မောင်ရင့်မာ ၊ကျောင်းကုန်း၊
၁။
'မိန်းမဆိုတာ
မိန်းမပဲကွ၊ ကိုဝမ်းရဲ့ သိလား'
'ဟုတ်ကဲ့'
အဲဒီဟုတ်ကဲ့က
ခဏလောက် ရပ်တန့်စဉ်းစားပြီးမှ ထောက်ခံလိုက်တဲ့ ဟုတ်ကဲ့မျိုး မဟုတ်ဘူး။ သူ့ဆရာက 'သိလား'
တစ်ခါပြောပြီးရင် ကိုဝမ်းက 'ဟုတ်ကဲ့' တစ်ခွန်းလိုက်ရမယ်ဆိုတာ အကျင့်ပါသလောက် ဖြစ်နေပြီ။ ပြောရရင် ကိုဝမ်းက
ဒရိုင်ဘာပါးဝနေပါပြီ။
သူ့ဆရာက
ဒီလိုပါပဲ။ ကက်ဆက်ခလုတ်ကို ထောက်ခနဲ နှိပ်လိုက်သလို ကားပေါ်ရောက်
ဘီးလိမ့်ပြီဆိုတာနဲ့ တစ်ပြိုင်နက် 'ကိုဝမ်းရဲ့... သိလား'ဆိုပြီး တဖျစ်ဖျစ် ပြောတော့တာ။ ဒီကနေ့လိုမျိုး ဆရာကတော်နဲ့ ကတောက်ကဆဖြစ်လာရင်
ပိုဆိုးတယ်။ သူ့ဆရာကလည်း တပည့်သားမြေးရှေ့မှာ မိန်းမက တစ်ခွန်းမခံ ပြန်ပြောတာကို
သိက္ခာပွန်းပဲ့တယ် ထင်တဲ့လူစားမျိုး။ သူ့ဆရာကတော်ကလည်း ကိုယ့်ယောကျ်ားရဲ့
တပည့်သားမြေးရှေ့မှာ ယောကျ်ားကို ခွန်းတုံ့မခံ ပြန်ရန်တွေ့ဖို့ ဝန်မလေးတတ်တဲ့
မိန်းမစားမျိုး။ ဒါပေမယ့် ကိုဝမ်းက ရိုးနေပါပြီ။ သူ့ဆရာက သိက္ခာဆည်တဲ့အနေနဲ့
ခါတိုင်းထက် ပိုပြီး စကားတွေ ပြောတော့မယ်ဆိုတာ။ သူ့ဆရာက တဖျစ်ဖျစ် ပြောနေသမျှ
ဟုတ်ကဲ့တွေ အလျင်မီအောင် လိုက်ရတော့မယ် ဆိုတာ။
'သူတို့က
ပိုက်ဆံနည်းနည်းရရင် နည်းနည်း သုံးမယ်။ များများရရင် များများသုံးမယ်။ အဲဒါပဲ သိတယ်။
ပိုမသိဘူး။ ပိုသိဖို့လည်း မကြိုးစားဘူး။ သိလား'
'ဟုတ်ကဲ့'
အရေးထဲ
ဝေဇယန္တာ မီးပွိုင့်က မပျက်စဖူး ပျက်နေတယ်။ ကိုဝမ်းက နံပါတ်ဝမ်း ဂီယာကို
အသင့်ထိုးထားလိုက်ပြီး ကွေ့ကားလွန်သွားတာနဲ့ ကလပ်ကို ဖော့ပေးလိုက်တယ်။
ကားဘီးစလိမ့်တာနဲ့ ကိုဝမ်းရဲ့ ဟုတ်ကဲ့နဲ့က ပြိုင်တူလောက်ပဲ ရှိလိမ့်မယ်။
'အိမ်ဦးနတ်ဆိုတဲ့
သူတို့ရဲ့ အရှင်သခင်တွေက ဘယ်လို ကြံရဖန်ရ၊ ဘယ်လိုရှာရ ဖွေရတယ်ဆိုတာ သူတို့
စိတ်မဝင်စားဘူး။ ငါတို့ ဘယ်လောက် ခေါင်းစားသလဲဆိုတာကို သူတို့က ဖိနပ်အသစ်တစ်ရံ
ဝယ်ဖို့လောက်မှ စိတ်မဝင်စားဘူး၊ သိလား'
'ဟုတ်ကဲ့'
ခံစားမှု အပြည့်နဲ့ ပြောနေတဲ့
သူ့ဆရာဘက်ကို မျက်နှာတစ်ချက်မှ လှည့်မကြည့် အားပေမယ့် ခေါင်းနဲ့ဖိနပ်ကို
တွဲပြောလိုက်တဲ့ သူ့ဆရာ စကားကို နည်းနည်းပြုံးချင်သွားတယ်။ ဒါပေမယ့် အလျင်အမြန် 'ဟုတ်ကဲ့'
လိုက်ပြီး ကြက်ဘဲဈေး အရောက်မှာ သမိန်ဗရမ်းလမ်းပေါ် မျှောတက်လိုက်ရ
တယ်။ စိတ်ထဲက သွားရမယ့် လမ်းကြောင်းကို တွက်ချက်နေမိတယ်။ လမ်းငါးခွ
ဆိုင်တာမွေမီးပွိုင့်နဲ့ ရွှေဂုံတိုင် မီးပွိုင့်ကိုတော့ ဒီတစ်ခါရှောင်လို့
လွတ်မယ်မထင်ဘူး။ ဒါပေမယ့် ရွှေဂုံတိုင် မီးပွိုင့်က ညာဘက်ကို ဖရီးရမှာဆိုတော့
မဆိုးဘူး။ ဦးဝိစာရလမ်းပေါ်က သူ့ဆရာရဲ့ 'ဆရာ'အိမ်ကို ရောက်ရင် ခဏချထားခဲ့ရမယ်။ ပြီးရင် ဆရာကတော် မှာကြားလိုက်တဲ့
ဓာတ်ဆီ ရောင်းခြင်းအမှုကို ကန်တော် ကြီးစောင်းနားမှာ ပြန်လုပ်ရမယ်။ ပြီးမှ သူ့ဆရာ
ကိုလေအိုးကို ဦးဝိစာရအိမ်မှာ ပြန်လာခေါ်ရမယ်။
'လောကမှာ ဘာမှ မလွယ်ဘူးကွ။
ကိုဝမ်းရ သိလား။ ကိုယ့်အထက်လူကြီးက ကိုယ့်ကို အသိ အမှတ်ပြုနိုင်ရုံလေး၊
သတိထားမိရုံလေးအတွက် ဘယ်လောက် လုပ်ခဲ့ရတယ် မှတ်သလဲ။ ကိုယ်လုပ်ပြခဲ့တာကို
သိနိုင်တဲ့ အခွင့်အခါကလည်း သင့်ပါဦးမှ သိလား'
'ဟုတ်ကဲ့'
ရွှေဗဟို မီးပွိုင့်နဲ့ တာမွေ
မီးပွိုင့်ကြားအထိတော့ ကားက သိပ်မရှုပ်သေးဘူး။ အလိုက်သင့် မျှောသွားရုံပါပဲ။ သူ့ဆရာ
ပြောတာလည်း မှားတော့ မမှားဘူး။ အရင်နေရာမှာတုန်းက ဖတ်သီဖတ်သီနဲ့
သိပ်အဆင်မပြေလှပေမယ့် ခု သွားနေတဲ့ ဦးဝိစာရလမ်းအိမ်က ဆရာနဲ့ ချိတ်မိကတည်းက
သူ့ဆရာဟာ ရောင်းပန်း ဝယ်ပန်းတွေ ပွင့်လန်းစိုပြေလာခဲ့တယ်။ အရင်နေရာမှာ နေတုန်းကလို
ဖတ်သီဖတ်သီ ပြေးလိုက်လွှားလိုက်၊ ကုတ်ချောင်းကုတ်ချောင်း ပြန်ဝင်လာလိုက်ဆိုတဲ့
အမူအရာမျိုး မဟုတ်တော့ဘူး။ အခြေအနေ ပြောင်းသွားခဲ့တယ်။ အချိုးလည်း
ပြောင်းသွားခဲ့တယ်။ ခက်တာက သူ့ဆရာဟာ ဆရာကတော်ကိုပါ အချိုးပါ ပြောင်းဆက်ဆံလာတာပဲ။
ဆရာကတော် မှန်တယ်လို့တော့ ကိုဝမ်းက မထင်ပါဘူး။ ဆရာကတော်က သူတို့ မိဘတွေလက်ထက်ကတည်းက
သူ့ဆရာအပေါ် အရှိန်အဝါနဲ့ နိုင်စားလာခဲ့ပုံရတယ်။ အမြဲတစေ အပေါ်စီးက
ပြောဆိုနေတာပါပဲ။ မိဘတွေ မရှိတော့လို့ 'အထည်ကြီးပျက်' လောက် ဖြစ်သွားပေမယ့်လည်း အကျင့်က ပါခဲ့ပြီလေ။ သူ့ဆရာအပေါ် နိုင်စား
လိုဆဲပါပဲ။ အဲဒီမှာ သူ့ဆရာက တစ်သက်လုံး မော့ကြည့်လာခဲ့ရတဲ့ မိန်းမကိုပါ ခပ်ထည်ထည်လေး
ဆက်ဆံချင်လာတဲ့အခါကျတော့ ခုမနက်ကလိုမျိုး မကြာမကြာ ကတောက်ကဆလေးတွေ
ဖြစ်ဖြစ်လာတတ်တယ်။ အဲဒီလို ဖြစ်တဲ့အခါကျရင်လည်း ပင်ကိုကြွားချင် ဝါချင်တဲ့
ဘဝင်စိတ်ကလေးပါ နှောပြီး မဆီမဆိုင် ကိုဝမ်းကို ခုလို တဖျစ်ဖျစ် ပြောလာတတ်တော့တယ်။
ကိုဝမ်းက ဒရိုင်ဘာပါ။ သူ့ဆရာလောက်တော့
ဘယ်ပညာတတ်ပါ့မလဲ။ ဒါပေမယ့် ဒရိုင်ဘာ လုပ်လာတာ နှစ်ပေါင်း နှစ်ဆယ်လောက်ရှိပြီ။
လူ့သဘောနဲ့ လူ့အကြောကို သိတန်သလောက်တော့ သိနေခဲ့ပြီ။ သူ့ဆရာလို မြောက်ကြွကြွ
စရိုက်မျိုးကို အနည်းဆုံး နှစ်ယောက်ထက်မနည်း တွေ့ခဲ့ဖူးပြီဆိုတော့ ဟုတ်ကဲ့ကို
အနေတော်လောက်ကလေး လိုက်တတ်နေပါပြီ။
ကိုဝမ်းက အလိုက်တသိ ဟုတ်ကဲ့တတ်ပေမယ့်
ခက်တာက သူ့ဆရာဟာ မီးပွိုင့်မှာ ကားတွေ ရှုပ်ယှက်ခတ်နေလို့ ကိုဝမ်း ပြူးတူး ပြဲတဲ
ဖြစ်နေသလား၊ စိတ်မအား လက်မအား အာရုံထွေပြားနေသလားဆိုတာ တစ်ချက်မှ စဉ်းစားလေ့မရှိဘဲ
သူ အခုနေတဲ့နေရာက ဘယ်လို အဆင်ပြေတဲ့ အကြောင်း၊ အထက်လူကြီးတွေက သူ့ကို
ဘယ်လိုအသိအမှတ်ပြုတယ်ဆိုတဲ့အကြောင်း၊ ဘယ်လောက် အောင်မြင်ကြောင်းတွေကို မရပ်မနား
တဖျစ်ဖျစ်ပြောနေတော့တာပါပဲ။ ရွှေဂုံတိုင် မီးပွိုင့်မှာ ညာဘက်ချိုး၊
နောက်တစ်ပွိုင့်မှာ ဘယ်ဘက်ကွေ့မယ့် မီးစိမ်းကို ဖြတ်ကျော်ပြီးတာနဲ့ ကိုဝမ်း မနည်း
အသက်ရှူချောင်သွားပါပြီ။ သူ့ဆရာကို ဟုတ်ကဲ့ မှန်မှန်လိုက်နိုင်နေပါပြီ။
'ကိုဝမ်းရ သိလား၊ လူတစ်ယောက် အောင်မြင်တယ်ဆိုတာ
အရည်အချင်းကို အသိအမှတ်ပြုလောက်တဲ့ အခြေအနေမျိုးနဲ့လည်း တိုက်ဆိုင်ဖို့ လိုသကွ။
အသိအမှတ်ပြုတဲ့ ပုဂ္ဂိုလ်ကလည်း ကိုယ့်ကို ချီးမြှင့်မြှောက်စားနိုင်တဲ့သူ
ဖြစ်မှကွ၊ သိလား'
'ဟုတ်ကဲ့' ကားကို ဘယ်ဘက် ချိုးကွေ့လိုက်တယ်။
'ဒီမှာ... မင်း ဘယ်သူ့မှ
မပြောနဲ့ကွ သိလား။ ခု တို့ကုမ္ပဏီက ပြည်ပခရီးစဉ် တစ်ခုရှိလို့ လူရွေးနေတာကွ။
အဲဒါပါရင်တော့ ပွဲပြီးပြီ။ အဲဒီအတွက် ငါ့ဆရာဆီ လာတွေ့တာကွ သိလား'
ကားကို ဆင်ဝင်အောက်မှာ တုံ့ခနဲ
ရပ်လိုက်တယ်။ ကားရပ်လိုက်ပြီ ဖြစ်တဲ့အတွက် ကိုဝမ်းဟာ ကားပေါ်ရောက်ကတည်းက တစ်ချက်မှ
လှည့်မကြည့်ခဲ့တဲ့ သူ့ဆရာရဲ့ မျက်နှာကို ပထမဆုံးအကြိမ် လှည့်ကြည့်လိုက်တယ်။
အမြဲတစေ လှုပ်ရွေ့နေတတ်တဲ့ မျက်လုံးပေါက် ကျဉ်းကျဉ်းလေးတွေဟာ
တောက်ပဝင်းပြောင်နေတယ်။ မဟုတ်ဘူး။ မျှော်လင့်ချက် တစ်ခုခုကြောင့်
ဝင်းပြောင်နေတာမျိုး မဟုတ်ဘူး။ ကိုဝမ်းလို ဒရိုင်ဘာတစ်ယောက်ကို ခုလို
အသိပေးလိုက်ရတဲ့အတွက် သူ့ကိုယ်သူ အားရ ကျေနပ်သွားတဲ့ မျက်နှာမျိုး။ ဒီငနဲတော့
ငါ့ကို အထင်ကြီးလေးစားသွားပြီလို့ သေချာနေတဲ့ မျက်နှာထားမျိုး။ အဲသလို
ထင်မိတာပါပဲ။
၂။
ဆရာကတော် ခိုင်းတာကို လုပ်ဖို့အတွက်
ဦးဝိစာရလမ်းအတိုင်း ပြန်မောင်းလာခဲ့တယ်။ အဝိုင်းရောက်တော့ ဦးထောင်ဘိုလမ်းအတိုင်း
ပြန်ဆင်း၊ ဗဟန်းအဝိုင်းကို ပတ်ပစ်လိုက်ပြီး ကန်သာယာ လမ်းထဲ ဝင်လိုက်တယ်။ ပြီးတော့
ဆရာဝန်အသင်းတိုက်ဘက် ချိုးကွေ့လိုက်တယ်။ ဓာတ်ဆီဝယ်တဲ့ နေရာမှာ ကားတွေ ကျပ်ခဲနေတယ်။
ဓာတ်ဆီပိုက်စုပ်တဲ့ ချာတိတ်တွေထဲက
မျက်မှန်းတန်းပြီးသား ချာတိတ်ကို တွေ့ပေမယ့် သူ့အလုပ်နဲ့သူ ရှုပ်နေတယ်။ ဒါနဲ့ပဲ
နီးစပ်ရာ ချာတိတ်တစ်ယောက်ကို တောင်းတောင်းပန်ပန် ပြောရတယ်။
'ဦး အရေးကြီးလို့ပါ၊
အမြန်လုပ်ပေးပါကွာ'
ဒီချာတိတ်က ကိုဝမ်း
မျက်မှန်းတန်းမိတဲ့ ကောင်လေးထက် ပိုရင့်တယ်။ ပိုပြီးတော့လည်း လူရည်လည်ပုံရတယ်။
အသက်နှစ်ဆယ်ကျော်လောက်ပါပဲ။ ပြီးတော့ တခြားချာတိတ်တွေလို လေသံဝဲဝဲနဲ့ပါပဲ။
ဓာတ်ဆီတိုင်ကီထဲ ချာတိတ်က ပိုက်ပျော့ကို လိမ်ခေါက်သွင်းနေတော့ ဟိုတစ်ခေါက်လာတုန်းက
ပိုက်ပျော့ကို သွင်းမရလောက်အောင် ခက်ခဲနေခဲ့တာ သတိရမိတယ်။
'ဟိုတစ်ပတ်တုန်းကတော့
မင်းတို့လို ချာတိတ် သုံးယောက်ပြောင်းပြီး ပိုက်သွင်းတော့မှ ရတာကွ။
ဓာတ်ဆီပိုက်ပေါက်လို့ ပြင်ထားတာ အဆင်မပြေလို့ အတော်ခက်ခဲသွားတာ'
တကယ်တော့ ကိုဝမ်းက စကားရော ဖောရော
ပြောလိုက်တဲ့ သဘောပါပဲ။ ဒီချာတိတ်တွေနဲ့ အဆင်ပြေချောမွေ့နေမှ ကိုယ့်ကိစ္စကို
အလျင်အမြန် လုပ်ပေးမှာမဟုတ်လား။ ဒီချာတိတ်တွေက တစ်နေကုန် လုပ်နေရတာဆိုတော့
ကိုယ့်ကားလုပ်ပေးဖို့ အလှည့်ကျ ရောက်ပေမယ့်လည်း တစ်ခါတစ်ခါကျတော့
မမြင်ယောင်ဆောင်နေတတ်တာ။ ပင်ပန်းတာလည်း ပါမှာပေါ့လေ။
'ဟိုတစ်ပတ် သုံးယောက်
ပြောင်းလုပ်တော့မှ ရတယ်ဆိုတာ ဟုတ်လား။ ဒီကောင်တွေ ကျွန်တော့်လောက်မှ မကျွမ်းတာဘဲ။
ဟော...ဒီမှာကြည့်၊ ကျွန်တော် ပိုက်သွင်းလိုက်တာ ဘာမှ အခက်အခဲ မရှိဘူး။ ဦး တွေ့တယ်
မဟုတ်လား။ ဒီဝိုင်းထဲမှာ အလုပ်သမား နှစ်ဆယ်ကျော် ရှိတယ်။ ကျွန်တော့်လောက်
လုပ်သက်ရင့်တာ တစ်ယောက်မှ မရှိဘူး။ ကျွန်တော့်လောက် ကျွမ်းတဲ့ကောင် မရှိဘူး။
ဘယ်ကားမဆို ကျွန်တော်လုပ်လို့မရတဲ့ ကားဆိုတာ မရှိဘူး'
ချာတိတ်က အင်မတန် ဂုဏ်ရောင်ပြောင်တဲ့
အလုပ်တစ်ခုကို လုပ်ခဲ့သလိုမျိုး အားရပါးရ ပြောနေတာ။ ကိုဝမ်း နည်းနည်းတော့
ရယ်ချင်သွားတယ်။
အမှန်က ဒီကား ဓာတ်ဆီပိုက်ပေါက်တုန်းက
ညောင်လေးပင်က ဝပ်ရှော့ ဆရာနဲ့ကြုံလို့ ကားကို ဘုရင့်နောင်ဘက် ယူသွားပြီး
ပြင်ပေးခဲ့တာ။ အသစ်လဲပေးတဲ့ ဓာတ်ဆီပိုက်က ခေါက်နေတာကို (တောဝပ်ရှော့ဆရာမို့
ထင်ပါရဲ့) သတိမထားမိဘဲ မအူမလည်နဲ့ ပြန်မောင်းလာခဲ့တယ်။ အဲဒါကြောင့် ဓာတ်ဆီ
ထုတ်မယ်ဆိုတော့ ပိုက်ပျော့ သွင်းလို့မရခဲ့တာ။ ခု အဲဒီ ပိုက်ခေါက်နေတာကို ပြန်ပြင်
ပြီးသွားပြီ။ ဒါကြောင့် အလွယ်တကူ ပိုက်သွင်းလို့ရတာ။ အဲဒါကို ချာတိတ်က သူ
သိပ်တော်လို့လို့ ထင်နေတယ်။ ဂုဏ်ယူနေတယ်။ ကိုဝမ်းက အဲဒါကို ရှင်းမပြတော့ဘဲ 'မင်း
ဒီမှာ အလုပ်လုပ်တာ ကြာပြီပေါ့'လို့ မေးခွန်းလိုလို
မေးလိုက်တယ်။ ချာတိတ်ကလည်း တော်တော် ဖြေချင်နေပုံပါပဲ။
'ဟာ...ကြာပြီ။ သုံးနှစ်
ရှိပြီ။ ဒီဝိုင်းထဲမှာ ကျွန်တော် လုပ်သက်အရင့်ဆုံးပဲ။ လခလည်း ကျွန်တော်
အများဆုံးပဲ'
'ဟုတ်လား၊ တစ်လကို
ဘယ်လောက်ရသလဲကွ'
'ဒီဝိုင်းထဲက ကောင်တွေ
တစ်သောင်းရတဲ့ကောင် ရှိတယ်။ တစ်သောင်းခွဲရတဲ့ ကောင်ရှိတယ်။ ကျွန်တော်ကတော့
လခအများဆုံးပေါ့။ နှစ်သောင်းရတယ်။ ဒီကောင်တွေ ကျွန်တော့်စကား နားထောင်ရတယ်။
ကျွန်တော်က သူတို့ရဲ့ ခေါင်းဆောင်ပဲ'
'ဟုတ်လား၊ ဒါဆို မင်း တော်တာ်
စုမိဆောင်းမိနေပြီပေါ့'
'ဒါပေါ့၊ ကျွန်တော်က
နိုင်ငံခြားသွားဖို့ ပိုက်ဆံစုနေတာ။ မလေးထွက်ဖို့ လုပ်နေတာ။ ကျွန်တော့်အရည်အချင်းနဲ့
ဒီလိုနေရာမျိုးမှာ ဘယ်အမြဲ လုပ်နိုင်မလဲ။ နိုင်ငံခြားထွက်မှကို ဖြစ်မှာ'
ကိုဝမ်းက အဲဒီချာတိတ်ကို
လက်ဖက်ရည်ဖိုး နှစ်ရာပေးခဲ့ပါတယ်။
ချာတိတ်က ကျေးဇူးတင်ကြောင်း ဝဲတဲတဲနဲ့
ပြောတယ်။ တစ်နေကုန် တစ်နေခမ်း အလုပ်လုပ်ရလို့ မျက်နှာပေါ်က အသားအရောင်ဟာ ညိုတိုတို
ဖြစ်နေပေမယ့် သူ့မျက်လုံးတွေကတော့ တစ်စုံတစ်ရာ အားရကျေနပ်နေပုံပဲ။
တောက်ပဝင်းပြောင်နေတယ်လေ။
၃။
ကိုဝမ်းက ဦးထောင်ဘိုလမ်းအတိုင်း
ပြန်မောင်းတက်ပြီး အဝိုင်းရောက်တာနဲ့ ဦးဝိစာရလမ်းဘက် ချိုးကွေ့လိုက်တယ်။ သူ့ဆရာကို
ပြန်ကြိုပြီး၊ ပြန်ပို့ပြီးရင် ဒီကနေ့အဖို့ ကိုဝမ်းရဲ့ တာဝန်ပြီးဆုံးပြီလို့
မျှော်လင့်ရတာပဲ။
ကားမောင်းနေရင်း စောစောက
ချာတိတ်ရဲ့မျက်နှာကို ဘယ်မှာမြင်ဖူးပါလိမ့်လို့ ကိုဝမ်း ဖျတ်ခနဲ တွေးလိုက်မိတယ်။
ဟုတ်ပါရဲ့၊ ဘယ်မှာ မြင်ခဲ့ဖူးတာပါလိမ့်။ မဟုတ်ဘူး။ အဲဒီချာတိတ်နဲ့တူတဲ့
မျက်နှာတစ်ခုခုကို မြင်ဖူးတာ မဟုတ်ဘူး။ အဲဒီချာတိတ်နဲ့ မျက်နှာပေးတူတဲ့
မျက်နှာတစ်ခုကို မြင်ဖူးတာဖြစ်မယ်။ ဟုတ်ပါတယ်။ ဒီမျက်နှာပေးပါပဲ။ တစ်ယောက်တည်း
ကားမောင်းနေရင်းက ကိုဝမ်းရဲ့ ရယ်သံဟာ ဟက်ခနဲ လမ်းပေါ် လွင့်စဉ်သွားတယ်။
▀
မောင်ရင့်မာ
၊ကျောင်းကုန်း၊
(အမှတ် ၂၀၆၊
ဇန်နဝါရီလ၊၂၀၀၇ ရွှေအမြုတေမဂ္ဂဇင်း။)
ကျွန်တော် စာတစ်စောင်လောက် ရေးခဲ့ချင်တယ်... ဒါပေမဲ့ ကျွန်တော် ဘယ်သူ့ဆီ ရေးရမယ်... အဲဒါကို မသိဘူး... ဖြစ်နေတယ်... သွားဖို့အချိန်ကလည်း မြန်မြန်ကြီး နီးလာနေတယ်... ကျွန်တော် ဘယ်သူ့ဆီ စာရေးရမလဲ... သိရင် ပြေ...
ကြင်နာသနားတတ်မှု၊ ညှာတာထောက်ထားတတ်မှုဆိုတဲ့ သံယောဇဥ်ကြိုးတွေ မခိုင်လို့ ပြတ်တောက်ကုန်တာလည်း ဖြစ်မယ်။ တခြားအကြောင်းအမျိုးမျိုးလည်း ရှိပေမပေါ့။ တစ်လင်ကွာ၊ တစ်လင်ပစ်၊ တစ်လင်ပြေး အမျိုးသမီးတွေဆိုတာ တူနှစ်...
ဝါးကိုဖောင်ဖွဲ့၍ ချင်းတွင်းမြစ်အတိုင်း စုန်ဆင်းလာရသည့် အလုပ်မျိုးကို တစ်ချိန်တွင် တာဝန်ယူရမည်ဟု ကြိုတင်တွက်ဆထားလို့သာ ဘွဲ့ရပညာတတ်မာနကို ခဝါချနိုင်ခဲ့သည်။