ရွှေဝတ္ထု

အချစ်လက်ကျန်ရှင်းတမ်းထဲက အလွမ်းမြီစား

ခြိမ့်သဲ

01 October 2026
အချစ်လက်ကျန်ရှင်းတမ်းထဲက အလွမ်းမြီစား
Share to

            ပဲ့ကွပ်နှင့် ပေါက်ပြီးသား ဝါးခြမ်းအဖျားပိုင်းကို ကပ်ခုတ်သည့် ငုတ်ပေါ်မှာ တင်သည်။ ဓားပြားဖြင့် ဗြန်းခနဲ ဗြန်းခနဲ ရိုက်လိုက်သည်။ ဘယ်ခြေစောင်းလေးဖြင့် ဖိ၍ ဓားရာပေးသည်။ ဓားဖြင့် လွှာသည်။ လွှာ၍ ရလာလျှင် ဘယ်လက်ဖြင့် အလိုက်သင့် ဆွဲခွာသည်။ အလွှာမပါးစေရန် ဓားဖြင့် လှီးတန်လှီး၊ ဖြတ်တန်ဖြတ်၊ ကော်တန်ကော်၊ ကလော်တန် ကလော်။ အဆစ်တိုင်း ဓားကူပေးရသည်။

            ညာခြေထောက်က အောက်အလွှာကို နင်းသည်။ ဘယ်ခြေဖြင့် ဝါးခြမ်းမရွဲ့ မစောင်းအောင် ထိန်းသည်။ ခြေရော၊ လက်ရော ဘယ်ဘက်ကမျှ မသက်သာ။ တစ်ဖက်ဖက်က တာဝန်ယူမှု အားနည်းလျှင် အားနည်းသလို သိသာသည်။ အထူအပါးညီတော့မည် မဟုတ်။ ဘေးက ရပ်ကြည့်နေသော မောင်သောင်းအဖို့ အံ့သြပြီးရင်း အံ့သြနေမိသည်။

            ဝါးမာကျောကျောကို အားနှင့်မာန်နှင့် ဓားကိုဝင့်၍ လုပ်ကိုင်သူက ထွားထွားမားမား ယောကျ်ားသားဆို ထားပါတော့။ ခုတော့ တောင်တွင်းကြီးသား စာဆိုတော် ဦးကြော့၏ စာချိုးကို ပြေး၍ အမှတ်ရမိသည်။

ယဉ်တနဲ

ဆင်ကွဲပိုကရိုနဲ့

နဂိုကို အလွန်ချောသမို့ကွယ်

တောနဲ့မတန်။

□

'ဒီမဲတင်းခါးဝါးက စိန်နန်းဝါးတွေ မဟုတ်လား။ ညောင်ပင်သာ၊ ထမံသီဝါးတွေထက် စိန်နန်းဝါးက အဆစ်လည်း ပိုကျဲတယ်။ အသားလည်း ပိုထူတယ်'

'ရှင်'

ကောင်မလေးက သူစိမ်းယောကျ်ားသားတစ်ဦး၏ တရင်းတနှီးလေသံဖြင့် ပြောဟန်ဆိုဟန်ကို အံ့သြ၍ နေသည်။ ဒူးဆစ် နီးပါး လန်တက်နေသော လုံချည်ကို ကပျာကယာ အောက်ဆွဲချသည်။ ဖြူနု နေသောအသား ဝါညက်ညက် လက်မောင်းသားလေးက ဓားကိုင်ဖို့ မကောင်း။ ဝါးကိုင်ဖို့ မကောင်း။ မြို့ ကြီးသူသာဆို မွေးညင်းရှိန်းရှိန်းလေးတွေနှင့် တသွေးတမွေး ဖြစ်၍နေပေလိမ့်မည်။

            'ဘယ်သူ့ကို တွေ့ချင်လို့ပါလဲရှင်'

            အပြောအဆိုကအစ တောမှာမွေးသော တောသွေးမဟုတ်။ လေယူလေသိမ်းက မြို့ကြီးသူဆန်သည်။ ခံတောရွာသူမှ ဟုတ်ပါလေစ။

            'ပွဲစား ဦးထွန်းဝင်းအိမ်က ဒီအိမ်ပဲလား'

            'မဟုတ်ဘူးရှင့်။ မြောက်ဘက်ကပ်လျက် အိမ်ပါ။ ကျွန်မ လိုက်ပို့ပါ့မယ်'

            လုံချည်ကို မသိမသာ ခါ၍ ထရပ်သည်။ သွယ်နွဲ့ဖြူနုသော ကောင်မလေး၏ အရပ်အမောင်းသည် သူ့ပခုံးစွန်းကို ကျော်နေသည်။ ရှေ့ သွားနောက်လိုက် ညီနေပါ ပေါ့လားဟု မရဲတရဲ တွေးနေမိသည်။ သူမ၏နောက်မှ လိုက်ပါရသောအခါ လှပညွတ်နွဲ့သော ကိုယ်နေဟန်ထား နုပျိုလန်းဆန်းမှုများက ရင်တဖိုဖို အသည်းတအေးအေး ရှိလှသည်။

            'ဦးထွန်းဝင်း ဧည့်သည်'ဟု အသံပြုကာ သူ့ကို လည်စောင်းငဲ့ ကြည့်ဟန်ကအစ သိမ်မွေ့နုရွနေသည်။

            'ဦးထွန်းဝင်း ရွာထဲ သွားနေတယ်။ ခေါ်ပေးမယ်။ မူနွဲ့အိမ်မှာပဲ ဧည့်ခံထားပါလား'

            'ဟောတော့... ဧည့်သည်ကို ဒီအတိုင်း ပစ်ထားတော့မှာလား'

            'ပစ်မထားချင်လို့ ညည်းအိမ်မှာ စကားပြော ဖော်ရအောင် ဧည့်ခံထားဖို့ ပြောတာ။ အိမ်မှာ ဘယ်သူမှရှိတာ မဟုတ်ဘူး'

            'လုပ်ပြီ၊ ဒေါ်ခင်လုံကြီးကတော့'ဟု စူပွပွပြောကာ သူ့ဘက်လှည့်လာတော့ အချိုးပြင်သည်။ ငြူစူသလို မူပိုပို။

            အလိုက်သိသိ သူလှည့်၍ ပြန်လာသည်။ ကောင်မလေးက သူ့နောက်ကျောကို စူးစမ်းသလို ကြည့်နေမှာပဲဟုတွေးရင်း နောက်ကျောမလုံသလို ခံစားရသည်။

            'ဟိုခုံမှာ ထိုင်ပါ။ ရေနွေး သောက်ပါဦး'

            ကပ်ခုတ်သည့် ထန်းရွက်တဲနှင့် မလှမ်းမကမ်းက ခုံရှည်အကြမ်းနှစ်ခုံနှင့် စားပွဲကြမ်းရှိရာ ညွှန်သည်။ ဘာတစ်ခွန်းမျှ မဆိုဘဲ ခုံရှည်ရှိရာ သွားပြီး အေးအေးလူလူ ထိုင်သည်။

            မကြာမီ ရေနွေးဗန်းငယ်တစ်ခု ရောက်လာသည်။ လက်ဖက်ခွက်တွင် အညာလက်ဖက်ကြမ်းနှင့် ချင်းရောရာကို ဆီရွှဲရွှဲဆမ်း၊ မြေပဲဆန်ကြော်၊ နှမ်းလှော်များ နိုင်းချင်း ဖြူးထားသည်။ မြင်ရုံနှင့် စားချင့်စဖွယ်။

            တောစရိုက်ပင် ဖြစ်သော်လည်း ကောင်မလေး၏ အမူအရာက မြို့သူဆန်သည်။ မြို့ဟန်နှောသည်။

            'သုံးဆောင်ပါဦး။ ဦးထွန်းဝင်း မကြာခင် ရောက်လာမှာပါ'ဟု သိမ်မွေ့စွာဆို၍ တစ်ဖက်ခုံရှည်တွင် မျက်နှာချင်းဆိုင် ဝင်ထိုင်သည်။

            'ဒီရွာက ကပ်ဝါးလုပ်ငန်းပဲ လုပ်ကြတယ်နော်'ဟု ပြောရင်း လက်ဖက်တစ်ဇွန်းကို ယူ၍စားသည်။ အကြမ်းပန်းကန်ထဲ ရေနွေးငှဲ့သည်။

            'ဟုတ်တယ်၊ ကပ်ဝါးလုပ်ငန်းတစ်ခုကိုပဲ အဓိကထား လုပ်ကြတာ'

            'စောစောက ကပ်လွှာပုံကို ကြည့်ရတာ တော်တော်ကျွမ်းကျင်တာပဲ'

            'လူမှန်းသိတတ်စကတည်းက ဝါးနဲ့ဓားကိုင်ခဲ့ရတယ်ရှင့်'

            ကောင်မလေး၏ လက်ဝါးပြင်သည် နူးညံ့နီမြန်းရမည့်အစား ခက်မာကြမ်းတမ်းနေမည်ကို အခြောက်တိုက် နှမြောသလို ရှိနေသည်။

            'ကျွန်တော်လည်း ဝါးနဲ့ငယ်ငယ်ကတည်းက ရင်းနှီးနေတာပါ။ ကျွန်တော်က ဖောင်းပြင်သားလေ။ ဟောဒီ အလုံခံတောကဝါးတွေ ကျွန်တော်တို့ ဖောင်းပြင်နယ်ထွက်ဝါးက ခပ်များများပဲ'

            'သြော်... ဖောင်းပြင်ကလား။ ဟုတ်တယ်။ ဖောင်းပြင်က ဝါးကိုပဲ အားကိုးနေရတာ'

            ကောင်မလေးနှင့် စကားထိုင်ပြောနေရမည်ဆိုလျှင် ဦးထွန်းဝင်း နောက်ကျမှ ရောက်လေ ကောင်းလေပဲဟု သဘောထားမိသည်။ ရေနွေးကြမ်းလေး တစ်ကျိုက်သောက်ရင်း ကောင်မလေး၏ အလှကို မြည်း၍နေမိသည်။

            'ဖောင်းပြင်နယ်က ကြမ်းတမ်း၊ ကတွန်၊ ဂွေးငူ ခဝဲ၊ မိုင်းချောင်း၊ သငါ၊ ယားပင်းရွာက တစ်ပင်ဝါးတွေ ထွက်တယ်။ ယားပင်းက ထွက်တဲ့ဝါးက အကောင်းဆုံး။ တကယ့် စံလွန်တွေချည်းပဲ'

            'စံလွန်ဆိုတာ ဘာလဲဟင်'ဟု ကောင်မလေးက စိတ်ဝင်တစား မေးလာသည်။ သူပြောချင်ရာ ပြောနေသည်ကို စိတ်ဝင်စားဖော်ရ၍ တော်သေးသည်။ ကောင်မလေးက လူမှုဆက်ဆံရေးအရ မကောင်းတတ်၍ မေးလာသည်လား မပြောတတ်။

            'ဝါးအရွယ်အစား ကြည့်ပြီး စံနှုန်းသတ်မှတ်ထားတာပါ။ စံနှုန်းအတိုင်း မကိုက်ညီတာကို စံမမီ၊ ကိုက်ညီတာကို စံမီ၊ စံမီရုံမကဘဲ ကောင်းလွန်းတဲ့ ဝါးကိုတော့ စံလွန်လို့ သတ်မှတ်တယ်။ ဈေးနှုန်းလည်း တစ်မျိုးစီပေါ့' ဟု ပြောကာ ရေနွေးကြမ်း တစ်ကျိုက်သောက်လိုက်သည်။

            'ဖောင်းပြင်နယ်က တစ်ပင်ဝါးတစ်မျိုးတည်း ထွက်တာပေါ့နော်'

            'မဟုတ်ဘူး။ တင်းဝါးလည်း ထွက်သေးတယ်။ နန်းနောင်ဂန္ဓမာ၊ သရက်ကုန်း၊ နန်းခမ်း၊ ကြမ်းတမ်း၊ ကွန်းတော စက်တောရွာတွေက ထွက်တယ်။ နန်းနောင်ဝါးက အကောင်းဆုံးဆိုပါတော့။ မော်လိုက်မြို့နယ်က ကြာအင်းနှင့်ယူး၊ ဟုမ္မလင်းမြို့နယ်က သဝံတို့၊ သောင်သွမ်တို့ကလည်း တင်းဝါးတွေ ထွက်တယ်။ ဖောင်းပြင်မြို့နယ်မှာ မဲတင်းခါးနဲ့ မျှင်ဝါးတော့ မထွက်ဘူး။ မဲတင်းခါးက ဟုမ္မလင်းမြို့နယ်က၊ မျှင်ဝါးက ကလေးဝမြို့နယ်က ထွက်တယ်'

            စကားများများ ပြောလိုက်ရ၍ မောသွားသည်။ အကြမ်းပန်းကန်ကိုယူ၍ သောက်သည်။ အကြမ်းပန်းကန်ထဲ ရေနွေးမရှိသည်ကို သူမသိ။ အကြမ်းပန်းကို ရှက်စနိုးချကာ ရေနွေးကြမ်းကို ထပ်ဖြည့်သည်။

            'ဝါးအကြောင်း ဒီလောက်သိနေရင် ဝါးနဲ့လုပ်စားတာ တော်တော်ကြာပြီ ထင်တယ်'

            'ဝါးနဲ့လုပ်စားဖို့ ခုမှကြံရွယ်တုန်းပါ။ ဝါးအကြောင်း သိနေတာက ဝါးအကြောင်း ဘွဲ့ယူစာတမ်း တင်ခဲ့ရလို့'

            ကောင်မလေးက သူ့ကို ကြည့်၍ရယ်သည်။

            'ဝါးအကြောင်း စာတမ်းတင်ကောင်းရုံ အချက်အလက် စုံအောင် ရှာဖွေထားတာလောက်နဲ့တော့ လုပ်စားဖို့ လွယ်မယ် မထင်ပါဘူးရှင်။ ရေနွေးမပါတဲ့ အကြမ်းပန်းကန်ကို မော့သောက်မိသလိုပဲ ရှိတော့မပေါ့'

            'ဗျာ'

□

            အလုံအောင်ဆိပ်သာ ဆိပ်ကမ်းတွင် ဝါးသမားတွေ တင်းကြမ်းပြည့်၍နေသည်။ ခါတိုင်းနေ့တွေနှင့် မတူ။

            'ဖောင်ဖွဲ့ရေးက သစ်တွဲဝါးတွေ မဲနှိုက်ပြီး ဝေနေတာလေ' ဟု ပြောသံကြားရသည်။

            အောင်ဆိပ်သာ ဆိပ်ကမ်း စားသောက်ဆိုင်တွင် လက်ဖက်ရည်သောက်အပြီး အောင်သောင်း ဝါးတွေ မဲနှိုက်ရာသို့ ထွက်လာခဲ့သည်။ ခံတောသူ ဖြူဖြူချောချော ရှိလေမလားဟူသော ရည်ရွယ်ချက်လည်းပါသည်။ အောင်သောင်းတို့ ဝါးဖောင်က ရောက်စဖြစ်၍ပွဲစားနှင့် စကားမဆိုရသေး။ ပွဲစားလက်မအပ်ရသေး။

            ကျွန်းမှအပ အခြားသစ်မာများသည် ရေတွင်ပေါ်နိုင်စွမ်းမရှိ။ ဝါးကို အောက်ခံထား၍ သစ်မာများကို ဖောင်ဖွဲ့သယ်ယူရသည်။ သစ်ဖောင်တစ်ဖောင်တွင် ဝါး ၄၈ ကတုံးသာ ပါသည်။ ဝါးတစ်ကတုံးလျှင် တစ်ပင်ဝါးဆို ၂ဝဝ၊ မဲတင်းခါးဆို ၁၅ဝ ပါသည်။ သို့ရာတွင် အရေအတွက် စေ့စေ့ငှငှ ပါသည်တော့ မဟုတ်။ ဖောင်ဖွဲ့ရေးအဖွဲ့က စံပြုထားသော ထုထည်အတိုင်းအတာနှင့် ကိုက်ညီသည့် ဝါးကတုံးအလိုက် ဝယ်ယူကာ သယ်ယူလာခြင်း ဖြစ်သည်။

            ဈေးလည်း သက်သာ၊ ပွဲစားခလည်း မပါသော သစ်တွဲဝါးတွေမှာ အောင်သောင်းတို့ ဖောင်ဖွဲ့စုန်လာသော ကုန်သည်ဝါးတွေလိုတော့ မလှပ။ တစ်ချိန်လုံး သစ်တုံးအောက်က ရေထဲမှာ စိမ်၍ လာခဲ့ရသောကြောင့် သစ်တွဲဝါးတွေက ပေပေရေရေ မည်းမည်းကြုတ်ကြုတ် ဝါးရုပ်နှင့်တောင် မတူ။

            အောင်သောင်းတို့ ကုန်သည်ဝါးတွေက ရေပေါ်မှာ အခန့်သား စုန်ဆင်းလာရ၍ အရောင်အဆင်း ပြောင်ဝင်းလျက် ရှိသည်။ ရောင်းပန်းလှသည်။ ဈေးရသည်။

            ဟော...တွေ့ပါပြီ။ အများကြီးထဲတွင် အများနှင့် မတူ၊ တစ်မူထူးခြားစွာ လှပနေသူ မူနွဲ့။ ရိုးရိုးလေး ဆင်ပြင်ထားသော်လည်း ယဉ်ယဉ်လေး လှနေသည်။

            'သစ်တွဲဝါးတွေ မဲနှိုက်လာတာလား'

            သူ့ကို ကြောင်ကြောင်လေး ငေးကြည့်နေသေးသည်။ ချက်ချင်းမမှတ်မိတာ အံ့သြစရာ မရှိပါ။ မူနွဲ့နှင့် တွေ့ရသည်မှာ လွန်ခဲ့သည့် နှစ်လခန့်က ဖြစ်ပြီး သူ့အပေါ် စိတ်ဝင်စားလောက်အောင် ဆက်နွယ်မှုများ မရှိနိုင်ပါ။ ပွဲစား ဦးထွန်းဝင်းရောက် မလာမီ စကားထိုင်ပြောဖူးတာပဲ ရှိသည်။

            သူကတော့ မူနွဲ့ကို တွေ့မြင်ပြီးနောက် ဘယ်တုန်း ဘယ်ခါ ဘယ်ကာလမျှ မမေ့နိုင်ပါ။ မူနွဲ့က ဝါးကို နိုင်နိုင်နင်းနင်း ကိုင်နိုင်သလို စကားကိုလည်း နိုင်နိုင်နင်းနင်း ပြောနိုင်သည်။ သူ့အားနည်းချက်ကိုပင် လွယ်လင့်တကူ ထောက်ပြကာ ရယ်ရယ်မောမော သောလွှတ်လိုက်သည်ကို မမေ့သေး။ မူနွဲ့ပြောသလိုပင် သူကလည်း ဝါးလောကကို အတော်ကြိုးကြိုးစားစား တိုးဝင်ခဲ့ရသည်တော့ မဟုတ်။ မိဘလက်ငုတ်လုပ်ငန်းကို အခန့်သား ဝင်လုပ်ရုံမျှသာ။ ထမင်းပြင်ပြီး လက်ဆေးစား သည့်ပမာမျှသာ။ အသက်အရွယ် ကြီးပြင်းလာပြီဖြစ်သော ဖခင်၏ အရိုက်အရာကို ဘွဲ့ရပညာတတ် အရွယ်ရောက်နေသော သူ့အနေဖြင့် ဆက်ခံရမည်မှာ တာဝန်တစ်ရပ်လို ဖြစ်နေသည်။

            တစ်ခုတော့ ရှိသည်။ ဖခင်၏လုပ်ငန်းက သူ တက္ကသိုလ်မှာ သင်ယူခဲ့သော မြန်မာစာ အဓိက ဘာသာရပ်နှင့်တော့ ခြားနားလှသည်။ ဝါးကိုဖောင်ဖွဲ့၍ ချင်းတွင်းမြစ်အတိုင်း စုန်ဆင်းလာရသည့် အလုပ်မျိုးကို တစ်ချိန်တွင် တာဝန်ယူရမည်ဟု ကြိုတင်တွက်ဆထားလို့သာ ဘွဲ့ရပညာတတ်မာနကို ခဝါချနိုင်ခဲ့သည်။ သည်အလုပ်ကလည်း ရုံးဌာနအရာရှိ တစ်ယောက်၏ လစာလောက်တော့ အသာကလေး ရနိုင်သည်မို့ ရုံးဌာနတွင် အလုပ်ဝင်ဖို့ မိဘကလည်း အားမပေး။ သူကိုယ်တိုင်ကလည်း အားမကျ။

            'ရုံးမှာ အလုပ်ရဖို့ဆိုတာ လွယ်တာ မဟုတ်ဘူး။ အင်တာဗျူးတွေ ဘာတွေ ဖြေရသေးတယ်။ ဖေဖေ့လုပ်ငန်းက သားအတွက် လျှောက်လွှာတောင်တင်ဖို့ မလိုဘူးလေ' ဟု ဖေဖေက ရယ်ကျဲကျဲ ပြောရင်း သူ့လုပ်ငန်းကို လက်လွှဲသည်။ ဘယ်သူနှင့် ဘယ်လို ဆက်ဆံ၊ ဘယ်လိုဈေးနှင့်ရောင်း စသည့်လုပ်ငန်းများကို ဖခင်က ဖအေ့ အရိုက်အရာ ဆက်ခံနိုင်အောင် ခရေစေ့တွင်းကျ ရှင်းပြသည်။ သိပ်အခက်အခဲကြီးတော့ မဟုတ်။

            ဖခင်ကတော့ သင်္ဘောနှင့် သွားပြီး အလုံမှာ ဝါးဖောင် မရောက်မချင်းစောင့်၊ ရောင်း၊ ပြန်လာဟု မှာသည်။ သူက လူငယ်၊ လုပ်ငန်းကိုလည်း တွင်ကျယ်ချင်သည်။ ဖောင်နှင့်အတူ လိုက်ကာ လုပ်ငန်းသဘာဝကို အရင်းအမြစ်ကျကျ လေ့လာသည်။ မေမေက အန္တရာယ်ရှိနိုင်၍ သဘောမကျသော်လည်း ဖေဖေက သဘောကျသည်။ လူငယ်ဆိုတာ ဒီလို စွန့်စားရဲရမှာပေါ့ဟု ပြောသည်။

            'ခံတောရွာက ပွဲစားဦးထွန်းဝင်းဆီ လာဖူးတယ်လေ'

            အောင်သောင်းက မူနွဲ့ အမှတ်ရအောင် ပြောပြသည်။

            'သြော်... မြင်ဖူးပါတယ်လို့ အောက်မေ့တာ။ ဝါးတွေ ရောင်းပြီးပြီလား'

            'မရောင်းရသေးပါဘူး။ ဒါပေမယ့် ပွဲစားနဲ့ စကားမပြောရသေးတာပဲ ရှိတာပါ။ မူနွဲ့လည်း သိမှာပါ။ ကျွန်တော်တို့က ပွဲစားလက်ထဲ ဝကွက်အပ်ရလေ့ရှိတယ်လေ'

            ချင်းတွင်းမြစ်ဆီ လှမ်း၍မျှော်ရင်း မူနွဲ့က တစ်စုံတစ်ခုကို တွေးတောနေဟန်တူသည်။ မြစ်ပြင်ကျယ်မှ လေပြည်အဆော့ဝယ် ဆံစမျှင်လေးတွေ ခပ်ရိုင်းရိုင်း ဝဲကျလာသည်ကို ကြည့်ကောင်းကောင်းနှင့် ငေးကြည့်နေမိသည်။

            'ဈေးကွက် စီးပွားရေးစနစ်ကို ဘယ်လိုမြင်သလဲ'

            'ဗျာ'

            'ပြောင်းလဲလာတဲ့ ဈေးကွက်စီးပွားရေးစနစ်ကိုပါ'

            စီးပွားရေး လောကထဲဝင်လာသည်မှာ လအတန်ကြာလာပြီမို့ ဈေးကွက်စီးပွားရေး စနစ်အကြောင်း စာထဲပေထဲတွင်လည်း ဖတ်ဖူးသည်။ လူပြောသူပြောအနေဖြင့်လည်း ကြားဖူးသည်။ လက်တွေ့နယ်ပယ်တွင်လည်း ကျင်လည်နေရသည်။

            'ပုဂ္ဂလိက လုပ်ပိုင်ခွင့်တွေ၊ လွတ်လပ်ကျယ်ပြန့်တဲ့ စီးပွားရေး သဘောတရားတွေ ပြောပြဖို့တော့လိုမယ် မထင်ပါဘူးနော်'

            'မူဝါဒ သဘောတရားတွေထက် လက်တွေ့လုပ်ငန်းကို ပိုစိတ်ဝင်စားပါတယ်။ ကျွန်မ ဝါးနဲ့ လုပ်ကိုင်စားသောက်နေတာ အစ်ကို သိပါတယ်နော်။ အစ်ကိုတို့လည်း ဝါးနဲ့လုပ်ကိုင်စားသောက်တာပဲ မဟုတ်လား။ ဒါပေမယ့် လုပ်ငန်းသဘာဝချင်းက ခြားနားတယ်။ အစ်ကိုတို့က ကုန်ကြမ်းဝါးကို ရောင်းဝယ်ဖောက်ကားတယ်။ ကျွန်မတို့က ကုန်ချောဖြစ်အောင် ဖန်တီးထုတ်လုပ်ရောင်းချတယ်။ ဈေးကွက် စီးပွားရေးစနစ်အရ နှစ်ဦးနှစ်ဖက် ပူးပေါင်းပြီး လုပ်ငန်းဆောင်ရွက်တဲ့ အစဉ်အလာတော့ ဒီမှာ မထွန်းကားသေးဘူး'

            စီးပွားရေးသမား တစ်ယောက်အဖို့ တစ်ဖက်က ဘာကိုရည်ရွယ်၍ ဘယ်ကို ရည်မှန်းပြီး ဘယ်လို လမ်းစထွင်သည်ကို သာမန်သူထက် သိလွယ်မြင်လွယ်သည်။ အကွက်လည်း မြင်သည်။  အကွက်ဝင်အောင်လည်း သိမ်းသွင်းတတ်သည်။

            'မူနွဲ့က ကုန်ကြမ်းရောင်းသူနဲ့ ကုန်ချောဖန်တီးသူ ပူးပေါင်းပြီး အကျိုးတူလုပ်ငန်း ဆောင်ရွက်ချင်လို့လား'

            'မှန်တာပေါ့ရှင်။ ဒါကလည်း တစ်ဦးနဲ့တစ်ဦး ယုံကြည်မှု၊ နားလည်မှုက အဓိကကျပါတယ်။ ကျွန်မတို့အိမ်လည်း လာလည်ပါဦး။ ထမင်းလေး ဘာလေးစားရင်း စကားလေး ဘာလေး ပြောရတာပေါ့။ ကျွန်မတို့ လုပ်ငန်းကိုလည်း အစ်ကိုပိုပြီး သဘောပေါက် နားလည်နိုင်တာပေါ့'

            အောင်သောင်း ဘယ်လောက်များ ကံကောင်းလိုက်ပါသလဲ။ ရေငတ်တုန်း ရေတွင်းထဲ ကျသည်နှင့် တူတော့သည်။

□

            အောင်သောင်း ခံတောရွာသို့ ချောင်းပေါက်မတတ် သွားသည်။ 'ရွှေစွန်ညို ဘာကို လိုလို့ ဝဲပါတယ်'ဟု မေးစရာမလို။ ရွှေစွန်ညိုဝဲဖို့ အခွင့်အရေးရအောင် အကျိုးတူ ပူးပေါင်းဆောင်ရွက်သည့် မထွေးလေး၏အပြစ် ဖြစ်တော့သည်။ 'မထွေးလိုလို့ ဝဲပါတယ်'ဟု မရှက်မကြောက် ဝန်ခံချိန်တွင် 'မထွေးအသား ခါးလှတယ်' ဆိုလာက 'ချောင်းငယ်ရေနှင့် ဆေးပါ့မယ်'ဟု ပြောမည်။ ချောင်းငယ်ရေချမ်း နွေမှာခန်းဦးတော့ မြစ်ငယ်ရေနှင့် ဆေးဦးမည်။ မြစ်ငယ်ရေချမ်း နွေမှာခန်းလျှင် ပင်လယ်ရေနှင့် ဆေးဖို့အထိ ဝန်မလေး။ 'ပင်လယ်ရေချမ်း နွေမှာခန်း'ဟု မဟုတ်တမ်း စကားဆိုလာပါမူ 'ပင်လယ်ရေ ဘယ်မခန်း မထွေး အမိဖမ်း'ဟု ဆိုကာ ဆိုကာ 'အမိဖမ်း... အမိဖမ်း၊ မထွေးကို အမိဖမ်း'ဟု ဝမ်းမြောက်ဝမ်းသာ အော်ဟစ်နေမိသည်။

            'ဆရာ... ဆရာ ဘာတွေယောင်နေတာပဲ။ ဟိုမှာ အလုံအောင်ဆိပ်သာ ဆိပ်ကမ်းကိုတောင် လှမ်းမြင်နေရပြီ'

            မော်တော်သမား တစ်ယောက်က လာနှိုးသဖြင့် မျက်လုံးပြူးပြဲဖွင့်ကာ လှမ်း၍ ကြည့်သည်။ ဟော... မူနွဲ့တို့ဆီ ရောက်ရတော့မှာပါလား။

            ဟိုတစ်ခေါက်က မူနွဲ့တို့၏ လုပ်ငန်းကို အသေးစိတ် လေ့လာရန် အကြောင်းပြကာ မူနွဲ့တို့အိမ် လေးငါးကြိမ်မက သွားရောက်ဖူးသည်။ မူနွဲ့မိဘတွေနှင့်ပါ ထဲထဲဝင်ဝင် ရင်းနှီးခင်မင်ခွင့် ရရှိခဲ့သည်။ အကျိုးတူလုပ်ငန်းအဖြစ် ဝါးတစ်ထောင်ပေးခဲ့သည်။ နောက်တစ်ကြိမ် ဖောင်စုန်လာလျှင် အကျိုးတူ လုပ်ငန်း စာရင်းရှင်းတမ်းပေးမည်ဟု ဆိုသည်။

            မော်တော်ဆိုက်လျှင်ဆိုက်ချင်း အောင်သောင်း ခံတောရွာသို့ သုတ်ခြေတင်သည်။ ယခုတစ်ခေါက် ဝါးဖောင်နှင့် မလိုက်ဘဲ မော်တော်နှင့် လိုက်လာသည်။ ဝါးဖောင်နှင့် တအိအိစုန်ရ မည်ကို မလိုလား။ မူနွဲ့နှင့် အဆောတလျင် တွေ့ချင်နေမိသည်။ အောင်သောင်း၏ မျှော်လင့်ခြင်းများစွာဖြင့် ဝမ်းမြောက် ဝမ်းသာကြည်နူးမှုများသည် မူနွဲ့တို့အိမ်ရောက်သောအခါ ပျောက်ခြင်းမလှ ပျောက်ရတော့သည်။

            'သမီးက စီးပွားရေးတက္ကသိုလ် နောက်ဆုံးနှစ်လေ။ သူ မသွားခင် စာရင်းရှင်းတမ်းတွေ ရေးခဲ့ပြီး ငွေရှင်းပေးဖို့ မှာခဲ့ပါတယ်'

            မူနွဲ့မိခင်၏ ဆီးကြိုစကားက အောင်သောင်းအဖို့ အမောဆို့လောက်ပါပေသည်။

            မူနွဲ့ကို စီးပွားရေးတက္ကသိုလ် ကျောင်းသူမှန်း အောင်သောင်း မသိခဲ့ပေ။ ဘယ်ရက်လောက်တွင် စုန်လာမည်ဟု မှန်းဆပြောခဲ့စဉ်က မူနွဲ့ တက္ကသိုလ်သွားမည့်ကိစ္စ တစ်လုံးတစ်ပါဒမျှ ဖွင့်ဟမပြောဆိုခဲ့။

            'မူနွဲ့ ပြန်လာမှပဲ ကျွန်တော်နဲ့ စာရင်းရှင်းပါ့မယ်'

            'ဘာဖြစ်လို့လဲ။ သမီးရှင်းတမ်းကို မကြိုက်လို့လား'

            မူနွဲ့အမေက ခြေမကိုင်မိ လက်မကိုင်မိ ပြောလာသည်။

            'ကျွန်တော် ဝါးဖောင်စုန်လာတိုင်း အကျိုးတူ ဝါးတစ်ထောင်ကိုတော့ ပေးမြဲပေးပါ့မယ်။ စာရင်းကိုတော့ မူနွဲ့နဲ့မှပဲ ရှင်းချင်တယ်'

            အောင်သောင်း စိတ်ပျက်ခြင်းတစ်ဝက်၊ လွမ်းဆွတ်ခြင်းတစ်ပိုင်းဖြင့် ထ၍ ပြန်ခဲ့သည်။ နားမလည်ခြင်း အကြည့်ဖြင့် သူ့နောက်ကျောကို မူနွဲ့မေမေက ငေးကြည့်နေမှာ သေချာပါသည်။

□

            'ဝါးကုန်ကြမ်း တန်ဖိုးအပြင် ကုန်ချောကပ်ဖိုး အမြတ်တစ်ဝက်ကို ခွဲပေးတာတောင် အစ်ကိုက မကျေနပ်ဘူးပေါ့'

            စီးပွားရေး တက္ကသိုလ်က ပြန်ရောက်စ အလှကြီးလှနေသော မူနွဲ့သည် ခံတောရွာကို လိပ်စာမှား၍ ရောက်လာသော မြို့ကြီးသူနှင့် တူနေသည်

            'မူနွဲ့နဲ့ စာရင်းရှင်းချင်တယ်ပဲ ပြောခဲ့တာပါ။ အမြတ်ခွဲဝေပေးတာနဲ့ ပတ်သက်လို့ မကျေနပ်ဘူးလို့ မပြောခဲ့ပါဘူး'

            'သြော်... ကျွန်မနဲ့ ရှင်းလည်း ဒီစာရင်းပဲ။ မေမေနဲ့ ရှင်းလည်း ဒီစာရင်းပဲ။ လူကြီး စိတ်မချမ်းသာအောင် တော်တော်လုပ်တယ်။ စာရင်းဇယား မပြည့်စုံရင် မကျေနပ်မှာစိုးလို့ အရှုံး အမြတ်စာရင်း၊ လက်ကျန်ရှင်းတမ်းအထိ ရေးဆွဲပေးထားပါတယ်ရှင်'

            လူကြီး စိတ်မချမ်းသာအောင် တော်တော်လုပ်တယ်လို့သာ အပြစ်တင်သည်။ သူ စိတ်မချမ်းသာအောင် မူနွဲ့လုပ်သွားသည်ကိုတော့ ထည့်မတွက်။

            စာရင်းရုံးက သူငယ်ချင်းတွေ၊ သမဝါယမ ဦးစီးဌာနက အပေါင်းအသင်းတွေနှင့် ခုတလော အောင်သောင်း တတွဲတွဲနေမိသည်။ သူတို့ဆီက အစမ်းရှင်းတမ်း၊ ကုန်သွယ်စာရင်း၊ အရှုံးအမြတ် စာရင်း၊ လက်ကျန်ရှင်းတမ်းရေးဆွဲပုံ၊ ရေးဆွဲနည်း၊ စာရင်းဇယားပိုင်းဆိုင်ရာ ပညာရပ်တွေကို လေ့လာနေခဲ့သည်။ စီးပွားရေး တက္ကသိုလ်ကျောင်းသူ မူနွဲ့နှင့် ရင်ဆိုင်ဖို့ အခြေခံစာရင်းအင်းပညာ လေးလောက်မှ မပြည့်စုံလျှင် အုန်းမှုတ်ခွက်လို အနေအထားနှင့် ရွှေဖလားကို သွားနှိုင်းယှဉ်သလို အရိုင်းဆန်သွားမည်။

            မူနွဲ့ ရေးဆွဲထားသော လက်ကျန်ရှင်းတမ်းတွင် ဝါးကုန်ကြမ်းဖိုးနှင့် ထပ်လောင်းပြီး ကုန်ချောတန်ဖိုး အမြတ်ငွေကို ပေါင်းကာ အောင်သောင်းအားပေးရန် မြီရှင် ပြထားသည်။ အကျိုးတူ လုပ်ငန်းတစ်ခုလုံး၏ တန်ဖိုးနှင့် အကျိုးအမြတ်ကိုလည်း တိတိကျကျ ခွဲဝေပေးထားသည်။ အောင်သောင်းအား ပေးရန်မြီရှင် ကျသင့်တန်ဖိုးကို စာရင်းဇယားနှင့်အတူ ပေးချေလာသည်။

            'ကျွန်တော် ရေးဆွဲထားတဲ့ လက်ကျန်ရှင်းတမ်းထဲက ရရန်မြီစား စာရင်းနဲ့ မကိုက်ဘူး'

            မူနွဲ့၏ လက်ကျန်ရှင်းတမ်းတွင် ပေးရန်မြီရှင်သည် အောင်သောင်း၏ လက်ကျန်ရှင်းတမ်းတွင် ရရန်မြီစားပဲ ဖြစ်ပေလိမ့်မည်။

            'အစ်ကို့လက်ကျန်ရှင်းတမ်း ပြစမ်းပါ။ ငွေ ဘယ်လောက် ကွာခြားနေလို့လဲ'

            'အဲဒီ လက်ကျန်ရှင်းတမ်းကို ပြဖို့ မလွယ်ဘူး။ လုံခြုံတဲ့နေရာမှာ သိမ်းထားတယ်။ ပြီးတော့ ကျွန်တော့် လက်ကျန်ရှင်းတမ်းထဲက ရရန်မြီစားနဲ့ ငွေသားအရတော့ မကွာခြားပါဘူး။ ဒါပေမယ့် ငွေထက် အလွန်တရာ တန်ဖိုးကြီးမြင့်တဲ့အရာက ကွာခြားလှတယ်'

            မူနွဲ့က မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်ကာ တွေးနေသည်။ မျက်တောင်လေးတစ်ချက် အခတ်မှာ လှစ်ခနဲပြေးသည့် ချစ်သည်းလေး၏ အချစ်ခြေရာကို လိုက်ရှာမိသည်။

            'ဘာတွေ ပြောနေမှန်းလည်း မသိပါဘူး။ အစ်ကို့ လက်ကျန်ရှင်းတမ်းက ဘယ်မှာ သိမ်းထားလို့လဲ'

            'ရင်ထဲမှာ'

            'ပေါက်ပေါက်ရှာရှာ ပြောတတ်တယ်။ ဒါဖြင့် ကွာခြားတဲ့ ရရန်မြီစားကကော'

            'လွမ်းမကုန် ဆွေးမကုန် အလွမ်းအဆွေးတွေ တောင်လိုပုံအောင် ဖန်တီးခံထားရတဲ့ အလွမ်းမြီစားတွေလေ'

            'အို... ဘာတွေပြောနေမှန်းလည်း မသိပါဘူး'

            စာရင်းဇယား ကျွမ်းကျင်သော စီးပွားရေး တက္ကသိုလ်ကျောင်းသူ မူနွဲ့သည် အောင်သောင်း၏ ရရန်မြီစားနှင့် စပ်လျဉ်း၍ ပေးဆပ်ရမည့်တန်ဖိုးကို စိတ်တွက်တွက်ကာ အဖြေရှာ မောနေဟန် တူပါဘိ။

▀

ခြိမ့်သဲ

(အမှတ် ၂၀၇၊ ဖေဖော်၀ါရီလ၊၂၀၀၇ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေဝတ္ထု
...
‌ဧနွေလု
ကိုငြိမ်း ၊မန္တလေး၊

ကျွန်တော် စာတစ်စောင်လောက် ရေးခဲ့ချင်တယ်... ဒါပေမဲ့ ကျွန်တော် ဘယ်သူ့ဆီ ရေးရမယ်... အဲဒါကို မသိဘူး... ဖြစ်နေတယ်... သွားဖို့အချိန်ကလည်း မြန်မြန်ကြီး နီးလာနေတယ်... ကျွန်တော် ဘယ်သူ့ဆီ စာရေးရမလဲ... သိရင် ပြေ...

ရွှေဝတ္ထု
...
နောက်ဆုံးခံစစ်
ကိုဆေး ၊ပစိဖိတ်ကမ်းခြေ၊

ကြင်နာသနားတတ်မှု၊ ညှာတာထောက်ထားတတ်မှုဆိုတဲ့ သံယောဇဥ်ကြိုးတွေ မခိုင်လို့ ပြတ်တောက်ကုန်တာလည်း ဖြစ်မယ်။ တခြားအကြောင်းအမျိုးမျိုးလည်း ရှိပေမပေါ့။ တစ်လင်ကွာ၊ တစ်လင်ပစ်၊ တစ်လင်ပြေး အမျိုးသမီးတွေဆိုတာ တူနှစ်...

ရွှေဝတ္ထု
...
ကွန်ရက်
ယဉ်ယဉ်နု ၊မန္တလေး၊

ဒေါ်ဒေါ်မိနဲ့ မမပို့တို့ကို ကန်တော့မလို့ လုပ်တုန်း မောင်မောင်ကဖြင့် ပုဆစ်ဒူးတုပ် ထိုင်နေပြီ အောင်အောင်က ရေပုံးကြီးနဲ့ ရုတ်တရက် ထွက်လာပြီး မမပိုကို ဝုန်းခနဲ လောင်းချလိုက်တယ်