စွမ်းရယော်ဓာ
လက်ဝှေ့ကြိုးဝိုင်းရဲ့ ပြင်ပမှာတော့ ကျွန်တော်ဟာ ဘယ်လိုအခွင့်အရေးပဲရရ ဘယ်သူ့ကိုမှ အလဲမထိုးရက်ခဲ့ပါဘူး။ တကယ်ပါ။
(က)
သူများတွေအတွက် ရယ်ဖို့ကောင်းပြီး
ကျွန်တော့်အတွက် စိတ်ညစ်ဖို့ကောင်းတဲ့ အဖြစ်အပျက်တွေရဲ့ အစနေ့ဟာ
မိုးတွင်းကြီးတန်မဲ့ နေပူပြီးရောက်လာတာ...။ ရာသီဥတုက နိမိတ်ပြနေသလိုပဲ။ အဲဒါ
ကျွန်တော့်ချစ်သူ ငယ်လေးက ခေါ်လာတာ။ အဲဒါကြီးကို ငယ်လေးကပဲ ကျွန်တော်နဲ့
မိတ်ဆက်ပေးတာ။
'စိုးစိုး၊
ဒါ ငါ့ရည်းစား သွန်းခ'တဲ့။
အဲဒီတစ်ယောက်က ဘောင်းဘီအိတ်ထဲ
လက်နှိုက်၊ ကျွန်တော့်ကို မိုက်ကြည့် ကြည့်နေသေးတယ်။ ပြီးတော့မှ ငယ်လေးဆီ
ပြန်လှည့်ကြည့်လိုက်ပြီး 'ဟူး ... ငါနောက်ကျသွားပြီ။ ထားပါတော့၊ ဒါပေမယ့် ငါ ဘယ်တော့မှ
အရှုံးပေးသွားမှာ မဟုတ်ဘူး ငယ်လေး။ ဒါဟာ ငါ့ရဲ့ ပြင်စရာမလိုတဲ့ ဆုံးဖြတ်ချက်ပဲ'တဲ့။ အမလေးလေး လာလှချည်လား။ သူက ပြီးတော့မှ ကျွန်တော့်ဘက် ပြန်လှည့်ပြီး
ဘိုဆန်ဆန် လက်ကမ်းပေးနေသေးတယ်။ ယောကျ်ားကောင်း ပီသနေလိုက်တာ။ 'ကွန်ဂရက်ကျူလေးရှင်းပါ ကိုသွန်းခ'တဲ့...။
ကျွန်တော်ကလည်း အစကပဲ စိတ်ထဲကလိတိတိ
ဖြစ်နေတာနဲ့ အဲဒီတစ်ယောက်ကို 'မဟုတ်တာဗျာ။
ကျွန်တော့်ရည်းစားရှေ့မှာတော့ ထားဦး။ ကွယ်ရာမှာတောင်မှ ကျွန်တော်က မိန်းကလေးတွေကို
လက်မကိုင်ရဲဘူး'လို့ ပြောပစ်လိုက်တယ်။ ရုတ်တရက် ငယ်လေးလည်း
မျက်လုံးပြူး သွားတယ်။ အဲဒီတစ်ယောက်ကလည်း ဆတ်ခနဲ ကျွန်တော့် အင်္ကျီကော်လံစဆွဲပြီး
လက်သီးနဲ့ ကျွန်တော့်ကို ရွယ်လိုက်တယ်။ ပြီးတော့မှ တောက်တစ်ချက်ခေါက်ပြီး
ပြန်လွှတ်ပေးလိုက်တယ်။ ကျွန်တော် ထင်သားပဲ ဒီလို ဖြစ်မယ်ဆိုတာ။ 'ယောကျ်ားလျာ'တွေက သူတို့ကို မိန်းမလို့ပြောရင်
သိပ်နာတာ မဟုတ်လား။
(ခ)
ကျွန်တော်နဲ့ ငယ်လေးက
ရည်စားဖြစ်တာဖြင့် ကြာလှပြီ။ ငယ်ချစ်တွေ။ မကြာခင်ပဲ ငယ်လင်ငယ်မယား ဖြစ်တော့မှာ။
ခုကျမှ အဲဒီတစ်ယောက်ကို ငယ်လေးက ကွန်ပျူတာသင်တန်းက ရှာတွေ့လာတာတဲ့။ သင်တန်းကာလ
နှစ်ရက်သုံးရက်အတွင်း အတင်းဝင်ရော၊ သင်တန်းကာလ ၁၅ ရက် အကြာမှာ ရည်စားစကား ပြောလို့
ဘယ်လိုမှ သူ ရှင်းလို့ မနိုင်တဲ့အဆုံး မိငယ်လေး (အကောင်းစားမ)က တစ်လပြည့်တဲ့နေ့
ကျွန်တော့်ဆီခေါ်ပြီး မိတ်ဆက်ပေးတာတဲ့။ ပြဿနာက အဲဒီလို။ လုပ်လိုက်ဟ ငယ်လေးရ။
အဲဒီနောက်ပိုင်းမှာတော့ အဲဒီတစ်ယောက်က ကျွန်တော့်တို့ သွားလေရာ ကောက်ကောက်ပါအောင်
လိုက်လာတော့တာပါပဲ။ ကန့်လန့်ကန့်လန့်နဲ့။ သူတို့သဘာဝ ကန့်လန့် ကန့်လန့်မို့
သိပ်မဆန်းပေမယ့် ကျွန်တော်တို့နှစ်ယောက်ကြားထဲဝင်ပြီး ကန့်လန့်ကန့်လန့်
လုပ်နေတာလောက် စိတ်ညစ်ဖို့ကောင်းတာ မရှိဘူး။
ကျွန်တော် ဘယ်လိုလုပ်ရမလဲ၊
အမျိုးမျိုး စဉ်းစားကြည့်သေးတယ်။ သူ့ကို မိန်းမစိတ် ပြန်ပေါ်လာအောင် တစ်ယောက်ယောက်ကို
ကြိုက်ခိုင်းလိုက်ရမလား။ ခက်တယ်၊ သူကလည်း ငယ်လေးကိုချည်းပဲ ပြန်ပြန်ကြိုက်နေတာ။
ဘယ်ရမလဲ၊ ကျွန်တော်ကတော့ သူ့ကို ကြုံရင်ကြုံသလို ရည်းစားစကား ပြောတယ်။ သူက ဒေါတွေ
တခွီးခွီးနဲ့...။
သူက ပုံစံတစ်မျိုးမို့လို့ပေါ့။
မိန်းမအစစ်သာဆို လှလိုက်မယ့်ဖြစ်ခြင်း...။ ငယ်လေးထက်တောင် ပိုချောသေး။ ငယ်လေးကလည်း
သူ့ကို တော်တော်ခင်နေပုံရတယ်။ မခင်ဘဲ ရှိပါ့မလား။ ကျွန်တော်တောင်
ကိုယ့်ရည်းစားကိုယ် သူ့လို တစ်ခါမှ မယုယဖူးဘူး။ သူကမှ အင်္ကျီဝယ်ပေးရ၊ မိတ်ကပ် ဘူး
ဝယ်ပေးရ၊ ဘယ်နေ့က ငယ်လေး ဘာအရောင် အဝတ်အစားဝတ်တာကို တစ်လစာ အနှစ်ချုပ် ပြောရနဲ့။
အမလေး...လက်သည်းနီ ဆိုးပေးရ၊ ခြေသည်း ညှပ်ပေးရ။ တစ်ခါတစ်ခါ မုန့်တွေ ဘာတွေများ
ခွံ့ကျွေးနေသေးတယ်။ ရည်းစားစင်စစ် ဧကန်ဖြစ်တဲ့ ကျွန်တော်မျိုးကြီး အလုပ်လက်မဲ့ကို
ဖြစ်လို့။
ပြဿနာတော့ သိပ်မရှိဘူး။ ကျွန်တော်က
အစက ဒါတွေ မလုပ်တတ်ဘူး။ သိလည်း မသိဘူး။ ဘောက်ဆင် (Boxing)
သမားတစ်ယောက်အနေနဲ့ လက်ဝှေ့အိတ်ကို ဘယ်လိုစွပ်ရမယ်၊ ဘယ်လိုလာတဲ့ လက်သီးကို
ဘယ်လိုရှောင်ရမယ်၊ လူတစ်ဦးရဲ့ မေးရိုးကို ခြောက်လက်မအကွာက ဘယ်လိုထိုးရင်
ပစ်လဲမယ်ဆိုတာပဲ သိတယ်၊ တတ်တယ်။ ခက်တာက ဒီပွဲက လက်သီးလောက်မဟုတ်။ လက်နက် ပုန်းတွေ၊
အဆိပ်မြားတွေ၊ နှင်းတောင်မီးခွဲ အဆိပ်သိုင်းပညာတွေပါ ပါလာတာပါပဲ။
(ဂ)
အစပိုင်းတော့ မိန်းကလေး
အချင်းချင်းဆိုပြီး ကျွန်တော်က ရယ်ချင်ပက်ကျိနဲ့ ကြည့်ထားတာပါပဲ။
ကျွန်တော့်ဗီဇကိုက အသေးအဖွဲတွေ ဇာချဲ့ပြီး စိတ်ကောက်၊ ဂျီကျတာတို့ မလုပ်တတ်တာလည်း
ပါတယ်။ ပြီးတော့ ငယ်လေးကိုယ်တိုင်က ခုချိန်အထိ ဘယ်ယောကျ်ားလေးနဲ့မှ ကျွန်တော်
သဝန်တိုစရာ မနေတတ်ခဲ့တာလည်း ပါတယ်။ ဒါပေမယ့် အဲဒီတစ်ယောက်နဲ့က တဖြည်းဖြည်း
ဘာမှန်းမသိ ဖြစ်လာပါရော။ အဲဒီ တစ်ယောက်ကလည်း တစ်ခါ တစ်ခါ ကျွန်တော်တောင်
ယောကျ်ားလို့ ထင်လာရတာမျိုး။
ဒါနဲ့ ငယ်လေးကို ဆင်ဆင်ခြင်ခြင်နေဖို့
ပြောကြည့်တော့ ငယ်လေးက တအံ့တသြနဲ့ 'သွန်းခ... နင်
သဝန်တိုနေတာလား'တဲ့။ 'မိန်းကလေးအချင်းချင်းပဲဟာ။
နောက်တော့ သူ့ဟာသူ ပြီးသွားမှာပေါ့' တဲ့။ ကဲဗျာ
ဘာပြောရဦးမလဲ။ တစ်ခါ တစ်ခါတော့ ကျွန်တော်က သူ့ဟာသူ နာပြီး၊ ရှက်ပြီး သူ့ဘဝအမှန်ကို
မြင်ပါစေတော့လို့ (မြေကြီးလက်ခတ်မလွဲ စေတနာပါ) ညစ်ညစ်ပတ်ပတ်တွေ လျှောက်ပြော
ကြည့်သေးတယ်။ 'မအပ်မရာတွေ မကြံစည်ပါနဲ့ မစိုးစိုးရယ်။ AIDS ကို အားပေးအားမြှောက်လုပ်တယ်ဆိုတာ။ မိခင်ကမ္ဘာကြီးရဲ့ မျက်နှာကို
အိုးမဲသုတ်ရာ ကျပါတယ်ဗျာ' ဆိုတော့ အမလေးဗျာ၊ သူက
ဒေါသထွက်လိုက်တာများ။ ပြီးတော့ သူက ပြောလိုက်သေး၊ ဘာတဲ့။ 'ကျွန်တော့်အချစ်က
ခင်ဗျားအချစ်ထက် အဆများစွာ ပိုမြင့်မြတ်တယ်ကို သွန်းခ။ ကျွန်တော်က ခင်ဗျားတို့လို
အတွေ့ကို ချစ်တာလို့ ထင်နေလို့လား။ ကျွန်တော့်အချစ်က ပလေတိုးနစ်လာ့ဗ်၊ အငွေ့ကို
ချစ်တဲ့ အချစ်'တဲ့။ ပိုင်ပါ့ဗျာ။ အံမယ် ...အံမယ်
(မယ်မင်းကြီးမ) ငယ်လေးက လက်ခုပ်လက်ဝါးတီးပြီး အားပေးနေသေး။ ကိုယ်တော်... အဲ...
အစ်မတော်...အဲ... အစ်ကို တစ်ဝက်အစ်မတစ်ဝက်တော်က သဘောတော်ကျ၊
မနောတော်ခွေ့တော်မူသဗျာ။ ပြုံးနေလိုက်တာများ မိန့်မိန့်ကြီး။
ကျွန်တော် မနိုင်တဲ့အဆုံး ငယ်လေးကို
ပြန်အကြံပေးကြည့်တယ်။ သူ့ဘဝအမှန်ကို ပြန်သိပြီး အမှန်အတိုင်း ပြန်နေအောင်
စည်းရုံးကြည့်ဖို့။ ငယ်လေးကလည်း 'မရဘူး သွန်းခရဲ့ မရဘူး။ ပြောလို့ကို
မရဘူး။ ငါ့ကိုချည်းပဲ ကြိုက်နေတာ။ ဒါပေမယ့် စိုးစိုးက သဘောသိပ်ကောင်းတာ' တဲ့။ ခက်တယ်။ အခြေအနေက ဒီလောက်နဲ့ပြီးသွားရင် ဘာမှ ပြောစရာမရှိဘူး။
ဒီလောက်ကို အားအားယားယား ပြောရတာလည်း ဝါသနာ မပါပါဘူး။
တဖြည်းဖြည်းနဲ့ ငယ်လေးနဲ့
စိုးစိုးတွဲနေတယ်ဆိုတဲ့သတင်းကလည်း ပျံ့နှံ့လာတယ်။ အဲဒါကြောင့် ခက်တာ။
သူငယ်ချင်းတွေကလည်း ကျွန်တော့်ကို လာလာပြီး မေးကြ၊ စကြ။ အစကတော့ ကျွန်တော်
သတိမထားမိပေမယ့် နောက်ပိုင်း ငယ်လေးက ကျွန်တော့်ထက်တောင် သူ့ကို ပိုအရေးပေး
လာသလိုလိုပဲ။ အားရင် အားသလို ဂျီကျပြီး ဟိုခေါ်ဒီခေါ် လုပ်နေကျအမျိုးသမီးကလေးက
ခုတော့ သူ့ဟာသူ ဘာသံမှ မထွက်တော့ဘူး။ ပထမတော့ သက်သာသွားလို့ ပျော်နေတာ။ ဒါပေမယ့်
အခြေအနေက တစ်မျိုးကြီး ဖြစ်လာတယ်။
ကျွန်တော့်ရှေ့မှာ ဟိုတစ်ယောက်က
ငယ်လေး လက်ကိုကိုင်လို့။ ငယ်လေးကလည်း ရှက်ပြုံးလေး ပြုံးလို့။ တစ်ခါတစ်ခါ
ကျွန်တော့်စိတ်ထဲ သိပ်ရှုပ်လာတယ်။ ဘာလဲဟ၊ ငယ်လေးရာ ဘာတွေလဲ၊ ဘာတွေလဲ...။
တစ်နေ့ ကျွန်တော် သဲအိတ်ထိုးနေတုန်း
လေ့ကျင့်ဖက်သူငယ်ချင်းတစ်ယောက်က အနားကပ်ပြီး နောက်ပြောင်သွားတယ်။ 'ကြည့်လည်း
လုပ်ဦး ကိုသွန်းခ။ ကြာရင် ကျန်ရစ်ဖြစ်နေမယ်။ ယောကျ်ားချင်း ကျန်ရစ်ဖြစ်ရတာကမှ
အသည်းကွဲကောင်းသေး။ အဲဒီဟာကြီးဆီမှာ ကျန်ရစ်ဖြစ်လို့ကတော့ ကဗျာမဆန်ဘူး' တဲ့။ ကျွန်တော် ဒေါသထွက်ထွက်နဲ့ သဲအိတ်ကို ဖိဖိ ထိုးနေမိတယ်။ ကိုယ့်ရည်းစား
ကိုယ်ပြန်လုရမယ့်သဘော ဖြစ်လာတယ်။ ပြန်လုရမယ့် ပြိုင်ဘက်ကလည်း ကြည့်ဦး။
လူမှန်းသိတတ်စကပဲ လေ့ကျင့်ပြီး
ထိုးလာတဲ့ လက်သီးဘယ်လောက်ပြင်းသလဲ မမေးနဲ့။ ပထမအချီစပြီး မကြာခင်
ဒီလက်သီးတစ်ချက်နဲ့ ဒိုင်ပွဲရပ်ခဲ့ရတာတွေ မနည်းဘူး။ ဒါပေမယ့် အဲဒီတစ်ယောက်မျက်နှာက
လက်သီးနဲ့ထိုးဖို့ မကောင်းဘူး။ ဘာလုပ်ဖို့ ကောင်းသလဲ။ ဘာလုပ်ဖို့မှကို မကောင်းတာ။
(ဃ)
ဒီနေ့ပွဲက အပျော်တမ်းပွဲဆိုပေမယ့်
မထင်မှတ်ဘဲ တော်တော်စည်သွားတယ်။ လောင်းကြေးသမားတွေတောင် တော်တော်များပုံရတယ်။
ကျွန်တော်နဲ့ ဗလထိုးမှာ။ ဗလက နာမည်ကြီး။ သူ့ပွဲတွေ ကြည့်ဖူးပါတယ်။ တော်တော်ကြည့်ကောင်းတယ်။
ခု သူနဲ့ကျွန်တော်ဆိုတော့... သူ့အကြောင်းတွေ ကျွန်တော် လေ့လာထားတာထက် ဗလက
ကျွန်တော့်အကြောင်းတွေ ပိုသိနေကြောင်းကို ပွဲပြီးလို့ အိမ်ပြန်ခါနီးမှသိတာ။
ဗလရဲ့ပညာကတော့ တကယ်ကို
လေးစားလောက်ပါတယ်။ သက်လုံကို ချွေတာပြီး တစ်လုံးကောင်း ဖြောင့်လက်သီးတွေနဲ့ ထိုးတာ။
လှန့်ထိုးတာ၊ ရမ်းထိုးတာ လုံးဝမရှိဘူး။ နောက်ပိုင်း အချီတွေမှာမှ ကျွန်တော်
သက်လုံကို ဖြုန်းလိုက်မိတာ နောင်တရသွားတယ်။ ကျွန်တော် မောလောက်မယ့်အချိန်ကျမှ
ဗလရဲ့လက်သီးတွေက မိုးရွာသလို ရွာပြီး ခြေနင်း စက်ချုပ်သလို
မြန်ဆန်တိကျတဲ့နှုန်းနဲ့ ထိုးလာတာ။ နာမည်ကြီးလောက်ပါပေတယ်။ သူ့မျက်နှာမှာ သူ
ပြုံးလေ့ ရှိတဲ့အတိုင်း လောကကြီးကို အနိုင်ရတဲ့အပြုံးမျိုးနဲ့။ ဒီအချိန်မျိုးမှာ
ကျွန်တော့်ရဲ့ သမာဓိ ထိုင်ဖူးတဲ့အလေ့အထက အမှတ်မထင် အကျိုးပေးလာပါတယ်။ အာရုံစုပြီး
ကြည့်လိုက်တဲ့အခါမှာ မြန်ဆန်လွန်းတဲ့လက်သီးတွေကို တစ်လုံးချင်းစီ ဖြည်းဖြည်းလေး
မြင်လာရပါတယ်။ ဒီအချိန်မျိုးမှာ ခေါင်းကို အတင်းငုံ့မရှောင်မိစေနဲ့။
လက်သီးတစ်လုံးစာလောက် တွက်ပြီး အသာလေး ငဲ့ငဲ့ရှောင်ပေး။ နည်းနည်းလေး
ပိုငုံ့သွားတာနဲ့ နောက်တစ်ချက်အမော့မှာ မင်းမေးရိုး ကျိုးပြီလို့သာမှတ်တော့
သွန်းခရေ။ ကိုယ့်ကိုယ်ကိုယ် သတိပေးရင်း ကျွန်တော် ကံကောင်းသွားပါတယ်။
တစ်မိနစ်ခွဲလောက် အတွင်း ကျွန်တော့်ကို ပွဲသိမ်းပြီလို့ ယုံကြည်ပြီး ထိုးပစ်တဲ့
ဗလက သူ့လက်သီးတွေ တစ်ချက်မှ မထိတဲ့အခါ အံ့သြသွားပုံရပါတယ်။ အဲဒီ အချက်ကလေးပဲ သူ
ကံဆိုးသွားတယ်။ ကြိုးဝိုင်းပေါ်မှာ အံ့သြခွင့် မရှိကြောင်းသိတဲ့ အချိန်မှာ ဗလ ကြမ်းပြင်ပေါ်မှာ
ပက်လက်လန်လဲနေပြီ။ တစ်ကနေ တစ်ဆယ် လွန်သွားပြီးတဲ့နောက်မှ ဗလကြိုးဝိုင်းပေါ်မှာ
ဒယိမ်းဒယိုင်နဲ့ ထရပ်လာတယ်။
ပရိသတ်ရဲ့ လက်ခုပ်သံတွေ၊
တောက်ခေါက်သံတွေကြားက ဗလ ကျွန်တော့်ကို ကြည့်တဲ့အကြည့်က သူ့အရှုံးကို သူ လုံးဝ
မကျေနပ်တာ သိသာပါတယ်။ သူ့ဘက်က ကြည့်ရင်လည်း မချင့်မရဲ ဖြစ်စရာ မဟုတ်လား။ ပွေ့ဖက်
နှုတ်ဆက်ပြီးတဲ့အချိန် သူ့ အပြုံးထဲမှာ နားလည်မှုတွေနဲ့ ပြည့်လို့လျှံလို့။
ပွဲပြီးလို့ စားကြသောက်ကြနဲ့
နောက်ဆုံး အိမ်ပြန်ခါနီးလောက်မှာ ဗလ ကျွန်တော့်တို့ဆီ ရောက်လာတယ်။ သူတစ်ယောက်တည်း။
တော်တော်များများ သောက်ထားပုံရတယ်။ ရီတီတီနဲ့ ကျွန်တော့်ကို ကြည့်ပြီး
ပြောသွားတာတွေက ကြိုးဝိုင်းထဲမှာ သူထိုးတဲ့ လက်သီးတွေထက် ပိုမိုအားပြင်း ပြီး
တိကျထိရောက်တယ်။ ကျွန်တော့်အရှိုက်ကို ကျော်လွန်ပြီး အရှက်သိက္ခာနဲ့ နှလုံးသားရဲ့ အတွင်းဆုံးအထိ။
'သွန်းခ ဒီလောက်
စိတ်ဝင်စားဖို့ကောင်းတဲ့ပွဲကို မင်းရည်းစား ငယ်လေး ဘာလို့လာမကြည့်တာလဲ။ ဒီနေ့
မင်းအတွက် တီးတဲ့လက်ခုပ်သံတွေထဲမှာ ငယ်လေးရဲ့လက်ခုပ်သံ မပါဘူး။ ဘယ်ပါမလဲကွ။
စိုးစိုးက ငါ့ညီမဝမ်းကွဲလေ။ တကယ်တော့ ဒါမတော်တဆ တိုက်ဆိုင်တာဆိုပေမယ့် ငါ
စိုးစိုးကို မေးကြည့်ရင်တော့ သိပါတယ်'
ဗလ...။ ဒီကောင်... တောက်။ သူ့ရင်ဘတ်ကို
ကျွန်တော်ဆောင့်ပြီး တွန်းလိုက်တယ်။ ဒီကောင် ဒီလောက်မူးပြီး ပြဲနေတာ။ ကျွန်တော်
တစ်ချက်ထိုးလိုက်ရင် ဒီတစ်ခါ တော်တော်နဲ့ သတိပြန်လည်လာမှာ မဟုတ်ဘူး။
ကျွန်တော့်ဒေါသတွေ ပြန်ထိန်းလိုက်ရတယ်။ တကယ်ပါ ကြိုးဝိုင်းရဲ့ ပြင်ပမှာတော့
ကျွန်တော် ဘယ်သူ့ကိုမှ အလဲမထိုးနိုင်ခဲ့ပါဘူး။
အိမ်ပြန်ရောက်တဲ့အခါ ဒေါသနဲ့
ငယ်လေးဆီကို ဖုန်းဆက်တယ်။ ငယ်လေး မရှိဘူး။ စိုးစိုးနဲ့ နေ့လယ်ကပဲ ထွက်သွားတာတဲ့။
ကျွန်တော် ဘယ်လိုမှ စိတ်မရှည်တော့ဘူး။ ခုပဲ ညဆယ့်တစ်နာရီ။ စိုးစိုးတို့
အိမ်ရှေ့လမ်းပေါ်မှာ သွားထိုင်စောင့်တယ်။ ည ဆယ့်တစ်နာရီ သုံးဆယ့်ရှစ်မိနစ် တိတိမှာ
အိမ်ရှေ့ကို ကားတစ်စီး ဝင်လာတယ်။ ငယ်လေးနဲ့စိုးစိုး ဆင်းလာတယ်။
'ဘယ်လိုလဲဟ။
ဘာတွေလဲ...ဘာတွေလဲ။ ဘာကြီးတွေလဲ...ပြောစမ်းပါဦး ငယ်လေးရ'ဆိုတဲ့
ကျွန်တော့်အသံက ဟိန်းထွက်သွားပြီး နှစ်ကောင်စလုံး လန့်သွားပုံရတယ်။ ငယ်လေးက
ကျွန်တော့်ဆီ ပြေးလာပြီး တစ်ခုခု ပြောမလို့ လုပ်တယ်။ ကျွန်တော်က ဒီတစ်ခါတော့
သူ့ထက်အရင် ပြောပစ်လိုက် တယ်။ ဒေါသတကြီးနဲ့။
'ငယ်လေး တကယ်ပဲ ငါ
သူများတွေပြောတော့ မယုံခဲ့ဘူး။ နင်တော်တော် ရွံဖို့ ကောင်းနေပြီပဲ' ဆိုတော့ ငယ်လေးက ကျွန်တော့်လက်ကို လှမ်းကိုင်တယ်။ ကျွန်တော်က ဒေါသနဲ့
ရုန်းပြီး ငယ်လေးကို တွန်းပစ်လိုက်တယ်။ ငယ်လေးက ကားရှေ့ဖုံးပေါ် ယိုင်ကျသွားတာနဲ့
တစ်ပြိုင်နက် ကျွန်တော့် မေးရိုးပေါ် 'ဖုတ်'ခနဲ လက်သီးတစ်ချက် ကျလာတယ်။ စိုးစိုး ထိုးတာ။ ကျွန်တော့် ဒေါသက
မနေတော့ဘူး။ လက်ဝဲလက်နဲ့ စိုးစိုးရဲ့ မေးစေ့ကို ကိုင်ပြီး ဆွဲယူလိုက်တယ်။
ရုန်းကန်ပြီး ပါလာတဲ့ နုနုဖတ်ဖတ် မျက်နှာပေါ်က စိုးစိုးမျက်လုံးတွေဟာ ဒေါသနဲ့
အားထည့်ရွယ်ထားတဲ့ ကျွန်တော့် လက်ယာဘက် လက်သီးရဲ့ အောက်မှာ စူးပြီး
တောက်နေလိုက်တာ။
'သွန်းခ...နင်
မမိုက်ရိုင်းနဲ့'ဆိုတဲ့ ငယ်လေးရဲ့ အော်သံစူးစူးနဲ့
ကျွန်တော့်လက်တွေ ပြန်ပြီး ပြုတ်ကျသွားတယ်။ တကယ်ပါ။ ထုံးစံအတိုင်း ကြိုးဝိုင်း
ပြင်ပမှာတော့ ကျွန်တော် ဘယ်သူ့ကိုမှ အလဲမထိုးရက်ခဲ့ပါဘူး။ ကျွန်တော်
ဘာမှမပြောနိုင်တော့ဘဲ ဝမ်းနည်းပက်လက်နဲ့ အိမ်ပြန်လာခဲ့ရတယ်။ ကျွန်တော် တော်တော်ပဲ စိတ်ကုန်သွားမိပါတယ်။
နောက်ရက်တွေမှာတော့ အဲဒီ ငယ်လေးနဲ့ သူ့ဟာကြီးရဲ့ကိစ္စကို ပစ်မေ့ထားလိုက်တယ်။
သတင်းပေးတဲ့သူ ကျွန်တော့် ရန်သူပဲလို့ ကြေညာလိုက် တယ်။ ငယ်လေးက
ဖုန်းဆက်ရင်ဖြစ်ဖြစ်၊ လာတွေ့ရင် ဖြစ်ဖြစ် ရှောင်နေလိုက်တယ်။
သိပ်မကြာခင်ပဲ ရှမ်းပြည်နယ်ဘက်မှာ
ပွဲရှိတာနဲ့ လိုက်သွားလိုက်တယ်။ ဘောက်ဆင်သမားဆိုတော့ အသည်းကွဲလည်း
စိတ်ပြေလက်ပျောက် ဘောက်ဆင် ထိုးအပန်းဖြေရတာပါပဲ။ အဲဒီ နောက်ပိုင်း အခြေအနေက
ရက်ရက်စက်စက် ပြောင်းလဲကုန်တာ ကျွန်တော် မသိလိုက်ရဘူး။ မျက်နှာနဲ့
လက်မဝက်လောက်အကွာ ကပ်ကပ်လွဲသွားတဲ့ လက်သီးတွေ၊ ခြေကုန်လက်ပန်းကျ သွေးရဲရဲ
သံရဲရဲတွေ။ အခြေအနေ မကောင်းရင် အရိုးကွဲသွားနိုင်လောက်တဲ့ အတွေ့အကြုံတွေကြားကို
ငယ်လေးနဲ့ စိုးစိုး သတင်းဟာ ရောက်မလာနိုင်ခဲ့ဘူး။ အဲဒီက အပြန် ကျတော့မှ သိရတာ။
အိမ်ပြန်ရောက်တော့ ငယ်လေးက မျက်နှာမကောင်းစွာနဲ့ စိုးစိုးဆီ ကျွန်တော့်ကို
ခေါ်သွားတယ်။ ကျွန်တော့်တစ်သက် ငယ်လေး ဒီလောက် မျက်နှာပျက်နေတာ မတွေ့ဖူးဘူး။
တကယ်တမ်းကျတော့ ကံကြမ္မာရဲ့လက်သီးကသာ အပြင်းဆုံးပါပဲ။
(င)
'ကိုသွန်းခ၊ ငယ်လေးကို
စောင့်ရှောက်လိုက်ပါ။ ဒီပုံကြီးနဲ့တော့ ကျွန်တော် ငယ်လေးနားမှာ
ရှိမနေချင်တော့ပါဘူး။ ကျွန်တော် စိတ်ချပါရစေတဲ့' စိုးစိုးရဲ့အသံဟာ
တုန်ရီနေတယ်။ ဝှီးလ်ချဲ ပေါ်ကနေ ကျွန်တော့်ကို ကြည့်တဲ့အကြည့်က ကြေကြေကွဲကွဲ။
အရသာခံပြောဖို့လည်း မကောင်းတာမို့ ငယ်လေးက အတိုချုပ်ပြောပြတယ်။ ကျွန်တော် တကယ်ပဲ
စိတ်မကောင်းပါဘူး။ ဘရိတ်ပေါက်ပြီး ဝင်လာတဲ့ ကားတစ်စီး ငယ်လေးကို ဝင်တိုက်ခါနီး
ငယ်လေးကို စိုးစိုးက ဝင်တွန်းလိုက်တာတဲ့။ ငယ်လေးက လွတ်သွားပေမယ့်
စိုးစိုးခြေထောက်တွေ ပြန်ကောင်းလာဖို့ မသေချာဘူး။ တကယ်ပဲ ကျွန်တော်
ဘာလုပ်ရမှန်းတောင် မသိတော့ဘူး။ 'ကိုသွန်းခတို့ မင်္ဂလာပွဲမှာ
ဒီခြေထောက်နှစ်ချောင်းကို လက်ဖွဲ့ပါတယ်'တဲ့။ ငယ်လေးရဲ့
အသက်ကို ခြေထောက်နှစ်ချောင်း အဆုံးခံပြီး ကယ်ထားတဲ့ စိုးစိုးရဲ့မေတ္တာကို
အသိအမှတ်မပြုလို့ မရတဲ့အဆုံး အသိအမှတ်ပြုကြောင်း ပြတဲ့အနေနဲ့ ဘာလုပ်ရမှာလဲ။
ကျွန်တော်က ငယ်လေးကို စိုးစိုးလက်ထဲမှာ ထားခဲ့ရင်ကော၊ ကံကောင်းလွန်းလို့
သူ့ခြေထောက်တွေ ပြန်ကောင်းလာရင်ကော သူတို့ကို လက်ထပ်ပေးလို့ ရမှာတဲ့လား။
ဘယ်လိုနည်းနဲ့ ကျွန်တော်တို့ အကောင်းဆုံး အဖြေကို ရမှာလဲ။ ဒါက အလွဲများစွာရဲ့
ဆုံမှတ်ပါ။
'နေကောင်းအောင်နေပါ
စိုးစိုးရယ်။ နောက်မှပဲ အကောင်းဆုံးအဖြေကို ဝိုင်းပြီးစဉ်းစားကြတာပေါ့' လို့ ပြောပြီး ကျွန်တော် တစ်ယောက်တည်း ထွက်လာခဲ့ရတယ်။ ငယ်လေးရဲ့ရှိုက်သံ
တစ်ချက်ကသာ ကျွန်တော့်နောက်က ကပ်လိုက်လာတယ်။ တကယ်ပါ၊ ကျွန်တော်ဟာ
ကြိုးဝိုင်းပြင်ပမှာတော့ ဘယ်သူ့ကိုမှ အလဲမထိုးရက်ခဲ့ပါကြောင်း...။
▀
စွမ်းရယော်ဓာ
(အမှတ် ၂၀၇၊
ဖေဖော်၀ါရီလ၊၂၀၀၇ ရွှေအမြုတေမဂ္ဂဇင်း။)
လူ့သမိုင်းတစ်လျှောက်လုံးမှာ မိန်းမတွေကချည်းပဲ လှည့်စားခဲ့ကြတာမှမဟုတ်တာ မိန်းမတွေအပေါ် ယုတ်မာခဲ့ကြတဲ့ ခပ်မာမာ ယောကျ်ားတွေလည်း ရှိခဲ့ကြတာပဲ ဦးတဲ့သူ နိုင်ကြေး ပျော့တဲ့သူ ခံကြေး ထင်ပါရဲ့
ချစ်ရည်တူပြီး မူလို့ နွဲ့လို့မှ မကြာသေးဘူး ဖြစ်ချင်တော့ မနေနိုင်လွန်းတဲ့ ကိုထွန်းမင်းက မိဌေးကြည်ကို ခိုးပြေးချင်တယ် ဖြစ်လာပါလေရော
စာရေးဆရာ တစ်ယောက်ရဲ့ မျက်လုံးတွေဟာ အရာရာကို မျှတစွာဖြင့် သုံးသပ်တတ်ပါ၏။ တချို့ဖြစ်ရပ်တွေကျတော့လည်း စေတနာအမှားတွေ ဖြစ်သွားတတ်ပြန်သည်ပဲ မဟုတ်ပါလား။