ဆူးငှက်
သီခေါင်လေ...၊
ရီမှောင်လေ...၊
မောင်သောင်းဉာဏ်အခန်းထဲက
ဘာသံမှထွက်မလာ။ မောင်မူက အသံခပ်အုပ်အုပ်ဖြင့် တစ်ခါ နှိုးလိုက်ပြန်၏။
သိန်းမောင်လေးနှင့် ကိုဘဦးလေးက ဒီလောက်ရှိတာ အုတ်စက်ခဲနဲ့ လှမ်းထုလိုက်ကွာဟု
ဆိုသည်။ မောင်မူက ‘အသာနေကြစမ်းပါဗျာ၊ ကျုပ်ရအောင်နှိုးပါမယ်။ တော်ကြာ ဘေးအိမ်တွေပါ
နိုးသွားရင် စကားများနေရပါဦးမယ်’ ဟု ဆို၏။ တစ်ဆက်တည်းပင် ‘ကိုသောင်းဉာဏ်၊
ကိုသောင်းဉာဏ်’ ဟု နှစ်ခွန်းဆင့်သည်။ နှာမှုတ်သံ တဖူးဖူးနှင့် အမြီးတရမ်းရမ်း
ဖြုတ်မောင်းနေသော မြင်းသည် သုံးချောင်းထောက်ကာ လည်တခါခါနှင့်
ဇက်ကြိုးခပ်လိုက်သည်နှင့် ပြေးဖို့ဟန်ပြင်နေသည်။ မြင်းလှည်းပေါ်မှ ကိုဌေးမောင်က
‘တကတည်းဗျာ၊ မြို့သားများ အအိပ်ကြီးလိုက်တာ။ ကျုပ်တို့မှာ သရက်တစ်ပင်
နာရီပြန်နှစ်ချက်ထိုးကတည်းကထပြီး လှည်းကလာခဲ့ရတာ’ ဟုဆို၏။
သည်တစ်ခါတော့ မောင်သောင်းဉာဏ်အခန်းထဲက
ချောင်းဟန့်သံ ကြားလိုက်ရသည်။ ခဏနေတော့ မီးအလင်းရောင်လေး မြင်လိုက်ရ၏။ မကြာမီ
တံခါးပွင့်လာပြီး မောင်သောင်းဉာဏ်က ခဏလေး မကြာပါဘူးဟူသော အမူအရာပြလိုက်ပြီး
နောက်ဘက်ရှိ ရေစဉ့်အိုးဆီ ထွက်သွားပုံရသည်။ သိန်းမောင်လေးက ‘သူ့အစ်ကို
ကိုသိန်းဖေကတော့ အခုဒီအိမ်မှာပေါ့နော်’ ဟု ခပ်တိုးတိုးပြောသောအခါ မောင်မူက
‘အင်း... လောလောဆယ်တော့ ရှိမှာပေါ့။ ဟိုတစ်နေ့ညက ပွဲပြီးတဲ့နောက်
နောက်နေ့ရုံးအသွားမှာ အလုပ်ပြုတ်သွားတာပဲ။ ကျွန်တော်လည်း
ဗာဟီရကိစ္စလေးတွေရှိနေလို့ ဒီဘက်မရောက်ဖြစ်တော့ အကြောင်းစုံမသိရသေးဘူး’ဟု ဆိုသည်။
ကိုဘဦးလေးက သူနှင့် မောင်သောင်းဉာဏ်တို့ မနေ့က အသင်းတိုက်မှာတွေ့သော်လည်း ဒီကိစ္စမမေးဖြစ်၊
မပြောဖြစ်ကြကြောင်း မာစတာတို့ လူကြီးတွေနှင့်တော့ မောင်သောင်းဉာဏ်
ပြောနေဆိုနေပုံရကြောင်း၊ သို့သော် ထိုကိစ္စ ဟုတ်မဟုတ် မသေချာကြောင်း ဆိုသည်။
တစ်အောင့်လောက်ကြာတော့ မောင်သောင်းဉာဏ် ထွက်လာသည်။ ဖလန်နယ်ကွက်စိတ်
လက်ရှည်လေးအပေါ်က ကုတ်အင်္ကျီတစ်ထည် ဝတ်ထားသည်။ ဖလန်နယ်ကွက်စိတ် လက်ရှည်လေးအပေါ်က
ကုတ်အင်္ကျီတစ်ထည် ဝတ်ထားသည်။ ဘုတလင်ထည် ခပ်ထူထူလုံချည်နှင့် ကင်းဗတ်ရှူးကို
စီးသည်။ လည်မှာ မာဖလာလေးလည်း သိုင်းထား၏။ ထို့နောက် ဂေါ့ဖ်ဖားဦးထုပ်လေးလည်း
ဆောင်းထားသေး၏။
မန္တလေးဆောင်းသည် တပို့တွဲလကုန်ခါနီးသော်လည်း
အအေးကဲနေဆဲဖြစ်သည်။ အားလုံး ကိုဌေးမောင်၏ မြင်းလှည်းပေါ်စုထိုင်ချိန်ထိ
အအေးဒဏ်ကြောင့် ခပ်ကုပ်ကုပ်နှင့် အသံမထွက်နိုင်ကြသေး။ ကိုဌေးမောင်က
စုပ်တစ်ချက်သပ်ကာ မြင်းကို ဇက်ကြိုးခပ်၍ မောင်းထွက်၏။ သိန်းမောင်လေးက သူ၏
အေးစက်နေသောလက်ဖြင့် မောင်သောင်းဉာဏ်လက်ကို ဆုပ်ကိုင်လိုက်ပြီး 'ဘယ်လိုလဲ
ကိုယ့်လူ၊ မျက်နှာသစ်တော်မီအောင် စောစောလာခဲ့ကြပါပြောပြီး ကိုရင်က သိုးနေပါလား'ဟု ကျီစားလိုက်သည်။ မောင်သောင်းဉာဏ်က နေရာကို ပြင်ထိုင်လိုက်ပြီး 'မပြောချင်ပါဘူးဗျာ၊ ကိုသိန်းဖေပေါ့၊ သူ့ကုန်ဆိုင်ကို သွားစရာမလိုတော့ပေမယ့်
ဒီမှာပဲနေပြီး အခြားအလုပ်လေး ရှာပါဦးလားဆိုတာ ပြောမရဘူးဗျာ။ အရင်ရက်ကတည်းက
သီပေါပြန်ပါမယ် တကဲကဲ လုပ်နေတာ။ မနေ့ညကတော့ ညီအစ်ကိုနှစ်ယောက် အတော်လေး စကား
အချေအတင် ပြောရသဗျ။ အင်း...သူ့မှာ ခြေထောက် ဗွေပါနေတယ် ထင်ပါရဲ့ဗျာ၊ မနေ့ညကတော့
တားမရတော့ဘူး။ အခု လင်းအားကြီးထွက်မယ့် ကုန်ကားကွန်ဗွိုင်တန်းနဲ့ လိုက်မယ်ဆိုလို့
ပို့လိုက်ရတာ။ သူ့ပို့လို့ပြန်ရောက်ပြီး မှေးခနဲ အိပ်ပျော်သွားတာပါဗျာ'ဟု ဇာတ်စုံခင်းပြသည်။
ကိုဘဦးလေးက 'ဒါဖြင့်
ကိုသိန်းဖေက အပြီးပြန်သွားတာလားဗျ။ မိဘများဆီလား၊ အစ်မများဆီလား'ဟု မေးသည်။ 'ကျောက်မဲလား၊ သီပေါလား'ဟု မေးလိုရင်းဖြစ်သည်။ အားလုံးမှာ မောင်သောင်းဉာဏ်တို့မိဘများက
ကျောက်မဲမှာနေပြီး မောင်သောင်းဉာဏ်၏အစ်မ အိမ်ထောင် သည်က သီပေါမှာနေတာ
သိကြပြီးသား ဖြစ်နေသည်။ 'နှစ်မြို့က အနီးလေးဆိုတော့လည်း ကူးချည်သန်းချည်နေမှာပေါ့။
ကျွန်တော့်အစ်ကိုက ဘယ်မှာနေနေ အဆင်ပြေအောင်နေတတ်၊ လုပ်ကိုင်စားတတ်ပါတယ်။
မကြာပါဘူးဗျာ။ ရောင်းရင်းဝယ်ရင်းနဲ့ မန္တလေးပြန်ရောက်လာဦးမှာပါ။ သူ ဟိုမှာ
ခြောက်လပြည့်အောင် မနေနိုင်ပါဘူး။ ကဲ...ထားပါဗျာ၊ လောလောဆယ် ကျွန်တော်သိချင်တာက
ဟိုနေ့က ဦးလေးရင်ပြောတဲ့ သတင်းကရော ဘာတွေထူးသေးလဲဗျ'ဟု
မောင်သောင်းဉာဏ်က ဆိုသည်။
မောင်မူက သက်ပြင်းတစ်ချက် ချလိုက်ရင်း
'အင်း... အငြိမ့်ထောင် အသိုင်းအဝန်းပြောတာက ငှက်ဖျားမိတာတော့ ဟုတ်သတဲ့ဗျ။
ဒါပေမယ့်အပြင်က အရပ်သတင်းမှာ ဖြစ်နေသလို ဆုံးပါးလို့ ဟိုမှာပဲ
သင်္ဂြိုဟ်ခဲ့ရတယ်ဆိုတာတော့ မဟုတ်ပါဘူးတဲ့။ လောလောဆယ် သမ္မတောက
ဘုန်းကြီးကျောင်းမှာပဲ ဆေးစားရင်း နားနေတာဗျ'ဟု ပြောသည်။
မြင်းလှည်းက ခွာသံတဖြောင်းဖြောင်းပေးရင်း ကတ္တရာလမ်းပေါ် ပြေးနေ၏။ ရုံတော်ကြီးက
အလင်းဆိုင်အချို့မှာလည်း အောက်လင်းမီး တထိန်ထိန်နှင့် ရောင်းချနေဆဲဖြစ်သည်။
သို့သော် ယခင်ကလိုတော့ မစည်ကား။ ဥရောပဘက် စစ်သတင်းနှင့်အတူ
ပြည်တွင်းအခြေအနေများကြောင့် အားလုံးမှာ အရောင်းအဝယ်ပါးနေကြသည်။
ကျောက်သွေးတန်းရောက်တော့ အရှေ့တောဈေးသည်အချို့နှင့် ဒေါနခြံဘက် ကုန်စိမ်းသည်များ၏
မြင်းလှည်းများကို တွေ့နေရပြီ။ ကျောက်သွေးတန်းလမ်းမကြီးပေါ်၌ ဓာတ်ရထားသံလမ်းနှင့်
မြင်းခွာများ ထိသွားတိုင်း မီးပွင့်တွေ လက်ခနဲ လက်ခနဲ ထွက်သွားသည်။
'မနေ့ကတော့ ကိုကြီးဘဒင်က
ပတ္တလားဆရာ ကိုဘစံနဲ့ တွေ့သတဲ့ဗျ။ မင်းသမီးက အတော်နေကောင်းနေပါပြီတဲ့။ သူလည်း
လာမယ့်ဥပုသ်ရောက်ရင် သမ္မတောဘုန်းကြီး ကျောင်းသွားရဦးမယ်တဲ့။ အပြန်မှာ
မင်းသမီးလည်း တစ်ခါတည်းပြန်ပါလာနိုင်တယ်လို့ ပြောသတဲ့ဗျ။ ကျုပ်ကတော့
အဖျားဒဏ်ကြောင့် ဆံပင်တွေကျွတ်သွားမှာသာ စိုးရိမ်တာပါဗျာ'ဟု
မြင်းလှည်းမောင်းရင်း ကိုဌေးမောင်က ဆိုသည်။ ကိုဌေးမောင်နှင့်
ရှေ့မှာယှဉ်ထိုင်နေသော ကိုဘဦးလေးက 'မောင်ဌေးမောင်ရယ်...ဆံပင်ကျွတ်တာက
ဆံတုတပ်လို့ရပါတယ်။ မင်း စဉ်းစားကြည့်စမ်းပါ။ ပွဲခင်းတစ်ခုလုံးလွှမ်းပြီး
လှည်းပန်းတောင်းမှန်အောင်ထိ ဆိုနိုင်တဲ့သူ့အသံက ဒီအဖျားဒဏ်နဲ့ ဟန်ပါဦးမလားကွာ။
ငါကတော့ အသံပျက်သွားတာ အစိုးရိမ်ဆုံးပဲမောင်'ဟု
ညည်းညည်းတွားတွား ပြောသည်။
အားလုံးမှာ အတွေးကိုယ်စီဖြင့်
ငြိမ်သက်သွားကြ၏။ မြင်းလှည်းက အေလမ်းသံလမ်းကို ကျော်ပြီး ကွမ်းခြံရပ်သို့
ရောက်ပြီ။ လမ်းတစ်ဖက်တစ်ချက်ရှိ မန်ကျည်းပင်ကြီးက ကြယ်ရောင်
လရောင်မှုန်ပျပျအောက်တွင် မလှုပ်မယှက်ရပ် နေကြ၏။ နွေထနောင်း
ဆောင်းမန်ကျည်းဟုဆိုသဖြင့် တပို့တွဲ လကုန်ပိုင်း၏ အအေးဓာတ်ကို
သူ့ခြုံလွှာဝတ်ရုံဖြင့် အနွေးဓာတ်ပေး၍ ကာကွယ်နေပုံရသည်။ ရှေ့တူရူ လမ်းမပေါ်မှာတော့
နှင်းတွေက တဖွေးဖွေး။ မောင်မူက မောင်သောင်းဉာဏ် ဘက်တိုးထိုင်လိုက်ရင်း 'ဘာပဲပြောပြောဗျာ၊
ငှက်ဖျားဖြစ်ပြီဆိုတော့ သူ့သက်လုံလည်း ပျက်ပြီပေါ့။ ဘယ့်နှယ့်လုပ်ပြီး နင်လား
ငါလား ကနိုင်တော့မှာလဲဗျာ'ဟု ပြောသည်။ မြင်းလှည်း၏ တစ်ဖက်ခုံတန်းတွင်
တစ်ယောက်တည်း ထိုင်နေသည့် သိန်းမောင်လေးက 'ဒီလိုကိစ္စတွေကတော့
ကြုံရမှာပဲလေ။ သဘင်သည်ဆိုတော့လည်း ငှက်တောမို့ မလိုက်ပါရစေနဲ့၊
မြစ်ကူးချောင်းခြားမို့ မကပါရစေနဲ့လို့ ဘယ့်နှယ့်ငြင်း လို့ရမှာလဲ၊ ပရိသတ်ကရှိရင်
ပရိသတ်ကခိုင်းရင် ကကြရမှာပဲလေ။ ဘယ်တတ်နိုင်ပါ့မလဲ၊ ကံကိုပဲ ပုံချရမှာပေါ့'ဟု သူ့ထရန်ပက်သံလို ခပ်လေးလေး ခပ်သြသြ ပြောလိုက်သည်။
မာဖလာကို ပြင်၍ပတ်ပြီး မောင်သောင်းဉာဏ်က
'သြော်...မြို့ချစ်၊ ပြည်ချစ်မင်းသမီးဗျာ။ ပထမကြားရတဲ့ သတင်းက
ဆုံးပါးသွားပြီဆိုတော့ တစ်မြို့လုံး အုံးခနဲ ပူကြတာကလား၊ အခုတော့
ဒီသတင်းမမှန်တာကိုဘဲ ဝမ်းသာကြရတာပါဗျာ။ ဘာပဲပြောပြော ကျန်းမာလာအောင် ဘေးဥပါဒ်
အန္တရာယ်ကကင်းအောင် ကိုယ်တတ်နိုင်တာနဲ့ ဝိုင်းကြ ဝန်းကြတဲ့သဘောပါ။ ဒါကြောင့်
ကျွန်တော်လည်း ခင်ဗျားတို့ကို ဆော်သြပြီး ဘုရားကြီးမျက်နှာသစ်တော်အမီ ဖူးမယ်၊
ရွှေသင်္ကန်းကပ်လှူကြမယ်။ သူ့အတွက် မေတ္တာပို့ကြမယ်လေဗျာ။ ဒီအတွက်ပါ'ဟု အားတက်သရောပြောတော့ မောင်မူ့ စိတ်ထဲတွင် ကိုယ့်အစ်ကို၏ကိစ္စထက်
အများချစ်သည့် အနုပညာသည် အငြိမ့်မင်းသမီးတစ်ယောက်ကိစ္စအပေါ် ဘဝတူချင်း
စာနာထောက်ထား ပူပင်တတ်သည့် မောင်သောင်းဉာဏ်၏ စိတ်ဓာတ်အပေါ် ချီးကျူးနေမိသည်။
ဟုတ်တော့လည်း ဟုတ်သည်။ သူလိုမင်းသမီးက မြို့မနှင့် အစဉ်အဆက် မခွဲဘဲ တစ်သားတည်းဖြစ်နေ၏။
မောင်နှမ အရင်းများသဖွယ်လည်း ဖြစ်သည်။ သူ့အပူ သူ့ကိစ္စက ကိုယ့်အပူ ကိုယ့်ကိစ္စပဲ
ဖြစ်သည်။ ဗဟိုရ်လက်ဖက်ရည်ဆိုင်မှာ လူစုံနေတုန်း ဒေါင်းရိုး ကိုရင်လေး
သူ့မောရစ်မိုင်နားကားလေးနှင့် ရုတ်ခြည်းရောက်လာပြီး...
လက်ဝါဆရာစောက မနေ့ကပဲ
ရွှေကျောင်းကြီးမှာ အုတ်ဆက်ခင်ခင်လေး၏ ဆွမ်းလောင်းပွဲကို ရောက်ခဲ့သတဲ့။
မေမြို့(ပြင်ဦးလွင်)က ဆင်းလာသော အုတ်ဆက်ခင်ခင်လေးတို့က ရွှေကျောင်းမှာပဲ
ညအိပ်ကြသည်။ သည်တင် မန္တလေး မဟာဂီတအဖွဲ့သားတွေ ဆုံကြသည်။ အညံ့ဖြူဦးတုတ်တို့၊
ဘီလစ်ကြီး ဦးထင်တို့၊ စန္ဒရား ဆရာမောင်တို့လည်း ပါသည်။ ဘီလစ်ကြီး ဦးထင်နဲ့အတူ
သီပေါဟော်မှ စော်ဘွားဆာစောချယ်၏ နားခံတော်အမတ်ကြီး ဦးထူးလည်း မန္တလေးဆင်းလာခိုက်
ကြုံတောင့်ကြုံခဲတွေ့ကြရသည်။ မဟာဂီတဝိုင်းတော်သားများ တွေ့ကြသည့်အတိုင်း
ဆိုကြတီးကြပြီးနောက် စကားစမြည်ပြောကြရင်း လေဘာတီမမြရင်၏ သတင်းကို ပြောသည့်အခါ
နားခံတော်ကြီးက တစ်နေ့မနေ့ကပဲ တောင်ပေါ်က ဆင်းလာသူမို့ သတင်းအမှန်ကို သိကြရသည်။
နောင်ချိုနှင့် ကျောက်မဲအကြား ဘုရားပွဲတစ်ပွဲမှာ ရှမ်းဇာတ်တစ်ဇာတ် နှင့်အပြိုင် ၁ဝ
ညကျော်ကပြီး မမြရင် ပင်ပင်ပန်းပန်းနှင့် ကိုယ်လက် မအီမသာဖြစ်ရသည်။ သည်ကြားထဲ
အဖျားပါဝင်လာကာ ငှက်ဖျားဆန်ဆန် ဖြစ်သွားသည်ဟု ဆိုသည်။ သီပေါအနီး နားဖိုင်၊
နားမွန်ရွာဘက် ပွဲကူးရှိသည်ကိုပဲ ဒေသခံ ရှမ်းဆေးဆရာတစ်ဦးနှင့်ကုသရာ သက်သာသွား၍
မန္တလေးသို့ ပြန်ဆင်းသွားကြပြီဟု ဆိုသည်။
ထိုသတင်းကို လက်ဝါဆရာစောက
ဖောက်သည်ချသဖြင့် ကိုရင်လေးတို့လူစု သိရကာ မမြရင် နေကောင်းသက်သာသဖြင့် မန္တလေးသို့
ဆင်းသွားကြပြီဟူသော သတင်းကို အားရဝမ်းသာ လက်ဆင့်ကမ်းကြသည်။ သို့သော် မန္တလေးသို့
လေဘာတီမမြရင်အငြိမ့် ပြန်ရောက်ပြီဆိုသော်လည်း မင်္ဂလာဈေးရပ်က မမြရင်အိမ်မှာ
အငြိမ့်အဖွဲ့သားများ မတွေ့ရသေး။ မမြရင်ဆို ဝေလာဝေး။ သည်တော့ ကြံဖန်ပြီး စိတ်ပူသူက
ပူကြပြန်ခြင်းဖြစ်သည်။
အငြိမ့်က တစ်နှစ်စာ
ပွဲလက်ခံထားတာကြောင့် ပွဲမပျက်စေရန် မမြရင်သတင်းကို ဖုံးဖိထားသလို ဆိုသူက ဆိုသည်။
ဈေးသတင်း၊ အရပ်သတင်းမှာက ထင်ရာမြင်ရာ ပြောဆိုကြတော့ အကြောင်းအရာက စုံလှသည်။
မည်သို့ဆိုစေ လေဘာတီ မမြရင်နှင့်မြို့မက ခွဲမရသလို ဆက်စပ်နေတော့ သတင်းအမှန်ကို
မြို့မအဖွဲ့သားများက ပို၍ သိသင့်သလို ပူစရာရှိတော့ ပို၍ ပူပန်ကြခြင်းလည်းဖြစ်သည်။
အစ်မကြီး လေဘာတီမမြရင်အတွက်
မြို့မဝိုင်းတော်သားအသစ် မောင်ငယ်လေးတွေက မဟာမုနိမှာ မျက်နှာသစ်တော်ရေဆက်ကပ်
ရွှေသင်္ကန်းလှူဒါန်းရင်း ဆုတောင်းမေတ္တာပို့ကြဖို့ မောင်သောင်းဉာဏ်က
စတင်ဆော်သြတော့ ငါးဦးသား ယခုကဲ့သို့ မနက်အာရုဏ်တက်အမီ ထွက်ခဲ့ကြခြင်းဖြစ်၏။
မင်းသားစုအကျော်၊ အနောက် ၄၅ တာ အရောက်
မြင်းလှည်းကို အရှေ့သို့ ဦးတည်တော့ ဘုရားကြီး ၃ တာ လမ်းပေါ်မှာ ဆွမ်းကွမ်းရေချမ်း
ပန်းမန်များဖြင့် မျက်နှာသစ်တော်အမီ ဘုရားဖူးများကို အစုအဝေးလိုက် တွေ့ရပြီ။
ဈေးချိုပွဲစားတန်းဘက်က ပွဲစားဦးသန့်တို့၊ စာရေးဆရာကြီး ဦးမောင်ကြီးတို့
စုစည်းခဲ့သော အုတ်ကလေးအသင်းသားများကိုလည်း ဆွမ်းအုပ်ဆိုင်းထမ်း ကိုယ်စီဖြင့်
ဝီရိယကြီးစွာ တွေ့နေရပြီ။
မြင်းလှည်းပေါ်ပါလာသူများကတော့
ကိုယ့်အတွေးနှင့်ကိုယ် ငြိမ်သက်နေကြဆဲ။ ဘုရားမြောက်မုခ်၌ မြင်းလှည်း တုံ့ခနဲရပ်လိုက်မှ
အားလုံးဆင်းလိုက်ကြသည်။
□
နရည်းဗုံတောင်သံက
ဘုရားကြီးဂန္ဓကုဋီတိုက်အတွင်း သာယာနာပျော်ဖွယ် ပျံ့လွင့်လာသည်။ မောင်သောင်းဉာဏ်တို့
လူစုက မျက်နှာသစ်တော်ကို အားရပါးရ ဖူးမြော်ပြီး နရည်းဗုံတောင်အဖွဲ့ဆီ
ဦးလှည့်လိုက်ကြ၏။ ဂန္ဓကုဋီတိုက်အတွင်း ရုပ်ရှင်တော်မြတ်ရှေ့တော်မှောက်တွင်
ဘုရားဝတ်ပြုနေကြသူများ ပုတီးစိပ်နေကြသူများ အပြည့်ရှိသည်။ တရားထိုင်သူ အချို့ကတော့
ပလ္လင်တော်ခြေရင်းဝဲယာတွင် ငြိမ်သက်စွာ တရားရှုမှတ်နေကြသည်။
နရည်းဗုံတောင်အဖွဲ့နားမှာတော့ လူများများစားစား မရှိလှ။ မောင်သောင်းဉာဏ်တို့
ငါးဦးသားအဖွဲ့က မက်မက်ကပ်ကပ် စိမ်ပြေနပြေ နားထောင်နေကြသည်။ နရည်းဗုံတောင်အဖွဲ့က
သံပတ္တလား၊ ပလုတ်တုတ်၊ နှဲကြီး၊ စည်းဝါးအုပ်စုံ၊ ကြေးမောင်းကြီးတို့ဖြင့် ညင်သာစွာ
တီးမှုတ်နေကြသည်။ အရုဏ်တက်ချိန်နှင့် လိုက်ဖက်လှစွာ ကျက်သရေရှိလှသောအသံများမို့
အားလုံးမှာ ကြက်သီးမွေးညှင်းထမျှ ပီတိဖြစ်ကြရသည်။
ဘုရားပရိဝုဏ်တစ်ခုလုံးမှာလည်း အလျှံပြိုးပြိုးလက်မျှ ရွှေရောင်များက
ဟင်္သာပြဒါးရောင် အထိန်းအကွပ်ဖြင့် တင့်တယ်ချင်းတိုင်း တင့်တယ်နေ၏။ သနပ်ခါး၊
နံ့သာဖြူ၊ နံ့သာနီ၊ ကရမက်စသော သဘာဝ အမွှေးရနံ့များ၊ ကယူတီကြူရာတာလကမ်းပေါင်ဒါနံ့၊
အိုင်ဗီမာအလှဆီနံ့၊ မက်ကရင်းအလှဆီနံ့စသည့် ရနံ့များ၊ ထို့ပြင် ပန်းမန်အမျိုးမျိုး၏
ရနံ့များကလည်း ထုံမွှမ်းနေသည်။ မောင်သောင်းဉာဏ်က နရည်းတီးလုံးသံကို နားထောင်နေရင်း
ရနံ့အမျိုးမျိုးအပေါ် မျှင်းမျှင်းမျှ ရှူရှိုက်ရင်း ခံစားကြည့်နေ၏။ မောင်သောင်းဉာဏ်က
သူ့အာရုံမှာ ခပ်စူးစူးရနံ့တွေကို ဖယ်ခွာ ထုတ်နေသည်။ နှင်းဆီလောက်
ချိုချိုသင်းသင်းရနံ့အထိ လက်ခံထားသည်။ တကယ်တမ်း ဘုရားကျောင်းကန်ဝင်းအတွင်းမှာ
နှစ်နှစ်သက်သက် ခံစားမိတာ သပြေညွန့်ရနံ့ဖြစ်သည်။ စိမ်းစိမ်းသင်းသင်းလေး။
မောင်သောင်းဉာဏ်ကတော့ တစ်ခါတစ်ခါ မျက်စိလေးမှိတ်ကာ သံပတ္တလားသံတလွင်လွင်မှာ
မျောသွားရင်း ချောင်ကပ်ပုန်းခိုနေတတ်သည့် ခပ်မှိန်မှိန်ရနံ့လေးတွေကို
ဖြည်းဖြည်းမျှင်းမျှင်း အသက်ဝဝရှူရင်း ရှာဖွေနေမိသည်။
ကြွားကြွား...၊ မိုးဖျား...
သီခေါင်လေ...ရီမှောင်လေ...
ဝေးရရှင်းရှင်း...။
မောင်မူနှင့် ကိုဘဦးလေးတို့က 'ဘုံဆောင်မြင့်'သီချင်းကို ခပ်တိုးတိုးလိုက်၍ ဆိုညည်းနေကြသည်။ မောင်သောင်းဉာဏ်က
အနားမှာရှိသည့် ဂန္ဓကုဋီတိုက်၏ တိုင်ကြီးကို ကျောမှီလိုက်သည်။
ထုထည်ကောင်းသည့်တိုင်ကြီး၏ ရွှေရေးရွှေဇဝါနတ်သားရုပ်များက မောင်သောင်းဉာဏ်
ဦးခေါင်းတစ်ဖက်တစ်ချက် ဝန်းရံထားသည်။ စံပယ်ရနံ့လေးတွေ ခပ်သင်းသင်းရလိုက်တော့
အာရုံတွေက ပိုမိုနိုးကြားလာ၏။ ရုပ်ရှင်တော်မြတ်ရှေ့တော်မှ လက်ယာရစ် လှည့်ပတ်လာသော
ခပ်သင်းသင်းစံပယ်ရနံ့က တူရူအတိုင်း မောင်သောင်းဉာဏ်ဆီ ဖြည်းဖြည်းချင်း သင်းလာသည်။
ကိုးမျက်မြွာငယ်လေ...
စိုးစကြာငယ်လေ...
လောကလောင်းမင်း...
မောင်မူက သီချင်းကိုလိုက်ဆိုရင်း
ကိုဘဦးလေးကို 'ကိုးမျက်မြွာငယ်လေ...'ဆိုတာသိလားဟု မေးလိုက်၏။
ကိုဘဦးလေးက 'နဝရတ်ကိုးသွယ်လက်စွပ်ပေါ့ကွ'ဟု ဖြေသည်။ မောင်မူက ခွိခနဲရယ်လိုက်ရင်း 'နဝရတ်ကိုးသွယ်
လက်စွပ်မဟုတ်ဘူးဗျ၊ အဓိပ္ပာယ်က ဒီလိုရှိတယ်...'ဟု ရှင်းပြရန်
ဟန်ပြင်လိုက်သည်။ စံပယ်ရနံ့က လတ်လတ်ဆတ်ဆတ်လေးသင်းလာတာ မောင်သောင်းဉာဏ်၏ အာရုံမှာ
ပြည့်ပြည့်တင်းတင်း ခံစားနေရ၏။ ဖြည်းဖြည်းချင်း၊ ဖြည်းဖြည်းချင်း သိသာစွာ
ခံစားလာရတာက ရနံ့တစ်ခုဖြစ်သည်။ သည်ရနံ့က စံပယ်နှင့်ရောစွက်ပါလာသော်လည်း
သီးခြား ဟန်ပန်တစ်ခုအသွင် နှလုံးသားကို
အချက်ပေးလိုက်သည်။ ဟုတ်သည်...'ရိုးတွန်း'ရေမွှေးရနံ့လေးလေ။
အာရုံကြောတွေ အားလုံး ဖြိုးဖြိုးဖြင်းဖြင်းမျှ ဖြစ်သွားသည်။ ဦးနှောက်အသိက
ဘေးဘီဝဲယာသို့ ချက်ချင်းကြည့်ရှု ရှာဖွေမိနေ၏။ နှလုံးသားဆီမှ
ဆစ်ခနဲအချက်ပေးလိုက်သလိုမို့ တစ်နေရာဆီ ရုတ်ချည်း လှမ်းကြည့်မိ၏။ မြောက်ဘက်
အာရုံခံဇရပ်ကို အနောက်ဘက်မှဖြတ်ကာ ဗဟိုရ်စည်စင်ကြီးဘက် ဖြတ်လျှောက်သွားသော မေမေဦး။
သူ့အစ်မ ယဉ်ယဉ်ဦးလည်းပါသည်။ သူ့ မေမေကြီးလည်းပါသည်။ မောင်သောင်းဉာဏ်တို့ကို
မြင်ပုံမပေါ်။ ဂန္ဓကုဋီတိုက်၏ အခန်းကြီးသုံးခန်းလောက်ဝေးမှတော့။ အရေးထဲ
မောင်မူကလည်း ကိုဘဦးလေးနှင့် ငြင်းခုန်ကောင်း နေတော့ သူလည်းသတိမထားမိ။ မောင်မူက
မြင်လျှင် လှမ်းခေါ်မှာသေချာသည်။ အခုတော့ မြင်လိုက်သူက မိမိတစ်ယောက်တည်း၊
လှမ်းခေါ်ဖို့ကလည်း မရဲ။ အလိုလေး... ရင်ထဲမှာ တလှိုက်လှိုက်နှင့်
ဝေခွဲမရဖြစ်နေသည်။
ဟော...အရှေ့မုခ်ဘက် ချိုးတော့မှာလေ။
လှမ်းခေါ်လိုက်ရမှာလား။ မောင်မူက မျက်စိရှင်ရှင်နဲ့ မြင်လိုက်ပါတော့လား။
မောင်သောင်းဉာဏ်တစ်ယောက် လူကသာ ဣန္ဒြေဆယ်နေရသော်လည်း စိတ်ထဲမှာ ယောက်ယက်ခတ်နေသည်။
အားလုံးစကားဖြတ်ပြီး ပြန်ကြမှထင်တယ်။ သူတို့က အရှေ့မုခ် ဘက် ထွက်သွားမှာထင်ရဲ့။
ဒါဆို ခါးပြတ်မှာ ကားပါလို့ နေမှာ။ လိပ်ကန်ဘက်ရော ဝင်ကြဦးမှာလား။ မောင်သောင်းဉာဏ်က
အတူလာသူများကို ပြန်ကြစို့ဟု ပြောဖို့ဟန်ပြင်လိုက်သည်။ သို့သော် နှုတ်က ဆွံ့အနေ၏။
တော်ပါသေးရဲ့။ ကိုဌေးမောင်က 'ကဲ...မောင်မူ၊ မင်းတို့ငြင်းတာ လမ်းမှ
ငြင်းကြ။ နေထွက်လာရင် မြင်းက နေပူလိမ့်မယ်။ သွားကြစို့' ဟု
ပြောမှ နရည်းဗုံထောင်ဝိုင်းက ခွာကြသည်။ မောင်သောင်းဉာဏ်က မေမေဦးတို့ထွက်ရာ
အရှေ့ဘက်မုခ်ဘက် ခြေဦးလှည့်မိသည်။
'ဒါက ဘယ်သွားမှာလဲ၊
မြင်းလှည်းက ဒီဘက်မှာလေ' ဟု မောင်မူကဆိုမှ
ယောင်ယောင်ကန်းကန်းနှင့် နောက်ဆံ တငင်ငင်ဖြစ်ကာ အဖွဲ့နောက်သို့
လိုက်ပါသွားရတော့သည်။
□
အခန်း(၂ဝ)
စိုးစကြာငယ်လေ...
လောကလောင်းဝင်း
'နဝရတ်ကိုးသွယ်၊ ဆင်စလွယ်ကား၊
တိုင်းကျယ် ပြည်ရေး မှုရှုပ်ထွေးကို၊
ဆွေးနွေးတိုင်ပင်၊ ပြီးကုံတွင်သည်
ရောဝင်ကပ်မှီး၊ မှူးမတ်ကြီးသည်
ရွှေထီးရွှေပြည် ဦးကင်းမည်၏'တဲ့။
မီးရထားကုန်ရုံအင်စပက်တော် ဦးဘဦးက
သမီးနှစ်ယောက်ကို စိန္တကျော်သူ ဦးသြ၏ နဝရတ်ကိုးသွယ်လင်္ကာကို ဖတ်ပြနေသည်။
ဖတ်လက်စစာအုပ်ကို ပိတ်လိုက်ပြီး 'စကြာရတနာကို အစိုးရတော်မူတဲ့
ရှေးဘုရင်မင်းမြတ်တွေဟာ'နဝရတ်ကိုပါး'ကို
အမြဲတစေ ဆင်မြန်းကြရတယ်ကွယ့်' ဟုဆိုကာ မျက်မှန်ကို
ပင့်လိုက်သည်။ ယဉ်ယဉ်ဦးက ရေနွေးကြမ်းကြွေအိုးလေးအား ယွန်းဗျပ်လေးနှင့် လာချရင်း...
'နဝရတ်ကိုးပါးဆိုတာ စိန်၊ ကြောင်၊ နီလာ၊ ပတ္တမြား...အစ
ရှိတဲ့ ရတနာတွေကို ပြောတာပေါ့ဖေဖေ'ဟုဆိုတော့ မေမေဦးက 'မမလတ်က လုပ်ပြီ၊ မေဦးတို့ကို ဆရာရွှေပြည်က နဝရတ်ကိုးပါးအကြောင်း
အကျအနသင်ပေးပြီးပြီရှင့်။ အဲဒါကို ဖေဖေက ရှင်းပြနေတာ'ဟု
ခပ်သွက်သွက်လေး ပြန်ပြောသည်။
အိမ်မှာ ဒီနေ့ မေမေကြီးက
ဝါခင်းကုန်းဘုရားသို့ သွားသည်။ မောင်ထွန်းက အိမ်ကကားနှင့်လိုက်ပို့ရ၏။ မောရဂီဝါ
ရပ်ထဲက ဓမ္မမိတ်ဆွေတွေကို ဝင်ခေါ်ကာ နိဗ္ဗာန်ကူးတို့ကုသိုလ် မို့
မေမေဦးတို့ညီအစ်မနှစ်ယောက် ဝမ်းမြောက်စွာ နေရစ်ခဲ့ကြသည်။ ဟုတ်သည်။ မေမေကြီးက
ရိပ်သာဝင်တာ၊ ဥပုသ်စောင့်တာ၊ ဘုရားသွားတာ မြေးမနှစ်ယောက်ကို အပါခေါ်ချင်သည်။
အပျိုလေးနှစ်ယောက်က အချိန်ပြည့် ဘုရားတရား မဖက်နိုင်တော့ မေမေကြီးနှင့် တကျက်ကျက်။
ပြီးခဲ့သည့် ဥပုသ်က ဘုရားကြီးသို့ မနက်မျက်နှာသစ်တော်အမီ ဖူးကြဖို့ အဖိတ်နေ့ကတည်းက
မေမေကြီးဆော်သြတော့ အရင်ကလို အီလေးဆွဲမနေကြဘဲ ညီအစ်မနှစ်ယောက်စလုံး ကောက်ကာ ငင်ကာ
လိုက်ကြသည်။ တကယ်တော့ ယဉ်ယဉ်ဦးက မောင်သောင်းဉာဏ်အစ်ကို အလုပ်ထုတ်ပစ်ခံရသည်ဆိုသည့်
သတင်းကြားကတည်းက သူ့သတ္တိ၊ သူ့အရည်အသွေးကို စိတ်ထဲမှ ကြိတ်၍ချီးကျူးကာ
ဘုရားကြီးမှာ သူ့အတွက် အန္တရာယ်ကင်း ရွှေသင်္ကန်းကပ် ကုသိုလ်ပြုလို၍ဖြစ်သည်။ ဒါကို
ညီမ မေမေဦးကို ပြောပြတော့ မေမေဦးက သဘောကျသည်။ မေမေကြီးကိုတော့ ပြောမပြဖြစ်။
သည်ကနေ့ဥပုသ်မှာတော့ မေမေကြီးက ဝါခင်းကုန်းဘုရားသွားရန် စကားစတော့ ညီမ မေမေဦးက
အဝတ်တွေလျှော်ရမှာလိုလို၊ ယဉ်ယဉ်ဦးက ဥပစာ ကောလိပ်ကျောင်းသူမို့
စာတွေပဲလုပ်ရဦးမှာလိုလို ဟန်လုပ်နေကြ၍ မေမေကြီးက ထုံးစံအတိုင်း ဗျစ်တောက်
ဗျစ်တောက်လုပ်ကာ ထားရစ်ခဲ့ခြင်းဖြစ်သည်။
ဖေဖေကတော့ ဒီနေ့ ဥပုသ်နှင့်
တနင်္ဂနွေဆုံတော့ အိမ်မှာရှိနေသည်။ မနက်က မီးရထားကလပ်မှာ တင်းနစ်ရိုက်ပြီး
ရေမိုးချိုးကာ စာအုပ်တစ်အုပ်ကို ကောက်ကိုင်နေခြင်း ဖြစ်၏။ ဖြစ်ချင်တော့ စာအုပ်ထဲမှာပါသည့်
စိန္တကျော်သူ ဦးသြ၏ လင်္ကာကိုဖတ်ရင်း ဖေဖေပြောသည့် အကြောင်းအရာမှာ မေမေဦး
ပူပူနွေးနွေးသိထား၊ သင်ထားရသော အကြောင်းအရာဖြစ်နေတော့ စိတ်ပါလက်ပါ
နားထောင်ဖြစ်နေသည်။
မေမေဦးက ဖေဖေ့ပက်လက်ကုလားထိုင်ဘေး
ကွပ်ပျစ်ပေါ်မှာထိုင်ရင်း ယွန်းဗျပ်ထဲက ကြွေအကြမ်းပန်းကန်ထဲ
ရေနွေးကြမ်းငှဲ့ထည့်ပေးသည်။ ယဉ်ယဉ်ဦးက သူ့ညီမဘေး ဝင်ထိုင်၏။ မေမေဦးက
အကြမ်းပန်းကန်ကို သူ့ဖေဖေဆီ ကမ်းသည်။
'သမီးလတ်ပြောတာ
တွင်းထွက်ရတနာနဝရတ် ကိုးပါးကွယ့်။ အခု ဖေဖေပြောတာက စကြာရတနာကို အစိုးရတဲ့
ဘုရင်းမင်းမြတ်တွေ ဆင်မြန်းရတဲ့ နဝရတ်ကိုးသွယ်။ ဒါကို စိန္တကျော်သူကြီးက
သေသေချာချာ လင်္ကာစပ်ထားတာ။ အင်း...ရှေးဘုရင်ဆိုတဲ့ မင်းလုပ်အုပ်ချုပ်သူက
ပြည့်ဦးကင်းနဲ့ တူတဲ့ မှူးမတ်သေနာပတိ၊ ပြည့်တံခွန်နဲ့တူတဲ့ ရသေ့ရဟန်း၊
ပြည့်မျက်စိနဲ့တူတဲ့ ပုရောဟိတ်ပုဏ္ဏားပညာရှိ၊ ပြည့်နားနဲ့တူတဲ့ သူလျှို၊
ပြည့်အစွယ်အသွားနဲ့တူတဲ့ မင်းညီ မင်းသား၊ ပြည့် မျက်နှာနဲ့တူတဲ့ သမီးကညာ၊
ပြည့်ဝမ်းနဲ့တူတဲ့ သူဌေးသူကြွယ်၊ ပြည့်ခြေနဲ့တူတဲ့ ရဲမက်ဗိုလ်ပါ၊
ပြည့်လက်နဲ့တူတဲ့ လက်နက်လေးမြားတဲ့။ အဲဒီ
ကိုးသွယ်သော နဝရတ်စလွယ်ကို ဆင်မြန်းရမယ်လို့ ဆိုတာ။ တိုင်းရေးပြည်ရာ
အုပ်ချုပ်စီမံသူတိုင်း ဆင်မြန်းရမယ့် နဝရတ်ကိုးပါးကွယ့်'
မေမေဦးက သူ့ဖေဖေစကားအဆုံးမှာ...'သမီးတို့
ရာဇဝင်အချိန်မှာ ဆရာရွှေပြည်က စွယ်စုံကျော်ထင်ကျမ်း အကြောင်းသင်ရင်း
အဲဒီနဝရတ်ကိုးပါးအကြောင်းကို သင်ထားတာ မကြာသေးဘူး။ ဆရာရွှေပြည်က အသင်အပြ
သိပ်ကောင်းတာဖေဖေရဲ့'ဟု ဆိုသည်။
'အင်း...အင်မတန်တော်တဲ့
မြန်မာပညာရှိတွေပါကွယ်၊ အတွေးအခေါ်၊ အမြော်အမြင်ကလည်း ကြီးပါပေ့။ ရွာစားကြီးက
ပြောပြဖူးတယ်သမီးရဲ့။ သူ့ဆိုင်းဝိုင်းမှာ ပတ်မထမ်းအတွက် ဝါးမင်းခုတ်ဖို့
အရှေ့ပြင်အင်းကမ်းတိုက်ကို သွားတော့ ပဉ္ဇင်းတစ်ပါးက ဝါးမင်းတစ်ချောင်း
ခုတ်ပေးလိုက်သတဲ့ကွယ်။ ဝါးမင်းက နွဲ့နွဲ့လေးနဲ့ လှနေတော့ ထိပ်ကို နဂါးခေါင်း၊
အဖျားမှာ နဂါးမြီးစွပ်ပေးလိုက်တာနဲ့ လက်ရာမြောက် ပတ်မထမ်းနဂါးရုပ် ဖြစ်သွားပါရော။
အဲဒီ ဝါးမင်းခုတ်ပေးလိုက်တဲ့ ပဉ္ဇင်းက ဘယ်သူထင်လဲ။ သမီးတို့ဆရာ ရွှေပြည်တဲ့ကွယ်။
သုခုမပါရမီက အဲဒီလို ရှိခဲ့တာ'
ယဉ်ယဉ်ဦးက ဖအေ့လက်ထဲမှ
ကုန်နေသည့်အကြမ်း ပန်းကန်ကိုယူကာ ရေနွေးထပ်ငှဲ့ရင်း...
'အင်း...ကိုယ့်လူမျိုးထဲမှာ
သုခုမလည်း သုခုမမို့၊ စာပေဆိုလည်း စာပေမို့၊ အတတ်ပညာဆိုလည်း အတတ်ပညာမို့
ထူးချွန်ပေါက်မြောက်သူတွေဟာ အံ့မခန်းပါပဲ။ ကိုယ့်တိုင်းပြည် ကိုယ့်အစိုးရသာဆိုရင်
ဘယ်လောက်များ ကောင်းလိုက်မလဲနော်...ဖေဖေ၊ ရန်ကုန်တက္ကသိုလ်အဝန်းအဝိုင်းမှာတော့
တယ်မငြိမ်လှဘူးလို့ သမီးတို့ ကောလိပ်ကကြားခဲ့တာပဲ'ဟု
အားတတ်သရောအသံပေမယ့် လေသံခပ်အုပ်အုပ်နှင့် ဆိုသည်။
အင်စပက်တော် ဦးဘဦးက
ရေနွေးကြမ်းပန်းကန်ကို ကောက်ကိုင်ရင်း ကိုယ်ကိုမတ်ကာ...'သမီးလတ်တို့
ကောလိပ်က ဆရာတွေလည်း လူတော်တွေချည်းပါ။ သမီးငယ် မေဦးတို့ နေရှင်နယ်ကဆိုရင် ပိုပြီး
နားမျက်စိပွင့် အမြင်ကျယ်တဲ့ဆရာတွေချည်း။ လိမ္မာပါးနပ်ကြပါပေတယ်။ စိတ်ကူး
စိတ်သန်းများ ကောင်းကြမှာပါ။ နေရှင်နယ်ကျောင်းသားတွေ ကလည်း ဆရာကောင်းတပည့်တွေ
ဖြစ်ကြမှာပါကွယ့်'ဟု ခပ်တိုးတိုး မယုတ်မလွန်ပြောလိုက်သည်။
ခြံဝင်းထိပ် ၇၈ လမ်းဘေး ကုက္ကိုပင်ကြီးက
သူ့ကျောင်းစိမ်းဝတ်ရုံကို ရွှေရောင် ဘော်ကြယ်စိပ်စိပ် ထိုးပေးနေပေပြီ။
▀
ဆက်လက်ဖော်ပြပါမည်
ဆူးငှက်
(အမှတ် ၂၀၆၊
ဇန်နဝါရီလ၊၂၀၀၇ ရွှေအမြုတေမဂ္ဂဇင်း။)
ကျွန်တော်က ဒိုင်ယာနာ့အပါးမှာ နေရတာ လူနှစ်ယောက်ကို ခစားနေရသလိုပါပဲ။ တစ်ဦးကတော့ အများသိထားတဲ့ အိမ်ရှေ့မိဖုရား ဒိုင်ယာနာဖြစ်ပြီး နောက်တစ်ဦးကတော့ ကျွန်တော်နဲ့ အင်မတန် ခင်မင်ရင်းနှီးတဲ့ လမ်းပျောက်နေတဲ့ မိန...
'ငါ့တူရဲ့ ဦးကြီးက မျက်စိမှုန်နေလို့၊ မင်းသမီးကို သေချာကြည့်ပါဦး။ မမြရင်အစစ်ရော ဟုတ်ရဲ့လား။ အရပ်ထဲ ပြောနေကြတာက ရှမ်းပြည်နယ်မှာ မမြရင်ဆုံးခဲ့တာ လူသိမခံဝံ့သေးလို့ သူ့ညီမနဲ့ လူစားထိုးခဲ့တာလို့ ပြောနေကြတာက...
သူတို့နှစ်ယောက် လက်ထပ်တဲ့ ၁ဝ နှစ် မြောက် ၁၉၉၁ ခုနှစ်ကို ရောက်တဲ့အခါ စာနယ်ဇင်းများက ဝေလမင်းသားနဲ့ မင်းသမီးတို့ရဲ့ အိမ်ထောင်ရေး အဆိုးရွားဆုံး အခြေအနေ ရောက်နေပြီလို့ ရေးသားနေတဲ့ကြားကပဲ ဒိုင်ယာနာအတွက် ရွှ...