ရွှေသုတ‌

ကျားထူးအလွန်

ခင်ခင်ထူး

01 October 2026
ကျားထူးအလွန်
Share to

၁။

မနက်‌စောစော သုံးနာရီလောက်ကတည်းက အိပ်ရာမှ ကျွန်မနိုး‌နေခဲ့သည်။ ခရီးသွားစရာရှိလျှင် ညဦးအိပ်ရာဝင်ကတည်းက စိတ်စောနေမိတတ်တာ ကျွန်မ အကျင့်လို ဖြစ်နေပြီ။ မန္တလေး ကျွဲဆည်ကန် အဝေးပြေးကားကြီးကွင်းကို မနက် ၆နာရီ မထိုးခင် အ‌ရောက်သွားရမှာမို့ ကျွန်မတို့စီးနေကျ လေးဘီးကားကို မနက်စောစော ငါးနာရီ လာကြိုဖို့တစ်ရက်ကြိုမှာထားရသည်။ ညဦးပိုင်းကတည်းက ကျွန်မတို့ မိသားစု သုံးယောက်စာ ခရီးဆောင်အိတ်နှင့် လိုအပ်မည့် ဆေးဝါးကအစ ခရီးဆောင် တိုလီမုတ်စပစ္စည်းပစ္စယတွေ ထည့်ကာ သိုကာ အပြည့်အစုံ ပြင်ဆင်ပြီးသား။ လေးဘီးရောက်လာလျှင် အသင့်ထလိုက်သွားရုံသာ။ ဘာကျန်သေးသလဲ။ သတိရသမျှ စာရင်းတို့ထားသည့် နံရံပေါ်က စာရွက်နှင့်လည်း တိုက်ကြည့်ရသေးသည်။ ဒါတွေပြီးစီးလို့ စိတ်ချလက်ချ အိပ်ရာဝင်ခဲ့ရသော်လည်း ကျွန်မနိုးနေခဲ့တာ တစ်ညလုံးလိုလို ဖြစ်ပါလိမ့်မည်။ အိမ်နှင့် မနီးမဝေး ဘုန်းတော်ကြီးကျောင်းဘက်ဆီက သံစုံနာရီသံတွေကို ဆယ့်ငါးမိနစ်ပြည့်တိုင်း ကျွန်မကြားနေရသည်။

“နိုးနေပြီလား ဘယ်နှနာရီထိုးပလဲ”

ခင်ပွန်းသည်က လှမ်းမေးတော့ သူလည်း ကျွန်မလိုပင် သည်ခရီးကို စိတ်စောနေခြင်း ဖြစ်မည်ဟု ကျွန်မ တွက်လိုက်မိ၏။

'သုံးနာရီ ထိုးတော့မယ်။ စောတော့ စောပါသေးတယ်။ ဆက်မအိပ်ချင်တော့လို့'

'သမီးကော နိုးပြီလား'

'မနိုးသေးဘူး။ အိပ်လိုက်တာမှ တရှူးရှူးနဲ့'

တစ်နှစ်နှင့်ကိုးလသာ ရှိသေးသော သမီးကလေးကတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေရှာသည်။ ကျွန်မတို့ ဇနီးမောင်နှံ စီစဉ်သမျှ ဘုမသိ ဘမသိ ဆန်စဉ်ရာ ကျည်ပွေ့ လိုက်နေရသည်။ မိဘနှစ်ပါး ခရီးထွက်ရသမျှ နေရာတိုင်းကို သားပိုက်ကောင်ကလေး တစ်ကောင်လို ရင်ခွင်ပိုက်လိုက်ရရှာသော သမီးကလေးပင်လျှင် မြို့မြို့ရွာရွာ အတော်များများ ရောက်ဖူးနေခဲ့ပြီ။ သည်နှစ်ထဲမှာပဲ ရှမ်းပြည်နယ် တောင်ပိုင်း၊ မြောက်ပိုင်း၊ မုံရွာ၊ စလင်း၊ ကုန်းဇောင်း၊ ရေစကြို၊ အခု နတ်မောက်မြို့ကို သမီးကလေး ရောက်ရဦးမှာပါလား။ သမီးကို ကားလာကြိုမှ နှိုးရတော့မည်။ အိပ်ပါစေဦး။

ပူပူလောင်လောင် ရှိလှသည့် သည်လိုနွေရာသီတွေမှာ သာမန်အားဖြင့် ကျွန်မတို့ ခရီးထွက်လေ့ သိပ်မရှိကြပါ။ ခရီးသွားခြင်း ရည်ရွယ်ချက်သက်သက်ဖြင့် စိတ်ပန်းကိုယ်ပန်း မဖြေနိုင်သော ကျွန်မတို့အဖို့ အခုလို တကန်တက ဖိတ်ကြားလာကြသည့် စာပေဟောပြောပွဲများကို နွယ်၍ နယ်တကာ မြို့တကာ ရောက်ခွင့် ပေါက်ခွင့်ရခြင်းသည်လည်း ကုသိုလ်တစ်မျိုးပင် ဖြစ်၏။ ရေအေးအေး ကလေးလည်း ချိုးရင်း၊ ကြာမွှေးမွှေးလည်း ခူးရင်းဆိုသလို ခရီးလည်းထွက်ရ ချစ်ခင်လေးစားရသော စာဖတ်ပရိသတ်နှင့်လည်း တွေ့ရမို့ စာပေဟောပြောပွဲဆိုလျှင် အကြောင်းကိစ္စ ဗာဟီရတွေကြားက ကျွန်မတို့ ကြိုးစားလိုက်လေ့ရှိပါ၏။ ပုံမှန်အားဖြင့်တော့ စာပေဟောပြောပွဲရာသီလို့ ဆိုနိုင်သည့် နတ်တော်၊ ပြာသို နှင်းစိုစိုလတွေမှာ ကျင်းပကြမြဲ၊ စီစဉ်ကြမြဲ ဖြစ်သည်။ ခရီးသွားရသူအဖို့လည်း အေးအေးမြမြရှိ၊ ရာသီဥတုကလည်း ဖေးဖေးကူကူ ရှိသည်ဆိုတော့ ဆောင်းလတွေမှာ သွားရတာ အဆင်ပြေသည်။

သည်နှစ်တော့ သင်္ကြန်အပြီး တန်ခူးလကြီး သီသီရောက်ကာမှ နတ်မောက်မြို့ စာပေစာနယ်ဇင်းအဖွဲ့က စာပေဟောပြောပွဲ ဖိတ်ကြားလာသည်။ ဟောရပြောရမည့် စာရေးဆရာတွေကို မေးတော့ ကျွန်မတို့ ဇနီးမောင်နှံ နှစ်ယောက်တည်း စီစဉ်ထားသည်ဟု ဆိုပြန်လေ၏။ ကျွန်မတို့သမီး ခင်ပွန်းနှစ်ဦးတည်း ကြဲရမည့်ပွဲပါလား။ တကယ်ဆိုရင် ကျွန်မမှာ အခါလည်ကျော်ကျော် သမီးကလေးတစ်ဖက်နှင့်မို့ သည်လို ပူကြီးပူလောင် နွေခေါင်ခေါင်ရက်တွေထဲ ဖိတ်သူက ဖိတ်ဦးတော့ စွေ့ခနဲကောက်ကာငင်ကာ မလိုက်သင့်မှန်း သိနေသည့်ကြားက နတ်မောက်ဆိုသည့် မြို့အမည်ကို ကြားလိုက်ရသည်ဆိုလျှင်ပင် ချက်ချင်း ဖုတ်ဖက်ခါ ရောက်ချင်နေခဲ့ပြီ။ ကျွန်မတို့ နှစ်ယောက်စလုံး အတောင့်မကြီး အသီးမမာ ကျေကျေနပ်နပ်ကြီး လက်ခံကာ ထိုနေ့ထိုရက် ဆက်ဆက်အရောက်လာခဲ့ကြပါမည့်အကြောင်း ပြန်ကြားလိုက်ကြ၏။

မန္တလေးတွင် သင်္ကြန်ပြီးရက်တွေမှာ ရာသီဥတုက တစ်ရက်ထက်တစ်ရက် သိသိသာသာ တိုးလို့သာ ပူလောင်လာခဲ့ပြီ။ သွားရမည့် ခရီးစဉ်က မြန်မာပြည်အလယ်ပိုင်း။ လမ်းအူကြောင်း တစ်လျှောက်လုံးကလည်း အညာဒေသ၏ အပူကြောကြီးကို အလျားလိုက်ကူးရမည့်ခရီး။ မိတ်ဆွေများ၊ ဆရာသမားများက အပူဒဏ်ကို အကြောင်းပြုကာ တားကြရှာသည်။

'ကလေး ပန်းလှသအေ... ဆရာ လိုက်ချင်လိုက်ပစေပေါ့။ ညည်းနဲ့ ကလေးနေခဲ့ပါဟဲ့'

အမေကတော့ သူ့မြေးကလေး မတီမတာကိုပန်းမှာ စိုးရှာတော့ မတားသာတားသာ တားပါသေးသည်။ ကျွန်မမှာလည်း နတ်မောက်ကို ရောက်ချင်သည့်ဇောက သပ်သပ်၊ စုံကန္တာ နေပူခရီး ထီးမပါဘဲ သွားရမည့်အရေးက သပ်သပ်ဆိုသလို အားပြိုင်နေရပါသည်။ ဖိတ်ကြားတာကမှ နှစ်ယောက်တည်း။ တစ်ယောက် မပါတော့ဘူးဆိုလျှင် တစ်ယောက်ပဲ ရှိတော့မည်။ ပူကာမှသာ ပူရော့။

'ကလေးပန်းမှာ သိပါတယ် အမေရယ်။ ဖိတ်တာကိုလည်း လက်ခံပြီးကြပြီ။ ပြီးတော့ နတ်မောက်ဆိုတာ တကန်တကတောင် သွားရမယ့်မြို့ဥစ္စာ။ အခုလို အကြောင်းအလှည့်သင့်တုန်း ရောက်ရတာ လိုက်မှကောင်းမှာပါ'

ကျွန်မက အမေ့ကို အကျိုးသင့် အကြောင်းသင့် ပြောပြတော့လည်း အမေက 'ညည်းသဘောပေါ့အေ' ဟု ဆိုသည်။ အမေက ကျွန်မကို ငဲ့လို့မဟုတ်ပါ။ အဝေးပြေးကားတစ်စီးပေါ်မှာ တစ်နေကုန် ထိုင်လိုက်ရမည့်ခရီးအတွက် သူ့မြေးကို ပူခြင်းဖြစ်သည်။ အမေကိုယ်တိုင်သည်ပင် သန်တုန်း မြန်တုန်းက ဆယ့်နှစ်ပွဲ လိုက်ခဲ့သည့် ဈေးသည်မဟုတ်လား။ ကျွန်မက နတ်မောက်မြို့ အကြောင်းသိသမျှ ပြောပြတော့ အမေက 'ညည်းပြောပုံဆိုရင် ငါတောင် ထလိုက်လိုက်ချင် စမ်းအေ'တဲ့။ အသက်ခုနစ်ဆယ်ကျော်ပြီဆိုသော်လည်း ကျွန်မတို့ကသာခေါ်လျှင် ထလိုက်မည့်ပုံ။ အမေငယ်စိတ်နဲ့ ငယ်မာန်တွေ မလျှော့သေးပါလား။ နောက်ဆုံးတော့လည်း အမေက ကျွန်မကို မတားတော့ပါ။ သူ့မြေးကိုသာ ရေပြောင်းမြေပြောင်းမှာ ဂရုစိုက်ဖို့မှာ လိုက်ရှာသည်။

မနက် ၄ နာရီထိုးလို့ ကျွန်မ သနပ်ခါးလူးနေတုန်းမှာပဲ သမီးက တအင့်အင့်တအဲအဲ အသံပြုလာသည်။ ခါတိုင်းဆိုလျှင် မနက်ခင်း ၇ နာရီလောက်အထိ အိပ်တတ်သော သမီးပင် ကျွန်မတို့ လှုပ်ရှားသံကြောင့် နိုးလာခဲ့ပြီ။ သမီးကို ပုတ်နှိုးလိုက်ရမှာကို သနားနေမိတုန်း နိုးလာတော့ တော်ပါသေးရဲ့ အောက်မေ့ရပါသည်။

'သမီး ထတော့၊ ကားကားကြီး စီးရအောင်နော်။ ဝူးဝူး...သမီး မေမေနဲ့ လိုက်မှာလား'

'နိုက် နိုက်'

သမီးက သဘောတူကြောင်းပြလျှင် နှစ်လုံးတွဲပြော တတ်သည်။ လိုက်လိုက်၊ စားစား၊ သောက်သောက် စသဖြင့်။ ကျွန်မက ကားမောင်းပြတော့ သမီးကလည်း သဘောပေါက်ပုံဖြင့် ကျွန်မကို စိုက်ကြည့်နေသည်။ သမီးကလေးပင် ကျွန်မတို့ သွားလေရာလိုက်ရင်း ခရီးသွားကျင့် ရှိခဲ့ပြီကော။ ကျွန်မတို့ သားအမိ သားအဖသုံးယောက် ခရီးအတွက် လိုအပ်သမျှ ပြင်ဆင်အပြီးမှာ လေးဘီးရောက်လာသည်။ မန္တလေးမြို့အထွက် ကျွဲဆည်ကန်ကားကြီးကွင်းအဝင်က ပန်းသခင် လက်ဖက်ရည်ဆိုင်မှာ ကားခဏရပ်ကာ ဆီထမင်းပဲပြုတ် တစ်ထုပ်နှင့် ထပ်တစ်ရာသုံးချပ် ဝင်ဝယ်ခဲ့ကြသည်။ ကားကြီးကွင်းထဲရောက်တော့ မန္တလေး၊ နတ်မောက်၊ မကွေး ကားဂိတ်ကို မေးရစမ်းရသည်။

'မကွေး-နတ်မောက် ကားဂိတ်က တည်းခိုခန်းနားမှာ။ အောင်သစ္စာလို့ မေးလိုက်'

ကားကြီးကွင်းအဝက ကုန်စောင့်နေပုံရသော အလုပ်သမားကလေးက ညွှန်လိုက်သည်။ ကျွန်မတို့ ကားဂိတ်ကို ရောက်တော့ ၆ နာရီထိုးဖို့ မိနစ်နှစ်ဆယ်လောက် လိုသေးသည်။

မှန်လုံကားကြီးပေါ် တက်ပြီဆိုကတည်းက အားယူ၍ တက်ရသည်။ ကားထိုင်ခုံအောက်တွေမှာ မြေဆီအိတ်လို အိတ်ကြီးတွေ အပြည့်။ အလယ်အူကြောင်းမှာလည်း ပိတ်နေအောင် ထပ်ထားသည့်အတွက် ကားကြမ်းခင်းကို မမြင်ရဘဲ ခရီးသည်က မြေဆီအိတ်တွေပေါ်က ခါးကိုင်းလျှောက်ရသည်။ ခရီးသည်တင်ကား ဆိုသော်လည်း ကုန်တွေကို တနင့်တပိုးကြီး တင်ထားတာ ခြေချစရာပင် မရှိ။ ကိုယ့်ခုံနေရာ ကိုယ်ထိုင်လိုက်တော့ ခြေထောက်သွင်းမရ။ အိတ်တွေက ခံနေတော့ ဒူးနှစ်လုံးထောင် ထားရသလို ဖြစ်နေသည်။ ပိုဆိုးတာက ပစ္စည်းထားစရာ နေရာမရှိခြင်းပင်။ ထိုင်ခုံပေါ်မှာ တင်ပျဉ်ခွေလိုက်ရတော့မည့်ပုံ။

ကျွန်မက ဖြစ်နိုင်လျှင် ခြေချစရာ နေရာလေးလောက်တော့ လုပ်ပေးဖို့ ပြောတော့မှ စပယ်ယာကောင်လေးက ခြေနှစ်ချောင်းချသာရုံ ခုံတစ်ခြမ်းစာ အိတ်တစ်လုံး ဖယ်ပေးသည်။ ခရီးဆောင်အိတ်နှင့် လက်ဆွဲခြင်းကို ကျွန်မဘေးက အလယ်အူကြောင်းမှာ မောက်နေသည့် မြေဆီအိတ်ထပ်ကြီးပေါ် တင်ရသည်။ ကျွန်မနှင့်သမီးအတွက် ထိုင်ခုံနှစ်ခုံစာ ဖြတ်ထားတာမို့ ကိုယ့်ခုံနေရာမှာပဲ ပစ္စည်းတချို့ တင်ရသည်။ ကျွန်မ ခင်ပွန်းသည်ကတော့ သူ့ခန္ဓာကိုယ်နှင့် သူ့နေရာ စရွေးစွပ်ထားသလို ဖြစ်နေသည်။ ခရီးသည်တွေကတော့ ညည်းရုံ ညည်းနိုင်ကြ၏။

'မင်းတို့ဟာက လူထိုင်စရာ ခြေချစရာ နေရာလေးတော့ ချမ်းသာပေးဦးမှပေါ့။ အိတ်တွေ ဒီလောက် ဒရကြမ်းကြီး တင်ထားတော့ ငတို့က ဘယ့်နှယ်လုပ် ထိုင်ရမတုန်း။ ပိုက်ဆံကျတော့ အပြည့်ယူတယ်။ နေကုန်ခရီးသွားရမယ့်ဟာ မင်းတို့ ကိုယ်ကျိုးချည်း မကြည့်နဲ့'

ကျွန်မတို့ သားအမိနှင့် ဘေးတိုက်ခုံက ခပ်စွာစွာ အဒေါ်ကြီးနှစ်ယောက်ကတော့ စပယ်ယာကောင်လေးကို ဖိပြီး မာန်မဲနေသည်။ ကောင်လေးကလည်း ပြန်အော်သည်။ သူတို့ကပဲ တရားသလိုလို။

'နတ်မောက်ကားက သည်လိုပဲ။ သည်လို ထိုင်လိုက်ရမှာပဲ ကြီးတော်ရေ'

'လိုက်နိုင်ပေါင်ကွယ်။ ငတို့က လေးငါးရက်ကတည်းက ပိုက်ဆံပေး လက်မှတ်ဖြတ်ထားတာ။ လက်မှတ်ဖြတ်တုန်းက အိတ်တွေပါမှာလို့ မင်းတို့ ပြောပါလား'

အညာသူကြီးတွေပီပီ ပြောစရာရှိတာတော့ အကြွေးချန်ချင်ပုံ မရ။ ရင်ထဲရှိတာ ပြောလိုက်မဟဲ့ဆိုသည့်ပုံနှင့် ဟောဟောဒိုင်းဒိုင်းကြီးတွေ ပြောနေတာကို နားထောင်ရင်း ကျွန်မ ပြုံးမိရသည်။ ကောင်လေးကလည်း မျက်နှာကြီး စူပုပ်ထားကာ တတွတ်တွတ် ပြောနေသည်။

'လက်မှတ်ဖြတ်ထားလို့ သည်ကားပေါ် လိုက်ရတာပေါ့ဗျ။ ကျုပ်တို့က ခရီးသည်ကိုချည်း အားကိုးလို့ မရဘူး။ ကုန်ကို အားကိုးရတာ'

'ဒါဆိုရင် ကုန်ကားလို့ ရေးပေါ့ကွဲ့'

စပယ်ယာ ကောင်လေး စကားကို ဗြုန်းခနဲ ကျွန်မ နားမလည်မိ။ ခရီးသည်တင်ကားက ဘယ့်နှယ်ကြောင့် ကုန်ကို အားကိုးရပါလိမ့်။ ကြီးတော်တွေက ကုန်ကားလို့ ရေးထားပါလားတဲ့။ ဒါလည်း ဟုတ်သလိုလို။ ကိုယ့်အကြောင်းနဲ့ ကိုယ်ချည်းပါလား။ ကားထွက်စက ကားပေါ်မှာ တကယ်ပင် ခရီးသည် ခုံပြည့်ပါမလာတာ ကျွန်မ သတိထားမိသည်။ မကွေး၊ နတ်မောက်ဘက်ကို အသွားအလာ နည်းကြလို့လား။

ခရီးသည်များ၏ ပူညံပူညံ အသံဗလံတွေကြားကပင် မှန်လုံကားကြီး ကျွဲဆည်ကန် ကားကြီးကွင်းထဲက အိခနဲ လှိမ့်ထွက်ခဲ့တော့သည်။ ၆ နာရီ ထိုးပြီ။

□

၂။

နွေဆိုသော်လည်း မှန်ပြတင်းဝမှ တိုးဝင်လာသော မနက်စောစော လေကြောင့် အေးခနဲ စိမ့်ခနဲ ဖြစ်သွားရသည်။ ကားမှန်ပြတင်းက စွတ်ဝင်လာသော လေအေးဒဏ်ကို သမီးကလေး ခံနိုင်မှာမဟုတ်။ ကားပြတင်းမှန်ကို ချဖို့ ပြင်ရသည်။ ကားမှန်ချဖို့ စိတ်ကူးပြီးကာမှ သည်မှန်ပြတင်းကို ကျွန်မတို့ ထိုင်ခုံနေရာက တစ်ဝက်သာ ပိုင်ဆိုင်ကြောင်း သတိထားမိလိုက်သည်။ ပြတင်းမှန်ချပ်က ရှေ့ခုံနှင့် နောက်ခုံကို ခွထားသလို ဖြစ်နေတော့ ကျွန်မတို့နောက်ခုံက ခရီးသည်တွေ ကားမှန်ချပ်ချဖို့ သဘောတူညီနိုင်ပါ့မလား။ သည်ပြတင်းမှန်ချပ်နှင့်ဆိုင်သော လူနှစ်ယောက်စလုံး သဘောတူပါမှ မှန်ချလို့ရမှာမဟုတ်လား။ တစ်ဖက်ကို သဘောထား တီးခေါက်ကြည့်ရသည်။

'ကလေး သိပ်အေးနေမှာစိုးလို့ တံခါးလေး ပိတ်ထားချင်လို့ ရမလားရှင်'

ကျွန်မတို့နောက်ခုံက ခပ်ရွယ်ရွယ် ဇနီးမောင်နှံက ခပ်ဆိုင်းဆိုင်း သဘောတူကာ မှန်တံခါးကို ကူချပေးကြပါ၏။ ကျေးဇူးတင်စကား လှည့်ပြောရင်း ကျွန်မ ပြုံးပြရပါသည်။ သမီးကတော့ သည်ကားပေါ် ဘယ်လိုက ဘယ်လိုရောက် နေရတာလဲ တွေးချင်တွေးလိမ့်မည်။ ကားလမ်းဘေးက မြင်ကွင်းတွေကို လိုက်ကြည့်ရင်း ပျော်နေလို့ တော်ပါသေးရဲ့။ နွေရာသီအခင်းမှာ ရွက်နုသစ်များဖြင့် စိမ်းစိုလန်းဆန်းနေသော သစ်ပင်ကြီးတွေ ကားလမ်းဘေးဝဲယာမှာ တစ်လျှောက်လုံး တွေ့နေရသည်။ ကြိုကြား ကြိုကြားဆိုသလို စိန်ပန်းပွင့် နီနီရဲရဲကလေးတွေကိုလည်း အစိမ်းတွေကြားမှာ ရိပ်ခနဲ ရိပ်ခနဲ မြင်ရသည်။ နေ့စဉ် မြင်နေကျ မြင်ကွင်းကျဉ်းကျဉ်းထဲက အလှမဟုတ်ဘဲ ကျယ်လွင့်သော မြင်ကွင်းကျယ်ကြီးထဲ တိုးဝင်ဖြတ်သန်းနေရတာကိုက ခရီးသွားခြင်း၏ အရသာတစ်မျိုးလို့ ကျွန်မ ထင်ပါသည်။

ခရီးသွားခြင်းသည် စိတ်နှင့်ကိုယ် နှစ်ပါးစလုံးကို အာရုံ အပြောင်းအလဲလည်း ဖြစ်စေသည်။ အတွေ့အကြုံသစ်၊ အသွင်အပြင်သစ်တွေ ရစေသည်။ ရေသစ်၊ မြေသစ်ကိုလည်း ထိတွေ့ခွင့်ရသည်။ လူ့ဘဝ အရောင်အမျိုးမျိုးကို မြင်ခွင့်ရသည်။ မိတ်သစ်ဆွေသစ် တိုးရသည်။ အိမ်တွင်းအောင်းနေ ရတတ်သော ကျွန်မတို့လို အိမ်ထောင့်ရှင်မများအတွက် ခရီးခနွဲ ထွက်ရခြင်းကိုပင် ဒုလ္လဘတရားဟု ကျွန်မကတော့ ခံယူမိပါ၏။

ကျွန်မ မြင်ရာကျရာ အတွေးကောင်းနေတုန်းမှာပင် သမီး အိပ်ပျော်သွားခဲ့ပြီ။ ကျောက်ဆည်မြို့ကို ဖြတ်တော့ ၇ နာရီ ထိုးပြီ။ ခရီးသည်တွေ မနက်ခင်းစာ လက်ဖက်ရည်သောက်ဖို့ ကူမဲမှာ ကားရပ်ပေးသည်။ သမီးလည်း နိုးလာသည်။

'ကော်ဖီလေး ဘာလေးသောက်ရအောင်'

ခါးကို တစ်ဆစ်ချိုးကာ မြေဆီအိတ်တွေ ထပ်ခင်းထားသော အူကြောင်းလမ်းက ဆင်းဖို့ တက်ဖို့ စဉ်းစားရသည်။ မန္တလေးမှ ဝယ်လာသော ဆီထမင်းနှင့် ပဲထပ်တစ်ရာကို ကူမဲရောက်မှ အထုပ်ဖြေကာ စားဖြစ်ကြသည်။ ကူမဲမှာ ပြောင်းဖူးပြုတ်သည်တွေ အများသား။ ခရီးသည်တချို့ကတော့ ပြောင်းဖူးကြီးတွေကို အားရပါးရ စားနေကြ၏။ ရောင်းသူကများပြီး စားသူက နည်းသည်။ နာရီဝက်လောက် နားပြီးတော့ ကားပြန်ထွက်လာသည်။ ကူမဲက ကျော်တော့ ဝမ်းတွင်းမြို့။ မြို့အဝင်ကတည်းက ဝမ်းတွင်းစက်ရုံထွက် လုံချည်ကြော်ငြာ ပိုစတာကြီးတွေက တခမ်းတနား ဆီးကြို နေကြသည်။ 'လက်ခတ်သံ ညံမစဲ ပွဲတော်နီးပြန်' ဆိုသည့် တေးသံရှင် ရီရီခင်၏ 'မလေးလက်ခတ်သံ' သီချင်းကလေးကိုပင် ဖျတ်ခနဲ သတိရလိုက်မိသည်။ ရက်ကန်းမြို့ ဝမ်းတွင်းကို ဟောပြောပွဲ ဖိတ်ကြားစဉ်က ကျွန်မ ဟောပြောဖူးတာကိုလည်း သတိရလိုက်မိ၏။

ဝမ်းတွင်းမြို့ကို ကျော်ပြန်တော့ မိတ္ထီလာမြို့ကိုရောက်ဖို့ သိပ်မဝေးတော့ပါ။

မိတ္ထီလာမြို့အဝင်က ကုက္ကိုပင်တန်းကြီးကိုတော့ ကျွန်မ အလွတ်ရနေပြီ။ ကျွန်မ ငယ်ငယ်က မိတ္ထီလာမြို့ရှိ ဆွေမျိုးများထံ မကြာခဏ ရောက်လာရလေ့ ရှိသည်။ ကျွန်မဖခင်၏ နှမ၊ ဒေါ်ဒေါ် ရှိစဉ်အခါတုန်းက တစ်နှစ်တစ်ခေါက် ဆိုသလို ရောက်ရတတ်ပါသည်။ ဒေါ်ဒေါ် ဆုံးပြီးနောက်တော့ ကျွန်မလည်း သိပ်မရောက်ဖြစ်တော့ပါ။

မိတ္ထီလာမြို့မှာတော့ လမ်းစီးခရီးသည် တော်တော်များများ ကားပေါ်တက်လာကြတာ သတိထားမိပါသည်။ ကျွန်မနှင့် ဘေးတိုက်ခုံ၏ နောက်ခုံလွတ်နှစ်ခုံမှာ အိန္ဒိယနွယ်ဖွား မိန်းမသားနှစ်ဦး ဝင်ထိုင်ကြသည်။ လက်ထဲမှာ ပွေ့ထားသည့် ကလေးလေးက သမီးထက်ပင် ငယ်ဦးမည်။ ကာချယ်တွေ ဆိုးထားသော မျက်လုံးကလေးတွေက ချစ်စရာ ကောင်းလှ၏။ သမီးကိုမြင်လိုက်တော့ ခစ်ခနဲ ရယ်လေသည်။ သမီးကလည်း သူ့အရွယ်ကလေးလေးကို မြင်တော့ 'မေမေ ကေးရေး (ကလေးလေး)'ဟု ဆိုကာ ကျွန်မကို ပြနေသေးတော့။ ကလေးနှစ်ယောက်၏ ချစ်စရာကောင်းသော အတုံ့အပြန်ကို ကြည့်ရင်း ကျွန်မ ချမ်းမြေ့ရပါ၏။

'ဖယ်... ဖယ် သည်ခုံက ကျုပ်ခုံရယ်'

ကလေးနှစ်ယောက်ကို စိတ်ဝင်စားနေမိသော ကျွန်မ အာရုံတွေ လွင့်စင်သွားသည်။ အော်သံက သူ့ပစ္စည်းကို မတရားလုယူထားပုံမျိုး မာရေကျောရေ နိုင်လှ၏။ အမျိုးသမီးနှစ်ယောက်ခမျာ ထိုင်ကာရှိသေး ရုတ်တရက် ပေါ်လာသော လူတစ်ယောက်က ထလာကာ ဇွတ်ဖယ်ခိုင်းခြင်း ဖြစ်သည်။ ကလေးတစ်ဖက်နှင့် အမျိုးသမီးနှစ်ယောက်မှာ ခုံပေါ်က ရုတ်တရက် ထဖယ်ပေးဖို့ မလွယ်။ အိတ်တွေကြားမှာ ညပ်နေတာ မဟုတ်လား။ ဖယ်ခိုင်းသူကလည်း ဇွတ်သာ ဖယ်ခိုင်းနေတော့သည်။

'ကျွန်မတို့ကို သည်ခုံထိုင်လို့ ရတယ်ဆို။ ဒီမှာ သည်လူကြီးက သူ့ခုံလို့ ပြောနေတယ်။ ရှင်းပေးဦး'

ကုလားမလေးတစ်ယောက်က အော်လိုက်တော့ ကားစပယ်ယာ ကောင်လေး ရောက်လာသည်။ ကောင်လေးက လက်ထဲမှာ ကလစ်ဘုတ်နှင့် တွဲကိုင်ထားသော ထိုင်ခုံနံပါတ် ဇယားကို တစ်ချက် ငုံ့ကြည့်သည်။ ခုံနံပါတ်တွေကိုလည်း ကြည့်သည်။ ဒေါသထွက်နေသည့် လူကြီးက ဟုတ်လို့ကတော့ ကုပ်ဆွဲထုတ်လိုက်မဟဲ့ ဆိုသည့်ပုံနှင့် မျက်နှာကြီးတင်းထားသည်။

'ခင်ဗျားလက်ထဲက လက်မှတ်ပြစမ်းပါဦး'

လူကြီးက လက်မှတ်ထုတ်ပြတော့ စပယ်ယာက...

'ဟာ... ခင်ဗျားခုံက ရှေ့ခုံလေ ဆယ့်ငါး။ ဆယ့်ငါးမှာ ထိုင်နေတဲ့ လူတွေ ဖယ်ကြဗျို့။ ခင်ဗျားတို့ ဝင်ထိုင်နေတော့ ရှုပ်ကုန်ပြီ။ ဒါက ဆယ့်ကိုး၊ နှစ်ဆယ်။ ကဲ... ခင်ဗျား ရှေ့ကြွ၊ ခင်ဗျားတို့နှစ်ယောက် ကလည်း သည်မှာပဲထိုင်'

လူကြီးက သူမှန်တယ်ထင်တုန်းက မျက်နှာကြောတင်းသလောက် မှားတယ်ဆိုတော့လည်း ရှက်ကိုးရှက်ကန်းဖြင့် ရှေ့ခုံကို ပြောင်းထိုင်သည်။ သည်တော့မှ အမျိုးသမီး နှစ်ယောက်ခမျာ အိတ်တွေပေါ် ခဏတက်နေကြရာက လျှောထိုးဆင်းကာ ထိုင်ကြရလေသည်။ ဒါပေမယ့် မိန်းမသား သဘာဝ ဗျစ်တောက် ဗျစ်တောက် လုပ်ဖြစ်အောင် လုပ်လိုက်သေး၏။

'ကိုယ့်ထိုင်ခုံနံပါတ်တောင် ကိုယ်မသိဘူး။ သူ့တောင် စာပြန်သင်ပေးရဦးမယ့်ပုံပဲ'

ကလေးအမေ ဖြစ်ဟန်တူသော အမျိုးသမီးက ထိုင်ခုံနှင့် အိတ်ပေါ်တစ်လှည့်စီ ကူးလိုက်ရတာကိုပဲ မောပန်းသွားဟန်ဖြင့် မကြားတကြား ပြောနေခြင်း ဖြစ်၏။ ရုတ်တရက် ရောက်လာကာ ဒေါသတကြီး အော်လိုက်သည့် လူကြီးသည် ကားရှေ့ပိုင်း မြေဆီအိတ်ပုံပေါ်မှာ တစ်ယောက်တည်း ချောင်ချောင်ချိချိ ထိုင်လိုက်လာခဲ့တာ မန္တလေးမှ မိတ္ထီလာရောက် သည်အထိ။ မိတ္ထီလာရောက်ခါမှ မိန်းမသားနှစ်ယောက် တက်လာပြီး ထိုင်လိုက်တော့ သူ့ခုံနေရာကို ဝင်ထိုင်လေခြင်း ဆိုသည့်သဘောဆိုးဖြင့် စုတ်ခနဲထကာ အော်ထုတ်နေခြင်း ဖြစ်သည်။ ပိုက်ဆံပေးထားရသည့် ခုံဆိုတော့ အူတိုစိတ်ကလေး ဝင်လာပုံရပါ၏။ ဒါသည်လည်း လူရောင်စုံတွေ ကြားက အရောင်တစ်မျိုးပဲ မဟုတ်လား။

'ကျုပ်တို့က ခုံမရမှာစိုးလို့ မန်းလေးကို တယ်လီဖုန်းဆက်ပြီး လက်မှတ်ဖြတ်ထားတာ။ ခုံမှ မထိုင်ရရင် ပိုက်ဆံ ပြန်လျော်ပေး ဘယ့်နှယ့်တော်'

ကားနောက်ပိုင်းမှာလည်း သူ့ပြဿနာနှင့်သူ။ ထိုင်ခုံ တစ်နေရာစာအတွက် ငြင်းကြ ခုံကြ အော်ကြ ဟစ်ကြ၊ အသံတွေ ညံနေတော့၏။ မိတ္ထီလာက ထွက်လာတော့ ခရီးသည်တွေ ခုံပြည့်ပါလာပြီ။ ခုံပြည့်ရုံမက အလယ်အူကြောင်းမှာ ထပ်ထားတဲ့ အိတ်တွေပေါ် သည်အတိုင်း ဆောင့်ကြောင့်ထိုင် လိုက်လာကြသူတွေလည်း မနည်းလှ။

မိတ္ထီလာ ကန်စောင်းကို မြှောင်၍ ကားဖြတ်မောင်းတော့ စည်းတစ်ပျစ်အမတ်ကြီးခေါ် ဝန်ဇင်းမင်းရာဇာကို ကျွန်မ သတိရလိုက်မိ၏။ သမိုင်းထဲက မိတ္ထီလာကန်ပေါင်ပေါ်က မိန်းမရုပ်နှင့်ပတ်သက်၍ ဖြေရှင်းပေးခဲ့သော စာတိုငညိုဇာတ်ကို ကျွန်မတို့ မူလတန်းကျောင်းသူဘဝက သင်ကြားခဲ့ရသည်။ ရေဒီယိုမှ အသံလွှင့်နေကျ 'ဖိုးရာဇာဟာ တကယ်တော့ လယ်သမားလေးပါဗျ။ သူ တကယ်လိုက်စားခဲ့တာက လုံ့လနဲ့ ပညာကိုသာ' ဆိုသည့် သီချင်းကလေးကိုလည်း ကျွန်မ စွဲနေမိသည်။ စာစိတ်ပေစိတ်ကလေးကြောင့် ထင်ပါ၏။ ခရီးနှင့် မြင်ကွင်း ဆက်ရာစပ်ရာ အောက်မေ့ ကျင့်ကလေး ကျွန်မ ရနေပြီ။

မိတ္ထီလာက ပျော်ဘွယ်အထွက် လမ်းမှာလည်း ပင်သက်ရင့်လှသည့် ကုက္ကိုပင်ကြီးတွေကို အတန်းလိုက် တွေ့ရပြန်သည်။ မိတ္ထီလာက ကျော်လွန်လာသည့် သည်ဘက်ခရီးလမ်းကို ယခုတစ်ကြိမ်သာ ကျွန်မ ရောက်ဖူးခြင်းမို့ လမ်းဘေးမြင်ကွင်းတွေကို စိတ်ဝင်တစား ကြည့်မိ၏။ ပျော်ဘွယ်မြို့ကို ဝင်တော့ နေကြီးစူးစူး ပူနေသည့် နေ့လယ် ဆယ့်တစ်နာရီ ရှိပြီ။

'ကဲ... ခရီးသည်အားလုံး သည်မှာ နာရီဝက် နားမယ်နော်'

နာရီဝက်လောက် နားမယ်ဆိုတော့ ကျွန်မတို့လည်း ကားအောက်ကို ခြေညောင်း လက်ဆန့်ဆိုသလို ဆင်းကြရပြန်သည်။ သည်နေရာကတော့ မကွေး၊ မန္တလေး၊ ပျဉ်းမနား မှန်လုံကားတွေ တအောင့်တနား နားလေ့ရှိကြသည့် လမ်းဆုံနေရာမို့ ခဏနားခြင်းသာဖြစ်၍ ထမင်းစားနားခြင်း ဟုတ်ဟန် မတူပါ။

'ထမင်းက ရှေ့နားက ရနောင်မှာ စားမယ်။ ဒီမှာ လက်ဖက်ရည်ကလေး မုန့်ကလေး စားချင်စားကြပါ။ သံဃာတော်များကတော့ ဆွမ်းမီအောင် သည်မှာ ဘုန်းပေးနိုင်ပါတယ် ဘုရား'

ကျွန်မတို့လည်း မဆာကြသေးပါ။ ရနောင်ဆိုတော့ ကျွန်မစိတ်ဝင်တစား ဖြစ်သွားမိသည်။ မန္တလေး ရတနာပုံခေတ် နန်းတွင်းမှာ အထင်ကရရှိခဲ့သော မြောက်ဒဝယ်ဗိုလ် ရနောင်မြို့စား မောင်မောင်တုတ် အပိုင်စားရာ ရနောင်ရွာ ဟုတ်မဟုတ်ဆိုတာ သည်ရွာကို ရောက်မှ မေးကြည့်ရဦးမည်။ သီပေါဘုရင်လက်ထက်က ရနောင်မောင်မောင်တုတ်ဆိုတာ အတော်ကလေး နေရာရခဲ့သူမဟုတ်လား။ နောက်တော့လည်း သီပေါဘုရင်၏ အကျဉ်းသား ဖြစ်ရရှာလေသည်။ ကြေးတိုက်ထဲမှာပင် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားသည် ဆို၏။ တရားကျစရာ။

'ငုံးဥပြုတ်ရမယ် ငုံးဥပြုတ်'

'အချဉ်ပေါင်းရမယ် အချဉ်ပေါင်း'

'ပေါက်စီရမယ် ပေါက်စီ ပေါက်စီ'

ကားဂိတ် ဈေးသည်ကလေးတွေဆီက အသံကျယ် စူးစူးကို ကြားနေရသည်။ နေပူကြီးထဲမှာ ကားတွေကို ပတ်ချာလှည့် ရောင်းကြရရှာသူကလေးတွေ။ ပေါက်စီသည်ကတော့ လက်တွန်းလှည်းနှင့် ဖြစ်သည်။ သရက်ကင်တွေ ရဲနေအောင် ထည့်ထားသော အချဉ်ပေါင်းသည်တွေကတော့ ရောင်းအကောင်းဆုံး။ ကွမ်းယာဆိုင်နှင့် တွဲဖွင့်ထားသော မုန့်ဆိုင်ရှေ့က ဝါးကုလားထိုင်မှာ ကျွန်မတို့သားအမိ ထိုင်ရင်း ခရီးသည်ရောင်စုံကိုသာ ငေးမောကြည့်နေမိပါသည်။

ခဏနေတော့ မှန်လုံကားကြီးတစ်စီး ထိုးဆိုက်လာသည်။ မကွေး နတ်မောက် ပျဉ်းမနားခရီးသည်တင်ကားကြီး။ သည်ကားပေါ်မှာလည်း ကုန်တွေရော လူတွေရော တင်းကြမ်း။ ကားခေါင်မိုးပေါ်မှာပင် လူတွေ မောက်လျှံနေလေသည်။ ထော်လာဂျီလေးတွေကလည်း သည်လမ်းခရီးမှာ တော်တော်များပုံရ၏။ တဂျုန်းဂျုန်း တဂျိုင်းဂျိုင်း လမ်းပေါ်မှာ ရက်ကန်းရှယ်သလို ပြေးလွှားနေကြသည်။ ပျော်ဘွယ်မြို့ကလေးသည်ပင် ခရီးသွားနေသော မြို့ကလေးနှင့် တူသည်။

'အစ်မ ပေါင်မုန့်ခြောက် ဝယ်ပါဦးလား။ ကျွန်မတို့ ပျော်ဘွယ်က ပေါင်မုန့်ခြောက်ကောင်းတယ်'

ပေါင်မုန့်ခြောက်ဆိုတာ ကျွန်မတို့ မန္တလေးအခေါ် မုန့်ကြွပ်ကို ပြောခြင်းဖြစ်သည်။ ပျော်ဘွယ်မုန့်ကြွပ်၊ ပျော်ဘွယ် ပေါင်မုန့်ခြောက်ကလည်း နာမည်ကြီးသည်။ ပျော်ဘွယ်မြို့၏ အမှတ်အသားပင် ဖြစ်နေသည့် မုန့်ဖြစ်ပါ၏။ သမီးပင် နာရီဝက်လောက် သူ့နားထဲ တစီစီ ကြားခဲ့ရသော ကားဈေးသည်ကလေးများ၏ အော်သံကို သံယောင်ပြုကာ ရွတ်တတ်နေပါပကော။

'ငုတ်သုတ် ရမယ် ငုတ်သုတ် ... ပေါက်ချီရမယ် ပေါက်ချီ'

ငုံးဥပြုတ်ကို ငုတ်သုတ်လို့ အသံထွက်သော သမီးကို ကြည့်ကာ ကျွန်မ သဘောကျမိရသည်။ ထိုရက်တွေက မန္တလေးဘက်မှာ တွင်တွင်ကျယ်ကျယ် မရှိသေးသော်လည်း ပျော်ဘွယ်ဘက်မှာတော့ ကြက်သားကြော်တွေ၊ ငုံးဥပြုတ်တွေ ရောင်းကြ ဝယ်ကြ စားကြ သောက်ကြတာများ အားရစရာ။

'ကျွန်မတို့ဘက်က တစ်လလောက် ပိတ်လိုက်တာပဲ ရှိတယ်။ ဘာရောဂါမှ ဖြစ်တယ် မကြားရပါဘူး။ ဝယ်စားပါဦး အစ်မရဲ့'

ကျွန်မမှာ ဈေးသည်ကလေးကို အားပေးချင်သော်လည်း အားမပေးဝံ့ပါ။ ကားဂိတ်မှာပင် ဆိတ်သားကြော် စည်းကြီးတွေ ရောင်းနေကြတာ စားချင့်စဖွယ်။ စားကျက်ကောင်းကောင်း ရှိကြပုံရ၏။

'ကဲ... မကွေး နတ်မောက် ခရီးသည်တွေ အားလုံး တက်ကြပါ။ ကားထွက်မယ်'

ပျော်ဘွယ်က ကားထွက်လာတော့ ဆယ့်တစ်နာရီ ခွဲပြီးပြီ။

□

၃။

ပျော်ဘွယ်မှ အနောက်တည့်တည့် နတ်မောက်လမ်းသည် ယခင်ကတည်းက ရှိခဲ့သော်လည်း လမ်းကြမ်းဟု ဆိုသည်။ ပျော်ဘွယ်နတ်မောက် ကားလမ်းပွင့်တာ သိပ်မကြာသေးပါလို့ ဒရိုင်ဘာက ပြောပြသည်။ ကျွန်မတို့ စီးလာသော အောင်သစ္စာ မှန်လုံကားကြီးတွေပင် ပြေးဆွဲတာ မကြာသေးဟုဆို၏။

'သည်လမ်းက သည်ဘက်ပိုင်းမှာမှ ကျောက်ချောခင်းပြီး လမ်းချဲ့လိုက်တာ။ ဟိုတုန်းကတော့ စစ်သုံးလမ်းဟောင်း ဖောက်ထားခဲ့တာပေါ့။ ဟိုရွာသည်ရွာက လော်ရီကားကြီးတွေ တစ်နေ့တစ်စီးလောက် ထွက်တဲ့ ထော်လာဂျီ ကလေးတွေလောက် ရှိကြတာ။ အခုလောက်တော့ ဘယ်ခရီး ရောက်မလဲ။ ခုတော့ ကားလိုင်းတွေ ဘာတွေ ပွင့်သွားပြီဆိုတော့ နတ်မောက်သွားချင်ရင် အသာလေးပေါ့'

ကျွန်မတို့ရှေ့မှာ ထိုင်နေသော ခရီးသည်ကြီးတစ်ယောက်က အော်ကျယ် ဟစ်ကျယ် ရှင်းပြနေသည်။ ပျော်ဘွယ်မြို့က ထွက်ပြီဆိုကတည်းက နှစ်ချို့မန်ကျည်းပင်ကြီးတွေ စတွေ့ရပြီ။ မန်ကျည်းပင်ကြီးတွေက သက်တမ်း တော်တော်ရင့်ပုံ ရသည်။ တချို့ပင်စည်ကြီးတွေဆိုလျှင် ပုဆိုးနှစ်ပတ်စာ လောက်တောင် ရှိမည်ထင်၏။ မန်ကျည်းရွက်တွေကတော့ ရွက်နုတွေ ထိုးကြပြီ။

'ဖက်တော စံပြကျေးရွာ'

ပျော်ဘွယ်မှ ထွက်လာလာချင်း တွေ့ရသောရွာဖြစ်ပါသည်။ သည်ဘက်လမ်း တစ်ကြောရှိ ကျေးရွာအမည်ကလေးတွေကို ကျွန်မ သိထားချင်သောကြောင့် မှတ်စုစာအုပ်ကလေး ထုတ်ကာ ဖက်တောရွာဟု ရေးမှတ်ထားလိုက်သည်။ ကျွန်မ မှတ်စုစာအုပ်ကလေးကို ပြန်မသိမ်းရသေးခင်မှာပဲ ကားက ဂျုန်းခနဲမြည်ကာ ကားလမ်းတစ်ဖက်ကို ဒရွတ်ဆွဲသွားတော့၏။ ခရီးသည်များ၏ အလန့်တကြား အော်သံတွေက ကျီးပြိုကျသလို ဝေါခနဲ ထွက်ကျလာသည်။ သမီးကို ရင်ခွင်ထဲ ဆွဲပွေ့ကာ ထိုင်ခုံတန်းကို မြဲမြဲဆုပ်ထားရင်း ကျွန်မမှာ ဘုရားကိုသာ တရတော့သည်။ ကားကြီးက ရုတ်တရက် ဆောင့်ချိုးလိုက်သလို ငြိမ့်ခနဲ အိကျသွားကာ စက်ရပ်သွားတော့၏။

'ကဲ... ခရီးသည်တွေအားလုံး ကားအောက် ခဏဆင်းပေးကြပါ'

ခရီးသည်တွေက ကားအောက်ကို တစ်သုတ်ပြီး တစ်သုတ် ဆင်းကြရသည်။ ကားက စက်ပျက်သွားတာတော့ မဟုတ်။ ဘာဖြစ်မှန်းမသိ။ ကျွန်မကတော့ လိုအပ်မည် ထင်သည့် သောက်ရေသန့်ဘူး၊ ဆေးဝါး၊ မုန့်ထုပ် စသည့် ပစ္စည်းပစ္စယာ တိုလီမုတ်စကလေးများကို ခြင်းတစ်လုံးဖြင့် စုထည့်ကာ ဆင်းလာခဲ့သည်။ လက်က နာရီကို ကြည့်လိုက်တော့ ဆယ့်နှစ်နာရီ မတ်တင်း။ နေလုံးကြီးက ခေါင်းပေါ်တည့်တည့်မှာ နေရာယူကာ အပူတွေ မှုတ်ထုတ်နေသလား မှတ်ရသည်။ ကားလမ်းဘေးက တမာပင်ရိပ်မှာ ကျွန်မတို့ ခိုကြရပြီ။ တမာပင်က ကားလမ်းကုန်းပေါ်မှာ ရှိသော်လည်း အရိပ်က ချောက်ထဲမှာဆိုတော့ ချောက်ထဲဆင်းထိုင်ကြရခြင်း ဖြစ်သည်။ တချို့ကလည်း ကားလမ်းတစ်ဖက်မှာရှိသည့် ကုက္ကိုပင်ကြီးအောက် သွားထိုင်နေကြသည်။

'ကားဘီးပေါက်တာလား'

'မဟုတ်ဘူး။ ယူဘိုးကျိုးသွားတာတဲ့။ ပျော်ဘွယ်ကို တစ်ခေါက်ပြန်ပြီး ပစ္စည်းယူပြင်ရမယ် ပြောတာပဲ'

'သြော်... ဟုတ်လား။ ဒါဆို တော်တော်ကြာဦးမှာပေါ့'

'အင်း... ပစ္စည်းရရင်တော့ မြန်လောက်ပါတယ်။ မရရင်တော့ ညနေ ၃ နာရီ၊ ၄ နာရီလောက်ပြီးရင် ကံကောင်းပေါ့'

ကားဆီကို သွားပြီး စနည်းနာလာသူကို ကျွန်မခင်ပွန်းက မေးကြည့်ခြင်း ဖြစ်ပါသည်။ ကြီးတော်နှစ်ယောက်ကတော့ 'ကားပေါ်ကို ကုန်တွေ နင်းကန်တင်လာလို့ ကျိုးတာ'ဆိုကာ ဗျစ်တောက် ဗျစ်တောက် လုပ်နေသည်။ ခရီးသည်တွေကတော့ တစ်ယောက်မှ မနက်စာ ထမင်းမစားကြရသေး။ ရနောင်မှာ ထမင်းစားရပ်မည်ဆိုတော့ ထမင်းမစားရသေးသူက များသည်။ နာရီဝက်လောက် ကားနှိုက်ပြီးတော့ ကားဆရာက ပစ္စည်းတချို့နှင့်အတူ သူ့ကောင်လေးနှစ်ယောက်ကို ပျော်ဘွယ် ဘက်သွားမည့် ကားကြုံတစ်စီးပေါ် ထည့်လိုက်သည်။ နေကလည်း ပူသထက် ပူလာသည်။ ကားပျက်သတင်း ကြားလျှင်ကြားချင်း ဖက်တောရွာက ကလေးဘုစုခရုတွေ တစ်ခဲနက် ထွက်လာကာ ကျွန်မတို့ ခရီးသည်တွေကို ထိုင်ကြည့်နေကြသည်။ သမီးကတော့ ကလေးတွေ တစ်ပြုံတောင်ကြီးကို မြင်လိုက်ရတော့ 'ကေးရေးဒေ'လို့ အော်သည်။ သမီး နေမှနေပါစေတော့ အောက်မေ့ကာ ကျွန်မလည်း ဖက်တော ကလေးအုပ်ကြီးထဲ သွားရောကာ ထိုင်နေရတော့သည်။

နေ့လယ်တစ်ချက် ထိုးခါနီးတော့မှ ပျော်ဘွယ်ဘက် သွားကြသူတွေ ပြန်ရောက်လာကြသည်။ ကားဝပ်ရှော့ဆရာတွေပါ ပါလာသည်။ ဝပ်ရှော့ဆရာတွေကို တင်လာသည့် ဒတ်ဆန်းကားဖြူကလေးက ထမင်းစားလိုသည့် ခရီးသည်များကို ပျော်ဘွယ်မြို့ဘက် ကုသိုလ်ဖြစ် လိုက်ပို့မည်ဆို၏။ သည်တော့လည်း ခရီးသည်တွေ ကားဖြူကလေးထဲ ပြုံတိုး ကြလေတော့သည်။ တချို့ခရီးသည်များကလည်း ကိုယ့်ထမင်းချိုင့်နှင့်ကိုယ် ပါလာကြတာမို့ သစ်ပင်ရိပ်ကောင်းကောင်းမှာ ချကာ စားနေကြပြီ။ ကျွန်မတို့မိသားစုကတော့ ပျော်ဘွယ်ဘက် ပြန်လိုက်ကာ ထမင်းစားကြရမည်။ ရနောင်ရွာကလေးမှာ ထမင်းစားလိုက်မဟဲ့ဆိုသည့် ကျွန်မ ဆန္ဒမပြည့်တော့။

ပျော်ဘွယ်မြို့ တစ်နေရာရာမှာ ထမင်းဆိုင်ကောင်းကောင်း ရှိနိုင်သော်လည်း ကျွန်မတို့မှာ ကားဆရာ ပို့ပေးသောဆိုင်မှာ စားကြရသည်။ စောစောက ကားရပ်နားသည့် လက်ဖက်ရည်ဆိုင်မှာပဲ ဖြစ်သည်။ ထမင်းဆိုင်သက်သက်တော့ မဟုတ်။ လက်ဖက်ရည်ဆိုင်နှင့် တွဲဖွင့်ထားသည့်ဆိုင် ဖြစ်သည်။ ကားဖြူကလေး ပိုင်ရှင်၏ ဆိုင်လို့လည်း ဆို၏။ ထမင်းဖြူတစ်ပွဲ၊ ငါးကြော်ချက်နှင့် လက်ဖက်သုပ်တစ်ပွဲ ဆိုသော်လည်း ဆာတော့လည်း ကောင်းလှပါ၏။ ကျွန်မတို့ နှစ်ယောက်တည်းစားတာ နှစ်ထောင်နီးပါး ရှင်းလိုက်ရတော့ ခေတ်အမီသားပဲလို့သာ တွက်လိုက်ရတော့သည်။ ဒတ်ဆန်းကားဖြူကလေးက ကျန်ခဲ့သေးသည့် ခရီးသည်တွေကို တစ်ခေါက် ပြန်ကဲ့ဖို့ ထွက်သွားပြန်တော့ သည်ကား ပြန်မလာမချင်းဆိုင်ရှေ့မှာ ကျွန်မတို့ ငုတ်တုတ်ထိုင် စောင့်ရသည်။ သည်တစ်ခါတော့ ကားဂိတ်မှာ ရောင်းသည့် ဈေးသည်တွေနှင့် ကျွန်မတို့သားအမိ ရင်းနှီးခွင့်ရပြီ။

'ပေါက်ချီရမယ် ပေါက်ချီ...။ ငုတ်သုတ် ငုတ်သုတ် ...။ ကျီပေါင်းရမယ် ကျီပေါင်း ကျီပေါင်း'

ဈေးသည်တွေလို အသံတူပြုကာ မပီကလာ ပီကလာ အော်နေသော သမီးကို ကြည့်ကာ သူပျော်လို့ တော်ပါသေးရဲ့ အောက်မေ့ရသေးသည်။ ဈေးသည်တွေက ဖက်တောရွာနားမှာ ကားပျက်နေပတဲ့ ဆိုသည့်သတင်းကို ရကြပြီ။ ဖက်တောဘက် ကားကြုံစီးကာ ကားပျက်ခရီးသည်တွေကို ဈေးလိုက်ရောင်းကြဖို့ အချင်းချင်း တိုင်ပင်နေကြသံကို ကြားရတော့ ကားပျက်ခြင်းကသည်ပင် သူတို့အတွက် အခွင့်အရေးပါကလား တွေးမိရသည်။

'ထမင်းစားရတာ အဆင်မပြေဘူးနော်'

'ခရီးဆိုတာ သည်လိုပေါ့ကွာ။ ထမင်းရှိတာ ကျေးဇူးတင်ရသေးတယ်'

ကျွန်မကပြောတော့ ခင်ပွန်းသည်က ဖြေပြောပါသည်။ ဟုတ်သားပဲ ထမင်းရှိတာ ကျေးဇူးတင်စရာပေါ့။

ဒတ်ဆန်းကားဖြူကလေးက ပထမအခေါက် ခရီးသည်တွေကို လာခေါ်တော့ မွန်းလွဲ နှစ်နာရီ ထိုးနေပြီ။ ကျောက်လမ်းပူပူကြီးပေါ်က အခိုးအငွေ့တွေကပင် ကျွန်မတို့ကို လာဟပ်နေသည်။ ပူလိုက်တဲ့ဖြစ်ခြင်း။ ကျွန်မ သမီးကလေးကို ပိုက်ပွေ့ထားရင်း အမေ့စိုးရိမ်စိတ်ကို သတိရလိုက်မိ၏။ ဖက်တောရွာဘက် ပြန်ရောက်တော့ မှန်လုံကားကြီးသည်ပင်လျှင် နေပူလယ်ကောင်မှာ မီးထတောက်တော့မလား မှတ်ရသည်။ ကားအောက်ကို ဝင်ကာပြုပြင်ပေးရှာကြသည့် ဝပ်ရှော့ဆရာတွေခမျာ ဘယ်လောက်တောင် ပူရှာကြလေမလဲ။ ခရီးသည်တွေကတော့ သစ်ပင်ရိပ်ကောင်းကောင်းရှိရာမှာ ရှာကာကြံကာ ခိုလှုံနေကြရသည်။

ညနေ ၃ နာရီလောက ရောက်တော့ ကျနေနှင့်အတူ သစ်ပင်ရိပ်တွေလည်း နေရာရွေ့သွားကြပြီ။ သစ်ရွက်တွေ ကြားက ကွက်ပြောက်ထိုးနေသော ကျနေရှိန်က ပိုပြီး ပူလောင်လာသလို ခံစားရ၏။ ပျော်ဘွယ်ဘက်မှ ရေခဲပုံးကြီးနှင့် ရောက်လာသော ရေသန့်ဘူးသည်လည်း တစ်လုံးမှ မကျန်အောင် ရောင်းကောင်းလှလေတော့ ကြုံရာကားနှင့် ပျော်ဘွယ်ဘက် ပြန်လိုက်သွားပြီ။ ကျွန်မတို့မှာ ရေသန့်ဘူး သုံးဘူး ထပ်ဝယ်ထားလိုက်သော်လည်း သည်ရေသုံးဘူး ကုန်သည်အထိ ကားပြင်ဆင်မပြီးလျှင်တော့ ရေတောင်သောက်ရဖို့ရာ လမ်းမမြင်။ စောစောကလေးကတင် ရောက်လာသော အချဉ်ပေါင်းသည်လည်း ဇလုံမောက်မောက် တစ်လုံးကုန်ပြီ။ နေကြာစေ့၊ မလိုင်လုံး စသည့် အထုပ်တွေ လည်ပင်းသီဆွဲလာသော သရေစာသည်လည်း ပြန်သွားခဲ့ပြီ။ ခရီးသည်အပေါင်းလည်း ကားကောင်းနိုး ကောင်းနိုး မျှော်လင့်ချက်ဖြင့် ကားကို မချင့်မရဲ ကြည့်ကြရင်း တစ်ဖဝါးမှ မခွာနိုင်ကြရှာပါ။ ကားပြင်ဆရာတွေလည်း ကျောက်လမ်း ပူပူကြီးပေါ်မှာ ကျောခင်းကာ ချွေးအိုင်ထဲ နစ်နေကြရှာ၏။

'ရွာထဲက အိမ်တစ်အိမ်မှာ မင်းတို့သားအမိ သွားနားကြပါလား။ ကလေး အပူရှပ်ပြီး ဖျားမှာ စိုးရတယ်'

ကျွန်မခင်ပွန်းက ပြောတော့ ကျွန်မတို့သားအမိ ကားလမ်းတောင်ဘက်ရှိ ဖက်တောရွာကလေးထဲ ဝင်ခဲ့ကြသည်။ မန်ကျည်းပင်ကြီးတွေ ဝိုင်းနေသော ခြေတံရှည်အိမ်ကလေး ရှိရာကို ကျွန်မသွား၍ နားခိုခွင့် တောင်းရပါသည်။ အိမ်ခြံဝိုင်းထဲ ဝင်လိုက်ကတည်းကပင် အေးစိမ့်သော အရသာထူးက ကျွန်မတို့ကို ဆီးကြိုပွေ့ဖက်လိုက်သလို ခံစားလိုက်ရ၏။ သည်နေရာမှာတော့ အေးမြခြင်းအတွက် ဓာတ်အားမလို။ သဘာဝတရားကပဲ သဘာဝအရသာ ပေးဝေထားလေသည်။

□

၄။

'အိုဗျာ... သဘောရှိ လာနားကြစမ်းပါလေ့။ ကျုပ်တို့က ကားပျက်တာ မြင်ကတည်းက စိတ်မရှမ်းသာလိုက်တာမှ၊ လာပြုခေါ်ချင်ပေသိ ခင်ဗျားတို့က မကြိုက်မှန်းသိ ကြိုက်မှန်းသိနဲ့မို့ အသာနေရတာ။ ထိုင်ထိုင်'

အိမ်ရှင်ဇနီးမောင်နှံက ဖော်ဖော်ရွေရွေ ရှိရှာပါသည်။ ကျွန်မတို့သားအမိကို ခြေတံရှည်အိမ်အောက်မှာ ခင်းထားသော တန်းလျားရှည်ကြီးတစ်လုံးပေါ် နေရာထိုင်ခင်းပေးရုံမက ရေနွေးပွဲ၊ လက်ဖက်ပွဲပင် တည်လိုက်သေး၏။ ခြေတံရှည် အိမ်ကလေးက အောက်ထပ်မှာ ကာရံမထားတော့ ဘေးပတ်လည်က လေတွေ လွတ်လွတ်လပ်လပ် ဝေ့ဝဲနေကြသည်။ မန်ကျည်းပင်ကြီးတွေဆီက ယက်ထုတ်လိုက်သည့် လေမို့ အေးလိုက် စက်လိုက်တာ မပြောပါနဲ့တော့ ဆိုသည့် အထဲက ဖြစ်၏။ ကားလမ်းဘေးက သစ်ပင်အောက်ထက်စာလျှင် မန်ကျည်းရိပ် ကောင်းကောင်းအောက်က ခြေတံရှည် အိမ်ကလေးက ပိုကောင်းသည် မဟုတ်လား။ အိမ်ရှင်တွေက လည်း သဘောမနော ကောင်းကြပါပေသည်။ သစ်ရိပ် ဝါးရိပ် အိမ်ရိပ်ထက် မေတ္တာဓာတ်၏ အေးမြသော အရိပ်ပါတကား။ ကျွန်မက ခင်ပွန်းသည်ကိုပါ လှမ်းခေါ်လိုက်သည်။

'ရေနွေးကြမ်းနဲ့ လက်ဖက်သုပ် စားကြဦး။ ကိုယ့်တောတော့ ရှိတာ ကျွေးရတာပဲ။ အားမနာနဲ့နေဦး... ခင်ဗျားတို့ ခြေညောင်းလက်ဆန့် လှဲချင် လှဲရအောင် အဲဟိုစင်ပေါ် ကျုပ် ရှင်းလိုက်ဦးမယ်'

ကျွန်မတို့က အားနာတား တားသော်လည်း အိမ်ရှင် ကိုစိုးနိုင်က ဇွတ်ရှင်းသည်။ ဆိတ်လေးငါးကောင်ရှိနေသည့် ဆိတ်ခြံဘေးက ကွပ်ပျစ်ကြီးကို တဘုန်းဘုန်းနှင့် ရိုက်ခါကာ သင်ဖြူးတွေ ခင်း၊ ခေါင်းအုံးတွေကို ပုဆိုးကောင်းပတ်ကာ ချပေးလိုက်ကြသေး၏။ သမီးကတော့ ဆိတ်တွေကို မမြင်ဖူးသဖြင့် အထူးအဆန်း ဖြစ်နေရှာသည်။ ခဏနေတော့ အိမ်ရှင့် ကလေးတွေနှင့် အဖွဲ့ကျကာ ဆိတ်ခြံထဲပင် ဆင်းဆော့နေလိုက်သေးတော့၏။ ကျွန်မခင်ပွန်းက ကက်ဆက်တစ်လုံးနှင့် ဖက်တောရွာ သဘာဝတွေကို မေးလေသည်။

'မန်ကျည်းပင်ကြီးတွေ အကြီးကြီးပဲနော် ကောင်းလိုက်တာ'

'ကောင်းတာတော့ ပြောမနေနဲ့တော့။ ကျုပ်တို့ မမွေးခင် ပဝေသဏီကတည်းက အပင်ကြီးတွေ။ ကျုပ်တို့ မိဘများတစ်သက် အခု ကျုပ်တို့တစ်သက် သည်မန်ကျည်းပင်နဲ့ စားနေရတာပဲ'

မန်ကျည်းပင်မှာ မန်ကျည်းရွက်နုကလေးတွေက ပုရစ်ဖူး စီနေသည်။ သည်မန်ကျည်းရွက်နု ကလေးတွေကို ခူးလိုသူ လာခူးနိုင်သည်ဆို၏။

'ကျုပ်တို့ဆီက မန်ကျည်းရွက်က ခင်ဗျားတို့ မန်းလေးထိ ရောက်တယ်။ ရန်ကုန်လည်း ရောက်တာပဲ'

'သည်မန်ကျည်း ရွက်ကလေးတွေ ကျွန်မတို့ မန္တလေးဘက် ရောက်တယ်ဆိုတော့ လမ်းခရီးမှာ ကြွေမကုန်ဘူးလား။ ကျွန်မဖြင့် မနက်ဈေးက ဝယ်လာပြီး မချက်ဖြစ်ရင် နောက်တစ်နေ့ ရိုးတံတခြား အရွက်တခြားဖြစ်တာ များလွန်းလို့'

'ခူးတာ နည်းမကျလို့ နေမှာပေါ့ဗျ။ ခူးတတ်ရင် ထားချင်သလောက် ထားစမ်း။ ဒီမှာ ခင်ဗျား ကျုပ်ပြောလိုက်မယ်။ မန်ကျည်းရွက်ခူးတဲ့နေရာမယ် အရွက်ကို သပ်ခူးရင် မခံဘူး လက်ပူမိရော။ အတက်ကလေးတွေ ဖဲ့ခူးမှ ခံတာ။ ပြီးရင် ရေစိုပုဆိုးနဲ့ ထုပ်ပြီး တောက်လျှောက်ပို့တာပဲ။ ရေခြောက် သွားလိုက် ပက်လိုက်နဲ့ သယ်လိုက်ရတာပေါ့။ ဟိုရောက်လို့ အထုပ်ဖြေလိုက်ရင် လတ်ကော့လို့ တစ်စက် မညှိုးဘူး'

ကိုစိုးနိုင်က ပြောပြောဆိုဆိုဖြင့် မန်ကျည်းကိုင်းတစ်ကိုင်းကို ထနှိမ်တဲ့ပြီး အတက်ဖဲ့စနစ်သုံးကာ ခူးပြလိုက်သေး၏။ သူ့ပုံကို ကြည့်ပြီး ကျွန်မစိတ်ထဲ ခင်မင်သွားမိသည်။ ကိုစိုးနိုင်၏ အစ်ကိုတော်သူ ကိုဌေးမောင်ကလည်း မန်ကျည်းပင် အသုံးဝင်ပုံတွေအကြောင်း အားရပါးရ ပြောပြပါသေးသည်။

'မန်ကျည်းရွက်ပြီးတော့ မန်ကျည်းသီးနုကလေးတွေ ပေါ်ပြီဆိုတာနဲ့ ခူးရောင်းကြတာပဲ။ မန်ကျည်းသီးနုချိန် ရောက်ရင် ကုန်သည်တွေ လာကြပြီပေါ့။ အသီးကြည့်ပြီး တစ်ပင်လုံး ပုတ်ပြတ်စနစ်နဲ့ အထွက်ခန့်မှန်းပြီး ဝယ်ကြတာပဲ'

မန်ကျည်းသီးဖိုးကချည်း တစ်နှစ်တစ်နှစ် ဝိုင်းထဲရှိသည့် အပင်တွေ သီးသမျှ တစ်သိန်း၊ တစ်သိန်းခွဲ ပြေးမလွတ်ဟု ဆိုသည်။ ငွေကြေးထက် မိမွေဖမွေကို တန်ဖိုးထားပြောနေမှန်း ကျွန်မ သိပါသည်။ ဖက်တောရွာကလေးက တောင်သူလယ်လုပ် ဓားမခုတ် ဘဝတွေဆိုသော်လည်း နွားမွေးကြ၊ ဆိတ်မွေးကြ တစ်ဖက်တစ်လမ်း ဝင်ငွေရှာကြသည်။ တောင်သူလုပ်ငန်း နားချိန်တွေမှာ ပန်းရံလုပ်ငန်း ဝင်သူကဝင်၊ လက်သမားလိုက်သူက လိုက်ကြသေးသည်။ စင်ကြယ်သော ဝင်ငွေဖြင့် ဝမ်းကျောင်းကြရှာသူတွေ။

'ဒါနဲ့ ခင်ဗျားတို့က နတ်မောက်သွားမှာဆိုတော့ အမျိုးရှိလို့လား'

'ကျွန်တော်တို့က စာရေးဆရာတွေပါ။ ကနေ့ည နတ်မောက်မှာ စာပေဟောပြောပွဲ ဟောရမှာလေ။ ကားပျက်တော့ မမီလောက်တော့ပါဘူး'

'အေးအေးသာနေ၊ နတ်ရထားနဲ့ ခေါ်လို့တောင် မမီဘူး။ ခရီးက ဝေးသေးပေါ့။ သြော်... သြော်... ခင်ဗျားတို့က စာဟောဆရာတွေပေါ့'

'ဟုတ်ပဗျာ။ ကျွန်တော်တို့က စာဟောဆရာတွေပါ။ ရေးလည်း ရေး၊ ဟောလည်း ဟောပေါ့။ အခုတောင် ကိုစိုးနိုင်တို့အိမ်လာပြီး ပြောဟောစားနေတာပဲ'

ကျွန်မခင်ပွန်းက အရွှန်းဖောက်လိုက်တော့ အိမ်ရှင်တွေက ရယ်ကြသည်။ ခဏအတွင်းမှာပင် ကျွန်မတို့ အချင်းချင်း ခင်မင်ရင်းနှီးသွားတော့သည်။ တောသူတောင်သားများ၏ မေတ္တာကား ပကတိဖြူစင်ရိုးသားလှပါသည်။

'ကိုင်း... ခင်ဗျားတို့လည်း တစ်မနက်စာလုံး ကားစီးလာရတာ ညောင်းမှာပေါ့။ ကွပ်ပျစ်ပေါ် သွားလှဲချည်ကြ၊ တစ်ရေးတမော အိပ်ကြ။ ကားက မပြီးသေးပါဘူးဗျ။ အိပ်ရာက နိုးရင် ရေရှိုး၊ ထမင်းလည်း ရှက်နေပြီ။ ညစာပါ စားသွားကြ'

'ဟာ... မလုပ်ပါနဲ့ဗျာ။ နားရ ခိုရတာကို ကျေးဇူးတင်လှပါပြီ။ ရေချိုး၊ ထမင်းစားတော့ သည်းခံကြပါ။ ကားလည်း ပြီးတော့မှာပါ'

'ဒီမှာ ခင်ဗျား ကျုပ် ပြောလိုက်မယ်။ ကျုပ်တို့က အိမ်လာလည်လှည့်ပါဆိုလို့ ခင်ဗျားတို့ မလာနိုင်ကြပါဘူး။ မှန်တာပြောတာ။ ကျုပ်တို့ကလည်း လမ်းမှာတွေ့လို့တောင် ခင်ဗျားတို့ကို သိတာမှုတ်ဘူး။ တစ်ယောက်နဲ့ တစ်ယောက် ရှေးက ဘဝရေစက်ရှိလို့ ဆုံကြရတာ။ သည်လိုမှ ထမင်း မကျွေးရရင် ဘယ်ကုသိုလ်ရလိမ့်မတုန်း'

ကျွန်မတို့ ကွပ်ပျစ်ပေါ် လှဲနေတုန်းမှာပဲ ကိုစိုးနိုင်က ရေပုံးနှစ်ပုံး ထဆွဲကာ စဥ့်အိုးထဲ ရေတွေ ထမ်းထည့်လေတော့သည်။ လေးနာရီတောင် ခွဲသွားပြီ။ ကျွန်မတို့ ဟောရမည့် နတ်မောက်မြို့ စာပေ ဟောပြောပွဲလည်း သည်ညကျင်းပဖြစ်စရာ မမြင်တော့။ စိတ်ကိုသာ ဒုံးဒုံးချလိုက်ရပြီ။ နာရီဝက်လောက် ခြေဆန့် လက်ဆန့် နားကြပြီးတော့ ကျွန်မတို့မိသားစု ရေချိုးကြသည်။ အေးလိုက်သည့် ဖက်တောတွင်းရေ။ ပူလောင်နေခဲ့သမျှ အေးမြလန်းဆန်းသွားရသည်။ ကျွန်မတို့ ရေချိုးနေတုန်းမှာပဲ ကိုစိုးနိုင်က မန်ကျည်းပင်ကြီး တစ်ပင်ပေါ် လွှားခနဲလွှားခနဲ တက်နေပြီ။ လမ်းပေါ်က ကားကြီးကတော့ တုတ်တုတ်မျှ မလှုပ်သေး။ ကားပြင်နေကြသူတွေခမျာ အတော်ကြိုးစားပမ်းစား လုပ်နေကြရရှာသည်။ နေကလေး ညိုသွားတော့ ခရီးသည်တွေ ကားဘေးမှာ စုကြပြန်ပြီ။ ကိုယ့်အစုကလေးတွေနဲ့ ကိုယ် ဟိုတစ်စု သည်တစ်စု။

'ကဲ... ဟောသည်မှာ မန်ကျည်းရွက်လက်ဆောင် ရေစိုဝတ်ကလေးနဲ့ ထုပ်သွား။ ခင်ဗျားတို့ နတ်မောက်က ပြန်လို့ မန်းလေးရောက်တဲ့အထိ ခံတယ်။ ကျုပ်တို့တောတော့ ဒါပဲ ပေးစရာရှိတာပဲ'

သည်စကားကြားရတော့ ကျွန်မ ဝမ်းနည်းသွားမိရသည်။ မန်ကျည်းရွက်နုလက်ဆောင်တဲ့လား။ ကိုယ့်တောရှိတာ ပေးရတာတဲ့လား။ မွန်မြတ်လှပသော လက်ဆောင်ပါတကား။

ကိုစိုးနိုင်က မန်ကျည်းရွက်တွေ တစ်ထုပ်ကြီး လက်ဆောင်ပေးနေစဉ်မှာ ကိုစိုးနိုင်၏ဇနီး မနီနီဝင်းက ထမင်းပွဲကြီး ပြင်ပါလေတော့သည်။ မန်ကျည်းရွက်နှင့် ငါးခြောက်ချက်၊ ကြက်ဥမွှေကြော်၊ လက်ဖက်သုပ်။ ဆရာကြီး ရွှေဥဒေါင်းစကားနှင့် ပြောရလျှင် ကျွန်မအတွက်တော့ မမေ့နိုင်သော ထမင်းတစ်နပ် ဖြစ်ရပါသည်။ ကျေးဇူးကြီးလှပါပေ့။

ခရီးလမ်းပန်း အဆင်မပြေ မချောမသာသဖြင့် စိတ်ညစ်ညူးမိရသော်လည်း နွေးထွေးလှိုက်လှဲသော ဖက်တောရွာ ကလေးမှာ တစ်နေခိုခွင့်ရသည့်အတွက်တော့ စိတ်ချမ်းမြေ့ ရပါ၏။ ကားပေါ်မှာ တစ်လမ်းလုံးလိုလို လူ့စိတ်သဘော၊ လူ့စိတ်မနောတွေကို မြင်ခဲ့ရပြီ။ အရောင်စုံ၊ အသွေးစုံ။ အခုလည်း ရိုးသားဖြူစင်လှစွာသော ကျေးတောနေ တောသူတောင်သားများ၏ စိတ်စေတနာကို မြင်ခွင့်ရပြန်သည်။ သည်ဓလေ့၊ သည်စရိုက်၊ သည်အရိုးခံ စေတနာတွေ ရှိနေ ပါသေးလားဆိုသည့် ခံစားမှုဝင်လာတော့ မျက်ရည်စို့အောင် ဝမ်းသာမိရပါ၏။

'ကဲ... ကိုစိုးနိုင် ကျွန်တော်တို့က မေတ္တာနဲ့ပေးတဲ့ လက်ဆောင်ကိုလည်း လက်ခံပါ။ တန်ဖိုးမရှိပေမယ့် အမှတ်တရပေါ့'

ကျွန်မတို့မှာ လျှပ်စစ်ဖြင့် ဓာတ်အားသွင်းရသည့် လက်နှိပ်ဓာတ်မီး တစ်ယောက်တစ်လက်စီ ပါကြသည်။ ဖက်တောရွာမှာ လျှပ်စစ်မီးရှိတာမို့ သူတို့အတွက် အသုံးတည့်လောက်သည့် လက်နှိပ်ဓာတ်မီးတစ်လက် လက်ဆောင်ပေးတော့ ကိုစိုးနိုင်တို့က ငြင်းကြသည်။

'တရှားဟာဆို ယူပါတယ်ဗျာ။ အခု ခင်ဗျားတို့က ခရီးသွားကြတာ မှုတ်လား။ လမ်းမှာ ခြေခင်းလက်ခင်း သုံးရမယ့် ခရီးဆောင်ပစ္စည်း မလိုရှင်ဘူးဗျာ'

ကျွန်မက ကျွန်မထံမှာ ပါလာသော နောက်ထပ် ဓာတ်မီးတစ်လက် ထုတ်ပြတော့မှ အားနာနာနှင့် ယူရှာသည်။ ကျွန်မခင်ပွန်းက ဓာတ်အားသွင်းခလုတ်ကလေးကို ထုတ်ပြီး ပလပ်ပေါက်မှာ ထိုးပြတော့ ကိုစိုးနိုင်က သဘောကျနေသည်။

ကျွန်မတို့မှာ ခြေညောင်းလက်ဆန့် နားပြီးပြီ။ ရေမိုးလည်း ချိုးပြီးပြီ။ ညစာ ထမင်းလည်း စားပြီးပြီ။ လက်က နာရီကိုကြည့်လိုက်တော့ ညနေ ၆ နာရီ ထိုးလုပြီ။ တစ်နေတောင် ဝင်သွားပါပြီကော။ ကားကြီးကိုတော့ ပြင်ကြဆင်ကြတုန်း။ လူတွေကလည်း စိတ်ရှည်လက်ရှည် ထိုင်စောင့်နေကြတုန်း။ မကွေး နတ်မောက်အထိ သွားချင်လို့ ခရီးကြုံ ကားလည်း မရှိ။ သည်မှန်လုံကား တစ်စီးသာ ထွက်သည် မဟုတ်လား။ လမ်းရွာကလေးတွေဘက်ဆီ ခေါက်တိုကူး နေကြသော ထော်လာဂျီကလေးတွေပင် အသွားအလာ သိပ်မရှိတော့ပါ။ ပေါ်လာသမျှ ထော်လာဂျီတွေပေါ်မှာလည်း ခရီးသည်တွေရော ကုန်တွေရော အပြည့်။ ဆိတ်တွေ၊ သိုးတွေ၊ ဝက်တွေ၊ ကြက်တွေပင် ပါလိုက်သေးသည်။

'ပစ္စည်းတပ်ပြီးသွားပြီတဲ့။ ကားကောင်းသွားပါပြီ'

ကားဆီကို သွားပြီး ကူညီနေသော ဖက်တောရွာသား ကိုဌေးမောင်က သတင်းကောင်းကို သယ်ဆောင်လာသည်။ ည ၇ နာရီလည်း ထိုးလေပြီ။

'ကားကောင်းတော့လည်း သွားတာပေါ့။ ကားပြင် မပြီးလည်း ကျုပ်တို့အိမ် အိပ်လို့ရပါသဗျာ'

'နတ်မောက်အထိ ဘယ်လောက် မောင်းရဦးမှာလဲ ကိုစိုးနိုင်'

'မောင်းရတာပေါ့ ငါးနာရီ၊ ရှောက်နာရီလောက်တော့။ ပျော်ဘွယ် နတ်မောက် ရှောက်ဆယ့်နှစ်မိုင် ခရီးရှိတယ်။ နည်းမှတ်လို့။ ခင်ဗျား ကျုပ် ပြောလိုက်မယ်။ ခင်ဗျားတို့ ည တစ်ရှက် နှစ်ရှက်လောက် ရောက်ရင် အာဂပဲ'

            မနီနီဝင်းတို့ တစ်တွေကို နှုတ်ဆက်ပြီး ကားလမ်းဘက် ကျွန်မတို့ တက်ခဲ့ကြသည်။ ခရီးသည်တွေအားလုံးလည်း ကားနား စုပြုံလာကြပြီ။ ကိုဌေးမောင်နှင့် ကိုစိုးနိုင်က ကျွန်မတို့ကို ကားပေါ် လိုက်ပို့ရင်း ခရီးကြုံတိုင်းဝင်ဖို့ ပြောကြသေးသည်။ ခဏတစ်ဖြုတ် ဆိုသလိုသာ တွေ့ကြဆုံကြရ သော်လည်း စိတ်ကောင်းနှလုံးကောင်းရှိသော မြေလတ်အညာမြန်မာတွေကတော့ အရိုးစွဲအောင် ဖော်ရွေစိတ်ထား နေကြဦးမှာ မလွဲ။ သည်မိသားစုနှင့် ခွဲရတော့ လွမ်းမိသလိုလို ဖြစ်ရသေးသည်။

ည ၇ နာရီခွဲတော့မှ ကားကြီး နိုးလာကာ နတ်မောက်ဘက်ကို ဦးတည်မောင်းနှင်လာခဲ့နိုင်သည်။ ဖက်တောရေ... နှုတ်ဆက်ခဲ့ပါရဲ့။

□

၅။

'ကားမီးပိတ်လိုက်စမ်းပါဗျို့... သည်မှာ ပိုးကောင်တွေ မျက်သိတောင် ဖွင့်လို့မရဘူး'

            ကားက ထွက်စဆိုတော့ မကြာမကြာ ကားရပ်ကာ လိုက်လံစစ်ဆေး နေရသည်။ ကားစက်ရှိန် လျှော့လိုက်တိုင်း လမ်းဘေးခြုံပုတ်တွေထဲမှာ အောင်းနေသော ပလူကောင်တွေ၊ ပိုးဖလံတွေ၊ ပိုးတောင်မာတွေက မီးဖွင့်ထားသည့် ကားမီး ရောင်ဆီ အလုအယက် တိုးဝင်လာကြသည်။ ကျွန်မတို့ သားအမိမှာ တဘက်တစ်ထည်ဖြင့် ရိုက်ချနေရ၏။ ကားမီးပိတ်လိုက်တော့လည်း မှောင်နှင့်မည်းမည်း။ လမ်းဘေး ဝဲယာရှိ သစ်ပင်ခြုံပုတ်များ၊ မိုင်တိုင်များ၊ ရွာကလေးများကို ကားဆလိုက် မီးရောင်ဖြင့် အပြေးအဖြန်းသာ မြင်ရ၏။ အမှောင်ထဲကနေ ဝိုးတဝါး လှမ်းမြင်လိုက်ရသော ရွာအမည်ကလေး တွေကိုလည်း ခေါင်းထဲမှာပဲ တေးမှတ်ထားလိုက်ရတော့၏။

ကုက္ကိုခါးလှ၊ ရနောင်၊ ညောင်ကုန်း၊ သဖန်းချောင်း၊ ရွာတော်၊ စိုင်ကောင်း၊ ဗူးတော၊ ဃဲကြီး၊ ကျားထူး၊ ရွာမွန်၊ လေးအိမ်၊ ကျွဲမကျ၊ ....။ ကားလမ်းဘေးတစ်လျှောက် ရွာစဉ်အတိုင်း မဟုတ်သော်လည်း ကျွန်မ ခေါင်းထဲစွဲနေသော ပျော်ဘွယ်နတ်မောက်နယ်က အညာရွာကလေးများ ဖြစ်ပါ၏။

မနက်စာ စားမည်ဆိုသော ရနောင်ရွာကလေးကို ရောက်တော့ ညစာစားဖို့ ကားရပ်ပေးသည်။ ခရီးသည်တချို့လည်း ထမင်းစားကြသည်။ ကျွန်မတို့ နှစ်ယောက်ကတော့ ကော်ဖီတစ်ခွက်စီပဲ သောက်လိုက်ကြပါသည်။ နှစ်နာရီ၊ သုံးနာရီလောက် မောင်းမိတော့ လမ်းဆင်းခရီးသည်တွေ ဆိုင်ရာဆိုင်ရာ ရွာကလေးတွေမှာ ဆင်းကြသည်။ တချို့လည်း အချိန်တွေ လင့်နေတော့ တစ်ရွာ့တစ်ရွာ မကူးနိုင်ကြတော့။ ကြုံရာရွာမှာ ညအိပ်ကြရမည်ဆို၏။ ကားထွက်လာတော့ အမှောင်ထဲမှာ စမ်းတဝါးဝါး ပျောက်ကွယ်သွားကြသော ခရီးဖော်များကို ကျွန်မ လှမ်းကြည့်ဖြစ်ခဲ့သည်။ မကြာခင်မှာပဲ ကျားထူး ချောင်းခြောက် ကျယ်ကျယ်ကြီးထဲ ကားဖြတ်မောင်းလာခဲ့သည်။ အမှောင်ထဲက လှမ်းကြည့်ရသော်လည်း ချောင်းကြီးက ကျယ်လွန့်မှန်း သိသာလှသည်။

'ကျွန်တော်တို့ မကွေးနတ်မောက်ကားတွေမှာ အဆိုရှိတယ်။ ကျားထူးကို မကျော်နိုင်ရင် မန္တလေးမရောက်ဘူးတဲ့။ အခုထိတော့ မိုးချောင်းကျတာ မကြုံဖူးသေးဘူး'

စပယ်ယာကောင်လေးက ပြောနေခြင်း ဖြစ်၏။ ရွာမွန်ရွာကို ရောက်တော့ မီးရောင်တွေ လင်းနေတာ တွေ့ရသည်။ ရွာမွန်လမ်းဆုံမှ လမ်းညွှန်ဆိုင်းဘုတ်ကြီးကတော့ အချိန်အခါမရွေး ရောက်လာတတ်သော ခရီးသည်များကို တာဝန်ကျေပွန်စွာ လမ်းညွှန်ပေးနေ၏။ မကွေးနတ်မောက်ဘက်သို့ တစ်လမ်း၊ ကျောက်ပန်းတောင်းသို့ တစ်လမ်း၊ ပျော်ဘွယ်သို့ တစ်လမ်း။ ရွာမွန်လမ်းဆုံက ကားထွက်တော့ ညသန်းခေါင် ချဉ်းခဲ့ပြီ။

'ဂွေးချိုဖုံကုန်း ဇရပ်ပါတယ်။ ရှေ့နား ဆင်းမယ်ဗျို့'

ကျွန်မတို့နောက်ခုံမှာ ထိုင်လိုက်လာသော ခပ်ရွယ်ရွယ် ဇနီးမောင်နှံက ကျွန်မတို့သားအမိကို နှုတ်ဆက်သည်။ သည်ဇနီးမောင်နှံက ဂွေးချိုမြောက်ရွာကဟု ဆိုသည်။

'သည်ညတော့ ရွာဘက်သွားနိုင်မှာ မဟုတ်ဘူး။ ချောင်းကူးရဦးမှာလေ။ မနက်မှ ရွာကို သွားရမှာ။ သွားမယ်နော် အစ်မ'

ဂွေးချိုဖုံကုန်းဆိုတာ ဆရာကြီး သခင်ဘသောင်း၏ ဇာတိရွာကလေး ဖြစ်၏။ ကားပြတင်းက ခေါင်းပြူပြီး မြင်ရသမျှ လှမ်းကြည့်ရင်းက သည်လိုတောနယ်ကလေးက သမိုင်းဝင် မျိုးချစ်သူရဲကောင်းတွေ ထွက်တဲ့နယ်ပါလားလို့ ခံစားမိရပါသည်။ ဆရာကြီး၏ 'ပန်းသာမစာအု' ဝတ္ထုထဲမှာ ဖွဲ့နွဲ့ထားသော ပေပင်ကုန်းရွာကလေး၏ သဘာဝအလှအပ ကလေးတွေများ တွေ့ရလေမလား အမှောင်ထဲမှာပဲ ကျွန်မ မှန်းဆကြည့်လိုက်ရပါသည်။ ကားဆင်းတွေများလာတော့ နတ်မောက်ကို သိပ်မဝေးတော့ဟု ဆိုသည်။ မကြာခင်မှာပဲ ကျွန်မတို့ ရောက်လိုသော နတ်မောက်ကို ရောက်လာခဲ့ပြီ။

'နတ်မောက်မြို့'

မီးရောင်ထဲမှာ လှမ်းမြင်လိုက်ရသော မြို့ဆိုင်းဘုတ်ကြီးက ကျွန်မရင်ကို နွေးစေခဲ့ပြီ။ မနက် ခြောက်နာရီက ကျွန်မတို့ စီးလာခဲ့သော မှန်လုံကားကြီးသည် ညတစ်နာရီ သာသာလောက်မှာ မီးရောင်တွေ လင်းနေသည့် နတ်မောက်ကို ဝင်ခဲ့ပြီ။ ခရီးက မကွာလှမ်းလှသော်လည်း နတ်မောက်ကို ရောက်ဖို့ အချိန်တွေ အများကြီးပေးလိုက်ရသည်။ ခရီးလမ်းမှာ မကြာသင့်ဘဲ ကြာခဲ့ရ၏။ အချိန်တွေ လင့်ခဲ့သော်လည်း နောက်ဆုံးတော့ နတ်မောက်ကို ရောက်ရပြီကော။ ကျွန်မတို့မိသားစု နတ်မောက်မြို့ကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်ခဲ့ပြီကော။ သမီးကလေးတောင် နိုးနေပေါ့။

မှန်လုံကားကြီးပေါ်က ကျွန်မတို့မိသားစုဆင်းကာ နတ်မောက်မြေကို ခြေချလိုက်မိသည်နှင့် ကျွန်မရင်တွေ သိမ့်ခနဲ ခုန်မိရသည်။ စာပေကော်မတီဝင်တွေ ကြိုဆိုနေကြပြီ။ ကားပျက်သည့် သတင်းရသည်ဆိုကတည်းက စာပေပရိသတ်ကို တောင်းပန်ပြီး ပြန်လွှတ်လိုက်ရသည် ဆို၏။

'ကိုင်း နားကြဦး။ မနက်တော့ နတ်မောက်ဈေးကိုလည်း လိုက်ပြပါ့မယ်။ ဗိုလ်ချုပ်အောင်ဆန်းနေအိမ် ပြတိုက်ရော၊ ရုပ်တုပန်းခြံရော မြင်းလှည်းနဲ့ လိုက်ပို့ပါ့မယ်။ ညဘက်မှာ လည်း အားရပါးရ ဟောပေးကြပါဦး'

သည်လို ဆိုပြန်တော့ အမောတွေ ပြေရပါပကော။

နတ်မောက်မြို့၏ မနက်ခင်းကို ကျွန်မ မြင်ချင်လှပြီ။

▀

ခင်ခင်ထူး

(အမှတ် ၂၀၇၊ ဖေဖော်၀ါရီလ၊၂၀၀၇ ရွှေအမြုတေမဂ္ဂဇင်း။)

 

 

 

 


Related Articles

ရွှေသုတ‌
...
ကြည့်ဖြစ်တဲ့ကဇာတ်
ဝင်းငြိမ်း

တကယ်တော့ တိရစ္ဆာန်တွေရဲ့ စိတ်ကိုမဆိုထားနဲ့ အသိပညာရှိတဲ့ လူတွေရဲ့စိတ်ကိုတောင် အစိုးမရဘူးမဟုတ်လား။ လေထဲကျမှ သူ့စိတ်ကူးပေါက်လာရင် ကိုင်ပေါက်လိုက်လို့ ဒုက္ခများသွားနိုင်တယ် မဟုတ်လား။

ရွှေသုတ‌
...
စာရေးဆရာ မြသန်းတင့်၏ ပဲဆွတ်ချိန်ဇာတ်လမ်းကို ခံစားခြင်း
စည်သူမြသန်း

လရောင်အောက်တွင် ပန်းရိုင်းလိုလှနေသော မြညွန့်၏ အလှကို ငေးမောကာ ကြည်နူးနေမိပါသည် ကျွန်တော်သည် မြညွန့်၏အလှကို မအိပ်ဘဲ မစားဘဲ ထိုင်၍သာ ကြည့်နေချင်ပါသည် မြညွန့်အား ညစ်ညမ်းသောကိစ္စများနှင့် ရောထွေး၍ မတွေးလိ...

ရွှေသုတ‌
...
ယမုန်နာနှင့် လင်္ကျာမင်းထင်နှင့် တက္ကသိုလ်သုမောင်
မောင်သန်းဆွေ ၊ထားဝယ်၊

ယမုန်နာပတ်ပျိုး စပ်ဆိုသည့် စာဆိုရှင်ကို ပီပီပြင်ပြင် မသိရသော်လည်း လကျ်ာမင်းထင် ရေးသည်ဟူ၍ ပြောကြသည်လည်း ရှိ၏။ ဤသည်ကား တစ်ဆင့်စကားဖြင့် ပြောလာကြရာမှ ဖြစ်ပေါ်လာသောအဆို ဖြစ်ပါသည်။