ကိုဆေး ၊ပစိဖိတ်ကမ်းခြေ၊
အင်း...ပြောရရင်တော့
ဇာတ်က ဇာတ်လည်ကြီးဗျ။ ပေါက်ပင်ဘာကြောင့် ကိုင်းရတယ်။ ဗျိုင်းနားလို့။
ဗျိုင်းဘာကြောင့်နားရတယ်။ ငါးပေါ်လို့။ ငါးဘာကြောင့်ပေါ်ရတယ်။
ကျွဲလူးလို့နဲ့ပြီးတော့မှာ မဟုတ်ဘူး။ ပေါက်ပင်သာ မကိုင်းခဲ့ရင်...။
□
ဂျပန်ကနာမည်ကြီး
ဟာသပညာရှင်ကြီးတစ်ဦးက ပြောတာလေ။ အိမ်ထောင်သက် သုံးနှစ်ဟာ
အန္တရာယ်အရှိဆုံးအချိန်တဲ့။ အဲဒါနဲ့ ကျုပ်လည်း အနီးအနားက အမျိုးသမီးကြီးတွေကို
စပ်စုမိတယ်။ ဟုတ်တယ်တဲ့။ ထောက်ခံကြတယ်။ ကန့်ကွက်တဲ့သူလည်း ရှိတယ်ဗျို့။
သုံးနှစ်တောင်မရောက်ပါဘူး ဟယ်။ တစ်နှစ်၊ နှစ်နှစ်နဲ့လည်း ကွဲတာပါပဲတဲ့။
ကြင်နာသနားတတ်မှု၊
ညှာတာထောက်ထားတတ်မှုဆိုတဲ့ သံယောဇဥ်ကြိုးတွေ မခိုင်လို့ ပြတ်တောက်ကုန်တာလည်း
ဖြစ်မယ်။ တခြားအကြောင်းအမျိုးမျိုးလည်း ရှိပေမပေါ့။ တစ်လင်ကွာ၊ တစ်လင်ပစ်၊
တစ်လင်ပြေး အမျိုးသမီးတွေဆိုတာ တူနှစ်ဖြာ ဂဟေဆက်ဆို ပန်းကြဲ၊ လက်စွပ်လဲ ကြိုးတား
အများသိ မင်္ဂလာဆောင်သူ အရေအတွက်ထက် ပိုများပေမည်။ အထီးကျန်၊ အဲ...အမကျန်၊
အဖော်မဲ့ သူတို့ဘဝမှာ လိုချင်တာ အချစ်၊ လိုအပ်တာ ကြင်နာမှုပဲ။ အဲဒီကြင်နာမှု
အချစ်ကိုမှမရ၊ ခံစားရတဲ့ သူတို့တွေရဲ့ဘဝဟာြဖင့် ရေမရှိတဲ့နေရာမှာ ချေးကိုင်မိသလို
အလိုမကျမှုဟာ အတိုင်းအဆမဲ့ ဖြစ်ကုန်ကြတော့တယ်။
□
လူကြည့်တော့
ပိန်ကပ်ကပ် သေးသေးပုပုလေး။ ခြောက်လက်မပေတံ ထောင်ထားသလိုမျိုး။ နာမည်က ယာမဂုချိစံ။
မြန်မာလိုဆို တောင်ရဲ့
အပေါက်လား၊ တောင်ရဲ့ပါးစပ်လားပဲ။ သူ့ ဘာသာသူ ယာမဂုချိဖြစ်ဖြစ်၊ ယာမဂွချိပဲဖြစ်ဖြစ်
ကျုပ်တို့ကတော့ ဒေါ်အိုဇာပဲ။
အချိန်မီ ဆေးမဆိုးနိုင်လို့
ဆံပင်ဖြူတွေ လှစ်ခနဲ လှစ်ခနဲ ထွက်လာတတ်တဲ့ အမျိုးသမီးကို ဆံဖြူမယ်၊ အလုပ်လုပ်တာ
ပျာယာခတ်ပြီး နွေနွေ၊ ဆောင်းဆောင်း ချွေးတလုံးလုံး ဖြစ်နေတတ်တဲ့ အမျိုးသမီးကို
ချွေးထုတ်စက်၊ သူဌေးမရှိနေချိန်ဆိုရင်ဖြင့် အမိန့်ပေးသံ ကျယ်ကျယ်နဲ့ ပြူးပြဲပြီး
ပျာလောင်ခတ်နေတဲ့ အမျိုးသမီးကို ရွာဆော်ကြီး။
ယာမဂုချိစံက ခေတ်သစ်
ဂျပန်ဒေါ်အိုဇာလေ။ ဘယ်နှကြိုးပြီးမြောက်ခဲ့ သလဲတော့ မသိဘူး။ အပျိုဘဝက စနက်ဆိုင်မှာ
လုပ်ခဲ့လို့ ယောကျ်ားတို့အကြောင်း နောကျေတတ်မြောက်ခဲ့တယ်။ အမျိုးသမီးတွေချည်းပဲ
ငါးဆယ်ကျော်ရှိတဲ့ ဟိုတယ်ကြီးမှာ လုပ်ခဲ့လို့ အမျိုးသမီးတွေအကြောင်း
သင်ရိုးကုန်ခဲ့တယ်။ ခုညနေပိုင်းကိုလည်း ကုန်တိုက်ကြီးမှာ လုပ်နေတဲ့သူဆိုတော့...။
ရှင်ကြီး ဝမ်းလည်း ဝင်ခဲ့တယ်။
ရှင်ငယ်ဝမ်းလည်း ဝင်ခဲ့တယ်။ ချွေးစော်နံ၍ ပြန်ထွက်ခဲ့တယ် ဆိုတော့ကာ။
ယောကျ်ားနဲ့ ကွာတာကြာပြီ။ ခု
လူပျိုအရွယ်သားနဲ့ အတူနေတာ။ ရည်းစားရှိတယ်။ နားရက် တစ်ရက်ဆို ချိန်းပြီး
ခရီးအတူသွားကြဆိုပဲ။ သူ့ရည်းစားကြီးမှာ မိန်းမကြီး ငုတ်တုတ်။ ကိစ္စမရှိဘူး။
ငါးမျှားတံနဲ့ စိန်ခြူးကြာညောင်တေးဆို
ဖမ်းဖမ်း၊ ပိုက်ကွန်နဲ့ ဟစ်ဟော့ဆို ဝုန်းဒိုင်းကြဲကြဲ ငါးမိဖို့က အဓိကပဲ။ ဒါ
သူတို့ရဲ့စတိုင်လ်။ ရှက်စရာလိုလို၊ ဂုဏ်ယူစရာလိုလို တစ်ဝက်စီ ရောနေတဲ့ စတိုင်လ်။
အဲ... ကံကောင်းထောက်မပြီး ဘဲငယ်ငယ်လေး ရထားမိထားလို့ကတော့ ဘာပြောကောင်းမလဲ ဆရာရယ်။
'သူ့လင် ဘဲငယ်လေးနဲ့
ဂုဏ်တင့်တယ်လေး' ပေါ့ဗျာ။
ယာမဂုချိစံ ရည်းစားကတော့
သူနဲ့ရွယ်တူလောက်ပဲ။ ရွယ်တူဆိုတာ အသက်ကို ပြောတာနော့။ အရပ်မြင့်မြင့်
ထောင်ထောင်မောင်းမောင်းကြီး။ သူနဲ့ကတော့ ကျွဲနဲ့ ဆိတ်ပဲ။ အေးလေ... အေးလေ
ဘာပဲဖြစ်ဖြစ် တွဲနေတာ လေးငါးနှစ်လောက်ရှိပြီဆိုတော့ အဆင်ပြေနေလို့နေမှာပေါ့
ဟုတ်ဘူးလား။
ဒါ... ယာမဂုချိစံရဲ့ ကောက်ကြောင်း
အကြမ်းထည် ဆိုပါတော့။
□
ပုံစံခွက်ဝင် အကြမ်းထည်အတိုင်း
ပြောကြစတမ်းဆို အရင်ဝင်တဲ့သူက ဆရာ လုပ်ကြေးပဲနော့။ ခုတော့ ယာမဂုချိစံက
နောက်မှမွေးပြီး မိဦးမှည့်တာ ပြောပါတယ်။ နောက်မှဝင်လာပြီး ဆရာမကြီး လုပ်နေတာများ
မခံချင်စရာ။ ဒီလောက်တောင် ဆရာမကြီး လုပ်ချင်ရင် ဝက်သားတုတ်ထိုးသည်ဆီ သွားပါလား။
ဟင်း... မပြောလိုက်ချင်ဘူး။ ခုတော့ ဖွတ်က မိချောင်းကျင့်၊ မိချောင်းဉာဏ်နဲ့
လုပ်နေတာ များ ပြောကို မပြောချင်တော့ပါဘူး ဆရာရယ်။
ဖွတ် မိချောင်းစရိုက် ပြောင်းလာတာ
သူတို့အပြစ်လည်း ပါတယ်။ သူတို့ညံ့လို့ ဖြစ်ရတာ။ ဒီလူမျိုး အကျင့်စရိုက်ကိုက
ခက်ပါတယ်။ နိုင်မှန်းသိ၊ အနိုင်ကျင့်လို့ရမှန်းသိ အနိုင်ကျင့်ချင်ကြတာ။ ကျုပ်
အပိုပြောတာ မဟုတ်ဘူးနော်။
ဟိုး... မူလတန်းကလေးတွေရဲ့
အသိခေါင်းထဲမှာ ရှိနေတာကြာမှပေါ့။ ပြန်မတွန်းဘဲ လျှော့ပေးတော့ နင်းရင်း
နင်းရင်းနဲ့ ခေါင်းပေါ်ရောက်တော့မယ်လေ။
သူတို့ညံ့လို့ ဖြစ်ရတာလို့ ကျုပ်
သိမ်းကျုံးရမ်းလိုက်ရပေမယ့် အဓိကညံ့ချက် ကြီးလွန်းတဲ့သူက ချွေးထုတ်စက် အဲ...
အေးမွန်တိုးစံဆိုတဲ့ အမျိုးသမီး။ သူ ဒီဟိုတယ်ဝင်လာတာ ဆယ်နှစ်ကျော်ပြီ။ သူသာ
စွာမယ်ဆိုရင်ဖြင့် တောမီးတောင် 'ဟုတ်'ခနဲ
ငြိမ်းလောက်လေရဲ့။
အလုပ်ကလည်း လုပ်သလားပဲ။
ယာမဂုချိစံနဲ့ဆို တခြားစီပါ။ ယာမဂုချိစံက လုပ်ချင်ယောင် ဆောင်ပြီး ခိုတာ။
တစ်နေ့လုံး ကတော်... ကတော် အော်ပေမယ့် ဥတော့ တစ်လုံးတည်းဆိုတာ သူ။
အေးမွန်တိုးစံက နွေပူပူ၊
ဆောင်းချမ်းချမ်း ချွေးတလုံးလုံးကျအောင်ကို လုပ်တာ။ သဲသောင်ပေါ် တိတ်တဆိတ်
တက်လာပြီး ဥတွေ အများကြီးဥ၊ ပြန်ဆင်းသွားတာ အေးမွန်တိုးစံ။
နောက် မေအေးဆိုတဲ့ ကောင်မလေး။
လွန်ခဲ့တဲ့ ခုနစ်နှစ်လောက်ကတည်းက ပြုံးပြုံး ပြုံးပြုံးနဲ့ ဝင်လာတာ ခုချိန်ထိ
မျက်နှာပေါ်က အပြုံး ဒီအတိုင်းပဲ။
ဖူဂျီတောင်ကြီးက အတုကြီးပါပြော
ပြုံးနေမှာ။ ပစိဖိတ် သမုဒ္ဒရာကြီးထဲကရေတွေ ရေသန့်ပါပြော ပြုံးနေဦးမှာ။
ဘယ်သူဘာပြောပြော ဆန့်ကျင်ဘက်စကားတစ်ခွန်း
မဆိုတဲ့သူဆိုတော့ မေအေး လောက်ကတော့ ယာမဂုချိစံ သေနတ်တစ်ချက် မဖောက်လိုက်ရဘဲ၊
မြားတစ်စင်း မလွှတ်လိုက်ရဘဲ မြို့သိမ်း လိုက်ရသလိုမျိုး။
နောက်တစ်ယောက်က စိုးမိုးဆိုတဲ့
ကောင်မလေး။ ကျုပ် အလုပ်သွင်းပေးထားတာ ဘာကြာသေးလို့လဲ။ တစ်နှစ်ကျော်လောက်ပဲ
ရှိဦးမှာ။ သူ့အရင် ဂျူးဂျူးဆိုတဲ့ အမျိုးသမီး။ မစွာဘူး မဟုတ်ဘူး၊ စွာတယ်။
ယာမဂုချိစံနဲ့ ပြဿနာဖြစ်၊ ဒီအမျိုးသမီး မျက်နှာမြင်နေရတာ နေလို၊ မီးလို
ပူတယ်ဆိုပြီး ထွက်သွားတာ ပြတ်ကရောပဲ။
ဂျူးဂျူး ထွက်သွားတော့
စိုးမိုးရောက်လာတာ။ စိုးမိုးကလည်း ထက်တဲ့သူဆိုတော့ အလုပ်မဝင်ခင်ကတည်းက
ယာမဂုချိစံအကြောင်း ပြောပြထားမိတယ်။ ဒါမျိုး အမျိုးသမီးကြီးတွေနဲ့ သူကြုံဖူး၊
လုပ်ဖူးပါတယ်။ ကျွန်မ သည်းခံပြီး လုပ်ပါ့မယ်ဆိုပြီး ဝင်လာတာ၊ ဝင်လာတာလေ။
ဟေး...ဟေး.. ကျွန်မ သည်းခံပါတယ်။
တစ်နှစ်ကျော်လောက်။ အေးလေ... သူသူကိုယ်ကိုယ် သည်းခံနိုင်စွမ်း အမှတ်ထိပဲ သည်းခံမှာပေါ့နော်။
ကျော်သွားရင်တော့...။
ကျုပ်ဆီ ဖုန်းဆက်တယ်။ သူနဲ့ယာမဂုချိစံ
စကားများကြတယ်။ သူ ဆက်ပြီး သည်းမခံနိုင်တော့ ဘူး။ ထွက်တော့မယ်တဲ့။
ဟဲ့... ဘယ်လိုဖြစ်ကြတာလဲ ဆိုတော့
ဖြစ်ကြောင်းရယ်တဲ့ ကုန်စင် နတ်သံနှော ပြောရှာလေတော့တယ်။
□
ဟိုတယ်ရဲ့ အခန်းတစ်ဆယ့်ခြောက်ခန်း
မနက်ပိုင်း သန့်ရှင်းရေးလုပ်ဖို့အတွက် အစက လူလေးယောက်။ ခုတော့ လူလျှော့၊
အချိန်လျှော့၊ လျှော့လို့ရတာ အကုန်လျှော့တတ်တဲ့ သူဌေးရောဂါအရ လေးယောက်များတယ်။
သုံး ယောက်နဲ့ လုပ်၊ အလှည့်ကျ တစ်ယောက် တစ်လှည့် နားကြေး။
အခန်း ဆယ့်ခြောက်ခန်း၊ အလုပ်ချိန်က
လေးနာရီ လူသုံးယောက်ဆိုတော့ အပြေးတစ်ပိုင်းလေး တွန်းကြရတော့တယ်။
လင်ပစ်ခွာပြေး ဖြစ်စဉ်ထဲက
ယာမဂုချိစံနဲ့ တွဲလုပ်ရတဲ့ရက်ဆို သူတို့ရဲ့ အလုပ်ဝင်ဟန်ဟာ လင်းတကြီး
မှိုင်းခံထားသလို။ ယာမဂုချိစံ နားရက်ဆိုရင်တော့ သူတို့ရဲ့ တက်ကြွမှုဟာ မိုး...
ဒူးနဲ့ တိုက်တောမယ့်ဟန်တဲ့။
အခန်းထဲ ဝင်မယ်ဆိုရင် ဘယ်အခန်း
စဝင်ရမယ်ဆိုတာ သူ့အမိန့်ကို ခံယူရတယ်။ သူပြောတဲ့ အခန်းဝင်၊ ချော်တောငေါ့ပြီး
အခန်းမှားဝင်ရင် နာမယ်။
အိပ်ရာ၊ စားပွဲ၊ မှန်တင်ခုံ၊ အိမ်သာ၊
အခန်းထဲ ဖုန်စုပ်တာ လူသုံးယောက် ခွဲလုပ်ရတာ။ တစ်ယောက်က ဒီဟာလုပ်ရင် နောက်တစ်ယောက်က
ဟိုဟာလုပ်။ နောက်တစ်ခန်းပြောင်းရင် ဟိုဟာနဲ့ ဒီဟာပြောင်းလုပ်ကြေး။
ယာမဂုချိစံ လုပ်တဲ့ အလုပ်နေရာ
သန့်မသန့် ဘယ်သူမှ အိပ်နေတဲ့ကျား သွားမနှိုးဝံ့ဘူး။ သူများလုပ်တဲ့ဟာ သန့်မသန့်သာ
သူက လိုက်ကြည့်ပြီး မသန့်ဘူး၊ ဆံပင်မွေးတွေနဲ့၊ မှန်မှာအစက်တွေ နဲ့၊ ပစ္စည်းထားတာ
နေရာမှားနေတယ်၊ ဟိုလိုမဟုတ်ဘူး၊ ဒီလိုနဲ့ ရစ်တော့တယ်။ တစ်နေ့မဟုတ်၊ တစ်လ မဟုတ်။
သူဌေးမက အခန်းထဲမှာ တီဗွီမကြည့်ရဘူး
အမိန့် ထုတ်ထားတယ်။ ယာမဂုချိစံ ကြည့်တယ်။ သူတစ်ယောက်တည်း ကြည့်တာ မဟုတ်ဘူး။
သူခိုးသေဖော်ညှိ အားလုံး ကြည့်ရတယ်။ သူဌေးမ လာချောင်းလို့ မိရင် အများနဲ့ဆိုတော့
အမှုပေါ့တာပေါ့။ သူ တစ်ယောက်တည်းဆို အမှုကြီးမယ်။ ကျန်တဲ့သူ ကြည့်ချင်ချင်၊
မကြည့်ချင်ချင် ကြည့်ပေးရတယ်။ မကြည့်ဘဲ အခန်းထဲက ထွက်သွား လို့ကတော့ နာမယ်မှတ်။
ယားလို့ ထုံးတို့ချိန်တောင်
မရတဲ့အလုပ်ကို တီဗွီကြည့်ချိန်ရအောင် လုပ်ပလိုက်တာ ဆရာမကြီးရဲ့ စီမံကွပ်ကဲမှု
တော်တယ်လို့ ပြောရမှာပဲ။
လုပ်ဖော်တွေကို မီးသေအောင်
ကိုင်ပြီးတဲ့အချိန်ကစပြီး သူက အောက်ထပ် နားခန်းဆင်း မီးညှိတယ်။ သူဌေးမရဲ့ နား၊
မျက်စိ လခစား အမျိုးသမီးတွေကို ဂရုမစိုက်သလိုအချိုးနဲ့ ဆေးလိပ် သောက်ရဲတာ အားလုံး
အံ့သြစေခဲ့တယ်။
တစ်ခုခုတော့ မှားနေပြီဆိုတာ
အားလုံးသိနားလည်ခဲ့ကြရတယ်။ ဘာမှားနေတယ် ဆိုတာတော့ မသိကြသေး။
□
ဟိုတယ်မှာ မနက်ပိုင်း ရေချိုးခန်း
သန့်ရှင်းရေးလုပ်တဲ့ ကျောင်းသားတစ်ယောက် ရှိတယ်။ မောင်တိုးတဲ့။ မောင်တိုး
တစ်ပတ်တစ်ရက်နားတော့ သူ့နားရက် ကျုပ် မနက်ပိုင်းဆင်းပေးရတယ်။
အဲဒီရက်ဆို ဆရာမကြီး ယာမဂုချိစံနဲ့ကျုပ်
ရှေးရေစက် ဆုံစည်းကြရတော့တယ်။ ကျုပ်ကိုလည်း အလွတ်မပေး လာတင်တော့တယ်။
တစ်ခါတလေ အလုပ်လုပ်ရင်း
အခန်းတစ်ခန်းထဲ ဆုံမိတတ်တယ်။ သူတို့ သန့်ရှင်းပြီးသွားလို့ ကျုပ်အခန်းထဲ
ကျန်ခဲ့ချိန် အခန်းတံခါးမကြီးကို ပိတ်ပလိုက်တယ်။ တံခါးပိတ်တာနဲ့ အခန်းထဲက
မီးအားလုံး ပိတ်သွားတာဆိုတော့ ဖုန်းမောင့်တစ်ကိုယ်တည်း အမှောင်ကမ္ဘာထဲမှာ။
စိတ်ဆိုးတာပေါ့။ ဘယ်သူ ပိတ်တာလဲ လိုက်မေးတော့ ယာမဂုချိစံ စပ်ဖြဲဖြဲမျက်နှာနဲ့
မေအေးကို မေးထိုးပြတယ်။ ကျုပ် ဒေါသ တုံ့ခနဲ ဖြစ်သွားလေရဲ့။
မေအေးကို ဘာဖြစ်လို့ ပိတ်တာလဲမေးတော့
မြန်မာလို ဖြေတယ်။ ယာမဂုချိစံ ပိတ်ခိုင်းတာတဲ့။ ကျုပ် ဘယ်သူ့စိတ်ဆိုးရမှန်း
မသိတော့ဘူး။ ယာမဂုချိစံကို ပြဿနာရှာရင် မေအေးပြောတယ်ဆိုတာ သိပြီး မေအေးကို
မဲတော့မယ်။
အဲဒါနဲ့ အားလုံးကို နောက်တစ်ခါ
ပိတ်ကြည့်၊ သူဌေးမနဲ့ တိုင်ပြောမယ်လို့ မျက်နှာရှစ်ခေါက်ချိုးထား ပြောပလိုက်တယ်။
ဟင်း... ဘာမှတ်လို့လဲ။ ရေမြွေလေး မဟုတ်မှန်း သိသွားရှာတယ်ထင်။ နောက်
မပိတ်ရဲတော့ဘူး။
အနိုင်ကျင့်လို့ ရမလားလို့ စမ်းတာလေ။
မောင်တိုးဆို ခဏခဏ အပိတ်ခံရတယ်တဲ့။ ဘာမှ ပြန်မပြောရဲဘူးဆိုပဲ။
ပြောရဲမလား။ သူကိုက အနေအထိုင်မတတ်တာ။
ယာမဂုချိစံက သူ့ကို ခေါင်းကိုင်၊ လက်ကိုင်၊ ဟိုဟာကိုင်၊ ဒီဟာကိုင် လုပ်တယ်တဲ့။
အဲဒါကိုလေ ငြိမ်နေပါလား။ ကိုယ်တော်လေးက ငြိမ်မနေဘဲ မကြည်တဲ့ဟန်
ရှောင်ဖယ်ပြေးလေတော့ ယာမဂုချိစံခမျာ ရွှေစိတ်တော် အလိုမကျ ဖြစ်တော့တာပေါ့။
အဲဒီအမှုနဲ့ တံခါးအပိတ်ခံရတာလေ။
ဂျူးဂျူးနဲ့ ပြဿနာဖြစ်တဲ့နေ့က
ကျုပ်လည်း ရှိတယ်။ ၁ဝ၅ အခန်းမှာ သူတို့နဲ့ ကျုပ် အတူဆုံမိကြတယ်။ ကျုပ်က
အရင်ပြီးတော့ ၁ဝ၃ အခန်းပြောင်းတယ်။ ဂျူးဂျူးလည်း ၁ဝ၅ အခန်းက မှန်တင်ခုံ
သန်ရှင်းရေး၊ ပြီးတော့ ၁ဝ၃ အခန်း ပြောင်းလာတယ်။
ယာမဂုချိစံ ၁ဝ၅ အခန်းမှာ ကျန်ခဲ့ပြီး
ခဏကြာ မအီမလည်မျက်နှာကြီးနဲ့ ရောက်လာပြီး ဂျူးဂျူးကို လာခေါ်သွားတယ်။
ကျုပ်က ဘာဖြစ်မှန်း မသိသေးဘူး။
နောက်မှ ဂျူးဂျူးပြောလို့ သိရတယ်။ ဂျူးဂျူး ၁ဝ၅ အခန်းက မှန်တင်ခုံနဲ့
အိမ်သာသန့်ရှင်းရေး မလုပ်ဘဲ ထွက်သွားတယ်ဆိုပြီး လိုက်ခေါ်၊ ပြန်လုပ်ခိုင်းတာတဲ့။
ရိုင်းချက်ကတော့ နာတယ်။
ကျုပ်ရှေ့မှာ လုပ်နေတာ ကျုပ်အတွေ့ပဲ။
ဒါကို လုံးဝမလုပ်ဘဲ ၁ဝ၃ အခန်း ပြောင်းသွားတယ် စွပ်စွဲပြီး ပြန်လုပ်ခိုင်းတာ။
အနိုင်ကျင့်တာ။ ဂျူးဂျူးက လုပ်ပြီးပြီ ပြောပေမယ့်မရလို့ ထပ်လုပ် ပေးခဲ့ရတယ်တဲ့။
အမှုကတော့ ၁ဝ၅ အခန်းမှာ
ကျုပ်နဲ့ဂျူးဂျူး စကားပြောတာ တစ်ပြစ်၊ ယာမဂုချိစံ ၁ဝ၅ အခန်းက မထွက်သေးခင် ဂျူးဂျူး
အရင်ထွက်လာတာက တစ်ပြစ်။
သူဌေးမကတောင် ကျုပ်တို့ကို
စကားမပြောရဘူးလို့ အမိန့်မထုတ်ဘူး။ ယာမဂုချိစံက အခန်းထဲမှာ ကျုပ်တို့စကားပြောတာ
မကြိုက်ဘူးဆိုတော့ ကျားမကြောက်ရဘူး။ ကျားချေးကြောက်နေ ရတာ ပြောပါတယ်။
အဲဒီကိစ္စ အလုပ်ပြီးမှ သိရတယ်။
စောစောကတည်းက သိရင် ကျုပ်ဝင်ပြောမိမှာ။ ဟုတ်တယ်။ ကျုပ်ကလည်း မတော်မတရား လာပြောရင်
သူတို့ ဖားနေရ၊ ကြောက်နေရတဲ့ သူဌေးမကိုတောင် ပြန်ပြော၊ ပြန်တွန်းတာ။ ဂုဏ်တင်
အရသာခံ ပြောရတာ မဟုတ်ရပါဘူး။ ပြန်ပြောတယ်ဆိုတာလည်း ကျုပ်ဘက်က မမှားလို့ပါ။
ပြန်ပြောတော့
အလုပ်မပြုတ်ဘူးလားဆိုတော့ ပြုတ်မှာ။ ဒါပေမယ့် မပြုတ်ဘူး။ အလုပ်ပေါ် စေတနာထားပြီး
လုပ်ခဲ့ပါတယ်။ မြန်မာစိတ်ဓာတ်နဲ့ သူတို့အလုပ်ကို ကူညီလုပ်ပေးရင်း သူတို့အမော
တွေကို ဝင်ယူခဲ့ပါတယ်။ အဲဒါကြောင့် အားလုံးရဲ့ ချစ်ခင်အားကိုးမှုကို ရခဲ့ပြီး
အလုပ်ဖြုတ်ဖို့ မလွယ်တဲ့သူ ဖြစ်သွားခဲ့ရပါတော့တယ်။
ကျုပ် ဒီဟိုတယ်မှာ သူမှားကိုယ်လျှော့၊
ကိုယ်မှားကိုယ်လျှော့နဲ့ ခရီးတစ်ခုကို လျှောက်ခဲ့တာ နှစ်ပေါင်း
ဆယ်နှစ်ကျော်ပြီဆိုတော့ ဆိုတော့ကာ...။
အဟီး... လက်မောင်းမှာ ဘာမှန်းမသိတဲ့
လက်ပတ်တံဆိပ်နဲ့ ခေသူမဟုတ်ဘူး ဆိုပါတော့ဗျာ။
□
ယာမဂုချိစံနဲ့ အေးမွန်တိုးစံတို့ရဲ့
အမှုဟာ မထိန်းနိုင်၊ မသိမ်းနိုင်ဖြစ်ပြီး သူဌေးမဆီ ရောက်သွားလေရဲ့၊ ယာမဂုချိစံရဲ့
ရည်းစားကြီး မိန်းမများလျှင် မုသားပြောတတ်ဆိုတဲ့ စကားလို အိမ်က ငုတ်တုတ်ကြီးကို
လိမ်ညာလှိမ့်ပတ်ပြီး ဒိတ်ရတာဆိုတော့ ဘယ်နေ့ အိုကေမယ်ဆိုတာ မိုးလေဝသ သတင်းလိုပဲ
သေချာပြောလို့ မရဘူးလေ။
အဆင်ပြေ လစ်တဲ့ရက် ယာမဂုချိစံကို
လှမ်းချိတ်ရတာဆိုတော့ ယာမဂုချိစံ သူ့နားရက်မဟုတ်ရင် သူများနားရက်နဲ့ မတရား
အတင်းလဲရော။ လဲမပေးရင် သူ့ ရန်သူ။
အေးမွန်တိုးစံ နားရက်တစ်ရက်မှာ
အရေးကြီးကိစ္စရှိလို့ လဲမပေးတာကို တင်းသွားတာများ နေလှန်းထားတဲ့ ဗုံရဲ့
သားရေမျက်နှာပြင်ထက်တောင် ပိုသေး။ ဘယ်ရမလဲ။ ကြက်ဥပြုတ် သံတုတ်နဲ့ ချတော့တာပေါ့။
အေးမွန်တိုးစံ နားလေးတာကို
တိုးတိုးပြောပြီး မကြားရကောင်းလား၊ ခိုင်းတဲ့အတိုင်း မလုပ်ရကောင်းလားဆိုပြီး
ရစ်တော့တယ်။ အေးမွန်တိုးစံ ပျာပျာယာယာနဲ့ မေ့တတ်တာကို အခန်းထဲ ပစ္စည်းထားခဲ့ပြီး
ယူခဲ့ဖို့ တိုးတိုးမှာ ညစ်လာတော့တယ်။
တစ်နေ့ အခန်းထဲမှာ ဖုန်သုတ်တဲ့
အဝတ်စုတ်တွေ့လို့ ရစ်တဲ့ဧည့်သည်က ကောင်တာကို တိုင်ရော။ ယာမဂုချိစံက
အေးမွန်တိုးစံကို တရားခံနာမည်တပ် စွဲချက်တင်လိုက်တော့တယ်။ ဘိန်းထုပ်ပစ်
အမှုဆင်တာလေ။
ခွေးတောင်မှ ချောင်ပိတ်ရိုက်
ပြန်ကိုက်သေးတာ။ အေးမွန်တိုးစံလည်း ပြန်တွန်းတော့တာပေါ့။ စကားတွေ အကြီးအကျယ်များ၊
သူဌေးမနား နာရီမခြား ရောက်သွားလေတော့တယ်။
ယာမဂုချိစံ ပြန်သွားတော့
နားရက်ဖြစ်လို့ နားနေတဲ့ အေးမာကိုပါ လှမ်းခေါ်၊ သူဌေးမ အခန်းတံခါးပိတ် ပြောကြတာ
တစ်နာရီကျော် ကြာတယ်ဆို။
ဘာတွေပြောလဲ ဆိုတော့ ယာမဂုချိစံ
အနိုင်ကျင့် မတရားခိုင်းတာတွေ၊ သူ့ကျတော့ ပြီးစလွယ်လုပ်ပြီး အလုပ်ချိန်မှာ
တီဗီကြည့်၊ အောက်ဆင်း ဆေးလိပ်သောက်တာတွေ၊ နားရက်ကို မတရားလဲတာတွေ
ဖြစ်ကြောင်းရယ်တဲ့ ကုန်စင် နတ်သံနှော ရင်ဖွင့်ကြတော့တယ်တဲ့။
နောက်ဆုံး အဲဒီအမှုကို တရားသူကြီးမင်း
သူဌေးမ စီရင်ချက်ချ၊ ကျေကျေနပ်နပ် ပြီးသွားပုံများ အားလုံး တအံ့တသြ ဖြစ်ကြရတယ်။
နောက်တစ်ခါ ယာမဂုချိစံ မတော်မတရား
စော်ကားရင် ကောင်တာက အမျိုးသမီးတွေကို ပြောလိုက်တဲ့။ အမျိုးသမီးတွေက သူဌေးမဆီ
ဖုန်းဆက်ပေးမယ်။ သူဌေးမအိမ်က ဟိုတယ်နဲ့ နီးတော့ ချက်ချင်းလာခဲ့မယ်တဲ့။
ကဲ...အေးမွန်တိုးစံတို့ ဘက်ကကြည့်ရင်
သူဌေးမဟာ သူတို့အပေါ် နွေးထွေးကြင်နာပါပေတယ်။ အားကိုး ရပါပေတယ်လို့ ထင်စရာ
မဖြစ်ဘူးလား။
အားလုံး ဝမ်းသာကျေနပ်သွားကြတယ်လေ။
ဂျပန်က စားသောက်ဆိုင်တွေရဲ့
ထုံးစံတစ်ခုလို့ ပြောရမှာပဲ။ ရာသီအချိန်အခါအလိုက် စားစရာ ဟင်းပွဲ အမယ်
အသစ်ထုတ်တတ်ကြတယ်။
ကျုပ်တို့ ဟိုတယ်မှာလည်း အားကျမခံ
အမှုတစ်ခါဖြစ်ရင် သူဌေးမရဲ့ အမိန့်သစ်တစ်ခု ထွက်လာ တတ်တယ်။ သူဌေးမ
အမိန့်ထုတ်ကြမ်းတာများ ကျုပ်တို့ အမိန့်ပုံကြီးထဲမှာ ခေါင်းလေးပဲ ပေါ်တော့တယ်ဆို။
အခန်းထဲ သန့်ရှင်းရေး ပြီးသွားရင်
တစ်ယောက်က နောက်တစ်ခန်းမှာ ဖုန်သွားစုပ်နေချိန် ကျန်တဲ့နှစ်ယောက်က အခန်းကို
ပိုက်စိပ်တိုက်စစ်၊ အားလုံးအိုကေမှ အခန်းတံခါး ပိတ်ရမယ်ဆိုတဲ့ အမိန့်သစ်။
အရင်လို တစ်ယောက်တည်း ပလပ်ပလပ်နဲ့
စစ်ပြီး တံခါးပိတ်ရင် စိတ်ဆိုးမယ်တဲ့။
နောက် ဖွတ်ကိုမိချောင်းလုပ်တဲ့
အမိန့်သစ်တစ်ခု နောက်ဆက်တွဲ ထွက်လာတယ်။ ယာမဂုချိစံကို မနက်ပိုင်း
သန့်ရှင်းရေးအဖွဲ့ ခေါင်းဆောင် ခန့်လိုက်တယ်။ အေးမွန်တိုးစံက ဒုတိယ
ခေါင်းဆောင်တဲ့။
ရယ်ရတယ်ဗျို့။ ရှိတာကမှ လူက လေးယောက်။
ခေါင်းဆောင်က တစ်ယောက်၊ ဒုတိယ ခေါင်းဆောင်က တစ်ယောက်ဆိုတော့ မထူးတော့ပါဘူး
သူဌေးမရယ်။ ခန့်လက်စနဲ့ ကျန်တဲ့ နှစ်ယောက်ကိုလည်း အရန်ခေါင်းဆောင် ခန့်လိုက်
ပြီးရော။ ဟုတ်တယ်၊ စိတ်တိုလာပြီ။
□
အေးအေးဆေးဆေး စဉ်းစားကြည့်တော့ သူဌေးမ
လူလည်ကျပြီး မျောက်အမြီးနဲ့ မျောက်ပြန်ချည်ပေးလိုက်တာလေ။
ကဲ... ခေါင်းဆောင်ကြီး ယာမဂုချိစံ
ပြဿနာတစ်ခု လုပ်ပါပြီ၊ ငြိပါပြီတဲ့။ သူဌေးမဆီ ဘယ်သူက တိုင်ဝံ့မှာလဲ။ တိုင်လို့ကော
တကယ်အရေးယူမှာမို့လား။
အများအမြင်မှာ သူဌေးမနဲ့ ယာမဂုချိစံ
ဆက်ဆံရေးက အမေရိကန်သမ္မတနဲ့ ဂျပန် ဝန်ကြီးချုပ်ဟောင်း ဆက်ဆံရေးမျိုး။
ဘော်ဒါတွေလို။
ဂျပန်မှာ ငယ်ငယ်ရွယ်ရွယ်၊ ပျိုပျိုအိုအို
ရောင်စုံ အမျိုးသမီးတွေ နီးစပ်ရာချင်း ပေါင်းစည်းထားတဲ့ ဟာဝိုင်ယီ အကအဖွဲ့
အများကြီးရှိတယ်။ ယာမဂုချိစံအဖွဲ့ကတဲ့ ပွဲတိုင်း သူဌေးမကို ဖိတ်ပြီး
ရင်းနှီးခင်မင်မှုကို စတင် မီးမွှေးခဲ့တယ်။ နောက် သူဌေးမနဲ့ စားသောက်ဆိုင် အတူသွား
တာတွေ၊ ခရီးအတူသွား၊ ရေနွေးအတူစိမ်တာတွေ ပြောလာတယ်။
ဟိုတယ်က ဝန်ထမ်းတွေရှေ့မှာ
ဘယ်ဝန်ထမ်းမှ စိတ်တောင်မကူးတဲ့ အပြုအမူ သူဌေးမကို ဖက်လှဲတကင်း လုပ်ပြလာတယ်။ ညဘက်
ဖုန်းဆက်စကား ပြောတာတွေလည်းပါတယ်။ ပြီးပြီ။
အများအမြင်မှာ သူဌေးမကို
သူပိုင်တယ်ဆိုတာ သိစေခဲ့တယ်။ ဘဝတူတွေထက် ခေါင်းတစ်လုံး ပိုမြင့်အောင် နေရာယူပြီး
ဆရာလုပ်ဖို့၊ အလုပ်မှာ သက်သာဖို့ အကြံနဲ့လာတဲ့ စနက်ပြန်မမကြီးလေ။
သူဌေးမကလည်း ရွှေချည်းထား အကောင်းသား။
ကြေးနီနဲ့ရောမှ မိုးကြိုးဖြစ်ဆိုသလို ယာမဂုချိစံ တဖြည်းဖြည်း ဆိုးလာ၊
အနိုင်ကျင့်လာတာ မသိမဟုတ်။ သိနေလျက်နဲ့ ယာမဂုချိစံဘက်က ကာစီး ကာစီးနဲ့။ ဒီလိုမဟုတ်ပါဘူး၊
ဟိုလိုမဟုတ်ပါဘူးနဲ့ အများပြောတဲ့ ဆိတ်ချေးတစ်ရာ၊ ယာမဂုချိစံပြောတဲ့
ဆင်ချေးတုံးလောက်မကြီးဘူး ထင်ခဲ့တာ၊ ထင်ခဲ့တာလေ။
ခုတော့ အများက ဖြစ်ကြောင်းရယ် ကုန်စင်
နတ်သံဝိုင်းနှောတော့မှ အေးမွန်တိုးစံတို့ကို ကယ်တင်မယ့် စူပါမင်း သူဌေးမရဲ့
အားပေးစကား ဖွတ်ကို မိချောင်းလုပ်လိုက်တဲ့ အမိန့်သစ်ဟာ မြို့ဝန်မင်းကယ်မှ
ထောင်လုံးလုံး ကျသွားလေတော့တယ်။
□
ဖွတ် မိချောင်းဖြစ်တော့
မြစ်နာပြီပေါ့။
သူဌေးမရဲ့ မနက် ၈း၄၅
ဝင်ရမယ်ဆိုတဲ့အမိန့်ကို ယာမဂုချိစံက ၈း၃ဝ လို့ အမိန့်သစ်ထုတ် ပြောင်းလိုက်တယ်။
ခပ်တည်တည်ပဲ။
ပိုက်ဆံလည်း မရဘဲနဲ့ ဆယ့်ငါးမိနစ်
စောလာရမယ်ဆိုတဲ့ ခေါင်းဆောင်ကြီးရဲ့ အမိန့်သစ်ဟာ ဒုခေါင်းဆောင်နဲ့ အရန်ခေါင်းဆောင်
နှစ်ယောက်အတွက်တော့ ရွှေစိတ်တော် ညှိုးနွမ်းစေခဲ့လေတယ်။
အမိန့်သစ်ကြောင့် အပိုထွက်လာတဲ့
ဆယ့်ငါးမိနစ်ကို ဟိုတယ်ဝန်းကျင် ကားပါကင်တစ်ဝိုက် သန့်ရှင်းရေးလုပ်၊ ခေါင်းဆောင်တစ်ယောက်ရဲ့
အရည်အချင်းတစ်ခုကို စတင်ဖွင့်လှစ်ပြ လိုက်တော့တယ်။
ငိုချင်တုန်း အမှိုက်ဝင်၊
ခေါင်းဆောင်လိုင်စင်ရ ယာမဂုချိစံရဲ့ မျက်နှာထားဟာ ပိုမို တင်းမာလာပြီး
အမိန့်ပေးသံဟာလည်း ပြင်းလို့လာလေတော့တယ်။ ရည်းစားကြီးနဲ့ အဆင်မပြေတဲ့ ရက်များဆို
အားလုံးဟာ မုန်တိုင်းက သယ်ဆောင်လာတဲ့ မြစ်ရေပြင် စိုးရိမ်ရေမှတ်ကျော်တော့မှာကို
စိုးတထိတ်ထိတ် ကြည့်နေရသလိုမျိုး။
လုပ်ပြီးသားနေရာ မသန့်ဘူးဆိုပြီး
ပြန်လုပ်ခိုင်းတာက ရစ်တာ။
လက်ညှိုးတငေါက်ငေါက်ထိုး ဟိုဟာလုပ်၊
ဒီဟာ မလုပ်နဲ့၊ ဒီဟာရွှေ့၊ ဟိုဟာဟိုရွှေ့ခိုင်းတာက ရင့်တာ။
ကြက်မွေးတံမြက်စည်း တဒေါက်ဒေါက်ခေါက်၊
ဒီမှာ... ဒီဟာ... ညွှန်ပြခိုင်းတာက ရိုင်းတာ။
အဘိုးကြီး၊ အဘွားကြီးတွေ
ခံတွင်းတွေ့တဲ့ ခပ်ရင့်ရင့် စကားလုံး 'မဟုတ်ဘူး' အဓိပ္ပာယ်ရတဲ့ 'ဒါမဲ' စကားကို
မြင်းအီးပေါက်သလို အဆက်မပြတ် ပြောနေတာက ရောဂါ။
ကျုပ် တစ်ပတ်တစ်ရက်၊ တစ်ရက်မှာ မိနစ်ပိုင်းသာ
မြင်တွေ့နေရတဲ့ အနိုင်ကျင့်၊ ဆရာလုပ် ပြကွက်ကြမ်းတွေကြောင့် ခံပြင်းမွန်းကျပ်မှု
ခံစားခဲ့ရသေးတာ။
ရက်ပေါင်းများစွာ၊ နာရီပေါင်းများစွာ
အတူလုပ်နေရတဲ့ သူတို့အတွက်ကတော့ ဘာပြောစရာ လိုတော့မလဲဗျာ။
□
'စိုးမိုး အတတ်နိုင်ဆုံး
သည်းခံခဲ့ပါတယ် ကိုမော်ရယ်။ ဒါပေမယ့် သူ့ဟာက ဘဝတူ အလုပ်သမားချင်း အနိုင်ကျင့်
ပြောဆိုတာများ ခပ်ဆိုးဆိုးအိမ်ရှင်က အိမ်ဖော်ကို ပြောဆိုခိုင်းနေသလိုမျိုး။
ကြာလာတော့ မနက်အလုပ်လာဖို့တောင် ကြောက်နေကြပြီ။ သူနဲ့အတူ ဆင်းရတဲ့ရက်တွေဆို
အဆိုတော်တွေ သီချင်းဆိုနေရင်းနဲ့ အသက်ခိုးရှူရသလိုမျိုး အသက်တောင် ဝဝမရှူခဲ့ရပါဘူး
ကိုမော်ရယ်'
'အေးဟာ...
သူခေါင်းဆောင်ဖြစ်မှ ပိုဆိုးလာတာ။ အစ်ကိုလည်း တွေ့နေမြင်နေရပါတယ်။ ဝင်ပြောရင်
ပြဿနာဖြစ်မယ်။ ပြဿနာဖြစ်ရင် စိုးမိုးတို့အပေါ် ပိုမဲလာမှာစိုးလို့ မသိ၊ မမြင်ချင်
ယောင်ဆောင်နေရပါတယ်။ စိတ်ထဲကတော့ ဘယ်ကောင်းပါ့မလဲ။ အေးဟာ... ထွက်တာပဲ ကောင်းပါတယ်'
'အလုပ်တွေ အများကြီးပါ
ကိုမော်။ ဒီအလုပ်ကိုလည်း အိမ်နဲ့နီးတာရယ်၊ ကိုမော် သွင်းပေးထားတဲ့ အလုပ်မို့
လုပ်တာ။ ဘယ်လောက်မှ မရှိသေးဘူး ထွက်သွားရင် မကောင်းဘူးဆိုပြီး သည်းခံခဲ့တာ။ ခုတော့
ဘယ်လိုမှ ဆက်လုပ်လို့ မဖြစ်တော့လို့ ကိုမော့်ကို အရင်ပြောတာပါ။ အေးမာလည်း
နောက်လကုန် ထွက်တော့မယ်တဲ့ ကိုမော်'
'ဟေ'
မထင်မှတ်တဲ့ စကားမို့
ကျုပ်အံ့သြခဲ့ရပါတယ်။ မပြန်မချင်း ဒီမှာပဲလုပ်မယ်ဆိုပြီး ပြုံးပြုံး ပြုံးပြုံးနဲ့
လုပ်ခဲ့တဲ့သူတောင် ထွက်တော့ မယ်ဆိုတော့ ကောင်းတာပေါ့။ စိုးမိုးနဲ့ ယာမဂုချိစံ
စကားများခဲ့ရတဲ့ ကိစ္စကလည်း ဂျူးဂျူးကို လုပ်သလိုမျိုး ဖုန်စုပ်ပြီးတာကို
မစုပ်ရသေးဘူးဆိုပြီး ပြန်လုပ်ခိုင်းခဲ့တာ။ ရင့်တာ။
'အေး... ထွက်ပလေ့စေ။
ဝဋ်ကျွတ်တာပေါ့။ စိုးမိုးလည်း အစ်ကို့ကို ဘာမှ အားနာနေစရာ မလိုဘူး။ မနက်ဖြန်
သူဌေးမနဲ့တွေ့ရင် အစ်ကိုပြောလိုက်မယ်။ စိုးမိုးကို ဘာဖြစ်လို့ ထွက်တာလဲလို့ သူဌေးမ
လာမေးရင် ယာမဂုချိစံနဲ့ အတူမလုပ်နိုင်လို့ ထွက်တယ်ပဲပြော သိလား။ အစ်ကိုလည်း
အဲဒီလိုပဲ ပြောလိုက်မယ်'
ဟုတ်တယ်၊ မတရား
အနိုင်ကျင့်ခံခဲ့ရတာတွေ များပြီ။
အောင်မြင်စွာ ဆုတ်ခွာခြင်း
မဟုတ်တာတောင်မှ အရှုံးပေး ပြေးတယ်ပဲ ဆိုစေဦးတော့ ဘယ်ရမလဲ။
တစ်ချက်လောက်တော့
နောက်ပြန်ပစ်ခဲ့သေးတယ်ဗျို့။
□
ကျုပ်နဲ့စိုးမိုး၊ အေးမာတို့မှာ
ဗီဇာဆိုတဲ့ အဆောင်အယောင်ကြီး မရှိဘူး။ မောင်တိုးနဲ့ နေ့လယ်ဘက် ကျုပ်နဲ့ အတူလုပ်တဲ့
မေနွယ်ဆီမှာ ရှိတယ်။
ကျုပ်တို့ အားနည်းချက်ကို ဟိုတယ်က
အားလုံးသိတယ်။ ဗီဇာရှိခြင်း၊ မရှိခြင်းဟာ သူတို့ခေါင်းထဲမှာ မရှိဘူး။
အလုပ်လုပ်တယ်၊ ကူညီတတ်တယ်၊ ကြင်နာတယ် ဆိုတာပဲ သူတို့ခေါင်း ထဲမှာ ရှိတယ်။
ဒါပေမယ့် သူများ အားနည်းချက်ကို
ထောက်ပြီး အနိုင်ကျင့်ချင်တဲ့ ယာမဂုချိစံ ခေါင်းထဲမှာတော့ ရှိတယ်။
ဗီဇာမရှိတဲ့သူတွေ ခန့်ထားတာ ရဲက သိရင်
မလွယ်ဘူး။ သူဌေးမ ဒုက္ခရောက်မယ်ဆိုတဲ့စကား အေးမွန်တိုးစံကို ပြောတာ
အေးမာကြားခဲ့ရတယ်။
နောက် စိုးမိုးနဲ့အေးမာကို
စာတိုက်ပုံးထဲမှာ ဗီဇာမရှိဘဲ အလုပ်လုပ်တဲ့ ဝန်ထမ်းတွေ ဟိုတယ်မှာ ရှိမရှိ ရဲစခန်းက
ပေးထားတဲ့စာတွေ တွေ့လို့ သူဖျောက်ဖျောက်ပစ်၊ ပစ်နေရတာ နှစ်ခါ၊ သုံးခါ ရှိပြီတဲ့။
သူမို့ အရှက်မရှိ ကယ်တင်ရှင်
မျက်နှာဖုံးစွပ် ပြောရဲလေရဲ့။ ဟိုတယ်အဝက စာတိုက်ပုံးကို သော့ခတ်ထားပြီး ညနေ ၆
နာရီလောက်မှ ကောင်တာက အမျိုးသမီးတွေ သွားယူ၊ သူဌေးမ စားပွဲပေါ် တင်ပေးရတာ။
သူနဲ့စာက အဝေးကြီး။ နောက် ဟိုတယ်ကို
လာတဲ့စာ သူက ဖျောက်ဖျက်ပစ်လို့ ရရိုးလား။ ဝရဇိန်လက်နက်နဲ့ အဆော်ခံရတာကမှ
သက်သာဦးမယ်။
ဘာဖြစ်လို့ သူများအားနည်းချက်ကို
ပြောနေရတာလဲဆိုတော့ သူ့မှာလည်း အားနည်းချက်ရှိလို့ ဖြစ်ပေလိမ့်မယ်။
အနိုင်ရလိုမှု၊ အသာရလိုမှုအတွက်
လုပ်ခဲ့တာတွေဟာ တစ်ချိန်မှာ သူ့ရဲ့ အားနည်းချက်တွေ ဖြစ်ပေတော့မယ်။
□
အများအမြင်မှာတော့ သူဌေးမနဲ့
ယာမဂုချိစံ ခင်မင်ရင်းနှီးလို့ သူဌေးမက ကာဆီး၊ ကာဆီးလုပ်နေတယ်၊ လွှတ်ထားတယ်
ထင်ကြပေမယ်။ မဟုတ်ဘူး။ သူဌေးမ စိတ်ဓာတ်ကို ကျုပ်သိတယ်။ သူ့အကျိုးစီးပွားထိမယ့်
ကိစ္စမျိုး လုံးဝအဖြစ်ခံမယ့်သူမဟုတ်။ အလျှော့အတင်း လုပ်ကာကွယ်မယ့်သူ၊
အမိန့်ထုတ်ကာကွယ်မယ့်သူ။
ယာမဂုချိစံ ခုလို ထောင်ထ၊ ထကြွနေတဲ့ပုံက
ရင်းနှီးမှုကို အခွင့်ကောင်းယူ လုပ်တာထက် ပိုနေပြီ။ သူ့ကြောင့် တစ်ယောက်ပြီး
တစ်ယောက် ထွက်သွားရတာ သူဌေးမအတွက် အများကြီး ထိခိုက်ခဲ့ရပေပြီ။
ထွက်သွားတဲ့ ဝန်ထမ်းနဲ့ အရည်အချင်းတူ
နောက်တစ်ယောက် ပြန်ရဖို့ဆိုတာ လူခေါ်ကြော်ငြာစရိတ်၊ လူပိုခေါ် သင်ပေးရတဲ့ စရိတ်တွေ
ပေါင်းရင် ဝန်ထမ်းရဲ့တစ်လခလောက် ရှိပေမယ်။
ဒါကို သူဌေးမ ဘာဖြစ်လို့
သည်းခံနေရတာလဲ။ မှတစ်ပါး အခြားမရှိတော့ပြီ။ သူဌေးမရဲ့ အားနည်းချက်ကို
ကိုင်ထားနိုင်ပြီဆိုတာ နတ်မေး၊ ဗေဒင်မေးစရာပင် လိုတော့မယ် မထင်။
□
စိုးမိုး ထွက်မယ်ပြောပြီး
နှစ်ပတ်လောက်အကြာမှာပဲ အေးမာလည်း ထွက်တော့မယ်ဆိုတာ ပြောလိုက်လေရဲ့။
လူရှာပေးဖို့ ကိစ္စပြောရင်း သူဌေးမနဲ့
ကျုပ်စကားတွေ အများကြီး ပြောဖြစ်ကြတယ်။
'စိုးမိုးစံနဲ့ အေးစံနေရာမှာ
လုပ်မယ့် မြန်မာမိန်းကလေး ရှိလား မော်စံ'
သံစဉ်တူ စာသားကွဲ ဓာတ်ပြားဟောင်းတစ်ချပ်
ဖွင့်သံကြားလိုက်ရတယ်။ လာတော့မယ်ဆိုတာ သိနေလို့ စဉ်းစားထားတဲ့ အကြီးကို
တိုက်တစ်လုံး၊ အငယ်ကို တိုက်ခန်းတစ်ခန်း ပေးပါမယ်ဆိုတဲ့ စကားမျိုး
ကျုပ်ပြောလိုက်မိတယ်။
'ခု အဖမ်းအဆီးများလို့ လူတွေ
သိပ်မရှိကြတော့ဘူး။ ပြန်တဲ့သူလည်း ပြန်ကုန်ကြပြီ။ ရှာမယ်ဆိုရင်တော့ ရမယ်ထင်တယ်။
ချက်ချင်းရဖို့တော့ မလွယ်ဘူး။ နောက် မြန်မာအမျိုးသမီးတွေ မလုပ်စေချင်တော့ဘူး'
'ဘာဖြစ်လို့လဲ၊
ပင်ပန်းလို့လား'
'အလုပ်ပင်ပန်းတာ ငါတို့က
ဂရုမစိုက်ပါဘူး။ စိတ်ပင်ပန်းတာကိုတော့ မခံချင်ကြဘူး။ လူရှာ ထပ်ထည့်လည်း
ဟိုအမျိုးသမီးကြောင့် စိတ်ညစ်ပြီး ထွက်ဦးမှာပဲ'
ကျုပ် ဆွဲတင်ပြောလိုက်တဲ့
ဟိုအမျိုးသမီးကြောင့် ဆိုတဲ့စကား သူဌေးမ သိနားလည်လေရဲ့ထင်။ ဘယ်သူလဲဆိုတဲ့ အမေးစကား
ထွက်မလာဘဲ ကျုပ်ကို အကြာကြီး စိုက်ကြည့်နေလေရဲ့။ မျက်နှာ ပေါ်မှာလည်း အသိရခက်တဲ့
အရိပ်တွေထင်းလို့။
'မြန်မာမိန်းကလေး
ဗီဇာရှိတဲ့သူကော ရှာလို့မရဘူးလား မော်စံ'
'ပိုခက်တယ် သူဌေး။ ရရင်လည်း
ဗီဇာရှိတဲ့သူဆိုတော့ မကြိုက်တာတွေ့ ချက်ချင်းထွက်သွားမှာ။ ငါတို့လို
အကြာကြီးသည်းခံနေမှာ မဟုတ်ဘူး'
ကျုပ်စကားအဆုံး အခန်းကလေးထဲ
တိတ်ဆိတ်သွားပြီး နံရံက စီကိုနာရီ စက္ကန့်တံရဲ့ ပတ်ချာလည် ပြေးလွှားနေသံက
မင်းမူလို့ နေတော့တယ်။
ကျုပ် ယာမဂုချိစံကို မမုန်းပါဘူး။
သူနဲ့ ဘာရန်ငြိုးမှလည်း ရှိခဲ့တာမဟုတ်ပါဘူး။ ဒါပေမယ့် သူနဲ့ တွဲလုပ်နေရတဲ့သူတွေ၊
နောက်လာမယ့်သူတွေကို ကျုပ် သနားမိပါတယ်။ သူ တစ်ယောက်ကြောင့်...။
တင်လက်စနဲ့ ဆက်တင်ဖို့ ကျုပ်
ဆုံးဖြတ်လိုက်မိတယ်။
'သူဌေး... ငါ တစ်ခု ပြောပါရစေ။
စိုးမိုးနဲ့ အေးမာထွက်သွားပြီးရင် ဗီဇာမရှိတဲ့ သူ ငါပဲ ကျန်တော့မယ်။ ငါလည်း
ဒီနှစ်ကုန်ပြန်တော့မှာမို့ ငါ့နေရာမှာ ဗီဇာရှိတဲ့သူ ရှာထည့်ပေးခဲ့ပါမယ်။ အစက
ဗီဇာရှိခြင်း၊ မရှိခြင်းကို ဂရုမစိုက်ဘဲ ငါ့ကို အလုပ်ခန့်ခဲ့တယ်။ နောက်
ငါနဲ့ပတ်သက်ပြီး လူတွေဝင်လာတယ်။ အဲဒီကျေးဇူးကို ငါ ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။
သေချာတော့ ငါ မသိဘူးပေါ့ နော်။ ခု သူဌေးမှာ ဗီဇာနဲ့ ပတ်သက်ပြီး စိတ်ညစ်စရာတွေ
တွေ့နေရတယ်လို့ ထင်မိတယ်။ တကယ်ဟုတ်နေရင် ငါ မရှိတော့တဲ့အခါ အဲဒီ ပြဿနာဟာ
ပြီးဆုံးသွားပါပြီ သူဌေး'
စကားအဆုံးမှာ မျက်လွှာချ ခေါင်းငုံ့လိုက်မိတယ်။
သူဌေးမရဲ့ အကြည့်တွေကတော့ ကျုပ်ရဲ့မျက်နှာပေါ်မှာ ရှိနေဦးမယ်ဆိုတာ။
'မော်စံ... ဟိုတယ်မှာ
အလုပ်သမားတွေ မမြဲဘဲ ဝင်လိုက်၊ ထွက်လိုက်ဖြစ်နေတာ ငါ သည်းခံခဲ့ရတာ ကြာပြီ။
အဲဒီကိစ္စ ငါဆက်ပြီး သည်းမခံချင်တော့ဘူး။ ခေါင်းကိုက်လှပြီ။ ငါ့မှာ တခြား
လုပ်စရာတွေ အများကြီး ရှိတယ်။ အလုပ်သမားတွေ မမြဲတဲ့အကြောင်း ငါ မသိဘူး မဟုတ်ဘူး။
သိတယ်။ ဘာကြောင့် သည်းခံခဲ့ရတာဆိုတော့ ဟုတ်တယ်၊ မော်စံပြောတဲ့ ဗီဇာကြောင့်ပဲ။ အဲဒီ
ဗီဇာကို အကြောင်းပြပြီး ငါ့ကို ထောက်တဲ့လူ ရှိနေတယ် မော်စံ။ ငါ့မှာ ရွေးစရာ
နှစ်ခုပဲ ရှိတယ်။ မော်စံတို့ကို ဖြုတ်မလား၊ သူ့ကို လွှတ်ထားမလား။ ငါ မော်စံတို့ကို
မဖြုတ်ရက်ဘူး။ မော်စံတို့ ဘဝကို ငါ သိနားလည် တယ်'
'ကျေးဇူးတင်ပါတယ် သူဌေး'
ကျုပ်ရင်ထဲက စကားတစ်ခွန်း ရုတ်တရက်
ထွက်သွားလေရဲ့။
သူဌေးမ ကျုပ်ကို လက်ကာပြလိုက်ရင်း...
'ကျေးဇူးတင်စကား ပြောစတမ်းဆို
ငါက ပိုပြောရမှာပါ။ မော်စံတို့အားလုံး ငါ့ အပေါ်ရော၊ ငါ့အလုပ်ပေါ်ရော
စေတနာထားခဲ့ကြတယ်။ အထူးသဖြင့် မော်စံ၊ ငါ့အတွက် လိုအပ်တဲ့လူ ရှာပေးခဲ့၊
ကူညီခဲ့တာဟာ ကျေးဇူးအလွန်တင်ရပါတယ် မော်စံ'
သူဌေးမရဲ့ စကားကြောင့် ကျုပ်ရင်ထဲ
ဝမ်းသာ၊ ဝမ်းနည်း ခံစားလိုက်ရတော့တယ်။
'အလုပ်မှာ အလုပ်သမားတွေ
မြဲဖို့ အများအတွက် ငါ ဘာလုပ်ရမယ်ဆိုတာ ငါ နားလည်ပါတယ် မော်စံ။ ငါ လုပ်မှာပါ။
ကျေးဇူးအထူးတင်ပါတယ် မော်စံ'
□
ကိုယ်တင်သည့် စစ်ကဲကိုယ်ပြန်ချ၍
ရမရတော့ မသိ။ ဘယ်အရာမှ မမြဲဆိုတဲ့ တရားသဘောကို သိနားလည်လိမ့်မယ်တော့ မထင်။
ညင်သာစွာ ပြောင်းလဲလာတဲ့ ရာသီအပြောင်းနဲ့အတူ အကောင်းဆုံး ခံစစ်မှ ပြန်လည်
ထိုးစစ်ဆင်လာတော့မယ်ဆိုတာ သိနားလည်ခဲ့ရင်ဖြင့်...
အချိန်မီပါသေးတယ် ယာမဂုချိစံ၊
အချိန်မီပါသေးတယ်။
▀
ကိုဆေး ၊ပစိဖိတ်ကမ်းခြေ၊
(အမှတ် ၂၀၇၊
ဖေဖော်၀ါရီလ၊၂၀၀၇ ရွှေအမြုတေမဂ္ဂဇင်း။)
ကျွန်တော် စာတစ်စောင်လောက် ရေးခဲ့ချင်တယ်... ဒါပေမဲ့ ကျွန်တော် ဘယ်သူ့ဆီ ရေးရမယ်... အဲဒါကို မသိဘူး... ဖြစ်နေတယ်... သွားဖို့အချိန်ကလည်း မြန်မြန်ကြီး နီးလာနေတယ်... ကျွန်တော် ဘယ်သူ့ဆီ စာရေးရမလဲ... သိရင် ပြေ...
ဝါးကိုဖောင်ဖွဲ့၍ ချင်းတွင်းမြစ်အတိုင်း စုန်ဆင်းလာရသည့် အလုပ်မျိုးကို တစ်ချိန်တွင် တာဝန်ယူရမည်ဟု ကြိုတင်တွက်ဆထားလို့သာ ဘွဲ့ရပညာတတ်မာနကို ခဝါချနိုင်ခဲ့သည်။
ဒေါ်ဒေါ်မိနဲ့ မမပို့တို့ကို ကန်တော့မလို့ လုပ်တုန်း မောင်မောင်ကဖြင့် ပုဆစ်ဒူးတုပ် ထိုင်နေပြီ အောင်အောင်က ရေပုံးကြီးနဲ့ ရုတ်တရက် ထွက်လာပြီး မမပိုကို ဝုန်းခနဲ လောင်းချလိုက်တယ်