ရွှေသုတ‌

ကျွန်မဘဝရဲ့ အပိုင်းအစလေးများ

ပတ္တမြားခင်

01 August 2026
ကျွန်မဘဝရဲ့ အပိုင်းအစလေးများ
Share to

          မနက်က ကျွန်မနေတဲ့ Bay Colony ဝိုင်းတစ်ပတ် လမ်းလျှောက်ပြီးလို့ ပြန်ရောက်တာနဲ့ အမောဖြေရင်း ရုပ်မြင်က သတင်းလည်းကြည့်ရင်း ကော်ဖီတစ်ခွက် သောက်မယ် စိတ်ကူးလိုက်ပါတယ်။ မီးဖိုခန်းထဲက ကြုံရာ မတ်ခွက်တစ်ခု ဆွဲယူမိချိန်မှာ အလိုလို တစ်ယောက်တည်း ပြုံးမိရက်သား ဖြစ်သွားလေရဲ့။

            ကော်ဖီမတ်ခွက်မှာ ရေးထားတဲ့စာတမ်းကိုလည်း ကြည့်ပါဦး။

            'ကိုယ့်ရဲ့ လက်ရှိအသက်အရွယ်မှာ မမြင်ဖူးတာလည်း မရှိ၊ မလုပ်ဖူးတာလည်း မရှိ၊ မကြားဖူးတာလည်း မရှိ'

            'အဲဒီ ကြုံဖူးတာတွေ အားလုံးကို တစ်ခုမှ မမှတ်မိတာဘဲ ရှိပါတော့တယ်' တဲ့။

            ဟုတ်ပါရဲ့။ အဲဒါမှ ကျွန်မတို့လို အသက် ၈ဝ ကျော်၊ ၉ဝ အတွင်း သက်ကြီးရွယ်အို ဘိုးဘိုးဘွားဘွားတွေ ဖြစ်နေပုံနဲ့ အံကိုက်တီထွင်ထားတာမို့ စိတ်ကူးကောင်းစွာနဲ့ စာတမ်းရေးသူကို ချီးကျူးမိပါရဲ့။

            မမှတ်မိရုံ၊ မေ့ရုံတင် မကသေးဘူး။ မျက်စိမှောက်တာလည်း ပါသေးတာပါနော်။ ကိုယ့်မျက်စိအောက်မှာ ရှိနေပါရဲ့နဲ့ ရှာမတွေ့ဖြစ်တာလည်း မလွန်လွန်းပေဘူးလားနော်။ စစချင်း အသက် ၆ဝ ဝန်းကျင်တုံးကတော့ သတိမေ့တာပဲ ရှိတာပါ။ ဈေးသွားဝယ်မယ်ဆိုရင် ဟိုဟာမေ့ခဲ့၊ ဒီဟာကျန်ခဲ့နဲ့မို့ မဖြစ်သေးပါဘူးဆိုပြီး စာရွက်ကလေးပေါ်မှာ ဝယ်ရမယ့်စာရင်း ရေးမှတ်ထားတယ်ပေါ့။

            ဟော... တကယ်ဈေးဝယ်ထွက် ပြီဆိုတော့ မှတ်ထားတဲ့ စာရွက်က မေ့ပြီး အိမ်မှာ ကျန်ခဲ့တာ အခါများစွာ။ ဒီတော့ မှတ်စုစာအုပ်ကလေးတစ်ခု ဆောင်ထားပြီး အဲဒီမှတ်စုစာအုပ်ထဲမှာ ပေးစရာ၊ ရွေးစရာ၊ ဝယ်စရာစတဲ့ လုပ်ဆောင်ဖွယ်ရာတွေ ရေးမှတ်ထားရပါရော။

            အဲဒါလည်း အလုပ်ဖြစ်လှတယ် မဟုတ်ပါဘူး။ မှတ်စုစာအုပ် အထားမှားလို့ တစ်နေ့ ဆယ်ခါမက ရှာနေရတာကြောင့် ၈”x၁ဝ” အရွယ်ရှိတဲ့ ဧရာမ ကျောင်းသုံး မှတ်စုစာအုပ်ကြီးကို ပြောင်းသုံးရပါတယ်။ အခါခါ ရှာမနေရအောင်လည်း မြင်သာ ထင်သာရှိတဲ့ စာရေးစားပွဲပေါ်မှာ သေသေချာချာ တင်ထားပြီး လုပ်ဆောင်ဖွယ်ရာတွေ တင်မကဘဲ ဘယ်ပစ္စည်း ဘယ်နေရာ ဘယ်ဗီရိုက ဘယ်အံဆွဲထဲမှာ ရှိတယ်ဆိုတာ အတိအကျ အသေးစိတ် ရေးမှတ်ထားရပါတယ်။       ဒါလောက် သေချာအောင် မှတ်တမ်းတင်ထားလို့ တို့ဘွားဘွားပတ္တမြားခင် အဆင်ပြေနေပြီလို့များ အထင်ကြီးဖို့ စိတ်မကူးလိုက်ကြပါနဲ့ဦးနော်။ တစ်နေ့ကလည်း ဝါရှင်တန်မှာ ခေတ္တတာဝန်နဲ့ ရောက်နေတဲ့ သားရွှေစင်ဆီကို ပါဆယ်ထုပ်ပို့ဖို့ ကျကျနနထည့်ပြီးမှ အဖုံးပိတ်စရာ ပလတ်စတစ်တိပ်ခွေ သွားယူပါတယ်။ ထားနေကျ အံဆွဲထဲမှာ မရှိပါဘူး။

            အံဆွဲတစ်ခုလုံး မွှေနှောက်ရှာလည်း မတွေ့၊ တခြားနေရာမှာလည်း မမြင်၊ မှတ်စုစာအုပ်ကြီးထဲက ကိုယ့်မှတ်တမ်းပြန်ကြည့်တော့လည်း ဒုတိယ အံဆွဲဆိုတာ အသေအချာမို့ ဘာလုပ်ရမှန်းမသိဖြစ်နေပါရော။ နေတာကလည်း တစ်အိမ်လုံးမှာ ကိုယ့်တစ်ယောက်တည်း။ အဖော်ရှိနေရင်လည်း သူတို့ ယူသုံးကြပြီး နေရာတကျ ပြန်မထားကောင်းလား။ အပြစ်ဖို့စွပ်စွဲလို့ ရသေးရဲ့။

            ခုတော့ ကိုယ့်ပဟေဠိကိုယ် မဖြေရှင်းနိုင်တဲ့အဆုံးမှာ ကုန်သွားခဲ့သော် အဆင့်သင့်သုံးဖို့ အပိုဝယ်ဆောင်ထားတဲ့ တိပ်ခွေအသစ် ထုတ်သုံးရပါတယ်။ စာတိုက်ကလည်း စောစောသွားပို့မှ တန်းမစီရတာမို့ ကပျာကယာ စာတိုက်ကို သွားလိုက်တယ်ပေါ့။

            ပြန်လာတော့ စားပွဲပေါ်မှာထားခဲ့တဲ့ တိပ်ခွေအသစ်ကို ထားနေကျ  ဒုတိယအံဆွဲထဲထည့်မယ် ဖွင့်လိုက်တော့ ဟော... ကျွန်မရှာနေတဲ့ သုံးလက်စ တိပ်ခွေက အံဆွဲထဲမှာ ငုတ်တုတ်။ ငယ်ငယ်တုန်းကလိုဆို နတ်ဖွက်တယ် ပြောရပါရဲ့။ ခုတော့ မျက်စိရှေ့ ရောက် နေပါရဲ့နဲ့ ရှာမတွေ့တာ ဒီတစ်ခါတည်း မဟုတ်။ မျက်မှန်တပ်ထားရင်းက မျက်မှန်လိုက်ရှာလိုရှာ။ အပြင်ထွက်ခါနီး ကားသော့လက်ထဲမှာ ဆုပ်ထားရင်းက ကားသော့ကိုရှာ။

            တစ်ခါကအဖြစ်များ ကိုယ့်ဟာကိုယ် နားရင်းကို ဆယ်ခါလောက် အုပ်ချင်စိတ်ပေါက်အောင် စိတ်တိုမိပါရဲ့။ မနက်ဘက် ဈေးထွက်ဝယ်ပြီး ပြန်လာတော့ စားသုံးကုန်ပစ္စည်းတွေကို သူ့နေရာနဲ့သူ ရေခဲသေတ္တာထဲ ထည့်ရမယ့်ဟာ ထည့်၊ အပြင်က ဘီရိုမှာ သွင်းတာတွေက သွင်းနဲ့ သိမ်းဆည်းရတယ်ပေါ့။

            ပြီးတာနဲ့ ကိုယ့်နေ့စဉ် လုပ်ဆောင်ရမြဲ ကိစ္စတွေနဲ့ အချိန်ကုန်သွားလိုက်တာ ညနေစောင်း လေးနာရီလောက်မှာ စာပို့ကား ဖြတ်သွားတာ မြင်လိုက်ပါတယ်။ ဒါဆို ကျွန်မတို့ ကိုယ်ပိုင်စာ တိုက်ပုံးတွေထဲ စာတွေထည့်ဝေသွားပြီမို့ စာထွက်ယူဖို့ ကျွန်မရဲ့ ကားသော့ကို ရှာတာ မတွေ့ပါဘူး။

            သော့တွဲထဲမှာ ကျွန်မရဲ့ ကားသော့အပြင် အိမ်သော့၊ စာတိုက်ပုံးသော့နဲ့ သမီးကေသီရဲ့အိမ်သော့ပါ လေးချောင်းတွဲထားတာပါ။ အခု စာကောက်ဖို့ သော့မရှိတော့ အခက်ကြုံပါလေရော။ အိမ်သော့နဲ့ ကားသော့ အပိုတစ်ချောင်းစီ ရှိထားလို့ တော်ပါသေးရဲ့။

            အမိမြန်မာပြည်နဲ့ ဝေးနေတဲ့ ကျွန်မအဖို့ အလွမ်းပြေဆေးက မြန်မာပြည်ကလာတဲ့ စာလေးတွေနဲ့ မြန်မာမဂ္ဂဇင်းများ ဖြစ်တာမို့ ကျွန်မ နေ့စဉ်မျှော်ရတာ စာပို့ကား ဖြူဖြူလေးပါပဲ။ အခု စာသွားနှိုက်ဖို့ သော့ကမရှိ။ မနက်က အိမ်ထဲ သော့ဖွင့်ဝင်လာရတာမို့ ဒီသော့ဟာ အိမ်ထဲမှာပဲ ရှိရမှာပါဆိုတဲ့အတွေးနဲ့ နေရာအနှံ့ရှာတာ ဘယ်မှာမှ မတွေ့မိပါဘူး။ ဒါလောက် စည်းကမ်းမဲ့ရ ပါလားလို့ ကိုယ့်ဟာကိုယ်လည်း အပြစ်တင်၊ ဒေါသတွေထွက်။

            ညနေ လေးနာရီက ရှာတာ ညမိုးချုပ်ထိ မရတော့ စိတ်လျှော့ပြီး အိပ်ရာဝင်ရပေမယ့် အိပ်လို့က မပျော်၊ ညက စိတ်ရောလူပါ ပမ်းထားတာကြောင့် မနက်ကျ ဘုရားဝတ်ပြုပြီး ခါတိုင်းလို ဝိုင်းတစ်ပတ် လမ်းမလျှောက်ဖြစ်တော့ပါဘူး။ Bay Colony က သီးသန့်ဝိုင်းမို့ အုပ်ချုပ်ရေးနဲ့ လုံခြုံရေးတာဝန်ယူတဲ့ ရုံးရှိပါတယ်။ မနက် ၈ နာရီ ရုံးဖွင့်ချိန်ကျမှပဲ သော့ပျောက်တိုင်ကြားရင်း သော့သစ်လဲ ထုတ်ယူရမှာမို့ စောင့်ရမယ့် အချိန်အတွင်း ကော်ဖီလေးတစ်ခွက် သောက်ဦးမယ် စိတ်ကူးနဲ့ ရေခဲသေတ္တာကို ဖွင့်လိုက်ပါတယ်။

            လက်ထဲက ကော်ဖီပူပူထည့်ထားတဲ့ မတ်ခွက်ကို ကောင်တာပေါ်မှာချ၊ နို့ဘူးကို ဆွဲယူလိုက်ခါမှ ချွင်ခနဲ တိုက်မိတဲ့ အသံနဲ့အတူ ကျွန်မရဲ့သော့တွဲ နို့ဘူးဘေးထောင့်စွန်းလေးက ထွက်ကျလာပါရော။ ဝယ်လာတဲ့ လိမ္မော်ရည်ဘူးတွေ၊ နို့ဘူးတွေ ထည့်သိမ်းရင်း လက်ထဲမှာ ပါလာတဲ့ သော့တွဲကို မေ့ပြီး ချထားခဲ့တာ ဖြစ်မှာပေါ့။

            သော့ဆိုတာ ဘီရိုပေါ်၊ စားပွဲပေါ်၊ ကောင်တာပေါ်၊ စာအုပ်စင်ပေါ်၊ ကြမ်း ပြင်ပေါ် စတဲ့ နေရာမျိုးမှာသာ ရှာတာလေ။ ဘယ်သူက သော့နဲ့ဘာမှမဆိုင်တဲ့ ရေခဲသေတ္တာထဲမှာ ရှာပါ့မလဲ။ မဆီမဆိုင် ရေခဲသေတ္တာထဲ သော့ထားပစ်ခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ် နားရင်းအုပ် ဆုံးမချင်တာ ကျွန်မ မလွန်တန်ကောင်းပါဘူး ထင်ပါရဲ့နော်။

            ကိုယ့်ပစ္စည်းနဲ့ ကိုယ်ရှာမရတာ တို့၊ ပျောက်တာတို့၊ အထားမှားတာတို့၊ မေ့တာတို့က ထားပါတော့။ အချိန်ကုန် အပိုအလုပ်ရှုပ်တာပဲ ရှိပါတယ်။ သူများပစ္စည်းကို မေ့တာမျိုးကျတော့ ကိုယ့်မှာ တာဝန်ရှိလာပြီ မဟုတ်လား။ အဲဒါမျိုး မဖြစ်စေရအောင် သတိထားတဲ့ အထဲက တစ်ခါကြုံရဖူးပါတယ်။

            ကျွန်မတို့ ချစ်တဲ့သူငယ်ချင်း သုံးယောက် တစ်ခါက စပ်တူအလှူ တစ်ခုလုပ်ဖြစ်ပါတယ်။ အလှူ ထမြောက်အောင် ဆော်သြသူက မန္တလေးက ဒေါ်လှလှမြင့်ပါ။ သီလရှင်ကျောင်းတစ်ခုမှာ ရေအခက်အခဲရှိနေလို့ ရေတွင်းတစ်ခု သုံးယောက် စပ်လှူကြရအောင်တဲ့။ ကျွန်မရယ်၊ L.A က ဒေါ်တိုးတိုးရယ်၊ ဒေါ်လှလှမြင့်ရယ်ပေါ့။

            အလှူအတွင်း ငွေအပေးအယူ စာရင်းကိုင်သူက ကျွန်မလေ။ အလှူ ပြီးမြောက်လို့ စာရင်းရှင်းမယ်လုပ်တော့ တခြားရ/သုံးမှန်သမျှ စာရင်း အတိအကျ ရှိပြီး ဒေါ်လာ ၂၉ဝ ရထားတာ တစ်ခုက စာရင်းမရှိ။ ဘယ်သူ့ဆီကရထားမှန်းလည်း မမှတ်မိတာနဲ့ တိုးတိုးများ သိမလားလို့ အားကိုးတကြီးနဲ့ ဖုန်းဆက်မေးပါတယ်။

            'ခင်ကလည်းဟယ်... ပြီးခဲ့တဲ့ သုံးလေးလကိစ္စ ဘယ်မှတ်မိပါ့မလဲ။ ကိုယ့် ယောကျ်ားနာမည်တောင် မမှတ်မိပါဘူးဆိုမှ။ ခေါင်းရှုပ်ခံပြီး စာရင်းရှင်းမနေနဲ့၊ ထားလိုက်။ လှူပြီးနေမှ ဘယ်သူ့ဆီကရရ တွက်ရမယ့်သူချင်းတွေမှ မဟုတ်ဘဲ'တဲ့။

            ရင်းချာတဲ့ သူငယ်ချင်းတွေမို့ တော်ပါသေးရဲ့။ လှလှမြင့်ဆိုရင် ကျွန်မဆီမှာ သူအပ်ထားတဲ့ ငွေစာရင်း ပို့ပေးရင်တောင် စိတ်တိုတတ်သေးတာပါ။ 'အလုပ်ရှုပ်ခံပြီး ပို့ပေးမနေနဲ့ကွာ။ သိမ်းလိုက်တာနဲ့ တစ်ခါတည်း ပျောက်သွားမယ်ဆိုတာ သိရက်သားနဲ့။ အပိုလုပ်မနေနိုင်ပါဘူး' တဲ့။

            ဟုတ်ပါရဲ့။ ကျွန်မလည်း ထိုနည်းတူစွာပါပဲ။ စာရေးတဲ့အခါ လိုအပ်မယ့် အချက်အလက် အကိုးအကားမျိုး တွေ့တဲ့အခါတိုင်း ဖြတ်ညှပ်စုဆောင်းထားတာပါ။ တကယ်လိုအပ်ပြီဆိုရင် ရှာမတွေ့တော့ပါဘူး။ သိမ်းတာနဲ့ တစ်ခါတည်း ပျောက်ပါလေရော။

            ကျွန်မတို့အဘွားကြီးတွေ မှတ်ဉာဏ်ပျက်သုဉ်းပြီး သတိမေ့ကြတာတွေတော့ စာဖွဲ့မကုန်နိုင်အောင် များပြားလှပါရဲ့။ တစ်နေ့ကပဲ ကျွန်မ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခါစမှာ တယ်လီဖုန်းမြည်လာတာနဲ့ လန့်နိုးပြီး ကြည့်လိုက်တော့ ည ၁၂ နာရီခွဲ။ ဒီလိုအချိန် မတော်မျိုးမှာ ဖုန်းခေါ်သံကြားရရင် ကျွန်မ အထိတ်တလန့် ဖြစ်တတ်ပါတယ်။ တစ်စုံတစ်ဦး တစ်ခုခုဖြစ်လို့ ခေါ်တာများလားဆိုတဲ့ အတွေးမျိုးနဲ့ပေါ့။

            ခေါ်တဲ့သူက ကျွန်မရဲ့ မိတ်ဆွေရင်း ကယ်လီဖိုးနီးယားက ဒေါ်လှမြဦးပါ။ သူ လူကြုံနဲ့ မြန်မာပြည်ကို လက်ဆောင်ပို့ထားတဲ့ပစ္စည်း ရမရ စုံစမ်းပေးဖို့ ပြောတာပါ။ အဲဒီကိစ္စနေ့ခင်း ၂ နာရီလောက်က ကျွန်မကို ဖုန်းခေါ်ပြောထားပြီးသားပါ။ 'နေ့ခင်းက မြ ပြောထားပြီးပြီလေ' ဆိုတော့...

            'ဟုတ်လား၊ မြက မပြောရသေးဘူး မှတ်ပြီး အခုခေါ်တာ'တဲ့။ ကျွန်မရဲ့ အိပ်ချင်မူးတူးပြောနေတဲ့အသံကို ကျက်မိတယ်ထင်ပါရဲ့။ 'ခင် အိပ်ပြီလား'မေးလို့...

            'ဟုတ်ကဲ့၊ ၁၂ နာရီခွဲပြီလေ မြရယ်' ဆိုတော့...

            'အယ်... ဟုတ်သားပဲ။ ခင်တို့နဲ့ သုံးနာရီကွာတာ မေ့သွားတာ။ ဆောရီးပဲ ခင်ရေ။ ဒီကနာရီ ၉ နာရီခွဲကို ကြည့်ပြီး ခင်မအိပ်ခင် ခေါ်လိုက်ဦးမယ် စိတ်ကူးနဲ့ ခေါ်လိုက်တာ ဆောရီးနော်'နဲ့ အခါခါ ဆောရီးပြီး တောင်းပန်နေလေရဲ့။ သြော်... သူလည်း ကိုယ့်လို မေ့တတ်နေပြီပဲဆိုတာ စာနာရင်း တစ်ယောက်တည်း ပြုံးရပါသေးတယ်။

            ကျွန်မတို့ သက်ကြီးရွယ်အိုတွေ သတိမေ့တတ်ပုံများကလည်း ဇာတ်လမ်း ကိုယ်စီနဲ့ပါပဲနော်။ သားကြီးဝင်းရဲ့ ယောက္ခမ ကျွန်မရဲ့ ခမည်းခမက်တော်တဲ့ မေရီရန် ဖြစ်ပုံက ပိုဆိုးသေးတာပါ။ သူက ကျွန်မထက် နှစ်နှစ်ကြီးတာမို့ ၈၅ နှစ် ရှိပါပြီ။ လွန်ခဲ့တဲ့ နှစ်နှစ်က ခင်ပွန်းသည် ဆုံးပါးသွားလို့ တစ်ယောက်တည်း နေပါတယ်။

            ကျန်းမာဖျတ်လတ်ဆဲမို့ တစ်ပတ်မှာ နှစ်ရက် ဆေးရုံမှာ လုပ်အားပေးပါတယ်။ ကျန်တဲ့ရက်တွေမှာလည်း သူ့မောင်ဝမ်းကွဲဇနီးမောင်နှံနဲ့အတူ နေ့လယ်စာ ထွက်စားတာက တစ်ရက်။ မိတ်ဆွေများနဲ့ ဘရစ်ချ်ဖဲကစားတာက တစ်ရက်၊ တနင်္ဂနွေနေ့မှာ ဘုရားကျောင်းသွား ဝတ်ပြုတာက တစ်ရက်၊ လှုပ်ရှားသွားလာနေမြဲပါပဲ။ အဲဒီလို ကျန်းကျန်းမာမာ သွားသွားလာလာပေမယ့် သတိမေ့တာက တဖြည်းဖြည်း လွန်ကဲလာပါတယ်။

            ပြီးခဲ့တဲ့နှစ်လက ကျွန်မရဲ့သားကြီးရှိရာ ရှီကာဂိုကို အလည်ရောက်သွားတော့ မေရီရန်က နေ့လယ်စာ ထွက်စားကြရင်း ဟိုနားဒီနား အပျင်းပြေသွားကြဖို့ လာခေါ်မယ် ချိန်းထားပါတယ်။ ကျွန်မ အဆင်သင့်စောင့်နေပေမယ့် တစ်နာရီနီးပါး စွန်းလာတဲ့ထိ ရောက်မလာသေးတော့ စိတ်ပူမိတာပေါ့။ သူ့အိမ်ကနေ လာရတဲ့ခရီးက ၄၅ မိနစ်ကြာ မောင်းရတာပါ။ ခါတိုင်း အချိန်မီ လာနေကျ မဟုတ်လားနော်။

            စောင့်နေဆဲ ဖုန်းမြည်လာလို့ အပြေးကောက်ကိုင်လိုက်တော့ ကျွန်မ ချွေးမ ဘော်ဘီ ဖြစ်နေလေရဲ့။

            'မာမီကို အမေ့အကြောင်း ပြောပြရဦးမယ်။ မာမီနဲ့ နေ့လယ်စာချိန်းထားလို့ ထွက်လာခဲ့တာ လမ်းတစ်ဝက် ရောက်ခါမှ မီးပွိုင့်နီလို့ ရပ်စောင့်ရင်း သူ့ဟာသူ ဘယ်ကိုသွားဖို့ လာခဲ့မှန်း မမှတ်မိတော့ဘူး။ ဒါနဲ့ လမ်းထိပ်က ဓာတ်ဆီဆိုင်ထဲ ကွေ့ဝင်ပြီး စဉ်းစားနေတာ ဘယ်လိုမှ ဖော်မရလို့။ အရေးပေါ်ရင် ခေါ်ဖို့ သူ့မြေးခန့်အောင်နံပါတ် သူ့ဆယ်လ်ဖုန်းထဲမှာ ထည့်ပေးထားတာ နှိပ်ပြီး ဘယ်သွားဖို့ ထွက်လာခဲ့မှန်း မသိဘူးလို့ ပြောတယ်တဲ့။

            'တော်ပါသေးရဲ့။ မာမီနဲ့ ချိန်းထားတာကို ကျွန်မ သိထားလို့။ သူ့ဟာသူ ကိစ္စတစ်ခုနဲ့ ထွက်သွားတာဆို အခက်။ အခု ခန့်အောင်လိုက်သွားပြီ၊ မာမီ စောင့်လက်စနဲ့ သည်းခံစောင့်လိုက်ပါဦးနော်။ ဆောရီးပဲ မာမီရေ' တဲ့။

            မေရီရန် အဲလိုဖြစ်နေတာ ခုတစ်ခါတင် မဟုတ်ပါဘူး။ တစ်လောကလည်း ဆေးရုံကို မောင်းသွားပြီး ဟိုရောက်တော့ သူ ဘာအတွက်လာခဲ့မှန်း မသိဖြစ်နေတာနဲ့ ဆရာဝန်က စစ်ဆေး စမ်းသပ်ပေးဖို့ တစ်ရက် ဆေးရုံတင်ထားလိုက်ရပါသေးတယ်။ ဒါကြောင့် သားသမီးတွေက သူတို့နဲ့အတူ လာနေဖို့ စီစဉ်တာကိုလည်း လက်မခံ။ ဒီက ဘိုးဘွားတွေကလည်း အိုမင်းမစွမ်းပေ မယ့် စိတ်မာန်က အပြည့်။ ဘယ်သူ့ကိုမှ တာဝန်မပေးဘဲ ကိုယ့်အားကိုယ်ကိုးပြီး နေလိုကြသူက များပါတယ်။

            ဒီကြားထဲမှာ တစ်ည ဆယ်နာရီကျော်လောက် မေရီရန် ဖုန်းဆက်လာပါတယ်။ သူ့ရဲ့ပြက္ခဒိန်ထဲက မေလနဲ့ ဇွန်လ စာရွက်နှစ်ခု ပျောက်သွားလို့တဲ့။ သူတစ်ယောက်တည်းနေတဲ့ အိမ်မှာ ဘယ်သူက တကူးတကဝင်ပြီး ပြက္ခဒိန် စာရွက် ဖြဲယူသွားပါ့မလဲနော်။ သူ့သမီး ဘော်ဘီက အမေ စိတ်ချမ်းသာအောင် 'အခုည စိတ်အေးအေးထားပြီး အိပ်လိုက်ပါဦး။ မနက်ကျရှာရင် ပြန်ထွက်လာမှာပါ'နဲ့ ချော့ချော့မော့မော့ ပြောနေလေရဲ့။

            ကျွန်မက မနက်ကျ ပြဿနာတက်နေရင် အခက်လို့ စိတ်ပူနေမိပါသေးတယ်။ နေ့ခင်းလောက်ထိ ဘာသံမှ မကြားရတော့ ညက ပြက္ခဒိန် ပြဿနာ ဘယ်လိုပြီးသွားလဲ မေးကြည့် ပါတယ်။

            'မာမီကလည်း သူ့ဟာသူ မေ့သွားပြီး ဘာမှ မပြောတော့ဘူး။ သွား မမေးလေနဲ့။ မေ့လက်စနဲ့ ဒီတိုင်း ထားလိုက်တာပဲ ကောင်းတယ်' တဲ့။

            ကျွန်မတို့ထက် ပိုဆိုးအောင် သတိမေ့သူကတော့ သိပ္ပံပညာရှင် အယ်လ်ဘဒ်အင်စတိုင်းပါပဲ။ ဘူတာရုံအဝမှာ အရာရှိကို သူဝယ်ထားတဲ့ လက်မှတ်ပျောက်သွားကြောင်း ပြောပြတော့ အရာရှိက အင်စတိုင်း ဘယ်သူဆိုတာ သိပြီးသား ဖြစ်နေတော့ 'လူကြီးမင်းကို ကျွန်တော်တို့ သိပါတယ်။ လက်မှတ် မပါလည်း ရထားစီးခွင့် ပြုနိုင်ပါတယ်' ဆိုပြီး ရထားဂိတ်ထဲ သွင်းပေးခဲ့ပါတယ်။

            နာရီဝက်လောက် ကြာပြီး အရာရှိ ပြန်လာတော့ အင်စတိုင်းက စောစောက နေရာမှာပဲ ရှိနေဆဲ။ အောက်ငုံ့ပြီး သူ့လက်မှတ်ကို ရှာနေဆဲ တွေ့ရတာနဲ့ 'လူကြီးမင်းကို ရထားစီးခွင့် ပြုထားပြီ ပဲ။ ဘာလို့ မသွားသေးတာလဲ ခင်ဗျာ' မေးတော့...

            'လက်မှတ်ထဲမှာ သွားရမယ့် နေရာပါတယ်လေ။ သွားရမယ့်နေရာ မမှတ်မိလို့ လက်မှတ်ကို ပြန်ရှာနေရတာပါ'လို့ ဖြေတယ်တဲ့။

            ခရီးသွားခါနီး လက်မှတ်ပျောက်တာကတော့ စိတ်အမောရဆုံးပါပဲနော်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ ကျွန်မနဲ့ သားကြီးဝင်းတို့ ဇနီးမောင်နှံ မြန်မာပြည်ကို ပြန်လည်ဖြစ်ပါတယ်။ သားအလတ် ရွှေစင်က ဘန်ကောက်မှာ တာဝန်နဲ့ ရှိနေဆဲအခိုက်မို့ သူ့ဆီ အရင်ဝင်လိုက်ကြတယ် ပေါ့။ မြန်မာပြည်ကို ထွက်မယ့် မတိုင်ခင်ညကျတော့ ကိုယ့်အကြောင်း ကိုယ်သိတဲ့ ကျွန်မက မေ့မှာစိုးလို့ အသွားအပြန် လေယာဉ်လက်မှတ် နှစ်စောင်ကို သားကြီး လက်ထဲ တစ်ခါတည်း ပေးအပ်ထားလိုက်ပါတယ်။

            လေဆိပ်သွားကြလို့ လမ်းတစ်ဝက်ကျိုးခါနီးကျမှ သားကြီးက 'ဟော... ကုတ်အင်္ကျီ ပါမလာခဲ့ဘူး။ အဲဒီထဲမှာ လေယာဉ်လက်မှတ်တွေ ထည့်ထားတာ'နဲ့ ဖြစ်ပါလေရော။ ဒါနဲ့ လာလမ်း ပြန်လှည့်ရတော့တာပေါ့။ ရောက်လို့ လုံခြုံရေးရုံးခန်းကနေ အိမ်ကို ဖုန်းဆက်တော့ ဘယ်သူမှ မရှိကြပါဘူး။ ရုံးဖွင့်ရက်မို့ သားကလည်း ရုံးမှာပါ။ ကျွန်မတို့ ကားထွက်တဲ့ထိ စောင့်နှုတ်ဆက်တဲ့ ချွေးမလေးကလည်း ဆရာဝန်ရက်ချိန်းရှိလို့ သွားလေပြီပေါ့။ ဒါနဲ့ အုပ်ချုပ်ရေးအရာရှိကို အကျိုးအကြောင်း ရှင်းပြမှ သူတို့မှာ လက်ခံရှိတဲ့သော့နဲ့ ကိုယ်တိုင်လိုက်ဖွင့်ပေးတာကြောင့် လေယာဉ် ထွက်ချိန်အမီ ရောက်ဖြစ်ရတာပါ။

            အဲလိုမေ့တာက တစ်ခါတည်း မဟုတ်ပါဘူးနော်။ အဲဒီကုတ်အင်္ကျီနဲ့ လေယာဉ် လက်မှတ်တွေ အပါအဝင် နောက်တစ်ခါ ထပ်မေ့တာက သုံးရက်ပဲ ခြားပါတယ်။ ရန်ကုန်မှာ နှစ်ရက်နားပြီး မန္တလေးလေကြောင်းနဲ့ မန္တလေးသွားကြတော့ ဟိုတယ်မှာ Check In လည်း လုပ်ရော ကုတ်အင်္ကျီက ပါမလာပြန်ဘူးလေ။ ဒီတစ်ခါ လေယာဉ်ပေါ်မှာ ကျန်ခဲ့တာပါ။

            လေဆိပ်ကို ဖုန်းဆက်တော့ လေယာဉ်က ဟဲဟိုးကို ထွက်သွားပါပြီတဲ့။ ဟဲဟိုး လေဆိပ်ကို အကြောင်းကြားထားပါမယ်လို့ ပြောပါရဲ့။ ခရီးသည်တွေ အဆင်းအတက်နဲ့ ဘယ်သူက ဒီကုတ်အင်္ကျီကို ဂရုစိုက်နိုင်ပါ့မလဲဆိုတဲ့ အတွေးနဲ့ ကျွန်မ အားကိုးမှားပုံကို သဘောကျလို့ တစ်ယောက်တည်း ရယ်မိပါသေးတယ်။

            ညနေစောင်းလောက်ကျတော့ ဟိုတယ်ကို လေယာဉ်အေးဂျင့်က ဖုန်းဆက် အကြောင်းကြားလာပါတယ်။ 'ကုတ်အင်္ကျီရော လေယာဉ်လက်မှတ်တွေပါ ပြန်ရထားပါပြီ။ မနက်ဖြန် ဖလိုက်နဲ့ ပါလာပါလိမ့်မယ်'တဲ့။

            တာဝန်ကျေလှတဲ့ လေယာဉ်ဝန်ထမ်းများနဲ့အတူ မန္တလေးလေကြောင်း ကိုယ်စားလှယ်အပါအဝင် အားလုံးကို လေးစားစွာနဲ့ ကျေးဇူးတင်ရှိမဆုံး ဖြစ်ရပါတယ်။ လေယာဉ်လက်မှတ်တွေသာ ပြန်မရရင် အမေရိကားပြန်ဖို့အထိ အသစ်ပြန်လုပ်ရမှာမို့ စိတ်မောလူမောတွေ ဖြစ်ရဦးမှာပါ။

            အမေက အသက်ရှစ်ဆယ်ကျော်မို့ ကိုယ့်ထက်ငယ်ကြတဲ့ သားသမီးတွေများ အားကိုးရမလား အောက်မေ့ပါတယ်။ သူတို့က ကိုယ့်ထက်တောင် အမေ့သန်နေ ကြသေးရဲ့။ ဒါကြောင့် လက်မှတ်တွေ ပြန်ရတာနဲ့ ကိုယ့်ဟာကိုယ်ပဲ သိမ်းပါတော့မယ်လို့ သားဆီက ပြန်ယူထားလိုက်ရပါတယ်။ သူ့ကို အယုံအကြည်မရှိ ဖြစ်သွားတဲ့ အမေကို သဘောကျစွာနဲ့ တဟားဟား ရယ်နေလေရဲ့။

            ကျွန်မသားကြီးထက် အမေ့ပိုသူက သူ့ထက် ဆယ်နှစ်တိတိငယ်တဲ့ သမီးလတ် ကေသီပါပဲ။ သမီးက မနက် ရှစ်နာရီတိုင်း ကျွန်မကို ဖုန်းခေါ်လေ့ ရှိပါတယ်။ သားအမိနှစ်ယောက် ရောက်တတ်ရာရာတွေ ပြောကြရင်း စကားလေး ခဏပြတ်သွားတာနဲ့ 'မာမီ... သမီးတို့ ဘာအကြောင်း ပြောနေကြတာလဲဟင်'နဲ့ ပြန်မေးတတ်သေးတာပါ။ သူမေးခါမှ ဘာအကြောင်းမှန်း ဖော်မရတော့ အခက်ကြုံပါလေရော။

            သားအမိချင်း အာလာပသလ္လာပရင်း မမှတ်မိတော့တာ ထားပါတော့။ ဟိုတလောက သမီးရဲ့သူငယ်ချင်း အရင်းအချာတစ်ဦး လာလည်ပါတယ်။ ကိုယ်ရေးကိုယ်တာတွေ ရင်ဖွင့်ရင်း ကလေးမက ဝမ်းနည်းပြီး ငိုတော့ ကျွန်မသမီးကလည်း သူငယ်ချင်းအတွက် ခံစားပြီး အတူရောငိုတယ်ပေါ့။ နှစ်ယောက်သား ဖက်နှစ်သိမ့်ကြရင်းက 'နေပါဦး၊ စောစောက ငါတို့ ပြောနေတာ ဘာလဲဟင်'လို့ အတူငိုခဲ့တဲ့ သမီးက ပြန်မေးတော့ သူငယ်ချင်းခမျာ ဘယ်လိုနားလည်ရမှန်း မသိတဲ့အထိ အံ့သြကုန်နိုင်ဖွယ် ဖြစ်သွားရလေတယ်ပေါ့။

            သူ့ခင်ပွန်း ဂယ်ရီခမျာလည်း အဲဒီသတိမေ့မှုရဲ့ဒဏ်ကို တော်တော်ခံရရှာတာပါ။ 'မာမီ့သမီးက ပြောတဲ့ခါ နားထောင်ပါရဲ့။ ပြီးရင် အားလုံးမေ့ကုန်ပြီး ပြောထားတာနဲ့ တစ်လွဲစီ ဖြစ်ကုန်ပါရော။ နောက်ဆုံးတော့ ကျွန်တော်ပဲ ဒိုင်ခံလုပ်ရတော့တာပေါ့'လို့ ရင်ဖွင့်ရှာပါတယ်။

            အခုလည်း ပြီးခဲ့တဲ့အပတ်ကပဲ တက္ကသိုလ်ကျောင်းတွေ ပြန်ဖွင့်ချိန်ရောက်လို့ ကျွန်မရဲ့မြေး ခန့်စန္ဒီကို သူ့မိဘနှစ်ပါးက နယူးယောက် ကိုလံဘီယာတက္ကသိုလ်ကို လိုက်ပို့ဖို့ လေဆိပ်သွားရပါတယ်။ လမ်းတစ်ဝက်လည်းရောက်ရော သမီးကေသီက 'ဟောတော့... သမီးရဲ့ဆယ်လ်ဖုန်းညက အားသွင်းထားတာ ယူမလာခဲ့မိဘူး။ မေ့ကျန်ခဲ့ရစ်ပြီ'ဆိုတဲ့စကားနဲ့ ဇာတ်လမ်းစပါတော့တယ်။

            ကြားနေကျ ရိုးနေပြီဖြစ်လို့ ဘယ်သူကမှ ခွန်းတုံ့မပြန်ကြပါဘူး။ လေဆိပ်က လေယာဉ်ကောင်တာရှေ့လည်း ရောက်ရော တန်းစီနေကြတဲ့ ခရီးသည်ပေါင်းက မြောက်များစွာပါပဲ။ ကားပေါ်က သေတ္တာတွေ အမြန်ဆွဲချပြီး တန်းဝင်စီလိုက်တာနဲ့ 'ဟယ်... ဒုက္ခပါပဲ။ ဝေါလက်ပါမလာဘူး။ ပိုက်ဆံအိတ်အဟောင်းထဲမှာ ကျန်ခဲ့ပြီ' နဲ့ သမီးရဲ့အသံ ကြားရပါရော။

            လူတိုင်း လူတိုင်း ဒီမှာ အထောက်အထားအဖြစ် ပြရတာက မြန်မာပြည်မှာလို မှတ်ပုံတင်ကတ်ပြား မဟုတ်ပါဘူး။ ကားမောင်းလိုင်စင်ပါ။ ဒါကြောင့် လူနဲ့မကွာ သွားလေရာပါအောင် ဆောင်ထားကြရတယ်ပေါ့။ အထူးသဖြင့် ၉/၁၁ ကိစ္စပြီး ကတည်းက လေယာဉ်ခရီးမှာ စစ်ဆေးမှုတွေ တင်းကျပ်လွန်းတာမို့ ကားမောင်းလိုင်စင်က မရှိမဖြစ် ပစ္စည်းတစ်ခုပါပဲ။

            အဲဒီအရေးပါ ပစ္စည်းကို ကျွန်မသမီးက မေ့ဖြစ်အောင် မေ့ထားခဲ့သေးတာလေ။

            ကားထဲမှာ ကျွန်မရဲ့မြေး ခန့်သီဟလည်း ပါလာခဲ့သေးတာကြောင့် ကျောင်းတက်ချိန်မီ ရောက်ရမှာမို့ သမီးရဲ့ဇာတ်လမ်းကို ဆက်လက်မခံစားနိုင်ဘဲ စိတ်မောမောနဲ့ ပြန်ခဲ့ရပါတယ်။ မှတ်ပုံတင်မရှိလို့ လိုက်ပါခွင့်မရရင် နောက်ထွက်မယ့် ဖလိုက်နဲ့လိုက်နိုင်ဖို့ အိမ်မှာကျန်ခဲ့တဲ့ သူ့ရဲ့ဝေါလက်ကို တစ်ခေါက် ပြန်ပို့ဖို့ စီစဉ်ရမှာပဲပေါ့။

            ကျွန်မရဲ့သမက် ဦးနှောက်ဆရာဝန်ကြီးခမျာလည်း သူ့မိန်းမ အမေ့ရောဂါမျိုးစုံကို မကုစားနိုင်ဘဲ ပြဿနာကြုံသမျှ ဒိုင်ခံဖြေရှင်းရဦးမှာအတွက် ကရုဏာဖြစ်မိပါသေးတယ်။ တော်ပါ သေးရဲ့။ ဂယ်ရီ ဘယ်လိုအလျှောက်လဲ ကောင်းလေသလဲ မသိဘူး။ လေယာဉ်ပေါ် လိုက်ခွင့်ရသွားပါတယ်။ လေယာဉ်ထွက်ခါနီး သူ့အစ်မကေခိုင်က ဖုန်းဆက်လိုက်တော့ 'မာမီ့သမီးကို တစ်ယောက်တည်း ခွဲထုတ်ထားပြီး စစ်ဆေးလိုက်တာ ဖင်ပြန်ခေါင်းပြန်ပဲလို့ ပြောပြ တယ်။ ဒီတစ်ခါ မှတ်သွားလောက်ပြီ ထင်ပါရဲ့'တဲ့လေ။

            ၁၁ နာရီလောက်ကျတော့ ချောချောမောမော ရောက်ကြောင်း သမီးက ဖုန်းဆက်လာပါတယ်။ သူ့ဝေါလက်ထဲက ကားမောင်းလိုင်စင်ကို ယူပြီး ဟိုတယ်ကို Fax လုပ်ပေးပါဆိုတာနဲ့ ကျွန်မ သွားလုပ်ပေးလိုက်ပြီးတော့ ဇာတ်လမ်းက ပြီးပြီလို့ အောက်မေ့ပါတယ်။ နှစ်နာရီလောက်မှာ ဖုန်းတစ်ခါ ဝင်လာပြန်ပါရော။ ကျွန်မရဲ့မြေး ခန့်စန္ဒီက လေယာဉ်ပေါ်မှာ သူ့ရဲ့ Lap Top မေ့ကျန်ထားခဲ့လို့တဲ့။

            မိန်းမက တစ်မျိုး၊ သမီးက တစ်ဖုံနဲ့ ဂယ်ရီခမျာ ရူးချင်စရာအဖြစ်ပါပဲ။ တော်ပါသေးတယ်။ Lap Top ပြန်ရပေလို့ နယူးဝပ်လေဆိပ်ကို နှစ်ခါပြန်သွားရတဲ့ ဒုက္ခက လွဲရင်ပေါ့။

            ကျွန်မတို့ ၈ဝ ကျော် အဘွားအိုတွေ မေ့ကြတာက ဇရာရဲ့သဘောမို့ ထားပါတော့။ အခုဖြင့် လူလတ်ပိုင်းအရွယ် သားကလည်းမေ့၊ သမီးကလည်း မေ့တဲ့အပြင် ဆယ်ကျော်သက် မြေးကပါ အဆစ်ဝင်မေ့ကြပြန်လို့ သူတို့တစ်တွေ သက်ကြီးရွယ်အိုချိန် ရောက်တဲ့အခါ ဘယ်လိုပုံစံနဲ့ မေ့ကြမလဲ ဆိုတာ တစ်ပါးသော ဘဝကနေ ကြည့်မြင်နိုင်စွမ်းရချင်စမ်းပါဘိ။

▀

ပတ္တမြားခင်

(အမှတ် ၂၀၅၊ ဒီဇင်ဘာလ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေသုတ‌
...
ကျားထူးအလွန်
ခင်ခင်ထူး

'သည်မန်ကျည်း ရွက်ကလေးတွေ ကျွန်မတို့ မန္တလေးဘက် ရောက်တယ်ဆိုတော့ လမ်းခရီးမှာ ကြွေမကုန်ဘူးလား။ ကျွန်မဖြင့် မနက်ဈေးက ဝယ်လာပြီး မချက်ဖြစ်ရင် နောက်တစ်နေ့ ရိုးတံတခြား အရွက်တခြားဖြစ်တာ များလွန်းလို့'

ရွှေသုတ‌
...
ကြည့်ဖြစ်တဲ့ကဇာတ်
ဝင်းငြိမ်း

တကယ်တော့ တိရစ္ဆာန်တွေရဲ့ စိတ်ကိုမဆိုထားနဲ့ အသိပညာရှိတဲ့ လူတွေရဲ့စိတ်ကိုတောင် အစိုးမရဘူးမဟုတ်လား။ လေထဲကျမှ သူ့စိတ်ကူးပေါက်လာရင် ကိုင်ပေါက်လိုက်လို့ ဒုက္ခများသွားနိုင်တယ် မဟုတ်လား။

ရွှေသုတ‌
...
စာရေးဆရာ မြသန်းတင့်၏ ပဲဆွတ်ချိန်ဇာတ်လမ်းကို ခံစားခြင်း
စည်သူမြသန်း

လရောင်အောက်တွင် ပန်းရိုင်းလိုလှနေသော မြညွန့်၏ အလှကို ငေးမောကာ ကြည်နူးနေမိပါသည် ကျွန်တော်သည် မြညွန့်၏အလှကို မအိပ်ဘဲ မစားဘဲ ထိုင်၍သာ ကြည့်နေချင်ပါသည် မြညွန့်အား ညစ်ညမ်းသောကိစ္စများနှင့် ရောထွေး၍ မတွေးလိ...