လွန်းထားထား၊ဆေးတက္ကသိုလ်၊
အခန်း ၁။
အခန်းထဲမှာ
တိတ်ဆိတ်အေးစက်လို့။ အခန်းဝကနေ ကျွန်မ သူ့ကို အကြာကြီးပဲ တိတ်တိတ်ကလေး
ငေးမောကြည့်နေမိခဲ့ပါတယ်။ အခန်းကလေးတစ်ခုလုံး မှောင်အတိ ကျနေပြီး သူ့ရဲ့
အလုပ်စားပွဲ တစ်ခုတည်းပေါ်မှာသာ စာကြည့်မီးအုပ်ဆောင်းဆီမှ မီးအလင်းရောင်က
ဖြာကျလျက်။ အဲဒီအမှောင်ခန်းထဲမှာ သူ နာရီပေါင်းမြောက်များစွာ အလုပ်တွေ လုပ်နေကျ။
သူ့အလုပ်နဲ့ ထိတွေ့နေ ရရင် ဘာကိုမှ သတိမရနိုင်။ အရာရာကို မေ့လျော့တတ်သူ။ သူ
မေ့လျော့ထားတဲ့ အရာတွေထဲမှာ သူ သိပ်ချစ်တဲ့ သူ့ဇနီးနဲ့ သူ့သားလေး ပါဝင်မှာပါ။
ကျွန်မ
ဘယ်နှကြိမ်မြောက်မှန်းမသိ သက်ပြင်းကလေး ကျိတ်ရှိုက်လိုက်မိပါတယ်။ ရင်ထဲမှာ
မွန်းကျပ်ဆို့နစ်တဲ့ ဝေဒနာက ကျွန်မရဲ့ နှလုံးသားကို လေးလံစွာ ဖိစီးထားလျက်။ သူ
ဘာဖြစ်လို့ အဲဒီလောက် အေးစက်သွားခဲ့တာပါလိမ့်။ အခန်းကလေးရဲ့ အေးစက်မှုဟာ
သူဖွင့်ထားတဲ့ Air-con ဆီက လာတဲ့
အအေးဓာတ်တစ်ခုတည်းကြောင့်တော့ မဖြစ်နိုင်ပါ။ သူ့ရဲ့ စိတ်နှလုံးဆီကနေ
စိမ့်ထွက်နေတဲ့ အေးစက်မှုတွေက ဒီအခန်းကလေးကို ပိုပြီး အေးစက်မှုတွေ
လွှမ်းခြုံပေးထားတာ ဖြစ်မှာပါ။
ကျွန်မ သူ့ကို
စကားပြောဖို့ စောင့်နေခဲ့တာ ဘယ်လောက်ကြာပြီလဲ။ ကျွန်မ သူ့ကို စောင့်နေခဲ့မှန်းရော
သူ သိပါရဲ့လား။ အို... သိမယ် မထင်ပါ။ တစ်နေ့တစ်နေ့ မနက်မိုးလင်းကနေ
မိုးစုန်းစုန်းချုပ်သည်အထိ သူ့ရဲ့ စိတ်အာရုံတစ်ခုလုံးဟာ သူ့ရဲ့ အလုပ်တာဝန်တွေထဲမှာသာ
နစ်မြုပ်လျက်။ တစ်ချိန်က ကျွန်မ သိပ်ချစ်ခဲ့ရသော၊ ကျွန်မကိုလည်း သိပ်ချစ်ခဲ့တဲ့
ကျွန်မနဲ့ ပတ်သက်လာရင် နှလုံးသွေးတို့ ပူနွေးခဲ့တဲ့ ယောကျ်ားတစ်ယောက်ဟာ
ဆယ်နှစ်ဆိုတဲ့ အချိန်ကာလ တစ်ခုအတွင်းမှာ အဲဒီလောက် မယုံနိုင်လောက်အောင်
အေးစက်ပြောင်းလဲ သွားခဲ့ပါသလား။ ကျွန်မ တွေးလို့မရပါ။
သူ့ဘဝမှာ ဘယ်အရာက
အရေးကြီးဆုံးလဲ။ ဟိုးအရင်ကတော့ သူ တဖွဖွ ပြောခဲ့ဖူးသား။ သူ့ဘဝမှာ အရေးကြီးဆုံးဟာ
အနုပညာနဲ့ ကျွန်မပဲတဲ့။ နောက်တော့ သားကလေးကို မွေးလာတဲ့ အချိန်မှာတော့ သူ့ဘဝရဲ့
အရေးကြီးမှုတွေဟာ ပြောင်းလဲသွားခဲ့ပြန်ပါရော။ သူ့ဘဝမှာ အရေးအကြီးဆုံးဟာ အနုပညာနဲ့
မိသားစုဘဝပါတဲ့။ အို... ကျွန်မ လှောင်ပြုံးကလေးနဲ့သာ ရယ်မောလိုက်ချင်ပါရဲ့။ သူဟာ
အနုပညာသမားတစ်ယောက်ပီပီ အာရုံခံစားမှုတွေအပေါ်မှာ သိပ်ကို နက်ရှိုင်း
လေးနက်လွန်းသလောက် ကတိစကား တစ်ခွန်းကို အလွယ်တကူ မေ့ပစ်လိုက်ဖို့လည်း
ဝန်မလေးခဲ့သူပါ။
သူ မေ့လျော့ထားခဲ့တဲ့
သူ သိပ်ချစ်ခဲ့တဲ့ မိန်းမတစ်ယောက်ရဲ့ ရင်ထဲမှာ ဘယ်လောက်အထိ နက်ရှိုင်းတဲ့
ဒဏ်ရာတစ်မျိုး ကိန်းဝပ်နေခဲ့ပြီလဲဆိုတာ သူ မသိသေးဘူးလား။ အခုအချိန်မှာ တစ်ခုခုကို
ပြင်ဆင်ဖို့ သူ နောင်တရခဲ့မယ်ဆိုရင်တောင် အရာအားလုံးဟာ
နောက်ကျသွားခဲ့ပြီဆိုတာကိုရော သူ ရိပ်မိပါရဲ့လား။
ဒီအခန်းဝကလေးမှာ
လာရပ်ရင်း သူနဲ့စကားပြောခွင့်ရဖို့ နေ့ရက်ပေါင်းများစွာ လာစောင့်နေခဲ့ပြီး
မပြောတော့ပါဘူးလေဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ အခန်းဝကနေ ပြန်လည် ပျောက်ကွယ်သွားတတ်တဲ့
ကျွန်မနဲ့ပတ်သက်တဲ့ ခံစားချက် တစ်စုံတစ်ရာ သူ့မှာ အနည်းအကျဉ်း ကလေးမှ ရှိမနေဘူးတဲ့လား။
ဒီနေ့တော့ ကျွန်မ
ဖွင့်ပြောမှ ဖြစ်တော့မယ်။ ကျွန်မ ရင်ထဲမှာ သိမ်းဆည်းမျိုသိပ်ထားရလွန်းလို့
ခံစားချက်ပေါင်းစုံ ရောထွေးပြည့်လျှံနေခဲ့ပြီ။ ကျွန်မမှာ ထွက်ပေါက်တစ်ခုခုတော့
ရှိမှဖြစ်တော့မယ်။
ဆုံးဖြတ်ချက်နဲ့အတူ
ထိုအခန်းကလေးထဲသို့ ကျွန်မ ညင်သာဖွဖွ ခြေလှမ်းများနဲ့ တဖြည်းဖြည်းချင်း
လျှောက်လာခဲ့ပါတယ်။ ကျွန်မရဲ့ ခြေသံကပဲ ညင်သာလွန်းလို့လား၊ သူကပဲ သူ့ အလုပ်ထဲမှာ
ဈာန်ဝင်နေခဲ့လို့လားမသိ၊ သူ ကျွန်မကို တစ်ချက်ကလေးမှ ယောင်လို့တောင်
လှည့်မကြည့်ခဲ့ပါ။ ကျွန်မရင်ထဲ ပိုပြီး မွန်းကျပ်နာကျင်လာခဲ့ပါတယ်။
သူ့ရဲ့
ထိုင်ခုံအနောက်နားဆီမှာ ကျွန်မ ရပ်လိုက်သည့်တိုင် သူ့နံဘေးမှာ ကျွန်မ ရောက်နေမှန်း
သူ ရိပ်မိပုံမပေါ်ပါ။ ဟိုးအရင်တုန်းကတော့ ကျွန်မရဲ့ ခြေသံဖွဖွကိုလည်း သူ
ခံစားသိရှိတတ်ခဲ့တာပါပဲ။ ကျွန်မဆီက ရနေကျ ကိုယ်သင်းရနံ့ကလေး သင့်ပျံ့လာရုံမျှနဲ့
သူ့အနား ကျွန်မ ရောက်နေခဲ့ပြီဆိုတာ ကိုလည်း သူ သိနိုင်ခဲ့တာပါပဲ။ အခုတော့ သူဟာ
အသိတွေကို မေ့လျော့သွားတဲ့သူ တစ်ယောက်လိုပင် အားလုံးကို မေ့ပစ်လိုက်တော့တာပါပဲလား။
အလုပ်ဆိုတဲ့ အရာကြီးက သူ့ရဲ့နွေးထွေးမှုတွေ၊ ချစ်တတ်မှုတွေ၊ ကြင်နာမှုတွေ၊
ယုယတတ်မှုတွေ အားလုံးကို ဖုံးလွှမ်းအုပ်မိုးပစ်ခဲ့ပြီလား မသိ။
'ဟာ... အမလေး...
လန့်လိုက်တာကွာ။ မင်း ဘယ်အချိန်ကတည်းက ကိုယ့်အနားမှာ လာရပ်နေတာလဲ'
ရုတ်တရက် သူက
ကျွန်မရပ်နေသော အနောက်နားဆီသို့ ဖျတ်ခနဲ လှည့်ကြည့်လိုက်ပြီး ကိုယ်ခန္ဓာ တစ်ခုလုံး
ဆတ်ခနဲ တုန်သွားအောင် လန့်ဖျတ်သွားပုံနဲ့ အလန့်တကြား အပြစ်တင်ပါတယ်။ ကျွန်မက
သူ့မျက်လုံးတွေထဲ စိုက်ကြည့်ပြီး...
'ကျွန်မ
ရောက်နေခဲ့တာ ကြာပြီ။ ဒီနေ့တစ်နေ့တည်း မဟုတ်ဘူး။ နေ့တိုင်း နေ့တိုင်း
ရှင့်ရဲ့အခန်းဝမှာ ကျွန်မ လာလာရပ်ကြည့်နေခဲ့တာ'
'ဘာဖြစ်လို့လဲ၊
ဘာပြောစရာ ရှိလို့လဲ'
သူ့မျက်နှာက
သာမန်သမားရိုးကျ မေးခွန်းတစ်ခု မေးသလိုပင် သူနဲ့မျက်နှာချင်းဆိုင်မှာ ရပ်နေတဲ့
သူ့ရဲ့မိန်းမမျက်နှာပေါ်က နာကျင်နေတဲ့၊ အထီးကျန်နေတဲ့ ဝေဒနာတွေကို သူ လုံးဝ
ဖတ်မိဟန်မတူ။ မဖတ်နိုင်တာတော့ မဖြစ်နိုင်ပါ။ သူဟာ အနုပညာတွေကို ဖန်တီးရာမှာ
အလွန်ပြောင်မြောက် ပါးနပ်တဲ့ မှော်ဆရာ တစ်ယောက်လို လူစားမျိုးပါ။ လူတွေရဲ့ မျက်နှာ
အရိပ်အကဲ၊ ခံစားချက်တွေ၊ ဝေဒနာတွေကို သူကိုယ်တိုင်ပဲ တခြားသူတွေကို
သင်ကြားပြသပေးနေခဲ့တာ။ လူ တစ်ယောက်ရဲ့ မျက်လုံးတွေကို ကြည့်လိုက်ရုံနဲ့ အဲဒီလူရဲ့
ရင်ထဲက ခံစားချက်တွေကိုပါ ထွင်းဖောက်မြင်နိုင်စွမ်းတဲ့ အတတ်ပညာတစ်မျိုး သူ့ဆီမှာ
ရှိပြီးသားပါ။ ဒါဆိုရင် ဘာဖြစ်လို့ ကျွန်မရဲ့ ရင်ထဲက ခံစားချက်ဝေဒနာတွေကို သူ
မသိချင်ဟန်ဆောင်နေခဲ့တာလဲ။
'ပြောစရာရှိတယ်၊
ပြောစရာရှိလို့ ကျွန်မ စောင့်နေခဲ့တာ ကြာပြီ'
'နောက်နေ့မှ
ပြောလို့မဖြစ်ဘူးလား မေ။ ကိုယ် ဒီမှာဇာတ်ညွှန်းကလေး အပြီးသတ်
လက်စသတ်လိုက်ချင်လို့။ ဇာတ်သိမ်းပိုင်းတောင် ရောက်နေပြီ။ ကိုယ့်စိတ်ကို ဘယ်အရာမျိုးနဲ့မှ
အနှောင့်အယှက် မဖြစ်စေချင်လို့ပါ'
သူ့စကားကြောင့် ကျွန်မနှလုံးသားဆီ
ခပ်တုံးတုံး လက်နှက်တစ်ခုနဲ့ ပစ်ပေါက်လိုက်သလို နင့်ခနဲ ခံစားလိုက်ရပါတယ်။ သူဟာ
ကျွန်မရဲ့ ဆုံးဖြတ်ချက်တွေကို ခိုင်မာသထက် ခိုင်မာအောင် တွန်းပို့နေသလိုပဲ။
'စိတ်ချပါ၊ ရှင် နောက်ဆို
ဘယ်တော့မှ အနှောင့်အယှက် မဖြစ်စေရတော့ပါဘူး။ ရှင့်တစ်ယောက်တည်း ရှင့်စိတ်ကြိုက်
အနုပညာတွေကို ဖန်တီးခွင့်ရတော့မှာပါ။ ကျွန်မ သွားတော့မယ်။ အဲဒီအတွက် ရှင့်ကို
နှုတ်ဆက်ဖို့ ကျွန်မ စောင့်နေခဲ့တာ ဘယ်နှရက်တောင် ရှိပြီမှန်း မသိတော့ဘူး'
ကျွန်မက စကားလုံးတွေကို ကြိုးစားပြီး
ထွေးအန်ထုတ်ပစ်လိုက်တော့ သူက တအံ့တသြ မျက်ခုံးတွေ ပင့်လျက်...
'မင်းက ဘယ်သွားမလို့လဲ။
ဘာတွေပြောနေတာလဲ မေ။ ကိုယ် နားမလည်ဘူး။ နေစမ်းပါဦး၊ မင်း ဘာဖြစ်နေတာလဲ။
နေမကောင်းဘူးလား'
သူ့မျက်နှာဆီမှ အနည်းငယ်
လှုပ်လှုပ်ရှားရှား အရိပ်ကလေးတွေ အသက်ဝင်လာပါတယ်။ ကျွန်မ သူ့ကို
ပြုံးပြလိုက်မိပါတယ်။ ကျွန်မရဲ့ အပြုံးထဲမှာ သူ့ကို သိစေချင်တဲ့ ဝေဒနာတွေ
အများကြီးပဲ ပါသွားတယ်ဆိုတာ သူ ရိပ်မိမှာပါ။
'ကျွန်မ ရှင့်ဘဝထဲကနေ
အပြီးအပိုင် ထွက်သွားတော့မှာ။ သားကလေးကိုလည်း ကျွန်မနဲ့အတူတူ တစ်ခါတည်း
ခေါ်သွားတော့မှာ။ ရှင့်ကို ကျွန်မ လာနှုတ်ဆက်တာ။ ကျွန်မတို့ ဇာတ်လမ်း ဒီမှာတင်
အားလုံး ပြီးဆုံးသွားခဲ့ပြီ'
'ဟာ... မဖြစ်နိုင်တာ။ မင်း
ဘာတွေ ပြောနေတာလဲ။ ဘာဖြစ်လို့ အဲဒီလို အဓိပ္ပာယ်မရှိတဲ့ စကားတွေ ပြောနေရတာလဲကွာ။
ဒီအချိန်မှာ ဒီလိုစကားတွေ မင်းပြောဖို့ မသင့်ဘူး။ ကိုယ့်အတွက် ဘယ်လောက်အရေးကြီးတဲ့
အချိန်လဲဆိုတာ မင်း မသိဘူး။ ကိုယ် ဒါတွေလုပ်နေတာ ဘယ်သူ့အတွက်လဲ။ မင်းနဲ့
ကိုယ့်သားအတွက်၊ ကိုယ့်မိသားစုအတွက်ပဲလေ။ မင်းက ဘာတွေ ဖြစ်နေတာလဲ'
သူပုံစံက နည်းနည်းတော့
သွေးဆူလှုပ်ရှားသွားသလိုပါပဲ။ အေးစက်နေတဲ့ ကျောက်ရုပ်တစ်ရုပ် အနည်းငယ် ပူနွေးအသက်ဝင်လာသလောက်ပဲ
ရှိမှာပါ။
'ကျွန်မ
အဓိပ္ပာယ်မရှိတာတွေ ပြောနေတာ မဟုတ်ဘူး။ ကျွန်မ အားလုံးကို ဆုံးဖြတ်ပြီးသွားပြီ။
ရှင်နဲ့ ကျွန်မ လမ်းခွဲကြမယ်။ ကျွန်မ ရှင်နဲ့ဆက်နေဖို့ ဘယ်လိုမှ
မဖြစ်နိုင်တော့ဘူး။ ကျွန်မ ဆက်ပြီး မခံစားနိုင်တော့ဘူး'
သူ ဗြုန်းခနဲ ငြိမ်သက်သွားပါတယ်။
ငြိမ်သက်ပြီး ကျွန်မကို အကြာကြီးပဲ စိုက်ကြည့်နေခဲ့တာပါ။ သူ့မျက်နှာဆီမှာ
နာကျင်မှုတွေ၊ သောကတွေ၊ စိုးရိမ်ကြောင့်ကြမှုတွေ တစ်ရိပ်ပြီး တစ်ရိပ်
ဖြတ်သန်းလာလျက် ရှိပါတယ်။
'မင်း တကယ်ပြောနေတာလား မေ။
ဘာဖြစ်လို့ မင်း အဲဒီလို ဆုံးဖြတ်လိုက်တာလဲ။ မင်းရဲ့ ဆုံးဖြတ်ချက်ကို
မပြင်နိုင်တော့ဘူးလားကွာ။ ကိုယ်တောင်းပန်ပါတယ်။ အဲဒီလို မင်း မဆုံးဖြတ်လိုက်ပါနဲ့။
မင်း ဘာတွေဖြစ်နေသလဲ ကိုယ့်ကို ပြောပြလေ။ ကိုယ့်မှာ ဘာအမှားတွေ ရှိနေသလဲ။ ကိုယ်
ဘာတွေ ပြင်ပေးရမလဲ။ ကိုယ်တို့ ပြန်ညှိကြရအောင်။ ကိုယ့်ကို ဒုတိယအကြိမ် အခွင့်
အရေးတစ်ခုတော့ မင်းပေးဖို့ကောင်းပါတယ်'
သူက ရုတ်တရက် ရူးသွပ်သွားသူလို
ကမူးရှူးထိုး ပြောလျက်။ သူ ဘာပဲပြောပြော ကျွန်မ ဆုံးဖြတ်ချက်ကို မပြင်တော့ဘူးဆိုတာ
ကျွန်မရဲ့ မျက်လုံးတွေက အခိုင်အမာ သက်သေပြနေခဲ့ပြီဆို တာကို သူ နားလည်မှာပါ။
ဆယ်နှစ်ကျော်ကျော် တရင်းတနှီး ပေါင်းသင်းလာခဲ့တဲ့ သူတွေပဲ။
'ပြန်စဉ်းစားစရာ
မလိုလောက်အောင် အထပ်ထပ် စဉ်းစားခဲ့ပြီးပါပြီ။ ရှင်က ရှင့်ဘဝမှာ အရေးတကြီး
တန်ဖိုးထားတဲ့ အရာဟာ အလုပ်လို့ ခံယူထားပြီးသား။ ကျွန်မက ကျွန်မဘဝအတွက်
အရေးအကြီးဆုံးအရာဟာ စိတ်ချမ်းသာမှုနဲ့ လွတ်လပ်ပျော်ရွှင်မှုပဲ။
ကျွန်မတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် ဘဝကို တန်ဖိုးထားပုံချင်း မတူညီကြဘူး။
ရှင့်ဆီက ကျွန်မလိုချင်တဲ့ အရာတွေကို ရှင် မပေးနိုင်ခဲ့ဘူး။ ရှင်ပေးနေတဲ့
အရာတွေကိုလည်း ကျွန်မ မလိုချင်ဘူး။ အဲဒီတော့ တစ်ယောက်နဲ့တစ်ယောက် အပေးအယူ မမျှတဲ့
နောက်တော့ လမ်းခွဲကြဖို့ပဲ ရှိတော့တာပေါ့'
သူက ထိုင်ခုံပေါ်မှာ အရုပ်ကြိုးပြတ်
ထိုင်ချလိုက်ပြီး စားပွဲပေါ်မှာ ခေါင်းငိုက်စိုက် ချထားလိုက်ပါတယ်။ သူ့ဆီက
နောက်ထပ် ဘာစကားတစ်ခွန်းမှ ထွက်မလာတော့ပါ။ သူ့မျက်နှာကို စားပွဲပေါ်မှာ
မှောက်ချထားတဲ့အတွက် သူ့မျက်နှာကို ကျွန်မ မမြင်ရပါ။ သူ ဘာဖြစ်နေသလဲ။ သိပ်ပဲ
နာကျင်ထိခိုက်သွားသလား။ ကျွန်မ မသိအောင်ဘဲ တိတ်တဆိတ် ငိုကြွေးနေသလား ကျွန်မ မသိပါ။
သိလည်း မသိချင်တော့ပါ။ အဲဒါကြောင့် ကျွန်မ သူ့အခန်းကလေးထဲကနေ တိတ်တဆိတ်ပဲ
ပြန်ထွက်လာခဲ့မိပါတယ်။ ကျွန်မရင်ထဲမှာ ဘာမှမရှိတော့သလို ဟာလာဟင်းလင်း
ဗလာကျင်းလျက်။
□
အခန်း
၂။
ဒီမိန်းမ
ရူးများသွားပြီလားလို့ ကျွန်တော် တွေးလိုက်မိပါတယ်။ ဒါပေမယ့် သူမ
မရူးဘူးဆိုတာကိုလည်း ကျွန်တော် အလိုလို ခံစားသိ ရှိနေရပါတယ်။ ဘာဖြစ်လို့ သူမ
အဲဒီလောက် ရက်စက် ပြတ်သားတဲ့ ဆုံးဖြတ်ချက်ကို ချခဲ့သလဲဆိုတာ ကျွန်တော် ဘယ်လိုမှ
တွေးလို့မရပါ။ ကျွန်တော်ချစ်ခဲ့တဲ့ အခုထက်ထိ ချစ်နေဆဲဖြစ်တဲ့ မိန်းမတစ်ယောက်ကို
ဘယ်တုန်းကမှ အခုလောက် နားမလည် လိုက်မမီနိုင်တာမျိုး မဖြစ်ခဲ့ဖူးပါ။ သူမ ဘာဖြစ်လို့
ကျွန်တော့်ကို ရက်ရက်စက်စက် စွန့်ပစ်ထားခဲ့ချင်ရတာလဲ။ ကျွန်တော် တွေးမရ။ ကျွန်တော်
လုပ်ခဲ့သမျှ အနုပညာတွေအားလုံး၊ ကျွန်တော် ရှာဖွေခဲ့တဲ့ ငွေကြေးဥစ္စာတွေ အားလုံး၊
ကျွန်တော့်ရဲ့နာမည်၊ ဂုဏ်သတင်း၊ ကျော်ကြားမှုတွေ အားလုံးဟာ သူမအတွက်ပဲ
မဟုတ်ဘူးလား။ အဲဒါတွေကို သူမ တကယ်ပဲ ခံစား လို့ မရနိုင်တော့ဘူးတဲ့လား။ အံ့သြဖို့
ကောင်းလိုက်တာ။ လောကမှာ မိန်းမတွေ အလိုရှိတာဟာ ဘယ်လိုအရာမျိုးပါလိမ့်။ ကျွန်တော်
တကယ်ကို လိုက်မမီတော့ပါ။
ဒီနေ့ထက်ထိ ကျွန်တော်
သူမအပေါ် သစ္စာရှိရှိ စောင့်ထိန်းခြင်းများစွာနဲ့ ချစ်မြတ်နိုးခဲ့တာပါ။ ဒီဘဝကို
ရောက်ဖို့အတွက် ကျွန်တော် ဘယ်လောက်အထိ ကြိုးစား၊ ရုန်းကန်၊ အားထုတ်ခဲ့ရသလဲ ဆိုတာ
သူမ မသိတာလည်းမဟုတ်။ ဘာမှမဟုတ်ခဲ့သော ဘဝတစ်ခုကနေ ဇာတ်ညွှန်းရေးဆရာ၊ နာမည်ကြီး
ရုပ်ရှင်ဒါရိုက်တာတစ်ယောက် ဖြစ်လာတဲ့အထိ ကျွန်တော် အားကြိုးမာန်တက်
ကြိုးစားခဲ့ချိန်တုန်းက ကျွန်တော့်ရဲ့ နံဘေးမှာ သူမဟာ အလွန်အလိုက်သိတဲ့၊
သစ္စာရှိတဲ့ ပါရမီဖြည့်ဖက် ဖြစ်ခဲ့ဖူးတာပါ။ ဘာဖြစ်လို့ သူမ အခုလောက်
အေးစက်ပြောင်းလဲသွားခဲ့တာပါပဲ။ ကျွန်တော် ဘယ်လိုမှ အဖြေရှာလို့မရ။ ကျွန်တော်နဲ့
သူမရဲ့ကြားမှာ ခြားခဲ့တဲ့စည်းဟာ ကျွန်တော့်ရဲ့ အနုပညာအပေါ် ရူးသွပ်မှုလား၊
ကျွန်တော့်ရဲ့အောင်မြင်ကျော်ကြားမှုလား၊ နာမည်ဂုဏ်သတင်းတွေလား၊ ကျွန်တော်
ရှာဖွေခဲ့သမျှ ငွေကြေးဥစ္စာတွေလား ကျွန်တော် မသိတော့ပါ။
သူမ ပြောခဲ့သလိုပဲ
ကျွန်တော့်ဘဝမှာ ကျွန်တော် တန်ဖိုးအထားဆုံးအရာဟာ ကျွန်တော့်ရဲ့ အနုပညာနဲ့၊ သူမနဲ့
ကျွန်တော့်ရဲ့ သားကလေး ပါဝင်တဲ့ ကျွန်တော့်ရဲ့ မိသားစုကလေးပါပဲ။ ဒီမိသားစုကလေး
တစ်သက်လုံး တည်တံ့ခိုင်မြဲဖို့အတွက် ကျွန်တော် အလုပ်တွေ ရုန်းကန်ကြိုးစား
လုပ်ခဲ့တာပါ။ အဲဒါတွေဟာ ကျွန်တော့်ရဲ့ အပြစ်တွေများ ဖြစ်ခဲ့သလား။ သူမ
ကျွန်တော့်အပေါ် ဘာကြောင့် နားမလည်နိုင်ခဲ့ရတာပါလိမ့်။ ကျွန်တော် သူ့ရဲ့
ပြီးပြည့်စုံမှု ပန်းတိုင်ဆိုတာ အောင်မြင်ကျော်ကြားတဲ့ ဘဝတစ်ခုပါ။ အဲဒီဘဝဆီ
ရောက်ဖို့အတွက် သူနဲ့အတူ လက်တွဲပြီး အခက်အခဲမျိုးစုံ ကို ကျော်ဖြတ်ရင်ဆိုင်ခဲ့ကြ
တာပါ။ အခုလို အရာအားလုံး ပြီးပြည့်စုံသွားပြီဆိုတဲ့ အချိန်ကျမှ သူမက
ကျွန်တော့်နံဘေးကနေ လက်တွဲဖြုတ်ပြီး ကျွန်တော့်ကို တစ်ယောက်တည်း
ထားရစ်ခဲ့တော့မယ်လို့ ဆုံးဖြတ်လိုက်တာ ဘယ်လောက်များ မတရားမမျှတလိုက်ပါလဲ။
သူမကို
ထွက်မသွားဖို့ ကျွန်တော် တောင်းပန်လိုက်ရမလား။ ကျွန်တော် ဘယ်လောက်ထိ
တောင်းပန်ရမလဲ။ ကျွန်တော် ဘယ်လောက်ပဲ တောင်းပန် တောင်းပန်
သူမရဲ့ဆုံးဖြတ်ချက်တွေကို သူမဘက်က ဘယ်လိုမှ မပြင်တော့ဘူးဆိုတာ သူမရဲ့
ခေါင်းမာတတ်သော ဗီဇစရိုက်ကို သိထားပြီးသားမို့ ကျွန်တော် အသိဆုံးပါ။ သူ
ကျွန်တော့်ကို စွန့်ခွာချန်ထားခဲ့တော့မယ်။ ပြီးတော့ သူနဲ့အတူ ကျွန်တော့်ရဲ့ အနာဂတ်မျှော်လင့်ချက်
တစ်ခုဖြစ်တဲ့ ကျွန်တော့်ရဲ့ သားကလေးကိုပါ သူမ ခေါ်ဆောင်သွားတော့မယ်။ ဟင့်အင်း...
မဖြစ်နိုင်၊ သားကို သူမ ခေါ်သွားလို့ မဖြစ်။ သားဟာ ကျွန်တော့်အတွက် အိပ်မက်၊
မျှော်လင့်ချက်၊ အနာဂတ်ပဲ။
'ဟေ့... မေ၊ မင်း
သားကို ခေါ်မသွားရဘူး'
ကျွန်တော် သွေးရူး
သွေးတန်း အော်ဟစ်လိုက်ရင်း အခန်းထဲကနေ ကယောင်ချောက်ချား ပြေးထွက်လာခဲ့မိပါတယ်။
□
အခန်း
၃။
ဖေဖေ အခန်းထဲကနေ
ပြေးထွက်လာခဲ့ချိန်မှာ ကျွန်တော်က မေမေ့ဘေးမှာ မေမေနဲ့အတူတူ ရပ်လို့။
မေမေ့လက်ထဲမှာ ခရီးဆောင် အဝတ်သေတ္တာတစ်လုံး၊ ကျွန်တော့်လက်ထဲမှာ ကျွန်တော့်ရဲ့
အဝတ်အစားတွေ ထည့်ထားတဲ့ ကျောပိုးအိတ်တစ်လုံး ဒါပဲ။ မေမေ့ မျက်နှာက
ကျွန်တော်တစ်ခါမှ မတွေ့ခဲ့ဖူးတဲ့ မျက်နှာ။ ဘာကြောင့်မှန်းမသိ မေမေ့ကို ကျွန်တော်
ကြောက်နေခဲ့မိပါတယ်။ ကျွန်တော်နဲ့ဆိုရင် အမြဲတမ်း နူးညံ့သိမ်မွေ့စွာ ပြုံးနေတတ်တဲ့
မေမေ့ရဲ့မျက်နှာဟာ အခုတော့ အေးစက်တည်ငြိမ်လို့၊ ကျောက်သားပြင်တစ်ခုလို
မာကျောတင်းမာလို့။
ဖေဖေ အခန်းထဲက
ကမူးရှူးထိုး ပြေးထွက်လာပုံဟာ ဆံပင်စုတ်ဖွားနဲ့ အရူးတစ်ယောက်လိုပါပဲ။ ဖေဖေ့ကို
ကျွန်တော် သိပ်မရင်းနှီးပါ။ ကျွန်တော့်ရဲ့ နေ့ရက်တိုင်းဟာ မေမေနဲ့အတူတူ
မေမေ့နံဘေးမှာပဲ ဖြတ်သန်းခဲ့တာများပါတယ်။ ဖေဖေဟာ နာမည်ကျော် လူကြိုက်များလှတဲ့
ဇာတ်ညွှန်းရေး ဆရာ၊ ဒါရိုက်တာ တစ်ယောက် ဆိုတာကလွဲပြီး ဖေဖေ့ကို ကျွန်တော်
ပိုမသိပါ။ ဖေဖေနဲ့ ပတ်သက်ပြီး ဖေဖေ့ရဲ့ အရှိန်အဝါ၊ နာမည်ဂုဏ်သတင်းကြောင့်
ကျွန်တော် ကျောင်းမှာ၊ ဆရာမ တွေကြားမှ၊ သူငယ်ချင်းတွေကြားမှာ
မျက်နှာပွင့်ခဲ့ရတာတော့ အမှန်ပါ။ ဖေဖေ နာမည်ကျော် ဒါရိုက်တာ တစ်ယောက်
ဖြစ်နေခဲ့တဲ့အတွက် ကျွန်တော်ကိုယ်တိုင်လည်း ဂုဏ်ယူကျေနပ်ခဲ့ရတာပါ။ အခုတော့ မေမေက
ဖေဖေ့ကို ခွဲထွက်သွားတော့ မလို့တဲ့။ ဖေဖေနဲ့ ကျွန်တော် မပတ်သက်ရတော့ဘူးလား။
ဒါဆိုရင် ကျွန်တော်ဟာ ဖေဖေ့သားလို့ ပြောလို့မရတော့ဘူးလား။ လူတွေက ကျွန်တော့်ကို
ဖေဖေ့ရဲ့သား ဆိုပြီး အားကျချစ်ခင်တဲ့ မျက်လုံးတွေ၊ အပြုံးတွေနဲ့ တရင်းတနှီး
လှိုက်လှိုက်လှဲလှဲ ပြောဆိုဆက်ဆံကြတာကို မခံယူရတော့ဘူးတဲ့လား။ ဖေဖေပိုင်တဲ့
ခမ်းနားထည်ဝါလှတဲ့ ဒီခြံနဲ့ အိမ်ကြီးထဲကနေ ကျွန်တော် မေမေနဲ့အတူတူ ထွက်ခွာသွားရတော့မယ့်
အဖြစ်ဟာ ဘယ်လောက်များ ဝမ်းနည်းစရာ ကောင်းလိုက်သလဲ။
ဖေဖေနဲ့ မေမေ
ကျွန်တော့်အတွက် နည်းနည်းကလေးမှ မတွေးမိကြတော့ဘူးလား။ ကျွန်တော်ဟာ အခုမှ
အသက်ရှစ်နှစ်ပဲ ရှိသေးတဲ့ ကလေးတစ်ယောက်ပါ။ ကျွန်တော့်ဘဝအတွက် ဖေဖေနဲ့မေမေ့ကို
ကျွန်တော် အရမ်းလိုအပ်ပါသေးတယ်။ ဖေဖေ မပါဘဲ မေမေ တစ်ယောက်တည်းနဲ့ ကျွန်တော့် ဘဝကို
ဘယ်လောက်ထိ ပြည့်စုံအောင် ပုံဖော်တည်ဆောက်ပေးနိုင်မှာလဲ။ အဲဒီလိုပဲ မေမေ
မပါဘဲနဲ့လည်း ဖေဖေတစ်ယောက်တည်း ရှိရုံနဲ့ ကျွန်တော့်ဘဝက မပြည့်စုံပါဘူး။
ဥပမာ- ကျွန်တော်
ကျောင်းမှာ ဆုယူရတဲ့အခါ ဖေဖေနဲ့မေမေ နှစ်ယောက် အတူတူတွဲပြီး ကျွန်တော် ဆုယူနေတဲ့
မြင်ကွင်းကို ထိုင်ကြည့်ပြီး လက်ခုပ်တီး ပြုံးရယ်နေကြတဲ့ မြင်ကွင်းကို ကျွန်တော်
ဘယ်တော့မှ မမြင်ရတော့ဘူးတဲ့လား။ အဖေနဲ့အမေ တစ်ကွဲစီ လွင့်စင်ပြိုကွဲသွားကြတဲ့
အိမ်ထောင်တစ်ခုမှာ သားသမီးတွေ ဘယ်လောက်အထိ နာကျင်ထိခိုက်ရသလဲဆိုတာ ဖေဖေနဲ့မေမေ
မသိကြဘူးတဲ့လား။ ကျွန်တော် ဝမ်းနည်းလိုက်တာ။ ဖေဖေနဲ့ မေမေ့ကို ပြန်ပေါင်းစည်းအောင်
ကျွန်တော် ဘယ်လို ဆက်သွယ်ပေးရမှာပါလိမ့်။ ကျွန်တော့် ရင်ထဲမှာ ဘယ်လောက်ထိ
နာကျင်ဝမ်းနည်း နေသလဲဆိုတာ မေမေ သိမယ်မထင်။ ဖေဖေကဆို ပိုလို့တောင် သိနိုင်မယ်
မထင်။
'မင်း
ဆုံးဖြတ်ပြီးသွားပြီဆိုရင် သားကို ငါ့ဆီမှာထားခဲ့။ သားကို ငါကိုယ်တိုင်ပဲ
ပြုစုစောင့်ရှောက်မယ်။ မင်းလက်ထဲမှာ ငါ စိတ်မချဘူး'
'အပိုစကားတွေ
လာပြောမနေပါနဲ့ရှင်။ ရှင့်ဘဝ တစ်ခုလုံး အလုပ်အလုပ်ဆိုတဲ့ အရာတွေနဲ့ပဲ
အချိန်ကုန်နေတာ။ သားကို မပြောနဲ့၊ ဘယ်သူ့ကိုများ ရှင် အချိန်ပေးနိုင်ခဲ့လို့လဲ။
ရှင့်မှာ မရှိတဲ့ အချိန်တွေနဲ့များ သားကို ပြုစုစောင့်ရှောက်ဦးမတဲ့။ ရယ်စရာ
ကောင်းလိုက်တာ။ အခု အချိန်မှာ ရှင်နဲ့ကျွန်မ စကားတွေ အများကြီး မပြောချင်ဘူး။
ကျွန်မ ရှေ့နေက တစ်ဆင့်ပဲ ပြောပါ။ ကွာရှင်း စာချုပ်မှာ လက်မှတ်ထိုးဖို့ ရှင့်ဆီ
စာချုပ်ပို့ပေးလိုက်မယ်။ သားကို ရှင်လိုချင်တယ်ဆိုရင် တရားရုံးကနေတောင်းပေါ့။
အဲဒီကျတော့မှ ရှင်နဲ့ကျွန်မ ရင်ဆိုင်ကြတာပေါ့'
မေမေ့ရဲ့အသံက
ကျွန်တော် တစ်ခါမှ မကြားဖူးတဲ့ နာကြည်းနေတဲ့ မိန်းမတစ်ယောက်ရဲ့ လေသံမျိုးပါ။
ဖေဖေ့ရဲ့ တောက်ခေါက်သံက အကျယ်ကြီး။ ဖေဖေ ဘယ်လောက်အထိ ဒေါသကြီး စိတ်လှုပ်ရှားနေသလဲဆိုတော့
ဖေဖေ့ရဲ့မျက်နှာကို မြင်ရရုံနဲ့ သိနိုင်ပါတယ်။ ကျွန်တော့်ရဲ့ ပါးပြင်ပေါ်မှာ
မျက်ရည်တွေ စီးကျလို့လာနေတာကို ဖေဖေရော မေမေပါ တွေ့ကြဟန်မတူပါဘူး။
'အေး...
ကောင်းပြီလေ၊ မင်းဘက်က အဲဒီလောက် ပြတ်သားနေမှတော့ ကိုယ်တို့ တရားရုံးမှာ
ရင်ဆိုင်ကြဖို့ပဲ ရှိတာပေါ့'
ဖေဖေက
အဲဒီလိုပြောပြီး ချာခနဲလှည့်ကာ သူ့ အခန်းထဲ ပြန်ဝင်သွားပါတယ်။ မေမေက
ကျွန်တော့်လက်ကိုဆွဲပြီး ဖေဖေ့အိမ်ထဲကနေ တစ်လှမ်းချင်း ထွက်လာခဲ့ပါတယ်။ မေမေက
ကျွန်တော့်ကို စကားတစ်ခွန်းမှ မပြောပါဘူး။ ကျွန်တော် ဘာခံစားနေရသလဲလို့လည်း
တစ်ခွန်းမှ မမေးပါဘူး။ ကျွန်တော့်နှလုံးသားတွေ တစ်စစီ ကြေကွဲပျက်စီးသွားခဲ့ပြီ
ဆိုတာကိုလည်း မေမေ ရိပ်မိမယ် မထင်ပါဘူး။
ကျွန်တော့်ဘဝမှာ
အဲဒီ ညကလောက် မှောင်တဲ့ အမှောင်မျိုး မရှိတော့ဘူး ထင်ပါရဲ့။ ကောင်းကင်ကို
မော့ကြည့်လိုက်မိတော့ ကောင်းကင်ပြင်ကြီးပေါ်မှာ ကြယ်ရောင်ကလေးတောင် ယောင်လို့
မမြင်ရပါဘူး။ ကြယ်ရောင် ပျောက်တဲ့ညဟာ ဘယ်လောက်များ မှောင်မိုက် လိုက်သလဲဆိုတာ
ဖေဖေနဲ့ မေမေ့ကို သိစေချင်လိုက်တာ။
▀
လွန်းထားထား၊ဆေးတက္ကသိုလ်၊
(အမှတ် ၂၀၆၊
ဇန်နဝါရီလ၊၂၀၀၇ ရွှေအမြုတေမဂ္ဂဇင်း။)
ကျွန်တော် စာတစ်စောင်လောက် ရေးခဲ့ချင်တယ်... ဒါပေမဲ့ ကျွန်တော် ဘယ်သူ့ဆီ ရေးရမယ်... အဲဒါကို မသိဘူး... ဖြစ်နေတယ်... သွားဖို့အချိန်ကလည်း မြန်မြန်ကြီး နီးလာနေတယ်... ကျွန်တော် ဘယ်သူ့ဆီ စာရေးရမလဲ... သိရင် ပြေ...
ကြင်နာသနားတတ်မှု၊ ညှာတာထောက်ထားတတ်မှုဆိုတဲ့ သံယောဇဥ်ကြိုးတွေ မခိုင်လို့ ပြတ်တောက်ကုန်တာလည်း ဖြစ်မယ်။ တခြားအကြောင်းအမျိုးမျိုးလည်း ရှိပေမပေါ့။ တစ်လင်ကွာ၊ တစ်လင်ပစ်၊ တစ်လင်ပြေး အမျိုးသမီးတွေဆိုတာ တူနှစ်...
ဝါးကိုဖောင်ဖွဲ့၍ ချင်းတွင်းမြစ်အတိုင်း စုန်ဆင်းလာရသည့် အလုပ်မျိုးကို တစ်ချိန်တွင် တာဝန်ယူရမည်ဟု ကြိုတင်တွက်ဆထားလို့သာ ဘွဲ့ရပညာတတ်မာနကို ခဝါချနိုင်ခဲ့သည်။