ကြည်ထွန်းလူ
ရယ်ဖို့တော့ တကယ်ကောင်းသည်။ အဖြစ်က ငိုအားထက် ရယ်အားသန်ရမယ့်ကိန်း။ ဒါဆိုလည်း ချုပ်တီးမထားပါနဲ့လား။ စိတ်ခံစားမှုရှိသလောက် ရယ်ပစ်လိုက်လေ။ သို့ပေမယ့် သူ မရယ်နိုင်။ သူ့မှာ ရယ်နိုင်စွမ်းအားတွေ မဲ့နေသည်။ ရင်ထဲမှာ ကျပ်ခဲပိတ်လှောင်နေသည်။
ဟုတ်သည်။ မျက်စိရှေ့က
ပသာဒကို ရှုမြင်ပြီး ထေ့ထေ့ပဲဖြစ်ဖြစ် ဒါမှမဟုတ် ပေါ့ပါးလှိုက်လှဲစွာပဲ ဖြစ်စေ၊
မြင်တွေ့ ရှုကွက်အပေါ်မှာ လိုက်ပြီးတော့ အရယ်အမျိုးအစားတွေ ကွဲချင်သာ ကွဲပြား
သွားပေလိမ့်မည်။ ရယ်ပစ်လိုက်ဖို့ သင့်သည်။ ရယ်ချလိုက်မှသာလည်း
ပေါ့ပါးလန်းဆန်သွားကြပေလိမ့် မည်။ ရယ်စရာတစ်ကွက်ကို တွေ့နေပါလျက်နှင့်
မရယ်နိုင်ဖြစ်ခဲ့ရသည့် အခက်လောက် ကြီးစွာသော ဒုက္ခရှိမည်ပင် မထင်တော့။
တစ်ဆင့်ဖြင့် နားသို့
ပြန်ရောက်လာခဲ့သော နေ့လယ်က ပြက်လုံးမှာတော့ သူ ဖွဖွပြုံးဖြစ်သွား ခဲ့တာတော့
အမှန်ပင်။ ထိုအပြုံး၏ အနက်အဓိပ္ပာယ်ကိုတော့ သူကိုယ်တိုင်ပင် ထိုချိန်က
ဖွင့်မကြည့် မိခဲ့ပေ။ သေချာတာတစ်ခုကတော့
ကလိထိုးပြီး ရယ်ခိုင်းစေတဲ့ စကားလုံးမျိုးမဟုတ်ခဲ့သော ဟာသမြောက်သည့် ရယ်စရာ
ပြက်လုံးတစ်ခုကို ကြားလိုက်ရသည်ကဲ့သို့ သဘောကျစိတ်ဖြင့် ဖွဖွပြုံး
ဖြစ်သွားခြင်းမျှသာ။ ခုလိုမျိုး မျက်မြင်ဒိဋ္ဌ လုပ်လာပြသည့် ချိန်ခါတွင်တော့
နေ့လယ်ကလိုမျိုး သူ့ဘဝင်ကို သဘောတကျ မဖြစ်နိုင်စေတော့ပြီ။ သူ မရယ်မပြုံးနိုင်
ဖြစ်ရချေ ပြီ။ ရင်ထဲမှာ မွန်းကျပ်၍ပင် လာခဲ့ရချေပြီ။ သည်ဇာတ်ထုပ်ကို မည်သို့မည်ပုံ
ကိုင်တွယ်ရမည်နည်း။ သိုသိပ်ထားမည် ဆိုလျှင်ကော။ မည်မျှထိ ဖုံးကွယ်၍
ထားနိုင်ပါမည်တဲ့လား။ တစ်ချိန်တွင် မလွဲမသွေ ပေါ်ပေါက်လာမည့် သည်အရှုပ်ဇာတ်ကို
အဘယ်ပုံဖြေရှင်းရပါ့။
အရင်းဆုံးတွေ ဖြစ်သည့်
မိမိ၏ မိသားစုဝင်မှလွဲ၍ ထိုအကြောင်းအရာအား အနှေးနှင့်အမြန် ကြားသိသွားသမျှ
လူအပေါင်းတို့ကတော့ မုချအနည်းဆုံး ပြုံးရုံတော့ဖြင့် ပြုံးမိကြပေလိမ့်မည်။
သရော်လိုသူတို့၏ ပါးစပ်ဖျားတွေမှာတော့ သည်အချင်းအရာအပေါ် ဝေဖန်ရှုတ်ချ
ကဲ့ရဲ့နေကြမှာ အသေအချာ။ အချို့လည်း ပြောမဆုံးပေါင် တောသုံးထောင်ဖြစ်ပြီး ကွယ်ရာမှာ
ဝါးလုံးကွဲ ထိုးခွဲသွား နိုင်လောက်တဲ့ အသံမျိုးနဲ့ လှောင်ရယ် ဟားတိုက် အားပါးတရနဲ့
ဟစ်အော်ရယ်မောလို့ နေကြမှာလား။
မိမိဆိုလည်း
အပြင်လူတစ်ယောက်သာ ဆိုခဲ့လျှင်ဖြင့် ကြားမိသိရှိလိုက်တဲ့ သည်ဇာတ်ထုပ်အပေါ်
အနည်းဆုံးတော့ အပြုံးတစ်ပွင့်တော့ ပွင့်အာသွားမိမှာအမှန်။ ယခုတော့လည်း သက်ဆိုင်သူ တစ်ယောက်အဖြစ်နှင့်
ဆက်နွယ်နေသူ ဖြစ်နေခဲ့သော အခါတွင်မူကား ရယ်စရာလည်း အလွန် ကောင်းလှသော၊
ငိုချပစ်ဖို့သာလည်း အလွန်အလွန်ကိုပင် ကောင်းသော လောကဇာတ်ခုံပေါ်မှ သည်အဖြစ်
သနစ်တွေအပေါ်တွင် ထွန်းလူ ငိုလို့လည်း မတတ်သာခဲ့။ ရယ်ပစ်လို့လည်း မရနိုင်ခဲ့ပါချေ။
မည်သူ့ မည်သူ့နှင့်
မည်သည်ကိုပင် ပုံချအပြစ်ဆိုရမှာပါချိမ့်။
အင်း... ရင်ကို
ပေါ့ပါးသွားအောင် ထုတ်အန်ပြချင်ပြန်တော့လည်း ကိုယ့်အထုပ် ကိုယ်ပြန်ဖြည်ပြသလို
ဖြစ်နေလေမလား။ အဖြစ်သနစ်တွေက ခွက်ထိုးခွက်လန်၊ ရယ်လိုက်ဖို့ကို လည်းကောင်း
သို့မဟုတ်ပါက နောက်ကျုခေါင်းခဲစွာဖြင့်ပင် ငိုချပစ်လိုက်ဖို့ရာလည်း ကောင်းလှ
ပေသည်ပဲလေ။
အဖြေ ထုတ်မရနိုင်ခဲ့သော
ထိုပုစ္ဆာဖြင့် ခေါင်းတွေ မူးဝေပတ်ချာလည်ရင်း နောက်ကျိရှုပ်ထွေးနေသော သည်ညတာသည်
မည်မျှထိပင် ရှည်လျားလေမည် မသိပါလေတော့။
□
အဖေ အမေပေးခဲ့သော
အမည်နာမ အပြည့်အစုံထဲတွင် ကြည်တစ်လုံး ပါရှိခဲ့လေသော သူ့ဘဝက စကတည်းကပင်
မှောင်နှင့်မည်းမည်းဖြစ်ခဲ့လေသည်။ မလှပခဲ့သော ဘဝလမ်းကို ကြမ်းတမ်းစွာပင် သူ
ဖြတ်သန်းခဲ့ရပေသည်။ လူမှန်းသိစ အရွယ်လောက်ကတည်းကပင် ဖခင် အရက်သမားကြီး၏ လက်ထဲမှာ
သူ ဒဏ်ခံကြီးပြင်းခဲ့ရ၏။ အတန်းပညာ တစ်ပိုင်းတစ်စနှင့် သူ တန့်ရပ်သွားခဲ့ရသည်။
ဦးဆောင်မှုမဲ့
အဖေ့လောင်းရိပ်အောက်တွင် မိသားစုဝန်ကို အကြီးဆုံးသား တစ်ယောက်အဖြစ်နှင့် သူ
တစ်တပ်တအား ကူပံ့ခဲ့ရ၏။ ပန်းရံသမား ဖြစ်ခဲ့ဖူးသည်။ လက်သမား နောက်လိုက်လည်း
လိုက်ခဲ့ဖူးသည်။ ဆိုက်ကားလည်း သူနင်းခဲ့ဖူးလေသည်။ လမ်းပြကြယ်မရှိခဲ့သော ခရီးတွင်
အနာဂတ်ကို ကိုယ့်လမ်း ကိုယ်ဖောက်၍ အလင်းရောင် ရှိရာဆီသို့ သူ မှန်းဆ
တိုးဝင်ခဲ့လေသည်။
ရန်ကုန်မြို့ကြီးကို
အစ်ကိုဝမ်းကွဲ တော်စပ်သူ ရေးပေးလိုက်သော လိပ်စာစာရွက်လေးကို အိတ်ကပ်ထဲ ထည့်လျက်
အိပ်ရာလိပ်ကိုဆွဲကာ သူ စွန့်တက်လာခဲ့သည်။ ၃၂ လမ်းထဲမှာ ကျောချပြီး စာပုံနှိပ်ပညာ
လက်မှုအလင်းဖြင့် သူ့ဘဝကို သူ ထွန်းညှိခဲ့သည်။ ဘဝဒဏ်ရာ ဗရပွနှင့် ထိုစဉ်ကတည်းကပင်
ရင်မှာ သန္ဓေတည်ကြီးထွားခဲ့ပေသော အနုပညာ ငုံ့စပန်းကို ကြည်ထွန်းလူဖြစ် အောင်
မဆုတ်မနစ်ဖြင့် ဖူးပွင့်စွာ သူ စိုက်ပျိုးနိုင်ခဲ့လေသည်။
ဟုတ်သည်။ သူ့ဘဝကို
ကြည်တစ်လုံးကို လင်းတောက်စေလိုပြီးလျှင် တစ်မိပေါက်တွင် တစ်ယောက်ထွန်းသော
လူတစ်ယောက်အဖြစ်နှင့်ပေါ့။ ကြည်ထွန်းလူကို ရှင်သန်နိုင်အောင် သူ အစဉ် အမြဲ
ကြိုးစားနေမြဲ။
အစိတ်ကျော်တွင် သူ
အိမ်ထောင်ကျသည်။ မှီခိုရာ တံတိုင်းနှင့် အားပြုနိုင်ဖွယ်ရာတို့ ဘယ်သူ့ဘယ်သူဘက်ကမှ
မရရှိခဲ့ရသော ဘဝတွင် မိမိခြေထောက်ပေါ်တွင် အားပြု၍ လဲပြိုမသွားအောင် သူ
ကြိုးစားဆောက်တည် ရုန်းကန်ခဲ့ရပေသည်။ အိမ်ငှား သံသရာလည်ရင်း လက်တွဲ ဖော်နှင့်
သားသမီး သုံးယောက် ထွန်းသည်။ ဟော... ခုဆိုလျှင်...။
ရန်ကုန်မြို့ကြီးပေါ်ကို
နယ်မှတက်လာခဲ့သော အိပ်ရာလိပ် တစ်ခုတည်းနှင့် လူတစ်ယောက်ရဲ့ ဘဝဟာ အိုးတစ်လုံး
ဖျာတစ်ချပ်မှ ခုဆို အိုးပိုင်အိမ်ပိုင်လေးနှင့် ဖြစ်ချေခဲ့ပြီ။ မီတာဘောက်စ်
တစ်လုံးကိုလည်း ပိုင်ဆိုင်နိုင်ခဲ့ပြီ။ အိမ်၌ အကောင်းစား ဇိမ်ခံပစ္စည်းများ
မဟုတ်စေခဲ့ကာမူ အပန်းဖြေကြည့်ရှုခံစား သောတအာရုံကို ပေးစွမ်းစေခဲ့တဲ့
အရာအချို့လည်း အိမ်၏ဧည့်ခန်း၌ သူ့နေရာနှင့် သူ စီရရီ။ သည်အခြေအနေထိ
ဖြစ်မြောက်လာခဲ့နိုင်အောင် သူ အတော့်ကို အားထုတ်ကြိုးစား ယူခဲ့ရသည်ပဲလေ။ သြော်...
ကလေးတွေသည်ပင် အရွယ်တွေ အပြိုင်းအပြိုင်းနှင့် ရောက်ရှိလာကြကုန်သည့် သက်တမ်းအတွင်း
ဆိုပါတော့။
အကြီးကောင်ကို မျိုးဇော်ဦးဟု
သူ အမည်ပေးမှည့်ခေါ်ခဲ့သည်။ အလတ်မကို သီတာဟု အမည်တွင်စေသည်။ အငယ်ဆုံးသမီးလေးကို
ရတနာ။
အနုပညာသမားတစ်ယောက်ရဲ့
အိပ်မက်တွေဟာ သာမန်အခြားသူတွေ အတွက်တော့ နည်းနည်းတော့ ပိုနူးညံ့ပေလိမ့်မည် ထင်သည်။
အငယ်ဆုံးသမီးလေးကို ကိုယ်ဝန်စလွယ်တော့ ငွေက အမြဲလိုပင် လက်ဝယ်ရွှင်ပျခဲ့သည်။
မထင်မှတ်တဲ့ ထောင့်တွေမှပင် ငွေက အမြဲမပြတ် ဝင်လာတတ်သည်။ မိဘတွေကို အကျိုးပြုမယ့်
ရတနာလေးပဲဟု မှတ်ယူရင်း မိန်းကလေးအဖြစ်နှင့် ဖွားမြင်ခဲ့သောအခါ 'ရတနာ'ဟုပဲ နှစ်နှစ်မြို့မြို့ ထိုနာမည်လေးကို
ပေးခဲ့သည်ပဲ။ ထိုနည်းနှင်နှင်ပင် သမီးမိန်းကလေးကို တမ်းမက်နေချိန်မှာမှ
ဒုတိယမြောက် မွေးဖွားလာတဲ့ သမီးကိုမူ ရင်ဝယ်ချမ်းမြေ့စွာဖြင့် ကလေးရဲ့
ဘဝတစ်လျှောက်လုံး ရေလိုအေးစေရန် ရွယ်ပြီးတော့ 'သီတာ'ဟု မှည့်ခေါ်ခဲ့ကြသည်လေ။ အကြီးဆုံး သားကိုတော့ သက်ဦးလည်း ဖြစ်ပြီး
နှစ်ဖက်အမျိုးတွေ အားလုံးကြားထဲမှာ ကျော်မော်စေနိုင်မည့် အမည်ဖြစ်တဲ့ 'မျိုးဇော်ဦး'ဟု ချစ်စနိုးလေးဖြင့် တွင်ရစ်စေ သည်ပဲ
မဟုတ်ပါလား။
သူ မျှော်ရည်လျက်
ပညတ်ပေးအပ်ခဲ့လေသော ထိုသားကြီး မျိုးဇော်ဦးသည် နှစ်ဖက်သော အမျိုးတွေအားလုံး
ကြားထဲတွင် တကယ်လည်း ပညတ်သွားရာ ဓာတ်သတ်ပါခဲ့သူ တစ်ယောက် ဖြစ်ခဲ့ပါလေသည်။
ကောင်းသတင်းတွေဖြင့် ကျော်မော်ခဲ့လေသူတော့ မဟုတ်ခဲ့ချေပါ။ ဆိုးချက်တွေဖြင့်
ထိပ်ဆုံးရောက် ဇော်ဖြစ်ခဲ့လေသည်။
အတန်းပညာကို
ကိုယ့်သဘောနှင့်ကိုယ်ပဲ တစ်ဝက်တစ်ပျက်နှင့် ပြီးဆုံးခြင်းတိုင် လိုက်ခဲ့သူပဲ
ဖြစ်သည်။ မိဘက သူ့လမ်းကြောင်းကို တစ်နည်းဖြင့် ပြန်ဖြောင့်တန်းစေဖို့အတွက်
အရိပ်ထဲက လက်မှုပညာကို တွဲကူခေါ်ယူ ထွန်းညှိပေးခဲ့သည်။ ဉာဏ်ရည်ဉာဏ်သွေးလေးကတော့
မျိုးဇော် အတော့်ကို ထက်ရှခဲ့သူ ဖြစ်ပါသည်။ တစ်ထွာပြလျှင် တစ်လံလောက်ထိ
ကြိုမြင်တတ်သူ။ သို့ပေမယ့် အလုပ်နှင့်သူ အမြဲတစေ မတည့်ခဲ့ချေပါ။ ပညာလေး
မတောက်တခေါက်လေး ဖြစ်မြောက်လာခဲ့ချိန်မှာ မိဘလောင်းရိပ်အောက်က သူ ရုန်းကြွထွက်သွားခဲ့သည်။
တစ်တိုက်နှင့်တစ်တိုက် ခုန်ကူးပြောင်းသည်။ တွက်စစ် ကြည့်မည်ဆိုလျှင် သူ့အသက်ထက် သူ
ဝင်ထွက်ခဲ့သည့် အလုပ်တိုက်က ရေတွက်လို့ ရမည်ပင် မထင်တော့ချေ။ ထို့အတူ
အလုပ်လုပ်ရက်နှင့် လက်မဲ့ဖြစ်ရက်က သူ့မှာ ပိုများသည်ဟုဆိုလျှင် လွန်အံ့ မထင်။ ၂ဝ
ဝန်းကျင်လောက်မှာတင် အရက်နှင့် သူ အတော့်ကို ရင်းနှီးသွားခဲ့ပြီပဲ ဖြစ်သည်။
မိသားစုဝန်တာကို သူ့အပေါ် ပခုံးပြောင်းထမ်းရွက်ခိုင်းဖို့ဝေးစွ အရက်နှင့်ဖက်ပြီး
ဖြစ်လာတတ်ခဲ့သည့် သူ့ပြဿနာအဝဝတို့ကို လိုက်ဖြေရှင်းခဲ့ရပေါင်းသည်ပင်
မနည်းခဲ့တော့ပေ။
ထိုစရိုက်ပျက်
သူ့ညာဉ်ကို ပြုပြင်ယူခဲ့သည်။ ခေါက်ရိုးကျိုး အသားသေသလောက် ဖြစ်နေပြီဖြစ်သော သူသည်
ပြောတုန်းတစ်ခဏမျှသာပါ။ ကျွဲပါးစောင်းတီး ပြနေသည့်ပမာ။ ချော့၍ သင်ပြခဲ့ဖူးသည်။
တင်းတစ်လှည့်ဖြင့် ကြပ်မတ် ကြည့်ခဲ့ဖူးသည်။ မလျှော့မတင်းနှင့်လည်း ပြောဆို ဆက်ဆံ
လမ်းမှန်သို့ ပို့ဆောင်ပေးခဲ့ဖူးလေသည်။ သင်ပြသူသာ နောက်ဆုံး မောပန်းနွမ်း
နယ်သွားရသည်။ သူကား ငပေ ငတေ ငလေဟူသော ဘွဲ့ကို နှစ်သက်နေပြီထင့်။
ဒါတွေဟာ...
စကတည်းက
ကြိုးကိုင်မကောင်းခဲ့တဲ့ မိမိရဲ့ အပြစ်ပေရယ်လား။ ခေါင်က လုံခဲ့ပါလျက်နှင့်။
ကိုယ်တိုင်က လွတ်လပ်မှုကို နှစ်ခြိုက်ခဲ့ခြင်းနှင့် ချုပ်ကိုင်ခြင်းကို
မနှစ်မြို့ခဲ့သူပီပီ သားသမီး ဖြစ်သူတို့အပေါ်၌လည်း ကိုယ်ပိုင်အသိတရားများ
ရှိလိမ့်မည်အထင်နှင့် ချုပ်ချယ်မှုတွေ မပြုဖြစ်ခဲ့သော မိမိရဲ့ အမှားပါလားဟု
ကိုယ့်ကိုယ်ကိုယ်ပဲ နောက်ဆုံးပြစ်တင်နေမိသည်။ သင်ပြုပြနေသည့် ကြားမှပင် တစ်ညမှာ
ခန္ဓာမှာ အင်္ကျီဗလာကျင်းလျက်ဖြင့် အလုပ်လုပ်ရာ မြို့ထဲတိုက်မှ အချင်းချင်း
ရန်ဖြစ်ကြရင်း ရုပ်ပျက်ဆင်းပျက် မူးရူးပြန်လာခဲ့သောအခါ...။
မိမိဘဝလမ်းကို
ကိုယ်တိုင် ထိန်းကျောင်းတည့်မတ်ခဲ့ရသူနှင့် မိဘ၏အရိပ် အာဝါသအောက်တွင်
အေးမြနွေးထွေးစွာဖြင့် လွတ်လပ်ခြင်း၊ ချုပ်ချယ်ခြင်းများကင်းကာ လွတ်ထွက်သွားသူတို့သည်
အမိုးတစ်ခုတည်းအောက်တွင် အတူရှိခဲ့ကြလင့်ကစား သားအဖနှစ်ယောက် ကြား၌ အေးခဲမှု ပို၍ကြီးထွားသွားတော့သည်။
စရိုက်ချင်း မကိုက်ညီခဲ့သမို့လည်း နောက်ဆုံး စကားဟဟပင် မပြောချင်တော့ပြီ ဖြစ်၍ ပေလယျကံ
ထားလိုက်ခဲ့တော့သည်။
သည်သို့ဖြင့် တစ်ညမှာ
သံသေးသံကြောင်ဖြင့် အော်ပြီး တီးခတ်နေသော မျိုးဇော်၏ လက်ထဲမှဂစ်တာကို အလုပ်မှ
ပြန်ရောက်လာသော သူ့လေးလေးဖြစ်သူက ရောက်မဆိုက်မှာပဲ ဆွဲယူသွားလေသည်။ ပြီး
ထားနေကျနေရာ၌ သွားပြန်ထားလိုက်လေသည်။ ထိုအခြင်းအရာကို သူကတော့ ကျောခိုင်းဖြစ်နေ၍
တပ်အပ်မမြင်လိုက်ပါ။ တုန်ခါသံပါပြီး ရုတ်တရက်ကြီး ပြတ်တောက်သွားခဲ့ရသော ဆိုတီးသံ
ပျောက်သွားသည့်အတွက်တော့ သူ့ဦးခေါင်းက လည်ပြန်ဖြစ် သွားခဲ့ရသည်။ ထိုအခါတွင်မူ
အံ့သြမင်သက်မိရင်း ငေးကြောင် ငိုင်ကျန်ရစ်ခဲ့သော သားဖြစ်သူ၏ မျက်နှာ။ မျိုးဇော်၏
မျက်ဝန်းထဲ၌ တစ်စစဖြင့် မီးတောက်သွားတာ။ ဘာတွေလဲ။ ဘာတွေ ဖြစ်ကုန်ကြပြီလဲ။ မျက်နှာရိပ်တွေကို
လှမ်းဖတ်လိုက်ပြီး တစ်ခုခုတော့ မှားယွင်းမှုဖြစ်ပြီဟုတော့ သိရှိနားလည်လိုက်သည်။
သားစိတ်ဖြင့်လည်း သူ့ရင်ထဲ လှိုင်းထသွားတာတော့ အမှန်။
ဖြစ်ရပ်ကို
ဇနီးဖြစ်သူကတော့ စဆုံးပဲ မြင်တွေ့လိုက်သူ ဖြစ်သည်။ ဟန်မဆောင်တတ်သော၊
မသိုသိပ်တတ်သော မအေလုပ်သူ၏ မျက်နှာမှာလည်း တစ်မဟုတ်ချင်း မည်းတက်လို့
သွားတာမြင်သည်။ ထိုလုပ်ရပ်နှင့် ပတ်သက်ပြီး ထွန်းသူအပေါ် ဇနီးဖြစ်သူ ခုသွားတာတော့
သေချာ သည်။ ထွန်းသူဟောက်သံ ကြားခဲ့ချိန်ထိ ဇနီးသည်မှာ အိပ်ရာထက်၌ ဘယ်လူး
ညာလှိမ့်ဖြင့် အိပ်မပျော်နိုင်သေးဘဲ ရှိနေသေးသည်။ မြင်ကွင်းကို ပေါ်လာတိုင်းလည်း
အသံခပ်အုပ်အုပ်ဖြင့်...
'ခွေးကို
ရိုက်ချင်ပေမယ့်လည်း ခွေးရှင်မျက်နှာကိုတော့ ပြန်ကြည့်ဖို့တော့ ကောင်းတယ်ကို'တဲ့။
မှန်သည်။ ဇနီးသည်
ပြောသည်မှာလည်း တည့်နေပြန်ပါသည်။ အစ်ကိုဖြစ်လေသူ ကိုထွန်းသူ ထည့်မတွက်ချေနဲ့ဦး။
သူ့အပေါ် သနားစာနာစိတ်တွေဖြင့် ငြိုငြင်ခြင်း မရှိ၊ အရာအားလုံး
အဆင်သင့်ဖြစ်စေခဲ့သော မရီးလုပ်သူ၏ မျက်နှာကိုတော့ ထွန်းသူ ပြန်ထောက်ထားဖို့တော့
သင့်သည်ပဲလေ။ သင့်၏ မသင့်၏ဆိုတာ ထွန်းလူ ချိန်ဆဖို့တော့ ကောင်းသည်ပဲ။
ထွန်းသူ စည်းကမ်းရှိတာ
သူတို့တစ်အိမ်သားလုံး မသိမဟုတ်။ ထွန်းလူက မတော်တော့သည့် သူ့အဝတ်ဟောင်းလေးကအစ
မည်သူ့ကိုမျှ မပေးရက်နိုင်စွာ တရိုတသေနှင့် သိမ်းထားတတ်သူ ဖြစ်သလို
ပေးပြီးလျှင်လည်း ပြန်မမျှော်လင့်တော့သော၊ တန်ဖိုးငွေကြေး မည်မျှပင် ဖြစ်စေကာမူ
ယတိပြတ် စွန့်ကြဲတတ်သူပင်။ ခုလည်း ၎င်း၏ပစ္စည်းကို ကိုင်တွယ်တာ မကြိုက်၍များ ယခုကဲ့သို့ကင်
ဆင်ခြင်တုံ မဲ့သွားတာလား။ ဒါလည်း မဖြစ်နိုင်။ တစ်ချိန်ကဆို သည်ဂစ်တာကိုပင် တူဝရီး
နှစ်ယောက် တစ်ယောက်တစ်လှည့် တီးခတ်သီဆိုခဲ့ကြရင်း သည်အိမ်မှာ သူတို့ပျော်မြူး
နွေးထွေးစွာ ရှိခဲ့ကြဖူး သည်ပဲ။
စာရေးဆရာ တစ်ယောက်ရဲ့
မျက်လုံးတွေဟာ အရာရာကို မျှတစွာဖြင့် သုံးသပ်တတ်ပါ၏။ တချို့ဖြစ်ရပ်တွေကျတော့လည်း
စေတနာအမှားတွေ ဖြစ်သွားတတ်ပြန်သည်ပဲ မဟုတ်ပါလား။ ထွန်းသူရောက်စက
နယ်မြို့လေးမှာကတည်းက စင်ပေါ်တက် သီဆိုတတ်လေ့ရှိခဲ့ဖူးတဲ့ ထွန်းသူနှင့် ဂီတပိုး
ရှိနေသော သားဖြစ်သူတို့သည် ကာလကြာကြာထိတော့ တပူးတွဲတွဲ ဖြစ်ခဲ့ကြလေသည်။ သို့သော်လည်း
နောက်ပိုင်းတွင်တော့ မျိုးဇော်၏ စရိုက်ဆိုးတွေကို မြင်ရဖန်များလာခဲ့သည်တွင်
ထွန်းသူက မျိုးဇော်ကို ခပ်ခွာခွာ ပြုသွားခဲ့တာကို သူ သတိထားမိခဲ့လေသည်။
မျိုးဇော်ရဲ့ Character
တွေကလည်း ဘယ်လိုလုပ် ကြည်လင်မှု ရှိနိုင်ပါမည်လဲ။ လေးဆယ်ကျော်
ဖခင်ဖြစ်သူနဲ့ ညီမငယ်တို့က တက်ညီလက်ညီနဲ့ အလုပ်လုပ်ကိုင် ရှာဖွေနေကြချိန် သူက
မူးလိုက် ရူးလိုက်။ အလုပ်ကို ဟုတ်တိပတ်တိကို မလုပ်။ လက်ကြောတင်းဟန် မတူ။
လုပ်ပြန်တော့လည်း သူ့အသုံးအဖြုန်းနဲ့တင် ပြီးရုံမက ပြဿနာပေါင်း
သောင်းခြောက်ထောင်ကို သယ်ဆောင်လာတတ်ပြန်။ အေးဆေးဆိတ်ငြိမ်လျက်ရှိသော အိမ်ကလေးသည်
မျိုးဇော်ကြောင့်သာ သောကမီးတောက်နှင့် ဒေါသသံတွေ ဆူဝေပွက်ထသွားသံကြားရ။ အင်း...
သည်လိုကောင်မျိုးကို တစ်အိမ်တည်းမှာ အတူနေထိုင်ကြသူ အဘယ်သူက
အမြင်ကြည်နိုင်မှာပါချိမ့်။ အသောက်အစား မရှိချိန်မှာ သူ့တူကို ပြေပြေပြစ်ပြစ်နှင့်
ဆုံးမသံတွေ ကြားခဲ့ဖူးသည်။ ထို့အတူ မူးရူးဆိုးသွမ်းနေချိန်မှာ မျက်လုံးဒေါက်ထောက်
ကြည့်နေရာမှ အမြင်မတော်တော့သည့်အဆုံးတွင် ပက်ပက်စက်စက် ဝင်ရောက်ပြောဆို
ကဲ့ရဲ့ခြင်းတွေက သူ့တူကို ကောင်းစေချင်၊ ရှက်တတ်စေတော့ ဆိုတဲ့ မေတ္တာ
စိတ်နဲ့ရယ်လား။ မုန်းတီးစိတ်နဲ့ အပြစ်အနာအဆာတွေကို ကြည့်နေတာလား။ သေချာတာ တစ်ခုကတော့
သည်အရိပ်မှာ လာရောက်မှီခိုနေရသူ တစ်ယောက်ဖြစ်သူလည်းပဲ အိမ်ရှေ့ပူ အိမ်နောက်
ချမ်းသာနိုင်မည် မထင်။ တူ ဖြစ်သူကို မိဘ၊ ညီမတွေနှင့် ညီညာဖျဖျနေကြတာကို
တွေ့လိုပေလိမ့်မည် ထင်သည်။ ထို့ကြောင့်လည်း စရိုက်ပျက် ညာဉ်နှင့် ပေါ့ပေါ့နေ
ပေါ့ပေါ့စားလိုစိတ် ရှိသူ၏ မရှိသော မာနတွေကို လွန့်လူးခေါင်း
ထောင်ထလာနိုင်အောင်လို့ ပုတ်နှိုးခြင်းကို ပြုလုပ်လိုက်တာလည်း ဖြစ်နိုင်ပေမည်။
အဲလိုတွေများလား။
လှိုင်းထသွားတဲ့ ရင်ကို
မျှတသော အမြင်တွေဖြင့် အချိန်မီ သူထိန်းသိမ်းလိုက်ရင်း ထိုအခင်းကို မသိသလို
မမြင်သလိုပဲ သူ ခပ်မဆိတ်နေလိုက်၏။ ကြည့်လေ... တစ်ဖက်က ကြည့်တော့ ညီ ဖြစ်သူ၊
သည်အရိပ်မှာ ခိုကိုးရာအဖြစ်နှင့် လာရောက်မှီတင်းနေထိုင်နေရတဲ့လူ။ ကြမ္မာနတ်ဆိုးရဲ့
ရိုင်းပျချက်နဲ့ ဟိုတစ်ချိန်က အရောင်တောက်ခဲ့တဲ့သူရဲ့နေ့ရက်တွေ၊
ပျောက်ကွယ်မှုန်ဝါးနေတဲ့ ဥကွဲအသိုက်ပျက်နေသော ဘဝတစ်ပုဒ်ပိုင်ရှင်။
ကျွမ်းကြေအသည်းနဲ့ နွမ်းလျနေတဲ့ ညီတစ်ယောက်ကို ထွန်းလူရဲ့ သည်ပါးစပ်က
ဘယ်လိုအသုံးအနှုန်းမျိုးနဲ့ မေးရက် ပြောထွက်နိုင်မှာလဲ။ တစ်ဖက်ကလည်း မိမိရဲ့
အသွေးအသားတွေနဲ့ ဖြစ်တည်ခဲ့တဲ့ သားရင်း။ မိမိအဖတ်ဆည်ထားတဲ့ အရောင်ပြောင်းစ
ပြုခဲ့ပြီဖြစ်သော ညီဖြစ်သူနှင့် အမှိုက်တစ်စလို သား၏ကြားမှာ။ မယားနဲ့ညီအကြားမှာ။
အားလုံးရဲ့ကြားမှာ ပိန်လှီလေသော သူ့ရဲ့ခန္ဓာသည် ပို၍ပင် သေးကျုံ့သွားသည် ထင်၏။
ထွန်းလူရဲ့ ရင်ထဲက သည်ဝေဒနာတွေကို ဘယ်သူ သိမြင်နိုင်ကြပါမည်နည်း။
ဟိုချိန်ကတည်းကပင်
အစဉ်အေးရိပ်လွှမ်းပြီး ဆိတ်ငြိမ်လျက်ရှိသော အိမ်ကလေးသည် အဲသည်ရဲ့နောက်ပိုင်းမှာ
ပို၍ပင်တိတ်ဆိတ် ခြောက်သယောင်းလို့ သွားတော့သည်။ ထိုကာလထဲမှာပင် တငူငူ
တငိုင်ငိုင်ဖြင့် မှိုင်ထွေလျက် ကြက်ကြီးလည်လိမ်ထားသလို ရှိနေသော
သားဖြစ်သူ၏မျက်နှာကို ကြည့်ကာ စိတ်ပျက်အားမရခြင်းတွေဖြင့် အလုပ်လုပ်ဖို့နှင့်
အလုပ်ပြန်ရှာဖွေဖို့ကို ပြင်းထန်သွားသော မိမိရာဇသံတွေကလည်း ရေနစ်သူကို ဝါးကူ၍
ထိုးနှစ်လိုက်သည်သို့ ဖြစ်သွားခဲ့သည်ထင့်။ အဲသည့်ချိန် ကတည်းကပင် သားက အိမ်ကနေ
ခွာသွားတော့သည်။
အလုပ်
သွားရှာမယ်ပြောပြီး မိခင်ထံ လမ်းစရိတ် လက်ဖြန့်တောင်းခံကာ မနက်လင်းသည်နှင့်
ထွက်သွားခဲ့သော သုံးရက်မြောက်ညတွင် သားသည် အိမ်သို့ပြန်မလာပါ။ ဘယ်မှာအဖော်အပေါင်းတွေနဲ့
မူးနေလဲ၊ အလုပ်ရ၍ ညဂျူတီဆက်ဝင်နေလို့ အိမ်ပြန်မလာနိုင်တာလားဟူသော
လားပေါင်းများစွာက သားကိုချစ်သော မိခင်၏ရင်ကို တစ်ညလုံး အိပ်မပျော်စေခဲ့သည်။ 'သူတို့အော့ဖ်ဆက် သမားတွေက ဒီလိုမျိုး ညအဆိုင်းပါ တွဲဝင်ရတတ်တာမျိုးမို့
မနက်လင်းရင်တော့ မင့်သား ပြန်လာမှာပေါ့ကွာ'ဟု
ဖော့ပြောလိုက်ရသော်လည်း ကိုယ်၌က တံခါးအခေါက်ကို သန်းခေါင်သန်းလွဲထိ နားစွင့်
နေမိခဲ့လေသည်။
သားအိမ်သို့ပြန်မလာသည်မှာ
သုံးရက်တိတိရှိသွားပေပြီ။ မိခင်ဖြစ်သူမှာ ပူလောင်ရင်ဖြင့် အချိန်တိုင်း တငိုငို
တရီရီ ရှိချေပြီ။ နေ အစောင်းမှာ လည်ပင်းက သားပြန်လာရာ လမ်းဆီမှာ။ အဲလောက်ထိ
မကြာမြင့်တတ်သည်မို့လည်း သူ့ရင်မှာလည်း သောကမီးတောက်တွေက အညွန့်တက်ခဲ့ချေပြီ။
သားကို ၃၁ လမ်းထဲက လက်ဖက်ရည်ဆိုင်အချို့မှာ သွားရှာခဲ့သည်။ မတွေ့။ ပုံနှိပ်သမား
အလုပ်လက်မဲ့တွေ အများဆုံးထိုင်တတ်ရာဖြစ်သော၊ ပုံနှိပ်လောကက ပွဲစားအချို့၏ ရုံးစိုက်ရာဖြစ်ချေသော၊
သားဖြစ်သူလည်း ထိုင်တတ်လေ့ရှိပေသော လမ်းကြားထဲက ကျော်စိုးဆိုင်တွင် သုံးလေးရက်ဆက်
သူ သားကို သွားထိုင်စောင့်ခဲ့လေသည်။ သား၏အရိပ်၊ သား၏သတင်းတွေက ပျောက်ချင်းမလှ
ပျောက်နေပေါ့။ သား၏ သူငယ်ချင်းဖြစ်သူတွေဆီမှလည်း အစလေးတစ်စပင် မရရှိခဲ့ပေ။
ဆယ်ရက်ခန့် အကြာတွင်
သားသည် ဘယ်ထောင့်မှ ပေါ်လာလေသည် မသိပါ။ အိမ်သို့ ပြန်လာပေသည်။ ခုမှပဲ သူ့ရင်ထဲလည်း
အပူလုံးကြီး ကျသွားပေတော့သည်။ မအေလုပ်သူမှာလည်း မျက်ရည်အရွှဲသားဖြင့်
ရွှင်ပျသွားတော့သည်။ ထိုတစ်ညသာပဲ သားသည် အိမ်၌ အိပ်သွားသည်။ မနက် လင်းသည်နှင့်
ထပြန်သွားလေသည်။ 'မေမေ စိတ်ပူနေမှာစိုးလို့ သားပြန်လာပြောတာ။
သား ခုတိုက်အိပ်၊ တိုက်စားနဲ့ပဲ ပုံနှိပ်တိုက် တစ်တိုက်မှာ ဝင်လုပ်နေတယ် မေမေ'ဟု တစ်ဆင့် ကြားသိရပေသည်။ ဘယ် တိုက်၊ ဘယ်နေရာ၊ ဘယ်အရပ်မှာ ဆိုသည်ကို
သားသည် ဖျောက်ထားခဲ့လေသည်။ ပြန်လာပေသော် လည်း သားသည် ဖခင်ဖြစ်သူကို မျက်နှာလွှဲကာ
နေခဲ့ချေ၏။ အကြောင်း၏အကျိုးကိုမူ တစ်လုံးတစ်ပါဒ ဘာမျှ သူ့ကို ဖွင့်မအံ။
သူစိမ်းဆန်စွာဖြင့် မိခင်ဖြစ်သူကိုသာ နှုတ်ဆက်ပြန်သွားသည်။ 'ဖေဖေ့ကို
အဲလောက်ထိ စိတ်နာနေလား သားရယ်'ဟု ကျိတ်ရှိုက်ကာ မြည်တမ်းရင်း
'မိဘရဲ့မေတ္တာ၊ စေတနာတွေကို သား မသိလေရော့လား သားရယ်'ဟု ကြေကွဲခြင်း ဆင့်၏။ သားရင်ထဲမှ အဖုအကျိတ်တွေက မည်သူ့ဆီ၌
ဦးတည်ခဲ့ပါလေသနည်း။ သူ့ လေးလေးဖြစ်သူအပေါ်၌ပင်လော။ သူ၏အပေါ်ကိုလည်း
အမြင်တိမ်းချော်နေခဲ့ပြီလော။ ကျန်ရစ်ခဲ့သူ ဖခင်ဖြစ်သူ သူ့ရင်ထဲမှာတော့ ဝေဒနာတွေ
အလုံးအရင်း။
သို့ဖြင့် တစ်ပတ်
ဆယ်ရက်ခန့် ပျောက်သွားလိုက်၊ တစ်ခါပြန်ပေါ်လာလိုက်နှင့် သားသည် ဧည့်သွား၊
ဧည့်လာမျှသာ ဝင်ထွက်ခြင်းကို ပြုတော့တာတွေ့သည်။ ရောက်လာခိုက်လည်း တစ်ညတာမျှသာ
အိပ်ပြီး ညမအိပ်ဘဲ ပြန်သွားသည့်အခါမျိုးလည်း ရှိတတ်ပြန်သည်။
ထိုသည်အခါမျိုးတွင်လည်း မအေလုပ်သူနှင့်သာ စကားလက်ဆုံကျလေ့ရှိပြီး
အတူရှိစဉ်ကတည်းကပင် တစ်ဦးနှင့်တစ်ဦး သွေးစိမ်းသလို ဖြစ်နေခဲ့ကြသော
သားအဖနှစ်ယောက်သားတို့သည် မည်သူ့အခေါ်၊ မည်သူက စအပြောကို မည်သူက
မျှော်လင့်နေကြသည်ကို မပြောပြတတ်နိုင်စွာ သူစိမ်းပြင်ပြင်နှင့်သာ
ရှိတတ်ကြပေသည်တည်း။ သို့သော်လည်း သားဖြစ်သူ၏ မျက်နှာကို မြင်လိုက်ရချိန်တိုင်း
သူ့ရင်ဘတ်ထဲတွင် အပျော်ရည်တွေဖြင့် ကိုယ်စိတ်နှလုံး လန်းဆန်းသွားမြဲ။ သားကို သူ
တစ်ခုကျိတ်၍ ကျေးဇူးတင်နေမိသည်ကတော့ သားသည် အိမ်မှ ခွဲသွားခဲ့ချိန်မှ ယခုလိုမျိုး
ပြန်လှည့်ရောက်လာလေ့ ရှိသော်လည်း သူ့လေးလေး ဖြစ်သူ၏ ဂစ်တာကိုမူ
ကိုင်တွယ်ဖို့ဝေးစွ၊ လှည့်၍မျှပင် မကြည့်တော့ပါ။ မာနတွေကို သားထံမှာ
မြင်လိုက်ရပြန်တော့ နာကျင်ကြေကွဲခဲ့ရသည့်ကြားမှ အတိုင်းအဆမဲ့ ကျေနပ်စိတ်တွေက
ခန္ဓာကိုယ်အနှံ့ လည်ပတ်သွားခဲ့။ ထို့အတူပင် ရန်ဘက်ကလူ ပြုလိုသော အပြုအမူမျိုးကို
လုပ်မလာတာတွေကလည်းပဲ သူ့အား စိတ်ချမ်းမြေ့စေပြန်ခဲ့သည် ဖြစ်၏။
ရက်တိုလေး
တစ်ခေါက်နှင့် တစ်ခေါက် သား၏ပုံရိပ်တွေက ပြောင်းလဲသွားတာ သူ သတိပြုမိ ခဲ့သည်။
ခါးဝတ်ခါးစားနှင့် ပျောက်သွားသော သားသည် တစ်ခေါက်လာတစ်မျိုး၊ တစ်ခေါက်လာ
တစ်မျိုးဖြင့် မထပ်စေခဲ့သော အဝတ်သစ်တွေကို ကိုယ်ပေါ်မှာ ဆင်မြန်းလာသည်။
အိမ်မှာနေစဉ်က အလုပ်ကို လုပ်တစ်ရက်၊ မလုပ်တစ်ရက်ဖြင့် လုပ်ပြန်တော့လည်း တစ်ထောင်ပြည့်အောင်ပင်
အမြဲမရှိတတ်ခဲ့သော အစဉ်ပြားကပ်နေသည့် သူ့ပိုက်ဆံအိတ်မည်းလေးသည် ယခုတော့လည်း
ပိုက်ဆံတွေမှ အထပ်လိုက်ဖြင့် ဖုဖောင်းယောင်ကား။ ရုပ်ခံလည်းရှိသော သားဖြစ်သူ၏
စတိုင်လ်သည် ခုလိုမျိုး သူဌေးသားလေး တစ်ယောက်နှင့်မခြား သန့်ပြန့်နေသောအခါ
ကြည်နူးကျေနပ်စိတ်တွေဖြင့် သူ့ရင်မှာ ချမ်းမြေ့မိပေ၏။
သုံးလမျှအကြာ တစ်ခုသော
တနင်္ဂနွေနေ့တွင် သူ ဝတ္ထုတိုတစ်ပုဒ်ကို အဆုံးသတ် ရေးနေခိုက် ညနေစောင်းတွင်
အိမ်သို့ သား ပေါက်ချလာလေသည်။ မအေလုပ်သူနှင့် တီးတိုးစကားတွေ ပြောဆိုကြသည်။
နာရီဝက်ခန့်နေပြီး ပြန်သွားတာ သိသည်။ သားပြန်သွားပြီး ခဏအကြာတွင် သူ့အပါးသို့
ဇနီးဖြစ်သူက လာထိုင်သည်။ ဇနီးပြန်ပြောနေသော စကားများစွာများထဲမှ
ပြန်ကြားသိလိုက်ရချေသော စကားတစ်ခုကတော့ သူ ဘယ်လိုမှ မမျှော်လင့်ခဲ့မိသော
စကားတစ်ခုပါပေ။ ဟုတ်ကော ဟုတ်ရဲ့လား။ မအေလုပ်သူကို နောက်ပြောင်သွားတာများလား။
ဒွိဟတွေ ဝင်ခဲ့ရပြီ။ နှုတ်မှလည်း...
'မင့်သားကတော့ အရက်တွေ
အသောက်များပြီး ဂေါက်သွားပြီ ထင်တယ် ဌေးရေ။ ကိုယ် မိန်းမရပြီလား၊ မရသေးဘူးလား
ဆိုတာကို ကိုယ်တိုင်တောင် မသိနိုင်တော့လောက်အောင်ကို ဖြစ်သွားပါရောလားကွာ။ ဘာလဲ
ပြောသွားတဲ့စကားက သားကိုယ်သား မိန်းမရနေလားတောင် မဆိုနိုင် တော့ဘူး မေမေဆိုတဲ့စကားက။
ဘာကြီးလဲ။ ဘယ်လို နားလည်လိုက်ရမှာလဲလေ'
ဟု
ရယ်သွမ်းသွေးရင်းဖြင့် ပြောချလိုက်သော်လည်း အာရုံကိုတော့ ထွေပြားစေတော့သည်။
နောက်တစ်ခေါက်
ရောက်လာခဲ့သည်တင်မူ သူ့အမျိုးသမီးပုံဟု ဆိုကာ သူ့အမေကို ဓာတ်ပုံလေးတစ်ပုံ ပေးသွား၊
ပေးထားခဲ့လေသည်။ သေချာသွားပြီကို ပိုင်ပိုင်လက်ခံ ယုံကြည်လိုက် ရသည်ကတော့ ၂ဝဝ၅
ခုနှစ်၊ ဇွန်လပိုင်း၊ ၂၆ ရက်နေ့စွဲဖြင့် တရားရုံးတစ်ခုမှာ အသိသက်သေများ
ရှေ့မှောက်၌ လက်မှတ်ရေးထိုးထားသော လက်ထပ်စာချုပ်ကို မြင်လိုက်ရသည့်နေ့ပါပဲ။
အကောင်းဆုံးဟု
မပြောနိုင်ခဲ့ငြား အကောင်းစားနှင့် တန်ဖိုးအတော်ကြီးမည့် လက်ထပ်စာချုပ် ဆိုတာတော့
သူ သိလိုက်ချေ၏။ ပြီး 'အဲဒီနေ့က သားတို့
အဲလောက်ကုန်ကျသွားတယ် မေမေ။ သက် သေတွေနဲ့ လူရင်းအချို့ကို ပြု စုရတာ' ဟူသော ငွေအမောက်ကလည်း ရှေ့တွင် မြင်နေရသည့် လက်ထပ်စာချုပ်၏ ပြယုဂ်ကို
တွေ့ရရုံဖြင့်ပင် ကားသောစကား မဟုတ်နိုင်ချေ ဆိုတာကိုပါ သူ့မျက်စိနှင့်
တပ်အပ်မြင်လိုက်ရသည်သို့။
အိမ်က ခွာသွားသည့်
သုံးလသာသာမျှသော အချိန်တိုလေးအတွင်းမှာပင် သားသည် အမှန်တကယ်ပင်
မိန်းမရသွားပါပေါ့လား။
မဟုတ်သေးဘူး ထင်သည်။
ရည်းစားသနာလည်း ရှိတယ် မကြားမိခဲ့ပါဘဲ။ ပဇာကြောင့် မိန်းမရသွားရတာလဲ။
ဗြုန်းစားကြီး ယူရလောက်အောင် ပသို့သော အကြောင်းတွေကြောင့်နဲ့လဲ။
သူလိုကောင်စားမျိုးကို ဓာတ်သိ ဘယ်မိန်းမကကော ယူမှာလဲ။ စိတ်လေပြီး
ထင်ရာစိုင်းနေချိန်၊ ခုမြင်၊ ခုကြိုက် မိန်းမတစ်ယောက်နဲ့ အကြောင်းပါ
သွားတာများလား။ ဒါမှမဟုတ် မိန်းမကပဲ သူ့ကို ယူ လိုက်တာလား။
ဆန်းတော့လည်း အတော့်ကို
ထူးဆန်းနေသည်။ သားက အရက်ကိုသာ နစ်နစ်မူးမူး သောက်မည်။ မိန်းမတွေကို စိတ်မဝင်စား။
အပေါင်းအသင်းတွေနဲ့ လေနေရတာကိုသာ ပျော်ပိုက် တတ်သူဖြစ်ပြီး မိန်းမတော့ မပွေတတ်တာ
သူ သိသည်။ ခုလိုမျိုး မိန်းမတစ်ယောက် မြန်မြန်ထက်ထက်ကြီးရသွားတာဟာ...
ထွန်းသူနဲ့
သက်ဆိုင်နေသလား။ မွန်းကျပ်နေခိုက် ရေနစ်သူကို ဝါးနဲ့ကူနှစ်လိုက်သလို ဖြစ်သွားတဲ့
မိမိရဲ့ ပယောဂကြောင့်ပေလား။ အိမ်မှာ မနေချင်တော့လောက်အောင်ကို ဖြစ်သွားခြင်းမှာ
တော့ သူတို့နှစ်ယောက်ထဲက တစ်ယောက်ဖြစ်ဖို့ရာကတော့ သေချာသည်။ သို့မဟုတ် နှစ်ဦးစလုံးအပေါ်၌ပင်လည်း
ဖြစ်ကောင်း ဖြစ်ပေမည်။ အရင်းစစ်တော့ အမြစ်မြေက ဆိုသလိုပင် ခုလိုမျိုး
သားမိန်းမရသွားခြင်းရဲ့ အဖြေမှာ မဖြစ်သင့်၊ မဖြစ်ထိုက်ဘဲ မိန်းမရသွားခြင်းဟုပင် သူ
နားလည်လိုက်မိလေသည်။ ထိုအတွေးတွေက သူ၏ရင်ကို နင့်မျှသားကို သူ သနားကရုဏာတွေ
သက်သွားစေခဲ့သည်။
ထိုစိတ်တွေဖြင့်ပင်
သားကို သူကပင်စ၍ စကားပြောဖြစ်ချေခဲ့၏။ ဇနီးသည် ပြန်လှန်ပြသော တစ်နေ့ကို သူ
ပြန်အမှတ်ရမိတိုင်း စိတ်မကောင်းကြီးစွာဖြင့် သား၏ အပေါ် မေတ္တာတွေ ယိုဖိတ်
လျှံထွက်၊ ကရုဏာတွေက သက်သက်။ 'တဖြည်းဖြည်းနဲ့ သေသေချာချာ
စဉ်းစားကြည့်တော့မှ အဲဒီနေ့က သူတို့ ရုံးတက်လက်မှတ်ထိုးတဲ့နေ့ ဖြစ်မယ် ထင်တယ်ကို။
ဖေဖေ့ရဲ့အင်္ကျီတွေထဲက အင်္ကျီအဖြူတစ်ထည် သားကို အပိုင်ပေးပါလို့
တောင်းယူသွားတာလေ။ ကိုနှစ်သက်တဲ့ အဖြူရောင်ကိုမှ ရွေးပြီး လိုလိုချင်ချင်နဲ့
ဖအေ့ရဲ့အမွေကို တောင်းယူသွားတာ ထင်တယ်။ လက်မှတ်ထိုးတဲ့နေ့က ဖအေ့ရဲ့ကိုယ်ပွားကို
မြတ်မြတ်နိုးနိုးနဲ့ ဝတ်ဆင်သွားချင်လို့နဲ့ တူတယ်' တဲ့။
သားရယ်...။
အဲဒီနေ့က သားမျက်နှာ
ဘယ်လိုထားရှိခဲ့လဲဆိုတာ ဖေဖေ သိချင်လိုက်တာ။ ဟုတ်သည်။ သားသည် အတူရှိစဉ်က
မူးရူးဆိုးသွမ်းခဲ့သလောက် မိသားစုကို အကျိုးမပြုခဲ့သကဲ့သို့ပင် ခုနောက်ပိုင်းတွင်
မိမိတို့ ဘာမှမသိရသော သူ့ကိစ္စကို သူ့ ဘာသာသူပင် ဖြေရှင်းသွားခဲ့သည်။ မိဘကို
အပူလည်း မကပ်၊ ဒုက္ခလည်း မပေးခဲ့ချေပါ။ သူ့ဇာတ်ကို သူ တစ်ဦးတည်းသာ
ကသွားခဲ့သည်တည်း။ ထိုသည်များအတွက် သူ၏ရင်မှာတော့..။
တစ်ချိန်က ကယ်တင်ခြင်း
တပ်ကြီးသဖွယ် ဖြစ်ခဲ့သော သူ့အိမ်ရိပ်တွင် မိန်းမဘက်မှ တော်စပ်သည့် လူသုံးယောက်ကို
နှစ်ရှည်လများ ကြာကြာ သူ့အရိပ်မှာလာ၍ ခိုလှုံနေခဲ့ဖူးသည်။ တစ်ယောက်က ခယ်မဖြစ်သူ။
မိဘနှစ်ပါးလုံး ဆုံးချိန်မှာ အိမ်ပေါ်သို့ ရောက်လာသည့်လူ။ ကျန်နှစ်ယောက်က
မောင်နှမနှစ်ယောက်။ မရီးဖြစ်သူ၏ သားနှင့်သမီး။ ပထွေးနှင့် မသင့်မတင့်မှာစိုး၍
သည်အိမ်သို့ လာရောက်ထိုးထည့်၍ ကြည့်ရှုစောင့်ရှောက်ခဲ့ရသူများ။ အတောင်စုံလို့
ပျံဖို့လုပ်ကြချိန်မှာ ထိုက္ကိတ္ထိမသားသမီးများအား မိဘနေရာမှ သူတို့ လင်မယား
ရပ်ပေးခဲ့ရဖူးလေသည်။
ခယ်မလေး၏ မင်္ဂလာပွဲကို
ရပ်ကွက်ထဲက ဓမ္မာရုံမှာ ထိုက်သင့်လျောက်ပတ်စွာ။ တူဖြစ်သူကို တစ်ဖက်မိဘများထံ စကားကမ်းလှမ်းခဲ့ရပြီး
ပွဲပြီးသည်ထိ။ နောက်ဆုံးပိတ် တူမဖြစ်သူရဲ့ အလှည့်မှာလည်း ထိုနည်းလည်းကောင်းပါပဲ။
ပထွေးဖြစ်သူက တုတ်တစ်ပြက် ဓားတစ်ပြက်။ ပထွေးကို ရွံ့ရသော မအေက နင်တို့
သဘောအတိုင်းဟု ခေါင်းလွဲ။ မိမိရဲ့ သည်နေအိမ်ပေါ်မှာတင် ဘုန်းကြီးသုံးပါးနှင့်
ဧည့်ပရိသတ်အချို့ကို အကျဉ်းရုံး မင်္ဂလာဆွမ်းကျွေး။ ပြီး ကောင်လေး၏ နယ်မြို့လေးထိ
လိုက်ပါခဲ့ရကာ မိဘနေရာမှ မားမားမတ် ရပ်တည်ပေးခဲ့ဖူးသည့်သူ။
ယခုမူ သားအရင်းကြီး၏
မင်္ဂလာကိစ္စမှာတော့ မိမိတို့ ဘာတာဝန်မှမကျေ။ ဘာမျှ မထမ်းဆောင်လိုက်ရ။
နတ်ရေးငယ်ကို ဘယ်လိုရွှေစာလိုက်သည်ကိုပင် မသိမရှိ၊ အခွင့်အားလုံး ပျောက်ခဲ့ရသည့်
သူလိုမိဘတစ်ယောက်၏ အဖြစ်လောက် ရင်နင့်ကြေကွဲရတာ ရှိအံ့မထင်တော့ပါချေ။ ဒါ
သားဖြစ်သူကိုယ်တိုင်က မိဘတွေကို မိဘနေရာမှာ မထားချင်ခဲ့လို့ဘဲ
ပြောဆိုတိုင်ပင်ခြင်း မရှိခဲ့လေ ရော့လား။ ညှာတာလိုက်တာလား ဟူမူ။ သေချာခြင်း
တစ်ခုကတော့ ထိုနေ့ထိုရက်မှာ သား၏မျက်နှာသည် အစွမ်းကုန် ပွင့်အာနေသည့်
ပန်းတစ်ပွင့်၏ သွင်ပြင်လက္ခဏာမျိုးတော့ ရှိနိုင်လိမ့်မည် မထင်ပါချေ။
သို့သော်လည်း...
သူ အဆိုးထဲက
အကောင်းတွေကို တွေ့လိုက်ရပါသည်။ မိဘလက်အောက်တွင် ဆိုးပေတေနေသော သားတွင်
အထိန်းအကွပ်၊ အနှောင်အဖွဲ့တွေဖြင့် အိမ်ထောင့်တာဝန်တွေနှင့် ယခင်ကလောက်တော့
ဆိုးပေတေလေနိုင်တော့မည် မဟုတ်တော့ပြီဘဲဟု နားလည်လိုက်ကာ ဖြေသည်။ ထို့အတူ
သား၏ဝတ်စားဆင်ယင် သုံးစွဲနိုင်မှုတွေကို ကြည့်ပြီးတော့လည်း စိတ်ချမ်းသာ
စေရပြန်သည်ပဲလေ။ 'သား မင်း ခု ဘာလုပ်နေလဲ'ဟု မေးဖြစ်ချိန်မှာ 'သူကတော့ စားပွဲမှာပဲ ထိုင်စေချင်တယ်။
ဒါပေမယ့် သားက မလေးကို သွားချင်တယ်။ မလေးရှားမှာ သွားလုပ်ချင်တယ် ပြောလို့ မလေးကို
အလုပ်သွားလုပ်ဖို့ ခု သား ပြင်ဆင်နေတယ် ဖေဖေ'ဟု ပြောတော့
မိန်းကလေး၏ ကြွယ်ဝမှု ကိန်းဂဏန်းတွေကို သူ ခန့်မှန်းသိနိုင်ခဲ့ပြီး
ဝမ်းမြောက်နေမိ၏။ ဘာစားပွဲလဲဟု သူ မမေးမိပါ။ မေးသော်လည်း သားက အမှန်ဖြေချင်မှ
ဖြေမည်ဆိုတာကို သူ တင်ကြိုခန့်မှန်းမိလို့လည်း ဖြစ်ပါသည်။ ယခင်ကတည်းက သားက
ဘယ်တိုက်၊ ဘယ်နေရာ၊ ဘယ်မှာလုပ်သည် ဆိုတာကိုအစဖျောက်တတ်လေ့ ရှိခဲ့သလို
ယခုကိစ္စတွင်မူ သားတွင် လျှို့ဝှက်ထားမှုများ ရှိနေခဲ့လျှင် မိမိတို့ကြောင့်
သားသိမ်ငယ်လိမ့်မည် အတွေးဖြင့် မမေးခြင်းလည်း ဖြစ်ပါသည်။ လုပ်ငန်းရှင် တစ်ဦး၏
သမီးနှင့်ဟုပဲ နားလည်ထားလိုက်၏။ 'အိမ်ကို တစ်နေ့ခေါ်လာဦးလေ။
သားမိန်းကလေးက လိုက်ချင်တယ်လို့လည်း မပြောဘူးလား။ သားကရော ဘာလို့ ခေါ်မလာတာလဲ'ဟု စကားနှိုက်ကြည့်တော့...
'သူကလည်း လိုက်ချင်တယ်လို့
တစ်ခါမှ မပြောဖူးဘူး။ သားကလည်း ခေါ်လာဖို့ ဝန်လေးနေတာ အမှန်ပဲ။ သားတို့က
ဆင်းရဲတယ်ဆိုတာတော့ သူလည်း သိထားပါတယ်။ ခုတောင် အိမ်ကို သွားဦးမယ်ပြောတော့
လိုရာဝယ်သွားဖို့ဆိုပြီး အိတ်ထဲ ငွေအပြည့်ထည့်ပေးလိုက်ပါတယ် ဖေဖေ။ သီတင်းကျွတ်
လပြည့်နေ့တော့ သားတို့နှစ်ယောက်လုံး ဖေဖေတို့၊ မေမေတို့ကို လာကန်တော့ ကြမှာပါ
ဖေဖေ။ ကန်တော့ဖို့ ပစ္စည်းတွေနဲ့ ညီမလေးတွေဖို့လည်း တော်တော်များများ
ဝယ်ခြမ်းထားပြီးပါပြီ' ဟု ဖြေသည်။
ကြားရရုံဖြင့်ပင်
ရင်ထဲမှာ အတိုင်းအဆမဲ့ ကြည်နူးရ၏။ မမြင်ဖူးခင်ကတည်းကပင် သားနှင့်ပတ်သက်ပြီး
သမီးအဖြစ်နှင့် သံယောဇဉ် တွယ်နေမိခဲ့သည်။ သီတင်းကျွတ်လပြည့်နေ့ဆိုတာ လည်း
သိပ်မကြာတော့ပြီ။ ထိုနေ့ရောက်၍ လာကန်တော့ကြပြီဆိုလျှင် ကွာဟလွန်းသည့်
အလွှာနှစ်ခုကြောင့် မိမိ၏ သည်ပါးစပ်က သမီးဟုပင် နှုတ်ထွက်ရဲပါမည်လား။ ကလေးမကရော
မည်သို့သော အသုံးအနှုန်းတွေဖြင့် ဝင်ရောက်လာပါလေမည်လဲ။ သားတို့က
ဆင်းရဲတယ်ဆိုတာတော့ သူလည်း သိထားတယ် ဆိုပဲလေ။ သို့ဆိုလျှင် အိမ်ထောင်သက်
သုံးလကျော်မျှအတွင်း မည်သို့သော သဘော၊ မည်သို့သော မနောတွေကြောင့် မိန်းကလေး ဘာလို့
လိုက်မလာ၊ လာချင်တယ်ဟု ပြောသံမထွက်ဆိုခဲ့တာပါလဲ။ သားကလည်း ခေါ်လာဖို့
ဘာလို့ဝန်လေးမိရတာပါလိမ့်။ သားတွင် မြှုပ်ကွက်တစ်ခုတော့ ရှိနေလိမ့်မည်ဟုတော့
ထင်မိသည်။ ဘာလဲ။
မိန်းကလေးက သူ့ထက်
အသက်အတော်ကြီးနေလို့လား။ သို့မဟုတ် ရုပ်ဆိုး သူတစ်ယောက်မို့ပေလော။
အပျိုတစ်ယောက်ကော ဟုတ်မှ ဟုတ်ပါလေစ။ အိမ်ထောင်ပျက်လား၊ တစ်ခုလပ်လား၊ မုဆိုးမလား၊
လှည်းကျိုးထမ်းလိုက်ရပြီလား။
ပသို့ဆိုစေ...
မမြင်ဖူးခင်ကတည်းမှပင်
မိန်းကလေးကို မိဘတစ်ယောက်၏ အချစ်မျိုးဖြင့် မေတ္တာသက်ဝင်မိပြီး ဖြစ်သည်။
မိန်းကလေး၏ ကျေးဇူးတွေက သားအပေါ် အတော့်ကို စူးနေပေါ့။ သား ဖြစ်သူ၏ ဆိုးဒဏ်တွေကို
ကောင်မလေး ဒဏ်ခံပေါင်းသင်းနေရချိမ့်မည်သာ။ ထို့ကြောင့်လည်း သားအား 'မင်း... မိန်းမရ အတော့်ကို ကံကောင်းတယ်သား။ ဖေဖေတို့ အိပ်မက်တောင်
ထည့်မမက်ခဲ့ဘူးတဲ့ တစ်နိုင်ငံရပ်ခြားထိ သွားရောက်ဖို့အထိ မင်းမိန်းမက မင်းဘဝ၊
မင်းဆန္ဒတွေကို မြှောက်စားဖြည့်ဆည်း ပေးခဲ့တယ်။ မိန်းကလေးကို ဖေဖေ မတွေ့၊
မမြင်ဖူးသေးပေမယ့်လည်း သူ့ရင်ကို ဖေဖေ ထွင်းဖောက်မြင်နေရတယ် သား။ သားရတဲ့မိန်းမဟာ
မယားတစ်ယောက် ဆိုတာထက် မိခင်လို မိန်းမဆိုတာက ပိုမှန်လိမ့်မယ်။ ဒါကြောင့်
ကိုယ့်ကြောင့် သူ့အသိုင်းအဝိုင်းတွေ ကြားထဲမှာ မိန်းကလေး မျက်နှာမသိမ်ငယ်
စေချင်ဘူးလေ'ဟု အလျဉ်းသင့်တိုင်း သင်ပြမိသည် အကြိမ်ကြိမ်။
ထိုသို့ ရင်တစ်ခုလုံး
ခံစားမှုပေါင်းမျိုးစုံတို့ဖြင့် ပြည့်နှက်နေဆဲမှာပင်...။
□
မျိုးဇော်တို့ကတော့
လုပ်ချလိုက်ပြန်ပြီ။
ညအချိန်မတော်ကြီးတွင်
ရွယ်တူ မိန်းကလေးတစ်ယောက်ကို အိမ်သို့ခေါ်ချလာခဲ့လေသည်။ 'မေမေ
တံခါးဖွင့်ပါဦး'ဟု အသံ ကြားစဉ်မှာပင် မအေလုပ်သူက အိပ်ရာမှ
လူးထဲထမိပြီး တံခါးပေါက်သို့ ရောက်သွားနှင့်သည်။ သူက မီးထဖွင့်ပြီး
စောင့်ကြည့်နေမိသည်။ ယှဉ်လျက် ဝင်လာသည့် သူတို့ အတွဲကို တွေ့သည်။ အိပ်မှုန်စုံဖွား
သူ့မျက်လုံးတွေ ကျယ်သွားရ၏။ ဓာတ်ပုံထဲက မိန်းကလေး မဖြစ်နိုင်တာကတော့ သေချာ၏။ သူ
တွေ့ဖူးခဲ့သည့် ဓာတ်ပုံထဲက မိန်းကလေး၏ မျက်နှာပေါက်က လုံးလုံးဝိုင်းဝိုင်းလေး။
ထိုမျက်နှာလုံးလုံးဝိုင်းဝိုင်းလေးကို ဓာတ်ပုံထဲမှာ မြင်ခဲ့ရုံဖြင့်ပင် ခန္ဓာက
ဖွံ့ဖြိုးဟန်ကို ဖော်ပြနေခဲ့သည်။ ယခု ကောင်မလေးမှာမူ မော်ဒယ်လ်လေးလား
ထင်မှတ်မှားရလောက်စွာ။ ဝတ်စားထားပုံက လန်ထွက်နေသည်။ ကြိုးတွေအများကြီးပါသည့်
လည်ဟိုက် အင်္ကျီ၊ ဒူးဖုံးစကတ်နှင့်။ ဒါဆို...
သည်ညနေကတင် သူ့ အမေကို
သူပြောသွားသော စကားအတိုင်း ယခုပင် လုပ်လာခဲ့ပြီလား။ ဘုမသိ ဘမသိ အဖြစ်ကိုပင် သူ့မှာ
ဧည့်ဝတ်ကျေပြွန်အောင် ဆီးကြိုဧည့်ခံ စကားပြောဖြစ်ချေ၏။ နာရီတော်တော်များများ
ကုန်ဆုံးသွားသည်။ အမှန်ပေလား၊ လန်ကြုတ်တွေလား မသိရသော စကားများစွာတို့ကို
ကြားသိခဲ့ရပေသည်။ သမီးချင်းစာနာစိတ်ဖြစ်ပြီးလျှင် သနားကရုဏာတွေ ဝင်သည်။ ထို့အတူ
သားဖြစ်သူ၏ လုပ်ရပ်အပေါ်တွင်လည်း မည်သို့မျှ နားမလည်နိုင်တော့ပေ။
ဧည့်ကြို မိန်းကလေးဟု
ဆိုသည်။ အခေါ်အပြောက ညက်သည်။ သူ့ကို ဖေဖေတဲ့။ သူ့ဇနီးဖြစ်သူကို မေမေတဲ့။
သူ့ကိုယ်သူ သမီးဟု နာမ်စားသုံးချေသည်။ မျိုးဇော်ကိုတော့ ကိုကိုဟု ခေါ်၏။
မလှုပ်သာအောင် ချည်လိုက်သော သူမ၏စကား တစ်ခွန်းကတော့ သူ့ကို အာစေးမိသူလို
ဖြစ်သွားစေတော့သည်။
'ကိုကိုက
ညာမပြောတတ်ဘူးဆိုတာ ခုသိလိုက်ရပြီလေ။ ဖေဖေတို့၊ မေမေတို့က သဘောကောင်းပါတယ်၊
လိုက်သာလာခဲ့ပါ ဆိုလွန်းလို့သာ အရဲစွန့်လိုက်လာခဲ့ရတာ။ ခုလို ဖေဖေတို့၊ မေမေတို့က
သမီးကို ကြိုဆိုတော့ မိဘမေတ္တာငတ်ခဲ့ရတဲ့ သမီးအဖို့ ခုမှပဲ မိဘအစား ပြန်ရသလိုမျိုး
ရင်မှာခံစား လှိုက်လှဲဝမ်းသာမိပါတယ်' တဲ့လေ။
ပင့်သက်ကို
ကျိတ်၍ချဖြစ်လိုက်သည်။ မအေလုပ်သူမှာလည်း ပါးစပ်ဟောင်းလောင်း ပွင့်နေသည်။
ညဥ့်အတော်နက်မှ စကားဖြတ်လိုက်ကြပြီးသော် အိပ်ရာဝင်ဖို့ လုပ်ကြရသည်။ မိမိတို့
လင်မယား အိပ်ရာပြောင်းလိုက်ကြရ၏။ မိမိတို့အိပ်ခန်းကို သူတို့နှစ်ယောက်ကို
ပေးလိုက်ကြရသည်။
အိပ်၍မပျော်နိုင်။
အိပ်ရာပြောင်း၍
အိပ်မပျော်နိုင်တာ မဟုတ်ပါ။ သား၏ လုပ်ရပ်တွေကို နားမလည်တတ်နိုင်ခဲ့ခြင်းဖြင့်
ခေါင်းတွေရှုပ်ထွေး နောက်ကျိသွားရခြင်းကြောင့်ပဲ ဖြစ်သည်။ မိန်းမ မပွေတတ်သော
သားသည် ယခုတော့လည်း မည်သို့ဖြစ်သွားရတာပါနည်း။
နဖူးပေါ် လက်တင်ရင်း
မိမိတို့ခေတ်က ဓာတ်ပြားသီချင်းတစ်ပုဒ်ကို သူ ပြန် အမှတ်ရလိုက်မိသည်။ ဥသျှစ်တစ်တင်း
ရှမ်းတစ်တင်းခေတ်ကို ခုရောက်လို့ လာခဲ့ချေပြီလား။ ထို့အတူ ဂျက်မြသောင်း၏ 'မိန်းမတွေ မှိုလိုပေါတဲ့ လောကကြီးထဲမှာ တို့ယောကျ်ားတွေ
ရွှေလိုရှားသွားပြီ'ဆိုတဲ့ သီချင်းထဲကလိုများ
မျက်မှောက်ခေတ်မှာ ယောကျ်ားတွေ တကယ်ရှားသွားပြီလား မသိ။ အားနာ လိုက်တာ သမီးတို့ရေ။
အရက်ကလေးက တမြမြ၊ အလုပ်ကို ဟုတ်တိပတ်တိ မလုပ်လိုတဲ့ ကောင်စားကိုမှ
ဘာကြည့်ကြိုက်ကြတာပါလဲ ကွယ်ရို့ရယ်။
နှစ်ပင်လိမ်
သူ့ပြဇာတ်ကို သားဖြစ်သူက မည်သို့ ရွယ်ခဲ့သည်မိ။ သူ့အဖို့တော့ ဝတ္ထုတစ်ပုဒ်အတွက်
မဖွေရှာရပါဘဲနှင့် ကုန်ကြမ်းတွေ ရလိုက်ခဲ့သည်။ ဟုတ်သည်။ ကျွန်တော်နှင့် သမီးများဝတ္ထု
တွင် ဇာတ်သိမ်းကို သူ မည်သို့ ဇာတ်သိမ်းပစ်လိုက်ရမည်ကိုတော့ဖြင့် သူ မသိတတ်
နိုင်တော့ပါ။
အင်း... အဖြစ်က
ရယ်ဖို့တော့ တကယ်ကောင်းလှသည်ပဲ။ ငိုအားထက် ရယ်အားသန်ရမယ့်ကိန်း။ သို့သော်လည်း
ရယ်စရာ တစ်ကွက်ကို တွေ့နေပါလျက်နှင့် မရယ်နိုင်ဖြစ်ခဲ့ရ သည့် အခက်လောက် ကြီးစွာသော
ဒုက္ခရှိမည်ပင် မထင်တော့ပါချေ။
▀
ကြည်ထွန်းလူ
(အမှတ် ၂၀၆၊
ဇန်နဝါရီလ၊၂၀၀၇ ရွှေအမြုတေမဂ္ဂဇင်း။)
ဒီလောက် စိတ်ဝင်စားဖို့ကောင်းတဲ့ပွဲကို မင်းရည်းစား ငယ်လေး ဘာလို့လာမကြည့်တာလဲ ဒီနေ့ မင်းအတွက် တီးတဲ့လက်ခုပ်သံတွေထဲမှာ ငယ်လေးရဲ့လက်ခုပ်သံ မပါဘူး
လူ့သမိုင်းတစ်လျှောက်လုံးမှာ မိန်းမတွေကချည်းပဲ လှည့်စားခဲ့ကြတာမှမဟုတ်တာ မိန်းမတွေအပေါ် ယုတ်မာခဲ့ကြတဲ့ ခပ်မာမာ ယောကျ်ားတွေလည်း ရှိခဲ့ကြတာပဲ ဦးတဲ့သူ နိုင်ကြေး ပျော့တဲ့သူ ခံကြေး ထင်ပါရဲ့
ချစ်ရည်တူပြီး မူလို့ နွဲ့လို့မှ မကြာသေးဘူး ဖြစ်ချင်တော့ မနေနိုင်လွန်းတဲ့ ကိုထွန်းမင်းက မိဌေးကြည်ကို ခိုးပြေးချင်တယ် ဖြစ်လာပါလေရော