ရွှေဝတ္ထု

မျက်စိခွဲသူ

ထက်မြက်

01 September 2026
မျက်စိခွဲသူ
Share to

ထိုနေ့က မျက်စိခွဲမည့်သူများမှာ ကျွန်တော် အပါအဝင် လေးယောက်ဖြစ်သည်။

အသက် ၅ဝ ကျော် အမျိုးသမီးတစ်ယောက်၊ ထိုအရွယ်လောက်ပင်ရှိသည့် အမျိုးသားတစ်ယောက်၊

အသက် ၇၈ နှစ်ခန့် ရှိမည့် အသက်ကြီးကြီး၊ အရပ်ရှည်ရှည် လူရည်သန့်ကြီး တစ်ယောက်နှင့် ကျွန်တော် ဖြစ်သည်။ ကျွန်တော်တို့ လေးယောက်စလုံးကို ခေါင်းစွပ်များနှင့် ခွဲစိတ်ခန်းဝင် ဝတ်ရုံဖားဖားကြီးများကို ဝတ်ဆင်ပေးထားသည်။ ကျွန်တော့်ဘယ်ဘက်တွင် အမျိုးသမီးကြီး ထိုင်သည်။ ကျွန်တော်တို့ လေးယောက်စလုံး၏ လက်ထဲတွင် ခွဲစိတ်ချိန်တွင် ထည့်ရမည့်  1OL ခေါ် မှန်ဘီလူး အပါအဝင် မျက်စိနှင့်ပတ်သက်သောပစ္စည်းများ ပါသည့် စက္ကူဘူးလေးများ ရှိလေသည်။ ကျွန်တော့်ညာဘက်တွင် အမျိုးသားရှိသည်။ သူက မျက်စိ နှစ်ကွင်းစလုံး မြင်ပုံမရပေ။ ဆရာဝန်ပြစဉ်က သူသည် လူတွဲနှင့်လာရပြီး ကုလားထိုင်ကို လက်ဖြင့် စမ်းပြီး ထိုင်ရပုံကို ကျွန်တော် သတိထားမိသည်။ သူသည် ကျောက်ရုပ်တစ်ရုပ်လို ကုလားထိုင်ပေါ်တွင် ခါးကို မတ်မတ်ထား မျက်နှာကို ရှေ့တည့်တည့် ငြိမ်သက်စွာကြည့် မလှုပ်မယှက် ထိုင်နေသည်။ ထိုလူ၏ ညာဘက်တွင် အသက်အကြီးဆုံး ပုဂ္ဂိုလ်ကြီး ထိုင်နေသည်။ ကျွန်တော့်ညာဘက်မှ လူကလွဲလျှင် ကျန်သုံးဦးမှာ မျက်လုံးတစ်ဖက်စီ မြင်ကြရလေသည်။ ထိပ်ဆုံးမှ ပုဂ္ဂိုလ်ကြီးမှာ ခွဲစိတ်ခန်းအဝင်ဘေးတွင် ထိုင်နေသဖြင့် သူ ပထမဆုံး ခွဲရမည် ထင်သည်။ ထို့ကြောင့် သူ ဂဏှာမငြိမ် ဖြစ်နေသည်။ ကျွန်တော်တို့ဘက်ကို ကြည့်လိုက်၊ တံခါးပိတ်ထားသော ခွဲစိတ်ခန်းကို ကြည့်လိုက်၊ ခွဲစိတ်တော့မည် ဖြစ်၍ အလုပ်များနေသော သူနာပြု ဆရာမလေးများကို ကြည့်လိုက်၊ ကုလားထိုင်မှ ထလိုက်၊ ပြန်ထိုင်လိုက်၊ မျက်နှာကျက်ကို မော့ကြည့်လိုက်၊ ပါးစပ်မှလည်း ဘာရယ်မသိ တတွတ်တွတ် ရွတ်နေလိုက်ဖြင့် ဗျာများနေပေသည်။

            သူ ဂဏှာမငြိမ်ဘဲ စိတ်လှုပ်ရှားပုံကို ခွဲစိတ်ဖို့ မျက်တောင်များ ညှပ်စဉ်ကတည်းက ကျွန်တော် သတိထားမိသည်။ ထိုနေ့ အလှည့်ကျသော မျက်စိခွဲမည့်သူ လေးယောက်ကို အခန်းထဲခေါ်ပြီး ခွဲစိတ်ခန်းဝတ်ရုံများ ဝတ်ပေးကာ ဆရာမလေးများက မျက်စဉ်းခပ်၊ မျက်တောင် ညှပ်ပေး၏။

            'ငြိမ်ငြိမ်နေ၊ မျက်စိ မမှိတ်နဲ့။ မျက်တောင်တွေကို ညှပ်ပစ်မှာ။ မျက်တောင်ခတ်ရင် အသားပါသွားလိမ့်မယ်'

            ဆရာမလေးက ကတ်ကြေးကိုကိုင်ပြီး ကျွန်တော်တို့ကို ပြောသည်။ မျက်ခွံပေါ် ကတ်ကြေး တင်လိုက်သည်နှင့် ကျွန်တော်က မျက်စိ တစ်ချက်မှိတ်လိုက်မိသည်။

            'မမှိတ်နဲ့လေ။ အသားပါသွားမယ်လို့ ပြောနေတာ'

            ဆရာမလေးက တစ်ချက်မာန်လိုက်သဖြင့် စိတ်ကိုတင်းပြီး ယားကျိကျိ ဖြစ်နေသော မျက်ခွံမှ အာရုံကို အောင့်ခံထားလိုက်ရ၏။ အမျိုးသမီးလည်း ညှပ်ပြီး သွားပြီ။ ကျွန်တော်တို့ထဲတွင် အသက်အငယ်ဆုံး ဖြစ်ပုံရသော မျက်စိနှစ်လုံးစလုံး မြင်ပုံမရသည့် အမျိုးသားလည်း အေးအေးဆေးဆေးပင် မျက်တောင် ညှပ်ပြီးသွားသည်။ နောက်ဆုံးကျန်သည်မှာ ထိုပုဂ္ဂိုလ်ကြီး အလှည့်ပင်။

            'အဘ၊ မျက်တောင် မခတ်နဲ့။ စိတ်ကို ငြိမ်ငြိမ်ထားပါ။ ဟော... ခတ်ပြန်ပြီ။ မျက်ခွံအသားပါသွား လိမ့်မယ်။ အဘ ခဏလေး အောင့်ခံထားလိုက်ပါ။ ကဲ... ညှပ်ပြီ၊ မလှုပ်နဲ့။ ကဲ... အသားပါသွားပြီ။ အဘကို ပြောနေရက်သားနဲ့ မျက်တောင် ခတ်လိုက်တာကိုး'

            ဤပုဂ္ဂိုလ်ကြီးသည် ဤကဲ့သို့ စိတ်လှုပ်ရှားသည်ကို မြင်ခဲ့ရသဖြင့် ယခုလောက် ဂဏှာမငြိမ် ဖြစ်နေသည်ကို ကျွန်တော် သိပ်မအံ့သြတော့ပေ။ သို့သော် ကျွန်တော်လည်း စိတ်လှုပ်ရှားနေသည်ကား အမှန်ပင်။ တစ်ခါမျှ ခွဲစိတ်ခန်း မဝင်ဖူးသဖြင့် ယခုလို မျက်စိခွဲရမည်ကို စိတ်ထဲ တထင့်ထင့် ဖြစ်နေသည်။ ရက်ပိုင်း၊ လပိုင်းအတွင်း ကျွန်တော့် အရင်မျက်စိခွဲပြီးသူများ၏ အတွေ့အကြုံ ပြောပြချက်များကိုလည်း ကြားယောင်နေလေသည်။

□

            ကျွန်တော့်မျက်စိ တိမ်စွဲနေသည်ကို အစောပိုင်းက ကျွန်တော် မသိခဲ့ပါ။ ကြည့်ရသည်မှာ အားမရသဖြင့် မျက်မှန်ဒီဂရီ တက်လာသည်ဟုပင် ထင်ခဲ့သည်။ မျက်မှန်တော့ အသစ်ပြန်လုပ်ရမှာပဲ ဟုပင် တွေးနေခဲ့သည်။ မန္တလေးရောက်မှ တိမ်စွဲနေမှန်း သိရတော့သည်။ နှစ်စဉ် သွားနေကျ ဒေါ်ဒေါ်လူထု ဒေါ်အမာ မွေးနေ့ကို ထိုနှစ်ကလည်း ကျွန်တော် သွားပါသည်။ ရောက်တုန်းရောက်ခိုက် ဒေါက်တာအောင်ကြီးအိမ် သွားရောက်လည်ပတ်ရင်း ဆေးစစ်ဖြစ်သည်။ နှလုံးလည်းကောင်းသည်။ ဆီးချိုလည်း မရှိ။ သွေးတိုးလည်း မရှိ။ သို့သော် ညာဘက် မျက်စိကမူ စာကောင်းကောင်း ဖတ်မရ။ ဝါးနေသည်ဟု ပြောပြသောအခါ ဆရာဇော်ဂျီသမီး မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာ ခင်အုန်းဟန်ထံ သွားပြပါ။ မျက်စိခွဲဖို့ လိုအပ်လျှင် နိုင်ငံခြားမှ မျက်စိပါရဂူအဖွဲ့လာလျှင် ခွဲပေးဖို့ သူစီစဉ် မည်ဟု ဆရာအောင်ကြီးက တာဝန်ယူလိုက်သည်။ ထို့ကြောင့် ထိုနေ့ည၌ပင် ဒေါက်တာ ခင်အုန်းဟန်ထံ သင့်နော်နှင့်အတူ သွားပြ၏။ တိမ်စွဲနေပြီတဲ့။ သို့သော် ခွဲစိတ်ဖို့ မလိုသေး၊ ရင့်လာသည်အထိ စောင့်ရမည်။ နောက် ၆ လ ကျော် ၈ လခန့်ဆိုလျှင် ခွဲလို့ရပြီဟု ပြောလိုက်သည်။ ဆရာအောင်ကြီးထံ ဖုန်းဆက်၊ သူက ခွဲချိန်ရောက်လျှင် မန္တလေးသာလာခဲ့ သူ အစစ အရာရာ စီစဉ်ပေးမည်ဟု ကတိပြုသည်။

            သို့သော် တကယ်ခွဲတော့မည်ဟု အချိန်ရောက်၍ စီစဉ်သည့်အခါတွင်မူ ရန်ကုန်တွင်ပင် ခွဲဖြစ်လေသည်။ ဆရာမြသန်းတင့် မျက်လုံးများကို မျက်မှန်ထူထူကြီးများအောက်မှ ဖယ်ရှားပေးသော မျက်စိအထူးကု ဆရာဝန်ကြီး ဒေါက်တာဦးလှမြင့်ထံ သွားပြရာ မျက်စိခွဲရမည်ဟု ပြော၍ ရန်ကုန်ဇီဝိတ ဒါနသံဃာ့ဆေးရုံကြီးသို့ လာခဲ့ရန် ဆရာက ချိန်းလိုက်သည်။ မျက်စိခွဲလျှင် သတိထားရမည်။ စိုးရိမ်စရာ ကောင်းသည်။ အနေအထိုင်မှားလျှင် မျက်စိကွယ်သွားနိုင်သည်ဟု သတိပေးသူများကြောင့် မျက်စိခွဲဖို့ ရင်တထိတ်ထိတ် ဖြစ်နေရသလို မျက်စိခွဲရတာ အရင်ခေတ်က လိုမဟုတ်တော့ အလွန်လွယ်ကူ၊ အလွန်အနေသက်သာသည်၊ ဆရာဝန်ညွှန်ကြားသည့်အတိုင်းသာ လိုက်နာ၊ အဆင်ပြေသွားလိမ့်မည်ဟု အားပေးသူများကြောင့် ရင်ထဲပေါ့သွားပြန်သည်။ သို့သော် ကိုယ်တိုင်ရင်ဆိုင်ရမည့် ပြဿနာဖြစ်၍ အပူအပင် လုံးဝကင်းပြီး စိတ်ဒုံးဒုံးချ၍ကား မနေနိုင်ခဲ့ပေ။ ထိုသို့ဖြင့် မျက်စိခွဲရမည့်ရက်ကို ရောက်လာခြင်း ဖြစ်ပေသည်။

□

            ကျွန်တော်တို့ မျက်စိခွဲမည့် လူနာလေးယောက်သည် ခွဲစိတ်ခန်းရှေ့တွင် ခွဲစိတ်ခန်း ဝတ်စုံများဖြင့် ငြိမ်သက်စွာ ထိုင်နေကြသည်။ စိတ်လှုပ်ရှားနေသည့် ပုဂ္ဂိုလ်ကြီးမှာ ဦးဝင်းနောင်ဖြစ်၏။ ဆရာမများက လူနာလေးယောက်၏ နာမည်များကို ခေါ်ချိန်တွင် သူ့နာမည်ကို ကျွန်တော် မှတ်ထားလိုက်သည်။ သူသည် မမှတ်ထား၍ မရသောသူ ဖြစ်သည်။ သူများနှင့် မတူသော အပြုအမူ၊ ပုံပန်းသဏ္ဌာန်။ ထို့ကြောင့် မမှတ်မိချင်လည်း မှတ်မိနေရသည်။ ဆိုပါစို့။ ယခင်အပတ်များက ဆေးရုံ တွင် ဆရာဝန်လာပြရာ၌ မိမိတို့၏ လူနာမှတ်ပုံတင်စာအုပ်ကလေးများကို ခုံပေါ်တွင် ထပ်၍ထားကြသည်။ အမျိုးသမီးများ၊ အမျိုးသားများ၊ သံဃာတော်များ၊ သီလရှင်များ၊ အရင်ရောက်သူက အရင်၊ နောက်ရောက်သူက နောက် အစဉ်လိုက်။ သို့သော် ဦးဝင်းနောင်က သူ့စာအုပ်ကို လူအများနှင့် ဘယ်တော့မှရောပြီး ထပ်ထားသည်ကို မတွေ့ရ။ ဆရာဝန်ကြီးလာလျှင် သူ့ကို အကြောင်းကြားပါဟု ဆရာမလေးများကို မှာသည်က တစ်မျိုး၊ ဆရာဝန်ကြီး ရောက်သည်နှင့် သူ့စာအုပ်ကို ဆရာ့စားပွဲပေါ် အရင်ဆုံး တင်ပေးနိုင်အောင် ဆရာမ ယူထားပါဟု ဆရာမ လေးများလက်ထဲသို့ အတင်းထိုးထည့်ပေးသည်က တစ်ဖုံ အခွင့်အရေး မယူသင့်သော ကုသိုလ်ဖြစ် ဆေးရုံကြီးတွင် အခွင့်ထူးခံဖြစ်ဖို့ ကြိုးစားနေပေသည်။ ဦးဝင်းနောင်နှင့် အတူ အမြဲလိုက်ပါလာသူမှာ သူ့ဇနီးဖြစ်သည်။ အသားဖြူဖြူ၊ ကိုယ်လုံးဖိုင့်ဖိုင့်၊ ဦးဝင်းနောင်ထက် အသက်အတော် ငယ်ပုံရ၏။ သို့သော် ငါးဆယ်လောက် ရှိပေလိမ့်မည်။ တစ်ပတ်က ဆရာဝန်ကို အရင်ဆုံး ပြချင်သော ဦးဝင်းနောင်မှာ နောက်ဆုံးမှ ပြဖြစ်သွားသည်ကို တွေ့ခဲ့ရလေသည်။ ဇနီးဖြစ်သူက လူနာမှတ်ပုံတင် စာအုပ်ကို ဆရာမလေးထံပေးပြီး ဆရာကြီးက မှာထားသဖြင့် ဆရာကြီးလာလျှင် အရင်ဆုံးပြပေးပါဟု ပြောနေသည်ကို အနားက ကျွန်တော် ကြားနေရသည်။ ထိုနေ့က ကျွန်တော်လည်း နောက်ကျနေသဖြင့် ကျွန်တော့်စာအုပ်မှာ နောက်ဆုံးအသုတ်ထဲ ပါနေသည်။

            ဆရာဝန်ကြီး ရောက်လာသည်နှင့် စာအုပ်ထပ်ထားသူများကို အစဉ်လိုက် တစ်ဦးချင်းခေါ်ပြီး ဆရာဝန်ထံပြကာ အစမ်းသပ်ခံနေကြသည်။ လူနာပေါင်း နှစ်ဆယ်လောက် ခေါ်ပြီးပြီ။ ဦးဝင်းနောင်နာမည်ကား မပါသေး။ ဇနီးဖြစ်သူကား နာမည်ခေါ်သော ဆရာမလေးထံ သွားပြီး...

            'ဆရာမ၊ ကျွန်မတို့ နာမည် မပါသေးပါလား။ ဦးဝင်းနောင်လေ။ အစောကြီးကတည်းက ပေးထားတာ'

            'ကျွန်မ ကြည့်လိုက်ပါမယ် အန်တီ'

            ဟု ဆရာမက ပြောပြီး ၁ဝ အုပ်လောက်သာ ကျန်သည့် လူနာမှတ်ပုံတင်များကို တစ်အုပ်ချင်း ရှာကြည့်ရာ ဦးဝင်းနောင် စာအုပ်ကို မတွေ့ရပေ။

            'မရှိဘူး အန်တီ။ ဒီစားပွဲပေါ်က လူနာစာအုပ်တွေက အကုန်ပဲ။ အန်တီတို့ ဘယ်မှာ တင်ထားတာလဲ'

            'တင်ထားတာ မဟုတ်ဘူး။ ဆရာမလေး တစ်ယောက်ကို ပေးထားတာပါ'

            'ပေးထားလို့ မရဘူးလေ အန်တီရဲ့။ အစဉ်လိုက် ဒီမှာလာတင်မှ ခေါ်မှာပေါ့။ ဒီမှာ လူနာကုန်တော့မယ်။ ဆရာကြီးက လူနာအကုန်လုံး စစ်ပြီးရင် ပြန်တော့မှာ။ အန်တီတို့ ပေးထားတာ ဘယ်သူလဲ'

            ထိုအခါမှ ဦးဝင်းနောင်တို့ ဇနီးမောင်နှံသည် လက်မှတ်ပေးထားသော ဆရာမလေးကို လိုက်ရှာကြတော့သည်။ သူတို့လက်မှတ်ပေးထားသော ဆရာမလေးက အလုပ်များနေသဖြင့် ဦးဝင်းနောင်လက်မှတ်ကို ဆရာဝန်ထံ တင်ပြရန်နှင့် စားပွဲပေါ် စီထပ်ရန် မေ့လျော့သွားသတဲ့။

            ယခုလည်း ဦးဝင်းနောင်သည် မျက်စိခွဲရန် ခွဲစိတ်ခန်းပေါက်ဝ နံပါတ်တစ် ကုလားထိုင်တွင် ပထမဆုံး ခွဲစိတ်ဖို့အတွက် စောင့်လျက်ရှိပေသည်။ ကျွန်တော့်ဘယ်ဘက်မှ အမျိုးသမီးနာမည်ကိုကား ကျွန်တော် မမှတ်ထားမိလိုက်။ ညာဘက်မှ မျက်စိနှစ်လုံးစလုံး မမြင်ရသူမှာ ကိုအေးဟု ဆရာမတွေ ခေါ်၍ မှတ်မိလိုက်သည်။ သူက နာမည်နှင့်လိုက်အောင် အေးသည်။ ကျွန်တော်တို့ လေးယောက်တွင် အတည်ငြိမ်ဆုံးလည်း ဖြစ်၏။ အမျိုးသမီးကမူ အနည်းငယ် စိတ်လှုပ်ရှားနေပုံရသည်။ သို့သော် မိန်းမတစ်ယောက် အနေဖြင့်မူ တော်တော်တည်ငြိမ်ပြီး ဣန္ဒြေဆောင်နိုင်သူ ဖြစ်လေသည်။ သူမက ကျွန်တော့်ကို ခပ်တိုးတိုး မေးသည်။

            'ကျွန်မတို့ကို ပေးထားတဲ့ ဘူးတွေထဲမှာ မျက်ကပ်မှန် ပါလားဟင်'

            'ဟုတ်ကဲ့၊ ပါလိမ့်မယ် ထင်ပါတယ်။ အသေအချာတော့ ကျွန်တော် မသိဘူး'

            ဟု ကျွန်တော်က ပြန်ဖြေလိုက်သည်နှင့် အမျိုးသမီးသည် ခေါင်းညိတ်ကာ ငြိမ်ငြိမ်လေး ပြန်ထိုင်နေသည်။ ဆရာမလေးများက လူနာများထံကို မကြာခဏ မျက်စဉ်း လာခပ်ပေးနေကြသည်။ အနည်းဆုံး ငါးမိနစ်တစ်ကြိမ်လောက် ရှိမည်ထင်သည်။ ကျွန်တော်က မျက်စဉ်းခပ်ပြီးသည်နှင့် မျက်စိစုံမှိတ်ကာ ခေါင်းကို နံရံမှီပြီး မကြာခင် ခွဲစိတ်တော့မည့် ကျွန်တော့်မျက်စိအကြောင်း တွေးနေရင်း မှေးခနဲ အိပ်ပျော်သွားလေသည်။ 'ဆရာမ...ဆရာမ' ဟူသော ကျွန်တော့်ဘေးမှ ခေါ်သံ ကြောင့် ကျွန်တော် လန့်နိုးသွားသည်။ အိပ်ပျော်သွားသည်မှာ ဆယ်မိနစ်ခန့် ရှိလိမ့်မည် ထင်သည်။ ကျွန်တော့်ခေါင်းသည် ဘယ်ဘက်သို့ စောင်းကျနေသည်။

            ဦးဝင်းနောင်သည် မတ်တတ်ရပ်ပြီး ဆရာမလေးများကို မတိုးမကျယ် ခေါ်နေသဖြင့် ဆရာမလေးတစ်ဦးက သူ့ထံ ခပ်သွက်သွက်လျှောက်လာသည်။

            'ဆရာမ၊ ဒေါက်တာ လာခါနီးပြီလား'

            'နီးပြီ အဘ၊ ရောက်တော့မှာပါ'

            'ဆရာမ၊ ခွဲစိတ်ကိရိယာတွေကို ပေါင်းတင်ထားရဲ့လား' ဆရာမလေးက စိတ်တိုသွားပုံရပြီး...

            'အဘရယ်... ကျွန်မတို့ အလုပ်ကို ကျွန်မတို့ သိပါတယ်။ အဘမပူပါနဲ့။ အားလုံး လုပ်ထားပါတယ်'

            'စိတ်ပူလို့ပါ ဆရာမရယ်'

            ဟု ပြောပြီး ကုလားထိုင်ပေါ် ပြန်ထိုင်ချလိုက်သည်။ သူ့လက်နှစ်ဖက်မှာ ဂဏှာမငြိမ် လက်ဆစ်များကို ချိုးလိုက်၊ လက်မတစ်ဖက်စီကို ဆုပ်ကိုင်လိုက်ဖြင့် လှုပ်ရှားနေပေသည်။

            စိတ်လှုပ်ရှားနေသော ဦးဝင်းနောင်ကို ကြည့်ပြီး ကျွန်တော် တွေးနေမိသည်။ ကျွန်တော်တို့ မျက်စိခွဲမည့်သူ လေးယောက်ထဲတွင် သူက အသက်အကြီးဆုံး။ မရှိဘူးဆိုရင်တောင် ၇၅ နှစ်တော့ အနည်းဆုံး ရှိမည်၊ ၇၈ လည်း ဖြစ်နိုင်သည်။ လူ့ဘဝတွင် နောက်ထပ်နေရလှ အလွန်ဆုံး ၁ဝ နှစ်ပေါ့။ ၁၅ နှစ်ပေါ့။ ဘဝကို ခုံမင်တွယ်တာနေစရာ သိပ်မလိုဟု ကျွန်တော် ထင်သည်။ သိပ်အစိုးရိမ်ကြီး နေစရာမလို။ ဘဝသည် အချိန်မရွေး ပြီးဆုံးသွားနိုင်သည်။ ထိုင်နေရင်း၊ အိပ်နေရင်း၊ သွားနေရင်း၊ စားနေရင်း တစ်ခုခုဖြစ်သွားနိုင်သည်။ သေခြင်းတရားက မထင်မှတ်ဘဲ ရောက်ရှိလာနိုင်သည်။ ကျွန်တော့် အတွေးမျိုး ဦးဝင်းနောင်လည်း တွေးမိလျှင် သူ့မှာ စိုးရိမ်သောက ကြီးကြီးမားမား ရှိလိမ့်မည် မထင်။ ဆရာဝန်ကို စောပြရမှ၊ နောက်ကျပြရမှဟူသော ငါ ဗဟိုပြု အတွေးမျိုးလည်း ရှိတော့မည် မဟုတ်။ ခွဲစိတ်ဓား ပိုးသတ်မသတ်ကိုလည်း တွေးနေလျှင် သူ့ပတ်လည်တွင် ပိုးတွေချည့် ရှိနေသဖြင့် သူ ဘာမှလုပ်၍ ရနိုင်မည် မဟုတ်။ လူဟာ အသက်ကြီးလေ ဘဝကို ပို၍တွယ်တာလေသလားဟု ကျွန်တော် စဉ်းစားနေသည်။ ငါလည်း ဘဝကို တွယ်တာမှု ပိုကြီးလာပြီလား။ ယခုနေ ငါ သေသွားလျှင် မျက်လုံးခွဲရင်း မတော်တဆ၊ မတော်တဆ ခြေချော်လက်ချော် ဖြစ်သွားလျှင်...။

            'ဆရာဝန်ကြီးလာပြီ'

            ဘေးမှ အမျိုးသမီးက ခပ်တိုးတိုး ပြောလိုက်၏။ ဆရာမလေးများနှင့် စကားပြောနေသော ဆရာ့အသံကို ကြားရသည်။ ဆရာက စကားပြောလျှင် လေအေးနှင့် ပြောတတ်သည်။ သူ့အသံတွင် မာန်မာနမရှိ၊ ဒေါသ မရှိ၊ ရင်ကို အေးသွားစေသည်။ လူနာနှင့် ပြောပြော၊ ဆရာမများနှင့်ပြောပြော ဆရာ့စကားသံက အမြဲချိုနေပေသည်။

            ဆရာမလေး တစ်ယောက်က ကျွန်တော်တို့ကို မျက်စဉ်းထပ်ခပ်ပေးသည်။ 'ဆရာကြီး ရောက်ပြီလား' ဟု ဆရာမကို ကျွန်တော်က မေးကြည့်ရာ ဆရာမက ခေါင်းညိတ်ပြသည်။ ဦးဝင်းနောင်က တစ်၊ ကိုအေးက နှစ်၊ ကျွန်တော်က သုံး ဖြစ်၍ ရှေ့နှစ်ယောက်ပြီး ကိုယ့်အလှည့် ရောက်ပေမည်။ ခပ်အေးအေးပဲ စောင့်နေတာပေါ့။ ဦးဝင်းနောင်မှာ ဖင်တကြွကြွ ဖြစ်နေသည်။ ထိုအခိုက် ဆရာမလေးတစ်ယောက် ခွဲစိတ်ခန်း တံခါးကို ဖွင့်ပြီး...

            'ဦးထက်မြက် အခန်းထဲ ဝင်ပါ'

            မထင်မှတ်ဘဲ ကျွန်တော့်နာမည် ခေါ်လိုက်သဖြင့် ကျွန်တော့်ရင်ထဲ ဒိန်းခနဲ ဖြစ်သွားသည်။ ယခု အသက်အရွယ်အထိ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုမှ ခွဲစိတ်မခံခဲ့ရဖူးပေ။ ခွဲစိတ်ချိန်တွင် သုံးမည်ဟု ထင်ရသော အိုင်အိုအယ်လ် အပါအဝင် ပစ္စည်းဘူးလေးများကို ကိုင်ပြီး ခွဲစိတ်ခန်းအပေါက်သို့ ကျွန်တော် လျှောက်လာခဲ့သည်။ ဦးဝင်းနောင်ကို တစ်ချက်ကြည့်လိုက်ရာ သူ့ မျက်နှာမှာ သုန်မှုန်ပြီး အလိုမကျကြောင်း ပေါ်လွင်နေသည်။ အခန်းထဲရောက်သည်နှင့် ခွဲစိတ်ခုတင်ပေါ် ကျွန်တော့်ကို လှဲခိုင်းသည်။ ကျွန်တော့်လက်ထဲမှ စက္ကူဘူးလေးများကိုလည်း ယူထားလိုက်ကြသည်။ ခေါင်းအုံးလေး နှစ်လုံးကြားတွင် ကျွန်တော့်ခေါင်းကိုထားပြီး ပက်လက်အိပ်လိုက်သည်။ ကျွန်တော့် မျက်နှာပေါ် ပလတ်စတစ်စလို အစတစ်စ အုပ်လိုက်၏။ ခွဲစိတ်မည့် ညာဘက်မျက်လုံးပေါ်တွင် အပေါက်တစ်ပေါက် ရှိပုံရလေသည်။ ကျွန်တော့်ခေါင်းသည် ဘယ်ညာလှည့်၍မရ။ မျက်လုံးကို ပိတ်မရအောင် လုပ်ထားသဖြင့် မျက်နှာပေါ်က မီးလုံးကြီးကို မြင်နေရပါသည်။

            'စိတ်ကို လျှော့ထားနော်'

            ဟု ဆရာမလေးက ကျွန်တော့်ကို သတိပေး၏။ မျက်စိခွဲရင် အတော်နာမှာလား၊ ထုံးဆေးထိုးပြီး ခွဲမှာလား၊ မေ့ဆေးပေးမှာလား စသည့် အတွေးပေါင်းစုံ ကျွန်တော့်ခေါင်းထဲ ရောက်နေသည်။ မျက်စိခွဲပြီးစ ကိုအောင်မြင့်နှင့် ကိုလှရွှေက ကျွန်တော့်ကို သူတို့ အတွေ့အကြုံများသာ ပြောခဲ့ကြသည်။ ထုံဆေးထိုးသည်ဟု ပြောသူကပြော၊ နာသည်၊ မနာဘူးဟု ပြောသူကပြော သူတို့ပြောသမျှကို ယခုခွဲစိတ် ခုတင်ပေါ်လှဲရင်း ထုံဆေးထိုးမည့် နာကျင်မှု၊ ခွဲစိတ်လိုက်သည့် နာကျင်မှုတို့ကို ကျွန်တော် စောင့်မျှော်နေခဲ့သည်။ ကျွန်တော့် မျက်လုံးထဲသို့ မျက်စဉ်းများကို မပြတ်ခပ်နေသည်။ မျက်လုံးမှာ အေးခနဲ၊ အေးခနဲ ဖြစ်သွား၏။ ယခုထိ ထုံဆေးမပေး သေးပါလား။ နာကျင်သည့် ဝေဒနာကို ကျွန်တော် မခံရသေး။ ထိုအချိန် ကျွန်တော့် ခေါင်းထဲ အတွေးတစ်စက ဝင်လာသည်။ မျက်စိခွဲရင်း သေသွားနိုင်သလား။ သေသွားရင် ဘယ်လိုနေမလဲ။ အခု ငါ သတိလည်း ရနေတယ်။ သေတော့မယ်ဆိုရင် ဘယ်လို သေတယ်ဆိုတာ ငါ သိနေမှာပဲ။ ဝေဒနာကိုလည်း ငါ ခံစားရမှာပဲ။ အင်နာ ကရီနီနာလိုပေါ့။

            တော်လ်စတွိုင်း၏ အင်နာကရီနီနာသည် သူမထက် အသက်ကြီးသော ပထမ ယောကျ်ားကို ပစ်ပြီး သူမထက် အသက်ငယ်သည့် ဒုတိယယောကျ်ားနောက် လိုက်ပြေးသည်။ သားလေးက လင်ကြီးထံ ကျန်ခဲ့သည်။ သားလေးကို လိုချင်သည်။ လင်ကြီးနှင့်လည်း ကွာရှင်းလိုသည်။ သို့သော် လင်ကြီးက သားလည်းမပေး၊ ကွာရှင်းခွင့်လည်း မပေးခဲ့ပေ။ ငယ်ရွယ်သော နောက်ယောကျ်ားလေးကိုလည်း တခြားမိန်းမများနှင့် အထင်လွဲပြီး စိတ်ဆင်းရဲနေသည်။ လင်စိတ်၊ သားစိတ်တို့ဖြင့် စိတ်သောက အကြီးအကျယ်ရောက်ပြီး ဆောက်တည်ရာ မရဖြစ်နေရာက ဘူတာရုံ ပလက်ဖောင်းတွင် လောကကြီးမှာ ငါရှိနေတာ အပိုပါပဲ။ သေတာသွားရင် ဒီဒုက္ခတွေ သောကတွေ ပြီးသွားမှာပေါ့။ မောင်းလာတဲ့ ရထားအောက် ရောက်သွားရင် ပြီးပြီ၊ ငါ သေလို့ရသားပဲ ဆိုသည့် အတွေးများဖြင့် ရထားအောက် ခုန်ဆင်းလိုက်တော့သည်။

            သံလမ်းပေါ်ရောက်၍ ရထားကြီး သူမထံ ခုတ်မောင်းလာမှ သတိရလိုက်သည်။ ရထားအောက်တွင် သူမလဲကျနေသည်။ 'ငါ ဘယ်ရောက်နေတာလဲ၊ ငါ ဘာလုပ်နေတာလဲ၊ ဘာဖြစ် လို့လဲ'ဟု ရေရွတ်ပြီး ကုန်းထလိုက်ချိန်တွင် ရထားဘီးများက သူမကို နင်းကြိတ်သွားသည်။ သံလမ်းနှင့်ခေါင်းရိုက်မိသည်။ ကိုယ်ပေါ်ကို ရထားဘီးများက နင်းသွားသည်။ အင်နာ အသက်ထွက် သွားပုံကို တော်လ်စတွိုင်းက ဖယောင်းတိုင်လေးဖြင့် နှိုင်းပြီး ရေးထား၏။ 'ဖယောင်းတိုင်လေး၏ မီးရောင်ဖြင့် သူမ စာအုပ်တစ်အုပ်ကို ဖတ် ခဲ့သည်။ ထိုစာအုပ်တွင် ဒုက္ခ၊ လှည့်ဖျားမှု၊ ကြေကွဲခြင်း၊ ဆိုးယုတ်ခြင်းတို့ကို ရေးထားသည်။ ထိုဖယောင်းတိုင်မှာ မီးစာကုန်သွားသည်။ နောက်ဆုံး ဖယောင်းတိုင်မီးရောင်မှာ လင်းတောက်သွား၏။ သူမအတွက် နောက်ဆုံး အလင်းရောင်ကို ပေးလိုက် သည်။ နောက် တဖြည်းဖြည်း မှိန်မှိန်သွားကာ မှောင်ကျသွားတော့သည်။ နောင် ဘယ်တော့မှ မလင်းတော့ပေ' အင်နာကရီနီနာ အသက်ထွက်သွားပုံကို စာဖတ်သူကိုယ်တိုင် ဝင်ရောက်ခံစား စေသည်။ ကျွန်တော်၏ အတွေးမဆုံးခင်မှာပင်...

            'ဆရာမ ချုပ်ရိုးစကို တွေ့လား'

            'ဒီဘက်မှာလေ ဆရာ'

            ဆိုသော အသံကိုကြားမှ ကျွန်တော် သတိပြန်ဝင်ကာ မျက်စိကို ထောင့်ကပ်ပြီး ကြည့်လိုက်မိ၏။ ဆရာ့လက်ထဲတွင် ကတ်ကြေးလိုလို၊ ဓားလိုလို သဲသဲကွဲကွဲ မမြင်ရ။ ကျွန်တော့်မျက်လုံးထဲ မျက်စဉ်းများ ခပ်ချလိုက်သဖြင့် အေးခနဲ ခံစားလိုက်ရသည်။ 'ခုထိ ထုံဆေးလည်း မထိုးသေး၊ ခွဲလည်း မခွဲသေးဘူးလား။ ဒီလိုဆို ခုနက ချုပ်ရိုးစဆိုတာက ဘာလဲ။ နည်းနည်းတော့ အောင့်သလိုလို ခံစားလိုက်ရတယ် ထင်ရဲ့။ မနာတော့ မနာပါဘူး' အတွေးစများဖြင့် မိမိအခြေအနေကို တွေးနေစဉ်...

            'ဦးလေး ထတော့၊ ပြီးပြီ'

            ဆရာမလေး အသံကြောင့် ကျွန်တော် အံ့သြသွားသည်။ ဘယ်တုန်းက ခွဲလိုက်ပါလိမ့်။ မျက်စိထဲ မျက်စဉ်းများ မပြတ်ခပ်နေခြင်းနှင့် မျက်နှာပေါ်မှ မီးလုံးကို ကြည့်ခိုင်းနေခြင်းတို့သာ မြင်နေ၊ ခံစားနေရသည်။ ယခုတော့ မျက်စိခွဲပြီးပြီတဲ့။ ကျွန်တော် ခုတင်ပေါ်မှ ဆင်းလိုက်ပါသည်။ ကျွန်တော့် ညာဘက်မျက်လုံးကို ပလတ်စတစ်ခွက်ကလေးတစ်ခုဖြင့် အုပ်ထားလေသည်။ မိုရှေဒါယန်းလို မျက်လုံးတစ်ဖက် ဖုံးထားသည်။ မြင်ရသော မျက်လုံးတစ်ဖက်ဖြင့် အခန်းပြင်ကို ကျွန်တော် လျှောက်လာခဲ့သည်။ အပြင်တွင် ထိုင်နေသော မျက်စိခွဲမည့်သူများကို ကျွန်တော် သတိမရတော့။ ဦးဝင်းနောင် ဘယ်လိုနေမလဲဆိုသည့် စူးစမ်းမှုလည်း ကျွန်တော့်ခေါင်းထဲတွင် မရှိ။ ကျွန်တော့်မျက်လုံး ခွဲပြီးသွားသည့် ပီတိအဟုန်သာ ကျွန်တော့်အသိထဲ ရှိနေသည်။ ငါ့မျက်လုံးခွဲပြီးပြီ။ အောင်မြင်သွားပြီ။ မျက်လုံးထဲ မှန်ဘီလူးလည်း ထည့်လိုက်ပြီ။ ဦးဝင်းနောင် စိတ်လှုပ်ရှားသည်ကိုလည်း ကျွန်တော် မခံစားရတော့။ ကျွန်တော်လည်း စိတ်လှုပ်ရှားခဲ့သည်။ သေခြင်းတရားကိုပင် ခေါင်းထဲရောက်လာ သည်အထိ စိတ်လှုပ်ရှားခဲ့သည်။ ဦးဝင်းနောင်သည် အသက်ကြီးသော်လည်း ဘဝကို ခုံမင်ပြီး ရှင်သန်လိုစိတ် ရှိနေသည်။ ကျွန်တော်ကကော လူသည် ဘဝကို တွယ်တာပြီး ရှင်သန်လိုသူချည်းသာ ဖြစ်ပေသည်။

▀

ထက်မြက်

(အမှတ် ၂၀၆၊ ဇန်နဝါရီလ၊၂၀၀၇ ရွှေအမြုတေမဂ္ဂဇင်း။)

 

 


Related Articles

ရွှေဝတ္ထု
...
‌ဧနွေလု
ကိုငြိမ်း ၊မန္တလေး၊

ကျွန်တော် စာတစ်စောင်လောက် ရေးခဲ့ချင်တယ်... ဒါပေမဲ့ ကျွန်တော် ဘယ်သူ့ဆီ ရေးရမယ်... အဲဒါကို မသိဘူး... ဖြစ်နေတယ်... သွားဖို့အချိန်ကလည်း မြန်မြန်ကြီး နီးလာနေတယ်... ကျွန်တော် ဘယ်သူ့ဆီ စာရေးရမလဲ... သိရင် ပြေ...

ရွှေဝတ္ထု
...
နောက်ဆုံးခံစစ်
ကိုဆေး ၊ပစိဖိတ်ကမ်းခြေ၊

ကြင်နာသနားတတ်မှု၊ ညှာတာထောက်ထားတတ်မှုဆိုတဲ့ သံယောဇဥ်ကြိုးတွေ မခိုင်လို့ ပြတ်တောက်ကုန်တာလည်း ဖြစ်မယ်။ တခြားအကြောင်းအမျိုးမျိုးလည်း ရှိပေမပေါ့။ တစ်လင်ကွာ၊ တစ်လင်ပစ်၊ တစ်လင်ပြေး အမျိုးသမီးတွေဆိုတာ တူနှစ်...

ရွှေဝတ္ထု
...
အချစ်လက်ကျန်ရှင်းတမ်းထဲက အလွမ်းမြီစား
ခြိမ့်သဲ

ဝါးကိုဖောင်ဖွဲ့၍ ချင်းတွင်းမြစ်အတိုင်း စုန်ဆင်းလာရသည့် အလုပ်မျိုးကို တစ်ချိန်တွင် တာဝန်ယူရမည်ဟု ကြိုတင်တွက်ဆထားလို့သာ ဘွဲ့ရပညာတတ်မာနကို ခဝါချနိုင်ခဲ့သည်။