မောင်သန်းဆွေ ၊ထားဝယ်၊
မဟာဂီတမှနာမည်ကြီး
ယမုန်နာ ပတ်ပျိုးသည် ဘဝသရုပ်ဖော်အလွမ်းသက်သက်ဖြစ်၏။ တံငါသည်ဘဝကို သရုပ်ပေါ်အောင်
စာစာနာနာဖွဲ့ဆိုထားသော သီချင်းဖြစ်ပါသည်။ သို့ရာတွင် စာဆိုရှင်၏အမည်ကို မည်သည့်မဟာ
ဂီတသီချင်းကြီးစာအုပ်များတွင်မှ ဖော်ပြခြင်းမရှိချေ။ သီတာသောင်ခြေ ဘွဲ့ပတ်ပျိုးဟူ၍သာ
ဖော်ပြလေ့ရှိပါသည်။
အမည်မသိစာဆိုရှင်သည် မြစ်တွင်းမှ
တံငါသည်၏သရုပ်ကို ပီပီပြင်ပြင် ဖော်ထုတ်ပြထား၏။ သို့ကြောင့်လည်း ယမုံနာပတ်ပျိုးသည်
မဟာဂီတလောကတွင် ခေတ်စား၍ လူကြိုက်များသော သီချင်းကြီးတစ်ပုဒ် ဖြစ်လာပုံရသည်။
မြစ်ကမ်းစပ်တွင် ဟင်္သာမောင်နှံကို တွေ့မြင်ရသည့် တံငါသည်မလေး၏ နှလုံးသားဝယ်
ငှက်မောင်နှံလိုပင် ချစ်သူနှင့်အတူနေလိုသော ဆန္ဒ အလွမ်းစကို 'ရွှေဟင်္သာမောင်နှံငှက်ကယ်တို့၊
ကြင်ဖော်မှာ ကြင်ဖော်ဖက်ကယ်နှင့်၊ တူပျော်ပျော်လေ ဘယ်ခါမှ စက်ရပါ့၊
လည်ယှက်ကာသူတို့လို'ဟု ဖော်ထုတ်ပြခဲ့သည်။ ဟင်္သာမောင်နှံ၏
မဖိုခေါ်သံသည် ချစ်သူ နှစ်ဦးတို့နှယ် ဖြစ်သဖြင့် ဖော်ကွာ ဝေးနေရသူ၊ တံငါသည်မလေးကို
ပို၍ ပို၍ ဆွေးစေ၊ လွမ်းစေဖို့ ဖန်လာပါသည်ကို 'မဖိုခေါ်သံ၊
လူ့နှယ်သူ့ဟန်၊ ဖော်ကွာသူ ဆွေးစေဖို့ဖန်' ဟု စပ်ထားသည်။
သို့သော် တံငါသည်မလေးမှာ လွမ်းနေဆွေးနေဖို့ မအားသေးပါ။ 'အို...
ငါးကြင်းတွေဆန်၊ ငါးတန်တွေ သောင်ခြေဦးမှာလ၊ ကိုတံငါ လှေယာဉ်စီးပါလို့၊
ပိုက်ကြီးနဲ့ရေချလာ၊ ဒေါင်ဒင်းသံသာသာနှင့် တံငါလှေ လောင်းဆင်း' ဟု ပရိယေသန ဝမ်းရေးအတွက် လုပ်ကိုင်လှုပ်ရှားနေရသေးသည့်ပုံကို ဖော်ပြသည်။
တံငါသည် လှုပ်ရှားလုပ်ကိုင်နေရသောမြစ်အတွင်းဝယ် နှင်းငွေ့နှင်းမှုန်တို့
ပိတ်ဖုံးနေသဖြင့် ခိုက်ခိုက်တုန်ပြီး ချမ်းနေရသည်မှာ ကွေး၍ပင် မလုံနိုင်အောင်
ရှိပါသည် ဆိုသည်ကို 'အို...နဒီတွင်းမှာလ၊ နှင်းငွေ့ဆော်၊
ချမ်းလို့တုန်၊ မလုံကွေးတယ်၊ ကိုယ်ရေးငယ်ကြုံတော့နော်'ဟု
စပ်ဆိုထားသည်။ တပေါင်း၊ တန်ခူး မိုးသားကြူး၊ လေရူးဆော်သည့်အချိန်တွင် ငါးကြင်းတို့
ပိုက်တွင်းမှ ခုန်နေကြသည်မှာ တံငါသည်၏ရင်ခုန်သံနှင့်အပြိုင်ပင် ဖြစ်သဖြင့်
ချစ်သူကို လွမ်းပူရပုံမှာ ရင်မဆံ့အောင် ခံစားရလွန်းသဖြင့် အားအင်ကုန်ခန်း
နုံးချည့်၍ပင် နေပါသည်။ သောင်ယံမှာ မောင်နှံငှက်ကယ်တို့ လည်ချင်းယှက်ကာ
ဝဲကာပျံကြသော်လည်း သည်သောင်ယံမှ မခွာရက်နိုင်သည့်အဖြစ်မှာ ငှက်နှင့်လူ
ခြားနားမှုရှိသည်ဟု မထင်ရပါ စသည်ဖြင့် တံငါသည်ကို စာနာစိတ်ဖြင့် စာဆိုရှင်က
ရေးဖွဲ့ပြခဲ့သည်။ သီတာသောင်ခြေမှ တံငါသည်၏ပုံကို ဆေးဖြင့် ခြယ်လျှင်
သဘာဝပန်းချီကားတစ်ချပ်ရမည်။ ယခုသော် စာဆိုရှင်က မြင်ကွင်းနှင့်ခံစားမှုကို
တေးဖြင့် ဖွဲ့ဆိုထား၍ စက္ခုရော၊ နှလုံးသားတွင်ပါ မြင်ယောင်ခံစားရပါသည်။
အဆွေးဓာတ်ခံ ရှိသူတို့ကို ယမုန်နာပတ်ပျိုးသည် အားရပါးရလွမ်းစေပါသည်။
မဟာဂီတပညာရှင်ကြီးတစ်ဦးဖြစ်သော
မန္တလေးမှရှေ့နေကြီး ဘဘ ဦးခင်မောင်ဒွေးက...
'ယမုန်နာက ခုခေတ်မှ
ခေတ်စားလာတဲ့သီချင်းပါ။ ရှေးက ဒီလောက်လူကြိုက်မများပါဘူး' ဟု
ပြောဖူးသည်။ မဟာဂီတသီချင်း ကြီးစာအုပ်များတွင် ယမုန်နာပတ်ပျိုး သီချင်းပါသော်လည်း
သဗ္ဗဂီတတက္ကမ ပကာသနီကျမ်းတွင် မတွေ့ရပါ။ ယမုန်နာပတ်ပျိုး စပ်ဆိုသည့် စာဆိုရှင်ကို
ပီပီပြင်ပြင် မသိရသော်လည်း လကျ်ာမင်းထင် ရေးသည်ဟူ၍ ပြောကြသည်လည်း ရှိ၏။ ဤသည်ကား
တစ်ဆင့်စကားဖြင့် ပြောလာကြရာမှ ဖြစ်ပေါ်လာသောအဆို ဖြစ်ပါသည်။
ဤသို့ဖြစ်ပေါ်လာရခြင်းမှာ တက္ကသိုလ် သုမောင်၏ လကျ်ာမင်းထင်ဝတ္ထုကြောင့် ဖြစ်သည်။
လကျ်ာမင်းထင်ဝတ္ထုကို ၁၉၄၉ ခုနှစ်၊
ဇန်နဝါရီလထုတ် ပဒေသာ မဂ္ဂဇင်းတွင် စာရေးဆရာတက္ကသိုလ် သုမောင်ဆိုသူက
ရေးခဲ့သည်။ ထိုစဉ်က စာရေးသူ ငယ်သေး၍ ၄င်းဝတ္ထုကို
မဖတ်ဖူးပါ။ နောင်အခါ တက္ကသိုလ်သုမောင်သည် သူ၏ဝတ္ထုတိုများကို စု၍ စာအုပ်ထုတ်သည်။
ထိုဝတ္ထုတို ပေါင်းချုပ်စာအုပ်တွင်မှ လကျ်ာမင်းထင် ဝတ္ထုကို
ဖတ်ခဲ့ရခြင်းဖြစ်ပါသည်။ ဝတ္ထု မဖတ်ဖူးစဉ်ကတည်းက ရေဒီယိုမှ ဇာတ်လမ်းပမာ
နားဆင်စရာအခန်းတွင် မကြာခဏ အသံလွှင့်ခဲ့၍ ကြားဖူးနေသည်။ ထိုစဉ်ကတည်းကပင်
ဤဇာတ်လမ်းကို အလွန်ကြိုက်ပါသည်။ သည်တုန်းက စာရေးသူမှာ ဆယ်ကျော်သက် သာရှိသေး၏။
ယခုမှ သိရသည်မှာ မြန်မာနိုင်ငံတော်အသံလွှင့်ဌာနမှ ၁၉၅၁ ခုနှစ်တွင် ဇာတ်လမ်းပမာ
နားဆင်စရာအဖြစ် အသံလွှင့်ခဲ့ခြင်းဖြစ်သည် ဆိုပါသည်။ ထိုအချိန်က ယခုကဲ့သို့
ရုပ်မြင်သံကြားလည်း မပေါ်သေးရာ တစ်ပြည်လုံးတွင် လေလှိုင်းသံမှ ဖျော်ဖြေရေး
အနေနှင့် ရေဒီယိုကိုပင် အားကိုးနေရသောအခါ ဖြစ်သည်။ ထို့ကြောင့် လကျ်ာမင်းထင်ကို
အခါခါကြားဖူးနေခြင်း ဖြစ်ပါသည်။ ၁၉၅၅ ခုနှစ် မြန်မာနိုင်ငံရုပ်ရှင်နှင့်
ပြဇာတ်အစည်းအရုံးကြီး၏ ၅ ကြိမ်မြောက်ပဒေသာ ကပွဲ၌ လကျ်ာမင်းထင်ဝတ္ထုကို ပြဇာတ်အဖြစ်
တင်ပြခဲ့သည်။ ထိုစဉ်က စာရေးသူ ရန်ကုန်၌ ကျောင်းနေပြီဖြစ်၍ ကြည့်ခဲ့ရသည်။
လကျ်ာမင်းထင်အဖြစ် သရုပ်ဆောင်သူ ရုပ်ရှင်နှင့်ပြဇာတ်မင်းသား ခင်မောင်မြင့်
စောင်းကောက်ကြီး ပိုက်ထားပုံကို ယနေ့တိုင် မြင်ယောင်နေမိပါသည်။ သည်ဇာတ်လမ်းကို
ရုပ်ရှင်လည်း ရိုက်ကူးခဲ့သည်။ ရုပ်ရှင်လည်း ကြည့်ဖူးပါသည်။ ပြဇာတ်လောက်
မကြိုက်ခဲ့ပါ။ ရုပ်ရှင်ရိုက်ခဲ့သော ပွင့်ဦးရုပ်ရှင်ကုမ္ပဏီက စာရေးဆရာ
တက္ကသိုလ်သုမောင်အား ငွေနှစ်ထောင်ကျပ်ဖြင့် ကန်တော့သည်ဟု ကြားရဖူး၏။
ငွေနှစ်ထောင်သည် ယခုခေတ်အနေဖြင့် ဘာမျှမဟုတ်သော်လည်း ထိုစဉ်က ရွှေတစ်ကျပ်သား ၁၂၆
ကျပ် ဈေးမျှသာဖြစ်ရာ ယခုခေတ်ရွှေဈေးဖြင့် ပြန်တွက်ကြည့်လျှင် ထိုအချိန်က
ငွေနှစ်ထောင်ကျပ်၏ တန်ဖိုးကို ခန့်မှန်းနိုင်ပါလိမ့်မည်။
လကျ်ာမင်းထင်ဝတ္ထုကို ဖန်တီးသူ
တက္ကသိုလ်သုမောင်သည် တစ်ခါက ထင်ရှားကျော်ကြားသော စာရေးဆရာတစ်ယောက်ဖြစ်သည်။
နောက်ပိုင်း စာရေးကြဲသွားသည်။ သူ၏ဝတ္ထုကို ရုရှားစာရေးဆရာမ မလှကြော့ကပင်
မော်စကိုမြို့ထုတ် မြန်မာဝတ္ထုတိုများ မဂ္ဂဇင်းတွင် ရုရှားဘာသာဖြင့်
ပြန်ဆိုရေးသားခဲ့သည်ဟု သိရပါသည်။ ယမုန်နာပတ်ပျိုးကိုလည်း ကြိုက်လှ၍
လကျ်ာမင်းထင်ဝတ္ထုကိုလည်း စွဲလမ်းခဲ့သော စာရေးသူအား စာရေးဆရာမကြီး
ဒဂုန်ခင်ခင်လေးက...
'တက္ကသိုလ်သုမောင်ဆိုတာ
တင်ကိုကိုပေါ့။ တင်တင်မေရဲ့တူလေ' ဟု ပြောဖူးပါသည်။ သို့ဖြင့်
စုံစမ်းကြည့်ရာ ဒုတိယဗိုလ်မှူးကြီးတင်ကိုကို (အငြိမ်းစား) ဖြစ်နေပါသည်။ (ယခုတိုင်
သက်ရှိထင်ရှား ရှိမရှိ မသိရပါ။ စာရေးသူ လေးစားလျက် ရှိပါသည်။) သို့ဆိုလျှင်
ဒု-ဗိုလ်မှူးကြီးတင်ကိုကိုသည် ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီးကို ရေးသော
မြန်မာပညာရှိ မင်းသား ဦးမောင်မောင်တင် (ကေအက်စ်အမ်၊ အေတီအမ်)၏ မြေးဖြစ်မည်။
ဦးမောင်မောင်တင်၏သား ဦးလှတင်နှင့် ဒေါ်ခင်ခင်လေးတို့မှ မွေးဖွားသော သားဖြစ်သည်ဟု
ဆိုပါသည်။ ဒေါ်ခင်ခင်လေးမှာ နယ်ပိုင်ဝန်ထောက် ဦးစံမင်း သမီးဖြစ်၏။ စာရေးသူ၏
မိခင်တို့ မင်းကတော်အုပ်စုက ဒေါ်ခင်ခင်လေးကို မမလေးဟု ခေါ်သည်ကို မှတ်မိနေပါသည်။
ဦးမောင်မောင်တင်သည်
ကုန်းဘောင်အနွယ်တော် မင်းသားတစ်ပါး ဖြစ်သည်။ သူ၏ ခမည်းတော်မှာ မြင်းမှူးမင်းသား
မင်းရဲသီဟကျော် ထိပ်တင်မောင်ဖြစ်၏။ ထိပ်တင်မောင်သည် နေရာတော်ရမင်းသားကြီး
သီရိသုဓမ္မရာဇာ၏ သားဖြစ်သည်။ နေရာတော်ရမင်းသားကြီးမှာ ကောလင်းမင်းသားနှင့်
ထန်းတစ်ပင်မင်းသမီးတို့၏ သားတော်ဖြစ်၏။ ကောလင်းမင်းသားမှာ
ဗဒုံမင်း(ဘိုးတော်ဘုရား)၏ သားတော် ဖြစ်၍ ထန်းတစ်ပင်မင်းသမီးမှာ
ဆင်ဖြူရှင်မင်းတရားနှင့် ကျောက်သွားစောဘွဲ့ခံ ဥပစောပဘိသခင်ဥ
(ယိုးဒယားဘုရင်၏သမီးတော်)တို့ စုံဖက်ရာမှ ဖွားသော သမီးတော် ဖြစ်သည်။ သို့ဖြစ်၍
ဆင်ဖြူရှင်မင်းနှင့် ဗဒုံမင်းတို့သည် ဦးမောင်မောင်တင်၏ ဘီတော်များ ဖြစ်သည်။
ဒု-ဗိုလ်မှူးကြီး တင်ကိုကိုမှာ ဆင်ဖြူရှင်မင်းနှင့် ဗဒုံမင်းတို့၏ ကျွတ်တော်ဖြစ်သည်။
သို့ဆိုလျှင် တက္ကသိုလ်သုမောင်သည် ကုန်းဘောင်ဆက် ကုန်းဘောင်နွယ်ပင် ဖြစ်သည်။
ထို့ကြောင့် ထင်၏။ သူ၏စာအုပ်တွင်...
'ဤဝတ္ထုကို မိမိသည်
ကုန်းဘောင်ရာဇဝင်နှင့် မြန်မာစာပေ သမိုင်းကို မှီငြမ်းလျက် ယမုန်နာပတ်ပျိုးကို
ရေးသားသူအား ဂုဏ်ပြုသောအနေဖြင့် စိတ်ကူးဉာဏ်ကွန့်လျက်
လကျ်ာမင်းထင်ဟု အမည်ပေးကာ ဂီတနှင့်စာပေကို မြှင့်တင်လိုစိတ် ရှေ့ထားလျက်
ရေးသားခဲ့ပါသည်'
ဟု ရေးထားပါသည်။
ဒဏ္ဍာရီပုံပြင်ကလေးအဖြစ် အနုပညာမြတ်နိုးသူတို့၏ အသည်းနှလုံးဝယ် ငြိတွယ်ကျက်စား ကျန်ရစ်နေပါလိမ့်မည်ဟုလည်း
အဆုံးသတ်ထားပါသည်။ ဤဇာတ်လမ်းကို ရေးနိုင်အောင် နက်နဲသိမ်မွေ့သော
စာပေနယ်ပယ်အတွင်းသို့ ပို့ဆောင်ပေးသူမှာ
သူ၏အဘိုး မြန်မာပညာရှိကြီး ဦးမောင်မောင်တင်နှင့် မိဘများဖြစ်ကြသည်ဟု ဆိုထားပါသည်။
ဝတ္ထုကို 'ပန်းတသင်းသင်း'
ပတ်ပျိုးနှင့် စထားသည်။ ဇာတ်လမ်းအတိုချုပ်မှာ သာယာဝတီမင်းသားကြီးသည်
ရန္တပိုစာချုပ်ကိစ္စနှင့် ဟင်္သာတဘက်ရောက်ခိုက်၊ သာရဝေါသူ မမြကြုတ်ကို တွေ့၍
သိမ်းပိုက်ခဲ့သည်။ မမြကြုတ်နှင့် မောင်ဝမ်းကွဲတော်သူ အပါအဝင်
ဆွေမျိုးအပေါင်းပါတစ်စုလည်း နန်းတော်သို့ ပါလာခဲ့ကြသည်။ နောင်အခါ သာယာဝတီမင်းအဖြစ်
အထွတ်အမြတ်ရောက်သောအခါ မမြကြုတ်သည် အနောက်နန်းမိဖုရား ဖြစ်လာခဲ့၏။ မောင်ဝမ်းကွဲမှာလည်း
လကျ်ာမင်းထင်ဘွဲ့နှင့် စစ်မှုရေးရာဘက်တွင် တာဝန်ထမ်းဆောင်ရသည်။ အစ်မတော်ကဲ့သို့
လကျ်ာမင်းထင်သည် ဂီတအနုပညာဘက်၌ ဝါသနာပါသည်။ သာရဝေါမှ တံငါသည်အဘိုးအို၏ မြေးမလေး
ရှင်ညိုကို ချီးမြှင့်မြှောက်စားလိုစိတ်ဖြင့် နန်းတွင်းသို့ ခေါ်လာခဲ့သည်။
ကိုယ်တိုင်စပ်ဆိုထားသော ယမုန်နာပတ်ပျိုးကို ရှင်ညိုအား သင်ကြားပေးလျက်
သာယာဝတီမင်းနှင့် အစ်မတော် အနောက်နန်းမိဖုရားတို့အား ရွှေနားတော်သွင်းရန်
ကြံစည်ထားသည်။
ယမုန်နာသည် ရှင်ညို၏ တံငါသည်ဘဝ
ကျင်လည်ရသည်ကို စာနာသောအားဖြင့် စပ်ဆိုထားသော သီချင်းဖြစ်သည်။
နှမလေးသဖွယ်ထားခဲ့ရာမှ မေတ္တာစိတ် ကိုင်းညွတ်လာပုံကို အလွန်သိမ်မွေ့စွာ ဖွဲ့ဆိုရာ၌
ဒဂုန်ခင်ခင်လေး၏ စာဆိုတော်ဝတ္ထုမှ တောင်သမန်လယ်စား၊ ဒိုင်းခင်ခင်ကြီးအပေါ်
မေတ္တာစိတ် ယိုင်ညွတ်လာပုံ သရုပ်ဖော်မှုနှင့် အလွန်တူသည်။ ဝတ္ထုထဲ၌ လကျ်ာမင်းထင်၊
ရှင်ညိုနှင့်အတူ ကမ်းစပ်သို့ လမ်းလျှောက်ထွက်ရင်း ပြောဆိုသည့် စကား
(ဒိုင်ယာလော့ခ်)ခန်းမှ စကားလုံးများသည် ရိုးသားသည်။ သိမ်မွေ့သည်။ သို့သော်
ခံ့ညားပြောင် မြောက်သည်။ ပတ်ဝန်းကျင်သဘာဝမှ ကျေးငှက်ပန်းမန် နဒီသောင်ယံကို
စာပန်းချီ ခြယ်ပုံကလည်း အသက်ဝင်လှ၏။ ယမုန်နာပတ်ပျိုးစာသားများကို အကျယ်ချဲ့ထွင်
ရေးသားထားပုံမှာ သဘာဝရှုခင်း သာယာမှုကို အထင်းသားမြင်စေသည်။ ဝတ္ထုထဲမှ နှုတ်ထွက်
စကားများကလည်း အသံပင် ကြားမိသယောင်ဖြစ်အောင် ရေးသားထားသည်။ နှမလေးလိုချစ်ရာမှ
ပန်ချင်စရာ၊ ခူးချင်စရာ၊ နမ်းချင်စရာ စံပယ်ပန်း ကလေးဖြစ်သွားသဖြင့် ရှေ့ကိုဆက်ပြီး
မတွေးတော့ဘဲ ချစ်ရှိန်သတ်လိုက်ရပုံမှာ ရင်နင့်စရာ ဖြစ်ပါသည်။
ရှင်ညိုနှင့် မတွေ့ရသည်မှာ
အနည်းငယ်ကြာလျှင် ပို၍သံယောဇဉ် တွယ်ရပုံကို သနားစဖွယ်တင်ပြပြီး ချစ်ရသူ
တပည့်မလေးအား သူ့ဇာတိသို့ တေးသံနှင့် ပြန်ပို့ပေးခဲ့သည်။ ရှင်ညို၏ စိတ်၌
သူ့ဆရာလည်းဖြစ်၊ ကျေးဇူးရှင်လည်းဖြစ်သော လကျ်ာမင်းထင်ကို ပျောက်ကွယ်သွားမည် စိုးရိမ်နေသည်၊
အတူသာ ရှိစေချင်သည် စသည့်အရာများကို ပလီပလာစကားလုံးလေးများဖြင့် ဖတ်ရသည်။
ယမုန်နာသည် အလွမ်းပတ်ပျိုး ဖြစ်၏။ ထို့ထက်ပင် တက္ကသိုလ်သုမောင်၏
လကျ်ာမင်းထင်ဝတ္ထုက ပို၍ လွမ်းစရာအနေဖြင့် ရေးပြထားပါသည်။
အနောက်နန်းမိဖုရား ကြမ္မာဆိုးနှင့်
ကြုံရလေပြီ။ သာယာဝတီမင်း၏ သားတော်ကြီး ပြည်မင်းသားအရေးသည် အနောက်နန်းမိဖုရားအပေါ်
အမျက်တော် ပွားစရာအဖြစ်သို့ ရောက်သွားရသည်။ ပြည်မင်းသားအမှုကို စုံစမ်းစစ်ဆေးရာ၌
တစ်စွန်းစီတစ်စစီ ရှိလာသော ထွက်ဆိုချက် အဝဝကို စုပေါင်းလိုက်သောအခါ အနောက်နန်း
မိဖုရားနှင့် ပြည်မင်းသားတို့ ဆက်ဆံရေးသည် မပြေးသော် ကန်ရာရှိလာသည်။ ဟုတ်မဟုတ်၊
မှန်မမှန် အထပ်ထပ် သုံးသပ်ဆင်ခြင်ကြရာ၌လည်း တိကျမှန်ကန်သော အထောက်အထားများရသည်။
အနောက်နန်းမိသားစုနှင့် ပြည်မင်းသားတို့၏ ရိုးသားစွာ စာဆိုအချင်းချင်း
ခင်မင်ဆက်ဆံခဲ့ကြသောအချိန်ပိုင်းက ကြာညောင်းခဲ့ကြသည်ကို ထောက်၍ တစ်ယောက်အပေါ်
တစ်ယောက် လျှမ်းလျှမ်းတောက် ကောင်းစားစေချင်သော သံယောဇဉ်တွေ ရှိနေခဲ့ရင်း
ဖြစ်သည်မှာလည်း အထင်အရှားပင်ဖြစ်သည်။ ပြည်မင်းသားကြီးကောင်းစားမှသာလျှင် မိမိ သမီး
မြကလေး နောင်ရေးအေးမည်ဟု ပဲ့နင်းကတော် ဒေါ်အိသည် မတွေးဘဲ နေမည်မဟုတ်။
သာယာဝတီမင်းကလည်း အနောက်နန်းမိဖုရားအပေါ် စိမ်းကားလာလေပြီ။ (အမှန်မှာ
စိတ်ဖောက်ပြန်ခြင်း စနေ၍ ဖြစ်ပါသည်) ထို့ကြောင့် ဒေါ်အိသည် နောင်ရေး
ကြိုတင်လာဘ်မြင်ပြီး ပြည်မင်းသား ကြီးဘက်ကို အားပေး၍ အကျိုးဆောင်မှုများ
ပြုခဲ့မိလေသည်။ သို့ဖြင့် အနောက်နန်းမိဖုရား မိဘဆွေမျိုးတစ်စု
ပြည်မင်းသားအရေးနှင့် မင်းပြစ် မင်းဒဏ်သင့်ကြရသည်။ လကျ်ာမင်းထင်သည် အလွတ်ရုန်း၍
ဇာတ်မြှုပ်သွားခဲ့သည်။ သာရဝေါသို့ ထွက်ပြေးတိမ်းရှောင်ရင်း မင်းချင်းတို့၏
ပစ်ခတ်မှုကြောင့် ချောက်ကမ်းပါးပေါ်မှ လိမ့်ကျသွားခဲ့သည်။
သာယာဝတီမင်းသည် နောက်ပိုင်းတွင်
သာရဝေါကမ်းခြေသို့ ရောက်တော်မူပြန်သည်။ မြကလေးကို သတိရတော်မူနေ၏။ ထိုအချိန်တွင်
အဝေးမှယမုန်နာပတ်ပျိုး စောင်းတီးသံကြား၍ မင်းချင်းတို့အား စေလွှတ်ခေါ်ဆောင်
စေခဲ့ရာ၊ စောင်းရှင် အဘိုးအို ဒုက္ခိတကို တွေ့ရသည်။ ယမုန်နာပတ်ပျိုးကို
ဘုရင်မကြားဖူးပါ။ လကျ်ာမင်းထင်နှင့် ရှင်ညိုတို့သာ သိသည်။ သည်သီချင်း
အဘယ်မှရသနည်းဟု အမေးတော်ရှိသည့်အခါ စောင်းရှင်အဘိုးအိုက သူငယ်စဉ်ကတည်းကပင် သူ၏
အဘိုး ဖြစ်သူထံမှရခဲ့ကြောင်း လျှောက်ထားသည်။ ဘုရင်နှင့်အတူ ပါလာသော ရှင်ညိုခမျာ
ရုပ်ပျက်ဆင်းပျက် ခြေတစ်ဖက်မသန်သော စောင်းရှင်အဘိုးအိုကို သူ့မောင်ကြီး
လကျ်ာမင်းထင် ဖြစ်ပါသည်ဟုလည်း မစွပ်စွဲရဲ။ မစွပ်စွဲရက်။ သို့ဆိုမူ
သူတို့နှစ်ဦးသာသိသည့် ယမုန်နာကို မည်သို့သိနေပေသနည်း။ သူ့မောင်ကြီး လကျ်ာမင်းထင်
ဟုတ်ပါစေဟုလည်း ဆုမတောင်းလို၊ မဟုတ်ပါစေနှင့်ဟုလည်း ဘယ်ပုံဘယ်နည်း
ဆုတောင်းရပါမည်နည်း။ အမိန့်တော်ဖြင့် ယမုန်နာ ပတ်ပျိုးကို ဆိုတီး၍ တင်ဆက်ရသောအခါ
ကာယကံရှင်များကို မဆိုထားနှင့်၊ ဘုရင်ကိုယ်တော်တိုင်ပင် သူ၏ မြကလေးကို
အလွမ်းပိုရသည်။ ရှင်ညိုအဖို့ မောင်ကြီး မဟုတ်ပါစေနှင့်ဟု ဆုတောင်းခြင်းသည်သာလျှင်
အကောင်းဆုံး ဖြစ်ပါလိမ့်မည်။ စောင်းရှင်အဘိုးအိုသည် လကျ်ာမင်းထင် ပေလောဟူသော
သံသယကို ပရိသတ်အား ခံစားစေသည်။ ယမုန်နာအလွမ်း ပတ်ပျိုးသည်လည်း မထင်ရှားသော
သူ့ဘဝနှင့်အတူ မသိစာဆိုအဖြစ်နှင့်သာ မဟာဂီတလောကတွင် ကျန်ရစ်စေသည့်သဘောနှင့်
အဆုံးသတ်ထားသည်။ ပရိသတ်ကမူ ဘယ်နည်းနှင့်မျှ အခြားစောင်းသမား မဖြစ်နိုင်၊
ရှင်ညို၏ချစ်သူ မောင်ကြီး လကျ်ာမင်းထင်သာလျှင် ဖြစ်ရမည်။ ဖွင့်ပြောရန်
မထူးသည့်အဆုံး နှုတ်ငုံ၍သာ သူ့ဘဝကို ဖျောက်ထားခြင်း ဖြစ်ပေလိမ့်မည်ဟု
နှစ်သိမ့်ကြရသည်။ ပို၍ လွမ်းစရာဖြစ်၏။
တက္ကသိုလ်သုမောင်၏ ကလောင်စွမ်းကြောင့်
မဟာဂီတမှ ယမုန်နာပတ်ပျိုးကို လကျ်ာမင်းထင်ရေးသည်ဟု ယုန်ထင်ကြောင်ထင်
ပြောကြလာရခြင်း ဖြစ်သည်။ အမည်မသိစာဆို၏ လက်ရာအမှန်ဖြစ်သော်လည်း လကျ်ာမင်းထင်
ရေးသည်ဟူသော မဟုတ်သည့်အရာကို ဟုတ်သယောင်ယောင် ဇွတ်ခံစားကြည့်နေကြသည်။
▀
မောင်သန်းဆွေ
၊ထားဝယ်၊
(အမှတ်
၂၀၇၊ ဖေဖော်၀ါရီလ၊၂၀၀၇ ရွှေအမြုတေမဂ္ဂဇင်း။)
ကိုးကားချက်
၁။ စောမုံညင်း၏ 'လကျ်ာမင်းထင်'ဆောင်းပါး
ငွေတာရီမဂ္ဂဇင်း အမှတ် ၄ဝဝ
နိုဝင်ဘာလ ၁၉၉၃ ခုနှစ်။
၂။ သန်းထွန်း(စကု)-
'မောင်ချစ်တီးအိုးစည်နှင့်
စာပေဂီတ'
ဆောင်းပါးများမှ 'ရင်ထဲက
ယမုန်နာ'
၃။ ဒဂုန်ခင်ခင်လေး-'ကျွန်းဦးတည့်
သံလျက်ခုံ'
၄။ မောင်သန်းဆွေ(ထားဝယ်)-
'စာရေးဆရာ မင်းသား
ကုန်းဘောင်ဆက် ဦးမောင်မောင်တင်'
လက်နှိပ်စက်စာမူ။
'သည်မန်ကျည်း ရွက်ကလေးတွေ ကျွန်မတို့ မန္တလေးဘက် ရောက်တယ်ဆိုတော့ လမ်းခရီးမှာ ကြွေမကုန်ဘူးလား။ ကျွန်မဖြင့် မနက်ဈေးက ဝယ်လာပြီး မချက်ဖြစ်ရင် နောက်တစ်နေ့ ရိုးတံတခြား အရွက်တခြားဖြစ်တာ များလွန်းလို့'
တကယ်တော့ တိရစ္ဆာန်တွေရဲ့ စိတ်ကိုမဆိုထားနဲ့ အသိပညာရှိတဲ့ လူတွေရဲ့စိတ်ကိုတောင် အစိုးမရဘူးမဟုတ်လား။ လေထဲကျမှ သူ့စိတ်ကူးပေါက်လာရင် ကိုင်ပေါက်လိုက်လို့ ဒုက္ခများသွားနိုင်တယ် မဟုတ်လား။
လရောင်အောက်တွင် ပန်းရိုင်းလိုလှနေသော မြညွန့်၏ အလှကို ငေးမောကာ ကြည်နူးနေမိပါသည် ကျွန်တော်သည် မြညွန့်၏အလှကို မအိပ်ဘဲ မစားဘဲ ထိုင်၍သာ ကြည့်နေချင်ပါသည် မြညွန့်အား ညစ်ညမ်းသောကိစ္စများနှင့် ရောထွေး၍ မတွေးလိ...