ဝင်းငြိမ်း
ယခင်လမှအဆက် ...
အခန်း (၆) အပိုင်း (၆)
ကျွန်တော့်နိုင်ငံကူး
လက်မှတ်စာအုပ်မှာ ပြည်ပခရီးစဉ်များဖြစ်တဲ့ ဂျပန်နိုင်ငံ၊
ချက်ကိုစလိုဗက်ကီးယားနိုင်ငံတို့ရဲ့ နိုင်ငံဝင်ခွင့် တံဆိပ်တုံးများအပြင် ၁၉၉၁
ခုနှစ် စက်တင်ဘာလက မင်းသမီးတစ်ယောက်တည်း ပြည်ပခရီးစဉ် ထွက်ခဲ့တဲ့
ပါကစ္စတန်နိုင်ငံမှ တံဆိပ်တုံးများလည်း ပါဝင်ပါတယ်။ မင်းသမီးက သူ တစ်ယောက်တည်း
နိုင်ငံတော်ဧည့်သည်အဖြစ် ခရီးသွားပြီး သူ ဆောင်ရွက်ချင်တဲ့ ကိစ္စများကို
ခွင့်ပြုဖို့ တင်ပြတဲ့အတွက် အစိုးရအဖွဲ့ကလည်း ခွင့်ပြုခဲ့ပါတယ်။ အဲဒီလို
ခွင့်ပြုလိုက်ခြင်းကြောင့် သူမမှာ အချုပ်အနှောင် မရှိတော့တဲ့အပြင် စိတ်မပါဘဲ
နှစ်ယောက်အတူ တက်ရတဲ့ ဓလေ့ထုံးတမ်းစဉ်လာအရ အပြုအမူများကိုလည်း ဆောင်ရွက်ဖို့
မလိုတော့ပါဘူး။ အဲဒါအပြင် သူ့ခင်ပွန်းသည်ပါရင် အဝတ်အစား၊ ဆံပင်ပုံစံကအစ
ချုပ်ချယ်ခဲ့တာတွေလည်း တစ်ယောက်တည်းသွားတဲ့ အချိန်မှာ
အချုပ်အနှောင်ကင်းမဲ့သွားခဲ့ပါပြီ။ အဲဒီအချိန်မှာ ဒိုင်ယာနာဟာ အင်္ဂလန်နိုင်ငံကို
ကိုယ်စားပြုတဲ့ နိုင်ငံတော်ဧည့်သည်ဖြစ်တဲ့အပြင် သူမနံဘေးမှာ ချားလ်စ်မင်းသား
မပါပေမယ့် နိုင်ငံ့ဂုဏ်ကို တောက်ပြောင်အောင် ဆောင်ရွက်နိုင်တဲ့ ပုဂ္ဂိုလ်လည်း
ဖြစ်ခဲ့ပါတယ်။ သူမရဲ့ လှုပ်ရှားမှုများနဲ့ ပတ်သက်ပြီး ဘာကင်ဟမ် နန်းတော်နဲ့
အင်္ဂလန်နိုင်ငံ အစိုးရနိုင်ငံခြားရေး ဝန်ကြီးဌာနတို့က မျက်ခြည်မပြတ်
စောင့်ကြည့်နေမှာ မလွဲပါဘူး။
ဒီခရီးစဉ်ကို ဘုရင်မကြီးကိုယ်တိုင်
ခွင့်ပြုခဲ့တာ ဖြစ်တဲ့အပြင် သူမပိုင် ဂျက်လေယာဉ်ပျံများထဲက တစ်စီးကို ဟိမဝန္တာဘက်
ပျံသန်းခွင့်ပြုခဲ့တာဟာလည်း ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ ဒိုင်ယာနာက ဒီခရီးစဉ်မှာ
သူမဟာ အင်္ဂလန်နိုင်ငံကို ကိုယ်စားပြုတဲ့ သံတမန်တစ်ဦးအဖြစ် လှုပ်ရှားရမှာ ဖြစ်လို့
အစစအရာရာမှာ ဂရုစိုက်ဖို့ လိုမယ်ဆိုတာကို သတိရှိခဲ့ပါတယ်။ ဥပမာ ပြောရရင်
အရေးကြီးတဲ့ ပြိုင်ပွဲတစ်ခုမှာ ဝင်ရောက်ယှဉ်ပြိုင်ရမယ့် အားကစားသမား တစ်ဦးလိုပါပဲ။
ဒီခရီးစဉ် ထွက်မလာခင်ကတည်းက သူ့ကိုယ်သူ အဆင်သင့်ဖြစ်အောင် ကြိုတင်လေ့ကျင့်
ပြင်ဆင်လာခဲ့တာပါ။ ဒိုင်ယာနာဟာ ပြိုင်ပွဲဝင်တစ်ဦးလို အနိုင်ရရှိရေးတစ်ခုတည်းကိုသာ
ဦးတည်ကြိုးပမ်းခဲ့ပါတယ်။ အထပ်ထပ် အခါခါ ဒိုင်ယာနာက သယ်ဆောင်ရမယ့် အဝတ်အစားများကအစ
တက်ရောက်ရမယ့် အခမ်းအနားများနဲ့ လိုက်လျောညီထွေမှု ရှိမရှိ အပြန်ပြန် အလှန်လှန်
စစ်ဆေးနေတဲ့ အပြင် ကျွန်တော်ကလည်း သူကျန်ရစ်တာများကို သတိပေးခြင်းအားဖြင့်
ကူညီပေးခဲ့ပါတယ်။ ခရီးထွက်ခွာမယ့်ရက် မတိုင်ခင်ကလေးမှာ ဒိုင်ယာနာက ကျွန်တော်ရှိနေတဲ့
ရုံးခန်းထဲကို ရောက်လာပြီး 'ဒီခရီးစဉ်ဟာ
ကျွန်မအတွက် သိပ်အရေးကြီးတယ် ပေါလ်။ ဒါကြောင့် ကျွန်မနဲ့အတူ လိုက်ပါမယ့်
ဝန်ထမ်းတွေဟာ 'ကအဆင့်'က ဝန်ထမ်းတွေပဲ
ဖြစ်စေချင်တယ်'လို့ ဆိုပါတယ်။
အဲဒီအဖွဲ့မှာ ကျွန်တော်လည်း
ပါဝင်ခဲ့ပါတယ်။ ကျွန်တော်နဲ့အတူ ပါဝင်ခဲ့တဲ့ တခြားပုဂ္ဂိုလ်များကတော့ သူမရဲ့
ကိုယ်ရေးအတွင်းဝန်ဖြစ်တဲ့ ပက်ထရစ်ဂျက်ပ်ဆင်၊ အဝတ်အစားများ တာဝန်ယူဆောင်ရွက်ရမယ့်
ဟလီနာ၊ ဆံပင်ကိစ္စ ဆောင်ရွက်ပေးမယ့် ဆမ်မက် နိုက်နဲ့ ဒိုင်ယာနာကို
စောင့်ရှောက်ပေးမယ့် လုံခြုံရေးအရာရှိတစ်ဦးတို့ ပါဝင်ပါတယ်။ မီဒီယာသမားတစ်ဦးလည်း လိုအပ်တာကြောင့်
ရေဒီယိုဂျာနယ်လစ် တစ်ဦးဖြစ်တဲ့ ဒစ်ကီအာဘစ်တာကိုလည်း ကျွန်တော်တို့အဖွဲ့မှာ
ပါဝင်စေခဲ့ပါတယ်။ ဒီပုဂ္ဂိုလ်က မင်းသမီးကို အထောက်အကူပြုတဲ့ စာနယ်ဇင်းသမား
တစ်ဦးဖြစ်တာကြောင့် ဒိုင်ယာနာက သူ့မွေးနေ့မှာ ဖိတ်ရမယ့် ဧည့်သည်များ
စာရင်းမှာတောင် ထည့်သွင်းခြင်းခံရတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။
အင်္ဂလန်နိုင်ငံရဲ့
သမိုင်းဝင်ဖြစ်မယ့် ဒီခရီးစဉ်မှာ ကျွန်တော် လိုက်ပါခွင့်ရခဲ့ ခြင်းအတွက် အင်မတန်
ကျေနပ်ရပါတယ်။ သွားလေရာတိုင်းမှာလည်း အဆင်ပြေချောမွေ့ခဲ့ပြီး အောင်မြင်မှုတွေ
ရခဲ့ပါတယ်။ ကျွန်တော်တို့အဖွဲ့ဟာ တောင်ပေါ်ကျေးရွာလေး တစ်ရွာဖြစ်တဲ့ Chitral,
Khyber Pass, Lahore, Rawalpindi နဲ့
Islamabad မြို့များကိုလည်း
ရောက်ရှိခဲ့ကြပါတယ်။ သွားလေရာတိုင်းမှာ ပြည်သူလူထုရဲ့ မေတ္တာကို ရရှိတဲ့
မင်းသမီးဖြစ်တာကြောင့် လူစုလူဝေးနဲ့ ကြိုဆိုတာကို အမြဲတမ်း ကြုံကြရပါတယ်။ Chitral ရွာကလေးကို
သွားစဉ်တုန်းကဆိုရင် ပတ်ဝန်းကျင်မှာရှိတဲ့ ရွာပေါင်း ၅ဝဝ လောက်က ရွာသူရွာသားများ
ဒိုင်ယာနာကို မြင်ဖူး၊ တွေ့ဖူးစေဖို့ လာရောက်ကြိုဆိုခဲ့ကြပါတယ်။ သတင်းစာများ၊
ရုပ်မြင်သံကြား အစီအစဉ်များကလည်း အဆက်မပြတ် ရိုက်ကူးပြီး ထုတ်လွှင့်ပေးနေတာကြောင့်
ဒိုင်ယာနာရဲ့ခရီးစဉ် အောင်မြင်မှုဟာ မယုံနိုင်စရာ ကောင်းလောက်အောင်ပါပဲ။
အင်္ဂလန်မှာရှိတဲ့ စာနယ်ဇင်းသမားတွေက ဒိုင်ယာနာဟာ သမမျှတတဲ့ စိတ်ထားမထားတတ်သူလို့
ဝေဖန်ခဲ့ကြဖူးပေမယ့် ခင်ပွန်းဖြစ်သူ မပါဘဲ တစ်ယောက်တည်း ကြဲတဲ့ ဒီခရီးစဉ်မှာ
အောင်မြင်မှုရရှိတာကို တွေ့လိုက်ကြရတော့ ပါးစပ်ပိတ်ကုန်ကြပါတယ်။ ခင်ပွန်းသည်
မပါပေမယ့် အင်္ဂလန်နိုင်ငံရဲ့ သံတမန်အဖြစ် တစ်ယောက်တည်း ဆောင်ရွက်နိုင်ခဲ့တဲ့
ဒိုင်ယာနာရဲ့ရင်ထဲ မှာ အောင်မြင်မှုတွေ ထပ်ဆင့်သရဖူ ဆောင်းနေတဲ့အတွက် ခွန်အားတွေ
ပိုရလာပါတယ်။ သူကတော့ သူ့ကို ဝိုင်းဝန်းပံ့ပိုးကူညီနေကြတဲ့ ကျွန်တော်တို့ 'ကအဆင့်' အဖွဲ့သားများကြောင့်သာဖြစ်တယ်လို့
ယုံကြည်ထားပါတယ်။
ပါကစ္စတန်နိုင်ငံက
ပြန်ရောက်လာပြီးတဲ့နောက်မှာ ဒိုင်ယာနာက ကျွန်တော့်ကို စာအုပ်တစ်အုပ် ပေးပါတယ်။
အဲဒီစာအုပ်က ပါကစ္စတန်နိုင်ငံအကြောင်း သရုပ်ဖော်ပုံများနဲ့ ရေးဖွဲ့ထားတဲ့
စာအုပ်ဖြစ်ပြီး သူ့လက်ရေးနဲ့ ကျွန်တော့်အတွက် သီးခြားရေးထားတဲ့ စာကြောင်းများလည်း
ပါဝင်ပါတယ်။ ဒီစာကြောင်းများက ကျွန်တော့်ရင်ထဲမှာ ပါကစ္စတန်နိုင်ငံမှာ
ကြုံတွေ့ခဲ့ရတဲ့သူတွေကို အမြဲသတိရနေစေပါတယ်။ အထူးသဖြင့် ဆွံ့အနားမကြားကျောင်းကို
ရောက်ခဲ့တာနဲ့ ပတ်သက်ပြီး ဒိုင်ယာနာက ပိုပြီး သတိရစေချင်ပုံ ရပါတယ်။ သူရေးထားတဲ့
စာကတော့ ...
ပေါလ်သို့...
'ဘုရားသခင်ကို ချစ်တဲ့သူတွေ အများကြီး ရှိပါတယ်။
သူတို့က တောတွေ၊ တောင်တွေ
လှည့်လည်ပြီး ရှာဖွေနေကြပါတယ်။
ကျွန်တော်ကတော့ ဘုရားသခင်ကို
ချစ်တဲ့သူတွေထက် ဘုရားသခင်က ဖန်ဆင်းထားတဲ့ လူသားများကို ချစ်တဲ့သူတွေကိုသာ
ချစ်ပါတယ်'
အာ့ဘာလ်
အချစ်များစွာဖြင့်
ဒိုင်ယာနာ၊
ပါကစ္စတန်၊ ၁၉၉၁
ဒိုင်ယာနာ ကိုးကားပြီး ရေးလိုက်တဲ့
စာပိုဒ်ကတော့ ပါကစ္စတန်နိုင်ငံရဲ့ အကျော်အမော် ကဗျာစာဆိုတစ်ဦးဖြစ်တဲ့
ဆာမိုဟာမက်အာ့ဘာလ် ဖြစ်ပါတယ်။ ဒီစာပိုဒ်ကို ဖတ်လိုက်ရတော့ ဒိုင်ယာနာ
သဘောကျသွားပြီး သူ့သဘောထားနဲ့လည်း တိုက်ဆိုင်သွားခဲ့ပါတယ်။ ဒါကြောင့် သွားလေရာမှာ
ဘုရားသခင် ဖန်ဆင်းထားတဲ့ လူသားမျိုးနွယ်များအတွက် အကျိုးပြုလုပ်ငန်းများကိုသာ
ကြိုးစားလုပ်ဆောင်ပေးခဲ့ပါတယ်။
အဲဒီခရီးစဉ်နဲ့ ပတ်သက်ပြီး ကျွန်တော်
မမေ့နိုင်တဲ့ ကိစ္စတွေအများကြီးပါ။ မြွေအလမ္ပာယ်ပြပွဲကို ကြည့်စဉ်တုန်းက အလမ္ပာယ်ဆရာက
မြွေပွေးကြီးတစ်ကောင်ရဲ့ ခေါင်းကိုကိုင်ပြီး သူ့ပါးစပ်ထဲ ထည့်ပြလိုက်တဲ့
မြင်ကွင်းကို မြင်ရတော့ ဒိုင်ယာနာ ထိတ်လန့်တကြား ဖြစ်ခဲ့ပါတယ်။ Chital ရွာ
ကလေးကို ရောက်စဉ်တုန်းက သူတို့ ထုံးစံအတိုင်း ဧည့်သည်တော်ကို ဂုဏ်ပြုကြိုဆိုတဲ့အနေနဲ့
ဒိုင်ယာနာ့ခေါင်းထက်မှာ ခေါင်းပေါင်းတစ်ခု ပေါင်းပေးတာကိုလည်း ကြုံခဲ့ဖူးပါတယ်။
ရဝါလ်ပင်ဒီမြို့မှာရှိတဲ့ ဓနသဟာယ နိုင်ငံများက ကမ္ဘာစစ်အတွင်း ကျဆုံးခဲ့ကြတဲ့
စစ်သည်တော်များကို ဂုဏ်ပြုတည်ဆောက်ထားတဲ့ စစ်သင်္ချိုင်းကိုလည်း ဒိုင်ယာနာ
သွားရောက်ခဲ့ပါတယ်။ စစ်သင်္ချိုင်းမှာ ဒိုင်ယာနာက ဘုရင်မကြီးကိုယ်စား
လွမ်းသူ့ပန်းခွေ ချခဲ့ပါတယ်။ ကျွန်တော်က မင်းသမီးရဲ့ ကိုယ်ရေးအရာရှိမဟုတ်ဘဲ
ဘဏ္ဍာစိုးသာဖြစ်တဲ့အတွက် ဒီအခမ်းအနားကို တက်ရောက်ခွင့် မရခဲ့ပါဘူး။
အဲဒါနဲ့ပတ်သက်ပြီး စိတ်ထဲမှာ တော်တော်လေး ခံစားလိုက်ရပါတယ်။ ဒီလိုအခမ်းအနားမျိုးမှာ
ကျွန်တော် မလိုက်ပါရဘဲ တည်းခိုတဲ့နေရာမှာ ကျန်ရစ်ရင်း မင်းသမီး ပြန်လာရင်
စားသုံးဖို့ နေ့လယ်စာ သို့မဟုတ် လက်ဖက်ရည်ပွဲ ပြင်ဆင်ရင်း ကျန်ရစ်ရပါတယ်။
နောက်ပိုင်းမှာတော့ ဒိုင်ယာနာက သူသွားလေရာကို လိုက်ပါစေခဲ့ပါတယ်။ အဲဒီအခါမျိုးမှာ
ကျွန်တော်က ယူနီဖောင်း မဝတ်တော့ဘဲ အများသူငါလိုပဲ Suit ကိုသာ
ဝတ်ဆင်ပါတယ်။ ၁၉၉၁ ခုနှစ်က အတူတကွ ခရီးသွားလိုက်ရတဲ့အတွက် ကျွန်တော့်ရင်ထဲမှာ
မင်းသမီးကို ပိုပြီး နားလည်လာခဲ့ရပါတယ်။
ပါကစ္စတန်ခရီးစဉ်မှာ ဒိုင်ယာနာဟာ
ဘာကြောင့် သူလုပ်ချင်တာတွေကို တွန်းလုပ်နေသလဲ ဆိုတာကိုလည်း နားလည်ခွင့်ရလာခဲ့ပါတယ်။
ဒိုင်ယာနာက သူမမှာ နှစ်ရှည်လများ ခင်မင်ခဲ့တဲ့ မိတ်ဆွေတစ်ဦးရှိကြောင်း၊
သူ့နာမည်မှာ အက်ဒရီ ယန်ဝါ့ဒ်ဂျက်ဆင်လို့ခေါ်ပြီး မာဂရက်မင်းသမီးက
မိတ်ဆက်ပေးခဲ့တာလို့ ဆိုတယ်။ အဲဒီပုဂ္ဂိုလ်နဲ့ ဒိုင်ယာနာတို့ ရင်းနှီးသွားကြတော့
ဒိုင်ယာနာက သူကြုံတွေ့နေရတဲ့ အိမ်ထောင်ရေးပြဿနာ အခက်အခဲတွေကို
ရင်ဖွင့်ပြောကြားသလို အက်ဒရီယန်ကလည်း သူ့မှာစွဲကပ်နေတဲ့ HIV
Positive
အခြေအနေအကြောင်းကို ရင်ဖွင့် ပြောကြားပါသတဲ့။ အဲဒီပုဂ္ဂိုလ်နဲ့ ရင်းနှီးမှုကြောင့်
ဒိုင်ယာနာက AIDS
ရောဂါ တွန်းလှန်တိုက်ဖျက်ရေးကို စတင်လှုပ်ရှားခဲ့တာပါ။ ဒီရောဂါ ဘယ်လိုကူးစက်ပျံ့
ပွားတယ်ဆိုတာကို သိပြီးတဲ့နောက် Middlesex Hospital မှာ
ဖွင့်လှစ်ထားတဲ့ AIDS ရောဂါသည်များ
အဆောင်ကိုလည်း သွားရောက်လည်ပတ်ခဲ့ ပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဒိုင်ယာနာ
ပြောခဲ့တဲ့စကားကို ကျွန်တော် ဘယ်တော့မှ မေ့လို့ရမှာ မဟုတ်တော့ပါဘူး။ 'တီဘီရောဂါကြီး ဖြစ်ပွားစဉ်တုန်းက လူတွေအမြောက်အမြား သူတို့မိဘ မျက်စိရှေ့မှောက်မှာပဲ
ကွယ်လွန်ခဲ့ကြရတယ်။ အဲဒီတုန်းကလည်း ဝင်ဆာမိသားစုတွေက လူတွေရဲ့ ကျန်းမာရေးကို
ဂရုမစိုက်ခဲ့ကြဘူး'လို့ ဆိုတယ်။ သူမ အမြင်မှာ လူတွေက
ကပ်ရောဂါဆိုးတစ်ခုနဲ့ ပတ်သက်ပြီး အပေါ်ယံ လှုံ့ဆော်မှု လောက်နဲ့တော့ စိတ်ဝင်စားမှု
သိပ်မရှိလှဘဲ ခဏသာ စိတ်ဝင်စားကြတယ်။ အစဉ်အမြဲ လှုံ့ဆော် ဆော်သြပေးနေမှသာ
ဒီရောဂါဆိုးကို ကြောက်ရမှန်း၊ တိုက်ဖျက်ရကောင်းမှန်း သိကြလိမ့်မယ်လို့လည်း
ဆိုပါတယ်။ ဒီလို လှုပ်ရှားမှုကြောင့် မလိုလားတဲ့ ပုဂ္ဂိုလ်တချို့ထံမှလည်း
ပြစ်တင်ဝေဖန်တဲ့စာတွေ ရခဲ့ပါသေးတယ်။ တချို့က ဆိုရင် 'ခင်ဗျား
ဘာကြောင့် လိင်တူဆက်ဆံ သူတွေရဲ့ လှုပ်ရှားမှုကို ထောက်ခံ အားပေးနေရတာလဲ'လို့ ရေးခဲ့ကြပါတယ်။ ဒိုင်ယာနာအမြင်မှာတော့ လိင်တူဆက်ဆံ သူတွေကို HIV နဲ့ ပတ်သက်ပြီး အသိပညာပေးနိုင်မှသာ ဒီရောဂါကူးစက်မှုဟာ
ရပ်တန့်သွားလိမ့်မယ်လို့ ယုံကြည်ခြင်းကြောင့် ဖြစ်ပါတယ်။
တချို့ပုဂ္ဂိုလ်များကတော့ ဒိုင်ယာနာ
ခုလို လှုပ်ရှားနေတာဟာ ကမ္ဘာတစ်ဝှမ်းက သတင်းစာမျက်နှာများပေါ်မှာ သူမပုံဖော်ပြကြရေးအတွက်သာ
ဖြစ်တယ်လို့ ရက်ရက်စက်စက် ဝေဖန် ကြပါတယ်။ တကယ်တော့ သူမဟာ ဒီဝေဒနာရှင်များအပေါ်မှာ
ကရုဏာ ဘယ်လောက်ရှိတယ်၊ တခြားသူကို ကူညီစောင့်ရှောက်ရမယ်ဆိုရင် ဒိုင်ယာနာဟာ အမြဲတမ်း
လက်မတွန့်တတ်ဘူး၊ လူမှုရေးလုပ်ငန်းတွေကို လုပ်ရမယ်ဆိုရင် သူ အမြဲပျော်နေတတ်တယ်ဆိုတာ
ဒီလူတွေ ဘယ်တုန်းကမှ နားမလည်ခဲ့ကြပါဘူး။ မိတ်ဆွေစစ်မှန်ဆိုတာဟာ
အကြောင်းပေါ်ချိန်မှာ ကိုယ့်အနားမှာ အမြဲရှိတယ် ဆိုတာကို အက်ဒရီယန်ကတော့ သူ
မသေခင်မှာ နားလည်သွားခဲ့ပါတယ်။ ဒိုင်ယာနာဟာ သူ့အတွက် မိတ်ဆွေကောင်းတစ်ဦး ဖြစ်ခဲ့ပါတယ်။
အက်ဒရီယန်က သူ့နောက်ဆုံးအချိန်ကျရင်
ဒိုင်ယာနာကို အနားမှာ ရှိစေချင်တယ်လို့ ပြောခဲ့ဖူးပါတယ်။ ဒိုင်ယာနာကလည်း ဒါကို
အလေးထားခဲ့ပါတယ်။ သြဂုတ်လလယ်လောက်မှာ သူတို့နှစ်ယောက်ရဲ့ ကြားမိတ်ဆွေတစ်ဦးဖြစ်တဲ့
အန်ဂျီလာဆီရိုတာက ဖုန်းဆက်ပြီး အက်ဒရီယန်ရဲ့ နောက်ဆုံး အချိန်ကို ရောက်နေပြီလို့
အကြောင်းကြားခဲ့ပါတယ်။ ကတိပေးထားခဲ့တဲ့အတိုင်း အလုပ်တာဝန်တွေကို အသာထားခဲ့ပြီး
အက်ဒရီယန်ရှိရာကို သွားဖို့ ဒိုင်ယာနာ ပြင်ဆင်ခဲ့ပါတယ်။ အဲဒီအချိန်က ဒိုင်ယာနာက
ဘာမိုရယ်လ်မှာ ရောက်နေပါတယ်။ လန်ဒန်ကို သွားဖို့အတွက် လေယာဉ်လက်မှတ် မရလိုက်နိုင်တဲ့အတွက်
၇ နာရီကြာအောင် ကားမောင်းပြီး ညကြီးမင်းကြီး လန်ဒန်ကို ထွက်ခဲ့ပါတယ်။ သူမရဲ့ဘေးမှာ
ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ယူထားတဲ့ ဒေ့ဗ်ရှာ့ပ်က လိုက်ပါသွားခဲ့ပါတယ်။ သေငယ်ဇောနဲ့
မျောနေတဲ့ အက်ဒရီယန်ရဲ့အပါးမှာ ဒိုင်ယာနာ လေးရက်လုံးလုံး နေပေးခဲ့ပါတယ်။ နောက်ဆုံးအချိန်မှာ
ဒိုင်ယာနာက အက်ဒရီယန်ကို မေးခွန်းတစ်ခု မေးခဲ့ပါတယ်။ လေသံနဲ့တောင် ဖြေကြားခြင်း
မပြုနိုင်တော့တဲ့ အက်ဒရီယန်က လက်မတစ်ချောင်းထောင်ပြပြီး ဖြေသွားခဲ့ပါတယ်။ ဒီလိုအချိန်မှာ
ခံစားရတဲ့ ဝမ်းနည်းကြေကွဲမှုမျိုးလောက် သူ တစ်ခါမှ မခံစားရဘူးလို့ ဒိုင်ယာနာက
ဆိုပါတယ်။ အသက်မဲ့သွားတဲ့ အက်ဒရီယန်ရဲ့အပါးမှာ အန်ဂျီလာနဲ့ ဒိုင်ယာနာတို့က
ကျမ်းစာများ ရွတ်ဖတ်ပေးခဲ့ကြပါတယ်။ အဲဒီနေ့က ဘဝရဲ့နောက်ဆုံးအချိန်အကြောင်းကို
ဒိုင်ယာနာ ကောင်းကောင်း သဘောပေါက်ခဲ့ပါတယ်။ ၁၉၉၁ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့
ညသန်းခေါင်မှာ အက်ဒရီယန် ကွယ်လွန်ခဲ့ခြင်းပါ။ ဘဝရဲ့ နောက်ဆုံးအချိန်ကို မျက်စိရှေ့မှောက်မှာတင်
ပြက်ပြက်ထင်ထင် မြင်လိုက်ရတဲ့ ဒိုင်ယာနာက ဒီဆေးရုံမှာပဲ ဘဝခရီးကို
အစပြုကြတဲ့သူတွေကို မြင်လို တွေ့လိုသေးတာကြောင့် မွေးကင်းစ အဆောင်ကိုလည်း
သွားရောက်ကြည့်ရှုခဲ့ပါသေးတယ်။
ပါကစ္စတန်ခရီးစဉ်က ပြန်လာပြီး
မကြာခင်မှာပဲ ကျွန်တော့်မှာ ဟိုင်းဂရုဖ် စံအိမ်ကနေ ကင်စတန်နန်းတော်ကို
ကူးပြောင်းပြီး တာဝန်ထမ်းဆောင်ရ ပြန်ပါတယ်။ ကင်စတန်နန်းတော်မှ ဘဏ္ဍာစိုးဖြစ်တဲ့
ဟာရိုးလ်ဘရောင်းက ခွင့်ယူသွားလို့ပါ။ အဲဒီနှစ်အတွင်း ရက်သတ္တပတ် တော်တော်များများ
ကျွန်တော် လန်ဒန်မှာ ရောက်ရှိနေရပါတယ်။ ကျွန်တော် ပြင်ဆင်ပေးရတဲ့ နေ့လယ်စာများက
အများအားဖြင့် တစ်ယောက်တည်းအတွက်သာ များပါတယ်။ လက်တွန်းလှည်း တစ်ခုပေါ်မှာ
ပြင်ဆင်ပြီး ဧည့်ခန်းထဲကို သွားရောက်ပို့ပေးရပါတယ်။ မင်းသမီးက ဧည့်ခန်းအတွင်းက
ဆိုဖာပေါ်မှာ အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ပြီး ရုပ်မြင်သံကြား အစီအစဉ်မှ
ထုတ်လွှင့်နေတဲ့ Brookside
ဇာတ်လမ်းတွဲ ဒါမှမဟုတ် Coronation Street ဇာတ်လမ်းတွဲကို
ကြည့်နေတတ်ပါတယ်။ နေ့လယ်စာ ပြင်ဆင်ပေးပြီး ဖြစ်ပေမယ့် မင်းသမီးက ကျွန်တော့်ကို
ပြန်ခွင့်မပေးသေးဘဲ ဧည့်ခန်းထဲမှာ စကားစမြည် ပြောနေတတ်ပါတယ်။ သူမက စားနေစဉ်မှာ
ကျွန်တော်က မတ်တတ်ရပ်နေပြီး သိချင်သမျှမေးတာကို ဖြေကြားပေးနေရတာပါ။ နေ့လယ်စာ
စားသုံးပြီးချိန်မှာ ကျွန်တော်က လက်တွန်းလှည်းကိုတွန်းပြီး ပြန်ထွက်သွားသည့်တိုင်အောင်
မင်းသမီးက နောက်ကလိုက်လာပြီး မပြတ်သေးတဲ့စကားကို ဆက်ပြောနေတတ်သေးပါတယ်။ တစ်ခါတလေ
ကျွန်တော် ပန်းကန်ဆေးတဲ့နေရာမှာပဲ ရပ်ပြီး စကားပြောရင်း ဆေးပြီးသား ပန်းကန်တွေကို
အခြောက်ခံပေးတတ်ပါတယ်။ ဟိုင်းဂရုဖ်စံအိမ်တုန်းကလည်း ဒီလိုပါပဲ။ အဲဒီလို
တရင်းတနှီးရှိလာတဲ့အတွက် မင်းသမီးဟာ ကျွန်တော့်အပေါ်မှာ ယုံကြည်ကိုးစားမှု
တိုးပွားနေတယ်ဆိုတာ နားလည်လာခဲ့ပါတယ်။ မင်းသမီးနဲ့ နေစဉ်ကာလမှာ မင်းသမီးက
သူမနဲ့အတူ ထိုင်စေပေမယ့် ချားလ်စ်မင်းသားကတော့ ကျွန်တော့်ကို လက်တစ်ကမ်းအကွာမှာသာ
ရပ်နေစေခဲ့ပါတယ်။ တစ်ခါတလေ မင်းသမီးနဲ့ စကားပြောရင်း ကျွန်တော့် ရင်ထဲမှာ
ပေါ်ပေါက်လာတဲ့ အသိကတော့ သူမဟာ အိမ်ရှေ့မိဖုရားရဲ့ ဟိတ်ဟန်မရှိဘဲ ကျွန်တော့်ဇနီး
မာရီယာရဲ့ မိတ်ဆွေကောင်းတစ်ယောက်အဖြစ်သာ ဖြစ်နေတယ်ဆိုတာပါပဲ။ ဒါပေမယ့်
ကျွန်တော်ကတော့ စကားပြောတဲ့အခါမှာ သာမန်အမျိုးသမီးတစ်ယောက်ကို ပြောနေတဲ့ပုံစံမျိုး
မဟုတ်ဘဲ ရွှေနန်းသုံး အစဉ်အလာအတိုင်း 'ဘုန်းတော်ကြီး မြတ်သော'
ဆိုတဲ့ ဝိသေသကို အမြဲသတိထားပြီး ထည့်ပြောလေ့ရှိပါတယ်။
အဲဒါကလွဲရင်တော့ ကျွန်တော်တို့နှစ်ယောက် စကားပြောနေတာဟာ သာမန်အရပ်ထဲက
မိတ်ဆွေနှစ်ဦး စကားပြောနေကြသလိုပါပဲ။ အဲဒီလိုအချိန်မျိုးမှာ ဒိုင်ယာနာကလည်း
မိတ်ကပ်လိမ်းထားတာ မဟုတ်ဘဲ မျက်နှာပြောင်နဲ့ ဖြစ်တဲ့အတွက် အရပ်သူတစ်ဦးနဲ့
ပိုပြီးတူနေပါတယ်။ ကျွန်တော်က ဒိုင်ယာနာ့အပါးမှာ နေရတာ လူနှစ်ယောက်ကို
ခစားနေရသလိုပါပဲ။ တစ်ဦးကတော့ အများသိထားတဲ့ အိမ်ရှေ့မိဖုရား ဒိုင်ယာနာဖြစ်ပြီး
နောက်တစ်ဦးကတော့ ကျွန်တော်နဲ့ အင်မတန် ခင်မင်ရင်းနှီးတဲ့ လမ်းပျောက်နေတဲ့
မိန်းကလေး ဒိုင်ယာနာပါပဲ။ ဒိုင်ယာနာရဲ့ ပကတိအတွင်းစိတ်နဲ့ ပုံသဏ္ဌာန်ကို
ကင်စတန်နန်းတော်မှာ ကျွန်တော် အထင်းသား တွေ့မြင်ရပါတယ်။
ဒိုင်ယာနာနဲ့ မနီးစပ်သေးခင်
ဘာကင်ဟမ်နန်းတော်မှာ ကျွန်တော် ရှိစဉ်တုန်းကတော့ မင်းမှုထမ်းများကြားမှာ
သူနဲ့ပတ်သက်ပြီး ကြားခဲ့ရတဲ့သတင်းတွေက အကောင်းတစ်ခုမှ မပါပါဘူး။ ဒိုင်ယာနာရဲ့
စိတ်ဓာတ်ကို ခန့်မှန်းဖို့ရာ ခက်လှပါသတဲ့။ သူ့စိတ်အခြေအနေက တိမ်တောင်သဖွယ်
မင်းရေးကျယ်ဆိုသလို ခုတစ်မျိုး၊ တော်ကြာတစ်မျိုး ပြောင်းလဲတတ်ပါသတဲ့။
သူတို့ပြောတဲ့ သတင်းတွေကို ကြားရတာ လက်တွေ့ကျွန်တော်မြင်တွေ့ရတဲ့ ဒိုင်ယာနာနဲ့
တခြားစီပါ။ ဒါကြောင့် ကင်စတန်နန်းတော်ရဲ့ ဘဏ္ဍာစိုးဖြစ်တဲ့ ဟာရိုးလ်ဘရောင်းကို
စစ်မှန်တဲ့သခင် ရထားသူရယ်လို့ အားကျမိပါတယ်။ နောက်ပိုင်းမှာလည်း ဟာရိုးလ်ဘရောင်း
ခွင့်ယူမယ့်ရက်များကိုပဲ ကျွန်တော် မျှော်နေမိပါတယ်။
ဟိုင်းဂရုဖ်စံအိမ်မှာ ရှိနေတဲ့
ကျွန်တော့်ဇနီး မာရီယာနဲ့ သားများဟာလည်း လန်ဒန်မှာ နေရစဉ်ကထက် ပျော်နေကြပါတယ်။
သားများဖြစ်တဲ့ အလက်ဇန္ဒားနဲ့ နစ်ခ်တို့လည်း အသားကျနေကြပါပြီ။
ကျောင်းပိတ်ရက်များမှာ အိမ်နီးချင်းဖြစ်တဲ့ သူတို့သူငယ်ချင်းများနဲ့
ပျော်ပျော်ပါးပါး နေတတ်နေပါပြီ။ သူတို့သူငယ်ချင်းဆိုတာက ဝီလျံမင်းသားနဲ့
ဟယ်ရီတို့ပါ။ သူတို့နှစ်ယောက်ကို သူတို့အမေက 'မေ့သားတွေ'လို့ ချစ်စနိုး ခေါ်တတ်ပါတယ်။ တစ်ခါတစ်ခါ ဝီလျံက လူကြီးဆန်တတ်တာမို့
ဒိုင်ယာနာက 'မေမေ့လူကြီးလေး'လို့လည်း
ချစ်စနိုး ခေါ်တတ်ပါတယ်။ သူတို့မိသားစုချည်းရှိတဲ့အခါမျိုးမှာ ဒါမှမဟုတ် သားတွေထံ
စာရေးတဲ့အခါမျိုးမှာတော့ မိဘနှစ်ပါးက ဝီလျံကို 'Wombat'လို့ ခေါ်တတ်ပြီး ဟယ်ရီကိုတော့ ရိုးရိုးရှင်းရှင်း ဟယ်ရီလို့ပဲ ခေါ်ပါတယ်။
□
သားတော်များ ဖြစ်ကြတဲ့ ဝီလျံနဲ့
ဟယ်ရီတို့ဟာ ကျွန်တော့်သားနှစ်ဦးဖြစ်တဲ့ အလက်ဇန္ဒား၊ နစ်ခ်တို့နဲ့အတူ
ကြီးပြင်းလာခဲ့ကြပါတယ်။ ဟိုင်းဂရုဖ်စံအိမ်မှာ အလွှာနှစ်ခုက ပေါက်ဖွားခဲ့တဲ့
လူငယ်လေးယောက်ပေါ့။ မင်းသမီးကလည်း သူ့သားများနဲ့ မတော်တော့တဲ့ အဝတ်အစားများ၊
ရှူးဖိနပ်များကို ကျွန်တော့်သားတွေအတွက် ပေးလေ့ရှိပါတယ်။ ကျောင်းပိတ်ရက်များမှာ
သူတို့လေးယောက်ဟာ လုံးထွေးနေတတ်ကြသူများပါ။
ကလေးဘဝက ပျော်စရာကောင်းတဲ့နေ့များဟာ
ဘဝတစ်သက်တာမှာ မေ့လို့မရလောက်အောင် စွဲမြဲနေတတ်ပါတယ်။ သူတို့လေးတွေ
ပျော်နေကြပုံကို ကျွန်တော်ကလည်း အမြဲတမ်း ဓာတ်ပုံမှတ်တမ်း တင်ပေးခဲ့တဲ့အတွက်
ကျွန်တော့်ဓာတ်ပုံ အယ်လ်ဘမ်များထဲမှာ သူတို့ငယ်ဘဝပုံရိပ်များကို
မြင်တွေ့နိုင်ပါတယ်။
မင်းသားနှစ်ပါးဟာလည်း
ကျွန်တော့်သားများနဲ့ ရွယ်တူလို ဖြစ်နေတဲ့အတွက် ကျွန်တော့်သားများနဲ့ မခြားပါဘူး။
ကျွန်တော့်အိမ်ကိုလည်း သူတို့ ဝင်ချင်သလိုဝင်၊ ထွက်ချင်သလို ထွက်နေတတ်ကြတာပါ။
တစ်ခါတလေ ဝီလျံက အိမ်နောက်ဖေး မီးဖိုဆောင်တံခါးပေါက်ကနေ ခေါင်းပြူလာပြီး 'မာရီယာ ခင်ဗျားတို့ဆီမှာ ချောကလက် ဘီစကစ် ရှိတယ်မဟုတ်လား'လို့ မေးတတ်ပါတယ်။ ကျွန်တော်တို့ ဇနီးမောင်နှံက သားများအတွက် ချော့ကလက်ဆမ်းထားတဲ့
ဘီစကစ်ဖြစ်တဲ့ KitKat
များကို ပုံးလိုက်ဝယ်ထားလေ့ရှိတာကို သူသိလို့ပါပဲ။ မင်းသားငယ်က အဲဒီလို
မုန့်တောင်းတတ်သလို မင်းသမီးကိုယ်တိုင်လည်း တစ်ခါတလေ ဒီလိုပဲ သူစားချင်တာကို
လာစားလေ့ ရှိပါတယ်။ ၁၉၈၈ ခုနှစ် မေလအတွင်းက ကျရောက်ခဲ့တဲ့ ကျွန်တော့်သားကြီး
အလက်ဇန္ဒားရဲ့ သုံးနှစ်ပြည့်မွေးနေ့မှာတော့ ကျွန်တော်က မွေးနေ့ပါတီလေးတစ်ခု
လုပ်ပေးခဲ့ပါတယ်။ အဲဒီတုန်းက ငါးနှစ်သားအရွယ် ရှိပြီဖြစ်တဲ့ ဝီလျံနဲ့
သုံးနှစ်သားအရွယ် ဟယ်ရီတို့လည်း တခြားကလေး ၆ ဦးထဲမှာ အပါအဝင် ဖြစ်ခဲ့ကြပါတယ်။
အဲဒီတုန်းက သားအတွက် လယ်ထွန်စက် အပြာရောင် ပုံသဏ္ဌာန် မွေးနေ့ကိတ်ကို ဝေလမင်းသားမောင်နှံရဲ့
စားဖိုမှူးဖြစ်တဲ့ မာဗင်က ပြုလုပ်ပေးခဲ့တာပါ။ အလက်ဇန္ဒားအတွက် မင်းသမီးက
အစိမ်းရောင် စစ်သားဝတ်စုံတစ်စုံ ပေးခဲ့ပါတယ်။ အလက်ဇန္ဒားက သူ့သားဟယ်ရီလိုပဲ
စစ်သားအဖြစ် ကစားရတာကို နှစ်သက်တယ်ဆိုတာ သိလို့ပါပဲ။
ဟိုင်းဂရုဖ်စံအိမ်ဝင်းအတွင်းမှာ
မင်းသားငယ်နှစ်ပါးဟာလည်း တခြားအပေါင်းအသင်း ဘယ်သူမှ မရှိတဲ့အတွက် မင်းသမီးက
ကျွန်တော့်သားနှစ်ယောက်ကို သူ့သားများအတွက် ကလေးကစားခန်းအဖြစ် ပြင်ဆင်ပေးထားတဲ့
ဟိုင်းဂရုဖ်စံအိမ်ရဲ့ အောက်ဆုံးထပ်မှာ လာကစားစေပါတယ်။ ဒီအထပ်မှာ ဝီလျံရဲ့အိပ်ခန်း၊
ဟယ်ရီရဲ့ အိပ်ခန်း၊ ကလေးထိန်းရဲ့ အိပ်ခန်းနဲ့ စားဖိုဆောင်တို့သာ ရှိပါတယ်။ တစ်ခါ
တလေမှာ ကျွန်တော်က ကလေးတွေ စားဖို့အတွက် ငါးကြော်များ၊ အာလူးကြော်များ ပန်းကန်နဲ့
ယူဆောင်သွားပေးတဲ့အခါ ကျွန်တော့်သားတွေက အနာဂတ်မှာ အင်္ဂလန်နိုင်ငံရဲ့
ပြည့်ရှင်ဘုရင်များဖြစ်ကြမယ့် ဝီလျံ၊ ဟယ်ရီတို့နဲ့အတူ လက်ရည်တစ်ပြင်တည်း
စားနေကြတာကို တွေ့ရပါတယ်။
တစ်ခါတလေမှာ ကလေးထိန်းဖြစ်တဲ့
ရုသ်ဝေါလေ့စ်က မင်းသားနှစ်ပါးကို အလည်အပတ်အတွက် အပြင်ခေါ်သွားရင် ကျွန်တော့်သား
နှစ်ယောက်လည်း ပါသွားကြပါတယ်။ ၁၉၈၉ ခုနှစ် စက်တင်ဘာလမှာ ချားလ်စ်မင်းသားက စကော့တလန်ကို
သွားနေတဲ့အတွက် မင်းသားငယ်နှစ်ပါး ဘာမိုရယ်လ်ကို ရောက်လာကြပြီး သူတို့
သူငယ်ချင်းလေးယောက် Bristol တိရစ္ဆာန်ရုံကို သွားရောက်လည် ပတ်ကြပါတယ်။ အဲဒီမှာ ကျွန်တော် တအံ့တသြ
ဖြစ်သွားရတာကတော့ တိရစ္ဆာန်ရုံကို လိုက်ခဲ့ဖို့ ကျွန်တော့်ကိုလည်း ဖိတ်ကြားခြင်းခံရပြီး
မင်းသမီး ကိုယ်တိုင်လည်း ကလေးများနဲ့အတူ လိုက်ပါမယ်ဆိုတာပါပဲ။ ဒီလိုခရီးစဉ်မျိုးမှာ
ကျွန်တော့်အနေနဲ့ ယူနီဖောင်းဝတ်ဖို့ မသင့်တော်တာကြောင့် သာမန်အဝတ်အစားကိုပဲ
ဝတ်ခဲ့ပါတယ်။ မင်းသမီး ကိုယ်တိုင်ကလည်း တခြားကလေးအမေများလို ပေါ့ပေါ့ပါးပါး
ဝတ်စုံကို ဝတ်ဆင်ထားပြီး ဘေ့စ်ဘောလ်ဦးထုပ် အပြာရောင်ကလေး ဆောင်းလာခဲ့ပါတယ်။
ကျွန်တော်တို့ အုပ်စုမှာ မင်းသမီး၊ ကလေးထိန်းရုသ်၊ ကျွန်တော့်ဇနီး မာရီယာ၊
ကျွန်တော်နဲ့ ကိုယ်ရံတော်အရာရှိ ဒေ့ဗ်ရှာ့ပ်တို့လည်း လိုက်ပါခဲ့ကြပါတယ်။
အဲဒီတုန်းက ကျွန်တော့်သားငယ် နစ်ခ်က လသားအရွယ်သာ ရှိသေးတာကြောင့် လက်တွန်းလှည်းလေးထဲမှာ
ထည့်ပြီး ခေါ်ခဲ့ကြပါတယ်။ မာရီယာနဲ့ မင်းသမီးဟာ ဘာကင်ဟမ်နန်းတော်မှာ စတင်ဆုံစည်းခဲ့ကြပြီး
ခုဆိုရင် အိမ်နီးနားချင်းတွေလို၊ ညီအစ်မတွေလို ရင်းနှီးနေကြပါပြီ။ အဲဒီလိုပဲ
ကျွန်တော်တို့က မွေးလာတဲ့ ကလေးများဟာလည်း ညီအစ်ကိုတွေလို ဖြစ်နေကြပါပြီ။ ကျွန်တော်တို့
မိသားစုနှစ်ခုရဲ့ ခင်မင်ရင်းနှီးမှုများဟာ ရာသက်ပန် ခိုင်မြဲလိမ့်မယ်လို့
ကျွန်တော် မျှော်လင့်မိပါတယ်။ ကျွန်တော့်သားနှစ်ယောက်က ဒိုင်ယာနာကို
နှုတ်ဆက်တိုင်း ဘယ်တော့မှ ကျွန်တော်တို့ ခေါ်သလို 'ဘုန်းတော်ကြီး
မြတ်လှသော'လို့ ဝိသေသမတပ်ဘဲ 'ဟယ်လို
မင်းသမီး'လို့သာ ခေါ်ကြပါတယ်။ ပထမတော့ ကျွန်တော်က
ဒီလိုခေါ်တာဟာ မတင့်တယ်ဘူးလို့ ထင်မိပါတယ်။ ဒါပေမယ့် နားထဲမှာ တော့
နားဝင်ချိုနေတယ်။ ကျွန်တော့် ကလေးတွေရဲ့ စိတ်ထဲမှာ 'မင်းသမီး'
ဆိုတာဟာ ဒိုင်ယာနာရဲ့ နာမည်လို့ ထင်နေကြပုံ ရပါတယ်။
ဒီနေရာမှာ ဘာတွေ့လာရသလဲ ဆိုတော့
ထုံးတမ်းစဉ်လာအတိုင်း ဘွဲ့ထူးဂုဏ်ထူးတွေနဲ့ ရွတ်ဆိုခေါ်ဝေါ်နေခြင်းက ရင်းနှီးမှုမရှိဘဲ
ကလေးတွေ ခေါ်သလိုခေါ်ခြင်းက ရင်းနှီးမှု ပိုမိုပေါ်လွင်စေတယ် ဆိုတာပါပဲ။ တစ်ခါတလေ
မင်းသမီး ကျွန်တော်တို့အိမ်ကို ရောက်လာတဲ့အခါမှာ မာရီယာက ရေနွေးအိုး တည်ထားတဲ့ မီးဖိုခလုတ်ကို
ဖွင့်လိုက်ပြီး 'ထုံးစံအတိုင်း ကော်ဖီပဲ
မဟုတ်လား ဘုန်းတော်ကြီးမြတ်လှတဲ့ မင်းသမီး'လို့ မေးတတ်ပါတယ်။
အဲဒီအချိန်မျိုးမှာ သားငယ် နစ်ခ်က ဒိုင်ယာနာ့ ပေါင်ပေါ်ကို တက်ထိုင်လိုက်ပြီး
တရင်းတနှီး ပွေ့ဖက်နှုတ်ဆက်ကာ 'ဘယ်သွားနေတာလဲ မင်းသမီး'လို့ မေးတတ်ပါတယ်။
တစ်ကြိမ်မှာတော့ ကျွန်တော့်ရင်ကို
ထိခတ်လှုပ်ရှားသွားစေမယ့် အဖြစ်မျိုးနဲ့ ကြုံခဲ့ရဖူးပါတယ်။ သုံးနှစ်အရွယ်သာ
ရှိသေးတဲ့ နစ်ခ်က ကျွန်တော်တို့ အိမ်ကနေ တောက်တောက် လျှောက်လာပြီး အိမ်မကြီးထဲ
ဝင်လာခဲ့ပါတယ်။ ကျွန်တော်က အပေါ်ထပ်က မင်းသားဆင်းလာမယ့် လှေကားရင်းမှာ စောင့်နေတာပါ။
လန်ဒန်မြို့ထဲမှာ ကျင်းပမယ့် ပွဲတစ်ပွဲကိုသွားဖို့ မင်းသားက ဆင်းလာမှာပါ။
အဲဒီအချိန်မှာ ကျွန်တော့်သားက ကျွန်တော့်ကို ဂရုမစိုက်ဘဲ လှေကားထစ်ပေါ်ကို
တက်သွားပါတယ်။ သူ စတက်ချိန်မှာပဲ မင်းသားကလည်း အပေါ်ထပ်ကနေ ဆင်းလာပါတယ်။ နစ်ခ်က
ချားလ်စ်မင်းသားကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်ပြီး 'မင်းသားကို ကြည့်ရတာ စမတ်ကျသားပဲ။ ဘယ်သွားမလို့လဲ မင်းသား'လို့ မေးချလိုက်ပါတယ်။
မိုးနဲ့မြေလို ကွာခြားလှတဲ့ အခြေအနေ
ဖြစ်တဲ့အတွက် ကျွန်တော့်သားအနေနဲ့ ဝေလမင်းသားကို ဒီလို တရင်းတနှီး
ပြောဖို့မသင့်ဘူးဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် ကျွန်တော်နဲ့
အလှမ်းဝေးနေတာကြောင့် ကျွန်တော့်သားရဲ့ပါးစပ်ကို ပိတ်လိုက်နိုင်စွမ်းလည်း
မရှိပါဘူး။ ဘာပဲဖြစ်ဖြစ် ချားလ်စ်မင်းသားအနေနဲ့ အမျက်တော်ရှသွားမယ်ဆိုရင်
ကျွန်တော်တို့ဘဝဟာ တွေးဝံ့စရာ မရှိတော့ပါဘူး။ နစ်ခ်မေးလိုက်တဲ့ မေးခွန်းမျိုးကိုလည်း
ဘယ်သူကမှ ချားလ်စ်မင်းသားကို မေးဝံ့ခဲ့မှာ မဟုတ်ပါဘူး။ ဝီလျံနဲ့ ဟယ်ရီတို့လို
ချားလ်စ်မင်းသားကိုလည်း နစ်ခ်က သူ့သူငယ်ချင်းပဲ အောက်မေ့ နေတယ်ထင်ပါရဲ့။
ချားလ်စ်မင်းသားမှာလည်း ကလေးကို ဘာပြန်ပြောရမှန်းမသိ ဖြစ်သွားပြီး
ပြန်ပြုံးပြလိုက်တာကို တွေ့ရတော့မှ ကျွန်တော့်မှာ သက်ပြင်းချနိုင်ပါတော့တယ်။
ဧကပေါင်းများစွာ ကျယ်ဝန်းတဲ့
ဟိုင်းဂရုဖ်စံအိမ်ဝင်းကြီးဟာ မင်းသားငယ် နှစ်ပါး၊ ကျွန်တော့်သားနှစ်ယောက်တို့အတွက်
ဧရာမကစားကွင်းကြီးပါ။ အမိုးလုံဆောက်ထားတဲ့ တဲတစ်ခုမှာ ကျွန်တော်က ကလေးများ ဘောလုံးကစားနိုင်ဖို့
စီစဉ်ပေးထားပါတယ်။ ဒါပေမယ့် ဒီကစားကွင်းမှာ အပျော်ဆုံးက ကလေးတွေလား၊ ဒါမှမဟုတ်
ဒိုင်ယာနာမင်းသမီးလားဆိုတာကိုတော့ မခွဲခြားတတ်နိုင်အောင်ပါပဲ။ ဘာကြောင့်လဲဆိုတော့
ကလေးတွေ ကစားတဲ့နေရာမှာ မင်းသမီးက ရောက်လာတတ်ပြီး ကလေးတွေနဲ့အတူ ဝင်ကစားတတ်ပါတယ်။
တစ်ခါတလေမှာ မင်းသမီးက မြေကြီးပေါ် လဲနေတတ်ပြီး ကလေးလေးယောက်က သူ့ကိုယ်ပေါ်မှာ
ခွစီးနေကြတာလည်း အခါခါပါပဲ။
မင်းသမီး မရှိတဲ့အခါမှာ
ကျွန်တော့်တာဝန်က ကလေးတွေကို ကြီးကြပ်ပြီး ကစားခိုင်းထားဖို့ပါ။ အဲဒီအခါမျိုးမှာ
ကျွန်တော်က လိပ်ဥရှာတမ်း ကစားခိုင်းထားတတ်ပါတယ်။ ဒီကစားနည်းက အီစတာကြက်ဥရှာ ကစားပွဲမျိုးပါပဲ။
ဒီကစားနည်းမျိုးကို ဘုရင်မကြီးကိုယ်တိုင်က ဝင်ဆာရဲတိုက်အတွင်းမှာ
တော်ဝင်မိသားစုရဲ့ကလေးများ ပျော်ရွှင်စွာ ကစားနိုင်ဖို့ ဦးစီးကျင်းပလေ့ ရှိပါတယ်။
ဘုရင်မကြီးက ချော့ကလက်နဲ့ ပြုလုပ်ထားတဲ့ ကြက်ဥပုံသဏ္ဌာန် မုန့်များကို တောင်းနဲ့
ထည့်ယူလာပြီး သူကိုယ်တိုင်ပဲ ကလေးများ ရှာနိုင်တဲ့နေရာတွေမှာ သွားဖွက်တတ်ပါတယ်။
ရှာကြတော့ဟေ့လို့ အမိန့်ပေးလိုက်တဲ့အချိန်မှာ ကလေးငယ်များနဲ့အတူ ဘုရင်မကြီးရဲ့
အချစ်တော် ခွေးကလေးများကလည်း အလုအယက် ရှာကြတော့တာပါပဲ။ ဒီပွဲက ဘုရင်မကြီးရဲ့
ခွေးကလေးများနဲ့ ကလေးများ အပြိုင်အဆိုင် ရှာကြတဲ့ပွဲဆိုရင်လည်း မမှားပါဘူး။
ဘယ်ကလေးက အရင်ဆုံး ကြက်ဥ ရှာတွေ့မလဲဆိုတာကို စောင့်ကြည့်ကြရပါတယ်။ ကျွန်တော်ကတော့
ချော့ကလက်ဥကလေးများ ဝှက်ဖို့ မတတ်နိုင်တဲ့အတွက် ခြံမွေး ကြက်မများမှ ဥတဲ့
ကြက်ဥအစစ်များကိုသာ ဝှက်ရပါတယ်။ ကြက်ဥရှာတဲ့ ကစားနည်းက ဘုရင်မကြီးရဲ့
ချော့ကလက်ရှာတဲ့ ကစားနည်းလောက်တော့ ကလေးများအတွက် စိတ်ဝင်စားစရာကောင်းမယ်
မထင်ပါဘူး။ ဒါပေမယ့် ဘယ်သူ အရင်ရှာတွေ့မလဲဆိုတာရယ်၊ ဘယ်သူ ကြက်ဥအများဆုံးရမလဲ
ဆိုတာရယ်က ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းနေဆဲပါပဲ။ တစ်ခါတလေမှာ ဝီလျံက
ကြက်ဥအများဆုံး ရှာဖွေတွေ့ရှိတတ်ပါတယ်။
သားတော်နှစ်ပါးထဲမှာ ဝီလျံက
အနံ့ခံကောင်းသူဖြစ်ပြီး ဟယ်ရီကတော့ ယုန်ကလေး တစ်ကောင်လို နားပါးသူ ဖြစ်ပါတယ်။
သူတို့နှစ်ဦးဟာ ကျွန်တော့်အိမ်မှာ ပျော်တတ်သလို ဟိုင်းဂရုဖ်စံအိမ် ခြံဝင်းကြီးရဲ့
ထောင့်တစ်နေရာမှာရှိတဲ့ မြင်းပုကလေး နှစ်ကောင်ရဲ့ မြင်းဇောင်းမှာလည်း
ပျော်တတ်ကြပါတယ်။ မြင်းပုကလေး နှစ်ကောင်ကို မင်းသားနှစ်ပါးအတွက် မွေးထားပေးတာပါ။
မာရီယန်ကော့က မင်းသားနှစ်ပါးကို မြင်းပုကလေးနှစ်ကောင် စီးတတ်ဖို့ သင်ပေးခဲ့ပါတယ်။
အဲဒီ မြင်းဇောင်းထဲမှာ သူတို့အဖေ မွေးထားတဲ့ နို့စားနွားမကြီးနှစ်ကောင်လည်း ရှိပါ
သေးတယ်။ ချားလ်စ်မင်းသား ပိုလိုကစားရာမှာ စီးတဲ့မြင်းများကိုတော့ သီးခြားဇောင်းမှာ
ခွဲထားပါတယ်။
▀
ဆက်လက်ဖော်ပြပါမည်။
ဝင်းငြိမ်း
(အမှတ်
၂၀၇၊ ဖေဖော်၀ါရီလ၊၂၀၀၇
ရွှေအမြုတေမဂ္ဂဇင်း။)
'ငါ့တူရဲ့ ဦးကြီးက မျက်စိမှုန်နေလို့၊ မင်းသမီးကို သေချာကြည့်ပါဦး။ မမြရင်အစစ်ရော ဟုတ်ရဲ့လား။ အရပ်ထဲ ပြောနေကြတာက ရှမ်းပြည်နယ်မှာ မမြရင်ဆုံးခဲ့တာ လူသိမခံဝံ့သေးလို့ သူ့ညီမနဲ့ လူစားထိုးခဲ့တာလို့ ပြောနေကြတာက...
သူတို့နှစ်ယောက် လက်ထပ်တဲ့ ၁ဝ နှစ် မြောက် ၁၉၉၁ ခုနှစ်ကို ရောက်တဲ့အခါ စာနယ်ဇင်းများက ဝေလမင်းသားနဲ့ မင်းသမီးတို့ရဲ့ အိမ်ထောင်ရေး အဆိုးရွားဆုံး အခြေအနေ ရောက်နေပြီလို့ ရေးသားနေတဲ့ကြားကပဲ ဒိုင်ယာနာအတွက် ရွှ...
ကိုယ့်လူမျိုးထဲမှာ သုခုမလည်း သုခုမမို့၊ စာပေဆိုလည်း စာပေမို့၊ အတတ်ပညာဆိုလည်း အတတ်ပညာမို့ ထူးချွန်ပေါက်မြောက်သူတွေဟာ အံ့မခန်းပါပဲ။ ကိုယ့်တိုင်းပြည် ကိုယ့်အစိုးရသာဆိုရင် ဘယ်လောက်များ ကောင်းလိုက်မလဲနော်