ရွှေဝတ္ထု

စားရေးတဲ့ဆရာတောင် အိမ်မလာရ‌အောင်

ကိုဆွေ

01 September 2026
စားရေးတဲ့ဆရာတောင် အိမ်မလာရ‌အောင်
Share to

 

အချိန်က မိုးနံ့မိုးငွေ့ရနေတဲ့အချိန် တိတ်ဆိတ်နေတဲ့ တိမ်တစ်အုပ်က ကျွန်တော်နဲ့ ကောင်မလေး ခေါင်းပေါ်မှာ။ မိုးသားကြားထဲက ဖြာထွက်လာတဲ့ နေမို့လား မသိဘူး ပူလိုက်တာ။ တော်သလင်းနေ ပုဇွန်သေ။ နေကို မျက်နှာမူလိုက်တော့ ကျွန်တော်တို့ နှစ်ယောက်စလုံး အရိပ်က အနောက်ဘက် ရောက်သွားတယ်။ မဆီမဆိုင် လက်ပုံသားဓားနဲ့ချိုင်ဆိုတဲ့ စကားလိုပဲ 'ရန်သူ့အရိပ်က အေးမြတယ်'လို့ ကျွန်တော်က တွေးလိုက်မိ၊ တကယ်ကောအဲဒီလို ဟုတ်ရဲ့လား။

            လမ်းပေါ်မှာ ကျွန်တော့်ထက် အသက် ၂ဝ ငယ်တဲ့ ကောင်မလေးက 'လူ ဘယ်လိုဖြစ်လာလဲဟင်' လို့ အင်တာဗျူးလုပ်တော့ ကျွန်တော့်မှာ ဖတ်မှတ်လေ့လာထားသမျှ စိတ်ရှည်ရှည်နဲ့ ပြောပြ ရတော့တာပေါ့။

            ဘဝ အာမခံချက် မရှိလို့၊ အရွယ်လွန် ရွေ့လျား စာရေးဆရာမို့၊ သူကလေးအိမ်ကို ကျွန်တော့်မှာ သွားခွင့်မရှိ။ 'စာရေးတဲ့ဆရာတောင် အိမ်မလာရအောင်' သူ့အမေက တားမြစ်ထားလေရဲ့။ ဟုတ်တယ်ဗျာ။

လေဘာတီမမြရင် သီချင်းလိုပဲ 'စာရေးတဲ့ဆရာတောင် အိမ်မလာရအောင်' ခုတော့ ကျွန်တော်တို့ နှစ်ယောက်စလုံး လမ်းပေါ်မှာ။ စာရေးဆရာဘဝဆိုတာ အပိုဒုလ္လဘတရား ဖြစ်တယ်ဆိုရင်၊ လူဖြစ်ရတာလည်း တကယ့် နဂိုရ်ဒုလ္လဘတရား စစ်စစ်ဖြစ်ကြောင်း နှိုက်နှိုက်ချွတ်ချွတ် သိချင်တဲ့ ကောင်မလေးကို စိတ်ရှည်လက်ရှည် ပြောပြရတော့တယ်။

            'ပဋိသန္ဓေ စိတ်ကလေးနဲ့ မိဘနှစ်ပါး သွေးသားပေါင်းစပ်မိတဲ့အခါ အမိဝမ်းထဲက ရှေးဦး ကလလ ရေကြည်ကလေး၊ (အလွန်မတန် အန္တရာယ်များပါတယ်။ လူဖြစ်ဖို့ တယ်ခက်ပါလား) အဲဒီရေကြည်လေး ကို ပိုးတွေက စားသွားရင်သေမယ်။ မစဉ်းစားရဲစရာဘဲ။ ဒီရေကြည်ကလေး တဖြည်းဖြည်း ၇ ရက်စေ့ တော့ ရေကြည်ကလေးကနေ အမြှုပ်ကလေးအဖြစ် ပြောင်းသွားတယ်။ ဒီအမြှုပ်ကလေးဟာ ငါကိုယ်တိုင်ပါပဲ။ ခုန ပြောတဲ့ ပဋိသန္ဓေစိတ်ကလေးပေါ့။ အဲဒီငါကို ပိုးစားသွားရင်၊ ဒါမှမဟုတ် ငါ ဆိုတဲ့စိတ်ကလေး အမေက အပူစာ၊ အအေးစာတွေစား၊ တားဆေးတွေ သောက်လိုက်ရင် အဲဒီငါကလေး ပျောက်သွားမယ်။ အသက်အန္တရာယ် များလိုက်တာ။ လူ့ဘဝ မရောက်ခင် သေသွားတဲ့ ငါကလေးတွေ မရေမတွက်နိုင်ဘူး'

            ကောင်မလေးက တရားပွဲမှာ ဓမ္မကထိကကို တရားထောက်က စကားထောက်ပေးသလို တစ်ခါ တစ်ခါ လိုက်ပြောနေလေရဲ့။

            'တချို့က သွေးရိုးသားရိုး သေပြီး တချို့ကျ ဖျက်ချခံရလို့ သေတာနော်'

            'အေး... ဟုတ်တယ်။ အဲဒီအမြှုပ်ကလေး ၇ ရက် ပြည့်တော့ တဖြည်းဖြည်း အသားတုံးကလေး ဖြစ်သွား။ တဖြည်းဖြည်း ကြီးထွားလာ၊ ၇ ပတ် ၂၈ ရက်သားရပြီ။ နောက် အသားတုံးလေး ၇ ရက်ပြည့်တော့ လက်နှစ်ဖက်၊ ခြေနှစ်ဖက်၊ ဦးခေါင်းလေး၊ ခက်မငါးဖြာ ပေါ်လာ၊ တဖြည်းဖြည်း ရက်အနေနဲ့ တွက်ကြည့်တော့ ၂၉၄ ရက်မှာ ဆံပင်၊ မွေးညင်း၊ ခြေသည်းလက်သည်းလေးတွေ ပေါက်လာပြီ။ လူနဲ့ တူလာပြီ။ လူပုံသဏ္ဌာန်နဲ့ တူဖို့ အချိန်တွေ အများကြီး ဖြတ်သန်းခဲ့ရ။ အမေ့ဗိုက်ထဲမှာ သေဖို့အကြောင်းတွေကလည်း များလိုက်တာ။ အမိဝမ်းခေါင်းထဲမှာ နေရတော့ ငါ ကလေးရဲ့ ခေါင်းပေါ်မှာ ခွေးအံဖတ်နဲ့ တူတဲ့ အစာသစ်အိမ်ကြီး။ ငါရဲ့အောက်ကလည်း မစင်ဘင်ပုပ် အစာဟောင်းကြီး နံလိုက်တာ။ ချက်ချင်း ထပြေးချင်လည်း ပြေးလို့မရ။ အမိဝမ်းခေါင်းကလည်း ကျဉ်းကျဉ်းလေး။ အလင်းရောင်မရှိ၊ မည်းမည်းမှောင်။ မစင်ထဲရောက် လောက်လိုပဲ ဘာလေသန့်မှ မရ။ ညောင်းလို့ လမ်းလျှောက်မဖြစ်၊ ကိုယ်လက်မဆန့်နိုင်၊ ဇာတိ ဒုက္ခတွေ ဆက်လာပြန်ပြီ'

            'ဗီဒီယို ရိုက်ထားရင် သိပ်ကြည့်ကောင်းမှာပဲနော်'

            'အေး... သေချာနားထောင်'

            'အမေ့ ကျောကုန်းဘက် မျက်နှာမူ၊ မေးဖျားလေးကို လက်ကလေးက ဆုပ်၊ ဒူးနှစ်ခုကြားထဲ ခေါင်းလေးထား၊ ဘာနဲ့တူသလဲ ဆိုတော့ သစ်ပင်ငုတ်တိုပေါ် မျောက်အိုကလေး ကုပ်ထိုင်နေသလို မလွတ်လပ်လိုက်တဲ့ ဘဝ။ ဘယ်မှာ စိတ်ချမ်းသာနိုင်ပါ့မလဲ။ အမိဝမ်းထဲမှာ လွတ်လွတ်လပ်လပ် မနေရ၊ သိပ်ပြီး စိတ်ဆင်းရဲရတဲ့အထဲ ကိုယ်ဝန်ကို မစောင့်ရှောက်တတ်တဲ့၊ ဗဟုသုတမရှိတဲ့ အမေမျိုးနဲ့ တိုးမိရင် အင်မတန်ပူတဲ့ဆေး၊ အစားအသောက်စားရင် သေလောက်အောင် ခံစားရတယ်။ အမေက ရေခဲမုန့်စားလိုက်ရင် ဆတ်ဆတ်တုန်အေးတော့တာပဲ။ ဒီလို အပူမိ၊ အအေးမိ သေခဲ့တဲ့သူတွေ မနည်း တော့ဘူး။ အမေ့ဝမ်းထဲ ကိုးလကျော် ဆယ်လအောင်းခဲ့ရတာ ထောင်ကျတာထက်ဆိုး၊ ဒုက္ခရောက်ပုံ ပြောမကုန်။ ပြောမယုံ ကြုံမှသိ ဆိုပေမယ့် ကြုံတုန်းသိခဲ့ကြ၊ နောက်မေ့သွားလို့ မမှတ်မိတော့ဘူး။

            'ဖွားခါနီး ဘယ်လိုဖြစ်လဲဆိုတော့ ကမ္မဇလေလှုပ်တဲ့ အခါ ငုတ်တုတ်ထိုင်နေရာက ဗြုန်းဆို ကျွမ်းထိုးပြီး ခေါင်းက အောက်စိုက်ကျသွား။ လန့်လိုက်ပုံ၊ ဒုက္ခရောက်ပုံ။ အဲဒီဒုက္ခကြောင့် ဘဝဟောင်း က အကြောင်းတွေ မေ့ကုန်။ ဘာဆိုဘာမှ မမှတ်မိတော့ဘူးလို့ ရှေးလူကြီးတွေ ပြောကြတာပဲ။    'သံတိုင်ကြားထဲက ဆင်ပြောင်ကြီး ထိုးထွက်လာသလို နာလိုက်ပုံများ မပြောပါနဲ့တော့။ ငရဲကျသလို ခံစားရ၊ ဒုက္ခကြီးလှပါလား။ ဒီလိုနဲ့ အပြင်ရောက်လာ၊ အသားက နုနုလေး၊ နီနီထွေးထွေး လေးဆိုတော့ လေကတိုက်၊ လူကြီးတွေက အဝတ်ကြမ်းကြီးတွေနဲ့ကိုင်၊ အပ်နဲ့ဝိုင်းဆွ နေသလား အောက်မေ့ရ၊ နာလိုက်တဲ့ဖြစ်ခြင်း မနေနိုင်တော့။ အူဝဲ အူဝဲနဲ့ အသံကုန် ဟစ်ငို၊ မိဘဆွေမျိုးတွေက ကလေးက တေးဆိုတယ် မှတ်၊ သူတို့ဝမ်းသာလေ ဒုက္ခ ရောက်ရလေ။ ပါးစပ်က မပြောတတ်ခင် အလိုမကျတိုင်း ငိုပြ၊ မှက်၊ ခြင်၊ ကြမ်း ပိုးကိုက်ငို၊ နို့ဆာငို၊ မစင် ကျင်ကြီးပေငို၊ လက်ခြေတွေက နုတော့ ဘာမှမလုပ်နိုင်။ နာလို့ နာတယ်၊ ကိုက်လို့ ကိုက်တယ်၊ ညောင်းလို့ ညောင်းတယ် မပြောတတ်၊ ဒုက္ခရောက်လိုက်တာ။ ဒါကြောင့် ဇာတိပိဒုက္ခာလို့ လူတွေပါဠိစကားနဲ့ အလွယ်ပြောနေတာ တကယ်က မလွယ်တဲ့ အဖြစ်ကြီး။ လူ ဖြစ်ဖို့ လွယ်တယ်မထင်နဲ့'

            တကယ်တော့ ကျွန်တော့်အသက် အပိုင်းအခြားအရ ရွှေဘိုဘုန်းဝေဆိုတဲ့ စာရေးဆရာရဲ့ ဘဝနိဒါန်း သွယ်တန်းကြည့်သောအခါ သံဝေဂဆောင်းပါး ဖတ်ပြီး ကောင်မလေး မေးတာကို ဒီလိုတစ်ဆင့်ခံ ပြန်ပြောပြနိုင်တာပါ။ ကျွန်တော် သိလွန်းတတ်လွန်းလှလို့တော့ မဟုတ်ပြန်ဘူး။

            လမ်းချိုးကွေ့ တစ်ခုရောက်တော့ ကောင်မလေးလည်း သူ့အိမ်သူ ပြန်တော့မယ်။ ကျွန်တော်လည်း စာအုပ်ဆိုင်ဘက်သွားဖို့ လမ်းအခွဲ၊ ဈေးတောင်းခေါင်းရွက်ဈေးသည်မိန်းမကြီးတွေ တောပိုင်းကို ပြန်ဖို့ စကားတွေ ဖောင်ဖွဲ့လို့ လမ်းလျှောက် သွားနေကြလေရဲ့။

            သူတို့ကို မြင်တော့ 'ရှင် မရွာအပြန်' ဆိုတဲ့ခေါင်းစဉ်နဲ့ မြန်မာရနံ့သင်းတဲ့ စကားပြေတစ်ခု စမ်းသပ်ပြုစုဖို့ စဉ်းစားရင်း လူဖြစ်ရတာဟာ ဒုလ္လဘတရား တစ်ခုဆိုရင် စာရေးဆရာဖြစ်ရတာ အပို ဒုလ္လဘတစ်ခုပါလား ဆိုတာ ခြွင်းချက်မရှိ လက်ခံပြီး စာအုပ်ဆိုင်ဘက်ကို ကျွန်တော် ပျော်ပျော်ကြီး ချီတက်သွားမိတယ်။

            ကောင်မလေး အမေက စာရေးဆရာမို့ သဘောမတူဘူးဆိုလည်း ရှိပါစေတော့။ ကျွန်တော် မမှုတော့ဘူး။ လူ ဖြစ်ရတဲ့ဘဝနဲ့ စာရေးဆရာ ဖြစ်ရတဲ့ ဘဝနှစ်ခုကြားမှာ 'ဟန်ချက်ညီ ယိမ်းနွဲ့မယ်'

            ကျွန်တော့်ရဲ့ မြင်ဆရာ စာရေးဆရာကြီး ဦးသိန်းဖေမြင့် ရေးခဲ့သလို "When I become man, I will be a novelist if I can" ကောင်မလေးအမေက 'စာရေးတဲ့ ဆရာတောင် အိမ်မလာရအောင်'လို့ အထပ်ထပ်အခါခါ တားမြစ်ပါစေ၊ နောင်ဘဝမှာ လူဖြစ်ခွင့်ရရင်လည်း ကျွန်တော်ဟာ စာရေးဆရာပဲ ဖြစ်ချင်ပါတယ်။

▀

ကိုဆွေ

(အမှတ် ၂၀၆၊ ဇန်နဝါရီလ၊၂၀၀၇ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေဝတ္ထု
...
‌ဧနွေလု
ကိုငြိမ်း ၊မန္တလေး၊

ကျွန်တော် စာတစ်စောင်လောက် ရေးခဲ့ချင်တယ်... ဒါပေမဲ့ ကျွန်တော် ဘယ်သူ့ဆီ ရေးရမယ်... အဲဒါကို မသိဘူး... ဖြစ်နေတယ်... သွားဖို့အချိန်ကလည်း မြန်မြန်ကြီး နီးလာနေတယ်... ကျွန်တော် ဘယ်သူ့ဆီ စာရေးရမလဲ... သိရင် ပြေ...

ရွှေဝတ္ထု
...
နောက်ဆုံးခံစစ်
ကိုဆေး ၊ပစိဖိတ်ကမ်းခြေ၊

ကြင်နာသနားတတ်မှု၊ ညှာတာထောက်ထားတတ်မှုဆိုတဲ့ သံယောဇဥ်ကြိုးတွေ မခိုင်လို့ ပြတ်တောက်ကုန်တာလည်း ဖြစ်မယ်။ တခြားအကြောင်းအမျိုးမျိုးလည်း ရှိပေမပေါ့။ တစ်လင်ကွာ၊ တစ်လင်ပစ်၊ တစ်လင်ပြေး အမျိုးသမီးတွေဆိုတာ တူနှစ်...

ရွှေဝတ္ထု
...
အချစ်လက်ကျန်ရှင်းတမ်းထဲက အလွမ်းမြီစား
ခြိမ့်သဲ

ဝါးကိုဖောင်ဖွဲ့၍ ချင်းတွင်းမြစ်အတိုင်း စုန်ဆင်းလာရသည့် အလုပ်မျိုးကို တစ်ချိန်တွင် တာဝန်ယူရမည်ဟု ကြိုတင်တွက်ဆထားလို့သာ ဘွဲ့ရပညာတတ်မာနကို ခဝါချနိုင်ခဲ့သည်။