ဝင်းငြိမ်း
ထိုင်းနိုင်ငံမှာ ဆေးစစ်ဖို့ရောက်ရှိနေတဲ့၊ ဒီဇင်ဘာလ ၁၇ ရက်နေ့မှ ၂၆ ရက်အတွင်း ဘန်ကောက်မှာ ရှိနေတဲ့ စားရေးဆရာ မျိုးညွန့် (ရန်ကုန်တက္ကသိုလ်)ရဲ့ ကျေးဇူးနဲ့ အဆင့်အတန်းမြင့်မားလှတဲ့ ထိုင်းကဇာတ်တစ်ခုကို ကြည့်ခွင့်ရခဲ့ပါတယ်။ ကျွန်တော်တို့ချည်းပဲ ဆိုရင် ဒီနေရာကို ရောက်ဖို့မဆိုထားနဲ့ ရှိတယ်လို့တောင် သိမှာမဟုတ်ဘူး။
ပုဂ္ဂလိက ဇာတ်ရုံတစ်ခုဖြစ်တဲ့ Siam Niramit က မိုးပျံရထားတစ်ဆင့်၊ မြေအောက်ရထား တစ်ဆင့်၊ ကားတစ်တန်သွားမှ
ရောက်တဲ့နေရာမှာ တည်ရှိပါတယ်။ မြေအောက်ရထားကို စီးမယ်ဆိုရင် Thailand
Cultural Center Station မှာဆင်းပြီး ထွက်ပေါက် အမှတ် ၁ ကနေ
ထွက်လိုက်မယ်ဆိုရင် အခမဲ့ကြိုပေးတဲ့ကားတွေ စီစဉ်ထားပါတယ်။ ဒါပေမဲ့
လမ်းသိပ်မလျှောက်နိုင်တဲ့ ကျွန်တော့်ကြောင့် ဦးမျိုးညွန့်က မိုးပျံရထား၊
မြေအောက်ရထားများနဲ့ ခေါ်သွားပြီးနောက် တက္ကစီနဲ့ပဲ ကဇာတ်ရုံကို ရောက်ခဲ့ပါတယ်။
ကဇာတ်ရုံ အဝင်ဝမှာကတည်းက ရှေးဟောင်းလက်ရာပုံစံမျိုးကို
စတင်တွေ့ရှိရပါတယ်။ လူတစ်ယောက်အတွက် လက်မှတ်တစ်စောင်ကို ဘတ် ၁၅၀၀ ပေးရပါတယ်။
လက်မှတ်ဝယ်တဲ့ နေရာမှာ ကြိုက်တဲ့နေရာကို ရွေးလို့ရပါတယ်။
အတန်းခွဲခြားထားခြင်းမရှိပါဘူး။ ဒီဇာတ်ရုံကြီးက ကမ္ဘာမှာ အကြီးဆုံးဖြစ်တဲ့
ဇာတ်ရုံများထဲက တစ်ခုဖြစ်ပြီး ပရိသတ် ၂၀၀၀ ဆံ့တဲ့ ဇာတ်ရုံဖြစ်ပါတယ်။ အဝင်ဝမှာ
ကမ်းနေတဲ့ လက်ကမ်းစာစောင်များရဲ့ အဆိုအရ ပါဝင်သရုပ်ဆောင်သူ ၁၅၀ တို့က ဝတ်စုံပေါင်း
၅၀၀ ကျော်ကိုလဲပြီး သရုပ်ဆောင်ကြမှာ ဖြစ်တယ်လို့ သိရပါတယ်။ နေ့စဉ် ညနေ ၆
နာရီအချိန်က စတင်ဖွင့်လှစ်ပြီး ည ၈
နာရီတိတိ အချိန်မှာ ကဇာတ်ကို
စတင်ပါတယ်။ ဦးမျိုးညွန့်က ‘ကိုဝင်းငြိမ်းကြုံတုန်း ပြဇာတ်ကြည့်သွားပါ’ ဆိုတုန်းက
ယိုးဒယားစကားတွေ ပြောနေရင်နားလည်မှာ မဟုတ်တဲ့အတွက် စိတ်ထဲကတော့ အင်တင်တင်ပါ။
ဒါပေမဲ့ စိတ်အားထက်သန်နေတဲ့ ဦးမျိုးညွန့်ကို အားနာတာကြောင့်သာ လိုက်ဖြစ်ခဲ့တာပါ။
ရုံဝင်းထဲကို ဝင်လိုက်ချိန်မှာတော့
ဝဖီးနေတဲ့ ဆင်ကြီးနှစ်ကောင်က လာရောက်ကြည့်ရှုကြတဲ့ ပရိသတ်များနဲ့ တရင်းတနှီး
ရှိနေတာကို တွေ့ရပါတယ်။ ဆင်များရဲ့
အသားအရေက မည်းပြောင်နေသလို တစ်ကိုယ်လုံးလည်း အသားချည်းပါပဲ။ မွဲခြောက်ခြောက်
ခပ်ပိန်ပိန် ဆင်များကိုသာ မြင်ဖူးတဲ့ ကျွန်တော့်အတွက် ဒီဆင်တွေက တော်တော်ချစ်စရာ
ကောင်းနေပါတယ်။ နိုင်ငံခြားသား ခရီးသွားများကတော့ဆင်များရဲ့ နှာမောင်းနဲ့
ပွေ့ယူပြီး လေထဲမှဦ အမြှောက်ခံနေကြပါတယ်။ ဦးမျိုးညွန့်က ကျွန်တော့်ကို
အမြှောက်ခံပါလားလို့ ဆိုပါသေးတယ်။ ကျွန်တော်က ဆင်တွေ ငိုသွားလိမ့်မယ်လို့
ဆင်ခြေပေးခဲ့ပါတယ်။ တကယ်တော့ တိရစ္ဆာန်တွေရဲ့ စိတ်ကိုမဆိုထားနဲ့ အသိပညာရှိတဲ့
လူတွေရဲ့စိတ်ကိုတောင် အစိုးမရဘူးမဟုတ်လား။ လေထဲကျမှ သူ့စိတ်ကူးပေါက်လာရင်
ကိုင်ပေါက်လိုက်လို့ ဒုက္ခများသွားနိုင်တယ် မဟုတ်လား။ သူများ အမြှောက်ခံနေတာကိုပဲ
ဓာတ်ပုံရိုက်ခဲ့ကြပါတယ်။
ဦးမျိုးညွန့် ဦးဆောင်ခေါ်သွားတဲ့အတွက်
ဝင်းထဲမှာရှိနေတဲ့ ထိုင်းရိုးရာယဉ်ကျေးမှုကို ခင်းကျင်းပြသနေတဲ့ နေရာများကိုလည်း
လှည့်လည်ကြည့်ရှုခဲ့ကြပါတယ်။ ရိုးရာအိမ်များကို တွေ့ရသလို ရိုးရာမုန့်များ
လုပ်ရောင်းနေကြတဲ့ ထိုင်းအမျိုးသမီးများ၊ မောင်းထောင်းဆန်ဖွပ် လုပ်နေကြတဲ့
အမျိုးသမီးများ၊ ဝါချည်ရစ်နေကြတဲ့သူများ၊ ရက်ကန်းစင်မှာ ရက်ကန်းရက်နေကြသူများ
စသဖြင့် သူတို့ရိုးရာများကို ဖော်ထုတ်ပြသနေပါတယ်။ တစ်နေရာမှာတော့ ထိုင်းဗေဒင်ဆရာမ
တစ်ယောက်က ရိုးရာနည်းနဲ့ ဟောပြောနေတာကို နိုင်ငံခြားသားများ တရုန်းရုန်းနဲ့
မေးနေကြတာကို တွေ့ရပါတယ်။
ကြည့်စရာနေရာတွေကို လှည့်လည်ကြည့်ရှုကြပြီးချိန်မှာ
ပွဲစချိန် နီးလာပြီဖြစ်တဲ့အတွက် ရုံထဲကို ဝင်ခဲ့ကြပါတယ်။ ရုံဝမှာ ကင်မရာ၊
ဗီဒီယိုကင်မရာများ ယူဆောင်ခွင့် မပြုတဲ့အတွက် စနစ်တကျ အပ်နှံကြရပါတယ်။
ဦးမျိုးညွန့်က ရုံရဲ့
အလယ်ကောင်တည့်တည့်နေရာကို ယူလာခဲ့တာပါ။ ကျွန်တော်တို့ ရှေ့မှာ မင်းလမ်းအကျယ်ကြီး
ရှိပါတယ်။ ဆိုဖာခုံနီရဲရဲများမှာ နေရာယူထားကြသူတွေကို ကြည့်လိုက်တော့
ကျွန်တော်တို့လို နိုင်ငံခြားသားများသာမက ထိုင်းလူငယ်အမျိုးသား၊
အမျိုးသမီးကလေးများကိုပါ ထူးထူးခြားခြား တွေ့ရပါတယ်။ စိတ်ထဲမှာတော့
ရိုးရာယဉ်ကျေးမှုကို ပစ်ပယ်နေကြပြီဖြစ်တဲ့ မြန်မာလူငယ်များနဲ့ နှိုင်းယှဉ်ပြီး
စိတ်မကောင်းဖြစ်မိပါတယ်။ ဇာတ်ခုံ ပြင်ဆင်မှုကတော့ ဧရာမ ဇာတ်စင်ကြီးရဲ့ ဝဲ၊ ယာမှာ
နောက်ထပ် ဇာတ်ခုံ အသေးစားကလေးများ ထုတ်ထားပါသေးတယ်။ အရင်တုန်းကတော့
ကျွန်တော်တို့ဆီမှာ ဒီလိုပုံစံ ဆောက်ခဲ့ကြဖူးပါသေးတယ်။ အဲဒီတုန်းက ဝဲ၊ ယာက စင်
များပေါ်မှာ မြန်မာဆိုင်းဝိုင်းနဲ့ တစ်ဖက်မှာ အနောက်တိုင်း တူရိယာဝိုင်းများ
တင်ခဲ့ကြ တာပါ။
ဇာတ်စင်တစ်ခုလုံးကို
ပိန်းပိတ်မှောင်နေအောင် အမှောင်ချထားပါတယ်။ ပထမဆုံး မြင်ရတဲ့ မြင်ကွင်းနဲ့
ပတ်သက်ပြီး အစီအစဉ်ကြေညာသူက ကြေညာရာမှာ ထိုင်းရိုးရာဓလေ့ထုံးစံအတိုင်း
ဘုရင်နဲ့မိဖုရားတို့ ဘုရားဖူးထွက်တဲ့အခန်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကလည်း
ရှေးဟောင်းထိုင်းတို့ရဲ့ ရိုးရာစဉ်လာအတိုင်း တင်ဆက်ထားတာလို့ ဆိုပါတယ်။
မှောင်နေတဲ့ ဇာတ်ခုံ
(မှောင်နေတယ်ဆိုတာ တကယ့်ကို မှောင်နေတာပါ) ဝဲဘက်မှာ မီးမောင်းတစ်ခု ထိုးကျလာပါတယ်။
စည်တို နှက်သံကြားလိုက်ရပြီး မြင်လိုက်ရတဲ့ မြင်ကွင်းကတော့ ခန္ဓာကိုယ်
တောင့်တင်းတဲ့ အမျိုးသားတစ်ဦး အပေါ်ပိုင်း ဗလာချွတ်နဲ့ စည်တီးနေတာပါ။
ဘုရင်နဲ့မိဖုရားတို့ ထွက်တော်မူမှာဖြစ်လို့ စည်တီးခြင်းပါ။ နောက်တစ်ခါ ယာဘက်မှာ
မီးမောင်းကျသွားပြီး လူနှစ်ယောက် စည်နှစ်လုံးကို အချက်ကျကျ တီးနေတာကို
မြင်တွေ့ကြရပါတယ်။
မီးမောင်းက ယာဘက်မှာရှိတဲ့ စင်ကို
လှမ်းထိုးလိုက်ချိန်မှာတော့ (အဓိက ဇာတ်စင်ကြီးက မည်းမှောင်သွားပြီ ဖြစ်တဲ့အတွက်)
ကျွန်တော်တို့ ခေါင်းတွေ ယာဘက်ကို လည်သွားပါတယ်။ ရှေ့ဆုံးမှာ ဘုရားကန်တော့မယ့်
ပစ္စည်းများကို သယ်ဆောင်လာတဲ့ အပျိုတော်ကလေးများ တန်းစီပြီး ထွက်လာကြ ပါတယ်။
အားကောင်းလှတဲ့ ဒစ်ဂျစ်တယ် စည်းဝါးသံများက ပေါ်ထွက်နေတာကြောင့်
သူတို့ခြေလှမ်းများဟာ ကြည့်လို့လှနေပါတယ်။ သူတို့နောက်မှာတော့ အမျိုးသားလေးဦး
ထမ်းထားတဲ့ မိဖုရားကို ထီးတော်မိုးလာတာ တွေ့ရပါတယ်။
ယာဘက်ကို လှည့်ကြည့်လိုက်ပြန်တော့လည်း
အပျိုတော်ကလေးများ လှူဖွယ်ပစ္စည်းများ ကိုင်ဆောင်ပြီး တန်းစီထွက်လာကြပါပြီ။
ဘယ်အချိန်က ဖွင့်ထားမှန်း မသိတဲ့ အဓိက
ဇာတ်ခုံကြီးကို အာရုံရောက်သွားချိန်မှာတော့ စေတီတော်တစ်ဆူရဲ့ မြင်ကွင်းကို
တွေ့ကြရပါတယ်။ စေတီရှေ့မှာ ရိုးရာအကအခုန်များ၊ လက်ဝှေ့ရေး ပြခြင်း၊ ဓားသိုင်း၊ လှံသိုင်း
ကစားခြင်းတို့ကို မြင်တွေ့နေရပါပြီ။ ဝဲဘက်စင်က မိဖုရား ပေါ်ထွက်လာချိန်မှာပဲ အဓိက
စင်ကြီးပေါ်မှာ ဆင်စီးပြီး ဘုရင်ကလည်း ဝင်လာပါပြီ။ ဆင်က တကယ့်ဆင်ကြီးပါ။
ကျွန်တော်တို့ စောစောက တွေ့ခဲ့တဲ့ ဆင်များထဲက တစ်ကောင် ဖြစ်ပါတယ်။
ဘုရင်နဲ့ မိဖုရားတို့ စေတီပေါ် တက်ကြပြီး
လှူဖွယ်ဝတ္ထုများနဲ့ ကပ်လှူပူဇော်ပြီးချိန်မှာ စေတီအောက်ကို ပြန်ဆင်းလာကြပါတယ်။
ပြီးတော့ အပျိုတော်များ ဆက်သတဲ့ မီးပုံးကလေးကို နှစ်ယောက်အတူ ကိုင်လိုက်ကြပြီး
လွှတ်တင်လိုက်ချိန်မှာ မီးပုံးပျံက ကောင်းကင်ကို ပျံတက်သွားတာ တွေ့လိုက်ကြရပါတယ်။
အဲဒီအချိန်မှာပဲ နောက်ခံမြင်ကွင်းမှာ မီးပုံးပျံများ ပျံတက်လာတာကို
မြင်တွေ့ကြရပါတယ်။ မီးပုံးပျံ လွှတ်အပြီးမှာတော့ ဘုရင်နဲ့ မိဖုရားတို့ ဆင်တော်ကို
စီးပြီး ထွက်ခွာသွားကြပါတော့တယ်။ ပြသွားတဲ့ ပြကွက်တွေက ရင်သပ်ရှုမောစရာပါ။
စကားတွေပြောမယ့် ပြဇာတ်လို့ ထင်ခဲ့မိတဲ့ ကျွန်တော်လည်း ရင်သပ်ရှုမော
ဖြစ်မိတာနဲ့အမျှ ဘေးမှာထိုင်နေတဲ့ ဆရာဦးမျိုးညွန့်ကို ကျေးဇူးတင်စကား ဆိုမိပါတယ်။
ဒုတိယ ပြကွက်ကတော့
ထိုင်းနိုင်ငံတောင်ပိုင်းမှာ ရှေးယခင်ကတည်းက ဗုဒ္ဓဘာသာ ယဉ်ကျေးမှုနဲ့
မွတ်စ်လင်မ်ယဉ်ကျေးမှုများ သမမျှတစွာ ရှိနေပုံ၊ ဒေသနေပြည်သူများကလည်း သီဆိုခြင်း၊
ကခုန်ခြင်းဖြင့် ပျော်ရွှင်နေခဲ့ကြပုံ၊ တရုတ်ကုန်သည်များ ရောက်ရှိလာပုံကို
ဖော်ကျူးတဲ့ ပြကွက် ဖြစ်ပါတယ်။
ဒီပြကွက်မှာ ပထမဦးစွာ
ဆိပ်ကမ်းကိုလာပြီး ဈေးရောင်းကြတဲ့ ထိုင်းအမျိုးသမီးငယ်များကို တွေ့ကြရပါတယ်။
စားစရာမျိုးစုံ၊ အသုံးအဆောင်ပစ္စည်းမျိုးစုံကို လာရောက်ရောင်းချနေသူများထဲမှာ
ကျွန်တော်တို့ သရုပ်ဆောင်များထဲက ပွင့်လို ဝဝကစ်ကစ်နဲ့ သွက်သွက်လက်လက် ရှိလှတဲ့
အမျိုးသမီး သရုပ်ဆောင်တစ်ဦးလည်း ပါပါတယ်။ သူက လက်ထဲမှာ ပုစွန်ကင်ကို ကိုင်ပြီး
ရောင်းနေတာပါ။ သူ့သရုပ်ဆောင်မှုများက ပရိသတ်များကို ပြုံးပျော်ကြည်နူးစေပါတယ်။
အဲဒီအချိန်မှာပဲ ဧရာမရွက်လှေ ကြီးတစ်စင်း မြင်ကွင်းထဲကို ဝင်လာခဲ့ပါတယ်။
တရုတ်ကုန်သည်များ ဆင်းလာကြပြီး သူတို့ဆီမှာ ပါလာတဲ့ ပိတ်စများပြသကာ ရောင်းချကြပုံ၊
သူဌေးတစ်ဦး ရောက်လာပြီး ပါလာတဲ့ပစ္စည်းများကို ဝယ်ယူပုံ၊ သင်္ဘောသားများနဲ့
ထိုင်းအမျိုးသမီးများ ချစ်ကြိုးသွယ်ကြပုံတို့ကို သရုပ်ဖော်ပါတယ်။ အချိန်တန်တဲ့အခါ
ကုန်သည်သင်္ဘောကြီးက ထွက်ခွာတော့မှာဖြစ်တဲ့အတွက် စောစောက ချစ်ကြိုးသွယ်နေတဲ့ သင်္ဘောသားနဲ့
ဝဝကစ်ကစ် သရုပ်ဆောင်တို့ လွမ်းကြပုံ၊ သင်္ဘောသားက သင်္ဘောပေါ် ခုန်တက်ပြီး
လိုက်သွားပေမယ့် နောက်ဆုံးမှာ သင်္ဘောပေါ်က ခုန်ဆင်းခဲ့ပြီး သူ့ချစ်သူနဲ့
ပေါင်းသင်းပုံများ တင်ဆက်ပါတယ်။
တတိယမြောက် ပြကွက်ကတော့
ထိုင်းနိုင်ငံရဲ့ အရှေ့မြောက်ဒေသမှာ ခမာ ယဉ်ကျေးမှု လွှမ်းမိုးလာပုံကို
တင်ဆက်ခြင်းပါ။ ရွာသူ၊ ရွာသားများ ဘုရားရှေ့မှာ ရိုးရာအကအခုန်များနဲ့ ပူဇော်ကြပုံ၊
သူတို့မျက်မှောက်မှာပဲ ကျောက်သားများနဲ့ ထုဆစ်ထားတဲ့ နတ်ဘုရားရုပ်က
သက်ဝင်လှုပ်ရှားလာပုံများ တင်ဆက်ပြသပါတယ်။ ဒီပြကွက်မှာ အဓိကတွေ့ရတာကတော့
ကျွန်တော်တို့ တိုင်းရင်းသားများရဲ့ ဝါးညှပ်အကနဲ့ တူတဲ့ အကကို အသားပေး
ကပြသွားခြင်းပါ။
စတုတ္ထမြောက် ပြကွက်ကတော့
အယုဒ္ဓယမြို့တော် တန်ခိုးကြီးထွားစဉ်ကာလမှာ တောင်သူလယ်သမားများရဲ့ ဘဝ၊
စိုက်ပျိုးထွန်ရက်ကြပုံ၊ ရွှေနန်းတော်အတွင်းမှာ နေထိုင်ကြပုံ၊ ပြည်ပမှ သံတမန်များ
ရောက်ရှိလာပြီး လက်ဆောင်ပဏ္ဏာ ဆက်သကြပုံတို့ကို တင်ဆက်ပြသတာ ဖြစ်ပါတယ်။
ဒီပြကွက်ရဲ့အဖွင့်မှာ ဇာတ်စင်ရှေ့မှာ ချောင်းတစ်ခု ဖြစ်လာတာကို တွေ့လိုက်ရပါတယ်။
ရွာသားတစ်ဦး ချောင်းစပ်က တံတားလေးပေါ်ကို ရောက်လာပြီး ချောင်းထဲက ရေကိုလက်နဲ့
ခပ်ယူကာ မျက်နှာသစ်၊ သွားတိုက် လုပ်ပြနေပါတယ်။ ဒီအချိန်ထိ ကျွန်တော်က ချောင်းထဲက
ရေကို အစစ်လို့ မထင်သေးပါဘူး။ စိတ်ထဲမှာ အဲဒီလို ဖြစ်နေချိန်မှာပဲ ကိုယ်တော်ချောက
ချောင်းထဲကို ဝုန်းခနဲ ခုန်ဆင်းလိုက်ပြီး ရေချိုးလိုက်ပါတယ်။ ဒီတော့မှ
ရေအစစ်ဆိုတာကို ကျွန်တော် လက်ခံလိုက်ရပါ တယ်။
သူ ရေချိုးပြီးချိန်မှာ မလှမ်းမကမ်းက
ရေဆိပ်မှာ သူ့ချစ်သူက ရေလာခပ်ပါတယ်။ သူတို့နှစ်ဦး ချစ်စကားဆိုနေချိန်မှာပဲ
ချောင်းရဲ့ ယာဘက်က လှေတစ်စင်းနဲ့ ဆွမ်းခံကြွလာတဲ့ ဘုန်းတော်ကြီးတစ်ပါး မြင်ကွင်းထဲကို
ဝင်လာပါတယ်။ ချစ်သူနှစ်ဦးတို့ ဘုန်းတော်ကြီးကို ဆွမ်းလောင်းကြချိန်မှာ ဝဲဘက်ကရော
ယာဘက်ကပါ အသီးအနှံများ ရောင်းချဖို့ တင်ဆောင်လာတဲ့ လှေတွေ ဖြတ်သန်းသွားတာကို
မြင်ကြရပြန်ပါတယ်။ အဲဒီနောက် ဘုန်းတော်ကြီးက သူ့လှေကိုသူ လှော်ခတ်ပြီး ဇာတ်စင်ရဲ့
ဝဲဘက်ကို ဝင်သွားပါတယ်။
အဲဒီနောက် မြင်ရတဲ့မြင်ကွင်းကတော့
တောင်သူများ မိုးမရွာတဲ့အတွက် မိုးရွာဖို့ စုပေါင်း ဆုတောင်းကြပုံ၊ ရုတ်တရက်
မိုးမှောင်ကြီး ကျလာပြီး လျှပ်စီးများ ဝင်းလက်ကာ မိုးကြိုးများပစ်ပုံက
ဒစ်ဂျစ်တယ်အသံ ဖြစ်တဲ့အတွက် တစ်ရုံလုံး မြည်ဟိန်းနေပါတယ်။ လျှပ်များဝင်းလက်ပုံကလည်း
ဇာတ်ခုံပေါ်မှာသာမက ပရိသတ်ရဲ့ ဝဲဘက်၊ ယာဘက်မှာပါ လင်းလက်နေပါတယ်။ အဲဒီနောက်
မိုးကောင်းကင်ပေါ်က မိုးများ သဲသဲမဲမဲ ရွာချလိုက်ရာ စောစောက ဇာတ်စင်ရှေ့မှာ
ပေါ်ပေါက်လာတဲ့ ချောင်းထဲကို တည့်တည့်ကျနေပါတယ်။
ခဏအကြာမှာတော့ တောင်သူများ
ဝမ်းပန်းတသာနဲ့ မြင်ကွင်းထဲကို ပြန်ဝင်လာကြပါတယ်။ စောစောက နောက်ခံမှာ တွေ့ခဲ့ရတဲ့
စပါးခင်းစိမ်းစိမ်းများက ကျွန်တော်တို့ မျက်မှောက်မှာပဲ တဖျတ်ဖျတ်နဲ့ အဝါရောင်
သမ်းသွားတဲ့ စပါးခင်းကြီး ဖြစ်သွားခဲ့ပါတယ်။ ကျေးလက်ပြည်သူများ
ပျော်ရွှင်နေကြပုံကို ဆက်လက်ပြသရင်း မွေးမြူထားတဲ့ ဆိတ်များကို တစ်နေရာမှ
လွှတ်လိုက်တာကို မြင်ရပါတယ်။ ထူးခြားတာကတော့ ဆိတ်များဟာ ဘယ်ညာမပြေးကြဘဲ
ဝဲဘက်တစ်ဖက်တည်းကိုသာ အုပ်စုလိုက် ပြေးသွားကြပါတယ်။ အဲဒီလိုပဲ ကြက်သားအုပ်မနဲ့
သားပေါက်ကလေးများကို အုပ်ဆောင်းအောက်က လွှတ်လိုက်တဲ့အခါမှာလည်း ကြက်မကြီးက
ဦးဆောင်ပြီး ဝဲဘက်ကိုပဲ ဝင်သွားကြပါတယ်။
အဲဒီမြင်ကွင်းတွေက ပြကွက်လေးရဲ့
ထူးခြားချက်တွေပါပဲ။ ဆက်လက်ပြသတဲ့ ပြကွက်များကတော့ ဘာသာရေးနဲ့ ဆက်နွယ်နေပါတယ်။
ပထမဆုံး ပြကွက်က ငရဲခန်းပါ။
ငရဲမင်းကြီးနဲ့ သူ့ငရဲသားများက ငရဲပြည်ကို ရောက်လာတဲ့သူများကို ဧရာမ
ဆီဒယ်အိုးကြီးထဲ ထည့်ပြီး ကြော်နေကြပုံ၊ ငရဲသားများ ပြေးလွှားနေကြပုံ
(တချို့ငရဲသားများက ပရိသတ်ထဲကနေ ဖြတ်ပြေးသွားပါတယ်)၊ မီးတောက် မီးလျှံတွေ
တောက်နေပုံကို ပြသရင်း ကျွန်တော်တို့ ရှေ့တည့်တည့်က မီးတောက်ကြီးတစ်ခု ဟုန်းခနဲ
ထတောက် သွားပါတယ်။ ကျွန်တော်တို့က အလယ်ကဆိုတော့ အရင်ဆုံး ဖွင့်လိုက်ပုံ ရပါတယ်။
ပြီးတော့မှ ဝဲ၊ ယာက မီး တောက်တွေ ဟုန်းခနဲ၊ ဟုန်းခနဲ တောက်သွားတာကို မြင်ရပါတယ်။
ရုတ်တရက်ဆိုတော့ ကိုယ်ကို နောက်တွန့် လိုက်မိသေးတယ်။ နောက်တော့မှ တွေးပြီး
ပြုံးရတာပေါ့။
နောက်တစ်ခန်းကတော့ ဟိမဝန္တာမှာ
ကျေးငှက်သာရကာ တိရစ္ဆာန်များနဲ့အတူ သီတာနဲ့ရာမတို့ အခန်းဖြစ်ပါတယ်။ (သူတို့ကတော့
သီတာနဲ့ ရာမလို့ မကြေညာပါဘူး။ ဒါပေမယ့် မင်းသားက ခေါင်းအစိမ်းဆောင်းထားပြီး
ဝတ်စုံကလည်း အစိမ်းရောင်ဖြစ်တဲ့အတွက် ရာမလို့ ကျွန်တော် ယူဆခြင်းပါ) အပေါ်မှာ
ပျံသန်းနေတဲ့ ကျေးငှက်များသာမက သူယောင်မယ်ကလေးများ ရွေ့လျားနေ ပုံကလည်း
စက်သီးနဲ့ဆိုတာ သိသည့်တိုင်အောင် ငြိမ့်ညောင်းလွန်းတဲ့အတွက် ရင်သပ်ရှုမောဖြစ်မိတာ
အမှန်ပါ။ နောက်က ပေါ်ထွက်လာတဲ့ နဂါးမင်းကြီးရဲ့ ပုံသဏ္ဌာန်ကလည်း
ခံ့ညားထည်ဝါလှပါတယ်။
နောက်တစ်ခန်းကတော့ နိဗ္ဗာန်လို့
ဆိုရပါမယ်။ သီတာနဲ့ရာမတို့ ကောင်းကင်ဘုံမှာ ပျော်မြူးစံမြန်းနေကြပုံကို အပါးမှာ
ခစားတဲ့ နတ်သား၊ နတ်သမီးများနဲ့ ရှုမငြီးအောင် ပြသခဲ့ပါတယ်။ အပေါ်မှာ ပျံဝဲနေတဲ့
နတ်သား၊ နတ်သမီးများကို ကြည့်မယ်ဆိုရင်
အောက်ပိုင်း (ခြေထောက်ပိုင်း)ကို မမြင်ရတဲ့အတွက် ရုတ်တရက်ကြည့်ရင် မီးလှည့်စားမှု
လုပ်ထားသလားလို့ ထင်စရာပါ။ သေသေချာချာ ကြည့်တော့မှ ခြေထောက်ကို ကွေးထားတာ
သတိထားမိပါတယ်။ ဇာတ်စင်ပေါ်က နတ်သမီး ကလေးတစ်ပါး စက်သီးနဲ့ ဇာတ်စင်ပေါ်က
ထွက်လာပြီး ပျံဝဲကာ ပရိသတ်ခေါင်းပေါ်က တစ်နေရာမှာ ပျောက်ကွယ်သွားတဲ့ ပြကွက်ကလည်း
အံ့သြစရာပါ။
နောက်တစ်ပိုင်းကတော့ ရိုးရာဓလေ့
ပွဲတော်များ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ ရှင်လောင်းလှည့်ပုံကို ပြသတော့ ပရိသတ်ထဲမှာပါ
ရှင်လောင်းကို ထမ်းပြီး လှည့်ခဲ့ကြပါတယ်။ ထိုင်းနှစ်သစ်ကူးပွဲတော်ကို
ဘုရားပင့်ဆောင်မှုနဲ့ ပြသပြီး မီးမျှောပွဲတော်ကို ပြသရာမှာတော့ ပရိသတ်အတွင်းက
နိုင်ငံခြားသားများကိုပါ ခေါ်ယူပြီး ကိုယ်တိုင်ကိုယ်ကျ မျှောစေခဲ့ပါတယ်။ ရေထဲမှာ
မျှောထားတဲ့ နှီးခွက်ထဲက ဆီမီးခွက်ကလေးများကလည်း ခုနကပြောတဲ့ တိရစ္ဆာန်များလိုပဲ
ဇာတ်စင်ရဲ့ ယာဘက် တစ်ဖက်တည်းကိုသာ စီးဝင်မျောပါသွားတာ တွေ့ရပါတယ်။
ဒီတင်ဆက်မှု အားလုံးဟာ
အချိန်ကာလအားဖြင့် တစ်နာရီခွဲတိတိ ကြာပါတယ်။ သူတို့တင်ဆက်မှုက
သူတို့ရိုးရာယဉ်ကျေးမှုများကို ရှုမငြီးအောင် ဖန်တီးတင်ဆက်သွားခြင်းပါ။
ကျွန်တော်တို့ဆီမှာတော့ ဇာတ်သဘင်ဆိုတာ နယ်မှာသာ ရှိပါတော့တယ်။ ထိုင်းက ပြတဲ့
ပြကွက် တော်တော်များများဟာ မြန်မာနိုင်ငံက ယဉ်ကျေးမှုများနဲ့ တူနေပါတယ်။ ဥပမာ
ဝါးညှပ်အက၊ ကိန္နရာအက စသဖြင့် တော်တော်များများ တူပါတယ်။
တာဝန်ရှိသူများကို မေးကြည့်တော့
သူတို့အနေနဲ့ တင်ဆက်မှုတစ်ခုကို တစ်နှစ်ပတ်လုံး အပြောင်းအလဲမရှိ တင်ဆက်ကြပြီး
ကြားရက်များမှာ ပရိသတ်များ ရုံတစ်ဝက်လောက်ရှိပြီး အခါကြီးရက်ကြီးများ၊
ရုံးပိတ်ရက်များမှာတော့ လက်မှတ်ကုန်တဲ့အထိ အားပေးကြတယ်လို့ ဆိုပါတယ်။
ရိုးရာယဉ်ကျေးမှုကို မပျောက်ပျက်အောင် ထိန်းသိမ်းနေကြတဲ့အပြင် ကိုယ့်ယဉ်ကျေးမှုကို
လေးစားရမှန်းသိတဲ့ ထိုင်းလူငယ်များကို ကျွန်တော် ချီးကျူးမိတာ အမှန်ပါပဲ။
▀
ဝင်းငြိမ်း
(အမှတ် ၂၀၇၊
ဖေဖော်၀ါရီလ၊၂၀၀၇ ရွှေအမြုတေမဂ္ဂဇင်း။)
'သည်မန်ကျည်း ရွက်ကလေးတွေ ကျွန်မတို့ မန္တလေးဘက် ရောက်တယ်ဆိုတော့ လမ်းခရီးမှာ ကြွေမကုန်ဘူးလား။ ကျွန်မဖြင့် မနက်ဈေးက ဝယ်လာပြီး မချက်ဖြစ်ရင် နောက်တစ်နေ့ ရိုးတံတခြား အရွက်တခြားဖြစ်တာ များလွန်းလို့'
လရောင်အောက်တွင် ပန်းရိုင်းလိုလှနေသော မြညွန့်၏ အလှကို ငေးမောကာ ကြည်နူးနေမိပါသည် ကျွန်တော်သည် မြညွန့်၏အလှကို မအိပ်ဘဲ မစားဘဲ ထိုင်၍သာ ကြည့်နေချင်ပါသည် မြညွန့်အား ညစ်ညမ်းသောကိစ္စများနှင့် ရောထွေး၍ မတွေးလိ...
ယမုန်နာပတ်ပျိုး စပ်ဆိုသည့် စာဆိုရှင်ကို ပီပီပြင်ပြင် မသိရသော်လည်း လကျ်ာမင်းထင် ရေးသည်ဟူ၍ ပြောကြသည်လည်း ရှိ၏။ ဤသည်ကား တစ်ဆင့်စကားဖြင့် ပြောလာကြရာမှ ဖြစ်ပေါ်လာသောအဆို ဖြစ်ပါသည်။