အခန်းဆက်ဝတ္ထုရှည်

မင်းမှုထမ်း အပိုင်း (၁၇)

ဝင်းငြိမ်း

01 September 2026
မင်းမှုထမ်း အပိုင်း (၁၇)
Share to

အခန်း (၆)

အပိုင်း (၅)

            ကျွန်တော်တို့မိသားစု နေထိုင်ရမယ့် အဆောက်အအုံကို ဝေလမင်းသမီး ကိုယ်တိုင် အမှတ်တရ ဖွင့်ပေးခဲ့တာကို ကျွန်တော် အမှတ်ရနေပါသေးတယ်။ အဲဒီနေ့က မင်းသမီးက အဝါရောင် ဘောင်းဘီတို ဝတ်ထားပြီး စိမ်းပြာရောင် ဆွယ်တာကို အပေါ်ကထပ်ပြီး ဝတ်ထားပါတယ်။ ၁၈ ရာစုနှစ်က တည်ဆောက်ခဲ့တဲ့ အဆောက်အအုံ အဝင်ဝ ရှေ့တည့်တည့်မှာ မင်းသမီးက ရပ်ပြီး မီးဖိုဆောင်သုံး ကတ်ကြေးတစ်လက်နဲ့ ဖဲကြိုးနီကို ဖြတ်ပြီး ဖွင့်ပေးခဲ့တာပါ။ အဲဒီအချိန်မှာ ဟယ်ရီက သူ့စက်ဘီး စီးနေပြီး ဝီလျံကတော့ ကျွန်တော့်သားများဖြစ်တဲ့ အလက်ဇန္ဒား၊ နစ်ခ်တို့နဲ့ အတူ မြက်ခင်းပေါ်မှာ ဆော့ကစားနေ ကြပါတယ်။ မင်းသမီးကိုယ်တိုင် အိမ်ဖွင့်ပွဲ အခမ်းအနား ကျင်းပပေးနေတာကို သူတို့ စိတ်ဝင်စားကြပုံ မပေါ်ပါဘူး။

            မင်းသမီး ကိုယ်တိုင်ကလည်း ဖဲကြိုးဖြတ် ဖွင့်ပေးရတာကို ရေးကြီးခွင်ကျယ် သဘောထားပုံ မရပါဘူး။ အိမ်ရှေ့တံခါးကို မျက်နှာမူပြီး 'ဒီအိမ်ကို ဖွင့်လှစ်ပေးလိုက်ပြီ'လို့ သူ့နှုတ်က ကြေညာကာ ဖဲကြိုးကို ဖြတ်ပေးလိုက်ရုံပါပဲ။ မင်းသမီးက တခြားဖွင့်ပွဲများလို ခပ်တည်တည် စကားပြောတာဖြစ်ပေမယ့် တစ်ဝက်တစ်ပျက်မှာတော့ ရယ်သံစွက်သွားပါသေးတယ်။

            အဲဒီနေ့က သောကြာနေ့ပါ။ ကျွန်တော်က စံအိမ် အိမ်မကြီးပေါ်မှာ မင်းသားနဲ့ မင်းသမီးအတွက် ညစာစားပွဲကို ပြင်ဆင်ပေးခဲ့ပြီး ကျွန်တော့် အိမ်ကို ဆင်းလာခဲ့ခြင်းပါ။ မင်းသားကတော့ ထုံးစံအတိုင်း သူ့စာကြည့်ခန်းထဲမှာ ကျန်ရစ်ခဲ့ပြီး ကျွန်တော့်အိမ်တက် မင်္ဂလာအတွက် လက်ဆောင်တွေနဲ့ သူ ကိုယ်တိုင် ရေးဆွဲထားတဲ့ ရေဆေးပန်းချီကားများကို ပေးခဲ့ပါတယ်။ ပန်းချီကားများထဲမှာ ပုံတစ်ပုံက ဖလောရင့်စ်မြို့မှ အုတ်ကြွပ်မိုးအိမ်များကို အပေါ်စီးက မြင်ရတဲ့ပုံဖြစ်ပြီး အီတလီ လူနေမှုစရိုက်ကို ဖော်ပြနေပါတယ်။ နောက်တစ်ပုံကတော့ ပိုလို ကစားနေပုံဖြစ်ပြီး နောက်ဆုံးတစ်ပုံကတော့ သက်တမ်းတော်တော် ရင့်နေပြီဖြစ်တဲ့ Sirius ရွက် သင်္ဘောကြီး ရွက်လွှင့်နေပုံဖြစ်ပါတယ်။

            ဒီလိုနဲ့ပဲ ဝေလမင်းသမီးရဲ့ စိတ်ကူးဖြစ်တဲ့ ဘာရယ်လ်မိသားစုကို သူ့အနားမှာ ခေါ်ထားနိုင်ဖို့ နှစ်ရှည်လများ ကြံစည်ခဲ့တဲ့ အကြံအစည်ဟာ အောင်မြင်သွားခဲ့ပါတယ်။ ဝန်ထမ်းအိမ်ရာများထဲမှာ ကျွန်တော့်အိမ်နံပါတ်က (၃) ဖြစ်ပါတယ်။ ကျွန်တော့်အိမ်ပုံစံကို အလွယ်တကူမြင်သာအောင် ပြောရမယ်ဆိုရင် ချော့ကလက်ဘူးပုံစံနဲ့ တူပါတယ်။ အိပ်ခန်းသုံးခန်းပါပြီး ထုပ်တန်းများနဲ့ မျက်နှာကြက်က ခပ်နိမ့်နိမ့်ပါ။ အိမ်ရှေ့ မျက်နှာစာ နံရံမှာတော့ နှင်းဆီပင်များက တွယ်ကပ်ပြီး တက်နေပါတယ်။ ခြံဝင်းဂိတ်တံခါးလေးက အဖြူကလေးပါ။ ဒီအိမ်ကလေးဟာ တကယ့်ကို ကျွန်တော်နဲ့ မာရီယာ့စိတ်ကူးထဲမှာ အိပ်မက်မက်ခဲ့ကြတဲ့ အိမ်ကလေးတစ်လုံးရဲ့ ပုံစံပါပဲ။ အိမ်ထဲမှာ မင်းသားပေးလိုက်တဲ့ ပန်းချီကားများနဲ့ အလှဆင်နိုင်သလို မင်းသမီးကလည်း ကျွန်တော့် သားနှစ်ဦးနဲ့အတူ သူ့သားများပါ ကစားနိုင်ဖို့ ကစားစရာ ပစ္စည်းတွေကို အိပ်ခန်း တစ်ခန်းထဲမှာ ပြင်ဆင်ထားပေးတာကြောင့် သူတို့လေးတွေ အားလုံး အဲဒီအခန်းထဲမှာပဲ ပျော်ရွှင်နေလေ့ ရှိပါတယ်။ ဒီအိမ်ကလေးက အရင်တုန်းက ဒိုင်ယာနာရဲ့ ဝန်ထမ်းတစ်ယောက် နေသွားတဲ့ အိမ်ကလေးပါ။ သူ လန်ဒန်ကို ပြောင်းသွားပြီးတဲ့နောက် မင်းသမီးက ကျွန်တော့်တို့ မိသားစုအတွက် ချီးမြှင့်ပေးခဲ့တာပေါ့။ ကျွန်တော့်အိမ်နဲ့ အိမ်မကြီးက သိပ်မဝေးပါဘူး။ အတန်အသင့် လမ်းလျှောက်သွားရုံနဲ့ ရောက်ပါတယ်။ လန်ဒန်မှာ ဒီလို ဝန်ထမ်းတစ်ယောက်အနေနဲ့ မိမိ တာဝန်ထမ်းဆောင်ရမယ့်နေရာကို လမ်းလျှောက်ပြီး ရောက်သွားနိုင်ဖို့ဆိုတာ အင်မတန် ကြီးမြတ်တဲ့ အခွင့်အရေးတစ်ခုပါပဲ။

            ကျွန်တော့်ဘဝမှာ မေ့မရနိုင်သလို ဒိုင်ယာနာရဲ့ ရင်ထဲမှာလည်း ဘယ်တော့မှလည်း မေ့လို့ရနိုင်မယ် မထင်တဲ့နေ့ တစ်နေ့ ရှိပါတယ်။ အဲဒီနေ့ကတော့ လူရွှင်တော် စပိုက်မီလီဂန် ဟိုင်းဂရုဖ် စံအိမ်ကို တစ်ညတာ လာနေပြီး ဖျော်ဖြေပေးတဲ့ နေ့ပါပဲ။ နံနက်စာစားဖို့ သူ ဆင်းလာတဲ့အခါမှာ တစ်ညလုံး မအိပ်ရတဲ့ ပုံစံမျိုး ပေါ်နေပါတယ်။ နောက်မှ သိရတာကတော့ သူ့အတွက် ပြင်ဆင်ထားတဲ့ ကြီးကျယ်ခမ်းနားလှတဲ့ ခုတင်ကြီးပေါ်မှာ မအိပ်ရဲတာကြောင့် ရေချိုး ခန်းထဲမှာ သွားအိပ်နေခဲ့တာလို့ ဆိုပါတယ်။ နောက်ရက်သတ္တပတ် အနည်းငယ်ကြာတော့ သူ့ဆီက လက်ဆောင်ပစ္စည်းတစ်ခု ရောက်လာပါတယ်။ အဲဒီ လက်ဆောင်ကတော့ ကြွေသားနဲ့ လုပ်ထားတဲ့ ခပ်ဝိုင်းဝိုင်း ပစ္စည်းတစ်ခုဖြစ်ပြီး 'စပိုက်မီလီဂန် ဒီနေရာမှာ အိပ်သွားတယ်'လို့ ရေးထားတာပါ။ စပိုက်က အဲဒီကြွေပြားကို သူအိပ်သွားခဲ့တဲ့ ရေချိုးခန်း ကြမ်းပြင်မှာ ကပ်ထားပေးပါလို့လည်း တောင်းဆိုခဲ့ပါတယ်။ သူ့အဖြစ်အပျက်ကို သိလိုက်ရတဲ့ ချားလ်စ်မင်းသားက တော်တော် ရယ်ခဲ့ပါတယ်။

□

            ဘဲလ်မြည်သံ ကြားလိုက်ရပြီး မီးနီကလေး လင်းလာတာကို တွေ့လိုက်ရတဲ့အတွက် ကျွန်တော့်ကို ခေါ်နေတယ်ဆိုတာ သိလိုက်ရပါတယ်။ ဒါကြောင့် ချက်ချင်း သွားလိုက်တဲ့ အခါမှာတော့ မင်းသားကို ဧည့်ခန်းမအလယ်မှာ ရပ်နေတာ တွေ့လိုက်ရပါတယ်။ သူ့အနားမှာ ကယ်မီလာပါကာဘိုးလ်စ် ရှိနေလေရဲ့။ သူတို့နှစ်ယောက်စလုံးက နံရံမှာ ချိတ်ထားတဲ့ ဓာတ်ပုံတစ်ပုံကို စူးစိုက်ပြီး ကြည့်နေကြတာပါ။ ကျွန်တော် ရောက်သွားတော့ မင်းသားက...

            'ပေါလ်... ဟောဟိုမှာ ချိတ်ထားတဲ့ ပုံတွေက အရင်တုန်းက ဘယ်မှာထားခဲ့လို့လဲ' လို့ မေးပါတော့တယ်။ သူ့ဧည့်သည် ကယ်မီလာကတော့ ကျွန်တော့်ကို ပြုံးပြီး ကြည့်နေပါတယ်။ မင်းသား ဘယ်ပုံကို ရည်ညွှန်းတယ်ဆိုတာ ကျွန်တော် သဘောပေါက်လိုက်ပါတယ်။ အားနာဖို့ ကောင်းလိုက်တာလို့ ကျွန်တော့်ရင်ထဲမှာ တွေးနေမိရင်း 'အရှင်မင်းသား... အရှင့်ရေဆေးပန်းချီ ကားတွေကို ဆိုလိုတာလား'လို့ မေးလိုက်ရပါတယ်။

            'အေး ဟုတ်တယ်၊ ဖလောရင့်စ်မြို့ရဲ့ အပေါ်စီးက အုတ်ကြွပ်တွေ မိုးထားတဲ့ အိမ်တွေရဲ့မြင်ကွင်းကို ရေးထားတဲ့ ပန်းချီကားကို ပြောတာ'

            'မင်းသားက ကျွန်တော်မျိုးကို အိမ်တက်မင်္ဂလာ လက်ဆောင်အဖြစ် ပေးခဲ့တာလေ'လို့ လျှောက်ထားလိုက်ရပါတယ်။

            သူက တစ်မိနစ်လောက် စဉ်းစားနေသေးတာ။ ပြီးတော့မှ 'သြော်... ငါ ကိုယ်တော် ပေးခဲ့တာလား'လို့ ပြောလိုက်ပြီး သူ့ဧည့်သည် ကယ်မီလာဘက်ကို လှည့်ကာ 'ကိုင်း... ဒီပန်းချီကား ကတော့ ပေးပြီးသား ဖြစ်သွားပြီ။ မင်းအတွက် တခြားတစ်ခုခု ရှာပေးမယ်' လို့ ပြောသံ ကြားလိုက်ရပါတယ်။

            ကြည့်ရတာကတော့ ကယ်မီလာရဲ့ အိမ်မှာ ချိတ်ဆွဲဖို့အတွက် မင်းသားက လက်ဆောင်ပေးချင်တာကြောင့် ပန်းချီကားတစ်ခုခု လိုက်ရှာနေပုံပါပဲ။ ဒီတစ်နှစ်အတွင်းမှာ ကယ်မီလာအနေနဲ့ မင်းသားဆီက လက်ဆောင်တွေ အများအပြား ရခဲ့ပြီးဖြစ်တယ်ဆိုတာကို ကျွန်တော် သိပါတယ်။ ဒီနေ့ထက်ထိ သူမရင်မှာ ချိတ်တွယ်ထားတဲ့ ဝေလမင်းသားအထိမ်းအမှတ် ငှက်မွှေး ပုံသဏ္ဌာန် စိန်ရင်ထိုးဟာလည်း ချားလ်စ်မင်းသားရဲ့ လက်ဆောင်ပဲပေါ့။  ပြန်စဉ်းစားကြည့်လိုက်ရင် ကျွန်တော်ဟာ မင်းသားရဲ့ အမြှောင်မိဖုရားအတွက် လက်ဆောင်ပစ္စည်း ရရှိရေး ကူညီပံ့ပိုး ပေးနေသလိုပါပဲ။ ဒီလိုလုပ်ဆောင်ခြင်းဟာ မင်းသမီးကို မျက်ကွယ်မှာ သစ္စာဖောက်ရာ ကျလေမလားလို့ စဉ်းစားမိပါသေးတယ်။ ဒါပေမယ့် မင်းသားအတွက် တာဝန်ထမ်းဆောင်ခြင်းဟာလည်း ကျွန်တော့်အတွက် အဓိကတာဝန် တစ်ရပ်ဖြစ်ခြင်းကြောင့် သစ္စာဖောက်ရာ မရောက်ဘူးလို့တော့ ကိုယ့်ကိုယ်ကိုယ် အားပေးရပါတယ်။ မျက်စိစုံမှိတ်ပြီး ဘာမှ မတွေးတောနိုင်တော့ပါဘူး။

            အင်္ဂလန်နိုင်ငံရဲ့ နာမည်ကြီး လက်ဝတ်ရတနာ ဆိုင်ကြီးတစ်ဆိုင်ဖြစ်တဲ့ Genevieve Holmes ဆိုင်ကြီးကလည်း မကြာခဏဆိုသလို လက်ဝတ်ရတနာ ပစ္စည်းများ လာလာပို့တတ်ပါတယ်။ သူတို့လာပို့တိုင်း ကျွန်တော်က လက်ခံယူရပြီး မင်းသားရဲ့ စာကြည့်စားပွဲမှာ လိုင်နင်အဝတ်စခင်းကာ မင်းသား စိတ်ကြိုက်ရွေးချယ်နိုင်အောင် ပြသပေးရပါတယ်။ ကျွန်တော့်မျက်ကွယ်မှာ မင်းသားက ကယ်မီလာအတွက် သူ့စိတ်ကြိုက် လက်ဝတ်ရတနာများကို ရွေးချယ်လေ့ရှိပြီး မဝယ်ဖြစ်တဲ့ ပစ္စည်းများကိုတော့ ကျွန်တော်ကိုယ်တိုင်ပဲ ပြန်လည်ထုပ်ပိုးကာ ပို့ပေးရပါတယ်။

            ကယ်မီလာအတွက် အဲဒီလို လက်ဝတ်ရတနာတွေ ဝယ်ပေးနေတယ် ဆိုပေမယ့် ချားလ်စ်မင်းသားက ဒိုင်ယာနာကိုလည်း မေ့မထားပါဘူး။ သူတို့နှစ်ယောက် လက်ထပ်တဲ့ ၁ဝ နှစ် မြောက် ၁၉၉၁ ခုနှစ်ကို ရောက်တဲ့အခါ စာနယ်ဇင်းများက ဝေလမင်းသားနဲ့ မင်းသမီးတို့ရဲ့ အိမ်ထောင်ရေး အဆိုးရွားဆုံး အခြေအနေ ရောက်နေပြီလို့ ရေးသားနေတဲ့ကြားကပဲ ဒိုင်ယာနာအတွက် ရွှေလည်ဆွဲတစ်ကုံး ဝယ်ယူပြီး မင်္ဂလာ နှစ်ပတ်လည် အမှတ်တရအဖြစ် လက်ဆောင် ပေးခဲ့ပါသေးတယ်။ ဒီလက်ဆောင်ကို ဒိုင်ယာနာ ဖွင့်ကြည့်လိုက်တဲ့ အခါမှာတော့ ရွှေသားနဲ့ ပြုလုပ်ထားတဲ့ ရောမဂဏန်း (X) တစ်ဆယ်ဂဏန်းကို တွေ့ရပါတယ်။ ဒီဂဏန်းက သူတို့ဇနီး မောင်နှံ လက်ထပ်ခဲ့ကြတာ ၁ဝ နှစ် ပြည့်ပြီဆိုတဲ့ ရည်ညွှန်းချက်ပါပဲ။ သားတော်နှစ်ပါး မွေးခဲ့တဲ့ ၁၉၈၂ ခုနှစ်နဲ့ ၁၉၈၄ ခုနှစ်များတုန်းကလည်း မင်းသားက (W) နဲ့ (H) စာလုံးများပါတဲ့ လည်ဆွဲများ ပို့ပေးခဲ့ပါတယ်။ သားတော်များရဲ့ အမည်ကို ကိုယ်စားပြုထားခြင်းပါ။ မင်းသားက တစ်နှစ်တစ်ကြိမ်တော့ မင်းသမီးအတွက် ရွှေထည်ပစ္စည်း ဝယ်ပေးတတ်ပါတယ်။ တစ်ခါတုန်းက ဘဲလေးအက ဝါသနာပါတဲ့ မင်းသမီးအတွက် ရွှေသားနဲ့ပြုလုပ်ထားတဲ့ ဘဲလေးကချေသည်စီး ဖိနပ်ကလေးပုံစံ ရွှေဆွဲကြိုးကို ပို့ခဲ့ဖူးပါတယ်။ မင်းသမီးက တင်းနစ်ရိုက်တာကိုလည်း ဝါသနာပါတော့ တင်းနစ်လက်ကိုင် တုတ်ပုံစံနဲ့လည်း ပို့ခဲ့ဖူးတယ်။ ဝက်ဝံရုပ်ကလေးတွေကို ချစ်တတ်တဲ့အတွက် ရွှေနဲ့လုပ်ထားတဲ့ ဝက်ဝံရုပ်ကလေး၊ ရွှေသားနဲ့လုပ်ထားတဲ့ ပိုလိုဦးထုပ်၊ ရွှေပန်းသီးတစ်လုံး၊ စိန့်ပေါလ်ဘုရားရှိခိုး ကျောင်းပုံစံငယ် ရွှေသားရုပ်တို့ကိုလည်း ချစ်သက်လက်ဆောင်အဖြစ် ပေးခဲ့ဖူးတာ ကျွန်တော် မှတ်မိနေပါတယ်။ စိန့်ပေါလ် ဘုရားရှိခိုးကျောင်းက သူတို့နှစ်ဦး လက်ထပ်ခဲ့ကြတဲ့ ဘုရားရှိခိုးကျောင်း ဖြစ်ပါတယ်။

            မင်းသမီးကလည်း မင်းသား ပေးပို့တဲ့ ချစ်သက်လက်ဆောင်များကို အမြတ်တနိုးနဲ့ သူ့ရတနာသေတ္တာများထဲမှာ သိမ်းဆည်းထားလေ့ ရှိပါတယ်။ သူ့အပြောကတော့ ဒီပစ္စည်းလေးတွေကို မြင်လိုက်တိုင်း တစ်ချိန်က သူတို့ နှစ်ယောက် ပျော်ခဲ့ကြတဲ့ အပျော်ဆုံး ကာလတွေကို အမှတ်တရဖြစ်စေတယ်လို့ ဆိုပါတယ်။

            မင်းသမီးဘက်ကလည်း လက်ထပ်မင်္ဂလာ နှစ်ပတ်လည်နေ့ရောက်တိုင်း မင်းသားထံကို နှစ်ပတ်လည် ကတ်ပြားလေးတွေ ပို့တဲ့အပြင် ချစ်သူများနေ့မှာလည်း ပို့လေ့ရှိပါတယ်။ ၁၉၉၂ ခုနှစ် သူတို့နှစ်ယောက် လမ်းခွဲတော့လည်း ပို့ဆဲပါပဲ။ လေးနှစ်အကြာ နောက်ဆုံး ကွာရှင်းပြတ်စဲတဲ့ အချိန်မှာလည်း မင်းသမီးက အမှတ်တရကတ်ကလေးတွေ ပို့မြဲပါ။ ကျွန်တော် မှတ်မိသလောက် မင်းသမီးအတွက် နောက်ဆုံးပေးပို့ခဲ့တဲ့ မင်းသားရဲ့ လက်ဆောင်ကတော့ ကောက်ရိုးမျှင်နဲ့ ပြုလုပ်ထားတဲ့ ဦးထုပ်တစ်လုံးပါပဲ။ ဒီဦးထုပ်က ကံကောင်းခြင်းကို ယူဆောင်လာလေမလား၊ ကံဆိုးခြင်းကို ဖြစ်ပေါ်စေမလား ဆိုတာကိုတော့ ကျွန်တော်ကိုယ်တိုင် မသိခဲ့ပါဘူး။ 'ဒီဦးထုပ်ကို ကျွန်မက ဘာလုပ်ရမှာလဲ'လို့ ပြောပြီး မင်းသမီးက တခစ်ခစ် ရယ်ခဲ့ပါသေးတယ်။

□

            မင်းသားနဲ့ မင်းသမီးတို့ နှစ်ယောက်အတူတကွ ပြည်ပခရီးစဉ်များ သွားတဲ့အခါမှာ ကျွန်တော်တို့ အိမ်တော်ဝန်ထမ်းတစ်ဦးဦးက အနီးကပ် လိုက်ပါရလေ့ ရှိပါတယ်။ ကျွန်တော် မရောက်ခင်တုန်းကဆိုရင် ကင်စတန်နန်းတော်ရဲ့ ဘဏ္ဍာစိုးဖြစ်တဲ့ ဟာရိုးဘရောင်းက သူတို့မောင်နှံနဲ့အတူ ပြည်ပခရီးစဉ်ကို အမြဲလိုက်ရပါတယ်။ တစ်နေ့မှာတော့ မင်းသမီးက ကျွန်တော်ရှိနေတဲ့ စားဖိုဆောင်ထဲကို ဝင်လာပြီး သူတို့ဇနီးမောင်နှံနဲ့အတူ ဂျပန်ဧကရာဇ် နန်းတက်ပွဲ လိုက်ရမယ်လို့ ဆိုပါတယ်။ ၁၉၉ဝ ပြည့်နှစ် နိုဝင်ဘာလမှာ သွားရမှာပါ။  'ဒီတစ်ခါတော့ ဟာရိုးကို မခေါ်တော့ဘူး'လို့လည်း မင်းသမီးက ပြောသွားပါသေးတယ်။

            နောင်မှာ ကျွန်တော် သိလိုက်ရတာကတော့ အဲဒီခရီးစဉ်ဟာ ဟာရိုးနဲ့ မင်းသမီးတို့ လမ်းခွဲကြတဲ့ ခရီးစဉ်ဖြစ်ပြီး မင်းသမီးနဲ့ကျွန်တော် ပိုမိုရင်းနှီးမှု ရစေခဲ့တဲ့ ခရီးစဉ်လည်း ဖြစ်ခဲ့ပါတယ်။ ဂျပန်နိုင်ငံရဲ့ ဓလေ့ထုံးတမ်းများက ဇနီးမောင်နှံ ဖြစ်ပါစေဦးတော့ ယောကျ်ားနဲ့ မိန်းမကို တစ်တန်းတည်း မထားဘဲ ခွဲခြားဆက်ဆံလေ့ ရှိပါတယ်။ ဂျပန်နိုင်ငံ ဗြိတိသျှသံရုံမှာပဲ တည်းခိုကြတဲ့အခါ မြေညီထပ်မှာ မင်းသားနဲ့ မင်းသမီးတို့ က အိပ်ခန်းသီးခြားစီနဲ့ အိပ်ကြရတာပါ။  ဒီနေရာမှာ သူတို့နှစ်ယောက်ရဲ့ အနေအထားကလည်း အိမ်ရှေ့မင်းသားနဲ့ မင်းသမီးဆိုတာထက် အင်္ဂလန်နိုင်ငံရဲ့ သီးခြားကိုယ်စားလှယ် နှစ်ဦးအသွင်ကို ဆောင်ပါတယ်။ ကိုယ့်အလုပ်ကို ကိုယ်လုပ်ကြရမယ် ဆိုတဲ့သဘောပါပဲ။ ဂျပန်နိုင်ငံမှာ နေစဉ်အတွင်း မင်းသမီးက စိတ်တိုင်းမကျတာတွေ များပါတယ်။ ဒါပေမယ့် ဂျပန်ပြည်သူလူထုကတော့ မင်းသမီးကို ချစ်မြတ်နိုးကြောင်း ပြသနိုင်ခဲ့ကြပါတယ်။ ဘယ်သူတွေက ဘယ်လောက်ချစ်တယ်ပဲ ပြပြ မင်းသမီးလိုချင်တာက သွားချင်တဲ့နေရာကို လွတ်လွတ်လပ်လပ် သွားလာလိုခြင်းပါ။ အထူးသဖြင့် ဇနီးမောင်နှံနှစ်ယောက်တွဲပြီး ပွဲတက်ရတဲ့အခါမျိုးမှာ မင်းသမီးဘက်က စိတ်လက်မကြည်မသာ ဖြစ်နေတတ်ပါတယ်။

            'ကျွန်မက တစ်ကမ္ဘာလုံးကို လျှောက်သွားပြီး ကျွန်မ လုပ်ချင်တာကို လုပ်လိုက်ချင်တယ်။ သူများလုပ်ချင်တာကို လုပ်ပေးနေရတဲ့ဘဝမှာ လုံးဝမပျော်ဘူး။ ကိုယ်လုပ်ချင်တာကိုပဲ လုပ်ချင်တယ်'လို့ သူ့အခန်းထဲ ရောက်တဲ့အခါမှာ ရင်ဖွင့်ခဲ့ဖူးပါတယ်။ မင်းသမီးက မင်းသားနဲ့အတူတွဲပြီး တက်ရောက်ရတဲ့ အစိုးရပွဲလမ်းသဘင်များမှာ ဣန္ဒြေရရ ငြိမ်နေရသလောက် သူတစ်ယောက်တည်း လွတ်လွတ်လပ်လပ် နေခွင့်ရတဲ့အခါများမှာတော့ ပေါ့ပေါ့ပါးပါး ဝတ်စုံများ ဝတ်ဆင်ပြီး အပျော်ဆုံးအချိန်တွေ ဖြစ်နေတတ်ပါတယ်။ အဲဒီအချိန်ကာလများက မင်းသားနဲ့ ဝေးလေ စိတ်ထဲမှာပျော်လေ ဖြစ်ပုံရပါတယ်။ သူတို့နှစ်ယောက်အတူ ပြည်ပခရီးထွက်ရခြင်းထက် တစ်ယောက်တည်း သွားရတဲ့ခရီးများကို မင်းသမီးက ပိုပြီး လိုလားပါတယ်။

            မင်းသမီးက သူ့ကိုယ်သူ ယုံကြည်စိတ်ချမှု ပိုများလာလေလေ မင်းသားဘက်က မကြိုက်နှစ်သက်မှု ပိုများလာတယ်ဆိုတာကိုလည်း ဂျပန်နိုင်ငံခရီးစဉ်မှာ ကျွန်တော် တွေ့လိုက်ရပါတယ်။ ချားလ်စ်မင်းသားနဲ့ သူ့အမှုထမ်းများက နာရီတကြည့်ကြည့်နဲ့ ခန်းမကြီးရဲ့ အဝင်ဝကို မျှော်နေကြချိန်မှာ မင်းသမီးက အပေါ်ထပ်ကနေ ဆင်းသက်လာပါတယ်။ ကက်သရင်းဝေါ်ကာ ဒီဇိုင်းဖြစ်တဲ့ အနီရောင်ဝတ်စုံ အရောင်တောက်တောက်ကို ဝတ်ထားပြီး ကော်လာလည်း ထောင်ထားပါတယ်။ ယုံကြည်စိတ်ချမှုအပြည့်အဝ ရှိပုံရတဲ့ အပြုံးနဲ့ ဆင်းသက်လာတဲ့ မင်းသမီးကို အားလုံး ငေးကြည့်မိကြပါတယ်။ မင်းသမီး ဆင်းအလာကို ကျွန်တော်က လှေကားရင်းကနေ ကြိုဆိုနေခဲ့ပါတယ်။ ကျွန်တော့်ကို ဖြတ်ကျော်ပြီး ချားလ်စ် မင်းသားဘေးကို ရောက်သွားတဲ့အခါမှာ မင်းသမီးက 'ကျွန်မဝတ်စုံကို သဘောကျရဲ့လား ချားလ်စ်' လို့ မေးသံ ကြားလိုက်ရပါတယ်။

            မင်းသားရဲ့ ပြန်ကြားချက်က တိုးတိုးကလေး ဖြစ်ပေမယ့် ပြောလိုက်တဲ့ စကားကတော့ တော်တော်ကြီးကို ရင့်ရင့်သီးသီး နစ်နာစေခဲ့ပါတယ်။ 'အေး.. မင်းကို ကြည့်ရတာ ဗြိတိသျှလေ ကြောင်းလိုင်းက လေယာဉ်မယ်နဲ့ တူတယ်'တဲ့။ အဲဒီတစ်ခွန်းပဲ ပြောပြီး ခန်းမထဲ ဝင်လာမယ့် ဂျပန်အစိုးရ လူကြီးပိုင်းကို ချားလ်စ်ကိုယ်တိုင် သွားရောက် ကြိုဆိုနေချိန်မှာတော့ မင်းသမီးရဲ့ မျက်နှာပေါ်မှာ စောစောက တွေ့ခဲ့ရတဲ့ အပြုံးနဲ့ ယုံကြည်စိတ်ချမှုတွေ ပျောက်ကွယ်သွားပြီး ခေါင်းငိုက်စိုက် ကျနေတာကို ကျွန်တော် တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် အိမ်ရှင် ဂျပန်အစိုးရ အထက်တန်းအရာရှိကြီးများကို ကြိုဆိုရမှာဖြစ်တဲ့အတွက် မင်းသားရှိနေတဲ့ တံခါးဝကိုတော့ လိုက်သွားပြီး သူနဲ့အတူ စောင့်ကြိုနေခဲ့ပါတယ်။

            မင်းသမီးရဲ့ စိတ်ဓာတ်ကို အဲဒီလို ပျက်ပြားသွားအောင် ချားလ်စ်က ရိုက်ချိုးခဲ့တာ ဒီတစ်ကြိမ်သာမကပါဘူး။ ပြည်ပခရီးစဉ်များမှာ အကြိမ်ကြိမ် ကြုံခဲ့ရပါတယ်။ ၁၉၉၁ ခုနှစ် မေလအတွင်းက သူတို့နှစ်ဦး ချက်ကိုစလိုဗက်ကီးယား နိုင်ငံကို သွားကြရပါတယ်။ နိုင်ငံတော်ရဲ့ ဧည့်သည်များဖြစ်တဲ့အတွက် ပရာ့ဂ်မြို့တော်မှာရှိတဲ့ သမ္မတနန်းတော်မှာ တည်းခိုကြရပါတယ်။ ဒါပေမယ့် တည်းခိုတဲ့နေရာမှာ မင်းသားနဲ့မင်းသမီးတို့ တစ်ခန်းစီ တည်းခိုရတာဖြစ်တဲ့အပြင် တစ်ထပ်တည်းမှာလည်း မဟုတ်ပါဘူး။ ညနေခင်းမှာ လက်ခံတွေ့ဆုံရမယ့် ဧည့်သည်ကို ကြိုဆိုဖို့အတွက် မင်းသမီးက အပေါ်ထပ်ကနေ မင်းသားရှိရာကို ညနေခင်းဝတ်စုံနဲ့ ဆင်းလာခဲ့ ပါတယ်။ မင်းသမီးဝတ်ထားတာက အဖြူရောင်ဂျက်ကက်အင်္ကျီနဲ့ စကတ်ဖြစ်ပြီး အမည်းရောင်ကြယ်သီးများ တပ်ထားကာ ရင်သားပေါ်က အိတ်ထဲမှာ အမည်းရောင် လက်ကိုင်ပဝါကို ထိုးထည့်ထားတဲ့အပြင် အဖြူနဲ့အမည်း စပ်ထားတဲ့ ရှူးဖိနပ်ကို စီးလာခဲ့ပါတယ်။ ခင်ပွန်းသည်အနားမှာ ကပ်ထိုင်လိုက်ပြီး သူဝတ်ထားတာ အဆင်ပြေရဲ့လားလို့ မေးလိုက်တဲ့အခါမှာ ချားလ်စ်မင်းသားက ပြုံးလိုက်ပြီး 'မင်းကို ကြည့်ရတာ မာဖီးယားဂိုဏ်းထဲကို လောလောဆယ် ရောက်လာတဲ့ ဂိုဏ်းသားတစ်ယောက်နဲ့ တူနေတယ်'လို့ မှတ်ချက်ချခဲ့ပါတယ်။ ဒီမှတ်ချက်ကို ပတ်ဝန်းကျင်က လူများလည်း ကြားလိုက်ကြပါတယ်။ မင်းသားအနေနဲ့ ပျော်စေပြက်စေလို့ ပြောလိုက်တဲ့သဘော ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ပတ်ဝန်းကျင်မှာ ရှိနေတဲ့ ဘယ်သူကမှ သူ့ပြက်လုံးကို မရယ်ခဲ့ကြပါဘူး။ မင်းသမီးကို သက်သက်ချိုးနှိမ်တာပဲရယ်လို့သာ မြင်မိကြပြီး အားလုံးရဲ့မျက်နှာပေါ်မှာ စိတ်မသက်မသာ ဖြစ်သွားကြတာကို တွေ့ရပါတယ်။

            အခု ဂျပန်နိုင်ငံမှာတစ်ကြိမ် အပြောခံလိုက်ရပြန်တော့လည်း မင်းသမီးရဲ့ မျက်နှာက ခဏသာ ပျက်သွားတာပါ။ မိနစ်ပိုင်းအတွင်းမှာပဲ ဣန္ဒြေကို ပြန်ဆယ်နိုင်ခဲ့ပါတယ်။ ဂျပန်နိုင်ငံမှာ ရှိနေစဉ်အတွင်း ကျွန်တော်နဲ့ ဟယ်လီနာရို့ချ်တို့ကို ခေါ်ပြီး ဗြိတိသျှသံရုံးရဲ့ ဥယျာဉ်ထဲကို ခေါ်သွားပါတယ်။ သူ့ အစီအစဉ်က ခဏကြာရင် ဂျပန်ဧကရာဇ် ကျင်းပပေးမယ့် ပါတီပွဲကို တက်ရမှာပါ။ အားလပ်နေတဲ့ခဏအတွင်း သူက ကျွန်တော်တို့နှစ်ယောက်ကို ခေါ်ထုတ်လာခဲ့ခြင်းပါ။ 'ပေါလ်လာခဲ့၊ ဓာတ်ပုံသွားရိုက်ရအောင်'လို့ ဆိုပါတယ်။ ကျွန်တော် အဲလိဇဘက်ဘုရင်မကြီးအပါးမှာ နှစ်ပေါင်းများစွာ ခစားခဲ့ဖူးပေမယ့် ခုလို အလွတ်သဘောမျိုး အတူတွဲပြီး ဓာတ်ပုံတစ်ကြိမ်တစ်ခါမှ မရိုက်ခဲ့ဖူးပါဘူး။ ခုတော့ နောင်မှာ ဗြိတိန်နိုင်ငံရဲ့ မိဖုရားကြီးဖြစ်လာမယ့် ဝေလမင်းသမီး ဒိုင်ယာနာက သူနဲ့အမှတ်တရ ဓာတ်ပုံရိုက်ရအောင်လို့ ဆိုလာပါပြီ။ ကျွန်တော်တို့နှစ်ယောက်ကို ဟယ်လီနာက ဓာတ်ပုံရိုက်ပေးပါတယ်။ 'ရိုက်မယ်... ပြုံးလိုက်နော်' လို့ ဆိုပြီး ဓာတ်ပုံရိုက်ပြီးချိန်မှာတော့ ကျွန်တော်က 'ကျွန်တော်တို့ အခုလို အပျော်ထွက်ပြီး ဓာတ်ပုံရိုက်ကြတာကို မင်းသားတော့ သိမယ်မထင်ပါဘူးနော်'လို့ ကျွန်တော်က ပြောမိပါတယ်။

            အဲဒီအခါ မင်းသမီးက 'အိုး... ဘာမှ စိတ်မပူနဲ့။ ပျော်ပျော်ကြီးသာ ဓာတ်ပုံရိုက်ကြရအောင်'လို့ ဆိုပြီး ဟယ်လီနာနဲ့ ကျွန်တော့်ကို မင်းသမီးကိုယ်တိုင် ဓာတ်ပုံရိုက်ပေးခဲ့ပါသေးတယ်။ အဲဒီဓာတ်ပုံဟာ ဒီနေ့ထက်ထိ ကျွန်တော့်ဘဝမှာ အမှတ်တရအဖြစ် ရှိနေဆဲပါ။ ကျွန်တော့်ပုံကို ပြန်ကြည့်လိုက်တော့ သတိအနေအထားနဲ့ ဖြစ်နေပြီး စီးထားတဲ့ လည်စည်းက ဇွန်လ အတွင်းတုန်းက မင်းသမီးကိုယ်တိုင် ကျွန်တော့်အတွက် လက်ဆောင်အဖြစ် ဝယ်ပေးခဲ့တဲ့ လည်စည်းဖြစ်တာကို သတိရမိပါတယ်။ မင်းသမီးက အဲဒီလိုပါပဲ။ သူ့အနီးမှာရှိတဲ့ ဝန်ထမ်းများရဲ့ မွေးနေ့များကို သတိတရအမြဲတမ်းရှိပြီး မွေးနေ့ရောက်တိုင်း အမှတ်တရ လက်ဆောင်တစ်ခုခု ပေးတတ်စမြဲ ဖြစ်ပါတယ်။ မင်းသမီးလက်ထဲက ကင်မရာကိုယူပြီး မင်းသမီးနဲ့ ဟယ်လီနာကို ကျွန်တော်က တစ်လှည့်ဓာတ်ပုံရိုက်ပေးခဲ့ပါတယ်။ ချက်ကိုစလိုဗက်ကီးယား နိုင်ငံမှာတုန်းကလည်း ကျွန်တော်တို့ ဒီလိုပဲ အမှတ်တရ ဓာတ်ပုံရိုက်ခဲ့ကြပါသေးတယ်။

            ပြုံးပျော်နေတဲ့ မင်းသမီးရဲ့မျက်နှာကို မြင်လိုတဲ့ ကျွန်တော်က ဂျပန်နိုင်ငံနဲ့ ချက်ကိုစလိုဗက်ကီးယားမှာ ရိုက်ခဲ့တဲ့ ပုံများကို အင်္ဂလန်ပြန်ရောက်ရောက်ချင်း ကူးပြီး ကျွန်တော့်အိမ် မီးလင်းဖို အထက်မှာ ဓာတ်ပုံဘောင်နဲ့ သွင်းထားပါတယ်။ အဲဒီဓာတ်ပုံကလေးများရဲ့ အပေါ်မှာတော့ ၁၉၉ဝ ပြည့်နှစ် ဇူလိုင်လက ရိုက်ကူးခဲ့တဲ့ မင်းသမီးရဲ့ အမှတ်တရ ပုံကြီးတစ်ပုံလည်း ထားရှိပါတယ်။ အဲဒီပုံကတော့ Vogue မဂ္ဂဇင်းကြီးအတွက် ဓာတ်ပုံရိုက်ရာမှာ မဂ္ဂဇင်းက အမှတ်တရလက်ဆောင်အဖြစ် ပြန်ပေးခဲ့တဲ့ ဓာတ်ပုံများထဲက တစ်ပုံဖြစ်ပါတယ်။ မင်းသမီးက သူ့အခန်းထဲမှာ ဓာတ်ပုံတွေကို ခင်းထားပြီး ကြိုက်ရာတစ်ပုံ ရွေးလို့ ဆိုတော့ ကျွန်တော်က အဲဒီပုံကို ရွေးခဲ့ပါတယ်။ ကျွန်တော် ရွေးတဲ့ပုံပေါ်မှာ မင်းသမီးက 'ပေါလ်နဲ့မာရီယာအတွက် အချစ်များစွာနဲ့ ဒိုင်ယာနာ'လို့ လက်မှတ်ရေးထိုးခဲ့တာပါ။ ဒီဓာတ်ပုံက သက်ဝင်တဲ့ အပြုံးနဲ့ ကျွန်တော့်အတွက် အမှတ်ရစရာများစွာထဲက တစ်ခုဖြစ်ပါတယ်။

            မင်းသမီးနည်းတူ မင်းသားကလည်း ကျွန်တော့်အပေါ်မှာ ရက်ရောပါတယ်။ အဲဒီနှစ်မှာ ကျရောက်တဲ့ ကျွန်တော့် ၃၂ နှစ်မြောက် မွေးနေ့အတွက် ချားလစ်မင်းသားက သူ့ရေဆေး ပန်းချီကားတစ်ကားကို လက်ဆောင်အဖြစ်ပေးပြီး ပန်းချီကားပေါ်မှာ 'ချားလ်စ် ၁၉၉ဝ'လို့ လက်မှတ်ရေးထိုး ပေးထားပါတယ်။ တခြားပန်းချီကားတွေပေါ်မှာတော့ သူက (C) တစ်လုံး တည်းသာ လက်မှတ်ထိုးလေ့ ရှိပါတယ်။ မင်းသားပေးတဲ့ ပန်းချီကားများကိုလည်း ကျွန်တော်က မီးလင်းဖို အထက်မှာ မင်းသမီးရဲ့ပုံနဲ့အတူ ချိတ်ဆွဲထားခဲ့ပါတယ်။

▀

ဆက်လက်ဖော်ပြပါမည်။

ဝင်းငြိမ်း

(အမှတ် ၂၀၆၊ ဇန်နဝါရီလ၊၂၀၀၇ ရွှေအမြုတေမဂ္ဂဇင်း။)


Related Articles

အခန်းဆက်ဝတ္ထုရှည်
...
မင်းမှုထမ်း အပိုင်း (၁၈)
ဝင်းငြိမ်း

ကျွန်တော်က ဒိုင်ယာနာ့အပါးမှာ နေရတာ လူနှစ်ယောက်ကို ခစားနေရသလိုပါပဲ။ တစ်ဦးကတော့ အများသိထားတဲ့ အိမ်ရှေ့မိဖုရား ဒိုင်ယာနာဖြစ်ပြီး နောက်တစ်ဦးကတော့ ကျွန်တော်နဲ့ အင်မတန် ခင်မင်ရင်းနှီးတဲ့ လမ်းပျောက်နေတဲ့ မိန...

အခန်းဆက်ဝတ္ထုရှည်
...
တိမ်ယံအိပ်မက် မိုးထက်နရီ အပိုင်း (၇)
ဆူးငှက်

'ငါ့တူရဲ့ ဦးကြီးက မျက်စိမှုန်နေလို့၊ မင်းသမီးကို သေချာကြည့်ပါဦး။ မမြရင်အစစ်ရော ဟုတ်ရဲ့လား။ အရပ်ထဲ ပြောနေကြတာက ရှမ်းပြည်နယ်မှာ မမြရင်ဆုံးခဲ့တာ လူသိမခံဝံ့သေးလို့ သူ့ညီမနဲ့ လူစားထိုးခဲ့တာလို့ ပြောနေကြတာက...

အခန်းဆက်ဝတ္ထုရှည်
...
တိမ်ယံအိပ်မက် မိုးထက်နရီ အပိုင်း (၆)
ဆူးငှက်

ကိုယ့်လူမျိုးထဲမှာ သုခုမလည်း သုခုမမို့၊ စာပေဆိုလည်း စာပေမို့၊ အတတ်ပညာဆိုလည်း အတတ်ပညာမို့ ထူးချွန်ပေါက်မြောက်သူတွေဟာ အံ့မခန်းပါပဲ။ ကိုယ့်တိုင်းပြည် ကိုယ့်အစိုးရသာဆိုရင် ဘယ်လောက်များ ကောင်းလိုက်မလဲနော်