အခန်းဆက်ဝတ္ထုရှည်

တိမ်ယံအိပ်မက် မိုးထက်နရီ အပိုင်း (၇)

ဆူးငှက်

01 October 2026
တိမ်ယံအိပ်မက် မိုးထက်နရီ အပိုင်း (၇)
Share to

စျေးချိုရှေ့ ၈၄လမ်းအလယ်ရှိ ကုက္ကိုပင်ကြီးတွေမှာ ၀တ်ရုံတစ်ခုလုံး နေပူဒဏ်မိရုံမက ရွှေရောင်ဘောကြယ်များပင် အပြတ်ပြတ် အသတ်သတ်နှင့်မို့ ခါယမ်းချလိုက်သည်။ အခုတော့ ရိုးတံကျဲကျဲ။

‘နေရှင်နယ်ကျောင်းသားတွေပဲကွာ။ ဘယ်စမ်းလို့ရမလဲ’ ထိုစကားကို‌ပြောရင်း ဝင်ထိုက်လိုက်သူမှာ ဓားတန်းဝင်းက ကိုဘ‌ငွေဖြစ်သည်။ ထိုနေ့က စျေးချိုကျော်လှိုင်ကဖေးမှာ လူစုံနေသည်။ စျေးချို E ရုံထဲက ကိုကြီးသန်းဆီ လာကြရင်း ကျော်လှိုင်ဆိုင်မှာ ထိုင်ဖြစ်ကြခြင်းဖြစ်သည်။ ကိုကြီးသန်းက ကိုဘငွေကို ခရီးရောက်မဆိုက်ပင်... ‘ဟုတ်ပါ့ဗျာ၊ နေရှင်နယ်ကျောင်းသားတွေကတော့ စွမ်းပါပေ့။ တိုင်းရေးပြည်ရာလည်း ရှေ့ဆုံးက ကြံ့ခိုင်သန်စွမ်းဖို့ဆိုရင်လည်း လက်ဝှေ့ကျော်တွေချည်း။ ဟော...အခု မိန်းမခိုးကြတော့လည်း အင်္ဂလိပ်ဓာတ်ရှင်တွေထဲကအလား မှတ်ရတယ်’ ဟု လှမ်းပြောသည်။ သည်မနက် မောင်သောင်းဉာဏ်၊ မောင်မူ၊ ကိုဌေးမောင်၊ သိန်းမောင်လေး၊ ကိုဘဦးလေးတို့ သည်မှာဆုံဖြစ်ကတည်းက စျေးချိုမှာ သည်သတင်းက ပျံ့နှံ့နေပြီ။ ကြားရတာ တကယ့် အူတုန်သည်းတုန်။

နေရှင်နယ်ကျောင်းသား လက်ဝှေ့ကျော် မွတ်စတဖွာက မနေ့ညကပဲ စစ်ကိုင်းတန်းမှာ သူ့ရည်စားကို ကားတင်တာတဲ့။

‘မွတ်စတဖွာ ကြံနေတာကြာပြီဗျ။ သူ့ကောင်မလေးက အရင် ၈၃လမ်းနဲ့ ၂၉ လမ်းထောင့် စားပွဲရုံကလေ။ ဖအေ‌ရော အစ်ကိုရော ချုပ်ချုပ်ချယ်ချယ် ဖိဖိစီးစီးပေါ့ဗျာ အိမ်တွင်းပုန်းလေး။ အဲဒါကိုပဲ ကိုဘညိမ်းနဲ့ ငြိတာဗျို့၊ ကျုပ်တို့ လူစွမ်းလိုက်ပုံက ကလေးမဆီက ဓာတ်ပုံတွေ ဘာတွေရရော၊ သိတဲ့အတိုင်း သူခိုး‌ရွှေရ တပြပြပေါ့ဗျာ။ သူ့ရည်းစားဓာတ်ပုံ တစ်အိမ်ဝင် တစ်အိမ်ထွက် လှည့်ပတ်ကြွားတော့ ကလေးမ အဖေကြီးကသိရော။ တစ်ခါတည်း ရှက်ပြီး ဆိုင်ပိတ်၊ ပျဥ်းမနား ပြောင်းတာ။ ကလေးမနဲ့သူ့အမေ သူ့အစ်ကိုတွေ စစ်ကိုင်းတန်းမှာ ခဏထားပြီးမှ ပျဥ်းမနားကိုခေါ်မှာ။ အဲဒါ...’

‘စစ်ကိုင်းတန်းက ဘယ်သူ့အိမ်မှာ ထားခဲ့တာလဲ’ ဟု ကိုကြီးသန်းက မေးတော့ ကိုဘငွေက ‘ဟာဗျာ...ဗလီပေါက်ကဟို...ခေါင်းမြီးခြုံကုလားမတွေ အိမ်လေဗျာ။ အပေါ်ထပ်မှာ ခဏနေကြတာ။ အဲဒါ...’ ကိုဘငွေက စကား‌ပြောလက်စမှ သတိရပုံပေါ်သည်။ လက်ဖက်ရည် လှမ်းမှာ၏။ ‘အရေးထဲကွာ...’ ဟု ကိုကြီးသန်းက ဆိုသည်။ လက်ဖက်ရည်ခွက်ရောက်‌တော့ အောက်ကပန်းကန်ပြားထဲ လက်ဖက်ရည်ငှဲ့သည်။ ပြီးတော့ ပန်းကန်းပြားမကာ တဖူးဖူးမှုတ်ပြီး တစ်ငုံသောက်သည်။ နှုတ်ခမ်းကိုသပ်ကာ ပျတ်ခနဲလုပ်လိုက်ပြီးမှ...

‘အဲဒါ ပျဥ်းမနားသွားဖို့ ဘူတာအဆင်း အိမ်ရှေ့မှာ ကားကြိုထိုးထာပြီး ကောင်မလေးကို ကားတင်တာ’

‘ဘယ်မောင်းပြေးတာလဲဗျ’ ဟူသော မောင်မူ့အမေးကို မျက်စောင်းတစ်ချက်ထိုးပြီးမှ ကိုဘငွေက...

‘ဘယ်ပြေးရမလဲကွ၊ အထိပ်ထိပ်အပျာပျာနဲ့ဆိုတော့ ကားသော့မဖွင့်ဘဲ နှိုးနေတာ၊ ကားက ဘယ်ထွက်ပါ့မလဲ။ ဒီတင် အုတ်အော်သောင်းတင်းဖြစ်ရော’ ဟု ဆက်သည်။

ကိုဌေးမောင်က ‘ဒါနဲ့ကောင်မလေးက ပြန်ပါသွားရောလား’ ဟု လည်စီးဆန့်ပြီး မေးသည်။ ကိုဘငွေက ပျတ်ခနဲတစ်ခါလုပ်ပြီး... ‘မွတ်စတဖွာက လူချစ်လူခင် ပေါတယ်လေကွာ။ ဝိုင်းထားသူတွေအားလုံးက သူ့လူတွေချည်း။ ဟဲဟဲ...ဘယ်ရမလဲ၊ ကောင်မလေးအစ်ကိုက ကြမ်းမယ်လုပ်တော့ တို့ ဧချိုင့်ထဲက ကိုယူနွတ်ကြီးက ခင်ဗျားတို့ အကြမ်းမဖက်ကြပါနဲ့၊ အားလုံး ဒုက္ခရောက်ကုန်လိမ့်မယ်။ မိန်းကလေးပေါင်မှာလည်း အဆိပ်ပုလင်းချည်ထားတယ်။ မွတ်စတဖွာလက်ထဲမှာလည်း ဓားမြှောင်နဲ့။ သူတို့ကိုယ် သူတို့ သတ်သေသွားရင် ခင်ဗျားတို့ တာဝန်မကင်းဘူးလို့  အော်လိုက်မှ အားလုံး ရှဲသွားတာ’

‘ဟ...သတ္တိကောင်းလိုက်တာ၊ ကောင်မလေးမှာ တကယ်ရော အဆိပ်ပုလင်းပါသလားဗျ’ ဟုမောင်မူကမေးတော့ 'အလကားပါပါ့မလားကွာ။ ဒါတွေအားလုံး မွတ်စတဖွာ ဉာဏ်တွေချည်းပဲ။ ၁၂ ကောင် ကျားချန်ပီယံလေကွာ။ သေချာဆင်ပြီးမှ အပီရိုက်တာ'

            အားလုံး တဝါးဝါးသဘောကျသွားကြသည်။

            'မနေ့ညက စစ်ကိုင်းတန်းရော၊ တို့ဓားတန်းရော၊ ဧချိုင့်ကလူတွေရော မအိပ်ကြရဘူးကွာ။ မွတ်စတဖွာလုပ်လိုက်တာ။ ဒါတောင် ကုန်းတန်းသားတွေက ညကြီးသန်းခေါင်မှ မကျေနပ်လို့ဆို လာကြသေးတာ။ အခု မွတ်စတဖွာရော သူ့ကောင်မလေးရော ၂၅ လမ်းက ဦးစံမင်းတိုက်မှာ အေးအေးဆေးဆေးပါပဲ'ဟု ကိုဘငွေက ပြောသည်။

            ကိုကြီးသန်းက မောင်မူ့ဘက်လှည့်ပြီး...

            'မွတ်စတဖွာက မင်းနဲ့အတန်းတူ မဟုတ်လား'ဟု မေးတော့ မောင်မူက 'ကျောင်းမှာက အရပ်နာမည် မွတ်စတဖွာ ဆိုတာထက် ကိုဘညိမ်းလို့ အားလုံးသိကြတာ။ ကျွန်တော့်ထက် နှစ်တန်းတောင်ကြီးတာဗျ။ နေရှင်နယ်ကျောင်း ချန်ပီယံ လက်ဝှေ့သမားပဲဗျာ။ ၁၂ ကောင်ကျားလည်း ချန်ပီယံမို့ ကျားဘညိမ်း၊ ကျားဘညိမ်းနဲ့ တကယ့်ဖေးဖရိတ်ပဲ'ဟု ပြော လိုက်သည်။ မောင်မူက ရေနွေးကြမ်းပန်းကန်ကို မကာ သောက်လိုက်ပြီးမှ...

            'ဟဲ...ဟဲ...သူများတွေတော့ မိန်းမကို ကားတင်ခိုးတာ ဟိုးလေးတကျော်ဖြစ်သွားပြီ။ မကြာခင် နေရှင်နယ်ကျောင်းသူ တစ်ယောက်က ကောင်လေးတစ်ယောက်ကို ကားတင်ခိုးပြေးတဲ့ သတင်းကြားရဦးမှာသိလား'ဟု မောင်သောင်းဉာဏ်ကို စပ်ဖြဲဖြဲကြည့်ရင်း ပြောသည်။

            ကိုဌေးမောင်က 'အဲဒါဆို စိတ်ချ။ ငါက ကောင်လေးပေါင်မှာ အဆိပ်ပုလင်းချည်ထားတယ်နော်။ ကောင်မလေးလက်ထဲမှာလည်း ဓားကြီးနဲ့လို့ အော်ပေးပါ့မယ်ဗျာ' ဟုဆိုတော့ ဝါးခနဲ ပွဲကျသွားကြသည်။ ကိုကြီးသန်းက တဟဲဟဲရယ်ရင်း 'အခု မွတ်စတဖွာက ချက်ပလက်ကားနဲ့ နောက်တစ်ပွဲက အော်စတင်ကားနက်လေးနဲ့'ဟု ဆိုလိုက်သည်။ မောင်မူက အားရဝမ်းသာ လက်ခုပ်လက်ဝါးတီးပြီး...

            'ဟားဟားဟား...ကိုကြီးသန်းတို့တောင် တော်တော် သိနေပါမယ့်ကိုး'ဟု အော်၏။ မောင်သောင်းဉာဏ်က မျက်နှာကြီးရဲကာ...

            'မင်းကလည်း အရေးထဲကွာ။ အားလုံး ကျီးလန့်စာစား နေရတဲ့ကာလကြီးမှာ'

            ပြောလို့သာပြောတာ မောင်သောင်းဉာဏ်ရင်ထဲမှာ ဟာတာတာ နွေးတေးတေးဖြစ်နေ၏။ လူကြီးတွေရှေ့မှာမို့ ရှက်တာလည်းပိုသည်။ လူကြီးတွေကိုယ်၌ကပင် မောင်မူက နောက်လွန်း ပြောင်လွန်းသဖြင့် တစ်စွန်းတစ်စသိနေသော်လည်း ဘာမျှရေရေရာရာမရှိသေးသော သူတို့အဖြစ်ကိုလည်း တွေးမိကာ မျက်နှာညှိုးကျငိုင်သွားရတော့၏။ အပျော်မို့သာ အားလုံးမှာ စ၊ ပြောင်၊ နောက်နေကြသော်လည်း ပစ္စက္ခအနေ အထားတွေအပေါ် သတိရသွားကြပြန်တော့ အားလုံးမှာ ငြိမ်သက်သွားကြသည်။

            ဟုတ်တော့လည်း ဟုတ်သည်။ မြို့ထဲမှာလည်း သတင်းပေါင်းစုံ။ သိန်းမောင်လေးက စားပွဲပေါ်မှာ ခေါက်တင်ထားသော မန္တလေးသူရိယသတင်းစာကို ဆွဲယူလိုက်၏။

□

အခန်း(၂၁)

မြို့လုံးကျော်အောင် မေးတဲ့အကြောင်းကို...

            အခုတလော မနက်လင်းသည်နှင့် လက်ဖက်ရည်ဆိုင်မှာ ပြောစရာသတင်းတွေ စုံလှသည်။ လူတွေကလည်း စိတ်ထွက်ပေါက်တစ်ခုအနေနှင့် အချင်းချင်း လက်တို့ကာ 'ကြားပြီးပြီလား...'ဟူသော ပဋိသန္တာရစကားက ခေတ်စားနေသည်။ ဥရောပ ဘက်စ်မက်သတင်းမှသည် ဦးစော အစိုးရသတင်း၊ တိုင်းရေးပြည်ရာသတင်း။ လူတွေအားလုံး မနက်လင်းသည်နှင့် သတင်းနှင့်ချည်း မျက်နှာသစ်နေကြရတော့ အရပ်သတင်း၊ ဈေးသတင်းတွေကလည်း ပုပုရွရွ လူမှန်သမျှနှင့် ခံတွင်းတွေ့ဖွယ် မက်မက်မောမော ဖြစ်နေရတာလည်း မဆန်းတော့။ ဟော... ဒီနေ့လည်း မန္တလေးသူရိယသတင်းစာပါ ကြော်ငြာတစ်ခုက သတင်းတစ်ပုဒ်ထက် ပိုမို၍ပင် လူအများက စိတ်ဝင်စားနေကြ၏။ လက်ဖက်ရည်ဆိုင်၌ဆိုလျှင် မန္တလေးသူရိယသတင်းစာက တစ်စားပွဲမှ တစ်စားပွဲ၊ တစ်ယောက်လက်မှ တစ်ယောက်ကူးကာ နားရသည်မရှိတော့။ လူတိုင်းကိုယ်စီက ထိုအကြောင်းအရာကို နှုတ်က ပြောဆိုကြရုံဖြင့် အားမရ။ သတင်းစာကို ကိုယ်တိုင်ကိုင်ကြည့်ပြီး ကိုယ့်မျက်စိနှင့် ဖတ်လိုက်ရမှ ကျေနပ်သူချည်းဖြစ်သည်။ သတင်းစာ၏ အတွင်းစာမျက်နှာတစ်နေရာတွင် အောက်ခြေကပါသော ကြော်ငြာမှာ ပရိသတ်အားလုံး စိတ်ဝင်စားစရာ ဖြစ်နေတော့သည်။

            ကြည့်...

            ကဲ...ဒါဖြင့် သုံးလ၊ လေးလနီးပါးမျှ ပရိသတ်အချစ်တော် မင်းသမီးလေဘာတီမမြရင်နှင့် ပတ်သက်သည့် ပဟေဠိ ပေါင်းစုံ၏အဖြေက သတင်းစာပါ ကြော်ငြာက ဖြေရှင်းပြီးသား ဖြစ်နေ၏။ လေဘာတီမမြရင် မသေ။ သူ့ အငြိမ့်အဖွဲ့သစ်ပင် ဖွဲ့စည်းပြီး၍ မကြာမီပရိသတ်ရှေ့မှောက် ရောက်တော့မည်တဲ့။ ကဲ...သည်လိုဖြင့် လေဘာတီမမြရင်အငြိမ့် ဘယ်မှာ ပွဲဦးကမလဲဆိုတာ အရေးကြီးပြီ မဟုတ်ပါလား။

            ဆိုင်တန်းအသင်းတိုက်တွင် မနက်လင်းသည်နှင့် လူစုံသောအခါကြားရသည့် သတင်းပေါင်းစုံဖလှယ်ကြရင်း မြို့မအသင်းသားများပီပီ လေဘာတီမမြရင် ဘယ်မှာကမှာလဲ ဆိုတာ အများထက်ထူးပြီး ဦးစွာသိကြရသည်ကလည်း မဆန်း။ ထို့အတူ သီချင်းရေးဆရာ နန်းတော်ရှေ့ဆရာတင်ကလည်း ထိုည ထိုပွဲမှာ လေဘာတီမမြရင်အတွက် အထူးစပယ်ရှယ် သီချင်းတစ်ပုဒ် ရေးစပ်ပေးထားသည်ဆိုသည့် သတင်းကို မြို့မအဖွဲ့သားများ သိနှင့်ပြီးဖြစ်နေတာလည်း မဆန်း။ မင်္ဂလာဈေးရပ်က မမြရင်အိမ်မှာ လွန်ခဲ့သည့် နှစ်ရက်လောက်ကတည်းက နန်းတော်ရှေ့ဆရာတင်ကိုယ်တိုင် ထိုသီချင်းကို တိုက်ပေးနေခဲ့သည်ဟု ဆိုသည်။ သို့သော် ဘာသီချင်း၊ ဘာအကြောင်းအရာလဲဆိုတာတော့ ဘယ်သူမှ တယ်မသိလှ။ ယနေ့ည ရုံတော်ကြီး ၂၉ လမ်းထောင့်က ဘဂဝမ်ဒတ်စ် ဘာဘူတိုက်အနီးမှာ မမြရင်အငြိမ့် ရှိသည် ဆိုတော့ သတင်းစာပါကြော်ငြာနှင့်မို့ အတော်များများက စိတ်ဝင်တစား ဖြစ်နေကြသည်။

            မောင်သောင်းဉာဏ်တို့လူစုကလည်း ညနေစောင်းကတည်းက တပြင်ပြင်ဖြစ်နေ၏။ ဈေးချိုထဲ၊ ညွန့်ပေါင်းဈေးထဲ၊ ရွာဟိုင်းဈေးထဲလည်း ထိုသတင်းကို ကြိတ်ကြိတ် ကြိတ်ကြိတ်နှင့် ပြောနေကြသည်။ ထို့ကြောင့်လည်း အငြိမ့်ပွဲခင်းကြီးမှာ ပွဲမထွက်မီကပင် ဟည်းထနေသည်။ ရုံတော်ကြီး ပေတစ်ရာလမ်းမပေါ်နှင့် ၂၉ လမ်းမပေါ်မှာလည်း အနောက်ဝါးတန်းအထိ မုန့်သိုင်းခြုံသည်၊ မုန့်လင်မယားသည်၊ ရေမုန့်သည်၊ အကြော်သည်၊ မြီးရှည်သည်စသည်ဖြင့် ဈေးသည်များက အောက်လင်းဓာတ်မီးတွေ တထိန်ထိန်နှင့် နေရာယူထားကြ၏။ မောင်သောင်းဉာဏ်၊ မောင်မူ၊ ကိုဌေးမောင်၊ ဘဦးလေး၊ သိန်းမောင်လေးတို့ လူငယ်တစ်စုက ကိုလှဒင်၊ ကိုဘဒင်၊ ကိုဘငွေတို့ လူကြီးများနှင့် မန္တလေးဟိုတယ်ထောင့်မှာ ရောက်နေကြပြီ။ ကိုရင်လေးက ဒေါင်းရိုးကနေ အရှေ့ဘက်တက်လာခဲ့၏။ ကိုလှဒင်ကလည်း သံဖြူတန်းကြီးရှိ သူ့အိမ်နှင့် တစ်ပြကျော်ကျော်သာဝေးသော်လည်း ဝီရိယကြီးစွာ ရောက်နှင့်နေသည်။ သူ့ကိုမြင်တော့ အငြိမ့်တီးဝိုင်းက ကိုဘစံတို့က စင်ပေါ်တက်ကြည့်ပါလားဟု လှမ်းခေါ်နေသည်။ စင်ပေါ်တော့ ဘယ်သူမှ မသွားချင်ကြ။ အခုလို စင်အောက်က ကြည့်ရတာ ပိုကောင်းသည်။ ပရိသတ်အနေနှင့် ပို၍ရင်ခုန်ရသည်။ အငြိမ့်စင်ပေါ်မှာ ဆီအပြည့်၊ လေအပြည့်ထိုးထားသဖြင့် အောက်လင်း ဓာတ်မီးကြီး ၃ လုံးက ထိန်ထိန်ညီးနေသည်။ အငြိမ့်စင်ရှေ့တည့်တည့်မှာ ပရိသတ်က ဖိနပ်ခု၍ ထိုင်နေကြတာ ကျပ်ညှပ်။ ပရိသတ်ကား ဟိုး...အနောက်ဘက် ခတ္တိဝင်းပေါက်အထိ ရှိသည်။ ဦးကာယလက်ဖက်ခြောက်တိုက်ရှေ့ထိ ပွဲလမ်းလျှောက် ပရိသတ်နှင့် မုန့်ဆိုင်များက စည်ကား နေသည်။ အငြိမ့်ဆိုင်းက မြင်းတက်ယိုးဒယားတီးပြီး၍ ခဏနားကာ ဆေးလိပ်သောက်နေကြသည်။ တစ်အောင့်လောက်ကြာတော့ ကရောင်း ရိုက်သည်။ ပရိသတ်က စင်ရှေ့နေရာ လွတ်ရာ တိုးဝှေ့ထိုင်ကြသည်။ ကြံရိုးကို အခွံနွှာကာ ကျပ်ဝိုင်းခန့် ပါးပါးစိတ်ပြီး လက်သန်းရွယ် တစ်ထွာကျော်ကျော် ဝါးကို လက်ကိုင်ရန် နေရာချန်၍ခွဲထားသော ဝါးချောင်းလေးများထိပ်၌ ထိုးစိုက်ထားသည့် 'ကြံပန်းခိုင်'အသည်က ကြံပန်းခိုင်တွေစီ၍ ထိုးထားသော ကောက်ရိုးအူချောင်းကြီးကို ထမ်းရင်း ထိုင်နေသည့် ပရိသတ်ကြား တိုးဝှေ့နေသည်။ ဆိုင်းက စည်တိုသံ မြိုင်မြိုင်၊ ကြေးနောင်သံတလွင်လွင်နှင့်...

            'ရတနာပုံ ရွှေမြို့တော်မှာလေ...၊

            သမ္ဘာဂုဏ်မချို့သော် အသရေလျှမ်းဖြာဝေ...

            ဘုန်းသစ်တာ ဖော်ထုတ်ကာနေ၊ အနုပညာတွေ...

            မြန်မာမှု မြန်မာဟန် မရိုးနိုင်ပေ...

            အဖိုးတန်လှတဲ့ တီးလုံးတီးကွက်

            နည်းမပျက်စရာ မြေ...' ဟူသော သီချင်းကို စည်းတီး မဂ္ဂဇင်းဘသင်းက အားပါးတရသီဆိုရင်း ဧည့်ခံတီးလုံးကို တီးမှုတ်နေသည်။ သည်ကနေ့ည အငြိမ့်မှာ မမြရင်က နာလန်ထစမို့ ညဥ့်နက် မခံနိုင်သောကြောင့် ရှေ့ထွက်မင်းသမီး မြောက်ကျွန်းသူ ခင်ရီ မထွက်တော့ဘဲ မမြရင်ပဲ တောက်လျှောက်ထွက်ကမည်ဖြစ်သည်။ အငြိမ့်ဆိုင်း၏ ဧည့်ခံတီးလုံး မဆုံးခင်မှာပဲ အငြိမ့်စင် နောက်သို့ ဘက်ဖို့ကားတစ်စီး ထိုးဆိုက်လာပြီး အဝတ်အစား အပြင်အဆင် အပြီးအစီးနှင့် လေဘာတီမမြရင် ဆင်းလာသည်။ ဆံထုံးကို အကျအန ထုံးဖွဲ့လာသော်လည်း သူ့ခေါင်းကို ဗန်းမော်တဘက်ထူကြီးနှင့် မေးဖျားထိ ပတ်သိုင်းထားကာ မျက်နှာကိုပဲ ဖော်ထားသည်။ သူ့နောက်က အမေဖြစ်သူ ဒေါ်ဉာဏ်ရုံဆင်းလာသည်။ ကားနှင့် ကားနံပါတ်ကို ကြည့်တာနှင့် မမြရင်ချစ်သူ 'ဦးသဝန်ကြောင်' ၏ကားမှန်း သိကြသည်။ သို့သော် ပိုင်ရှင်ကတော့ပါမလာ။ မမြရင်တို့ သားအမိကို ကားနောက်ခန်းမှာ ထိုင်စေပြီး သူ့ဒရိုင်ဘာက မောင်း၍ပို့စေခဲ့ခြင်းဖြစ်၏။

            ကိုဘဒင်က ကားပေါ်မှဆင်းလာသော မမြရင်ကို လှမ်းမျှော်ကြည့်ပြီး 'အင်း...ကိုငြိမ်းသီချင်းထဲကလိုပါပဲ။ တစ်ဖက်က ဘယ်လောက်ပဲ အပေါ်စီးလူနေနေ...ချစ်စိတ် တွေဖိတ်လို့ယို၊ ချောမေလှပျို၊ စပါးကြီးချက်ငြိတိတဲ့သူလို၊ ချစ်ကဝေမင်းလက်ခုပ်တွင်း ရေပါလိုရာကို...ဆိုသလိုပါပဲဗျာ...' ဟု ခပ်တိုးတိုး ညည်းပြောလေး ပြောသည်။ တကယ်တော့  ယခုပွဲပါမှ နာလန်ထကြီး ကရပါ့မလားလို့ အကဲပိုသူ 'ဦးသဝန်ကြောင်'က မမြရင်ကို ထုံးစံအတိုင်း အငြိမ့်စင်ပေါ်မှာ ဖြီးလိမ်းပြင်ဆင် အဝတ်အစား မဆင်စေဘဲ အိမ်က အပြီးအစီး ပြင်ဆင် ဝတ်စားစေကာ ကခါနီးမှ အငြိမ့်စင်သို့ အိမ်ကကားနှင့် ပို့စေခြင်းဖြစ်သည်။ မမြရင်က ရွှေချည်ထိုး ဗြန့်ထမီကို ထမီအနားအား ဒရွတ်မတိုက်အောင် အပေါ်သို့ လှန်၍ စုချည်ပြီး အငြိမ့် စင်ပေါ်တက်လာတော့ မောင်မူက 'နေမကောင်းပေမယ့် ဆိုးဆိုးဝါးဝါး ပိန်ကျသွားပုံတော့ မရဘူးဗျ။ အရင်လိုပဲ ကနိုင်လောက်ပါရဲ့'ဟု ဆိုသည်။ အငြိမ့်စင်ပေါ်ရောက်တော့ နှဲဆရာဦးသာကြင်ဘေးမှ ခါးလေးညွတ်၊ ခေါင်းလေးငုံ့ကာ ခပ်ရို့ရို့သွားရင်း ပတ္တလားရှေ့သို့ ဒူးလေးတုပ်ကာ ကြော့ကြော့ လေးထိုင်သည်။ မမြရင်ကို မြင်လိုက်ရ၍ စင်ရှေ့ပရိသတ်က ဝေါခနဲ အံ့အားသင့်သွားကြသည်။ မောင်သောင်းဉာဏ်တို့ နံဘေးမှ ရပ်ကြည့်နေကြသော တဘက်ပေါင်းနှင့် အသက်ကြီး ကြီးလူတစ်ဦးက 'ငါ့တူရဲ့ ဦးကြီးက မျက်စိမှုန်နေလို့၊ မင်းသမီးကို သေချာကြည့်ပါဦး။ မမြရင်အစစ်ရော ဟုတ်ရဲ့လား။ အရပ်ထဲ ပြောနေကြတာက ရှမ်းပြည်နယ်မှာ မမြရင်ဆုံးခဲ့တာ လူသိမခံဝံ့သေးလို့ သူ့ညီမနဲ့ လူစားထိုးခဲ့တာလို့ ပြောနေကြတာကွယ့်'ဟု ဆိုသည်။ မောင်သောင်းဉာဏ်က 'မမြရင်မှ မမြရင်အစစ်ပါ ဦးကြီးရဲ့။ မမြရင်ကို ဘယ်လိုမှ လူစားထိုးလို့ မရဘူးဆိုတာ ဦးကြီးလည်း သိရဲ့သားနဲ့'ဟုဆိုတော့ မယုံတစ်ဝက် ယုံတစ်ဝက်နှင့် ငြိမ်ကျသွားသည်။

            ပတ္တလားရှေ့ထိုင်ပြီး ပေါင်းထားသော ဗန်းမော်တဘက်ကြီးကို လှပ်လိုက်သည်။ ကိုဌေးမောင်က 'ဆံပင်တွေ မကျွတ်လောက်ပါဘူးနော်။ ဆံစုပေါင်းပြီး ထုံးထားတာတော့ မဟုတ် လောက်ပါဘူး'ဟု ဆိုတော့ သိန်းမောင်လေးက 'အသံက အရေးကြီးတာပါမောင်ရာ။ အသံမပျက်ပါစေနဲ့လို့ ဆုတောင်းရမှာပဲ'ဟု စိတ်မချသလို ပြောသည်။ လူပြက်ကြီး ဦးဓာတ်ခိုးနှင့် ဦးပေါစိန်တို့က တောင်ရှည်နှင့်တိုက်ပုံဝတ်ဆင်ပြီးကာ ခေါင်းပေါင်းကိုလည်း အကျအန ပေါင်းပြီးပြီ။ အငြိမ့်ဆိုင်းက 'စကြာနွယ်ရိုး' အစချီသည့် တေဇဂုဏ်သံဆန်းပတ်ပျိုးထဲက အပိုဒ်နှင့် တိမ်ထိုးနေ၏။ တိမ်ထိုးတီးလုံးကို ကိုရင်လေးက ပါးစပ်နှင့်လိုက်ရင်း 'ကိုငြိမ်းက အငြိမ့်တိမ်ထိုးကို သေချာမှတ်ခိုင်းထားတာဗျ'ဟု အဖော်များကို လှမ်းပြောသည်။ ကိုဘငွေက 'ကျွန်တော်ကတော့ အကြံကြံ အဖန်ဖန် အတန်တန်မှာကြားဆိုတဲ့ ယိုးဒယားနဲ့ တိမ်ထိုးတာ ကြိုက်သဗျ။ အဆစ်အပိုင်း ကောင်းတယ်'ဟု ဝင်ထောက်၏။ ကိုလှဒင်က 'ခေတ်မီမီလေးဖြစ်သွားအောင် ဇဗ္ပူတိုင်းကနက်မှာ စက္ကဝါ၊ လကျ်ာထက် ဗြဟ္မာအဟုန်လေးနဲ့ဆို မသွက်ဘူးလားဗျာ' အားကျမခံ ဝင်ပြောတော့ ကိုရင်လေးက 'ငွေမြိုင်ရဲ့ အာကာ သဇိုးမဟုတ်လားဗျ'ဟု ရယ်ရင်းမောရင်း ဆိုသည်။ မောင်မူက မောင်သောင်းဉာဏ်ကို တတောင်နှင့်တွက်လိုက်ရင်း... 'သူတို့တွေက အတော်လိုက်စားထားကြတာ' ဟု နားနား ကပ်ပြောရင်း အားကျနေသည်။ သေချာပြီ၊ နောက်ရက် အသင်းတိုက်ရောက်လျှင် မာစတာနှင့် တိမ်ထိုးကို အသံခန့်ခွဲပြီး စမ်းသပ်တီးမှုတ်ကြတော့မည်။

            တီးဝိုင်းက တိမ်ထိုးပြီးတော့ ဦးဓာတ်ခိုးက ခွန်းထောက် တစ်ပုဒ်ဆိုသည်။

□

            မပြော...မပြောနှင့် ပြောမယ့်ပြောတော့ မောင်သောင်းဉာဏ်က အလာကြီးပါလားဟု ယဉ်ယဉ်ဦး တွေးနေမိသည်။ ရောက်ကတည်းက ယဉ်ယဉ်ဦးတို့ညီအစ်မ မေးလိုက်မိသည့် စကားတစ်ခွန်းအပေါ် သေချာကျနစွာ ရှင်းလင်းပြနေတာက မောင်သောင်းဉာဏ်ဟူသော မြို့မအသင်း၏ လက်သင်စန္ဒရား ဆရာလေးပုံရိပ်မှသည် တကယ့်ဝါကြီးသမ္ဘာကြီး အနုပညာ ရှင်ကြီးတစ်ဦးပမာအထိ မှတ်ထင်သွားလောက်အောင် အပြောအဆိုက ခံ့ညားဝေဆာလှသည်။

            'ပွဲကြည့်သောသူတို့၏လည်းကောင်း၊ သီချင်း၊ ရတု၊ ကဗျာအစရှိကုန်သော အဖွဲ့၏အနက်ကို အောက်မေ့ဆင်ခြင် အပ်ကုန်သော သူတို့၏လည်းကောင်း၊ အကြင်နှစ်သက်အပ်သော သဘောကို ပျား၊ ထောပတ်အစရှိသော အရသာတို့ကို စားရာသာယာဘိသကဲ့သို့ သာယာအပ်၏။ ထို့ကြောင့် ဤသာယာနှစ်သက်အပ်သောသဘောကို ပညာရှိတို့သည် ရသမည်၏ဟု ဆို၏'ဟူသော ရသပိုင်းလာ သင်ခန်းစာကိုပင် ယဉ်ယဉ်ဦးသတိရလိုက်မိသလို ရှိသည်။ ဥပစာတန်းမှာ ပူပူနွေးနွေး သင်ထားရလို့လည်း ဖြစ်သည်။ မောင်သောင်းဉာဏ် ပြောပြနေတာကတော့ မနေ့ညက သူပူပူနွေးနွေးကြည့်ခဲ့ရသည့် လေဘာတီမမြရင်၏ အငြိမ့်အကြောင်းဖြစ်သည်။ သူပြောပုံက အငြိမ့်ကို ကိုယ်တိုင်ကြည့်ရဘိသကဲ့သို့ လှုပ်လှုပ်ရှားရှား ခံစားရသည်။

            'ပတ္တလားရှေ့မှာ မမြရင်က ဒူးလေးတုပ်ထိုင်လိုက် ကတည်းက ပရိသတ်က သူတို့ချစ်တဲ့မမြရင်ကို မျက်ဝါးထင်ထင် မြင်လိုက်ရတော့ ဝမ်းသာစိတ်ချသွားတဲ့အသံက ပွဲခင်းမှာ ဟည်းထသွားတာ အစ်မရဲ့'တဲ့။

            'အစ်မရဲ့'ဟူသော အာလုပ်စကားမှာ ယဉ်ယဉ်ဦးအဖို့ သတိမထားလိုက်မိသော်လည်း မေမေဦးတစ်ယောက်မှာတော့ ကျောလေးစိမ့်မျှ ကြက်သီးမွေးညင်းထသွားမိ၏။ စန္ဒရားခုံပေါ် မေးလေးထောက်ရင်း ငေးငေးမောမောလေး နားထောင်မိသော မေမေဦး၏ မျက်နှာဖူးနုနုလေးမှာ ခပ်ဖြန်းဖြန်းလေး ပန်းနုသွေးလွှမ်းသွားမှာ သေချာသည်။ ယဉ်ယဉ်ဦးက အနားရှိ ခွေခြေခုံလေးပေါ်ထိုင်ရင်း ညာဒူးပေါ် ဘယ်ခြေသလုံးလေးတင်ရင်း လက်လေးရှေ့ချကာ ငေးငေးလေး နားထောင်နေသည်။ ကားမောင်းရင်း အဖော်လိုက်လာသော မောင်ထွန်းကတော့ ဘာမှနားမလည်၊ အနီးရှိ ဆက်တီစားပွဲပေါ်က သတင်းစာတစ်စောင်ကို ကောက်ယူကာ ဟိုလှန် သည်လှန် လုပ်နေသည်။ တကယ်တော့ အနောက် ခင်မကန်တိုက်ထဲက ဒိုက်ဦးကျောင်းမှာ လူကြုံပါးလိုက်သည့် မေမေကြီး၏ ပစ္စည်းတချို့ကို သွားယူကြတာမို့ ဖေဖေ့ဒရိုင်ဘာ ချာပရာစီကြီးကို ထားခဲ့ပြီး မောင်ထွန်းကို ခေါ်ခဲ့ကြခြင်းဖြစ်၏။ ဧည့်သည် ဦးပဉ္ဇင်းလေး ရှင်ပင်ပက်လက်ဘုရားက ပြန်မရောက်သေးတော့ ဘုန်းကြီးကျောင်းမှာ မိန်းကလေးတွေချည်း တငုတ်တုတ်တုတ်ထိုင်မနေချင်၍ ဆိုင်းတန်းဘက်က မြို့မအသင်းတိုက်ဆီ မောင်ထွန်းကို ကားဖြင့် တစ်ပတ်ပတ်ခိုင်းဖြစ်သည်။

            စည်းစနစ်ကြီး၍ ရှေးရိုးစွဲသောအဘွားနှင့် ပညာတတ်ခေတ်မီသည့် ဖခင်တို့၏ အုပ်ထိန်းမှုအောက်မှ မိတဆိုး ညီအစ်မနှစ်ယောက်၏ သဘောသဘာဝကို နားလည်သူပီပီ မောင်ထွန်းကလည်း အလိုက်သိသည်။ ထို့ကြောင့်လည်း ချာပရာစီကြီးကို ထားခဲ့ပြီး မောင်ထွန်းနှင့် ထွက်လာခဲ့ခြင်း ဖြစ်၏။ အခန့်သင့်လိုက်ပုံကလည်း မြို့မအသင်းတိုက်ရှေ့ ရောက်တော့ မောင်သောင်းဉာဏ်ကို လှစ်ခနဲမြင်လိုက်၍ အသင်းတိုက်ရှေ့ ကားရပ်ဖို့ အတွန့်အဆုတ်မရှိ ဆုံးဖြတ်လိုက် ကြတော့သည်။

            မောင်သောင်းဉာဏ်က စန္ဒရားခုံမှာထိုင်ရင်း တေးသွားတစ်စကို တို့ခတ်တီးစမ်းနေ၏။ အသွားလေးက အသစ်၊ အသွက်ကလေး။ ဘာသီချင်းလဲဟုမေးရင်း ဝင်လာသော ယဉ်ယဉ်ဦးတို့ ညီအစ်မကို အံ့အားတသင့်ကြည့်ရင်း မောင်သောင်းဉာဏ်လက်ချောင်းလေးတွေ စန္ဒရားခလုတ်ပေါ် သေသွားသည်။ ဘယ်ကလာကြတာလဲ၊ ဘာကိစ္စလဲဟူသော မေးရိုး မေးစဉ်စကားတွေထက် ယဉ်ယဉ်ဦးတို့ ညီအစ်မ ဝင်လာကတည်းက တစ်စွန်းတစ်စ ကြားလိုက်ရသော စန္ဒရားသွားလေးကို သိလိုကြမှုပေါ် သိခွင့်ပေးရန် လှုံ့ဆော်လိုက်သည့် စိတ်က ရုတ်ချည်းဖြစ်ပေါ်လာသည်။ ထို့ကြောင့် မနေ့ညကတည်းက ရင်ထဲမှာ စွဲနေမိသော 'မယ်ရင်မာပါစီ၊ မြရင် မာပါစီ...၊ ရေးသောစာ...၊ ပေးသောစာ အရပ်ရပ်က လာကြသည်၊ အင်မတန်ကျေးဇူးတင်ပါသည်၊ အလွန်တရာ ကျေးဇူး တင်ပါသည်...၊ အမယ်မင်း မသေလို့တွေ့ရ၊ မေ့နိုင်ပါဦးမလား...အတည်' ဟူသော အသွားလေးကို စန္ဒရားလေးဖြင့် စမ်းကြည့်နေတာမို့ 'မမြရင်ရဲ့ သီချင်းအသစ်လေးလေ... တုံးကျော်မတဲ့ဗျ။ မနေ့ညက ဝါးတန်းမှာ ကသွားတာလေ'ဟု အစချီပြီး မောင်သောင်းဉာဏ်တစ်ယောက် မမြရင်နှင့် တုံးကျော်မအကြောင်း အားတက်သရော ပြောဖြစ်ခြင်း ဖြစ်သည်။

            မောင်သောင်းဉာဏ် စပြောကတည်းက သာမန် အငြိမ့်ကြည့်သူတစ်ယောက်၏ အတွေ့အကြုံမဟုတ်ဘဲ သုခုမသဘောသဘာဝကို နက်နက်နဲနဲ ဆစ်ပိုင်းပြနေတာမို့ မေမေဦးက ငေးငေးလေးဖြစ်သွားသည်။ ကျောက်ရုပ်...။ ယဉ်ယဉ်ဦးကတော့ မောင်သောင်းဉာဏ်ကို ကြည့်ရင်း အခြေခံကောင်း၊ အသိုင်းအဝန်းကောင်းတဲ့ကြားက ဖြစ်ထွန်းဦးမယ့် အာဂကလေးပဲဟု ချက်ချင်းကောက်ချက်ချနိုင်ခြင်းဖြစ်သည်။

            'ပတ္တလား ကိုဘစံက အသံပြပေးလိုက်ပြီး ပရိသတ် ကျောပေးနေရာက ခြေဆင်းပိုဒ်ကို ဆိုလိုက်တော့ မမြရင်ရဲ့ နဂိုမူလအသံ ပကတိအတိုင်း ရှိနေပြီး မပျက်ဘူးဆိုတာ သေချာ သွားတာပေါ့ အစ်မရယ်။ မမြရင် အသက်ရှင်လျက် ရှိပြီး အသံမပျက်၊ ရုပ်ဆင်းအင်္ဂါမပျက်ဘူး ဆိုတာကို ခြေဆင်းအပိုဒ်နဲ့တင် သိသွားပြီလေ'ဟု မောင်သောင်းဉာဏ်က ဆိုသည်။ မေမေဦးက သက်ပြင်းလေးချကာ ညာလက်နှင့် ပြောင်းထောက်သည်။ ယဉ်ယဉ်ဦးက မေဦး ထိုင်လေဟု ပြောတော့ 'ရပါတယ် မမလတ်'ဟု ပြန်ဖြေ၏။ စန္ဒရား ခလုတ်လေးတွေကို အပေါ်စီးမှ ကြည့်ရမှ၊ အပေါ်စီးမှကြည့်ပြီး သီချင်းဆိုမှ အားရသော မေမေဦးအကျင့်က မောင်သောင်းဉာဏ်ဟူသော သူစိမ်းယောကျ်ားလေးကိုပင် မေ့လျော့နေပုံရသည်။

            'သေနိုင်ရိုးလား...၊ လေဘာတီရယ်...၊

            ပေတစ်ရာဆီလျှောက်ပါလို့

            မြင်သလောက်ပြလိုက်ချင်ပါသည်...

            အခြေလည်း တိုးတယ်၊ အနေလည်း တိုးတယ်...

            မသေဘဲကိုးကွယ် မျှော်တော်မူကြသည်...

            သြော်...မမုန်းနဲ့နော် ကျွန်မအတည်၊

            ရုပ်တော်တော်လှပါသည်

            တုံးကျော်မ လေဘာတီ...'

            မောင်သောင်းဉာဏ်က မနေ့ညကတည်းက စွဲခဲ့သော မမြရင်၏ ကဟန်ဆိုဟန်လေးနှင့် သီချင်းကို သတိရနေသည်။

            'နန်းတော်ရှေ့ ဆရာတင်တို့ တော်လိုက်ပုံကလည်း တစ်မြို့လုံးသိချင်နေတဲ့ မမြရင်ရဲ့ သတင်းကို တစ်ဆစ်ချင်း၊ တစ်ပိုဒ်ချင်း၊ သီချင်းနဲ့ ကြေညာလိုက်တာ။ သီချင်းပထမပိုဒ်မှာ မမြရင် ကျန်းကျန်းမာမာ သွက်သွက်လက်လက်နဲ့ ဆိုနိုင်ကနိုင်တာကို ပြလိုက်တာ။ ကျွန်တော် ခုန စန္ဒရားနဲ့စမ်းကြည့်နေတဲ့အသွားလေးက ဒုတိယပိုဒ်အစ်မရဲ့...ဝါးလက်အသွက်လေး'

            မောင်သောင်းဉာဏ်က စန္ဒရားဖြင့် ထိုအပိုဒ်ကို ပြန်တီးပြသည်။ 'အမယ်မင်း မသေလို့တွေ့ရ မေ့နိုင်ပါဦးမလား... အတည်...'ဟူသော အပိုဒ်အပြီး နှဲရေလည်စိမ်ကို စန္ဒရားဖြင့် မွှေနှောက်ပြ၏။ ပြီးမှ...

            'အဲဒီ နှဲရေလည်စိမ်မှာ ကိုသာကြင်ကလည်း သူ့နှဲကို ညုလိုက် ချွဲလိုက်တာဗျာ။ မမြရင်ကလည်း အရင်ကထက်တောင် နာလန်ထစအကက ကောင်းလိုက် ညက်လိုက်တာ။ တစ်ချက်လေးမှ မတိမ်းဘူးဗျ။ လှလိုက်တာလည်း မပြောပါနဲ့'

            မောင်သောင်းဉာဏ်၏ 'လှလိုက်တာလည်း မပြောပါနဲ့' ဟူ သောစကားတွင် ကိုယ့်ဟာကိုယ် မလုံမလဲဖြစ်ပြီး မေမေဦးကို လှမ်းကြည့်ဖြစ်သေး၏။ မေမေဦးက ဖျတ်ခနဲ မျက်လွှာချလိုက်တော့ မောင်သောင်းဉာဏ် အသံလေးတိမ်ဝင်သွားသည်။ မောင်သောင်းဉာဏ်က ကိုယ်ကိုပြန်မတ်ကာ ထိန်းလိုက်ရင်း...

            '...အင်း...အဲ...အဲ...၊ နန်းတော်ရှေ့ကြီးကလည်း ဒီသီချင်းတစ်ပုဒ်တည်းနဲ့တင် မမြရင်ရဲ့အလှ၊ အက၊ အသံ၊ မြန်မာ့ဂီတရဲ့ ဣန္ဒြေ အသွက်၊ အခံ့တွေအထိ အကုန်လုံး ပြသွားနိုင်တာ၊ အဖိုးတန်လိုက်တာ အစ်မရာ...'ဟု လက်စသတ်လိုက်ရသည်။

            မောင်ထွန်းက ဆက်တီစားပွဲပေါ် သတင်းစာကို ပြန်ချရင်း 'ကိုင်း...ဦးပဉ္ဇင်းလည်း ပြန်ရောက်လောက်ပြီ။ သွားကြစို့လား။ တော်ကြာ မေမေကြီးက ကြာလှချည့်လို့ မာန်နေဦးမယ်'ဟု ဆိုသဖြင့် ညီအစ်မနှစ်ယောက် မောင်သောင်းဉာဏ်ကို နှုတ်ဆက်ကာ အသင်းတိုက်ရှေ့ရပ်ထားသော အော်စတင် ကားနက်လေးဆီ ထသွားကြသည်။ မောင်သောင်းဉာဏ်ကား စန္ဒရားခုံမှာ ခပ်ငူငူ၊ ခပ်ကြောင်ကြောင်ကျန်ရစ်သည်။ ဘုရား ဘုရား...တကယ့်အိပ်မက်လိုပါလား။ အသင်းတိုက်မှာ ဘယ်သူမှ မရှိကြလို့ တော်သေးတာပေါ့၊ နို့မို့...။

            မိမိကိုယ် မိမိလည်း ဘာတွေပြောလိုက်မိမှန်း မသိတော့။

            ရင်တွေက တဒိန်းဒိန်းခုန်နေသည်။

            အော်စတင်ကားလေးက စက်သံပြင်းပြင်းဖြင့် ခါနေသည်။ ပြီးတော့ ခပ်ဖြည်းဖြည်း မောင်းထွက်သွားသည်။ အိပ်ဇောက မီးခိုးငွေ့တွေ တတန်းတန်း ကျန်ရစ်သည်။ မောင်သောင်းဉာဏ်က စန္ဒရားခလုတ်တွေ မွှေချလိုက်မိသည်။

            ဟုတ်သည်။ တကယ့်အိပ်မက်ပမာ။

▀

ဆက်လက်ဖော်ပြပါမည်

ဆူးငှက်

(အမှတ် ၂၀၇၊ ဖေဖော်၀ါရီလ၊၂၀၀၇ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

အခန်းဆက်ဝတ္ထုရှည်
...
မင်းမှုထမ်း အပိုင်း (၁၈)
ဝင်းငြိမ်း

ကျွန်တော်က ဒိုင်ယာနာ့အပါးမှာ နေရတာ လူနှစ်ယောက်ကို ခစားနေရသလိုပါပဲ။ တစ်ဦးကတော့ အများသိထားတဲ့ အိမ်ရှေ့မိဖုရား ဒိုင်ယာနာဖြစ်ပြီး နောက်တစ်ဦးကတော့ ကျွန်တော်နဲ့ အင်မတန် ခင်မင်ရင်းနှီးတဲ့ လမ်းပျောက်နေတဲ့ မိန...

အခန်းဆက်ဝတ္ထုရှည်
...
မင်းမှုထမ်း အပိုင်း (၁၇)
ဝင်းငြိမ်း

သူတို့နှစ်ယောက် လက်ထပ်တဲ့ ၁ဝ နှစ် မြောက် ၁၉၉၁ ခုနှစ်ကို ရောက်တဲ့အခါ စာနယ်ဇင်းများက ဝေလမင်းသားနဲ့ မင်းသမီးတို့ရဲ့ အိမ်ထောင်ရေး အဆိုးရွားဆုံး အခြေအနေ ရောက်နေပြီလို့ ရေးသားနေတဲ့ကြားကပဲ ဒိုင်ယာနာအတွက် ရွှ...

အခန်းဆက်ဝတ္ထုရှည်
...
တိမ်ယံအိပ်မက် မိုးထက်နရီ အပိုင်း (၆)
ဆူးငှက်

ကိုယ့်လူမျိုးထဲမှာ သုခုမလည်း သုခုမမို့၊ စာပေဆိုလည်း စာပေမို့၊ အတတ်ပညာဆိုလည်း အတတ်ပညာမို့ ထူးချွန်ပေါက်မြောက်သူတွေဟာ အံ့မခန်းပါပဲ။ ကိုယ့်တိုင်းပြည် ကိုယ့်အစိုးရသာဆိုရင် ဘယ်လောက်များ ကောင်းလိုက်မလဲနော်