ရွှေသုတ‌

မြင်းထိန်းနဲ့လှေထိုးသား

သုမောင်

01 August 2026
မြင်းထိန်းနဲ့လှေထိုးသား
Share to

ယောမင်းကြီး (ဝါ) ယောအတွင်းဝန် ဦးဖိုးလှိုင်သည် ရာဇဓမ္မသင်္ဂဟကျမ်းဆိုသော ကမ္ဘာကျော် ကျမ်းမြတ်တစ်ဆူကို ရေးသားပြုစုခဲ့သူ ဖြစ်၏။ ရေမြေ့သနင်း မင်းအပေါင်းတို့  လိုက်နာအပ်သော ဝတ္တရားနှင့် စီရင်ထုံးများကို အမှန်အတိုင်း ပွင့်ပွင့်လင်းလင်း ရေးခဲ့လေသည်။ ဘုရင့်မျက်နှာကိုမှ မထောက်ခဲ့ပေ။ ထူးခြားထက်မြတ်လှသော စာဆိုတော် ဝန်ကြီးသည် အခြားအခြားသော ဆေးကျမ်း၊ ဓာတ်ကျမ်းများကိုလည်း ပြုစုတော်မူခဲ့လေသည်။ ထိုမျှ စာပေကျမ်းဂန် တတ်မြောက်သော စာဆိုဝန်ကြီးသည် တစ်ခါသော် စာတစ်ပုဒ်ကို ရေးသားလေ၏။ တစ်နေ့တွင် ဝန်ကြီး၏  မြင်းထိန်း(ဒရိုင်ဘာ) 'မောင်တာ'သည် သူ့သခင် ဝန်ကြီး၏ စာပေများကို ထုတ်ဖော်ချီးကျူးလေ၏။ သူဆင်းရဲ ကျေးတော်မျိုး၊ ကျွန်တော်မျိုးတို့ ဘာသာဘာဝ အကြွားကလည်း ပိုသဖြင့် ရပ်နီးဝန်းကျင်မှာ စကားဖွာဆန်ကြဲတတ်သူဖြစ်လေရာ ဝန်ကြီးဦးဖိုးလှိုင်က ငတာကို တိတ်တဆိတ် ခေါ်ယူ၏။ နောက်နောင် မိမိ၏ စာပေလင်္ကာများကို မချီးမွမ်းရန်နဲ့ နဘေးနဘီပရိသတ်များကိုလည်း  လှည့်လည်မပြောရန် တောင်းပန်ပြီး ဆုတော်ငွေ ပေးလေ၏။ နှုတ်ပိတ်ခြင်းပင် ဖြစ်လေ၏။ သဘောမှာ ပညာရှိကြီး ရေးသားစီစဉ်အပ်သော ကျမ်းလင်္ကာကို ကျေးတောသား ကျွန်တော်မျိုးက မချီးမွမ်းအပ်။ သူ့အရာ မဟုတ်။ မတန်မရာဖြစ်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။ ထို့ထက်ကား မဝေဖန်ရ။ အဆုံးစွန် ချီးပင် မချီးကျူးအပ်ဟူ၍ ဖြစ်သည်။ ဒါသည် သဘာဝကျသည်။ သို့သော် ကျွန်တော် စဉ်းစားသည်မှာ သာမန်လူတန်းစားတို့သည် မိမိချစ်ခင် ကြည်ညိုသော ပုဂ္ဂိုလ်တို့အား အမြဲတမ်း အထင်ကြီးတတ်၏။ အောက်ခြေလူတန်းစားတို့ သဘာဝအတိုင်း ချီးမွမ်းကဲ့ရဲ့ခြင်းကိုလည်း အလျင်စလို ပိုပိုသာသာ ပြုတတ်ကြသည်။ ထို့ကြောင့် ပုဂ္ဂိုလ်စွဲဖြင့် လွန်ကဲစွာ ဂုဏ်ပြုတတ်လေသည်။

ထို့ကြောင့် ယောမင်းကြီး ဦးဖိုးလှိုင်၏ ကျေးတော်မျိုး ကျွန်တော်မျိုး 'မောင်တာ'ခမျာ သခင်ကို လွန်လွန်ကျူးကျူး ဂုဏ်ပြုချင်သော (သူကိုယ်တိုင်လည်း တပည့် ဖြစ်ရသည်ကို ဂုဏ်ယူချင်သော) မနောသည် တားမရဆီးမနိုင် ဖြစ်နေရှာပါလိမ့်မည်။ ကျွန်တော်က ဒါလေးကို ကရုဏာသက်နေမိ၏။ ကျွန်တော့်တွင်လည်း တပည့်တစ်ယောက် ရှိခဲ့ဖူးသည်။ ပညာ ကောင်းစွာမတတ်ပေ။ သို့သော် ကျွန်တော်ရေးသမျှ စာစုများကို ဖတ်ပြီး ဟုတ်တာရော မဟုတ်တာရော ချီးမြှောက်တတ်သည်။ သို့သော် ကျွန်တော်ကမူ မုန့်ဖိုးပေးပြီး နှုတ်ပိတ်ခြင်း မပြုခဲ့ပေ။ သာယာသောကြောင့် မဟုတ်။ သူ့စေတနာကို အသိအမှတ်ပြုခြင်းသာ ဖြစ်၏။ ပြီးတော့ သူ လျှောက်ကြွားနေသည်မှာ ပညာရှင်ပညာတတ်များအား မဟုတ်။ သူနှင့် တန်းတူ ရုပ်ရှင်စက်အဖွဲ့ အောက်ခြေ အလုပ်သမားသာ ဖြစ်၏။ ကျွန်တော့်အနေနှင့်လည်း ထိုပုဂ္ဂိုလ်ကလေးများ ကျွန်တော့် စာတွေ ဖတ်ဖြစ်သည်ကို ဝမ်းသာနေလေသည်။ (ယခု နောက်ပိုင်းတွင် ထိုလူတန်းစားများ စာများ ဖတ်မှတ်နိုင်ရန် စာရိုးကလေးများကို ရေးကျင့်ရနေပါသည်။) တစ်ဖန် မြင်းထိန်း ငတာအတွက် ဝမ်းသာရသည်လည်း ရှိပါသေးသည်။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ သူ့သခင် ယောမင်းကြီးက အသားလွတ် ဆုတော်ငွေ ချသည်မှာ သူ့အဖို့ နည်းနည်းနောနော ဟုတ်မည် မဟုတ်ပေ။ ဝန်ကြီးတစ်ပါး၏ ဖျတ်ခနဲချသော ဆုတော်ငွေသည် မြင်းထိန်းတစ်ယောက်အဖို့ တစ်လစာ၊ တစ်နှစ်စာမကမက ရှိနိုင်ပါသည်။ တကယ်တမ်းကျတော့ 'ငတာ'သည် ယောမင်းကြီး၏ စာပေကို ဝေဖန်ချီးကျူးဖို့နေနေသာသာ ဖတ်၍မျှပင် ဖတ်နိုင်ရဲ့လားလည်း စဉ်းစားစရာဖြစ်သည်။ အမှန်ပါပဲ။ ယောမင်းကြီး၏ စာပေများသည် ယနေ့ပညာရှင်များပင်လျှင် အတော်ဖတ်ယူရသည်။ ခက်ခဲ နက်နဲလှသည်။ သူကလည်း ရေးကတည်းက မင်းမိဖုရားနှင့် ဝန်ကြီးစတိုင်းကြီးများ၊ ရွှေနန်းတော်သားများ ဖတ်ရန်သာ ရေးခဲ့ခြင်းဖြစ်လေသည်။

            ထိုသည်ကို စဉ်းစားသောအခါ ယောမင်းကြီးထက် ခေတ်စောသော ပညာရှိ စာဆိုကြီးတစ်ဦး၏ ပုံရိပ်သည် အလိုလို ပေါ်လာတော့သည်။ 'စောသည်'ဟု ပြောရခြင်းမှာ ထုံးစံအရ ရှေးခေတ် ဂန္ထဝင်စာပေတို့သည် ရှေးကျလေ ခက်ခဲနက်နဲ လေဖြစ်သောကြောင့် ဖြစ်၏။ သို့သော် ယခုဆက်ပြောမည့် စာဆိုကြီးက အလွန်ရိုးသားသော အဖွဲ့များကို ဖွဲ့ခဲ့လေသည်။ ယောမင်းကြီးထက် စီနီယာကျသော 'ဝန်ကြီး ပဒေသရာဇာ'ပင် ဖြစ်ပါသတည်း။

            ကောင်းပြီ။ ထိုဆရာကြီး၊ ထိုဝန်ကြီး ဘာတွေ ရေးခဲ့သနည်း။ ရွှေနန်းတော် သုံးတွေ ရေးမရေးတော့ မသိဘူး။ ဝန်ကြီးစာဆိုဆိုတော့ ရေးချင်လည်း ရေးပေမည်။ သို့သော် အစဉ်တစိုက် ရေးသားခဲ့သည်ကတော့ လယ်သမား၊ ယာသမား၊ လှေထိုးသား စသည့် အခြေခံ ကျောပွဲကျွန်တော်မျိုးများ၏ ဘဝအကြောင်းများသာ ဖြစ်ပါသည်။ ထိုလူတန်းစားနှင့် တစ်ထပ်တည်းကျသော သဘာဝတောတောင် ရေမြေကို ဖွဲ့ပါသည်။ ရွှေအတိပြီးသော နန်းတော်တိုင်လုံးများနှင့် 'ခေါင်းတော်ညိတ် စိတ်တော်သိ'များအကြောင်း မပါဝင်ချေ။ ဥပမာ...

ပိန်းကောလှေငယ်ရှင် (တျာချင်း)၌...

၁။ မိုးဦးကာလ၊ ချောင်းကျပြီဆိုလျှင်၊ ပန်းလောင်ကြောမှာ၊ ပိန်းကောလှေငယ်ရှင်၊ တောင်ဘက်ကမ်းတစ်ခွင်၊ ထွက်ဝင်ဖောက်ကား၊ ပဲ့ပါမည့်သူ၊ မပါလူ၊ ထိုးသူ တစ်ယောက် သားငယ်နှင့်လေး။

၂။ ငါးပိဆားများ၊ ဖောက်ကားရအောင်၊ ပဲလွမ်းပဲကြီး၊ သီးသီးယူကြဉ်းဆောင်၊ တက်မကိုမြှောင်၊ ကွမ်းပေါင်နီကြောင်း၊ နဘူးခက်ညို၊ ကိုင်းညွှတ်ယို၊ ပင်ကိုနှီး သားပေါင်းငယ်နှင့်လေး။

၃။ ................................................

၄။ ခါးတောင်းကျိုက်လုံး၊ ပုခုံးခဲထွေ၊ ချွေးကလည်းစီး၊ ဒီးဒီးကျသည့်ရေ၊ စဖိုမှာပေ၊ ချက်လေထမင်း၊ မနပ်နိုင်ပြီ၊ တစီစီ၊ နန်းနီသာမီးအိုးကင်း ငယ်နှင့်လေး။

၅။ ......................................ထိုသီချင်းကို ပညာရှိများကလည်း ချီးမွမ်းကြသည်။ တောသူ တောင်သားများကလည်း သီချင်းအဖြစ် သီဆိုကြသည်။

            ကိုင်း...ဘယ်မှာလဲ ခက်ရာခက်ဆစ်။ ဘယ်မှာလဲ ပညာရှိသုံးသော ရွှေနန်းထုံး စာပေ။ သို့သော် ကျွန်တော့်သမီးထွေးပင်လျှင် ထိုတျာချင်းကို အလွတ်ရနေပါသည်။ သမီးကား ကိုရီးယားဘာသာ တက္ကသိုလ်ကျောင်းသူ ဖြစ်၏။ သူတို့ ကိုရီးယားသင်ရိုးတွင် မြန်မာစာ၌ ထိုတျာချင်းပါဝင်၏။ (ယောမင်းကြီးဦးဖိုးလှိုင်၏ စာပေမပါဝင်ချေ။) ထို့ကြောင့် ချောင်းထဲ မြောင်းထဲ ခါးတောင်းကျိုက် ချွေးရွှဲ နေသည့် လှေသမားကြီးဘဝသည် ယနေ့တက္ကသိုလ်အဆင့်မြင့် ပညာရေး၌ပင် အသုံးဝင် နေပါသေးပကော။ ကျွန်တော်ကတော့ ဝန်ကြီးပဒေသရာဇာကို ပိုလို့ နှစ်သက်ကြည်ညိုနေသူသာ ဖြစ်တော့သည်။

▀

သုမောင်

(အမှတ် ၂၀၅၊ ဒီဇင်ဘာလ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေသုတ‌
...
ကျားထူးအလွန်
ခင်ခင်ထူး

'သည်မန်ကျည်း ရွက်ကလေးတွေ ကျွန်မတို့ မန္တလေးဘက် ရောက်တယ်ဆိုတော့ လမ်းခရီးမှာ ကြွေမကုန်ဘူးလား။ ကျွန်မဖြင့် မနက်ဈေးက ဝယ်လာပြီး မချက်ဖြစ်ရင် နောက်တစ်နေ့ ရိုးတံတခြား အရွက်တခြားဖြစ်တာ များလွန်းလို့'

ရွှေသုတ‌
...
ကြည့်ဖြစ်တဲ့ကဇာတ်
ဝင်းငြိမ်း

တကယ်တော့ တိရစ္ဆာန်တွေရဲ့ စိတ်ကိုမဆိုထားနဲ့ အသိပညာရှိတဲ့ လူတွေရဲ့စိတ်ကိုတောင် အစိုးမရဘူးမဟုတ်လား။ လေထဲကျမှ သူ့စိတ်ကူးပေါက်လာရင် ကိုင်ပေါက်လိုက်လို့ ဒုက္ခများသွားနိုင်တယ် မဟုတ်လား။

ရွှေသုတ‌
...
စာရေးဆရာ မြသန်းတင့်၏ ပဲဆွတ်ချိန်ဇာတ်လမ်းကို ခံစားခြင်း
စည်သူမြသန်း

လရောင်အောက်တွင် ပန်းရိုင်းလိုလှနေသော မြညွန့်၏ အလှကို ငေးမောကာ ကြည်နူးနေမိပါသည် ကျွန်တော်သည် မြညွန့်၏အလှကို မအိပ်ဘဲ မစားဘဲ ထိုင်၍သာ ကြည့်နေချင်ပါသည် မြညွန့်အား ညစ်ညမ်းသောကိစ္စများနှင့် ရောထွေး၍ မတွေးလိ...