ညီငယ်လေး
ကိုယ်တွေ့ဇာတ်လမ်းတစ်ပုဒ်ပြောပါရစေ...။ လျှို့ဝှက်ပဟေဠိတွေကို ဖြေရှင်းချင်သူတွေအတွက် ဉာဏ်ကွန့်မြူးချင်စရာ ဖြစ်ရပ်လေးတစ်ခုပါ။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်လက်မြှောက် အရှုံးပေးထားရတဲ့ ပဟေဠိပုစ္ဆာတစ်ပုဒ်ပေါ့။ စိတ်ဝင်စားတဲ့သူများအတွက် ဇာတ်လမ်းကောင်းလေး တစ်ပုဒ် ဖြစ်နေပါလိမ့်မယ်။ ဖတ်ကြည့်ကြပါဗျာ။ တစ်နေ့မှာ မြစ်ဝကျွန်းပေါ်မှာ နေထိုင်တဲ့ တူမဆီကစာတစ်စောင် ရောက်လာပါတယ်။ စာကထွေထွေထူးထူး မဟုတ်ပါဘူး။ သူ အိမ်ထောင်ပြုတော့မယ့်အကြောင်းနဲ့ သူ့ရဲ့မင်္ဂလာပွဲကို လာရောက်ဖို့ ဖိတ်ကြားတဲ့စာလေးပါ။ မှတ်မှတ်ရရ စာရောက်တဲ့နေ့က တနင်္လာနေ့။ ကျွန်တော်လည်း ချက်ချင်း အဝတ်အစားတွေ ကောက်ထည့်ပြီး နောက်တစ်နေ့မနက် အင်္ဂါနေ့ ၈နာရီ သင်္ဘောနဲ့ ခရီးထွက်ခဲ့ပါရော။ သင်္ဘောကြီးကလည်း သိပ်ကောင်း၊ ရေလှည့်ကလည်း သင့်ဆိုတော့ ခါတိုင်းထက်စောပြီး ညနေ ၃ နာရီလောက်မှာ မြို့လေးကို ရောက်ခဲ့တာပေါ့။ မြို့ရဲ့သင်္ဘောဆိပ်ကနေ တစ်ဖက်ကမ်းချောင်းထဲကို ကူးတို့သမ္ဗန်ငှားပြီးသွားမှ တူမတို့ရဲ့ အိမ်ကိုရောက်ပါတယ်။ ကျွန်တော့်တူမရဲ့အိမ်က ချောင်းထဲကို နည်းနည်းဝင်ရတယ်။ အတွင်းပိုင်းရောက်တော့ သိပ်အကျယ်ကြီးမဟုတ်တော့ဘူး။ ပေ (၆၀၊ ၇၀) လောက်ပဲရှိမှာပါ။
ကျွန်တော်ရောက်တယ်ဆို အစ်မလုပ်သူကရော၊
တူမကပါ ဝမ်းသာအားရပေါ့။ လက်ဖက်တွေချကျွေး၊ မုန့်တွေချကျွေး ဆွေမျိုးတွေ
စကားပြောဖြစ်ကြတယ်။ သာရေးနာရေး ကြုံမှလည်း ဆွေမျိုးအုပ်စုတွေ့ကြရတာမဟုတ်လား။ ပြောကောင်းကောင်းနဲ့
ပြောလိုက်ကြတာ ညနေအတော်စောင်းလို့ ၆နာရီလောက်ရောက်မှ ရေချိုးဖို့ သတိရလာတယ်။
မြစ်တွေ ချောင်းတွေကို တွေ့ရတော့ ငယ်မူငယ်သွေးတွေ ပြန်ကြွပြီး ရေကူးချင်စိတ်တွေ
ပေါက်လာပါတော့တယ်။ ဒါနဲ့တစ်ယောက်ဆီက ပုဆိုးတောင်းပြီး ဆပ်ပြာခွက်ကို ဖလားထဲထည့်ကာ
တံတားရှိရာကို ရေကူးဖို့ ထွက်လာခဲ့ပါတယ်။ အဲဒီမှာ ဇာတ်လမ်းကစတော့တာပါပဲ။
တောရွာတို့ရဲ့ ထုံစံအတိုင်း
သာရေနာရေးဆို တစ်ရွာနဲ့တစ်ရွာ သွားလာလုပ်ကိုင် ပေးနေကြဆိုတော့ တံတားမှာ လှေတွေရော
ပဲ့ထောင်ရော နေရာယူထားကြပါပြီ။ ရေကျချိန်မှာ ပေ ၄၀ လောက်သာရှိတော့တဲ့ ချောင်းကိုလှေတွေ
ပဲ့ထောင်တွေပါ လာရှုပ်နေတော့ ကျွန်တော့်အတွက် စားကျက်က သိပ်မရှိလှတော့ပါ။
မထူးတော့ပါဘူးလေ။ ရေလယ်ဘက် ဖင်ထွက်နေတဲ့ လှေတစ်စင်း ရဲ့ပဲ့ဘက်ကို သွားပြီး
ရေဆင်းကူးနေလိုက်ပါတယ်။
ကူးနေရင်း သတိထားမိလာတာက မြစ်ရေဟာ
အရင်ကနဲ့ မတူတော့ဘူး။ တော်တော် ညစ်ပတ်လာတယ်ဆိုတာကို သတိပြုမိလာပါတယ်။
ချောင်းရိုးတစ်လျှောက်မှာ လူတွေ စွန့်ပစ်လိုက်တဲ့ အကြွပ်အိတ်တွေ၊ အအေးဘူးခွံတွေ၊
အိမ်တွေကနေ ဖျက်လိုက်တဲ့ ဓနိတွေ၊ ခွေးသေကောင်ပုပ်တွေ၊ ရေပေါ်မှာ ဝေ့နေတဲ့
စက်သုံးဆီပြင်ကြီးတွေနဲ့ မစင်တုံးတွေကို ရေစီးနဲ့မျောနေတာ တွေ့ရလို့ ရေကူးချင်စိတ်
တောင် ပျောက်သွားရပါပြီ။ ဒါနဲ့ ရေကူးခြင်း ပထမပိုင်းကို ရပ်ကာ နီးရာလှေတစ်စင်း
အပေါ်တက်ပြီး ဆပ်ပြာတိုက် အပန်းဖြေရင်း ဒုတိယပိုင်းကို လှေပေါ်ကပဲ ခပ်ချိုးလိုက်တော့တယ်။
ပြီးမှ လှေထဲက ရေတွေကို ခပ်ထုတ်ပေးမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။
ကျွန်တော်လည်း လှေရဲ့ပဲ့ကို
ရေလယ်ဘက်ထွက်အောင် လက်နဲ့ယက်ပြီး ရေခပ်ချိုးနေစဉ်မှာ တစ်ထွာလောက်ရှိတဲ့
ရေသန့်ဘူးလေး တစ်ဘူး ရေစီးနဲ့အတူ မျောပါလာရင်း လှေနံမှာ လာကပ်နေတာကို
တွေ့လိုက်ပါတယ်။ အမှတ်တမဲ့ ကောက်ယူလွှင့်ပစ်မယ်လုပ်ပြီးမှ အထဲက အသံကြားသလိုရှိလို့
ဖွင့်ကြည့်လိုက်တော့ စက္ကူအခေါက်လေးကို သားရေကွင်းနဲ့ စည်းထားတာ တွေ့လိုက်ရပါတယ်။
ထူးဆန်းလှတဲ့ အခြင်းအရာကြောင့် ရေချိုးခြင်းကို ခေတ္တမေ့သွားပြီး ဘူးထဲက
စက္ကူအခေါက်ကို စိတ်ရှည်လက်ရှည်ထုတ်ယူရင်း သားရေကွင်းကို ဖြုတ်ပြီး
ဖွင့်ကြည့်လိုက်တယ် ဆိုရင်ပဲ...။
(၉)
မောင်...
မောင်ဟာ တို့စေတနာကို နားမလည်ဘူး။
မောင့်ကို သဘောမတူဘူးဆိုတာ တို့မိဘတွေရဲ့ သဘောထားပါ။ တို့ရဲ့သဘောထားမဟုတ်ဘူး။
တို့ကို စိတ်မဆိုးပါနဲ့နော် အလုပ်ကို ကြိုးစားလုပ်ဖို့၊ ပိုက်ဆံစုဖို့ဆိုတာကို
ပြောတာကလည်း ငွေကိုမက်လို့ မဟုတ်ပါဘူး။ မောင့်အတွက် ပြောနေတာပါ။ တို့မှာ မောင့်ထက်
ပိုမက်စရာ ဘာမှမရှိဘူး။ ကိုအေးစိုးတို့နဲ့ သိပ်မတွဲပါနဲ့ဆိုတာကလည်း သူတို့က
အရက်သမား၊ ဖဲသမားတွေဆိုတော့ မောင်ပျက်စီးသွားမှာ စိုးလို့ ပြောတာပါ။
မောင်မကြိုက်ရင် နောက်ဘယ်တော့မှ
မပြောတော့ပါဘူး။ ချစ်ရတဲ့မောင်ရယ်၊ စိတ်မဆိုးပါနဲ့နော်။ တို့နှလုံးသားထဲက
စကားတစ်ခွန်းတော့ သစ္စာဆိုပြီး ပြောချင်တယ်။ မောင် ယုံပေးပါ။
တို့ ဆင်းရဲတာကို မချစ်ခဲ့ဖူးပေမယ့်
ဆင်းရဲတဲ့မောင့်ကိုတော့ အမြဲတမ်း ချစ်နေမှာပါ။ မောင်က လက်ကမ်းခေါ်လိုက်တဲ့နေ့
မောင့်ဆီ တို့ရောက်အောင် လာခဲ့မယ်။
အလုပ်တွေများနေတယ်။ ကိုကြီးတို့လည်း
ရှိနေလို့ နောက်မှ စာရှည်ရှည်ရေးလိုက်မယ်။ ဒါပဲနော်။
မောင့်ကို ထာဝရချစ်နေတဲ့
P.S
ဗုဒ္ဓဟူးနေ့ နေ့ခင်း ရေတက်မှာ ရှိနေမယ်။
စာရဲ့အဆုံးမှာ အမည်မပါ၊
လက်မှတ်မပါလို့ ဘယ်သူဘယ်ဝါမှန်း မသိရပါဘူး။ စာရဲ့ ထိပ်မှာ ၉ ဆိုတဲ့ ဂဏန်းကို
ဝိုင်းထားတာတော့ သတိပြုမိပါရဲ့။ အမည်မပါဘဲ လျှို့ဝှက်စွာ ရေးလိုက်တဲ့ ဒီစာမှာ
အဆက်အစပ်မရှိတဲ့ ၉ ဂဏန်းဟာ ၉ စောင် မြောက်စာ ဖြစ်ကြောင်း ရည်ညွှန်းတယ်လို့
ကျွန်တော် ယူဆမိပါတယ်။
သမားရိုးကျရည်းစားစာမှာ အထူးခြားဆုံးက
'P.S ဗုဒ္ဓဟူးနေ့ နေ့ခင်း ရေတက်မှာ ရှိနေမယ်' ဆိုတဲ့
စာကြောင်းပါပဲ။
ကောင်မလေးက သူ့ရည်းစားကို
ရေတက်အချိန်မှာ သူရှိနေကြောင်း အသိပေးတာ ဘာလုပ်ဖို့လဲ...။ ရုတ်တရက်စဉ်းစားလို့
မရခဲ့ဘူး။ တဖြည်းဖြည်းစဉ်းစားမိလာတာက ကောင်မလေးရဲ့ စာဟာ ရေကျချိန်မှာ
မျောလာတဲ့စာပါလား။ ဒါဆို သူ့ရည်းစားကောင်လေးဆီက စာကို မျှော်မယ်ဆိုရင်...ဟာ
ဟုတ်ပြီ။ ဗုဒ္ဓဟူးနေ့ နေ့ခင်း ရေတက်ချိန်ဆိုတာ ဒါကို ပြောတာကိုး။
ကောင်းလိုက်တဲ့အကြံပါလား။ အငြိမ် ဇယားလေး ဆွဲထားတာကိုး။
ဒီအတိုင်းသာမှန်ရင် ရေကျချိန်မှာ
မျောပါလာတဲ့စာဟာ ကောင်မလေးရဲ့စာ ဖြစ်လို့ ကောင်မလေးဟာ ချောင်းရဲ့အထက်
(အတွင်းပိုင်း)မှာ နေပုံရပြီး သူ့ရည်းစားကောင်လေးက ချောင်းရဲ့ အောက်(မြစ်မဘက်)မှာ
နေပုံရတယ်။ ရေကျချိန်က ကောင်မလေးရဲ့ စာပို့ချိန်၊ ရေတက်ချိန်က သူ့ချစ်သူ
ကောင်လေးရဲ့စာပြန်ချိန်။ ဒီအတိုင်းပဲ ဖြစ်ရမယ်။ ဟုတ်မဟုတ်ကိုတော့ မနက်ဖြန်
ရေတက်ချိန် စောင့်ကြည့်လိုက်ဦးမယ်။ တွေ့ကြသေးတာပေါ့ ဉာဏ်ကြီးရှင် စုံတွဲရေ...။
ကျွန်တော်လည်း စာကို သူ့အတိုင်း
ပြန်ခေါက်၊ သားရေကွင်းနဲ့ ပြန်ချည်ပြီး ဗူးထဲထည့်ကာ ကျွန်တော် တစ်ခါမှ မမြင်ဖူးတဲ့
ကောင်လေးဆီ အာရုံပြုပြီး ချောမွေ့စွာ ရောက်ပါစေကြောင်း ဆုမွန်တောင်းကာ ရေလယ်ဘက်ကို
ပစ်ချလိုက်ပါတော့တယ်။
□
မနက်ဖြန် (ဗုဒ္ဓဟူးနေ့)မှာ ကျင်းပမယ့်
မင်္ဂလာပွဲအတွက် တောဓလေ့အတိုင်း လုပ်စရာရှိတာ ဝိုင်းလုပ်ပေးဖို့ ရောက်လာကြတဲ့
ရွာနီးချုပ်စပ်က ဧည့်သည်တွေထဲမှာ တူမတော်ရဲ့ သူငယ်ချင်း ကောင်မလေးတွေကို
တွေ့တိုင်း စာပိုင်ရှင်ကောင်မလေးများလားလို့ စူးစမ်းနေမိတယ်။
ကျွန်တော့်ရဲ့ တူနှစ်ယောက်ကလည်း
သူငယ်ချင်းတွေနဲ့ ကာရာအိုကေဆိုနေကြတော့ ဒီကောင်တွေကိုလည်း ဘယ်အလွတ်ပေးလို့
ဖြစ်မလဲ။ ကောင်မလေးရဲ့ ရည်းစားများပါလာမလားလို့ အကဲခတ်မိပြန်ပါတယ်။
ရှားလော့ဟုမ်းတို့၊ ဦးစံရှားတို့၊
ဆားပုလင်းနှင်းမောင်တို့ ပါလာရင်တော့ ကျွန်တော်တွေ့ချင်တဲ့ ဉာဏ်ကြီးရှင်စုံတွဲကို
ရှာဖွေပေးနိုင်ပါရဲ့။ အိမ်ရှေ့ခန်းက ကုလားထိုင်မှာ ထိုင်ရင်း အိမ်မကြီးပေါ်က
ကောင်မလေးအုပ်စုနဲ့ အိမ်ရှေ့ကွက်လပ်က ကောင်လေးအုပ်စုကို စောင့်ကြည့်နေကာ သူတို့ရဲ့
မျက်လုံးတွေ အမူအရာတွေထဲမှာ သံသယဖြစ်စရာကောင်းတဲ့ တရားခံတွေကို လေ့လာမှတ်
သားနေရင်း အချိန်တွေ ကုန်သွားရပါတယ်။
ဗုဒ္ဓဟူးနေ့မနက် မင်္ဂလာပွဲမှာလည်း
တရားခံကို စုံစမ်းထောက်လှမ်းဖို့ဆီသာ စိတ်ကရောက်နေပါတယ်။ မွန်းလွဲ ၁၂
နာရီကျော်လာတော့ ကျွန်တော့်စိတ်တွေ ကယောက်ကယက် ဖြစ်လာပါပြီ။
ငါ ဘာဖြစ်နေတာလဲ။ ငါနဲ့
ဘာဆိုင်လို့လဲ။ သူတို့ ဘယ်သူဖြစ်ဖြစ် ငါသိစရာ ဘာလိုလို့လဲ။ အချိန်တန်ရင် ရန်ကုန်ပြန်မယ့်ငါနဲ့
ဘာပတ်သက်လို့ ဂနာမငြိမ် ဖြစ်နေရတာလဲ။
ကျွန်တော့်ကိုယ် ကျွန်တော်
သတိပေးနေတာပါ။ ဘယ်လောက် သတိပေးပေး မျက်လုံးက ချောင်းထဲသာ ရောက်နေပါတော့တယ်။ ရေစီး
အီလာတဲ့အချိန်၊ စိတ်မှာလည်း မြည်သံတွေ ကြားလာရပါပြီ။ မကြာခင်
ရေတက်တော့မယ်ဆိုတဲ့အသိက ခြေလှမ်းတွေကို တံတားရှိရာ တွန်းပို့နေပါတော့တယ်။ တံတားထိပ်မှာ
ခြေစုံရပ်ပြီး ချောင်းရေပြင်ဆီ အကြည့်တွေ စုပုံထားရင်း အာပေါကသိုဏ်း ရှုနေတဲ့
မျက်လုံးအစုံကို မြင်လိုက်သူအဖို့ ဈာန်ဝင်စားနေတဲ့ သူတော်စင်အလား ထင်မှတ်မှားသွား
စေနိုင်ပါတယ်။
ကြည့်နေစဉ်မှာပဲ ရေတက်လာပါပြီ။
ကျွန်တော့် ရင်ထဲမှာ ရင်ခုန်လှိုင်းတွေ မျှော်လင့်ချက်လှိုင်းတွေကလည်း
တရိပ်ရိပ်ပေါ့။ ကိုယ့်ရဲ့ကြိုတင်တွေးဆချက်စွမ်းအား ဘယ်လောက် ကောင်းမကောင်းဆိုတာ
သိရတော့မယ်လေ။
ရေတက်ဦးမှာ ရေစီးအရှိန်လေးလည်း
ကောင်းလာပါပြီ။ မျက်လုံးအစုံရဲ့ စက်ကွင်းထဲကို ဖြူလှုပ်လှုပ် အရာလေးတစ်ခု
ပြေးဝင်လာပါတယ်။ မျက်မှောင်ကို ကြုတ်ပြီး ချောင်းကွေ့က ဝင်လာတဲ့ အဖြူရောင်ဘူးလေးဆီ
အာရုံတွေ စုပုံထားလိုက်ရင်း ကျွန်တော် လိုချင်တဲ့ ဘူးဟုတ်မဟုတ်
စောင့်ကြည့်ရတာဖြင့် အောင်စာရင်း သွားကြည့်တဲ့ ကျောင်းသားတစ်ယောက်လို ခံစားနေရပါ
တော့တယ်။
ဘူးမှာ စွန်းထင်နေတဲ့ စက်ဆီကွက်ကို
တွေ့လိုက်မှ သေချာတဲ့ ဝမ်းသာမှုတစ်ခု ရလိုက်ပါတော့တယ်။ တံတားမှာ ကပ်ထားတဲ့
ဘောက်တူပေါ်ကိုတက်၊ လိုအပ်ရင် ခတ်တက်ကိုပါ သုံးပြီး ဆွဲယူဖို့ ပြင်ထားလိုက်ပါပြီ။
ဒီအချိန်မှာ သတိတစ်ခု လှစ်ခနဲ
ဝင်လာပါတယ်။ အခုကိစ္စကို ကိုယ်ကလွဲပြီး ဘယ်သူ့ကိုမှ မသိစေချင်တဲ့ အသိပါ။
ကာယကံရှင်နှစ်ဦးရဲ့ ချစ်စရာကောင်းတဲ့ ရေစီးကြောင်းဆက်သွယ်မှုလေးကို
ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ ပယောဂကြောင့်မှ မပျက်စီးစေချင်ဘူး။ အများအမြင်မှာ
ရေစီးနဲ့ပါလာတဲ့အမှိုက်သရိုက်တွေကို ရှင်းနေတယ် ထင်အောင် လုပ်နေရင်းက
ရေသန့်ဘူးလေးကို မသိမသာ ဆယ်ယူထားလိုက်ပါတယ်။ ပြီးမှ အိမ်သာထဲ ပြေးဝင်ပြီး ဘူးထဲက
စာကို ထုတ်ဖတ်လိုက် တော့...
မင်း...ငါ့ကို မေ့လိုက်တော့။ ဒီစာဟာ
ငါ့ရဲ့ နောက်ဆုံးစာပဲ။
အဖွင့်စာကြောင်းက ကျွန်တော့်ကို
ရှေ့ဆက် မဖတ်နိုင်အောင် ခံပြင်းဒေါပွသွားစေပါတယ်။
တောသားအစုတ်ပလုတ်၊ တော်တော်
ရက်စက်တဲ့အကောင်ပဲ။ ငါသာဆို ဒီလိုစာမျိုး ဘယ်တော့ မှ မရေးဘူး။ ကောင်မလေးခမျာ
မိန်းမတန်မယ့် အောက်ကျို့တောင်းပန်နေတာကို ဒီလို တုံ့ပြန်ရအောင် ဒီကောင်
ဘာကောင်မို့လို့လဲ။ ဒေါပွပွနဲ့ ဆက်ဖတ်လိုက်ပြန်တယ်။
မင်းမိဘက ငါ့ကို အောက်တန်းစားလို့
မြင်တယ်။ မင်းကလည်း ငါ့သူငယ်ချင်းတွေကို အရက်သမား၊ ဖဲသမားတွေလို့ မြင်တယ်။
ဟိုဟာမလုပ်နဲ့ ဒီဟာမလုပ်နဲ့ ချုပ်ခြယ်တာကို ငါအမုန်းဆုံးပဲ။
ကြည့်စမ်း... ကြည့်စမ်း...ဒါသက်သက်
အပြစ်ရှာတာ။ တောကြိုအုံကြားမှာ အရက်သမား၊ ဖဲသမားကို ပေါင်းတဲ့အကောင်က သူ့ကိုယ်သူ
ဘိုဆန်တဲ့သူဌေးသား ထင်နေပုံရတယ်။ လေသံက ပြင်းလိုက်တာ။ သူကြီးသားရဲ့သူငယ်ချင်း
ထင်တယ်။ ဆက်ရေးထားပုံကိုလည်း ကြည့်ပါဦး။
နောက်ဆုံး ပြောလိုက်မယ်၊
မင်းမိဘကိုလည်း မုန်းတယ်၊ မင်းအစ်ကိုတွေကိုလည်း မုန်းတယ်၊ မင်းဆွေမျိုးတွေကိုလည်း
မုန်းတယ်၊ မင်းနဲ့ပတ်သက်တာတွေ အားလုံးကို ငါမုန်းတယ်။ မင်းမိဘကို
ဖြတ်နိုင်ပြီဆိုရင် အမွေကိုတောင်းပြီး ငါ့ဆီ ဆင်းလာခဲ့။ ဒါပဲ။
မင်းသိထားဖို့က ရေတက်ရေကျကို
ငါမေ့လိုက်ပြီ။
ခွေးမျိုး... သိုက်တူးတဲ့ အကောင်။
မိန်းကလေးတစ်ယောက်ရဲ့နှလုံးသားတံခါးကို အချစ်သော့တူနဲ့ဖွင့်ပြီး မီးခံသေတ္တာ
ဝင်ရှာတဲ့ကောင်ပါလား။ မိဘမောင်ဖွားတွေကို မုန်းတယ်ဆိုပြီး သူတို့ရှာထားတဲ့ အမွေကိုကျတော့
တောင်းခိုင်းတယ်။
သြော်... ကောင်မလေးနှယ် သနားစရာပါလား။
သူ့ချစ်သူကို တိမ်ကြားမင်းခေါင်ထင်ပြီး မိုးပေါ်ကိုသာ မျှော်ကြည့်နေတာကိုး။
အမှန်တကယ် ခွေးတိုးပေါက်က ထွက်လာတဲ့ ခွေးဝဲစားတစ်ကောင်ဆိုတာ သိပုံမရသေးဘူး။
အင်း...ငါ ဘယ်လို သတိပေးရပါ့။
စာကို သေသေချာချာ ကြည့်မိတော့
ဘယ်နေရာမှာမှ စာရဲ့အမှတ်စဉ်လို့ ကျွန်တော် ယူဆထားတဲ့ ဂဏန်းအမှတ်အသားမပါဘူး။
နောက်ဆုံးစာဆိုတဲ့အတိုင်း မလိုတော့ဘူး ထင်လို့ မရေးလိုက်တာ ဖြစ်လိမ့်မယ်။
ကျွန်တော့်ရဲ့ သတိပေးစာကို ထည့်ပေးလိုက်ဖို့ စဉ်းစားပါသေးတယ်။ သူတို့ရဲ့
လျှို့ဝှက်ဆက်သွယ်မှုမှာ ဘယ်သူမှန်း မသိရတဲ့ကြားလူတစ်ယောက်ရှိနေပြီဆိုတာ
သိသွားလို့ ကောင်မလေးစာကို မဖတ်ရတော့မှာလည်း စိုးရိမ်မိပြန်တယ်။
ဒါ့ထက် ဆိုးသွားမှာ တစ်ခုကလည်း
ရှိသေးတာကိုး။ ရေစီးကြောင်း ဆက်သွယ်ရေး မလုံခြုံတော့လို့ ဖြစ်ချင်ရာဖြစ်ဆိုပြီး
လိုက်ပြေးသွားမှဖြင့်။
□
ဒီအချိန်ဆို ကောင်မလေးခမျာ တော်တော်
ခံစားနေရရှာလောက်ပြီ။ ချောင်းရေထဲမှာ သူ့ရဲ့မျက်ရည်တွေများ စီးနေလေမလား။ သူ့မှာ
ရင်ဖွင့်ရမယ့် အဖော်တို့၊ သူ့ကို နှစ်သိမ့်ပေးမယ့်သူတို့ ရှိကြရဲ့လား။
ဟို...ခွေးကောင်ကတော့ ခုချိန်ဆို
အရက်ဝိုင်း ဖဲဝိုင်းမှာ ပျော်နေမှာပဲ။ ကောင်မလေးကို ဘယ်လိုများ ကူညီကယ်တင်ရမလဲဆိုတာ
စဉ်းစားရင်း အိပ်ဖို့တောင် မေ့သွားတယ်။ ကျွန်တော် အိပ်မပျော်သလို သူလည်း
အိပ်မပျော်ဖြစ်နေမှာပါ။
ချောင်းရိုးတစ်လျှောက်မှာ သူ့လိုပဲ
အိပ်မပျော်တဲ့ အဖော်တစ်ယောက် ရှိနေတယ်ဆိုတာများ သူသိသွားရင်...။ သူ တစ်ခါမှ
မမြင်ဖူးတဲ့ အဲဒီလူ(ကျွန်တော်)ဟာ မိန်းကလေး တစ်ယောက် (သူ့)ကို မတွေ့ဖူး မမြင်ဖူးဘဲ
အသနားလွန်ပြီး အိပ်မရဖြစ်နေတယ်ဆိုတာများ သိသွားခဲ့ရင် အငိုမျက်လုံးထဲမှာ
အပြုံးရိပ်လေးများ သန်းသွားလေမလား ...။
□
မကြာခင် အရုဏ်လာတော့မယ်လို့
ငှက်ကလေးတွေက အချက်ပေးနေကြပါပြီ။ ဒီည သင်္ဘောနဲ့ ပြန်ရတော့မယ်ဆိုတော့... ဖြစ်ချင်ရာဖြစ်
ရေကျချိန်မှာ ပါလာမယ့် ကောင်မလေးရဲ့စာကို အမှတ်တရအနေနဲ့ ရန်ကုန်ယူသွားတော့မယ်။
ဆုံးဖြတ်ချက်က ပူပန်မှုသောကကို အကုန်လုံးမဟုတ်တောင် တစ်ဝက်လောက်တော့
ငြိမ်းသွားစေပုံရတယ်။ မှေးခနဲ အိပ်ပျော်သွားတယ်။
နိုးလာတော့ မနက်ရှစ်နာရီကျော်နေပြီ။
မျက်နှာသစ် ရေမိုးချိုး၊ ပဲပြုတ်နဲ့ ထမင်းကို ဇွတ်အတင်း သွတ်သွင်းပြီး
စားပွဲခုံပေါ်က စာအုပ်တစ်အုပ်ကို ဆွဲယူကြည့်လိုက်တော့ 'ဓမ္မပဒ
မြန်မာပြန်' ဖြစ်နေတာနဲ့ ကောက်လှန်ကြည့်လိုက်တာ 'ကုဏ္ဍလကေသီ' ဇာတ် ဖြစ်နေတယ်။
မင်းပြစ်မင်းဒဏ်သင့်တဲ့ ခိုးသားကို
မင်းမှုထမ်းတွေက ချည်နှောင်ရိုက်နှက် ခေါ်လာစဉ်မှာ လေသာပြတင်းပေါက်က
လှမ်းမြင်လိုက်ရတဲ့ သူဌေးသမီး ကုဏ္ဍလကေသီမှာ အရူးအမူး ချစ်သွားမိသွားပါတော့တယ်။
မိဘတွေကိုလည်း ခိုးသားကို ပေါင်းသင်းလိုကြောင်း ပူဆာတောင်းဆိုပါ တော့တယ်။
ချစ်သမီးလေးက ခိုးသားကိုမှ မရရင် သေရပါလိမ့်မယ်ဆိုတော့လည်း မိဘတွေမှာ သက်ဆိုင်ရာ
မင်းမှုထမ်းတွေကို ငွေပေးပြီး သူခိုးကို ဝယ်ယူလိုက်ရတာပေါ့။
'ငွေဝယ်လင်'နဲ့ ပေါင်းဖက်ပျော်မြူးနေခဲ့တဲ့ သူဌေးသမီး ကုဏ္ဍလကေသီဟာ
သူ့လင်ရဲ့ယုတ်မာမှုကို မသိခဲ့ရှာဘူး။ တစ်နေ့တော့ ကျေးဇူးကန်းတဲ့ လင်ယုတ်ဟာ
ယဇ်ပူဇော်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ကုဏ္ဍလကေသီကို ရွှေငွေလက်ဝတ်ရတနာတွေ
ဝတ်ဆင်စေပြီး တောင်ထိပ်ကို ခေါ်သွားကာ ရတနာပစ္စည်းတွေကို ချွတ်ယူပြီး
ကျေးဇူးရှင်မယားကို သေကြောင်းကြံစည်ပါတော့တယ်။ လင်ယုတ်ကို ဘယ်လိုမှ
အသနားခံတောင်းပန်လို့ မရတဲ့အဆုံးမှာ နောက်ဆုံးအနေနဲ့ ရှိခိုးသွားပါရစေလို့
ပရိယာယ်သုံးပြီး အနားကပ်ရှိခိုးကာ သူကိုယ်တိုင် ဝယ်ယူထားရတဲ့ ချစ်လင်ကို
သူကိုယ်တိုင်ပဲ ချောက်ထဲ တွန်းချလိုက်ရပါတော့တယ်။
လူ့သမိုင်းတစ်လျှောက်လုံးမှာ
မိန်းမတွေကချည်းပဲ လှည့်စားခဲ့ကြတာမှမဟုတ်တာ။ မိန်းမတွေအပေါ် ယုတ်မာခဲ့ကြတဲ့
ခပ်မာမာ ယောကျ်ားတွေလည်း ရှိခဲ့ကြတာပဲ။ ဦးတဲ့သူ နိုင်ကြေး၊ ပျော့တဲ့သူ ခံကြေး
ထင်ပါရဲ့။
မနက်စာ ထမင်းစားအပြီးမှာ ညက
ပျက်သွားတဲ့ အိပ်ရေးကို တစ်ဖန်ပြန်ဖြည့်ဖို့ တစ်ရေးလောက် အိပ်လိုက်ရပါတယ်။
အပြင်အာရုံတွေ ပျောက်ပြီး အိပ်ပျော်မယ်အလုပ်မှာ...
'... လင်နောက်လိုက်သွားလို့တဲ့'
မိန်းမတစ်ယောက်ရဲ့ စူးရှရှအသံကြောင့်
အိပ်ပျော်ခါနီး နှေးကွေးသွားတဲ့ နှလုံးသားကို သွေးလှိုင်းလုံးတစ်လုံး
ဝင်ဆောင့်လိုက်သလို ခံစားလိုက်ရပြီး အိပ်နေရာက ဘယ်လိုဘယ်လို
ငုတ်တုတ်ထထိုင်မိသွားလည်း မသိတော့ပါ။ ပါးစပ်ကလည်း အလန့်တကြား မေးခွန်းတစ်ခု
ခုန်ထွက်သွားပါတော့တယ်။
'ဘယ်သူ... ဘယ်သူ'
'အမယ်လေးတော်၊ အလန့်တကြားနဲ့
ရှင်က ဘယ်လိုဖြစ်တာတုန်း။ မိစိုး လင်နောက် လိုက်သွားလို့တဲ့။ ရှင်းပြီလား။ ရှင်နဲ့
ဘာဆိုင်လို့ ပြူးတူးပြဲတဲ ဖြစ်နေရတာလဲ'
ရင်ခေါင်းထဲက ကလီစာတွေ
ဘာဖြစ်သွားမှန်း မသိလိုက်ပါဘူး။ ဘယ်က မှန်းမသိတဲ့ ကောင်မလေးတစ်ယောက် လင်နောက်လိုက်သွားရုံနဲ့
ကျွန်တော့် ရင်ဘတ်ထဲက တန်ဆာပလာတွေ ဘာကြောင့် တုန်ခါကုန်ရတာလဲ။ ခေါင်းအုံးပေါ်
ခေါင်းချထားတဲ့နည်းသာ အသက်သာဆုံးမို့ လှဲနေမိ လိုက်ပါတော့တယ်။ ထုံတုံတုံ
ဖြစ်သွားတဲ့စိတ်ကို အချိန်တော်တော်ကြာ ရှာယူမှ နှလုံးသားရဲ့ ချောင်အကျဆုံး
တစ်နေရာမှာ ကြောက်ရွံ့တုန်လှုပ်စွာ ပုန်းအောင်းနေတာကို တွေ့လိုက်ရပါတယ်။
□
သင်္ဘောဆိပ်ဆင်းခါနီး ရေချိုးတော့လည်း
ရေကျချိန်မှာ ရေစီးနဲ့အတူ ရေသန့်ဘူးလေး တစ်လုံးများ မျောပါလာလေမလားလို့ မရဲတရဲ
မျှော်မိပြန်ပါတယ်။ ဒီနေ့ကျမှ ချောင်းထဲမှာ ရှင်းနေလိုက်ပုံများ ဘာဆိုဘာမှ
မတွေ့ရတော့ပါ။
သင်္ဘောဆိပ်ရှိရာ မြို့လေးကို
တူတော်မောင်က ဘောက်တူခတ်ပြီး လိုက်အပို့မှာ...
'မိစိုးဆိုတဲ့ ကောင်မလေးကို
ခိုးပြေးတဲ့ကောင်က အရက်သမား၊ ဖဲသမားလို့ ပြောကြတယ်။ ဟုတ် လား'
'ဆင်းရဲတာတော့ ဟုတ်ပါတယ်။
အရက်သမား၊ ဖဲသမားတော့ မဟုတ်ပါဘူး။ အုန်းတောတန်းက ဟာလာစက်မှာ အလုပ်လုပ်တယ်။ ရှေ့မှာ
သူ အလုပ်လုပ်တဲ့စက်ပေါ့'
'မစိုးက တို့ရွာကပဲလား'
'ကျွန်တော်တို့
အပေါ်ပိုင်းကပါ။ သိပ်မဝေးဘူး။ ရွာတန်းရှည်နဲ့ ကျွန်တော်တို့ကြားမှာ
သူတို့အိမ်ရှိတယ်။ ကြက်ဘဲကောက်တယ်၊ ငါး ရှဥ့်ကောက်တယ်၊ လယ်တွေလည်းရှိတယ်။
စီးပွားရေး ကောင်းကြတယ်လေ'
ဘောက်တူရဲ့ဦးမှာ ထိုင်လိုက်လာရင်း
ရေသန့်ဘူးလေးတစ်ဘူး မျောလာတာတွေ့လို့ လှမ်းဆယ်ယူလိုက်ပြီး ဖွင့်ကြည့်လိုက်တော့
ဘူးလွတ်ကြီးပါလား...။
မိစိုးဟာ ကျွန်တော့် ကောင်မလေးလား...။
ဒါမှမဟုတ်။
မိစိုးဟာ ကုဏ္ဍလကေသီလား...။
သို့တည်းမဟုတ်။
ကျွန်တော့်ကောင်မလေးကများ
ကုဏ္ဍလကေသီလား...။
ချစ်သူနှစ်ဦးရဲ့ ချစ်သဝဏ်လွှာကို
သယ်ဆောင်ပေးနေကျ ချောင်းလေးလည်း ပျင်းနေရှာရော့မယ်။
သူ့ကျောပေါ်ထိုးထားတဲ့ တံတားဦးမှာ
တစ်ခဏတာ ဈာန်ဝင်စားသွားတဲ့ တတိယလူဟာ မြားမှန်သွားတဲ့ ဓားစားခံလို့များ သူ
သိသွားခဲ့ရင်...
▀
ညီငယ်လေး
(အမှတ် ၂၀၇၊
ဖေဖော်၀ါရီလ၊၂၀၀၇ ရွှေအမြုတေမဂ္ဂဇင်း။)
ဒီလောက် စိတ်ဝင်စားဖို့ကောင်းတဲ့ပွဲကို မင်းရည်းစား ငယ်လေး ဘာလို့လာမကြည့်တာလဲ ဒီနေ့ မင်းအတွက် တီးတဲ့လက်ခုပ်သံတွေထဲမှာ ငယ်လေးရဲ့လက်ခုပ်သံ မပါဘူး
ချစ်ရည်တူပြီး မူလို့ နွဲ့လို့မှ မကြာသေးဘူး ဖြစ်ချင်တော့ မနေနိုင်လွန်းတဲ့ ကိုထွန်းမင်းက မိဌေးကြည်ကို ခိုးပြေးချင်တယ် ဖြစ်လာပါလေရော
စာရေးဆရာ တစ်ယောက်ရဲ့ မျက်လုံးတွေဟာ အရာရာကို မျှတစွာဖြင့် သုံးသပ်တတ်ပါ၏။ တချို့ဖြစ်ရပ်တွေကျတော့လည်း စေတနာအမှားတွေ ဖြစ်သွားတတ်ပြန်သည်ပဲ မဟုတ်ပါလား။