်းတို့ ထွေးရောယှက်တင်၊ ရေတသွင်သွင် စီးဆင်းနေသော မြစ်ကြီးတစ်စင်းက ကွေ့ဝန်းရစ်ခွေ။ ထိုတောထိုတောင်ထိုဒေသသို့ အဝေးကသာ လွမ်းရသည်။ နယ်စိမ်းပယ်စိမ်းမို့ မသွားရဲ။ ပြောရလျှင် အုပ်စုနှင့်သာ လှုပ်ရှားတတ်သူများမို့ သင်းကွဲအဖြစ်မခံနိုင်။ သင်းကွဲ တစ်ယောက်၏ ရပ်တည်မှုသည် ရေရှည်မခိုင်မြဲချေ။
အုပ်စုတစ်စုနှင့်တစ်စု ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲများ ဖြစ်လေ့ဖြစ်ထရှိသည်။ အုပ်စုတိုက်ပွဲအတွင်း ကြေမွသွားမည့် ပန်းလေးတစ်ပွင့်ကို တစ်ဖက်အုပ်စုက မကြုံဖူးမြဲ ထူးကဲစွာကရုဏာဖြင့် ရှင်သန်ခွင့်ပေးခဲ့သည်။ ဖြောင့်ဖြောင့်ဖြူးဖြူး ရှင်သန်ခွင့်တော့မဟုတ်။ အုပ်စုအတွင်း မလုပ်ချင်သောအလုပ်များကို လူးသာအနေဖြင့် ဒိုင်ခံလုပ်ရသည်။ အန္တရာယ်ကြီးသော ကျား၊ ကျားသစ်နှင့် တောကောင်ကြီးကြီးတွေကို ရှေ့မှအသေခံ တိုက်ခိုက်ရသည်။ တောကောင်ရလာသော အခါမှာမူ လူးသာ၏ စွမ်းဆောင်ချက်များသည် ထင်ပေါ်ခြင်း မရှိတော့။ သို့ရာတွင် လူးသာ၏ ဖုထစ်ကျစ်လျစ် ခိုင်မာသော ကြံ့ခိုင်မှုကိုတော့ အသိအမှတ်ပြုရမည်။ လူမှန်းသိတတ်စကတည်းက ကြုံသလိုနေ ကြုံသလိုစား ကြုံသလိုသွားဖြင့် ဆွေမဲ့မျိုးမဲ့ ကြီးပြင်းခဲ့ရသည်။ အုပ်စုတွင်း ဘုံကျွန်အဖြစ်ထားရာနေ စေရာသွားဖြင့် သက်သာရာလည်း မရ၊မျက်နှာလည်း မလှခဲ့ပေ။ အရွယ်ရောက်လာတော့ ထွားထွားမားမား ကြံ့ကြံ့ခိုင်ခိုင် ခန္ဓာကိုယ်ပိုင်ရှင်မို့ အုပ်စုတွင်းမှာ ထင်ရှားစ ပြုလာသည်။
အားလုံးကို အလျှော့ပေးဆက်ဆံတတ်သဖြင့်
လူချစ်လူခင် များလာသည်။ သို့ရာတွင် အခိုင်းစေခံ၊ အနှိမ်ခံအဖြစ် တန်းနိမ့် ဆက်ဆံရေး
အသွင်သာရှိသေးသည်။ အရွယ်ကလေး ရလာတော့ လူးသာလက်ရှိဘဝကို မကျေနပ်ချင်တော့။
အပင်ပန်းဆုံးလုပ်ရသူက မဝရေစာ
စားသောက်နေရသည်။ ကြံ့ခိုင်မှု ကိုယ်ရည်ကိုယ်သွေးလေး ရှိလာတော့ အုပ်စုအတွင်း
အနှိမ်ခံဘဝကို ငြီးငွေ့လာသည်။ သို့ရာတွင် ထိုအုပ်စုကို လူးသာစွန့်ခွာ
မသွားနိုင်ခဲ့။ ထိုအုပ်စုကို ခင်တွယ် လွန်း၍တော့မဟုတ်။
တောင်ကမ်းပါးရံကြားတွင်
ကွေ့ဝိုက်စီးဆင်းနေသော ရေကြည်ချောင်းအတွင်း ငါးမျိုးစုံတို့ မြူးတူးနေကြသည်။
တောင်ကျရေဆင်းလေးတွင် လူးသာ ငါး ထောင်ခြောက်ဆင်ထားခဲ့သည်။
ကျောက်တုံးကြီးကြီးလေးငါးဆယ်လုံးခန့်ကို ရေဆင်းနေရာတွင် ပိတ်ဆို့ထားခဲ့သည်။
ရေစီးနှင့်အတူ စုန်လာသော ငါးများ၊ သူ ပိတ်ဆို့ထားသည့် ကျောက်တုံးကြားမှ ဖြတ်သွား၍
မရသောအခါ ကျောက်တုံးကို ခုန်ပျံကျော်လွှား၍ စုန်ဆင်းလေ့ ရှိသည်။ ထိုအချိန်တွင်
လူးသာသည် တောင်ကျချောင်း အောက်ခြေကမ်းပါးမှ စောင့်၍ ခုန်ပျံလာသော ငါးများကို
တုတ်ဖြင့် လွယ်လင့်တကူ ရိုက်ကာ ဖမ်းယူသည်။ ဤသို့ဖြင့် လူးသာ၏ ငါးဖမ်း စွမ်းရည်သည်
လူးသာတို့ အုပ်စုအတွင်းမှ ကျောက်လှံဖြင့် ထိုးခုတ်ဖမ်းဆီးသည့် အရေအတွက်ထက် အဆမတန်
ကျော်လွန်နေခြင်းဖြစ်သည်။ ထိုနည်းကို ငါးဖမ်း သွားရင်း အမှတ်မထင် တွေ့မြင်ရာမှ
စမ်းသပ်ခဲ့ခြင်း ဖြစ်ပြီး သူတစ်ဦးတည်း ကြိတ်၍ ကြံစည် လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။
'ဟိတ်...လူးသာ'
ချောင်းအထက်မှ
ခုန်ပျံကျော်လွှားလာမည့် ငါးကို ရိုက်ဖို့ချောင်းနေတုန်း သူ့ နောက်က ခေါ်သံကြား၍
လန့်သွားသည်။ သူ့လျှို့ဝှက်ချက် ပေါ်ပေါက်သွားလျှင် သူ၏ငါးဖမ်းစွမ်းရည်ကို
အထင်ကြီးလေးစားသူများ လျော့ပါးသွားမည်။ လှည့်ကြည့်တော့ မိနွေး။ သူ ပျော်သွားသည်။
မိနွေးသည် လူးသာတို့ အုပ်စုတွင်းမှ
အကြီးအကဲ၏ သမီးဖြစ်သည်။ လူးသာနှင့် ဘဝချင်းတော့ ခြားလှပါသည်။ မိနွေးက
အုပ်စုတွင်းတွင် အခွင့်အရေးအများဆုံး ရသူ။ သူက အခွင့်အရေး အနည်းဆုံးရသူ။ မိနွေးက
အလေးပေးအဆက်ဆံ ခံရဆုံးသူ။ သူကတော့ မတူသလို မတန်သလို ဆက်ဆံခံရသူ။ အုပ်စုတွင်းတွင်
မိနွေးက မသိလိုက် မသိဘာသာ နေသော်လည်း အုပ်စုပြင်ပရောက်လျှင် လူးသာကို
ထူးထူးခြားခြား အလေးပေးဆက်ဆံ တတ်သည်။
နေပူဖြင့် လောင်မြိုက်နေသော
ကျောက်တုံးပေါ်တွင် ငါးကြီးကြီးတစ်ကောင်ကို ယောက်သွားခွံ ကြီးကြီးဖြင့် ရင်ခွဲကာ
လှန်းထားသည်။ အတော်ပဲ မိနွေးကို သူ ကျွေးရမည်။ မပုပ်မသိုးအောင် စားမကောင်းသည့်
ငါးဝမ်းတွင်းကလီစာတွေကို ဖယ်ထုတ်ကာ နေပူကျောက်တုံးပေါ် လှန်းထားပါက စား၍
ပိုကောင်းကြောင်း လူးသာ အမှတ်မထင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ကျောက်တုံးပူပူ နေပူပူကြောင့်
ငါးကြီး၏အသားရောင်မှာ နီရဲ၍နေသည်။ အရိုးမပါအောင် အသားချည်း ယောက်သွားဖြင့် ထွင်ကာ
မိနွေးကို ကျွေးသည်။
'မိနွေး ဗိုက်ဝနေပြီ။
လူးသာပဲ စားပါ။ ဟိုမှာ စိုင်တစ်ကောင်ရလာလို့ စားခဲ့တယ်။ လူးသာ မစားရဘဲ
နေမှာစိုးလို့ လိုက်ရှာနေတာ'
'တော်ပါပြီဟာ။
မစားချင်တော့ပါဘူး။ ပြီးတော့ အုပ်စုနဲ့ အမဲလိုက်တာတို့ ဘာတို့ မလုပ်ချင်တော့ပါဘူး။
ကိုယ်က အပင်ပန်းဆုံး လုပ်ရတာ။ စားရတော့ အရိုးအရင်း အကြွင်းအကျန်တွေ၊ ဒီမှာ
အုပ်စုအတွက် စားဖို့လုံလောက်အောင် ငါးတွေ ငါ ရှာပေးမယ်။ ငါလည်း ကြိုက်သလောက်
စားလို့ရတယ်။ မိနွေးစားကြည့်၊ ဒီလိုငါးမျိုးက အတော်စားလို့ ကောင်းတာဟ'
သူထွင်ပေးသည့် ငါးတစ်တုံးကို မိနွေးက
ယူစားသည်။
'ဟာ...သိပ်တော်တာပဲ။ လူးသာ
မင်းသိပ်တော်တယ်။ တို့အဖွဲ့ကလည်းကွာ မင်းဆို ဘယ်တော့မှ အကောင်းမမြင်ဘူး။ ငါ ရေချိုးချင်တယ်။
ရေချိုးပြီးမှ စားမယ်'
'နေဦး... ငါးတွေလည်း
တော်တော်ရနေပါပြီ။ ငါ ကျောက်တုံးအတားအဆီးတွေ ဖယ်လိုက်ဦးမယ်။ ငါလည်း ရေချိုးချင်တယ်'
တောင်ကျချောင်းထိပ်သို့ လူးသာ
လွှားခနဲပြေးတက်သွားသည်။ လူသုံးယောက် ဖယ်ရှားမှရမည့် ကျောက်တုံးများကို သူ
တစ်ယောက်တည်း အားနှင့်မာန်နှင့် တွန်းလှိမ့်ဖယ်ရှားနေသည်။ တောင်ကျချောင်းထိပ်မှ
လူးသာ၏လှုပ်ရှားမှုများကို မိနွေး အားကျစိတ်ဖြင့် ငေးကြည့်နေမိသည်။
လူးသာ ပြန်ရောက်တော့ ရေကြည်အိုင်တွင်
ငါးလေးတစ်ကောင်လို ကူးခတ်နေသည့် မိနွေးကို တွေ့ရသည်။ လူးသာလည်း ရေကြည်အိုင်ထဲ
ခုန်ဆင်းလိုက်သည်။ မိနွေး၏မျက်နှာ ရေစင်သွားသဖြင့် လူးသာ၏ ပခုံးကို လှမ်းထုရင်း
တစ်ခစ်ခစ် ရယ်မောနေသည်။ ဘာကြောင့်ရယ်မသိ။ လူးသာ၏ ပခုံးကို ခိုစီးကာ ဆော့ကစားချင်သည်။
ဘယ်တုန်းကမှ ခုလို နီးနီးကပ်ကပ် နေခွင့်မရခဲ့သော လူးသာနှင့် မိနွေးတို့သည်
ဖိုစိတ်မစိတ်၏ လှုံ့ဆော်မှုကြောင့် ရင်ခုန်နွေးမြ ကြက်သီးထမိသည်။ အဖက်မတန်သလို
ဆက်ဆံမှုများကြောင့် အားလုံးကို မျက်မွေး ထော်မော်မကြည့်ရဲသော လူးသာသည် မိနွေးကို
ရင်ခွင်ထဲ ထွေးပိုက်ထားမိသည်အထိ အတင့်ရဲလာသည်။
မေတ္တာရေကြည်စမ်းဝယ်
ချစ်စရာနေခြည်ဖျန်းလျက်ပင် ရှိပါတော့သည်။
□
မိနွေး ပြန်သွားပြီး တအောင့်ကြာတော့မှ
နွယ်ကြိုးဖြင့်သီလာသော ငါးတွဲများကို လူးသာ ပခုံးနှစ်ဖက်တွင် ချိတ်တွဲ၍ တစ်ဖုံ၊
လက်တစ်ဖက်တစ်ချက်စီတွင် ဆွဲ၍ တစ်နည်း ယူလာခဲ့သည်။ အုပ်စုတွင်းတွင် ပျော်ပွဲကြီး ကျင်းပနေသည်ကို
အဝေးကပင် ကြားရသည်။ စိုင်တို့ ဆတ်တို့ရလာလျှင် ခုလိုပဲ ပျော်ပျော်ပါးပါး
စားကြသောက်ကြသည်။
သူ ရောက်သွားချိန်တွင် သူ့ကို ကြိုဆိုမည့်သူ
မရှိ။ သူ့ နည်းတူ သူ့ငါးတွဲများကိုလည်း စိတ်မဝင်စား။ စိုင်သားစားရမှတော့ ငါး ဘာလုပ်ဖို့လဲ။
အကြီးအကဲ ရှေ့မှောက်သို့ ငါးတွဲများကိုဆက်သသည်။ အကြီးအကဲက အကောင်းဆုံးငါးကို
ရွေးချယ်ပေးဖို့ ပြောသည်။ မိနွေးနှင့် တောင်ကျချောင်းတွင် စားခဲ့သောငါးမျိုးကို
ရွေးချယ်၍ ပေးသည်။ အကြီးအကဲ ဖြစ်သူက စိုင်အသည်းတုံးကို ဆက်မစားတော့ဘဲ သမီး
မိနွေးကို ပေးသည်။ မိနွေးက မသိလိုက် မသိဘာသာ သူ့ကို အဖက်မတန်သလို မကြည့်ဘဲနေသည်ကို
မြင်တွေ့ရသည်။ အကြီးအကဲက ငါးကို စားကြည့်သည်။
'ဟောဒီလို အသားလေးတွေ
ရဲနေအောင် ဘာလုပ်ထားတာလဲ'ဟု အကြီးအကဲက မေးသဖြင့် 'နေလှန်းထားတာပါ'ဟု ဖြေသည်။
'စားလို့တစ်မျိုး
ကောင်းတယ်။ မင်း ငါးပဲ ဆက်ရှာ။ ဟောဒီလို ရဲနေအောင်လုပ်။ ဟေ့ကောင်တွေ မင်းတို့
ဟောဒီငါးတွေ စားကြည့်ကြစမ်း'
သူတို့အုပ်စုက မများလှပါ။ ကလေးတွေ
ဖယ်ထားလျှင် ယောကျ်ားမိန်းမ သုံးဆယ်ကျော် လေးဆယ်လောက်သာ ရှိသည်။
အကြီးအကဲသည် ဘယ်မိန်းမမဆို ကြိုက်သလို
ယူခွင့်ရှိသည်။ မိနွေး၏အမေသည် မိနွေးတစ်ယောက်တည်းကိုသာ မွေးသည်။ မိနွေးမှာ
ဝမ်းကွဲအစ်ကိုတွေ အစ်မတွေ၊ မောင်တွေ ညီမတွေ တော်တော်များများ ရှိပါသည်။ ပြောရလျှင်
လူးသာမှအပ ဆွေမျိုးတော်စပ်သူတွေချည်းသာ ဖြစ်သည်။
လူးသာတို့အုပ်စုက
မြေပြန့်လွင်ပြင်တွင် နေသည်။ အစားအသောက် ပေါများသဖြင့် ပင်ပင်ပန်းပန်း
ကြမ်းကြမ်းတမ်းတမ်း မလှုပ်ရှားရ။ ထို့ကြောင့် တောင်ပေါ်အုပ်စုနှင့်
ထိပ်တိုက်တွေ့ကြုံ သောအခါ အရှုံးနှင့်ရင်ဆိုင် သွားရခြင်း ဖြစ်သည်။ နှစ်နှစ်သားလေး
လူးသာကို အကြီးအကဲက အသက်ချမ်းသာခွင့်ပေး၍ မွေးခဲ့သည်။ လူးသာ အဆက်အပေါက်က
နှစ်နှစ်သားမျှ အရွယ်ကလေး ငယ်သေးသော်လည်း တစ်သွေးတစ်မွေး ဖြစ်၍နေသည်။ သည်လိုနှင့်ပင်
လူးသာ သူတို့အုပ်စု အတွင်းတွင် ကြီးပြင်းခဲ့ရသည်။
မျိုးမတူ ဇာတ်ခြားသူမို့ အနှိမ်ခံဘဝ
လူမှန်းသိတတ်စကတည်းကပင် စတင်ခဲ့သည်။ ငယ်တုန်းရွယ်တုန်းကတော့ မေ့မေ့ပျောက်ပျောက်
ဘာမှထူးထူးခြားခြား မခံစားရ။ အရွယ်ကလေး ရလာတော့မှ စွမ်းဆောင်မှုလေးတွေ
ထက်မြက်လာတော့မှ လက်ရှိဘဝကို မကျေမနပ် ဖြစ်နေမိ တော့သည်။
'ကဲ...လူးသာရှာခဲ့တဲ့
ငါးကို စားရတာ တစ်မျိုး မကောင်းဘူးလား'
အကြီးအကဲ၏ အားကိုးအားထား အခံရဆုံး၊
အုပ်စုတွင်း ဒုတိယအကြီးအကဲ ဖြစ်နေသူ လားသောင်က လူးသာကို ချီးမွမ်းခန်း မဖွင့်စဖူး
ဖွင့်သည်။
'ရော...လူးသာ၊ ငါ ဖမ်းလာတဲ့
စိုင်သားကိုလည်း စားစမ်းပါ'
ခါတိုင်းဆိုလျှင် လူးသာက အရိုးအရင်းပဲ
စားရသည်။ ဘယ်လိုလဲဟ၊ ငါ့ကို ဆက်ဆံနေကျ အဖက်မတန်ပုံစံတွေ ဘယ်ပျောက်ကုန်ပြီလဲ။
လားသောင် သဘောထားက အမှန်တကယ် ပြောင်းလဲလာတာလား။ ငယ်စဉ်ကစ၍ အုပ်စုတွင်း အနိုင်အထက်
အကျင့်ဆုံးက လားသောင်ဖြစ်သည်။ လားသောင်နှင့်လူးသာက အရွယ်ချင်း မတိမ်းမယိမ်း။
ထွားကျိုင်းသန်မာမှုကလည်း မကွာခြားလှ။ ခက်ခဲကြမ်းတမ်း ခက်ထန်မှုတွေနှင့်
ကြီးပြင်းလာသော လူးသာ၏ ကြံ့ခိုင်စွမ်းရည်ကိုတော့ လားသောင် မီနိုင်လိမ့်မည်မဟုတ်။
'ခဏ နားထောင်ကြ၊ ဒီနေ့
အရေးကြီးတဲ့စကားကို ပြောမယ်။ စောစောကလည်း လားသောင်နဲ့ ညှိနှိုင်းထားတယ်'
အကြီးအကဲ၏ စကားသံကြောင့်
အားလုံးငြိမ်သက်သွားသည်။
'မိနွေးလာစမ်း'
အကြီးအကဲက သူ့သမီး မိနွေးကို
အုပ်စုရှေ့သို့ ခေါ်လာသည်။ မိနွေး၏ မပြုမပြင် ပင်ကိုယ်အလှ၊
ကြော့ရှင်းပြေပြစ်မှုကို လူးသာ မရဲတရဲကြည့်မိသည်။ မိနွေးနှင့် လူးသာတို့
ရေကြည်အိုင်ထဲတွင် ချစ်ရည်လူးခဲ့ ကြည်နူးခဲ့သည်များကို မြင်တွေ့သွားသူများ
ရှိလေမလားဟုတွေးရင်း ထိတ်လန့်မိသည်။ သည်ကိစ္စ ပေါ်ပေါက်လျှင် သူ့အတွက် အသက်ရှင်စရာ
လမ်းမမြင်။
'ငါ အသက်ကြီးပြီ။ ငါ့
အချစ်ဆုံးသမီးလေးလည်း အရွယ်ရောက်လာပြီ။ နားထောင်ကြစမ်း။ မင်းတို့ ယောကျ်ားကောင်း
ဟုတ်မဟုတ် စမ်းသပ်မယ်။ စွမ်းရည်အပြည့်ဝဆုံး ယောကျ်ားကို ငါ့သမီး မိနွေးနဲ့အတူ နေခွင့်ပေးမယ်'
အုပ်စုတွင်း ယောကျ်ားများက
တစ်ယောက်တစ်ခွန်း ပြောရင်း ဆူဆူညံညံတွေ ဖြစ်လာသည်။ လူးသာတစ်ယောက်သာ မိနွေးကို
စွန့်လွှတ်ရတော့မှာပါလားဟု တွေးရင်း ငြိမ်သက်နေမိသည်။ တကယ်တော့ အုပ်စုတွင်းက
ယောကျ်ားတိုင်း မိနွေးကို မကြိုက်သူမရှိ။ အကြီးအကဲ၏ အရှိန်အဝါ ကြောင့်သာ မိနွေးကို
လက်ဖျားနှင့်ယောင်မှား၍ပင် မတို့ရဲ ဖြစ်နေကြသည်။
'ဘယ်လိုစွမ်းရည် ပြရမှာလဲ'
လားသောင်က မေးသည်။ လားသောင်သည်
အုပ်စုတွင်းတွင် အလားအလာ အကောင်းဆုံး ဖြစ်သည်။
'မင်းတို့နက်ဖြန် အမဲလိုက်
ထွက်ကြရမယ်။ ကျားတို့၊ ကျားသစ်တို့လို ကောင်တွေကို ဖမ်းလာနိုင်တဲ့သူ မိနွေးကို ယူ။
အုပ်စုတွင်းမှာ ငါနဲ့တွဲပြီး အကြီးအကဲလုပ်'
အားလုံးငြိမ်သက်သွားကြသည်။
ကျားတစ်ကောင်ကို ဖမ်းဖို့ဆိုတာ မလွယ်။ လူအုပ်စုနဲ့ ဖမ်းတာတောင် မရသည်က များသည်။
တစ်ယောက်ချင်း ဖမ်းဖို့များ ယောင်မှား၍ပင် မစဉ်းစားလေနဲ့။ မိနွေးကို
လိုချင်သူတွေများသော်လည်း ကျားဖမ်းချင်သူ ရှိမည်မဟုတ်။
'ကျားမဟုတ်ဘဲ
တခြားတောကောင်တွေကို ဖမ်းရင်ကော'
တစ်ဦးက စောဒက တက်ကြသည်။
'တခြားတောကောင်တွေကို
ဖမ်းရနိုင်ရုံနဲ့ ယောကျ်ားကောင်း ဟုတ်မဟုတ် အကဲခတ်လို့ မရဘူး။ ကျားကို ဖမ်းနိုင်မှ
စွမ်းရည် ရှိသူလို့ သတ်မှတ်နိုင်မယ်'
အားလုံးငိုင်သွားကြသည်။ မိနွေးကို
လိုချင်သူတွေအားလုံး ကျားဖမ်းဖို့ ကိစ္စ မတွေးရဲကြ။ ကျားက သူတို့လိုပဲ
မုဆိုးဖြစ်သည်။ သူတို့ အမဲလိုက်သလို ကျားကလည်း အမဲလိုက်သည်။ သူတို့က ဉာဏ်ရည်သာတာလေးပဲ
ရှိသည်။ ကျားက ပြေးလည်းပြေးနိုင်သည်။ ခုန်လည်းခုန်နိုင်သည်။
ကိုက်လည်းကိုက်နိုင်သည်။ ကုတ်လည်းကုတ်နိုင်သည်။ ပြေးခြင်း၊ ခုန်ခြင်း၊ ကိုက်ခြင်း၊
ကုတ်ခြင်းတို့နှင့် ပတ်သက်၍ ကျားကို မယှဉ်နိုင်။
'ကျားကို ဘယ်သူမဆို
ဖမ်းနိုင်သလား'
'အေး...ဖမ်းနိုင်တယ်
လားသောင်'
'ဒါဆို လူးသာလည်း ဖမ်းခွင့်ရှိတာပေါ့'
အားလုံး တိတ်ဆိတ် သွားကြသည်။ လူးသာက
သည်အုပ်စုထဲမှာ ကျားကို ဖမ်းနိုင်မည့် တစ်ဦးတည်းသော ယောကျ်ား။ သို့ရာတွင်
အုပ်စုတွင်းမှာ အပယ်ခံ။ အုပ်စုအကြီးအကဲအဖြစ် နေရာပေးရမှာရော၊ မိနွေးအတွက်ပါ
အားလုံးမကျေမနပ် ဖြစ်သွားကြသည်။
'လူးသာကို ကျားဖမ်းခွင့် မပေးနိုင်ဘူး။
ငါးဖမ်းဖို့ စောစောကတည်းက ပြောထားတယ်လေ'
အကြီးအကဲက ပြတ်ပြတ်သားသား
အမိန့်ချမှတ်သည်။ အားလုံးက အကြီးအကဲစကားကို ကျေနပ်သွားကြသော်လည်း ကျားဖမ်းမည့်အရေး
စိတ်မအေးနိုင်ကြ။ လူးသာအဖို့မှာမူ ကိုယ်ပိုင်ဆုံးဖြတ်ခွင့် အစဉ်အမြဲ မရှိ။
ရွေးချယ်ပိုင်ခွင့်လည်း မရှိ။ ကြားနေကျစကားနှင့် ယဉ်ပါးနေကျ ဝေါဟာရများနှယ်
ခံစားချက်ကင်းမဲ့စွာ နားထောင်နေသည်။
'လူးသာကိုလည်း
ကျားဖမ်းခွင့် ပေးသင့်ပါတယ်'
လားသောင်က လူးသာကို မကြုံဖူးမြဲ
ထူးကဲစွာ အဆိုပြုလာသည်ကို တစ်အုပ်စုလုံးက လူးသာပါမကျန် အံ့သြသွားကြသည်။ လားသောင်
အံ့သြလောက်အောင် ပြောင်းလဲနေပြီ။
'ဒါဆို ဒီလိုလုပ်။
လူးသာကိုလည်း ကျားဖမ်းခွင့်ပေးမယ်။ ဒါပေမယ့် အားလုံးကို မနက်ခင်းက စပြီး
အမဲလိုက်ခွင့်ပေးမယ်။ လူးသာက နေ့လယ်လောက်မှ အမဲစလိုက်ရမယ်။ ကျားရတာချင်းတူရင်
လူးသာနောက်ဆုတ်ပေးရမယ်။ လူးသာတစ်ယောက်တည်း ကျားရလာရင် မိနွေးကိုတော့ ယူနိုင်တယ်။
အကြီးအကဲတော့ လုပ်ခွင့်မပေးဘူး။ ဒါပေမယ့် အုပ်စုတွင်းက လူတွေနဲ့
တန်းတူအခွင့်အရေးပေးမယ်'
လူးသာ ပျော်သွားသည်။
သည်လိုအခွင့်အရေးမျိုးက လူးသာအတွက် မမျှော်မှန်းနိုင်သော ဧရာမ အခွင့်အရေးကြီး
ဖြစ်သည်။ မိနွေးကို ရဲရဲတင်းတင်း လှမ်းကြည့်သည်။ အကြည့်ချင်းဆုံ ရင်တွေခုန်မိသည်။
□
နောက်တစ်နေ့ နေ့လယ်လောက်မှ လူးသာ
အမဲလိုက်ခွင့်ရသည်။ တစ်မနက်ခင်းလုံး လူနှစ်ဆယ်၊ အစိတ်လောက် ကိုယ့်သဘောနှင့်ကိုယ်
အရပ်ရှစ်မျက်နှာနေရာ အနှံ့အပြား မွှေနှောက်ချောက် ချားပြီးကာမှ ကျားရဖို့က
မလွယ်ကူတော့ပါ။ ကျား၏ ပရိယာယ်ကို သူတို့တစ်တွေ နားမလည်နိုင်ပါ။ လူးသာ၏ သိစိတ်အလျဉ်တွင်
ကျားတို့ သဘောကို တွေးတောနေမိသည်။
ကျားတို့သည် လူတို့ကိုတော့
သာမန်အချိန်များတွင် ဒုက္ခပေးလေ့ မရှိပါ။ ကျားတို့ကို ဒုက္ခပေးလျှင်သာ
မလွှဲမရှောင်သာ ခုခံတိုက်ခိုက် သတ်ဖြတ်လေ့ရှိသည်။ အလစ်အငိုက်သာ မခံရလျှင်
ကျား၏ရန်ကို ကာကွယ်နိုင်ပါသည်။ ကျားထက် လူက ဉာဏ်သာပါသည်။ ကျားအို ကျားမင်းများသာ
သားကောင်ကို မဖမ်းဆီးနိုင်တော့သဖြင့် လူကိုရန်ရှာတတ်ပါသည်။ ထိုကျားအိုကျားမင်းမှာ
လူတို့လက်ချက်ဖြင့် သေရသည်က များပါသည်။
ယခင်နှစ်များက ကျားအိုကျားမင်း
အတော်များများကို လူးသာတို့အုပ်စု သတ်ဖြတ်လိုက်ကြသဖြင့် ယခုအချိန်တွင် မရှိသလောက်
ရှားနေသည်။ လူးသာ သူ့ပေါင်ကို ပုတ်လိုက်သည်။ ကျားရှိမည့်နေရာကို သူ သိလိုက်ပြီ။
အုပ်စုတွင်းတွင် မနေချင်သဖြင့်
တောအနှံ့တောင်အနှံ့ သားကောင်ရှာရန် အကြောင်းပြ၍ ရောက်ရာပေါက်ရာ လူးသာ
လျှောက်သွားနေခဲ့သည်။ ကျောက်ကမ်းပါး ဂူလေးတစ်ဂူတွင် ကျားပေါက်လေး သုံးကောင်ကို
သူတွေ့ခဲ့သည်။ ထိုနေရာကို သူ မှတ်မိနေသည်။ ဘယ်သူ့ကိုမျှ မပြောပြခဲ့ဖူးသဖြင့်
ဘယ်သူမျှ သိနိုင်လိမ့်မည် မဟုတ်။ ကျားပေါက်လေးတွေ၏ အမေသည် အစာရှာထွက်ပြီးချိန်တွင်
ကျားပေါက်လေးတွေဆီ လာမည်မှာ သေချာနေသည်။
ကျောက်ကမ်းပါး ဂူလေးရှိရာ လူးသာ
ဦးတည်၍လာခဲ့သည်။ ထိုနေရာကို မည်သူမျှမသိသဖြင့် လမ်းတွင် မည်သူ့ကိုမျှ မတွေ့ရပေ။
ကျောက်ဂူဝတွင် ကျားပေါက်လေးတွေကို မတွေ့ရ။ တစ်တောလုံး တောခြောက်ခံရသဖြင့်
ကျားမကြီး ပြန်ချိန်မတန်ဘဲ ပြန်ရောက်နေပြီ ထင်သည်။ ရန်သူ၏အနံ့ အသက်ကိုရလျှင်
ကျားမကြီး ခုခံတိုက်ခိုက်ရန် ချောင်းမြောင်းနေမည်မှာ သေချာသည်။ လူးသာ လေညာက
အသေအချာ ရပ်ကြည့်နေခြင်း ဖြစ်သည်။
လူးသာ တွက်ကိန်းမှန်သည်။ ကျားမကြီး၏
ဟိန်းဟောက်သံ ကျောက်ဂူဝမှ လျှံထွက်လာသည်။ လူးသာက အနီးရှိ သစ်ပင်ပေါ်
မျောက်တစ်ကောင်နီးနီး ကျွမ်းကျင်စွာ တက်လိုက်သည်။ မရှေး မနှောင်းမှာပင် ကျားမကြီး
ကျောက်ဂူဝမှ လူးသာရှိရာ သစ်ပင်ခြေရင်းဆီ ဂျွမ်းတစ်ပတ်ပစ်ရင်း ရောက်လာသည်။ လူးသာ
သစ်ပင်တက် မမြန်လျှင် ကျားမကြီး၏ လက်တွင်းသို့ သက်ဆင်းရမည်မှာ သေချာသည်။
သားသမီးဇောဖြင့် ကျားမကြီးသည်
လူးသာကို မီးဝင်းဝင်းတောက်သော မျက်လုံးများဖြင့် ကြည့်ကာ မာန်ဖီနေသည်။ လူးသာရှိရာ
ဒေါသတကြီး ခုန်၍ဆွဲရန် အားထုတ်သည်။ အံမယ်... လူးသာရှိသည့်
သစ်ကိုင်းအောက်နှစ်တောင်သာသာခန့် ထိရောက်အောင် ခုန်နိုင်ပါရောလား။ လူးသာက
ကျားမကြီး စိတ်ဆိုးစေရန် သစ်ကိုင်းခြောက်ချိုး၍ လှမ်းပေါက်သည်။
သစ်ကိုင်းခြောက်ထိမိတိုင်း ကျားမကြီးသည် လူးသာကို ခုန်၍ခုန်၍ ရန်မူသည်။
လူးသာ ကျားမကြီး မောစေရန် ဉာဏ်ကူ၍
နည်းမျိုးစုံဖြင့် ဒုက္ခပေးသည်။ ကျားမကြီးလည်း သားသမီးဇောဖြင့်
မမောနိုင်မပန်းနိုင် ရန်မူသည်။ ခုန်၍လှမ်းဆွဲသည်။ ကြာလာတော့ ကျားမကြီး မောပြီ။
လူးသာက ဘေးတွင်ချထားသော ကျောက်ဓားကို ကျစ်ကျစ်ပါအောင် ဆွဲကိုင်လိုက်သည်။
ကျားမကြီးကလည်း လူးသာ၏လှုပ်ရှားမှု မှန်သမျှကို မလွတ်တမ်း စောင့်ကြည့်သည်။
သည်တစ်ကြိမ် အပိုင်လှမ်း၍ ခုန်ဆွဲနိုင်ရန် မာန်ဝင့်၍ ဟန်ပြင်နေသည်။
လူးသာက ကျားမကြီး ခုန်၍
မီနိုင်လောက်သော အောက်ဆင့်သစ်ကိုင်းဆီ ဆင်းလိုက်သည်။ ခါတိုင်းဆို
ထိုသစ်ကိုင်းလောက်ကိုတော့ အသာလေးခုန်၍ မီနိုင်သည်။ ကျားမကြီးသည် လူးသာရှိရာ
သစ်ကိုင်းဆီ ရုတ်တရက် လျှပ်တစ်ပြက် ခုန်ဆွဲလာသည်။ ခုန်လာသော အရှိန်နှင့် လူးသာ
အားရှိပါးရှိ ခုတ်ရိုက်လိုက်သော ကျောက်ဓား၏ အရှိန်တို့ပေါင်းစပ်ကာ ကျားမကြီး
ကိုးရိုးကားရား ရုပ်ပျက်ဆင်းပျက် ကျသွားသည်။ မချိမဆံ့ အော်ဟစ်သံနှင့်အတူ ကျားမကြီး
အသက်ပျောက်သွားသည်။
လူးသာ ပြုံးလိုက်သည်။ မိနွေး၏
လှတစ်မျက်နှာကို ပြေး၍မြင်သည်။ မိနွေး၏ ယဉ်တစ်ကိုယ်လုံးကို သည်ည
ပိုင်ဆိုင်ခွင့်ရတော့မည်။ အကြီးအကဲနေရာ ဆက်ခံနိုင်ခြင်း မရှိသော်လည်း
မိနွေးနှင့်အတူ အုပ်စုတွင်း တန်းတူအခွင့်အရေးပေးမည်ကို ယခင်က မျှော်မှန်းနိုင်စရာ
မရှိသော်လည်း ယခု မျှော်လင့်စရာ ဖြစ်လာပြီ။ လားသောင်ကို ကျေးဇူးအထူးတလည် တင်မိသည်။
လူးသာမှလွဲ၍ မည်သူမျှ ကျားတစ်ကောင်ကို
ရအောင် ဖမ်းနိုင်လိမ့်မည် မဟုတ်ပေ။ လူးသာသည် ကျားသေကို ထမ်း၍
ပျော်ရွှင်ဝမ်းမြောက်စွာ ပြန်လာခဲ့သည်။ ကျားက အတော်ကြီးသည်။ ကျောက်ဂူအောက်ခြေသို့
ဆင်းပြီး မိမိတို့အုပ်စုရှိရာသို့ ဦးတည်၍လာသည်။ ကျားကို ရအောင်ဖမ်းနိုင်ခြင်း၊
မိနွေးကို ပိုင်ဆိုင်နိုင်တော့ မည်ဟူသော စိတ်ကူးလေး တယဉ်ယဉ်ဖြင့် ကြည်နူးဝမ်း
မြောက်ခြင်းတည်းဟူသော ပီတိများကို ဖုံးလွှမ်းနေ၍ လူးသာ ကျားသေထမ်းကာ
ပြန်လာမည့်လမ်းကို စောင့်ကြိုနေသော လားသောင်အား သတိမထားမိ။
ကျား၏ပရိယာယ်ကိုသာ နားလည်ပြီး ကျားထက်
ပို၍ကောက်ကျစ်စဉ်းလဲသည့် လူ၏ပရိယာယ်ကို နားမလည်သော လူးသာသည်..။
□
၁၉၈၁ ခု ဧပြီလတွင် နောက်ဆုံးနှစ်
ဘူမိဗေဒ ကျောင်းသားများကို သင်တန်းပို့ချရန် ဦးစီးအဖြစ် လိုက်ပါလာသော မုံရွာသား
ဘူမိဗေဒပညာရှင် ဦးဘမော်သည် စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် နွယ်ခွေကျေးရွာ၏
အနောက်မြောက်ဘက် တစ်မိုင်ခန့် ကွာဝေးသော ဒင်္ဂါးကုန်းဟုခေါ်သည့် ယာကွက်တွင် Homo ကျောက်ဖြစ်ရုပ်ကြွင်းကို တွေ့ရှိခဲ့သည်။ ယခုတွေ့ရှိထားသော Homo သည် လက်ယာဘက် အပေါ်မေးရိုးဖြစ်၍ ပထမအံသွားနှင့် အံရှေ့သွားတို့ဖြစ်ကြသည်။
ဤသွားနှစ်ချောင်း လုံးသည် အပြင်ဘက် အနေအထားအားလုံး ပြည်စုံ၍ ကြွေများမပျက်စီးဘဲ
ပကတိအတိုင်း ပါဝင်နေမှုကြောင့် သိသာထင်ရှားသော လူ၏သွားမျိုးဟု တစ်ထစ်ချဆုံး
ဖြတ်နိုင်ခဲ့သည်။ ပီကင်းနှင့် ဂျားဗားမှာ တွေ့ရှိခဲ့သော Pithecanthropus ခေါ် ပီကင်းလူ ဂျားဗားလူတို့နှင့် သက်တမ်းတူဖြစ်ပြီး လွန်ခဲ့သော
နှစ်တစ်သန်းမှ ငါးသိန်းအတွင်း ရွှေမြင်တင် တောင်တန်းဝန်းကျင်မှာ လှည့်လည် သွားလာခဲ့သည့်
လူ၏ရုပ်ကြွင်းအဖြစ် ခန့်မှန်းနိုင်ခဲ့သည်။
သို့ရာတွင် ကျားရပြီး
ပျော်တပြုံးပြုံး မော်မဆုံးအောင် ကြည်နူးအားရ ရွှင်မြူးလှစွာ အုပ်စုရှိရာ
ပြန်လာသော လူးသာကို လားသောင်က နောက်ကွယ်မှ ကျောက်လက်နက်ဖြင့် သူရဲဘော
ကြောင်စွာရိုက်နှက်သတ်ဖြတ်ကာ ကျားသေကို အချောင်ရယူသွားသော ဇာတ်လမ်းကိုမူ ဘူမိဗေဒ
ပညာရှင်များ သိရှိနိုင်မည် မဟုတ်။ အချစ်ရှုံးသမားအဖြစ် ဘဝဆုံးခဲ့သော လွန်ခဲ့သည့် နှစ်တစ်သန်းခန့်က
မုံရွာသားလေး လူးသာ၏ အချစ်အလွမ်းကို လူးသာ၏ ကျောက်ဖြစ်ရုပ်ကြွင်း အပေါ်မေးရိုး၏
ပထမအံသွားနှင့် အရှေ့အံသွားများက ဖြစ်ကြောင်းကုန်စင် ပြောပြနိုင်လိမ့်မည်
မဟုတ်ပေ။
▀
ခြိမ့်သဲ
(အမှတ် ၁၈၃၊ ဖေဖော်ဝါရီ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)
ဆရာ့ဆောင်းပါးဖတ်မိတော့မှ ဆရာသိန်းဖေမြင့်၏ ဇာတ်ဆောင် သရုပ်သည် ပို၍ ပီပြင်လာပါသည် ရသစာပေတွင် နှမ်းထောင်းဖြူးရုံဖြင့် ကောက်ညှင်းပေါင်း ပိုပြီး စားကောင်းသွားသလို ဖြစ်ပါသည် သုတသဘောအရမူ အငန်ဓာတ်ကလေး ဖြည့...
သင်္ကြန်မှာ တမာ မပွင့်ရဘူးဟု မည်သူတွေက တားမြစ်ထားနိုင် ကြမှာတဲ့လဲ သူ့အချိန် သူ့အခါ ရောက်လျှင် တမာပန်းတွေလည်း ပွင့်တတ်ကြပါသည်
ဆွေကြီး မျိုးကြီး မျက်နှာကြီးအလှူပေမို့ အလှူက ကြက်ပျံမကျ ဝက်ဝက်ကွဲမျှ တိုးမရလောက်အောင်ပင် စည်ကားလှသည်အလှူမဏ္ဍပ် အပြင်အဆင်ကလည်း သည်နယ်တစ်ဝိုက်တွင် ရှိခဲ့မည်မထင်