ကိုငြိမ်း ၊မန္တလေး၊
၁။ သီချင်းများမှာ မျောတဲ့ည
...သူ
ဆိပ်ဖလူးရနံ့ထဲ...ဖျော့ဖျော့...ဒီည သူ့အတွက် နောက်ဆုံးညပေါ့... နောက်ဆုံးညမို့...
မိုးရေ...မလင်းပါနဲ့တော့... ဒါပေမဲ့ ဒါပေမဲ့...
အက်မွနေသော
ဂစ်တာအိုနှင့်အတူ ဖျော့နွမ်းနွမ်းနိုင်လှသော တေးသံ။ တေးမှာသူကိုယ်တိုင်
အမောနှင့်ပင် ကျွန်တော့်ကို ထပ်၍ထပ်၍ ပဲအောင်ဖဲ့နေပြန်တော့သည်။ ကျွန်တော်တေးကြောင့်
ဆွေးလျ မောလျ ကြေမွ။ တေး၏စာသားထဲမှ “သူ” ဆိုသူမှာ မနက်မိုးမလင်းမီ လူလောကအတွင်းမှ
အပြီးအပိုင် နှုတ်ယူခြင်းခံရတော့မည့် “အပြစ်သား” ကိုရည်ညွှန်းသော စကားလုံး
ဖြစ်ပေသည်။ ကျွန်တော် ဘာပြောစရာရှိတော့မည်နည်း။ အပြစ်သားမှာ
နာရီပိုင်းအတွင်းမှာပင် “နေနေ့” စေ့တော့မည့်သူဖြစ်သည်။ သူသည် သူ
ကျူးလွန်ခဲ့သည်ဆိုသော ပြစ်မှုတစ်ခုခုကြောင့် ဘ၀တစ်ပါးသို၌ ပြောင်းရွှေ့ခံရသူ
ဖြစ်သည်။ မည်သည့် အပြုအမူကြောင့် လူ့ယဉ်ကျေးမှုက သူ့ကို ငြင်းဆန်လိုက်တာလဲ
ဆိုတာကိုတော့ သီချင်းခံစားသူ ကျွန်တော်ကိုယ်တိုင် သေသေချာချာ မသိပါ။ ဒါကို
ကျွန်တော် ဝန်ခံပါသည်။
ကျွန်တော်သည်
ဘာသာမျိုးခြား စာစကားထဲမှာ အင်္ဂလိပ်စာကို အထူးအားနည်သူ ဖြစ်ပါသည်။ သည်အထဲမှာ
ရီဝေမှုက အလွန်အမင်း ဖိစီးနေပြီဆိုတော့ တေး၏ အဓိပ္ပာယ်အချို့ ပဲကြွေရင်းကပင်
ကျွန်တော့မှာ တေးကို ဖမ်းမိတစ်ချက် မဖမ်းမိ သုံးချက်နဲ့ ဒုက္ခတွေ့ချင်တိုင်း
တွေ့နေရတော့၏။
ထပြေးလို့
မဖြစ်။ ဤတေးသည် ကျွန်တော့်အတွက် သီချင်းသီဆိုပေးနေသူ ကောင်မလေး၏ တေးလက်ဆောင်။
ကျွန်တော့အတွက် သီးသန့်ရည်ရွယ် သီဆိုပေးနေသော သီချင်းဖြစ်သည်။
ထိုသီချင်းဆွေးဆွေးကို သီဆိုပေးနေသော အဆိုရှင် ကောင်မလေးသည် ဤတေးကို မဆိုမီကပင်
ကျွန်တော့်ကလောင်နာမည်ကို လူသိစေလျက် “ဒီပွဲကို ရောက်လာတဲ့ ကဗျာဆရာ(...)အတွက်” ဟု
တိတိကျကျ ညွှန်းဆိုသွားလိုက်သေးသည်ပင်။
ထို့ကြောင့်
ကျွန်တော် ထပြေးလို့မဖြစ်။ ကျွန်တော့်မှာ ကြိုတုပ်ပြီး သီချင်းနားထောင်ခိုင်းခံရသလို
သီချင်း၏အမိကို မိချင်တိုင်း အမိခံနေရတော့၏။ ကျွန်တော့်ကို သီချင်းက မိသွားတော့
ကျွန်တော်လည်း မလန်းနိုင်တော့။ ဖျော့၏။ အမှန်ပင် ဖျော့အိ၏။ တေး၏ အမိနှင့်
ရီဝေမှုတို့၏ အမိကြောင့် ကျွန်တော့မှာ စိုစွတ်စေးထန်း ချွဲကျိလျက်။
ပတ်ဝန်းကျင်ဝိုင်းများဆီသို့ ကျွန်တော် တစ်ချက်လောက် အကဲခတ်လိုက်သည်။
အိုး...ဘုရားသခင်...။
အားလုံး အားလုံးဟာ တေးရဲ့အမိခံကုန်ရပြီ ဖြစ်ပါသည်။ အားလုံးကိုတေးက
တွင်တွင်ကြီးတုတ်နှောင်နေပြီ ဖြစ်ပါသည်။ ဤတေးသည်လည်း ကျွန်တော့်အဖို့ ရက်စက်စွာ
သီဆိုပေးနေဆဲ ဖြစ်သည်။ တေးရှင် ကောင်မလေး၏ မျက်နှာနှင့် ခန္ဓာကိုယ်ကိုကား
ကျွန်တော်တို့အားလုံး မမြင်ကြရ။ တေးရှင်မသည် ဖြူသလား၊ ညိုသလား။ တေးထွက်ရာ
နှုတ်ခမ်းသားကလေးများကော ထူထစ်ထစ်ကလေးလား၊ ပါးလှစ်လှစ်ကလေးလား။ သူမသည် သူမ၏ ကိုယ်၌
ဘယ်နေရာမှာ အလှရှိသည်ကို သိသောမိန်းကလေးမျိုးလား။ ထိုအလှ၏ အစွမ်းကို သိပုံရသော
ကောင်မလေးမျိုးလား။ သူမသည် ပုရိသတကာတို့ ယိုဖိတ်မှောက်လဲနိုင်စေသော
တန်ခိုးရှင်မမျိုးလား။ ကျွန်တော်မသိ။ ကျွန်တော်နှင့်အတူ ရှိနေကြသောသူအားလုံးလည်း မသိကြ။
တကယ်တော့ တေးရှင်မသည် သီချင်းစင်ပေါ်က မြင်ကွင်းတွင်မရှိ။
ကျွန်တော်သည်
ကျွန်တော်နှင့် အတူလာသော ကျူရှင်ဆရာအား တစ်ချက်ငဲ့ကြည့်လိုက်သည်။
ကျူရှင်ချွဲကျွိနေပြီ ဖြစ်သည်။ ယခု ချွဲကျွိနေပြီဖြစ်သောကျူရှင်သည်
အင်္ဂလိပ်စကားကို ဗလစ်ဗလစ် ဘိုငိုအောင် ပြောနိုင်သူဖြစ်သည်။ သို့သော်
ယခုအချိန်တွင်တော့ သူသည် ကျွန်တော့်ကို မကူညီနိုင်တော့ပေ။ ကျွန်တော့်ဘေးတွင်
ပျော့ဖတ်ကြီး ဖြစ်နေပေပြီ။
ကောင်းပါသည်။
ကျွန်တော်ကိုယ်တိုင်ကလည်း သီချင်းစာသား၏ အဓိပ္ပာယ်ကို ပြည့်ပြည့်ဝဝ မသိချင်ရဲ့။
အခုပင်ကိုယ့်အင်္ဂလိပ်စာ
အကျိုးအပျက်နဲ့တင် အတော်ဒုက္ခရောက်နေပြီ ဖြစ်သည်။ ကျွန်တော် တေးကိုလက်နှင့်ကာသည်၊
မကာမိ။ ကျွန်တော်တေးကို လက်နှင့်ကွယ်သည်၊ မကွယ်မိ။ နောက်ဆုံး နောက်ဆုံးတော့
ကျွန်တော့်စိတ်ဟာ ဧနွေလုဆီသို့ ဇွတ်ထွက်ခွာပြေးရတော့သည်။
“ဧနွေလု...ဧနွေလု...အို...ကလေးရယ်”
မည်သို့ပင်
ဖြစ်စေ၊ သီချင်းရှင်မကလေးကတော့ ကျွန်တော်နှင့် ဧနွေလုတို့၏ ကန့်သတ်နယ်မြေ
အတွင်းမှာ သီချင်းလာခွင့်မရှိတော့။ သို့သော် သီချင်းသံကလေးကတော့ ကျွန်တော်နှင့်
ဧနွေလုတို့၏ သီချင်းဝင်ခွင့်မရှိနယ်မြေ၏ အပမှာတော့ ထိုသီချင်းသံသည် ဆက်၍ ပျံ့လွင့်နေမည်သာ
ဖြစ်သည်။
သို့သော်ယခုအချိန်မှာတော့
ကျွန်တော်သည် သီချင်းရှင်မလေး၏ တေးနှင့်အတူ ရှိမနေတော့ဘဲ ဧနွေလုနှင့်သာ
ကျွန်တော်အတူရှိနေပေတော့သည်။ ဆိပ်ဖလူးတောထဲက အပြစ်သားအတွက် မိုးမလင်းစေချင်သေးသလို
ဧနွေလုအတွက်လည်း တိမ်စွယ်မှာ ကြယ်မကွယ်စေချင်သေး။
'မိုးရေ... ဒီတစ်ညအဖို့ မလင်းဘဲသာ
နေလိုက်ပါတော့'
၂။ ပွင့်ဖတ်ချောက်ကမ်းပါး
'လက်က ဘာဖြစ်လို့လဲ နွေလု'
'လက်စွယ်ငုပ်နေလို့ ကယ်ကြီး'
ကျေးဇူးရှင် ကျူရှင်ဆရာ၏
လုပ်ကြံမှုဒါနကြောင့် ကျွန်တော်သည် အရွယ်လွန်ပြီးမှ ကောင်မလေး တစ်ယောက်နှင့် အခန်းတစ်ခန်းအတွင်းမှာ
နွေလုတွေ၊ ကယ်ကြီးတွေ ဖြစ်နေရ ပြန်သည်။ နွေလုမှာ စားသောက်ဆိုင်တစ်ဆိုင်မှ
ကောင်မလေး ဖြစ်သည်။ နွေလု၏ နာမည်အပြည့်အစုံမှာ ဧနွေလုဖြစ်သည်။ ကယ်ကြီးကတော့
တခြားလူမဟုတ်။ ကျွန်တော်ကိုယ်တိုင်ရဲ့ ကောင်မလေးက ခေါ်သော အမည်ပင်။
အစကတော့ ယမကာနှင့် စားသောက်စရာစုံသော
ဤအခန်းထဲတွင် ကျွန်တော်ရယ်၊ ကျူရှင်ဆရာရယ်၊ ဧနွေလုရယ် သုံးယောက်ရှိခဲ့ပေမယ့်
အခုတော့ ကျူရှင်က ကျွန်တော်တို့ နှစ်ယောက်ကို နှစ်ယောက်တည်းထားပြီး
လစ်သွားခဲ့ပေပြီ။
ဒီအချိန်မှာ ဂျော်နီတုတ်ထောက်၏
လက်ကိုင်ထောက်တုတ်က မြေကြီးပေါ် မထောက်ဘဲ ကျွန်တော့် မျက်ခွံတွေကို ထောက်ပေးရ
မလိုပင် ဖြစ်နေပါပြီ။ ကျွန်တော့်မှာ ကိုယ့်မျက်ခွံကိုယ် မတင်ဖို့တောင်
မနည်းကြိုးစားနေရ၏။ ထို့ကြောင့် ကျွန်တော့်မှာ မျက်ခွံတွေပဲ ထိုင်ဖယ်နေရသည်။
ဤကဲ့သို့ မျက်ခွံကို ဖယ်ရင်းကပင် ဧနွေလု၏ လက်စွယ်ငုပ်နေသော လက်မကလေးဆီသို့သာ
မျက်လုံးက ရောက်ရောက်သွားမိ၏။ သူမ၏ လက်မလေးတွင် အနာကပ်ပလာစတာတစ်ခု ကပ်ထား သည်။
ယင်းအနာကပ်ပလာ စတာလေးအောက်မှ တစ်စိတ်တစ်ဒေသမျှသာ ပြူတစ်ပြူတစ် လှစ်ထားသလို
ဖြစ်နေသော ငွေပြာရောင် လက်သည်းဆိုးဆေး အစက်အပြောက်ကလေးကပင်
ကျွန်တော့်မျက်နှာကိုလာ၍ အရောင်ဟပ်နေသည်ဟု ကျွန်တော် ထင်နေမိသည်။
ဧနွေလု၏ အထက်နှုတ်ခမ်းလွှာမှာ နံရံတွင်ထင်သော
ပန်းပွင့်၏ အရိပ်ထက်ပင် ပိုလှစ်၍ အောက်ခမ်းလွှာ ကလေးကမူ အထက်နှုတ်ခမ်းကို
ဆန့်ကျင်၍ ထူထူခဲခဲကလေး ရှိနေမှန်း ကျွန်တော် မကြည့်ဘဲ သိနေပါသည်။ မပြုံးဘဲ
ဒီအတိုင်း ထိုင်ကြည့်နေလျှင်ပင် လှသော နှုတ်ခမ်းမျိုးဖြစ်သည်။ ပြုံးများပြုံးလိုက်လျှင်
နှုတ်ခမ်းသားလေးများ ရွေ့သွားပုံက ပြုံးတယ်ဆိုတာထက် ပန်းပွင့် တစ်ပွင့်
မည်သို့ပွင့်ပုံကို သရုပ်ပြနေသည်နှင့် ပိုတူမှာ သေချာသည်။ ကျွန်တော့်အဖို့
ဘယ်နှုတ်ခမ်းမှ ဧနွေလု နှုတ်ခမ်းလောက် အပြုံးမကောင်း။ ယင်းအပြင် သူမ၏
နှုတ်ခမ်းများသည် မွေးနေ့ကိတ်ပေါ်မှ ငွေရောင်ဖိတ်ဖိတ်ထသော သကြားလွှာကဲ့သို့
ချိုလောက်စရာ ရှိသည်ဟု ကျွန်တော် ထင်မိသည်။ သို့သော် အောက်နှုတ်ခမ်းမှာ ခဲစရာ
အသားများလှ၏။ ငုံခဲမည် ဆိုလျှင်ပေါ့။
ကျွန်တော် ဧနွေလု၏
နှုတ်ခမ်းနှစ်လွှာလေးကိုပင် သည်မျှ အချိန်ပေး၍ ခံစားနေခြင်းမှာ ကျွန်တော်သည်
ဘီလူးတစ်ကောင် မဟုတ်၍ ဖြစ်သည်။ ဘီလူးမှာ သွေးသားအညှီနံ့ကို ကြိုက်သော
သတ္တဝါဖြစ်သည်။ ကျွန်တော်က အလှအပကိုသာ ကြိုက်တတ်သည်။ ဘီလူးက အလှအပ မကြိုက်တတ်ဟု
ကျွန်တော်ထင်သည်။
မည်သို့ပင်ဖြစ်စေ မျက်လုံးတွေက မျက်နှာထဲမှာ
ရှိသေးကြောင်း သေချာသည်။ ဒါကို ကျွန်တော် အာမခံနိုင်ပါသည်။ အကယ်၍
ကျွန်တော့်မျက်လုံး ကျွန်တော် အာမ မခံနိုင်ပါမူ...။ မှန်သည်၊
ကျွန်တော့်မျက်လုံးကို ကျွန်တော် အာမ မခံနိုင်ခဲ့လျှင်...။
ကျွန်တော် အီဖယ်မျှော်စင်အောက်မှာ
ဆေးပြင်းလိပ်ခဲပြီး စမတ်ကျကျ ထိုင်နေတဲ့ ကဗျာဆရာဆိုရင် ဧနွေလုဆိုတာ
သွေးညှီနံ့ကင်းသော ကျွန်တော့် ဂေါ်ဖီထုပ်ကလေး။
ကျွန်တော် ဆာဟာရ သဲကန္တာရထဲက ခပ်မွဲမွဲ
ကုလားအုပ်မောင်းသမား ဆိုရင် ဧနွေလုဟာ အရည်ရွှမ်းသော သခွားသီးကလေး။
နောက်ဆုံး ကျွန်တော် ဘောလုံးပွဲ
လျှောက်ကြည့်ရင်း ပိုလန်တို့၊ ဗီယင်နမ်တို့၊ ယူဂိုစလားဗီးယားတို့အထိ
ရောက်သွားရင်တောင် ဧနွေလုဟာ ကျွန်တော့်အတွက် ဘာသွေးညှီနံ့မှ မပါတဲ့ ကျွန်တော့်
ဘီစကွတ်လေး၊ ကျွန်တော့် ခရုခွံလေး၊ ကျွန်တော့် ပူရှိန်းလေး၊
ကျွန်တော့်သကြားလုံးကလေး ဒါလောက်သာ ဖြစ်မည်။
မှန်သည်။ ဒါလောက်သာ ဖြစ်မည်။ သို့သော်
အဖြစ်နိုင်ဆုံးအထိ ပြောပါဆိုလျှင်လည်း အဖြစ်နိုင်ဆုံးအထိ ပြောထားနိုင်ပါသည်။
ဆိုပါစို့။ ကျွန်တော် တိဗက်တောင်ကုန်းတွေ
ရောက်သွားပြီး ဧနွေလုနှင့် တွေ့လျှင် သူမသည် ကျွန်တော့်အတွက် သွေးညှီနံ့မကင်းသော
နူးညံ့တဲ့ ဝက်ကလေး အဖြစ်ခံမည် မဟုတ်ပါ။ နောက်ဆုံး နောက်ဆုံး ကျွန်တော်
ဆာမူရိုင်းဝတ်စုံ၊ ဆာမူရိုင်းဓားနဲ့ ခံ့ညားနေချိန်မျိုးမှာတောင် ဒီဧနွေလုကို
တွေ့လျှင် သူမသည် ကျွန်တော့်အတွက်(အဖြစ်နိုင်ဆုံး) ချော်ကျချင်စရာ ရေညှိကလေး
တစ်ညှိထက် မပိုကြောင်း ကျွန်တော် ပြောရဲပေသည်။
သို့သော် ဖက်ရှင်ဆရာအကြိုက် ကိုယ်လုံးမျိုး
မဟုတ်ဘဲ ရုပ်တုဆရာ အကြိုက် ကိုယ်လုံးမျိုးရှိသော ဧနွေလုသည် ကျွန်တော် ချော်ကျဖို့
ရေညှိကလေး တစ်ညှိပင် မဖြစ်ခဲ့။ မဖြစ်ခဲ့။
ကျွန်တော် မသိဘဲ နေမည်လား။ သူမနှင့်
ကျွန်တော် ရောက်နေသော အခန်းမှာ အတော်ပင် လုံခြုံသည်။ ထိုလုံခြုံမှုအားကိုးဖြင့်
ယင်ကောင်တွေလို လွတ်လပ်စွာ ပျံသန်းကြမည်ဆိုပါက ပျံသန်းခွင့်ရှိပေသည်။ သို့သော်
ပျံသန်းရင်း အတောင်ညောင်း၍ ပြုတ်ကျပါက အောက်တွင် ယိုဘူးက အသင့်။ နှစ်ကောင်စလုံး
ယိုဘူးမှ လွတ်မြောက်ရန် မနည်းအားထုတ်ရဦးမည်။ အကယ်၍ ကံကောင်းထောက်မစွာ
လွတ်မြောက်သွားလျှင်လည်း ခြင်ရိုက်သည့် ယပ်တောင်မှ ကော်ပြင်ကြီးလို ဖြစ်နေသည့်
အခန်းနံရံများက ကျွန်တော်တို့ နှစ်ကောင်စလုံးကို သာသာကလေး စုပ်ယူလိုက်မည်။
ကျွန်တော် မသိဘဲနေမည်လား။
'ကယ်ကြီး သိပ်နေမကောင်းချင်ဘူး နွေလု'
ချော်ကျချင်စရာကြီး ဖြစ်သော်လည်း ကျွန်တော်
ချော်မကျ။
၃။ ချောကလက် ကြော်ငြာ မဟုတ်ပါ။
ဆိပ်ဖလူးရနံ့များကို နောက်ဆုံးညအဖြစ်
ရှူရှိုက်နေသူမှာ အမျိုးသမီးတစ်ဦးတော့ မဟုတ်ပါ။ ထိုသူသည် လူရွယ်ကလေး တစ်ယောက်မျှသာ၊
အမျိုးသား ကလေးတစ်ယောက်မျှသာ။ သူက အပြစ်သားတစ်ဦးပင်။
စင်ပေါ်မှ သီချင်းရှင် ကောင်မလေး၏ တေးသံကလည်း
ကျွန်တော်နှင့် ကျူရှင်ဆရာတို့ဆီသို့ တေးရောင်းဖို့ ရောက်လာပြန်ပြီ ဖြစ်သည်။
ကျူရှင်ဆရာ၏ ဦးခေါင်းကား ရင်ဘတ်ပေါ်သို့ ပြုတ် ကျဆဲပင် ရှိသေးသည်။ ခက်တာက သီချင်းက
ကျွန်တော့်ကို ပြန်မိသွားခြင်းပင် ဖြစ်သည်။
...သူ...သူ... ဆိပ် ဖလူးရနံ့ထဲ ဖျော့ဖျော့...
ဒီည သူ့အတွက် 'နောက်ဆုံး ည'ပေါ့...
နောက်ဆုံးညမို့ မိုးရေ... မလင်းပါနဲ့တော့... ဒါပေမဲ့... ဒါပေမဲ့...
ထိုအသံသည် နယ်က ပြန်လာပြီးမှ ကျွန်တော့်ကို
ပိုလို့တောင် ဖဲ့နေပြန်သေးသည်။ အမှန်တော့ အဖဲ့ခံရဖန်များ၍ ကျွန်တော်ကိုယ်တိုင်ပင် 'ကိုယ်' သိပ်မကျန်တော့။ ကျွန်တော်တို့ဝိုင်းများသည်
မြက်ခင်းပြင်ဝိုင်းများ ဖြစ်သည်။ ညကောင်းကင်သို့ မော့ကြည့်လိုက်သောအခါ မှိတ်တုတ်
မှိတ်တုတ် သလင်းစ စိန်စများ သူတို့ ရှိသေးကြောင်းပြဖို့ ဟိုနား တစ်စ၊ သည်နားတစ်စ
တဖျတ်ဖျတ် ခုန်ပြနေကြသည်ကို ကျွန်တော် တွေ့ရ၏။
တေးစာသားကလည်း အပိုဒ်သစ်ကို ဆက်နေပြီ
ဖြစ်သည်။ ထိုအပိုဒ်မှာ အပြစ်သားအတွက် နောက်ဆုံး အခွင့်အရေးပေးပုံကို ဖွဲ့သီထားသော
စာပိုဒ်ဖြစ်သည်။ သီဆိုပုံရော စာသားပါ စိတ်ထိခိုက်စရာ ကောင်းလှသည်။ သူသည်
မိုးမလင်းမီ လူ့ဘဝမှ အပြီးအပိုင် ထွက်ခွာသွားရတော့မည့်သူ ဖြစ်သည်။ ထိုလူသည်
ကျွန်တော်တို့ ထိုင်နေသော စိမ်းစိမ်းပြန့်ပြန့်ညီညီ ဘိလိယက်ခုံကြီးသဖွယ်
တကယ့်သက္ကလပ်စိမ်း မြက်ခင်းလွင် ပြင်ကြီးနှင့် ဘယ်လိုမှ မအပ် စပ်တော့သည့်လူ။
သူ့အတွက် သီချင်းက...
...သင့်ရဲ့ လူ့ဘဝ နောက်ဆုံးညဟာ...
သင်လိုချင်တာအားလုံး ပြည့်စုံစေမှာ... ဘာအလိုရှိသလဲ ပြောစမ်း... ပြောစမ်းပါ...
သီချင်းက အပြစ်သားကို မေးခွန်းထုတ်နေပြီ
ထင်ပါသည်။ လူ့ဘဝရဲ့ နောက်ဆုံးည၊ လူ့ဘဝရဲ့ နောက်ဆုံး အခွင့်အရေးမို့ သူ ဘာကို
တောင်းဆိုသွားမလဲဆိုတာ ကျွန်တော် စိတ်ဝင်စားမိသွားသည်။ ဒီနေရာမှာ ကျွန်တော်
ကြားဖူးတာက စီးပွားရေးသမားတွေ ဝင်လာတတ်တယ် ဆိုတာမျိုးပါ။ လူ့ဘဝတွင် နေထိုင်ဖို့
မိနစ်ပိုင်းလောက်သာ ကျန်သူတစ်ဦး၏ နောက်ဆုံးတောင်းဆိုချက်ဟာ အကောင်းစား စီးကရက်
တစ်လိပ်လိပ်လား။ နာမည်ကြီး ဝီစကီဝမ်းပက်လား။ ဒါမှမဟုတ် ဈေးကွက်မှာ မစွံသေးတဲ့
ချော့ကလက်တစ်မျိုးမျိုးလား။ ဒါကတော့ ကျွန်တော်တို့ မသိနိုင်သေး။ ဤကဲ့သို့ လူ့ဘဝကို
နောက်ဆုံး နှုတ်ဆက်ကြသူများသည် မိမိတို့ တမလွန်အတွက် ရရှိမည့် အခွင့်အရေးများကို
စွန့်လွှတ်၍ ကျန်ရစ်ခဲ့သူ မိသားစုများ ကြော်ငြာခ တနင့်တပိုး ခံစားနိုင်ကြရန်
အသက်ပေး၍ လုပ်ကျွေးသွားသော သာဓကမျိုးများ ကျွန်တော် ကြားဖူး၊ ဖတ်ဖူးသည်။
ထို့ကြောင့် သီချင်းထဲက ဇာတ်ကောင်ကတော့ စီးပွားရေးခေတ်ထဲတွင် အသက်ပေး၍
ဘာကြော်ငြာဝင်မလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းလှပေသည်။ သီချင်းက ဝေ့လာပြန်၏။
...ဘဝမှာ... ဘဝမှာ ဟောဒီဘဝမှာ... ဘာကိုမှ
ထွေထွေထူးထူး မရချင်တော့ပါ... နောက်ဆုံးအနေနဲ့ နောက်ဆုံးလိုချင်တာ...
စာရွက်တစ်ရွက်နဲ့ ခဲတံ ခဲတံ တစ်ချောင်းသာ...
ကံအားလျော်စွာပင် ကျူရှင်ဆရာ၏ အကူအညီမပါဘဲ
ထိုအဓိပ္ပာယ်မျိုး ကျွန်တော် ဖမ်းယူရရှိလိုက်ပါသည်။ ကြည့်စမ်း... မနက်လင်း
သေတော့မည့်လူရဲ့ နောက်ဆုံးတောင်းဆိုချက်က စာရွက်တစ်ရွက်နဲ့ ခဲတံတစ်ချောင်းတဲ့။
ကျွန်တော် ဘယ်လို နားလည်ရမှန်းပင် မသိတော့။
... ကျွန်တော် စာတစ်စောင်လောက်
ရေးခဲ့ချင်တယ်... ဒါပေမဲ့ ကျွန်တော် ဘယ်သူ့ဆီ ရေးရမယ်... အဲဒါကို မသိဘူး...
ဖြစ်နေတယ်... သွားဖို့အချိန်ကလည်း မြန်မြန်ကြီး နီးလာနေတယ်... ကျွန်တော် ဘယ်သူ့ဆီ
စာရေးရမလဲ... သိရင် ပြောပါကွယ်...
သီချင်းကို နားထောင်ပြီး ကျွန်တော့်ရင်ထဲတော့
အော်ဟစ်နေပါပြီ။ သီချင်းရဲ့ အကြောင်းအရာက အထွတ်အထိပ်ပိုင်း ရောက်အောင်
ထောင်တက်လာပြီ ဖြစ်ပါတယ်။ ကျွန်တော့်ရင်ထဲက အော်ဟစ်သံများကလည်း ပိုပြီး
ကျယ်လောင်လာပါတော့တယ်။
'မင်းအမေဆီ စာရေးမှာလား... ရေး ရေး
မြန်မြန်ရေး' 'မင်းကောင်မလေးဆီ
စာရေးမလား... ရေး ရေး မြန်မြန်ရေး'
အသံတွေက ရင်ထဲမှာတင် ဆူပွက်နေပြီး အပြင်ကို
ထွက်မလာတဲ့အခါ ကျွန်တော့်ဘေးက ဇက်ကျိုးနေတဲ့ ကျူရှင်ဆရာကိုသာ ကျွန်တော်
ထုပစ်လိုက်တော့၏။
'သြော်... ဧနွေလု... ဧနွေလု။ မင်းရောဂါဟာ ချော့ကလက်ကြော်ငြာခွင့်တောင်
မရနိုင်တဲ့ ရောဂါမျိုးပါလားကွယ်'
ကျွန်တော် ကျူရှင်ဆရာကို ထပ်ထုလိုက်ပြန်၏။
၄။ လက်စွယ်ငုပ်ခြင်း၏ အဝေး
လောကတွင် မာရ်နတ်ရှိသေးကြောင်း
သက်သေပြပါဆိုရင် ဧနွေလုလေးကို လက်ညှိုးထိုးပြီး သက်သေပြဖို့ မရနိုင်တော့ကြောင်း
ကျွန်တော် ယုံသည်။ ယုံသွားပြီ။
အဘယ်ကြောင့် ဆိုသော် မာရ်နတ်၏ တန်ခိုး
ဣဒ္ဓိပါဒ်သည် ဧနွေလုအပေါ် အပြည့်ပြခွင့် မရလိုက်။ တစ်ဝက်တစ်ပျက်သာ
ပြခွင့်ရလိုက်ပေသည်။ မာရ်နတ်ကိုယ်တိုင် ဧနွေလုကို အကြောင်းပြုပြီး တစ်ခြမ်းပဲ့
ဣဒ္ဓိပါဒ်နဲ့သာ ကျေနပ်လိုက်ရပြီ ဖြစ်ပါတယ်။
အနေအထား အားလုံးသည် လုံးဝပြောင်းလဲသွားခဲ့ပြီ
ဖြစ်သည်။ ဆက်ဆံရေးသမိုင်းကို ပြန်သုံးသပ်ရလျှင် ကျွန်တော်ရော ဧနွေလုပါ
အခြေအနေဆိုးများကို သန့်ရှင်းသော လက်များဖြင့် တွဲ၍ ကျော်ဖြတ်နိုင်ခဲ့ကြပြီ ဖြစ်၏။
နှစ်ဦးစလုံးလည်း အမြတ်အစွန်း အသီးသီးလည်း ရခဲ့ပြီး ဖြစ်ပါသည်။
ကျွန်တော့်ဘက်က စာရေးဆရာ တစ်ဦးအနေနှင့်
ရရှိခဲ့သော အမြတ်အစွန်းမှာ AIDS နှင့် HIV ရောဂါနှင့် ရောဂါပိုး ကူးဝင်နည်း နည်းသစ်တစ်ခုကို အမှတ်မထင်
တွေ့ရှိအမြတ်ရလိုက်ခြင်း ဖြစ်သည်။ နည်းသစ်မှ နည်းသစ်စစ်စစ်။
ရောဂါပိုး ကူးဝင်နည်းမှာ သမားရိုးကျ
ကူးဝင်နည်းမျိုး မဟုတ်ဘဲ ပြဇာတ်ဆန်ဆန် ကူးဝင်နည်းမျိုး ဖြစ်သည်။ အမှန်တော့
ဧနွေလုသည် သူမကိုယ်တိုင် HIV ရောဂါပိုးရှိသူ ဖြစ်သည်။ သူမသည်
လှဆဲပင် ရှိသေးသည်။ သို့သော် သူမသည် ထိုရောဂါပိုးရှိမှန်း သိချိန်မှစပြီး
နောက်ထပ်အမှားကို ကျူးလွန်နေသူ ဖြစ်သည်။ ထိုအမှားမှာ ရောဂါပိုးကို ဖြန့်ဖြူးသော
အမှားဖြစ်သည်။ ဖြန့်ဖြူးရာတွင်လည်း ဧနွေလုသည် သူမ၏ လက်စွယ်ငုပ် နေသောလက်ကို
အသုံးပြု၍ ဖြန့်ဖြူးနေခြင်း ဖြစ်သည်။ သို့သော် သူမဆီ ပျော်ပါးရန်
လာသူတိုင်းကိုတော့ ရောဂါပိုးကူးအောင်မလုပ်။ အထူးသဖြင့် ငွေပေးပြီး နိုင်ထက်
စီးနင်းသမားများကိုသာ သူမက တုံ့ပြန်ခြင်း ဖြစ်သည်။
လူသည် အဝတ်ကို မီးလောင်မခံဘဲ မီးကို
ပိုက်နိုင်သလော။
ကလေးငယ် တစ်ယောက်အဖို့ ချိုချဉ်တစ်လုံး
ကိုင်ပြီး 'ဒီချိုချဉ် ကြာကြာ စုပ်ခံမခံ' မစဉ်းစားသကဲ့သို့ ဧနွေလုကလည်း ရောဂါပိုးကိစ္စကို ခေါင်းအလေးခံပြီး
စဉ်းစားနေမည် မဟုတ်ပါ။ ဒီတော့ ကျွန်တော် ဘာပြောရမလဲ။
ပြဿနာမှာ အကာအကွယ်ဖြစ်တဲ့ အဖော်ကိစ္စပါ။
ဒီအဖော်ဟာ ဘယ်လောက်စိတ်ချတဲ့ အဖော်ဖြစ်ဖြစ် လက်စွယ်ငုပ်နေတဲ့ လက်ကလေးထဲ
ရောက်သွားရင်တော့ တစ်ခဏအတွင်းမှာပဲ အပေါက်ကလေး တစ်ပေါက်ဖောက်ပြီးသား ဖြစ်သွားမှာ
သေချာသည်။ ကိုယ့်ဘက်က ဘယ်လောက် နိုင်ထက်စီးနင်း လုပ်လုပ် လက်စွယ်ငုပ်နေတဲ့ လက်ကလေး
မျက်နှာတစ်ချက် မပျက်ဘဲ ကြည်ဖြူလိုက် လျော သဘောကောင်းနေပြီဆိုရင်...ဒါလောက်ပဲ
ကျွန်တော် ပြောချင်ပါသည်။
သို့သော် ဧနွေလုသည် ယခုအချိန်တွင်
လက်စွယ်ငုပ်နေသော ကောင်မလေး မဟုတ်တော့ပါ။ သူမက မာရ်နတ်ကို ပြန်ပြီး နာမည်ဖျက်
လွှတ်လိုက်ပါပြီ။
စူးအဖြစ်ကိုတော့ လက်သည်း
ချွန်ချွန်တစ်ချောင်းကို အသုံးပြုသည်။ အခုတော့ သူမ အမြင်မှန်ရ သွားပေသည်။
အဖော်ကိုလည်း သူမက အားလုံးအတွက် အဖော်ကောင်း ဖြစ်စေနေပါပြီ။ ကောင်းလေစွ ဧနွေလုငယ်။
အမှန်ဆိုလျှင် သူမသည် နှုတ်ခမ်းများသာ လှသည်
မဟုတ်ပါ။ လက်ချောင်းများလည်း အလွန်လှသော မိန်းကလေး ဖြစ်ပါသည်။ ဒါလောက်လှသော
လက်ချောင်းကလေးများကို အဖော်ဖောက်ရာတွင် အသုံးပြုသင့်သော လက်မျိုးဟု ကျွန်တော်
မထင်ပါ။ သူမ၏ သုခုမနွယ်သော လက်ချောင်းများတွင် သီးခြားဆန်သော ကိုယ်ပိုင်ဝိညာဉ်
ရှိသည်ဟု ကျွန်တော် ထင်ပါသည်။ ထို့ကြောင့်လား မသိ။ ထိုလက်ချောင်းများသည်
ကိုယ်နှင့်ကွာ၍ အသက်ရှူနေသော အသံမျိုးပင် ဘယ်အချိန် ကြားရမလဲဟု ကျွန်တော်
ထိုင်စောင့်နေချင်ပါသည်။ သို့သော် ထိုလက်မျိုးပိုင်ရှင် ဧနွေလုကိုတော့ ကျွန်တော်
စကားနည်းနည်း ပြောချင်သည်။
'ဧနွေလုရေ... အဖော်ကို လက်သည်းနဲ့
ဖောက်မယ့်အစား နင့်လက်ကလေးတွေနဲ့ ပူစီကလေးတစ်ကောင်ကိုသာ ပွတ်နေပါ။ ပူစီမရရင်
ယဉ်ပါးပြီးသား မွေးပွခွေးကလေး တစ်ကောင်ကိုသာ ပွတ်နေပါ။ အဲ...အဲသလို ခွေးပေါက်ကလေး
မရဘူးဆိုရင်တော့ သက္ကလပ်ဘော လုံးလေးတစ်လုံး ဝယ်ပို့လိုက်ပါ့မယ်'
၅။ ပျောက်ဆုံးသော မနက်ဖြန်
...စာကလေး တစ်စောင်လောက်တော့
ရေးခဲ့ချင်သား... မာတာအမိဆီကိုလား... ချစ်တဲ့ကောင်မလေး ဆီကိုလား... ခွဲခြားလို့လည်း
မသိနိုင်ပါလား... ညအမှောင်ထဲမှာလည်း... အလင်းတွေ ခြေလှမ်းများများ... အလင်းတွေ
ခြေလှမ်းများများ...
လင်းတော့မည်။ သီချင်းထဲမှာတော့ လင်းတော့မည်။
အလင်းတွေက အမှောင်ထဲမှာ ခြေလှမ်းများများတဲ့။ လင်းတော့မည်။ သီချင်းထဲမှာ
လင်းတော့မည်။
မှန်၏။ မနက်ဖြန်ဆိုတာ မရှိတော့သည့်
လူတစ်ယောက်။ သူသည် သူ့ဘဝ၏ မိနစ်ပိုင်း လက်ကျန်အချိန်တိုကလေးအတွင်း စာတစ်စောင်
ရေးခဲ့ဦးမည်ဟု ဆိုပါသည်။ သို့ရာတွင် သူ့ခမျာ ဘယ်သူ့ဆီ ရေးရမှန်း
ပိုင်ပိုင်နိုင်နိုင်ပင် မဆုံးဖြတ်ရသေး။ မိုးလင်းတော့မည်။ စာကဖြင့် တစ်လုံးမှတောင်
မရေးရသေး။ မိုးလင်းတော့မည်။ 'သို့...'ဆိုတဲ့
ရည်ညွှန်းစာလုံးလေးတစ်လုံး လောက်တော့ ရေးပြီးသား ဖြစ်နေဖို့ ကောင်းသည်။ သို့သော်
မရေးရသေး။ မိုးလင်းတော့မည်။ သီချင်းထဲမှာ မိုးလင်းတော့မည်။ သီချင်းက ဆက်၍
ကျူးဆဲဖြစ်သည်။ သီချင်းက နိဂုံးပိုင်းကို ရောက်လာပုံရသည်။ စာသားစကားလုံးတွေကလည်း
ပို၍ထွေပြားလာသည်ဟု ကျွန်တော် ထင်သည်။ အဓိပ္ပာယ်တွေက ကျွန်တော့်ကို ထားခဲ့ချင်ဟန်
ရှိသည်။ ကျွန်တော့်ကို ရည်ညွှန်းသီဆိုရသော သီချင်းသည် ကျွန်တော်နှင့် ဝေးရာကို
တဖြည်းဖြည်း ရွှေ့ယူနေမှန်း ကျွန်တော် သတိပြုမိသည်။ ထိုအခါ ကျွန်တော်သည်
ကျူရှင်ဆရာကို ထုပစ်လိုက်တော့၏။ ကျူရှင်ဆရာ ဝူးဝူးဝါးဝါး ဖြစ်သွားသည်။ ကျွန်တော်က
ကျူရှင်ဆရာအား သီချင်း၏ သီဆဲ နောက်ဆုံးအပိုဒ်က ဘာဆိုလိုကြောင်း မေးလိုက်သည်။
ကျူရှင်ဆရာက သည်သီချင်းကို အကြိမ်ကြိမ် ကျွမ်းဝင်ဖူးသူ ဖြစ်၍ သူက အေးအေးဆေးဆေးပင်
ပြောသည်။
'ဘာမှ မဟုတ်ပါဘူးကွာ။ ဖာသာရောက်လာပြီလို့
ပြောတာ'
ပွဲကဖြင့် သိမ်းပြီ။ ကျွန်တော် ဒီလိုသာ
နားလည်လိုက်တော့၏။ ဖာသာ ရောက်လာပြီဆိုတော့ အချိန်စေ့ပြီ ဆိုတဲ့သဘောပင်။
ဖာသာတရားပြပြီးလျှင် အပြစ်သားသည် လူ့ဘဝမှ အပြီးအပိုင် ထွက်ခွာသွားရတော့မည်။
ထိုစဉ်မှာပဲ သီချင်းက ပြီးဆုံးသွားတော့၏။ ထိုအချိန်တွင် လက်ခုပ်သံ အနည်းငယ်သာ ထွက်လာသည်။
ကျွန်တော့်မှာတော့ သီချင်းထဲက အရေးကြီးသော အချက်တစ်ချက် ကို မရလိုက်။
ဆိပ်ဖလူးရနံ့ထဲကလူ နောက်ဆုံးမှာ ဘယ်သူ့ဆီ စာရေးသွားသလဲ ကျွန်တော် မသိလိုက်။
ဒါကြောင့် ကျူရှင်ဆရာကိုပဲ အားကိုးရပြန်သည်။
'စာက ဘယ်ကိုမှ မရေးရသေးဘူး။ ဘယ်ကို ရေးရမလဲ
စဉ်းစားနေတုန်း ဖာသာ ရောက်လာတာ'
ကျွန်တော်တို့ အားလုံး သီချင်း၏
အမိခံရခြင်းမှ လွတ်မြောက်သွားကြပြီ ဖြစ်ပါသည်။ ကျွန်တော်လည်း ကိုယ့်ကိုယ်ကိုယ်
အသက်ရှူနေသေးမှန်း အခုမှ ပြန်၍ သတိထားမိတော့သည်။ သီချင်း၏ အမိခံရခြင်း၌
ပင်ပန်းခဲ့သည်မှာ အမှန်။ သို့သော် သီချင်းမှာ ကျွန်တော့်ကို ရည်ညွှန်းပြီး
သီဆိုသော သီချင်းဖြစ်၍ သီချင်းအပြီး လက်ခုပ်သံအစဲတွင် ကျွန်တော်သည် ဒေလီယာ
သွေးထနေသော နှင်းဆီရိုးတံရှည် တစ်ပွင့်ကို ကိုင်ကာ စင်ပေါ်သို့ ခြေလှမ်းမှန်မှန်
တက်ခဲ့တော့၏။
စင်ပေါ်သို့ ရောက်သွားသောအခါ
အသံအက်အက်ကလေးဖြင့် ကျွန်တော့်ကို ခြေမွခြင်းဖြင့် ချည့်နဲ့အောင် လုပ်သွားသော
အဆိုရှင် ကောင်မလေးကို စန္ဒရားခုံ၏ နောက်ကွယ် ခပ်မှိန်မှိန် တွေ့ရ သည်။ တေးသံရှင်က
အသားမည်းမည်း၊ လူပိန်ပိန်၊ အရုပ်ဆိုးဆိုးကလေး။ ကျွန်တော် ချီးမြှင့်လိုက်သော
ရိုးတံရှည်နှင်းဆီတစ်ပွင့်ကို သူမက ဦးညွတ်ပြီး လက်ခံယူလိုက်သောအခါ ရွှေပွဲလာ
ပရိသတ်အားလုံး၏ လက်ခုပ်သံများလည်း တစ်ခဲနက် ပေါ်ထွက်လာတော့၏။ သည်အထိ
အဆင်ချောနေသေး၏။ သို့သော်...
ကျွန်တော် သီချင်းစင်ပေါ်မှ ဆင်းလာသောအခါ...
ကျွန်တော် သီချင်းစင်ပေါ်မှ ဆင်းလာသောအခါ...
ကျွန်တော် သီချင်းစင်ပေါ်မှ ဆင်းလာသောအခါ...
သြော်... ဧနွေလု ဧနွေလု။ နေမှကောင်းရဲ့လား
ဧနွေလု။ မတွေ့ရတာကြာ ဧနွေလု။ ဘယ်ကိုပြောင်းသွားသလဲ ဧနွေလု။ အရင် ရုပ်ရည်မျိုး
ရှိသေးလား ဧနွေလု။ တွေ့ရင် မှတ်မိပါ့မလား ဧနွေလု။ မေမေ့ဆီ စာတစ်စောင် ရေးနေပြီလား
ဧနွေလု။ ဒါမှမဟုတ် ချစ်သူဆီ စာတစ်စောင်ရေးနေပြီ လား ဧနွေလု။
မှန်ပါသည်။ ကျွန်တော်သည် ကိုယ့်ခြေထောက်များ
ကိုယ်ခက်ခက်ခဲခဲ ဆွဲယူကာ သီချင်းစင်ပေါ်ကနေ 'ဧနွေလု
ဧနွေလုတွေ' ခေါင်းထဲ မြည်ရင်း ဆင်းသက်လာခြင်း ဖြစ်သည်။
သို့သော် ကျွန်တော် ကိုယ်တိုင်
ဧနွေလု၏သီချင်းများနှင့် ဝေးခဲ့သည်မှာ ကာလအတန်ပင် ကြာခဲ့ပေပြီ။ ကျွန်တော်က
ဧနွေလုကို သတိရဆဲပင် ရှိသေးသည်။ ထို့အပြင် သူမနှင့် သူမ၏ သီချင်းများ (သို့မဟုတ်)
ကျွန်တော်နှင့် သူမ၏သီချင်းများ အကွာအဝေး ကျွန်တော့်တွင် ရက်စွဲ မတိကျနိုင်တော့။
မည်သို့ပင်ဆိုစေ သူမ၏ AIDS ရောဂါ ပြန့်ပွားရေးအတွက်
အမှားပြင်ပေးသွားသော 'လက်စွယ်မငုပ် (မငုပ်)တော့ခြင်း ကုသိုလ်'
အတွက် သူမ၏ ဘုရားသခင်က သူမကို စောင့်ရှောက်ပါစေဟုသာ ကျွန်တော်
ဆုတောင်းပေးလိုက်ပါသည်။
အခုလောက်ဆိုရင် ဧနွေလုဆီ 'ဖာသာ' ရောက်ပလား မသိဘူး။
▀
ကိုငြိမ်း ၊မန္တလေး၊
(အမှတ် ၂၀၇၊
ဖေဖော်၀ါရီလ၊၂၀၀၇ ရွှေအမြုတေမဂ္ဂဇင်း။)
ကြင်နာသနားတတ်မှု၊ ညှာတာထောက်ထားတတ်မှုဆိုတဲ့ သံယောဇဥ်ကြိုးတွေ မခိုင်လို့ ပြတ်တောက်ကုန်တာလည်း ဖြစ်မယ်။ တခြားအကြောင်းအမျိုးမျိုးလည်း ရှိပေမပေါ့။ တစ်လင်ကွာ၊ တစ်လင်ပစ်၊ တစ်လင်ပြေး အမျိုးသမီးတွေဆိုတာ တူနှစ်...
ဝါးကိုဖောင်ဖွဲ့၍ ချင်းတွင်းမြစ်အတိုင်း စုန်ဆင်းလာရသည့် အလုပ်မျိုးကို တစ်ချိန်တွင် တာဝန်ယူရမည်ဟု ကြိုတင်တွက်ဆထားလို့သာ ဘွဲ့ရပညာတတ်မာနကို ခဝါချနိုင်ခဲ့သည်။
ဒေါ်ဒေါ်မိနဲ့ မမပို့တို့ကို ကန်တော့မလို့ လုပ်တုန်း မောင်မောင်ကဖြင့် ပုဆစ်ဒူးတုပ် ထိုင်နေပြီ အောင်အောင်က ရေပုံးကြီးနဲ့ ရုတ်တရက် ထွက်လာပြီး မမပိုကို ဝုန်းခနဲ လောင်းချလိုက်တယ်