ယဉ်ယဉ်နု ၊မန္တလေး၊
၁။
ရွာကထွက်လာတုန်းက ပေတောကုန်းနဲ့
ညောင်ပင်သာ ဆုံရပ်က ဆုံစည်းရာ လက်ဖက်ရည်ဆိုင်ကို ခဏဝင်ထိုင်မိတာ မှားခြင်းကြီးမက
မှားသွားပြီလားလို့ မောင်မောင် ခဏခဏ ပြန်တွေးနေမိတယ်။ ကံကြမ္မာကိုက
ဒီလိုဖန်တီးလာတာလေ။ ပေတောကုန်းက ထွက်လာလာချင်း မုံရွာ-မန္တလေး လမ်းပေါ်က
ဆုံစည်းရာရှေ့မှာ ချက်ချင်း မန္တလေးကားရလိုက်ရင် ကောင်းသား။ အခုမှတော့
ပြန်မတွေးချင်ပါဘူး။ ပြဿနာကိုက ဖြစ်ချင်တော့ ကြံဖန်။ ကားတွေက ပျက်နေလို့
လက်ဖက်ရည်လေးတစ်ခွက် မှာပြီး တစ်ငုံလား သောက်ရသေးတယ်။
'အစ်ကို
ဘယ်တုန်း' ဆိုတဲ့ အသံကြားလိုက်ရလို့ 'အောင်အောင်'
ဆိုပြီး လက်ဖက်ရည် သီးမတတ် ဝမ်းသာအားရ လှည့်ကြည့်လိုက်မိတယ်။
ဝမ်းမသာဘဲနေပါ့မလား။ ညီအရင်းခေါက်ခေါက်ကို တွေ့လိုက်ရတဲ့ ဥစ္စာ။ ညီအစ်ကိုသာ
ဖြစ်တယ်၊ ရုပ်ချင်းက မတူ။ ညိုညိုထောင်ထောင် မောင်းမောင်း မောင်မောင်နဲ့
ဖြူဖြူနွဲ့နွဲ့ မိန်းမချောချောတဲ့ အောင်အောင်က ပြောမပြရင် ညီအစ်ကိုဆိုတာ ဘယ်သူမှ
သိကြမှာ မဟုတ်ဘူး။ ပေတောကုန်းနဲ့ ညောင်ပင်သာ တစ်မိုင်လောက် ရှိတာ။ အဖေနဲ့အမေနဲ့
ကွဲတော့ အောင်အောင်က အမေနဲ့ ပါသွားပြီး မောင်မောင်က အဖေနဲ့ ကျန်ခဲ့တာ။ အမေက အဆက်ဆံ
မလုပ်ရဘူးလို့ တားထားလို့ ဒီအရွယ်အထိ အောင်အောင်နဲ့ သိပ်တွေ့ဖြစ်တာ မဟုတ်။ အဖေက
ကိုယ့်အဖေမို့ပြောတာ မဟုတ်ဘူး။ လူအေးလူဖြောင့်။ နေရာတကာ တရားမျှမျှတတ ဆုံးမတတ်တယ်။
ပြဿနာက လောင်းကစား ဝါသနာပါတဲ့ အမေကြောင့် ငယ်ငယ်ကတည်းက ကွဲကြတာ။ အမေက ထစ်ခနဲဆို
ငိုမယ်၊ ရိုက်မယ်။ ပိုက်ဆံရှိရင် အထပ်လိုက်ပေးမယ်။ မရှိရင် ဆဲမယ်။ အောင်အောင်က
စည်းလွတ်ဝါးလွတ် ကြီးလာတာ။ ဒါပေမယ့် မောင်မောင်က သူ့ညီကို သိပ်ချစ်တယ်။ အခု သူက
အိမ်ထောင်ကျပြီး အောင်အောင်က လူလွတ်ဖြစ်နေတော့ မုန့်ဖိုးပေးချင်လို့
အိတ်နှိုက်နေတုန်း 'အစ်ကိုက ဘယ်သွားမလို့တုန်း။
အိတ်တွေဘာတွေနဲ့'လို့ အောင်အောင် မေးပါလေရော။ မောင်မောင်က 'ငါ မန္တလေး သွားမလို့ကွ။ အဖေ့ ဆရာကတော်ပွဲရုံမှာ လူတွေ လိုနေလို့
အဖေ့ဆရာကလည်း ဆုံးသွားပြီလေ။ ဒါကြောင့်ပဲ၊ နှမ်း အရောင်း အဝယ်လည်း သင်ရင်းနဲ့ သူ့
ပွဲရုံ ကူပေးရမှာ'လို့လည်း ပြောရော အောင်အောင်က
အတင်းလိုက်ချင်ပါတယ် ဖြစ်ပါလေရော။ မောင်မောင်က သဘောကောင်းကောင်း၊ ညီကို
ညှာတာတဲ့သူ။
'လုပ်ပါဗျ
အစ်ကိုရ။ မန္တလေး နေဖူးချင်လို့ပါ။ ကျွန်တော်လည်း အဖေ့သားလို့ ပွဲရုံမှာ ပြောမှာပေါ့ဗျ'လို့ ပြောတော့ မောင်မောင်လည်း စိတ်တွေ အရည်ပျော်သွားတယ်။ ဟုတ်သားပဲ၊
အဖေနဲ့ သာ အတူမနေရရှာတာ အဖေ့သား တော်တာပဲ။ အဖေ့အသိ ပွဲရုံကို
ခေါ်သွားလိုက်ပါ့မယ်လေ ဆိုပြီး 'လိုက်ခဲ့ကွာ'လို့ ပြောလိုက်တယ်။ ပြီးမှ ပွဲရုံက ပြန်လွှတ်လည်း
စရိတ်ပေးလိုက်ရုံပေါ့လို့ မောင်မောင်က တွေးတယ်။ အောင်အောင်တို့များ ညောင်ပင်သာက
လူကြုံနဲ့ အမေ့ပြောလိုက်၊ မောင်မောင်နဲ့ မန္တလေး လိုက်သွားမယ်လို့ လွယ်လွယ်ပဲ
လှမ်းမှာလိုက်ပြီး အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ မန္တလေးကို လိုက်လာခဲ့တယ်။ သူပြောတာ
လွယ်တယ်။ 'အစ်ကို့မှာ အင်္ကျီတွေ၊ လုံချည်တွေ ပါသားပဲ'
တဲ့။ ပွဲရုံရောက်တော့ ပွဲကတော် ဒေါ်ဒေါ်မိက ဦးဘသင်သားတွေ ဆိုတာနဲ့
လွယ်လွယ်ကူကူပဲ လက်ခံထား လိုက်ပါတယ်။ ကောင်တာက ဒေါ်ဒေါ်မိရဲ့သမီး အပျိုကြီး
မမပိုကတော့ မျက်လုံးလှန်ကြည့်ရုံပဲ ကြည့်တယ်။ ၅ဝ ကျော်လို့သာ ပြောရတယ်၊
ဒေါ်ဒေါ်မိက တော်တော် အရွယ်တင်တာ။ သုံးဆယ်ကျော် မမပိုနဲ့ ရွယ်တူလို့ ထင်ရအောင်
ချောတုန်းလှတုန်း။ အောင်အောင်ကတောင် 'ငါတို့ အမေနဲ့ကွာပါ့။
မန္တလေးသူတွေ လှတာကွာ' လို့ အော်ကျယ် အော်ကျယ် အလိုက်မသိ
ပြောနေတာနဲ့ သူ့ပါးစပ်ကို ပိတ်ရသေးတယ်။
၂။
သူတို့အလုပ်က ဘာမှလည်း မပင်ပန်းဘူး။
ပွဲရုံမှာ အလုပ်သမားတွေ၊ အလုပ်သမတွေ အများကြီး။ သူ့ကို ငွေပေးငွေယူ စိတ်ချဖို့ရယ်၊
နယ်မှာ ပဲတွေ၊ နှမ်းတွေ အလှမ်းပေးပေးဖို့၊ သိမ်းဖို့၊ လိုအပ်ရင်သွားဖို့ ယောကျ်ား
မားမားမတ်မတ်ရှိဖို့ ခေါ်တာလို့ တဖြည်းဖြည်း မောင်မောင် နားလည်လာတယ်။ သူက
ကြိုးကြိုးစားစား လုပ်တယ်။ ပွဲရုံအလုပ်ကို ဒေါ်ဒေါ်မိက လက်ငုတ်လက်ရင်း
မိဘလက်ထက်ကတည်းက တတ်တဲ့သူ။ မပိုတို့အဖေနဲ့ရတော့ အရက်မိုးလင်းအောင် သောက်လို့
တကျက်ကျက်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးသွားတော့ ပွဲရုံကို ဒေါ်ဒေါ်မိပဲ ပြန်ဦးစီးရတယ်။
ဒေါ်ဒေါ်မိက ခိုင်းလည်းခိုင်း၊ သင်လည်း သင်တယ်။ နောက်ပြီး ဆုံးလည်း ဆုံးမသေးတယ်။
'ပွဲရုံလုပ်ငန်းကို
တတ်အောင်သင်ရင် နင်တို့ တစ်သက် မဆင်းရဲဘူး။ ငါ ခိုင်းတာလုပ်ရင်း နင်တို့
အရင်းအနှီးနဲ့ဝယ်ပြီး အလုပ်လုပ်တန်တာ လုပ်ထား။ ဒါမှ ပွဲစားကုန်သည် ဖြစ်လာမယ်။
ဒေါ်ဒေါ့်ပွဲရုံက နာမည်ရှိပြီးသားဆိုတော့ ဒီလိုကျောထောက်နောက်ခံနဲ့ကို
ကုန်သည်လောကမှာ အလုပ်ဖြစ်တယ်။ ငါ တစ်သက်လုံးခိုင်းဖို့ မရည်ရွယ်ဘူး။ နင်တို့
လုပ်စားတတ်အောင် သင်ကြ'လို့ ပြောတယ်။
ဒီလိုအခွင့်အရေးမျိုးဆိုတာ ရခဲပေခြင်းဆိုပြီး မောင်မောင်ကတော့ ကြိုးစားတယ်။ ခက်တာက
အောင်အောင်။ 'အစ်ကို ဘယ်သွားသွား ကျွန်တော် လိုက်မှာဗျနော်'ဆိုပြီး မောင်မောင် ဘယ်သွားသွား တန်းလန်း တန်းလန်းနဲ့ လိုက်နေတာ။
မပြောတဲ့အလုပ်ရှင်မို့ တော်သေးတာပေါ့။ အပ်ကို ဦးပဲ့ထမ်း နေရသလိုပဲ ဆိုပြီး
အားနာတယ်။ ဒေါ်ဒေါ်မိတို့၊ အပျိုကြီး မပိုတို့ကတော့ ဘာမှ မပြောပါဘူး။ တစ်ခါတလေ
အောင်အောင်က ပေါတောတောတွေ လျှောက်ပြောရင် မပိုက တဟဲဟဲနဲ့ သဘောကျ နေတတ်တယ်။
မောင်မောင်ကတော့ သူ့ညီလေးကို သည်းခံရှာတယ်ဆိုပြီး ကျေနပ်တယ်။ ဒေါ်ဒေါ်မိက
နယ်လွှတ်လို့ သူ့ငွေနဲ့သူ ဝယ်တဲ့ ကုန်ပစ္စည်းပေါ်က 'အမြတ်တွေ
ကျွန်တော့်ကို ခွဲပေးနော် အစ်ကို။ ကျွန်တော် အရင်းမရှိလို့' ဆိုတော့လည်း
အခုမှ အတူတူနေရတဲ့ ညီလေးဆိုပြီး ပေးလိုက်တာပဲ။ အဲဒီအထိတော့ ပြဿနာလို့
ပြောလို့မရသေးဘူး။ ပြဿနာက ရလာတဲ့ အမြတ်နဲ့ အိမ်က အဖေဖို့ အဝတ် အစား၊ ဆေးဝါး၊
မိန်းမဖို့ နားကပ်လေးကအစ လက်စွပ်လေးအလယ် ဝယ်ပေးမိတော့ စလာပါလေရော။ မောင်မောင်
ဝယ်တာခြမ်းတာ မြင်တဲ့ မပိုက အရင်ဆုံးမေးတယ်။
'မောင်မောင်
နင့်နဲ့ဟယ် အစ်ကိုလုပ်နေပြီး အမြတ်တွေ ကိုယ့်ညီလေးကို ခွဲမပေးဘူးလား။
နေနိုင်လိုက်တာဟယ်' ဒီစကားကြားတော့ မောင်မောင် ဗျာခနဲ
ဖြစ်သွားတယ်။ ဘုရား...ဘုရား အောင်အောင် ဘာတွေ ပြောထားပါလိမ့်ပေါ့။ ဒါနဲ့...
'အောင်အောင်က
ခွဲမပေးဘူးလို့ ပြောလို့လား မမပိုရဲ့'
'မဟုတ်ပါဘူးဟယ်။
နင်ကတော့ အဝတ်အစားအသစ်တွေဝယ်၊ ရွှေတိုရွှေစနဲ့ ပြောင်လက်လို့။ အောင်အောင်ကတော့
ဒုံရင်း ဒုံရင်းပဲ'
အဲဒီ ဒုံရင်းတွေက ကျွန်တော့်ဟာတွေ
မမပိုရဲ့။ သူက အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ လိုက်လာတာဗျလို့ ပြောလိုက်ရရင်
ကိုယ့်ညီလေးပဲ မျက်နှာငယ်မှာမို့ မောင်မောင် စကားလုံးတွေ မျိုချလိုက်ရတယ်။ ဒါနဲ့ 'သူ့ဟာသူ ဘာလို့ ဒုံရင်းနေရတာလဲဆိုတာ မမပို သိချင် မေးကြည့်ပါလား။
ကျွန်တော်ကတော့ အမြတ်တွေ ခွဲပေးတာပါပဲ'လို့ မကြည်ပေါက်နဲ့
မမပိုကို ဖြေရှင်းတော့ အပျိုကြီးက ဘဝင်ကျပုံ မရဘူး။
'အေး...
မေးကြည့်ရဦးမယ်'လို့ ပြောပြီး ကောင်တာက ထသွားတော့
ဒေါ်ဒေါ်မိကလည်း အကဲခတ်တဲ့ပုံနဲ့ လှမ်းကြည့်နေတယ်။ မောင်မောင်ကလည်း
သူတို့အမြတ်ငွေတွေ အောင်အောင် ဘာလုပ်တာလဲ သိချင်နေတယ်။ နဂိုတုန်းကတော့
တစ်လတစ်ခေါက် ပုံမှန် အိမ်ပြန်နေလို့ အမေ့ပေး တယ်ပဲ အောက်မေ့နေတာ။
စစ်စစ်ပေါက်ပေါက် တွက်ကြည့်ရင် ငွေက ရှစ်သောင်းကျော်လောက် ရှိနေပြီ။ အဖြေက
မမပိုဆီကပဲ ရတယ်။
'ကဲ...မောင်မောင်။
အောင်အောင်က ရူးပေါပေါသာ နေတာ။ နင့်ထက် တော်တယ် သိလား။ ဘုရားမှန်း တရားမှန်းလည်း
သိတယ်'
ဟောဗျာ... ဘလိုင်းကြီးပါလား။
မောင်မောင် ကြောင်အနေတယ်။
'အောင်အောင်က
သူ့ငွေတွေကို ရွာက ဘုန်းကြီးကျောင်းမှာ တံတိုင်းလှူဖို့ရယ်၊ ပရဟိတကျောင်းမှာ
ငွေပဒေသာပင် စိုက်ဖို့ရယ် လှူဖို့ အမေကိုပေးတာတဲ့။ နင်တို့အမေရဲ့ အမေဆောက်ထားတဲ့
ကျောင်းဆို၊ ဟုတ်လား'
'ခင်ဗျာ...
ကျွန်တော်တို့အဘွား ဆောက်တဲ့ကျောင်း ဟုတ်လား'
မောင်မောင်မျက်စိလင်းကွင်းလောက်
ပြူးသွားတယ်။ အမေ့ရဲ့အမေ အဘွားကဖြင့် လှူဖူးပါလိမ့်မယ်၊ ကျောင်းဝေးလို့
ထန်းလက်တဲတောင် မဆောက်ဖူးဘူး။ အဲဒီပိုက်ဆံ ငွေပဒေသာပင် စိုက်ဖို့ ပေးလိုက်ရင်
ဒိုင်ဆီရောက်သွားမှာ သေချာတယ်။ ဒုက္ခပါပဲ။ အောင်အောင် အမေ့ကို
ချစ်တဲ့စိတ်နဲ့ပေးရင်း အလဟဿ ဖြစ်ပြီလားလို့ မောင်မောင် စိတ်ပူသွားတယ်။ မမပိုကို
ဘာမှလည်း ပြန်ရှင်းလို့ မရဘူး။ ဒါပေမယ့် တအုံနွေးနွေး ပြဿနာအဖြေက ဈေးချိုထဲမှာ
အမေတို့ ညောင်ပင်သာက အထည်ဝယ်လာတဲ့ မခိုင်နဲ့တွေ့မှ ရှင်းတော့တယ်။
'မောင်မောင်ရေ...
နင်တို့ ညီအစ်ကို မန္တလေးပွဲရုံမှာ အဆင်ပြေနေတယ်ကြားလို့ ဝမ်းသာပါတယ်ဟယ်။
အောင်အောင်ဆို ရွာမှာ ချစ်တီးဖြစ်လို့'
'ဗျာ...ချစ်တီး'
'အေး...
ရွာလယ်ပိုင်းက ငွေတိုးချေးတဲ့ ဒေါ်အေးကြည်နဲ့ပေါင်းပြီး အောင်အောင်က
သူ့ပိုက်ဆံတွေကို ငွေချေးတာလေ။ နင့်အမေကို တစ်ပြားမှမပေးလို့ နင့်အမေနဲ့
ဒေါ်အေးကြည်နဲ့တောင် အော်ဟစ်ပြီး ရန်ဖြစ်ကြသေးတယ်။ အောင်အောင်ကတော့ စံပဲဟေ့။ လူကသာ
အရူး အပေါ၊ ငွေကြေးကျ သိတတ်လိုက်တာ။ အမေအပေါ်တောင် တစ်ပြားမကျဘူး'
ကဲ... အဲဒီတော့ မောင်မောင်က
မိသားစုအတွင်းရေးတွေ လူများကဲ့ရဲ့ခံရအောင် ဘယ့်နှယ်လုပ်ပြီး ပြောရပါ့မလဲ။
မမပိုတို့အမြင်မှာ သူပဲ ဘုရားမှန်း၊ တရားမှန်းမသိတတ်၊ မလှူတတ်၊
မတန်းတတ်တဲ့လူအနေနဲ့ပဲ နေလိုက်ရတော့တာပေါ့။ အဲဒါကြောင့် ဆုံစည်းရာ
လက်ဖက်ရည်ဆိုင်မှာ ထိုင်မိတာ မှားများ မှားသလားလို့ မောင်မောင် တွေးမိနေတာပေါ့။
၃။
နောက်တစ်ခါ အမြတ် ဒေါ်ဒေါ်မိက
ရှင်းပေးတဲ့အခါ မောင်မောင်က သူ့မိန်းမဖို့ လက်ကောက် ဝယ်ချင်တယ်။ ငွေတွေ
အဖတ်တင်အောင်ဆိုပြီး အောင်အောင်ကို မမပိုရှေ့မှာ မငြင်းနိုင်အောင် ရွှေဆိုင်ကို
ခေါ်တယ်။ အောင်အောင်လိုက်သွားလို့ မမပိုက အမိန့်ပေးလိုက်တော့ အောင်အောင်
အင်တင်တင်နဲ့ လိုက်လာတယ်။ မောင်မောင် မန်းမြို့ဈေးထဲက ကိုခင်မောင်ထွန်းတို့
သီရိရွှေစင်ရွှေ ဆိုင်ကို လာခဲ့တယ်။ ရွှေကလည်း ကောင်းတယ်။ အလျော့တွက် လက်ခလည်း
သက်သာတယ်။ ကိုခင်မောင်ထွန်းကလည်း သဘောကောင်းလို့ မောင်မောင်က အမြဲဝယ်နေကျ။ အခု အောင်အောင်ပါ
ကန့်လန့်ကန့်လန့်နဲ့ ပါလာတယ်။ ဆိုင်ထဲမှာ မောင်မောင်က လက်ကောက်ရွေးနေတုန်း
အောင်အောင်ရဲ့ 'ဟာ... မဌေး နင်ရွှေဝယ်လာတာလား' ဆိုတဲ့ အသံကြားလို့ မော့ကြည့်တော့ ညောင်ပင်သာက ဌေးဌေးကို တွေ့တယ်။
သီရိရွှေစင် နာမည်ကြီးပုံများ မုံရွာနားကတောင် လာဝယ်ရ တယ်လို့ တွေးရင်း
လက်ကောက်ကို ပိုက်ဆံချေနေတယ်။ အောင်အောင်ကတော့ ဌေးဌေးနားမှာ ဆွဲကြိုး
ကူရွေးပေးနေရင်း ယောင်ပေပေလုပ်နေတယ်။ မောင်မောင်ကို ရွှေဆိုင်စာရေးမလေးက
ထီးအနီရဲရဲလေး လက်ဆောင်ပေးတော့ အောင်အောင်က အနားကို ပြေးလာပြီး...
'ဟာ...
ထီးလေးက လှလိုက်တာကွာ။ ငါလိုချင်လိုက်တာ။ ဒီမယ်ဗျို့ စာရေးမကြီး ကျုပ်အစ်ကို
ရွှေလာဝယ်တာ ကျုပ်ခေါ်လာတာ။ ကျုပ်ကို လက်ဆောင်ပေးပါ။ ဒီမယ် ဟောဒီ ဆွဲကြိုးဝယ်နေတဲ့
ဌေးဌေးကလည်း ကျုပ်တို့ရွာက ခင်ဗျားတို့ဆိုင်မှာ ဝယ်အောင် ကျုပ်ခေါ်လာတာ'လို့ အာပြဲကြီးနဲ့ အော်တော့ မောင်မောင်ဆိုတာ ရှက်လွန်းလို့ မျက်နှာ
ဘယ်နားထားရမှန်း မသိဘူး။ ဆိုင်အပြည့် ဝယ်နေကြတဲ့လူတွေကလည်း မျက်လုံးတွေပြူးပြီး
အောင်အောင်ကို ဝိုင်းကြည့်နေကြတာ။ ပူညံပူညံ အသံတွေ ကြားတာနဲ့ ဆိုင်ရှင်
ကိုခင်မောင်ထွန်းက သူ့စားပွဲက ထလာတယ်။ ဌေးဌေးရဲ့ ဆွဲကြိုးရောင်းတဲ့ စာရေးမလေးက 'ဆရာ ဒီအစ်မကြီးက သူ့ဘာသာလာတာ ဆရာ။ သူနဲ့ ဆိုင်ထဲကျမှ တွေ့ပြီး
နှုတ်ဆက်နေတာ တစ်ဆိုင်လုံး ကြားတယ်။ အခု သူခေါ်လာတာဆိုပြီး ထီး အတင်းတောင်းနေတာ'
လို့ ဖြေရှင်းတယ်။ ကိုခင်မောင်ထွန်းက လက်ကာပြတယ်။ ပြီးတော့ ထီး
တစ်ချောင်းယူပြီး အောင်အောင့်ကို ပေးလိုက်တယ်။ အောင်အောင်က ဝမ်းသာအားရနဲ့ 'ဟာ...ကျေးဇူးတင်လိုက်တာ။ ဆိုင်ရှင်အစ်ကိုကြီးက သဘောကောင်းလိုက်တာဗျာ။
ကျွန်တော့်သူငယ်ချင်းတွေ ရွှေဝယ်ရင် အစ်ကိုကြီး ဆိုင်ဝယ်လို့ ပြောပေးမယ်နော်။
ဟီး...ဟီး'ဆိုပြီး ထီးလေးကိုင် မြောက်ကြွမြောက်ကြွနဲ့
ဆိုင်ထဲက ထွက်သွားလို့ မောင်မောင်မှာ ရှက်ရှက်နဲ့ နောက်က လိုက်ခဲ့ရတယ်။
ဈေးပေါက်လည်း ရောက်ရော အောင်အောင်က...
'ထီးလေးက
လှလိုက်တာ။ အမေ့ကို ပေးရမယ်'လို့ ပြောတော့ မောင်မောင်မှာ
သြော်... အလကားရတဲ့ ပစ္စည်းနဲ့ မျက်နှာလုပ်မှာကိုးလို့ တွေးမိရင်း ပိုက်ဆံတွေရတာ
အောင်အောင် ရွှေမဝယ်ခဲ့ပါလားလို့ အခုမှ သတိရတော့တယ်။ အင်း... ရွာမှာ
အတိုးပေးဦးမှာပါလား လှမ်းပြီး သတိရမိသေးတယ်။
၄။
တစ်ရက် ကိုင်းတန်းဈေးကအပြန်
သကျသီဟဘုရားနားမှာ သူတို့ရွာက အဖေ့အသိ ဦးအေးကို တွေ့တယ်။ မောင်မောင်က ဆိုင်ကယ်နဲ့၊
နောက်မှာလည်း အောင်အောင်က ပါနေတော့ ဝမ်းသာအားရ ရပ်ပြီး နှုတ်ဆက်မိတယ်။
သူနှုတ်ဆက်ပါမှ ဦးအေးက မယုံနိုင်သလို ပျာပျာသလဲတွေ ဖြစ်ပြီး...
'ဟာ...
မောင်မောင်ရာ၊ ကံကောင်းလိုက်တာကွာ။ ငါ့မှာ မင်းတို့ပွဲရုံလိပ်စာ မင်းအဖေ
မမေးခဲ့ရဘူးဆိုပြီး အခုလေးတင် တွေးနေတာ။ ငါ့သား အငယ်ကောင် ဆိုင်ကယ်တိုက်တာ
ခွဲရမယ်ဆိုလို့ အရိုးဆေးရုံတင်တာ အခု ငွေမလောက်လို့ ဒီနားက ဘုန်းကြီးကျောင်းမှာ
ငါ့အသိဘုန်းကြီးဆီ ပိုက်ဆံလာချေးတာ။ ရတော့ ရခဲ့ပါတယ်။ ဒါပေမယ့် ဘယ်လောက်မှာလဲကွာ။
ငါ့ကို ငါးသောင်းလောက် ကူညီပါလား' မောင်မောင် စဉ်းစားတယ်။
သူ့လက်ထဲမှာ တစ်သောင်း ကျော်ကျော်လောက်ပါတယ်။ အောင်အောင်ကိုလည်း တစ်သောင်းလောက်
တောင်းမယ်။ ဒီကောင့်မှာ ပိုက်ဆံအိတ် ခါးကြားညှပ်လာတာ တွေ့ရတယ်။ ကျန်တဲ့
သုံးသောင်းကိုတော့ သကျသီဟ ဘုရားအရှေ့ဘက်က မမပို သူငယ်ချင်း အပျိုကြီး
မသောင်းသောင်းဝင်းတို့ သိဒ္ဓိအောင် ဆန်ပွဲရုံက ဝင်ယူ မယ် စိတ်ကူးတယ်။ မမပိုဆီ ခဏ
ခဏ လာနေတာဆိုတော့ ခင်လည်း ခင်နေတာ။ ခဏယူပြီး ညနေပြန်ပေးလိုက်ရင် ရတယ်လို့
ထင်မိတယ်။ ဒါနဲ့ ဆိုင်ကယ်ပေါ်က ဆင်းပြီး 'ဦးအေး ခဏ ဆိုင်ကယ်
စောင့်နေပါဗျာ'ဆိုပြီး စောင်းတန်းထဲ ဝင်ခဲ့တယ်။ လမ်းမှာ
အောင်အောင်ကို အကျိုးအကြောင်း ပြောပြတော့ မထင်မှတ်ဘဲ ခါးခါးသီးသီး
ဖြစ်သွားပြီးတော့ ဆတ်ခနဲ 'တစ်သောင်းဆိုရင် အတိုး တစ်လ
နှစ်ထောင်တောင် ရမှာကွ'လို့ ပြောတော့တာပဲ။ မောင်မောင်
အံ့သြလွန်းလို့ အောင်အောင့်မျက်နှာ စိုက်ကြည့်နေမိတယ်။ ပြီးမှ ငါက အကြီးပဲလေ
ဆိုပြီးတော့ စိတ်ကို ထိန်းပြီး...
'နှစ်ထောင်ဆိုတာ
တစ်ရက် တစ်ရာတောင် မပြည့်ပါဘူးကွာ။ လက်ဖက်ရည်သောက်လို့တောင် မရဘူး။ ငါရအောင်
ပြန်တောင်းပေးပါ့မယ်။ မင်းပိုက်ဆံ မဆုံးစေရပါဘူး။ တကယ်လို့ သူ မဆပ်ရင် ငါ
ဆပ်မယ်ကွာ'ဆိုပြီး ရှေ့က ခပ်သုတ်သုတ် ထွက်သွားတာ အောင်အောင်က
ဘယ်တုန်းလို့ မေးတာနဲ့ အပျိုကြီးဆီက သုံးသောင်း ယူမလို့ကွလို့ ပြောလိုက်တယ်။
အောင်အောင်က မခိုးမခန့် တစ်ချက်ရယ်ပြီး 'သူက ပေးပါ့မလား။
တောင်းကြည့်လိုက်ပါဦး။ ကိုယ့်ပိုက်ဆံကို အတိုးမရဘဲ အလကား ဘယ်သူက ကူညီမှာလဲ'လို့ ပြောလိုက်တော့ မောင်မောင် စိတ်ဆိုးလိုက်တာ။ လူတွေကြားထဲမှာ
အောင်အောင်က စိန်ခေါ်တဲ့အပြုံးနဲ့ ပြောင်ချော်ချော် လုပ်နေတာကို ကြည့်ပြီး
တက်တစ်ချက်ခေါက်လို့ လှည့်ထွက်ခဲ့တယ်။ စိတ်ထဲမှာလည်း ဘုရား... ဘုရား အပျိုကြီးက
ပိုက်ဆံ မပေးရင်တော့ ငါတော့ အရှက်ကွဲပြီလို့လည်း ထင်မိတယ်။ ဒါပေမယ့် သူများကို
ကူညီချင်တဲ့ မောင်မောင်ကို သကျသီဟဘုရားကြီး မတယ်ထင်ပါရဲ့။ အပျိုကြီးက ရှောရှောရှူရှူ
ကူညီလိုက်တယ်။ အောင်အောင့်ခမျာ ဘာစကားမှ မပြောနိုင်ဘဲ မျက်နှာပျက်ပျက်နဲ့
တစ်သောင်းထုတ်ပေးလိုက်တာနဲ့ ဦးအေးကို ငါးသောင်းပေးလိုက်နိုင်တယ်။
အဲဒီနေ့မှာ မောင်မောင်တွေးမိတာကတော့
အရင်က ဘာမှမသိတဲ့ အောင်အောင်ဟာ ငွေရှာလို့ ရမှန်းသိ၊ ငွေက သူ့ကို နိုင်သွားပြီးတော့
အရမ်းမက်မောစိတ်တွေ ဖြစ်လာပြီး လူမှုရေးတွေတောင် မငဲ့ကွက်နိုင်တော့ပါလားလို့
သေသေချာချာကြီး သိသွားပါတော့တယ်။ ဒီလောက်တင်မက ဒီထက်များ လောဘတကြီး ဖြစ်လာရင်
ငွေကွန်ရက်ထဲမှာ မရုန်းနိုင်၊ မထွက်နိုင် ယက်ကန်ယက်ကန် ဖြစ်သွားရင် တော့ ဒုက္ခပဲ။
ငါတော့ အောင်အောင့်အလိုကျ မန္တလေးမှာ ထားမိတာ မှားပြီထင်ပါရဲ့လို့ တွေးမိတော့တယ်။
၅။
အဲဒီရက် နောက်ပိုင်း အောင်အောင်ဟာ
မောင်မောင့်ကို သိပ်မကြည်သလို စကားသိပ် မပြောတော့ဘူး။ အားအားရှိ သူတို့အိပ်ရတဲ့
သစ်သားတန်းလျားလေးမှာ မနေဘဲ မမပိုတို့ ပွဲရုံတိုက်မကြီးထဲမှာပဲ မမပိုနဲ့ တဝါးဝါး
ရယ်မောပြီး အချိန်ဖြုန်းနေတာ တွေ့ရတယ်။ မောင်မောင်ခမျာ ရင်တမမပေါ့။ ကိုယ့်ညီကိုလည်း
ဘယ်လိုပြောရမှန်းမသိ။ ဆုံးမပြန်ရင်လည်း မင်းက မနာလိုတာလားလို့ ပြန်မေးရင် အခက်။
မမပိုတို့ ဉာဏ်မျက်စိ ရှိပါတယ်လေဆိုပြီး နေလိုက်တာ မောင်မောင် မှားသွားပြန်ပြီ။
အဲဒီနေ့က အတာကျူးတဲ့ လတန်ခူးမို့ မုန့်တွေ၊ အသီးအနှံတွေနဲ့ ဒေါ်ဒေါ်မိနဲ့
မမပိုတို့ကို ကန်တော့မလို့ လုပ်တုန်း မောင်မောင်ကဖြင့် ပုဆစ်ဒူးတုပ် ထိုင်နေပြီ။
အောင်အောင်က ရေပုံးကြီးနဲ့ ရုတ်တရက် ထွက်လာပြီး မမပိုကို ဝုန်းခနဲ
လောင်းချလိုက်တယ်။ မောင်မောင် လန့်သွားပြီး မျက်စိထဲမှာ ပြာခနဲ ဖြစ်သွားတယ်။
ဘုရား... ဘုရား ငါ့ညီလေး မသိတတ်လိုက်တာ။ စိတ်ဆိုးတော့မှာပဲလို့ ပူလိုက်မိတာ မမပိုက
စိတ်မဆိုးဘဲ လက်ကလေးနှစ်ဖက်ကို ရင်ဘတ်ရှေ့မှာ ယှက်ပြီး ခေါင်းလေးငုံ့လို့
အိမ်ထဲဝင်သွားတယ်။ အောင်အောင်ကတော့ တဟားဟားပေါ့။ ဒေါ်ဒေါ်မိက မောင်မောင့်ကို
တစ်ချက်ကြည့်လိုက်တယ်။ မောင်မောင် မနေတတ်၊ မထိုင်တတ် ဘာလုပ်ရမှန်းကို မသိတော့ဘူး။
ရင်ထဲမှာ တဒိတ်ဒိတ်နဲ့ လန့်ဖျပ်ကျန်ခဲ့တယ်။ ညရောက်တော့ အောင်အောင်က
တဟီးဟီးနဲ့ရယ်ပြီး 'ဒီတိုက်ကြီးနဲ့ ခြံကြီး
ဘယ်လောက်တန်မလဲ မသိဘူးနော်။ ငါတို့ ငွေရပုံမျိုးနဲ့ဆို သေတောင်နေရမှာ မဟုတ်ဘူး'လို့ ပြောတော့ နေ့လယ်က လန့်ဖျပ်သွားတဲ့ မောင်မောင်ဟာ ခေါင်းထဲမှာ
မိုက်ခနဲဖြစ်ပြီး သွက်သွက်ခါသွားတော့တာပဲ။ ငွေကွန်ရက်ထဲမှာ ယက်ကန် ယက်ကန်ဖြစ်နေပြီ
ဖြစ်တဲ့ ညီကလေးကို စိုက်ကြည့်ရင်း မောင်မောင် တစ်ခုခုတော့ ပြောရမှာပဲ။
ဘာပြောရမှန်း မသိဘူး။ မောင်မောင် တစ်ခုခုတော့ လုပ်ရတော့မှာပဲ။ ဘာလုပ်ရမလဲ
မသိသေးဘူး။
▀
ယဉ်ယဉ်နု ၊မန္တလေး၊
(အမှတ် ၂၀၇၊
ဖေဖော်၀ါရီလ၊၂၀၀၇ ရွှေအမြုတေမဂ္ဂဇင်း။)
ကျွန်တော် စာတစ်စောင်လောက် ရေးခဲ့ချင်တယ်... ဒါပေမဲ့ ကျွန်တော် ဘယ်သူ့ဆီ ရေးရမယ်... အဲဒါကို မသိဘူး... ဖြစ်နေတယ်... သွားဖို့အချိန်ကလည်း မြန်မြန်ကြီး နီးလာနေတယ်... ကျွန်တော် ဘယ်သူ့ဆီ စာရေးရမလဲ... သိရင် ပြေ...
ကြင်နာသနားတတ်မှု၊ ညှာတာထောက်ထားတတ်မှုဆိုတဲ့ သံယောဇဥ်ကြိုးတွေ မခိုင်လို့ ပြတ်တောက်ကုန်တာလည်း ဖြစ်မယ်။ တခြားအကြောင်းအမျိုးမျိုးလည်း ရှိပေမပေါ့။ တစ်လင်ကွာ၊ တစ်လင်ပစ်၊ တစ်လင်ပြေး အမျိုးသမီးတွေဆိုတာ တူနှစ်...
ဝါးကိုဖောင်ဖွဲ့၍ ချင်းတွင်းမြစ်အတိုင်း စုန်ဆင်းလာရသည့် အလုပ်မျိုးကို တစ်ချိန်တွင် တာဝန်ယူရမည်ဟု ကြိုတင်တွက်ဆထားလို့သာ ဘွဲ့ရပညာတတ်မာနကို ခဝါချနိုင်ခဲ့သည်။