စည်သူမြသန်း
(တစ်)
သြော်... ဘာလိုလိုနှင့်
ကျွန်တော်တို့၏ စာရေးဆရာကြီး ဆရာမြသန်းတင့် ကွယ်လွန်ခဲ့ခြင်းသည်ပင် ၉ နှစ်
ကာလပြည့်မြောက်ခဲ့ပြန်ပြီ။
ကျွန်တော်သည်
ဆရာမြသန်းတင့် ကွယ်လွန်ခြင်း နှစ်လည်ဆွမ်းကျွေး အလှူဒါနသို့ ရောက်ဖြစ်ခဲပါသည်။
သို့သော် ကွယ်လွန်ခြင်း
နှစ်လည်ကာလမှအပ ကြားကာလများတွင် ကျွန်တော်သည်
တစ်ခေါက်စ၊
နှစ်ခေါက်စ ဆရာ့အိမ်သို့ ရောက်တတ်ပါသည်။
ဆရာ့အိမ်သို့
ရောက်လေတိုင်း ဧည့်ခန်းမှ ပန်းချီ မောင်ညိုဝင်း ရေးဆွဲသော ဆရာ့ရုပ်ပုံလွှာ
ပန်းချီကားချပ်ကြီးက ဆီးကြိုနေလေ့ ရှိပါသည်။
ထိုနေ့ ကျွန်တော်ရောက်စဉ်က
ဆရာ့သား ဖိုးလမင်းက ဆီးကြိုပါသည်။
'သြော်...အစ်ကို
ကိုစည်သူ တော်ပါသေးရဲ့။ မေမေတို့တောင် ခုပဲ တရားစခန်းက ထွက်လာလို့ ပြန်ရောက်စပဲ
ရှိသေးတယ်။ နို့မို့ဆို တွေ့မှာမဟုတ်ဘူး။ မေမေ... ဟော့ဒီမှာ ကိုစည်သူ ရောက်နေတယ်'
ဖိုးလမင်းက
အပေါ်ထပ်သို့ လှမ်းအော်ပြောသည်။
'နေပါစေ ဖိုးလမင်း။
အန်တီ ပင်ပန်းလာလို့ အိပ်ပျော်နေလည်း အိပ်ပါစေ'
ရက်ရှည် တရားစခန်းမှ
ထွက်လာသော ဆရာ့ဇနီး အန်တီခင်မမကို ကျွန်တော် စာနာအားနာစွာ ပြောသည်။
ကျွန်တော်က
ပြောသော်လည်း ကျွန်တော် ဧည့်ကုလားထိုင်မှာ ထိုင်စပင် ရှိသေးသည်။ အန်တီခင်မမနှင့်
ဆရာ့သမီး မြူမြူတို့ အပေါ်ထပ်မှ ဆင်းလာပြီ။
□
(နှစ်)
အန်တီတို့ သားအမိသည်
အင်းစိန်မြို့နယ် အောင်ဆန်းရှိ ရက်ရှည်ဝိပဿနာတရားစခန်းမှ အိမ်သို့ ကျွန်တော်နှင့်
မရှေးမနှောင်း ပြန်ရောက်ခြင်း။ ကျွန်တော့်မှာ ဆရာ့မိသားစုနှင့် စပ်လျဉ်းသော
လာရင်းကိစ္စတစ်ခု ရှိပါသည်။
ယင်းမှာ လက်ပြောင်း
အယ်ဒီတာအဖွဲ့တစ်ဖွဲ့မှ အသစ်ပြန်လည်ထုတ်ဝေသော ပန်မဂ္ဂဇင်းပါ ဆရာ့စာမူကိစ္စနှင့်
စပ်လျဉ်းသည်။
ထိုစာမူ ပန်မဂ္ဂဇင်းမှာ
ထည့်သွင်းဖော်ပြခွင့်ပြုရန် ကျွန်တော် ဆရာမိသားစုထံမှာ ခွင့်လာတောင်းဖူးသည်။
ကျွန်တော်ပင်
ပန်မဂ္ဂဇင်းပါ ဆရာ့စာမူအတွက် စာမူခနှင့် မဂ္ဂဇင်းလာပေးခြင်း။
မဂ္ဂဇင်းပါ ဆရာ့စာမူက 'ပဲဆွတ်ချိန် ဇာတ်လမ်း'။
□
ပဲဆွတ်ချိန် ဇာတ်လမ်း။
ဝန်ခံရရလျှင် ဆရာ
မြသန်းတင့်၏ ထိုပဲဆွတ်ချိန် ဇာတ်လမ်း ဝတ္ထုစာမူကို ကျွန်တော် လုံးဝ မဖတ်ဖူးခဲ့ပါ။
ပဲဆွတ်ချိန်
ဇာတ်လမ်းသည် လွန်ခဲ့သော ၁၉၆၂ ခုနှစ်၊ ဇန်နဝါရီလ၊ ငွေတာရီမဂ္ဂဇင်း၌ ဖော်ပြခဲ့သော
ဝတ္ထုစာမူ ဖြစ်ပါသည်။
ယခု ပန်မဂ္ဂဇင်း၌
ပြန်လည်ဖော်ပြခြင်း ကဏ္ဍအဖြစ် ပြန်လည်ထည့်သွင်း ဖော်ပြခြင်း။
ပြောကြစတမ်းဆိုလျှင်
လောကသည် ရံခါတွင် ဆန်းကြယ်တတ်သည်ဟု ကျွန်တော် မြင်ပါသည်။
လောကနှင့်အတူ လောကရှိ
လူသားတို့ရင်မှ ဖြစ်သော အချစ်ဆိုသည်က ပို၍ ဆန်းကြယ်တတ်လေသည်။
အချစ်ဆိုသည်ကို အချို့က
ရယူပိုင်ဆိုင်ခြင်း၊ အချို့က ပေးအပ်စွန့်လွှတ်ခြင်းဟူ၍ အနက်အဓိပ္ပာယ် အမျိုးမျိုး
ဖွင့်တတ်ကြသည်။
ဆရာမြသန်းတင့်၏
ပဲဆွတ်ချိန် ဇာတ်လမ်းသည် အညာဒေသ၏ အညာဓလေ့တစ်ခု ဖြစ်သည်။ မြေပဲဆွတ်ချိန် အခြေခံကာ
လှဆောင်အမည်ရှိ လူငယ်တစ်ဦး၏ အချစ်အပေါ် ၎င်းထိတွေ့ ခံစားရမှုကို အခြေခံကာ
အနက်အဓိပ္ပာယ် ဖွင့်ဆိုသွားခြင်းကို ဆရာ၏ လှပနုညက်သော အရေးအဖွဲ့ဖြင့် သီကုံး
တင်ပြထားသည့် စွဲမက်ဖွယ် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါသည်။
ကျွန်တော်သည်
လွန်ခဲ့သော ၉ နှစ်၊ ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ပြင်းထန်သော
ဦးခေါင်းပိုင်း ဒဏ်ရာရမှုဖြင့် ကျွန်တော်တို့၏ မြန်မာစာပေလောကတစ်ခုလုံးကို
မမျှော်လင့်ဘဲ ခွဲခွာသွားရစ်သော စာရေးဆရာကြီး ဆရာမြသန်းတင့်ကို အမှတ်ရသောအားဖြင့်
ဆရာ၏ ဟိုးလွန်ခဲ့သော နှစ်ပေါင်း ၄ဝ ကျော်ခန့်က ဆရာ့ရှားပါးလက်ရာ
ပဲဆွတ်ချိန်ဇာတ်လမ်းကို စာဖတ်သူများ ခံစားသိရှိစေလိုသော စာပေစေတနာဖြင့် တလေးတစား
တခုတ်တရ တင်ပြ အပ်ပါသည်။
□
(သုံး)
ဆရာ့
ပဲဆွတ်ချိန်ဇာတ်လမ်းကို ဆရာက လှပနုညက်စွာ ထိုသို့ရေးဖွဲ့ခဲ့သည်။
သီတင်းကျွတ်၊
တန်ဆောင်မုန်းလထဲသို့ ဝင်လာသည်၌ ကျွန်တော်တို့ အညာတွင် အချစ်ဓာတ်သည် တစိမ့်စိမ့်
ဝင်စပြုလာသည်။ နှင်းနံ့ကလေးကလည်း မွှေးလာပါသည်။ နှင်းစိုသော ကြောင့်
ကုန်းမိုခင်တန်းတစ်လျှောက် ရှုခင်းသည် နုပျိုလာကြပြန်ကာ ယာမြေနံ့ကလေးကလည်း
သင်းပျံ့စပြုလာပါသည်။ ကိုတင်ခွေး၊ ကိုပုကြီးနှင့် ကျွန်တော် သုံးယောက်သားသည်
မြို့အုပ်ကုန်းသို့ တက်သော ပေါက်-မြိုင် ပေတစ်ရာ လမ်းမကြီးအတိုင်း
လျှောက်လာခဲ့ကြသည်။
ကိုတင်ခွေးက လက်ထဲတွင်
မယ်ဒိုလင်ကို ခပ်ဖွဖွကိုင်၍ တီးလာရင်း သီချင်းတစ်ပုဒ်ကိုလည်း ဆိုနေသည်။
ကိုတင်ခွေးသည် ပုလဲပေါက်ကိုဆိုကာ မယ်ဒိုလင်ကို တီးနေသည်။ ကိုပုကြီးသည် စည်းကို
မှန်မှန်လိုက်နေသည်။
ကျွန်တော်ကား
သီချင်းများကိုလည်း မကြားမိတော့ပါ။
□
ကျွန်တော်သည်
လရောင်ဖြန်းထားသော မြို့အုပ်ကုန်းယာဘက်သို့ ငေး၍ကြည့်နေမိသည်။ မြို့အုပ်ကုန်းယာမှာ
မြေပဲခင်းများ ဖြစ်၍ ပဲဖော်သူ၊ ပဲဆွတ်သူ မိန်းမတစ်သိုက်၏ သီချင်းဆိုသံများကို
ကြားရလေသည်။
ကျွန်တော်တို့သည်
မြေပဲပင်တန်း လျားများကြားမှ ယာတောအလည်သို့ လျှောက်လာခဲ့ကြသည်။ ကျွန်တော်တို့
သုံးယောက်သည် လသာသောညများ၌ မြေပဲ ခိုးလေ့ရှိကြသည်။ လသာသာတွင် မြေပဲခိုးရသည်မှာ
ပျော်စရာကြီး ဖြစ်လေသည်။ ကျွန်တော်ကား မိန်းမသိုက်ကို မြင်သောအခါ ရင်တထိတ်ထိတ်
ဖြစ်နေသည်။ သည်မိန်းမသိုက်ထဲတွင် ကျွန်တော် တစ်ဖက်သတ် ကြိုက်နေသော မြညွန့်ပါလေမလားဟု
လှမ်းကြည့်နေမိသည်။ ကိုတင်ခွေးကလည်း မြညွန့်ပါမလားဟု လှမ်းကြည့်နေသည်ကို
သတိထားလိုက်မိသည်။ ကျွန်တော်နှင့် ကိုတင်ခွေးသည် မြညွန့်ကို တစ်ပြိုင်တည်း
ပိုးနေကြသူများဖြစ်သည်။
သို့ရာတွင်
ကိုတင်ခွေးနှင့် ကျွန်တော် မြညွန့်ကို ကြိုက်ပုံချင်းမှာ မတူကြပါ။ ကိုတင်ခွေး ကြိုက်ပုံမှာ
မြညွန့်၏ တောင့်တင်းဖြောင့်စင်းသော ကိုယ်ကလေးကို ကြည့်၍ တက်တခေါက်ခေါက်ဖြင့်
အံကြီးကြိတ်ကာ ကြည့်ရာမှ ပေါ်လာသော အကြိုက်မျိုးဖြစ်၍ ကျွန်တော်ကြိုက်ပုံမှာ
မြညွန့်၏ နှုတ်ခမ်းပေါ်မှ နှမ်းစေ့လောက်ရှိသော မှဲ့ကလေးကအစ ကြည်လင်သော
မျက်လုံးများ၊ နီထွေးသော နှုတ်ခမ်းများ၊ လှုပ်လီလှုပ်လဲ့ ဆော့ကစားကြသော
နားသံသီးကလေးများအဆုံး အဆင်တန်ဆာတို့ စုရုံးပါဝင်သည့် မျက်နှာအလှကို ကြည့်ရာမှ
ပေါက်ဖွားလာသည့် အကြိုက်မျိုး ဖြစ်သည်။
□
ကျွန်တော်တို့
အရပ်တွင်ပဲကောက်သော မိန်းကလေးများသည် ပုဆိုးစတစ်စကို ခါးနှစ်ဖက်ကြားသို့ ညှပ်ထားပြီး
ရှေ့သို့ ဖြန့်ချထားကြပါသည်။ ခေတ်ဆန်သော အိမ်ရှင်မတို့ ခါးတွင် ပဝါစည်း၍
မီးဖိုဆောင်သို့ ဝင်ပုံအတိုင်းပင် ဖြစ်ပါသည်။ သို့ရာတွင် သည်မျှနှင့် မရပ်ဘဲ
အောက်ပိုင်းပုဆိုးစ အစွန်းနှစ်ဖက်ကို သိမ်းယူလိုက်ပြီး တစ်ဖန်ခါးကြားထဲတွင် ပြန်၍
ညှပ်ထားလိုက် ပြန်ပါသည်။
သို့ဖြင့်
အိတ်ကလေးလိုဖြစ်ကာ ကောက်ပြီး မြေပဲများကို သည်အိတ်ထဲတွင် ထည့်လေ့ရှိပါသည်။
ယောကျ်ားလေးက ပဲကူ၍ ကောက်ပြီး သည်အိတ်ထဲသို့ ထည့်ပေးကာ သရိုးသရီ လုပ်ကြခြင်းဖြင့်
ညားသွားသူတွေ ဒုနဲ့ဒေး ရှိပါသည်။
ယောကျ်ားလေးတစ်ယောက်က
ပဲကူ၍ကောက်ပေးသည်ကို မိန်းကလေးက ကြည်ဖြူစွာ လက်ခံခြင်းသည် အချစ်ကို
လက်ခံခြင်းမည်ပါသည်။ ပဲကောက်ပေးရင်းလည်း ချစ်စကား၊ ကြိုက်စကားကို
နိဒါန်းပျိုးနိုင်ပါသေးသည်။ ပဲဖော်ချိန်၊ ပဲဆွတ်ချိန်သည် ကျွန်တော်တို့ အညာကျေးက
အပျို၊ လူပျိုတွေအဖို့ အခါကောင်း၊ အခွင့်ကောင်း ဖြစ်ပေသည်။
□
ကျွန်တော်သည်
ရင်တထိတ်ထိတ်ခုန်ရင်းက မြေကြီးကို လက်ဖြင့် ဖွနေမိသည်။ မြေကြီးထဲတွင် မြေပဲတောင့်
လေးငါးတောင့်ကို စမ်းမိ၍ ကောက်ယူလိုက်ပြီး မြညွန့်ဘက်သို့ လှမ်းပေးလိုက်သည်။
မြညွန့်က လှမ်းမယူဘဲ ကျွန်တော့်ကို မျက်လုံးကြီးများဖြင့် အံ့အားသင့်ဟန်
လှမ်း၍ကြည့်လိုက်ပြီး...
'သည်အထဲ ထည့်ပါလားဟဲ့။ နင့်မှာ
လက်မပါဘူးလား'
မြညွန့်က
သူ့ပေါင်ပေါ်တွင် ပုံကျနေသည့် အိတ်ကြီးကို လက်ဖြင့် ဖြဲ၍ ပြောလိုက်သည်။ ကျွန်တော်က
အဝေးမှနေ၍ မြေပဲတောင့်များကို ပစ်ထည့်လိုက်သည်။
'အမလေး...
ဖြစ်နေလိုက်တာ အိတ်နဲ့ထိရင် နူတော့မယ့်အတိုင်းပဲ'
ကျွန်တော်သည် လရောင်အောက်တွင်
ပန်းရိုင်းလိုလှနေသော မြညွန့်၏အလှကို ငေးမောကာ ကြည်နူးနေမိပါသည်။
ကျွန်တော်သည်
မြညွန့်၏အလှကို မအိပ်ဘဲ၊ မစားဘဲ ထိုင်၍သာ ကြည့်နေချင်ပါသည်။ မြညွန့်အား ညစ်ညမ်းသော
ကိစ္စများနှင့် ရောထွေး၍ မတွေးလိုပါ။ သန့်သန့်ရှင်းရှင်းသာ ချစ်နေလို ပါသည်။
□
မြေပဲခင်းသည်
လရောင်အောက်၌ မှိုင်းညို့နေလေသည်။ စီတန်းစိုက်ထားသော မြေပဲပင်ဖုတ်များကြောင့်
ပဲခင်းမှာ ပုလဲပေါက်ဖောက်ထားသော အဝတ်စတစ်စကို ဖြန့်ခင်းထားသည်နှင့် တူနေသည်။
ကျွန်တော်သည်
ပဲရိုးပုံအနီးသို့ ကပ်လိုက်ပြီး မြညွန့်ကို လှမ်းမျှော်ကြည့်သော်လည်း
အရိပ်အရောင်မျှ မမြင်ရပါ။
တစ်ယောက်ချင်းတွေ့ရန်
စဉ်းစား၍ လာတော့မှ မတွေ့သောအခါ ကျွန်တော် စိတ်အပျက်ကြီး ပျက်သွားပါတော့သည်။
ကျွန်တော်သည်
စိတ်ပျက်လက်ပျက်ဖြင့် ပဲရိုးပုံကြီးမှ ခွာထွက်ကာ ပြန်ရန်လှည့်လိုက်သည်။
သို့ရာတွင်
ပဲရိုးပုံတစ်ဖက်ဆီမှ စကားပြောသံလိုလို မသဲမကွဲကြားရသဖြင့် ရပ်တန့်ကာ
နားစွင့်ထောင်လိုက်ပြီး ပဲရိုးပုံတစ်ဖက်သို့ ချောင်းကြည့်လိုက်သည်။
ပဲရိုးပုံနှင့်
မလှမ်းမကမ်းတွင် မြညွန့်သည် မြေကြီးပေါ်တွင် ကျုံ့ကျုံ့ထိုင်ကာ ပဲကောက်နေသည်။
ကိုတင်ခွေးသည်
သူနှင့်မျက်နှာချင်းဆိုင်တွင် ထိုင်ကာ သဲထဲသို့ လက်ဖြင့် ယက်နေသည်။ ခဏကြာလျှင်
ကိုတင်ခွေး၏ တဟဲဟဲရယ်သံကို ကြားရသည်။ ကျွန်တော်သည် မျက်လုံး ပိုကျယ်လာကာ
လှမ်းကြည့်လိုက်သည်။
ကိုတင်ခွေးသည်
သူကောက်ထားသော မြေပဲတောင့်များကို မြညွန့်ရင်ခွင်ထက်တွင် ရှိနေသော
ပုဆိုးအိတ်ထဲသို့ ထည့်နေသည်။ တဟဲဟဲ ရယ်သံကိုလည်း ကြားနေရသည်။
မြညွန့်က ဘာမျှမပြောဘဲ ခေါင်းငုံ့ထားပါသည်။
သူ့မျက်နှာကလေးသည် ရှက်သွေးဖြန်းနေသည်ဟု ထင်ရပါသည်။
ကျွန်တော်သည်
ကိုတင်ခွေး မြေပဲကောက်ပေးနေပုံကို တာရှည်မကြည့်ရဲတော့ပါ။ ကျွန်တော့်နှလုံးသား
နာကျင်လာသည်ဟု ထင်ရပါသည်။
ကျွန်တော်
သန့်ရှင်းစွာချစ်ခဲ့သော မြညွန့်ကို သည်ပုံသည်နည်း မြင်လိုက်ရသောအခါ ရင်နာလာပါသည်။
ကျွန်တော်သည်
ဘေးပတ်ဝန်းကျင်ကို လှမ်းကြည့်လိုက်သည်။ မှုန်ရီနေသော လရောင်အောက်တွင် တမာတန်းဘက်
မှောင်ရိပ်ဆီသို့ သွားနေသော ကိုတင်ခွေးနှင့် မြညွန့်ကို မြင်ရပါသည်။
မြညွန့်သည်
မြေပဲအိတ်လုပ်သော ပုဆိုးစကို ကျောပေါ်တွင် သိုင်းခြုံထားပြီး ကိုတင်ခွေးက
မြညွန့်ခါးကို ဖက်ထားပါသည်။
ကျွန်တော်သည်
မြညွန့်အတွက် ရည်ရွယ်၍လုပ်ခဲ့သော ကရုကမာခွံ ပုတီးလေးကို စိတ်ဆိုးဆိုးဖြင့်
ဆွဲဖျက်လိုက်ပြီး ပုတီးလုံးကလေးများကို လွှင့်ပစ်လိုက်သည်။
လှပဖြူဖွေးသော
ပုတီးလုံးကလေးများသည် လရောင်အောက်တွင် ဝင်းလက်၍ လွင့်စဉ်ပျောက်ကွယ်သွားကြပါသည်။
ထိုအချိန်မှစ၍
ကျွန်တော်သည် အသည်းနှလုံးက လာသည်ဆိုသော အချစ်ကို အယုံအကြည် မရှိတော့ပါ။
□
(နိဂုံး)
လောကသည် တစ်ရံတစ်ခါတွင်
ဆန်းကြယ်တတ်လေသည်။ လောကရှိ လူသားတို့ ရင်မှဖြစ်သော အချစ်ဆိုသည်က ပို၍
ဆန်းကြယ်တတ်လေသည်။
ပန်မဂ္ဂဇင်းပါ
ဆရာမြသန်းတင့်၏ ပဲဆွတ်ချိန်ဇာတ်လမ်းမှ လှဆောင်ဆိုသော လူငယ်ကလေး၏ အချစ်အပေါ်
ရှုမြင်ပုံ ဒဿနကို ဆရာသည် လှပနုညက်စွာ ရေးဖွဲ့တင်ပြသွားခဲ့သည်။
ထိုနေ့က
ဆရာမရှိသည့်နောက်ပိုင်း ဝိပဿနာ အလုပ်ပေး၊ တရားစခန်းများနှင့်သာ အချိန်ပေး
နေထိုင်လေ့ရှိသော ဆရာ့ဇနီး အန်တီခင်မမအား ဆရာမြသန်းတင့်၏ ပဲဆွတ်ချိန်ဇာတ်လမ်း
ဝတ္ထုစာမူပါ ပန်မဂ္ဂဇင်းကို ကျွန်တော် တလေးတစား ပေးအပ်ဖြစ်ခဲ့ပါသည်။
သြော်... ဘာလိုလိုနှင့်
ကျွန်တော်တို့၏ စာရေးဆရာကြီး ဆရာမြသန်းတင့် ကွယ်လွန်ခဲ့ခြင်းသည်ပင် ၉ နှစ် ကာလ
ပြည့်မြောက်ခဲ့ပြန်ပြီ။
▀
စည်သူမြသန်း
(အမှတ်
၂၀၇၊ ဖေဖော်၀ါရီလ၊၂၀၀၇
ရွှေအမြုတေမဂ္ဂဇင်း။)
'သည်မန်ကျည်း ရွက်ကလေးတွေ ကျွန်မတို့ မန္တလေးဘက် ရောက်တယ်ဆိုတော့ လမ်းခရီးမှာ ကြွေမကုန်ဘူးလား။ ကျွန်မဖြင့် မနက်ဈေးက ဝယ်လာပြီး မချက်ဖြစ်ရင် နောက်တစ်နေ့ ရိုးတံတခြား အရွက်တခြားဖြစ်တာ များလွန်းလို့'
တကယ်တော့ တိရစ္ဆာန်တွေရဲ့ စိတ်ကိုမဆိုထားနဲ့ အသိပညာရှိတဲ့ လူတွေရဲ့စိတ်ကိုတောင် အစိုးမရဘူးမဟုတ်လား။ လေထဲကျမှ သူ့စိတ်ကူးပေါက်လာရင် ကိုင်ပေါက်လိုက်လို့ ဒုက္ခများသွားနိုင်တယ် မဟုတ်လား။
ယမုန်နာပတ်ပျိုး စပ်ဆိုသည့် စာဆိုရှင်ကို ပီပီပြင်ပြင် မသိရသော်လည်း လကျ်ာမင်းထင် ရေးသည်ဟူ၍ ပြောကြသည်လည်း ရှိ၏။ ဤသည်ကား တစ်ဆင့်စကားဖြင့် ပြောလာကြရာမှ ဖြစ်ပေါ်လာသောအဆို ဖြစ်ပါသည်။