ရွှေအသစ်

မြစ်တစ်စင်နဲ့ ချစ်ခြင်းမေတ္တာ

ကိုကောင်းသော်၊ကျောက်ဆည်၊

01 September 2026
မြစ်တစ်စင်နဲ့ ချစ်ခြင်းမေတ္တာ
Share to

ဣတ္ထိဝင်္ကံ၊ နဒီဝင်္ကံတဲ့။ ကျမ်းဂန်နီတိတွေ ဘယ်လိုပဲရှိရှိ မိဌေးကြည် မသိရိုးက အမှန်။ ဖြောင့်ဖြောင့်စီးမရလို့ ကွေ့ကောက်ရတာကိုပဲ မာယာတဲ့။ အစ်ကိုသိန်းတန် သီချင်းနဲ့ ပြောရရင် ဟင်း... ဟင်း... ပျင်းတောင်ပျင်းသေးတယ် ဆိုတာကမှ များနေဦးမယ်။ မိဌေးကြည်က ကလေး သုံးယောက်အမေ၊ မုဆိုးမဆိုပေမယ့် အရွယ်ရဲ့တင့်တယ်ခြင်းကို ငယ်ဂုဏ်က ဆောင်ထားသေးတယ်။ ကလေးတွေအဖေ ကိုသန်းအေးနဲ့ အပြီးတိုင် လမ်းခွဲသွားတဲ့ကာလက သုံးမိုး၊ သုံးဆောင်း ပြောင်းလာတဲ့အထိ မိဌေးကြည်အလှက ရွှန်းလဲ့အိစို နုပျိုနေတုန်းပဲ။

            မိဌေးကြည် အိမ်ထောင်က ကျချင်လို့ ကျခဲ့တာ မဟုတ်ဘူး။ ပြောရရင် လူရယ်စရာကြီး။ မိဌေးကြည်တို့က မိုးကုတ်အဆက်တွေဆိုတော့ ထမင်းစားကျောက်အခြေခံလောက်တော့ မိဌေးကြည် ငယ်ငယ်ကတည်းက တီးခေါက်မိတယ်။ ကျောက်ပွဲစား အဒေါ်တွေ၊ အစ်မတွေက သင်ပေးတဲ့ ပညာတွေနဲ့ ပေါင်းလိုက်တော့ မိဌေးကြည် ကျောက်အရည်အသွေးကို အကဲခတ်လာတတ်ပြီ ပြောပါတော့။ အစ်မတွေနဲ့ အထာပွဲတွေကို လိုက်ရင်းနဲ့ နှံ့နှံ့စပ်စပ် သိလာတဲ့ မိဌေးကြည် ကျောက်ပွဲစား တစ်ပိုင်းကို ဖြစ်နေပြီ။ အဲဒီမှာပဲ ကိုထွန်းမင်းနဲ့ တွေ့ပါလေရော။

            ကိုထွန်းမင်းက အောက်ပြည်အောက်ရွာက။ ကျောက်အကြောင်းကို နားကန်းတစ်လုံး မသိဘူး။ သူက မိဌေးကြည်ကို ချဉ်းကပ်လာပုံက ခပ်သင်းသင်းရယ်။ ကျောက်အကြောင်း သင်ချင်လို့တဲ့။ ကျောက်ကို စိတ်ဝင်စားလို့တဲ့။ ရတယ်လေ၊ သင်ပေါ့။ သူတို့လို အမျိုးသား အချင်းချင်းဆီမှာလည်း သင်ရင်ရရဲ့နဲ့ မိဌေးကြည်ဆီ လာပြီဆိုမှတော့ ကျောက်ကိုတောင် အကဲခတ်နေသေးတာပဲ။ လူကဲခတ်လည်း မိဌေးကြည် မညံ့သေးပါဘူး။ ဒီချုံထွင်နေတဲ့ ကိုထွန်းမင်းက ဒီယုန်မြင်နေမှကိုး။ မိဌေးကြည်တစ်ယောက် မစွမ်းရင်းကလည်း ရှိနေတော့ ငြိမိတဲ့ ကန်ဇွန်းခင်းက တစ်ဧကလောက်တော့ ရှိမယ်ထင်ပါရဲ့။

            သူနဲ့ ချစ်ရည်တူပြီး မူလို့ နွဲ့လို့မှ မကြာသေးဘူး။ ဖြစ်ချင်တော့ မနေနိုင်လွန်းတဲ့ ကိုထွန်းမင်းက မိဌေးကြည်ကို ခိုးပြေးချင်တယ် ဖြစ်လာပါလေရော။ ခက်ခက်ချည်သေး။ သူနဲ့သာ ရည်ငံနေတာ မိဌေးကြည် အသိုင်းအဝိုင်းက သဘောတူတာ မဟုတ်ဘူး။ မိဌေးကြည် ကြိုက်လို့သာ ကြိုက်နေတာ ကိုထွန်းမင်း အလုပ်က မင်းခစား။ ရုပ်ရည်ကလည်း မည်းမည်းကျုတ်ကျုတ်၊ ဆံပင်ကောက်ကောက်၊ မျက်ပေါက် ကျဉ်းကျဉ်းရယ်၊ ဘယ်လိုမှ ကြည့်ပျော်ရှုပျော်ကို မရှိတာ... ဆိုတော့ အိမ်က ဖြစ်ချင်တာက ရုပ်ရည်လေး သနားကမားရှိပြီး ကျောက်အရောင်းအဝယ်မှာ ကျောက်တင်မကဘူး၊ လူရုပ်ပါ ဈေးကွက်ဝင် တွက်ကြတော့ ကိုထွန်းမင်းအကြောင်းကို ဘယ်လို့မှ ဟလို့မရတဲ့အဆုံး၊ တစ်ညသားမှာတော့ ရရာအထုပ်ဆွဲပြီး မိဌေးကြည်တစ်ယောက် ကိုထွန်းမင်းနောက်ကို လိုက်ဖို့ပြင်ရတော့တယ်။

            မနက်ခင်းမှာ ကိုထွန်းမင်းက သူ့သူငယ်ချင်း မျက်နှာစိမ်းတစ်ယောက်ကို ချိန်းတဲ့နေရာမှာ ခေါ်လာတယ်။ အိမ်က မမြင်ဖူးမှ ဘာမှမသိကြမှာဆိုပြီးအတွက်နဲ့ ကိုထွန်းမင်းကိုယ်စား မိဌေးကြည်ကို ခေါ်ထုတ်ရမှာတဲ့။ ညဦးပိုင်းအထိ အဆင်ကပြေလို့။ ဟော ညဥ့် ၉ နာရီလည်းကျော်ရော လူစားလွှတ်တဲ့ လူက ရောက်လာပြီလေ။ ဒီတော့ နောက်ကလိုက်လာတဲ့ မိဌေးကြည်က အိမ်နဲ့ဝေးရာခရီးလည်း ပေါက်လာပါလေရော၊ ကိုထွန်းမင်းကို မတွေ့ရသေးတော့ တစ်ခုခုတော့ လွဲကုန်ပြီဆိုတာ တွက်လိုက်မိတယ်။

            အချိန်းအချက် လုပ်ထားတဲ့ အိမ်ရောက်မှ ကိုထွန်းမင်းအမေ အသည်းအသန်ဖြစ်လို့ ညတွင်းချင်း လိုက်သွားရတယ်ဆိုတာ သိရတော့တယ်။ မိဌေးကြည် စားရူး၊ ဆုပ်စူးဘဝ ရောက်နေပြီ။ ရုပ်ရှင်၊ ဝတ္ထုတွေထက်ကို ဇာတ်က တော်တော်နာစပြုနေပြီဆိုတာ သိလိုက်ရပေမယ့် နောက်ကျနေပြီလေ။ ဘယ်လိုပဲ ပြင်ဆင်ချိန်တွေယူယူ သန်းခေါင်ထက်ကို ညဥ့်ကနက်သွားပြီ။ ကိုထွန်းမင်းနေတဲ့ အောက်ပြည်အောက်ရွာကို သစ္စာရှိရှိနဲ့ လိုက်ပို့ပေးမယ်ပြောတဲ့ သူငယ်ချင်းဆိုသူကလည်း ကိုထွန်းမင်းရဲ့ နေရပ်လိပ်စာကို အတိအကျမသိတဲ့အဆုံး ဘာပဲဖြစ်ဖြစ် မိဌေးကြည်တစ်ယောက် မှည့်တစ်ပေါက် မစွန်းသေးဘူးဆိုတာ၊ အိမ်က ပြန်လက်ခံအောင် ဘယ်လိုပဲ ကျမ်းကျိန်ပြောပြော ယုံကြမှာ မဟုတ်တဲ့အဆုံး၊ အဆုံးတကာ့ အဆုံးမှာတော့ ကိုထွန်းမင်း သူငယ်ချင်းဆိုသူရဲ့ နာမည်ကို မေးယူရတော့တယ်။ ကိုသန်းအေးတဲ့။ ခုလောက်ဆို အိမ်က ယမ်းပုံမီးကျနေကြရောပေါ့။

□

            ဖောင်ဖျက်သလို စွန့်စားမှုမျိုးနဲ့ ဟိုဘက်ကမ်းရောက် သွားကြတဲ့ မိဌေးကြည်၊ ကိုသန်းအေးနဲ့ လက်ထပ်လိုက်တယ်။ ဒီလိုနဲ့ နှစ်ယောက်တစ်ဘဝ တည်ဆောက်ရင်း တစ်ရပ် တစ်ကျေးကို ပြောင်းလာခဲ့ကြတယ်။ ကြာတော့ နတ်ထွင်းတဲ့ ပါးစပ်ပေါက်တွေ တိုးလာပါလေရော။ ဒီတော့ မောင်တစ်ထမ်း မယ်တစ်လွတ် နေလို့မရတော့တဲ့အဆုံး မိဌေးကြည် အရင်က လုပ်ဖူးစ အလုပ်ကို ပြန်လုပ်ရတော့တယ်။ မိဌေးကြည် ခရီးတစ်ခါထွက်ရင် တစ်လ ကိုးသီတင်း ကြာတတ်တယ်။ ကိုသန်းအေးဆိုတာ မပြောသာလို့သာ ကြည့်နေရတာ၊ ဘယ်လိုမှ သဘောမတွေ့လှဘူး။ အမျိုးမျိုး လှည့်ပြီး တားမြစ်တယ်။

            တစ်နေ့ မိဌေးကြည် အပြန်ခရီးတိုင်း လာကြိုနေကျ သင်္ဘောဆိပ်မှာ ကိုသန်းအေးနဲ့ သမီးနှစ်ယောက် လာကြိုကြတယ်။ ကမ်းပေါ်တက်လာတဲ့ လူအုပ်ကြီးထဲမှာ သမီးနှစ်ယောက်ကို လွှတ်ပေးလိုက်တယ်။ (အခု အလတ်မ) သမီးငယ်လေးက မိဌေးကြည်နဲ့ လက်တစ်ကမ်း အကွာမှာတွေ့တော့ သူတို့ အဖေက မိဌေးကြည် စ မခေါ်ဖို့ လက်ကာပြတယ်။ သမီးလေးက မိဌေးကြည်ကို ကျော်သွားတယ်။ နောက်မှ ပြန်ပွေ့ချီလိုက်ရတယ်။ အိမ်ပြန်ရောက်တော့ ကိုသန်းအေး က မိဌေးကြည် အရောင်းအဝယ်ကိစ္စကို လုံးဝပိတ်ပင်တော့တယ်။ ကလေးကတောင် မမှတ်မိတဲ့အဖြစ်က နောင်ဆိုရင် ကလေးတွေနဲ့ မိဌေးကြည် ပိုပြီး စိမ်းကားတော့မယ်ဆိုတဲ့ အကြောင်းပြ ချက်က မခိုင်လုံပေမယ့် မိဌေးကြည် လက်ခံလိုက်ရတော့တယ်။

            အိမ်ထောင်သက် ၁၈ နှစ်လောက်မှာတော့ သူတို့အဖေက အစာအိမ်ရောဂါနဲ့ မိဌေးကြည်တို့ မိသားစုကို ကျောခိုင်းသွားတော့တယ်။ ဘဝရပ်တည်ရေး ဝန်ထုပ်ဝန်ပိုးကြီးက မိဌေးကြည်အပေါ် ရောက်လာပြီ။ မိဌေးကြည် လုပ်တတ်တဲ့လုပ်ငန်း ပြန်စရရင်လည်း သွားလေသူ တားမြစ်ထားတဲ့ကိစ္စဆို တော့ သူ့ကို ချစ်ကြည်လေးစားစိတ်က တစ်ရွေးသားမှ မပြောင်းနိုင်တော့ မိဌေးကြည် မလုပ်ဖြစ်တော့ဘူး ပြောပါတော့။ ဒီတော့ မိဌေး ကြည်တစ်ယောက် ယောကျ်ားဆုံးလို့ အားကိုး အားထားမဲ့တယ်ဆိုပြီး အပူရုပ်နဲ့ လူလုပ်နေရင် လူတကာ ကဲ့ရဲ့မှာကိုတော့ လက်မခံနိုင်ဘူး။ မပြုပြင်ဘဲ ပစ်ထားတဲ့ ပင်ကိုအလှကို ပြန်ပြီး ပုံဖော်လိုက်တော့ ကျန်းမာသန်စွမ်းနေတဲ့ မိဌေးကြည်တစ်ယောက် နဂိုအရှိနဲ့ နကိုင်းက ထွက်လာတယ်။ ဒါကိုပဲ အရပ်ထဲက လင်သေလို့မှ မြေမခြောက်သေးဘူး လင်ထောင်ပြီတဲ့။ တချို့ကလည်း အကောင်းဘက်က အားပေးကြတယ်။ ဘဝကို အရှုံးမပေးဘူး ဆိုရင်လည်း အဲဒီလိုကို ဒေါင်ဒေါင်မြည်နေမှတဲ့။

            ဖြစ်ချင်တော့ မိဌေးကြည်တို့ နေတဲ့ရပ်ကွက် ဆင်ခြေဖုန်းမှာ နည်းပညာကောလိပ်နဲ့ စက်မှုသိပ္ပံ ကျောင်းတွေ ဖွင့်တော့ စည်စည်ကားကား ဖြစ်လာတယ်။ ဘော်ဒါဆောင်တွေ၊ ထမင်းဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်တွေ ဆိုတာလည်း အလုပ် ဖြစ်လာကြတယ်။ မိဌေးကြည်လည်း သမီးတွေနဲ့ တိုင်ပင်ပြီး ထမင်းဆိုင် ထဖွင့်လိုက်တယ်။ ချိုင့်ဆွဲအော်ဒါတွေနဲ့ စားသုံးသူအကြိုက် လက်ရာကောင်းကောင်းနဲ့ ဆက်ဆံရေး ပြေပြစ်တော့ မိဌေးကြည်ဆိုင်မှာ စည်စည်ကားကားကို ဖြစ်လို့။

            နားသယ်စပ်မှာ တစ်ပင်စ၊ နှစ်ပင်စ ပြူတစ်လာတဲ့ ဆံဖြူလေးတွေကလွဲရင် အရွယ်တင်တဲ့ မိဌေးကြည်ဟာ ခေတ်မီနည်းစနစ် အကူအညီနဲ့ ပိတုန်းရောင်ကေသာ၊ ကျော့ရှင်းသန့်ပြန့်နေတော့ ဒီဂရီရပြီးစ သမီးတွေနဲ့ ညီအစ်မလားလို့တောင် မေးယူကြရတယ်။

            တစ်နေ့ မိဌေးကြည်တို့ ဆိုင်ရှေ့မှာ တိုယိုတာစပရင်တာ ကားဖြူလေးတစ်စီး ထိုးစိုက်လာတယ်။ လက်ကိုင်ဖုန်းကို ခါးမှာချိတ်ပြီး ဆင်းလာသူက မည်းမည်းလုံးလုံး၊ ဗိုက်ရွှဲရွှဲနဲ့ နဖူးပြောင်လာတာက လွဲရင် ဆံပင်ကောက်ကောက်၊ မျက်ပေါက်ကျဉ်းကျဉ်းနဲ့လူ ဖြစ်နေတယ်။

            'မဌေးကြည် ဟုတ်ပါတယ်နော်'

            'ဟုတ်ပါတယ်'

            'ရှာလိုက်ရတာ မဌေးကြည်ရယ်'

            ငယ်မူပြန် မျက်စောင်းဆိုရင်တော့ လိပ်ပြာလုံလုံနဲ့ မိဌေးကြည် ဝန်ခံလိုက်တယ်။

            'တော်ပါတော့ ကိုထွန်းမင်းရယ်'

            မိဌေးကြည်က ရှိုက်သံသဲ့သဲ့ကို တမင်လုပ်ပြောလိုက်ပေမယ့် မသိသာလှဘူး။

            နှစ်ပေါင်း နှစ်ဆယ်ကျော် ကင်းကွာခဲ့လို့သာပေါ့။ ဂျပန်ခေတ်လောက်ကတည်းက စပြီး ဝေးကွာခဲ့ရင် ပြောရင်းနဲ့များ အရည်ပျော်သွားမလားလို့တောင် အောက်မေ့ရတယ်။ အခုလည်း မမေးဘဲ နဲ့ သူ့အကြောင်းတွေကို နတ်သံနှောပြီး ပြောသွားလိုက်တာ စားသုံးသူဖောက်သည်တွေကို ဈေးရောင်းရတာ တစ်ဖက်ဆိုတော့ မကြားတစ်ချက်၊ ကြားတစ်ချက်ရယ်။ သမီးတွေက ကူညီနေ ကြလို့သာ တော်တော့တယ်။

            'ကိုယ် ရောက်သွားတော့ မေမေ့အသက်ကို မမီတော့ဘူး။ မေမေ့ကိစ္စပြီးတော့ မဌေးကြည်ဆီ ပြန်လာခဲ့ပေမယ့် ကိုယ်နောက်ကျသွားပြီဆိုတာ သိလိုက်တယ်။ ကိုယ်စိတ်လေလိုက်တာ မပြောနဲ့တော့ မဌေးကြည်ရယ်။ နောက်ပြီး ဖေဖေကလည်း သူ မျက်စိမမှိတ်ခင် သူ့အနား ရှိစေချင်တယ်တဲ့။ ဒီတော့ ကိုယ်အလုပ်က ထွက်ခဲ့တယ်။ နှစ်နှစ်လောက်ကြာတော့ ကိုယ့်ငယ်ဆရာ တစ်ယောက်နဲ့ တွေ့ပါလေ ရော။ သူက အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင် ဆိုတော့ တပည့်ရင်းဖြစ်တဲ့ ကိုယ့်ကို ခေါ်သွားတယ်။ အခုလည်း ဒီမြို့မှာ ပွဲရုံတစ်ခု ထောင်ဖို့ ကိုယ့်ကို လွှတ်ပြီး ဦးစီးခိုင်းလိုက်လို့ ကိုယ်က တာဝန်ယူရမှာလေ။

            'ကိုယ် ဒီလမ်းဖြတ်နေတာ ကြာပြီ။ ဆိုင်က ဆိုင်းဘုတ်ကြောင့် ရင်းနှီးတဲ့ နာမည်ဖြစ်တော့ ဟုတ်လို ဟုတ်ငြားဆိုပြီး ဆင်းလာတာ။ ဘယ်လိုပဲဖြစ်ဖြစ် မဌေးကြည်ရယ်... ကိုယ် မဌေးကြည်အပေါ်မှာ တာဝန်မကျေခဲ့သမျှ...' ပြောရင်းနဲ့ ကိုထွန်းမင်းတစ်ယောက် တွေးတွေးဆဆ ဖြစ်နေတယ်။ နောက်မှ...

            'မဌေးကြည်လည်း ကြင်ဖော်လက်မဲ့ ဖြစ်နေတဲ့ အတူတူ မဌေးကြည်ရဲ့ဘဝတစ်ခုလုံးကို တာဝန်ယူချင်တယ်။ လက်ခံပါနော်'တဲ့။ ကဲ... ကောင်းရော။ နောက်ဆုံး ဒီဘူတာဆိုက်တော့တာပဲ။ ကိုထွန်းမင်းကသာ မိဌေးကြည် ဘဝတစ်ခုလို့ ထင်နေတာ။ မိဌေးကြည်က သမီးသုံးယောက်နဲ့ ပေါင်းရင် ဘဝက လေးခု။ မိဌေးကြည် စဉ်းစားရတော့မယ်။ လုပ်ငန်းရှင် တစ်ယောက်က သူလို လမ်းဘေး ဈေးသည်၊ ကလေး သုံးယောက်အမေ မုဆိုးမကို ကမ်းလှမ်းတယ်ဆိုတော့ စဉ်းစားစရာတွေက အုံကျင်း အိုင်ဖွဲ့နေပြီ။

            ကိုထွန်းမင်းအကြောင်းကို စုံစမ်းကြည့်တော့ နှစ်ထပ်ကွမ်း မုဆိုးဖိုရယ်လို့ သိလိုက်ရတယ်။ နောက်ပြီး မိန်းမတော်တော်ပွေတယ် ဆိုတာကြီးက ပိုပြီး မွှေးနေပြန်ရော။

            စားဖန်များတော့ အီ၊ ကြားဖန်များတော့ ရီ(ရယ်) ဆိုပေမယ့် သွားဖန်များတော့ ကြည်ဆိုတာတော့ မိဌေးကြည် လက်မခံဘူး။ ကိုထွန်းမင်းတစ်ယောက် ချောင်းပေါက်မတတ် လာနေတော့ အရပ်က အမေလား၊ သမီးလားတဲ့။ မိန်းမကျမ်းကြေတဲ့ ကိုထွန်းမင်းက ခေါင်ကိုင်းကကို တက်ချိုင်နေတယ်လို့လည်း အရပ်ထဲက ပြောကြပြန်ရော။

            ကြာတော့ မိဌေးကြည်ကို ဘယ်လိုမှ သိမ်းသွင်း စည်းရုံးလို့ မရတဲ့အဆုံး၊ သမီးကြီး သီတာလွင်ဘက် လှည့်လာပြန်ရော။ ကိုထွန်းမင်း ပြောပါတယ်။ ကြံစည်ရက်လိုက်တာ။ သမီးနုနု ထွတ်ထွတ်လေးက ခုနစ်အို၊ ရှစ်အိုကြီးနဲ့။ သွားစမ်းပါ။ သွားမပါလည်း ကားပါရင် ပြီးရောဆိုတဲ့ အစားထဲမှာ မိဌေးကြည် မပါဘူး။ မိဌေးကြည် ရှောင်လေ၊ မာယာနဲ့ လှည့်စားတယ်လို့ စွပ်စွဲလေပဲ။ လက်ဖျား ငွေသီးနေပြီး လုပ်တိုင်း တင့်တယ်နေတဲ့ ကိုထွန်းမင်းတစ်ယောက် လက်ညှိုးညွှန်ရာ ရေဖြစ်နေပါရက်နဲ့ မိဌေးကြည်တို့ သာယာနေတဲ့ ဘဝထဲကို ဝင်ရောက် မွှေနှောက်ချင်နေတယ်။ စားရမှာလည်း သဲတရှပ်ရှပ်၊ ပစ်လိုက်ရမှာလည်း အဆီတဝင်းဝင်းနဲ့ ဆိုတော့ အရပ်မတိုင်ပင်၊ ရွာမတိုင်ပင်ဘဲ ပြောပြော မိဌေးကြည်တစ်ယောက် ဆုံးဖြတ်ချက်တစ်ခုကို ပိုင်ပိုင်ချလိုက်တော့တယ်။

            ကိုထွန်းမင်း ကမ်းလှမ်းချက်ကို လက်ခံခေါင်းညိတ်လိုက်တော့ ကာလသား ပေါက်စကမှ အပိုးသေဦးမယ်။ ကိုထွန်းမင်း အူမြူးနေပုံများ ကျွမ်းပဲ ထထိုးတော့မလိုကို ဖြစ်နေတာ။

            ဒါပေမယ့် ဒီဆုံးဖြတ်ချက်ရဲ့ အဖြေကို လွယ်လွယ်ပေးတာ မဟုတ်ဘူး။ ကိုထွန်းမင်းဆီက ဝန်ခံကတိစာချုပ် ချုပ်ဆိုပြီးမှ ပေးတာ။ လူတွေ စည်စည်ကားကားနဲ့ တခမ်းတနား မလုပ်ဘူး။ မိန်းမ တွေအတွက် ယူရတဲ့ မင်္ဂလာဟာ တစ်သက်မှာ တစ်ခါဆိုပေမယ့် ဖိတ်စာမရိုက်ဘူးဆိုတော့ ကိုထွန်းမင်း အံ့သြ နေတယ်။ ကြောင်စီစီနိုင်တယ် ပြောရင်လည်း ပြောတော့။ ဒီလို စိတ်ကူးက မြန်မာပြည်မှာတော့ အရှားသားနေမှာ။ မိဌေးကြည် အစီအစဉ်နဲ့ မိဌေးကြည်ဆိုတော့ အဲဒီအချက်တွေ လိုက်လျောမှ ဒီကိစ္စ ဆွေးနွေးမယ်ဆိုတော့မှ ဘသားချောက ခေါင်းညိတ်တော့တယ်။

□

            ရထားလက်မှတ် ကြိုဝယ်ထားလိုက်တယ်။ မင်္ဂလာကိစ္စ ပြီးပြီးချင်း ခရီးထွက်မှာဆိုတော့ မိဌေးကြည် တော်တော် အလုပ်ရှုပ်သွားတယ်။ ပြင်ဖို့ ဆင်ဖို့ကျတော့ ကိုထွန်းမင်းက ကားတစ်စီး စီစဉ်ပေးထားတယ်။ အသွား အလာ အဆင်ပြေအောင်လို့တဲ့။ ဗြူတီပါလာတွေ ဘာတွေ လုပ်မနေတော့ပါဘူး။ ရိုးရိုးယဉ်ယဉ်နဲ့ သားအမိ နှစ်ယောက် အဆင်ပြေပြေ ပြင်ဆင်ကြတယ်။ တချို့က မိဌေးကြည်တို့ သားအမိ နှစ်ယောက်ကို ညီအစ်မလားတဲ့။ ရွဲ့ပြောကြတာမှန်း မိဌေးကြည် သိသားပဲ။ ကိုထွန်းမင်းကတော့ မေးစေ့ပွတ်ပြီး ကျေနပ်ပီတိ ဖြစ်နေပြီး သားအမိနှစ်ယောက်စလုံးကို ရွှန်းရွှန်းစားစားကြီး ကြည့်နေတာ မျက်တောင်မခတ်ဘူး။

            အခမ်းအနား စတော့ မိဌေးကြည်နဲ့ သမီးသီတာလွင် တပူးတွဲတွဲနေလိုက်ကြတယ်။ ကိုထွန်းမင်းမိတ်ဆွေ အပေါင်းအသင်းတွေက သတို့သမီး ဘယ်မှာလဲလို့ မေးကြတော့ တဟားဟား ရယ်သွမ်းသွေးနေတဲ့ ကိုထွန်းမင်းက မိဌေးကြည်တို့ဘက် မေးငေါ့ပြပြီး ဂုဏ်ယူပီတိ ဖြစ်နေတဲ့ မျက်နှာနဲ့။

            တိုးတိုးကျိတ်ကျိတ်နဲ့ အခမ်းအနားပြီးတယ် ပြောပါတော့။ ကိုထွန်းမင်းက သူ့ မိတ်ဆွေတွေကို ဧည့်ခံနေတုန်း မိဌေးကြည်တို့ အဝတ်အစားလဲပြီး ဘူတာဘက် ထွက်ခဲ့ကြတယ်။ အဲဒီအချိန်ထိကို မင်္ဂလာဆောင်တာ သမီးလား၊ အမေလား ဆိုတာကို အရပ်ထဲက တချို့ မသိကြဘူး။

            ဘူတာက ပြန်လာတော့ ဆိုဖာဆက်တီပေါ်မှာ ငေါင်ငေါင်ကြီး ထိုင်နေတဲ့ ကိုထွန်းမင်းက 'ဘယ်သွားကြတာလဲ၊ သီတာလွင်ကော'တဲ့။ ဟင်းဟင်း အမျိုးတွေရှိရာ တောင်ငူကို ရထားနဲ့ တင်ပို့ လိုက်တာများ ကိုထွန်းမင်း သိရင်တော့လား။ မိဌေးကြည် မဖြေလေ၊ သီတာကို လိုက်ရှာလေပဲ။

            သတို့သား ပူပူနွေးနွေးကြီးရဲ့ 'ဘချလာနိုက်'မှာ နံဘေးက ထိုင်ငှဲ့ပေးနေတဲ့ သတို့သမီးက မိဌေးကြည် ဖြစ်နေမှန်း သိလိုက်တော့မှ ကိုထွန်းမင်းက နှုတ်ခမ်းထောင့်လေး တွန့်ရုံလောက် ပြုံးပြတာကို တွေ့လိုက်တယ်။

            မိဌေးကြည် 'လည်' အားရှိအောင် ခဏ 'အ'ပြတဲ့ ပုံမျိုးနဲ့။ ဘာပဲပြောပြော ဖြောင့်ဖြောင့်စီးမရလို့ ကွေ့ကောက်ရတာကိုပဲ မာယာလို့ ပြောဆို အပြစ်တင်ကြရင်တော့။

▀

ကိုကောင်းသော်၊ကျောက်ဆည်၊

(အမှတ် ၂၀၆၊ ဇန်နဝါရီလ၊၂၀၀၇ ရွှေအမြုတေမဂ္ဂဇင်း။)

 

 

 


Related Articles

ရွှေအသစ်
...
အလွဲများစွာရဲ့ဆုံမှတ်
စွမ်းရယော်ဓာ

ဒီလောက် စိတ်ဝင်စားဖို့ကောင်းတဲ့ပွဲကို မင်းရည်းစား ငယ်လေး ဘာလို့လာမကြည့်တာလဲ ဒီနေ့ မင်းအတွက် တီးတဲ့လက်ခုပ်သံတွေထဲမှာ ငယ်လေးရဲ့လက်ခုပ်သံ မပါဘူး

ရွှေအသစ်
...
တတိယလူကိုမှန်သောမြား
ညီငယ်လေး

လူ့သမိုင်းတစ်လျှောက်လုံးမှာ မိန်းမတွေကချည်းပဲ လှည့်စားခဲ့ကြတာမှမဟုတ်တာ မိန်းမတွေအပေါ် ယုတ်မာခဲ့ကြတဲ့ ခပ်မာမာ ယောကျ်ားတွေလည်း ရှိခဲ့ကြတာပဲ ဦးတဲ့သူ နိုင်ကြေး ပျော့တဲ့သူ ခံကြေး ထင်ပါရဲ့

ရွှေအသစ်
...
ကျွန်တော်နှင့်သမီးများ
ကြည်ထွန်းလူ

စာရေးဆရာ တစ်ယောက်ရဲ့ မျက်လုံးတွေဟာ အရာရာကို မျှတစွာဖြင့် သုံးသပ်တတ်ပါ၏။ တချို့ဖြစ်ရပ်တွေကျတော့လည်း စေတနာအမှားတွေ ဖြစ်သွားတတ်ပြန်သည်ပဲ မဟုတ်ပါလား။