ရွှေဝတ္ထု

တိမ်တိုက်၊ မိုးစက်နှင့် လူအကြောင်းဝတ္ထု

စိုးမင်းဦး

01 September 2026
တိမ်တိုက်၊ မိုးစက်နှင့် လူအကြောင်းဝတ္ထု
Share to

            ၁။

            အပြာရောင်ဖျော့ဖျော့ ကောင်းကင်ပေါ်၌ အဖြူရောင်တိမ်တိုက်များသည် အဆုပ်လိုက်၊ တစ်ခုနှင့်တစ်ခု တစ်ကွဲတစ်ပြားစီမှ မသိမသာ နီးကပ်လာသည်။ စက္ကန့်ပိုင်းအတွင်း ထိစပ်ရောယှက်သွား၏။

            အဝေးမှ မြင်ရသော တိမ်တောင် တိမ်တိုက်များသည် ထုထည်ကြီးမားလှသည်။ သိပ်သည်းကျစ်လျစ်သည့်ဟန်။ အတွင်း၌ ပွယောင်း၍ ပါးလွှာလွန်းသည်။ ဖောက်ထွင်း၍ပင် မြင်နိုင်သည်။

            တိမ်တောင် တိမ်တိုက်တို့၏ ရွေ့လျားမှုမှာ မသိသာ၊ စောင့်ကြည့်မှသာ သိရသည်။ အချိန်တိုအတွင်း ကောင်းကင်ပြာတစ်ခုလုံး တိမ်များက ဖုံးလွှမ်းသွားသည့်အဖြစ်လည်း တွေ့ရဖူးသည်။ ရွေ့မှန်းမသိ ရွေ့နေသော တိမ်တိုက်များ။

            ရေစက်ရေမှုန် အမွှားလေးများ ကောင်းကင်ပေါ်မှ ကျလာသည်။ ရေမှုန်လေးများသည် တဖြည်းဖြည်းချင်း ကြီးလာသည်။ ရေစက်ရေပေါက်အဖြစ် တစ်စက်ပြီး တစ်စက် ဆက်နေသကဲ့သို့ စဉ်ဆက်မပြတ်တော့။

            မြေပြင်နှင့် ကတ္တရာလမ်းမသည် မကြာမီက နေကျဲကျဲတောက် ပူ၍ ခြောက်သွေ့နေ၏။  ယခု ခြောက်သွေ့မှုများ ပျောက်ကာ အစိုဓာတ်ပြန်လာသည့်ပမာ။ လမ်းမပေါ် ၌ ရေများကို မတွေ့ရသေး။ မကြာမီ ကတ္တရာလမ်းမသည် ရေစိုလာသည်။ မိုးစက်များ စိပ်၍ကျလာသည့်အခါ မြေပြင်သည် ရေစပ်စပ်။ ကတ္တရာလမ်းမပေါ်၌ ရေများတင်လာ၏။

            အလွန်တရာ သေးငယ်သော ရေစက်ရေပေါက်လေးများ၏ စုစည်းမှုက ရေအိုင်လေးများ ဖြစ်လာရသည်အထိ မိုးရေပမာဏ များပြားမှုပင်။ မသိမသာမှ သိသိသာသာ ဖြစ်လာသော ရေများ။

            နှစ်ကာလ အလွန်တစ်ခုက တွေ့၊ သိရာမှ မိတ်ဆွေ ဖြစ်လာသော လူများ။ မကြာမကြာ တွေ့ကြ၊ စကားများ ပြောကြ၊ အတွေးများ ဖလှယ်ကြ၊ အကြံဉာဏ်ပေးရသည်လည်း ရှိ၊ အကူအညီရယူ သည်လည်း ရှိ၊ နှစ်ကာလ အချိန်ကြာလာသည်နှင့်အမျှ ရင်းနှီးမှုများ တိုးကြ၊ တစ်ခါတရံ နှစ်ကိုယ့်တစ်စိတ်ဖြစ်၊ တစ်ကြိမ်တစ်ခါ၌ သီးခြားသော အမြင်များ ကိုင်စွဲကြ၊ မတွေ့သည့် အချိန်ကာလ ရှိလာသကဲ့သို့ မကြာခဏတွေ့သည့် အချိန်များ ရှိကြ၊ ပြောရသည့် စကားများကမူ အဆုံးမသတ်နိုင်၊ အချိန်ကာလကို ဒီရေက တိုက်စားလိုက်သည့်ပမာ၊ ရုတ်ချည်းပင် ကုန်ဆုံးသွားသည့် အလား၊ နှစ်ကာလနှင့် ရေတွက်သော် ၅ နှစ်၊ ၁ဝ နှစ်၊ ထိုမှ ၁ဝ နှစ်၊ နှစ် ၂ဝ၊ နှစ် ၃ဝ၊ နှစ် ၄ဝ ကျော်လွန် လာသည့်အခါ၊ စကားပြော နေကြသူများ တဖြည်းဖြည်းလျော့ပါး၊ မိတ်ဆွေများ တစ်ယောက်ပြီးတစ်ယောက် ပျောက်ကွယ်၊ ထိုအခါမှ ရွေ့လျားနေမှန်း သတိရသည်။ ထိုအခါမှ အသက်များ ကြီးလာမှန်း သိသည်။ ထိုအခါမှ ရုပ်ခန္ဓာ၏ ခံနိုင်ရည်အင်အားများ ရုတ်လျော့မှန်းသိသည်။ ထိုအခါမှ နှစ် ၄ဝ အလွန်က စိတ်သည် ယခင်အတိုင်း ဖြစ်သော်လည်း ရုပ်ခန္ဓာကား နှစ် ၄ဝ အလွန်က ရုပ်မဟုတ်မှန်း သိသည်။ ဘဝခရီးသည် လူများ။

            ၂။

            မြင်တွေ့၍ပင် မရသော အမှုန်အမွှားလေးများ စုစည်းမိရာ တိမ်တိုက်တိမ်တောင်များအဖြစ်...။ ရေမှုန်လေးများ စုစည်းရာမှ တသွင်သွင် စီးဆင်းနေသော မြစ်၊ ချောင်း ပင်လယ်၊ သမုဒ္ဒရာအဖြစ် အကောင်အထည် ဒြပ်ထုအဖြစ် မြင်ရသော လူခန္ဓာ။ ခန္ဓာသည်လည်း အမှုန်အမွှားလေးများ စုစည်းရာမှ လူသားအဖြစ်...။

            လူကမူ ပို၍ဆန်းကြယ်။ ခန္ဓာကိုယ် တစ်ခုချင်း၊ သီးခြားစီရှိသော အဖြစ်မှ၊ မိသားစု၊ ထိုမှ ရွာငယ်၊ ထိုမှ မြို့၊ ထိုမှ နိုင်ငံ၊ ထိုမှ လူ အသိုင်းအဝန်း၊ စုစည်းကြ၊ ပေါင်းဖော်ကြ၊ ခင်မင်ရင်းနှီးကြ၊ အတူနေထိုင်သွားလာ လှုပ်ရှားကြ၊ ကာလတစ်ခု၌ ယုတ်လျော့သွားသော ခန္ဓာကိုယ်များ ရှိသကဲ့သို့၊ တိုးလာသော ခန္ဓာများက တစ်ပုံတစ်ပင်။

            ၃။

            အရာရာသည် ရွေ့လျားနေ၏။ မသိမသာ ရွေ့လျားနေခြင်း မဟုတ်၊ သိသိသာသာ ရွေ့လျားနေကြခြင်း ဖြစ်၏။ အရာရာသည် သူ့အရှိန်နှုန်းနှင့်သူ၊ တိမ်တိုက်သည် တိမ်တိုက်အလျောက်၊ မိုးရေစက်သည် ရေစက်အလျောက်၊ လူသည် သူ့အချိန်နှင့်သူ၊ ကိုယ့်နည်း ကိုယ်ဟန်များနှင့်...။

            ရပ်တန့်နေသောအရာ တစ်ခုမှမရှိ။ အချို့က အသစ်အသစ်များ ဖြစ်လာသည် ဆိုကြ၏။ အချို့က အဟောင်းတို့သည် ကျန်ခဲ့သည် ဆိုကြ၏။ အသစ်ဆိုသည့် အရာသည် အဟောင်းများထဲမှ ထွက်ပေါ်လာခြင်းသာ ဖြစ်သည်။ တစ်နည်းဆိုရလျှင် အသစ်ဆိုသည်မှာ အဟောင်း၏ အခြားပုံစံတစ်ခုပင်။

            တိမ်တောင် တိမ်တိုက်များ လွန်ခဲ့သည့် နှစ်ရာပေါင်းများစွာကတည်းက မိုးကောင်းကင်၌ ဖြစ်ခဲ့ဖူးသည်။ တိမ်များ မိုးကောင်းကင်၌ ပြည့်ကျပ်လာသည့်အခါ၊ ထူထဲလာသည့်အခါ မုန်တိုင်းများ၊ လေဆင်နှာမောင်းများ ဖြစ်တတ်သည်။ ယခုလည်း ယင်းသို့ပင် ဖြစ်သည်။ ယခု မုန်တိုင်းဖြစ်မှု၊ လေဆင်နှာမောင်းဖြစ်မှုက များလာကာ ပို၍ စိပ်လာသည်။ ပို၍ တိုးလာသည်။ အကြိမ်များလာသည်။ ပြင်းအားမှာလည်း အဆမတန်။

            မိုးရေစက်များ စုစည်းရာမှ မြစ်ချောင်းများအတွင်း၊ ပင်လယ်သမုဒ္ဒရာများအတွင်းသို့ ယခင်ကလည်း ရောက်သွားသည်။ ယခုလည်း ထိုသို့ပင်။ သို့သော် မိုးသည်း ထန်မှုပိုလာသည်။ မိုးရွာသည့် ကာလရှည်ကြာလာသည်။ မြစ်၊ ချောင်း၊ အင်း၊ အိုင်တို့ ရေကို ထိန်းမထားနိုင်တော့၊ လူများနေရာသို့ မိုးရေများ ဝင်လာသည်။ ရေကြီးခြင်း၊ ရေလွှမ်းမိုးခြင်းများက မျှော်လင့်ထားသည်ထက် ပိုများလာသည်။ ရေစီးအား ပိုပြင်းကာ၊ မြေများပြို၊ ရွာများ ရေစီးထဲ ပါသွားသည်။

            လူသည် သက်တမ်းအရ နေရသည်။ ထူးခြားစွာ အသက်ရှည်သူ ရှိသည်။ ဆန်းပြားစွာ အသက်တိုသူ ရှိသည်။ တစ်ချိန်၌ လူတစ်ယောက် သေရသည့်အဖြစ်မှာ အဆန်းတကြယ် မဟုတ်။ ဖြစ်ရိုးဖြစ်စဉ်၊ လွန်ခဲ့သည့်နှစ် ရာပေါင်းများစွာကလည်း ထိုအတိုင်း၊ ယခုလည်း ထိုအတိုင်း ဖြစ်၏။

            လူအဖြစ်၌ တိမ်တောင်နှင့် မိုးရေစက်များကဲ့သို့ ထူးခြားသော ရွေ့လျားမှုများ ဖြစ်ပေါ်ခဲ့သည်။ လူ့အသိုင်းအဝန်း၌ ထူးဆန်းသော ရောဂါများ ဖြစ်ပေါ်လာခြင်း ဖြစ်၏။ နေ့စဉ်နှင့်အမျှ အသစ်အသစ်များ တီထွင်၊ ဖော်ထုတ်နေစဉ်၊ အဆင့်မြင့် နည်းပညာဖြင့် သုတေသန ပြုလုပ်နေစဉ်၊ လိုက်မမီသော ပိုးမွှားများ၊ ဗိုင်းရပ်စ်ပိုးများ တစ်ခုပြီးတစ်ခု တိုးလာ၏။

            H5N1, HIV ဗိုင်းရပ်စ်ပိုးများ၊ Bird Flu, SARS, AIDS, Mad Cow Disease, Ebola ရောဂါများသည် လူ့အသိုင်းအဝန်း ရွေ့လျားမှုနှင့်အတူ ပေါ်ထွက်လာသည်။ ယခင်က ရှိနှင့်နေပြီးဖြစ်သော ငှက်ဖျား၊ ပိုလီယို၊ တီဘီရောဂါများသည်လည်း ပုံပြောင်းလာပြန်သည်။ ကင်ဆာအမျိုးမျိုး ရောဂါသည် အသစ်ဟု ခေါ်ရမည်လား၊ ကင်ဆာကို တွေ့ခဲ့ကြသည်မှာ နှစ်များစွာ ကြာသော်လည်း၊ အဟောင်းနေရာမှ ဆင်းမပေးသေး။

            ၄။

            ရွေ့လျားမှု အလုံးစုံသည် ပုံသဏ္ဌာန်ပြောင်းလာသည်လား၊ ရွေ့လျားမှု အရှိန်အဟုန်သည် မြန်ဆန်လာ၍လား။ ရွေ့လျားမှုသည် ပို၍ ထင်သာမြင်သာ ဖြစ်လာသည်လား။

            ဗြိတိန်နိုင်ငံမှ ကဗျာဆရာကြီး Alfred Lord Tennyson (၁၈ဝ၉-၉၂) ရေးသားခဲ့သည့် The Brook ကဗျာထဲမှ စမ်းချောင်းကလေး၏ ရေစီးပုံသည် ငြင်သာလှသည်။ သိမ်မွေ့လှသည်။ ပန်းပွင့်လေးများကို စမ်းချောင်းက အသာအယာ ပုံမပျက် သယ်ဆောင်သွားသည်။ တစ်ခါတစ်ရံ ကျောက်တုံးများနှင့်တွေ့မှ ရေစီးအား မြန်လာကာ၊ ရေများအတွင်းမှ ပလုံစီသံများ ထွက်လာသည်။

            ယခု စမ်းချောင်းများ၊ မြစ်ချောင်းများ၏ ရေစီးပုံကား ကြမ်းတမ်းလှသည်။ ပန်းပွင့်လေးများကို ပုံမပျက် သယ်ဆောင်သွားသည် မဟုတ်၊ ရွာများကို ဖျက်ဆီး တိုက်စားကာ လူပေါင်းများစွာကို ဒလိမ့်ခေါက်ကွေး သယ်ဆောင်သွားသည်။ The Brook ကဗျာထဲမှ ပလုံစီသံများ မဟုတ်၊ လူများ၏ ကယ်ပါ၊ ယူပါဟူ၍ အော်ဟစ်နေသည့် အသံများကို ဝါးမျိုသည့်ပမာ ကြမ်းတမ်းလှ၏။

            ရွေ့လျားမှု အရှိန်အဟုန် မြန်ဆန်သော ယနေ့ လူ့အသိုင်းအဝန်းမှ ထွက်လာသော ကဗျာသည် The Brook ကဲ့သို့ အဘယ်သို့ သာယာညင်သာမည်နည်း။

            ၁၈ဝဝ မှ ၁၉ဝဝ ကြား နှစ်ကာလ၌ ဥရောပတစ်ခွင်တွင် ပေါ်ထွန်းခဲ့သည့် ပန်းချီဆရာများ ဖြစ်သည့် မန်နေး၊ မိုနေ၊ ဗန်ဂိုးတို့ ရေးဆွဲခဲ့သည့် ပန်းချီကားများသည် စုတ်ချက်ကြမ်းသည်ဟု ဝေဖန် သူများက သတ်မှတ်ခဲ့ကြသည်။ ယနေ့ လူ့အလွှာမှ ပန်းချီဆရာများ၏ စုတ်ချက်သည် ပို၍ မြန်ဆန်ကာ၊ ပို၍ ကြမ်းမည်။

ကဗျာဆရာများ၊ ပန်းချီဆရာများ ထိတွေ့နေသော လူ့အသိုင်းအဝန်းသည် အရှိန်အဟုန် ပြင်းထန်စွာ ရွေ့လျားနေသည်။ ကဗျာဆရာများ၊ ပန်းချီဆရာများသည် ယင်းအရှိန်အဟုန်၏ ရိုက်ခတ်ခြင်းကို နဖူးတွေ့၊ ဒူးတွေ့ ကြုံကြရသည်။

ကဗျာတွင် အသုံးပြုသော စကားလုံးများသည် ညင်သာဖွယ် မရှိ၊ သာယာဖွယ်မရှိ၊ နုနယ်ဖွယ်မရှိ၊ ပန်းချီကားများ၏ စုတ်ချက်သည် ကြမ်းတမ်းကာ၊ အရောင်များ စူးရှမည်။ လူ့ အလွှာ၏ လှိုင်းတံပိုးများ ဖြစ်၏။

            ယခင်ရွေ့လျားမှုနှုန်း နှေးကွေးသော ကာလက ဝတ္ထုစာပေများ၌၊ တည်တံ့ခိုင်မြဲသော လူ့အလွှာ၊ လူ့အသိုင်းအဝန်း ရှိသည်ကို တွေ့ရသည်။ မိသားစုဝင်များ၏ စိတ်ခံစားမှုများကို တွေ့ကြရသည်။

            ယနေ့ အရှိန်ပြင်းသော မြန်ဆန်မှုကာလ ဝတ္ထုစာပေတွင် ခိုင်မြဲသော မိသားစုနေရာ၌ ကျိုးပျက်သော မိသားစုကို တွေ့ရမည်။ အဘယ်ကြောင့်ဆိုသော် လှိုင်းတံပိုး ရိုက်ခတ်မှုကြောင့် ဖြစ်သည်။

            ယခင်လူများ အသုံးပြုသော ရုပ်ဝတ္ထုပစ္စည်းများ နေရာ၌ ယနေ့ခေတ်၏ ရုပ်ဝတ္ထုပစ္စည်းများက နေရာယူလာသည်။ ရုပ်ဝတ္ထုပစ္စည်းသည် လူကို ပြဋ္ဌာန်းလာတော့သည်။ မိသားစုတစ်ခုအတွင်း ဆက်ဆံပေါင်းသင်းမှု ပုံစံပြောင်းသွားသည်။ မိသားစုအားလုံး ပြောင်းသွား၍၊ လူ့အသိုင်းအဝန်း တစ်ခုလုံး၏ ဆက်ဆံရေးလည်း ပြောင်းသွားသည်။ ယင်းပြောင်းလဲမှု၊ ရွေ့လျားမှုကို ယနေ့ ဝတ္ထုစာပေ၌ တွေ့ရမည်။

            လူ့ဘဝ၌ မသေချာ၊ မရေရာမှုများသာ ရှိသည်ကို လူများသိခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ ရွေ့လျားမှု အရှိန်နှေးကွေးသည့်အခါ၊ မသေချာ၊ မရေရာဖြစ်မှုများကို နှေးကွေးစွာသာ တွေ့ကြရသည်။ လူ့ဘဝ၏ ရွေ့လျားမှုများ နှေးကွေး၍ ပြောင်းလဲမှုတစ်ခုနှင့်တစ်ခု ကြားကာလသည် အချိန်တစ်ခုအထိ ရှည်ကြာသည်။ ရှည်ကြာသည့် ကာလကို တည်ငြိမ်သည့် ကာလဟု သတ်မှတ်ကြ၏။ ခံစားနိုင်သည့် ကာလလေး တစ်ခုရှိသည်ဟု ဆိုရပေမည်။ ထို့ကြောင့် လူ့ဘဝ၌ ပုံသဏ္ဌာန်လေးတစ်ခု ရှိသည်ဟု ထင်မှတ်မှားခဲ့ကြသူများလည်း ရှိသည်။

            ယခု ပြောင်းလဲရွေ့လျားမှု အရှိန်အဟုန်မြင့်မားလာသည်။ မြန်ဆန်လာသည်။ မသေချာ၊ မရေရာမှုများ တစ်ခုနှင့်တစ်ခု ကြားကာလသည် မရှိသလောက် တိုတောင်းလာ၏။ လူ့ဘဝကို ခံစားနိုင်သည့် ကာလသည်လည်း အလွန်တိုတောင်းသွားသည်။ လူ့ဘဝ၏ အစီအစဉ် မရှိမှုကို မကြာခဏ တွေ့ကြရသည်။ ခံစားမှုသည် နည်းပါးသွား၏။ ယနေ့ စာပေ၌ ယင်းဖြစ်ရပ်၏ ပုံရိပ်များကို တွေ့ကြရသည်။

            ဝတ္ထုစာပေ ရေးသားသူများသည် ယနေ့ခေတ်၏ အရှိန်အဟုန် မြင့်မားမှုဒဏ်ကို ခံစားကြရသည်။ သူတို့သည် ခံစားနိုင်သော ဝါကျများ တည်ဆောက်၍ မရတော့၊ သူတို့၏ ဝါကျများ၌လည်း လူ့ဘဝ၏ အစီအစဉ်မကျမှုများ ထင်ဟပ်လာသည်။ ဖြစ်ရပ်များက တစ်ခုပြီးတစ်ခု မြန်ဆန်လွန်းသည်။ ဖြစ်ရပ် တစ်ခုအတွက် စိတ်ကူးနေစဉ်၊ အခြားဖြစ်ရပ်တစ်ခုက ဝင်ရောက်လာသည်။

            အချိန်တို့က နည်းပါးလွန်းသည်။ စိတ်ကူးမှု အစီအစဉ်ပင် ကျနမှု မရှိတော့၊ သူတို့ရေးသော ဝါကျများသည် စိတ်ကူးနှင့် လိုက်ဖက်စွာ စီစဉ်ကျနမှု ဖြစ်ပေါ်မလာတော့။ ရွေ့လျားမှု မြန်ဆန်လာ၍ အတွေးများက တစ်ခုပြီးတစ်ခု မြန်ဆန်လာသည်။ အကြောင်းအရာသည် တစ်ခုပြီးတစ်ခု ပြောင်းသွားသည်။

            အတင်းအဓမ္မ လုပ်ယူသော စာပေမဟုတ်၊ မြန်ဆန်သော အဟုန်နှင့်အတူ ထင်ဟပ်နေသော ဝတ္ထုစာပေ ပုံသဏ္ဌာန် ဖြစ်လာသည်။

            ၅။

            တိမ်တိုက်သည် ရွေ့လျားနေ၏။

            မိုးစက်မှုန်လေးများသည် သေးရာမှ ကြီးကာ ရွေ့လျားနေ၏။

            ရုပ်ခန္ဓာ သယ်ဆောင်ထားသော လူသည်လည်း လှုပ်ရှားရွေ့လျားနေ၏။

            တိမ်တောင်၏ ပြင်ပ ရွေ့လျားမှုကား ယခင်နှင့် တူသော်လည်း၊ အတွင်း၌ ဖွဲ့စည်းမှုကား ယခင်နှင့် မတူသော ပုံသဏ္ဌာန်...

            မိုးရေစက်မှုန်များ သေးရာမှ ကြီးလာသည့် ရွေ့လျားမှုသည် ယခင်ကကဲ့သို့ ဖြစ်သော်လည်း၊ အတွင်း၌ ဖြစ်ပေါ် ပေါင်းစပ်မှုက ယခုပုံသဏ္ဌာန်...

            ရုပ်ခန္ဓာကို  သယ်ဆောင်ထားသော လူသည် ယခင်ကကဲ့သို့ လှုပ်ရှားနေသော်လည်း၊ ခန္ဓာကိုယ်တွင်း စိတ်နှင့်ရုပ်တို့၏ ဖြစ်ပေါ် ပြောင်းလဲ ရွေ့လျားမှုကား ယခုပုံသဏ္ဌာန်...

            ၆။

            ကွဲပြားသော ပုံသဏ္ဌာန်များ ဆောင်ထားမှုသည်၊ ခြားနားသော ရလဒ်ကို ဖော်ဆောင်မည်က အသေအချာ...

▀

စိုးမင်းဦး

(အမှတ် ၂၀၆၊ ဇန်နဝါရီလ၊၂၀၀၇ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေဝတ္ထု
...
‌ဧနွေလု
ကိုငြိမ်း ၊မန္တလေး၊

ကျွန်တော် စာတစ်စောင်လောက် ရေးခဲ့ချင်တယ်... ဒါပေမဲ့ ကျွန်တော် ဘယ်သူ့ဆီ ရေးရမယ်... အဲဒါကို မသိဘူး... ဖြစ်နေတယ်... သွားဖို့အချိန်ကလည်း မြန်မြန်ကြီး နီးလာနေတယ်... ကျွန်တော် ဘယ်သူ့ဆီ စာရေးရမလဲ... သိရင် ပြေ...

ရွှေဝတ္ထု
...
နောက်ဆုံးခံစစ်
ကိုဆေး ၊ပစိဖိတ်ကမ်းခြေ၊

ကြင်နာသနားတတ်မှု၊ ညှာတာထောက်ထားတတ်မှုဆိုတဲ့ သံယောဇဥ်ကြိုးတွေ မခိုင်လို့ ပြတ်တောက်ကုန်တာလည်း ဖြစ်မယ်။ တခြားအကြောင်းအမျိုးမျိုးလည်း ရှိပေမပေါ့။ တစ်လင်ကွာ၊ တစ်လင်ပစ်၊ တစ်လင်ပြေး အမျိုးသမီးတွေဆိုတာ တူနှစ်...

ရွှေဝတ္ထု
...
အချစ်လက်ကျန်ရှင်းတမ်းထဲက အလွမ်းမြီစား
ခြိမ့်သဲ

ဝါးကိုဖောင်ဖွဲ့၍ ချင်းတွင်းမြစ်အတိုင်း စုန်ဆင်းလာရသည့် အလုပ်မျိုးကို တစ်ချိန်တွင် တာဝန်ယူရမည်ဟု ကြိုတင်တွက်ဆထားလို့သာ ဘွဲ့ရပညာတတ်မာနကို ခဝါချနိုင်ခဲ့သည်။